ထိတ်လန့်ဖွယ်ကောင်းလှသော သောက်ရူးစူပါဖန်
Vol. 13 Ch. 179
ညအချိန်သို့ ရောက်ရှိလာသည်။ တစ်နေ့လုံး ဦးတည်ရာမဲ့ လျှောက်သွားပြီးနောက်တွင် အန်လင်းသည် သူ၏အဆောင်သို့ ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။
အင်း.. အတော်လေး နောက်ကျနေပြီပဲ။ မနက်ဖြန်ဆိုရင် ကျောင်းစဖွင့်ပြီ။ အဲဒီတော့ ဟို မောင်နှမလည်း ပြန်သွားလောက်ပြီပေါ့။
သက်ပြင်းအသာချလိုက်သည်။ နာမည်ကျော်ကြားခြင်းသည် လွန်စွာ စိတ်အနှောင့်အယှက် ဖြစ်ရသည်ဟု မည်သူထင်မည်နည်း။
တံခါးဖွင့်လိုက်သည့်အခါတွင် ပိန်းပိတ်အောင် မှောင်မိုက်နေသည့် မြင်ကွင်းက ဆီးကြိုနှုတ်ဆက်နေလေသည်။
ဖျောက်
ရုတ်တရက်ဆိုသလို အခန်းမီးလင်းလာပြီး သူ၏မြင်ကွင်းအတွင်း၌ ဝတ်ကောင်းစားလှများဖြင့် လူနှစ်ဦးရောက်ရှိလာသည်။
အမျိုးသားသည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည်။ ကြည့်ရသည်မှာ အေးစက်ဟန် ရှိနေသည်။ အမျိုးသမီးသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမသည် လှပကာ နှစ်လိုဖွယ်ကောင်းသည့်ပုံပေါ်သည်။
“စပရိုက်...” ထိုနှစ်ဦးသည် သံပြိုင်အော်လိုက်ကြသည်။
ထို့နောက် အမျိုးသားသည် ဓားတစ်လက် ဆွဲထုတ်လိုက်ပြီး
“စီနီယာ အန်လင်း။ ကျွန်တော်က ပထမနှစ်၊ တန်းခွဲ ၁ က ယောင်မင်စီပါ”
“ယောက်ျားရေ.. ပထမနှစ်၊ တန်းခွဲ ၁ က ယောင်ရှုလေးပါ”
သူမ၏ မျက်လုံးလေးများသည် စိတ်ခံစားမှုများဖြင့် တောက်ပနေလေသည်။
အမျိုးသားသည် ရှုံ့မဲ့သွားပြီးနောက် “ကိုယ့်ကိုယ်ကိုယ် ထိန်းစမ်း ယောင်ရှု”
အမျိုးသမီးလေးသည် ချစ်စဖွယ်ကောင်းစွာ လျှာကိုက်လိုက်သည်။ ထို့နောက်တွင် သူမ၏အကြည့်အား အန်လင်းထံသို့ ပို့လိုက်သည်။
အန်လင်းမှာ ဆွံ့အနေမိသည်။
ဝသဖ.. သူတို့က တစ်နေ့လုံး အခန်းထဲဝင်ပြီး ဒီလိုမျိုး ဆောင့်ကြောင့်ထိုင်နေကြတာလား။
ကြောက်ဖို့ကောင်းလိုက်တာ။
ထိုမောင်နှမသည် ညီညီညာညာဖြင့် ဆိုလာကြပြန်သည်။ “စီနီယာအတွက် ပြင်ဆင်ထားတဲ့ ဖျော်ဖြေမှုကို ခံစားပေးပါ ခင်ဗျ/ရှင့်”
“ကြီးမားတဲ့ မြစ်ပြင်ကျယ်ရဲ့ လှိုင်းလုံးများဟာ ကြီးမားပြီး စွမ်းအားပြင်းတယ်.. ဆန်ထမင်းရဲ့ ရနံ့ကို လေညင်းက ကမ်းခြေထံ သယ်ဆောင်လာပေးတယ်.. ငါရဲ့အိမ်ငယ်လေးဟာ.....” ယောင်ရှုသည် သူမ၏ ကြည်လင်ချိုမြသည့်အသံနှင့် စတင်သီဆိုလေသည်။
ယောင်မင်စီသည် ဓားအကကို စတင်ကပြတော့သည်။ သီချင်း၏ သံစဉ်နှင့်အတူ ချီစွမ်းအင်များ ထုတ်ဖော်လိုက်သည်။ ကြည်နူးဖွယ်ရာဖြစ်ပြီး ဓား၏ ဆန္ဒနယ်မြေကို ထိခိုက်ပျက်စီးစေခြင်း မရှိချေ။
သူ၏အခန်းအတွင်း၌ သီဆိုကခုန်နေကြသည့် ထိုနှစ်ဦးအား ကြည့်ကာ အန်လင်းမှာ အံ့ဩလွန်းသဖြင့် မည်သည့်စကားမျှပင် မဆိုနိုင်ချေ။
မိနစ်အနည်းငယ် ကြာပြီးသည့်နောက်တွင် သူတို့၏ ဖျော်ဖြေမှု ပြီးဆုံးသွားပြီး အန်လင်းအား မျှော်လင့်တကြီး ကြည့်လာကြလေသည်။
“ကျွန်တော်တို့ရဲ့ ဖျော်ဖြေမှုကို သဘောကျပါသလား စီနီယာခင်ဗျ” ယောင်မင်စီသည် အန်လင်းအား စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်သည်။
“ယောင်ရှုက စီနီယာ အိမ်ရဲ့နွေးထွေးမှုကို ခံစားနိုင်အောင် ဒီသေမျိုးကမ္ဘာက သီချင်းကို သင်ယူထားတာပါ” ယောင်ရှုသည် သူမ၏ ကြီးမားကာ အရည်လဲ့နေသည့် မျက်လုံးကြီးများဖြင့် အန်လင်းအား ကြည့်လိုက်သည်။ အန်လင်း၏ ချီးကျူးမှုအား စောင့်မျှော်နေသကဲ့သို့ပင်။
အန်လင်း၏ မျက်နှာမှာ ရှုံ့မဲ့သွားလေသည်။ အေး.. နင်က ‘အမိမြေ’ ကို ဆိုပြီး ငါ့ကို အိမ်ရဲ့ နွေးထွေးမှု ခံစားစေချင်တယ်ပေါ့။ အရမ်းကို အံ့ဩဖို့ကောင်းလိုက်တာ။
“အာ.. မင်းတို့ရဲ့ ဖျော်ဖြေမှုကို တကယ်သဘောကျပါတယ်။ အခုတော့ နောက်ကျနေပြီလေ။ မင်းတို့နှစ်ယောက်လုံး ပြန်ပြီးတော့ အနားယူသင့်ပြီ” အားတင်းကာ ပြုံးလိုက်သည်။
“တကယ်နော်။ စီနီယာ တကယ်သဘောကျတာနော်”
ယောင်ရှုသည် အသက်ရှူနှုန်းများမြန်လာပြီး အန်လင်းအား ကြည့်လိုက်သည်။ သူမသည် အန်လင်းထံသို့ လျှောက်လှမ်းလာလေသည်။
အန်လင်းမှာ ကြက်သီးမွေးညင်းများ ထလာပြီး သူမအား ရှောင်ရန်အတွက် အနောက်သို့ ဆုတ်လိုက်သည်။
“စီနီယာသာ သဘောကျမယ်ဆိုရင် ကျွန်တော်နဲ့ ညီမလေးက နေ့တိုင်းနေ့တိုင်း သီဆိုကပြနိုင်ပါတယ်” စိတ်အားထက်သန်မှုတို့ တောက်လောင်နေသည့် မျက်လုံးများဖြင့် ယောင်မင်စီသည် အန်လင်းထံသို့ ရွေ့လျားလာလေသည်။
“မင်းတို့အနေနဲ့ ဒီလိုမျိုးလုပ်ဖို့ မလိုပါဘူးကွာ။ ဒုက္ခရောက်ပါတယ်။ ငါက အရမ်းကို ကျေနပ်ပြီးသားပါ” အန်လင်း ငြင်းပယ်လိုက်သည်။
နှစ်ဦးစလုံးသည် စိတ်အားထက်သန်စွာဖြင့် အာမေဋိတ်ပြုပြန်သည်။ “ဒုက္ခမဟုတ်ပါဘူး”
မင်းတို့အတွက်ပဲ မဟုတ်တာလေ။ ငါ့အတွက်တော့ ဒုက္ခအကြီးကြီးကွ။ အန်လင်းသည် စိတ်ထဲ၌ အော်ဟစ်နေမိသည်။
“ကျွန်တော်တို့ကို အမှတ်တရလက်မှတ်ကလေးများ ထိုးပေးလို့ရမလား စီနီယာ”
“ကောင်းပြီ”
နှစ်ဦးစလုံး၏ ဓားအိမ်များတွင် အန်လင်းသည် သူ၏အမည်ရေးထိုးပေးလိုက်သည်။
ဓားအိမ်ဆိုသည်မှာ ဓားသမားများတန်ဖိုးအထားဆုံးသော အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့် အန်လင်း၏ အမည်ကို ဓားအိမ်တွင် ရေးထိုးခွင့် ပြုလိုက်ခြင်းသည် ထိုမောင်နှမသည် သူ၏ စူပါဖန်စစ်စစ် ဖြစ်လာကြလေပြီ။
“စီနီယာအန်လင်း ဒါက ကျွန်တော်တို့ရဲ့ အသံလွှင့်ကျောက်တုံးတွေပါ။ ကျွန်တော်တို့အချင်းချင်း လဲလှယ်လို့ရမလားခင်ဗျ”
“ကောင်းပြီ”
အန်လင်းသည် ယင်းတို့၏ အသံလွှင့်ကျောက်တုံးများတွင် အမှတ်အသားပြုပေးလိုက်သည်။ ဤထုံထိုင်းလှသည့် ပရိသတ်နှစ်ဦးအား ဖယ်ရှားပစ်နိုင်ရန်အတွက် ဘာမဆို ပြုလုပ်မည် ဖြစ်သည်။
“ကျွန်တော်တို့ စီနီယာရဲ့အခန်းကို ပြောင်းလာလို့ရမလား”
“ကောင်းပြီ”
ဝသဖ
“မှားပြောတာ”
ဒီကောင်တွေကတော့ တစထက်တစ လွန်လာပြီဟေ့။
ဒေါသထွက်လွန်းသည်ကြောင့် အန်လင်းသည် တပိုင်အား စေလွှတ်ကာ ထိုမောင်နှမအား မောင်းထုတ်ပစ်လိုက်သည်။
“ကျွန်တော်တို့ ပြန်လာခဲ့မယ်နော် စီနီယာ” ယောင်မင်စီသည် အော်ဟစ်ကာဖြင့် ပြေးထွက်သွားလေသည်။
“စီနီယာကို ချစ်တယ်။ မနက်ဖြန် တွေ့ကြမယ်နော်” ယောင်ရှု အော်ပြောလေသည်။
အန်လင်း : “…”
ထိုအချိန်တွင် သူ၏ဘေးအိမ်မှ ပြတင်းတံခါး ပွင့်လာသည်။
အန်လင်း၏ ဘေးအိမ်တွင် နေထိုင်သူ အမျိုးသမီးလေးသည် ဒေါသတကြီးဖြစ်နေသည့် အန်လင်းအား မြင်လိုက်ရသည်။ သူမ၏မျက်နှာတွင် လှပသည့်အပြုံးတစ်ခု ပေါ်လာပြီး စနောက်ချင်သည့် အရိပ်အယောင်များနှင့်ဖြစ်သည်။ “ဂုဏ်ယူပါတယ် အန်လင်းရေ။ ချစ်ဖို့ကောင်းတဲ့ ပရိသတ်လေးနှစ်ယောက် ထပ်ရလိုက်ပြီပေါ့”
အန်လင်းသည် ပြုံးနေသည့် စုရှောင်လန်အား လှည့်ကြည့်လိုက်သည်။
“လာမစနဲ့” အန်လင်း သက်ပြင်းချလိုက်သည်။ “ငါ့ရဲ့ ပရိသတ်တွေကိုသာ ဝေမျှလို့ရရင် ဒင်းတို့နှစ်ယောက်ကို တခြားသူတွေကို ပေးပစ်လိုက်ချင်တယ်”
ထို ထုံထိုင်းလှသည့် စူပါဖန် မောင်နှမသည် သူ့အား အတော်လေး စိတ်အနှောင့်အယှက်ပေးလှသည်။
ထိုနှစ်ဦးသည် ရုတ်တရက်ဆိုသလို အချိန်မရွေး ထပ်မံပေါ်ထွက်လာပြီး သူ၏ရှေ့တွင် သီဆိုကခုန်ကြမည်ကို စိုးရွံ့လှသည်။
ထိုသို့ဖြစ်ခြင်းမှ ကာကွယ်ရန်အတွက် သူ၏အိမ်ပတ်လည်တွင် အကာအကွယ်မန္တန်ဝင်္ကပါများ ပြင်ဆင်တော့သည်။ လူစိမ်းတစ်ဦး ခြေချလိုက်သည်နှင့် အချက်ပေးသံ ထွက်ပေါ်လာမည် ဖြစ်သည်။
နေအိမ်လုံခြုံရေး တပ်ဆင်ပြီးသည့်နောက်တွင် အိပ်စက်အနားယူရန် မျက်လုံးများ ပိတ်လိုက်သည်။
သို့သော်လည်း သူ၏မျက်လုံးများ မှိတ်လိုက်သည့် အခိုက်အတန့်မှာပင် အသံလွှင့်ကျောက်တုံးသည် စတင်တုန်ခါလာပြီး အလင်းဖျော့ဖျော့ထွက်ပေါ်လာည်။
အန်လင်းသည် အနည်းငယ် စဉ်းစားရခက်သွားပြီး အသံလွှင့်ကျောက်တုံးအား ကောက်ယူလိုက်သည်။ “ဟယ်လို ဘယ်သူလဲ”
အသံလွှင့်ကျောက်တုံးမှ နူးညံ့ချိုသာသည့်အသံလေး ထွက်ပေါ်လာသည်။ “ယောင်ရှုလေးပါ”
အန်လင်းသည် စိတ်ရှုပ်စွာဖြင့် မျက်တောင်ခတ်လိုက်သည်။ “ဟမ်.. တစ်ခုခု လိုအပ်လို့လား”
ယောင်ရှု : “စီနီယာ အိပ်နေပြီလား”
အန်လင်း : “…”
“ဘယ်လိုထင်တုန်း”
“အိုး.. အဲဒါဆို ကောင်းသောညပါနော်” ယောင်ရှုသည် တခစ်ခစ် ရယ်မောနေလေသည်။
အန်လင်းမှာ ရှုံ့မဲ့နေပြီး အသံလွှင့်ကျောက်တုံးအား တိတ်ဆိတ်စွာပင် ကိုင်ထားမိသည်။
ဤကဲ့သို့ စနောက်ခံရမည့်နေ့သို့ ရောက်ရှိလာလိမ့်မည်ဟု သူ့အနေဖြင့် တစ်ခါလေးတောင် မစဉ်းစားမိခဲ့ပေ။
ပြောပါဦးဗျာ။ ဒီအသံလွှင့်ကျောက်တုံးကို ပိတ်ထားလို့မရဘူးလား။ ဒါမှမဟုတ်ရင် အဝင်ခေါ်ဆိုမှုကို ငြင်းဆန်တာမျိုးပေါ့။
မိုဘိုင်းဖုန်းတွေက ပိုကောင်းတယ်ဆိုတာ သေချာသွားပြီ။
ဒေါသစိတ်နှင့်အတူ အိပ်စက်ရန် ပြန်လဲလျောင်းလိုက်ပြန်သည်။
နေ့သစ်တစ်ဖန် ရောက်ရှိလာလေပြီ။
နောက်တစ်နေ့ နံနက်ခင်းတွင် အန်လင်းနိုးထလာခဲ့သည်။
ရင်းနှီးနေပြီးသား စာသင်ခန်းအတွင်းသို့ ဝင်ရောက်လိုက်သည်။ သိကျွမ်းပြီးသား ဆရာများနှင့် ခင်မင်ရင်းစွဲ အတန်းဖော်များ ရှိလေသည်။
သို့သော်လည်း စာသင်ချိန်များသည် ပထမနှစ်နှင့် အတော်လေး ကွဲပြားလှသည်။ နံနက်ခင်းချိန်များသည် သင်ကြားပို့ချချိန်များနှင့် ပြည့်နေပြီး နေ့လယ်ခင်းသည် အထူးသင်ကြားရေးချိန်များ ဖြစ်သည်။
အထူးသင်ကြားရေးချိန်များကို အမျိုးအစား ၆ မျိုး ခွဲခြားထားသည်။ ဆေးဖော်စပ်ခြင်း၊ လက်နက်ထုလုပ်သန့်စင်ခြင်း၊ မန္တန်ဝင်္ကပါ၊ မှော်ရတနာကျင့်စဉ်၊ အင်မော်တယ်မန္တန်နှင့် နတ်ဘုရားအာရုံတို့ ဖြစ်ကြသည်။
ကျောင်းသားများသည် သူတို့စိတ်ပါဝင်စားရာ အတန်းများကို ရွေးချယ်တက်ရောက်နိုင်သလို ထိုအထူးသင်ကြားရေးချိန်များတွင် အချိန်ယူကာ အားထုတ်ပြုလုပ်နိုင်သည်။
အန်လင်းသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေမိသည်။
အန်လင်းသည် အလွန်မတရား ချမ်းသာသူ ဖြစ်နေလေပြီ။ ဆေးဖော်စပ်ခြင်းနှင့် လက်နက်ထုလုပ်သန့်စင်ခြင်း၌ စိတ်ပါဝင်စားခြင်း မရှိချေ။ အင်မော်တယ်ဆေးလုံးများ လိုအပ်လျှင် ဝယ်ယူနိုင်လေသည်။ အင်မော်တယ်လက်နက်များ အတွက်မူ သူ့ထံတွင် ရှိနေပြီး ဖြစ်သည်။ ထို့ပြင် ဆေးလုံးနှင့် လက်နက်များကို အသည်းအသန် လိုအပ်နေသူလည်း မဟုတ်ချေ။ သူသည် မည်သည့်နည်းနှင့်မျှ ရှောင်ဟော်ဟော် မဖြစ်လိုသလို ဆေးလုံးဖော်စပ်ခြင်းဖြင့်လည်း မဝင့်ကြွားလိုပါ။ ထို့ကြောင့် ထို အထူးသင်ကြားရေးချိန် နှစ်ခုအား လျစ်လျူရှုလိုက်သည်။(ရှောင်ဟော်ဟော်က ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်းက ရှောင်ယန်ပါ_)
မန္တန်ဝင်္ကပါနှင့် ပတ်သက်၍ ယင်းသည် လွန်စွာရှုပ်ထွေးလှသည်။ ကျွမ်းကျင်ပိုင်နိုင်သူတစ်ဦး ဖြစ်လာရန်မှာလည်း အလှမ်းဝေးလွန်းလှသည်။ ထို့အပြင် မန္တန်ဝင်္ကပါများ ပြုလုပ်ခြင်းသည် လွန်စွာရှုပ်ထွေးလေသည်။ သူ့ထံတွင် နတ်ဘုရားစစ်ဆေးခြင်းနည်းစနစ် ရှိနေပြီး ဖြစ်သည့်အတွက် ထိုမန္တန်ဝင်္ကပါများအား ထွင်းဖောက်မြင်နိုင်သည်ဖြစ်ရာ စိုးရိမ်ပူပန်ရန် မလိုအပ်ပေ။ ထို့ကြောင့် မန္တန်ဝင်္ကပါ လေ့လာခြင်းအားလည်း သူ့အနေဖြင့် ဦးစားပေး သင်ယူရန် မလိုအပ်ချေ။
မှော်ရတနာကျင့်စဉ်အတွက်မူကား စစ်နတ်ဘုရား ခုတ်ချက် ၆ ချက်ကို သင်ယူပြီးသည့်နောက်တွင် ဓားကျင့်စဉ်ကို ဖမ်းဆုပ်နိုင်မှုနှင့် ဓားဆန္ဒကို နားလည် သဘောပေါက်မှုတို့သည် အများထက် လွန်ကဲစွာ သာလွန်နေပြီး ဖြစ်လေသည်။ သူ့အနေဖြင့် ထို့ထက်ပို တိုးတက်လာရန် မရှိတော့ချေ။ ထို့ကြောင့် ဤအတန်းအားလည်း စဉ်းစားရန် မလိုအပ်ချေ။
အင်မော်တယ်မန္တန်အတန်းသည် အင်မော်တယ်မန္တန်များအား ပိုမိုထိရောက်စွာ အသုံးပြုပုံတို့ကို သင်ကြားပေးသည့်အတန်း ဖြစ်သည်။ ကျောင်းသားများသည် လက်တွေ့အသုံးပြုရသည့် အင်မော်တယ်မန္တန်များအား သင်ယူနိုင်ပြီး ထိုမှတစ်ဆင့် ကိုယ်ပိုင်မန္တန်များ ဖန်တီးလာနိုင်မည် ဖြစ်သည်။
ယင်းသည် အတော်လေး သင့်တင့်လှသော်လည်း အန်လင်းမှာ ဓားအင်မော်တယ်တစ်ဦး ဖြစ်သည်။ တစ်ဖက်လူသည် အင်မော်တယ်မန္တန်ပေါင်းများစွာ အသုံးပြုလာခဲ့လျှင်ပင် သူ့အနေဖြင့် ဓားဖြင့် တစ်ချက်ခုတ်လွှဲလိုက်ရုံမျှနှင့် ပျက်ပြယ်သွားနိုင်ပေသည်။ ဓားလမ်းစဉ်ကို လျှောက်လှမ်းနေပြီး ဖြစ်သည့်အတွက် အင်မော်တယ်မန္တန်အား မည်သည့်အတွက် လေ့လာနေရန် လိုအပ်တော့မည်နည်း။ သူ့အတွက် အဆင်မပြေနိုင်မည့် လမ်းအား ရွေးချယ်မည် မဟုတ်ချေ။
နောက်ဆုံးသော အတန်းမှာ နတ်ဘုရားအာရုံဖြစ်သည်။ ဤအတန်းသည် နတ်ဘုရားအာရုံ အသုံးပြုပုံနှင့် နတ်ဘုရားအာရုံအား မည်ကဲ့သို့ သန်မာအားကောင်းလာစေရန် ပြုလုပ်ရမည်ကို သင်ကြားပေမည့်အတန်းဖြစ်သည်။ နတ်ဘုရားအာရုံကို အသုံးပြု၍ ရန်သူ၏ လှုပ်ရှားမှုများကို မည်သို့အာရုံခံရမည်ကိုလည်း သင်ကြားပို့ချမည် ဖြစ်သည်။ သူ၏ နတ်ဘုရားစစ်ဆေးမှုနည်းစနစ်သည် ထိုကဲ့သို့ စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး ဖြစ်လေသည်။
အန်လင်းသည် မျက်မှောင်ကြုတ်ကာဖြင့် သူ၏မေးကို ပွတ်သပ်နေမိသည်။ မည်သည်ကို ရွေးချယ်ရမည်ကို မသိတော့ပေ။
အလွန်အရေးကြီးသည့် ပြဿနာရပ်အား ရှာဖွေတွေ့ရှိသွားခြင်း ဖြစ်လေသည်။
မှန်ပေသည်။ ယခုအခါတွင် သူသည် လွန်စွာစွမ်းအားကြီးနေပြီဟု ခံစားနေမိသည်။
သူ့အနေဖြင့် သင်ယူရန် မကျန်ရှိတော့ဟု ခံစားနေရလေသည်။
***