အခန်း (၃၀၆-၃၁၀)
Vol. 13 Ch. 306-310
အပိုင်း ၃၀၆ ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ပရမ်းပတာဖြစ်ခြင်း
ကျောက်ရှန်းကျူနှင့် ဆွေးနွေးမှုသည် အောင်မြင်သွားခဲ့သည်။ ကွပ်ကဲမှုပညာရပ်ကို သင်ကြားပို့ချပေးနေသည့် တာဝန်ခံနည်းပြဆရာတစ်ယောက်အနေဖြင့် မျှော်လင့်ထားသည့်အတိုင်းပင်။ သူ့အဆင့်အတန်းသည် အခြားနည်းပြဆရာများထက် များစွာကျော်လွန်နေခဲ့ကာ ကောင်းဖုန့်၊ နျန်ယန်နှင့် အခြားသူများနှင့် ပတ်သက်သော ကိစ္စကို အလွန်လျင်မြန်စွာ ဖြေရှင်းနိုင်စေခဲ့သည်။
မူလက ကောင်းဖုန့်၊ နျန်ယန်၊ ရွှီးချီ၊ ချန်ပုရန်နှင့် စွန်းကျိမင်တို့ကို ခွင့်ပြုချက်မရှိဘဲ လေ့ကျင့်ရေးစခန်းမှ ထွက်ခွာသွားခြင်းမှ ဟန့်တားထားခဲ့သည်။ သို့သော် ကျောက်ရှန်းကျူ၏ နောက်ခံဖြင့် သူတို့သည် ထိုသို့ပြုလုပ်နိုင်သည့် အခွင့်ထူးကို ရရှိခဲ့ကြသည်။
သူတို့သည် ဝမ်ချောင်နှင့် စုဟန်ရှန်းတို့ကဲ့သို့၊ ကျောက်ရှန်းကျူလက်အောက်မှ တပ်သားသစ်များကဲ့သို့ လုံးဝလွတ်လွတ်လပ်လပ်မဟုတ်သေးသော်လည်း သူတို့သည် အနည်းဆုံး လစဉ်လတိုင်း လဝက်မျှ လွတ်လွတ်လပ်လပ်သွားလာရန် ခွင့်ပြုချက်ရခဲ့သည်။
ဝမ်ချောင်သည် အချိန်ဖြုန်းမနေတော့ဘဲ အားပူတန်နှင့် ထိုကဲ့သို့သောအခြေအနေမျိုး နောက်တစ်ကြိမ်ဖြစ်ပွားခြင်းမှ တားဆီးရန် ထိုသူတို့အား ဝိဉာဉ်သွေးကြောဆီသို့ လေ့ကျင့်ရန် ချက်ချင်းစေလွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူတို့၏ကျင့်ကြံခြင်းတွင် တိုးတက်လာခြင်းက အနာဂတ်တွင် ဖြစ်ပွားမည့် စစ်ပွဲများအတွက်လည်း အကျိုးရှိပေသည်။ သူတို့သည် ဝမ်ချောင်မျက်ခြေမပြတ်စောင့်ကြည့်နေသော အနာဂတ်တွင် စစ်သူကြီးများ ဖြစ်ကြသည်။ သူတို့ ပိုအားကောင်းလေ မဟာထန်၏ ရှင်သန်မှုအတွက် မျှော်လင့်ချက်သည် ပိုကြီးလေဖြစ်သည်။
…………………………………………………………………………………………………………….
"ဝမ်ချောင်"
"ဝမ်ချောင်"
သုံးရက်ကြာပြီးနောက် ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် နေပူဆာလှုံရင်း ထိုက်ကွမ်းယင်လက်ဖက်ရည်ကို ကျိုချက်နေစဥ် နားအူမတတ်အော်သံများသည် အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။
စိတ်လှုပ်ရှားနေသည့် အော်သံများနှင့်အတူ ယောက်ယက်ခတ်သည့် ခြေသံများသည်လည်း ပါလာခဲ့ပြီး ကြီးမားသည့် လူအုပ်ကြီးက အိမ်တော်အနီးသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို ညွှန်ပြနေခဲ့သည်။
"ဘာဖြစ်နေတာလဲ"
ဝမ်ချောင်သည် ရုတ်ချည်းအော်သံများကြောင့် သူ့လက်ထဲရှိလက်ဖက်ရည်ခွက်ကို လွတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူနှင့် ကျောက်ကျင်းတန်တို့သည် တစ်ယောက်ကိုတစ်ယောက် အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်သည် ခွန်းဝူလေ့ကျင့်ရေးစခန်းမှ အကွာအဝေးတစ်ခုတွင် တည်ရှိသည်။ ထို့အပြင် တော်ဝင်ရုံးတော်၏ တုံ့ပြန်မှုကို စိုးရိမ်သည့်အတွက် ဝမ်ချောင်သည် လူသစ်စုဆောင်းခြင်းလုပ်ငန်းစဥ်တွင်လည်း အလွန်ဂရုတစိုက်လှုပ်ရှားခဲ့သည်။ ဤသို့ဖြင့် သူနှင့် အခြားသူများမှလွဲ၍ လူအနည်းငယ်သာ ဤနေရာသို့ လာပေသည်။ ထို့ကြောင့် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်နေခြင်းသည် တစ်ခုခုတော့ လွဲနေပြီဖြစ်သည်။
"ကျင်းတန် သွားကြည့်လိုက်"
ဝမ်ချောင်သည် အပြင်ဘက်သို့ ကြည့်လိုက်ကာ အမိန့်ပေးလိုက်သည်။
ကျောက်ကျင်းတန်သည် ခေါင်းညိတ်လိုက်ကာ သူ့လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး အပြင်ဘက်သို့ ဦးတည်လိုက်သည်။ ဝမ်ချောင်၏ လွှမ်းမိုးမှုအောက်တွင် သူသည်လည်း လက်ဖက်ရည်သောက်ရသည်ကို တဖြည်းဖြည်းနှင့် နှစ်သက်လာခဲ့ပြီဖြစ်သည်။
ကျောက်ကျင်းတန်သည် လျင်မြန်စွာ ပြန်လာလိမ့်မည်ဟု ဝမ်ချောင်တွေးထင်ထားခဲ့သည်။ သို့သော် ကျောက်ကျင်းတန်သည် ခြံဝန်း၏ လှေကားထစ်တွင် အံ့အားသင့်နေသည့် ပုံစံဖြင့် ပြန်ပေါ်မလာမီ လက်ဖက်ရည်သောက်ချိန်တစ်ဝက်မျှ ကြာသွားခဲ့သည်။
"ဘာဖြစ်လို့လဲ"
ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်သည်။
"သခင်လေး အပြင်ဘက်မှာ လူတွေအများကြီးပဲ။ သူတို့အကုန်လုံးက ဓားသွားဖယ်ရှားခြင်းအိမ်တော်ထဲ ဝင်ရောက်ချင်ကြောင်း ဖော်ပြခဲ့ကြတယ်။"
ကျောက်ကျင်းတန်သည် သူ့အတွေးများကို တစ်ခဏမျှစုစည်းလိုက်ပြီးနောက် ထူးဆန်းသည့်အမူအရာဖြင့် ပြောလိုက်သည်။
"ဘာ"
ဝမ်ချောင် ထိတ်လန့်သွားခဲ့သည်။ ခရမ်းရောင်ကြိမ်ကုလားထိုင်ကို သူ့လက်များဖြင့် ဆုပ်ကိုင်လိုက်ကာ သူ ရုတ်ချည်းထရပ်လိုက်မိသည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ဝင်ရောက်မည်လော။
သူသည် ဖိတ်ကြားချက်များကို အပြင်ဘက်သို့ ပို့ပင် မပို့ရသေးပေ။ ဤနေရာတွင် ဘာကြောင့် လူအများကြီး ရောက်နေရသနည်း။
"ငါအပြင်ကို ထွက်ကြည့်လိုက်မယ်။"
ဝမ်ချောင် တုံ့ဆိုင်းမနေဘဲ ခြံဝန်းအပြင်သို့ ချက်ချင်းထွက်သွားခဲ့သည်။
ဟောင်းးး
တောင်လေသည် တိုက်ခတ်နေခဲ့သည်။ ဝမ်ချောင် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ ဂိတ်မှနေ၍ အပြင်သို့ လှမ်းလိုက်သည်နှင့် နားကွဲမတတ်ရုတ်ရုတ်သဲသဲအသံများသည် ချက်ချင်း သူ့နားထဲပြည့်နှက်သွားခဲ့သည်။ ထိုခဏမှာပင် သူသည် လုံးဝခြားနားသည့် လောကသို့ ခြေချလိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။
ကျောက်ကျင်းတန်သည် ဤနေရာတွင် လူအများအပြားရောက်နေသည်ဟု ပြောခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် ဝမ်ချောင်သည် 'အများအပြား' က ဘာကို ကိုယ်စားပြုသည်ကို ရှင်းလင်းစွာနားလည်သွားခဲ့သည်။
ဤတောင်ပေါ်ရှိ လူအုပ်ကြီးသည် သေချာပေါက် ထောင်ချီအရေအတွက်ရှိပေသည်။ ကြည့်ရသည်မှာ အဖြူရောင်ကျား၊ အနီရောင်ငှက်၊ အနက်ရောင်လိပ်နှင့် မိုးပြာရောင်နဂါးတို့မှ တပ်သားသစ်များအားလုံးသည် ဤနေရာသို့ ရောက်နေကြပုံပေါ်သည်။
"ဝမ်သခင်လေး ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်ခံပါ။"
"ဝမ်သခင်လေး ကျွန်တော် ခင်ဗျားရဲ့ ဓားသွားဖယ်ရှားခြင်းအိမ်တော်ထဲ ဝင်ရောက်ချင်ပါတယ်။"
"ကျွန်တော်လည်းအတူတူပဲ ကျွန်တော့်ကို ရွေးပါ။"
"ဝမ်သခင်လေး ရောက်နေပြီ။ သွားကြစို့။"
ဝမ်ချောင်ကို မြင်သည်နှင့် လူတိုင်း၏ မျက်နှာများသည် စိတ်လှုပ်တရှားဖြင့် နီမြန်းသွားခဲ့ကြသည်။ ဝမ်ချောင်ကို အလွန်အံ့သြသွားစေသည်မှာ အနီရောင်ငှက်တောင်ထွတ်ပေါ်မှ ကောင်မလေးအနည်းငယ်သည်လည်း ဤနေရာသို့ ရောက်နေကြခြင်းပင်။ သို့သော်လည်း သူတို့၏စကားများသည် အနီးနားရှိ အခြားသူများနှင့် သိသိသာသာ ကွဲလွဲနေပေသည်။
"ဆိုတော့ အဲဒါက ဝမ်ချောင်ပေါ့။ ကြည့်ရတာ မိုက်တယ်။"
ဝမ်ချောင်၏ စိတ်သည် ပရမ်းပတာဖြစ်သွားခဲ့သည်။
'ဘာတွေဖြစ်နေတာလဲ။ ဘာလို့ လူတွေအများကြီးက ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဝင်ရောက်ဖို့ ဒီကိုရောက်နေကြတာလဲ။'
"ငါ့ကောင် ဒီလူတွေက ဒီကို ဓားသွားဖယ်ရှားခြင်းအိမ်တော်ထဲဝင်ဖို့ ရောက်လာကြတာပဲ။ အကြောင်းပြချက်တချို့ကြောင့် လေ့ကျင့်ရေးစခန်းက လူအနည်းငယ်ကို ကျွန်တော်တို့ရဲ့ဖိတ်ကြားချက်တွေ တိုးချဲ့ထားတယ်ဆိုတာ သူတို့ သိရှိခဲ့ကြပြီး ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဝင်ဖို့ ဒီကို ပြေးလာခဲ့ကြတာပဲ။ အစပိုင်းမှာ ကျွန်တော်တို့ကို ငြင်းပယ်ခဲ့သူတွေလည်း စိတ်ပြောင်းလိုက်ကြပြီ။ အရေးအကြီးဆုံးကတော့ သူတို့က သခင်လေးဟာ မြို့တော်အပြင်ဘက်က ကြီးမားတဲ့ ဝိဉာဉ်သွေးကြောရဲ့ ပိုင်ရှင်ဖြစ်တယ်ဆိုတာ သိသွားကြပုံရတယ်။"
သူ့နောက်တွင် ကျောက်ကျင်းတန်သည် တောင်စောင်းပေါ်မှ ဆင်းလာခဲ့ကာ သူ ယခုလေးတင် စုစည်းထားသော သတင်းများကို တင်ပြလိုက်သည်။
"ဘာ"
ဝမ်ချောင်သည် လှည့်ကြည့်လိုက်ကာ ကျောက်ကျင်းတန်ကို အံ့အားသင့်စွာကြည့်လိုက်မိသည်။
ဤလူများသည် ဝိဉာဉ်သွေးကြောကို မည်သို့ သိရှိသွားခဲ့ကြသနည်း။
သူသည် သူ့ကိုယ်ပိုင်အဖွဲ့မှလွဲ၍ ဝိဉာဉ်သွေးကြောအကြောင်းကို ဘယ်သူ့ကိုမှ မပြောခဲ့ပေ။ ထို့အပြင် ရွှီးချီ၊ နျန်ယန်၊ ကောင်းဖုန့်နှင့် အခြားသူများသည် အပြင်လူများကို ဤအကြောင်းအားပြောပြလိမ့်မည်ဆိုသည်မှာ မဖြစ်နိုင်ပေ။
ဝမ်ချောင်သည် သူတို့ကို လုံးဝယုံကြည်ပေသည်။
"... ဒါ့အပြင် သခင်လေးရှာတွေ့ခဲ့တဲ့ ဝိဉာဉ်သွေးကြောက သူမတူအောင် ကြီးမားတယ် လို့ ကောလဟာလရှိတယ်။ အဲဒီက ဝိဉာဉ်စွမ်းအင်ဟာ သူမတူအောင် သိပ်သည်းပြီး အဲဒီမှာ ဆယ်ရက်ကျင့်ကြံတာက တခြားနေရာတွေမှာ လပေါင်းများစွာ ကြိုးစားကျင့်ကြံတာနဲ့ ညီမျှတယ်။ ဒါကြောင့် အခု ကျွန်တော်တို့ရှေ့ရပ်နေတဲ့ လူတွေက ခွန်းဝူလေ့ကျင့်ရေးစခန်းက လူတွေပဲ ပါဝင်နေတာမဟုတ်ဘူး။ ရှန်းဝေနဲ့ လုံ့ဝေက လူတွေလည်း ပါဝင်တယ်။"
"တခြားစကားနဲ့ပြောရရင် ဝိဉာဉ်သွေးကြောတည်ရှိတာကို လူတိုင်းက သိသွားကြပြီပေါ့။"
ဝမ်ချောင် မေးလိုက်သည်။
"အမှန်ပဲ"
ကျောက်ကျင်းတန် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
တစ်ခဏအတွင်းမှာပင် ဝမ်ချောင်၏ မျက်နှာသည် တင်းမာသွားခဲ့သည်။
ဤကိစ္စသည် သူထင်ထားသည်ထက် များစွာပြင်းထန်နေပြီဖြစ်သည်။ အကယ်၍ သတင်းသည် ခွန်းဝူလေ့ကျင့်ရေးစခန်းတွင်သာ ကန့်သတ်မနေခဲ့ပါက မြို့တော်တစ်ခုလုံး သတင်းပျံ့သွားခဲ့ပြီဟု ဆိုလိုပေသည်။ ဧရာမဝိဉာဉ်သွေးကြော၏ အရေးပါမှုကို ဝမ်ချောင် နားလည်ပေသည်။ ဤဆွဲဆောင်မှုကို ခုခံနိုင်သည် အင်အားစုနှင့် မှူးမတ်မျိုးနွယ်မရှိပေ။
သူ့ယခင်ဘဝတွင် မြို့တော်နှင့် နီးကပ်နေသော်လည်း ဝိညာဉ်သွေးကြောပေါက်ကွဲသွားသည့်အချိန်အထိ ၎င်းကို မည်သူမျှ သတိမပြုမိခဲ့ပေ။ ထိုအချိန်တွင် ဝမ်ချောင်ကဲ့သို့ပင် လူများစွာတို့သည် ထိုသည်မှာ နှာမြောစရာကောင်းသည်ဟု ခံစားခဲ့ကြရသည်။
ဤသည်မှာ ဝမ်ချောင်သည် အရင်းအနှီးများရရှိသည်နှင့် ဖြစ်နိုင်သမျှအမြန်ဆုံးဝိဉာဉ်သွေးကြောကို ရယူခဲ့ရခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။ သို့သော်လည်း ဤကိစ္စသည် မည်သို့ ပေါက်ကြားသွားခဲ့သနည်း။
သတိပြုရမည်မှာ ဝမ်မိသားစု၏ အစောင့်များသည်ပင် ဤစစ်ဆင်ရေး၏ အစစ်အမှန်သဘောသဘာဝအကြောင်းကို လျို့ဝှက်ခြင်းခံထားခဲ့ရသည်။ သူတို့သိထားသည်မှာ တောင်တန်း၏အနက်ပိုင်းတွင် ကြီးမားသည့် ဆောက်လုပ်ရေးလုပ်နေသည် ဟူ၍ပင်။
ထိုသည်မှာ ဤကိစ္စကို ဝမ်ချောင် မည်သည့်အတိုင်းအတာထိဖုံးကွယ်ထားသည်လဲ ဆိုသည်ပင်။ သို့သော် သတင်းသည် နောက်ဆုံးတွင် တစ်နည်းနည်းဖြင့် ပေါက်ကြားနေဆဲဖြစ်ပြီး ဤကိစ္စသည် ထိန်းချုပ်မှု ကင်းမဲ့သွားခဲ့သည်။
ထိုအချိန်တွင် ဝမ်ချောင် ထိတ်လန့်သွားခဲ့သည်။
မည်သို့ပင်ဖြစ်ပါစေ ကောင်းဖုန်၊ နျန်ယန်နှင့် တခြားသူများသည် သူ့ကို သစ္စာဖောက်လိမ့်မည်ဟု သူမယုံပေ။
'တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ သတင်းကို လွှင့်ခဲ့တာဖြစ်မယ်'
ဝမ်ချောင် တွေးလိုက်သည်။ သူသည် ထိုအရာနှင့်ပတ်သက်၍ သံသယမရှိပေ။ ရိုးရိုးသားသားပြောရလျှင် သူသည် ဤကိစ္စကြောင့် အလွန်အမင်း ဒေါသထွက်နေပေသည်။
'ဘယ်သူကများ ဒီသတင်းကို ဖြန့်လိုက်တာလဲ'
ဝမ်ချောင် တွေးလိုက်သည်။ သူသည် အမှောင်ထုထဲတွင် တစ်ယောက်ယောက်က စောင့်ကြည့်နေသည့် ခံစားချက်ကို သဘောမကျပေ။
ဟူးလာလာ
ဝမ်ချောင်သည် အတွေးထဲနစ်မြောနေစဉ်မှာပင် စာပို့ခိုတစ်ကောင်သည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။ ဝမ်ချောင် လက်ဆန့်လိုက်ပြီး ၎င်းကို ဖမ်းလိုက်သည်။ ခို၏ခြေထောက်တွင် ရိုးရှင်းသောစာတစ်စောင်ရှိနေပြီး ရင်းနှီးပြီး ထူထဲသော စုတ်ချက်နှစ်ခုကို ၎င်းပေါ်တွင် ရေးထိုးထားသည်။
"ဒါက ဆရာ့ဆီကစာပဲ"
မကောင်းဆိုးဝါးအဖိုးအိုသည် ဝမ်ချောင်ဆီသို့ စာပို့သည့်အချိန်တိုင်း သူ့ကိုယ်သူဖော်ပြရန် နောက်ဘက်တွင် စုတ်ချက်နှစ်ခုချန်ထားလေ့ရှိသည်။ ဤသည်မှာ ခွန်းဝူသို့ ရောက်ပြီးကတည်းက သူ့ဆီမှ စာကို ဝမ်ချောင်လက်ခံရရှိသည့် ပထမဆုံးအကြိမ်ဖြစ်သည်။
"ဆိုတော့ ဒါက ဘာဖြစ်ခဲ့သလဲဆိုတာပေါ့။"
စာကိုဖတ်ပြီးနောက် ဝမ်ချောင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် သူ့ကိုရှုပ်ထွေးစေသော လျှို့ဝှက်ဆန်းကြယ်မှုသည် ပြေလည်သွားခဲ့ပြီဖြစ်သည်။ မကောင်းဆိုးဝါးအဘိုးအို၏စာသည် တော်တော်တို၏။ စာထဲတွင် မကြာသေးမီက ဝိဉာဉ်သွေးကြော ပတ်ဝန်းကျင်တွင် သံသယဖြစ်စရာကောင်းသည့် လူတစ်စုပေါ်လာခဲ့ကြောင်း ဖော်ပြထားသည်။
ဝမ်ချောင်၏ ဆရာသည် လုံးဝပြန်မကောင်းသေးပေ။ ထို့ကြောင့် သူသည် သူ့နေရာမှနေ၍ အခြေအနေကို ရှင်းရှင်းလင်းလင်းမမြင်ခဲ့ရပေ။ သို့သော်လည်း သူသည် ထိုသူတို့၏ သာလွန်သည့် ကျင့်ကြံခြင်းအဆင့်နှင့် သူတို့၏သံချပ်ကာမှတဆင့် ထိုသူများသည် တော်ဝင်ရုံးတော်၏ အစောင့်များဖြစ်ကြောင်း သူ ပြောနိုင်ခဲ့သည်။
သူတို့ထဲမှ တစ်ယောက်သည် သံလိုက်အိမ်မြှောင်နှင့်ဆင်တူသော အရာကိုပင် ကိုင်ထားခဲ့သည်။ မကောင်းဆိုးဝါးအဘိုးအိုသည် စာကို ဤနေရာတွင် ရပ်ထားခဲ့သော်လည်း ၎င်းက ဝမ်ချောင်အတွက် လုံလောက်သည်ထက်ပိုပေသည်။
'အမှန်ပဲ တစ်ယောက်ယောက်က ဝိဉာဉ်သွေးကြောအကြောင်းကို တမင်သက်သက် ပျံ့နှံ့စေခဲ့တာပဲ။ ဆရာကတောင် သတင်းကို ကြားသိခဲ့ပုံပေါ်တယ်။ ဒီနေရာက ဘယ်လောက်ထိ ဖရိုဖရဲဖြစ်နေသလဲဆိုတာကို တွေးကြည့်ရင် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝိညာဉ်သွေးကြောကို စစ်ဆေးဖို့ လူအတော်များများသွားခဲ့ပြီးဖြစ်ရမယ်။'
ဝမ်ချောင် တွေးလိုက်သည်။
ယခုအချိန်တွင် တစ်ခုတည်းသော ဖြေသိမ့်စရာတစ်ခုမှာ ဝမ်ချောင်သည် ဉာဏ်ကောင်းပြီး တောင်နှင့် သူ့အနီးပတ်ဝန်းကျင်ရှိ နယ်မြေကို ဝယ်ယူထားခဲ့ခြင်းပင်။
ထို့အပြင် ဝမ်ကလန်၏အမည်သည် စွမ်းအားအများစုကို လွန်ကဲစွာလုပ်ဆောင်ခြင်းမှ ဟန့်တားနိုင်လောက်အောင် အားကောင်းနေခဲ့သည်။ မြို့စားကြီးကျူးကို တမင်တကာ ဆန့်ကျင်ရန် မည်သူမျှ ဝံ့ရဲမည်မဟုတ်ပေ။ ထို့အပြင် ဧကရာဇ်စစ်တပ်နည်းပြများသည်လည်း ဝိဉာဉ်သွေးကြောတွင် တပ်စွဲထားခဲ့သည်။ ထို့ကြောင့် အခြေအနေသည် ယခုအချိန်တွင် အဆင်ပြေလောက်သည်။
ဝမ်ချောင်သည် ဝိဉာဉ်သွေးကြောကို ရောင်းချရန် ငြင်းဆန်နေသရွေ့ မည်သူမျှ သူ့ကို ဘာမှ လုပ်နိုင်မည်မဟုတ်ချေ။ အဖြစ်နိုင်ဆုံးမှာ ထိုလူတစ်သိုက်သည် ဝမ်ချောင်ကို ပျာယာခတ်စေရန် ရည်ရွယ်ချက်ရှိရှိ ဤသတင်းကို ဖော်ပြရန် ရွေးချယ်ခဲ့ခြင်းဖြစ်နိုင်သည်။
'သူတို့ထဲက တစ်ယောက်ဟာ သံလိုက်အိမ်မြှောင် ကိုင်ထားတာကြောင့် အဲလူက ဗေဒင်ဆရာဖြစ်ရမယ်။ ဗေဒင်ဟောတဲ့ သူတွေသာ သံလိုက်အိမ်မြှောင်ကို သုံးကြလိမ့်မယ်။ ဒါပေမယ့် အဲပုဂ္ဂိုလ်က ငါ့ဝိညာဉ်သွေးကြောရဲ့ တည်နေရာကို ဘယ်လို သိနိုင်ခဲ့တာလဲ။'
ဝမ်ချောင် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူ့ယခင်ဘဝတွင် ဝိညာဉ်သွေးကြောရှိခြင်းအား မည်သည့်ဗေဒင်ဆရာမျှ မမြင်နိုင်ခဲ့ပေ။ ယခု အဘယ်ကြောင့် ကွာခြားသွားသနည်း။
ထိုဝိညာဉ်သွေးကြော၏ တည်ရှိမှုကို ဖျက်ဆီးခြင်းအရှိန်အဝါဖြင့် ဖုံးကွယ်ထားခြင်းကြောင့် ဗေဒင်ဆရာအများစုကို ဝေခွဲမရဖြစ်စေသင့်သည်။ ထိုသို့မဟုတ်လျှင် ထိုဒေသတွင် စုစည်းဝေးနေသော ဧရာမ ဝိညာဉ်စွမ်းအင်များကို စဉ်းစားကြည့်လိုက်ပါက ကပ်ဆိုးအတွင်း ပေါက်ကွဲသွားသည့်နေ့အထိတိုင် ၎င်းသည် မည်သူမျှ မတွေ့နိုင်ဘဲ မည်သို့ရှိနေနိုင်မည်နည်း။
ထို့ကြောင့် ဝမ်ချောင်သည် တစ်စုံတစ်ယောက်သည် သူ့ဝိညာဉ်သွေးကြောနေရာကို အမှန်တကယ် ရှာတွေ့နိုင်ခဲ့သည်ကို မယုံကြည်နိုင်အောင်ဖြစ်နေခဲ့ခြင်းဖြစ်သည်။
ကံကြမ္မာတွင် ခြားနားချက်တစ်ခုသည် အမှန်ပင် ဖြစ်ပွားသွားခဲ့သည်။
"ဝမ် ချောင်.."
ဝမ်ချောင်သည် အတွေးနက်နေစဉ်မှာပင် နားကွဲမတတ်အော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျောနောက်တွင် လှံတစ်ချောင်းဖြင့် ရဲရင့်သည့် အမျိုးသမီးတစ်ယောက်သည် အောက်ဘက်တွင် ပေါ်လာခဲ့သည်။ သူမရှေ့မှ လူများသည် သူမအတွက် ချက်ချင်း လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ကြသည်။
ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ အစောင့်အနည်းငယ်သည် သူမကို တားဆီးရန် ရှေ့ထွက်လာခဲ့ကြသည်။ သို့သော် ဝမ်ချောင်သည် သူတို့ကို အလျင်အမြန် တားဆီးလိုက်သည်။
……………………………………………………………………………………………………………
အပိုင်း ၃၀၇ မင်းသားများ၏ တိုက်ပွဲ
"ကောင်ဆိုးလေး မင်းမှာ မြို့တော်အပြင်ဘက်မှာ အဲလိုကြီးမားတဲ့ ဝိဉာဉ်သွေးကြောတစ်ခုရှိတယ်ဆိုတာကို တွေးကြည့်ရင် ဒီကိစ္စကို ဘယ်အချိန်ကျမှ ငါ့ကို ပြောပြဖို့ ရည်ရွယ်ထားတာလဲ။"
နယ်စားငယ်ရီသည် ဝမ်ချောင်၏ ပုခုံးကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ခွန်အားကို ထုတ်ဖော်လိုက်သည်။
ခရက်
ဝမ်ချောင်၏ အရိုးများသည် တဂျွတ်ဂျွတ်မြည်သွားခဲ့သည်။
ဝမ်ချောင်၏ ကျင့်ကြံခြင်းသည် မူလစွမ်းအင်အဆင့် ၉ အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ သို့သော် သူ့ကျင့်ကြံခြင်းသည် နယ်စားငယ်ရီအတွက် ပြိုင်ဘက်မဟုတ်သေးပေ။
"နယ်စားငယ်ရီက အဲဒီမှာကျင့်ကြံချင်တယ်ဆိုရင် ကျွန်တော်က အချိန်တိုင်းကြိုဆိုလျက်ပါ။ မင်းအလိုရှိတိုင်း ဝိညာဉ်သွေးကြောထဲ ဝင်ထွက်သွားလာနိုင်ပါတယ် မင်းအတွက် ကန့်သတ်ချက်တစ်ခုမှ ရှိမှာမဟုတ်ဘူး။"
ဝမ်ချောင် ပြန်ဖြေလိုက်သည်။
နယ်စားငယ်ရီသည့် သေးသွယ်သည့် ခန္ဓာကိုယ်သာရှိသော်လည်း သူမလက်တွင် ထုတ်ဖော်ထားသည့် ကြီးမားသည့် ခွန်အားသည် ဟာသမဟုတ်ပေ။ သူမသည် အားပူတန်ထက် များစွာ သာလွန်သည်ကို ဝမ်ချောင် ပြောနိုင်ပေသည်။
"ကောင်းတယ် ဒါဆိုလည်း ခုလောလောဆယ် ငါ နင့်ကို ခွင့်လွှတ်ပေးလိုက်မယ်။"
ဝမ်ချောင်၏ စကားကိုကြားသည်နှင့် နယ်စားငယ်ရီ၏ မျက်ဝန်းသည် တောက်ပသွားခဲ့ပြီး သူမသည် ဆုပ်ကိုင်ထားမှုကို ဖြေလျော့လိုက်သည်။
"ဟုတ်သားပဲ ကျွန်မရဲ့ သူငယ်ချင်းကောင်းတစ်ချို့လည်း လိုက်လာချင်တယ်တဲ့။"
"အဲဒါကလည်း သေချာပေါက် ပြဿနာတစ်ခုမဟုတ်ပါဘူး။ သူတို့ကို စိတ်ကြိုက်ခေါ်သွားပါ..."
ဝမ်ချောင်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။ မည်သို့ဆိုစေကာမူ ဝိဉာဉ်သွေးကြောသည် ကြီးမား၏။ ထို့ကြောင့် လူအနည်းငယ်ပိုလာခြင်းက ပြောင်းလဲသွားစေလိမ့်မည်မဟုတ်ပေ။ ထို့အပြင် ဒုတိယအစ်မဝမ်ကျူယန်နှင့် သူတို့၏ ဆက်ဆံရေးကို စဉ်းစားကြည့်ပါက သူသည် သူတို့ကို လုံးဝကပ်စေးနှဲနေမည်မဟုတ်ပေ။
"အဲလိုပဲဖြစ်ရမှာပေါ့"
နယ်စားငယ်ရီသည် သူမနှုတ်ခမ်းပေါ်တွင် ပန်းများပွင့်လန်းလာသကဲ့သို့ ပြုံးလိုက်ကာ ဝမ်ချောင်ပုခုံးကို လွှတ်ပေးလိုက်သည်။ သူမ၏ ခြိမ်းခြောက်တောင်းယူမှု အောင်မြင်ပြီးသည်နှင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူမသည် ဝမ်ချောင်နောက်မှ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို သတိပြုမိလိုက်သည်။
"ဟမ် မင်းရဲ့အိမ်တော်က ကြည့်ရတာ အရမ်းကြီးမဆိုးဘူးပဲ။"
နယ်စားငယ်ရီသည် ထိုအိမ်တော်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသကဲ့သို့ ပြောလိုက်သည်။
'ငါရဲ့ ဒီအိမ်တော်က ဆောက်ပြီးခဲ့တာဖြင့် ကြာလှနေပြီ မင်းက အဲဒါကို အခုမှ ဘယ်လိုလုပ်မြင်တာလဲ။'
ဝမ်ချောင်သည် နယ်စားငယ်ရီ၏ တုံ့ပြန်မှုကြောင့် ပြောစရာစကားမဲ့သွားခဲ့ရသည်။ မှန်၏။ အနီရောင်ငှက်တောင်ထွတ်သည် ဤအိမ်တော်မှ အနည်းငယ်ဝေးကွာသည်။ သို့သော် ၎င်းကို အခုမှသာ မြင်တွေ့ရန်မှာ...
နယ်စားငယ်ရီသည် သိုင်းပညာရူးသွပ်သူဟု ဒုတိယအစ်မဆီမှ သူကြားခဲ့သည်။ ထိုသည်မှာ ဤအချိန်၌ အလွန်မှန်နေပုံရသည်။ ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်မှ အစောင့်တစ်ယောက်ကို ခေါ်လိုက်ပြီး သူ့ကို ညွှန်ကြားလိုက်သည်။
"လျိုချန် နယ်စားငယ်ရီကို လိုက်ပြပေးလိုက်ပါ"
"ဟုတ်ကဲ့ပါသခင်လေး"
အစောင့်သည် နယ်စားငယ်ရီကို တောင်ပေါ်သို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ဦးဆောင်သွားခဲ့သည်။ ဝမ်ချောင်က ကြောက်စရာကောင်းသည့် အမျိုးသမီးကို အဝေးသို့ ပို့လိုက်ပြီးနောက် ကျောက်ကျင်းတန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။
"သခင်လေး ကျွန်တော်တို့အခုဘာလုပ်ကြမလဲ။"
ဝမ်ချောင်သည် သူ့အောက်ရှိ လူအုပ်ကြီးကို တိတ်ဆိတ်စွာကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ရဲမက်တွေကို စုလိုက်ပြီး ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဝင်ရောက်ချင်တဲ့ လူတွေရဲ့နာမည်ကို လိုက်ကောက်လိုက်ပါ။ ပြီးရင် ငါ့ဆီလာပေး။"
"ငါက ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို အချိန်တစ်ခုရောက်မှ ရှေ့တစ်လှမ်းတိုးဖို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမယ့် ကြည့်ရတာ ဒါက မလိုအပ်တော့ဘူးထင်တယ်။ ဒါက ကောင်းမွန်တဲ့အခွင့်အရေးပဲ။"
သူ့အောက်ရှိ ဆူညံနေသော လူအုပ်ကြီးကို ကြည့်ကာ ဝမ်ချောင် ယတိပြတ်ပြောလိုက်သည်။
ဆိုရိုးအတိုင်းပင် 'အခွင့်အလမ်းနှင့် ဘေးအန္တရယ်သည် အကြွေစေ့၏ နှစ်ဖက်ခြမ်းကဲ့သို့ဖြစ်သည်။ သူတို့သည် အတူတကွလာပြီး ပြောင်းလဲ၍ရသည်။' သူသည် ဤပြောင်းလဲသွားသောအခြေအနေကြောင့် အငိုက်မိသွားခဲ့သော်လည်း ဤသည်က ကောင်းမွန်သည့် အခွင့်အရေးလည်းဖြစ်သည်ဆိုသည်မှာ ငြင်းဆန်၍ မရပေ။
သူသည် ထိုသည်ကို ကောင်းမွန်စွာဆုပ်ကိုင်နိုင်လျှင် ထိုသည်က သူ့ရည်မှန်းချက်များကို ရှေ့တိုးရန် အခွင့်အရေးတစ်ခုဖြစ်နိုင်သည်။
ထို့ကြောင့် ဝမ်ချောင်သည် ပြတ်သားလာခဲ့သည်။
ဝမ်ချောင်၏ ဦးဆောင်မှုအောက်တွင် အစောင့်များသည် ဤနေရာရှိ လူများ၏ နာမည်ကို စတင်ကောက်ယူလိုက်ကြသည်။ အစောင့်များ၏ ဟန့်တားခြင်းကြောင့် မကျေမနပ်ဖြစ်နေခဲ့ကြသော လူအုပ်ကြီးသည် ဝမ်ချောင်၏ နာမည်ကို စိတ်လှုပ်တရှားဖြင့် ချက်ချင်းဩဘာပေးလိုက်ကြသည်။
ဝမ်ချောင်ကို မကောင်းကြံရန် ရည်ရွယ်ထားသူများပင်လျှင် တစ်ဖက်လူ၏ ဂုဏ်သတင်းသည် ဤကိစ္စကြောင့် မြင့်တက်လာမည်ဟု မျှော်လင့်ထားမည်မဟုတ်ပေ။
ဟူးလာလား
ဝမ်ချောင်သည် သူ့လူများကို နာမည်များစုစည်းရန် အမိန့်ပေးခဲ့ပြီးမကြာမီမှာပင် ချိုးဖြူတစ်ကောင်သည် ကောင်းကင်ထက်မှ ဆင်းသက်လာခဲ့သည်။
ဤနေ့သည် အေးချမ်းသည့်နေ့မဟုတ်သည်မှာ သေချာပေသည်။ ထိုစာပေါ်တွင် ဦးကြီးဝမ်ကန်း၏ တံဆိပ်ကို မြင်ပြီးနောက် ဝမ်ချောင် မှင်သက်သွားခဲ့သည်။ တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် သူ စာကို ဖွင့်ကြည့်လိုက်သည်။
ဦးကြီးဝမ်ကန်းပို့လိုက်သောစာသည် မြို့တော်အပြင်ဘက်ရှိ ဝိဉာဉ်သွေးကြောသည် ဝမ်ချောင် အမှန်တကယ်ပိုင်ဆိုင်ခြင်း ဟုတ်မဟုတ်ကို မေးထားသည့် စာကြောင်းအနည်းငယ်သာဖြစ်သည်။ သို့သော်လည်း ခိုင်လုံသည့်အကြောင်းပြချက်မပါရှိသည့် ဤသာမန်စာတစ်စောင်သည် ဝမ်ချောင်၏ နှလုံးသားကို နစ်မြုပ်သွားစေခဲ့သည်။
ဦးကြီးဝမ်ကန်းအသုံးပြုထားသည့် အသုံးအနှုန်းများသည် အလွန်တရာမှ ယဉ်ကျေးပြီး သူ့ ယခင်ပုံစံနှင့် ကွဲပြားနေပေသည်။ ၎င်းသည် ဦးကြီးဝမ်ကန်းနှင့် အလွန်ကွာခြားပေသည်။ သူသည် ဤစာကို တခြားတစ်ယောက်၏ တောင်းဆိုမှုကြောင့် ပေးပို့လိုက်ပုံရသည်။
တော်ဝင်ရုံးတော်တွင် ဝမ်ကန်း၏ လက်ရှိအဆင့်အတန်းအရ သူ့ကို ဤသို့ ခက်ခဲသည့် အခြေအနေသို့ တွန်းပို့နိုင်သည့်လူမှာ အလွန်နည်းပါးပေသည်။ ဝမ်ချောင်သည် တစ်ဖက်လူမည်သူဖြစ်သည်ဆိုသည်ကို ဖော်ထုတ်ရန် အနည်းငယ်သာတွေးလိုက်ရသည်။ လေးလံသည့် နှလုံးသားဖြင့် ဝမ်ချောင်သည် စာကို သိမ်းလိုက်ပြီး သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
အကယ်၍ ဝမ်ချောင်၏ ထင်မြင်ချက်သာ မှန်ခဲ့လျှင် ဦးကြီးဝမ်ကန်းကို ခက်ခဲအောင်လုပ်ခဲ့သူမှာ ပထမမင်းသားဖြစ်နိုင်သည်။
သူ့ဆရာဆီမှ ရရှိခဲ့သောစာထဲတွင် တော်ဝင်အစောင့်များ၏ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော လူများသည် ဝိဉာဉ်သွေးကြော ပိုင်နက်အတွင်း ပေါ်လာခဲ့သည်ကို ဝမ်ချောင်သိလိုက်ရချိန်ကတည်းက သူသည် မကောင်းသည့် အတိတ်နိမိတ်ကို ရနေခဲ့ပြီဖြစ်သည်။
ထို့အပြင် အရာအားလုံးသည် သူကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်း ဖြစ်ပွားလာခဲ့သည်။
ဝိဉာဉ်သွေးကြောဆီသို့ ဗေဒင်ဆရာကို ခေါ်လာပြီး သတင်းကို ထုတ်လွှင့်ခဲ့သူသည် မင်းသားတစ်ပါးဖြစ်ရပေမည်။ ထို့အပြင် ဦးကြီးဝမ်ကန်းကို စာရေးခိုင်းခဲ့သူသည် အခြားမင်းသားတစ်ပါးဖြစ်သည်။ ဝမ်ချောင်စိုးရိမ်နေခဲ့သည့်အရာသည် နောက်ဆုံးတွင် ဖြစ်ပွားလာခဲ့သည်။
ဤဘဝတွင် ဝမ်ချောင် ဝင်မပါချင်ဆုံးကိစ္စမှာ 'မင်းသားများ၏ တိုက်ပွဲ' ဖြစ်သည်။ 'ကြိုးကြာပျံဝဲစံအိမ်အဖြစ်အပျက်'၊ 'ကြင်ယာတော်ထိုက်ကျန်းအဖြစ်အပျက်'၊ 'ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်'... ဤကိစ္စအားလုံးသည် ဂုဏ်သရေရှိကလန်ကို အလွယ်တကူ ကျဆုံးသွားစေနိုင်သည်။ သို့သော် သူတို့တစ်ခုမှ 'မင်းသားများအကြားတိုက်ပွဲ'၏ ပြင်းထန်မှုကို ယှဉ်နိုင်ခြင်းမရှိချေ။
မည်သည့်ခေတ်တွင်ဖြစ်စေ မင်းသားများအကြားတိုက်ပွဲသည် ဝင်ပါရန် အန္တရာယ်အများဆုံး ကိစ္စဖြစ်သည်။
အမှားတစ်ခုသည်ပင် တစ်ဘဝလုံးစာ နောင်တရသွားစေနိုင်သည်။
ရှေးအခါက မဟာယုသည် သူ့ထီးနန်းကို မင်းသားရီထံ အပ်နှင်းရန် ရည်ရွယ်ထားခဲ့သည်။ သို့သော် သူသည် သူ့သားတော်ယွီ၏ သတ်ဖြတ်ခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့ရသည်။ ထို့အပြင် သူ့ခန္ဓာကိုယ်သည် မြင်းငါးကောင်ဖြင့် ဆွဲဖြဲခံလိုက်ရခြင်းဖြစ်သည်။
ဤသည်က မင်းသားများ၏ တိုက်ပွဲသည် မည်မျှ ရက်စက်သလဲ ဆိုသည်ပင်။
တိုင်းပြည်အာဏာရရန် ပါဝင်ရုန်းကန်သည့် မည်သည့်အရာမဆို သဘာဝအားဖြင့် ရက်စက်ပြီး နှလုံးသားကင်းမဲ့ရမည်မှာ သေချာသည်။
ကြိုးကြာပျံဝဲစံအိမ်အဖြစ်အပျက်တွင် ကျရှုံးခဲ့ခြင်းသည် ဝမ်ကလန်ကို နှစ်ပေါင်းများစွာ ရပ်တည်နိုင်စေခဲ့ဆဲဖြစ်သည်။ ကြင်ရာတော်ထိုက်ကျန်းအဖြစ်အပျက်ပင်လျှင် ဝမ်ကလန်ကို သာမန်ပြည်သူအဖြစ်သာ လျှော့ကျသွားစေခဲ့သည်။
သို့သော် မင်းသားများ၏ တိုက်ပွဲအနေဖြင့်...
ဧကရာဇ်အသစ်က ထီးနန်းကို ဆက်ခံသည်နှင့် ရန်သူမင်းသားကို ထောက်ခံခဲ့သည့် လူများသည် ကလန်တစ်ခုလုံး လုံးဝသုတ်သင်ခံရပေလိမ့်မည်။ ဆက်ခံသူရှိသည့် မဟာယုကဲ့သို့ အမျှော်အမြင်ရှိသော ဧကရာဇ်တစ်ပါးပင်လျှင် သူ့သားတော်၏ တစ်စစီဆွဲဖြဲသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူ့ပြီးနောက် အခြားသူများဆိုလျှင် ပြောစရာပင်မလိုချေ။
လက်ရှိပညာရှင်ဧကရာဇ်အာဏာရလာချိန်၌လည်း ထိုသို့ဖြစ်ခဲ့သည်။ ထို့ကြောင့် ဤတစ်ကြိမ်တွင် အဘယ်ကြောင့် ချို့ယွင်းချက်ရှိရမည်နည်း။ ဝမ်ချောင်သည် မင်းသားများ၏ တိုက်ပွဲမှ အမြဲသတိရှိရှိ ရှောင်ရှားခဲ့ပြီး ဖြစ်နိုင်သမျှ မပါဝင်ရန်ကြိုးစားခဲ့သည်။
သို့သော် ဤဝိဉာဉ်သွေးကြောသည် ဝမ်ချောင်ကို မဟာထန်၏ အန္တရာယ်အရှိဆုံး ကိစ္စထဲ တွန်းပို့ခဲ့သည်။
ဦးကြီးဝမ်ကန်းနောက်တွင် ရပ်တည်နေသည့် ပထမမင်းသားနှင့် ဝိဉာဉ်သွေးကြောရှာရန် ဗေဒင်ဆရာကို စေလွှတ်ခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် မင်းသား... ဤကိစ္စထဲတွင် ဤမင်းသားနှစ်ပါး ပါဝင်နေခြင်းနှင့်အတူ မကြာမီ ဝမ်ကလန်၏ တံခါးကို လူများပို၍ လာခေါက်တော့မည်မှာ သံသယရှိစရာမလိုပေ။
ထိုသည်မှာ ပြဿနာရှိနေသည့် နေရာဖြစ်သည်။
ဤအကြပ်အတည်းများကြားတွင် 'မှန်ကန်သည့်ဆုံးဖြတ်ချက်'ဟူ၍ လုံးဝ ရှိနေခြင်းမရှိပေ။ ထိုနေရာတွင် လူတစ်ယောက်သည် လုံးဝဘေးကင်းနေသည် ဟူ၍ မရှိပေ။ တစ်ခုခုလုပ်ခြင်းကပင် အမှားဖြစ်သည်။ လူတစ်ယောက်သည် ပို၍ လှုပ်လေ ပို၍ နစ်မြုပ်သွားလေဖြစ်သည်။ သို့သော် ဘာမှမလုပ်ခြင်းကလည်း အမှားတစ်ခုဖြစ်နေခဲ့သည်။
စိတ်ထဲတွင် ထိုအတွေးများနှင့်အတူ ဝမ်ချောင်သည် သက်ပြင်းသာ ချလိုက်နိုင်သည်။
"ဖြစ်လာရမယ့်အရာတွေက ဖြစ်လာရမှာပဲ။ ငါသူတို့ကို သဘောထားတဲ့အတိုင်း ငါ့ခြေလှမ်းတွေအပေါ် မှီခိုတော့မယ်။"
မကြာမီ ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ပြန်သွားခဲ့သည်။
"ဘယ်လောက်တောင် အားကောင်းလိုက်တဲ့ ဝိဉာဉ်သွေးကြောလဲ"
ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် အလုပ်များနေစဉ်မှာပင် အထက်စီးဆန်ပြီး ကြက်သွေးရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ယောက်သည် အနီရောင်ငှက်တောင်ထွတ်၏ အစွန်းတွင် မတ်တပ်ရပ်နေခဲ့သည်ကို သူ မသိခဲ့ပေ။ မီးတောက်နှင့်ဆင်တူသည့် ရဲရဲတောက် သိုင်းချီစက်ကွင်းသည် သူမ၏ ခြေဖဝါးအောက်တွင် တောက်ပနေခဲ့သည်။ သူမဘေးတွင် အဘွားအိုတစ်ယောက်နှင့်အတူ သူမသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ကြည့်နေခဲ့သည်။
သူမတို့၏ အနောက်တွင် တစ်ဒါဇင်ထက်ပိုသော ရုံးတော်ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးအစေခံများရပ်နေခဲ့သည်။ သူတို့တစ်ယောက်ချင်းစီသည် သာလွန်သည့် ကျင့်ကြံခြင်းအဆင့်ရှိကြပြီး အားအနည်းဆုံးသည်ပင် အစစ်အမှန်သိုင်းပညာနယ်ပယ်ဖြစ်သည်။ ဤသို့ဖြင့် သူတို့၏ တည်ရှိမှုသည် လေ့ကျင့်ရေးစခန်းတွင် ထူးခြားစွာ ပေါ်လွင်နေခဲ့သည်။
"မင်းသမီး ဒါက အခွင့်အရေးကောင်းပဲ။ ကျွန်မတို့ ခွန်းဝူလေ့ကျင့်ရေးစခန်းထဲရှိနေတာက ကောင်းကင်ရဲ့ ဆန္ဒကြောင့်ပါပဲ ကျွန်မတို့ ဒီအခွင့်အရေးကို နည်းနည်းမှ လွဲချော်သွားလို့မရဘူး။"
အဘွားအိုက ပြောလိုက်သည်။
သူမ၏ အသားအရည်တွင် ရွှေရောင်အဆင်းနှင့်အတူ သူမသည် ပြိုင်ဘက်ကင်းသိုင်းပညာရပ်အချို့ ကျင့်ကြံထားခဲ့သည်ကို တွေ့နိုင်သည်။ သူမ၏ လက်ထဲတွင် မြို့တော်မှ လတ်တလောသတင်းများ ပါဝင်သည့် စာတစ်စောင်ကို ကိုင်ဆောင်ထားခဲ့သည်။
သူမ၏ ညွှန်ကြားမှုအောက်တွင် ကင်းထောက်တစ်ယောက်သည် ဝိဉာဉ်သွေးကြောဆီသို့ ချီတက်သွားခဲ့ပြီဖြစ်ပြီး သူပြန်ပို့လာသည့် သတင်းမှာ ထိုဝိဉာဥ်သွေးကြောတွင် ပါဝင်နေသည့် ဝိဉာဉ်စွမ်းအင်သည် မယုံနိုင်စရာကောင်းလောက်အောင် သိပ်သည်းသည် ဟူ၍ပင်။
အရေးအကြီးဆုံးမှာ ထိုဝိဉာဉ်သွေးကြောသည် ကျယ်ပြန့်စွာ နေရာယူထားခဲ့ခြင်းပင်။ ဤသတင်းသည် မြို့တော်ရှိ အင်အားစုများကို လှုပ်ရှားစေရန် လုံလောက်ပေသည်။ သံသယရှိစရာမလိုဘဲ ဤကြီးမားသော ဝိညာဉ်သွေးကြောကို ပိုင်ဆိုင်ထားသူ မည်သူမဆို မင်းသားများ၏တိုက်ပွဲတွင် အရေးပါသော အသာစီးရရှိမှုကို ရရှိမည်ဖြစ်သည်။
"အဲလိုဆိုတော့လည်း အဲဒါကို ယူကြတာပေါ့။"
မင်းသမီးနီဟွမ်သည် ခေါင်းကို မော့ထားလျက် တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။ သူမ ချီစက်ကွင်း၏ တောက်ပသော အလှသည် သူမ၏ အံ့မခန်း အသွင်အပြင်ကို ပို၍ပင် လှပစေခဲ့သည်။
"ကျွန်မတို့ ဒါကို သေချာပေါက် ပိုင်ဆိုင်မှရမယ်။ ဒါပေမယ့် အဲ့ကောင်လေးက ရိုးရှင်းတဲ့လူ မဟုတ်ဘူး..."
အဘွားအိုကြီးသည် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် တော်ဝင်ရုံးတော်တွင် ရှင်သန်ခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ သူမ၏အချိန်အများစုကို မင်းသမီးနီဟွမ်၏ဘေးတွင် ကုန်ဆုံးခဲ့သော်လည်း သူမသည် အပြင်ဘက်တွင် ဖြစ်ပေါ်နေသော အဖြစ်အပျက်များကို လိုက်မီနေသေးသည်။
အဘွားအိုသည် ထိုကောင်လေးနှင့်ပတ်သက်သော သူမစုဆောင်းရမိသမျှ ကောလဟာလမျိုးစုံကို မင်းသမီးနီဟွမ်အား ပြောပြလိုက်သည်။
"ဟမ် ဒီမှာ ငါက သူ ဘယ်လို ကြောက်စရာကောင်းတဲ့ လူမျိုးဖြစ်နေမလဲဆိုတာ စောင့်မျှော်နေပါတယ်။ အဆုံးမှာ သူက ကောလဟာလထဲက လူတစ်ယောက်ထက်မပိုပါဘူး။"
မင်းသမီးနီဟွမ်သည် ဒေသဆိုင်ရာတပ်မှူးများအဖြစ်အပျက်ကို ကြားသိပြီးနောက် အထင်အမြင်သေးစွာဖြင့် ပြန်ဖြေလိုက်သည်။
"ဝမ်ကလန်က ဘယ်လောက်ပဲကြီးပါစေ တော်ဝင်မိသားစုကို ယှဉ်နိုင်ပါ့မလား။ ငါက သူ့ကို အဲဒါပေးဖို့ တောင်းဆိုလိုက်ရင် သူက ငါ့ကို ငြင်းဆန်ရဲမယ်လို့ ငါ မယုံဘူး။ ဒါ့အပြင် သူက ငြင်းဆန်ခဲ့ရင်တောင် ငါတို့လုပ်ရမှာက သူ့ကို အညံ့ခံအောင် ရိုက်နှက်ဖို့ပဲ။ ငါ့မှာ ငြင်းပယ်ခံရတဲ့ ဝါသနာမရှိဘူး။"
မင်းသမီးနီဟွမ်သည် သူမ၏ လက်သီးများကို ဆုပ်လိုက်ပြီး အားကောင်းသည့် အရှိန်အဝါတစ်ခုသည် သူမဆီမှာ စီးထွက်လာခဲ့သည်။ တစ်ခဏအကြာ ချောက်ကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။ ဤသည်မှာ နက်နဲသိမ်မွေ့သည့်သိုင်းပညာနယ်ပယ်မှ ကျွမ်းကျင်သူများ ပိုင်ဆိုင်သည့် မယုံနိုင်စရာကောင်းသည့် ခွန်အားဖြစ်သည်။
တော်ဝင်မိသားစုဝင်တစ်ယောက်အနေဖြင့် သူမသည် မော်ကြွားရန် အရည်အချင်းပြည့်မီပေသည်။ သူမရှေ့တွင် အားပူတန်သည်ပင် ဘာမှတန်ဖိုးမရှိတော့ပေ။
"မင်းသမီးပြောတာ အမှန်ပဲ။ ဝမ်ကလန်က ဘယ်လောက်ပဲအားကောင်းပါစေ သူတို့က တော်ဝင်မိသားစုရဲ့ အစေခံထက် ဘာမှ မပိုဘူး။ ကျွန်မ ခဏနေ မင်းသမီးကို ခေါ်သွားပေးပါ့မယ်။ အကယ်လို့ အဲကောင်လေးက ငြင်းဆန်တဲ့စကားတစ်ခွန်းလောက် ပြောရဲခဲ့ရင် သင့်ရဲ့နိမ့်ကျတဲ့အစေခံက မင်းသမီးကိုယ်စား သူ့ကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးပြီး နာနာခံခံနဲ့ ဝိဉာဉ်သွေးကြောကို လွဲပြောင်းပေးစေပါမယ်။"
အဘွားအိုသည် အရိုးကွဲမတတ်အေးစက်သည့် အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
မင်းသမီးက ဘာပဲလိုချင်ပါစေ ကောင်းကင်ထက်မှ ကြယ်များဖြစ်နေလျှင်ပင် သူမသည် သူမအတွက် ရယူပေးပေလိမ့်မည်။ ထိုသည်မှာ အစေခံတစ်ယောက်၏ တာဝန်ပင် ဖြစ်သည်။
…………………………………………………………………………………………………………..
အပိုင်း ၃၀၈ မင်းသမီးနီဟွမ်
"သခင်လေး နာမည်စာရင်းတွေ စုပြီးပါပြီ။"
မသိလိုက်ဘဲ နာရီအတော်များများ ကုန်ဆုံးသွားခဲ့ပြီး အပြင်ဘက်ရှိ လူအုပ်ကြီးသည်လည်း ကျဲပါးသွားခဲ့သည်။ ကျောက်ကျင်းတန်သည် သူ့လက်ထဲတွင် စာရွက်အထပ်လိုက်ကြီးဖြင့် အခန်းထဲဝင်လာခဲ့သည်။
"စာပွဲပေါ်တင်ထားလိုက်ပါ။"
အခန်းသည် သပ်ရပ်ပြီး ရှေးဟောင်းပစ္စည်းများဖြင့် အလှဆင်ထားသည်။ ဝမ်ချောင်သည် လက်ရှိတွင် ရှေးကျသည့် ဟန်မင်းဆက်၏ ပန်ချီကားနောက်တွင် ထိုင်နေခဲ့ကာ သူသည် သူ့ဘေးရှိ ရနံ့သင်းသော သစ်သားဖြင့် ပြုလုပ်ထားသည့် စားပွဲကို ညွှန်ပြလိုက်သည်။
ဝိဉာဉ်သွေးကြောကြောင့် အုတ်အော်သောင်းတင်းဖြစ်မှုသည် ရလဒ်အနေဖြင့် မျှော်လင့်ထားသည်ထက် ပိုသည့် လျှောက်လွှာများကို ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ရောက်ရှိလာစေခဲ့သည်။
'ဖြစ်နိုင်တာက ငါ စည်းမျဉ်းတွေကို ပြောင်းလဲရတော့မယ်ထင်တယ်။'
ဝမ်ချောင် တွေးလိုက်သည်။
သူ့မူလအစီအစဉ်မှာ ခွန်းဝူလေ့ကျင့်ရေးစခန်းရှိ ပါရမီရှိသည့် ကွပ်ကဲသူများကို စုစည်းကာ သူတို့ကို နောင်တွင် ကြီးကျယ်သည့် အရာများ အောင်မြင်နိုင်သည်အထိ ပြုစုပျိုးထောင်ရန် ဖြစ်သည်။ သို့သော် ရှန်းဝေနှင့် လုံ့ဝေမှ လူများရောက်လာခြင်းကြောင့် သူသည် သူ့ဆုံးဖြတ်ချက်များကို ပြန်၍ သုံးသပ်ရပေတော့မည်။
ရှန်းဝေနှင့် လုံ့ဝေမှ လူများပါ၀င်ရန် သူ့မူလအစီအစဉ်ကို ချဲ့ထွင်နိုင်သည်ဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။ သို့သော်လည်း ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ဝင်ရောက်ရန် လိုအပ်ချက်များသည်တော့ ပြောင်းလဲမည်မဟုတ်ချေ။ ဝမ်ချောင်သည် သိုင်းပညာရှင်များကို စုဆောင်းရန် ရည်ရွယ်ထားခဲ့ခြင်းမရှိပေ။ မဟာထန်တစ်ခုလုံးတွင် သူငှားရမ်းနိုင်သည့် ကျွမ်းကျင်သူအမြောက်အများရှိပေသည်။
ဝမ်ချောင် စုဆောင်းရန် ရည်ရွယ်ထားသူများမှာ စစ်မြေပြင်တွင် ထက်မြက်သည့် အမြင်အာရုံကို ပိုင်ဆိုင်ထားသူများ သို့မဟုတ် ထိုရှုထောင့်တွင် အလားအလာကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်။ တစ်နည်းဆိုရသော် ဝမ်ချောင်သည် သူကဲ့သို့ ရှေ့တန်းတွင် ရပ်တည်မည့် မဟာမိတ်များ ဖြစ်သည့် မဟာထန်အတွက် တိုက်ပွဲဝင်မည့် အနာဂတ် စစ်သူကြီးများကို ခေါ်ယူလိုခြင်း ဖြစ်သည်။
ပထမဆုံး စာမျက်နှာမှ စတင်လိုက်ကာ ဝမ်ချောင်သည် ဦးစားပေး သင့်လျော်သူများစာရင်းကို စစ်ထုတ်ရန်အတွက် သူ့ယခင်ဘဝမှတ်ဥာဏ်များကို ရှာဖွေရင်း နာမည်များကို စတင်ဖတ်ရှုလိုက်သည်။
'လုံ့ဝေလေ့ကျင့်ရေးစခန်းက ရှဲ့ချင်းယွမ်။ ရင်းနှီးနေသလိုပဲ... သူက ရှဲ့ကလန်ရဲ့ သခင်လေးမဟုတ်လား။ သူက မြို့တော်မှာ တော်တော်လေးကျော်ကြားသူပဲ သူက သစ္စာရှိမှုကြောင့် ကျော်ကြားတယ်။ သူကလည်း ဒီကိုရောက်လာတယ်လား။'
ဝမ်ချောင်သည် စာရင်း၏ အလယ်တွင်ရှိနေသည့် နာမည်တစ်ခုကို ကြည့်ကာ တွေးလိုက်သည်။
ရှန်းဝေနှင့် လုံ့ဝေတို့သည် ခွန်းဝူလေ့ကျင့်ရေးစခန်းကဲ့သို့ ထူးချွန်သည့် စစ်သူကြီးအများအပြားကို မွေးထုတ်နိုင်ခဲ့ခြင်းမရှိသော်လည်း တော်တော်လေး စွမ်းဆောင်နိုင်သည့်သူ အနည်းစု ရှိပေသေးသည်။ ရှဲ့ချင်းယွမ်သည် စုဟန်ရှန်းနှင့် စွန်းကျိမင်ကဲ့သို့သော ထိပ်တန်းပါရမီရှိသည့် စစ်သူကြီးများနှင့် ယှဉ်နိုင်ခြင်းမရှိသော်လည်း သူသည် တော်တော်လေးထူးချွန်သည့် ကွပ်ကဲသူ ဖြစ်နေသေးသည်။
ဝမ်ချောင် မှတ်မိသလောက် တစ်ဖက်လူသည် နောက်ဆုံးတွင် တပ်မှူးချုပ်တစ်ယောက်ဖြစ်လာပြီး စစ်ထပ်တွင် ထိပ်တန်းအရာရှိတစ်ဦးဖြစ်လာခဲ့သည်။
'ကြီးမားတဲ့ ကလန်ကနေဆင်းသက်လာတာကြောင့် သူက ငယ်ငယ်ကတည်းကနေ စစ်ဖက်ဆိုင်ရာ ကိစ္စတွေနဲ့ ထိတွေ့ဖူးလောက်တယ် ဒါကြောင့် သူ့ပင်ကိုယ်စွမ်းရည်က လက်ခံနိုင်လောက်တယ်။ မြင့်မားတဲ့အဆင့်တွေကို ရောက်ဖို့ သူလိုနေတာက စိတ်ဓာတ်ခိုင်မာမှုပဲ။ သူက အရင်ဘဝမှာ တပ်မှူးချုပ်ဖြစ်လာနိုင်တာကြောင့် သူက စစ်တပ်တစ်ခုကို ကွပ်ကဲတာမှာ အရည်အချင်းရှိလောက်တယ်။ သူ့ကို ဓားသွားဖယ်ရှားခြင်းအိမ်တော်မှာ ပြုစုပျိုးထောင်နိုင်ခဲ့ရင် သူ့အရင်အောင်မြင်မှုတွေကိုကျော်လွန်ပြီး သူ့အရင်ဘဝကထက် ပိုပြီးသာလွန်သွားနိုင်တယ်။'
ဝမ်ချောင် တွေးလိုက်သည်။
အနာဂတ်တွင် ဖြစ်နိုင်ချေများစွာရှိသည်။ လူတစ်ယောက်လက်လှမ်းမီသရွေ့ ဆုပ်ကိုင်နိုင်သည့် အရာများစွာရှိပေသည်။ သို့သော်လည်း ရှဲ့ချင်းယွမ်၏ နာမည်ကို မြင်ပြီးနောက် ဝမ်ချောင်သည် ရုတ်တရက် လုံ့ဝေလေ့ကျင့်ရေးစခန်း၏ နောက်ထပ်တပ်သားသစ်ကို သတိရမိလိုက်သည်။
ထိုလူသည် လုံ့ဝေရှိလူများကြား နိမ့်ကျသည့် နောက်ခံမှ လာသည့် လူများထဲမှ တစ်ယောက်ဖြစ်သည်။ သူ့ကလန်သည်လည်း သူ့ကို မြင့်မားစွာ မှတ်ယူထားခဲ့ပုံမပေါ်ပေ။ သို့သော်လည်း ကလန်၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် သူသည် ကိုယ်လုပ်တော်တစ်ဦး၏သားဖြစ်လင့်ကစား လုံ့ဝေလေ့ကျင့်ရေးစခန်းတွင် စာရင်းသွင်းခွင့်ရခဲ့ဆဲဖြစ်သည်။ ထိုသို့သောကိစ္စများသည် ကလန်ကြီးများတွင် သာမန်သာဖြစ်သည်။
ခဏကြာပြီးနောက် ဝမ်ချောင်သည် သာမန်သာဖြစ်ပုံပေါ်သော နာမည်တစ်ခုကို တွေ့လိုက်ရသောကြောင့် မျက်လုံးများ တောက်ပသွားခဲ့သည်။
"တွေ့ပြီ ဝေ့အန်းဖန်"
လက်ရှိ ဝေ့အန်းဖန်သည် သူ့ဘဝတွင် အဆိုးဆုံး အခြေအနေများထဲမှ တစ်ခုကို ဖြတ်သန်းနေပုံရသည်။ ကလန်တွင် သူ့ကိုတန်ဖိုးထားသည့်သူ မည်သူမျှမရှိပေ။ သူသည် လုံ့ဝေလေ့ကျင့်ရေးစခန်းတွင် ပစ်ပယ်ခြင်းခံထားရပြီး မကြာသေးမီကပင် သူ့အစ်ကိုကြီးနှင့် ပဋိပက္ခဖြစ်ခဲ့သည်။
ဝမ်ချောင်သည် သူ့စုတ်တံကို မြှောက်လိုက်ပြီး ဝေ့အန်းဖန်နာမည်ဘေးတွင် အမှတ်ချလိုက်သည်။
ဝေ့အန်းဖန်သည် လုံ့ဝေလေ့ကျင့်ရေးစခန်းမှ ပေါ်ထွက်လာခဲ့သော မြင့်မားသည့် အောင်မြင်သူများထဲမှ တစ်ဦးဖြစ်သည်။ သူဦးဆောင်သည့် စစ်တပ်သည် ကြီးမားသောတိုက်ပွဲများစွာတွင် မမျှော်လင့်ဘဲ ကောင်းစွာစွမ်းဆောင်နိုင်ခဲ့သည်။ သူသည် သူ့အထက်ကြီးကြပ်သူများ၏ ညွှန်ကြားချက်များကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး ထိုထက်ကျော်လွန်၍ပင် စွမ်းဆောင်နိုင်သူဖြစ်သည်။
စစ်သူကြီးတိုင်းသည် စစ်တပ်တစ်ခုကို ထိရောက်စွာ ကွပ်ကဲခြင်းပညာရပ်ကို သင်ယူရန် လိုအပ်ပေသည်။ သို့သော် အလားတူပင် သူတို့သည် သူတို့၏ စစ်ဖက်ဆိုင်ရာ နည်းဗျူဟာများနှင့် ရည်ရွယ်ချက်များကို နားလည်နိုင်ပြီး သူတို့ကို ပြီးပြည့်စုံစွာအကောင်အထည်ဖော်နိုင်သည့် သစ္စာရှိစစ်သူကြီးများဖြစ်ရန်လည်း လိုအပ်ပေလိမ့်မည်။
ဝေ့အန်းဖန်သည် သေချာပေါက် ထိုသို့သော လူဖြစ်သည်။
သူ့ပင်ကိုယ်အရည်အချင်းသည် စွန်းကျိမင်၊ ချန်ပုရန်နှင့် အခြားသူများနှင့် နှိုင်းယှဉ်လျှင် ထူးခြားပြောင်မြောက်ခြင်းမရှိသော်လည်း သစ္စာရှိပြီး လိုက်လျောညီထွေရှိသော စစ်သူကြီးတစ်ဦးအနေဖြင့် သူသည် ကြီးမားသည့် ရည်မှန်းချက်များပိုင်ဆိုင်ထားသည့် စစ်သူကြီးအားလုံး၏ ပင်ကိုယ်အရည်အချင်းကို လိုက်မီနိုင်သူဖြစ်သည်။
ထို့ထက် ပို၍အရေးကြီးသည်မှာ ဝေ့အန်းဖန်သည် နောက်ပိုင်းတွင် ထွန်းတောက်လာမည့် အမျိုးအစားဖြစ်သည်။ လုံ့ဝေလေ့ကျင့်ရေးစခန်းတွင် သူ့ဘဝသည် သာမန်သာဖြစ်ပြီး ထင်ရှားခြင်းမရှိပေ။ သူသည် စစ်တပ်ထဲသို့ တရားဝင်ဝင်ရောက်ပြီးမှသာ လျင်မြန်စွာ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲတစ်ခုစီတိုင်းကို ဖြတ်သန်းခြင်းဖြင့် သူသည် ပြောင်းလဲလာခဲ့ပြီး နောက်ဆုံးတွင် လုံ့ဝေလေ့ကျင့်ရေးစခန်းမှ မြင့်တက်လာသော ကြယ်ပွင့်အနည်းငယ်ထဲမှ တစ်ဦးဖြစ်လာခဲ့သည်။
အကယ်၍ ဝမ်ချောင်သည် သူ့ကို ယခုအချိန်တွင် သူ့ဘက်သို့ ခေါ်ထားနိုင်ခဲ့ပါက တစ်ဖက်လူသည် သူ၏ ယုံကြည်ရဆုံးသော ရဲဘော်ရဲဘက် ဖြစ်လာမည်မှာ သေချာပေသည်။
"ကျင်းတန် ဒီလူ့ဆီကို ဖိတ်ကြားစာတစ်စောင်ပေးပို့လိုက်ပါ။ သူက စာမေးပွဲဖြေစရာမလိုဘူးလို့ ပြောလိုက်။ သူက ဒီကို တိုက်ရိုက်ဝင်နိုင်တယ်။"
ဝေ့အန်းဖန်၏နာမည်ကို ညွှန်ပြလိုက်ကာ ဝမ်ချောင်သည် ကျောက်ကျင်းတန်ကို ညွှန်ကြားလိုက်သည်။
ဝမ်ချောင်၏ စကားကို ကြားလိုက်ရသည်တွင် ကျောက်ကျင်းတန်မျက်လုံးထဲ၌ အံ့ဩနေသည့် အရိပ်အယောင်ပေါ်လာခဲ့သည်။ ဝေ့အန်းဖန်သည် ဝင်ခွင့်ဖြေစရာမလိုဘဲ တိုက်ရိုက်ဖိတ်ကြားခံရသည်အထိ ဝမ်ချောင်အတွက် မည်သည့်စွမ်းရည်များ ပိုင်ဆိုင်ထားသည်ကို ကျောက်ကျင်းတန် နားမလည်နိုင်ခဲ့ပေ။
ထို့အပြင် ဤသည်က ဝမ်ချောင်သည် စာရင်းကို ပြီးအောင် မဖတ်ရသေးသည့် အခြေအနေအတွင်းဖြစ်သည်။
"ဟုတ်ကဲ့ပါ သခင်လေး"
ကျောက်ကျင်းတန်သည် ထူးဆန်းနေခဲ့သော်လည်း ဝမ်ချောင်၏ အမိန့်ကို အတွန့်မတက်ဘဲ နာခံနေဆဲဖြစ်သည်။
ဤကိစ္စကို စီမံပြီးနောက် ဝမ်ချောင်သည် စာရင်းကို ဆက်ဖတ်လိုက်သည်။
"ကျန်းတုဝမ် သူ့ကို လုံးဝ ထင်မြင်ချက်ပေးစရာ မရှိဘူး..."
"ရွှီတုံ ဒီလူက ဆိုးရွားတဲ့ ဂုဏ်သတင်းရှိတယ်။ ငါ လမ်းပေါ်မှာ အချိန်ဖြုန်းနေတဲ့အချိန်တုန်းက သူ့နာမည်ကို ခဏခဏကြားရတယ်။"
"ဟောက်ယန်ဝူ အချိန်ကျရင် ငါ သူ့ကို အခွင့်အရေးတစ်ခုပေးရမယ်။"
"ရှီးရုံရုံ..."
စာရင်းထဲတွင် အမျိုးသမီးနာမည်ကို မြင်လိုက်ရသည်နှင့် ဝမ်ချောင်သည် ခေါင်းကိုက်သွားခဲ့ကာ သူ့ခေါင်းကို ကိုင်လိုက်သည်။
ယခုတစ်ကြိမ်တွင် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ အမျိုးသမီး လျှောက်ထားသူ အနည်းငယ်ရှိသော်လည်း ဝမ်ချောင်၏ မူလအစီအစဉ်တွင် အမျိုးသမီးများ စုဆောင်းခြင်း မပါဝင်ခဲ့ပေ။ အသေအချာပင် နယ်စားငယ်ရီသည်တော့ ချို့ယွင်းချက်ဖြစ်သည်။
ထို့အပြင် သူတို့သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ဝင်ချင်ရုံသာ ဟုတ်ပုံမရပေ။ အစောပိုင်းက သူတို့ပြောခဲ့သည့် စကားများသည် ဝမ်ချောင်၏ စိတ်ထဲတွင် ပူပူနွေးနွေးရှိနေဆဲဖြစ်သည်။
'ဒါက တကယ့် ပြဿနာပဲ'
ဝမ်ချောင် တွေးလိုက်မိသည်။
ဤကိစ္စသည် ဝမ်ချောင်၏ မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်။ သူတို့အားလုံးကို ငြင်းပယ်ရန် သူ့အတွက် ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။ အဆုံးတွင် သူတို့သည် မတူညီသည့် ကလန်များမှ လာခဲ့ခြင်းဖြစ်ပြီး အကယ်၍ သူတို့သာ ပြဿနာရှာခဲ့မည်ဆိုပါက ဒုက္ခရောက်ပေလိမ့်မည်။ သို့သော် ဤအမျိုးသမီးများကို လက်ခံလိုက်ခြင်းက... သူသည် ယခင်က ဤသို့သော ဖြစ်နိုင်ချေကို အမှန်ပင် စဉ်းစားထားခဲ့ခြင်းမရှိချေ။
ထို့အပြင် ဝမ်ချောင်၏ စိတ်ထဲတွင် နောက်ထပ် သံသယတစ်ခုရှိသေးသည်။
'ဝိဉာဉ်သွေးကြောက မက်မောစရာကောင်းတာ အမှန်ပဲ။ ဒါပေမယ့် ဓားသွားဖယ်ရှားခြင်းအိမ်တော်အတွက် လာလျှောက်ထားတဲ့ အမျိုးသမီးအရေအတွက်က အရမ်းကို များပြားနေတယ်။ ဒါက နည်းနည်းထူးဆန်းတယ်..."
ဝမ်ချောင် တွေးလိုက်သည်။
သူ့ကိုယ်သူ တည်ငြိမ်စေလိုက်ကာ ဝမ်ချောင်သည် နာမည်များကို ဆက်ဖတ်လိုက်ပြီး သူတို့ထဲမှ အချို့ကို အမှတ်အသားပြုလိုက်သည်။
အချိန်အနည်းငယ်ကြာပြီးနောက် ဝမ်ချောင်သည် စာရင်းပေါ်ရှိ နာမည်များကို အမှတ်အသားပြုရင်း အလုပ်ရှုပ်နေစဉ်မှာပင် အမျိုးသမီးတစ်ဦး၏ အသံသည် ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုအသံသည် နှစ်လိုဖွယ်ကောင်းသော်လည်း မောက်မှပြီး အထက်စီးဆန်လှသည်။
"ဝမ်ချောင် ဘယ်မှာလဲ။ ခုချက်ချင်းထွက်လာခဲ့စမ်း။"
"ဟမ်"
ဝမ်ချောင်သည် သံသယဖြင့် ခေါင်းမော့လိုက်သည်။ ထိုအသံသည် အိမ်တော်ဝင်ပေါက်မှ လာပုံရပြီး နယ်စားငယ်ရီ ဖြစ်ပုံမပေါ်ပေ။
ဘုန်းးး
ဝမ်ချောင်သည် ဘာတွေဖြစ်ပျက်နေသည်ကို လိုက်မီခြင်းမရှိမီမှာပင် ကျယ်လောင်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ခြံဝန်းတံခါးသည် ကန်ဖွင့်ခံလိုက်ရသည်။ တုန်လှုပ်ဖွယ်လှိုင်းလုံးများသည် အခန်းထဲသို့ တိုးဝင်လာခဲ့သည်။
ထို့နောက်တွင် သစ်သားပြားများနှင့် လူ့ခန္ဓာကိုယ်များ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည့်အသံများ ထွက်ပေါ်လာခဲ့သည်။ ကြည့်ရသည်မှာ တံခါးနှင့်အတူ အစောင့်သည် ကန်ထုတ်ခြင်းခံခဲ့ရပုံပေါ်သည်။
"ချေးပဲ ဒီလူတွေက ဘယ်သူတွေလဲ"
စားပွဲပေါ်သို့ ထုနှက်လိုက်ကာ ဝမ်ချောင်ဒေါသထွက်သွားခဲ့သည်။ ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် ပြဿနာလာရှာသည်မှာ ကိစ္စတစ်ခုဖြစ်သော်လည်း သူ့လူများကို နာကျင်စေသည်မှာ လွန်သွားပြီဖြစ်သည်။
ဘန်းးး
ဝမ်ချောင်သည် တံခါးကို ဖွင့်လိုက်ကာ အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် သူမြင်လိုက်ရသည့်အရာက သူ့ကို အေးခဲသွားစေခဲ့သည်။ ဝင်ပေါက်တွင် ရုံးတော်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကြမ်းကြုတ်သော အမျိုးသမီးငယ်များကို သူမြင်လိုက်ရပြီး သူတို့အရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသည့် ပုံစံဖြင့် အဘွားအိုတစ်ယောက် ရပ်နေသည်။
ထို့အပြင် ထိုအမျိုးသမီးငယ်များ၏ အရှေ့နှင့် အဘွားအို၏ အနားတွင် ရပ်နေသည်မှာ ဖြူဖွေးသည့် အသားအရေနှင့် အမျိုးသမီးငယ်တစ်ယောက်ဖြစ်သည်။ သူမသည် လှပသော်လည်း သူမ၏မျက်နှာသည်တော့ အေးစက်နေခဲ့သည်။ မီးတောက်များနှင့် ဆင်တူသည့် တောက်ပသော ပန်းရောင် ချီစက်ကွင်းထက်ရပ်ကာ သူမသည် လူများကို အထက်စီးဆန်သည့် ပုံစံဖြင့် ကြည့်နေခဲ့သည်။
ဤနေရာသို့ ဦးလေးလီလင်း ပို့ထားသော ဧကရာဇ်စစ်တပ်အဖွဲ့ဝင်များသည် သူမရှေ့တွင် ရိုကျိုးစွာ ဒူးထောက်နေခဲ့ကြသည်။
"မင်းက ဝမ်ချောင်လား"
ဝမ်ချောင်ကို သတိပြုလိုက်မိသည်နှင့် အေးစက်သည့်မျက်နှာထားရှိသည့် ထိုအမျိုးသမီးသည် ချက်ချင်း လှည့်ကြည့်လာခဲ့သည်။ သူမ၏ ကိုယ်နေဟန်ထားသည် မိမိကိုယ်ကို အလွန်ယုံကြည်မှုရှိပြီး သည်းမခံနိုင်လောက်စရာဖြစ်သည်။
ထိုအမျိုးသမီးကို မြင်လိုက်ရသည်နှင့် ဝမ်ချောင် မှင်သက်သွားခဲ့သည်။
သူသည် ထိုအမျိုးသမီးကို မသိပေ။ သို့သော် သူမခြေဖဝါးအောက်မှ တောက်ပသည့် သိုင်းချီစက်ကွင်းကို သူ မှတ်မိပေသည်။ သူသည် ဂိုဂူလျောများ ချောင်းမြောင်းတိုက်ခိုက်သည့်ညက အဝေးမှနေ၍ ၎င်းကို မြင်တွေ့ခဲ့ရသည်။ သို့သော်...
'မင်းသမီး နီဟွမ်...။'
ထိုအတွေးသည် ဝမ်ချောင်စိတ်ထဲပေါ်လာခဲ့ပြီး တစ်ခဏအတွင်းမှာပင် မကောင်းသည့် အတိတ်နိမိတ်က သူ့ကို ရိုက်ခတ်လာခဲ့သည်။
"ငါ နင့်ကို စကားပြောနေတာ"
အဖြေကို ပြန်မရသောကြောင့် မင်းသမီးနီဟွမ်သည် အနည်းငယ် ဒေါသထွက်လာခဲ့သည်။
"ဟုတ်ကဲ့ ကျွန်တော်ပါပဲ။ မင်းသမီးက ဒီကိုအလည်လာတာ ဘာကြောင့်လဲဆိုတာ သိလို့ရမလား။"
ဝမ်ချောင်သည် ကျောက်လှေကားမှ ဆင်းလာခဲ့ကာ ပြောလိုက်သည်။
"ဟမ် သူက နင်ဆိုရင်တော့ ကောင်းတာပေါ့။"
ဓားသွားဖယ်ရှားခြင်းအိမ်တော်မှ အစောင့်များကို လျစ်လျူရှုလိုက်ကာ မင်းသမီးနီဟွမ်သည် ဝမ်ချောင်ဆီသို့ သွားလိုက်သည်။ သူမနောက်မှ အေးစက်သည့် မျက်နှာထားဖြင့် အဘွားအိုနှင့် အမျိုးသမီးများသည် ချက်ချင်း သူမနောက်မှ လိုက်ပါလာခဲ့သည်။
"မင်းသမီးက အလည်လာတဲ့အတွက် ကျွန်တော်ဂုဏ်ယူမိပါတယ်။ ကျွန်တော် ခင်ဗျားအတွက် ဘာလုပ်ပေးရမလဲဆိုတာ သိလို့ရမလား။"
ဝမ်ချောင်သည် ဘေးရှိ အစောင့်တစ်ဦးကို အမူအရာလုပ်ပြလိုက်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"လက်ဖက်ရည်တစ်အိုး သွားယူလာခဲ့..."
"မလိုဘူး"
ဝမ်ချောင် စကားမဆုံးမီမှာပင် မင်းသမီးနီဟွမ် ဖြတ်ပြောလိုက်သည်။
"ဟမ် နင်က ငါ့ကို သိတယ်ဆိုတော့ ပိုလွယ်သွားတာပေါ့။ နင့်နာမည်နဲ့ ဝိဉာဉ်သွေးကြောတစ်ခုရှိတယ်လို့ ငါကြားခဲ့တယ်။ အဲဒါကို လွှဲပေးစမ်း။"
သူမ၏ အသံသည် အတင်းအကြပ်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းရန် အခွင့်အရေးလုံးဝမရှိပေ။
ဘန်းးး
အကြည့်တစ်ချက်ဖြင့် အနောက်မှ အမျိုးသမီးတစ်ဦးသည် ရှေ့သို့ ချက်ချင်းလှမ်းတက်လာခဲ့ပြီး ဘေးဘက်ရှိ စားပွဲပေါ်တွင် စာချုပ်တစ်ခုကို တင်ထားလိုက်သည်။ စာချုပ်ချုပ်ဆိုရာတွင် အသုံးပြုသည့် အနီရောင်မင်ကိုပင် ပြင်ဆင်လာခဲ့သည်။
…………………………………………………………………………………………………………
အပိုင်း ၃၀၉ အကျပ်ကိုင်ခြင်း
ထိုမကောင်းသည့် အတိတ်နိမိတ်သည် အမှန်တကယ် ဖြစ်ပွားလာခဲ့သည်။
သူ့ရှေ့ရှိ စာချုပ်နှင့် မင်နီကို ကြည့်ကာ ဝမ်ချောင်၏ အမူအရာ ဆိုးရွားသွားခဲ့သည်။မင်းသမီးနီဟွမ်သည် ဤနေရာသို့ ဝိဉာဉ်သွေးကြောအတွက် အမှန်တကယ်ရောက်လာခဲ့သည်။ ဝိဉာဉ်သွေးကြော ဖော်ထုတ်ခံလိုက်ရခြင်းက ကြီးမားသည့် ပြဿနာကို သေချာပေါက် သယ်ဆောင်လာမည်ကို သူ သိသည်။ သို့သော် ထိုသည်က ယခုလောက်မြန်မြန်ဆန်ဆန်ရောက်လာလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်းမရှိပေ။
မင်းသမီးတစ်ပါးသည် ဝိဉာဉ်သွေးကြောအတွက် အမှန်ပင် သူ့ရှေ့သို့ ရောက်နေခဲ့သည်။
ဝမ်ချောင်သည် သူက ပြဿနာများဖြင့် ဝန်းရံထားခဲ့ပြီကို သိသော်လည်း တစ်ဖက်လူသည် အလွန်မောက်မာလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့ခြင်းမရှိပေ။ ဝိဉာဉ်သွေးကြောကို ထိုသို့ အလကားလွှဲပေးလိုက်ရန် သူ့ဆီမှ မျှော်လင့်နေသည်မှာ ဤအရာထက် ပိုကောင်းသည့်အရာ လောကကြီးတွင် ရှိနိုင်ဦးမည်လော။
အကယ်၍ သူကိုယ်တိုင်အတွက်သာဆိုပါက သူသည် ဝိဉာဉ်သွေးကြောကို ပေးလိုက်ရန် စိတ်ရှိနေမည်မဟုတ်ပေ။ သို့သော်လည်း ထိုဝိဉာဉ်သွေးကြောသည် အနာဂတ်ကို ပြောင်းလဲရာတွင် သူ့အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေခဲ့သည်။ ဤသို့မဟုတ်ပါက သူသည် ထိုအရာအတွက် အပင်ပန်းခံခဲ့လိမ့်မည်မဟုတ်ပေ။
ပြောစရာမလိုအောင်ပင် သူသည် မင်းသားများအကြားတိုက်ပွဲတွင် ပါဝင်ပတ်သက်နေသည့် အန္တရာယ်ကြားတွင် ထိုအရာကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည်မဟုတ်ပေ။ အထူးသဖြင့် ဦးကြီးဝမ်ကန်းဆီမှ စာကို လက်ခံရရှိပြီးနောက်တွင် ဖြစ်သည်။
သို့သော် ကြည့်ရသည်မှာ မင်းသမီးနီဟွမ်သည် ဤနေရာရှိ သူရည်မှန်းချက်များ အောင်မြင်ခြင်းမရှိသရွေ့ လုံးဝထွက်သွားမည့်ပုံမပေါ်ပေ။ အဖြစ်နိုင်ဆုံးမှာ ဤနေရာရှိကိစ္စကို အေးအေးချမ်းချမ်းဖြင့် ဖြေရှင်း၍ရမည်မဟုတ်ပေ။
မင်းသမီးနီဟွမ်၏ ခြေဖဝါးအောက်ရှိ တောက်ပသော သိုင်းချီစက်ကွင်းကိုကြည့်ကာ သူ တည်ငြိမ်စွာမေးလိုက်သည်။
"မင်းသမီးကို မေးခွန်းတစ်ခုမေးလို့ရမလား။ မင်းသမီးရဲ့ သာလွန်ကောင်းမွန်တဲ့ ကျင့်ကြံခြင်းအဆင့်အရ ဝိဉာဉ်သွေးကြောကို ဘာအတွက် လိုချင်ရတာလဲ။"
"ဟမ် နင်စိတ်ပူစရာမလိုပါဘူး။ ငါ နင့်ကို ရိုးရိုးလေးပဲမေးမယ်။ နင် လွှဲပေးမှာလား လွှဲမပေးဘူးလား။"
မင်းသမီးနီဟွမ်၏ မျက်ခုံးများသည် မြင့်တက်သွားခဲ့ပြီး အာဏာသံအပြည့်ဖြင့် ပြောလိုက်သည်။
"ကောင်ကလေး မင်းက မြို့စားကြီးကျူးရဲ့ သားမြေးဆိုတာငါသိတယ် ဒါပေမယ့် မင်းသမီးက တောင်းဆိုနေတာကြောင့် နာနာခံခံနဲ့ အဲဒါကိုလွှဲပေးလိုက်တာ ပိုကောင်းမယ်။"
ခန့်မှန်း၍မရသည့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားသော အဘွားအိုက ထပ်ဖြည့်ပြောလိုက်သည်။
"ဟုတ်တယ် ဘာလို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောပြီး အချိန်ဖြုန်းချင်နေရတာလဲ။ မင်းသမီးက အဲဒါကို လက်လွှဲခိုင်းနေတာကြောင့် နင်လုပ်ရမှာ အားလုံးက အဲဒါကို လွှဲပေးလိုက်ဖို့ပဲ။"
"နင့်ကို အလျှော့ပေးလိုက်ဖို့ ငါအကြံပေးချင်တယ် ဒီလိုဆို မလိုလားအပ်တဲ့ အကျိုးဆက်တွေကို နင်ရှောင်ရှားနိုင်မယ်။"
မင်းသမီးနီဟွမ်အနောက်၌ ရပ်နေသည့် ရုံးတော်ဝတ်စုံဝတ်အမျိုးသမီးနှစ်ဦးသည် မယဉ်မကျေးဖြင့် နှာခေါင်းရှုံ့လိုက်ကြသည်။ သူမတို့၏ အမူအရာမှာ 'မင်းသမီးက နင့်ပိုင်ဆိုင်မှုကို စိတ်ဝင်စားတာ နင့်အတွက် ဂုဏ်ယူစရာပဲ' ဟူ၍။
"ဟားဟားဟား မင်းသမီးနီဟွမ် အရှင်မင်းမြတ်ကတောင် သူ့အစားအစာနဲ့ လိုအပ်ချက်တွေအတွက်သူ့ရဲ့ ကိုယ်ပိုင်ပိုက်ဆံကို သုံးစွဲရတယ်။ ဒါပေမယ့် မင်းသမီးက ကျွန်တော့်ကို ဝိဉာဉ်သွေးကြော အလကားလွှဲပြောင်းပေးဖို့ တကယ်ပဲမျှော်လင့်နေတာလား။ ကျွန်တော်က ငြင်းဆန်မယ်ဆိုရင်ရော…"
ဝမ်ချောင်သည် ဒေါသထွက်သွားခဲ့ကာ လှောင်ပြောင်လိုက်သည်။
"ဟမ် ဒါက နင့်သဘောအတိုင်းမဖြစ်ဘူး။"
ဝမ်ချောင်၏ ငြင်းဆန်မှုကို မျှော်လင့်ထားခဲ့သည့်အတိုင်း မင်းသမီးနီဟွမ်သည် အေးစက်စွာ ပြုံးလိုက်သည်။
ရှူး
အလင်းတန်းတစ်ခုနှင့်အတူ သူမသည် ပျောက်သွားခဲ့ကာ သေးသွယ်သော်လည်း အားကောင်းသည့် အဖြူရောင်လက်သည် ဝမ်ချောင်၏ လက်ကောက်ဝတ်သို့ တိုက်ရိုက် တိုးဝင်လာခဲ့သည်။
မင်းသမီးနီဟွမ်က လှုပ်ရှားလာမည်ကို ဝမ်ချောင် သေချာပေါက်သိပေသည်။ ထို့ကြောင့် သူသည် သရဲခြေလှမ်းကို လျင်မြန်စွာ ထုတ်ဖော်လိုက်သည်။ တစ်ခဏအတွင်းမှာပင် မင်းသမီးနီဟွမ်အရှေ့၌ ဝမ်ချောင်နှင့်ထပ်တူကျသည့် လူသုံးဦးပေါ်လာခဲ့သည်။
မင်းသမီးနီဟွမ်သည် အမြဲတမ်းမောက်မာသည့် လူတစ်ဦးဖြစ်သည်။ သူမသည် ဝမ်ချောင်ကိုလည်း အထင်မကြီးထားပေ။ ထို့ကြောင့် သူမသည် ဝမ်ချောင်၏ စွမ်းရည်ကြောင့် အလစ်အငိုက်မိသွားခဲ့ပြီး သူမ၏ လက်သည် လေထုကိုသာ ဆုပ်ကိုင်သွားမိသည်။
မင်းသမီးနီဟွမ်သည် မှင်သက်သွားခဲ့သော်လည်း သူမသည် ချက်ချင်းသတိပြန်လည်လာခဲ့သည်။ ဝမ်ချောင်ကို လိုက်ဖမ်းရမည့်အစား သူမသည် အေးစက်စက်အပြုံးဖြင့် သူမဘေးရှိ အဘွားအိုကို လှည့်ကြည့်လိုက်သည်။
"ဘွားဘွား သမီးမှန်တယ်မလား။ ဒီကောင်က သမီးတို့ရဲ့ ခွန်အားကို ထုတ်မပြသရွေ့ ဝိဉာဉ်သွေးကြောကို စိတ်ပါလက်ပါ လွှဲပေးမှာမဟုတ်ဘူး။"
"မင်းသမီးလေး စိတ်မပူပါနဲ့။ ဒီကောင်လေးကို အဘွားဆီထားခဲ့ပါ။"
အလွန်အေးစက်သည့် အလွှာပါးတစ်ခုသည် အဘွားအို၏ မျက်နှာကို ဖုံးလွှမ်းသွားခဲ့သည်။
မြို့စားကြီးကျူးသည် တော်ဝင်ရုံးတော်၌ ထူးခြားသည့် အဆင့်အတန်းကို ပိုင်ဆိုင်ထားပြီး လူများစွာ၏ လေးစားခြင်းကို ခံရသော်လည်း မင်းသမီးက ပြောလာပြီဖြစ်သောကြောင့် အဘွားအိုတွင် ရွေးချယ်စရာမရှိတော့ပေ။
အေးစက်သည့် အလင်းရောင်သည် အဘွားအို၏ မျက်လုံးထဲ ဝိုးတဝါးတောက်ပသွားသည်ကိုမြင်နိုင်သည်။ ထိုခဏမှာပင် ဝမ်ချောင်သည် သူက အဆိပ်ပြင်းမြွေတစ်ကောင်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသလို ခံစားလိုက်ရပြီး ကြက်သီးမွေးညင်းများ ထောင်ထသွားခဲ့သည်။
'မကောင်းတော့ဘူး'
ထိတ်လန့်သွားခဲ့ကာ ဝမ်ချောင်သည် နောက်ဆုတ်ရန်ကြိုးစားလိုက်သည်။ သို့သော် သူ နောက်ကျနေဆဲဖြစ်သည်။ ခြောက်ကပ်သည့် လက်သည်းတစ်စုံသည် သူ့ဆီသို့ လျင်မြန်စွာ ပျံသန်းဝင်ရောက်လာခဲ့ပြီး သူ့ကို ဖမ်းမိလုဆဲအချိန်တွင်
"သခင်လေး သတိထား"
ထိုအချိန်မှာပင် အဘွားအိုနှင့် ဝမ်ချောင်အကြား လူတစ်ယောက် ရုတ်ချည်းပြေးဝင်ရောက်လာခဲ့သည်။
"ကျင်းတန်"
ဝမ်ချောင် တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
အရေးကြီးသည့် အခိုက်အတန့်မှ ကြားဝင်လာခဲ့သူမှာ ဖိတ်ကြားစာပို့ပြီး၍ ပြန်လာသော ကျောက်ကျင်းတန်ပင်ဖြစ်သည်။ သို့သော်လည်း ကျောက်ကျင်းတန်သည် ခန့်မှန်းရခက်သည့် အဘွားအိုကို သူ့ကျင့်ကြံမှုဖြင့် မည်သို့ ယှဉ်နိုင်မည်နည်း။
ဘန်းးး
သူသည် ခုန်ဝင်လာပြီးသည်နှင့် ချက်ချင်း ရိုက်ထုတ်ခံလိုက်ရသည်။
"ကောင်ဆိုးလေး သူက နင့်ရဲ့လက်အောက်ငယ်သားလား။ ကြည့်ရတာ နင်က သူ့ကို အများကြီးဂရုစိုက်ပုံပဲ။"
အေးစက်ပြီး အန္တရာယ်ပြုလိုသည့် ရယ်မောသံတစ်ခု အခန်းထဲ ပဲ့တင်ထပ်လာခဲ့သည်။ ဝမ်ချောင်၏ တုံ့ပြန်မှုကို မြင်လိုက်ရသည်နှင့် အဘွားအို၏ နှုတ်ခမ်းပေါ်တွင် ရက်စက်သည့် အပြုံးတစ်ခုချိတ်ဆွဲလာခဲ့သည်။ ကျောက်ကျင်းတန်သည် မြေပေါ်သို့ ပြန်မကျမီမှာပင် အဘွားအိုသည် သူမ၏ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး ဆုပ်လိုက်သည်။ မမြင်ရသည့် အင်အား၏ ဆွဲယူမှုအောက်တွင် ကျောက်ကျင်းတန်သည် အဘွားအိုဆီသို့ တရွတ်တိုက်ဆွဲယူခံလိုက်ရသည်။ အဘွားအိုသည် သူ့ကို ချက်ချင်းဖမ်းချုပ်လိုက်ပြီး သူမ၏ ခြေထောက်အောက်တွင် သူ့ကို ဖမ်းချုပ်ထားလိုက်သည်။
"နင်က ဝိဉာဉ်သွေးကြောကို လွှဲပေးမယ်ဆိုရင် သူ့ကို ခေါ်သွားလို့ရမယ်။ ငါနဲ့ မင်းသမီးကလည်း ဒီနေ့မှာ ဘာမှမဖြစ်ခဲ့ဘူးလို့ သဘောထားပေးပြီး ချက်ချင်းထွက်သွားပေးလို့ရတယ်။"
"သခင်လေး ခင်ဗျား သူ့ရဲ့ တောင်းဆိုချက်ကို လိုက်လျောလို့မဖြစ်ဘူး"
"ကောင်ဆိုးလေး ငါသာနင့်နေရာမှာဆိုရင် အရမ်းကြီးခေါင်းမာနေရဲမှာမဟုတ်ဘူး။"
အဘွားအိုသည် အေးစက်စွာ သရော်လိုက်သည်။ သူမ၏ ညာလက်ကို လှုပ်လိုက်ခြင်းနှင့်အတူ ကြယ်တာရာစွမ်းအင်များပါဝင်နေသည့် အပ်တစ်ချောင်းသည် ပျံထွက်လာခဲ့ပြီး ကျောက်ကျင်းတန်၏ ကိုယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့သည်။
ထိုသေးငယ်သည့် အပ်လေးသည် ဘာမှကြီးကြီးကျယ်ကျယ်မဟုတ်ဟု ထင်ရသော်လည်း ကျောက်ကျင်းတန်သည့် သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းနေသော မချိမဆန့် ဝေဒနာကြောင့် အော်ဟစ်လိုက်ရသည်။ အေးစက်သည့် ချွေးစေးများသည့် သူ့ခန္ဓာကိုယ်မှ ကျဆင်းလာခဲ့သည်။
"သူ့ကို လွှတ်ပေးလိုက်"
ဝမ်ချောင်သည် အဘွားအိုကို စိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။
လူများကို နှိပ်စက်ရန် တော်ဝင်ရုံးတော်တွင် နည်းလမ်းပေါင်းစုံရှိပေသည်။ သံသယရှိစရာမလိုအောင်ပင် ခါးကုန်းအိုကြီးသည် ကျောက်ကျင်းတန်အပေါ် နှိပ်စက်နည်းတချို့ အသုံးပြုနေပေသည်။
"နင် ဝိဉာဉ်သွေးကြောကို လွှဲပြောင်းပေးမယ်ဆိုရင် အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းနိုင်တယ်။"
မင်းသမီးနီဟွမ် မောက်မာစွာပြောလိုက်သည်။
"ပြီးတော့ ထွက်ပြေးဖို့ စဉ်းတောင် မစဉ်းစားဖို့ ငါနင့်ကို အကြံပေးချင်တယ်။ နင် လွတ်မြောက်နိုင်မှာမဟုတ်ဘူး ဒါကြောင့် အဓိပ္ပာယ်မရှိတဲ့အရာတွေ လုပ်မနေနဲ့။"
ဝမ်ချောင် ဒေါသထွက်သွားခဲ့သည်။ သို့သော် ကျောက်ကျင်းတန်သည် အဘွားအို၏ လက်အောက်တွင် ခိုင်မြဲစွာ ဖမ်းချုပ်ခံထားရသောကြောင့် သူလုပ်နိုင်သည့်အရာ အနည်းငယ်သာရှိပေသည်။
ထိုဝိဉာဉ်သွေးကြောသည် လွှဲပြောင်းပေးလို့မဖြစ်ပေ။
သို့သော်လည်း အဘွားအိုနှင့် ကောင်မလေးသည် သူက သူတို့ကို ကျေနပ်စရာအဖြေမပေးသရွေ့ လွယ်လွယ်နှင့် အလျှော့ပေးလိမ့်မည်မဟုတ်ပေ။ သူတို့သည် ယခုတိုင် ဘာမှမလုပ်သေးခြင်းမှာ သူတို့သည် ဝမ်ချောင် လုပ်နိုင်သည့်အရာ ဘာမှမရှိဟု တွေးထင်ထားသောကြောင့် ဖြစ်သည်။
သို့သော်လည်း သူတို့၏ စိတ်ရှည်သည်းခံမှုသည် အတိုင်းအတာတစ်ခု ရှိသည်။
"ဝမ်ချောင် ငါ တစ်ဆယ်အထိရေမယ်။ တကယ်လို့ နင်က ဝိဉာဉ်သွေးကြောကို လွဲပြောင်းပေးဖို့ ငြင်းဆန်နေဦးမယ်ဆိုရင် ငါ့ကို ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့။ တစ်... နှစ်..."
ဝမ်ချောင်သည် အဖြေတစ်ခုကို အသည်းအသန်ရှာနေစဉ်မှာပင် မင်းသမီးနီဟွမ်သည် အေးစက်စွာဖြင့် သူ့ကို တဖြည်းဖြည်းချင်း ချောင်ပိတ်လိုက်သည်။ ဓားသွားဖယ်ရှားခြင်းအိမ်တော်ရှိ လေထုသည် လေးလံသွားခဲ့သည်။
အဘွားအို၏ လက်များသည် ကျောက်ကျင်းတန်ကို တဖြည်းဖြည်းတင်းကျပ်လိုက်သည်။
ဤနေရာအထိ သူမသည် မြို့စားကြီးကျူးဘက်က တုံ့ပြန်လာနိုင်သော ဖြစ်နိုင်ချေများကို စဉ်းစားကာ ဝမ်ချောင်ကို အကောင်းဆုံး သက်ညှာခဲ့ပြီဖြစ်သည်။ သို့သော်လည်း ဝမ်ချောင်သည် အလျှော့ပေးရန် ငြင်းဆန်နေသေးပါက သူမသည် အစွန်းရောက်လုပ်ဆောင်မှုများကို အားကိုးရပေလိမ့်မည်။
"မင်းသမီးနီဟွမ် မင်းက အတင့်ရဲလွန်းတယ်။ အရှင်မင်းမြတ်က အပြစ်ပေးမှာကို မကြောက်ဘူးလား။"
ဝမ်ချောင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟမ် အဲဒါက နောက်ကိစ္စပါ။"
မင်းသမီးနီဟွမ်သည် နှာခေါင်းရှုံ့လိုက်ကာ မထုံတတ်သေး ပြန်ဖြေလိုက်သည်။
"ခြောက်..."
တခြားသူများနှင့် အကျိုးသင့်အကြောင်းသင့် ဆွေးနွေးသည်မှာ သူမ၏ ပုံစံမဟုတ်ပေ။
လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က သူမ၏ ဘွားဘွားသည် မြို့စားကြီးကျူးကို ထောက်ထား၍ ဝမ်ချောင်ကို လွန်လွန်ကျူးကျူးမလုပ်ရန် ပြောခဲ့သည်။ သို့သော် သူမသည်တော့ ထိုအတွေးမျိုး မရှိခဲ့ပေ။ တစ်ဆယ်အထိရေတွက်ခြင်းသည် သူမ၏ စိတ်ရှည်သည်းခံနိုင်မှုဖြစ်သည်။ အကယ်၍ ထိုကောင်လေးသည် သူမနှင့်ပူးပေါင်းရန် ငြင်းဆန်နေသေးပါက သူမသည် သူနှင့်အတူ ကျဆုံးရန် စိတ်ရှိနေမည် မဟုတ်ပေ။
'သူက သဘောမတူခင် နာကျင်မှုတချို့ခံစားရမယ်ထင်တယ်'
ဝမ်ချောင်သည် တိတ်ဆိတ်နေသေးသည်။ မင်းသမီးနီဟွမ်သည် ဘာစကားမှမဆိုသော်လည်း ဝမ်ချောင်သည် သူမထံမှ ဆိုးရွားသော ရည်ရွယ်ချက်များကို ခံစားနိုင်သေးသည်။
'ထွက်ပြေးတာက ခုချိန်မှာ ကောင်းတဲ့လုပ်ဆောင်ချက်ဟုတ်ပုံမပေါ်ဘူး...'
အတွေးများစွာသည် ဝမ်ချောင်၏ ခေါင်းထဲ ပြေးလွှားနေခဲ့ကြသည်။ ထိုသည်မှာ တိုတောင်းသည့် ရင်ဆိုင်တိုက်ပွဲသာ ဖြစ်သော်လည်း မင်းသမီးနီဟွမ်နှင့် အဘွားအိုတို့၏ ကျင့်ကြံခြင်းသည် အစစ်အမှန်သိုင်းပညာနယ်ပယ်ထက် ကျော်လွန်နေခဲ့ပြီကို ဝမ်ချောင် ပြောနိုင်ပေသည်။
သူသည် သူတို့အတွက် ပြိုင်ဘက်လုံးဝမဟုတ်ပေ။
'ဒီကိစ္စက အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းလို့ရတော့မှာမဟုတ်ဘူး'
ဝမ်ချောင် ရင်ဘတ်တစ်ခုလုံး လေးလံသွားခဲ့သည်။ အကြွင်းမဲ့စွမ်းအား ရှေ့တွင် သူသည် ဘာမှ မတတ်နိုင်ပေ။ ထို့အပြင် တစ်ဖက်လူသည် တော်ဝင်မိသားစုမှဖြစ်သည်။ ထို့ကြောင့် အထက်တန်းလွှာလူတန်းစားများ အသုံးပြုလေ့ရှိသော အရာများသည် သူမအပေါ် အသုံးဝင်လိမ့်မည်မဟုတ်ပေ။
သို့သော်လည်း သေခြင်းတရားကို စောင့်စားနေခြင်းမှာ ဝမ်ချောင်၏ ပုံစံမဟုတ်ပေ။
ရုတ်တရက် အတွေးတစ်ခုသည် ဝမ်ချောင် ခေါင်းထဲဖြတ်သန်းသွားခဲ့ပြီး စိတ်ကူးတစ်ခုက သူ့စိတ်ထဲ ပေါ်လာခဲ့သည်။
"မင်းသမီး နီဟွမ် မင်းရဲ့ကျင့်ကြံခြင်းအတွက် ဝိဉာဉ်သွေးကြောက အသုံးမဝင်တာကြောင့် မင်းက ဒီနေရာကို ဒုတိယမင်းသားအတွက် ရောက်နေရတာပဲဖြစ်ရမယ် ကျွန်တော်မှန်လား"
"နင်ပြောမယ့်အရာကို ငါ မျှော်လင့်နေတုန်းပဲ။ ငါနဲ့ ဒုတိယမင်းသားက အမေတစ်ယောက်တည်းက ဆင်းသက်လာတဲ့ မောင်နှမတွေဆိုတာ ဘယ်သူက မသိလို့လဲ။ တကယ်လို့ နင်က ဒီကိစ္စမဟုတ်တဲ့ တခြားအကြောင်းအရာကို ပြောဖို့ ရည်ရွယ်နေရင် နင့်ရဲ့အချိန်တွေကို မဖြုန်းတီးဖို့ ငါတိုက်တွန်းချင်တယ်။"
မင်းသမီးနီဟွမ် မောက်မာစွာ ပြန်ပြောလိုက်သည်။
"ငါတို့ အခု ကိုးကို ရောက်နေပြီ။ နင် အခုထိ မဆုံးဖြတ်သေးဘူးလား။"
……………………………………………………………………………………………………………
အပိုင်း ၃၁၀ ပြန်လည်တုံ့ပြန်ခြင်း
ဒုတိယမင်းသားသည် အကြံအစည်ကြီးလွန်းပြီး သူနှင့်သွေးသားတော်စပ်သည့် ညီမကိုပင် လှည့်စားခဲ့သည်။ ဤအရာက ဝမ်ချောင်ကို သူ့ကို အလွန်အမင်းရွံရှာစေခဲ့သည်။ ဤသည်က သရဖူအတွက် တိုက်ပွဲတွင် ရှင်သန်ရန် နည်းလမ်းတစ်ခု ဖြစ်နိုင်သော်လည်း ဝမ်ချောင်သည် ဆွေမျိုးရင်းချာများကိုပင် လှည့်စားခြင်းက တရားမျှတသည်ဟု မထင်ခဲ့ပေ။
'မင်းသမီးနီဟွမ်နဲ့ ငါက လေ့ကျင့်ရေးစခန်းတစ်ခုတည်းမှာဆိုတာ သူ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက မင်းသမီးနီဟွမ် ခွန်းဝူလေ့ကျင့်ရေးစခန်းကို လာခဲ့တာက သူ့ရည်ရွယ်ချက်တောင်ဖြစ်နိုင်တယ်။ ဝိဉာဉ်သွေးကြောရဲ့ တည်ရှိမှုကို ဖော်ထုတ်ခံရပြီးနောက်မှာ ဒုတိယမင်းသားဟာ မင်းသမီးနီဟွမ်က ဒီလိုမျိုးပြင်းထန်တဲ့ လုပ်ရပ်တွေကို လုပ်လိမ့်လို့တောင် ခန့်မှန်းထားလောက်တယ်။ ဒီလိုဆို သူက လုံးဝမလှုပ်ရှားဖို့ ရွေးချယ်လို့ရတာပေါ့။'
ထိုအတွေးများသည် ဝမ်ချောင် စိတ်ထဲတွင် လျင်မြန်စွာ ဖြတ်ပြေးသွားခဲ့သည်။ သူ့ယခင်ဘဝရှိ ဒုတိယမင်းသား၏ ဂုဏ်သတင်းနှင့် သူကျူးလွန်ခဲ့သော လုပ်ရပ်များကို ပြန်လည်သတိရလိုက်ကာ ဝမ်ချောင်သည် ရုတ်တရက်မသက်မသာ ခံစားလိုက်ရသည်။
ခွန်အားများ တူညီလာသောအခါ အရိုးသားဆုံးသော မင်းသားများသည်ပင် ကြမ်းကြုတ်သည့် သားရဲများအဖြစ် ပြောင်းလဲသွားကြသည်။ ဤသည်က ဝမ်ချောင်သည် ထိုကိစ္စထဲတွင် ဝင်ပါရန် တွန့်ဆုတ်နေရခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။
"မင်းသမီးနီဟွမ် ဝိညာဉ်သွေးကြောကို ရရှိခဲ့ရုံနဲ့ ခင်ဗျားက ဒုတိယမင်းသားအတွက် အထောက်အကူဖြစ်မယ်လို့ ထင်နေတာလား။"
ဝမ်ချောင် အေးစက်စွာသရော်လိုက်သည်။ နောက်ဆုတ်သွားရမည့်အစား သူသည် မင်းသမီးနီဟွမ်ဆီသို့ အကြောက်အလန့်ကင်းမဲ့စွာ လျှောက်သွားလိုက်သည်။ မင်းသမီးနီဟွမ်သည် ဒုတိယမင်းသား၏ စရိုက်အမှန်ကို သိရှိထားသည်ဖြစ်ပါစေ ဝမ်ချောင်သည် ဤအကျပ်အတည်းကို ဦးစွာဖြတ်ကျော်ရမည်ကို သိပေသည်။
"ကောင်လေး နင် ဘယ်လိုလှည့်စားဖို့ ကြံနေတာလဲ။"
အတွေ့အကြုံများလှသည့် အမှုထမ်းဟောင်းတစ်ယောက်အနေဖြင့် ဝမ်ချောင်၏ လုပ်ဆောင်ချက်များကို မြင်သောအခါတွင် သူက တစ်စုံတစ်ခုပြုတော့မည်ကို အဘွားအို သတိပြုလိုက်မိသည်။ သို့သော် ဤတစ်ကြိမ်တွင် သူမ၏ ခန့်မှန်းမှုသည် မှားယွင်းသွားခဲ့သည်။
"ဟားဟားဟား"
အဘွားအိုကို လျစ်လျူရှုလိုက်ကာ ဝမ်ချောင် ရယ်မောလိုက်သည်။
"မင်းသမီးနီဟွမ် စစ်သူကြီးလီရီချိုက အလင်းမဲ့တောင်မှာ ရှုံးနိမ့်ခဲ့တာ မင်း မသိဘူးလား။ ဒါပေမယ့် မင်းက ဒီမှာလာပြီး ဝိဉာဉ်သွေးကြောအတွက် တိုက်ခိုက်ဖို့ စိတ်ရှိနေသေးတယ်။"
မင်းသမီးနီဟွမ်သည် ဝမ်ချောင်က ဘာတွေပြောလာပါစေ တည်ငြိမ်စွာနေရန် ဆုံးဖြတ်ထားခဲ့သည်။ သို့သော် စစ်သူကြီးလီရီချို၏ နာမည်ကို ကြားသည်နှင့် မင်းသမီးနီဟွမ်နှင့် အဘွားအိုတို့၏ မျက်နှာများသည် ချက်ချင်း ပြောင်းလဲသွားခဲ့ကြသည်။
"နင် အယုတ်တမာကောင် နင်ကများ ငါ့ကို လှည့်စားရဲတယ်ပေါ့။"
မင်းသမီးနီဟွမ်၏မျက်နှာသည် အေးစက်သွားခဲ့သည်။
ရှူး
သူမ၏ ပုံရိပ်သည် ဝေဝါးသွားခဲ့ကာ ဝမ်ချောင်သည် ဘာတွေဖြစ်ပျက်နေသည်ကို လိုက်မမီနိုင်ခင်မှာပင် တစ်စုံတစ်ခုသည် သူ့လက်မောင်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့သည်ကို သူ ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တွင် မင်းသမီးနီဟွမ်သည် အတည်ပေါက်လှုပ်ရှားခဲ့ခြင်းပင်။ သူမ၏ လှုပ်ရှားမှုသည် ယခင်ကထက် အဆများစွာမြန်ဆန်ပြီး ဝမ်ချောင်ကို တုံ့ပြန်ရန် လုံးဝအချိန်မပေးခဲ့ပေ။
ဤအခိုက်အတန့်တွင် မင်းသမီးနီဟွမ်သည် အဘယ့်ကြောင့် သူနှင့် အေးအေးလူလူအပေးအယူလုပ်ရန် ဆန္ဒရှိနေခဲ့သည်ကို ဝမ်ချောင် နားလည်သွားခဲ့သည်။
"ဝမ်ချောင် အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့။ စစ်သူကြီးလီက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ နင် အဓိပ္ပာယ်မရှိတာတွေဆက်ပြောနေမယ်ဆိုရင် နင့်ဆီက ငါယူသွားမှာက ဝိဉာဉ်သွေးကြောပဲ ဟုတ်တော့မှာ မဟုတ်ဘူးနော်။"
ဒေါသထွက်နေသည့် မင်းသမီးနီဟွမ်သည် ကျိန်းမောင်းလိုက်သည်။ သူမသည် အေးစက်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ စိတ်ပြေလက်ပျောက်ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်၏ စကားသည် သူမကို ဒေါသထွက်သွားစေခဲ့သည်။
"ဒါက နင့်အတွက် သင်ခန်းစာအသေးစားပဲ။"
ခရွက်ခရွက်
မင်းသမီးနီဟွမ်သည် သူမ၏ ဆုပ်ကိုင်ထားမှုကို တင်းကြပ်လိုက်သည်။ ထိုညှပ်နှင့်တူသော ခွန်အားကြောင့် ဝမ်ချောင်သည် သူ့လက်ကောက်ဝတ် နှစ်ပိုင်းကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
ဤသို့ဆိုလျှင်ပင် ဝမ်ချောင်သည် နာကျင်မှုကြောင့် နည်းနည်းလေးမျှ အော်ခဲ့ခြင်းမရှိပေ။
"မင်းသမီးနီဟွမ် ကျွန်တော်က အမှန်တရားတစ်ခုကို ဖော်ပြခဲ့တာသာဖြစ်တယ်။ ခင်ဗျား ဒါကို ယုံမယ် မယုံဘူး ဆိုတာကတော့ ကျွန်တော့်ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ဝမ်ကလန်က စစ်တပ်ထဲမှာ အဆက်အသွယ်အနည်းငယ်ရှိတယ် ဒါကြောင့် ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်စုဆောင်းမှုက တခြားသူတွေထက် အနည်းငယ်မြန်နေတာကတော့ မြေကြီးလက်ခတ်မလွဲပဲ။ တကယ်လို့ ခင်ဗျားက ကျွန်တော်အဓိပ္ပာယ်မရှိတာတွေပြောနေတယ်ထင်ရင် ဘာမှမပြောခဲ့ဘူးလို့ သဘောထားလို့ရတယ်။"
ဝမ်ချောင် အေးစက်စွာ ပြန်ပြောလိုက်သည်။ သို့သော်လည်း ဝမ်ချောင်သည် ထိုကဲ့သို့ ပြုမူနေလေ မင်းသမီးနီဟွမ် စိတ်မသက်မသာခံစားရလေပင်။ အေးဆေးတည်ငြိမ်သည့် အဘွားအိုသည်ပင် စိတ်ထဲ၌ အနည်းငယ် ထင့်သွားခဲ့သည်။
အနက်ရောင်လှံရှည်စစ်သူကြီးလီရီချိုသည် ဒုတိယမင်းသား၏ လက်အောက်ငယ်သားဖြစ်ပြီး သူတို့နှစ်ဦးသည် အလွန်နီးကပ်သည့် ဆက်ဆံရေးရှိသည်။ အကယ်၍ လီရီချိုသည် မြောက်ပိုင်းဒေသတွင် ရှုံးနိမ့်ခဲ့ပြီး မြို့တစ်မြို့ကို ဆုံးရှုံးခဲ့ပါက သူသည် သေချာပေါက် ပညာရှင်ဧကရာဇ်၏ ပြင်းထန်သည့် ပြစ်ဒဏ်ကို ခံစားရပေလိမ့်မည်။
မဟာထန်တိုင်းပြည်သည် တိုင်းပြည်၏ ပိုင်နက်ကို ဆုံးရှုံးစေသော စစ်သူကြီးများကို ပြင်းထန်စွာ ဒဏ်ခတ်ပေသည်။ ပို၍ အရေးကြီးသည်မှာ ဒုတိယမင်းသားသည်လည်း ထိုကိစ္စထဲတွင် ပါဝင်ပတ်သက်နေခဲ့သည်။ တိုင်းပြည်အာဏာရရှိရေး ကြိုးပမ်းရာတွင် ဤအရာသည် အားနည်းချက်ဖြစ်လာနိုင်သည်။ ဤသည်က ဒုတိယမင်းသားအတွက် သေချာပေါက် အတော်ကြီးမားသည့် လှုပ်ခတ်မှုဖြစ်သည်။ ထိုအရာရှေ့တွင် ဝိဉာဉ်သွေးကြောကို နှိုင်းယှဉ်ရလျှင် ဘာမျှအရေးမကြီးတော့ပေ။
ဤရှုထောင့်တွင် ဝမ်ချောင်သည် လုံးဝမမှားပေ။
"မင်းသမီး ဝိဉာဉ်သွေးကြောကိစ္စကို တစ်ခဏလောက် ဘေးဖယ်ထားကြရအောင်။ တကယ်လို့ ဒီကောင်လေးပြောတာတွေက အမှန်တွေဆိုရင် ဒီကိစ္စက အရမ်းအရေးကြီးသွားပြီ"
အဘွားအိုသည် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ ထိုစကားများကို နားထောင်လျက် မင်းသမီးနီဟွမ်သည် စတင်သွေးပျက်လာခဲ့သည်။
"ကောင်စုတ်လေး နင်လိမ်နေတယ်ဆိုတာသာ ငါသိလို့ကတော့..."
သို့သော်လည်း မင်းသမီးနီဟွမ်က သူစကားများကို အဆုံးမသတ်နိုင်မီမှာပင် ဝမ်ချောင် ကြားဖြတ်၍ ပြောလိုက်သည်။
"မင်းသမီးနီဟွမ် ကျွန်တော်သာ ခင်ဗျားဆိုရင် နန်းတော်ကို မြန်နိုင်သမျှအမြန်ဆုံး ပြန်ပြေးသွားလိုက်ပြီ။ ဖြစ်ကောင်းဖြစ်နိုင်တာက ခင်ဗျားဟာ အခြေအနေကိုကယ်တင်ဖို့ အချိန်မီလုပ်နိုင်လောက်သေးတယ်။ ဒီလိုမှမဟုတ်ရင်... ဟီးဟီး ဒုတိယမင်းသားကို စိတ်ဓာတ်ကျနေတဲ့ အခြေအနေကနေ ဆွဲထုတ်ဖို့ ဝိဉာဉ်သွေးကြောက တတ်နိုင်လိမ့်မယ်လို့ ခင်ဗျားထင်နေတာလား။"
ဝမ်ချောင် သရော်လိုက်သည်။
ဤသည်မှာ လိမ်နေခြင်းမဟုတ်ပေ။ လီရီချို၏ စစ်တပ်သည် အမှန်ပင် အလင်းမဲ့တောင်၌ ရှုံးနိမ့်ခဲ့ကာ သတင်းသည် မကြာမီ မြို့တော်သို့ ရောက်လာပေလိမ့်မည်။
သို့သော် အမှန်ပင် မင်းသမီးနီဟွမ်ကို ဝမ်ချောင်မပြောခဲ့သည့် အရာတစ်ခုရှိသည်။
တာ့ခ်လူမျိုးများသည် မြို့များကို သိမ်းပိုက်သည့် အလေ့အထမရှိပေ။ ထို့အပြင် ပိုက်ထင်ကာကွယ်ရေးအိမ်တော်၏ ကြီးမားသည့် စစ်သည်အင်အားကို သုံးသပ်လိုက်ပါက သူတို့သည် အလင်းမဲ့တောင်တန်း၏ ခံစစ်ကို ချိုးဖောက်နိုင်ခဲ့လျှင်ပင် သူတို့သည် သေချာပေါက် လျင်မြန်စွာ ပြန်ဆုတ်ပေလိမ့်မည်။
လီရီချိုနှင့် အခြားသူများသည် တာ့ခ်လူမျိုးများကို ထိပ်တိုက်ရင်ဆိုင်ရန်မလိုအပ်ပေ။ သူတို့သည် တာ့ခ်တပ်များ ဆုတ်ခွာပြီးနောက် အလင်းမဲ့တောင်ကို အလွယ်တကူ သိမ်းပိုက်နိုင်ပေသည်။ သို့သော် သေချာပေါက်ပင် ဝမ်ချောင်သည် ဤသည်ကို မင်းသမီးနီဟွမ်အား ပြောပြလိမ့်မည်မဟုတ်ပေ။ ဤကြီးကျယ်ပြီး မောက်မာသည့် မင်းသမီးကို တစ်ခဏမျှသွေးပျက်အောင် လုပ်လိုက်ခြင်းက ကောင်းပေသည်။
ဝမ်ချောင်၏ စကားကြောင့် မင်းသမီးနီဟွမ်သည် အိမ်တော်အပြင်ဘက်သို့ စိုးရိမ်တကြီးဖြင့် ချက်ချင်းအမောတကောထွက်သွားခဲ့သည်။
"ဘွားဘွား သွားကြရအောင်။ ကောင်စုတ်လေး နင် ငါ့ကိုလိမ်နေတယ်ဆိုတာ သိလိုက်ရလို့ကတော့ အကျိုးဆက်တွေကို ခံစားဖို့ ပြင်ဆင်ထား။"
မင်းသမီးနီဟွမ်သည် အပြင်ဘက်သို့ ထွက်သွားစဉ် အဘွားအိုကို ခေါ်လိုက်သည်။
ဘန်းးး
သူမလက်ညိုးလှုပ်သွားခြင်းနှင့်အတူ အားကောင်းသည့် ပစ်ချက်တစ်ခုကို ပစ်လွှတ်လိုက်ပြီး ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ တံတိုင်းမှ ကျန့်နှစ်ဆယ်အကွာအဝေးရှိ သစ်ပင်ကြီးတစ်ပင်ကို ထိမှန်သွားခဲ့သည်။ သစ်ပင်ကြီးသည် ချက်ချင်းလဲကျသွားခဲ့ပြီး ဧရာမသစ်ပင်ထိပ်ဖျားသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ လာရောက်ရိုက်ခတ်သွားခဲ့သည်။
"အဲ့အမျိုးသမီးရဲ့ ကျင့်ကြံခြင်းက သေချာပေါက် အံ့မခန်းပဲ။"
ထိုမြင်ကွင်းကို ကြည့်ကာ ဝမ်ချောင်သည် ထိတ်လန့်သွားခဲ့သည်။ မင်းသမီးနီဟွမ်သည် မည်သည့်နည်းစနစ်ကိုမှ အသုံးပြုခဲ့ခြင်းမရှိချေ။ သာမန်သာ လက်ညိုးကို လှုပ်လိုက်ခြင်းဖြစ်သည်။ သို့တိုင် ထိုသည်မှာ သာမန်သာဖြစ်သော်လည်း ကျန့်နှစ်ဆယ်အကွာအဝေးမှ သစ်ပင်ကို လဲကျသွားစေခဲ့ဆဲဖြစ်သည်။ သူမ၏ ခွန်အားသည် အမှန်ပင် ကြောက်ဖို့ကောင်းလှသည်။
မင်းသမီးနီဟွမ်တို့အုပ်စုသည် သူတို့လာခဲ့သကဲ့သို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့ကြသည်။
ဒေါသတကြီး ချီတက်လာခဲ့ကြသော်လည်း သူတို့သည် စိုးရိမ်တကြီးဖြင့် ထွက်ခွာသွားခဲ့ကြသည်။ ခဏလေးအတွင်းမှာပင် မိုးကုပ်စက်ဝိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့ကြသည်။
"သခင်လေး..."
ကျောက်ကျင်းတန်သည် ထရပ်လိုက်ပြီး ခြေလက်များကို ခါလိုက်သည်။ သူသည် ခုနကဖြစ်ရပ်များကြောင့် အနည်းငယ်ထိတ်လန့်နေဆဲဖြစ်သည်။
အဘွားအိုသည် သူ၏ သွေးကြောဆုံမှတ်ကို ဆုပ်ကိုင်ထားခဲ့ပြီး သူ့ကို မလှုပ်နိုင် ဖြစ်စေခဲ့သည်။ ကျောက်ကျင်းတန်သည် သူက ဝမ်ချောင်ကို ဝိဉာဉ်သွေးကြော လွှဲပြောင်းပေးလိုက်ရန် ဖျောင်းဖျသင့်လော မသင့်ဘူးလော ဟု စဉ်းစားနေခဲ့သည်။ သို့သော် ထိုသည်က မလိုအပ်ခဲ့သည့် ပုံပေါ်သည်။
မင်းသမီးနီဟွမ်သည် အားကောင်းသည့် နောက်လိုက်များဖြင့် ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ဝင်ရောက်လာခဲ့သည်။ ဝမ်ချောင်သည် ဝိဉာဉ်သွေးကြောကို ပေးအပ်လိုက်ရခြင်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု ကျောက်ကျင်းတန် တွေးထင်ခဲ့သည်။ သို့သော် ဝမ်ချောင်သည် စကားလုံးအနည်းငယ်ဖြင့် သူတို့ကို ထွက်ခွာသွားအောင် စည်းရုံးနိုင်လိမ့်မည်ဟု မည်သူသိမည်နည်း။
"ကျင်းတန် မင်းအဆင်ပြေရဲ့လား"
ဝမ်ချောင် လျှောက်လာခဲ့ကာ စိုးရိမ်တကြီးမေးလိုက်သည်။
တော်ဝင်ရုံးတော်၏ နှိပ်စက်ခြင်းနည်းလမ်းများသည် ဟာသမဟုတ်ပေ။ သူတို့သည် ရက်စက်ပြီး ကြမ်းတမ်းလှသည်။ နန်းတော်အပြင်ဘက်ရှိလူများသည် မည်မျှရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်းနှိပ်စက်ခံရသည်ကို စိတ်ကူးမယဉ်နိုင်ကြပေ။
အပြင်ပန်းမှနေ၍ ကျောက်ကျင်းတန်သည် ဒဏ်ရာရခဲ့သည်လော မရခဲ့ဘူးလောကို ဝမ်ချောင် မပြောနိုင်ခဲ့ပေ။
"ကျွန်တော် အဆင်ပြေပါတယ်"
ကျောက်ကျင်းတန် ခေါင်းခါလိုက်သည်။ ဝမ်ချောင်သည် သူတို့ကို အချိန်မီကိုင်တွယ်လိုက်နိုင်သည်မှာ ကံကောင်း၏။ ထိုသို့မဟုတ်ပါက သူသည် ပထမအပ်တစ်ချောင်းအပြင် ဒဏ်ရာပြင်းထန်စွာ ခံစားရနိုင်သည်။
"သခင်လေး..."
ကျောက်ကျင်းတန် တွန့်ဆုတ်နေခဲ့သည်။
"ခင်ဗျားက ကျွန်တော့်အတွက် လုပ်ခဲ့တာကို သိပါတယ် ဒါပေမယ့် သူတို့က ပြန်လာပြီး သခင်လေးလိမ်ခဲ့တယ်ဆိုတာကို သိသွားခဲ့ရင်... ကျွန်တော်တို့ ဒုက္ခရောက်သွားနိုင်တယ်။"
အဆိပ်ပြင်းသောဝိုင်တစ်ခွက်သည် ခဏတာရေငတ်ခြင်းကို သက်သာစေနိုင်သော်လည်း ၎င်းသည် ချောက်ထဲသို့ ပြုတ်ကျရန် ခြေတစ်လှမ်းသာ တွန်းပို့စေပေလိမ့်မည်။ မင်းသမီးနီဟွမ်က အမှန်တရားကို သိသွားချိန်တွင် ဒုက္ခသည် မယုံနိုင်စရာကောင်းသည့် အဆင့်ဖြင့် ပြန်ရောက်လာပေလိမ့်မည်။
မင်းသမီးနီဟွမ်၏ အဆင့်အတန်းနှင့် စွမ်းအားအရ သူမသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို မုန်တိုင်းထန်စေမည်ဖြစ်ကာ မည်သူ့ကိုမျှ ငြိမ်းငြိမ်းချမ်းချမ်းရှိစေလိမ့်မည်မဟုတ်ပေ။ ထိုစကားများကို နားထောင်ကာ ဝမ်ချောင်သည် မတတ်နိုင်ဘဲ ရယ်မောလိုက်သည်။
"ဟားဟားဟား ကျင်းတန် သူတို့ကို ငါ လိမ်လိုက်တယ်လို့ မင်းထင်နေတာလား"
"အဲ့လိုမဟုတ်ဘူးလား"
ကျောက်ကျင်းတန် အံ့အားသင့်သွားခဲ့သည်။
"ဒါပေါ့"
ဝမ်ချောင်သည် ပြုံးလျက် ခေါင်းခါလိုက်သည်။ ကျောက်ကျင်းတန်၏ မှင်သက်နေသည့် ပုံစံကို ကြည့်ကာ သူသည် အခြေအနေကို ရှင်းပြလိုက်သည်။
"ကောင်းပြီ မင်း အနားယူလိုက်ပါ။ ငါ ဒီကိစ္စကို ဖြေရှင်းလိုက်မယ်။"
ကျောက်ကျင်းတန်ကို ဖြေရှင်းပြီးနောက် ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်အပြင်ဘက်သို့ ထွက်လိုက်သည်။ သို့သော် တံခါးဝမှ ဆင်းလိုက်သည်နှင့် တောင်ပေါ်သို့ အပြေးအလွှား တက်လာသည့် ရင်းနှီးနေသည့် လူတစ်ယောက်ကို သူ မြင်လိုက်ရသည်။
"ကြည့်ရတာ ငါ့ရဲ့စိုးရိမ်မှုက အခြေအမြစ်မရှိတဲ့ပုံပဲ။ ငါ့ခရီးက အလဟသဖြစ်သွားပြီ။"
သူမ၏ နောက်ကျောတွင် သူမကိုင်နေကျလှံကို သယ်ဆောင်ထားသော နယ်စားငယ်ရီသည် တံခါးများကို ကျော်ဖြတ်လာပြီး ခြံဝန်းအတွင်းပိုင်းကို စစ်ဆေးလိုက်သည်။ ထို့နောက် သူမသည် ဝမ်ချောင်ကို သံသယဖြင့် စိုက်ကြည့်လိုက်သည်။
သူမ၏ မျက်လုံးထဲတွင် သံသယများကို သတိပြုမိလိုက်သောကြောင့် ဝမ်ချောင် မေးလိုက်သည်။
"ခင်ဗျား မင်းသမီးနီဟွမ်ကို မြင်လိုက်ရလား"
"အင်း"
နယ်စားငယ်ရီ ခေါင်းညိတ်လိုက်သည်။ သတင်းရပြီးပြီးချင်း သူမသည် ဤနေရာသို့ ပြေးလာခဲ့သည်။ သူမသည် မင်းသမီးနီဟွမ်နှင့် ပတ်သက်မှုအချို့ရှိသောကြောင့် ဝမ်ချောင်ကို ကူညီပြီး ဖျောင်းဖျပေးရန် ရည်ရွယ်ချက်ဖြင့် လာခဲ့ခြင်းဖြစ်သည်။ သူမ တောင်ပေါ်သို့ တက်လာစဉ်မှာပင် မင်းသမီးနီဟွမ်သည် စိုးရိမ်တကြီးဖြင့် အလောတကြီး ဆင်းလာသည်ကို မြင်တွေရမည်ဟု သူမ မျှော်လင့်ခဲ့ခြင်းမရှိပေ။
"နင် သူ့ကို ဘယ်လို သောက်ကျိုးနည်းတွေ ပြောလိုက်တာလဲ။ ငါ မင်းသမီးနီဟွမ်ကို သိတယ် သူမက လွယ်လွယ်နဲ့ အရှုံးပေးတတ်တဲ့ လူမျိုးမဟုတ်ဘူး။"
နယ်စားငယ်ရီသည် ဝမ်ချောင်ကို သံသယဖြင့် ခေါင်းအစခြေအဆုံး အကဲခတ်လိုက်သည်။
မင်းသမီးနီဟွမ်၏ သွေးပျက်နေသည့် ပုံစံအရ ထိုသည်မှာ ဝိဉာဉ်သွေးကြော ရသွားခဲ့ခြင်း ဖြစ်ပုံမပေါ်ပေ။ သို့သော် ထိုသို့ဆိုလျှင် သူမ၏ ရည်မှန်းချက်များ မအောင်မြင်ဘဲ ဤနေရာမှ ထွက်ခွာသွားသည်မှာ အဓိပ္ပါယ်မရှိပေ။
နယ်စားငယ်ရီသည် သူမရှေ့ရှိ ထူးဆန်းသည့် အခြေအနေကို နားမလည်နိုင်ခဲ့ပေ။ ပထမဆုံးအကြိမ်အနေဖြင့် သူမသည် ဝမ်ချောင်ကို ဖောက်မမြင်နိုင်သည်ကို နားလည်သွားခဲ့သည်။
"ဟီးဟီး"
ဝမ်ချောင် တခစ်ခစ်ရယ်လိုက်သည်။
"နောက်မှ ကျွန်တော် ခင်ဗျားကိုရှင်းပြပါမယ်။ လောလောဆယ်တော့ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါဦး။ ကျွန်တော့်အခန်းထဲမှာ နာမည်စာရင်းတစ်ခုရှိတယ် အဲဒီမှာ မိန်းကလေးအတော်များများရဲ့ နာမည်လည်း ပါတယ်။ ဒါပေမယ့် ကျွန်တော်က သူတို့ကို မသိတာကြောင့် ဒီအရာအတွက် ကျွန်တော် ခင်ဗျားရဲ့ အကူအညီကို လိုအပ်တယ်။"
နယ်စားငယ်ရီသည် အချိန်ကိုက် ရောက်လာခဲ့ခြင်းဖြစ်သည်။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်ချောင်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်၏ သြဇာလွှမ်းမိုးမှုကိုချဲ့ထွင်လိုပါက သူသည် သူ့နယ်ပယ်ကို ကန့်ထားမထားသင့်ဟု ခံစားလိုက်ရသည်။ ထို့အပြင် သူတို့ကို လုံးဝဖယ်ထုတ်လိုက်မည်ဆိုပါက ပြဿနာအချို့ ဖြစ်ပေါ်လာမည်ဖြစ်သည်။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့ကို လက်ခံလိုက်ခြင်းသည် အလွန်အကျိုးရှိစေနိုင်သည်။
"ဖွီးးး"
သို့သော် မမျှော်လင့်စွာဖြင့် ဝမ်ချောင်၏စကားကို နားထောင်ကာ နယ်စားငယ်ရီ ရုတ်ချည်းရယ်မောလိုက်သည်။ ထို့နောက် သူမသည် ဝမ်ချောင်ကို နောက်တစ်ကြိမ် စစ်ဆေးလိုက်ပြီး သူမ၏ ရယ်သံများ ပို၍ ကျယ်လောင်လာခဲ့သည်။ သူမ၏ အကြည့်သည့် လျို့ဝှက်ဆန်းကျယ်သည့် ရည်ရွယ်ချက်ကို သယ်ဆောင်ထားခဲ့ပြီး ဝမ်ချောင်ကို အဆင်မပြေခံစားရစေသည်။
မူရင်းရေးသားသူ အမှာစာ-Black Mountain(အလင်းမဲ့တောင်)ကို ယင်တောင်တန်းဟုလည်း သိကြသည်။ ၎င်းသည် မွန်ဂိုးလီးယား အနီးတွင် တည်ရှိသည်။