အထက်တန်းလွှာ၏ လက်ပါးစေများကို သတ်ဖြတ်ခြင်း၊ သတ္တမအဆင့် အခွင့်အလမ်းကို ရရှိခြင်း။
Vol. 6 Ch. 83
"ကြည့်ရတာ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုက ငါတို့ လုမိသားစုအပေါ် လွှမ်းခြုံနေတဲ့ပုံပဲ"
"ရန်သူက ငါတို့ လုမိသားစုကို မျိုးပြုန်းသတ်ဖြတ်ဖို့ ကြိုးစားနေတာ"
"တကယ်လို့ ငါတို့သာ လူလွှတ်ပြီး လိုက်ဖမ်းခိုင်းမယ်ဆိုရင် ရန်သူရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံရနိုင်တယ်"
"ဟိုလင်မယားနှစ်ယောက်က ထောင်ချောက်တစ်ခု ဖြစ်လောက်တယ်"
လုမိသားစု ခေါင်းဆောင် လုခိုင်၏ မျက်နှာထားမှာ အလွန် လေးနက်တည်ကြည်နေလေသည်။
သူသည် လူသတ်သမားကို ချက်ချင်း ရှာဖွေပြီး လက်စားချေလိုစိတ် ပြင်းပြနေသည်။
သူ့သားသည် မည်မျှပင် အသုံးမကျသူ ဖြစ်ပါစေ၊ သူ့သား ဖြစ်နေဆဲပင်။ ပြင်ပလူများ လာရောက်ထိပါးသည်ကို သူ ခွင့်မပြုနိုင်ပေ။
သို့သော် လုမိသားစု၏ ခေါင်းဆောင်တစ်ယောက် အနေဖြင့် သူ မဆင်မခြင် လှုပ်ရှား၍ မဖြစ်ပေ။
မဟုတ်ပါက လုမိသားစုအပေါ် ကြီးမားသော ကပ်ဘေးတစ်ခု ကျရောက်လာနိုင်ပေသည်။
"ထောင်ချောက် ဟုတ်လား"
"ဒါပေမဲ့ ဟုတ်တော့ဟုတ်မယ်၊ မကြာသေးခင်က ငါတို့ လုမိသားစုမှာ ကိစ္စကြီးတွေ အများကြီး ဖြစ်ခဲ့တယ်ဆိုတာတော့ အမှန်ပဲ"
"အရေးပါတဲ့ ပုဂ္ဂိုလ်တွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတယ်... ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး"
"ငါတို့ လုမိသားစုကို ပစ်မှတ်ထားနေတာ မျက်ခုံးနီ ပုန်ကန်သူတပ်များ ဖြစ်နေမလား"
အခြား လုမိသားစု အကြီးအကဲ တစ်ဦးက ဝင်ရောက်ပြောဆိုလိုက်သည်။ သူသည် လှုပ်ရှားသူများမှာ မျက်ခုံးနီ ပုန်ကန်သူတပ်၏ သူလျှိုများ ဖြစ်မည်ဟု သံသယဝင်နေသည်။ မျက်ခုံးနီ ပုန်ကန်သူတပ်မှလွဲ၍ အခြား အင်အားကြီးမားသော ရန်သူကို သူ စဉ်းစား၍ မရချေ။
မည်သို့ပင်ဆိုစေ လုဝမ်တာနှင့် အခြားသူများကို ချက်ချင်း သတ်ဖြတ်နိုင်ရန်အတွက် ရန်သူသည် အနည်းဆုံး ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့် ရှိရပေမည်။
သို့သော် ဤအဆင့်ရှိသော သိုင်းပညာရှင်များသည် အလွန် ရှားပါးလှသည်။
ထိုအဆင့်ရှိသူတိုင်းသည် ကျန်းဟူလောက၏ သူရဲကောင်းများ ဖြစ်ကြပြီး ကြောက်မက်ဖွယ် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။
ထိုကဲ့သို့သော လူတစ်ယောက် အလွယ်တကူ ပေါ်ထွက်လာရန် ဆိုသည်မှာ မဖြစ်နိုင်ချေ။
ထို့ကြောင့် မျက်ခုံးနီ ပုန်ကန်သူတပ်ကို သံသယဝင်ခြင်းသည် အကြောင်းပြချက် ခိုင်လုံလေသည်။
"သံသယဖြစ်စရာ မလိုပါဘူး... ဒါ သေချာပေါက် မျက်ခုံးနီ ပုန်ကန်သူတပ်ရဲ့ လက်ချက်ပဲ"
"ချန်ယောက်ချွမ်ရဲ့ အမုန်းတရားက အကန့်အသတ် မရှိဘူး"
"ငါသိသလောက်ဆိုရင် ချန်ယောက်ချွမ်ရဲ့ ဒဏ်ရာတွေက ပျောက်ကင်းသွားပြီ"
"မကြာခင် သူ မျက်ခုံးနီ ပုန်ကန်သူတပ်ကို ပြန်လည်စုစည်းပြီး ယွင်ဇီမြို့ကို လာတိုက်လိမ့်မယ်"
လုမိသားစု ခေါင်းဆောင် လုခိုင်က အသံနက်ကြီးဖြင့် ပြောလိုက်ပြီး ထိပ်တန်းလျှို့ဝှက်ချက် သတင်းအချက်အလက် တစ်ခုကို ထုတ်ဖော်လိုက်လေသည်။
"မဖြစ်နိုင်တာ... သူက အရှင်သခင် မူတာနဲ့ အပြန်အလှန် တိုက်ခိုက်ပြီး ဒဏ်ရာအပြင်းအထန် ရသွားခဲ့တာ မဟုတ်ဘူးလား"
"သူ့ဒဏ်ရာတွေက ဘာလို့ ဒီလောက် မြန်မြန် ပျောက်သွားရတာလဲ... အချိန် ဘယ်လောက်မှ မကြာသေးဘူးလေ"
လုမိသားစု အကြီးအကဲ အများအပြား မယုံကြည်နိုင်စွာ ပြောလိုက်ကြသည်။
ချန်ယောက်ချွမ် ရရှိထားသော ဒဏ်ရာများကို သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သိုင်းပညာ အရှင်သခင် တစ်ယောက် ဖြစ်လျှင်ပင် အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အတွက် လပေါင်းများစွာ (သို့မဟုတ်) တစ်နှစ်ခန့် ကြာမြင့်နိုင်သည်။
သို့သော် ယခုလို အချိန်တိုအတွင်း လုံးဝ ပြန်လည် ကောင်းမွန်သွားသည် ဆိုခြင်းမှာ တကယ့်ကို အံ့သြစရာ ကောင်းလွန်းလှသည်။
"မင်းတို့ အံ့သြနေကြတာ သဘာဝပါပဲ"
"ငါထင်တာ မမှားဘူးဆိုရင် ချန်ယောက်ချွမ်က ကျင့်ကြံသူ တစ်ပါးရဲ့ အမွေအနှစ်ကို ရထားပုံပဲ"
"ကျင့်ကြံသူတွေဆီကနေ ကုသဆေး ရရှိခဲ့တာ ဖြစ်မယ်"
"ဒါကြောင့် သူ့ဒဏ်ရာတွေ ဒီလောက် မြန်မြန် သက်သာသွားတာပေါ့"
ခေါင်းဆောင် လုခိုင်က ရှင်းပြလိုက်သည်။
"ကျင့်ကြံသူရဲ့ အမွေအနှစ်ကို ရထားတာလား... ဒီကောင် ကံကောင်းလိုက်တာ"
"ဒါ ပုံမှန်ပါပဲ... ငါသိသလောက်ဆို ချန်ယောက်ချွမ်က အထက်တန်းလွှာ မျိုးဆက် မဟုတ်ဘူး... လယ်သမားတစ်ယောက်ရဲ့ သား... ပုံမှန်ဆိုရင် ဒီလိုလူမျိုးက တစ်သက်လုံး ခေါင်းမော့နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ သူသာ ကျင့်ကြံသူရဲ့ အမွေအနှစ်၊ သိုင်းကျမ်းတချို့နဲ့ ကျင့်ကြံသူတွေရဲ့ ဆေးဝါးတွေကို ရရှိခဲ့မယ်ဆိုရင် သိုင်းပညာ တိုးတက်မှုနှုန်း မြန်ဆန်လာဖို့ဆိုတာက မျှော်လင့်လို့ ရပါတယ်"
"ဒီနှစ်တွေအတွင်း ဝေနိုင်ငံမှာ အဲ့ဒီလို ကံကောင်းခြင်းမျိုး ရရှိတဲ့ ဖြစ်ရပ်တွေ ရံဖန်ရံခါ ဖြစ်ပျက်လေ့ ရှိတယ်"
လုမိသားစု အကြီးအကဲများ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်။
သိသာထင်ရှားသည်မှာ နှစ်ထောင်ချီ သက်တမ်းရှိသော အထက်တန်းလွှာ မိသားစု တစ်ခုအနေဖြင့် သူတို့သည် ကျင့်ကြံသူများ ရှိနေကြောင်းကို သိရှိထားပြီး ဖြစ်သည်။
ကျင့်ကြံသူများနှင့်ပင် ဆက်ဆံဖူးကြသည်။
"ဒါဆိုရင် ချန်ယောက်ချွမ်က ယွင်ဇီမြို့ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ငါတို့ လုမိသားစုနဲ့ ပြဿနာဖြစ်တာတွေက... ကျင့်ကြံသူ အမွေအနှစ်နဲ့များ သက်ဆိုင်နေမလား"
လုမိသားစု အကြီးအကဲ တစ်ဦး၏ မျက်လုံးများ အရောင်လက်သွား၏။ သူ တစ်စုံတစ်ခုကို စဉ်းစားမိသွားပုံ ရသည်။
"အတိအကျပဲ"
"ငါထင်တာ မမှားဘူးဆိုရင် အဲ့ဒီကောင်က ငါတို့ရဲ့ မသေမျိုး လက်မှတ်ကို လိုချင်နေတဲ့ပုံပဲ"
ခေါင်းဆောင် လုခိုင်က ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ဘာ…
ဒီကောင်က ဝံပုလွေလိုမျိုး တကယ် လောဘကြီးတဲ့ကောင်ပဲ။
ထိုစကားကို ကြားရသော် လုမိသားစု အကြီးအကဲများ၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွား၏။ သူတို့၏ မျက်လုံးများထဲတွင် ဒေါသမီးလျှံများ ပေါက်ကွဲမတတ် တောက်လောင်လာကြသည်။
"ချန်ယောက်ချွမ်... တော်တော် သတ္တိရှိတဲ့ကောင်ပဲ... ငါတို့ လုမိသားစုကို ပစ်မှတ်ထားရဲတယ်ပေါ့"
"မသေမျိုး လက်မှတ်က ငါတို့ လုမိသားစုရဲ့ အုတ်မြစ်ပဲ"
"ဟုတ်တယ်... မသေမျိုး လက်မှတ်သာ ဆုံးရှုံးသွားရင် ငါတို့ လုမိသားစု လုံးဝ သွားပြီ"
"အဲ့ဒီ လူရမ်းကားက ငါတို့ လုမိသားစုကို ကြံစည်ရဲတယ် ဆိုတော့ ဒီကောင် အိပ်မက်မက်နေတာပဲ"
အကြီးအကဲများ အလွန် ဒေါသထွက်နေကြ၏။ သူတို့သည် မျက်ခုံးနီ ပုန်ကန်သူတပ်ခေါင်းဆောင် ချန်ယောက်ချွမ်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်ချင်နေကြသည်။
"မသေမျိုး လက်မှတ်ရဲ့လုပ်ဆောင်ချက်က တကယ်တော့ ရိုးရှင်းပါတယ်"
"ယွင်မုန်ကန်ရဲ့ နက်ရှိုင်းတဲ့နေရာမှာရှိတဲ့ မသေမျိုး ဂူနန်းတော်ကို ဖွင့်တဲ့နေရာမှာ ကူညီပေးတယ်"
"မသေမျိုး ဂူနန်းတော်က အနှစ် ၅၀ မှာ တစ်ကြိမ် ပွင့်တယ်"
"ပြီးတော့ ငါတို့က ဂူနန်းတော်ထဲ ဝင်ရောက်ပြီး မသေမျိုးရဲ့ အမွေအနှစ်ကို ရယူနိုင်မယ့် အခွင့်အရေး ရှိတယ်"
"ငါတို့ ဘိုးဘေးတွေက ကံကောင်းလို့ တစ်ကြိမ် ဝင်ခွင့်ရခဲ့ပြီး ငါတို့ လုမိသားစုအတွက် နှစ်ပေါင်းရာချီ တည်တံ့မယ့် အုတ်မြစ်ကို ချပေးနိုင်ခဲ့တာ"
"ကံဆိုးတာက ဒီနှစ်တွေအတွင်း မသေမျိုး ဂူနန်းတော်ရဲ့ စမ်းသပ်မှုတွေကို အောင်မြင်တဲ့သူတွေက နည်းပါးလာတယ်"
"ရရှိတဲ့ ဆုလာဘ်တွေကလည်း နည်းပါးလာပြီး ငါတို့ လုမိသားစုရဲ့ အရည်အချင်းရှိသူတွေ ရှားပါးလာစေခဲ့တယ်"
"ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ ဒါက အနာဂတ်မှာ ငါတို့ လုမိသားစုကို မသေမျိုး ဖြစ်လာစေနိုင်မယ့် အခွင့်အရေး ဖြစ်နေဆဲပါပဲ... ပြင်ပလူတွေကို အပါမခံနိုင်ပါဘူး"
လုခိုင် အံကြိတ်လျက် ပြောလိုက်သည်။
ယွင်မုန်ကန်၏ နက်ရှိုင်းသော နေရာတွင် မသေမျိုး ကျင့်ကြံသူများ ရှိနေသည်ဟူသော ကောလာဟလ တစ်ခု အမြဲတမ်း ရှိခဲ့သည်။
ယွင်ဇီမြို့ရှိ မိသားစုကြီး (၃) ခုမှ လူများသာလျှင် ထိုကောလာဟလ မှန်ကန်ကြောင်း သိရှိကြသည်။
မသေမျိုး ဂူနန်းတော် တစ်ခု အမှန်တကယ် ရှိနေသည်။
လွန်ခဲ့သော နှစ်ပေါင်းရာချီက လက်မှတ်အချို့သည် မသေမျိုး ဂူနန်းတော်ထဲမှ ထွက်ပေါ်လာပြီး လူ့ပြည်လောကသို့ ရောက်ရှိလာခဲ့သည်။
လုမိသားစု၏ ဘိုးဘေးများသည် ကံကောင်းသူများထဲတွင် ပါဝင်ခဲ့ပြီး မသေမျိုး လက်မှတ် တစ်ခုကို ရရှိခဲ့ကာ ဂူနန်းတော်အတွင်းသို့ ဝင်ရောက်ခွင့် ရရှိခဲ့ကြသည်။
သေချာသည်မှာ ဂူနန်းတော်အတွင်းသို့ ဝင်ရောက်နိုင်ရုံဖြင့် အကျိုးကျေးဇူးများ ရရှိမည်ဟု အာမမခံနိုင်ပေ။
စမ်းသပ်မှုများကို အောင်မြင်ရန် လိုအပ်သည်။
စမ်းသပ်မှုကို အောင်မြင်မှသာ မသေမျိုး၏ ဆုလာဘ်ကို ရရှိနိုင်ပြီး သက်ဆိုင်ရာ အကျိုးကျေးဇူးများကို ရယူနိုင်မည် ဖြစ်သည်။
ထိုခေတ်ကာလက လုမိသားစု၏ ဘိုးဘေးများသည် ထိုသို့လုပ်ဆောင်နိုင်ခဲ့ပြီး လုမိသားစု ကြီးပွားတိုးတက်လာမည့် အုတ်မြစ်ကို ချပေးနိုင်ခဲ့သည်။
အမှန်စင်စစ် ယွင်ဇီမြို့ရှိ မိသားစုကြီး (၃) ခုစလုံးသည် ဤအရာမှ မြစ်ဖျားခံလာကြခြင်း ဖြစ်သည်။
အနှစ် (၅၀) ပြည့်တိုင်း မသေမျိုး ဂူနန်းတော် ပွင့်လာလေ့ရှိပြီး အထက်တန်းလွှာ မျိုးဆက် အများအပြားသည် စမ်းသပ်မှုတွင် ပါဝင်ရန် လူလွှတ်လေ့ ရှိကြသည်။ သို့သော်လည်း... ကံဆိုးစွာဖြင့် အောင်မြင်သူ အလွန် နည်းပါးလှသည်။