အခန်း (၃၀၁-၃၀၅)
Vol. 13 Ch. 301-305
အပိုင်း ၃၀၁ ထန်းလျိုလျှို့ဝှက်ပညာရပ်
"ပြောတာကောင်းတယ်"
အားပူတန်သည် ရုတ်တရက် လက်ခုပ်တီးလိုက်သည်။
"ဒါပေမယ့် ငါတို့က ဒီကိစ္စအတွက် ဒုက္ခအများကြီးခံစရာမလိုပါဘူး။"
ဝမြးးး
အလင်းရောင် လက်ခနဲဖြစ်သွားခဲ့ခြင်းနှင့်အတူ အေးစက်သည့် လေပြင်းသည် ပတ်ဝန်းကျင်တွင် တိုက်ခတ်သွားခဲ့ပြီး အားပူတန်သည် သူ့နေရာမှနေ၍ မယုံနိုင်စရာကောင်းသည့် အမြန်နှုန်းဖြင့် ပျောက်ကွယ်သွားခဲ့သည်။
ဘုန်းး
ချက်ချင်းဆိုသလိုပင် အားပူတန်သည် ဝမ်ချောင်ရှေ့တွင် ပေါ်လာခဲ့ပြီး ဝမ်ချောင်ကို ဖမ်းဆုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အားပူတန်နောက်မှ ကျယ်လောင်သည့် အာမေဋိတ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ထန်းလျိုလူငယ်အုပ်စုသည် လျင်မြန်စွာ နောက်ဆုတ်လိုက်ကြသည်။ တစ်ခုခုကြောင့် ထိတ်လန့်သွားသကဲ့သို့ပင်။
အားပူတန်မျက်နှာသည် တုန်လှုပ်မှုဖြင့် ပျက်ယွင်းသွားခဲ့သည်။ အားပူတန်လှည့်ကြည်လိုက်သည်တွင် ဝမ်ချောင်သည် သူယခင်ရပ်နေခဲ့သည့်နေရာ၌ မပြောင်းမလဲမတ်တပ်ရပ်နေခဲ့ကာ သူက ဤလှုပ်ရှားမှုကို ပြုလုပ်လိမ့်မည်ကို မျှော်လင့်ထားသကဲ့သို့ တွေ့လိုက်ရသည်။
အေးစက်စိမ်းကားသည့် အမူအရာဖြင့် အားပူတန်ပြောလိုက်သည်။
"ဝမ်ချောင် ကြည့်ရတာ ငါ မင်းကို လျှော့တွက်လိုက်မိပုံပဲ။ မင်းက ငါနဲ့ လက်ရည်တူယှဉ်ပြိုင်ဖို့ အရည်အချင်းပြည့်မီတယ်ဆိုတာ ငါဝန်ခံပါတယ်။ ဟွားကျာ ပတ်ဝန်းကျင်ကို ရှင်းလင်းလိုက်။"
အားပူတန် လက်မြှောက်လိုက်သည်။ ထန်းလျိုလူငယ်အုပ်စုသည် လေးစားစွာဖြင့် ချက်ချင်း နောက်ဆုတ်လိုက်ကြသည်။
"ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီ မင်းတို့လည်း နောက်ဆုတ်သင့်တယ်။"
ဝမ်ချောင် သူ့လက်များကို ဝေ့ယမ်းလိုက်သည်။
ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီနှင့် အခြားသူများသည် မခံမရပ်နိုင်ဖြစ်နေကြသော်လည်း သူတို့သည် ဝမ်ချောင်၏ အမိန့်ကို လိုက်နာနေဆဲဖြစ်ပြီး ချန်ပုရန်ကို ခေါ်ကာ အဝေးသို့ ဆုတ်လိုက်ကြသည်။
"သခင်လေး ဂရုစိုက်ပါ။"
အားပူတန်သည် အားနည်းနေခဲ့ခြင်းမရှိပေ။ သူယခုလေးတင် လှုပ်ရှားလိုက်သည့် အကွက်သည် အလွန်မှ မြန်ဆန်လှသည်။ အကယ်၍ သူ့ပစ်မှတ်သည် ဝမ်ချောင်မဟုတ်ဘဲ သူတို့ထဲမှ တစ်ဦးဖြစ်ခဲ့ပါက ထိုလူသည် ရှုံးနိမ့်သွားခဲ့ပြီးဖြစ်ပေလိမ့်မည်။
နှစ်ဖက်စလုံးကလူများ နောက်ဆုတ်လိုက်ခြင်းနှင့်အတူ အဓိကတောင်ထွတ်ပေါ်တွင် ကျယ်ပြန်သည့် ကွက်လပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။ ဤကွက်လပ်နေရာကြီးတွင် ဝမ်ချောင်နှင့် အားပူတန်တို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီး လေထုသည်လည်း သိပ်သည်းလာခဲ့သည်။
"ငါတို့တော့ ဒုက္ခရောက်ပြီ။"
အဖြစ်အပျက်၏ သဘောသဘာဝကို သဘောပေါက်လိုက်သောကြောင့် ကျွမ်းကျန့်ဖျင်သည် မျက်မှောင်ကြုတ်လိုက်သည်။
"ထန်းလျိုလူမျိုးစုကြားထဲမှာတောင် အားပူတန်က အံ့မခမ်းပါရမီကို ပိုင်ဆိုင်ထားတယ်။ ဒါ့အပြင် ထန်းလျိုလူမျိုးစုတို့ရဲ့ ကျယ်ပြန့်လှတဲ့ တိုက်ပွဲအတွေ့အကြုံကြောင့် သူက သူနဲ့ တူညီတဲ့ကျင့်ကြံခြင်းနယ်ပယ်က လူတွေထက်တောင်မှ ပိုပြီးသန်မာသေးတယ် သခင်လေးက သူ့ထက် နယ်ပယ်တစ်ဆင့် နိမ့်တယ်။"
ဝမ်ချောင်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ မရောက်ရှိသေးသည်ကို ဤနေရာရှိလူတိုင်း သိထားကြသည်။ ထိုသည်မှာ နယ်ပယ်တစ်ဆင့်သာ ခြားနားသော်လည်း မူလစွမ်းအင်နယ်ပယ်နှင့် အစစ်အမှန်သိုင်းပညာနယ်ပယ်ကြား ကွာခြားချက်သည် မိုးနှင့် မြေကဲ့သို့ ခြားနားလှသည်။ အရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင် အားပူတန်၏ ကြယ်တာရာစွမ်းအင်သည် ဝမ်ချောင်ထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။
"ငါလည်း ဒါကို နားလည်တယ်။ ဒါပေမယ့် ငါတို့မှာ ရွေးချယ်စရာမရှိဘူး။ အားပူတန်က သခင်လေးကို မြှားခေါ်ဖို့ ဒီကိစ္စတစ်ခုလုံးကို အစီအစဉ်ဆွဲခဲ့တာပဲ။ သခင်လေးက ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဒီတိုက်ပွဲက မလွဲဧကန်ဖြစ်ရမှာပဲ။ ဒါ့အပြင် ငါတို့က သူ့ကိုဝင်ကူရင် တခြားဟူတွေကလည်း ဝင်ပါလာကြမှာပဲ ဒါက ငါတို့ကို အနိုင်ရရှိစေနိုင်တဲ့ အခွင့်အရေးကိုပဲ လျော့နည်းစေလိမ့်မယ်။"
ချီဝေ့စီသည်လည်း စိုးရိမ်စွာ မျက်မှောင်ကြုတ်လိုက်သည်။
လက်ရှိအခြေအနေရ သူတို့တွင် တခြားရွေးချယ်စရာမရှိပေ။ ထို့ကြောင့် ဝမ်ချောင်သည် တိုက်ပွဲကိုလက်မခံသင့်ဟု လူတိုင်းသိသော်လည်း သူတို့တတ်နိုင်သည့်အရာ ဘာမျှမရှိပေ။
တစ်ဖက်တွင်မူ ထန်းလျိုလူငယ်များကို ဝိုင်းပတ်နေသော လေထုသည် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ရက်စက်ယုတ်မာမှုတို့ ရောင်ပြန်ဟပ်နေသည့် အလင်းတန်းတစ်ခုသည် သူတို့၏မျက်လုံးများတွင် တောက်ပနေခဲ့သည်။
"သခင်လေး သူ့ကို ယဉ်ကျေးနေစရာမလိုဘူး။"
"သူ့ကို ကျွန်တော်တို့က လာရှုပ်လို့ရတဲ့လူတွေမဟုတ်ဘူးဆိုတာ ပြသလိုက်ပါ။"
"စစ်သူကြီးနဲ့ မင်းကို နောင်ဘယ်တော့မှ မလေးမစားမလုပ်ဝံ့အောင် သူ့ကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးလိုက်ပါ။"
လူအုပ်ကြီးသည် လှောင်ပြောင်လိုက်ကြသည်။ ဝမ်ချောင်၏ အားပူတန်ဆီမှ တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သည့် စွမ်းရည်မှာ တုန်လှုပ်စရာဖြစ်သော်လည်း မည်သူကမျှ သူသည် သူတို့သခင်လေး၏ ယှဉ်ပြိုင်ဘက်ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့သေးပေ။
ပြောရလျှင် သူတို့သခင်လေး၏ စွမ်းရည်အလုံးစုံမှာ ဤလက်သီးတစ်ချက်ထက် များစွာပိုပေသည်။ ဤလက်သီးတစ်ချက်သည် သူတို့သခင်လေး၏ ခွန်အားအပြည့်ထက် ဆယ်ပုံတစ်ပုံထက်နည်းသော အမြည်းတစ်မျိုးသာဖြစ်သည်။
"ဟမ်"
သူ့အပေါင်းအဖော်များဆီမှ အသံများကို ကြားလိုက်ရသောအခါ အားပူတန်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကြောက်စရာကောင်းသည့် အကြည့်က သူ့မျက်လုံးထဲပေါ်လာခဲ့သည်။
"ဝမ်ချောင် ငါရဲ့လက်သီးထိုးချက်တွေက မျက်စိမပါဘူး။ တိုက်ခိုက်နေချိန်မှာ ငါ့ကိုယ်ငါ မထိန်းနိုင်ဖြစ်သွားနိုင်တယ်။"
"အဟက် ဒါက ငါပြောချင်နေတဲ့အရာ အတိအကျပါပဲ။"
ဝမ်ချောင်သည် သူ့လက်များနှင့် ခြေများကို ဆန့်လိုက်ပြီး ပြက်ရယ်ပြုလိုက်သည်။ သူသည် အားပူတန်၏ အတွေးကို သေချာသိနေခဲ့သည်။ ၎င်းသည် သူရည်ရွယ်ထားသည့်အရာနှင့် တိုက်ဆိုင်နေသည်။
'ဟမ် မင်းက သေချင်နေတာပဲ'
အားပူတန်သည် ဘာမျှပြန်မပြောခဲ့သော်လည်း သူသည် ဝမ်ချောင်၏ စကားကြောင့် ဒေါသထွက်သွားခဲ့သည်။ သူ့စိတ်၏ အနက်ရှိုင်းဆုံးတွင် သူသည် ဝမ်ချောင်ကို မှတ်လောက်သားလောက်အောင် ပညာပေးရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဝမ်ချောင်ကို အစကတည်းက လွယ်လွယ်နှင့် လွှတ်ပေးရန် မရည်ရွယ်ခဲ့သော်လည်း ဝမ်ချောင်၏ အပြုအမူများက သူ့သန္နိဋ္ဌာန်ကို ပိုမိုခိုင်မာစေခဲ့သည်။ ကျန်းရွှမ်သည် ချီဘုရင်နှင့် သူ့အဆက်အသွယ်များကို အသုံးချကာ အခြားသော နည်းပြဆရာများကို ဖိနှိပ်ခဲ့သည်။ သူသည် သူတို့ကို တစ်ခဏတာအချိန်ဆွဲထားနိုင်သော်လည်း ထိုသည်က သူ့အတွက် ဝမ်ချောင်ကို သင်ခန်းစာပေးရန် လုံလောက်သည်ထက် ပိုပေသည်။
ဘုန်းးး
အားပူတန်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ နင်းလျှောက်လိုက်ကာ ကမ္ဘာမြေကြီးသည် ချက်ချင်း တုန်ခါသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သည့် လေပြင်းသည် တိုက်ခတ်လာခဲ့ပြီး အားပူတန်၏ ဝတ်ရုံသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေခဲ့သည်။ စိမ်းညိုရောင်ချီစက်ကွင်းသည် သူ့ခြေဖဝါးအောက်မှနေ၍ ဖြည်းညင်းစွာ စီးထွက်လာခဲ့သည်။
သာမန်သိုင်းပညာချီစက်ကွင်းများနှင့်မတူဘဲ အားပူတန်၏ ချီစက်ကွင်းပေါ်ထွက်လာခြင်းသည် လေထဲတွင် နီရဲသော အနီရောင်မှိန်မှိန်ကို ပေါ်လာစေခဲ့သည်။ ထို့အပြင် ဤအနီရောင်ဖန့်ဖန့်သည် လျင်မြန်စွာ စုဝေးလာခဲ့ကာ သေးငယ်သော သွေးရောင်လွှမ်းနေသည့် အချွန်အတက်ထောင်ပေါင်းများစွာကို ဖြစ်ပေါ်လာစေသည်။ ဤသေးငယ်သော သွေးရောင်လွှမ်းနေသည့် အချွတ်အတက်ထောင်ပေါင်းများစွာ၏ တုန်ခါမှုသည် ပတ်ဝန်းကျင်ရှိ လေထုကို မရေမတွက်နိုင်သည့် အစိတ်အပိုင်းများအဖြစ် ပိုင်းဖြတ်သွားခဲ့သည်။
ရှဲ ရှဲ ရှဲ...
တမူထူးခြားသည့် ချီစက်ကွင်းနှင့် သွေးရောင်လွှမ်းနေသည့် အချွန်အတက်များ လေထဲတွင် လွင့်မျောနေသည်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ နှလုံးသားများ အေးစက်သွားခဲ့သည်။ သူတို့သည် အားပူတန်နှင့် ရင်ဆိုင်နေရသူ မဟုတ်သော်လည်း အန္တရာယ်ကို အာရုံခံနိုင်သေးသည်။
အကယ်၍ သူတို့သည် ဤသွေးရောင်လွှမ်းနေသည့် အချွန်အတက်များဖြင့် တိုက်ခိုက်ခြင်းခံခဲ့ရပါက ရှင်သန်နိုင်ခဲ့လျှင်ပင် ဒဏ်ရာအပြင်းအထန်ရသွားပေလိမ့်မည်။ ပြောစရာမလိုအောင်ပင် ၎င်းသည် သေချာပေါက် အော့အန်စရာကောင်းသည့် မြင်ကွင်း ဖြစ်သွားပေလိမ့်မည်။ အားပူတန်သည် သူ့သိုင်းချီစက်ကွင်းကို ဆင့်ခေါ်ပြီးနောက် သူဖော်ထုတ်ထားသည့် အရှိန်အဝါသည်လည်း ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ သူသည် စစ်မြေပြင်တွင် ကြီးစိုးနေသော ရက်စက်ကြမ်းကြုတ်သည့် စစ်သည်တော်တစ်ဦးကဲ့သို့ လူတိုင်း ခံစားလိုက်ရပြီး အနည်းငယ် အံ့သြသွားကြသည်။
ဤအချိန်တွင် ဝမ်ချောင်ပင်လျှင် သူ့ကို လေးနက်စွာ ရှုမြင်သွားခဲ့သည်။
'ဒီကောင်က...တကယ့်ကို အားကောင်းတာပဲ'
ဝမ်ချောင် တွေးလိုက်မိသည်။
မြို့တော်ရှိ သခင်လေးများတွင် လူဘယ်လောက်များများက စစ်မြေပြင်သို့ ရောက်ဖူးပြီး ထိုနေရာရှိ သွေးထွက်သံယိုမြင်ကွင်းနှင့် ရက်စက်ကြမ်းကြုတ်မှုတို့ကို မြင်တွေ့ဖူးမည်နည်း။ အများစုမှာ သိုင်းပညာတွင် ကျွမ်းကျင်ကြသော်လည်း သူတို့သည် မိတ်ဖြစ်ဆွေဖြစ် တိုက်ပွဲများနှင့် ထောက်ထားညှာတာသော တိုက်ပွဲများတွင်သာ ပါဝင်ခဲ့ကြသည်။
သို့သော် အားပူတန်သည်တော့ ခြားနားသည်။
ထန်းလျိုလူမျိုးစုသည် တိုက်ပွဲကို ဂုဏ်ယူစရာအဖြစ် ရှုမြင်ကြသည်။ သူတို့အဖွဲ့ဝင်အများစုသည် စစ်မြေပြင်သို့ ရောက်ဖူးကြသည်။ သူတို့သည် စစ်မြေပြင်၏ နှလုံးသားကင်းမဲ့မှုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ဖူးကြပြီး သူတို့ကိုယ်တိုင်ပင် တိုက်ပွဲထဲ ဝင်ပါခဲ့ကြသည်။
စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၌ပင် အားပူတန်သည် ဝမ်ချောင်ရင်ဆိုင်ခဲ့ရသည့် ပြိုင်ဘက် အများစုထက် များစွာသာလွန်နေခဲ့သည်။ သူနှင့် ရင်ဆိုင်ရသည်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။
"ဟမ်"
ဝမ်ချောင် မထုံတတ်သေးဖြင့် ရိုးရိုးလေးသာ ရယ်မောလိုက်သည်။ အားပူတန်သည် မြို့တော်ရှိ သခင်လေးများနှင့် ခြားနားသည့် ပြိုင်ဘက်ဖြစ်ပြီး စစ်မြေပြင်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ယဉ်ပါးနေနိုင်သည်။ သို့သော် ဝမ်ချောင်နှင့် နှိုင်းယှဉ်ပါက... အားပူတန်သည် အတော်လေး လိုနေသေးသည်။
ဝမ်ချောင် တွေ့ကြုံခဲ့ရသည့် စစ်မြေပြင်၏ ပြင်းထန်မှုနှင့် အကြိမ်အရေအတွက်သည် အားပူတန် သူ့ဘဝ၌ ဘယ်တော့မှ စိတ်မကူးမိနိုင်လောက်သည့် အရာဖြစ်သည်။ အားပူတန်နှင့် ထန်းလျိုလူမျိုးစုတို့ ဂုဏ်ယူနေသည့်အရာမှာ ဝမ်ချောင်အတွက် လုံးဝ ဘာမျှဟုတ်မနေခဲ့ပေ။
"ဝမ်ချောင် မင်းကိုယ်မင်း ပြင်ဆင်ထား"
အားပူတန်၏ အသံသည် ပြတ်သားပြီး အားကောင်းလှသည်။ ထိုအသံထဲတွင် လူတစ်ဦး၏ အရိုးများကို အေးခဲသွားစေနိုင်သော အေးစက်မှုများ ပါဝင်နေခဲ့သည်။
ထိုသည်သာမက တိုက်ခိုက်ရေးမြင်းများ၏ ပြင်းထန်စွာ ဟစ်ကြွေးသံသည်လည်း သူ့အနားတွင် ဝိုးတဝါးပေါ်ထွက်နေပုံရသည်။ ရက်စက်ကြမ်းကြုတ်သည့် စစ်မြေပြင်မှ အရင်းခံလာသော အားကောင်းသည့် သွေးဆာမှုသည် လူတိုင်း၏ နှလုံးသားကို တုန်ခါသွားစေသည်။ ငရဲ၏အနက်ပိုင်းမှ တက်လာသော မရေမတွက်နိုင်သည့် နတ်ဆိုးများ၏ ထင်ယောင်ထင်မှားပုံရိပ်သည် လူတိုင်း၏ စိတ်ထဲတွင် အချိန်တခဏမျှ ဖျပ်ခနဲပေါ်လာခဲ့သည်။
ဟောင်းလောင်လောင်
လူတိုင်း၏ မျက်စိရှေ့၌ပင် အားပူတန်နောက်ရှိ အရိပ်သည် ပျက်ယွင်းသွားခဲ့ကာ တည်ငြိမ်ပြီး မြင့်မားသည့် ပုံသဏ္ဍာန်တစ်ခုသည် မြေပြင်မှ မြင့်တက်လာခဲ့သည်။ ထိုတုတ်ခိုင်သန်မာသည့် ပုံရိပ်သည် မယုံနိုင်စရာကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထားပုံရပြီး သူ့လက်ထဲရှိ နီမြန်းသောဆေဘာဓားရှည်သည် သူ့၏ကြောက်မက်ဖွယ်ခွန်အားကို ပို၍ထင်ပေါ်စေသည်။
ထန်းလျှိုစစ်နတ်ဘုရား။
အားပူတန်နောက်ရှိ မြင့်မားသည့် ပုံရိပ်ကို မြင်လိုက်ကသည်နှင့် ထန်းလျှိုလူငယ်များသည် စိတ်လှုပ်တရှားဖြင့် အားပေးလိုက်ကြသည်။ ထန်းလျိုစစ်နတ်ဘုရားသည် ထန်းလျိုလူမျိုးစုဝင်များ လွန်ခဲ့သည့် ထောင်စုနှစ်များစွာက လေးစားကြည်ညိုခဲ့ရသော နတ်ဘုရားဖြစ်သည်။
စစ်ပွဲ၊ သေခြင်းတရားနှင့် ဂုဏ်ကျက်သရေတို့ကို ကိုယ်စားပြုသော နတ်ဘုရားတစ်ပါးဖြစ်သည်။
ထန်းလျိုစစ်သည်များသည် သေခြင်းတရားကို ကြောက်ရွံ့ခြင်းမရှိသည်မှာ သူတို့သည် သေဆုံးသွားပါက ထန်းလျိုစစ်နတ်ဘုရား ရင်ခွင်သို့ ပြန်ရောက်လိမ့်မည်ဟု ယုံကြည်ကြသောကြောင့် ဖြစ်သည်။ သူတို့၏နတ်ဘုရားနှင့်အတူ မယုံနိုင်စရာကောင်းသော ဂုဏ်ကျက်သရေကို ရရှိစေသည်။
ထန်းလျို၏ လျှို့ဝှက်ပညာရပ်သည် သူတို့၏ယုံကြည်ချက်ကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုထားခဲ့သည်။
လူတစ်ယောက်၏ နည်းစနစ်ကျွမ်းကျင်မှုအပေါ်မူတည်၍ လူတစ်ယောက်သည် မတူညီသော ထန်းလျိုစစ်နတ်ဘုရားများကို ဖြစ်ပေါ်စေနိုင်မည်ဖြစ်သည်။ သူတို့၏ သခင်လေးသည် ထန်းလျိုစစ်နတ်ဘုရား၏ ပထမပုံသဏ္ဍာန်ကိုသာ ထုတ်ဖော်နိုင်သေးသော်လည်း ရိုးရှင်းသည့် ပုံသဏ္ဍာန်ကပင် မယုံနိုင်စရာကောင်းသည့် စွမ်းဆောင်ချက် ဖြစ်နေဆဲပင်။
အနည်းဆုံးတော့ မည်သည့်အစစ်အမှန်သိုင်းပညာနယ်ပယ်အဆင့် ၁ ကျင့်ကြံသူကမျှ ဤအရာကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ပေ။
"သခင်လေး သူ့ကိုသတ်..."
ထန်းလျိုလူငယ်တစ်ယောက်သည် စိတ်လှုပ်ရှားမှုကြောင့် ဘာမှမမြင်နိုင်ဖြစ်သွားခဲ့ကာ စိတ်လှုပ်တရှားဖြင့် သူ့လက်များကို ဝေ့ယမ်းလိုက်ပြီး သူတို့ဘာသာစကားဖြင့် အော်ဟစ်အားပေးလိုက်သည်။ ထန်းလျို၏ သိုင်းပညာရပ်များသည် အသက်ချမ်းသာပေးရန်အတွက် ဖန်တီးခဲ့ခြင်းမဟုတ်ပေ။ စစ်ပွဲနှင့် သတ်ဖြတ်ရန်အတွက်သာဖြစ်သည်။
ဘုန်းးး
အားပူတန်သည် သူ့ကြယ်တာရာစွမ်းအင်ကို အမြင့်ဆုံးအဆင့်အထိ ဆွဲထုတ်ပြီး ထန်းလျိုစစ်နတ်ဘုရားကို ဆင့်ခေါ်ပြီးသည်နှင့် သူ့ပုံရိပ်သည် သူရပ်နေရာနေရာမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
မယှဉ်သာလောက်အောင် အားကောင်းသော်လည်း ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ခုသည် သူ့ဆီမှ ပေါက်ကွဲထွက်လာခဲ့သည်။ အနီရောင်လက်ခနဲတောက်ပသွားခဲ့ခြင်းနှင့်အတူ သူသည် မိုးကြိုးတစ်စင်းကဲ့သို့ ရှေ့သို့ ချီတက်လိုက်သည်။ ဤတစ်ကြိမ်တွင် သူ့အမြန်နှုန်းသည် ယခင်ကထက် ပို၍မြန်ဆန်ပေသည်။ ကြီးမားသည့် ခွန်အားသည် သူ့ညာလက်သီးတွင် စုဝေးလာခဲ့ပြီး ရှေ့သို့ ထိုးလိုက်ကာ ထန်းလျိုလူမျိုးစု၏ နောက်ထပ်လျှို့ဝှက်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ စစ်သည်များစွာချေမှုန်းခြင်း။
ဘုန်းးး
အားပူတန်သည် ဝမ်ချောင်ကို ထိုးလိုက်ချိန်တွင် ကြောက်မက်ဖွယ်လှိုင်းလုံးများသည် ပတ်ဝန်းကျင်သို့ ပြေးထွက်သွားခဲ့သည်။ ကြမ်းပြင်ပေါ်ရှိ ကြွေပြားများသည် ချက်ချင်းအပိုင်းအစများအဖြစ် ချေမွခံလိုက်ရပြီး ဖုန်မှုန့်များသည် ကောင်းကင်ထက်သို့ လွင့်ပျံသွားခဲ့သည်။
"အားပူတန် ဒါက မင်းတတ်နိုင်တာ အကုန်ပဲလား။"
အေးစက်သည့် သရော်သံသည် အားပူတန်နောက်မှ ထွက်ပေါ်လာခဲ့သည်။ လူတိုင်း၏ ထိတ်လန့်နေသည့်အာမေဋိတ်သံနှင့်အတူ အားပူတန်လှည့်ကြည့်လိုက်သည်တွင် သုံးယောက်ဖြစ်နေသည့် ဝမ်ချောင်ကို မြင်လိုက်ရသည်။
"သရဲခြေလှမ်း"
"သခင်လေးက ဒါကို ကျွမ်းကျင်သွားခဲ့ပြီ"
ခြေဆယ်လှမ်းခန့် အကွာအဝေးတွင် ရွှီးချီ၊ နျန်ယန်၊ကောင်းဖုန့်နှင့် အခြားလူအနည်းငယ်၏မျက်နှာများသည် ဝမ်းသာစွာဖြင့် ချက်ချင်းတောက်ပသွားခဲ့သည်။ သူတို့အားလုံးသည် ဝမ်ချောင်က သရဲခြေလှမ်းဟု အမည်ရသော အလွန်ပြိုင်ဘက်ကင်းလှသည့် လှုပ်ရှားမှု နည်းစနစ်တွင် ကျွမ်းကျင်ထားသည်ကို သိထားကြသည်။ သူတို့သည် ထိုအရာ၏ အံ့ဩစရာကောင်းမှုများကို ယခင်က မြင်ခဲ့ဖူးကြသည်။
သို့သော် သူတို့ သတိမပြုမိသည့်အရာမှာ ဝမ်ချောင်သည် သရဲခြေလှမ်းကို အထွတ်အထိပ်အထိကျွမ်းကျင်သွားခဲ့ပြီ ဆိုသည်ကိုပင်။ ထိုသည်က သူ့ကို တစ်ချိန်တည်းတွင် သူနှင့်ဆင်တူသည့် ပုံရိပ်ယောင်သုံးခုကို ဖြစ်ပေါ်စေသည်။
အခြားသူများသည် ဤလျှို့ဝှက်ပညာရပ်ကို ထွက်ပြေးရန်နှင့် ရှောင်ရှားရန်အတွက်သာ သဘောထားနိုင်သည်။ သို့သော် ဝမ်ချောင်၏ လက်ထဲတွင် ၎င်း၏အသုံးဝင်မှုများသည် များစွာသာလွန်လိမ့်မည်ကို လူတိုင်းသိထားပေသည်။
"ကောင်းတယ်။ သခင်လေးက အနည်းဆုံး ဒီလျှို့ဝှက်ပညာရပ်နဲ့ အားပူတန်ကို ညီတူမျှတူ တိုက်ခိုက်နိုင်လိမ့်မယ်။"
ကျွမ်းကျန့်ဖျင်သည် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
အားပူတန်သည် ဝမ်ချောင်အစစ်က မည်သည့်တစ်ယောက်ဖြစ်သည်ကို ဆုံးဖြတ်နိုင်ခြင်းမရှိသရွေ့ သူ့အတွက် တိုက်ခိုက်မှုတစ်ခုပြုရန် ခက်ခဲပေလိမ့်မည်။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် သူ့ပျော့ကွက်ကိုပင် မသိလိုက်ဘဲ ဖော်ပြလိုက်နိုင်သည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် လူတိုင်းသည် ဝမ်ချောင်နှင့်အတူ လက်ရည်စမ်းခဲ့ကြသောကြောင့် သူတို့သည် ဤအရာကို ကောင်းကောင်းကြီး သိထားကြပေသည်။ ဝမ်ချောင်၏ ကျင့်ကြံခြင်းသည် သူတို့ထက် မြင့်မားသည့်ပုံမပေါ်ပေ။ သို့သော် တစ်နည်းနည်းဖြင့် သူသည် သူတို့၏ အားနည်းချက်ကို ရှာတွေ့နိုင်ခဲ့ကာ အသုံးချခဲ့သည်။
"အဟက် စိတ်ဝင်စားစရာပဲ"
အားပူတန်၏ မျက်လုံးများသည် ပုံရိပ်သုံးခုကို တခဏမျှ လေ့လာလိုက်ပြီး ရုတ်ချည်းရယ်မောလိုက်သည်။ ဝမ်ချောင်၏ လှုပ်ရှားမှုနည်းစနစ်သည် နက်နဲသိမ်မွေ့နိုင်သည်။ သို့သော် အားပူတန်သည်လည်း လှုပ်ရှားမှုနည်းစနစ်များကို များစွာတွေ့ခဲ့ဖူးသည်။
သူ့အမြင်တွင် ထိုလှုပ်ရှားမှုနည်းစနစ်သည် စိတ်ကူးယဉ်ဆန်သော စွမ်းဆောင်မှုတစ်ခုမျှသာဖြစ်သည်။ ထိုသို့သော နည်းစနစ်များသည် စစ်မြေပြင်တွင် အသုံးမဝင်ဆုံးဖြစ်သည်။ အဆုံးတွင် သိုင်းပညာရှင်များအကြား တိုက်ပွဲသည် အစစ်အမှန်ခွန်အားအပေါ် မူတည်နေဆဲဖြစ်သည်။
"ဝမ်ချောင် မင်း ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုတာ ငါမသိဘူး ဒါပေမယ့် မင်းက ဒီလိုပုံစံနဲ့ ငါကို အနိုင်ယူနိုင်မယ်လို့ တွေးနေရင် ငါ့မှာ ပြောစရာတစ်ခုပဲရှိတယ် မင်းက ငါ့ကို အတော်လေး လျှော့တွက်နေတာပဲ။"
အားပူတန် လှောင်ပြုံးပြုံးလိုက်သည်။ သူသည် စစ်မြေပြင်မှ အသက်ရှင်လျက် လမ်းလျှောက်ထွက်လာနိုင်ခဲ့ခြင်းမှာ ကံတရားကြောင့်မဟုတ်ပေ။ ဝမ်ချောင်သည် ထိုနည်းစနစ်ကို မှားယွင်းသည့်လူအပေါ် အသုံးပြုမိလိုက်ပြီဖြစ်သည်။
ယနေ့တွင် ဝမ်ချောင်ကို မရှုမလှရှုံးနိမ့်သွားစေရမည်ဟု သူ ဆုံးဖြတ်ချက်ချထားခဲ့သည်။
ဝမြးးး
တခဏအတွင်းမှာပင် အားပူတန်သည် သူ့ထိုးချက်ကို ပြောင်းလဲခဲ့ပြီးဖြစ်သည်။
ဟောင်းလောင်
ဟင်းလင်းပြင်တုန်ခါမှုကြားတွင် အားပူတန်နောက်ရှိ ထန်းလျိုစစ်နတ်ဘုရားသည် သူ့လက်များကို မြှောက်လိုက်ကာ ဟစ်ကြွေးလိုက်သည်။
ဟစ်ကြွေးသံပေါ်လာသည်နှင့် ထောင်ပေါင်းများစွာသော သွေးရောင်လွှမ်းနေသည့် အချွန်အတက်များသည် ရုတ်တရက် ပြင်းထန်စွာ လည်ပတ်လာခဲ့ပြီး စူးရှသည့် မြည်သံနှင့်အတူ ဝမ်ချောင်ဆီသို့ ပြေးထွက်သွားခဲ့ကြသည်။ ထိုသွေးရောင်လွှမ်းနေသည့် အချွန်အတက်များသည် အလွန်တရာမှ များပြားနေခဲ့သည်။ သူတို့သည် ဝမ်ချောင်ပတ်ပတ်လည်ကို ပိတ်ဆို့လိုက်ကြပြီး ထွက်ပြေးနိုင်သည့် သူ့လမ်းကြောင်းတစ်ခုချင်းစီကို ပိတ်ဆို့လိုက်ကြသည်။
သူ့ ပုံရိပ်ယောင်များသည်ပင် ပိတ်ဆို့ခံလိုက်ရသည်။
"မကောင်းတော့ဘူး နောက်ဆုတ်"
"သခင်လေး ဂရုစိုက်ပါ"
မြင်ကွင်းတစ်ခုလုံးသည် ပရမ်းပတာအခြေအနေသို့ ချက်ချင်းကျဆင်းသွားခဲ့သည်။
…………………………………………………………………………………………………………
အပိုင်း (၃၀၂) ဒေါသထွက်နေသည့် ရေနဂါး၏ ခြေလှမ်းရှစ်လှမ်း
ကြောက်မက်ဖွယ်ကောင်းပြီး တုန်ခါနေသည့်၊ သွေးလွှမ်းနေသည့် အချွန်အတက်များသည် ဝမ်ချောင်ဆီသို့သာ ဦးတည်နေခဲ့ခြင်းမဟုတ်ပေ။ သူ့နောက်ရှိ လူများသည်ပင် သူ့တိုက်ခိုက်မှုစက်ကွင်းထဲ ဖြစ်နေခဲ့သည်။
ဤသည်က ထန်းလျိုလူမျိုးစုတို့၏ အကျင့်တစ်ခုဖြစ်သည်။
ထန်းလျိုလူမျိုးစုဝင်များသည် ဘယ်တော့မှ ထိန်းချုပ်ထားခြင်း ရှိလိမ့်မည်မဟုတ်ပေ။ သူတို့သည် သူတို့ရန်သူများကို သတ်ဖြတ်နိုင်သရွေ့ အခြားအရာများကို ထည့်တွက်နေလိမ့်မည်မဟုတ်ပေ။
ဤသည်မှာ ထန်းလျိုလူမျိုးစုဝင်များအကြား တိုက်ပွဲများအတွက်လည်း အတူတူပင်ဖြစ်သည်။
တိုက်ပွဲတွင် မည်သူမျှချုပ်တည်းထားကြလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ထန်းလျိုလူမျိုးစုဝင်အချင်းချင်းကြားရှိ တိုက်ပွဲသည်လည်း အလွန်ပြင်းထန်လေ့ရှိသည်။ ရလဒ်အနေဖြင့် နှစ်တိုင်းတွင် အလွန်များပြားသည့် သေဆုံးမှုအရေအတွက် ရှိခဲ့သည်။
အားပူတန်၏လှုပ်ရှားမှုသည် ၎င်းအတွင်းရှိလူတိုင်းကို ပါဝင်ပတ်သက်စေခဲ့သည်။
"ဒီလှုပ်ရှားမှုက ငါ့အပေါ် သက်ရောက်မှာမဟုတ်ဘူး။"
များပြားလှသည့် သွေးရောင်လွှမ်းနေသော အချွန်အတက်များ သူ့ပတ်ပတ်လည်ရှိ လဟာပြင်တွင် ပိတ်ဆို့လာနေသည့်ကို မြင်လိုက်ရသည်တွင် ဝမ်ချောင် စတင်၍ ရယ်မောလိုက်သည်။ နောက်တခဏတွင် မည်သည့်သတိပေးချက်မျှမရှိဘဲ ဝမ်ချောင်သည် သူ့လက်ချောင်းများကို လှုပ်ရှားလိုက်သည်။
ရွှီးး
ပင့်ကူမျှင်ကဲ့သို့ သေးသွယ်သော်လည်း ကျန့်တစ်ဒါဇင်အရှည်ရှိသည့် ဓားချီသည် သူ့လက်ချောင်း ဆယ်ချောင်းမှ ပြေးထွက်သွားခဲ့သည်။
မျက်စိတမှိတ်အတွင်းမှာပင် ဓားချီရာပေါင်းများစွာကို ပစ်လွှတ်လိုက်ပြီး သူတို့အားလုံးသည် သွေးရောင်လွှမ်းနေသည့် အချွန်အတက်များစွာကို တိကျစွာ တိုက်ခိုက်လိုက်ကြသည်။
ထို့နောက် ဝမ်ချောင်၏ ဓားချီနှင့် ပက်ပင်းကြုံလိုက်ရသောအခါ ထက်ရှသည့် သွေးရောင်လွှမ်းနေသော အချွန်အတက်များသည် ကွဲလွယ်သော ဖန်ကဲ့သို့ ချက်ချင်း တစ်စစီ ကျိုးပျက်သွားခဲ့ကြသည်။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ဝမ်ချောင်သည် အန္တရာယ်ရှိသည့် သွေးရောင်လွှမ်းနေသော အချွန်အတက်များအားလုံးကို လေထဲ၌ပင် ဖျက်ဆီးခဲ့ပြီးဖြစ်သည်။
ဤသည်မှာ ဤအတောအတွင်း ဝမ်ချောင်ကြိုးစားမှု၏ ရလဒ်ပင် ဖြစ်သည်။
ဝမ်ချောင်သည် သူ့ဓားချီနှင့် အဆက်မပြတ်ရင်းနှီးကျွမ်းဝင်လာခဲ့ပြီး သူတို့ကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖိသိပ်ကာ ပြန့်ကားစေခဲ့သည်။ ထို့နောက် နောက်ဆုံးရလဒ်မှာ သူသည် ဓားချီတစ်ဒါဇင်ကို သူ့လက်ချောင်းများမှနေ၍ အလွယ်တကူ ပစ်လွှတ်နိုင်ခဲ့ပြီး သူတို့ထဲမှ တစ်ခုချင်းစီ၏ ရှုထောင့်နှင့် အင်အားကိုလည်း ပြီးပြည့်စုံစွာ ထိန်းချုပ်နိုင်ခဲ့သည်။
အားပူတန်၏ ထန်းလျိုလျှို့ဝှက်ပညာရပ်သည် အံ့မခန်းဖြစ်သည်။ သို့သော် ဝမ်ချောင်၏ သက်ရှိများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းပညာရပ်ရှေ့တွင် ထုတ်ပြောရန်ပင် ထိုက်တန်ခြင်းမရှိပေ။
ဟောင်းလောင်
ဝမ်ချောင်သည် ပတ်ဝန်းကျင်ရှိ သွေးရောင်အချွန်အတက်တစ်ခုချင်းစီကို ဖျက်စီးလိုက်ချိန်တွင် အားကောင်းသည့် လက်သီးတစ်လုံးသည် ရုတ်တရက်လဟာပြင်ကို ဖြတ်သန်း၍ သူ့အပေါ်သို့ ကျဆင်းလာခဲ့သည်။
အားပူတန်သည် စူးရှသည့် သိစိတ်ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူသည် သူ့ပြိုင်ဘက်အား ဖျက်ဆီးရန် ဖြစ်နိုင်သမျှ အခွင့်အရေးအားလုံးကို မြင်နိုင်ပြီး အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခဲ့သည်။ ထောင်ချီသော သူ့သွေးရောင်အချွန်အတက်များသည် ဖျက်ဆီးခံလိုက်ရသော်လည်း အားပူတန်သည် ဝမ်ချောင်အစစ်ကို ရှာတွေ့နိုင်သည့်အခွင့်အရေးကို ရရှိခဲ့ပြီး လက်သီးတစ်လုံးပစ်သွင်းလိုက်သည်။
"ဒါက မင်းလိုချင်တဲ့အရာဆိုတော့လည်း"
ဝမ်ချောင် ရယ်မောလိုက်သည်။ လူတိုင်းကို အံ့ဩသွားစေသည့်အရာမှာ ရှောင်တိမ်းလိုက်ရမည့်အစား ဝမ်ချောင်သည် သူ့လက်သီးကို မြှောက်လိုက်ပြီး အားပူတန်၏ ထိုးချက်နှင့် ရင်ဆိုင်လိုက်သည်။
"သခင်လေး"
အနောက်မှနေ၍ ကျွမ်းကျန့်ဖျင်နှင့် ချီဝေ့စီတို့၏ နှလုံးသားများသည် တင်းကြပ်သွားခဲ့ပြီး သူတို့၏ နှုတ်ခမ်းများမှာ ဖြူလျော်သွားခဲ့သည်။ ဝမ်ချောင်သည် အမှန်ပင် အားပူတန်နှင့် ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု မည်သူမျှ တွေးမထားခဲ့ကြပေ။
ဝမ်ချောင်၏ ကျင့်ကြံမှုနယ်ပယ်သည် အားပူတန်အောက်ရောက်နေခဲ့ပြီး သူ့ရွေ့လျားခြင်းနည်းစနစ်သည် အားပူတန်ထက် များစွာ သာလွန်နေသည့် အချက်အရ သူ့ရွေးချယ်မှုသည် ရှောင်တိမ်းခြင်း ဖြစ်သင့်ပေသည်။ သို့တိုင် ဝမ်ချောင်သည် အခွင့်မသာဆုံး လုပ်ဆောင်ချက်ကို ရွေးချယ်ခဲ့ပေသည်။
ဟောင်းလောင်
အားကောင်းသည့် တုန်လှုပ်ဖွယ်လှိုင်းလုံးသည် ပတ်ဝန်းကျင်ကို ဖြတ်သန်း၍ လှိမ့်တက်လာခဲ့သည်။ လူတိုင်း၏ အံ့အားသင့်နေသည့် အကြည့်ရှေ့တွင်ပင် အားပူတန်၏ လက်သီးကို ပြီးပြည့်စုံစွာ ဖမ်းဆုပ်မထားမီ ဝမ်ချောင်၏ လက်မောင်းသည် တခဏမျှ တုန်ခါသွားခဲ့သည်။
ဝမြးးး
အားပူတန်၏ မျက်နှာသည် ထိတ်လန့်စွာဖြင့် ပျက်ယွင်းသွားခဲ့သည်။
"မဖြစ်နိုင်တာ"
အားပူတန်သည် ဝမ်ချောင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ သူသည် သူ့ခွန်အား၏ အတိမ်အနက်ကို သိပေသည်။ အစစ်အမှန်သိုင်းပညာနယ်ပယ်အဆင့် ၁ ကျွမ်းကျင်သူသည်ပင် သူ့ထိုးချက်ကို ခံနိုင်မည်မဟုတ်ပေ။ မူလစွမ်းအင်နယ်ပယ်သိုင်းပညာရှင်တစ်ယောက်ဆိုလျှင် ပြောစရာပင်မလို။
သို့တိုင် ဝမ်ချောင်သည် သူ့တိုက်ခိုက်မှုကို အမှန်ပင် တောင့်ခံနိုင်ခဲ့သည်။
'...ဒီလိုအရာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'
သူ့လက်မောင်းမှ သူခံစားလိုက်ရသော အားကောင်းသည့် တန်ပြန်အားသည် သူ့တုန်လှုပ်မှုကို ပို၍တိုးလာစေခဲ့သည်။ အားပူတန်သည် တိုက်ပွဲများစွာကို ဖြတ်သန်းခဲ့ဖူးသည်။ သို့သော် သူသည် ဤသို့သော အခြေအနေကို ယခင်က တွေ့ကြုံခဲ့ဖူးခြင်းမရှိပေ။
"ဒီကောင်က ဘယ်လိုတောင် အရမ်းသန်မာနေရတာလဲ"
အားပူတန်အနောက်ဘက်ရှိ ထန်းလျိုလူမျိုးစုဝင်များသည် သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် လုံးဝအံ့အားသင့်နေခဲ့ကြသည်။ သူတို့သည် ဤရလဒ်ကြောင့် အားပူတန်ထက်ပို၍ပင် ကြောင်တောင်တောင်ဖြစ်နေခဲ့ကြသည်။
အားပူတန်သည် သူတို့ထန်းလျိုလူမျိုးစု၏ လူငယ်သခင်လေးဖြစ်ပြီး မယုံနိုင်စရာပါရမီများကို ပိုင်ဆိုင်ထားသည်။ ဝမ်ချောင်သည် အားပူတန်၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည်ဟု မည်သူမျှ မျှော်လင့်ထားခဲ့ခြင်းမရှိပေ။
ဤကဲ့သို့သော မမျှော်လင့်ထားခဲ့သည့် အခြေအနေတစ်ခုနှင့် ရင်ဆိုင်လိုက်ရသောအခါ သူတို့သည် စတင်၍ ချောက်ချားလာခဲ့ကြသည်။ ဤအဖြစ်အပျက်မတိုင်မီက သူတို့သည် အားပူတန်၏ အောင်ပွဲနှင့်ပတ်သက်၍ သံသယမရှိခဲ့ကြပေ။ သို့သော် ယခုတွင် သူတို့၏ ယုံကြည်မှုသည် ယိမ်းယိုင်လာခဲ့သည်။
"ဟမ် အားပူတန် မင်းက အရမ်းမောက်မာလွန်းတာပဲ။ ဒီလေ့ကျင့်ရေးစခန်းမှာ မင်းက အသန်မာဆုံးလူလို့ တွေးထင်နေတာတော့ မဟုတ်ဘူးမလား။"
ဝမ်ချောင်သည် အားပူတန်၏ လက်သီးကို ခိုင်မာစွာ ဟန့်ထားထားခဲ့ကာ သူသည် တစ်ဖက်လူ၏ ထိတ်လန့်နေမှုကို မထုံတတ်သေးကြည့်လိုက်သည်။ သူသည် ဤအရာအားလုံးကို မျှော်လင့်ထားသကဲ့သို့ပင်။ လူရိုင်းနတ်ဘုရားခွန်အားကို ကျွမ်းကျင်ပြီးနောက် ဝမ်ချောင်သည် လူရိုင်းနတ်ဘုရား၏ သရုပ်သကန်ကို ဆောင်ယူနိုင်ခဲ့ပြီး ခွန်အားအရာတွင် သူ့ကို အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်နှင့် ယှဉ်နိုင်စေခဲ့သည်။
သူ့ခံနိုင်ရည်စွမ်းသည် နှိုင်းယှဉ်ရာတွင် လိုနေသေးသော်လည်း အားပူတန်ဆီမှ ထိုးချက်ကို တောင့်ခံရာတွင် သူ့အတွက် လုံလောက်သည်ထက် ပိုနေပေသေးသည်။
ဘန်းးး
ကြယ်တာရာစွမ်းအင်ပေါက်ကွဲသွားခြင်းနှင့်အတူ ဝမ်ချောင်သည် အားပူတန်အဝေးသို့ ဆတ်ခနဲလှုပ်ရှားသွားခဲ့ပြီး သူတို့နှစ်ဦးသည် ကွဲကွာသွားခဲ့ကြသည်။
"မင်းက မင်းရဲ့အကွက်ကို ထုတ်သုံးခဲ့ပြီးပြီမို့ အခု ငါ့ရဲ့အလှည့်ပဲ။"
ဝမ်ချောင်သည် အားပူတန်ကို ကြည့်လိုက်ကာ ယုံကြည်မှုရှိစွာ ဟန်လုပ်ပြုံးလိုက်သည်။ ပြီးခဲ့သည့် ထိပ်တိုက်ရင်ဆိုင်မှုမှ ဝမ်ချောင်သည် အားပူတန်၏ တိုက်ခိုက်မှုပုံစံ၊ သူ့ချီစက်ကွင်းခွန်အား၊ သူ့အမြန်နှုန်းနှင့် သူ့တုံ့ပြန်မှုများကို ကောင်းစွာသိရှိသွားခဲ့သည်။
ထို့ကြောင့် သူ့အတွက် ပြန်လည်တုံ့ပြန်ရန် အချိန်ကျပြီဖြစ်သည်။
"အားပူတန် မင်း ငါ့ဆီက ဒီတိုက်ခိုက်မှုကို တောင့်ခံနိုင်ရင် ငါက မင်းအတွက် ယှဉ်ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ငါ ဝန်ခံမယ်။"
အားပူတန်၏ အံ့အားသင့်နေသည့် အကြည့်ရှေ့တွင် ဝမ်ချောင်သည် သူထုတ်သုံးနိုင်သည့် အားအကောင်းဆုံးလျှို့ဝှက်ပညာရပ်ကို ထုတ်ဖော်လိုက်သည်။ သို့မဟုတ် မူလစွမ်းအင်နယ်ပယ်အတွင်း အားအကောင်းဆုံး လျှို့ဝှက်ပညာရပ်ဖြစ်နိုင်သည်။
အကယ်၍ သူသည် ဤလှုပ်ရှားမှုမှ အားပူတန်ကို အနိုင်မယူနိုင်ခဲ့လျှင် အခြေခံအားဖြင့် သူသည် တစ်ဖက်လူကို လုံးဝအနိုင်ယူနိုင်လိမ့်မည်မဟုတ်ဟု ဆိုလိုပေသည်။
"ဒေါသထွက်နေတဲ့ရေနဂါးရဲ့ ခြေလှမ်းရှစ်လှမ်း။"
ဝမ်ချောင်သည် ရှေ့သို့ လှမ်းလိုက်ပြီး ပြင်းထန်သည့် အရှိန်အဝါသည် သူ့ထံမှနေ၍ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ ထိုအရှိန်အဝါမှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်သည် ဟင်းလင်းပြင်ကိုပင် တွန့်လိမ်သွားစေခဲ့သည်။
လူတိုင်းမြင်လိုက်သည်မှာ ဝမ်ချောင်သည် သူတို့မျက်စိရှေ့၌ပင် ပျောက်ကွယ်သွားသောအခါ အရိပ်တစ်ခု ဆတ်ခနဲလှုပ်ရှားသွားခဲ့ခြင်းပင်။
"ချီးပဲ"
သန်မာသည့် အန္တရာယ်အငွေ့အသက်တစ်ခုသည် အားပူတန်၏ နှလုံးသားကို ရုတ်တရက် ရိုက်ခတ်သွားခဲ့သည်။ ဤသည်မှာ သူသည် ခြိမ်းခြောက်မှုကို တိုက်ပွဲတစ်လျှောက်လုံး၌ ပထမဆုံးခံစားလိုက်ရခြင်းပင်။ တုံ့ဆိုင်းမနေဘဲ အားပူတန်သည် နောက်ထပ် ထောင်ပေါင်းများစွာသော သွေးရောင်အချွန်အတက်များကို ချက်ချင်းဆင့်ခေါ်လိုက်ကာ သူတို့ကို ပတ်ဝန်းကျင်သို့ ပစ်လွှတ်လိုက်သည်။
သို့သော် မည်သို့ဆိုစေကာမူ အားပူတန်သည် နောက်ကျနေဆဲပင်။
ဘန်း ဘန်း ဘန်း ဘန်း
နားအူမတတ်ပေါက်ကွဲသံ ရှစ်ချက်သည် လေထုထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ သို့သော် ပြီးခဲ့သည့်အကြိမ်က ပတ်ဝန်းကျင်တွင် ပျံ့ကျဲသွားသည့် လက်သီးထိုးချက်များနှင့်မတူဘဲ လက်သီးထိုးချက်များအားလုံးသည် တစ်နေရာတည်းသို့ ရည်ရွယ်ထားခဲ့ခြင်းဖြစ်သည်။
ဝေါင်းးး
ပတ်ဝန်းကျင်တွင် ရေနဂါးရှစ်ကောင် ပြေးလွှားသောင်းကျန်းနေသည်ကို ယောင်ဝါးဝါးဖြင့် မြင်နိုင်သည်။ ဘာတွေဖြစ်ပျက်နေသည်ကို လူတိုင်းအပြည့်အဝနားမလည်လိုက်မီမှာပင် ကျယ်လောင်သည့် ညည်းညူသံတစ်ခုထွက်ပေါ်လာခဲ့သည်။ ထောင်ချီသော အန္တရာယ်ပြုလိုသည့် သွေးရောင်အချွန်အတက်များနှင့်အတူ အားပူတန်ပတ်ပတ်လည်ရှိ ကြယ်တာရာစွမ်းအင်သည် တစ်ပြိုင်နက်တည်း ကျဆင်းလာသော လက်သီးချက်ရှစ်ချက်၏ ပြင်းထန်သည့် ခွန်အားကြောင့် ပျက်စီးသွားခဲ့သည်။
အားပူတန် ပတ်ပတ်လည်ရှိ ကြယ်တာရာစွမ်းအင် အလွှာပါးကို ကွဲကြေစေပြီးနောက် ပြင်းထန်သည့် ခွန်အားသည် သူ့ထံ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ အားပူတန်သည် ဝမ်ချောင်၏ ဒေါသထွက်နေသည့် ရေနဂါး၏ ခြေလှမ်းရှစ်လှမ်းကြောင့် မြေပေါ်သို့ လဲကျမသွားမီ အော်ရုံမျှသာ အော်လိုက်နိုင်သည်။
"မကောင်းတော့ဘူး"
"သခင်လေး"
"မြန်မြန် သူ့ကိုတားလိုက်ကြစမ်း"
တစ်ဒါဇင်ခန့်ရှိသော ထန်းလျိုလူငယ်များ၏ မျက်နှာများသည် ထိတ်လန့်မှုဖြင့် ချက်ချင်းပျက်ယွင်းသွားခဲ့သည်။ တုံ့ဆိုင်းမနေဘဲ သူတို့သည် အားပူတန်ကို ကယ်တင်ရန် ရှေ့သို့ ချီတက်လိုက်ကြသည်။
"မင်းတို့ လှုပ်ရဲရင် ငါ သူ့ကို သတ်ပစ်မယ်။"
အရိပ်တစ်ခု လက်ခနဲ လက်သွားခြင်းနှင့်အတူ ဝမ်ချောင်သည် လဟာပြင်ကို ဖြတ်ကျော်၍ အားပူတန်၏ အထက်တွင် ထိုင်လိုက်သည်။ သူ့ဘယ်လက်ဖြင့် ထိန်းထားလိုက်ပြီး ညာဘက်လက်ကို မြှောက်ကာ အားပူတန်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ထန်းလျိုများမှာ ဝမ်ချောင်မှ သူတို့သခင်လေးကို အမှန်တကယ် ဒဏ်ရာရစေမည်ကို ကြောက်ရွံ့သောကြောင့် ရပ်တန့်ရုံသာ တတ်နိုင်တော့သည်။
"ဝမ်ချောင် မင်းလုပ်ဝံ့တယ်"
ရက်စက်ကြမ်းကြုတ်မှုက ဟွားကျာ၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ အားပူတန်သည် ဓားစာခံအဖြစ် ချုပ်နှောင်ခံထားရသောကြောင့် သူသည် ထန်းလျိုလူငယ်များ၏ ခေါင်းဆောင်ဖြစ်လာခဲ့သည်။
ဟွားကျာသည်လည်း ဤရလဒ်ကို မျှော်လင့်ထားခဲ့ခြင်းမရှိပေ။ သို့သော် အခြေအနေသည် မည်သို့ဖြစ်ပါစေ သူသည် သူ့သခင်လေးကို ဘေးကင်းစွာ ပြန်ခေါ်ရပေမည်။
"ဝမ်ချောင် ငါတို့ရဲ့ သခင်လေးက ဘယ်လိုဒဏ်ရာပဲဖြစ်ဖြစ်ရခဲ့ရင် မင်းက ငါတို့ထန်းလျိုလူမျိုးစုရဲ့ ဒေါသကို တောင်ခံနိုင်မှာ မဟုတ်ဘူးနော်"
ဟွားကျာ ခြိမ်းခြောက်လိုက်သည်။ ဒေါသမီးများ သူ့မျက်လုံးထဲ လောင်ကျွမ်းလို့နေပေသည်။
ထန်းလျိုလူမျိုးစုသည် တိုက်ပွဲတွင် သေဆုံးခြင်းအတွက် ဂုဏ်ယူပေသည်။ သို့သော် ထိုသည်က သူတို့သည် သူတို့၏ မျိုးနွယ်စုဝင်များကို တန်ဖိုးမထားဟု မဆိုလိုပေ။ အကယ်၍ ဝမ်ချောင်သည် အားပူတန်ကို တစ်ခုခု လုပ်ဝံ့ပါက သုံးသောင်းသော ထန်းလျိုလက်ရွေးစင်များသည် ဝမ်ကလန်သို့ ချီတက်မည်ဖြစ်ပြီး ဤအရာအတွက် နောင်တကြီးစွာရအောင် လုပ်ပေလိမ့်မည်။
"ဟမ်"
ဟွားကျာ၏ စကားကို ကြားသည်နှင့် ဝမ်ချောင်၏ မျက်လုံးများ အေးစက်သွားခဲ့ကာ သူ့ရင်ဘတ်ထဲ၌ ဒေါသမီးများ တောက်လောင်လာခဲ့သည်။ ထန်းလျိုလူမျိုးစုသည် မြို့တော်ရှိ သူတို့မြင်းတပ်၏ အင်အားဖြင့် တခြားသူများကို မကြာခဏခြိမ်းခြောက်လေ့ရှိသည်ကို ဝမ်ချောင် ကြားဖူးခဲ့သည်မှာ ကြာပြီဖြစ်သည်။
အားကောင်းသည့် ကလန်များ၏ သခင်လေးများသည်ပင် ဤအရာမှ ချမ်းသာရာမရခဲ့ပေ။
အဆုံးတွင် ထန်းလျိုသည် စစ်သည်ကလန်ဖြစ်သည်။ မလိုလားအပ်သည့် ပြဿနာများကို ရှောင်ရှားရန် လူအများစုသည် သူတို့လမ်းကြောင်းမှ အပြင်ထွက်နေလေ့ရှိသည်။ သို့သော် သူတို့သည် မှားယွင်းသည့် ပြိုင်ဘက်ကိုမှ ပင်ပင်းကြုံခဲ့ရသည်မှာ သနားစရာကောင်းလှသည်။
"ဟမ် မင်းတို့အားလုံးက ပုန်ကန်ဖို့ ကြံစည်နေတာလား။"
ဝမ်ချောင်သည် အားပူတန်၏ လည်ဂုတ်ကို ဖမ်းဆုပ်ထားလျက် တစ်ဖက်လူကို မြေပြင်ပေါ်မှ မ လိုက်သည်။ အံ့မခမ်းအေးစက်သည့် အရှိန်အဝါသည် ရုတ်တရက် သူ့ဆီမှ ပေါက်ကွဲထွက်လာခဲ့ပြီး လေထုကို အေးခဲသွားစေသည်။ ဆောင်းလယ်သို့ ရောက်နေသကဲ့သို့ပင်။ ရွှီးချီ၊ နျန်ယန်နှင့် တခြားသူများသည်ပင် မတတ်နိုင်ဘဲ ပြောင်းလဲသွားသည့် အခြေအနေကြောင့် အံ့အားသင့်သွားခဲ့ကြသည်။
"မင်းတို့ကိုမင်းတို့ ဘယ်ကိုရောက်နေတယ်လို့ ထင်နေကြတာလဲ။ မင်းတို့ရဲ့ ရဲမက်သုံးသောင်းလေးနဲ့ မဟာထန်ထဲမှာ ပုန်ကန်မှုတစ်ခုစတင်ဖို့ ဝံ့ရဲသေးတယ်ပေါ့။ ဒါဆိုလည်း စမ်းကြည့်လိုက်လေ။ ဘယ်လို တပ်ဖြန့်ချထားတဲ့အမိန့်မှမပါဘဲ စစ်တန်းလျားကနေ ထွက်ခွာခြင်းအတွက် မင်းရဲ့ မြင်းတပ်သားတစ်ယောက်ချင်းစီက ဘယ်လို ကွပ်မျက်ခံရမလဲဆိုတာ ကြည့်ကြတာပေါ့။"
ဝမ်ချောင်သည် သူ့ယခင်ဘဝတွင် အလယ်ပိုင်းလွင်ပြင်ဒေသ၏ မဟာစစ်သေနာပတိချုပ်ဖြစ်သည်။ သူ့လက်တွင် စွန်းခဲ့သည့် သွေးများသည် မြစ်တစ်စင်းကိုပင် ပြည့်လျံသွားစေနိုင်သည်။ အကယ်၍ ထန်းလျိုသည် သူ့ကို ထိုကဲ့သို့ ခြိမ်းခြောက်နိုင်မည်ဟု တွေးနေခဲ့ပါက သူတို့သည် သေချာပေါက် သစ်ပင်ကို၏ဟောင်နေသည့် ခွေးများ ဖြစ်သည်။
"ပုန်ကန်တာက မင်းလိုချင်တဲ့အရာဆိုရင်လည်း မင်းဆန္ဒကို ငါလက်ခံပါတယ်။"
ချီ
အေးစက်သည့် အလင်းသည် လက်ခနဲဖြစ်သွားခဲ့ပြီး သုံးချီရှည်သည့် ဓားသည် အားပူတန်၏ ဘယ်ဘက်ပုခုံးကို စိုက်ဝင်သွားခဲ့သည်။ သွေးများသည် ဓားမှနေ၍ စီးကျလာခဲ့သည်။
"ခွေးကောင် မင်း ရူးနေပြီပဲ"
ဝမ်ချောင်၏ လုပ်ရပ်ကြောင့် ထန်းလျိုလူငယ်များ၏ မျက်လုံးများသည် စိုးရိမ်မှုဖြင့် နီရဲလာသည်။ အကယ်၍ သူတို့၏သခင်လေးသည် ဓားစာခံအဖြစ် ဖမ်းဆီးခြင်းမခံထားရပါက သူတို့သည် ဝမ်ချောင်ကို တစစီဆွဲဖြဲရန် ရှေ့သို့ ပြေးထွက်သွားကြပြီး ဖြစ်ပေလိမ့်မည်။
ဝမ်ချောင်သည် အားပူတန်ကို သူ့လက်ဖြင့် အမှန်တကယ်တိုက်ရဲလိမ့်မည်ဟု မည်သူမျှ တွေးမထားခဲ့ကြပေ။ ထို့အပြင် သူတို့ကို ပို၍ ဒေါသထွက်စေသည့်အရာမှာ သူတို့သည် ဤအခြေအနေတွင် လုံးဝအကူအညီမဲ့နေခဲ့ကြသည်။
သူတို့အားလုံးသည် ဝမ်ချောင်၏ ကိုယ်နေဟန်ထားကြောင့် ခြိမ်းခြောက်ခြင်းခံလိုက်ရသည်။
တစ်ဖက်လူ၏ အမူအရာနှင့် စိတ်သဘောထားသည် အလွန်အထက်စီးဆန်ပြီး ထိုသူသည် အားပူတန်ကိုပင် သတ်ဖြတ်ဝံ့သည်ကို သံသယရှိစရာမလို။
မြို့တော်တွင် ထန်းလျိုလူမျိုးစုကို အလျှော့မပေးချင်သည့် သခင်လေး မရှိပေ။
အားလုံးကိုဘေးဖယ်ထားလိုက်လျှင်ပင် မဟာစစ်သူကြီးအားပူစီသည် သူ့ကွပ်ကဲမှုအောက်တွင် စစ်သည်အများအပြားမရှိသော်လည်း သူသည် ပညာရှင်ဧကရာဇ်၏ ယုံကြည်ရသည့် လက်ထောက်ဖြစ်နေဆဲဖြစ်ကာ ဖုမင်လင်းချာ၊ ဝမ်ချောင်စီ၊ ဂိုစုန့်ကျီ၊ ကော်ရှု့ဟန်တို့နှင့် တူညီသည့်အဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်ဖြစ်သည်။
ဤအချက်ကို အခြေခံရုံမျှဖြင့် မည်သူမျှ ထန်းလျိုလူမျိုးစုနှင့် လာရှုပ်ဝံ့လိမ့်မည်မဟုတ်ပေ။
ထို့အပြင် မှီခိုသူများဘုရင့်အမှုထမ်းမှလည်း ဟူတို့၏အကျင့်နှင့် သူတို့ကို သည်းခံပြီး အလျှော့ပေးသင့်ကြောင်း အကြိမ်ကြိမ် အလေးပေးပြောကြားခဲ့သည်။
သို့သော် ဤအရာအားလုံးသည် ဝမ်ချောင်အပေါ် သက်ရောက်ခြင်းမရှိပေ။
…………………………………………………………………………………………………………………
အပိုင်း (၃၀၃) အလံတိုင်ပေါ် ချိတ်ဆွဲထားခြင်း
ထန်းလျိုလူငယ်များ၏ မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများကိုကြည့်ကာ ဝမ်ချောင် လှောင်ပြောင်လိုက်သည်။ သူသည် အန္တရာယ်များသည့် ‘ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်’ကဲ့သို့သော ကိစ္စကိုပင် ထွက်ပြောခဲ့သေးသည်။ ထို့ကြောင့် သူသည် သူတို့၏ ခြိမ်းခြောက်မှုများကို မည်သို့မှ ကြောက်လိမ့်မည်မဟုတ်။
ဝမ်ချောင်ကို ခြိမ်းခြောက်ရန် ကြိုးစားခြင်းမှာ ဟာသတစ်ခုသာ ဖြစ်သည်။
ထို့အပြင် ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်ပြီးနောက် ဝမ်ချောင်သည် ဤထန်လျိုလူငယ်များကို ခက်ထန်သည့် သတိပေးခြင်းသာ မပြုလုပ်ခဲ့ပါက ဤသို့သော ကိစ္စသည် ထပ်၍ ထပ်၍ ဖြစ်လာပေလိမ့်မည်။
"အားပူတန်ကို ငါနဲ့ခေါ်သွားမယ်။ မင်းတို့က ငါ့နောက်ကို လိုက်ရဲရင် အကျိုးဆက်ကို ခံစားဖို့သာ ပြင်ထား။"
အားပူတန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ဝမ်ချောင်သည် တစ်ဖက်လူကို ထမ်းလိုက်သည်။
"ကျွမ်းကျန့်ဖျင်၊ ချီဝေ့စီ ချန်ပုရန်ကို ခေါ်လာလိုက်။ ငါတို့ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို သွားကြမယ်။"
ထိုသို့ပြောကာ ဝမ်ချောင် လှည့်ထွက်သွားခဲ့သည်။
ဤနေရာပတ်၀န်းကျင်တွင် စကားပြောသံအချို့ကြားနေရပြီဖြစ်ပြီး ခွန်းဝူလေ့ကျင့်ရေးစခန်း၏ နည်းပြဆရာများသည် ဤနေရာသို့ အပြေးအလွှားလာနေပုံရသည်။ ပြောစရာမလိုအောင်ပင် တစ်ယောက်ယောက်က သူတို့ကို သတင်းပေးလိုက်ခြင်းဖြစ်ရပေမည်။
အားပူတန်သည် ဝမ်ချောင်ကို ထောက်ချောက်ဆင်ရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် သူသာ ပြန်ခံလိုက်ရသည်။ သူတို့သည် ယခင်က အဓိကတောင်ထွတ်မှနေ၍ နည်းပြဆရာများကို တမင်သက်သက်ဟန့်တားထားခဲ့ပြီး သူတို့ကို ဤအချိန်ကျမှ ပြန်ခေါ်ရန်မှာ... အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။
'အားပူတန်ကိုယ်တိုင်က ခွန်းဝူလေ့ကျင့်ရေးစခန်းရဲ့ အရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ ဩဇာအများကြီး မပိုင်ဆိုင်ထားဘူး။ သံသယရှိစရာမလိုအောင် ဒီကိစ္စမှာ ချီဘုရင်လည်း ပါဝင်နေခဲ့တာပဲ။'
သူ့စိတ်ထဲတွင် လူတစ်ယောက်ပေါ်လာခဲ့ကာ ဝမ်ချောင် တွေးလိုက်သည်။ ကျန်းရွှမ်...။
ဝမ်ချောင်သည် တိန့်မင်ရှင်လက်အောက်ခံထားသော ကျန်းရွှမ်ဟုအမည်ရသည့် ခွန်းဝူလေ့ကျင့်ရေးစခန်းရှိ လူသစ်က ဦးဆောင်သည့် ချီဘုရင်၏ ဂိုဏ်းခွဲကို ယောင်ဝါးဝါး ပြန်လည် အမှတ်ရလိုက်မိသည်။
ဝမ်ချောင်သည် ကျန်းရွှမ်က သူ့ကို ကိုင်တွယ်ရန် ဤသို့သော ကောင်းမွန်သည့် အခွင့်အရေးကို လျစ်လျူရှုထားမည်ဟု မယုံကြည်ခဲ့ပေ။ ဝမ်ချောင်သည် မကြာမီ အားပူတန်နှင့်အတူ ထွက်ခွာသွားခဲ့သည်။ အားပူတန်ကို အုပ်စုထဲတွင် မသိသာအောင် ဖုံးကွယ်ထားခြင်းဖြင့် အပြင်ဘက်ရှိ နည်းပြဆရာများသည်ပင် တစ်ခုခုလွဲချော်နေသည်ကို မပြောနိုင်ပေ။
ထို့အပြင် ခွန်းဝူလေ့ကျင့်ရေးစခန်းရှိ နည်းပြဆရာများသည် တာဝန်များစွာဖြင့် နစ်မြုပ်နေခဲ့ကြသည်။ သူတို့သည် သူတို့မြင်သမျှ အရာအားလုံးတွင် ဝင်ပါသည်အထိ အားလပ်မနေခဲ့ကြပေ။
"သေစမ်း"
ဝမ်ချောင် ထွက်သွားပြီး ခဏအကြာတွင် ကျန်းရွှမ်သည် နည်းပြဆရာအနည်းငယ်နှင့်အတူ အခင်းဖြစ်ပွားရာနေရာသို့ ရောက်လာခဲ့သည်။ ဘာမှမရှိသည့် အဓိက ခန်းမကို ကြည့်ကာ ကျန်းရွှမ်၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။
ဝမ်ချောင်သည် အားပူတန်ကို အနိုင်ရရှိသွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပေ။ သူ့အစီအစဉ်သည် လုံးဝကျရှုံးသွားခဲ့သည်။
အချိန်တစ်ခုကြာပြီးနောက် အားပူတန်သည် အေးစက်သည့် လေပြေကြောင့် နိုးထလာခဲ့သည်။ သူ့မျက်စိကိုဖွင့်လိုက်သည်နှင့် သူသည် မြေပြင်မှ မီတာဒါဇင်အနည်းငယ်တွင် ရှိနေသည်ကို သဘောပေါက်လိုက်ပြီး အားကောင်းသည့် တောင်လေက သူ့ကိုယ်ကို အဆက်မပြတ်တိုက်ခတ်နေသည်။
"ခွေးကောင် မင်း ခွေးကောင် ငါ မင်းကို လုံးဝခွင့်မလွှတ်ဘူး။"
အားပူတန်သည် နိုးလာသည်နှင့် ချက်ချင်းပင် သူသည် သူ့ခွန်အားအားလုံးကို အသုံးပြု၍ စတင် ရုန်းကန်လိုက်သည်။
"ဝမ်ချောင် ငါကျိန်ဆိုတယ် ငါ မင်းကို သတ်မယ်။"
ဒေါသတကြီးအသံသည် ပတ်ဝန်းကျင်တွင် ရှင်းလင်းစွာ ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။
"အားပူတန် ငါသာ မင်းဆိုရင် လေ့ကျင့်ရေးစခန်းတစ်ခုလုံးရဲ့ တပ်သားတွေကို ဆွဲဆောင်တာကနေ ရှောင်ရှားဖို့ တိတ်တိတ်နေဖို့ ရွေးချယ်လိုက်မယ်။"
ဤအခိုက်အတန့်မှာပင် သူ့အောက်မှနေ၍ အေးအေးလူလူပြောလိုက်သည့် အသံတစ်သံထွက်ပေါ်လာခဲ့သည်။ လူရှစ်ယောက်နှင့်အတူ ဝမ်ချောင်သည် အလံတိုင်အောက်ရှိ စားပွဲတစ်ခုတွင် ထိုင်နေခဲ့ကာ အေးချမ်းစွာဖြင့် လက်ဖက်ရည်သောက်နေခဲ့သည်။
"...မင်းရဲ့ ထန်းလျိုလက်အောက်ငယ်သားတွေအားလုံး မင်းရဲ့အခြေအနေကို မြင်ပြီးပြီမို့ မင်းအဲဒါကို ဂရုမစိုက်တော့ဘူးထင်တယ်။"
လေထုအလယ်တွင် အားပူတန်သည် ကြောက်ရွံ့စွာဖြင့် ရုတ်တရက် တသိမ့်သိမ့်တုန်ခါသွားခဲ့သည်။ အောက်သို့ ကြည့်လိုက်သည်တွင် သူသည် ခမ်းနားထည်ဝါသည့် အိမ်တော်တစ်ခုကို မြင်လိုက်ရပြီး အိမ်တော်၏အောက်ဘက် တောင်၏ခရီးတစ်ဝက်နေရာတစ်ခုတွင် ဟွားကျာနှင့် အခြားသူများသည် သူရှိရာနေရာသို့ စိုးရိမ်ခြင်း၊ ဒေါသထွက်ခြင်းနှင့် တမူထူးခြားစွာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း ထိုသည်မှာ တုန်လှုပ်စရာအကောင်းဆုံး ထိုးနှက်ချက်မဟုတ်ပေ။
တုန်လှုပ်စရာအကောင်းဆုံး ထိုးနှက်ချက်မှာ သူသည် သူ၏ လက်ရှိအခြေအနေကို သဘောပေါက်လိုက်ခြင်းဖြစ်သည်။
သူသည် လက်ရှိတွင် မြေပြင်အထက် ခုနှစ်၊ ရှစ်ကျန့် အမြင့်ရှိ အလံတိုင်တစ်ခုပေါ်တွင် လုံးဝ ကိုယ်တုံးလုံးဖြင့် တန်းလန်းချိတ်ဆွဲခံထားရခြင်းပင်။ ထိုအမှန်တရားကို သိလိုက်သည်နှင့် အားပူတန်၏ မျက်နှာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြူလျော်သွားခဲ့သည်။
"မင်း မင်း မင်း..."
အားပူတန်၏ ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့ပြီး သူ့မျက်လုံးများသည် ဒေါသကြောင့် နီရဲသွားခဲ့သည်။ သူခံစားလိုက်ရသည့် ကြီးမားသည့် အရှက်ခွဲခံရခြင်းသည် သူ့ကို နေရာတွင်ပင် လုံးဝသတိလစ်လုနီးပါး ဒေါသထွက်သွားစေခဲ့သည်။
"မင်း ဘာ မင်း လဲ။ ဒါက မင်းအတွက် သေးငယ်တဲ့ အပြစ်ပေးခံရခြင်းပဲ။"
ကြိမ်ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့ကာ ဝမ်ချောင်သည် မွှေးကြိုင်သင်းပျံ့သော လက်ဖက်ရည်ကို တည်ငြိမ်အေးဆေးစွာဖြင့် ဆက်လက်သောက်သုံးနေခဲ့သည်။ ထိုသည်မှာ ကောင်းဖုန့်သည် သူ့ကိုယ်စား ပြောလိုက်ခြင်းဖြစ်သည်။
"ထပ်ပြောရရင် လူအများကြီးက မင်းရဲ့ အထင်မကြီးလောက်စရာ ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့တယ်ဆိုပေမယ့် လူအတော်များများက မမြင်တွေ့ကြရသေးဘူး။ မင်းက သူတို့ကို ပြချင်နေတယ်ဆိုရင်တော့လည်း လုပ်ပါလုပ်ပါ။ ဒီမြင်ကွင်းကို လေ့ကျင့်ရေးစခန်းတစ်ခုလုံးနဲ့ မျှဝေပေးဖို့ ငါ စိတ်ရှိနေမယ် လို့ မထင်ဘူး။"
ဝမ်ချောင် အေးအေးလူလူပြောလိုက်သည်။
ဝမ်ချောင်ထံမှ ဤသတိပေးချက်နှင့်အတူ အဖြူရောင်ကျားတောင်ထွတ်ပေါ်မှ ဧည့်ပရိတ်သတ်များသည် ဤနေရာသို့ ကြည့်နေကြသည်ကို အားပူတန် နောက်ဆုံးတွင် သတိပြုလိုက်မိသည်။ သူတို့သည် သူ့ဆီလက်ညိုးထိုးလျက် တစ်ခုခုကို ဆွေးနွေးနေကြပုံပေါ်သည်။
အားပူတန်၏ နှလုံးအိမ်သည် ချက်ချင်းအေးခဲသွားခဲ့သည်။ သူ့ဒေါသများသည် ရှက်ရွံ့မှုနှင့် စိုးထိတ်မှုတို့ကြောင့် လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။
သူသည် ဝမ်ချောင်ကို ရှုံးနိမ့်ခဲ့သည်။ သို့သော် ဝမ်ချောင်သည် သူ့အပေါ် ဤသို့အလွန်အမင်းပြင်းပြင်းထန်ထန် လုပ်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။ ဤသည်က ကြီးမားသည့် အရှက်ခွဲမှုကြီးပင်။
စိုးရိမ်ခြင်း၊ ဒေါသ၊ ရှက်ရွံ့မှု နှင့် ကြောက်ရွံ့မှုတို့သည် အားပူတန်ဆီသို့ တပြိုင်တည်း တိုးဝင်လာခဲ့ကြသည်။ ဤပြင်းထန်သော ခံစားချက်များ၏ တိုက်ခိုက်မှုအောက်တွင် သူ့ပြင်းထန်သည့် ဒဏ်ရာများသည် ပေါ်လာခဲ့ပြီး သူသည် နောက်တစ်ကြိမ် သတိလစ်သွားခဲ့လေတော့သည်။
"သခင်လေး ဒီလိုလုပ်တာက ကျွန်တော်တို့အတွက် ကောင်းပါ့မလား။"
လေးထောင့်ကျစားပွဲ၏ အစွန်းတစ်ဖက် မျက်နှာချင်းဆိုင်တွင် ချန်ပုရန်သည် အနည်းငယ်စိုးထိတ်နေသည့် အမူအရာဖြင့် လက်ဖက်ရည်ခွက်ကို ကိုင်ထားခဲ့သည်။ ဤကိစ္စသည် သူ့ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ဤကိစ္စအပေါ် အပြစ်ရှိသကဲ့သို့ ခံစားနေရပေသည်။
သူသည် သတိလစ်နေခဲ့သောကြောင့် နှစ်ဦးကြားတွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မမြင်ခဲ့ရပေ။ သို့သော် သူသည် ဝမ်ချောင်၏ အားပူတန်ကို ကိုင်တွယ်သော နည်းလမ်းကြောင့် စိုးရိမ်နေခဲ့သည်။ ဘာပဲဆိုဆို အားပူတန်သည် မဟာစစ်သူကြီးအားပူစီ၏ သားဖြစ်သည်။
တိုင်းပြည်၏ မဟာစစ်သူကြီးတစ်ဦးနှင့် ဆန့်ကျင်ဘက် ဘက်ခြမ်းတွင် ရောက်နေခြင်းက ဉာဏ်ပညာရှိသည့် ဆုံးဖြတ်ချက်မဟုတ်ပေ။
"ဟမ် မင်း ဘာကို ကြောက်နေတာလဲ။ ငါတို့က သူ့ကို မှတ်လောက်သားလောက်အောင် သင်ခန်းစာမပေးရင် သူက ကျိုးနွံသွားမယ်ထင်လား။"
ဝမ်ချောင်သည် မထုံတတ်သေးဖြင့် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။
"ဒါ့အပြင် ဒီအရာရဲ့ ပန်းတိုင်က သူ့ကို အရှက်ခွဲဖို့သက်သက်မဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက ပြဿနာကို သူ့အမြစ်ကနေ ဖယ်ရှားလိုက်တာက ဒီလိုအလားတူလုပ်မယ့် တခြားသူတွေကို ဟန့်တားလိုက်တာပဲ။ အနည်းဆုံး ဒီသာဓကနဲ့ သူတို့က စွန့်စားရကျိုးနပ်မှာလားဆိုတာ စဉ်းစားရလိမ့်မယ်။"
လူများသည် သဘောတူသည့် အနေဖြင့် တိတ်တဆိတ်ခေါင်းညိတ်လိုက်ကြသည်။ အမှန်တွင် သူတို့သည် ဤကိစ္စကို ကိုင်တွယ်သည့် ဝမ်ချောင်၏ နည်းလမ်းကို သဘောတူခဲ့ကြသည်။ ဤသို့လုပ်ရန် သူတို့မတတ်နိုင်သည့် အရာအချို့ရှိသည်။ သို့သော် ဝမ်ချောင်သည် မြို့စားကြီးကျူး၏ သားမြေးတစ်ယောက်အနေဖြင့် သူတို့ကိုယ်စား ဤအရာကို လုပ်နိုင်ပေသည်။
ဝမ်ချောင်သည် ဤကိစ္စထဲတွင် ပါဝင်နေသောကြောင့် အားပူတန်သည် တရားမျှတမှုရရန် သူ့နောက်ရှိ ဩဇာအာဏာကို အသုံးပြုနိုင်လိမ့်မည်မဟုတ်ပေ။
"ပုရန် သခင်လေးရဲ့ စကားကို နားထောင်ပါ။ သခင်လေးက သူ ဘာလုပ်နေသလဲ သိပါတယ်။"
ရွှီးချီသည် ဘေးမှနေ၍ တိုက်တွန်းလိုက်သည်။
ချန်ပုရန်သည် အလွန်မှ သနားကြင်နာတတ်သည်။ ရွှီးချီသည် ချန်ပုရန်က ထန်းလျိုလူငယ်များ၏ ရက်ရက်စက်စက်ရိုက်နှက်ခြင်းခံရသည်ကို မြင်လိုက်ရချိန်တွင် မခံမရပ်နိုင်ဖြစ်သွားခဲ့သည်။ သို့တိုင် တစ်ဖက်လူသည်တော့ တစ်ခုတလေမျှပင် ခံစားမနေခဲ့ရပေ။
သခင်လေး၏ ပြန်လည်ကုသခြင်းဆေးလုံးသည် သက်ရောက်မှုရှိခဲ့သည်မှာ ကံကောင်းသည်။ ထိုသည်က ချန်ပုရန်၏ဒဏ်ရာများကို လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေခဲ့သည်။ ယခုအချိန်တွင် သူ့မျက်နှာပေါ်ရှိ တင်းမာသော ရောင်ရမ်းမှုများသည် သက်သာသွားပြီဖြစ်သည်။
ချန်းပုရန်သည် တစ်ခဏမျှ တုံ့ဆိုင်းနေခဲ့သေးသည်။ သို့သော် နောက်ဆုံးတွင် သူ ခေါင်းညိတ်လိုက်သည်။
သူသည် ဤအဖြစ်အပျက်အပေါ် အပြစ်ရှိသလို ခံစားနေရသေးသည်။ သို့သော် သူ့တွင် ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကို ယုံကြည်မှုရှိသည်။
ဤယုံကြည်မှုသည် ဝမ်ချောင်၏ နောက်ခံကြောင့်သာ မဟုတ်ပေ။ ဤယုံကြည်မှုသည် သေခြင်းရှင်ခြင်း အခြေအနေများကို အတူတကွ ဖြတ်သန်းခဲ့ကြသည့် ရဲဘော်ရဲဘက်များဖြစ်သောကြောင့် ဖြစ်သည်။ ပြောစရာမလိုအောင်ပင် ဝမ်ချောင်သည် ပညာရှင်ဧကရာဇ်ကိုပင် ကိုယ်တိုင်တွေ့ဆုံခဲ့ဖူးပြီး ဒေသဆိုင်ရာ တပ်မှူးများအဖြစ်အပျက်မှတဆင့် မုန်တိုင်းထန်စေခဲ့သည်။
သူအောင်မြင်ခဲ့သည့် စွမ်းဆောင်မှုများသည် သူနှင့် သက်တူရွယ်တူများအတွက် စိတ်မကူးနိုင်လောက်အောင်ပင်။
"...အချိန်ကျတော့မယ်။ လေ့ကျင့်ရေးစခန်းက ခနနေ တစ်ယောက်ယောက်ကို စေလွှတ်လာလောက်တယ်။ ရွှီးချီ ခနနေ လေ့ကျင့်ရေးစခန်းဆီ မင်းနဲ့အတူ လူနှစ်ယောက်ကိုခေါ်ပြီး အားပူတန်ကို လိုက်ပို့လိုက်ပါ။ ငါတို့ သူ့ကို သွားခွင့်မပေးခင် အဲဒီမှာ ခဏကြာချိတ်ဆွဲထားလိုက်ကြတာပေါ့။"
"ဟုတ်ကဲ့ပါ သခင်လေး။"
ရွှီးချီ ခေါင်းညိတ်လိုက်သည်။
စားပွဲကို သူ့ညာလက်ညိုးဖြင့် ညင်သာစွာခေါက်ကာ ဝမ်ချောင်သည် ချန်ပုရန်ဆီသို့ လှည့်လိုက်ပြီး ပြောလိုက်သည်။
"ပုရန် အနာဂတ်မှာ မင်း ဘယ်ကိုသွားသွား မင်းရဲ့လေးကို မင်းနဲ့တပါတည်း ယူဆောင်သွားပါ။ မင်းရဲ့ သိုင်းပညာရပ်က လက်ခံနိုင်လောက်ပေမယ့် အားပူတန်အဆင့်က လူတွေနဲ့ ဖလှယ်နိုင်ဖို့အတွက်ကတော့ လုံလောက်ဖို့ အဝေးကြီးလိုနေတုန်းပဲ။ ဒါပေမယ့် မင်းလက်ထဲမှာ လေးတစ်လက်ရှိခဲ့ရင်တော့ အားပူတန်ကတောင် မင်းကို ဘာမှမလုပ်နိုင်မှာကို ငါ တွေးမိတယ်။"
ချန်ပုရန်သည် တကယ်တော့ လုံးဝအားမနည်းပေ။ သို့သော် သူသည် လေးမရှိလျှင် မသန်မစွမ်းကဲ့သို့ပင်။ အကယ်၍ သူ့လက်ထဲ၌ သူ့လက်နက်ရှိခဲ့ပါက အားပူတန်၏အဖွဲ့သည် သူတို့၏ လုပ်ရပ်များအတွက် ပြင်းထန်သော ဒဏ်ရာများ ခံစားကြရပေလိမ့်မည်။
"အင်း"
ချန်ပုရန်သည် နှိမ့်ချစွာ ခေါင်းညိတ်လိုက်သည်။
"ဒီအတောအတွင်းမှာ အဓိကတောင်ထွတ်ပေါ်က ကျင့်ကြံခြင်းမြေပြင်ကို မင်း မသွားနဲ့ဦး။ ပြီးတော့ ငါ့မှာ မင်းတို့အားလုံးကို ပြောစရာတစ်ခုရှိတယ်။"
တုံ့ဆိုင်းမနေဘဲ ဝမ်ချောင်သည် သူ ရှာဖွေတွေ့ရှိထားသည့် ဝိဉာဉ်သွေးကြောကို လူတိုင်းအား ပြောပြလိုက်သည်။ ဝမ်ချောင်သည် အမှန်ပင် ဧရာမဝိဉာဉ်သွေးကြောကို ပိုင်ဆိုင်ထားခဲ့သည်ကို ကြားလိုက်ရသောအခါ လူတိုင်းသည် မှင်သက်သွားခဲ့သည်။
ဤအရာမှာ မည်မျှ ကြီးမားသည့် ကိစ္စလဲဆိုသည်ကို နားလည်သောကြောင့် ချန်ပုရန်ပင်လျှင် ဝမ်ချောင်ကို တုန်လှုပ်စွာ စိုက်ကြည့်လိုက်မိသည်။
သူသည် တောထဲမှာပင် အမဲလိုက်ရင်းကြီးပြင်းလာခဲ့ရသော်လည်း သူသည် လောကကြီးကို အဆက်အသွယ်ဖြတ်၍ အသက်ရှင်သန်ခဲ့သည်တော့မဟုတ်ပေ။ သဘာဝအားဖြင့် သူသည် ဝိဉာဉ်သွေးကြောက ဘာ ဆိုသည်ကို သိပေသည်။ ခွန်းဝူလေ့ကျင့်ရေးစခန်းသည် သေးငယ်သည့် ဝိဉာဉ်သွေးကြောပေါ်တွင် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။
ဝိဉာဉ်သွေးကြောများသည် ရရှိပိုင်ဆိုင်ရန် အလွန်တရာမှ ခက်ခဲသည်။ ဂုဏ်သရေရှိကလန်များသည်ပင် တစ်ခုကို ရရှိရန် အသေအလဲဖြစ်ခဲ့ကြသည်။ သို့တိုင် ဝမ်ချောင်သည် သူက ဝိဉာဉ်သွေးကြောတစ်ခု ပိုင်ဆိုင်ထားသည်ဟု ပြောနေသည်။
"...တကယ်တော့ ဒီကိစ္စကို နည်းနည်းနောက်ကျမှ မင်းတို့အားလုံးကို ပြောပြဖို့ ရည်ရွယ်ထားခဲ့တာ ဒါပေမယ့် ဒီလိုအရာက ဖြစ်ပွားခဲ့တာကြောင့် ဒီထက်ပိုပြီး ထပ်စောင့်နေစရာမလိုတော့ဘူး။"
ဝမ်ချောင်သည် တည်ငြိမ်စွာ ပြောလိုက်သည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်သည် အမှန်တွင် ဝိဉာဉ်သွေးကြော၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဤအကျိုးကျေးဇူးမှတဆင့် ဝမ်ချောင်သည် သူ့ဂိုဏ်းနှင့် ပူးပေါင်းရန်အတွက် လူများကို ဆွဲဆောင်ရန် ရည်ရွယ်ထားခဲ့သည်။
ဝမ်ချောင်သည် အခြားသူများကို အနည်းငယ်နောက်ကျမှ ပြောပြရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် အကြောင်းပြချက်အချို့ကြောင့် သူသည် စိတ်ပြောင်းလိုက်သည်။
ပထမ ဤသည်က သဘောထားကွဲလွဲမှုများကို လျှော့ချနိုင်သည်။ ထို့အပြင် ဤသည်က ချန်ပုရန်၊ ရွှီးချီနှင့် အခြားသူများကို သူတို့၏ ကျင့်ကြံခြင်းများ လျင်မြန်စွာတိုးတက်စေပေလိမ့်မည်။ ဤသို့ဖြင့် ဤသို့သောအခြေအနေမျိုး နောက်တစ်ကြိမ်ထပ်ဖြစ်လာခဲ့ပါက သူတို့သည် သိပ်ပြီး ထိခိုက်လွယ်မည်မဟုတ်ပေ။
"သခင်လေး မင်း အမှန်ကို ပြောနေတာလား။"
နျန်ယန်သည် တုန်ခါနေသည့် လေသံဖြင့် ပြောလိုက်သည်။ ယခုထိတိုင် သူသည် ဝမ်ချောင်က ဝိဉာဉ်သွေးကြောပိုင်ဆိုင်ထားသည်ဟူသော အမှန်တရားကို ယုံကြည်ရန် ခက်ခဲနေပေသေးသည်။ ဤသို့သော အရာသည် အလွန်ရှားပါးပြီး သူတို့ရောက်နိုင်သည်ထက် ကျော်လွန်နေခဲ့ကာ သူတို့အတွက် ၎င်းသည် ဒဏ္ဍာရီတစ်ခုနီးပါးဖြစ်သည်။ ဝိညာဉ်သွေးကြောတစ်ခု၏တန်ဖိုးသည် အမှန်တကယ်ပင် တွက်ချက်၍မရနိုင်ပေ။
ဤအရာသည် အရာအားလုံးကို ယုံကြည်ရန် အလွန်ခက်ခဲအောင်လုပ်နေခဲ့သည့် အရာ အတိအကျပင်။
သူတို့၏ ရှုပ်ထွေးနေသည့် အကြည့်များကို ကြည့်ကာ ဝမ်ချောင် ရယ်မောလိုက်သည်။
"ဟီးဟီးဟီး မင်းတို့ အဲဒါကိုမြင်တဲ့အခါ သိလာပါလိမ့်မယ်"
ထိုအခိုက်အတန့်တွင် ရင်းနှီးနေသည့် လူနှစ်ယောက်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ ဝင်ပေါက်တွင် ရုတ်တရက်ပေါ်လာခဲ့သည်။
"ညီအစ်ကို ကျိုက်၊ ညီအစ်ကို ချိုက်။"
ဝမ်ချောင် နှုတ်ဆက်လိုက်သည်။ ဤလူများမှာ ဂိုဂူလျောတို့၏ ညဘက်ချောင်းမြောင်းတိုက်ခိုက်မှုပြီးနောက် ဝမ်ချောင်ဆီသို့ အလည်လာခဲ့ပြီး သူ့ကို လက်ဆောင် ဆက်သခဲ့ကြသော လူများဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် မဟာထန်၏ ထင်ရှားကျော်ကြားသော မြို့စားကြီးများ၏ ကလေးများဖြစ်ကြသည်။ သူတို့ဘိုးဘေးများထဲမှ တစ်ဦးသည် အနောက်ပိုင်းဒေသကို တည်ငြိမ်စေခဲ့သောကြောင့် ထိုက်လျောက်သည့် အကျိုးကျေးဇူးကို ခံစားခဲ့ရသူဖြစ်ပြီး ကျန်တစ်ဦးမှာ ဧကရာဇ်ထိုက်ကျုံးနှင့်အတူ လောကကြီးကို သိမ်းပိုက်ခဲ့သော စွမ်းအားကြီးစစ်သူကြီးဖြစ်သည်။
"မင်းတို့နှစ်ဦးက ဒီနေရာကို အားပူတန်အတွက် ရောက်လာခဲ့ကြတာလား။"
ဝမ်ချောင်သည် အကြောင်းအရာကို တဲ့တိုးမေးလိုက်သည်။
"ဒါက... ဟုတ်ပါတယ်။ ကျွန်တော်တောင်းပန်ပါတယ် ညီအစ်ကိုဝမ် ဒါပေမယ့် ကျွန်တော်တို့ တောင်းဆိုမှုကို မငြင်းဆန်နိုင်ခဲ့ကြပါဘူး။"
ကျိုက်ဖန်နှင့် ချိုက်ကျိယီတို့သည် အနည်းငယ် ရှက်ရွံ့နေကြပုံရသည်။ သူတို့သည် ဝမ်ချောင်နှင့် သိကျွမ်းရုံမျှသာ ရှိသည်မို့ သူတို့အတွက် ဤသို့သော တောင်းဆိုမှုပြုရန် မသင့်တော်ပေ။ သို့သော် သူတို့ကို ဤကိစ္စတောင်းဆိုလာသည့် ပုဂ္ဂိုလ်သည် သာမန်မဟုတ်သည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် သူတို့ကို တောင်းဆိုမှုအား ငြင်းဆန်ရန် ခက်ခဲစေသည်။
"ညီအစ်ကိုဝမ်က သူ့ကို ရိုက်နှက်ပြီး အရှက်ခွဲခဲ့ပြီးပြီမို့ ညီအစ်ကိုရဲ့ ဒေါသက အခုအချိန်မှာ ပြေပျောက်သင့်ပါပြီ။ အားပူတန်ကို ကျွန်တော်တို့ဆီ လွဲပြောင်းပေးဖို့ တောင်းဆိုလို့ ရနိုင်မလား။ ဝမ်ကလန်နဲ့ အားပူစီမျိုးနွယ် နှစ်ခုစလုံးက တိုင်းပြည်အတွက် အရေးကြီးတဲ့ ထောက်တိုင်တွေပါပဲ။ ဒီလိုသေးငယ်တဲ့ ကိစ္စကြောင့် ရန်သူတွေဖြစ်လာဖို့က အမျှော်အမြင်ရှိရာမကျပါဘူး။ ဒါက တော်ဝင်ရုံးတော်၊ ဝမ်ကလန်နဲ့ ထန်းလျိုမျိုးနွယ်စုတွေကိုပဲ ထိလိုက်နစ်နာစေပါလိမ့်မယ်။"
ကျိုက်ဖန် ပြောလိုက်သည်။
ကလန်တစ်ခုအတွက် သင့်လျော်သော ဆက်ခံသူတစ်ယောက်အနေဖြင့် သူ့စကားများသည် အလွန်ဆွဲဆောင်မှုရှိလှသည်။ ကျိုက်ဖန်သည် လိမ္မာပါးနပ်သော သံတမန်တစ်ဦးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပုံရသည်။
"ကျွန်တော်က သူ့ကို သွားခွင့်မပေးချင်တာမဟုတ်ပါဘူး ဒါပေမယ့် သူက ကျွန်တော့်ကို သွားခွင့်မပေးချင်ခဲ့တာပဲ။ ညီအစ်ကိုကျိုက်၊ ညီအစ်ကိုချိုက် ဒီတစ်ကြိမ်မှာ အားပူတန်က ကျွန်တော့်ရဲ့ တံခါးကို လာခေါက်ခဲ့သူဆိုတာ သိသင့်ပါတယ်။ သူက အဲဒီမှာ ချိတ်ဆွဲခံထားရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက သူက ကျွန်တော့်ရဲ့ ခွန်အားကို လျှော့တွက်ခဲ့လို့ပဲ။ ကျွန်တော်က သူ့ကို ဒီလို လွယ်လွယ်သွားခွင့်ပေးလိုက်ရင် ကျွန်တော်က သူ့ကို့ အရမ်းလွယ်လွယ်ကူကူ အသက်ရှုပေါက်ရသွားစေသလို ဖြစ်မနေဘူးလား။ ဒီလိုကိစ္စတွေက ထပ်ပြီးထပ်ပြီး ဖြစ်ပျက်လာမှာ မဟုတ်ဘူးလား။"
ဝမ်ချောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ကျိုက်ဖန်နှင့် ချိုက်ကျိယီတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။ သဘာဝအားဖြင့် သူတို့သည် ဝမ်ချောင်ရှေ့တွင် ထန်းလျိုကို စော်ကားခဲ့သူမှာ ချန်ပုရန်ဖြစ်သည်ဟု ထုတ်ပြောသည်အထိ ရူးမိုက်နေလိမ့်မည်မဟုတ်ပေ။
၎င်းကိုကြည့်ခြင်းအားဖြင့် ဤမြို့စားကြီးကျူး၏ မျိုးဆက်သည် ဤကိစ္စကို လွယ်လွယ်ပြီးချင်ပုံမရပေ။
……………………………………………………………………………………………………….
ဘာသာပြန်သူမှတ်ချက်- ဤအပိုင်းတွင် Guo Feng(ဂိုဖန်) ကို Jiang Feng(ကျိုက်ဖန်) ဟု မူရင်းတွင် သုံးနှုန်းထားသည်။ အပိုင်း ၂၂၃ တွင် ကျိုက်ဖန်ကို ဂိုဖန်ဟု သုံးနှုန်းထားခဲ့သည်။
အပိုင်း (၃၀၄) လူကြီးမင်းထိုက်ကျိ
"ဒါပေမယ့် ဒီမျက်နှာသာပေးမှုအတွက် တောင်းဆိုလာတာက ညီအစ်ကိုကျိုက်နဲ့ ညီအစ်ကိုချိုက်တို့ဖြစ်နေတာမို့ ကျွန်တော် သူ့ကို သွားခွင့်ပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း အခုတော့မဟုတ်သေးဘူး။"
သူတို့နှစ်ဦးသည် အရှုံးဖြင့် ပြန်လှည့်ရတော့မည်ဟု ထင်နေစဉ်မှာပင် ဝမ်ချောင်သည် ရုတ်တရက် သူ့လေသံကို ပြောင်းလိုက်ပြီး သူတို့ကို မျှော်လင့်ချက်ပေးလိုက်သည်။
"ညီအစ်ကိုဝမ်က အားပူတန်ကို ဘယ်အချိန်လောက်မှများ ပြန်လွှတ်ပေးဖို့ ရည်ရွယ်ထားသလဲဆိုတာ ကျွန်တော်တို့သိလို့ရမလားခင်ဗျ။"
ကျိုက်ဖန်နှင့် ချိုက်ကျိယိတို့သည် ထိုစကားကို ကြားသည်နှင့် ပျော်ရွှင်သွားခဲ့ကြသည်။ အမှန်တွင် သူတို့သည် ဝမ်ချောင်က သူတို့၏ တောင်းဆိုချက်ကို ပထမဆုံးအချိန်၌ပင် လက်ခံလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ သူတို့ ဤနေရာသို့ လာခဲ့ရသည့် အကြောင်းအရင်းမှာ သူ့တို့အပေါ်မှ ပြင်းထန်သည့် ဖိအားကြောင့်ဖြစ်သည်။
"မကြာမီပေါ့။ အချိန်တန်ရင် သူ့ကို ပြန်လွှတ်ပေးမှာပါ။"
ဝမ်ချောင် တည်ငြိမ်စွာပြောလိုက်သည်။
"သူ့ကို ဒီနေ့မှာပဲ လွှတ်ပေးမှာလားဆိုတာ သိလို့ရနိုင်မလားဗျ။"
ကျိုက်ဖန်သည် ဝမ်ချောင်ကို စကားအစ်ထုတ်ရန် ကြိုးစားလိုက်သည်။ ဝမ်ချောင်သည် အတည်ပြောသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် ညီအစ်ကိုဝမ်ခင်ဗျ"
ကျိုက်ဖန်နှင့် ချိုက်ကျိယိတို့သည် ချက်ချင်းပင် ဝမ်ချောင်ကို ရက်ရက်ရောရောကျေးဇူးတင်လိုက်ကြသည်။ အမှန်အတိုင်းဆိုရလျှင် သူတို့သည် ဤညစ်ပတ်သော အလုပ်ကို မလုပ်ချင်ခဲ့ကြပေ။ ဝမ်ကလန်သည် ကျိုက်ကလန်နှင့် ချိုက်ကလန်တို့က ဆက်ဆံရေးခိုင်မြဲစေရန် အမြဲကြိုးစားနေခဲ့ရသည့် စွမ်းအားစုများထဲမှ တစ်ခုဖြစ်သည်။ ဤသို့သော ကိစ္စများသည် သူတို့၏ ဆက်ဆံရေးကို အလွယ်တကူပြီးဆုံးသွားစေနိုင်သည်။
သို့သော် သူတို့ကို ဤကိစ္စတောင်းဆိုခဲ့သည့် ပုဂ္ဂိုလ်မှာ အလွန်မှ ဩဇာအရှိန်အဝါကြီးလှသည်။
ထို့ကြောင့် ဝမ်ချောင်က ဤနေ့တွင် အားပူတန်ကို လွှတ်ပေးရန် ဆန္ဒရှိနေသည့် အမှန်တရားမှာ သူတို့ကို ပျော်ရွှင်သွားစေခဲ့သည်။ ကျန်သည့်အရာများအနေဖြင့် သူတို့သည် ဝင်ပါကြတော့မည်မဟုတ်ပေ။ အားလုံးပြီးနောက် ဒုက္ခခံစားနေရသူမှာ သူတို့မဟုတ်ပေ။ သူတို့သည် ဘာကြောင့် တာဝန်ယူရမည်နည်း။
"ညီအစ်ကိုကျိုက်၊ ညီအစ်ကိုချိုက် မင်းတို့လည်း ဒီမှာလာထိုင်ပြီး ဘာလို့ လက်ဖက်ရည်မသောက်ရတာလဲ။"
ဝမ်ချောင်သည် ရီချင်းလက်ဖက်ရည်ခွက်အလွတ်နှစ်လုံးကို တောက်ထုတ်လိုက်သည်။
"ဟားဟားဟား ကျွန်တော်သောက်ချင်ပါတယ်။"
"ဝမ်သခင်လေးက ကျွန်တော်တို့ကို လက်ဖက်ရည်နဲ့ဧည့်ခံတာ ရှားပါးတယ် ကျွန်တော်တို့ ဒီကမ်းလှမ်းမှုကို ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ။"
ဝမ်းမြောက်ဝမ်းသာ ရယ်မောလိုက်ခြင်းနှင့်အတူ ထိုနှစ်ဦးသည် လက်ဖက်ရည်ခွက်ကို ဖမ်းလိုက်ပြီး ထိုင်လိုက်ကြသည်။ သူတို့မျက်နှာပေါ်မှ စိုးရိမ်မှုများသည် အနည်းငယ် လျော့ပါးသွားခဲ့သည်။
ဂုဏ်သရေရှိ ကလန်များ၏ အဖွဲ့ဝင်များအနေဖြင့် သူတို့သည် သူတို့ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်နေသော အခြေအနေများသို့ မကြာခဏတွန်းပို့ခံရလေ့ရှိသည်။ ဥပမာအနေဖြင့် လီအိမ်တော်မြို့စားနှင့် အဖြစ်အပျက်ဖြစ်သည်။ စုဟန်ရှန်းကို ကယ်တင်ရန်အတွက် သူသည် ထိုလူကို အကြွေးတစ်ခုတင်ခဲ့ရသည်။
ထို့ကြောင့် အကယ်၍ ထိုလူ အကူအညီတောင်းလာခဲ့ပါက ဝမ်ချောင်သည် သူ့ကို ငြင်းဆန်နိုင်သည့် အနေအထားတွင် ရှိလိမ့်မည်မဟုတ်ပေ။
ဤအတုံ့အလှည့်သည် ဂုဏ်သရေရှိကလန်များကြား သာမန်လုပ်ရိုးလုပ်စဉ်ဖြစ်သည်။ ဤအသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့ရသောကြောင့် ဝမ်ချောင်သည် ဤသို့သော ကိစ္စများတွင် ကောင်းစွာ ကျွမ်းကျင်ပေသည်။
အားပူတန်ကိစ္စကို ဘေးဖယ်ထားလိုက်ပြီးနောက် သူတို့အုပ်စုအတွင်းရှိ လေထုသည် အပျော်များဖြင့် ပြည့်နှက်လာခဲ့သည်။ ကျိုက်ဖန်နှင့် ချိုက်ဖန်တို့သည်လည်း အုပ်စုထဲတွင် ဝင်ပါလိုသည့် သူတို့၏ စိတ်ဝင်စားမှုကို ဖော်ပြလိုက်ကြသည်။
မသိလိုက်ဘဲ အချိန်များစွာ ကုန်ဆုံးသွားခဲ့သည်။
………………………………………………………………………………………………………….
"မင်းတို့ကောင်ဆိုးတွေ မင်းတို့က ဘယ်လိုပျော်အောင်နေရမလဲဆိုတာ သိကြတာပဲ။"
နက်ရှိုင်းပြီး မြူးကြွသော အသံတစ်ခုသည် လူတိုင်း၏ နားထဲတွင် ပေါ်ထွက်လာခဲ့သည်။ ထို့နောက် သတ္တုသံသည် ကျယ်လောင်စွာပေါ်ထွက်လာခဲ့ပြီး သံချပ်ကာဝတ်ဆင်ထားသည့် ကျောက်ရှန်းကျူနှင့် ကျိုးဟွမ်တို့သည် အခန်းထဲသို့ လှမ်းဝင်လာခဲ့ကြသည်။
"ကောင်ဆိုးလေး မင်းကျီစားလို့ပြီးပြီမဟုတ်လား။ သူ့ကို လက်လွှဲပေးဖို့ အချိန်ရောက်ပြီ"
ကျောက်ရှန်းကျူသည် စားပွဲသို့ တိုက်ရိုက်လျှောက်လာခဲ့ပြီး ဝမ်ချောင်ဆီမှ လက်ဖက်ရည်ခွက်ကို ယူလိုက်ကာ တကျိုက်တည်းမော့ချလိုက်သည်။
"ဟားဟား နည်းပြဆရာကျောက် ဒီကိုရောက်လာတာက တစ်ယောက်ယောက်ရဲ့တောင်းဆိုမှုကြောင့်လား။"
ဝမ်ချောင်သည် ကျောက်ရှန်းကျူ လက်ဖက်ရည်နောက်တစ်ခွက် ဇိမ်ပြေနပြေသောက်လိုက်သည်ကို ကြည့်ကာ ရယ်မောလိုက်သည်။
"မင်း ဘယ်လို အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ။ ငါ့ကြောင့်သာမဟုတ်ရင် လေ့ကျင့်ရေးစခန်းက တခြားနည်းပြဆရာတွေ မင်းရဲ့ ဒီအိမ်တော်ကို နင်းခြေသွားလောက်ပြီ။"
ကျောက်ရှန်းကျူသည် သူ့လက်ကိုမြှောက်လိုက်ပြီး ဝမ်ချောင် ခေါင်းနောက်သို့ ရိုက်လိုက်သည်။
သူသည် ဝမ်ချောင်နှင့် အားပူတန်ကြားရှိ ပဋိပက္ခသတင်းကို တစ်စုံတစ်ယောက်က သူ့ဆီမှ တမင်သက်သက် ဖုံးကွယ်ထားခြင်းကြောင့် နောက်ကျမှ သိခဲ့ရသည်။
ထို့နောက် ဝမ်ချောင်က အပေါ်စီးမှ ရရှိသောအခါ တစ်စုံတစ်ယောက်သည် သူ့ကို ကိစ္စတစ်ခုလုံးအား တမင်သက်သက်သိရှိစေခဲ့သည်။ ကျောက်ရှန်းကျူသည် ရူးနေခြင်းမဟုတ်ပေ။ ထို့ကြောင့် သူသည် ဘာတွေဖြစ်ပျက်နေသည်ကို ချက်ချင်းနားလည်လိုက်သည်။
တစ်ဖက်တွင်မူ ကျောက်ရှန်းကျူသည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။ ဤခွေးကောင်များသည် လွန်လွန်းလှသည်။ ဤသည်မှာ ပညာရှင်ဧကရာဇ်က စောင့်ကြည့်နေသော လေ့ကျင့်ရေးစခန်းတစ်ခုဖြစ်သည်။ သို့တိုင် သူတို့သည် ဤနေရာတွင် ပြဿနာရှာဝံ့နေကြတုန်းပင်။
နောက်တစ်ဖက်တွင်မူ ကျောက်ရှန်းကျူသည် ဒေါသလည်း ထွက်သွားခဲ့သည်။ ဤသည်မှာ ကျောင်းသားများအကြား ဤကဲ့သို့ ကြီးမားသည့် သဘောထားကွဲလွဲမှုဖြစ်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သူသည် ဤကိစ္စကို လွယ်လွယ်နှင့် ထားလိုက်ပါက သူတို့အတွက် သူသည် အလွန်လွယ်ကူသွားပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် သက်ညှာမှုသည် ထိုကဲ့သို့သော အဖြစ်အပျက်များ ပြန်လည်ဖြစ်ပွားမှုကိုသာ မြှင့်တင်ပေလိမ့်မည်။ ထို့ကြောင့် သူသည် တရားခံများကို ပြင်းထန်စွာ သင်ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။ ဤရှုထောင့်တွင် ကျောက်ရှန်းကျူနှင့် ဝမ်ချောင်သည် တူညီသည့် အတွေးရှိပေသည်။ ထို့ကြောင့် ကျောက်ရှန်းကျူသည် ဤကိစ္စကို ဝင်ရောက်စွက်ဖက်ရန် သူ့အခွင့်အာဏာကို အသုံးချခဲ့သည်။
ချီဘုရင်သည် ကြီးမားသည့် ဩဇာအာဏာကို ပိုင်ဆိုင်ထားသော်လည်း ဤသည်က လေ့ကျင့်ရေးစခန်းတွင် အကန့်အသတ်ရှိသည်။ စစ်မှုထမ်းဌာနသည်ပင် ဤနေရာ၌ ဝင်ပါ၍ မရနိုင်ပေ။ သို့သော်လည်း ကျောက်ရှန်းကျူသည်တော့ ခြားနား၏။
လေ့ကျင့်ရေးစခန်းနောက်ကွယ်မှ လူကြီးမင်းသည် သူ့တိုက်ရိုက်ကြီးကြပ်ရေးမှူးဖြစ်သည်။ ကျောက်ရှန်းကျူသည် ဤကိစ္စတစ်ခုလုံးကို ဖိနှိပ်ရန် သူ့ကြီးကြပ်ရေးမှူးကို အလွယ်တကူတွေ့နိုင်ပေသည်။ အားပူတန်သည် ဤကိစ္စကို ဖြစ်စေခဲ့သူဖြစ်သောကြောင့် အခြားသူများကို ခြိမ်းခြောက်ဟန့်တားရန် သူသည် ပြင်းထန်စွာ အပြစ်ပေးခံရပေမည်။
ဤသို့ဖြင့် ကျောက်ရှန်းကျူသည် ဝမ်ချောင်၏ လုပ်ရပ်များကို အမှန်ပင် ထောက်ခံခဲ့သည်။
"ကောင်လေး မင်းလုပ်နိုင်တဲ့အရာက အကန့်အသတ်ရှိတယ်။ လုံလောက်ပြီ ဒါကြောင့် သူ့ကို လွှတ်ပေးလိုက်ပါ။"
ကျောက်ရှန်းကျူပြောလိုက်သည်။
တင်းကြပ်သည့် စည်းမျဉ်းများသည် ကျောင်းသားများနှင့် နည်းပြများ အလွန်နီးကပ်သည်ကို တားမြစ်ထားခဲ့သော်လည်း ကျောက်ရှန်းကျူသည်တော့ ဝမ်ချောင်နှင့် မွေ့လျော်နေဆဲဖြစ်သည်။ တစ်နည်းနည်းဖြင့် တစ်ဖက်လူ၏ကိုယ်ရည်ကိုယ်သွေးသည် သူ့စိတ်ကြိုက်ဖြစ်ပုံရသည်။
"ရွှီးချီ နည်းပြဆရာကျောက်ရဲ့စကားကို မင်းကြားတယ်မဟုတ်လား။ အားပူတန်ကို အောက်ချပေးလိုက်။"
ဝမ်ချောင် အမူအရာလုပ်ပြလိုက်သည်။ အပြုံးနှင့်အတူ လူအနည်းငယ်သည် အားပူတန်ကို အလံတိုင်မှ ချက်ချင်း ချပေးလိုက်သည်။ ဤအရာနှင့်အတူ ဤကိစ္စသည် အဆုံးသတ်သို့ ရောက်လာပြီဟု ဆိုနိုင်သည်။ သို့သော်လည်း ဤသည်က အားပူတန်အရှက်ကွဲခြင်း၏ အစသာရှိသေးသည်။
"သွားကြစို့"
နျန်ယန်၊ ကောင်းဖုန့်တို့နှင့်အတူ ရွှီးချီသည် ဘေးတံခါးမှ ထွက်ခွာသွားလိုက်ကြသည်။ အားပူတန်ကို လွှတ်ပေးလိုက်သည်ကို မြင်လိုက်ရတော့မှသာ ကျိုက်ဖန်နှင့် ချိုက်ကျိယိတို့သည် စိတ်သက်သာရာရသွားခဲ့ကြသည်။
"ကောင်လေး ထွက်သွားဖို့ အဲလောက်အလျင်လိုမနေနဲ့။ တစ်ပွဲလောက်အရင်ကစားလိုက်ကြတာပေါ့။"
ရွှီးချီတို့ ထွက်သွားပြီးသည်နှင့် ကျောက်ရှန်းကျူသည် သူ့လက်မောင်းအိုးထဲမှ ကျားခုံတစ်ခုကို ချက်ချင်းထုတ်ယူလိုက်ပြီး စားပွဲပေါ်တင်လိုက်သည်။
"ကောင်းပါပြီ ကျွန်တော်က နည်းပြဆရာကျောက်ရဲ့စကားကို ဘယ်လိုလုပ် မလိုက်နာဘဲ နေရဲမှာလဲဗျ။"
ဝမ်ချောင် ပြုံးလိုက်သည်။
ထိုနေ့က ဝမ်ချောင်ကို ငါးပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် သူသည် ဝမ်ချောင်ကို စိန်ခေါ်ရန် အလွန်ဆန္ဒပြင်းပြလာခဲ့သည်။ ထို့ကြောင့် အချိန်ရသည့်အခါတိုင်း သူသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ သွားရောက်ပြီး ဝမ်ချောင်ကို ယှဉ်ပြိုင်ချင်ခဲ့သည်။
ကျိုးဟွမ်လည်း အတူတူပင်။
လေ့ကျင့်ရေးစခန်း၏ စည်းမျဉ်းများသည် သာမန်တပ်သားသစ်များကို လေ့ကျင့်ရေးစခန်းမှ လွတ်လပ်စွာ ထွက်ခွာမသွားနိုင်စေရန် ချမှတ်ထားခဲ့သည်။ ရွှီးချီ၊ နျန်ယန်၊ ကောင်းဖုန့်နှင့် အခြားသူများကို ဤအခွင့်ထူးရရှိရန် ကျောက်ရှန်းကျူ၏ အကူအညီ လိုအပ်သည်။ ဤသို့ဖြင့် ဝမ်ချောင်သည် ထိုင်ချလိုက်ပြီး သူနှင့် တစ်ပွဲကစားလိုက်သည်။
မည်သို့ဆိုစေကာမူ စွမ်းရည်များအကြား ကွာဟချက်သည် အလွန်မှ ကြီးမားနေခဲ့သည်။ အချိန်ခဏအတွင်းမှာပင် ကျောက်ရှန်းကျူသည် လုံးဝကြေကွဲသွားခဲ့သည်။
ခရွက်
အလင်းတန်းတစ်ခုသည် လဟာပြင်တွင် လက်ခနဲတောက်ပသွားခဲ့ပြီး ကလေးငယ်၏လက်မောင်းအထူရှိသော ဆူးချုံများသည် ဖြတ်တောက်ခြင်းခံလိုက်ရသည်။ အညိုရောင်ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦးသည် အေးစက်သည့် မျက်ဝန်းများဖြင့် ချုံပုတ်ကြားတွင် မတ်တပ်ရပ်နေခဲ့သည်။
စူးရှသည့် မျက်လုံးများ၊ ရုတ်ချည်းလှုပ်ရှားမှုများနှင့်အတူ သူသည် သားကောင်ကို တိုက်ခိုက်ရန် စောင့်နေသည့် မြေပေါ်တွင် တွားသွားနေသော မြွေတစ်ကောင်ကဲ့သို့ ခံစားရစေသည်။ သူဝန်းကျင်တွင် ရစ်ဝဲနေသည့် အန္တရာယ်အငွေ့အသက်သည် အခြားသူများကို ဝေးဝေးနေရန် သတိပေးနေခဲ့သည်။
သစ်ပင်များနှင့် ဆူးချုံများဖြင့် ပြည့်နေသော ကျယ်ပြန့်သည့် တောင်တန်းကို ကြည့်ကာ အကြီးအကဲက စကားစပြောလိုက်သည်။
"လူကြီးမင်းထိုက်ကျိ ဒါက မင်းခန့်မှန်းတွက်ချက်ထားတဲ့ နေရာ တကယ်ပဲလား။"
"မှားစရာမရှိဘူး။ အာရုံတစ်ခုက လွန်ခဲ့တဲ့ လဝက်ကတည်းက ငါ့ဆီကို ရောက်လာခဲ့တယ် ဒါကြောင့် ငါ ခန့်မှန်းတွက်ချက်မှုတချို့လုပ်ခဲ့တယ် ဒါက ငါရရှိထားတဲ့ ရလဒ်ပဲ။ သာမန်အခြေအနေမှာ ဒီလောက်အတိုင်းအတာအထိ တွက်ချက်ဖို့က မဖြစ်နိုင်ဘူး။ ငါနဲ့ တူညီတဲ့ တန်ခိုးစွမ်းအားရှိတဲ့ ဟောကိန်းထုတ်သူတွေတောင် ဒီနေရာမှာ အကြိမ်ကြိမ်ခန့်မှန်းတွက်ချက်ပြီး အကြိမ်တစ်ထောင်မှာ တစ်ကြိမ်ပဲ အခွင့်အရေးရှိလိမ့်မယ်။"
အကြီးအကဲ၏ နောက်တွင် အရှေ့၌ထိုက်ကျိသင်္ကတရှိ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ခံ့ညားပြီး ပညာရှိပုံပေါ်သည့် တာအိုဆရာတစ်ဦး မတ်တပ်ရပ်နေခဲ့သည်။
တာအိုဆရာ၏ ရှည်လျားသည့် ဆံပင်များသည် နေရာတစ်ခုတွင် ခရမ်းရောင်ဆံထိုးဖြင့် သိမ်းထားခံရ၏။ သူ့ဘယ်ဘက်လက်တွင် ထူးခြားသော ရွှေနှစ်ထပ်သံလိုက်အိမ်မြှောင်တစ်ခုရှိသည်။ သူသည် လက်ရှိတွင် ကျောက်တုံးကြီးတစ်ခုပေါ်၌ မတ်တပ်ရပ်နေခဲ့ပြီး သူ့ညာလက်ဖြင့် ချိတ် သင်္ကေတများစွာကို ဖန်တီးကာ တစ်စုံတစ်ရာကို အဆက်မပြတ် တွက်ချက်နေပုံရသည်။
"ငါတို့ ရှေ့တိုးလာတာနဲ့အမျှ အန္တရာယ်ရှိတဲ့ အငွေ့အသက်ဟာ ပိုမိုအားကောင်းလာတယ်။ 'အန္တရာယ်များအတွင်း ဖုံးကွယ်ထားသော ကောင်းချီးပေးခံရသည့် နယ်မြေ၊ သဘာဝတရားအလယ်တွင် ဖုံးကွယ်ထားသော ကမ္ဘာမြေနဂါး။' ဒီပထဝီဝင်မြေမျက်နှာသွင်ပြင်က ယင်ယန်အသွင်ပြင်ပြီးရင် ဒုတိယအသွင်အပြင်ဖြစ်တယ်။ ဒီဒေသရဲ့ အစစ်အမှန် သဘောသဘာဝကို စူးစမ်းဖို့က ဒီနေရာကို သွားကြည့်တာပဲ။ ဒီလိုမှမဟုတ်ရင် အတော်ဆုံးဟောကိန်းထုတ်သူတွေတောင် ဒီနေရာမှာရှိတဲ့ ဝိဉာဉ်သွေးကြောကို ခန့်မှန်းတွက်ချက်ဖို့ ခက်ခဲလိမ့်မယ်။"
"ဖျက်ဆီးခြင်းအငွေ့အသက်က ယင် သဘောသဘာဝရှိပြီး ဝိဉာဉ်သွေးကြောကတော့ ယန်သဘောသဘာဝရှိတယ်။ ဒါက ရှားပါးတဲ့ ယင်နဲ့ယန် ဘက်ညီခြင်းပဲ။ ငါတို့ရဲ့ ပန်းတိုင်နဲ့ နီးကပ်လာနေပြီဆိုတာ ငါသေချာတယ်။"
တာအိုဆရာသည် သံလိုက်အိမ်မြှောင်ကို ကိုင်လျက် ပြောလိုက်သည်။
'လူတစ်ဦး၏ ကံကြမ္မာကို ဆုံးဖြတ်ရန် ခရမ်းရောင်ဆံထိုးတစ်ခု၊ ယင်ယန်ကို ဖျက်ဆီးရန် သံလိုက်အိမ်မြှောင် နှစ်ခု'။ အကယ်၍ ဝမ်ချောင်သာ ဤနေရာတွင်ရှိခဲ့ပါက သူသည် ဤနေရာ၌ရှိနေသည့် တာအိုဆရာကို မြို့တော်၏ ကျော်ကြားသည့် လူကြီးမင်းထိုက်ကျိအဖြစ် သေချာပေါက် မှတ်မိပေလိမ့်မည်။
ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်များကို ထုတ်ဖော်ခဲ့ကြသော ယင်ယန် ဆရာများထဲတွင် လူကြီးမင်းထိုက်ကျိသည် ယင်ယန်ဆရာနယ်ပယ်အတွင်း အလေးစားခံရဆုံးပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။ လူများစွာသည် သူ့အကြောင်းများကို ကြားဖူးကြသည်။ သို့သော် လက်တစ်ဆိတ်စာပမာဏ လူအနည်းငယ်ကသာ သူ့ကိုသိပေသည်။
ထို့အပြင် သူသည် တော်ဝင်မိသားစု၏ တိုက်ရိုက်အမိန့်ပေးမှုအောက်တွင် တည်ရှိသည်။
"လူကြီးမင်းထိုက်ကျိ ငါ မင်းရဲ့ ဟောကိန်းကို မသိဘူး ငါက တတိယမင်းသားရဲ့ ကောင်းကျိုးအတွက်ပဲ လုပ်တာ။ အရှင်မင်းသားက ဒီကိစ္စကို ဘယ်လောက်အထိ မျှော်မှန်းထားသလဲဆိုတာ မင်းသိမယ်လို့ ငါယုံတယ်။ တကယ်လို့ တောင်အနက်မှာ တကယ်ပဲ ကြီးမားတဲ့ ဝိဉာဉ်သွေးကြောရှိခဲ့မယ်ဆိုရင် ဒါက အရှင်မင်းသားရဲ့ ပန်းတိုင်အတွက် သေချာပေါက် တန်ဖိုးမဖြတ်နိုင်တဲ့ ထောက်ပံ့မှုတစ်ခုဖြစ်လာလိမ့်မယ်။ ဒါကြောင့် မင်းက အရှင်မင်းသားကို စိတ်ပျက်အောင်မလုပ်ဖို့ ငါ မျှော်လင့်ပါတယ်။"
အညိုရောင်ဝတ်ရုံဖြင့် အကြီးအကဲပြောလိုက်သည်။
"တစ္ဆေလက် စိတ်မပူပါနဲ့။ ငါ့ရဲ့တွက်ချက်မှုထဲမှာ အမှားပါဖို့က မဖြစ်နိုင်ဘူး။ ရှေ့ဆက်ကြရအောင် ငါမင်းကို ဘယ်သူမှမသိသေးတဲ့ ဝိဉာဉ်သွေးကြောဆီ ခေါ်ဆောင်သွားပေးမယ်။"
လူကြီးမင်းထိုက်ကျိသည် ယုံကြည်မှုရှိစွာပြောလိုက်သည်။
တစ္ဆေလက်ဟု အမည်ရသော အကြီးအကဲက ခေါင်းညိတ်သည်။ လက်ဝေ့ယမ်းလိုက်ခြင်းနှင့်အတူ သူတို့နှင့်ပါလာသော အဝါရောင်ဝတ်ရုံဝတ် အစောင့်များသည် နောက်တစ်ကြိမ် လမ်းဖောက်လိုက်ကြသည်။ လမ်းခရီးသည် ဆူးချုံများ၊ အဆိပ်ရှိသည့် အင်းဆက်များ၊ အဆိပ်ရှိ သားကောင်များ၊ ကြမ်းကြုတ်သည့် သားရဲများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုသည်မှာ တောင်တန်း၌ သူတို့၏ တတိယနေ့ဖြစ်သည်။ သို့သော် ခန့်မှန်းမရသည့် တစ္ဆေလက်ဟု အမည်ရသော အကြီးအကဲဖြစ်စေ၊ လူကြီးမင်းထိုက်ကျိဟု ခေါ်ဆိုခဲ့သော ဟောကိန်းထုတ်သူဖြစ်စေ၊ မတူညီသည့်နောက်ခံမှ လာသည်မှာ ထင်ရှားသည့် အားကောင်းပုံပေါ်သော အစောင့်များဖြစ်စေ မည်သူမျှ လုံးဝအတွန့်တက်မနေကြပေ။
ကျယ်ပြောလှသော တောင်တန်းများအတွင်း၌ ရပ်နေသော အုပ်စုသည် မထင်ရှားသည့် ပုရွက်ဆိတ်များကဲ့သို့ ရှေ့ကို ချီတက်ကာ သူတို့၏ပန်းတိုင်ကို ရှာဖွေနေကြသည်။
ခရီးကြောင့် လူတိုင်းပင်ပန်းနွမ်းလျနေချိန်မှာပင် လူကြီးမင်းထိုက်ကျိသည် သူ့သံလိုက်အိမ်မြှောင်ကို ကြည့်ပြီး ရှေ့သို့ရုတ်တရက်ညွှန်ပြလိုက်သည်။ ထို့နောက် သူသည် စိတ်လှုပ်တရှားလေသံဖြင့် အော်ပြောလိုက်သည်။
"ငါ အဲဒါကို တွေ့ပြီ။ ဒါက ရှေ့နားမှာပဲ။"
သူ၏ဘယ်ဘက်လက်ရှိ သံလိုက်အိမ်မြှောင်သည် ခရီးတစ်လျှောက်လုံး၌ ရှိခဲ့သည်ထက် ပို၍တုန်လှုပ်နေသည်။ ထိုစကားကိုကြားသောအခါ လူများသည် ပြန်လည်အသက်ဝင်လာပြီး ချက်ချင်းပင် အားကြိုးမာန်တက်ဖြင့် လမ်းဖောက်လိုက်ကြသည်။
ခရွက်
နောက်ဆုံး ဆူးနွယ်ပင်များနှင့် သစ်ပင်အချို့ကို လှဲလိုက်သောအခါ သူတို့ရှေ့မှ မြင်ကွင်းသည် ရုတ်တရက် ပွင့်သွားခဲ့သည်။ သူတို့သည် သစ်ပင်ကြီးအနည်းငယ်အောက်ရပ်ကာ သူတို့ရှေ့တွင် ငြိမ်သက်စွာလဲလျောင်းနေသော ဧရာမနဂါးကြီးကဲ့သို့ ကျန့် ရာပေါင်းများစွာမြင့်သော စိမ်းလန်းစိုပြေသည့် တောင်တန်းကြီးကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်တွင် ကမ္ဘာဦးအငွေ့အသက်များ လွင့်ပျံနေခဲ့သည်။
လူကြီးမင်းထိုက်ကျိပင် ဤအချိန်၌ စကားတစ်ခွန်းမှ မဆိုတော့ပေ။ လေထဲတွင် ဝိဉာဉ်စွမ်းအင်များ ပြင်းထန်စွာ စုဝေးနေခဲ့သည်ကို လူတိုင်း ခံစားနိုင်ပေသည်။
စုဝေးနေသော ဝိညာဉ်စွမ်းအင်များကို သယ်ဆောင်လာသည့် လေပြေအောက်တွင် မီးခိုးရောင်ဝတ်ရုံအကြီးအကဲသည် သက်တောင့်သက်သာဖြင့် တုန်ခါသွားခဲ့ကာ သူ့ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်သွားသည်ကို တွေ့ရှိလိုက်ရသည်။
"အံ့မခန်းပဲ"
အကြီးအကဲသည် စိတ်လှုပ်တရှားဖြင့် တုန်ခါနေခဲ့သည်။ သူတို့သည် တောထဲတွင် လေးရက်ကြာ ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရသော်လည်း သူတို့၏ကြိုးစားအားထုတ်မှုသည် တန်သွားခဲ့ပြီဖြစ်သည်။ နောက်ဆုံးတွင် တောင်တန်းများကြား၌ ပုန်းကွယ်နေသော ရတနာကို သူတို့ တွေ့ရှိလိုက်ပြီဖြစ်သည်။
မကြုံစဖူး ကြီးမားလှသော ဝိညာဉ်သွေးကြောဖြင့် တတိယမင်းသား၏ အခြေအနေသည် သိသိသာသာ တိုးတက်လာပေလိမ့်မည်။ သူသည် ကျွမ်းကျင်သူများကို ပို၍ပင်ဆွဲဆောင်နိုင်ပြီး ပျိုးထောင်နိုင်မည်ဖြစ်သဖြင့် အခြားမင်းသားများကို ယှဉ်ပြိုင်တိုက်ခိုက်ရာတွင် အခြေကုပ်ပို၍ ပိုင်ဆိုင်လာနိုင်သည်။
"လူကြီးမင်းထိုက်ကျိ ဒီတစ်ကြိမ်မှာ ခင်ဗျားက ကျွန်တော်တို့ကို အကြီးအကျယ်အကျိုးပြုလိုက်တာပဲ။ မင်းသားက ဒါကိုသိပြီးတာနဲ့ သေချာပေါက် ဝမ်းသာသွားမှာပဲ။"
စိတ်လှုပ်ရှားနေသည့် တစ္ဆေလက်၏ လေသံသည် ယခင်ကထက် အနည်းငယ်ကျယ်လောင်နေခဲ့သည်။
"မြန်မြန် ဒီကိစ္စကို အကြောင်းကြားဖို့ မင်းသားဆီကို စာပို့လိုက်ကြစမ်း။"
သို့သော် တစ္ဆေလက်၏ စကားမဆုံးမီမှာပင် တုန်လှုပ်နေသည့် အာမေဋိတ်သံတစ်ခု လေထဲတွင် ပေါ်ထွက်လာခဲ့သည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ။"
"သခင် ဟိုနေရာကို ကြည့်လိုက်ဦး။ အဲဒီမှာ ဘယ်လိုလုပ် အိမ်တော်တွေရှိနေရတာလဲ။"
တော်ဝင်အစောင့်များသည် တောင်ထိပ်ကို ညွှန်ပြကာ အံ့ဩတကြီးဖြင့် ရေရွတ်လိုက်ကြသည်။
ပင်ပန်းနွမ်းလျနေသည့် လူကြီးမင်းထိုက်ကျိနှင့်အတူ တစ္ဆေလက်သည် တုန်လှုပ်မှုဖြင့် တုန်ခါသွားခဲ့ကြသည်။ သူတို့သည် အစောင့်များညွှန်ပြသည့်နေရာသို့ လျင်မြန်စွာကြည့်လိုက်ကြသည်။
ဟောင်းလောင်
သူတို့၏ အလွန်အံဩနေသည့် အကြည့်များရှေ့တွင် တိမ်တိုက်များကြား၌ ကြီးကျယ်ခမ်းနားသော ရွှေရောင်နန်းတော် အများအပြား ပေါ်ထွက်လာခဲ့သည်။
မိုးကြိုးပစ်ချလိုက်သကဲ့သို့ တစ္ဆေလက် အေးခဲသွားခဲ့သည်။
ကြက်သေသေသွားခဲ့ကာ လူကြီးမင်းထိုက်ကျိသည် သူ့လက်ထဲရှိ ရွှေရောင်နှစ်ထပ်ရှိသော သံလိုက်အိမ်မြှောင်ကို လွှတ်ချလိုက်မိကြောင်းပင် မသိလိုက်ချေ။
'ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'
ဤသည်မှာ ယခုအခိုက်အတန့်တွင် လူကြီးမင်းထိုက်ကျိ၏ စိတ်ထဲ၌ ပြည့်နှက်နေသည့် အတွေးပင် ဖြစ်သည်။
…………………………………………………………………………………………………………
အပိုင်း ၃၀၅ ဝိဉာဉ်သွေးကြော ဖော်ထုတ်ခံလိုက်ရခြင်း
လူတိုင်း ကြက်သေသေသွားခဲ့ကြသည်။
ဤသည်မှာ အထူးသဖြင့် လူကြီးမင်းထိုက်ကျိနှင့် တစ္ဆေလက်အတွက်ဖြစ်သည်။ သူတို့၏ ပါးစပ်များသည် ပွင့်အာနေခဲ့ကြသည်။ သို့သော် စကားတစ်ခွန်းမှထွက်မလာခဲ့ပေ။
"ထိုက်ကျိ ဘာတွေဖြစ်နေတာလဲ။ ဒီနေရာက ငါတို့ကလွဲလို့ ဘယ်သူမှ မသိသေးတဲ့နေရာလို့ ခင်ဗျားမပြောခဲ့ဘူးလား။"
မဲပြာနေသည့် တစ္ဆေလက်သည် ဤစကားများကို သွားကြားထဲမှ ထွက်သည့်လေသံဖြင့် တစ်လုံးချင်းပြောလိုက်သည်။
"ဒါက မဖြစ်နိုင်ဘူး။"
လူကြီးမင်းထိုက်ကျိသည် ရှေ့သို့တိုးသွားကာ ရေရွတ်လိုက်သည်။ သူသည် တစ္ဆေလက်၏ စကားကို လုံးဝသတိမပြုမိခဲ့ပေ။ အံ့အားသင့်မှုက သူ့ကို လုံးဝတိုက်စားသွားခဲ့သည်။
သူ့ဗေဒင်တွက်ချက်ခြင်းကျွမ်းကျင်မှုသည် လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ မြို့တော်ရှိ လူအနည်းငယ်ကသာ ဤနယ်ပယ်တွင် သူ့ကို ယှဉ်နိုင်ပေလိမ့်မည်။
သူ့ဗေဒင်အရ ဤနယ်မြေသည် သူကလွဲ၍ မည်သူမျှ လုံးဝမသိသည်သေးဟူ၍ ဖြစ်သင့်သည်။ ဤနယ်ပယ်တွင် သူ့ကို ရိုက်ချနိုင်သည်မှာ မဖြစ်နိုင်ပေ။
သို့သော် အမှန်တရားသည် သူ့ကို လုံးဝခြားနားသည့် မြင်ကွင်းအား ပြသနေခဲ့သည်။
တစ်ယောက်ယောက်သည် သူ့ထက်ဦး၍ ဤနေရာကို တွေ့သွားခဲ့သည်။ ခမ်းနားထည်ဝါသော အခြေခံအဆောက်အဦများနှင့် အဆောက်အဦ အများအပြား... ဤအရာအားလုံးကို အချိန်အတော်ကြာ ဆောက်လုပ်ခြင်းမရှိဘဲ တည်ဆောက်ရန် မဖြစ်နိုင်ပေ။
"လူကြီးမင်း သူတို့က ဝိဉာဉ်သွေးကြောကို သတိမပြုမိသေးတာ မဖြစ်နိုင်ဘူးလား။"
တတိယမင်းသား၏ တော်ဝင်အစောင့်သုံးဦးသည် မျှော်လင့်ချက်ဖြင့် မေးလိုက်ကြသည်။
"မဖြစ်နိုင်ဘူး"
လူကြီးမင်းထိုက်ကျိသည် တုံ့ဆိုင်းနေခြင်းအလျင်းမရှိဘဲ အကြံပြုချက်ကို ငြင်းပယ်လိုက်သည်။
"ဒီနေရာက အရမ်းဝေးလံခေါင်သီတယ် အဓိကလမ်းမကနေဆို အဝေးကြီးပဲ။ တကယ်လို့ သူတို့က တစ်ခုခုကို သတိမပြုမိခဲ့ဘူးဆိုရင် သူတို့က ဒီနေရာမှာ ဒီလိုခမ်းနားထည်ဝါတဲ့ အဆောက်အဦးတွေ လာဆောက်မှာမဟုတ်ဘူး။"
"ဒါပေမယ့် သူတို့က အလည်ခရီးထွက်လာတာမဖြစ်နိုင်ဘူးလား။"
"သူတို့က အဆိပ်ပြင်းမြွေတွေရှိတဲ့နေရာတစ်ခုကို အလည်ခရီးထွက်လာမယ်လို့ မင်းတို့ထင်နေတာလား။"
ဤမေးခွန်းက အစောင့်များကို ပြောစရာစကားမဲ့သွားစေခဲ့သည်။
ဤနေရာသို့ လာသည့် လမ်းခရီးတွင် သူတို့သည် ဝိဉာဉ်သွေးကြောမရှိသည့် မြင်ကွင်းဖြစ်စေ သို့မဟုတ် လူကြီးမင်းထိုက်ကျိက မှားယွင်းတွက်ချက်ခဲ့သည့် မြင်ကွင်းဖြစ်စေ မြင်ကွင်းအမျိုးအစားအားလုံးကို စိတ်ကူးကြည့်ထားခဲ့ကြသည်။ တစ်ခုနှင့် တစ်ခုတည်းသော သူတို့ စိတ်မကူးထားမိသည့် မြင်ကွင်းမှာ... တစ်စုံတစ်ယောက်က သူတို့ကို ဝိဉာဉ်သွေးကြောအတွက် အနိုင်ပိုင်းသွားခဲ့မည်ဟူ၍။
တောင်ထိပ်ပေါ်ရှိ အဆောက်အဦများကို ကြည့်ကာ သူတို့အားလုံး၏ နှလုံးသားသည် အေးစက်သွားခဲ့ကြသည်။
"လူကြီးမင်းထိုက်ကျိ ဒါက မင်း ငါတို့အတွက် တွက်ချက်ထားခဲ့တဲ့ ဝိဉာဉ်သွေးကြောလား။"
တစ္ဆေလက်သည် အေးစက်စိမ်းကားသောလေသံဖြင့် မေးလိုက်သည်။ ဤအချိန်တွင် သူ့မျက်လုံးများသည် ဒေါသကြောင့် မီးဝင်းဝင်းတောက်နေခဲ့သည်။ အကယ်၍ တတိယမင်းသား၏ ဤဗေဒင်ဆရာကို မြင့်မားစွာ သဘောထားခြင်းကြောင့်သာ မဟုတ်ပါက သူသည် ဤဟာသပြဇာတ်အတွက် ထိုလူကို သတ်ခဲ့ပြီးသည်မှာ ကြာမြင့်နေပြီ ဖြစ်ပေလိမ့်မည်။
"ဒီဟာက အဲဒီဝိဉာဉ်သွေးကြောပဲ..."
လူကြီးမင်းထိုက်ကျိပြောလိုက်သည်။ သို့သော် သူစကားမဆုံးမီမှာပင် တစ္ဆေလက်က မကျေမချမ်းဖြင့် ဖြတ်ပြောလိုက်သည်။
"ဒါဆိုလည်း နောက်တစ်ခေါက် ထပ်တွက်။"
ရွှက်
ဗေဒင်ဆရာသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ရွှေရောင်နှစ်ထပ်ကွပ် သံလိုက်အိမ်မြှောင်က လူကြီးမင်းထိုက်ကျိ၏ လက်ထဲသို့ ချက်ချင်း ရောက်လာခဲ့သည်။
ဝိဉာဉ်သွေးကြော အနီးအနားရှိ သစ်ရွက်တစ်ရွက်ကို သာမန်သာခူးယူလိုက်ကာ လူကြီးမင်းထိုက်ကျိသည် သူ့ဗေဒင်တွက်ချက်ခြင်းကို စတင်လိုက်သည်။
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ရုတ်ချည်းကွဲပြားသွားသည့် ရလဒ်က ထိုက်ကျိကို ကြက်သေသေသွားစေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဆက်တိုက် ဗေဒင်တွက်ချက်ခြင်းသည် သူ့မျက်နှာကို ဖြူဖျော့သွားခဲ့စေသော်လည်း ယခုအချိန်တွင်တော့ လုံးဝအရောင်ကုန်ခမ်းသွားစေပုံပေါ်သည်။
သူသည် သူ့ဘဝတစ်ခုလုံးကို ဗေဒင်တွက်ချက်ခြင်း၌သာ မြုပ်နှံထားခဲ့ပြီး သူသည် သူ့ဗေဒင်အပေါ် အလွန်အမင်းယုံကြည်မှုရှိပေသည်။ သို့သော်လည်း ထိုက်ကျိသည် သူ့ဗေဒင်တွက်ချက်ခြင်းက မတိကျတော့သည်ကို ရုတ်တရက် သိလိုက်ရသည်။
ဤသည်က သူ့ဘဝတစ်ခုလုံးတွင် မသေချာသည့် ရလဒ်ကို ရရှိသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘာတွေဖြစ်နေတာလဲ။"
အမောတကောအသက်ရှူသံအောက်တွင် ထိုက်ကျိတုန်လှုပ်စွာ ရေရွတ်လိုက်သည်။ နှစ်ပေါင်းများစွာ သူတည်ဆောက်ထားခဲ့သော ယုံကြည်မှုသည် တစ်ခဏအတွင်း ပျက်စီးသွားခဲ့သည်။
"ဒါက လူတွေရဲ့ အမုန်းတရားကြောင့် ဖြစ်ပေါ်လာတဲ့ အရှိန်အဝါကြောင့်လား... မဟုတ်ဘူး ဖျက်ဆီးခြင်းအရှိန်အဝါက ငါ့ရဲ့ရလဒ်အပေါ် အများကြီး သက်ရောက်နိုင်မှာမဟုတ်ဘူး။ ဒီနေရာမှာ နောက်ထပ်အချက်တွေရှိရဦးမယ်။ မြူခိုးတွေက မြစ်ကို ဖုံးကွယ်ထားတယ်... ဒါက ပြင်ပအင်အားစုကနေ ဝင်ရောက်စွက်ဖက်ခြင်းပဲ။ ငါ့ရဲ့ဗေဒင်ကို ဝင်ရောက်စွက်ဖက်ဖို့ ဒီအဆောက်အဦတွေကို ဆောက်လုပ်ထားခဲ့တာ ဘယ်သူများလဲ။"
တိမ်တွေအထက် ထိုးထွက်နေသော နန်းတော်နှင့်ဆင်တူသည့် အဆောက်အဦများကို ကြည့်ကာ ထိုက်ကျိ၏ စိတ်သည် ပရမ်းပတာဖြစ်နေခဲ့သည်။
သူ့သံလိုက်အိမ်မြှောင်တွင် သူရရှိခဲ့သော ရလဒ်မှာ 'မြစ်ပြင်ကို ဖုံးကွယ်နေသော မြူခိုး' ဖြစ်ရပ်ဖြစ်သည်။ ဤဖြစ်ရပ်သည် အလွန်မှ အားကောင်းသော'ကံကြမ္မာ'ကို ပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံချိန်မှသာ ပေါ်လာတတ်သော ဟောကိန်းဖြစ်သည်။ ရလဒ်အနေဖြင့် မရေရာသည့် ဟောကိန်းကို ရရှိစေသည်။
သို့သော်လည်း ဟောကိန်းထုတ်ခြင်းပညာရပ်တွင် သူ၏မြင့်မားလှသော ကျွမ်းကျင်မှုဖြင့် သူသည် ဂုဏ်သရေရှိ ဘုရင်များနှင့် မှူးမတ်များမှ အရာရှိများနှင့် သခင်လေးများအထိ ဟောကိန်းထုတ်ခဲ့သည်။ သို့သော် သူသည် ဤကဲ့သို့ အခြေအနေမျိုးနှင့် ယခင်က မကြုံတွေ့ခဲ့ဖူးပေ။
တိမ်များအကြားရှိ ဝိဉာဉ်သွေးကြောကို ကြည့်ကာ ထိုက်ကျိသည် ဝိညာဉ်သွေးကြောတွင် သူ့ကို ထိုးနှက်နိုင်ခဲ့သော ဆရာကြီးနှင့် ပတ်သက်၍ ဗေဒင်တွက်ချက်မှုတစ်ခု ပြုလုပ်လိုက်သည်။
ဘာတွေပဲဖြစ်လာပါစေ သူသည် သူ့ဟောကိန်း၌ပင် ဝင်ရောက်စွက်ဖက်နိုင်ခဲ့သော ထိုလူ မည်သူဖြစ်သည်ဆိုသည်ကို ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
ကျောက်တုံးကြီးတစ်တုံးသည် ကောင်းကင်ထက်မှ ကျဆင်းလာသကဲ့သို့ ထိုက်ကျိသည် မယုံနိုင်စရာကောင်းသည့် လေးလံမှုကို ခံစားလိုက်ရသည်။ တစ်ဖက်လူ၏'ကံကြမ္မာ'သည် သူတွေးထားသည်ထက် များစွာအားကောင်းနေခဲ့သည်။
'အဲဒီပုဂ္ဂိုလ်က ဘယ်သူများလဲ'
ထိုက်ကျိ၏ နှလုံးသားသည် အေးစက်သွားခဲ့သည်။ တောင်တစ်လုံးနှင့်ဆင်တူသော ဖိအားက သူ့အပေါ်သို့ ကျရောက်လာသောအခါ သူသည် သူ့ဗေဒင်တွက်ချက်ခြင်းကို စတင်ရုံသာ ရှိသေးသည်။ ဤသည်က အတိတ်တွင် သူတစ်ခါမှ တွေ့ကြုံခဲ့ဖူးခြင်းမရှိသည့် အခြေအနေဖြစ်သည်။
သို့သော် ဤသည်က သူ၏ သိချင်စိတ်ကိုသာ ပို၍ တိုးလာစေခဲ့သည်။
တတိယမင်းသားသည် ဤစစ်ဆင်ရေးကို အရေးအကြီးဆုံးအဖြစ် သဘောထားခဲ့သည်။ သူသည် မင်းသားကို အခြေအနေနှင့်စပ်လျဉ်း၍ ကျေနပ်လောက်စရာအဖြေပေးရမည်ကို ထိုက်ကျိသိပေသည်။
ဘုန်းးး
ထိုက်ကျိသည် သူ့ဗေဒင်တွက်ချက်ခြင်းကို ရှေ့ဆက်ရန် သူ့သန္နိဌာန်ကို စုစည်းလိုက်စဉ်မှာပင် လောကကြီးမှ ကြီးမားသော အင်အားတစ်ခုသည် မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူ့ကို ရုတ်တရက် ရိုက်ခတ်သွားခဲ့သည်။
အံ့မခန်းနာကျင်မှုသည် ထိုက်ကျိနှလုံးသားကို ဆုပ်ကိုင်လာခဲ့ပြီး သွေးများသည် သူ့နှာခေါင်းမှ ယိုစီးကျလာခဲ့သည်။ သူသည် ဆက်တိုက်ဗေဒင်တွက်ချက်ခြင်းမှ အားနည်းနေခဲ့ပြီဖြစ်ပြီး ဤရိုက်ခတ်မှုက သူ့ဒဏ်ရာကို ပိုလို့တိုးလာစေခဲ့သည်။ တစ်ခဏအတွင်းမှာပင် သူ့ရှေ့ရှိ မြင်ကွင်းသည် အမှောင်ထုဖြစ်သွားခဲ့ပြီး သူသည် နောက်သို့ လှန်ကျသွားခဲ့သည်။
"လူကြီးမင်းထိုက်ကျိ"
"လူကြီးမင်းထိုက်ကျိ"
"လူကြီးမင်း..."
ရဲမက်တစ်သိုက်သည် ထိတ်လန့်သွားခဲ့ကြကာ ထိုက်ကျိကို ဖမ်းရန် ရှေ့သို့ ပြေးတက်လိုက်ကြသည်။
"သခင် ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။"
ရဲမက်များသည် တစ္ဆေလက်ကို ကြည့်လိုက်ကြသည်။
"စိတ်မပူပါနဲ့ သူက ပင်ပန်းတာကြောင့် သတိလစ်သွားခဲ့ရုံပါ။"
တစ္ဆေလက်သည် ထိုက်ကျိ၏ လည်တိုင်မှ သွေးခုန်နှုန်းကို စမ်းလိုက်ပြီး ပြန်ဖြေလိုက်သည်။ သူသည် ဗေဒင်တွက်ချက်နိုင်ခြင်းမရှိသော်လည်း တတိယမင်းသားနောက်လိုက်ကာ အခြေခံအသိတချို့ကို သိရှိခဲ့သည်။ ဗေဒင်တွက်ချက်ခြင်းသည် လူတစ်ဦး၏ စိတ်ဝိဉာဉ်ကို အလွန်မှ ပင်ပန်းနွမ်းလျစေသည်ကို သူသိသည်။
ဟောကိန်းထုတ်ခြင်းအား ပို၍ စေ့စေ့စပ်စပ် ပုံဖော်နိုင်လေလေ ပို၍ ပင်ပန်းလေလေ ဖြစ်သည်။
ရှင်းလင်းစွာဖြင့် ထိုက်ကျိသည် သူ့ကိုယ်သူအတင်းအကြပ်ဖိအားပေးခဲ့ပြီး ရလဒ်အနေဖြင့် သတိလစ်သွားခဲ့သည်။
"မင်းကတော့ လွယ်လွယ်နဲ့ ထားသွားတာပဲ"
တစ္ဆေလက်သည် မြေပေါ်မှ ထရပ်လိုက်ကာ တီးတိုးရေရွတ်လိုက်သည်။ သူသည် ဒေါသထွက်နေဆဲဖြစ်သည်။ သို့သော် ထိုက်ကျိက သတိလစ်သွားခဲ့ခြင်းနှင့်အတူ သူသည် သူ့ဒေါသကို ပေါက်ကွဲထွက်ရန် နေရာမရှိတော့ပေ။ ထို့ကြောင့် သူသည် ထားလိုက်ရန်သာ တတ်နိုင်တော့သည်။
"သခင် ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ။ မင်းသားက ဒီစစ်ဆင်ရေးကို မြင့်မြင့်ကြီး မျှော်လင့်ထားခဲ့တာ။ တောင်ပေါ်ကလူတွေကို ဘာလို့မသတ်ရမှာလဲ။ ကျွန်တော်တို့ ဂရုတစိုက်လှုပ်ရှားသရွေ့ သဲလွန်စမကျန်စေဘဲ ကျွန်တော်တို့ အောင်မြင်နိုင်ပါတယ်။"
အစောင့်တစ်ယောက်က ရှေ့ထွက်လာကာ အကြံပြုလိုက်သည်။ သူပြောသည့် အချိန်တွင် သူသည် သူ့လက်မဖြင့် လည်ပင်းကို ဖြတ်နေသည့် အမူအရာလုပ်ပြလိုက်သည်။
သူတို့အားလုံးသည် တတိယမင်းသား၏ လက်ရွေးစင်များဖြစ်ကြသည်။ အမိန့်ပေးလာသည်နှင့် သူတို့အတွက် တောင်ပေါ်မှ လူများကို ရှင်းပစ်ရန်မှာ ခက်ခဲလိမ့်မည်မဟုတ်ပေ။
"ခဏစောင့်ပါ"
တစ္ဆေလက်၏ စိတ်ထဲတွင် တူညီသည့် အတွေးများရှိသော်လည်း သူသည် ဂရုစိုက်ခြင်းက ပိုကောင်းသည်ကို သူသိသည်။
"ဒီကိစ္စမှာ အလျင်လိုနေစရာမလိုဘူး။ ဒီနယ်မြေက ယူထားပြီးပြီလား မယူထားသေးဘူးလားဆိုတာ အတည်ပြုဖို့ ဒီကိစ္စကို တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးမှာ အရင်သွားမေးကြတာပေါ့။ တကယ်လို့ မယူထားသေးရင် ငါတို့ ဒါကို ယူလိုက်ကြမယ် သူတို့က တောင်ပေါ်မှာ အဆောက်အဦဘယ်လောက်ပဲ ဆောက်ထားပါစေ သူတို့ဖယ်ပေးရမှာပဲ။"
"တစ်ဖက်မှာ ဒီနယ်မြေက လုံလောက်အောင် အားကောင်းတဲ့နောက်ခံမရှိတဲ့လူကို ရောင်းထားခဲ့ရင် ငါတို့ သူတို့နဲ့ စကားကောင်းကောင်းပြောလို့ရမယ်။ သူတို့ကို တတိယမင်းသားနာမည်သုံးပြီး ဒီမြေကို ငါတို့ကို ရောင်းပေးဖို့ ပြောလို့ရမယ်။"
"သူက လွှဲပေးဖို့ ငြင်းဆန်ရင် ငါတို့ သူ့ကို သုတ်သင်ပြီး ဒီနေရာက သူ့လူတွေကို ရှင်းပစ်မယ်။"
တစ္ဆေလက်၏ အတွေးများသည် အလွန်မှ ချက်ကျလှသည်။ သူသည် ဤသို့သော ကိစ္စမျိုးကို ကိုင်တွယ်သည်မှာ ပထမဆုံးအကြိမ် ဟုတ်ပုံမရပေ။
"...ဒါပေမယ့် တစ်ဖက်လူက အားကောင်းတဲ့နောက်ခံရှိရင်ရော"
အစောင့်တစ်ယောက်က မေးလိုက်သည်။
"ဟမ်"
တစ္ဆေလက် အထင်သေးသကဲ့သို့ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ့မျက်လုံးများမှ စူးရှသည့် အလင်းရောင် တောက်ပလာခဲ့သည်။
"တတိယမင်းသားထက် ကြီးမားတဲ့ နောက်ခံနဲ့လူ ရှိတယ်လို့ မင်းထင်နေတာလား။"
"နားလည်ပါပြီ"
အစောင့်များ ခေါင်းငုံ့လိုက်ကာ ပြန်ဖြေလိုက်ကြသည်။
မည်သူမျှ မသိစေဘဲ သူတို့အုပ်စုသည် လူကြီးမင်းထိုက်ကျိကို သယ်ဆောင်ကာ တောင်တန်းမှ ဆင်းသွားခဲ့ကြသည်။
သူတို့ သတိမပြုမိသည့် လီအတော်ဝေးဝေးတွင် မျက်ဝန်းတစ်စုံသည် သူတို့တစ်ယောက်ချင်းစီ၏ အပြုအမူများကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ သူတို့ ထွက်သွားတော့မှသာ မကောင်းဆိုးဝါးအဘိုးအိုသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး မျက်လုံးမှိတ်လိုက်တော့သည်။
………………………………………………………………………………………………………………
အံ့အားသင့်စရာကောင်းစွာဖြင့် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးတွင် သူတို့ရှာနေသည့်လူကို ဖော်ထုတ်ရန် အများကြီး အားမထုတ်လိုက်ရပေ။ ထိုနေရာတွင် မြို့တော်ဝန်းကျင်ရှိ နယ်မြေများပါဝင်သည့် မြေပုံတစ်ခုရှိသည်။
သူတို့သည် သူတို့လိုချင်သည့် အချက်အလက်များကို ရရန် တောင်တန်းတည်ရှိသည့် နေရာကို ထောက်ပြရန်သာ လိုအပ်ခဲ့သည်။
တစ္ဆေလက်နှင့် အခြားသူများသည် ဤအခြေအနေကို အကြိမ်များစွာ စိတ်ကူးပုံဖော်ထားခဲ့ကြသည်။ သို့သော် ဝိဉာဉ်သွေးကြောပိုင်ရှင်၏ နာမည်ကို သူတို့ ကြားသိလိုက်ရသောအခါ သူတို့သည် မှင်သက်သွားခဲ့ဆဲပင်။
"ဝမ်ချောင်လား"
"ဒေသဆိုင်ရာ တပ်မှူးများအဖြစ်အပျက်ကနေ တော်ဝင်ရုံးတော်မှာ ကြီးမားတဲ့ အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့သူလား။ ပညာရှင်ဧကရာဇ်တောင် အထိတ်တလန့်ဖြစ်သွားခဲ့သေးတယ်။"
"မြို့စားကြီးကျူးရဲ့မြေးလား"
"ဝမ်ကလန်ရဲ့ မျိုးဆက်လား"
နိုးထလာရုံသာရှိသေးသော ထိုက်ကျိအပါအဝင် လူတိုင်းက အဖြေကြောင့် အလန့်တကြားဖြစ်သွားခဲ့ကြသည်။
ထိုသည်က အမှန်ပင် သန်မာသည့် နောက်ခံနှင့်လူဖြစ်သည်။
ဤကိစ္စတွင် ဝမ်ကလန်သည် အမှန်တကယ်ပါဝင်ပတ်သက်နေလိမ့်မည်ဟု မည်သူမှ မျှော်လင့်မထားခဲ့ကြပေ။
တတိယမင်းသားသည် ထီးနန်းကို ဆက်ခံရန် အလားအလာရှိသည့် တော်ဝင်မိသားစု၏ သားတစ်ယောက်ဖြစ်သည်။ အလယ်ပိုင်းလွင်ပြင်ဒေသတွင် သူ့ရှေ့ရှိ အင်အားစုအားလုံးသည် ဟာသတစ်ခုထက် မပိုပေ။
ဤသည်က တစ္ဆေလက်သည် အစပိုင်းတွင် စိုးရိမ်ခဲ့ခြင်းမရှိသည့် အကြောင်းအရင်းလည်းဖြစ်သည်။ သို့သော် အကယ်၍ ဝမ်ကလန်က ပါဝင်ပက်သက်နေခဲ့လျှင်...
သံသယဖြစ်ဖွယ်ရှိသွားပြီဖြစ်သည်။ ထိပ်တိုက်တွေ့ဆုံမှုရလဒ်သည် မည်သို့ဖြစ်လာမည်ကို မည်သူမျှမပြောနိုင်တော့ပေ။
ဝမ်ကလန်တွင် တော်ဝင်မျိုးရိုးကို ပိုင်ဆိုင်ထားသည့် အဖွဲ့ဝင်များ မရှိသော်လည်း သူတို့၏ ရပ်တည်မှုသည် တစ်ဦးနှင့် ယှဉ်နိုင်ကာ ထို့ထက်ပင် ကျော်လွန်သွားနိုင်သည်။ ပညာရှင်ဧကရာဇ်ငယ်စဉ်အခါက သူ့ကို ထီးနန်းရယူရန် အကူအညီပေးခဲ့သူမှာ ဝမ်ကလန်၏ လူအိုကြီးဖြစ်သည်။
ပညာရှင်ဧကရာဇ်သည် ဝမ်ကလန်၏ လူအိုကြီးဖြစ်သော မြို့စားကြီးကျူးကြောင့်သာမဟုတ်လျှင် သူ့ဘဝတွင် အများကြီးအောင်မြင်နိုင်ခဲ့လိမ့်မည်မဟုတ် ဟု အခါအခွင့်သင့်သည့်အခါတိုင်း တစ်ကြိမ်ထက်ပို၍ ပြောဆိုခဲ့သည်။
မဟာထန်သည်လည်း လက်ရှိလောက် စည်ပင်ဝပြောလိမ့်မည်မဟုတ်ပေ။
အမှန်တွင် ဝမ်ကလန်၏ လူအိုကြီးက အနားယူသွားပြီးနောက်တွင်ပင် ပညာရှင်ဧကရာဇ်သည် ပြည်နယ်လေးခုသံရုံးကိုပင် သူ့အတွက် ထူထောင်ခဲ့သည်။ ဤသို့ဖြင့် သူသည် တစ်ဖက်လူ၏ အကြံဉာဏ်ကို လိုအပ်သည့်အချိန်တိုင်း တောင်းယူနိုင်ပေလိမ့်မည်။
မည်သူမဆို ဤအရာမှတဆင့် တော်ဝင်ရုံးတော်ရှိ ဝမ်ကလန်၏ အဆင့်အတန်းကို မြင်နိုင်ပေသည်။
အကယ်၍ ဝမ်ကလန်၏ လူအိုကြီးသည် တတိယမင်းသားနှင့်စပ်လျဉ်း၍ ပညာရှင်ဧကရာဇ်ထံ တိုင်ကြားစာပို့လိုက်ပါက တတိယမင်းသားသည် ဒုက္ခရောက်သွားနိုင်ပေသည်။
လူတိုင်းသည် ရုတ်တရက် ဝန်လေးသွားခဲ့ကြသည်။
သူတို့သည် တစ်ကွက်မျှပင် လုံးဝမရွေ့ရဲကြတော့ပေ။
ဝမ်ကလန်သည် စော်ကား၍ မရပေ။
တတိယမင်းသားက ဤကိစ္စကို သိရှိခဲ့လျှင်ပင် သူသည် သူတို့ကို ဤကဲ့သို့ စွန့်စားစရာများသော တစ်စုံတစ်ခုပြုလုပ်ခြင်းမှ သေချာပေါက် တားဆီးပေလိမ့်မည်။
"ဘာတွေဖြစ်နေတာလဲ။ အဲကောင်က ဝိဉာဉ်သွေးကြောရဲ့ တည်ရှိမှုကို ဘယ်လိုသိသွားခဲ့တာလဲ။ ဝမ်ကလန်ရဲ့ အဲဒီသားက အဲလိုကြောက်ဖို့ကောင်းတာပဲလား။"
တစ္ဆေလက်သည် သူ့လည်ပင်းပေါ် ဓားထောက်ထားခဲ့လျှင်ပင် မျက်တောင်ခတ်မည့် လူစားမျိုးမဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူသည် မျက်မှောင်ကြုတ်နေခဲ့သည်။ ဤကိစ္စက သူမျှော်လင့်ထားသည်ထက် ပို၍ ရှုပ်ထွေးသည်ကို သူ ရုတ်တရက် နားလည်လိုက်သည်။
"သခင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ။"
အစောင့်ခေါင်းဆောင်က မေးလိုက်သည်။
"ငါတို့ ခနလောက်လက်ရှောင်ပြီး ငါတို့ရဲ့ ရွေးချယ်မှုတွေကို ပြန်စဉ်းစားရမယ်။ ခုချိန်မှာ ဝမ်ကလန်က ငါတို့သွားရှုပ်လို့ရတဲ့ အင်အားစုမဟုတ်ဘူး ဒီကိစ္စမှာ ငါတို့ တခြားအဖြေကိုပဲ ရှာလို့ရတယ်။"
တစ္ဆေလက်သည် ကိုက်နေသည့် သူ့ခေါင်းကို ကိုင်ကာ ပြန်ဖြေလိုက်သည်။
"ဆိုတော့ ဒီအဆောက်အဦတွေရဲ့ ပိုင်ရှင်က သူပေါ့။"
တစ်ချိန်တည်းမှာပင် နိုးလာခဲ့သော လူကြီးမင်းထိုက်ကျိ၏ ခေါင်းထဲတွင် အတွေးများစွာ ရစ်ဝဲနေခဲ့သည်။
သူသည် သူ့ဘဝတစ်ခုလုံးကို မြို့တော်၏ တော်ဝင်မိသားစုနှင့် မှူးမတ်မိသားစုများ၌သာ ကုန်ဆုံးခဲ့သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် သူသည် မြို့တော်၏ ဒဏ္ဍာရီဆန်ဆန် ဆယ့်ငါးနှစ်သားကလေးအား ပြင်းပြင်းထန်ထန် စိတ်ဝင်စားလာခဲ့သည်။
သူ့ဟောကိန်းတွင် ကျရှုံးခြင်းရလဒ်ဖြစ်ပေါ်စေနိုင်သည့် ပုဂ္ဂိုလ်သည် သာမန်လူတစ်ယောက်မဟုတ်နိုင်ပေ။ ဘယ်လိုပဲဖြစ်ပါစေ သူသည် ထိုလူငယ်တွင် ပုန်းကွယ်နေသည့် လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ဆုံးဖြတ်လိုက်သည်။
စိတ်ထဲတွင် ထိုအတွေးများနှင့်အတူ လူကြီးမင်းထိုက်ကျိ၊ တစ္ဆေလက် နှင့် အခြားသူများသည် တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်ရေးတရားရုံးမှ ထွက်ခွာလိုက်ကြသည်။
သုံးရက်ကြာပြီးနောက် ကမ္ဘာမြေကို တုန်လှုပ်သွားစေသည့် သတင်းတစ်ခုသည် မြို့တော်ကို မုန်တိုင်းထန်သွားစေခဲ့သည်။
ဧရာမဝိဉာဉ်သွေးကြောတစ်ခုသည် မြို့တော်အပြင်ဘက် လီသုံးဆယ်ထက်နည်းသော တောင်တန်းများကြားတွင် ရှာတွေ့ခဲ့သည်။
ထိုဝိဉာဉ်သွေးကြောတွင် စုဝေးနေသည့် ဝိဉာဉ်စွမ်းအင်သည် ရှန်းဝေ၊ လုံ့ဝေနှင့် ခွန်းဝူတို့်ထက် ဆယ်ဆကျော်ရှိပြီး မြို့တော်ပတ်ပတ်လည်တွင်တည်ရှိသော ဝိဉာဉ်သွေးကြောများလည်းဖြစ်သည်။
ကမ္ဘာတစ်ခုလုံး၏ အတိုင်းအတာဖြင့်ပင်လျှင် အလွန်နည်းပါးသည့် ဝိဉာဉ်သွေးကြောများသာ ၎င်းနှင့် နှိုင်းယှဉ်နိုင်ပေသည်။
ထိုဝိဉာဉ်သွေးကြောပေါ်တွင် ဆယ်ရက်မျှလေ့ကျင့်ခြင်းသည် အခြားနေရာများတွင် လပေါင်းများစွာ အပြင်းအထန်ကြိုးစားခြင်းနှင့် အလွယ်တကူ ယှဉ်နိုင်သည်။
ထိုသတင်းသည် လမ်းများပေါ်သို့ ရိုက်ခတ်သွားသည်နှင့် မြို့တော်တွင် ကြီးမားသည့် အုတ်အော်သောင်းတင်းဖြစ်မှုများ မြင့်တက်သွားခဲ့သည်။
ထို့အပြင် ဤသတင်းနှင့်အတူ နောက်ထပ်ရင်းနှီးနေသည့် နာမည်တစ်ခုသည် လူတိုင်း၏ နားထဲသို့ ရောက်လာခဲ့သည်။
ဝမ်ချောင်...။