မရီးသုံးယောက်စလုံးတွင် တူညီသော မူမမှန်မှုများရှိသည်။
Vol. 13 Ch. 154
အကြီးဆုံးမရီးသည် ဟဲကျစ်ယန်၏ အတွေးများနေသည့် အသွင်အပြင်ကို မြင်တော့ “နဝမခယ်မလေး၊ ဆဋ္ဌမခယ်မလေးက အအေးမိသွားတာ ဖြစ်မယ်။ မော့မိသားစုထဲ လက်ထပ်ဝင်ရောက်လာပြီးနောက်ပိုင်း ငါ အအေးမိတဲ့အခါတိုင်း အရင်ကထက် ပိုပြင်းထန်တယ်၊ ဆဋ္ဌမခယ်မလေးလို မေ့လဲတာမျိုး ငါလည်း ကြုံဖူးတယ်” ဟု ပြောလာခဲ့သည်။
ဒုတိယမရီးသည်လည်း ဝင်ပြောလာခဲ့သည်၊ “အကြီးဆုံးမရီးပြောတာ မှန်ပုံပဲ။ မော့မိသားစုထဲ လက်ထပ်ဝင်ရောက်လာပြီးနောက်ပိုင်း ကျွန်မလည်း အအေးမိဖူးတယ်။ ကျွန်မက မေ့မလဲဖူးပေမယ့် အရင်က အအေးမိတာထက် ပိုပြင်းထန်တယ်။”
သူတို့ရဲ့ စကားကြောင့် ဟဲကျစ်ယန်အား ပြဿနာတစ်ခုကို ဦးစွာ နားလည်သွားစေခဲ့သည်။
ဆိုလိုတာက မော့မိသားစုထဲ လက်ထပ်ဝင်ရောက်ပြီးနောက်ပိုင်း အအေးဓာတ်က အရင်ကထက် ပိုပြင်းထန်လာတယ်လို့ မရီးနှစ်ယောက်က ပြောချင်တာပင်။
ဒါက နန်ဟန် ဝန်ခံခဲ့တဲ့ အကြောင်းအရာတစ်ခုကို ဟဲကျစ်ယန်အား အမှတ်ရသွားစေခဲ့သည်။
မိဖုရားကြီးသည် မော့မိသားစု၏ အစေခံများကို လာဘ်ထိုးကာ အထိန်းတော်လျို့အား မိသားစုထဲသို့ ဝင်လာသော ချွေးမအသစ်များအား တိုက်ကျွေးသည့် လက်ဖက်ရည်ထဲ တစ်ခုခုထည့်ပြီး ကိုယ်ဝန်မဆောင်နိုင်အောင် ပြုလုပ်ခဲ့သည်။
တစ်နည်းဆိုရသော် လက်ဖက်ရည်ထဲသို့ သန္ဓာတားဆေး ထည့်သွင်းစေခဲ့ခြင်းဖြစ်သည်။
ဟဲကျစ်ယန်သည် ထိုအတွေးကြောင့် မျက်မှောင်ကြုတ်သွားသည်။
ငါ့မရီးရဲ့ ပုံမှန်မဟုတ်တဲ့ ပြင်းထန်အဖျားရောဂါဟာ သူ သောက်သုံးမိတဲ့ သန္ဓေတားဆေးနဲ့များ ပတ်သက်နေမလား။
ဤသည်မှာ သူမ၏ ကနဦးသံသယမျှသာဖြစ်ပြီး နောက်ထပ် အတည်ပြုလိုပါက၊ သူမသည် ပိုမိုတိကျသောရောဂါရှာဖွေနိုင်စေဖို့ သွေးစစ်ဖို့ လိုအပ်မည်ဖြစ်သည်။
အခုအချိန်မှာ ဆဋ္ဌမမရီး၏ တဲအပြင်မှာ စုဝေးနေတဲ့သူတွေ အများကြီးရှိနေတာကြောင့် သူ့သွေးကို ချက်ချင်း ထုတ်ယူဖို့ အဆင်မပြေဘူး။
ဒါကြောင့် ဟဲကျစ်ယန်သည် တခြားမရီးတွေရဲ့ အခြေအနေကို အရင်စစ်ဆေးဖို့ ဒီအခွင့်အရေးကိုယူဖို့ စိတ်ကူးထားသည်။
ထို့ကြောင့် သူမသည် အကြီးဆုံးမရီး၏ လက်ကောက်ဝတ်ကို အရင်ဆွဲယူပြီး သူမ၏ သွေးခုန်နှုန်းကို စမ်းသပ်လိုက်သည်။
အကြီးဆုံးမရီးသည် အအေးမိဝေဒနာ ကူးစက်ထားခြင်း မရှိသော်လည်း သူမ၏ သွေးခုန်နှုန်း အနည်းငယ် မူမမှန်ခြင်းကြောင့် သူမ၏ သွေးခုန်နှုန်းသည် ဆဋ္ဌမမရီးနှင့်ဆင်တူကြောင်း ဟဲကျစ်ယန်အား အတည်ပြုနိုင်စေခဲ့သည်။
ဒုတိယမရီးသည် ဟဲကျစ်ယန်က အကြီးဆုံးမရီး၏ သွေးခုန်နှုန်းကို ဘာကြောင့် စမ်းသပ်နေမှန်းကို မသိဘဲ ဟဲကျစ်ယန်က တစ်စုံတစ်ခု နှိုင်းယှဉ်ကြည့်နေတာဖြစ်နိုင်တယ်လို့ သူမ ထင်တာကြောင့် သူမ၏ လက်ကို ကမ်းပေးဖို့ စတင်လုပ်ဆောင်ခဲ့သည်။
ဟုတ်ပါတယ်၊ မရီးသုံးယောက်စလုံးရဲ့ သွေးခုန်နှုန်း မူမမှန်တာက အတူတူပါပဲ။
သူ့မရီးတွေကို တားမြစ်ဆေးပေးထားမှန်း နန်ဟန်ထံမှာ မကြားခဲ့မိပါက၊ ဤအနည်းငယ်မျှသော မူမမှန်မှုကို သူမ သတိပြုမိလိမ့်မည် မဟုတ်ပေ။
မော့မိသားစုတွင် မည်သူမျှ ကလေးမမွေးဖွားနိုင်သည့် အကြောင်းရင်းကို ဤနေရာတွင် ရှာဖွေတွေ့ရှိခဲ့သည်ကိုလည်း ရှင်းပြပေးနိုင်ပေလိမ့်မည်။
ဤကိစ္စသည် အသေးအဖွဲမဟုတ်သောကြောင့် ဟဲကျစ်ယန်သည် ၎င်းကို လုံးဝ အတည်မပြုနိုင်ခင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောဖို့ အစီအစဉ် မရှိပေ။
ဒုတိယမရီးသည် သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် ဟဲကျစ်ယန်က စကားစမလာသည်ကိုမြင်တော့ မေးလာခဲ့သည်။
“နဝမခယ်မလေး၊ ငါတို့ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေတာလား။”
“ဒုတိယမရီး စိတ်မပူပါနဲ့။ အစ်မနဲ့ အကြီးဆုံးမရီးတို့နှစ်ယောက်စလုံးရဲ့ ကျန်းမာရေးက ကောင်းပါတယ်။ အစ်မတို့ သွေးခုန်နှုန်းတွေကို စမ်းသပ်ပြီး ဆဋ္ဌမမရီးနဲ့ နှိုင်းယှဉ်ကြည့်တာပါ။”
ဒါကိုကြားတော့ ဒုတိယမရီး စိတ်သက်သာရာ ရသွားခဲ့သည်။
“အိုး… အဲ့လိုလား၊ ငါက ငါတို့ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေတာလားလို့ အတွေးများမိသွားတယ်။”
ဆဋ္ဌမမရီး၏ အအေးမိဝေဒနာသည် ဟဲကျစ်ယန်အတွက် ကိုင်တွယ်ရန် မခက်ခဲပေ။ သူမ၏ နေရာလွတ်မှ ဆေးအချို့ကို သောက်သုံးခြင်းဖြင့် သက်သာရာရနိုင်သည်။
ယခုအရေးကြီးဆုံးမှာ ဆဋ္ဌမမရီး၏ သွေးကို အရင်ဆုံး စမ်းသပ်ရန် ဖြစ်သည်။
“အကြီးဆုံးမရီးနဲ့ ဒုတိယမရီး၊ ညီမ ဆဋ္ဌမမရီးကို အပ်စိုက်ကုသပေးချင်တယ်။ ဆဋ္ဌမမရီးက အအေးမိနေတာကြောင့် လေတိုက်ခံလို့မရဘူး။ အစ်မတို့ အပြင်မှာ စောင့်ပေးကြပါဦး။ အပ်စိုက်ကုသနေချိန်အတွင်း အထဲကို ဘယ်သူ့မှ ဝင်မလာပါစေနဲ့။”
မရီးနှစ်ယောက်စလုံးသည် ဟဲကျစ်ယန်၏ စကားကို လုံးဝ သံသယမရှိသဖြင့် သဘောတူကာ တဲထဲမှ ထွက်သွားကြသည်။
ဟဲကျစ်ယန်သည် ငွေအပ်များကို အမြန်ထုတ်ယူလိုက်သည်။
အမှန်မှာ၊ ဆဋ္ဌမမရီး၏ အအေးမိခြင်းသည် အပ်စိုက်ကုသရန် မလိုအပ်ပေ။ ဆဋ္ဌမမရီး၏ သွေးအချို့ကို စမ်းသပ်ဖို့ ရယူရန်အတွက် အပ်စိုက်ကုထုံးကို ကာဗာအနေဖြင့် အသုံးပြုခဲ့တာဖြစ်သည်။
“ဆဋ္ဌမမရီး၊ အစ်မကို အပ်စိုက်ကုသပေးပါရစေ။ နည်းနည်းနာရင် သည်းခံပေးပါနော်။”
ဆဋ္ဌမမရီးက အသာလေး ခေါင်းညိတ်ပြသည်၊ “နဝမခယ်မလေးကို ပင်ပန်းစေမိပြီ။ ဆဋ္ဌမမရီးက နာတာကို မကြောက်ပါဘူး။”
ဟဲကျစ်ယန်သည် အပ်စိုက်အမှတ်အချို့ကို အပ်စိုက်လိုက်သည်။ သူမသည် ဆဋ္ဌမမရီး အနည်းငယ် ငိုက်မျဉ်းလာသည်ကို မြင်သောအခါ သူမ၏ နေရာလွတ်ထဲမှ ဆေးထိုးအပ်ကို ထုတ်ယူပြီး သွေးကြောထဲ အပ်စိုက်ကာ သွေးထုတ်ယူလိုက်သည်။
ဒါကို ဖြေရှင်းပြီးနောက် ဟဲကျစ်ယန်သည် ငွေအပ်တစ်ချောင်းကို ထုတ်ယူလိုက်ချိန်တွင် ဆဋ္ဌမမရီး ဖြည်းညှင်းစွာ ပြန်နိုးလာခဲ့သည်။
ဟဲကျစ်ယန်က မတ်တပ်ထရပ်လိုက်သည်၊ “ဆဋ္ဌမမရီး၊ အစ်မရဲ့ ခန္ဓာကိုယ်က အားနည်းနေတယ်။ တဲထဲမှာ အရင်အနားယူလိုက်ဦး၊ ညီမ ဆေးသွားပြင်လိုက်ဦးမယ်။”
ဟဲကျစ်ယန် ထွက်လာတာကိုမြင်တော့ မော့မိသားစုဝင် အမျိုးသမီးတွေအားလုံး ဆဋ္ဌမမရီးရဲ့ အခြေအနေအကြောင်းမေးဖို့ စုရုံးလာကြသည်။
ဟဲကျစ်ယန်သည် ဆဋ္ဌမမရီးက အိပ်ရာဝင်နောက်ကျတဲ့အထိ အရုပ်တွေ လုပ်နေတာကြောင့် အအေးမိသွားတာဖြစ်နိုင်တယ်ဟု လူတိုင်းကို ပြောပြခဲ့သည်။
ဒါကို လူတိုင်းက မကန့်ကွက်ကြဘူး။ မနေ့ညက အပြင်မှာ မီးပုံဘေး အရုပ်တွေလုပ်နေချိန်တွင် တကယ်တော့ ရာသီဥတုက အနည်းငယ် အေးသည်။
ဆဋ္ဌမမရီး၏ ခန္ဓာကိုယ်က နည်းနည်းအားနည်းတာမို့ အအေးမိသွားတာ နားလည်နိုင်သည်။
ဆဋ္ဌမမရီး ရုတ်တရက် မူးလဲခြင်းမှာ ပြင်းထန်သော ရောဂါကြောင့် မဟုတ်မှန်း သိလိုက်ရသဖြင့် လူတိုင်း အနည်းငယ် စိတ်သက်သာရာရသွားသည်။
ဟဲကျစ်ယန်သ်ည ဆဋ္ဌမမရီး၏ အခြေအနေကို ရှင်းရှင်းလင်းလင်း ရှင်းပြပြီးနောက် ဆေးပြင်ဆင်ရန် သူမ၏ တဲထဲသို့ ဝင်သွားခဲ့သည်။
လမ်းမှာ စုဆောင်းထားတဲ့ သစ်ဥသစ်ဖုများကို အအေးမိဝေဒနာအတွက် ဆေးဝါးအဖြစ် ဖော်စပ်နိုင်သော်လည်း ထိုဆေးများ၏ ထိရောက်မှုမှာ အနောက်တိုင်းဆေးများနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် နှေးကွေးပါသည်။
အခု လောလောဆယ်မှာ ဆဋ္ဌမမရီးက အဖျားကြီးနေတာကြောင့် အရင်ဆုံး လုပ်ရမှာက အဖျားကို အရင်လျှော့ချဖို့ပါပဲ။
ထို့ကြောင့် သူမသည် အကိုက်အခဲပျောက်ဆေးများ၊ ရောင်ရမ်းမှုပျောက်ဆေးများနှင့် အအေးမိပျောက်ဆေးများကို သူမ၏ နေရာလွတ်ထဲမှ ထုတ်ယူခဲ့သည်။
ဆေးဝါးအားလုံးကို ဆီစိမ်စက္ကူများဖြင့် ထုပ်ပိုးပြီးနောက် ဆဋ္ဌမမရီး၏ တဲသို့ ပြန်သွားခဲ့သည်။
အကြီးဆုံးမရီးက ရေခွက်ကို ယူလာပေးသည်။ ဟဲကျစ်ယန်က ဆဋ္ဌမမရီးကို ထူမပေးပြီး ဆေးသောက်ခိုင်းသည်။
“ဆဋ္ဌမမရီး ဒီဆေးတွေကို ဆရာက ညီမကို ပေးခဲ့တာ။ သူတို့က အအေးမိဝေဒနာကို ကုသရာမှာ အရမ်းထိရောက်တယ်။ အစ်မ ဒီဆေးတွေကို အရင်သောက်နှင့်လိုက်ဦး။”
ဟဲကျစ်ယန်သည် ဆဋ္ဌမမရီးကို အဖျားကျဆေးကို အရင်တိုက်ခဲ့ပြီး ကျန်နှစ်မျိုးကတော့ အချိန်နှင့် တပြေးညီ သောက်ဖို့ လိုအပ်သည်။
ဆဋ္ဌမမရီးသည် ဤထူးဆန်းသော ဆေးပြားများကို ကျွမ်းကျင်သူများက ပြုလုပ်ထားသဖြင့် အလွန်အဖိုးတန်သည်ကို ကြားသိရသဖြင့် ချက်ချင်းပင် ချီတုံချတုံ ဖြစ်သွားသည်။
“နဝမခယ်မလေး၊ ဒါက အရမ်းအဖိုးတန်လွန်းတယ်။”
ဟဲကျစ်ယန်သည် ပြုံးရယ်ကာ ဖျောင်းဖျပေးသည်၊ “ဆဋ္ဌမမရီး စိတ်မပူပါနဲ့။ ဒီဆေးပြားလုပ်နည်းကို ညီမ လေ့လာထားပြီးသားပါ။ ညီမဆီမှာ ဆေးဖက်ဝင်ပါဝင်ပစ္စည်းတွေ ရှိနေသရွေ့ ဒီဆေးပြားကို ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် အစ်မ ဝန်ထုပ်ဝန်ပိုးဖြစ်စရာ မလိုဘူး။”
သူမ ဒီလိုပြောနေတာကိုမြင်တော့ ဆဋ္ဌမမရီးရဲ့ နှလုံးသားမှာ ဝန်ထုပ်ဝန်ပိုးက သိပ်မကြီးတော့ဘူး။
ဟဲကျစ်ယန်ပြောသည့်နည်းလမ်းအတိုင်း ဆေးပြားကို ပါးစပ်ထဲသို့ထည့်ကာ ရေတစ်ကျိုက်နှင့် မျှောချလိုက်သည်။
မော့ဟန်ယွဲ့သည် ဟဲကျစ်ယန်၏ လက်ထဲမှ ဆေးပြားများကို စိတ်ဝင်တစား စိုက်ကြည့်နေသည်။
ဟဲကျစ်ယန် တဲထဲကနေ ထွက်လာတော့ မော့ဟန်ယွဲ့က သူမအနား ပြေးကပ်လာခဲ့သည်။
“နဝမယောင်းမ၊ မကြာသေးမီက ညီမ အစ်မဆီကနေ ဆေးဖက်ဝင်အပင်တွေအကြောင်း သင်ယူလေ့လာပြီး စုဆောင်းခဲ့တယ်။ အခုဆို အမျိုးအစား တော်တော်များများကို မှတ်မိနေပြီလို့ဆိုရမယ်။ ဒီဆေးပြားတွေကို ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးလို့ရမလားဟင်၊ ဒါသာ အောင်မြင်သွားမယ်ဆိုရင် မိသားစုကို တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရအောင် ကူရှာပေးနိုင်လိမ့်မယ်။”
ဤမိန်းကလေးသည် ဆေးပညာကို အလွန်စိတ်ဝင်စားကြောင်း ဟဲကျစ်ယန် သတိပြုမိသည်။
သို့သော် ဆေးပညာကို သင်ယူခြင်းသည် နေ့ချင်းညချင်း သင်ယူတတ်မြောက်နိုင်သောအရာ မဟုတ်ပေ။
ထို့အပြင် သူမ၏ ယခင်ဘဝတွင် အနောက်တိုင်းဆေးပညာ ခွဲစိတ်ကုသမှုကို အထူးပြုလေ့လာခဲ့တာဖြစ်ပြီး တရုတ်ဆေးပညာတွင် အကျွမ်းကျင်ဆုံး မဟုတ်ပေ။
သူမသည် တပ်မတော်ဆေးရုံသို့ ရောက်ရှိပြီးနောက် ဒါရိုက်တာဟောင်းထံမှ အခြေခံများကို လေ့လာယူပြီးနောက် သွေးခုန်နှုန်းစစ်ဆေးခြင်းနှင့် အပ်စိုက်ကုထုံးဖြင့် လူများကို ကူညီနိုင်ခဲ့တာဖြစ်ပေသည်။
သူမသည် တရုတ်ဆေးပညာကို မကျွမ်းကျင်သော်လည်း ဆေးဝါးဗေဒနှင့် အလွန်ရင်းနှီးသည်။ တရုတ်မူပိုင်ခွင့်ဆေးဝါးများအတွက် ဆေးညွှန်းများစွာလည်း သူမဆီမှာ ရှိသည်။
မော့ဟန်ယွဲ့ကို တရုတ်ဆေးပညာသီအိုရီကို ဖြည်းညှင်းစွာသင်ပေးမည့်အစား သူမအား တရုတ်မူပိုင်ခွင့်ဆေးဝါးပြုလုပ်နည်းကို သင်ကြားပေးခြင်းက ပိုကောင်းပေမည်။
ဒီခေတ်မှာ ထိရောက်တဲ့ တရုတ်မူပိုင်ခွင့်ဆေးဝါးများကို ထုတ်လုပ်နိုင်မယ်ဆိုရင် သေချာပေါက် ရေပန်းစားတဲ့ လုပ်ငန်းတစ်ခု ဖြစ်နိုင်လောက်သည်။
ဒါကိုတွေးပြီး ဟဲကျစ်ယန်က မော့ဟန်ယွဲ့၏ ခေါင်းကို ပုတ်လိုက်သည်၊ “ဟန်ယွဲ့က ဆေးပညာကို ဝါသနာပါတယ်ဆိုရင် ဆေးဝါးဗေဒနဲ့ စလိုက်ရအောင်။ နင့်အတွက် တရုတ်ဆေးဖက်ဝင်အပင်များအကြောင်း စာအုပ် တစ်အုပ်ကို အစ်မ နောက်ပိုင်းကျရင် ရှာပေးမယ်။ တရုတ်ဆေးဖက်ဝင်အပင်တွေရဲ့ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိအကြောင်း နင် သိထားသင့်တယ်။”
မော့ဟန်ယွဲ့က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်သည်၊ “ကောင်းပါပြီ၊ ဟန်ယွဲ့ စေ့စေ့စပ်စပ် လေ့လာပါ့မယ်။”
ဟဲကျစ်ယန်သည် အရုပ်များချုပ်လုပ်ခြင်းအတွက် လုပ်ခလစာအားလုံးကို ပေးဆောင်ဖို့ စိတ်အားထက်သန်နေပြီး ဆဋ္ဌမမရီး၏ သွေးနမူနာကို စမ်းသပ်ရန်အတွက်လည်း စိတ်လောနေမိသည်။ မော့ဟန်ယွဲ့အား စကားအနည်းငယ်ပြောပြီးနောက် သူမသည် အမျိုးသမီးများအား ကွင်းပြင်တွင် စုစည်းစေခဲ့သည်။
ဟဲကျစ်ယန်သည် သူတို့ကို လုပ်ခလစာပေးဖို့ ဆင့်ခေါ်ခဲ့တာ ဖြစ်နိုင်တယ်ဆိုတာကို အမျိုးသမီးတွေအားလုံး သတိထားမိကြသည်။ သူတို့မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများကို ဖုံးကွယ်ထား၍ မရခဲ့ပေ။
***