← Chapters

အခန်း (၃၁၁-၃၁၅)

Vol. 14 Ch. 311-315

အခန်း (၃၁၁-၃၁၅)

Vol. 14 Ch. 311-315

အပိုင်း ၃၁၁ မဟာထန်၏ အနာဂတ်ဧကရာဇ်

"ခင်ဗျား ဘာကို ရယ်မောနေတာလဲ"

ဝမ်ချောင်သည် အခြေအနေက ရယ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။ သူသည် မရည်ရွယ်ဘဲ ရယ်စရာပြောလိုက်မိသည်လော။ ထို့အပြင် နယ်စားငယ်ရီ၏ အကြည့်သည်... သူ့ကို အဆင်မပြေဖြစ်စေသည်။

"ဟားဟား ကောင်စုတ်လေး ကောင်မလေးတွေအများကြီးက ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဘာလို့ လာလျှောက်ကြတာလဲဆိုတာ နင်တကယ်မသိဘူးလား။"

နယ်စားငယ်ရီ ရယ်မောလိုက်သည်။

ထိုစကားများသည် ဝမ်ချောင်ကို အံ့ဩသွားစေခဲ့သည်။ ဤသည်က ဝမ်ချောင် ပဟေဠိဖြစ်နေသည့် အရာအတိအကျပင်။ နယ်စားငယ်ရီသည် ထိုကိစ္စနှင့်ပတ်သက်၍ တစ်ခုခု သိထားပုံရသည်။

သိချင်စိတ်ပြင်းပြစွာဖြင့် ဝမ်ချောင် မေးလိုက်သည်။

"နယ်စားငယ်ရီ ဒီအကြောင်းနဲ့ပတ်သက်ပြီး ခင်ဗျားတစ်ခုခုသိထားတာလား။"

"နင့်ပုံစံက အသေရယ်ရတာပဲ ဟားဟားဟား"

သူမ၏ ဗိုက်ကို နှိပ်ထားလျက် နယ်စားငယ်ရီသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"နယ်စားငယ်ရီ မြန်မြန်ပြောစမ်းပါ။ ဘာတွေဖြစ်နေတာလဲ။"

နယ်စားငယ်ရီ အချိန်ဆွဲနေသည်ကို ကြည့်ကာ ဝမ်ချောင်သည် သူမကို စိုးရိမ်တကြီးဖြင့် တိုက်တွန်းလိုက်သည်။

"ဟားဟားဟား နင် ဘာလို့ မခန့်မှန်းကြည့်ရတာလဲ။"

ဝမ်ချောင်ကို ကြည့်နေသည့် နယ်စားငယ်ရီ၏ အကြည့်သည် ပို၍ပင် ထူးဆန်းလာခဲ့သည်။

"ကျွန်တော်က ဘယ်လိုသောက်ကျိုးနည်းမို့ သိရမှာလဲ.."

ဝမ်ချောင် စိတ်ပျက်လက်ပျက်ဖြင့် လက်သီးဆုပ်လိုက်မိသည်။ အမှန်တရားကို ထုတ်ဖော် ပြောကြားရန် ငြင်းဆန်ကာ သူ့စူးစမ်းချင်စိတ်ကို နှိုးဆွနေသည့် နယ်စားငယ်ရီ၏ အပြုအမူသည် သူ့ကို သူမအား လက်သီးဖြင့် ထိုးချင်စိတ်ကို ဖြစ်စေသည်။ သို့သော် ကံမကောင်းစွာဖြင့် သူမသည် သူ့ထက် များစွာ သန်မာနေခဲ့သည်။

သူသည် ဒေါသတကြီးဖြင့် အံကြိတ်နေစဉ်မှာပင် အတွေးတစ်ခုသည် သူ့ခေါင်းထဲ ရုတ်တရက်ရောက်လာခဲ့သည်။

နယ်စားငယ်ရီကို ကြည့်ကာ ဝမ်ချောင် မေးလိုက်သည်။

"ဒုတိယအစ်မ... ဒါက ဒုတိယအစ်မရဲ့လက်ချက်မဟုတ်လား။"

နယ်စားငယ်ရီကို အကြီးအကျယ်ရယ်မောစေပြီး သူမကို 'မင်းသိသင့်သည်' ဟူသော အမူအရာကို ဖြစ်စေနိုင်သူမှာ ဝမ်ချောင်သည် လူတစ်ယောက်ကိုသာ တွေးနိုင်သည်... သူ့ဒုတိယအစ်မ ဝမ်ကျူးယန်..။

ပြီးနောက် ဝမ်ချောင်၏ သံသယများကို တုံ့ပြန်လိုက်သကဲ့သို့ နယ်စားငယ်ရီသည် အူတက်မတတ်ရယ်မောလိုက်သည်။ သူမ၏ ဗိုက်ကို နှိပ်ကာ သူမသည် မတ်တပ်ရပ်ရန်ပင် အနိုင်နိုင်ဖြစ်နေခဲ့သည်။

ဝမ်ချောင်သည် မည်မျှတုံးအပါစေ သူမှန်သည်ဆိုသည်မှာ ထင်ရှားသည်။

'ဒုတိယအစ်မ...'

သူ့ဒုတိယအစ်မသည် ဤကိစ္စထဲအမှန်ပင် ပတ်သက်နေခဲ့သည်။

"ဟားဟားဟား ဒါက ငါကို သေမတတ်ဖြစ်စေတာပဲ။ အဲဒီကောင်မ ကျူးယန်က ဘာပြောခဲ့လဲသိလား။"

နယ်စားငယ်ရီသည် အစပိုင်းတွင် အများကြီးတွေးမထားခဲ့ပေ။ သို့သော် ဝမ်ချောင်၏အမူအရာကို မြင်ပြီးနောက်တွင် သူမသည် ဤဝမ်ကွဲမောင်နှမနှစ်ယောက်သည် အမှန်တကယ်စိတ်ဝင်စားဖို့ကောင်သည်ကို ရုတ်တရက်တွေ့လိုက်ရသည်။

"နင့်ရဲ့ဝမ်းကွဲအစ်မက ဝမ်ကလန်ဟာ နင့်အတွက် ဇနီးတစ်ယောက်ရှာနေတယ်လို့ သတင်းစကားဖြန့်လိုက်တယ် ပြီးတော့ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဝင်ရောက်နိုင်တဲ့ ဘယ်သူမဆို အရွေးချယ်ခံစာရင်းထဲပါလိမ့်မယ် တဲ့။ ဒါက မဟာလေ့ကျင့်ရေးစခန်းသုံးခုရဲ့ ကောင်မလေးတွေဟာ ဒီမှာ ဘာလို့ လာလျှောက်ကြတာလဲ ဆိုတာရဲ့ အကြောင်းအရင်းပဲ။"

နယ်စားငယ်ရီသည် ပဟေဠိကို ဖြေပေးလိုက်သည်။

"ဘယ်လို"

အဖြေကို နားထောင်ကာ ဝမ်ချောင် အံ့အားသင့်သွားခဲ့ရသည်။ အချိုးအစားမကျသော မိန်းကလေးအရေအတွက်သည် သံသယဖြစ်စရာကောင်းနေသည်ကို သူသိသည်။ ထို့အပြင် သူမတို့ပြောနေသည့် အကြောင်းအရာသည်လည်း ဝိဉာဉ်သွေးကြောနှင့် လုံးဝဆက်စပ်နေခြင်းမရှိဘဲ သဘာဝမကျဖြစ်နေသည်ကို သူသိသည်။ ဤသည်က အကြောင်းအရင်းဖြစ်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဒုတိယအစ်မက ဘယ်လိုဟာသတွေဆွဲထုတ်လာတာလဲ။"

ဝမ်ချောင် အမှန်တကယ် ထိတ်လန့်သွားခဲ့သည်။

ဤသည်က ဟာသကိစ္စတစ်ခုလော။ ၎င်းသည် စနောက်ရုံသာ ဆိုသည်ကို ဝမ်ချောင် ပြောနိုင်သည်။ သို့သော် အပြင်လူများက ထိုသို့တွေးလိမ့်မည်မဟုတ်ပေ။ သူတို့သည် ဝမ်ကျူးယန်၏ စကားကို အမှန်ဟုသာ ယူဆကြပေလိမ့်မည်။

သူ၏ ဒုတိယအစ်မသည် အလုပ်များသူဖြစ်ကြောင်း သူသိသည်။ သို့သော် သူမသည် သူ့အတွက် ဤမျှကြီးမားသောအရှုပ်အထွေးကို ဖန်တီးပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

သူ့ဒုတိယအစ်မသည် လုံ့ဝေလေ့ကျင့်ရေးစခန်းတောင်ထွတ်ပေါ်၌ အူနာမတတ်ရယ်မောနေမည့် မြင်ကွင်းကို ဝမ်ချောင် မြင်ယောင်နိုင်ပေသည်။

"နင့်ရဲ့ ဒုတိယအစ်မကို နင်ပြောချင်တာကို တိုက်ရိုက်ပြောသင့်တယ် ငါဝင်ပြီး နာမည်စာရင်းကို ကြည့်လိုက်ဦးမယ်။ အခု နင်ဒီအကြောင်းပြောနေလို့ အဲဒီမှာ ငါ ဒီကို ခေါ်လာချင်တဲ့ ကောင်မလေးအနည်းငယ် တကယ်ရှိတယ်။ ငါ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို ဝင်ရောက်တဲ့အခါ ဒီတုံးအတဲ့ ကောင်တွေကိုပဲ မမြင်ချင်ဘူး။"

နယ်စားငယ်ရီသည် ရယ်မော‌နေသေးလျက် ကြက်သေသေနေသည့် ဝမ်ချောင်ကို ချန်ခဲ့ကာ ဓားသွားဖယ်ရှားခြင်းအိမ်တော်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

ဝမ်ချောင်၏ မျက်နှာပေါ်တွင် မည်းမှောင်သည့် အမူအရာပေါ်လာခဲ့သည်။ သူသည် နယ်စားငယ်ရီ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသော်လည်း တုံ့ပြန်ရန် စကားလုံး ရှာမတွေ့ခဲ့ပေ။

'ဒုတိယအစ်မက ငါ့အတွက် ဒုက္ခတွေဖြစ်စေခဲ့တာလား'

ထိုသည်ကို တစ်ခဏတွေးပြီးနောက် ဝမ်ချောင်သည် ဤကိစ္စကို လျစ်လျူရှုထား၍မရ ဟု ခံစားလိုက်ရသည်။ ထို့ကြောင့် သူသည် စာကြည့်ခန်းသို့ ပြန်လာကာ အလွန်ခက်ထန်သောစာတစ်စောင်ရေးပြီး သူ့ဒုတိယအစ်မဆီသို့ ပေးပို့လိုက်သည်။ ထို့နောက်မှသာ သူသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်မှ ထွက်လာခဲ့ပြီး တောအုပ်ထဲသို့ ဝင်သွားလိုက်သည်။

မင်းသားများကြားမှ တိုက်ပွဲသည် ပေါ့သေးသေးကိစ္စမဟုတ်ပေ။ အချိန်နှင့်အမျှ ပထမမင်းသားနှင့် ဒုတိယမင်းသားသည် ပေါ်ထွက်လာခဲ့ပြီး သူ့ဝိဉာဉ်သွေးကြောကို ဗေဒင်တွက်ချက်ခဲ့သည့် ထိုဗေဒင်ဆရာကို ထည့်သွင်းတွက်ချက်လိုက်ပါက မင်းသားသုံးပါးသည် ဤကိစ္စထဲ ဝင်ပါလာခဲ့ပြီဖြစ်သည်။

သူ့ဝိဉာဉ်သွေးကြောကို လုယူရန် မင်းသားအများအပြားက ရောက်လာကြဦးမည်ကို ဝမ်ချောင် သိပေသည်။ ထို့အပြင် ဖြစ်နိုင်သည်မှာ ဝမ်ကလန်ကိုပင် ဖိအားပေးဆွဲခေါ်၍ သူတို့နှင့်အတူ ရပ်တည်နိုင်စေသည်။

ဤကဲ့သို့ အရေးကြီးသည့် ကာလတွင် ဝမ်ချောင်အတွက် စိတ်အေးအေးထားပြီး သူနောက်ထပ်လုပ်ရမည့် လုပ်ဆောင်ချက်ကိုစဉ်းစားရန် အလွန်အရေးကြီးပေသည်။

ပထမနှင့် အရေးအကြီးဆုံးအနေဖြင့် သူသည် လေ့ကျင့်ရေးစခန်းနှင့် ဓားသွားဖယ်ရှားခြင်းအိမ်တော်ကဲ့သို့သော အခြားသူများက သူရှိလောက်မည်ဟု မျှော်လင့်ထားသည့် နေရာများမှ ဝေးဝေးနေရပေမည်။

ဤအရာအတွက် သစ်တောသည် စိတ်အေးအေးထားပြီး တွေးတောရန်အတွက် အကောင်းဆုံးနေရာပင်ဖြစ်သည်။

သရဲခြေလှမ်းကို ထုတ်ဖော်ကာ ဝမ်ချောင်သည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

တောတောင်အနက်ပိုင်းသည် ချုံနွယ်များဖြင့် ပြည့်နှက်နေခဲ့ကာ ငှက်များနှင့် သားရဲများမှလွဲ၍ လူအနည်းငယ်သာ ဤနေရာသို့ လာရောက်ကြပေလိမ့်မည်။ သို့တိုင် လူနှစ်ဦးသည် လက်ရှိတွင် သစ်တောထဲ သွားလာနေခဲ့ကြသည်။

လူငယ်သည် ဆယ်ကျော်သက်နှောင်းပိုင်းအရွယ်ရှိသည်။ သူသည် အရပ်ရှည်ကာ သေးသွယ်သည့် ပုံသဏ္ဍာန်ရှိပြီး သူ့မျက်နှာသည် အလွန်တရာမှ သိမ်မွေ့လှသည်။ သူသည် မြင့်မြတ်သည့် အသွင်သဏ္ဍာန်ကို သဘာဝအတိုင်း ပိုင်ဆိုင်ထားပြီး သူ့အပြုအမူတိုင်းက ယဉ်ကျေးသိမ်မွေ့ပြီး ဩဇာအာဏာပြည့်ဝလှသည်။

သို့သော်လည်း သူ့မျက်နှာသည် ဆွတ်ဆွတ်ဖြူနေခဲ့ကာ သူသည် ကျန်းမာရေးကောင်းသည့် အခြေအနေတွင် ရှိပုံမရပေ။

ထိုလူငယ်နှင့် လမ်းလျှောက်နေသူမှာ အသက်လေးဆယ်အရွယ် အစေခံတစ်ဦးဖြစ်သည်။ သူသည် အညိုရောင်ရှပ်တစ်ထည်ကို ပေါ့ပေါ့ပါးပါးဝတ်ဆင်ထားပြီး သူ့မျက်နှာသည် အလွန်အရုပ်ဆိုးနေခဲ့သည်။ အထူးသဖြင့် စိတ်ဆင်းရဲနေသည့် သူ့အမူအရာဖြစ်သည်။

သို့သော်လည်း သူ့ကို အထူးသိသာစေသည့် အချက်မှာ သူ့လည်တိုင်ဖြစ်သည်။

ယောက်ျားတစ်ယောက်ဖြစ်သော်လည်း သူ့တွင် လည်စလုပ်မရှိပေ။

အစေခံတစ်ယောက်သည် ခခယယဖြစ်နေသင့်သော်လည်း သူသည် လက်ရှိတွင် အလွန်စိတ်အနှောက်အယှက်ဖြစ်နေပုံရသည်။

"ဦးလေးကျင်း ကျွန်တော်ဒီအထိလာပုန်းနေပြီ။ ပထမအစ်ကို၊ ဒုတိယအစ်ကိုနဲ့ တခြားသူတွေက ကျွန်တော်ကို အလွတ်ပေးလိမ့်မယ်လို့ ခင်ဗျား ထင်လား။ အဖေက ကျွန်တော့်ကို မေ့သွားလောက်ပါတယ်နော။"

ခပ်သွက်သွက်လျှောက်နေသည့် လူငယ်လေးသည် အစေခံ၏ထောက်မမှုအောက်တွင် လမ်းလျှောက်နေခဲ့သည်။

ဤချုံနွယ်များဖြင့်ထူထပ်နေသည့် တောထဲတွင် လမ်းတစ်ခုမရှိသင့်ပေ။ သို့သော်လည်း ဤနယ်မြေထဲတွင် လအတော်ကြာ လှည့်လည်သွားလာပြီးနောက် သူသည် ဤနေရာတွင် လမ်းငယ်လေးတစ်ခုကို ခက်ခက်ခဲခဲ‌ ဖောက်လုပ်နိုင်ခဲ့သည်။

နေရောင်များသည် သစ်ပင်ထိပ်ဖျားများမှနေ၍ ဖြာကျနေခဲ့ပြီး လူငယ်အပေါ်သို့ ကျရောက်နေခဲ့သည်။ နွေးထွေးသည့် နေရောင်ကို ခံစားကာ သူ့နှုတ်ခမ်းပေါ်တွင် ပြုံးယောင်သန်းနေခဲ့သည်။ သူသည် နေရောင်ခြည်ကို ခံစားနေသည်လော သို့မဟုတ် မေ့ပျောက်ရန်အတွက် မျှော်လင့်နေသည်လောဆိုသည်မှာ ပြောရန်ခက်ခဲသည်။

"မင်းသား မင်းရူးနေတာလား"

ထိုစကားများကို နားထောင်ကာ ထိုအစေခံသည် ပို၍ပင် ဒေါသထွက်သွားခဲ့ပြီး သူ့လေသံသည် သူ့ခံစားချက်ကို ဖော်ပြနေခဲ့သည်။

"တော်ဝင်မိသားစုဝင်တစ်ယောက်အနေနဲ့ မြင့်မြတ်တဲ့ပညာရှင်ဧကရာဇ်ရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ အရှင်မင်းမြတ်နဲ့ မင်းရဲ့ ရင်းနှီးမှုကို မြှင့်တင်ပြီး သာလွန်ကောင်းမွန်တဲ့အာဏာကို မင်းလက်ထဲမှာ ဆုပ်ကိုင်နိုင်ဖို့ သူ့မျက်နှာသာကို အောင်နိုင်ဖို့ ကြိုးစားနေသင့်တယ်။ ဒါပေမယ့် မင်းက ဒီနိမ့်ကျတဲ့ ခွန်းဝူလေ့ကျင့်ရေးစခန်းကို လာဖို့ တောင်းဆိုခဲ့ပြီး အခု မင်းက အရှင်မင်းမြတ်ရဲ့ အဝေးကို ရောက်တာ မလုံလောက်မှာကိုတောင် စိုးရိမ်နေတယ်။ မင်းက ဘယ်လိုလုပ် အရမ်းအေးအေးဆေးဆေးနေနိုင်ရတာလဲ။"

စကားပြောနေစဉ် အစေခံသည် ပို၍ ပို၍ ဒေါသထွက်လာခဲ့သည်။ အကယ်၍ မိန်းမစိုးများသည် သူတို့ ဘယ်ကို ပို့ဆောင်ခံရမည်ကို ရွေးချယ်ခွင့်မရှိသည့် အမှန်တရားကြောင့်သာ မဟုတ်ပါက သူသည် ဤကဲ့သို့ အသုံးမကျသည့် သခင်နောက်သို့ လုံးဝ လိုက်ခဲ့မည်မဟုတ်ချေ။

ဤကဲ့သို့သော အကျင့်စရိုက်ဖြင့် ထိုကောင်သည် အာဏာစက်ဝဲဂယက်ထဲတွင် အမြောက်စာတစ်ခုထက်ပိုလိမ့်မည်မဟုတ်ချေ။ ဧကရာဇ်အသစ်က နန်းတက်လာသောအခါ သူ့အတွက် ကျန်ရှိနေမည့် တစ်ခုတည်းသော လမ်းကြောင်းမှာ သေခြင်းတရားသာဖြစ်ပေလိမ့်မည်။

ဤသောက်ရူးအတွက် သေဆုံးသွားရန်မှာ ကိစ္စတစ်ခုဖြစ်သော်လည်း သူသည်လည်း ပါသွားပေလိမ့်မည်။

ရှေးအချိန်များကတည်းက တော်ဝင်အာဏာအတွက် ယှဉ်ပြိုင်ကြသည့် မင်းသားများသည် သူတို့ကို ထောက်ပံ့နေသည့် လူများနှင့်အတူ သေဆုံးသွားရပေလိမ့်မည်။

"ဦးလေးကျင်း ခင်ဗျားသိလား။ ကျွန်တော် အစ်ကိုကြီးနဲ့ တခြားသူတွေနဲ့ တိုက်ခိုက်ရမှာကို အရမ်းမုန်းတယ်။ ဒါ့အပြင် ကျွန်တော်က သူတို့အတွက် လုံးဝယှဉ်ပြိုင်ဘက်မဟုတ်ဘူး။ ခမည်းတော်က ကျွန်တော့်ကို မေ့သွားတာက ပိုမကောင်းဘူးလား။ ဒါ့အပြင် ဒီနေရာက အရမ်းကို တိတ်ဆိတ်တယ် ကျွန်တော် ဒီနေရာကို အရမ်းကြိုက်တယ်။"

ထိုလူငယ်သည် သူ့အစေခံ၏ ဒေါသထွက်နေသော စကားများကို ဂရုမစိုက်ပေ။ ထို့အစား သူသည် ပြုံးလိုက်သည်။

"တော်သင့်ပြီ။ တကယ်လို့ မင်းသေချင်တယ်ဆိုလည်း တစ်ယောက်တည်းသေ။ ငါ မင်းနောက်လိုက်ဖို့ စိတ်ကူးမရှိဘူး။"

ရုပ်ဆိုးဆိုး အစေခံသည် လူငယ်၏လက်ကို အတင်းဆွဲဖယ်ကာ ဒေါသတကြီး ရှေ့သို့ နင်းလျှောက်သွားခဲ့သည်။

သူသည် ထိုအကြောင်းပို၍ တွေးလေ ဒေါသတရားကို ပို၍ ခံစားရလေပင်။ အကယ်၍ သူသည် တစ်ခုခုလုပ်ခဲ့ပါက သူသေရမည့် အမှန်တရားကြောင့်သာ မဟုတ်ရင် သူသည် ဤ‌ရူးနေသည့် ပဉ္စမမင်းသားကို အချိန်အကြာကြီး သတ်ဖြတ်ခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့ အေးဆေးတည်ငြိမ်သည်လူ မည်သို့ ရှိနိုင်သည်နည်း။

သူအမှုထမ်းခဲ့သည့် နှစ်များသည် အလဟသဖြစ်သွားပေတော့မည်။

"ဟီးဟီး ဦးလေးကျင်း ခင်ဗျားဒီစကားတွေ ဒေါသကြောင့် ပြောတယ်ဆိုတာ ကျွန်တော်သိပါတယ်။"

မင်းသားလေးသည် တကယ့်ကို ကောင်းမွန်သည့် သည်းခံစိတ်ရှိပေသည်။ အစေခံသည် သူ့လက်ကို ဆွဲဖယ်သွားခဲ့သော်ငြားလည်း သူသည် လုံးဝဒေါသထွက်ပုံမပေါ်ပေ။ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ခြင်းနှင့်အတူ သူသည် သူ့ကို အမီလိုက်ရန် ပြေးထွက်သွားလိုက်သည်။

ဆွေမျိုးတော်စပ်ခြင်းသည် တော်ဝင်မိသားစုတွင် လုံးဝမရှိခဲ့သည့် အရာတစ်ခုဖြစ်သည်။

မင်းသားငယ်၏မိခင်သည် အိမ်ရှေ့စံဖြစ်စဥ်အချိန်က အရှင်မင်းမြတ်၏ နှိမ့်ကျသောကိုယ်လုပ်တော်ဖြစ်ခဲ့ပြီး မင်းသားငယ် ငယ်ရွယ်စဉ်မှာပင် သေဆုံးသွားခဲ့သည်။

နန်းတော်ရှိ လျှို့ဝှက်အကြံအစည်များရှေ့တွင် ကျောထောက်နောက်ခံမရှိသော တစ်ယောက်တည်းဖြစ်နေသည့် မင်းသားတစ်ဦးအတွက် ရှင်သန်ရန်ခက်ခဲလှသည်။ ဤနေရာတွင် သူသည် သူ့အသက်ကို ကယ်တင်ရန် လုပ်ခဲ့နိုင်သော်လည်း သူ့အနားရှိလူများသည်တော့ သေဆုံးသွားခဲ့ရသည်။

သူ့တွင် ကျန်ရှိနေသည့် အရာအားလုံးမှာ ဦးလေးကျင်းပင်ဖြစ်သည်။

ဤသည်က သူသည် ဤဆက်ဆံရေးကို အလွန်တန်ဖိုးထားနေရသည့် အကြောင်းအရင်းလည်းဖြစ်သည်။

ဦးလေးကျင်း ပျောက်ကွယ်သွားသည့်အရပ်ကို ကြည့်ကာ ထိုမင်းသားငယ်သည် သူ့ခြေလှမ်းကို မြှင့်တင်လိုက်သည်။

...........................................................................................................................................................................................

ဟူးလာလာ

ခိုများတစ်ကောင်ပြီးတစ်ကောင် ဝမ်ချောင်ခေါင်းပေါ်မှာ ဖြတ်ပျံသွားခဲ့ကြကာ ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ဦးတည်သွားခဲ့ကြသည်။ အကြောင်းပြချက်အချို့ကြောင့် ဝမ်ချောင်သည် သူတို့ကို ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။

အနည်းဆုံး သူသည် ထိုဒုက္ခများလှသည့် ကိစ္စကို ယခုအချိန်တွင် ကိုင်တွယ်စရာမလိုတော့ပေ။ လေ့ကျင့်ရေးစခန်းမှ ထွက်ခွာလာသည်မှာ ဉာဏ်အမျှော်အမြင်ရှိသည့် ဆုံးဖြတ်ချက် ဖြစ်သွားပုံပေါ်သည်။ သူသည် ယခင်က ကြိုးကြာပျံဝဲစံအိမ်တွင် ယောင်ကွမ်း‌ရီနှင့် မျက်နှာချင်းဆိုင်ခဲ့ချိန်၌ပင် သွေးမပျက်ခဲ့ပေ။ သို့သော် ဤဖြစ်ရပ်သည် သူ့ကို အမှန်ပင် အနည်းငယ်ဖိအားဖြစ်စေသည်။

ဟူးးး

ကုပ်ကုပ်လေးငုံ့ချလိုက်ကာ ဝမ်ချောင်သည် ခုန်လိုက်ပြီး သူ့နောက်တွင် တုန်ခါနေသည့် သစ်ကိုင်းတစ်ကိုင်းကို ချန်ထားခဲ့လိုက်သည်။ ချွန်ထက်သော မြှားတစ်စင်းကဲ့သို့ သူသည် ကွေးခနဲ ပျံသန်းသွားပြီး ကျန့်များစွာဝေးကွာသော အခြားသစ်ကိုင်းတစ်ကိုင်းပေါ်သို့ ကျရောက်သွားခဲ့သည်။

ဝမ်ချောင်သည် ဤတိတ်ဆိတ်သည့် နေရာတွင် အလွန်‌သက်သောင့်သက်သာဖြစ်မှုကို ခံစားလိုက်ရပြီး သူ့အတွေးများသည် တည်ငြိမ်လာကာ စုစည်းလာခဲ့သည်။

"ငါ့နောက်မလိုက်နဲ့..."

ထိုအချိန်မှာပင် ဒေါသတကြီးအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ တောတောင်အနက်ပိုင်းတွင် ထိုအော်သံက အလွန်မှ ထင်ရှားနေပေသည်။

"ဟမ်"

ဝမ်ချောင်သည် တအံ့တဩဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

"ဒီနေရာမှာ တစ်ယောက်ယောက်ရှိနေတယ်"

"မင်း အသုံးမကျတဲ့ ကလေကချေကောင်..."

ထို ဒေါသထွက်နေသည့် အသံသည် အဝေးမှနေ၍ နောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။ သူသည် တစ်ယောက်ယောက်ကို ကြိမ်းမောင်းနေပုံရသည်။

"ဒါကထူးဆန်းတယ်.."

ဝမ်ချောင်သည် ဤအခြေအနေကို အနည်းငယ်စိတ်ဝင်စားသွားခဲ့သည်။ ဝမ်ချောင်၊ စုဟန်ရှန်းနှင့် အခြားသူများသည် လေ့ကျင့်ရေးစခန်းမှ အလွယ်တကူထွက်လာနိုင်သော်လည်း သူတို့သည် အထူးချို့ယွင်းချက်များဖြစ်ကြသည်။ လေ့ကျင့်ရေးတပ်သားအများစုကို လေ့ကျင့်ရေးစခန်းမှ ထွက်ခွာရန် ခွင့်မပြုထားခဲ့ပေ။

သူတို့ ဤအထူးအခွင့်အရေးပိုင်ဆိုင်ထားခဲ့သည်မှာ ကျောက်ရှန်းကျူကြောင့်ဖြစ်သည်။ ထို့အပြင် ဝမ်ချောင် ကျောက်ရှန်းကျူကို ရှာခဲ့သည်မှာ ဤအထူးအခွင့်အရေးကြောင့်ဖြစ်သည်။

ရှူး ရှုး

သစ်ပင်သစ်ကိုင်းများမှ ခုန်ပျံကျော်လွှားလျက် ဝမ်ချောင်သည် အသံလာရာဘက်ဟု ထင်ရသော အနောက်တောင်ဘက်သို့ ဦးတည်လိုက်သည်။ မကြာမီ ကျန့်သုံးဆယ် လေးဆယ်အကွာမှ ထူထပ်သည့် သစ်ပင်သစ်ရွက်များကြားမှ ဝမ်ချောင်သည် တစ်စုံတစ်ယောက်နှင့် အချေအတင်ဖြစ်နေပုံပေါ်သော လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

ဝမ်ချောင်သည် ပထမအကြည့်တစ်ချက်တွင် အများကြီး တွေးတောမနေခဲ့ပေ။ သူသည် တစ်ဖက်လူသည် အလွန်ရင်းနှီးနေသည်ဟုသာ ဇဝေဇဝါဖြစ်နေခဲ့သည်။ သို့သော်လည်း ဒုတိယအကြည့်တွင် ဝမ်ချောင်၏ မျက်ခုံးများသည် ပြင်းပြင်းထန်ထန်တွန့်ချိုးသွားခဲ့သည်။

"လီဟန် လား"

ဤစကားလုံးများသည် ဝမ်ချောင်၏ စိတ်ထဲတွင် မိုးကြိုးတစ်စင်းကဲ့သို့ လက်ခနဲပေါ်လာခဲ့သည်။ သူသည် ပဉ္စမမင်းသားနှင့် ဤနေရာတွင် တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ချေ။

ဤလောကတွင် လီဟွမ်ကို ကြားဖူးသူ အနည်းငယ်သာ ရှိနိုင်သည်။ သို့သော် သူ့ယခင်ဘဝတွင် ပဉ္စမမင်းသားကို မသိသူမရှိ‌ပေ။

အကြောင်းပြချက်သည် ရိုးရှင်း၏။

သူသည် မဟာထန်နှင့် အလယ်ပိုင်းလွင်ပြင်ဒေသ၏ နောက်ဆုံးမဟာဧကရာဇ်ဖြစ်သည်။

လီဟန်သည် လက်ရှိပညာရှင်ဧကရာဇ်၏ ဆက်ခံသူ ထန်ဧကရာဇ်စုကျုံး၏ နာမည်အရင်းဖြစ်သည်။ ထို့အပြင် ဦးလေးကျင်းကို သမိုင်းထဲတွင် လီကျင်းကျုံးအဖြစ်လည်း လူများပို၍ သိထားကြသည်။ သူသည် လီဟန်အုပ်ချုပ်စဉ်အတွင်း ကြီးမားသည့် အခွင့်အာဏာကိုကိုင်စွဲထားခဲ့သည့် မိန်းမစိုးတစ်ယောက်ဖြစ်သည်။

အပိုင်း ၃၁၂ အနာဂတ် အကျင့်ပျက်ခြစားသည့် ဝန်ကြီးချုပ်

ဘုန်းးး

ထိုနှစ်ယောက်ကို အကွာအဝေးတစ်ခုမှကြည့်ကာ ဝမ်ချောင်သည် အကြီးအကျယ်တုန်လှုပ်သွားခဲ့သည်။

အနာဂတ်ကောင်းကင်သားတော်ကို ဤနေရာတွင် တွေ့ရရန် သူ မျှော်လင့်မထားခဲ့ပေ။ ထို့အပြင် ၎င်းသည် သာမန်ပြည်သူများအတွက် ဖွင့်လှစ်ထားသော စခန်းသုံးခုတွင် အနှိမ့်ကျဆုံးတစ်ခုဖြစ်သည့် ခွန်းဝူ‌တွင်ဖြစ်သည်။

ဤသည်က အလွန်အံ့ဩစရာကောင်းလှသည်။

ဖတ်

ဝမ်ချောင်သည် တောင်ထဲတွင် မမျှော်လင့်ထားသည့် ရှာဖွေတွေ့ရှိမှုကြောင့် အံ့အားသင့်နေစဉ်မှာပင် ရုတ်တရက် ကျယ်လောင်သည့် 'ဖတ်' ဟူသော အသံတစ်ခုကို ကြားလိုက်ရသည်။ စစ်ဆေးရန် သူကြည့်လိုက်သောအခါ ထိုအစေခံသည် ပဉ္စမမင်းသားလီဟန်ကို အမှန်တကယ် ပါးရိုက်လိုက်သည်ကို သူ တွေ့လိုက်ရသည်။

"အတင့်ရဲလိုက်တာ"

ဝမ်ချောင် ဒေါသထွက်သွားခဲ့သည်။

ဘန်း

သူသည် ရှေ့သို့ ခုန်ထွက်လိုက်ကာ လျင်မြန်စွာဖြင့် ထိုအစေခံနှင့် ပဉ္စမမင်းသား လီဟန်ကြားသို့ ဝင်ရောက်လိုက်သည်။ လက်သီးထိုးချက်တစ်ခုနှင့်အတူ သူသည် ထိုအစေခံကို ထိုးလွှတ်လိုက်သည်။ ထို့နောက်တွင် သူသည် လှည့်လိုက်ပြီး အနာဂတ်မဟာထန်ဧကရာဇ်ကို မတ်တပ်ရပ်ရန် ကူညီပေးလိုက်သည်။

"လီကျင်းကျုံး ခင်ဗျား ဘယ်လိုတောင် အတင့်ရဲတာလဲ။"

ဝမ်ချောင်လှည့်လိုက်ပြီး ထိုမိန်းမစိုးကို ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်သည်။ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် သူ့မျက်နှာပေါ်တွင် ပေါ်ထွက်လာခဲ့သည်။ ပဉ္စမမင်းသားသည် ဤနေရာတွင်ရှိနေသောကြောင့် သူ့အနားတွင်ရှိနေသော သက်လတ်ပိုင်းအရွယ် အစေခံသည် ထိုနာမည်ဆိုးဖြင့် ကျော်ဇောသော အာဏာငတ်မွတ်နေသည့် မိန်းမစိုးလီကျင်းကျုံးပင် ဖြစ်ရပေမည်။

သူ့တွင် ပို၍ ကြီးကျယ်ခမ်းနားသော ဘွဲ့နာမည် မဟာ မိန်းမစိုးလီဖုကော် ဟူ၍ ရှိသေးသည်။

မဟာထန်၏ ကပ်ဘေးခေတ်တွင် နံပါတ်တစ်အကျင့်ပျက်ခြစားသည့် ဝန်ကြီးပင်။

အကယ်၍ ပညာရှင်ဧကရာဇ်နတ်ရွာစံပြီးနောက် မဟာထန်၏ လူမုန်းအများဆုံးပုဂ္ဂိုလ်ကို ပြပါဆိုလျှင် ၎င်းသည် မဟာမိန်းမစိုးလီဖုကော်ပင်ဖြစ်ပေလိမ့်မည်။

သူ့ယခင်ဘဝတွင် မရေမတွက်နိုင်သော လူများသည် သူ့ကို လုပ်ကြံချင်ခဲ့ကြပြီး သူ့သွေးကို သောက်သုံးကာ သူ့အသားစများကို ဆွဲဖြဲချင်ခဲ့ကြသည်။

အကယ်၍ ဤခွေးအိုကြီးကြောင့်သာမဟုတ်ပါက မဟာထန်၏ မဟာအမွေအနှစ်များ ရပ်တန့်သွားမည်မဟုတ်ပေ။ သူသည် မဟာထန်၏ နောက်ဆုံးမျှော်လင့်ချက်ကို ပျောက်ဆုံးစေခဲ့သူဟူ၍ ပြောနိုင်သည်။

"‌အဲဒါကို မေ့လိုက်ပါ"

ဝမ်ချောင်သည် လီကျင်းကျုံးကို ထိုလူအာဏာမရမီ ဖယ်ရှားသင့်လော ဟု စဉ်းစားနေစဉ်မှာပင် နက်ရှိုင်းပြီး နူးညံ့သော အသံတစ်ခုသည် သူ့နားထဲပေါ်လာခဲ့သည်။

လီဟန်သည် သူ့မျက်နှာကို အနည်းငယ်ပွတ်သပ်လိုက်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

"ဦးလေးကျင်းက ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ဘူး။ သူက ငါ့အစား ဒေါသထွက်နေခဲ့ရုံပဲ။"

တစ်ဖက်တွင်မူ လီကျင်းကျုံး၏ မျက်နှာသည် ဖြူလျော်နေခဲ့ပြီး ထိတ်လန့်မှုဖြင့် တုန်ခါနေခဲ့သည်။ သူသည် ထိုသည်ကို ရည်ရွယ်ရှိရှိလုပ်ခဲ့ခြင်းမဟုတ်ပေ။

သူသည် ပဉ္စမမင်းသား၏ လုပ်ရပ်ကြောင့် အလွန်မှ စိတ်အနှောက်အယှက်ဖြစ်နေခဲ့သော်လည်း သူသည် သူ့ကို သင်ခန်းစာတစ်ခုပေးရန် အတွေးရှိခဲ့သော်လည်း တော်ဝင်မိသားစုဝင်တစ်ယောက်ကို ပါးရိုက်ရန် လုံးဝအိပ်မက်ပင် မမက်ဝံ့ပေ။

အစေခံတစ်ယောက်က သူ့သခင်ကို ပါးရိုက်ခြင်းသည် အမှန်တကယ်သေသင့်သည့် ပြစ်မှုဖြစ်သည်။ ထို့ထက် ပို၍အရေးကြီးသည်မှာ ဤဝေးလံခေါင်သီသော တောင်ကြားတွင် သူ့ကို မြင်တွေ့သွားမည်ဟု မထင်ထားခဲ့ပေ။

အကယ်၍ ဤသတင်းသည် ပြန့်နှံ့သွားပါက သူသည် သေချာပေါက် ကွပ်မျက်ခံရနိုင်သည်။

"ကျွန်တော်တောင်းပန်ပါတယ် မင်းသား.. ကျွန်တော် ရူးမိုက်ခဲ့ပါတယ်။"

လီကျင်းကျုံးသည် လျင်မြန်စွာသတိပြန်ဝင်လာခဲ့ပြီး သူ့လုပ်ခဲ့သည့် လုပ်ရပ်အတွက် နောင်တတကြီးဖြင့် သူ့ကိုယ်သူ ပြင်းထန်စွာ ပါးရိုက်လိုက်သည်။

"အဲဒါကို မေ့လိုက်ပါ ဦးလေးကျင်း။ ခင်ဗျား ဒါကို ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။"

ပဉ္စမမင်းသားသည် သူ့လက်ကို သာမန်သာ ဝေ့ယမ်းလိုက်သည်။ ဤမြင်ကွင်းကို ကြည့်ကာ ဝမ်ချောင် အတွေးနက်သွားခဲ့သည်။

ပဉ္စမမင်းသားသည် ပညာရှင်ဧကရာဇ်၏ အလွန်နှစ်ခြိုက်မှုကို ခံရပြီး နောက်ဆုံးတွင် သရဖူကို ရယူနိုင်ခဲ့သည်မှာ အကြောင်းပြချက်မရှိဘဲ မဟုတ်ပေ။ သူ၏သဘောထားကြီးမြတ်ခြင်းနှင့် စိတ်နေသဘောထား ကိုယ်၌ကပင် လူအတော်များများနှင့် နှိုင်းယှဉ်၍မရပေ။

မင်းသားသည် မြင့်မြတ်သည့်သွေးမျိုးဆက်မှ ဆင်းသက်လာခဲ့ခြင်းဖြစ်ပြီး အစေခံတစ်ယောက်၏ ပါးရိုက်ခြင်းကို ခံခဲ့ရခြင်းသည် သူတို့အတွက် ကြီးမားသည့် အရှက်ခွဲမှုကြီးပင်။ အကယ်၍ ဤသည်က အခြားသော မင်းသားများသာဆိုပါက သူတို့သည် ယခုအချိန်တွင် သေချာပေါက် ဒေါသထွက်နေပေလိမ့်မည်။ သို့သော်လည်း ပဉ္စမမင်းသားသည် အားနည်းပြီး အာဏာမရှိဟု မမှတ်ယူထားခဲ့ဘဲ ၎င်းကို ဂရုမစိုက်ဘဲ ရှုမြင်နိုင်နေသေးသည်။

"သခင်လေး ကျွန်တော် ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ။"

ပဉ္စမမင်းသားသည် ဝမ်ချောင်ကို အကဲခတ်လျက် မေးလိုက်သည်။ ဦးလေးကျင်းနှင့် နှိုင်းယှဉ်ကြည့်ပါက သူသည် သူ့ရှေ့ရှိ လူငယ်၏ နောက်ခံကို ပို၍ စိတ်ဝင်စားနေခဲ့သည်။

တစ်ဖက်လူသည် သူ့နောက်ခံကို သိနေပုံရသည်။ သို့သော် လီဟန်သည် ဤလူငယ်နှင့် ယခင်က တွေ့ခဲ့ဖူးခြင်းမရှိပေ။

"ဟုတ်တယ် မင်းက ဘယ်သူလဲ။ ဒီမှာ ခိုးကြောင်ခိုးဝှက်လုပ်နေတာက မင်းဘာလုပ်ဖို့ကြိုးစားနေတာလဲ။"

ထိုစကားများကို နားထောင်ကာ လီကျင်းကျုံးသည် ပြန်လည်တုံ့ပြန်ရန် အခွင့်အရေးကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်သည်။ ခုနက အခြေအနေသည် သူ့ကို သေလောက်အောင် ကြောက်ရွံ့သွားစေခဲ့သည်။

ထိုကိစ္စကို နက်နက်နဲနဲတွေးတောလိုက်ကာ လီကျင်းကျုံးသည် အစောပိုင်းက သူတစ်ခုခုကို လျစ်လျူရှုထားခဲ့မိသည်ကို ရုတ်တရက်နားလည်သွားခဲ့သည်။ ဤသည်က သူ့ကို အလွန်မှ စိတ်မသက်မသာဖြစ်သွားစေခဲ့သည်။

ဤကောင်လေးသည် သူ့နာမည်ကို မည်သို့ သိနေခဲ့သည်နည်း။

နန်းတော်ထဲမှာပင် အလွန်နည်းပါးသည့် လူများသာ သူ့နာမည်ကို သိ‌ပေသည်။ သို့တိုင် ဤအမည်မသိရသော ခွန်းဝူလေ့ကျင့်ရေးစခန်းမှ ကောင်လေးသည် သူ့နာမည်ကို အမှန်တကယ် သိနေခဲ့သည်။

ဤသည်က တကယ့်ကို တုန်လှုပ်စရာပင်။

အကယ်၍ဖြစ်နိုင်လျှင် လီကျင်းကျုံးသည် ဤသည်ကို အသုံးချကာ သူ့ရှေ့မှ ကောင်လေးကို သတ်ဖြတ်လိုက်ချင်နေသည်။ ဤသို့ဖြင့် အနာဂတ်ပြဿနာများကို ကာကွယ်နိုင်ပေလိမ့်မည်။ အားလုံးပြီးနောက် သူသည် တော်ဝင်မိသားစုဝင်တစ်ယောက်ကို ပါးရိုက်ခဲ့ခြင်းဖြစ်ပြီး သူသည် ပျက်စီးကိန်းကြုံရပေလိမ့်မည်။

"ပြောစမ်း ပထမမင်းသားက မင်းကို ဒီကို လွှတ်လိုက်တာလား..."

ဖတ်

သို့သော် လီကျင်းကျူး သူ့စကားကို ဆုံးအောင် မပြောနိုင်ခင်မှာပင် ဝမ်ချောင်၏ လက်ဝါးသည် သူ့မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်လာခဲ့သည်။ ဤကြီးမားသည့် အင်အားက သူ့ကို နောက်သို့ လွှင့်ထွက်သွားစေကာ သူ့မျက်နှာတစ်ဝက်လောက်ကို ဖုယောင်သွားစေခဲ့သည်။

ဤရုတ်ချည်းတိုက်ခိုက်မှုက လီကျင်းကျုံးနှင့် လီဟန်နှစ်ယောက်စလုံးကို ကြက်သေသေသွားစေခဲ့သည်။ စကားပုံကဲ့သို့ပင် 'လူတစ်ယောက်သည် ခွေးတစ်ကောင်ကိုမရိုက်မီ သူ့သခင်မျက်နှာကို ကြည့်ရမည်ဖြစ်သည်။' ဝမ်ချောင်သည် လီဟန်၏ နောက်ခံကိုသိသောကြောင့် ထိုသို့သောလုပ်ရပ်သည် မလုပ်သင့်ကြောင်း သူ သိသင့်ပေသည်။

"ဟမ် ဒီရိုက်ချက်က ပဉ္စမမင်းသားအတွက်ပဲ။ မင်းသားက ဒီကိစ္စကို အများကြီးဂရုမစိုက်တာဖြစ်နိုင်တယ် ဒါပေမယ့် မင်းကို သင်ခန်းစာတစ်ခု ပေးဖို့က အရေးကြီးတယ်။ တော်ဝင်မိသားစုရဲ့ မိန်းမစိုးတစ်ယောက်က မင်းသားတစ်ယောက်ကို ဘယ်လိုလုပ် ရိုက်ရဲတာလဲ။ ဒါကို တော်ဝင်မိသားစု ဒါမှမဟုတ် တရားစီရင်ရေး ပြန်လည်သုံးသပ်ခြင်းတရားရုံးကို တင်ပြစေချင်တာလား။"

ဝမ်ချောင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဖိအားပေးလိုက်သည်။

"ပြီးတော့ မင်းက မေးလာပြီမို့ ငါဘယ်သူလဲဆိုတာ မင်းကို ပြောပြမယ်။ ငါက ဝမ်ချောင်၊ ဝမ်ကလန်ရဲ့ သားတစ်ယောက်ပဲ။ ငါရဲ့အဖိုးက ဝမ်ကျူးလျန်၊ ငါ့ရဲ့ဦးကြီးက တော်ဝင်ရုံးတော်ရဲ့ ဩဇာကြီးအရာရှိ ဝမ်ကန်း၊ ငါ့အဖေက ဝမ်ယန်။ မင်းက ငါ့ကို တိုင်ကြားချင်ရင် ‌ငါကလည်း စိတ်မဆိုးပါဘူး။"

ထိုစကားများသည် ပြောပြီးသည်နှင့် မကြာမီ လီကျင်းကျုံးမျက်နှာသည် ချက်ချင်း ဖြူလျော်သွားခဲ့သည်။ လီဟန်ပင်လျှင် တုန်လှုပ်သွားခဲ့သည်။

'ဝမ်ကလန်... စစ်သူကြီးနဲ့ ဝန်ကြီးမျိုးရိုး ကလန်'

ဝမ်ချောင်၏ နောက်ခံဖြင့် မင်းသားတစ်ပါးပင်လျှင် သူ့ကို အလေးအနက်သဘောထားရမည်ဖြစ်သည်။ သို့သော်လည်း လီဟန်ကို တုန်လှုပ်သွားစေခဲ့သည့် အရာမှာ အခြားကိစ္စတစ်ခုဖြစ်သည်။

"မင်းက ဝမ်ချောင်လား"

လီဟန်သည် ဝမ်ချောင်ကို အံ့အားသင့်နေသည့် ပုံစံဖြင့် ခေါင်းမှ ခြေဖျားအထိ အကဲခတ်လိုက်သည်။ မဟာထန်တွင် ထိုနာမည်သည် မိသားစုနောက်ခံ မလိုအပ်သော နာမည်တစ်ခုဖြစ်သည်။ သူကိုယ်၌ကပင် ဩဇာတိက္ကမရှိနေပြီဖြစ်သည်။

နန်းတော်ထဲတွင် အမြဲပိတ်လှောင်နေခဲ့သော သူ့ကဲ့သို့ မင်းသားတစ်ပါးပင်လျှင် ဝမ်ချောင်ဟု အမည်ရသော ကြောက်မက်ဖွယ်ကောင်းသည့် လူငယ်တစ်ယောက်သည် သိပ်မကြာသေးမီက မြို့တော်တွင် ပေါ်ထွက်လာခဲ့သည်ကို ကြားသိခဲ့ရသည်။

လမ်းပေါ်မှ ကောလဟာလများသည် ဝမ်ချောင်သည် ဆယ်ခြောက်နှစ်ပင် မပြည့်သေးဟု ဆိုခဲ့ကြသည်။ ထိုအချိန်က လီဟန်သည် ထိုစကားများက ယုံရခက်သည်ကို တွေ့ခဲ့ရသည်။ သို့သော်လည်း ဤလူငယ်လေးသည် မျှော်လင့်ထားသည်ထက် ငယ်ရွယ်နေပုံပင် ရသည်။

လီကျင်းကျူးသည်ပင် ကြက်သေ‌သေသွားခဲ့သည်။

လက်ရှိသူသည် တော်ဝင်ရုံးတော်၌ အကြီးမြတ်ဆုံး အာဏာကို မရရှိသေးပေ။ သူသည် ယခုအချိန်တွင် မည်မျှကြောက်မက်ဖွယ်ကောင်းပါစေ ထိုအရာသည် ပဉ္စမမင်းသား၏ ယုံကြည်မှုနှင့် အဆင့်အတန်းမှ လာခဲ့ခြင်းဖြစ်သည်။ သူသည် တကယ့်ဩဇာအာဏာကို လုံးဝကိုင်စွဲထားခြင်း မရှိသေးပေ။

ထို့ကြောင့် သူ့ကို ကြောက်ရွံ့သွားစေနိုင်သည့် လူ များစွာရှိသေးပြီး ဝမ်ကလန်၏ ဤမျိုးဆက်သည် သူတို့ထဲမှ တစ်ဦးဖြစ်သည်။

ဤသည်က အမှန်တကယ် ထိတ်လန့်ရခြင်းပင်။

ဤမြင်ကွင်းကို ကြည့်ကာ ဝမ်ချောင်သည် စိတ်မလှုပ်ရှားဘဲမနေနိုင်တော့ပေ။ သူ့ယခင်ဘဝမှ လီကျင်းကျုံးပြုလုပ်ခဲ့သည့် ဆိုးယုတ်မှုများကို ပြန်လည်အမှတ်ရလိုက်ကာ ဤရိုက်ချက်သည် သူ့ကျင့်ကြံခြင်းတွင် နယ်ပယ်တစ်ခုချိုးဖောက်သွားသည်ထက် သူ့ကို ပို၍ ပျော်ရွှင်စေပေသည်။

ထိုအကျင့်ပျက်ခြစားသည့် လီဖုကော်သည် အမြဲတမ်း ကျွမ်းကျင်သူများဖြင့် ခြံရံနေခဲ့ပြီး သူ့အနီးသို့ နီးကပ်ရန်ပင် မဖြစ်နိုင် ဖြစ်စေခဲ့သည်။ သူ့ကို တစ်ယောက်တည်း လုပ်ကြံသတ်ဖြတ်ရန်မှာ ပြောစရာပင်မလိုပေ။

ယင်တစ်ကောင်ပင်လျှင် သူ့အနားဝန်းကျင်ရှိ ကျန့်သုံးရာအကွာအဝေးဝန်းကျင်သို့ ဘေးကင်းစွာ ဝင်လာနိုင်မည်မဟုတ်ပေ။

နတ်ဆိုးဂိုဏ်းများ၊ ဂိုဏ်းဂဏများနှင့် သိုင်းလောကမှ ထိပ်တန်းကျွမ်းကျင်သူများကို ငှားရမ်းထားခြင်းသည် သူ့ခုခံကာကွယ်မှုတွင် ရေပက်မဝင်ဖြစ်စေခဲ့သည်။

လီဖုကော်ကို လုပ်ကြံရန် ကြိုးစားခဲ့ကြသည့် မရေမတွက်နိုင်သော ကျွမ်းကျင်သူများသည် သူတို့၏ ပစ်မှတ်ကို မမြင်လိုက်နိုင်ခင်မှာပင် ကျန့်သုံးရာ အကွာအဝေးအတွင်း ကျဆုံးသွားခဲ့ကြရသည်။

သို့သော်လည်း လက်ရှိလီကျင်းကျုံးသည် ထူထပ်စွာ ကာကွယ်ထားခြင်း မရှိသေးပေ။

တစ်ဖက်လူသည် ပြန်လည်တုံ့ပြန်ခြင်းပင် မပြုသည်ကို ကြည့်ကာ ဝမ်ချောင်သည် ပီတိမဖြစ်ဘဲ မနေနိုင်တော့ပေ။

'တကယ်လို့ ငါက သူ့ကို အခုရှင်းပစ်လိုက်ရင် အနာဂတ်မှာ အကျင့်ပျက်ခြစားတဲ့ဝန်ကြီးတစ်ယောက် လျော့သွားလိမ့်မယ်'

ဝမ်ချောင် တွေးလိုက်မိသည်။

လီကျင်းကျုံး သို့မဟုတ် လီဖုကော်သည် ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့သည့် ပထမဆုံးမိန်းမစိုးဖြစ်ခဲ့သည်။ ထို့ကြောင့် တော်ဝင်ရုံးတော်၌ အုပ်ချုပ်မှုတာဝန်ယူကာ နိုင်ငံရေးတွင် တိုက်ရိုက်ဝင်ရောက်စွက်ဖက်သော မိန်းမစိုးများ၏ ညီလာခံကို စတင်ခဲ့သည်။

သူသည် အနာဂတ်တွင် မဟာထန်ကို အဆက်မပြတ်ကျဆင်းစေကာ ချောက်ထဲသို့ ပို၍ တွန်းပို့နေသည့် အကြောင်းအရင်းဖြစ်ခဲ့သည်။ အကယ်၍ ဝမ်ချောင်သည် သူ့ကို ယခုသတ်လိုက်ပါက မဟာထန်၏ အနာဂတ်သည် ပြောင်းလဲသွားနိုင်သည်။

မဟာထန်အတွက် နောက်ထပ် မျှော်လင့်ချက် ရောင်ခြည်တစ်ခု ရှိကောင်းရှိနိုင်သည်။

သို့သော်လည်း အရာတစ်ခုသည် ဝမ်ချောင် စိတ်ထဲပေါ်လာသည်နှင့် သူသည် ဤအတွေးကို ချက်ချင်းဖယ်ရှားလိုက်သည်။

အရာရာတိုင်းတွင် နှစ်ဖက်ရှိပေသည်။

လီကျင်းကျုံးသည် နောင်တွင် အကျင့်ပျက်ခြစားသည့် ဝန်ကြီးချုပ်ဖြစ်လာနိုင်သည်။ သို့သော် သူသည် တိုင်းပြည်ကို တစ်နည်းနည်းဖြင့် အကျိုးပြုနေခဲ့သည်။ ပထမအချက်အနေဖြင့် သူသည် ပဉ္စမမင်းသားလီဟန် နန်းမတက်မီ တော်ဝင်ရုံးတော်တွင် အာဏာရရှိရေးကြိုးပမ်းရာတွင် အချက်အချာကျသည့် နေရာမှ ဝင်ပါခဲ့သည်။

သူ၏ ဉာဏ်နီဉာဏ်နက်များလှသောအကြံအစည်များသည် လီဟန်ကို သူ့အတွက် အခြားမင်းသားများက ဆင်ထားခဲ့သော ထောင်ချောက်များမှ တစ်ကြိမ်ပြီးတစ်ကြိမ်ရှောင်ရှားနိုင်စေခဲ့သည်။

ဤသည်က လီဟန်သည် သူ့ကို အကြွင်းမဲ့ယုံကြည်ရခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။ သို့သော်လည်း အပြန်အလှန်အနေဖြင့် ဤသည်က အကျင့်ပျက်ခြစားသည့် လီကျင်းကျုံးကို ဖြစ်စေခဲ့ပြီး နောက်ဆုံးတွင် တိုင်းပြည်ကို ပျက်စီးခြင်းသို့ ဦးတည်စေခဲ့သည်။

သို့သော်လည်း ဝမ်ချောင် လီကျင်းကျုံးကို မထိတော့ရန် ရွေးချယ်လိုက်ခြင်းမှာ အခြားအကြောင်းပြချက်တစ်ခုကြောင့် ဖြစ်သည်။

လီဟန်သည် နာမကျန်းဖြစ်နေသောကြောင့် သူခန္ဓာကိုယ်သည် ချည့်နှဲ့နေကာ သိုင်းပညာကို လေ့ကျင့်နိုင်ခြင်းမရှိပေ။ ဤသည်က သူ့ကို တည်ငြိမ်အေးဆေးသည့် အကျင့်စရိုက်ကို ဖြစ်ပေါ်စေခဲ့သည်။

ဤသည်က အာဏာကို ငမ်းငမ်းတက်လိုချင်နေသည့် လီကျင်းကျုံးနှင့် အလွန်ကွာခြားနေခဲ့သည်။

ထို့ကြောင့် လီဟန်၏အစောပိုင်းကာလတွင် လီကျင်းကျုံးသည် စိတ်ဓာတ်ပျော့ညံ့သူ လီဟန်ကို ရှေ့သို့တွန်းပို့သည့် တွန်းအားတစ်ခုဖြစ်ခဲ့သည်။

ဤကာလအတောအတွင်းတွင် လီကျင်းကျုံးသည် သူ့ကြိုးစားအားထုတ်မှုများအားလုံးကို လီဟန်ကို ကူညီရန် ရင်းနှီးမြုပ်နှံထားခဲ့သည်။

ဤကာလကို သူတို့နှစ်ဦးစလုံးအတွက် 'ဟန်းနီးမွန်းကာလ' အဖြစ် သတ်မှတ်နိုင်သည်။ ကြည့်ရသည်မှာ လီကျင်းကျုံးသည် လီဟန်ကို ဤကိစ္စကြောင့် ရိုက်ခဲ့ပုံပေါ်သည်။

တစ်ခဏအတွင်းမှာပင် ဝမ်ချောင်သည် အခြေအနေကို နားလည်သွားခဲ့သည်။ ပဉ္စမမင်းသားလီဟန်သည် ခွန်းဝူလေ့ကျင့်ရေးစခန်းသို့လာပြီး တောနက်ထဲတွင် ပုန်းအောင်းနေခဲ့သည်မှာ သူ၏ တည်ငြိမ်အေးဆေးပြီး ပျော့ညံ့သည့် အကျင့်စရိုက်ကြောင့် ဖြစ်နိုင်သည်။

သို့သော်လည်း လီကျင်းကျုံးသည် ရည်မှန်းချက်ပြင်းထန်သူတစ်ဦးဖြစ်သည်။ သူသည် ဩဇာတိက္ကမနှင့် သာလွန်ကောင်းမွန်သည့် အာဏာကို လိုချင်နေခဲ့ပေသည်။

ထို့ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ သူတို့ကြားတွင် ငြင်းခုံမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။

"မင်းသား ကျွန်တော့်ရဲ့ စပ်စုမှုအတွက် ခွင့်လွှတ်ပါ။မင်းသားက ကျွန်တော်နဲ့ လေ့ကျင့်ရေးစခန်းတစ်ခုတည်းမှာ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ထင်မထားခဲ့ဘူး။"

ဝမ်ချောင်သည် လှည့်လိုက်ပြီး လီဟန်ဆီသို့ အာရုံစိုက်လိုက်သည်။

"ဟီးဟီး ဝမ်သခင်လေးက ယဉ်‌ကျေးလွန်းနေပါပြီ။ ကျွန်တော်က မြို့စားကြီးကျူးရဲ့ မျိုးဆက်ကို ဒီမှာ တွေ့ရလို့ ဝမ်းသာပါတယ်။"

လီဟန်သည် သဘောကောင်းစွာဖြင့် ရယ်မောလိုက်သည်။ ဝမ်ချောင်၏အဘိုးအကြောင်းပြောသောအခါတွင် သူ၏အမူအရာသည် အလွန်လေးစားနေခဲ့သည်။

မြို့စားကြီးကျူးနှင့် လက်ရှိပညာရှင်ဧကရာဇ်အကြားဇာတ်လမ်းကို တော်ဝင်ရုံးတော်ရှိ မင်းညီမင်းသားများအားလုံး ကောင်းစွာ သိထားကြသည်။

သူတို့၏ပန်းတိုင်များကို မြှင့်တင်ရာတွင် ကူညီပေးမည့် မြို့စားကြီးကျူးကဲ့သို့သော လက်အောက်ငယ်သားတစ်ဦးကို အလိုမရှိသည့် မင်းသားတစ်ဦးမျှ မရှိပေ။

'အရှင်သခင်သည် သူ့ငယ်သားကို လေးစားသမှုဖြင့် ဆက်ဆံပြီး ငယ်သားက သူ့အရှင်သခင်ကို သစ္စာရှိမှုကို ပြန်ပေးသည်။' မြို့စားကြီးကျူးသည် သူ့ရာထူးမှ အနားယူသွားသောအခါ ပညာရှင်ဧကရာဇ်သည် သူ့ကို ထိန်းထားရန် လေးပြည်နယ်သံရုံးကို အထူးတည်ထောင်ခဲ့သည်။ ဤသို့ဖြင့် အကြံဉာဏ် လိုအပ်သည့် အချိန်တိုင်း အကြံဉာဏ်အတွက် သူ့ကို ရှာနိုင်ပေမည်။

မင်းသားတစ်ဦးအနေဖြင့် လီဟန်သည်လည်း ဤဇာတ်လမ်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး အားကျခဲ့ပေသည်။

အပိုင်း ၃၁၃ လီဟန်ကို ပြန်လည်တည်ဆောက်ပေးခြင်း

"မင်းသား ကျွန်တော့်ရဲ့ စူးစမ်းမှုကို ခွင့်လွှတ်ပါ။ ဒါပေမယ့် မင်းသားက ဒီလိုချောင်ကျတဲ့နေရာမှာ ဘာလုပ်နေတာလဲ။"

ဝမ်ချောင် ရုတ်တရက် မေးလိုက်သည်။

"ဒါ့အပြင် မင်းသားရဲ့ အဆင့်အတန်းအရ ရှန်းဝေနဲ့ လုံ့ဝေထဲကို ဝင်တာက ပြဿနာတစ်ခု မဟုတ်လောက်ဘူး မှန်တယ်မဟုတ်လား။"

"ဒါက..."

ပဉ္စမမြောက်မင်းသားလီဟန်၏ မျက်နှာသည် တုံ့ဆိုင်းသွားခဲ့သည်။ တော်ဝင်နန်းတော်တွင်းရန်ပွဲများအကြောင်းကို ဝမ်ချောင်အား မည်သို့ပြောနိုင်မည်နည်း။

"မင်းသားက မဖြေချင်ဘူးဆိုလည်း ကျွန်တော် ထပ်မမေးတော့ပါဘူး။"

ဝမ်ချောင် ထပ်ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး... ဒါက ဘာမှမဟုတ်ပါဘူး။"

လီဟန်သည် ခါးသီးနေသည့် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"ကျွန်တော်က ဗိုက်ထဲမှာ ခုနှစ်လသာနေခဲ့ရပြီး မွေးဖွားလာခဲ့တာဖြစ်တယ် ကျွန်တော် အသက်ရှင်နိုင်ခဲ့ပေမယ့် မွေးရာပါသွေးချို့တဲ့မှုဒဏ်ကို ခံစားခဲ့ရတယ်။ ဒီဟာက ကျွန်တော့်ကို ဘယ်လို သိုင်းပညာရပ်ကိုမဆို ကျင့်ကြံဖို့အတွက် မသင့်တော်ဖြစ်စေခဲ့တယ်။ ဒါကြောင့် ကျွန်တော်အတွက် လုံ့ဝေ၊ ရှန်းဝေ ဒါမှမဟုတ် ခွန်းဝူထဲ စာရင်းသွင်းတာက ဘာမှ မထူးခြားဘူး။ ဒီသုံးခုထဲမှာ ခွန်းဝူက အေးချမ်းပြီး လူအရေအတွက် အနည်းဆုံးပဲ ဒါကြောင့် ကျွန်တော် ဒီနေရာကို ရွေးချယ်ခဲ့တာပဲ။"

လီဟန်သည် ဝမ်းနည်းပြီး စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် ပြောလိုက်သည်။ သူသည်လည်း သူဂရုစိုက်သည့် လူများကို ကာကွယ်ရန် မယုံနိုင်စရာကောင်းသည့် သိုင်းပညာရပ်များကို ပိုင်ဆိုင်ချင်ပေသည်။ သို့သော် ကောင်းကင်ဘုံသည် သူ့ကို သိုင်းပညာရပ်များကို ကျင့်ကြံခြင်းနှင့် ဆီလျော်ခြင်းမရှိသည့် ခန္ဓာကိုယ်ကိုသာ ပေးအပ်ခဲ့သည်။

တော်ဝင်နန်းတော်၏ ဘဏ္ဍာတိုက်သည် ထူးခြားဆန်းပြားသည့် ရတနာများနှင့် အသုံးအဆောင်ပစ္စည်းများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် မတူညီသည့် ဆေးလုံးများနှင့် လျှို့ဝှက်ပညာရပ်များကို အသုံးပြုခဲ့သော်လည်း ဘာကမျှ သူ့အခြေအနေအတွက် အသုံးဝင်ပုံမပေါ်ခဲ့ပေ။

များစွာသော တော်ဝင်သမားတော်များနှင့် သိုင်းလောက၏ ကျွမ်းကျင်သူများစွာတို့သည် သူ့ကို ရောဂါရှာဖွေကုသရန် ကြိုးစားခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သာ အကြံကုန်သွားခဲ့ကြသည်။ သူ့အတွက် နတ်ဘုရားဖြစ်တည်မှုကဲ့သို့သော သူ့ခမည်းတော်သည်ပင် သူ့အခြေအနေရှေ့တွင် ကူကယ်ရာမဲ့ဖြစ်နေခဲ့ရသည်။ အဓိကပြဿနာသည် သူ၏အားနည်းသော ခန္ဓာကိုယ်တွင် ရှိနေသောကြောင့် စွမ်းအင်ကို သိုလှောင်ရန် မဖြစ်နိုင်ကြောင်း သူက ပြောကြားခဲ့သည်။

ဤသို့ဖြင့် လီဟန်သည် ငယ်ရွယ်စဉ်ကတည်းက မျှော်လင့်ချက်များကို စွန့်လွှတ်ခဲ့ပြီးဖြစ်သည်။

နှစ်ရှည်လများ ဆေးပေါင်းစုံနှင့် ရိုးရာကုထုံးမျိုးစုံကို သုံးစွဲခြင်းသည် သူ့ခန္ဓာကိုယ်ကို သိသိသာသာ အားနည်းသွားစေခဲ့သည်။ ထိုအကျိုးဆက်၏ တိုက်ရိုက်ထင်ရှားမှုမှာ သွေးရောင်လုံးဝမရှိတော့သော သူ၏ အမြဲတမ်းဖြူဖပ်ဖြူရော်ဖြစ်နေသည့် မျက်နှာဖြစ်သည်။

အကယ်၍ ဤသို့မဟုတ်ပါက သူသည် လီကျင်းကျုံးကို သူ့အား အလွယ်တကူရိုက်ခွင့်ပေးမည်မဟုတ်ပေ။ သူသည်လည်း ထိုရိုက်ချက်ကြောင့် လဲကျသွားခဲ့မည်မဟုတ်ပေ။ ဘဝတွင် လူတစ်ဦးလက်သင့်ခံရမည့် အရာအချို့ရှိသည်။

အရာရာတိုင်းကို ကြိုးစားခဲ့ပြီး ပြုလုပ်ခဲ့ပြီးနောက် ကျန်ရှိနေခဲ့သည့်အရာအားလုံးမှာ မျှော်လင့်ချက်ကို စွန့်လွှတ်ရန်သာ ကျန်တော့သည်။ ထို့ကြောင့် ဤအခိုက်အတန့်တွင် လီဟန်အလိုရှိသည့် တစ်ခုတည်းသော အရာမှာ အာဏာအတွက် တိုက်ပွဲမှ ရှောင်ရှားရန် ဖြစ်ပြီး တိတ်ဆိတ်သည့် နေရာကို ရှာဖွေကာ သူ့ဘဝကို ငြိမ်းချမ်းစွာ ကုန်ဆုံးရန်ဖြစ်သည်။

လီဟန်စကားကို နားထောင်ပြီးနောက် ဝမ်ချောင်၏ မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု သန်းလာခဲ့သည်။ အမှန်တွင် သူသည် ဤအရာအားလုံးကို သိထားပြီးဖြစ်သည်။ သူ ဤမေးခွန်းကို မေးခဲ့သည်မှာ အခြားရည်ရွယ်ချက်ကြောင့်ဖြစ်သည်။

"မင်းသား တကယ်လို့ ခင်ဗျားက တကယ်ပဲ သိုင်းပညာတွေကို ကျင့်ကြံချင်ရင် ကျွန်တော့်စိတ်ထဲမှာ နည်းလမ်းတစ်ခုရှိပါတယ်။"

"ဘယ်လို"

ဝမ်ချောင် ဤစကားကို ပြောလိုက်သည်နှင့် လီဟန်နှင့် လီကျင်းကျုံးနှစ်ယောက်စလုံးသည် အံ့အားတကြီး တုန်ခါသွားခဲ့ကြသည်။ ထိုအခိုက်အတန့်မှာပင် လီကျင်းကျုံးသည် ဝမ်ချောင်ကို ကြောက်နေသည့် သူ့အကြောက်တရားကိုပင် မေ့သွားခဲ့ပြီး ဝမ်ချောင်ကို အံ့အားသင့်ပြီး ဝမ်းသာနေသည့် အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

"ဝမ်သခင်လေး ခင်ဗျား ကျွန်တော့်ကို မျှော်လင့်ချက်ပေးစရာမလိုပါဘူး။ ဒီကိစ္စရှေ့မှာ ကျုပ်ခမည်းတော်တောင် ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့အခြေအနေကို ကုသပေးနိုင်တဲ့ လူ ဘယ်လိုလုပ်ရှိနိုင်မှာလဲ။"

လီဟန်၏ မျက်လုံးများသည် တစ်ခဏတာမျှ တောက်ပသွားခဲ့ပြီး နောက်တစ်ကြိမ်‌လျှင်မြန်စွာဖြင့် မှိန်ဖျော့သွားခဲ့ပြန်သည်။

"မင်းသား မင်း ဘာတွေပြောနေတာလဲ"

လီကျင်းကျုံး ချက်ချင်းဖြတ်ပြောလိုက်သည်။ သူသည် ဝမ်ချောင်ကို ကြောက်ပေသည်။ သို့သော် သူ့နှလုံးထဲတွင် သိမ်းဆည်းထားသည့် ပြင်းပြသည့်ရည်မှန်းချက်နှင့် စိတ်ဆန္ဒများက သူ့အကြောက်တရားထက် ကျော်လွန်နေခဲ့သည်။

"မင်း အဲဒါကို တစ်ခါလောက် မစမ်းကြည့်ရင် အဲဒါက ‌ဖြစ်နိုင်ချေမရှိဘူးလားဆိုတာ မင်း ဘယ်လိုလုပ်သိမှာလဲ။ ဝမ်သခင်လေး ကျွန်တော် အစောပိုင်းက မှားခဲ့ပါတယ် ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်။ ကျွန်တော် ပဉ္စမမင်းသားကိုယ်စား မေးချင်ပါတယ် အဲဒါက တကယ်ပဲ ဖြစ်နိုင်ချေရှိလား။ တကယ်လို့ မင်းသားက တကယ်ပဲ ပြန်ကောင်းလာခဲ့ရင် ကျွန်တော် ဘာပဲ ပြန်ပေးဆပ်ရပါစေ ပြန်ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။"

လီကျင်းကျုံးသည် ဝမ်ချောင်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်လိုက်သည်။ အာဏာကို ငမ်းငမ်းတက်လိုချင်နေသည့် သူ့ရမ္မက်ကို လုံးဝ ဖုံးကွယ်ထားခြင်းမရှိခဲ့ပေ။ သူသည် ပဉ္စမမင်းသားနှင့် ဆယ်နှစ်ကျော်ကြာအောင် လိုက်ပါခဲ့ပြီး သူသည် မင်းသား၏ အခြေအနေကို ကောင်းကောင်းကြီး သိပေသည်။

လီဟန်သည် မွေးရာပါသွေးချို့တဲ့ခြင်းရောဂါကို ခံစားနေခဲ့ရပြီး ဤသည်က သူ့တိုးတက်မှုကို ထိန်းချုပ်ထားသည့် အကြီးဆုံးပြဿနာတစ်ခုဖြစ်သည်။ ခွန်အားမရှိခြင်းသည် သူ့ကို သူရဲဘောကြောင်စေပြီး ခြေတလှမ်းပြန်ဆုတ်ရန်နှင့် အလျော့ပေးရန် သူ့အတွက် စိတ်ဓာတ်ခိုင်မာမှုမရှိခြင်းကို ဖြစ်စေခဲ့သည်။

ခွန်အားသည် ရည်မှန်းချက်ကို တွန်းအားပေးသည့် အခိုင်မာဆုံးအချက်များထဲမှ တစ်ခုဖြစ်သည်။

အကယ်၍ ကြီးမားသည့် ခွန်အားကို တစ်စုံတစ်ယောက်အား ပေးလိုက်မည်ဆိုပါက သာမန်လယ်သမားတစ်ဦးဖြစ်နေလျှင်ပင် အကြီးမားဆုံး ရည်မှန်းချက်များသည် သူ့ကို လှုံ့ဆော်ပေလိမ့်မည်။

လီကျင်းကျုံးသည် ဤအမှန်တရားကို နားလည်ထားခဲ့သည်။ သူသည် လွန်ခဲ့သည့် နှစ်များစွာအတွင်း ပဉ္စမမင်းသား၏ မွေးရာပါသွေးချို့တဲ့ခြင်းရောဂါကို ကုသရန်အကောင်းဆုံးကြိုးစားခဲ့ကာ သူ့လမ်းကြောင်း၌ ပေါ်လာသည့် အခွင့်အရေးမှန်သမျှကို ဆုပ်ကိုင်ခဲ့သည်။

အနည်းဆုံးတော့ ဤရွံရှာဖွယ်လီကျင်းကျုံးတွင် သူ့အသုံးကျမှုများ ရှိပေသေးသည်။

လီကျင်းကျုံး၏ အပြုအမူများသည် ဘာကြောင့် ဆိုသည်ကို ဝမ်ချောင် သိပေသည်။ ထို့အပြင် ဤသည်က ဤအနာဂတ်အကျင့်ပျက်ခြစားသည့် ဝန်ကြီးချုပ်လီကျင်းကျုံးတွင် လီဟန်၏တိုးတက်မှုအစောပိုင်းကာလများ၌ သူ့အသုံးကျမှုများရှိသည်ဟူသော ဝမ်ချောင်၏ ထင်မြင်ချက်ကို ပို၍ ခိုင်မာစေခဲ့သည်။

သို့သော်လည်း သူသည် လီကျင်းကျုံးကို ဖြစ်နိုင်သမျှအကောင်းဆုံး ဖိနှိပ်ရမည် ဟူ၍လည်း သိထားပေသည်။ ဤသို့ဖြင့် လီဟန်အပေါ် လီကျင်းကျုံး၏ အနာဂတ်လွှမ်းမိုးမှုကို ကန့်သတ်စေမည်ဖြစ်သည်။

"မင်းသား"

လီကျင်းကျုံးကို လုံးဝလျစ်လျူရှုလိုက်ကာ ဝမ်ချောင်သည် ပဉ္စမမင်းသားလီဟန်ကို တည့်တည့်ကြည့်၍ ပြောလိုက်သည်။

"ဒါက အလုပ်ဖြစ်မလား မဖြစ်ဘူးလားဆိုတာ ကျွန်တော်သိပ်မသေချာဘူး ဒါပေမယ့် သိပ်မကြာသေးခင်က ကျွန်တော် အရမ်းကို အားကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်ကို တွေ့ဆုံခဲ့တယ်။ သူက ကျွန်တော်ကို ဆေးတစ်လုံးပေးခဲ့ပြီး ဒါက မွေးရာပါသွေးချို့တဲ့ခြင်းရောဂါအများစုကို ပျောက်ကင်းအောင်ကုသနိုင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမယ့်လည်း ကျွန်တော် အရင်က ဒါကို လုံးဝမစမ်းခဲ့ဖူးဘူး ဒါကြောင့် ဒါက အလုပ်ဖြစ်မလား မဖြစ်ဘူးလားဆိုတာ ကျွန်တော် အာမမခံနိုင်ဘူး။"

ဝမ်ချောင်သည် မည်သည့်အာမခံချက်မျှ မပေးခဲ့ပေ။ လီဟန်သည် ပုံမှန်ဆယ်လနှင့် နှိုင်းယှဉ်ပါက သားအိမ်ထဲတွင် ခုနစ်လမျှသာ ဖွံ့ဖြိုးခဲ့သည်။ ဤသုံးလသည် သူ့ကိုယ်တွင်းအင်္ဂါအချို့က အပြည့်အဝ မဖွံ့ဖြိုးသေးဟု ဆိုလိုခြင်းဖြစ်သည်။

ထို့ကြောင့် ဝမ်ချောင် ပထမဆုံးတွေးလိုက်မိသည့်အရာမှာ ကံကြမ္မာကျောက်စာ၏ စွမ်းရည် "သွေး ပြန်လည်ပြုပြင်ပြောင်းလဲခြင်း" ဖြစ်သည်။

သွေးသည် လူသားတစ်ယောက်၏ ခန္ဓာကိုယ်တွင် စွမ်းအင်များအားလုံး၏ မူလဖြစ်သည်။ ကျင့်ကြံခြင်းတွင် ပထမဆုံးသော ခြေလှမ်းမှာ လောကရှိ ဝိဉာဉ်စွမ်းအင်ကို လူတစ်ယောက်၏ စီးဆင်းနေသောသွေးများထဲသို့ စုပ်ယူရန်ဖြစ်သည်။ လီဟန်၏သွေးကို ပြောင်းလဲနိုင်လျှင် သူ့ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ သို့သော် ၎င်းသည် အလုပ်ဖြစ်လိမ့်မည် မဖြစ်လိမ့်မည်ဆိုသည်မှာ ဝမ်ချောင်သည် ယခင်က ကြိုးစား မကြည့်ခဲ့ဖူးသလို ‌အသေအချာမပြောနိုင်ပေ။

"ဝမ်သခင်လေး မလို..."

လီဟန်သည် ဝမ်ချောင်၏ ကမ်းလှမ်းချက်ကို ပုံမှန်အတိုင်း ငြင်းပယ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူသည် လီကျင်းကျုံး၏ မျက်ထောင့်နီကြီးကို တွေ့လိုက်ရသောအခါ ခါးသီးစွာပြုံးလိုက်ပြီး ခေါင်းညိတ်လက်ခံလိုက်တော့သည်။

"ဝမ်သခင်လေး ဒါဆိုလည်း ခင်ဗျားကိုပဲ အားကိုးတော့မယ်။ ကျွန်တော် ဘာလုပ်ပေးရမလဲ။"

တစ်ခဏမျှ စဉ်းစားပြီးနောက် ဝမ်ချောင် ပြန်ဖြေလိုက်သည်။

"ကျွန်တော် ခင်ဗျားကို ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို လိုက်ပြန်စေချင်တယ်။"

ဝမ်ချောင်၏ ဦးဆောင်မှုဖြင့် လီဟန်နှင့် လီကျင်းကျုံးတို့ကို ‌ဓားသွားဖယ်ရှားခြင်းအိမ်တော်သို့ ခေါ်ဆောင်လာခဲ့သည့် အချိန်သည် ညမိုးချုပ်ခါနီးအချိန်ဖြစ်သည်။ ဒုတိယထပ်ရှိ တိတ်ဆိတ်နေသော အခန်းထဲတွင် ဝမ်ချောင်သည် လီဟန်ကို ကြမ်းပြင်ပေါ်ထိုင်စေလိုက်သည်။ သူနှလုံးသားထဲမှနေ၍ လေးလေးနက်နက် တောင်းပန်ပြီးနောက် သူသည် ပြန်လည်ဖြည့်တင်းခြင်းဆေးလုံးကို ကမ်းပေးလိုက်သည်။

"မင်းသား ဒီဆေးလုံးကို မျိုချလိုက်ပါ။"

"အင်း"

လီဟန်ခေါင်းညိတ်လိုက်ပြီး ဝမ်ချောင်လက်ထဲမှ ဆေးလုံးကို လှမ်းယူလိုက်သည်။

"ဒီဆေးလုံးက မွေးရာပါသွေးချို့တဲ့ခြင်းကို ကုသဖို့လား။ ဒါပေမယ့် ဒါက ဘာလို့ တော်ဝင်နန်းတော်က ပြန်လည်ဖြည့်တင်းခြင်းဆေးလုံးနဲ့ တူနေရတာလဲ။"

လီဟန်သည် ဤသို့သော ဆေးမျိုးကို မွေးကတည်းက သောက်သုံးခဲ့ရသည်။ ထို့ကြောင့် ၎င်းကို သူ ရင်းနှီးပေသည်။

ဒုန်း

ဝမ်ချောင်၏နှလုံးသားသည် တစ်ချက်ခုန်သွားခဲ့သည်။ သို့သော် သူသည် လေးနက်သည့် အမူအရာကို ထိန်းသိမ်းထားခဲ့ဆဲဖြစ်သည်။

"မင်းသား ဒါက တိုက်ဆိုင်တာသက်သက်ပါ။"

"ဆေးလုံးတွေကို ဆေးဖက်ဝင်အပင်ကနေတစ်ဆင့် ပေါင်းစပ်ထုတ်လုပ်ထားတာဖြစ်တယ် သူတို့ရဲ့ပါဝင်ပစ္စည်းတွေ တူညီနေသရွေ့ သူတို့ရဲ့အနံ့ကလည်း အတူတူဖြစ်နိုင်ဖို့ အလားအလာရှိတယ်။ ဒါ့အပြင် ကျွန်တော်က ဘယ်လိုလုပ် တော်ဝင်နန်းတော်ထဲက ဆေးလုံးတွေကို ရယူနိုင်မှာလဲ။"

"မင်း မှန်တယ်။ ကျွန်တော်က အတွေးလွန်နေခဲ့တာပဲ။"

လီဟန် ပြုံးလိုက်သည်။ တော်ဝင်နန်းတော်တွင် ဆေးလုံးများ ဖြန့်ဖြူးမှုအပေါ် တင်းကျပ်စွာ ထိန်းချုပ်ထားသောကြောင့် တော်ဝင်မိသားစုအပြင်ဘက်မှ မည်သူအတွက်မဆို သူတို့ကို ရယူရန် ခက်ခဲစေသည်။

ဆေးလုံးကို လက်နှစ်ချောင်းကြားတွင်ကိုင်လျက် သူသည် မပြောင်းမလဲဖြင့် ဆေးလုံးကို မျိုချလိုက်သည်။

ကုန်လွန်ခဲ့သည့် နှစ်များအတွင်း သူသည် မရေမတွက်နိုင်သည့် ဆေးလုံးများကို သောက်သုံးခဲ့ဖူးပြီး အကြိမ်ပေါင်းများစွာ ကျဆုံးခဲ့ရသည်။ တဖြည်းဖြည်းနှင့် သူသည် မည်သည့်မျှော်လင့်ချက်မှ မထားတော့ရန် သင်ယူနိုင်ခဲ့သည်။

"ဝမ်သခင်လေး ကျွန်တော် နောက်ထပ် ဘာလုပ်ရမလဲ။"

လီဟန် ဝမ်ချောင်ဆီသို့ ကြည့်လိုက်ကာ အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

"မင်း အဲဒီမှာ ထိုင်နေရင်ရပါပြီ။"

ဝမ်ချောင်သည် သက်ပြင်းမှုတ်ထုတ်လိုက်ပြီး လီဟန်နောက်တွင် ဝင်ထိုင်လိုက်သည်။

ကံကြမ္မာကျောက်စာ၏ သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်းသည် အလုပ်ဖြစ်မည် မဖြစ်မည်ကို သူ မသေချာပေ။ သို့သော် ဤအရာကို လုပ်မှဖြစ်မည်ကို သူ သိသည်။

ဝမ်ချောင်သည် ပဉ္စမမင်းသားလီဟန်ကို အမြဲတမ်း စေတနာကောင်းရှိခဲ့ပြီး ဤသည်က ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ကြောင့်သာ မဟုတ်ပေ။ လီဟန်တွင် အခြားမင်းသားများ၌ မရှိသော စရိုက်လက္ခဏာများစွာရှိသည်။ စာနာစိတ်၊ ကရုဏာနှင့် မဟာထန်ကို ပို၍မြင့်အောင် တွန်းပို့လိုသော ဆန္ဒရှိသည်။

နှစ်အနည်းငယ်ကြာပြီးနောက် ကပ်ဘေးကြယ်တစ်စင်းသည် အရှေ့ပိုင်းကာကွယ်ရေးအိမ်တော်တွင် ပုန်ကန်မှုတစ်ခုကို စတင်လိုက်ပြီး ကမ္ဘာတစ်ခုလုံးကို သုတ်သင်ရှင်းလင်းကာ အလယ်ပိုင်းလွင်ပြင်ဒေသသို့ ဘေးအန္တရာယ်ကျရောက်စေရန် သူ့တပ်သားများကို ယိုကျူး၊ ပင်းလုနှင့် ဖန်ယန်တို့မှ စေလွှတ်လိုက်သောအခါ လီဟန်သည် ပြည်သူများနှင့်အတူ အန္တရာယ်ကို ကျော်လွှားရန် သတ္တိရှိရန် ရွေးချယ်ခဲ့သည့် တစ်ဦးတည်းသော သူဖြစ်ကာ သူနှင့်အတူ သူတို့ကို ငြိမ်သက်စေခဲ့သည်။

ရှစ်နှစ်ကြာ စစ်ပွဲသည် အရပ်သားများအပေါ် ပြင်းထန်စွာ ဒုက္ခပေးလာသောအခါ၊ ရိက္ခာနှင့် အရင်းအမြစ်များ အလွန်အမင်း ချို့တဲ့လာသောအခါ လီဟန်သည် တော်ဝင်နန်းတော်၌ ခြွေတာမှု ဓလေ့ထုံးတမ်းကို ပထမဆုံး ဖော်ထုတ်ခဲ့သူဖြစ်ပြီး ရိက္ခာများကို ငတ်မွတ်နေသော သူများဆီသို့ ပို့ပေးခဲ့သည်။

လီဟန်လက်ထက်တွင် မဟာထန်သည် နောက်တစ်ကြိမ် ကြီးကျယ်ခမ်းနားစွာ မြင့်တက်လာရန် မျှော်လင့်ချက်ရှိခဲ့သည်။ သို့သော်လည်း သူ့ပင်ကိုယ်စရိုက်သည် သူ့အကြီးမားဆုံး အားနည်းချက်ဖြစ်ခဲ့သည်။ သူသည် အားနည်းပြီး မစွမ်းဆောင်နိုင်ခြင်း မရှိတော့သော်လည်း အရှင်သခင်တစ်ဦး ပိုင်ဆိုင်ရမည့် ဩဇာတိက္ကမနှင့်ပြည့်စုံသော ပြတ်သားမှု ကင်းမဲ့နေခဲ့သည်။

တိုင်းပြည်အရေးကိစ္စများတွင် ၎င်းမပြတ်သားမှုသည် မထင်ရှားခဲ့ပေ။ သို့သော် သူ့အနားရှိ လူများ ဝင်ပါနေ‌သည့် ကိစ္စများတွင် ၎င်းသည် သိသာခဲ့သည်။ ထိုသို့မဟုတ်ပါက လီကျင်းကျုံး သို့မဟုတ် လီဖုကော်သည် ကြီးမားသောအာဏာကို စုဆောင်းပြီး အလယ်ပိုင်းလွင်ပြင်ဒေသ၏ အဂတိလိုက်စားမှုအရှိဆုံး ၀န်ကြီးချုပ်ဖြစ်လာနိုင်မည်မဟုတ်ပေ။

နောက်ဆုံးတွင် လီဖုကော်သည် တော်ဝင်ရုံးတော်တစ်ခုလုံးကို စိုးမိုးရန် လုံလောက်သော အာဏာကို ရရှိခဲ့ပြီး လီဟန်ကို ပြယုဂ်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ရလဒ်အနေဖြင့် လီဟန်က ပြိုလဲလုဆဲတိုင်းပြည်ကို ပြန်လည်အသက်သွင်းရန် ချမှတ်ခဲ့သော ဗျူဟာများ တစ်စစီဖြစ်သွားခဲ့သည်။

သို့သော် ယခုတွင် ဝမ်ချောင်သည် လီဟန်ကို တွေ့ဆုံခဲ့ပြီး သမိုင်းကြောင်းကို သူ့ဘာသာ တစ်ပတ်လည်ခွင့်ပြုမည်မဟုတ်ပေ။ သို့သော်လည်း ဤကိစ္စသည် လီဖုကော်ကို သတ်ဖြတ်ရုံမျှဖြင့် မလွယ်ကူနေခဲ့ပေ။

ဤပြဿနာ၏ အဓိကအချက်သည် လီဟန်၏ ပင်ကိုယ်စရိုက်ဖြစ်သည်။ လီဖုကော်သေဆုံးပြီးနောက် သူနှင့် မွေးကတည်းက လိုက်ပါခဲ့သော မိန်းမစိုးများထဲမှ နောက်ထပ်မိန်းမစိုးတစ်ယောက်သည် သူ့နေရာကို ယူခဲ့ပြီး သံသရာသည် သူ့အလိုလို ပြန်လည်ပတ်ခဲ့သည်။ ထိုသည်က မဟာထန်၏ နောက်ဆုံးမျှော်လင့်ချက်မီးတောက် ငြိမ်းသွားသောအခါတွင် ဖြစ်ခဲ့သည်။

ဝမ်ချောင်သည် ဤကိစ္စကို တစ်ချိန်က စဉ်းစားခဲ့ဖူးပြီး သူဆုံးဖြတ်ခဲ့သော ဤပြဿနာ၏ အရင်းမြစ်မှာ အနာဂတ်ဧကရာဇ်မင်းမြတ်၏ သိုင်းပညာ လေ့ကျင့်နိုင်စွမ်းမရှိခြင်းကြောင့် အရာအားလုံး ဖြစ်လာခဲ့ရခြင်းပင်ဖြစ်သည်။

ခွန်အားသည် တစ်ဦးကို လုပ်ပိုင်ခွင့်အာဏာရှိစေသည်။

အကယ်၍ လီဟန်သည် ပညာရှင်ဧကရာဇ်အဆင့်ရှိ အထွတ်အထိပ် ကျွမ်းကျင်သူဖြစ်ပါက လီကျင်းကျုံးဖြစ်စေ သို့မဟုတ် အခြားမည်သူမျှ သူနှင့်အတူ ထိုသို့သော စိတ်အနှောက်အယှက်ဖြစ်စေသည့် ကစားနည်းများကို ကစားနိုင်မည်မဟုတ်ပေ။

လီဟန်သည် သူ့အနားရှိ မိန်းမစိုးများကို မထိန်းချုပ်နိုင်ခြင်းမှာ ခွန်အားမလုံလောက်ခြင်းကြောင့်ဖြစ်သည်။ အမှန်တွင် သူသည် သူ့အား ဆက်သခဲ့သော အမည်မသိ အရင်းအမြစ်မှ အရင်းခံလာသည့် အဆိုပါ အဆိပ်ရှိဆေးများကြောင့် နောက်ဆုံးတွင် အသက်ဆုံးရှုံးခဲ့ရသည်။

ဝမ်ချောင် ပြုလုပ်ရန်ရည်ရွယ်ထားသည့် အရာမှာ ဤအရာအားလုံးကို ပြောင်းလဲပစ်ရန်ဖြစ်သည်။ လီဟန်သည် သိုင်းပညာရပ်များကို လေ့ကျင့်နိုင်ခဲ့ပါက သူသည် ကြီးမားသော ခွန်အားကို ရရှိနိုင်ပေမည်။

လီဟန်သည် လုံလောက်သော ခွန်အားရရှိခဲ့ပါက သူသည် မဟာထန်၏ နောက်ထပ် ကြီးမြတ်သောအုပ်ချုပ်သူ ဖြစ်လာမည်ဖြစ်သည်။ သူသည် လက်ရှိ ပညာရှင်ဧကရာဇ်နှင့် နှိုင်းယှဉ်နိုင်မည်လားဟု မေးခွန်းထုတ်စရာဖြစ်နေသော်လည်း သူ့အောင်မြင်မှုများသည် ပညာရှင်ဧကရာဇ်နှင့် ဝေးကွာနေမည်မဟုတ်သည်မှာ သေချာပေသည်။

အမြော်အမြင်ရှိသည့် အုပ်ချုပ်သူ၏ ပံ့ပိုးမှုဖြင့် ဝမ်ချောင်သည် သူ့ပန်းတိုင်များကို ပိုမိုအကောင်အထည်ဖော်နိုင်ပြီး သူ့တာဝန်ကို ကျေပွန်နိုင်မည်ဖြစ်သည်။ ဤအတွေးများသည် ဝမ်ချောင်၏စိတ်ထဲတွင် အလျင်အမြန်ပေါ်လာခဲ့ပြီး သူသည် လျင်မြန်စွာ သတိပြန်လည်လာခဲ့သည်။

"မင်းသား ကျေးဇူးပြုပြီး မင်းရဲ့ အာရုံကို ဝမ်းဗိုက်မှာ စုစည်းထားပေးပါ။"

ဝမ်ချောင်သည် သူ့လက်ကို လီဟန်၏ ကျောပေါ်တွင် ဖိလိုက်ကာ ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ့အတွေးများသည် သူ့စိတ်ထဲရှိ ကံကြမ္မာကျောက်စာကို ဆင့်ခေါ်လိုက်သည်။

အပိုင်း ၃၁၄ သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်း

အလင်းရောင် လက်ခနဲဖြစ်သွားခြင်းနှင့်အတူ ဝမ်ချောင်၏ သိစိတ်သည် နောက်ထပ်လောကတစ်ခုသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။ တောက်ပသည့် ကျောက်စိမ်းတုံးတစ်ခုသည် ဘောင်ခတ်ထားခြင်းမရှိသည့် လဟာပြင်ထဲတွင် လွင့်မျောနေခဲ့ပြီး အချက်အလက်များသည် ရုတ်ချည်း သူ့ခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

"သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်းကို ငါ အရင်ကြည့်လိုက်ဦးမယ်"

ထိုသို့တွေးလိုက်ကာ ဝမ်ချောင်သည် ကံကြမ္မာကျောက်စာရှိ သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်းကို လျင်မြန်စွာအကဲခတ်လိုက်သည်။ သူသည် ၎င်းနှင့် စတင်ထိတွေ့ခဲ့ချိန်၌ ဤစွမ်းရည်သည် ချိတ်ပိတ်ထားခဲ့တုန်း ဖြစ်သည်။ သို့သော်လည်း သူ့တွင် ကံကြမ္မာမှတ်တစ်ရာကျော်ပိုင်ဆိုင်လာသည်နှင့်အမျှ ဤစွမ်းရည်သည်လည်း ပွင့်လာခဲ့သည်။

【သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်း(ပထမအဆင့်) သည် သိုင်းပညာရှင်တစ်ဦး၏ သွေးကို တစ်ခါတည်း သန့်စင်စေပြီး သူတို့၏ ပါရမီကို ပြောင်းလဲစေသည်။ ၎င်းသည် မွေးရာပါ သွေးချို့တဲ့မှုဝေဒနာ ခံစားနေရသူတစ်ဦးအား သိုင်းပညာ လေ့ကျင့်နိုင်စွမ်းကို ရရှိစေနိုင်သည်။ သို့သော် သူ၏အကျိုးသက်ရောက်မှုသည်လူတစ်ဦး၏အခြေအနေပေါ်တွင်မူတည်သည်။ 】

【ကံကြမ္မာမှတ်- ၃၀ မှတ်】

'ဒါက တောင်ခြင်္သေ့အရိုးထက် ငါးမှတ်ပိုကုန်တာပဲ'

ဝမ်ချောင် တွေးလိုက်သည်။

သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်းနှင့် တောင်ခြင်္သေ့အရိုးတို့သည် အကြမ်းဖျင်းအားဖြင့် သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်းက အနည်းငယ်အသာဖြင့် အရေးပါမှုတွင် တူညီသည့် အဆင့်၌ရှိကြသည်။

သို့သော်လည်း ဤစွမ်းရည်၏ အဓိကအချက်မှာ သိုင်းပညာရှင်တစ်ဦး၏သွေးကို သန့်စင်စေခြင်းတွင် မူတည်နေခြင်းမဟုတ်ဘဲ "သူတို့၏ ပါရမီကို ပြောင်းလဲစေသည်" ဟူသော မျက်စိလျှမ်းသွားစေနိုင်သည့် ဖော်ပြချက်ပေါ်တွင် မူတည်နေသည်ကို ဝမ်ချောင် သိပေသည်။

ဤငုပ်လျိုထားသော စွမ်းရည်သည် သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်းက တောင်ခြင်္သေ့အရိုးထက် ၅မှတ် ပိုဈေးကြီးနေရသည့် အကြောင်းအရင်းဖြစ်နိုင်သည်။ ထို့အပြင် ဤအကျိုးသက်ရောက်မှုသည် မည်သည့်ပြင်ပဆေးဝါးများ သို့မဟုတ် အခြားအရာများပေါ်တွင် မူတည်နေခြင်းမဟုတ်ပေ။ သူ့အကျိုးသက်ရောက်မှုများသည် သူ့ပစ်မှတ်၏ အမြုတေသို့ တိုက်ရိုက်ဦးတည်နေခြင်းဖြစ်သည်။

'ပဉ္စမမင်းသားအပေါ် သက်ရောက်မှုရှိမလားလို့ ငါသိချင်မိတယ်။'

အမှန်အတိုင်းဝန်ခံရလျှင် ဝမ်ချောင်သည် အနည်းငယ်မသေချာမှုကို ခံစားနေရသည်။

ကံကြမ္မာကျောက်စာမှ ဖော်ပြချက်တွင် ဤစွမ်းရည်သည် အကြွင်းမဲ့မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ထိုသည်က အသုံးပြုသူ၏ ဖွဲ့စည်းတည်ဆောက်ပုံအပေါ်လည်း မူတည်နေခဲ့သည်။

'ဒါက အလုပ်ဖြစ်ပါစေ လို့ ငါဆုတောင်းဖို့ပဲ တတ်နိုင်တယ်'

ထိုသို့တွေးလိုက်ကာ ဝမ်ချောင်သည် လှဲလှယ်မှုပြုလိုက်သည်။

ဘုန်းးးး

ကံကြမ္မာကျောက်စာသည် တုန်ခါသွားခဲ့ပြီး လောင်မြိုက်နေသည့် စွမ်းအင်လှိုင်းလုံးများသည် ရုတ်ချည်း ဝမ်ချောင်၏ ဦးခေါင်းမှ စီးထွက်လာခဲ့ကာ သူ့လက်မှတဆင့် ပဉ္စမမင်းသား၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။

ဝမျးးး

လီဟန်သည် အစပိုင်းတွင် အေးဆေးတည်ငြိမ်စွာထိုင်နေခဲ့သေးသည်။ သို့သော် ဤလောင်မြိုက်နေသည့် စွမ်းအင်များသည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်နှင့် သူ့မျက်နှာသည် ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ သူသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ အင်အားများကို ချက်ချင်းထုတ်လိုက်ကာ ၎င်းကို လက်ခံလိုက်သည်။

သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်းသည် ဝမ်ချောင်မျှော်လင့်ထားသည်ထက် များစွာ အားကောင်းနေခဲ့သည်။ သူ့ခန္ဓာကိုယ်သည် စွမ်းအင်စီးဆင်းရန် ကြားခံအဖြစ် အသုံးပြုရုံသာဖြစ်သော်လည်း သူ့သွေးကြောများသည် ဖောင်းကားလာပြီး သူ့အသားအရေသည် အက်ကွဲတော့မည်ကဲ့သို့ သူ ခံစားနေရပေသည်။

"အားး"

စွမ်းအင်များ ဒလဟော စီးဝင်လာခြင်းကြောင့် လီဟန်၏ ခန္ဓာကိုယ်သည် တုန်ခါနေခဲ့သည်။ စွမ်းအင်များသည် ဝမ်ချောင်၏လက်ဖဝါးမှတဆင့် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါတွင် သူ့ခန္ဓာကိုယ်ထဲ၌ မီးတောက်တစ်ခု လောင်ကျွမ်းသွားပုံရသည်။

စွမ်းအင်လှိုင်းလုံးဖြတ်သန်းသွားသည့် သူ့ခန္ဓာကိုယ်၏ မည်သည့်နေရာမဆို ထိုနေရာရှိ သွေးများသည် ဆူပွက်လာပြီး အငွေ့ပျံသွားပုံရသည်။ ဤခံစားချက်က သူ့ခန္ဓာကိုယ်အတွင်း၌ အပ်ရာပေါင်းများစွာနှင့် အထိုးခံနေရသကဲ့သို့ပင်။

သူသည် သူ့အခြေအနေအတွက် အလွန်နာကျင်သည့် ကုသမှုပေါင်းစုံကို ကြုံတွေ့ခဲ့ရဖူးသော်လည်း သူတို့တစ်ခုမှ ဤအရာကို ယှဉ်နိုင်ခြင်းမရှိပေ။ တစ်ယောက်ယောက်သည် သူ့အသားစများကို တစ်စချင်း ဆွဲဖြဲနေကဲ့သို့ပင်။ ချွေးများသည် လီဟန်၏ နဖူးပေါ်တွင် စုဖွဲ့လာခဲ့ကြပြီး နောက်ဆုံးတွင် စီးကျကုန်ကြသည်။

ကံကြမ္မာကျောက်စာမှ စွမ်းအင်သည် ဝမ်ချောင်မှတဆင့် လီဟန်ဆီသို့ တဟုန်ထိုးစီးဝင်နေကြသည်။

ဝမျးးး

တစ်ခဏကြာပြီးနောက် နောက်ဆုံးလက်ကျန်စွမ်းအင်သည် လီဟန်ကိုယ်ထဲသို့ ဝင်ရောက်ပြီးသောအခါ ဝမ်ချောင်၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ပြေလျော့သွားခဲ့ပြီး သူ မတ်တပ်ရပ်လိုက်သည်။

'အခု သူ့အပေါ်ပဲမူတည်သွားပြီ'

ဝမ်ချောင်သည် လီဟန်ကို ကြည့်နေခဲ့ကာ တွေးလိုက်သည်။ သူ့တာဝန်သည် ပြီးသွားခဲ့ပြီဖြစ်သည်။ သို့သော် လီဟန်သည် အခုမှစတင်ခြင်းဖြစ်သည်။ လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်း သွေးကို ပြောင်းလဲရန်မှာ အချိန်တိုအတွင်းပြီးမြောက်နိုင်သော လုပ်ဆောင်မှုမဟုတ်ပေ။ ပြောစရာမလိုအောင်ပင် ၎င်းသည် သူ့ပါရမီကိုလည်း ပြောင်းလဲရဦးမည်။

အကြမ်းဖျင်းခန့်မှန်းမှုအရ ပြန်လည်ပြုပြင်ပြောင်းလဲခြင်း မပြီးမြောက်မီ အနည်းဆုံးတစ်နာရီကြာလောက်သည်။ ဝမ်ချောင်သည် စိုးရိမ်စွာဖြင့် လီဟန်အနားတွင် မတ်တပ်ရပ်၍ စောင့်ကြပ်ပေးနေခဲ့သည်။ ဤသည်က မင်းသားတစ်ဦး၏ ကိုယ်ရေးကိုယ်တာကိစ္စသာမဟုတ်ပေ။ မဟာထန်၏ အန္တိမကံကြမ္မာအပေါ်သက်ရောက်နိုင်သော ကိစ္စဖြစ်သည်။

ကျန့်မုနျန်ကိုင်တွယ်နေသော သုံးမျိုးစပ်ဆန်စပါးမှလွဲ၍ ၎င်းသည် ဝမ်ချောင် အလေးအထားဆုံးကိစ္စဖြစ်နိုင်သည်။

သူသည် အနာဂတ်ဧကရာဇ်ကို ပြန်လည်ပုံသွင်းနေခြင်းဖြစ်သည်။ သူသည် သူ့ကို သူ့အားနည်းချက်များမှ လွတ်မြောက်ပြီး သူ့အား ခွန်အားနှင့် ပြတ်သားမှုတို့ ပေးအပ်ကာ အရာအားလုံးကို သူ့လက်ထဲတွင် ဆုပ်ကိုင်နိုင်သည့် မဟာထန်ကို မှန်ကန်သောလမ်းကြောင်းပေါ်ရောက်အောင် ပို့ဆောင်နိုင်သည့် အမြော်အမြင်ရှိအုပ်စိုးသူတစ်ဦးအဖြစ် ပြောင်းလဲသွားစေမည်ဖြစ်သည်။

အရိုးသားဆုံးဆိုရလျှင် ဤသည်က အတိတ်တွင် ဝမ်ချောင် စိတ်ကူးမယဉ်ရဲခဲ့သည့်အရာဖြစ်သည်။

ကံကြမ္မာယန္တရားသည် ဤမယုံ‌နိုင်စရာကောင်းသော အခွင့်အရေးကို ဝမ်ချောင်ဆီသို့ ယူလာပေးခဲ့သည်။ လီဟန်ပင်လျှင် ဝမ်ချောင် လုပ်ရပ်များ၏ နောက်ကွယ်ရှိ အကြောင်းရင်းကို လုံးဝတွေးဆနိုင်ခဲ့မည်မဟုတ်ပေ။

အချိန်များသည် တဖြည်းဖြည်းချင်း တိုးလာခဲ့သည်။ လီဟန်၏ သွားများသည် တင်းတင်းကျပ်ကျပ်ကြိတ်နေခဲ့ကြကာ သူ့ခန္ဓာကိုယ်သည် ပို၍ တုန်ရီလာခဲ့ပြီး သူ့အဝတ်အစားများသည် လုံးဝစိုရွှဲသွားခဲ့သည်။ သူ့မျက်နှာမှတဆင့် ပြသနေသော ဧရာမနာကျင်မှုသည် သူရှေ့ရှိ သတ္တိရှိသော ဝိညာဉ်တစ်ကောင်ကိုပင် ကြောက်ရွံ့ထိတ်လန့်သွားအောင် ပြုလုပ်ရန် လုံလောက်နေခဲ့ပြီဖြစ်ပြီး နာကျင်မှုသည် တိုးလာနေဆဲဖြစ်သည်။

ရှပ်ရှပ်

ပျာယာခတ်ပြီး စိတ်ပူနေသော ခြေသံများ အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် လီကျင်းကျုံးဆီမှဖြစ်သည်။

အနာဂတ်အကျင့်ပျက်ဝန်ကြီးချုပ်သည်လည်း ဤလက်ရှိအခြေအနေကြောင့် ပြစ်ဒဏ်ခံနေရပေသည်။ ကုသခြင်းနည်းလမ်းအသစ်ရှာဖွေတွေ့ရှိသည့်အခါတိုင်း လီကျင်းကျုံး၏ နှလုံးသားသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလိမ့်မည်ဖြစ်သည်။

အာဏာအတွက် သူ့အိပ်မက်နှင့် ရည်မှန်းချက်များသည် လက်တစ်ကမ်းအကွာတွင်သာ...

လီကျင်းကျုံးသည် အနာဂတ်တွင် ဘာဖြစ်လာပါစေ အနည်းဆုံး ဤအခိုက်အတန့်တွင် သူ့ဂရုစိုက်မှုနှင့် စိုးရိမ်မှုအားလုံးကို လီဟန်ဆီသို့ ဦးတည်ထားခဲ့သည်။

"ဝမ်သခင်လေး အခြေအနေဘယ်လိုလဲ"

လီကျင်းကျုံးသည် တံခါးနားတွင် ရပ်လိုက်ပြီး သူ၏ စိုးရိမ်နေသော မျက်စိတစ်စုံသည် တံခါးအဟကြားမှနေ၍ ပေါ်လာခဲ့သည်။

"ဟမ် မင်းကို အပြင်ဘက်မှာ စိတ်ရှည်ရှည်စောင့်ဖို့ ငါမပြောခဲ့ဘူးလား"

ဝမ်ချောင် အေးစက်စွာ ပြန်ဖြေလိုက်သည်။

လီကျင်းကျုံးသည် ကိုးရိုကားယားဖြင့် နောက်ဆုတ်လိုက်ပြီး စင်္ကြံပေါ်တွင် နောက်တစ်ကြိမ် စိုးရိမ်တကြီးခေါက်တုံ့ခေါက်ပြန်လျှောက်လိုက်သည်။ ဤသည်မှာ သူတို့တွေ့ဆုံသည့် ပထမဆုံးအကြိမ်ဖြစ်သော်လည်း လီကျင်းကျုံသည် ဝမ်ကလန်၏ ဤမျိုးဆက်ကို အနည်းငယ်ကြောက်ရွံ့ပေသည်။

အခန်းတစ်ခုလုံးသည် တိတ်ဆိတ်နေခဲ့သည်။

အချိန်တစ်ခုကြာပြီးနောက် လီဟန်၏ တုန်ခါမှုသည် ငြိမ်သက်လာပြီကို ဝမ်ချောင် သတိပြုလိုက်မိသည်။

'ကံကြမ္မာကျောက်စာရဲ့ သက်ရောက်မှုတွေက တဖြည်းဖြည်း လျော့ပါးလာပြီ'

ဝမ်ချောင် မှတ်ချက်ပြုလိုက်သည်။ ဤသည်က လီဟန်၏ ပြန်လည်ပြုပြင်ပြောင်းလဲခြင်းသည် အဆုံးသတ်သို့ ရောက်လာပြီ ဟုလည်း ဆိုလိုပေသည်။

ဟူးးး

ခုနှစ်မိနစ် ရှစ်မိနစ်ခန့်ကြာပြီးနောက် လီဟန်သည် ရုတ်တရက်မျက်လုံးဖွင့်လိုက်ကာ သက်ပြင်းရှည်ကြီးချလိုက်သည်။

"အခြေအနေဘယ်လိုလဲ"

အခန်းတံခါးသည် ရုတ်တရက်ပွင့်သွားခဲ့ပြီး လီကျင်းကျုံးသည် ပထမဆုံး သတိပြုမိသော အချိန်၌ပင် လီဟန်ဆီသို့ ပြေးဝင်လာခဲ့သည်။ ကြည့်ရသည်မှာ သူသည် အခန်းတံခါးမှနေ၍ အခန်းထဲရှိအခြေအနေကို တလျှောက်လုံး စောင့်ကြည့်နေခဲ့ပုံရသည်။

ရလဒ်အနေဖြင့် ဝမ်ချောင်သည် လီကျင်းကျုံးကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းသား မင်းဘယ်လိုခံစားနေရလဲ"

ဝမ်ချောင် စိုးရိမ်စွာဖြင့် မေးလိုက်သည်။ ယခုအချိန်၌ သူခံစားနေရသည့် စိတ်လှုပ်ရှားမှုသည် လီကျင်းကျုံးထက် မလျော့ပေ။ ဆိုရလျှင် ထိုမိန်းမစိုးထက်ပင် သာနေသေးသည်။ ထိုခဏမှာပင် အခန်းသည် အပ်တစ်ချောင်းပြုတ်ကျလျှင်ပင် ကြားရနိုင်သည်အထိ တိတ်ဆိတ်သွားခဲ့သည်။

သူတို့နှစ်ယောက်စလုံးသည် လီဟန်ကို စေ့စေ့ကြည့်ကာ သူ့အဖြေကို စောင့်နေခဲ့ကြသည်။

ချက်ချင်းပြန်ဖြေရမည့်အစား လီဟန်သည် မျက်လုံးကိုမှိတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ရှိ အခြေအနေကို ခံစားကြည့်လိုက်သည်။

"ဒါက... ဘာမှမပြောင်းလဲသွားသလို ခံစားရတယ်။"

လီဟန်သည် သံသယများဖြင့် သူ့မျက်လုံးကို ဖွင့်လိုက်သည်။

"ဘယ်လို"

လီကျင်းကျူံးသည် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်စိတ်ပျက်သွားခဲ့သည်။

"ဒါကလည်း အလုပ်မဖြစ်ဘူးလား"

ကုသမှုတိုင်းတွင် သူ့မျှော်လင့်ချက်များသည် မြင့်တက်လာမည်ဖြစ်ပြီး ကျရှုံးမှုတိုင်းတွင် ပူဖောင်းတစ်လုံးကဲ့သို့ ပေါက်ကွဲသွားခဲ့မည်ဖြစ်သည်။ ဤအခိုက်အတန့်တွင် လီကျင်းကျုံးသည် လီဟန်ထက်ပင် ပို၍စိတ်မချမ်းမသာဖြစ်နေသည့်ပုံပေါ်သည်။

ဝမ်ချောင်သည် ဘာမှမပြောခဲ့ပေ။ သို့သော် သူ့မျက်လုံးထဲရှိ စိတ်ပျက်မှုများက သူ့ခံစားချက်ကို များစွာ ဖော်ပြနေပေသည်။ သူသည် ကံကြမ္မာမှတ် သုံးဆယ်ကို သုံးစွဲခဲ့ရပြီး ထိုသည်က နည်းသည့် ပမာဏမဟုတ်ပေ။ ဤအရာသည် သူအလွန်အလေးထားသော ကိစ္စတစ်ခုဖြစ်ပြီး ဤကိစ္စ၏ ကြီးမားသော အရေးပါမှုကိုလည်း သူနားလည်ထားခဲ့သည်။

'သွေးပြန်လည်ပြုပြင်ပြောင်းလဲခြင်းကလည်း အသုံးမဝင်ဘူးလား'

ဝမ်ချောင်သည် ကူကယ်ရာမဲ့စွာ စိတ်ပျက်သလို ခံစားလိုက်ရသည်။

ကျရှုံးနိုင်သည့် ဖြစ်နိုင်ချေရှိသည်ကို သူ နားလည်ထားခဲ့သော်လည်း တစ်နည်းနည်းဖြင့် အလုပ်လုပ်လိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သေးသည်။

【မင်းသားများကြားတိုက်ပွဲတွင် ပါဝင်ခြင်းနှင့် ပဉ္စမမြောက်မင်းသားလီဟန်၏ ကံကြမ္မာကို ပြောင်းလဲစေခြင်းဖြင့် အစစ်အမှန်နဂါးကို ပြီးပြည့်စုံစေခြင်းအတွက် အသုံးပြုသူကို ဂုဏ်ယူပါသည်။ ဆုလာဘ်- ကံကြမ္မာမှတ် ၄၅ မှတ် 】

ဝမျးးး

ဝမ်ချောင်သည် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေစဉ်မှာပင် စက်ယန္တရားသံတစ်ခုသည် သူ့ခေါင်းထဲတွင် ပေါ်ထွက်လာခဲ့သည်။ ထိုအသံကို နားထောင်ကာ ဝမ်ချောင်သည် ဝမ်းသာလုံးဆို့သွားခဲ့ပြီး သူ၏ မည်းမှောင်နေသော အကြည့်သည့် ရုတ်တရက် ဝင်းလက်တောက်ပသွားခဲ့သည်။

ဝမ်ချောင်သည် ရုတ်တရက် လီဟန်၏ လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး စိတ်လှုပ်တရှားပြောလိုက်သည်။

"မင်းသား နောက်တစ်ခေါက်စမ်းကြည့်ပါဦး"

"ဘာမှားလို့လဲ"

လီဟန်နှင့် လီကျင်းကျုံးတို့သည် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်ကြသည်။

လီဟန်သည် အရှုံးနှင့် အသားကျနေခဲ့ပြီဖြစ်ပြီး လီကျင်းကျုံးသည်လည်း အမှန်တရားကို လက်သင့်ခံခဲ့ပြီဖြစ်သည်။ တစ်ဖက်တွင်မူ ဝမ်ချောင်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေခဲ့ပြီး သူ့မျက်နှာထက်ရှိ ပျော်ရွှင်မှုသည် သာမန်မဟုတ်သည်မှာ ထင်ရှားသည်။

"နောက်ထပ်စမ်းကြည့်ပါဦး မင်းသား"

ဝမ်ချောင် တိုက်တွန်းလိုက်သည်။

သူသည် ကံကြမ္မာကျောက်စာ၏ လုပ်နိုင်စွမ်းများနှင့် အလွန်တရာမှ ရင်းနှီးပေသည်။ အကယ်၍ လီဟန်သည် အမှန်တကယ်ကျရှုံးခဲ့ပါက ကံကြမ္မာကျောက်စာသည် သူ့ဆီသို့ ဂုဏ်ပြုသည့် သတင်းစကား ပို့လာရန် မဖြစ်နိုင်ပေ။

သူသည် ဆုချီးမြှင့်ခံခဲ့ရသောကြောင့် သူ့လုပ်ဆောင်မှုများသည် တစ်နည်းနည်းဖြင့် တစ်စုံတစ်ရာ ပြောင်းလဲသွားခဲ့ခြင်းဖြစ်ရပေမည်။ ဝမ်ချောင်သည် ပြောင်းလဲသွားသည့်အရာအတိအကျကို မသေချာရုံပင်။ တခဏကြာပြီးနောက် လီဟန်သည် သံသယဖြင့် သူ့မျက်လုံးကို နောက်တကြိမ်ပြန်ဖွင့်လိုက်သည်။

"ဟင့်အင်း ဘာမှမပြောင်းလဲဘူး။ ဝမ်သခင်လေး ဘာမှားလို့လဲ။"

ဝမ်ချောင်သည် လီဟန်ကို ခေါင်းမှ ခြေဖျားအထိ တိတ်ဆိတ်စွာ စစ်ဆေးလိုက်သည်။ တစ်ခုခု ပြောင်းလဲသွားခဲ့ရခြင်းဖြစ်မည်ကို သူသိသည်။ လောလောဆယ်တွင် ၎င်းသည် သူ့ကို တစ်နည်းနည်းဖြင့် ရှောင်တိမ်းနေရုံပင်။

ဝမ်ချောင်သည် ရုတ်တရက် လီဟန်၏ မျက်နှာကို စိုက်ကြည့်လိုက်ပြီး အာမေဋိတ်သံပြုလိုက်သည်။

"နေဦး တစ်ခုခုပြောင်းလဲသွားခဲ့တယ်။ မင်းသား ခင်ဗျားရဲ့မျက်နှာ"

လီဟန်၏ သဘာဝမကျသည့် ဖြူဖတ်ဖြူရော်မျက်နှာပေါ်တွင် အနီယောင်သန်းနေခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် သာမန်လူတစ်ယောက်နှင့် အများကြီး ကွဲပြားနေပုံမပေါ်တော့ပေ။

"မင်း မှန်တယ်"

ပျော်ရွှင်ဝမ်းမြောက်နေသည့် အသံသည် ပေါ်ထွက်လာခဲ့သည်။ ဝမ်ချောင်၏ သတိပေးမှုအောက်တွင် လီကျင်းကျုံးသည်လည်း ပြောင်းလဲမှုကို သတိပြုမိလိုက်သည်။ လီဟန်နှင့်အတူ နှစ်များစွာ နေခဲ့ရသောကြောင့် သူသည် မင်းသား၏ အခြေအနေကို ကောင်းကောင်းကြီး နားလည်ထားပေသည်။

လီဟန်၏ အသားအရေသည် ယခင်ကထက် အများကြီး ကောင်းလာပုံရသည်။

ဖြတ်လတ်တက်ကြွမှုသည် ကိုယ်တွင်းမှ အရင်းခံလာခြင်းဖြစ်၍ လီဟန်၏ ကိုယ်တွင်းတွင် တစ်ခုခု ပြောင်းလဲသွားခဲ့ခြင်းဖြစ်ရပေမည်။

“အရှင်မင်းသား နောက်တစ်ကြိမ် ခံစားကြည့်ပါဦး။ တစ်ခုခုတော့ ပြောင်းလဲသွားခဲ့ရမယ်”

လီကျင်းကျုံးသည် လီဟန်ကို မျှော်လင့်ချက်ဖြင့် စိုက်ကြည့်လျက် တိုက်တွန်းလိုက်သည်။

ကြေးနီမှန်တစ်ချပ်ကို လီဟန်ရှေ့သို့ လျင်မြန်စွာ ယူဆောင်လာခဲ့ပြီး သူသည်လည်း အပြောင်းအလဲများကို သတိပြုမိလိုက်သည်။ သို့သော်လည်း ပဟေဋိဖြစ်စရာကောင်းသည်မှာ သူသည် မည်သည့်အရာကိုမျှ အမှန်တကယ်ပင် အာရုံမခံစားနိုင်ခဲ့ခြင်းဖြစ်သည်။

'ငါသ‌ဘောပေါက်ပြီ'

ရုတ်တရက် အတွေးတစ်ခုသည် ဝမ်ချောင် စိတ်ထဲပေါ်လာခဲ့ပြီး သူသည် ဘာတွေဖြစ်ပျက်နေသည်ကို နားလည်လိုက်သည်။

အပိုင်း ၃၁၅ လီဟန်၏ ပြောင်းလဲမှုများ

"အရှင်မင်းသား အတိတ်မှာတုန်းက တစ်ခါမှ သိုင်းပညာမလေ့ကျင့်ခဲ့လို့ မင်းရဲ့ အခြေခံအုတ်မြစ်က အရမ်းအားနည်းတယ်။ မင်းရဲ့ သွေးချို့တဲ့ခြင်းက ဖြေရှင်းခဲ့ပြီးပေမယ့် မင်းရဲ့အခြေအနေက ချက်ချင်းကြီး ပြောင်းလဲသွားမှာမဟုတ်ဘူး။"

ဝမ်ချောင်သည် နောက်ဆုံးတွင် ဤထူးခြားမှုနောက်ကွယ်ရှိ အကြောင်းပြချက်ကို နားလည်သွားခဲ့သည်။

သွေးပြုပြင်ပြောင်းလဲခြင်းသည် လူတစ်ဦး၏ သွေးမျိုးဆက်နှင့် ပါရမီကို ပြောင်းလဲနိုင်သည်။ သို့သော် ၎င်းသည် လူတစ်ဦးကို ရုတ်ချည်းတိုးတက်သန်မာသွားအောင် မလုပ်နိုင်ပေ။

တစ်နည်းအားဖြင့် အကယ်၍ လီဟန်သည် ယခင်က အားနည်းနေခဲ့ပါက ယခုလည်း အားနည်းနေပေဦးမည်ဖြစ်သည်။ ပင်ကိုယ်အားဖြင့် သူသည် မည်သည့်အတွင်းပိုင်းပြောင်းလဲမှုများကိုမှ ခံစားနိုင်လိမ့်မည်မဟုတ်ပေ။

ကံကြမ္မာကျောက်စာသည် ဘာမျှမရှိခြင်းမှ ထိပ်တန်းကျွမ်းကျင်သူကို ဖန်တီးနိုင်စွမ်းမရှိပေ။

ဝမ်ချောင်၏ သတိပေးမှုအောက်တွင် ထိုနှစ်ယောက်သည်လည်း ဘာတွေဖြစ်ပျက်နေသည်ကို နားလည်သွားခဲ့သည်။ ထိုခဏမှာပင် မျှော်လင့်ချက်ရောင်ခြည်သည် လီဟန်နှင့် လီကျင်းကျုံးတို့၏ နှလုံးသားထဲတွင် ပေါ်ထွက်လာခဲ့သည်။

"အဲဒါအတွက် မလိုပါဘူး ကျွန်တော် အလုပ်ဖြစ်နိုင်တဲ့ ကျင့်ကြံခြင်းနည်းစနစ်တစ်ခုကို သိထားတယ်။"

လီဟန် ရုတ်တရက်ပြောလိုက်သည်။ ဤအခိုက်အတန့်တွင် သူသည် ဝမ်ချောင်ထက် ပို၍ပင် စိတ်လှုပ်ရှားနေခဲ့သည်။ အချိန်အတော်ကြာအောင် သူသည် သူ၏ အားနည်းသော ဖွဲ့စည်းပုံကို ပြောင်းလဲရန် အပြင်းအထန် မျှော်လင့်နေခဲ့သည်။

သူသည် တည်ငြိမ်အေးဆေးစွာနေနိုင်ခဲ့ခြင်းမှာ ဂရုမစိုက်၍ မဟုတ်ပေ။ သို့သော် သူကြုံတွေ့ခဲ့ရသည့် မရေမတွက်နိုင်သော စိတ်ပျက်မှုများက သူ့ကို ထုံထိုင်းသွားစေခဲ့သည်။ အကယ်၍ ဖြစ်နိုင်လျှင် သူသည် ကြီးမားသည့် ခွန်အားကို ပိုင်ဆိုင်ချင်ပေသေးသည်။

ခြေလက်အင်္ဂါချို့တဲ့သူများသည် လမ်းလျှောက်လိုစိတ် အပြင်းထန်ဆုံး ပိုင်ဆိုင်ထားကြပြီး မျက်မမြင်များသည် အလင်းရောင်ကို မြင်တွေ့လိုစိတ် အပြင်းထန်ဆုံး ပိုင်ဆိုင်ထားကြသည်။

၎င်းသည် အသားအရောင် တိုးတက်လာခြင်းသာ ဖြစ်သော်လည်း ဤသည်က လီဟန်ဘဝတစ်လျှောက်လုံးတွင် ဖြစ်ပွားခဲ့သည့် အကောင်းဆုံးသောအရာဖြစ်သည်။

သိုင်းပညာရပ်များအနေဖြင့် ထိုသည်က ဒုတိယပူပန်မည့်အရာဖြစ်သည်။ တော်ဝင်နန်းတော်သည် သိုင်းပညာရပ်စာအုပ်များ သို့မဟုတ် အရင်းအမြစ်များ လုံးဝပြတ်လပ်မနေခဲ့ပေ။

ထို့အပြင် သူ့အရိုးထဲတွင် နက်ရှိုင်းစွာရေးထိုးထားသော သိုင်းပညာရပ်တစ်ခုရှိသည်။

ဘန်းးး

ဝမ်ချောင်နှင့် လီကျင်းကျုံးတို့၏ မျက်စိရှေ့၌ပင် လီဟန်သည် ရုတ်တရက် ထိုးလိုက်သည်။ သူ့လက်သီးချက်သည် အလွန်တရာမှ ပြေပြစ်ကျော့ရှင်းကာ အင်အားနှင့် စိတ်‌ဝိဉာဉ်နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသည်။ ထိုလက်သီးချက်သည် မကျွမ်းကျင်သေးသည့် လက်သီးချက်အစား မရေမတွက်နိုင်အောင် ထပ်ခါတလဲလဲ‌ယဉ်ပါးနေခဲ့သည့် လက်သီးချက်ဖြစ်ပုံပေါ်သည်။

"မဆိုးဘူး"

အံ့အားသင့်နေသည့် အရိပ်အယောင်သည် ဝမ်ချောင်၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ လက်ရှိသူ့ကျင့်ကြံခြင်းနှင့် မြင်နိုင်မှုနှင့်ပင် သူသည် လီဟန်၏ လက်သီးချက်ထဲတွင် မည်သည့်အားနည်းချက်ကိုမျှ မတွေ့နိုင်ခဲ့ပေ။

ဘန်းးး

ထိုလက်သီးချက်ပြီးနောက် လီဟန်သည် ရှေ့သို့ လှမ်းလိုက်သည်။

ဘန်းးး

သူ့ခြေလှမ်းသည် မယုံနိုင်စရာကောင်းလောက်အောင် ပြင်းထန်ကာ ဝိုးတဝါးဖြင့် နဂါးတစ်ကောင်၏ ပုံရိပ်သည် သူ့နောက်တွင် ပေါ်လာခဲ့သည်။

ဤနဂါးသည် အလွန်တရာမှ သေးငယ်ကာ လက်မောင်းတစ်ဖက်အရွယ်အစားမျှသာရှိသည်။ အကယ်၍ လူတစ်ဦးသည် သေချာအနီးကပ်မကြည့်မိပါက ၎င်းသည် မြွေတစ်ကောင်သာဖြစ်သည်ဟု ထင်မိပေလိမ့်မည်။ သို့သော်လည်း ဝမ်ချောင်သည် ထိုနဂါး၏ ခြေထောက်များကို မြင်လိုက်ရသောအခါ သူသည် ရုတ်တရက် အေးခဲသွားခဲ့သည်။

"ခြေသည်းငါးချောင်း"

ဝမ်ချောင်သည် လီဟန်ကို နောက်တစ်ကြိမ်စစ်ဆေးရန် သူ့ခေါင်းကို မော့လိုက်သည်။ ဤတစ်ကြိမ်တွင် လုံးဝကွဲပြားသည့် ခံစားချက်ဖြင့် ဖြစ်သည်။

"ကြည့်ရတာ ပညာရှင်ဧကရာဇ်က ပြင်ဆင်မှုတွေ လုပ်ထားပြီးပုံပဲ။"

'ခြေသည်းလေးချောင်းသည် မြွေနဂါးကို ကိုယ်စားပြုကာ ခြေသည်းငါးချောင်းသည် နဂါးအစစ်ကို ကိုယ်စားပြုပြီး ခြေသည်းခြောက်ချောင်းသည် ပြီးပြည့်စုံသည့်နဂါးကို ကိုယ်စားပြုသည်' ဟူသော ဆိုရိုးတစ်ခုရှိသည်။ ခြေသည်းများ ပိုများလေ မြင့်မြတ်သော နဂါးကြီးဖြစ်လေ မဟုတ်ပေ။

လီဟန်နောက်ရှိ နဂါးသည် ပထမအကြည့်တစ်ချက်တွင် မသိသာပေ။ အကယ်၍ ဝမ်ချောင်သည် အနီးကပ်အာရုံစိုက်မကြည့်မိပါက သူသည် ထိုမြင်ကွင်းကို လျစ်လျူရှုမိလိုက်နိုင်သည်။

တော်ဝင်နန်းတော်အတွင်း၌ပင် နဂါးအစစ်သင်္ကေတဖြင့် နည်းစနစ်တစ်ခုကို လွယ်လွယ်နှင့် လက်ဆင့်ကမ်းလိမ့်မည်မဟုတ်ပေ။ ဘာတွေဖြစ်နေသည်နည်း။ ဝမ်ချောင် အလွန်အံ့အားသင့်သွားခဲ့သည်။

မဟာထန်တစ်ခုလုံးတွင် ထိုသို့သောနည်းစနစ်ကို လီဟန်အား သင်ကြားပေးဝံ့သူတစ်ဦးသာရှိသည်။ သို့သော်လည်း လီဟန်သည် သိုင်းပညာကို လေ့ကျင့်နိုင်စွမ်းမရှိသည်ကို ထိုလူက ရှင်းရှင်းလင်းလင်းသိပြီး သူသည် အုပ်ချုပ်သူတစ်ဦးပိုင်ဆိုင်ထားသင့်သော ရည်မှန်းချက်များနှင့် ပန်းတိုင်များလည်း ကင်းမဲ့နေခဲ့သည်။ ထိုကြောင့် ထိုပုဂ္ဂိုလ်သည် ထိုသို့ ပြုလုပ်ရန် ဘာကြောင့် ရွေးချယ်ခဲ့သေးသည်နည်း။

'ဒီကိစ္စထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တချို့ရှိနေတာလား'

ဝမ်ချောင်သည် တိတ်တဆိတ်ဖြင့် တီးတိုးရေရွတ်လိုက်သည်။

သို့သော်လည်း ဝမ်ချောင်သည် ဤမေးခွန်းကို စဉ်းစားရန် အချိန်အများကြီးရှိမနေခဲ့ပေ။ ဤသည်က လက်ရှိတွင် လီဟန်၌ မယုံနိုင်စရာကောင်းသည့် ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသွားခဲ့သောကြောင့် ဖြစ်သည်။

ဘန်း ဘန်း ဘန်း

အရိုးများ တဂျွတ်ဂျွတ်မြည်သံသည် လီဟန်၏ ခန္ဓာကိုယ်မှ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး အားကောင်းသည့် လေပြင်းသည် သူ့ဝန်းကျင်တွင် စတင်၍စုစည်းလာခဲ့ကာ ပြင်းထန်လာခဲ့သည်။

"မူလစွမ်းအင် အဆင့် ၄"

ဝမ်ချောင်သည် အလွန်အံ့ဩသွားခဲ့သည်။ တစ်ခဏအတွင်းမှာပင် လီဟန်၏ ခန္ဓာကိုယ်သည် မူလစွမ်းအင် အဆင့် ၁ မှ မူလစွမ်းအင် အဆင့် ၄ သို့ ပြောင်းလဲတိုးတက်သွားခဲ့သည်။

ပြင်းထန်သော စွမ်းအင်များကို အရိုးများအတွင်းသို့ သွင်းပေးခြင်းဖြင့်သာ ထိုကဲ့သို့ ကျယ်လောင်သော အက်ကွဲသံများကို ကြားနိုင်မည်ဖြစ်သည်။ သို့သော်လည်း လီဟန်၏ပြောင်းလဲမှုသည် ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။

ဝမ်ချောင်သည် လီဟန်၏ ခန္ဓာကိုယ်တွင် လေးလံသော အရာတစ်ခုသည် ပေါက်ကွဲလုနီးနီးအား ကောင်းသော မီးတောင်တစ်ခုကဲ့သို့ တဖြည်းဖြည်း ပွက်ပွက်ဆူလာနေသည်ကို ခံစားနိုင်သည်။

"ဆေးလုံးတွေဆီက ဆေးစွမ်းအင်တွေ"

ဘာတွေဖြစ်ပျက်နေသည်ကို ဝမ်ချောင် ရုတ်တရက်နားလည်လိုက်သည်။ ကုသမှုနှစ်များတစ်လျှောက် ဆေးဖက်ဝင်အပင်များ၊ ဆန်းကြယ်သောပစ္စည်းများနှင့် ကျွမ်းကျင်ပညာရှင်များ၏ အတွင်းစွမ်းအင်များအားလုံးတို့သည် လီဟန်၏ခန္ဓာကိုယ်အတွင်း၌ ကျန်ရစ်နေခဲ့ကြသည်။

သို့သော်လည်း သူ၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကြောင့် သူသည် ဤစွမ်းအင်များကို ထုတ်လွှတ်နိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် သူတို့သည် တဖြည်းဖြည်းချင်း သူ့ခန္ဓာကိုယ်၏ ဆဲလ်တိုင်းတွင် စုစည်းလာခဲ့ကြသည်။

သို့သော်လည်း ဤသည်က ကောင်းသည့် သတင်းမဟုတ်ခဲ့ပေ။ ဤစွမ်းအင်များ စုစည်းလာခြင်းသည် လီဟန်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပြီး သူ့အခြေအနေကို ပိုမိုဆိုးရွားလာစေခဲ့သည်။

၎င်းသည် သာမန်လူတစ်ဦး၏ ပုခုံးပေါ်တွင် တောင်တစ်လုံးထမ်းထားရသည်နှင့် မခြားနားပေ။

ထိုအားကြီးသော စွမ်းအင်များ၏ အဆက်မပြတ် ဖိအားအောက်တွင် သူ့မျက်နှာသည် ဖြူဖျော့လာခဲ့သည်။

သို့သော် သူ၏မွေးရာပါပြဿနာကို ဖြေရှင်းပြီးနောက် ကြီးမားသောဝန်ထုပ်ဝန်ပိုးသည် သူ၏ချမ်းသာကြွယ်ဝမှုနှင့် ရတနာများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။

ဤသုံးသပ်ချက်ကို ပြုလုပ်ပြီးသည်နှင့် ဝမ်ချောင်သည် နောက် ဘာဆက်ဖြစ်လာမည်ကို စိတ်ကူးကြည့်နိုင်ပြီဖြစ်သည်။

ဟောင်းလောင်လောင်

လီဟန်၏ ခန္ဓာကိုယ်တစ်ဝိုက် လေပြင်းများစုဝေးလာခြင်းသည် ပိုမိုအားကောင်းလာပြီး အခန်းတွင်းရှိ စားပွဲများနှင့် ကုလားထိုင်များကိုပင် ကြမ်းပြင်ပေါ်မှ လွင့်စင်သွားစေခဲ့သည်။

ဘုန်းးး

ပေါက်ကွဲသံနှင့်အတူ သူတို့သည် အတူတကွကြေမွသွားခဲ့ကြကာ သေးငယ်သည့် အပိုင်းအစများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။

တစ်ချိန်တည်းတွင် လီဟန်၏ ကျင့်ကြံမှုသည် မူလစွမ်းအင်အဆင့် ၅၊ အဆင့် ၆ ကိုဖြတ်ကျော်ကာ နောက်ဆုံးတွင် အဆင့် ၇ တွင် တည်ငြိမ်သွားခဲ့သည်။

သို့တိုင်အောင် ထိုစွမ်းအင်များ၏ သက်ရောက်မှုအောက်တွင် သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားသည် ဝမ်ချောင်ကဲ့သို့သော မူလစွမ်းအင်အဆင့် ၉ သိုင်းပညာရှင်နှင့် နှိုင်းယှဉ်နိုင်သည်။

ပညာရှင်ဧကရာဇ်၏သားတော် တော်ဝင်မိသားစုဝင်တစ်ဦးအနေဖြင့် သူရရှိသော အရင်းအမြစ်များသည် အခြားသူများအတွက် စိတ်ကူးမယဉ်နိုင်ပေ။

"ဟားဟားဟား ဒါက သိုင်းပညာရပ်တွေပေါ့။ ငါ သိုင်းပညာရပ်တွေကို လေ့ကျင့်နိုင်ပြီ။ နောက်ဆုံးတော့ ငါ သိုင်းပညာရပ်တွေကို လေ့ကျင့်နိုင်သွားပြီ..."

စိတ်လှုပ်တရှားပျော်ရွှင်နေသော အသံတစ်ခုသည် ဓားသွားဖယ်ရှားခြင်းအိမ်တော်တစ်ခုလုံး ပြည့်နှက်သွားခဲ့သည်။ လီဟန်၏ မျက်လုံးများသည် နေမင်းကြီးကဲ့သို့ မကြုံစဖူး တောက်ပသော အလင်းရောင်များဖြင့် တောက်ပနေခဲ့သည်။

လက်ရှိ လီဟန်သည် ယခင်ကနှင့် လုံးဝခြားနားသော လူတစ်ယောက်ဖြစ်သည်။ ယုံကြည်ရှိခြင်း၊ အပြုသဘောဆောင်ခြင်း၊ အရေးကြီးဆုံးမှာ ရည်မှန်းချက်ပြင်းထန်ခြင်းပင်။

"ကောင်းတယ်။ အရှင်မင်းသား မင်း နောက်ဆုံးတော့ သိုင်းပညာရပ်တွေလေ့ကျင့်နိုင်ပြီ။"

လီကျင်းကျုံး၏ ခန္ဓာကိုယ်သည် စိတ်လှုပ်တရှားဖြင့် တုန်ခါနေခဲ့သည်။ သူသည် အလွန်မှ ပျော်ရွှင်နေခဲ့ကာ နေရာတွင်ပင် ထကလုနီးပါးပင်။ သူသည် ဤချိုးဖျက်မှုအတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသည်။

အရာအားလုံးသည် မယုံကြည်နိုင်စရာကောင်းလောက်အောင် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ကြသည်။ သို့သော် သံသယရှိစရာမလိုအောင်ပင် ဤသည်က သေချာပေါက် အစစ်အမှန်ဖြစ်သည်။

ဤသည်က အခြားသူများ ပြောကြသော အံ့ဩဖွယ်ဖြစ်ရပ်ဖြစ်ရပေမည်။

"အံ့ဩစရာပဲ။ ဒါက တကယ့်ကို အံ့ဩစရာပဲ။ ဝမ်သခင်လေး ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ အနာဂတ်မှာ ဝမ်သခင်လေးက ဘာကိုပဲတောင်းဆိုပါစေ ကျွန်တော် သေချာပေါက် ဖြည့်ဆည်းပေးပါ့မယ်။ ငါ့ရဲ့ဘဝက အခု အရှင်မင်းသားနဲ့ မင်းအတွက်ပဲ။"

လီကျင်းကျုံးသည် ဝမ်ချောင်ကို စိတ်လှုပ်တရှားဖြင့် ပွေ့ဖက်လိုက်သည်။

"မင်းရဲ့စကားကို ငါမှတ်ထားလိုက်မယ်။"

ဝမ်ချောင်သည် ဂနာမငြိမ်ဖြစ်နေသော လီကျင်းကျုံးကို ကြည့်လိုက်ပြီး သူသည် ကူကယ်ရာမဲ့စွာဖြင့် ဤအခြေအနေသည် ရယ်စရာကောင်းနေသည်ကို တွေ့လိုက်ရသည်။ အကယ်၍ လီကျင်းကျုံးသည် အနာဂတ်တွင် တော်ဝင်ရုံးတော်ကို စိုးမိုးရန် လုံလောက်သော အခွင့်အာဏာ ရရှိမည်ကို သိခဲ့ပါက ထိုစကားများကို ပြောခဲ့ခြင်းအတွက် သေချာပေါက် သူ နောင်တရနေပေလိမ့်မည်။

သို့သော် လက်ရှိ လီကျင်းကျုံးသည် မအောင်မြင်သေးဘဲ အနာဂတ်တွင် သူမည်မျှအထိ အောင်မြင်နိုင်သည်ကို သူ မခန့်မှန်းနိုင်သည်မှာ သဘာဝကျပေသည်။

ထို့အပြင် ဝမ်ချောင်သည်လည်း သူ့ကို အကျင့်ပျက်ခြစားသည့် ဝန်ကြီးချုပ်လီဖုကော် ဖြစ်ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

ဤကောင်သည် ထိုသို့ပြုရန် သဘောထားအနည်းငယ်ပြလာပါက ဝမ်ချောင်သည် သူ့ကို သူကိုယ်တိုင် ဖယ်ရှားပစ်မည်ဖြစ်သည်။

"ရတာပေါ့ ရတာပေါ့။ ကောင်းကင်ဘုံက ကျွန်တော့်ရဲ့စကားအတွက် သက်သေခံနိုင်ပါတယ်။"

လီကျင်းကျုံးသည် သူ့လက်များကို မြှောက်လိုက်ပြီး ကျိန်ဆိုလိုက်သည်။

သူ့အတွက် ဝမ်ချောင်သည် သူတို့အပေါ် ဆင်းသက်လာသည့် အစစ်အမှန်ကံကောင်းခြင်း ကြယ်တစ်စင်းဖြစ်သည်။ ဤအချိန်တွင် သူ့အတွက် ဝမ်ချောင်ထက် ပို၍ လေးစားစရာကောင်းကာ၊ ချစ်ရာကောင်းပြီး ချစ်မြတ်နိုးရသည့်လူ ဤလောကတွင် မရှိတော့ပေ။

သူ့ကိုယ်ပိုင်အစေခံသည် အခြားသူတစ်ဦးအတွက် ထူးထူးခြားခြား သူ့အသက်ကို ကတိကဝတ်ပြုနေသော်လည်း လီဟန်သည် ထိုအကြောင်းကို အများကြီးတွေးနေပုံမပေါ်ပေ။

"ဝမ်ချောင် ကျွန်တော် ခင်ဗျားကို အမှန်တကယ်ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီကျေးဇူးကို အမှတ်ရနေမှာပါ။"

လီဟန်သည် ဝမ်ချောင်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေပေသည်။ ထိုသည်က ရှည်လျားလှသည့် အိပ်မက်ဆိုးသည် အဆုံးသတ်သို့ ရောက်လာသကဲ့သို့ပင်။ သူ့ဘဝတစ်ခုလုံးတွင် ယခုအခိုက်အတန့်လောက် ပျော်ရွှင်မှုကို မခံစားခဲ့ရဖူးပေ။

မည်သူက သာလွန်ကောင်းမွန်သည့် အာဏာကို မလိုချင်ဘဲရှိမည်နည်း။

ဤအရာဖြင့် လီဟန်သည်လည်း အာဏာနောက်လိုက်ရန် အရည်အချင်းပြည့်မီပြီဖြစ်သည်။

သူတို့နှစ်ဦးသည် ယခုမှသာတွေ့ဆုံခဲ့ကြခြင်းဖြစ်သော်လည်း လီဟန်သည် ဝမ်ချောင်ကို အလေးအထားရဆုံးသူငယ်ချင်းအဖြစ် ရှုမြင်နေပြီဖြစ်သည်။

"အရှင်မင်းသားက ယဉ်ကျေးလွန်းနေပါပြီ။ မင်းသားကို ကူညီရတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ။"

ဝမ်ချောင်သည် သက်ပြင်းချလျက် ပြောလိုက်သည်။

လီဟန်သည် လွန်ခဲ့သည့်အခိုက်အတန့်ထက် ပိုမိုအသက်ဝင်လာပြီး ယုံကြည်မှုရှိလာပုံရသည်။ ဤသည်က ကောင်းမွန်သည့် လက္ခဏာပင်။

စွမ်းအားသည် လူတစ်ဦး၏ စရိုက်ကို ပြောင်းလဲစေပြီး သူတို့ကို ပိုမိုပြတ်သားပြီး ဩဇာတိက္ကမရှိစေသည်။

လီဟန်သည် သူ့လက်ထဲတွင် ခွန်အားကို ဆုပ်ကိုင်နိုင်စွမ်းရှိလာသည်နှင့် တပြိုင်နက် သူ့လမ်းကြောင်းသည် ယခင်ဘဝနှင့် ကွဲပြားသွားခဲ့ပြီဖြစ်သည်။

လီဟန်တွင် ကရုဏာ၊ စာနာမှု၊ မဟာထန်ကို ပြန်လည်ကြီးမြတ်လာစေရန် စိတ်ဆန္ဒနှင့် ရည်မှန်းချက်များ ရှိသည်။ သူ့ကိုယ်ပိုင်နည်းလမ်းများမှတဆင့် ဝမ်ချောင်သည် သူ့ကို သူဖန်တီးထားခဲ့သော ခမ်းနားကြီးကျယ်သော အသေးစိတ်စီမံချက်ကို လက်တွေ့အကောင်အထည်ဖော်ရန် မျှော်လင့်ချက်တစ်ခု ပေးခဲ့သည်။

ညရောက်လာခဲ့ပြီး လီဟန်သည် ဓားသွားဖယ်ရှားခြင်းအိမ်တော်တွင် အကြာကြီး မနေခဲ့ပေ။ ခွန်အားကိုရရှိပြီးနောက်တွင် သူသည် သူ့အခန်းထဲ၌ အသစ်တွေ့ရှိခဲ့သော ခွန်အားကို စမ်းသပ်ရန် မစောင့်နိုင်တော့ပေ။

ဝမ်ချောင်သည်လည်း သူ့ကိုနားလည်ပေသည်။ ထို့ကြောင့် သူသည် သူ့ကို ဤနေရာတွင် ဆွဲထားရန် မကြိုးစားတော့ပေ။ သူသည် ထိုနှစ်ယောက်ကို တောင်အောက်သို့လိုက်ပို့ခဲ့ပြီး လမ်းပေါ်တွင် လီဟန်နှင့် လီကျင်းကျုံးတို့သည် ဝမ်ချောင်ကို ကျေးဇူးတင်စကား ဖောဖောသီသီဆိုခဲ့ကြသည်။

"သခင်လေး"

နောက်ဆုံးတွင် လီဟန် ထွက်သွားသောအခါ ကျောက်ကျင်းတန်သည် လေးနက်သော အမူအရာဖြင့် လျှောက်လာခဲ့သည်။

"ခင်ဗျား ဒီမှာမရှိခဲ့ချိန်တုန်းက ကျွန်တော်တို့ စာအတော်များများလက်ခံရရှိခဲ့ပါတယ်။ သူတို့ထဲက တချို့က မင်းသားတွေ၊ မင်းသမီးတွေဆီကဖြစ်ပြီး တချို့ဆို တော်ဝင်ကြင်ယာတော်တွေဆီကပါ။ တကယ်တော့ သူတို့ထဲက တချို့ဟာ ဓားသွားဖယ်ရှားခြင်းအိမ်တော်ကို သူတို့ကိုယ်တိုင်တောင် ရောက်လာခဲ့ကြပါတယ်။"

ကျောက်ကျင်းတန်သည် စာတစ်ထပ်ကြီးကို ကမ်းပေးလိုက်သည်။ လွန်ခဲ့သည့်အခိုက်အတန်က ပဉ္စမမြောက်မင်းသားရှိနေသောကြောင့် သူသည် ဤကိစ္စကို ယခုအချိန်အထိ ဆိုင်းငံ့ထားခဲ့သည်။

ကျောက်ကျင်းတန်သည် ထိုနေ့၌ မင်းသမီးနီဟွမ်နှင့် ကိစ္စပြီးနောက် ဤသည်ကို မျှော်လင့်ထားပြီးဖြစ်သည်။ သူစိုးရိမ်နေသည်မှာ တခြားကိစ္စဖြစ်သည်။

တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကျောက်ကျင်းတန်ပြောလိုက်သည်။

"ကျွန်တော်တို့ ဒီကိစ္စကို မဖြေရှင်းနိုင်သရွေ့ ကျွန်တော်တို့ ငြိမ်းချမ်းမှာမဟုတ်ဘူး။ မနက်ဖြန်ကျရင် ပိုများတဲ့မင်းသားနဲ့ မင်းသမီးတွေကတောင် အလည်လာလောက်တယ်။ သခင်လေး ခင်ဗျားတစ်ရက်တာအတွက် တိမ်းရှောင်နိုင်တယ် ဒါပေမယ့် တစ်ဘဝလုံး ပုန်းအောင်းနေဖို့တော့ မဖြစ်နိုင်ဘူး။ ဒါ့ပြင်... ဝမ်သခင်မနဲ့ တခြားသူတွေကလည်း ပုန်းကွယ်နိုင်မယ်လို့ သခင်လေးထင်လား။”

ဝမ်ချောင်သည် တောင်၏အနက်ပိုင်းတွင် ပုန်းအောင်းနေနိုင်သော်လည်း ဤလုပ်ဆောင်ချက်သည် ဝမ်ချောင်၏မိခင်အတွက် အခွင့်မရှိခဲ့ပေ။ ထို့အပြင် တော်ဝင်ကြင်ယာတော်များက သူမကို တော်ဝင်နန်းတော်သို့ ဆင့်ခေါ်ခဲ့ပါက သူမဘာလုပ်ရမည်နည်။

ဝမ်ချောင်နှင့် မတူဘဲ သူမသည် အမိန့်ကို ငြင်းဆန်ပြီး ထွက်မပြေးနိုင်ပေ။

ဝမ်ချောင်၏ အမူအရာသည်လည်း မည်းမှောင်သွားခဲ့သည်။ မင်းသားနှင့် မင်းသမီးများကို ကိုင်တွယ်ရသည်မှာ ကိစ္စတစ်ခုဖြစ်သော်လည်း တော်ဝင်ကြင်ယာတော်များသည်လည်း ဤကိစ္စထဲတွင် ပါဝင်ပတ်သက်လာခဲ့သည်လော။ ရှင်းလင်းစွာဖြင့် တော်ဝင်အမျိုးအနွယ်သည် သူ့ကို ဖိအားပေးကာ ဆုံးဖြတ်ချက်တစ်ခုချရန် ကြိုးစားနေကြပေသည်။

သူသည် မင်းသားများနှင့် မင်းသမီးများထံမှ ပုန်းအောင်းရန် ဖြစ်နိုင်သော်လည်း တော်ဝင်ကြင်ယာတော်များကို ကိုင်တွယ်ရန်မှာ ထိုမျှလွယ်ကူနေလိမ့်မည်မဟုတ်ပေ။

ဤကိစ္စတွင် ကျောက်ကျင်းတန်၏ စိုးရိမ်မှုသည် အခြေအမြစ်မရှိသည် မဟုတ်ပေ။

-----------------

All Chapters