တန့်ပိ
Vol. 13 Ch. 155
ယင်းမတိုင်မီက၊ မော့ကျိုးယွီသည် ငွေ ( ၆၁ ) လျန်းကို နှစ်ပိုင်း ကူခွဲထားပေးပြီးပြီဖြစ်သည်။
ဟဲကျစ်ယန်က လူတိုင်းကို ပိုက်ဆံတွေခွဲပေးချင်နေတာတွေ့တော့ ခွဲထားတဲ့ ငွေတစ်ဝက်ကျော်ကို အမြန်ယူလာပေးသည်။
အရုပ်တွေ မချုပ်လုပ်ခင် ဟဲကျစ်ယန်သည် လုပ်ခလစာခွဲဝေမှုအသေးစိတ်အကြောင်း ပြောထားပြီးပြီ ဖြစ်သောကြောင့် သူမသည် ဖန့်မိသားစုနှင့် ရှဲ့မိသားစု တစ်ခုစီအား ငွေ ( ၁၀ ) လျန်းစီ ပေးဝေခဲ့ပြီး ကျန်ရှိသော ငွေများကို အကြီးဆုံးမရီးအား ခွဲဝေပေးခဲ့သည်။
လူတိုင်း ငွေလက်ခံရရှိချိန်တွင် ဟဲကျစ်ယန်အား အလွန်ကျေးဇူးတင်ကြသည်။
အထူးသဖြင့် ဖန့်မိသားစုနှင့် ရှဲ့မိသားစုအတွက်မူ ဟဲကျစ်ယန်ဆီမှ ရရှိသောငွေသည် သူတို့အတွက် အချိန်မှီအခါမှီ ရွာသွန်းချသော မိုးရေစက်များကဲ့သို့ပင်။
သူတို့မှာ ဒီငွေမရှိရင် ဟယ်မိသားစုလို တစ်နေ့လုံး အနက်ရောင်ဘန်းမုန့်ကြမ်းတွေ ကိုက်ဝါးနေရမှာကို စိုးမိသည်။
ဟယ်မိသားစုအတွက် ဤအရာအားလုံးကို အဝေးမှ လှမ်းကြည့်နေကြပြီး သူတို့၏ မျက်လုံးများက မီးတောက်တွေ လျှံထွက်ကြတော့မလိုပင်။
ဒါပေမယ့် တခြားသူတွေက သူတို့ရဲ့ မျက်နှာထားကို လုံးဝ အရေးမစိုက်တာကြောင့် သူတို့ ဘာမှ မလုပ်နိုင်ခဲ့ဘူး…။
ဟဲကျစ်ယန်သည် ပိုက်ဆံကို ဝေငှပြီး အားလုံးကို စကားအနည်းငယ်ပြောပြီးနောက် တဲဆီသို့ ပြန်သွားခဲ့သည်။
သူမသည် မော့ကျိုးယွီအား ဆွဲကာ နေရာလွတ်ထဲသို့ သူမနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။
အစောပိုင်းက ဆဋ္ဌမမရီးကို ကုသပေးနေစဉ် မော့ကျိုးယွီသည် ထိုနေရာတွင် အမျိုးသမီးတွေအကုန် ရှိနေသောကြောင့် သူ မလိုက်လာခဲ့ပေ။ အခု ဟဲကျစ်ယန်က သူ့ကို စိတ်မရှည်စွာ နေရာလွတ်ထဲသို့ ဆွဲခေါ်လာတာကိုမြင်တော့ ဆဋ္ဌမမရီး၏ ကျန်းမာရေးမှာ ဆိုးရွားသော ပြဿနာတစ်ခု ရှိနေတာ ဖြစ်နိုင်တယ်ဟု တွေးလိုက်မိသည်။
“ဆဋ္ဌမမရီးရဲ့ ရောဂါက ဘယ်လိုလဲ။”
“ဆဋ္ဌမမရီးက အပြင်မှာ အရုပ်တွေ ချုပ်လုပ်ရင်း အိပ်ယာဝင်နောက်ကျတာကြောင့် အအေးမိတာ ဖြစ်နိုင်ပေမယ့် သူမရဲ့ သွေးခုန်နှုန်းက ရိုးရိုးအအေးမိဝေဒနာလောက် မရိုးရှင်းဘူး။
နောက်တော့ အကြီးဆုံးမရီးနဲ့ ဒုတိယမရီးရဲ့ သွေးခုန်နှုန်းကိုလည်း စစ်ဆေးကြည့်ချိန်မှာ သူတို့ရဲ့ သွေးခုန်နှုန်းကလည်း ပုံမှန်မဟုတ်တာ တွေ့လိုက်ရတယ်။ အဲ့တာက မိဖုရားကြီးက အဖွားလျို့ကို လာဘ်ထိုးပြီး တားမြစ်ဆေးတိုက်ကျွေးခိုင်းတာနဲ့ ဆက်စပ်နေမယ်လို့ ကျွန်မ သံသယဖြစ်မိတယ်။”
မော့ကျိုးယွီသည် အနည်းငယ် စိုးရိမ်နေပုံပေါ်သည်။
“မရီးတွေအကုန် အန္တရာယ်မရှိလောက်ဘူးမလား။”
ဤအချက်နှင့် ပတ်သက်၍ လောလောဆယ် ဟဲကျစ်ယန်မှာ တိကျသော စီရင်ဆုံးဖြတ်နိုင်စွမ်း မရှိသေးပေ။
“ကျွန်မ အခုလေးတင် ဆဋ္ဌမမရီးဆီကနေ သွေးနည်းနည်း ထုတ်ယူဖို့ အခွင့်အရေးရခဲ့တယ်။ ဓာတ်ခွဲစမ်းသပ်မှုမပြီးမချင်း ရလဒ်အတိအကျကို ကျွန်မ မသိနိုင်ဘူး။”
မော့ကျိုးယွီသည် ဓာတ်ခွဲစမ်းသပ်မှုအခေါ်အဝေါ်နှင့် သိပ်မရင်းနှီးသေးသော်လည်း ယခုအချိန်တွင် မေးမြန်းဖို့ မရွေးချယ်ခဲ့ပေ။
ဟဲကျစ်ယန်သည် ဆဋ္ဌမမရီး၏ သွေးကို ဓာတ်ခွဲခန်းထဲသို့ ယူဆောင်သွားပြီး စက်ကို ဖွင့်ကာ သူမသည် ၎င်းကို ဂရုတစိုက် စတင်လေ့လာခဲ့သည်။
မိနစ်နှစ်ဆယ်လောက်ကြာတော့ စမ်းသပ်မှုအားလုံးရဲ့ စစ်ဆေးချက်ရလဒ်တွေ ထွက်လာခဲ့သည်။
သွေးစစ်ချက်အရ ဆဋ္ဌမမရီး၏ ကျန်းမာရေးသည် အတော်လေးကို ကျန်းမာနေဆဲဖြစ်သည်။
ပုံမှန်မဟုတ်ဘဲ မြင့်မားနေသည့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ၏ ထောက်လှမ်းမှု အတိုင်းအတာထက် ကျော်လွန်နေသော အညွှန်းကိန်းတစ်ခုသာရှိသည်။
တစ်နည်းဆိုရသော် အဆိုပါ အညွှန်းကိန်း မည်မျှမြင့်မားသည်ကို စက်ပစ္စည်းကိရိယာများက မဆုံးဖြတ်နိုင်ပေ။
အတည်ပြုရန်အတွက် အမျိုးမျိုးသော ခွဲခြမ်းစိတ်ဖြာမှုများ ပေါင်းစပ်ကြည့်ပြီးနောက် ဆဋ္ဌမမရီးသည် အမှန်ပင် အဆိပ်သင့်ခဲ့သည်။
အဆိုပါအဆိပ်သည် လူတစ်ယောက်ကို မသေစေပေ။ လူတစ်ဦး အအေးမိသည်နှင့် ၎င်းသည် သွေးဖြူဥများကို လျင်မြန်စွာ တိုးပွားလာစေဖို့ လှုံ့ဆော်ပေးကာ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှု ပမာဏများစွာကို ဖြစ်ပေါ်စေပြီး အဖျားကြီးခြင်းကို ဖြစ်စေသည်။
ဤအရာကို သွေးကင်ဆာလက္ခဏာများအဖြစ် အလွယ်တကူ မှားယွင်းစေနိုင်သည်။
ဟဲကျစ်ယန်သည် မျက်မှောင်ကြုတ်ပြီး ဘာမှမပြောတာကိုမြင်တော့ မော့ကျိုးယွီက စိုးရိမ်တကြီး မေးမိသည်၊ “ဒါဆို ဘယ်လိုနေလဲ။”
ဟဲကျစ်ယန်က သက်ပြင်းချသည်။
“ဆဋ္ဌမမရီးရဲ့ သွေးစစ်ချက်ရလဒ်အရ မိဖုရားကြီး သူတို့ကို ပေးခဲ့တဲ့ဆေးက သွေးကနေတဆင့် အဆိပ်တွေကို ပျံ့နှံ့စေပြီး ကိုယ်ဝန်မဆောင်နိုင်စေတာလို့ သံသယဖြစ်မိတယ်။ လောလောဆယ် ဒီဆေးရဲ့ အကျိုးသက်ရောက်မှု အတိအကျကို မသိသေးလို့ သေသေချာချာ လေ့လာဖို့ လိုလိမ့်မယ်။”
ဟဲကျစ်ယန်သည် ထိုသို့ပြောပြီးနောက် ကျန်ရှိသောသွေးများကိုထုတ်ယူပြီး အဏုကြည့်မှန်ဘီလူးအောက်တွင် ထားရှခဲ့သည်။
အဏုကြည့်မှန်ပြောင်းကြည့်ခြင်း၏ ရလဒ်သည် ဟဲကျစ်ယန်အား ရုတ်တရက် နားလည်သွားစေသည်။
ဤဆဲလ်ပုံစံများသည် ဆဋ္ဌဂံပုံသဏ္ဍာန်ရှိပြီး ၎င်းတို့ကို ဆေးပညာဂျာနယ်တွင် တွေ့ဖူးသည်။
သွေးထဲတွင် ဆဋ္ဌဂံဆဲလ်များ ပေါ်လာရခြင်း အကြောင်းရင်းမှာ ဆေးဝါးလှုံ့ဆော်မှုကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါဆောင်းပါးကို ထုတ်ဝေခဲ့သူ ပညာရှင်က ဆိုခဲ့သည်။
အမျိုးသမီးတစ်ဦး၏ သွေးထဲတွင် ဤပုံစံဆဲလ်များဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် တစ်သက်လုံး ကလေးမမွေးနိုင်တော့ပေ။
တစ်နည်းဆိုရသော် ဆဋ္ဌမမရီးအား ပေးခဲ့သော ဆေးများသည် ကိုယ်ဝန်မဆောင်နိုင်စေရန် ဤသဘောတရားကို အခြေခံထားသည်။
ကံမကောင်းစွာဖြင့် ဟဲကျစ်ယန်သည် ဤဆေးအတွက် ဖော်စပ်ထားသည့် နိယာမကို မသိခဲ့ပါ။
ဒါပေမယ့် သွေးထဲက အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ဆေးတစ်မျိုးရှိတယ်ဆိုတာ သူမ အတည်ပြုနိုင်ခဲ့သည်။
အဆိုပါဆေးဝါးသည် သူမ အချိန်ခရီးမသွားခင် မကြာခင်က တီထွင်ထုတ်လုပ်ခဲ့ပြီး မော်ဒန်ခေတ် မျက်မှောက်အချိန်တွင် တွင်ကျယ်စွာ အသုံးမပြုသေးပါဘူး။ သူမ၏ နေရာလွတ်တွင် မရနိုင်ရုံသာမက တာ့ပေါင်မောလ်တွင်လည်း ၎င်းကို မဝယ်ယူနိုင်ပါ။
အခုအချိန်မှာတော့ မရီးတွေအတွက် အဆိပ်ကို ဖယ်ရှားဖို့ ကူညီချင်တယ်ဆိုရင်တော့ အဆိပ်သင့်စေတဲ့ အဆိပ်အမျိုးအစားကို အရင်ဆုံး ရှာဖွေရမှာဖြစ်ပြီး ထိုအခါမှသာ အဆိပ်ဖြေဆေးကို ပြင်ဆင်နိုင်မှာပဲ ဖြစ်သည်။
ဟဲကျစ်ယန်သည် မော့ကျိုးယွီအား နောက်ဆုံး စစ်ဆေးခြင်း ရလဒ်ကို ပြောပြခဲ့သည်။
မော့ကျိုးယွီသည် ဒေါသတကြီး လက်သီးများကို တင်းတင်းဆုပ်ထားသည်။
“မိဖုရားကြီးက… သူ့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကြောင့် အပြစ်မဲ့အမျိုးသမီးတွေ အများကြီးကို ထိခိုက်စေခဲ့တယ်။”
ဟဲကျစ်ယန်သည်လည်း ဒေါသထွက်နေပေမယ့် ဒေါသထွက်တာက ဘာမှမဖြေရှင်းနိုင်ဘူးဆိုတာ သူမ ရှင်းရှင်းလင်းလင်း သိသည်။ ဒါကြောင့် သူမက အကြံပေးလိုက်သည်၊ “မိဖုရားကြီးက သူ့ရဲ့ တစ်ဦးတည်းသောသားကို ဆုံးရှုံးလိုက်ရပြီး သူလုပ်ခဲ့သမျှအတွက် အဖိုးအခကို ပေးချေခဲ့ရတယ်။ အနာဂတ်မှာ အခွင့်အရေးရရင် ကျွန်မတို့မရီးတွေအတွက် ကလဲ့စားချေဖို့ သေချာပေါက် ကူညီပေးကြမယ်။ အခုအချိန်မှာ အရေးကြီးဆုံးကတော့ ကျွန်မတို့ အဆိပ်ဖြေဆေးကို အရင်တီထွင်ရမှာပဲ။”
အထူးသဖြင့် တတိယမရီးနှင့် အဋ္ဌမမရီးတို့အတွက်ပင်။ တတိယအစ်ကိုနှင့် အဋ္ဌမအစ်ကိုတို့ကလည်း အသက်ရှင်နေသေးတော့ သူတို့ သေချာပေါက် ကလေးလိုချင်မိလိမ့်မည်။
မော့ကျိုးယွီကလည်း ဒီအမှန်တရားကို သိပြီး အခုမှပဲ သူ ဒေါသအရမ်းထွက်သွားသည်။
“အဆိပ်ဖြေဆေးလုပ်တဲ့အခါကျ ကိုယ့်အကူအညီလိုရင် အချိန်မရွေး ပြောနော်။”
“အင်း၊ ရှင့်ကို လိုအပ်ရင် ကျွန်မ ယဉ်ကျေးနေမှာ မဟုတ်ဘူး။”
ဟဲကျစ်ယန်သည် ထိုသို့ပြောပြီးသည်နှင့် သူမ၏ လက်ကိုင်ဖုန်းကို ယူကာ တာ့ပေါင်မောလ်ကို ဖွင့်လိုက်သည်။ ရှေးခေတ်နှင့် မော်ဒန်ခေတ် အဆိပ်ကျမ်းစာအုပ် တစ်အုပ်ကို နာမည်ရိုက်ရှာပြီး ဝယ်ယူလိုက်သည်။
စာအုပ်ပါ အကြောင်းအရာဇယားကို တစ်ချက်ကြည့်လိုက်တော့ သန္ဓေတားဆေးနှင့် ပတ်သက်သည့် နိဒါန်းတစ်ခု အမှန်တကယ် ရှိနေသည်။
စာအုပ်၏ အကြောင်းအရာသည် ခေတ်မီဆေးပညာသီအိုရီကို အခြေခံထားသည်။ ဤဆေးဝါးများ၏ ဆေးနည်းများကို တိကျစွာ မရေးထားသော်လည်း အဆိပ်ဖြေခြင်းနည်းလမ်းများကို မှတ်တမ်းတင်ထားသည်။
ဟဲကျစ်ယန်သည် သန္ဓေတားဆေးများစွာ၏ အခြေခံမူများနှင့် လက္ခဏာများကို ဂရုတစိုက် စစ်ဆေးခဲ့သည်။
အဆုံးတွင် သူမ၏ မရီးများ သောက်ခဲ့သော ဆေးဝါးသည် အလွန်ရိုးရှင်းပြီး ဝူကျစ်ဆိုသည့် ဆေးဝါး သောက်သုံးမိကြောင်း လုံးဝ သေချာသွားသည်။
ဝူကျစ်ဆေးဝါးကို ပြုလုပ်ရန် ဆေးဖက်ဝင်ပစ္စည်းများသည် နောက်ပိုင်းတွင် မျိုးသုဉ်းသွားခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် တည်းဖြတ်သူသည် အဆိုပါဆေးနည်းအတိုင်း ဤဆေးကို တစ်စုံတစ်ယောက်မှ ပြင်ဆင်မည်ကို မစိုးရိမ်သောကြောင့် စာအုပ်ထဲတွင် ဆေးနည်းကို ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ခဲ့သည်။
ယင်းကြောင့် ဟဲကျစ်ယန်သည် ဤဝူကျစ်ဆေးနည်းအား လေ့လာနိုင်လောက်အောင် ကံကောင်းသွားခဲ့သည်။
သေချာတာပေါ့၊ ယခင်က သူမ ကြားဖူးသော ဆေးဖက်ဝင်ပါဝင်ပစ္စည်း နှစ်မျိုး ရှိသည်။ ဤဆေးဖက်ဝင်ပါဝင်ပစ္စည်းများသည် မော်ဒန်ခေတ်တွင် တစ်ခါမှ မပေါ်ပေါက်ဖူးပေ။
မည်သို့ပင်ဆိုစေကာမူ သူမသည် ဒီလို အန္တရာယ်ရှိတဲ့ အရာတွေကို ပြင်ဆင်ဖို့ စိတ်မဝင်စားဘူး။ အဆိပ်ဖြေဖို့ ပါဝင်ပစ္စည်းတွေ မရှားပါးသရွေ့ ဒီပစ္စည်းတွေ ရှိ မရှိ သူမအတွက် အရေးမကြီးပါ။
အဆိပ်ဖြေဆေးအတွက် ဆေးညွှန်းကို အောက်ခြေမှာ ရေးသားထားသည်။ ဟဲကျစ်ယန် သေသေချာချာ လေ့လာကြည့်လိုက်တော့ ဆေးဖက်ဝင်ပါဝင်ပစ္စည်း ( ၁၆ ) မျိုး ပါဝင်သည်။
( ၁၆ ) မျိုးထဲမှ ( ၁၅ ) မျိုးသည် သာမာန်ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။
သို့သော် တန်းပိဟုခေါ်သော ဆေးဖက်ဝင်ပစ္စည်းသည် အလွန်ရှားပါးသည်။
ဤဆေးဖက်ဝင်ပစ္စည်းသည် တန့်ငှက်၏ ဥအခွံဖြစ်သည်ဟု ယခင် ဆေးရုံဥက္ကဌပြောတာကို ကြားဖူးသည်။
တန့်ငှက်များသည် နှင်းဖုံးနေသော တောင်များတွင် နေထိုင်ပြီး အထူးပတ်ဝန်းကျင်ကြောင့် ဥခွံများသည် ထူထဲပြီး အလွန်ခိုင်ခံ့သည်။
ကံမကောင်းစွာဖြင့် တန့်ငှက်များသည် အလွန်ရှားပါးပြီး ဥဥပြီးသောအခါတွင် ၎င်းတို့ကို နှင်းထု အထူထဲတွင် မြှုပ်နှံထားသောကြောင့် လူအနည်းငယ်ကသာ ဥများကို ရှာဖွေတွေ့ရှိနိုင်သည်။ ယင်းကြောင့် တန့်ပိကဲ့သို့သော ဆေးဖက်ဝင်ပစ္စည်းများသည် တွေ့ရခဲသည်။
ဟဲကျစ်ယန်သည် တာ့ပေါင်မောလ်တွင် တန့်ပိကို ရှာဖွေဖို့ ကြိုးစားခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း ရောင်းချထားသည့် လင့်ခ်ကို ရှာတွေ့ခြင်း မရှိခဲ့ပါ။
ရှေးဟောင်းပစ္စည်းများရောင်းချသောဆိုင်ကို သွားမေးဖို့ အခွင့်အရေးတစ်ခုသာရှိပုံပေါ်သည်။
***