← Chapters

အုပ်ချုပ်သူနှင့် ဓားပြတို့ တစ်သားတည်း၊ နှစ်သုံးဆယ်စာ အခွန်ကောက်ခံခြင်း။

Vol. 6 Ch. 71

အုပ်ချုပ်သူနှင့် ဓားပြတို့ တစ်သားတည်း၊ နှစ်သုံးဆယ်စာ အခွန်ကောက်ခံခြင်း။

Vol. 6 Ch. 71

"ဒါမှပေါ့ကွ... မင်းတို့က ပါးပါးနပ်နပ်နေကြတော့ ငါတို့ အင်အားမသုံးရတော့တာပေါ့"

"မင်းတို့အားလုံး သိကြတဲ့အတိုင်းပဲ... မကြာသေးခင်က မျက်ခုံးနီ ပုပ်ကန်သူတပ်က မငြိမ်မသက်ဖြစ်အောင် လုပ်ပြီး အုပ်ချုပ်သူတွေကို ပုန်ကန်နေတာလေ... ရက်စက်တဲ့ လုပ်ရပ်တွေလည်း အများကြီး လုပ်နေကြတယ်"

"လုမိသားစုရဲ့ မျိုးဆက်ခံ လုယန်တောင်မှ အဲ့ဒီပုန်ကန်သူ‌တွေရဲ့ လက်ချက်နဲ့ သေသွားခဲ့ရပြီ"

"ယွင်ဇီမြို့ရဲ့ လုံခြုံရေးအတွက် ဘုရင်က ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး အစွမ်းကုန် ကြိုးစားနေရတယ်"

"ဒါကြောင့် ဘုရင်က ပုန်ကန်သူတွေကို နှိမ်နင်းဖို့ မင်းတို့ရဲ့ ငွေကြေး ထောက်ပံ့မှုကို လိုအပ်နေတယ်"

"လောကကြီး ပြန်လည် အေးချမ်းသာယာဖို့ပေါ့ကွာ"

ငွေကြေးဂိုဏ်း အကြီးအကဲ ဟယ်ယွီလျန်သည် တဲ့တိုးပင် ပြောလိုက်သည်။ ကွေ့ဝိုက်မနေဘဲ ဘုရင့်ကိုယ်စား အခွန်ကောက်ခံရန် လာရောက်ခြင်း ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောပြလိုက်သည်။

ငွေကြေးဂိုဏ်းသည် ယွင်ဇီမြို့၏ ကဏ္ဍတိုင်းကို လွှမ်းမိုးထားနိုင်လောက်အောင်ထိ အဘယ်ကြောင့် ဤမျှ အင်အားကြီးမားနေရသနည်း။

အဘယ်ကြောင့်ဆိုသော် ငွေကြေးဂိုဏ်းသည် ဘုရင်၏ လက်မည်းကြီး ဖြစ်သောကြောင့်ပင်။ သူတို့သည် ဘုရင့်အတွက် အခွန်ကောက်ခံပေးခြင်းနှင့် မသမာသော စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ပေးနေခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ငွေကြေးဂိုဏ်းသည် ဘုရင်၏ အရိပ်မည်း ဖြစ်ပေသည်။

ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားလျှင်ပင် အောက်ခြေလူတန်းစားများ အနေဖြင့် အုပ်ချုပ်သူများထံ သွားရောက် တိုင်တောသော်လည်း အရေးယူ ဆောင်ရွက်ပေးခြင်း မရှိချေ။

မည်သို့ပင်ဆိုစေကာမူ နှစ်ဖက်စလုံးသည် မူလကတည်းက ပူးပေါင်းကြံစည်သူများ ဖြစ်နေကြသည် မဟုတ်ပါလော။

အချိန်ကြာလာသည်နှင့်အမျှ ယွင်ဇီမြို့ရှိ သာမန်နေထိုင်သူများသည် ငွေကြေးဂိုဏ်းသားများကို ကျားတစ်ကောင်ကဲ့သို့ ကြောက်ရွံ့လာကြသည်။

"အကြီးအကဲဟယ်... အခွန်ထပ်ကောက်ဦးမလို့လား"

"အရင်တုန်းက ခင်ဗျားတို့ ကျွန်တော်တို့ဆီကနေ အနှစ် ၂၀ စာ အခွန်တွေ ကြိုကောက်ထားပြီးပြီလေ"

"အခု အခွန်ထပ်ကောက်ဦးမလို့လား"

"ယွင်ဇီမြို့ခွန်ကို အနှစ် ၃၀ စာလောက်အထိ ကြိုကောက်ချင်နေတာလား"

လူတစ်ယောက်သည် ချက်ချင်း မကျေမနပ် ဖြစ်သွားပြီး ပြောဆိုလိုက်သည်။ အခွန်ကောက်ခံမှုသည် အလွန်အမင်း ဖြစ်နေပြီး နှစ်တိုင်းလိုလို အခွန်တိုးကောက်နေသည်ဟု ခံစားနေရသည်။

ချမ်းသာသူများပင် ဤကဲ့သို့သော အခွန်ကောက်ခံမှုကို ခံနိုင်ရည် မရှိကြချေ။

ဒါက ရှင်းရှင်းပြောရရင် ဓားပြတိုက်တာပဲ… သာမန်ပြည်သူတွေဆီကနေ ဓားပြတိုက်နေတာ။

"ပါးစပ်ပိတ်ထားစမ်း"

"မင်းမှာ မကျေနပ်ခွင့်ဆိုတာ ရှိလို့လား"

"အခုဆိုရင် ငါတို့ ယွင်ဇီမြို့က စစ်သားတွေက ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ပြီး ယွင်ဇီမြို့အတွက် အသက်ပေးနေကြတာ"

"ပိုက်ဆံလေး နည်းနည်းပါးပါး ထည့်ဝင်လိုက်တာနဲ့ မင်း ဘာဖြစ်သွားမှာမို့လို့လဲ"

"ယွင်ဇီမြို့ ကျသွားရင် မင်းတို့အားလုံး သေမှာ... မျက်ခုံးနီ ပုန်ကန်သူတပ်က မင်းတို့ကို အကုန်သတ်ပစ်မှာ သေချာတယ်"

"ပိုက်ဆံမပေးချင်ရင်လည်း ရတယ်လေ... လူနဲ့ ပေးပေါ့"

"အတော်ပဲ... ယွင်ဇီမြို့က အသေခံတပ်သားတွေ လိုနေတာနဲ့ အတော်ပဲ... မင်းတို့အားလုံး ဝင်လို့ရတာပေါ့"

"မိန်းမတွေလည်း အတူတူပဲ"

"ယောကျာ်းတွေက ကျွန်ဖြစ်မယ်... မိန်းမတွေက ပြည့်တန်ဆာ ဖြစ်မယ်"

ဟယ်ယွီလျန် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်၏။ သူ၏ မျက်ဝန်းနက်နက်ထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ လက်သွားလေသည်။

သူ၏ ခြိမ်းခြောက်မှုမှာ ဖုံးကွယ်ထားခြင်း မရှိပေ။

ဝံပုလွေတစ်ကောင်ကဲ့သို့ သတ်ဖြတ်လိုသော ရောင်ဝါများ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။

"ဒါက..."

နေထိုင်သူ အများအပြားသည် ဆောင်းတွင်းမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွားကြပြီး မည်သူမျှ စကားတစ်ခွန်းပင် မဟရဲကြတော့ချေ။

ဤရက်စက်ကြမ်းကြုတ်သော ငွေကြေးဂိုဏ်းသားများနှင့် ရင်ဆိုင်ရသောအခါ သူတို့တွင် ခုခံနိုင်စွမ်း မရှိကြပေ။

ထို့ပြင် ငွေကြေးဂိုဏ်းသားများသည် အလွန် ရက်စက်ကြသည်။

တကယ်တမ်း ဒေါသထွက်အောင် လုပ်မိပါက သေဆုံးခြင်း (သို့မဟုတ်) ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်းများ ဖြစ်သွားနိုင်သည်။

"ကျီးကန်းက ဘယ်နေရာရောက်ရောက် မည်းတာပါပဲလား"

ဤမြင်ကွင်းကို မြင်လိုက်ရသော် ကျန်းဖန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး လက်သီးကို မသိမသာ ဆုပ်လိုက်မိသည်။

ယွင်ဇီမြို့သို့ ရောက်ရှိလာပြီးနောက် ဤကဲ့သို့သော အခြေအနေမျိုးကို ရှောင်ရှားနိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။

ယွင်ဇီမြို့အတွင်းတွင် ဤအရာများ ပိုမို ဆိုးရွားလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။

ထို့ပြင် နဂါးဘုရင်ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် ငွေကြေးဂိုဏ်းသည် ပိုမို ရက်စက်ပြီး ဥပဒေမဲ့ နိုင်ထက်စီးနင်း ပြုမူတတ်သည်။

မည်သို့ပင်ဆိုစေ ငွေကြေးဂိုဏ်းသည် ယွင်ဇီမြို့တွင် ဘုရင်၏ လက်မည်းကြီး ဖြစ်နေသဖြင့် သူတို့ ဘာလုပ်လုပ် ဘုရင်၏ ကျောထောက်နောက်ခံ ရှိနေမည်သာ ဖြစ်သည်။

ထို့ကြောင့် သူတို့ လှုပ်ရှားသောအခါ မည်သည့်အရာကိုမျှ စိုးရိမ်ပူပန်နေစရာ မလိုပေ။

"ကြည့်ရတာ မင်းတို့မှာ ပြောစရာမရှိဘူး ထင်တယ်"

"တစ်ယောက်ချင်းစီ တန်းစီပြီး ပိုက်ဆံလာပေးကြတော့"

ဟယ်ယွီလျန်က စကားအများကြီး မပြောတော့ဘဲ ချက်ချင်း အမိန့်ပေးလိုက်သည်။

အနီးအနားရှိ အိမ်နီးနားချင်းများမှာ ရွေးချယ်စရာမရှိဘဲ ရှေ့ထွက်၍ ပိုက်ဆံပေးဆောင်ရုံသာ ရှိတော့သည်။

သို့သော် မကြာမီမှာပင် ငွေမပေးနိုင်သူတစ်ဦး ပေါ်ထွက်လာလေသည်။

မည်သို့ပင်ဆိုစေ လူတိုင်းတွင် စုဆောင်းငွေ ရှိသည်မဟုတ်ပေ။ ယခင်က အခွန်ကောက်ခံမှုများကြောင့် မိသားစု ပိုင်ဆိုင်မှုများမှာ ကုန်ခမ်းနေပြီ ဖြစ်သည်။

ယခုအခါ မည်ကဲ့သို့များ ငွေထပ်ပေးနိုင်ပါမည်နည်း။

"သခင်ကြီးတို့... အသက်ချမ်းသာပေးပါ... ကျေးဇူးပြုပြီး အသက်ချမ်းသာပေးပါ"

"အရင်တုန်းက ပိုင်ဆိုင်သမျှ အကုန်ပေးပြီးပါပြီ... အခုက တကယ်ကို ပိုက်ဆံမရှိတော့လို့ပါဗျာ"

"ကျေးဇူးပြုပြီး အချိန်နည်းနည်းလောက် ပေးပါ... ကျွန်တော် ပိုက်ဆံရှာပြီး သေချာပေါက် ပေးပါ့မယ်"

ဘုန်း…

မြေကြီးပေါ်တွင် ဒူးထောက်ကာ ငွေကြေးဂိုဏ်းသားများကို ဦးခိုက်တောင်းပန်နေသူမှာ သက်လတ်ပိုင်းအရွယ် ရှုတယ် ဖြစ်သည်။ နဖူးမှ သွေးများ စီးကျနေပြီး မျက်နှာပေါ်တွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများ အပြည့် ရှိနေသည်။ သူ့မိသားစုသည် ပဲပြားရောင်းသူများ ဖြစ်ကြသည်။

မူလကတည်းက အမြတ်နည်းပါးသော စီးပွားရေးလုပ်ငန်းငယ်လေးသာ ဖြစ်သည်။

မိသားစုတစ်ခုလုံးကို နေ့စဉ် ထောက်ပံ့ရန်မှာပင် အလွန် ခက်ခဲနေပြီဖြစ်ရာ ယခုအချိန်တွင် လေးလံသော အခွန်များနှင့် ရင်ဆိုင်နေရသည်။

ထို့ပြင် တစ်ကြိမ်တည်း ကောက်ခံခြင်း မဟုတ်ဘဲ အကြိမ်ကြိမ် ကောက်ခံနေခြင်း ဖြစ်သည်။

သူ ပိုလျှံသော ငွေကြေးကို ရှာဖွေနိုင်စွမ်း မရှိတော့ချေ။

ယခု သူလုပ်နိုင်သည်မှာ မြေကြီးပေါ်တွင် ဒူးထောက်ပြီး ငွေကြေးဂိုဏ်းသားများကို သနားညှာတာရန် တောင်းပန်ခြင်းသာ ဖြစ်သည်။

ခေတ္တမျှ သက်ညှာပေးလိမ့်မည်ဟု သူ မျှော်လင့်နေမိသည်။

ဒုန်း…

ဘေးနားရှိ လူကောင်ကြီးကြီး တစ်ယောက်က လက်သီးဖြင့် ထိုးလိုက်ရာ ရှုတယ်၏ မျက်နှာကို ပြင်းထန်စွာ ထိမှန်သွား၏။ ဒွါရခုနစ်ပေါက်မှ သွေးများ ထွက်လာကာ မျက်စိများ ပြာဝေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားလေသည်။ သူသည် အဆက်မပြတ် ငိုယိုအော်ဟစ်နေရှာသည်။

ထိုလူက ဆဲဆိုလိုက်သည်။ "ဘာကို အသက်ချမ်းသာပေးရမှာလဲ... ပိုက်ဆံမရှိရင် ကျွန်ခံလေ... တခြား ပဲပြားရောင်းတဲ့သူတွေ ပိုက်ဆံရှိကြတယ်... မင်းက ပဲပြားရောင်းပြီး ပိုက်ဆံမရှိဘူး ဆိုတော့ မင်း ပျင်းလို့ ပိုက်ဆံမရှာနိုင်တာပဲ နေမှာပေါ့ကွ"

"အဲ့ဒါဆိုရင် မင်း စစ်တပ်မှာ သွားပြီး ကျွန်ခံလိုက်တော့"

"ဪ... ပြီးတော့ မင်း မိသားစုတစ်ခုလုံးပါ ခေါ်သွား...မင်းတို့ အကုန်လုံး ကျွန်လုပ်ရမယ်"

"ဒါမှ နောင်ကျရင် မင်းတို့ ပိုက်ဆံပေးစရာ မလိုတော့မှာ"

အခြား ငွေကြေးဂိုဏ်းသားများ ရှေ့တိုးလာပြီး ရှုတယ်၏ မိသားစုဝင်များကို လက်သီးများ၊ ခြေထောက်များဖြင့် ဝိုင်းဝန်း ရိုက်နှက်ကန်ကျောက်ကြတော့၏။ မည်သည့် ထိန်းသိမ်းမှုမျှ မရှိပေ။

သူတို့အားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ငွေကြေးဂိုဏ်းသားများသည် သူတို့၏ တောင်းပန်သံများကို နားထောင်ရန် ဆန္ဒပင် မရှိကြချေ။

ထို့နောက် လူတစ်စု ရှေ့တိုးလာပြီး ရှုတယ်၏ မိသားစုကို ဆွဲခေါ်သွားကြသည်။

မြေပြင်ပေါ်တွင် သွေးများ စီးဆင်းနေသည်။

နွေလယ်ခေါင်ခေါင်တွင် နေရောင်ခြည်မှာ ပြင်းထန်စွာ ပူပြင်းလှသော်လည်း ရှိနေသူများ၏ ရင်ထဲတွင် အေးစက်မှုကို ခံစားနေကြရသည်။

သာမန်အားဖြင့် ရိုးသားကြိုးစားသော ရှုတယ်တစ်ယောက် ကျွန်အဖြစ် ရိုက်နှက်ဖမ်းဆီးခံရပြီး မိသားစုတစ်ခုလုံး တစ်ခဏချင်း ဘဝပျက်သွားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့ကြပေ။ ဤသည်မှာ ခေတ်ပျက်တစ်ခု၏ သာမန် မြင်ကွင်းတစ်ခုသာ ဖြစ်သည်။

သူတို့တွင် ပြန်လည် တော်လှန်ရဲသော သတ္တိ မရှိကြပေ။

အဘယ်ကြောင့်ဆိုသော် ထိုလူများသည် ငွေကြေးဂိုဏ်းကို ကိုယ်စားပြုပြီး၊ ဘုရင်ကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။

သူတို့သည် ဘုရင်နှင့် ငွေကြေးဂိုဏ်း၏ ခွေးများ ဖြစ်ကြသည်။

သူတို့ကို သတ်ပစ်လိုက်လျှင်ရော ဘာထူးမှာလဲ။

ငွေကြေးဂိုဏ်းနှင့် ဘုရင်၏ ပြန်လည် တိုက်ခိုက်မှုကို ရင်ဆိုင်ရပါက သေလမ်းသာ ရှိပေသည်။

အင်အားမရှိသော ပြည်သူများသည် မည်သို့ဆိုစေ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် မထိန်းချုပ်နိုင်ကြပေ။ အလွန် အားကိုးရာမဲ့သော ခံစားချက်ပင်။

"တွေ့လား... ပိုက်ဆံမပေးရင် ဒီလိုဖြစ်မှာပဲ"

"ပိုက်ဆံမရှိရင် ကျွန်သွားခံ"

အကြီးအကဲ ဟယ်ယွီလျန်သည် ထိုမြင်ကွင်းကို ကျေနပ်စွာ ကြည့်နေသည်။ ဤသည်မှာ ကြက်ကိုသတ်ပြီး မျောက်ကို ခြိမ်းခြောက်ပြခြင်းပင် ဖြစ်သည်။ ဤကဲ့သို့ မလုပ်ဆောင်ပါက ဤလူများသည် သူတို့ကို အန္တရာယ်မရှိဟု ထင်မှတ်သွားကြပေလိမ့်မည်။

"တိရစ္ဆာန်ကောင်တွေ"

ကျန်းဖန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိ၏။ သူ့ရင်ထဲမှ ဒေါသလှိုင်းများကို မထိန်းချုပ်နိုင်အောင် ဖြစ်နေသည်။

သို့သော် ဒေါသသည် ကံကြမ္မာကို မပြောင်းလဲနိုင်ကြောင်း၊ အင်အားကသာ ကံကြမ္မာကို ပြောင်းလဲနိုင်ကြောင်း သူ သိထားသည်။

အင်အားမရှိဘဲ ဒေါသထွက်နေခြင်းသည် အချည်းနှီးသာ ဖြစ်သည်။

သူ သည်းခံရမည်၊ အင်အားကို စုစည်းရမည်။

ထိုသို့ ပြုလုပ်မှသာ အောက်ခြေလူတန်းစားများ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည် ဖြစ်သည်။

သို့သော် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော အိမ်နီးနားချင်းများသည် စကားတစ်ခွန်းမျှ ထပ်မပြောရဲကြတော့ပေ။

နာခံစွာဖြင့် ပိုက်ဆံပေးဆောင်ရုံသာ ရှိတော့သည်။

သို့တိုင်အောင် မိသားစု အများအပြားသည် ငွေမပေးနိုင်ကြသဖြင့် ငွေကြေးဂိုဏ်းသားများ၏ ဆွဲခေါ်ခြင်းကို ခံရပြီး စစ်ကျွန်များ ဖြစ်သွားကြရသည်။

မကြာမီအချိန်တွင် ကျန်းဖန်အလှည့် ရောက်ရှိလာ၏။ ဟယ်ယွီလျန်နှင့် အခြားသူများ၏ ရှေ့သို့ ကျန်းဖန် ရောက်လာခဲ့သည်။

"ဟော... မင်းကို မမြင်ဖူးသလိုပဲ"

"မင်းက ဒီလမ်းမှာ အစကတည်းက နေတဲ့သူ မဟုတ်လောက်ဘူး"

ဟယ်ယွီလျန် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ကျန်းဖန်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဤလမ်းသို့ အကြိမ်ကြိမ် ရောက်ဖူးပြီး နေထိုင်သူများကိုလည်း ကောင်းစွာ သိရှိထားသည်။

ကျန်းဖန်ကဲ့သို့ လူမျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ သေချာပေါက် ပြင်ပမှ လာရောက်သူ ဖြစ်ရပေမည်။

…

All Chapters