← Chapters

မင့်အကိုကြီးက ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးပဲ

Vol. 13 Ch. 178

မင့်အကိုကြီးက ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးပဲ

Vol. 13 Ch. 178

စာသစ်နှစ်အသစ် စလေပြီ။

အန်လင်းသည် ဒုတိယနှစ်ကျောင်းသားများ နေထိုင်ရာဖြစ်သည့် တောင်ပံဖြူကျောင်းပရဝုဏ် အတွင်း ပြောင်းရွှေ့နေထိုင်ရလေသည်။

ကျောင်းသားအသစ်များ ကျောင်းတော်သို့ ဝင်ရောက်လာကြသည်။ ယင်းတို့၏ မျက်နှာသွင်ပြင်များသည် ငယ်ရွှယ်မှု တက်ကြွမှုတို့ ဖုံးလွှမ်းနေလေသည်။

စာသင်နှစ်အသစ် မစတင်မီ တစ်ရက်အလိုတွင် အန်လင်းသည် ကျောင်းတော်၏ တံခါးဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ရင်းနှီးနေသည့်မြင်ကွင်းအား ကြည့်ကာဖြင့် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်မိသည်။

သူမသိလိုက်ခင်မှာပင် တစ်နှစ်ကုန်လွန်သွားလေပြီ။

ဤနေရာသို့ ရောက်ကာစတွင် ဘာကိုမျှ နားမလည်သည့် သာမန်သေမျိုးတစ်ဦးသာလျှင် ဖြစ်သည်။

ဤနေရာ၊ ဤတံခါးဝရှေ့တွင် သူ၏ ပထမဦးဆုံးသော ကျင့်ကြံသူ သူငယ်ချင်း စုရှောင်လန်နှင့် တွေ့ဆုံခဲ့သည်။

ထိုနေ့အကြောင်း ပြန်လည်စဉ်းစားမိသည်။ သူက တရုတ်ဘာသာစကား ပြောပြီး စုရှောင်လန်မှာ ထူးဆန်းသည့် ထိုက်ချူဘာသာစကားကို ပြောခဲ့သည်။ ထို့နောက်တွင် ရယ်မောမိလိုက်သည်။

ရှေ့သို့ဆက်လျှောက်သွားသည့်အခါ ရင်ပြင်အသေးတစ်ခုသို့ ရောက်ရှိသွားသည်။ ဤရင်ပြင်တွင် ထောင်နှင့်ချီသည့် ကျောင်းသားများ စုဝေးနေလေသည်။

ကြီးမားသည့် အနက်ရောင်ကျောက်ပြားတစ်ချပ်သည် လူအုပ်၏အလယ်တွင် ရှိနေပြီး ရံဖန်ရံခါတွင် အဖြူရောင်အလင်းများ ထုတ်လွှတ်ပေးနေလေသည်။

ထိုအရာသည် လူတစ်ဦး၏ ကျင့်ကြံခြင်းအခြေခံကို တိုင်းတာပေးသည့် ကျောက်ချပ်ပြား ဖြစ်သည်။

အရင်အချိန်များ ပြန်တွေးမိသည့်အခါ ထိုနေရာတွင် သူ၏ ဂုဏ်ပုဒ်ဖြစ်သော “နောက်ခံအကောင်းဆုံးသော မရိုးဖြောင့်သည့် ကျောင်းသား” ဟူသည့် အမည်အား ရရှိခဲ့သည် မဟုတ်ပါလား။

အန်လင်းသည် ဖျော့တော့စွာဖြင့် ပြုံးလိုက်သည်။ ယခုအခါတွင် သူသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။ သူ၏ ကျွမ်းကျင်မှု သစ်ပင်သည် စိတ်ဝိညာဉ်အမြစ်အစား သားရဲအမြုတေ ဖြစ်တည်လာခြင်းကြောင့် အနည်းငယ် ဖရိုဖရဲ ဖြစ်နေသော်လည်း သူ၏ကံကြမ္မာကို ပြောင်းလဲပစ်နိုင်သေးသည်။

စိတ်မကောင်းစရာမှာ ထိုအချိန်တွင် သူ့အား မည်သူကမျှ နှိမ့်ချခြင်း သနားကရုဏာသက်ခြင်းများ မပြုလုပ်ခဲ့ချေ။ သို့တည်းမဟုတ်လျှင် ယခုအခါတွင် ယင်းတို့အား ရှာဖွေကာ ချိုမြိန်သည့် လက်စားချေခြင်းများ ပြုလုပ်မိပေလိမ့်မည်။

ကျောက်နက်ပြားတွင် တောက်ပသည့် အဖြူရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ကြီးမားသည့် စာလုံးကြီးများ ပေါ်လာသည်။ “တာအိုခန္ဓာ _ ဒဿမအဆင့်”

အုန်းအုန်းထနေသည့် လူအုပ်ကြီးသည် တက်ကြွလာပြီး မှတ်ချက်အမျိုးမျိုး ပြုကြလေသည်။ ယင်းမှာ အံ့ဩဘနန်းအသံများသာ။ “ဝိုး... မိုက်တယ်ဟေ့” “ရေ့ ပါရမီရှင်ပဲ” စသဖြင့် ဖြစ်သည်။

“ယောင်ရှု၊ တန်းခွဲ ၁” အသံဩဩတစ်ခု ထွက်ပေါ်လာသည်။

“အိုး ရက်စ်”

အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးလေးသည် စိတ်လှုပ်ရှားစွာဖြင့် ကြွေးကြော်လိုက်သည်။

သူမသည် သေချာပေါက် တန်းခွဲ ၁ သို့ ဝင်ရောက်မည်မှန်း သိသော်လည်း သူမ၏ စိတ်လှုပ်ရှားမှုအား မထိန်းချုပ်နိုင်သဖြင့် ပျော်ရွှင်စွာ ကြွေးကြော်မိလိုက်ခြင်းပင်။

ထိုမိန်းကလေးသည် လှပကာ နှစ်လိုဖွယ်ရှိသည်။ သူမ၏ အသားအရေမှာလည်း နှင်းကဲ့သို့ ဖွေးနေလေသည်။ သူမသည် ဆံပင်ကို ခပ်မြင့်မြင့် နှစ်ဖက်ခွဲစည်းထားပြီး အားမာန်အပြည့်နှင့် တက်ကြွနေလသည်။

အမျိုးသမီး အားကစားသမားဟန် ဆံပင်ကို ခပ်မြင့်မြင့် နှစ်ဖက်ခွဲစည်းထားသည့် အမျိုးသမီး ကျင့်ကြံသူများသည် အလွန်ရှားပါးလှသည်။ ထို့ကြောင့် အန်လင်းသည် ယောင်ရှုအား အကြိမ်အနည်းငယ်ခန့် ကြည့်မိလိုက်သည်။

ထိုအချိန်တွင် ကျောက်နက်ပြားမှ အဖြူရောင်အလင်းတစ်ခု ထပ်မံထွက်ပေါ်လာသည်။ မရှေးမနှောင်းမှာပင် ပတ်ပတ်လည်ရှိ ကျောင်းသားများ ရုတ်ရုတ်သဲသဲဖြစ်လာကြသည်။

အကြောင်းမှာ ကျောက်ပြားပေါ်တွင် ရေးထိုးထားသည့် စကားလုံးများကြောင့်ပင်။ “စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်”

“ယောင်မင်စီ၊ တန်းခွဲ ၁” အသံဩဩတစ်ခု ထွက်ပေါ်လာပြန်သည်။

“ဪ.. သူက ဖြူနက်ဓားဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင် ယောင်မင်စီလား”

“ယောင်ရှုနဲ့ ယောင်မင်စီတို့က မောင်နှမတွေ မဟုတ်လား။ သူတို့ရဲ့ အရည်အချင်းတွေကတော့ကွာ။ လုံးဝကို မျိုးရိုးလိုက်တာပဲ”

“သူတို့က စိတ်ဝိညာဉ်ဓားအဆင့်ကို ရောက်ရှိနေပြီးသားလို့ နာမည်ကျော်ကြတယ်။ နှစ်ဦးစလုံးကလည်း ရှေးဟောင်းဓားကျောက်တိုင်နဲ့ ဆက်သွယ်နိုင်တဲ့ ပါရမီရှင်တွေ”

“စစ်ဆေးမှုက အပြီးသတ်တော့မယ်။ ငါတို့နှစ်က အရမ်းကို ထူးဆန်းတာပဲ။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်လေးတောင် မရှိဘူး။ ကံကောင်းတာက ယောင်မင်စီရှိနေလို့ပေါ့”

“အား.. ယောင်မင်စီက အရမ်းခန့်ညားတာပဲ”

အမျိုးသမီးပရိသတ်အချို့သည် စိတ်လှုပ်ရှားစွာဖြင့် ကျယ်လောင်စွာ အော်ဟစ်ကြလေသည်။

ယောင်မင်စီသည် ခန့်ညားချောမော့ပြီး အေးစက်စက်အမူအရာနှင့် ဖြစ်သည်။ အနက်ရောင် ဝတ်စုံဝတ်ဆင်ထားပြီး ချဉ်းကပ်ရခက်ခဲမည့်အသွင်ရှိသည်။

မလေးမထားသည့်ဟန်ဖြင့် လူအုပ်ကြီးအား ဖြတ်ကာ လျှောက်လှမ်းလာလေသည်။

ယောင်ရှုသည် စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားပြီး သူ၏လက်မောင်းအား ရွှင်မြူးစွာဖြင့် တွဲခိုလိုက်သည်။ “အစ်ကိုကြီးကတော့ အကိုကြီးပါပဲ။ အစ်ကိုက ညီမလေးတို့ လူသစ်တွေထဲ အသန်မာဆုံး ဖြတ်လာမှာ အသေအချာပဲ”

ယောင်မင်စီသည် နွေးထွေးစွာဖြင့် ပြုံးလိုက်သည်။ သူ၏မျက်လုံးများသည့် အဝေးသို့ကြည့်ကာဖြင့် “ယောင်ရှုရေ..” နူးညံ့စွာဖြင့် ပြောသည်။ “အစ်ကိုတို့က မျက်တောင်တစ်ဆုံးကို မကြည့်ဘဲ မျက်စိတစ်ဆုံးကို ကြည့်ဖို့အတွက် လိုအပ်တယ်ကွဲ့”

ယောင်ရှု၏ လှပသော မျက်လုံးလေးများ တလက်လက်တောက်ပလာလေသည်။ “အစ်ကိုကြီးပြောတာ မှန်တယ်” သူမသည် စိတ်အားထက်သန်စွာဖြင့် ပြောလေသည်။ “ဝမ်ရွှမ်ကျန့်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီ။ သူက အခုမှ ပဉ္စမနှစ်ပဲ ရှိနေသေးတာ။ သူ့လိုမျိုး အထွတ်အထိပ်ပါရမီရှင်တွေကို ညီမလေးတို့ ပစ်မှတ်ထားပြီး ချဉ်းကပ်ရမှာ”

ယောင်မင်စီ ပြုံးလိုက်ပြီးနောက် “ဝမ်ရွှမ်ကျန့်က တကယ်ကို သန်မာအားကောင်းလွန်းတယ်” အလေးမထားဟန်ဖြင့် ပြောသည်။ “ဒါပေမဲ့ ကျောင်းတော်ရဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကို ညီမလေးသိလား။ ညီမလေးက အခုမှရောက်လို့ သူ့အကြောင်းကို မကြားဖူးသေးတာ။ သူကမှ အစ်ကိုကြီး လေးစားကြည်ညိုတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပဲ”

ယောင်မင်စီစကားကို ကြားသည့်အခါ ယောင်ရှုမေးလိုက်သည်။ “သူက ဘယ်သူလဲ”

ဝမ်ရွှမ်ကျန့်မှလွဲ၍ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိနေသည့်ကျောင်းသား မရှိချေ။ သူမ၏ မာနကြီးလွန်းသည့်အစ်ကို လေးစားကြည်ညိုသူမှာ မည်သူဖြစ်သနည်း။ သူမအလွန်အမင်း သိချင်လာမိသည်။

“သူလုပ်ခဲ့တာတွေကို ပြောပြရတာပေါ့” ယောင်မင်စီ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာပြီး အေးစက်စက်မျက်နှာတွင် တမ်းတလွမ်းမောမှုများ ဖြစ်လာသည်။ “ငါ့ရဲ့ အိုက်ဒဲလ်.. သူဒီကျောင်းတော်ကို ရောက်တုန်းက သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံက တာအိုခန္ဓာ ဗလာအဆင့်တဲ့လေ”

ထိုစကားကို ကြားသည့်အခါ ယောင်ရှုသည် ခေတ္တမျှ ကြောင်အသွားမိသည်။ အံ့ဩမှုကြောင့် သူမ၏ အရည်လဲ့နေသော မျက်လုံးကြီးများကို တဖျတ်ဖျတ် ခတ်လိုက်သေးသည်။

“တစ်နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ သူဘယ်အဆင့် ရောက်နေပြီလဲ ခန့်မှန်းကြည့်”

ယောင်ရှုသည် ကြောင်အနေရာမှ ပြန်လည်အသိဝင်လာပြီး သူမစိတ်ထဲ တွေးထင်မိသည့် အမြင့်ဆုံးအဆင့်ကို ခန့်မှန်းပြောဆိုလိုက်သည်။ “တာအိုခန္ဓာ ဒဿမအဆင့်လား”

ယောင်မင်စီ ခေါင်းယမ်းလိုက်သည်။ “စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ပဲ”

“စိတ်.. စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ဟုတ်လား” ယောင်ရှုသည် သူမ၏ တည်ငြိမ်မှုများ ပျက်သုန်းသွားပြီ ဖြစ်သည်။ သူမ၏ သေးငယ်သည့် ရင်ဘတ်သည်လည်း နိမ့်ချည်မြင့်ချည် ဖြစ်နေလေသည်။

တာအိုခန္ဓာ ဗလာအဆင့်ကနေ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ကို တစ်နှစ်တည်းနဲ့ ရောက်သွားတယ်တဲ့လား။

ထိုသူနှင့် နှိုင်းယှဉ်မည်ဆိုပါက စိတ်ဝိညာဉ်ဓားအဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင်ဖြစ်သူ သူမသည် သူမ၏ ၁၈ နှစ်တာ သက်တမ်းအား ဖြုန်းတီးခဲ့ခြင်းသာ ဖြစ်လေသည်။

“အဲဒါက သူ့ရဲ့ အောင်မြင်မှုများစွာထဲက တစ်ခုပဲ ရှိသေးတယ်” ယောင်မင်စီ ဆက်ပြောသည်။ “ကန့်သတ်မဲ့ တိုက်ပွဲမှာတုန်းက သူက တာအိုခန္ဓာအဆင့်ပဲ ရှိသေးတာလေ။ ဒါပေမဲ့လည်း လက်ချောင်း တစ်ချောင်းတည်းနဲ့ အင်မော်တယ်အဆင့်ဇယားရဲ့ နံပါတ်တစ် ဝမ်ရွှမ်ကျန့်ကို အနိုင်ယူခဲ့တယ်”

“ဝမ်ရွှမ်ကျန့်ကို လက်ချောင်းတစ်ချောင်းတည်းနဲ့ အနိုင်ယူခဲ့တယ် ဟုတ်လား” ယောင်ရှုမှာ မယုံကြည်နိုင်ပေ။

“အဲဒီတင် မကသေးဘူး။ တာဝန်ထမ်းဆောင်ဖို့အတွက် သေမျိုးကမ္ဘာကို ဆင်းသက်တုန်းက တောင်ပံနက်မျိုးနွယ်စုရဲ့ မဟူရာည အကြီးအကဲက ရုတ်တရက် ပေါ်လာတယ်လေ။ ဒါပေမဲ့လည်း သူရဲ့ ဓားတစ်ချက်တည်းနဲ့ မဟူရာညကို သတ်ဖြတ်နိုင်ခဲ့တယ်” ယောင်မင်စီသည် ပြောဆိုနေရင်း အားနှင့်မာန်နှင့် ဖြစ်လာသည်။

“တောင်ပံနက်မျိုးနွယ်စုရဲ့ အကြီးအကဲတွေအားလုံးက ပျက်ပြယ်ခြင်းအဆင့်မှာရှိတဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးတွေ မဟုတ်လား။ ဘုရားရေ” ယောင်ရှုသည် အံ့ဩမှုကြောင့် တုန်လှုပ်လာပြီး ဆွံ့အသွားလေသည်။

ထိုစားများကို ပြောသူမှာ သူမ၏ တည်ငြိမ်လေးနက်သော အစ်ကိုကြီး မဟုတ်လျှင် သူမအနေဖြင့် အယုံအကြည်ရှိမည် မဟုတ်ချေ။

“ယောင်ရှုရေ.. ညီမလေး ဘယ်လိုထင်လဲ။ အဲဒီ စီနီယာကမှ အစစ်အမှန် ဒဏ္ဍာရီလာ ဟုတ်မဟုတ်။ အစ်ကိုကြီးတို့ရဲ့ ကြည်ညိုလေးစားမှုနဲ့ ထိုက်တန်မှု ရှိမရှိ” ယောင်မင်စီ၏ မျက်လုံးများသည် စိတ်အားထက်သန်မှုတို့ဖြင့် တောက်လောင်နေပြီး စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူများပင် မြန်နေလေသည်။

ယောင်ရှုသည်သည် သူမ၏ ကြည်ညိုလေးစားမှုကို မထိန်းချုပ်နိုင်တော့ချေ။ “အစ်ကို.. သူက ဘယ်သူလဲ”

“သူ့နာမည်က အန်လင်းတဲ့။ ဒုတိယနှစ်က စီနီယာပဲ”

ယောင်ရှု၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ဖြစ်လာပြီး “စီနီယာ အန်လင်းပေါ့။ သူ့ကို သွားရှာကြမယ်။ သူငယ်ချင်းဖွဲ့ကြတာပေါ့”

“အစ်ကိုလည်း အဲဒီလို စဉ်းစားနေတာပဲ” ယောင်မင်စီ ခေါင်းညိတ်လိုက်သည်။ “ဒါပေမဲ့လည်း အလျင်စလို လုပ်လို့မရဘူး။ စီနီယာရဲ့ ကောင်းမွန်တဲ့အမြင်ရအောင် လုပ်မှဖြစ်မယ်”

ယောင်ရှု ခေတ္တမျှ တွေးတောလိုက်ပြီး အကြံပြုလေသည်။ “ညီမလေးတို့ ဓားအက ကပြကြရင်ကော”

“သူက ဓားအက ကြည့်ရတာ ကြိုက်ဦးမှလေ။ ယောင်ရှု.. ညီမလေးက အဆိုကောင်းတယ် မဟုတ်လား။ အစ်ကိုက ဓားအက ကပြီး ညီမလေးက သီချင်းဆိုရင်ကော။ အဲဒီလိုဆို စီနီယာက အစ်ကိုတို့ရဲ့ ဖျော်ဖြေမှု တစ်ခုမဟုတ်တစ်ခုကို သဘောကျသွားရင် အောင်မြင်နိုင်လိမ့်မယ်”

“တစ်ခုကိုမှ မကြိုက်ရင်ကော” ယောင်ရှုသည် စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“တစ်ခုကိုမှ မကြိုက်ရင် ဟုတ်လား။ အဲဒါဆို ဖိအားပေးကြတာပေါ့” ယောင်မင်စီ၏ မျက်လုံးများသည် ဒေါသဖြင့် တောက်လောင်လာလေသည်။

“ဘယ်လိုမျိုး ဖိအားပေးမှာပဲ” ယောင်ရှု၏ လှပသည့်မျက်နှာလေးသည် စိတ်လှုပ်ရှားမှုကြောင့် အနီရောင်သန်းလာသည်။

ယောင်မင်စီသည် အံကြိတ်ကာဖြင့် “သူငယ်ချင်းတွေ ဖြစ်မလာနိုင်ဘူးဆိုရင် အစ်ကိုတို့ကို မှတ်မိနေအောင် လုပ်ရမယ်”

“သူသဘောကျတဲ့ အရာတွေကို အရင်ဆုံးမေးမယ်။ ပြီးရင် သူ့အကြိုက်နဲ့လိုက်အောင်နေမယ်။ အဲဒါကိုတောင် ငြင်းပယ်နေဦးမယ်ဆိုရင် သူသွားတဲ့နေရာတိုင်းကို လိုက်မယ်။ ငါတို့ကို လက်မခံမချင်း အပူကပ်နေမယ်”

ယောင်ရှု၏မျက်လုံးများ လက်လာသည်။ “အမှတ်တရ လက်မှတ်ထိုးခိုင်းဖို့လည်း လိုသေးတယ်နော်။ အဖွဲ့လိုက်ပုံလည်း ရိုက်ရမယ်။ ပြီးရင် အသံလွှင့်ကျောက်တုံးတွေလည်း လဲကြရမယ်”

“ရက်စ်။ အတိအကျပဲ” ယောင်မင်စီ ခေါင်းညိတ်လိုက်သည်။ “အခု တောင်ပံဖြူကျောင်းပရဝုဏ်ကို သွားကြစို့”

“ဟုတ်ကဲ့ အကိုကြီး” ယောင်ရှုသည် နည်းနည်းလေးမျှပင် မစောင့်နိုင်တော့ချေ။

ထိုသို့ဖြင့် ယင်းအစ်ကိုနှင့် ညီမတို့သည် စိတ်လှုပ်ရှားမှု အပြည့်ဖြင့် တောင်ပံဖြူကျောင်းပရဝုဏ်သို့ သွားကြလေသည်။

သူတို့နှစ်ဦး မူလရပ်နေခဲ့သည့်ဘေးတွင် အန်လင်းသည် မည်းမှောင်သည့် အမူအရာဖြင့် ရှုံ့မဲ့ကာ ရှိနေလေသည်။

ယင်းတို့နှစ်ဦး၏ စကားပြောခန်းကို တစ်လုံးမကျန် ကြားလိုက်ရခြင်း ဖြစ်လေသည်။

သူ၏ စိတ်ခံစားချက်မှာလည်း ရွှင်မြူးရာမှ မကျေမနပ်သည့်အနေအထားသို့ ပြောင်းလဲသွားခဲ့သည်။

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်တွင် ယင်းမောင်နှမ ဦးတည်ရာနှင့် ဆန့်ကျင်ဘက်သို့ ထွက်ခွာသွားလေတော့သည်။

***

All Chapters