အခန်း (၃၃၁-၃၃၅)
Vol. 15 Ch. 331-335
အပိုင်း ၃၃၁ လိုက်ချောင်းခြင်း
"ကောင်းပြီ"
ဝမ်ချောင်သည် ထိုစကားကို ကြားလိုက်ရသောအချိန်တွင် သူသည် တရုတ်ပါရဆိုသစ်ပင်အိုကြီးတစ်ပင်အောက် အနားယူနေခဲ့သည်။ မတ်တပ်ရပ်လိုက်ကာ သူသည် ဖုတ်ဖတ်ခါလိုက်ပြီး သူ့မြင်းပေါ်သို့ ခုန်တက်လိုက်သည်။ သူ့လက်ကို ဆတ်ခနဲလှုပ်လိုက်ခြင်းနှင့်အတူ သူသည် တောင်ပေါ်သို့တက်ရန် သူ့လူနှစ်ဆယ်ကို အချက်ပြလိုက်သည်။
တစ်ခဏအတွင်းမှာပင် ဝမ်ချောင်သည် သူ့တပ်စုနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။ သူ့လှုပ်ရှားမှုများသည် အလွန်ဆုံးဖြတ်ချက်ပြတ်သားလှပြီး ရှုကန်းနှင့် အခြားသူများသည်ပင် အံ့အားသင့်သွားခဲ့ရသည်။
သူတို့နှစ်ယောက်ထင်ထားသည်မှာ ဝမ်ချောင်သည် တစ်ခဏမျှ တုံ့ဆိုင်းနေခဲ့မည်ဟူ၍။ သို့သော် သူသည် ထိုကဲ့သို့ ထွက်ခွာသွားမည်ဟု မည်သူသိမည်နည်း။
ထို့အပြင် ယခင်ကကဲ့သို့ပင်။ နာရီဝက်ထက်နည်း၍ ဝမ်ချောင်သည် သူ့တပ်စုနှင့်အတူ ပြန်ရောက်လာခဲ့သည်။
သူတို့သည် ယခုလေးတင် ကြမ်းတမ်းသည့် တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရသော လူတစ်ယောက်နှင့်မတူညီဘဲ တည်ငြိမ်အေးဆေးမှုတစ်ခုကို သယ်ဆောင်ထားကြသည်။ ထို့အစား သူတို့သည် ဤနေရာသို့ ပြန်မရောက်မီ တောင်ပေါ်တွင် စိမ်ပြေနပြေလမ်းလျှောက်သွားခဲ့ကြသကဲ့သို့ပင်။
"အောင်မြင်ခဲ့တာလား"
ကျန်းလင်သည် သူ့မြင်းကို ဝမ်ချောင်ဆီသို့ မောင်းနှင်လိုက်ပြီး သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ တစ်ဖက်လူ၏ အမူအရာကို ဆုံးဖြတ်ရလျှင် သူသည် သူ့မစ်ရှင်ကို ကျရှုံးခဲ့ပုံမရပေ။
သို့သော် ဤသည်က နည်းနည်းမြန်လွန်းလှသည်။ ထို့အပြင် သူတို့သည် သူတို့ရပ်နေကြသည့်နေရာမှနေ၍ ဓားပြအသိုက်မှ တိုက်ခိုက်သံများကို မကြားခဲ့ကြရပေ။
"အင်း"
ဝမ်ချောင် အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
"သူ နောက်ထပ် ကံကောင်းသွားပြန်ပြီလား။"
ရှုကန်းနှင့် ဟွမ်ရုံတုတို့၏ မျက်နှာများ တင်းမာသွားခဲ့ကြသည်။ ဝမ်ချောင်နှင့် ပတ်သက်သည့် ကိစ္စတွင် သံသယများစွာရှိသည်။
"ဘယ်သူသိမလဲ။ ငါတွေ့ခဲ့တဲ့ ဓားပြတွေအားလုံးက လူပျော့လူညံ့တွေဖြစ်ရလောက်အောင် ငါ တကယ်ကံကောင်းတာဖြစ်နိုင်တာပဲလေ။"
ဝမ်ချောင် ရယ်မောလိုက်သည်။
"ဟမ်"
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် ပြင်းထန်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။ သူတို့နှစ်ယောက်သည် ခေါင်းဆန့်လိုက်ကြသော်လည်း သူတို့ရှေ့မှ အခြေအနေကို နားမလည်နိုင်ခဲ့ကြပေ။
သူတို့ပထမဆုံးတိုက်လိုက်ကတည်းက တစ်ရက်လုံးကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အနောက်ပိုင်းလမ်းမပေါ်ရှိ ဓားပြများသည် ယခုတွင် သတင်းကို ရရှိခဲ့ကြပြီး ဖြစ်လောက်သည်။ ဝမ်ချောင် ရင်ဆိုင်ခဲ့ရသည် ရန်သူများသည် မည်မျှအားနည်းပါစေ သူတို့သည် သတိရှိနေလောက်သည်။ အနည်းဆုံး နေ့ဘက်တွင် သူ ရင်ဆိုင်ခဲ့ရသည့် အသုတ်ထက် သူတို့ကို ကိုင်တွယ်ရန် ပို၍ ခက်ခဲသင့်ပေသည်။ သို့သော်လည်း ဝမ်ချောင်သည် မည်သည့် ဒုက္ခမျှမရှိဘဲ လျင်မြန်စွာ ပြန်ရောက်လာနိုင်ခဲ့သေးသည်။
'သူနဲ့တွေ့တဲ့ ပြိုင်ဘက်တွေဟာ အချက်မပြနိုင်ခင် သူတို့ကို သူချေမှုန်းနိုင်လောက်အောင် အားနည်းနေတာလား။'
"သွားစမ်းကြည့်ရအောင်။"
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် စိတ်ထဲတွင် တူညီသည့် အတွေးများကို တွေးလျက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အဆုံးတွင် အနောက်ပိုင်းလမ်းမတလျှောက်ရှိ ဓားပြများသည် ခွန်အားများတူညီရန် မဖြစ်နိုင်ပေ။
ဤလမ်းတစ်ကန့်ရှိ ဓားပြများသည် အလွန်အားနည်းနေခြင်းဖြစ်နိုင်သည်။
အကယ်၍ ဝမ်ချောင်ပင်လျှင် သူတို့ကို အလွန်လွယ်ကူစွာ ရှင်းလင်းနိုင်ခဲ့လျှင် သူတို့၏ သာလွန်သည့် ခွန်အားဖြင့် သူတို့သည်လည်း မည်သည့် ပြဿနာမျှ မရှိလောက်ပေ။
ထို့ကြောင့် သူတို့နှစ်ယောက်သည် ဓားပြများကို တိုက်ခိုက်ရန် ဓားပြအသိုက်များကို ရှာလိုက်ကြသည်။
...
တစ်နာရီကြာပြီးနောက် ရှုကန်းသည် နောက်ဆုံးတွင် နောက်ထပ်ဓားပြဂူတစ်ခုကို ရှာတွေ့လိုက်ပြီး သူသည် သူ့တပ်သားများကို တောနက်ထဲသို့ ဒေါသတကြီးဖြင့် ချီတက် ဦးဆောင်သွားခဲ့သည်။ သူသည် ကြီးမားသည့် ရည်မှန်းချက်များဖြင့် ထွက်ခွာသွားခဲ့သော်လည်း သူပြန်ရောက်လာသောအခါ သူမျက်နှာသည် မှုန်ကုပ်နေခဲ့သည်။
သူ့နောက်တွင် လီအတော်ဝေးဝေးမှပင် လောင်ကျွမ်းနေသည့် မီးတောက်တစ်ခုကို မြင်နိုင်သည်။
ဓားပြများသည် သူတို့၏ တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားခဲ့သည်သာမက ရှုကန်းကို အလစ်အငိုက်မိစေခဲ့သော ထောက်ချောက်များစွာကိုပင် ချထားခဲ့ကြသည်။ ရလဒ်အနေဖြင့် စစ်မြင်းနှစ်ကောင်နှင့် စစ်သည်လေးယောက်တို့သည် ပြင်းထန်သည့် ဒဏ်ရာများ ခံစားခဲ့ကြရသည်။ ရှုကန်းကိုယ်တိုင်ပင်လျှင် ဒဏ်ရာရခဲ့သည်။
အကယ်၍ သူတို့သည် ထိပ်တိုက် တိုက်ပွဲတွင် ဒဏ်ရာရခဲ့လျှင် သည်းခံနိုင်သေးသည်။ သို့သော်လည်း သူတို့ကို သေလုနီးပါးဖြစ်စေခဲ့သည့်အရာမှာ အဆိပ်ရှိအငွေ့များ၊ ပုန်းကွယ်နေသည့် ဒူးလေးများနှင့် မမြင်ရသည့် ထောင်ချောက်များစွာတို့ဖြစ်ကြသည်။
အကယ်၍ ရှုကန်းသည် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ဓားပြခေါင်းဆောင်ကို သတ်ဖြတ်ရန် ရှေ့သို့ချီတက်ခဲ့ခြင်းမရှိပါက သူတို့သည် ကြီးမားသည့် ဆုံးရှုံးမှုများကိုပင် ခံစားခဲ့ရနိုင်သည်။
ရှုကန်းသည် ဒေါသများ ပွက်ပွက်ဆူနေခဲ့သော်လည်း သူ့ဒေါသကို ဖောက်ခွဲမထွက်နိုင်ခဲ့ပေ။
သူနှင့် ဝမ်ချောင် နှစ်ယောက်စလုံးသည် တူညီသည့် မစ်ရှင်ကို ထမ်းဆောင်နေကြသည်။ သို့သော် သူတို့ကြား ရလဒ်သည် ဘာကြောင့် ထိုမျှ ကြီးမားစွာ ကွာခြားနေရသနည်း။
ဝမ်ချောင်၏ ဇိမ်ပြေနပြေအမဲလိုက်သွားခဲ့သကဲ့သို့ သူ တောင်ပေါ်မှ ဆင်းလာသောအခါ သက်သောင့်သက်သာအမူအရာကို ပြန်အမှတ်ရလိုက်ကာ ရှုကန်းသည် ပို၍ပင် မသက်မသာခံစားလိုက်ရသည်။
'အဲကောင်ရဲ့ကံက ဘာလို့ အရမ်းကောင်းနေရတာလဲ'
ဟွမ်ရုံတုသည် အံ့အားသင့်စွာဖြင့် သူ့ခေါင်းထဲတွင် ရေရွတ်လိုက်သည်။ ၎င်းသည် ရှုကန်းက ဝမ်ချောင်ထက် သာလွန်သော စွမ်းရည်များ ပိုင်ဆိုင်ထားသည်ဟူသော နက်နက်ရှိုင်းရှိုင်းစွဲနေသည့် မသိစိတ်ကြောင့် ဖြစ်သည်။ သူ့အမြင်တွင် ရှုကန်းသည် ခက်ခဲသည့် ဓားပြများနှင့် တွေ့ရလောက်အောင် အလွန်ကံဆိုးနေခဲ့သည်။
"ငါလည်း ကြိုးစားကြည့်မယ်။"
ထိုစကားများကို ချန်ထားခဲ့ကာ ဟွမ်ရုံတုသည် သူ့လက်ကို မြှောက်လိုက်ပြီး သူ့တပ်သားများကို ရှေ့သို့ ဦးဆောင်လိုက်သည်။ သူသည် ရှုကန်းကဲ့သို့ ကံဆိုးလိမ့်မည်ဟု မယုံချင်ပေ။
နောက်ဆုံးတွင် လျော့ရဲစွာ ပြန့်ကျဲနေသော ဓားပြအုပ်စုသည် တရားဝင်စစ်တပ်နှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
...
ဤတစ်ကြိမ်တွင် ဟွမ်ရုံတုသည် မျှော်လင့်ထားသည်ထက် အများကြီးပိုမြန်၍ ပြန်ရောက်လာခဲ့သည်။ သူမျက်နှာသည် ပျာယာခတ်နေသည်မှာ ရှင်းလင်းနေပြီး သူ့အဝတ်အစားများသည် ဖရိုဖရဲဖြစ်နေခဲ့သည်။ သူ့ကံသည် ရှုကန်းထက် ပိုဆိုးပေသည်။
ရှုကန်း၏ အဆုံးသတ်မှ ရဲရဲတောက်နေသောမီးတောက်များသည် အခြားဓားပြများ၏ အာရုံကို ဖမ်းစားသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် လောက်လေးခွများ၊ ဒူးလေးများ၊ အဆိပ်ရှိအငွေ့များကို တပ်ဆင်ထားခဲ့ကြပြီး အခြားတောင်များမှ ဓားပြများနှင့်ပင် ပူးပေါင်းထားခဲ့ကာ သူတို့လမ်းပေါ်သို့ ရောက်လာသည့် မည်သည့်တပ်သားကိုမဆို ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့သည်။
ဤတိုက်ပွဲသည် ခါးသီးသည့် တိုက်ပွဲတစ်ခုဖြစ်ပြီး ဟွမ်ရုံတု၏ လက်အောက်ငယ်သားအတော်များများသည် သူတို့အသက်များကို ဆုံးရှုံးလုနီးပါးပင်။ ဟွမ်ရုံတုပင်လျှင် အဆိပ်သုတ်လိမ်းထားသည့် ဆေဘာဓားချက်အောက်သို့ ကျရောက်လုနီးပါးဖြစ်သွားခဲ့သည်။
အကယ်၍ သူ့လက်အောက်ငယ်သားတစ်ယောက်၏ လျင်မြန်လှသော တုံ့ပြန်မှုနှင့် သူ့အတွက် ထိုဆေဘာဓားချက်ကို ခံယူပေးခဲ့ခြင်းကြောင့်သာမဟုတ်ပါက ဟွမ်ရုံတုသည် ယခုအချိန်တွင် မသန်မစွမ်းဖြစ်နေနိုင်သည်။
လက်ထဲတွင် သူ့အတွက် ဆေဘာဓားချက်ကို ခံယူပေးခဲ့သော သတိလစ်နေသည့် စစ်သားကို သယ်ဆောင်ထားလျက် ဟွမ်ရုံတုသည် အလောတကြီးအော်လိုက်သည်။
"လာကူကွပါဦး"
ကံကောင်းထောက်မစွာဖြင့် ရဲမက်ရှစ်ဆယ်အုပ်စုထဲတွင် ဆေးဆရာအနည်းငယ်ပါနေခဲ့ပြီး ထိုဓားပြများ အသုံးပြုထားသည့် အဆိပ်သည်လည်း ရှားပါးနေခြင်းမရှိခဲ့ပေ။ ထိုစစ်သည်၏ အခြေအနေသည် လျင်မြန်စွာ တည်ငြိမ်လာခဲ့သည်။
သိုသော်လည်း ဤကျရှုံးမှုနှစ်ခုပြီးနောက် ထူးဆန်းသည့် လေထုတစ်ခုသည် စစ်သည်များအကြား ရုတ်တရက်ရစ်ဝဲလာခဲ့ပုံရသည်။ မသိစိတ်ဖြင့် သူတို့သည် ဝမ်ချောင်ကို အကဲခတ်ရန် လှည့်ကြည့်မိလိုက်ကြသည်။
အကယ်၍ ရှုကန်းသည် ပြင်ဆင်ထားသူတစ်ဦးနှင့် တွေ့ဆုံရန် ကံဆိုးခဲ့ပါက ဟွမ်ရုံတုသည်လည်း အလားတူဖြစ်ရန် တိုက်ဆိုင်လွန်းသည်မဟုတ်လော။
ဝမ်ချောင်သည်သာ တစ်ဦးတည်းသော ဖိုးကံကောင်းဖြစ်နေရန်မှာ မယုံကြည်နိုင်စရာပင်။
နေ့ဖက်တွင် အားနည်းသည့် ရန်သူနှင့် တွေ့ဆုံရန်မှာ ကိစ္စတစ်ခုဖြစ်သော်လည်း ညဖက်တွင်လည်း ဖြစ်ပွားရန်မှာ...။ ယခုအထိ သူတို့လေးယောက်တွင် ဝမ်ချောင်တစ်ဦးတည်းသာ မစ်ရှင်ကို အောင်အောင်မြင်မြင် ရှင်းလင်းနိုင်ခဲ့သည်။
ဤနောက်ကွယ်တွင် လှည့်ကွက်များမရှိဟု ယုံကြည်ရန်မှာ ခက်ခဲပေသည်။
'ငါတို့နောက်ထပ်စမ်းကြည့်မယ်။ သုံးရက်မြောက်နေ့မှာ သူ ဒီလိုကံကောင်းနေနိုင်ဦးမယ် လို့ ငါမယုံဘူး။'
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် နောက်ထပ်ကြီးမားသည့် တရုတ်ပါရဆိုသစ်ပင်အောက်တွင် ထိုင်နေသည့် ပြုံးနေသော ဝမ်ချောင်ကို ကြည့်ကာ တွေးလိုက်ကြသည်။
သူတို့၏မာနသည် ခွန်းဝူလေ့ကျင့်ရေးစခန်းမှ တောသားတစ်ဦးထက် နိမ့်ကျရန် ခွင့်မပြုခဲ့ပေ။
သို့သော်လည်း ရှုကန်းနှင့် ဟွမ်ရုံတုတို့၏ ဆန္ဒသည် ဖြစ်မလာခဲ့ပေ။ တတိယမြောက်နေရောက်လာခဲ့ပြီး ဘာမှမပြောင်းလဲသွားခဲ့ပေ။ ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် နောက်ထပ် ကျရှုံးခဲ့ပြီး ဤတစ်ကြိမ်တွင် ပို၍ပင် ကံဆိုးမိုးမှောင်ကျခဲ့ကြသည်။
ရှုကန်းသည် သူ့လုပ်ငန်းစဥ်တွင် သိသောဒဏ်ရာများကိုပင် ခံစားခဲ့ရသည်။
မြို့တော်မှ ပိုဝေးသည့် အနောက်ဘက်သို့ သူတို့ ရောက်လေလေ ဓားပြများသည် ပို၍ သန်မာလာခဲ့လေလေပင်။ လက်ထောက်ကျန်းလင်သည် သူတို့အား ဤကိစ္စကို ကြိုတင်၍ သတိပေးခဲ့သည်။
သို့သော် ဤသို့ဆိုသော်ငြားလည်း ဝမ်ချောင်သည် သူ့ကို ခွဲဝေပေးလာသည့် ဓားပြအသိုက်များကို ရှင်းလင်းနိုင်ခဲ့ဆဲဖြစ်သည်။ သူနှင့် သူ့လူများတွင် ကုတ်ရာခြစ်ရာအနည်းငယ် သို့မဟုတ် ဒဏ်ရာအနည်းငယ်ပင် မရှိခဲ့ပေ။
အခြားသူများသည် သူနှင့်သူ့အဖွဲ့က ဓားပြများကို ငှားရမ်းရန် တောင်ပေါ်တက်သွားခဲ့သည်လောဟုပင် စတင် သံသယဖြစ်လာခဲ့ကြသည်။
"ဒီနေရာမှာ တစ်ခုခုတော့ မှားနေပြီ"
ဝမ်ချောင်သည် သုံးရက်ဆက်တိုက် အံ့မခန်း စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် သူတို့၏ ကွဲပြားမှုများကို ဘေးဖယ်ထားလိုက်ကြပြီး အတူတကွ စုစည်းရန် ဆုံးဖြတ်ခဲ့ကြသည်။
"ဒီကောင် ငါတို့နောက်ကွယ်မှာ တစ်ခုခုလုပ်ထားခဲ့တာ ဖြစ်ရမယ်။"
"အမှန်ပဲ။ သူက အချိန်တိုင်း အားနည်းတဲ့ ဓားပြတွေနဲ့ တွေ့ရလောက်အောင် ဘယ်လိုလုပ် အရမ်းကံကောင်းနိုင်မှာလဲ။ သူက လှည့်ကွက်တချို့ကို အသုံးပြုခဲ့တာဖြစ်ရမယ်။"
ဟွမ်ရုံတုသည် တက်ကြွစွာ ခေါင်းညိတ်လိုက်သည်။ သူ့စကားမှနေ၍ ဒေါသတရားနှင့် ခံပြင်းနာကျည်းခြင်း၏ အရိပ်အယောင်ကို ကြားနိုင်သည်။
ဝမ်ချောင်ပြန်ရောက်လာတိုင်း သူသည် "ငါတွေ့ခဲ့တဲ့ ဓားပြတွေက တခြားသူတွေထက် အားနည်းတယ်" ဟူသော တူညီသည့်ဆင်ခြေကို အသုံးပြုပေလိမ့်မည်။ အစပိုင်းတွင် သူတို့သည် ထိုစကားကို အတည်ယူခဲ့ကြသည်။
သို့သော် ထိုအကြောင်းကို ပြန်စဉ်းစားလိုက်သောအခါ ထိုခွေးကောင်သည် သူတို့ကို လှောင်ပြောင်နေသည်မှာ ရှင်းလင်းလှသည်။
ဤအချက်ကို နားလည်သွားခြင်းက သူတို့ကို ပို၍ပင် ဒေါသထွက်စေခဲ့သည်။
အကယ်၍ ဝမ်ချောင်သည် ရှန်းဝေ သို့မဟုတ် လုံ့ဝေမှ လာခဲ့ခြင်းဖြစ်ပါက သူတို့သည် သူတို့အရှုံးကို အင်တင်တင်ဖြင့် လက်ခံနိုင်ပေသေးသည်။ သို့သော် ထိုသည်မှာ ရိုးရှင်းမနေခဲ့ပေ။ တစ်ဖက်လူသည် အစစ်အမှန်သိုင်းပညာချီစက်ကွင်းကိုပင် မတည်ဆောက်ရသေးသည့် တောသားတစ်ကောင်ဖြစ်သည်ကို စဉ်းစားကြည့်လိုက်ပါ သူတို့သည် သူ့ထက်နိမ့်ကျသည်ကို မည်သို့ လက်ခံနိုင်မည်နည်း။
"ခဏနေသူလှုပ်ရှားတဲ့အခါ ဘာတွေဖြစ်နေသလဲဆိုတာ သိရဖို့ သူ့နောက်ကို လူအနည်းငယ်လွှတ်လိုက်မယ်။"
သူသည် ယခင်က ဤသို့သော ပုံစံဖြင့် လုံးဝမနိမ့်ကျခဲ့ဖူးပေ။ ဤအတွေ့အကြုံသည် သူ့ကို ဒေါသထွက်စေသည်။
"အင်း"
ဟွမ်ရုံတု ခေါင်းညိတ်လိုက်သည်။ ဝမ်ချောင်သည် ဓားပြများကို အနှောက်အယှက်မဖြစ်စေဘဲ လျင်မြန်စွာနှင့် အေးအေးဆေးဆေး သုတ်သင်နိုင်ပုံကို သူလည်း သိချင်နေပေသည်။
တစ်ခဏမျှ ဆွေးနွေးပြီးနောက် သူတို့သည် အသေးစိတ်အစီအစဉ်ဆွဲလိုက်ကြသည်။
သဘောတူညီမှုရရှိပြီးနောက် ဟွမ်ရုံတုသည် မြင်းပေါ်သို့ခုန်တက်ပြီး ဝမ်ချောင်ဆီသို့ စီးသွားခဲ့သည်။ သူသည် အလိုမကျသည့် လေသံဖြင့် စိတ်မရှည်စွာ ညွှန်ကြားလိုက်သည်။
"ဝမ်ချောင် နောက်တစ်ခေါက်ကို မင်းသွားရလိမ့်မယ်။"
"အိုး"
ဝမ်ချောင်၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။ သူတို့ ဆုံးဖြတ်ထားခဲ့သည့် အမှတ်စဉ်အရ နောက်တစ်ခေါက်သည် သူ မဖြစ်သင့်ပေ။ သို့သော် မည်သို့ဆိုစေကာမူ အမှတ်စဉ်သည် သူ့အတွက် အရေးမပါပေ။
"ကောင်းပြီလေ"
ဝမ်ချောင်သည် သူ ယခင်ကအကြိမ်များစွာ ပြုလုပ်ခဲ့သကဲ့သို့ သူ့နောက်ရှိ တပ်သားများကို အချက်ပြလိုက်ပြီး တောင်ပေါ်သို့ ဦးဆောင်တက်သွားခဲ့သည်။ ဝမ်ချောင် ထွက်ခွာပြီး ခဏအကြာတွင် ရှုကန်းသည် သူ့တပ်စုအတွင်းရှိ စစ်သည်တစ်ဦးကို အချက်ပြလိုက်သည်။ ထိုမြင်းစီးစစ်သည်က လျင်မြန်စွာ ထွက်ခွာသွားခဲ့ပြီး ဝမ်ချောင်နှင့် အခြားသူများ ထွက်ခွာသွားသည့်ဘက်သို့ ဒုန်းဆိုင်းသွားခဲ့သည်။
မျက်နှာဖုံးတပ်လူတစ်ယောက်သည် သစ်တစ်ပင်၏ သစ်ခက်များကြားတွင် တိတ်ဆိတ်စွာ ပုန်းကွယ်နေခဲ့သည်။ ထိုလူသည် သူ့ပတ်ဝန်းကျင်ကို သတိတကြီးဖြင့် အနှံ့ကြည့်နေသည့် ဓားပြတစ်ယောက်ဆီသို့ ချဉ်းကပ်လာခဲ့ပြီး သူ့ဓားဖြင့် ထိုဓားပြလည်ပင်းကို လှီးလိုက်သည်။
ဘုန်းး
ထိုဓားပြ၏ မျက်လုံးများသည် အသက်မဲ့သွားခဲ့ပြီး သူ့အလောင်းသည် မြေပေါ်သို့ ဘုန်းခနဲ လဲကျသွားခဲ့သည်။ သို့သော် တောထဲရှိ အဆက်မပြတ်တိုက်ခတ်နေသော လေများကြောင့် ထိုအသံသည် အရမ်းသိသာမနေခဲ့ပေ။
ထိုဓားပြ၏ အလောင်းသည် မြေပေါ်သို့ လဲကျပြီးနောက် မကြာမီ သစ်တောအနှံ့တွင် တူညီသည့် ဘုန်းခနဲလဲကျသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအခိုက်တွင် မာစုန့်သည် ရုတ်တရက် စကားပြောလိုက်သည်။
"အရှင် ကြည့်ရတာ တစ်ယောက်ယောက်က ကျွန်တော်တို့နောက် လိုက်နေပုံပဲ။"
သူသည် အလိုအလျောက် နောက်ပြန်လှည့်ကြည့်လိုက်သည်။
"အိုး အဲလူ ဘယ်မှာလဲ"
ဝမ်ချောင် တည်ငြိမ်အေးဆေးစွာ မေးလိုက်သည်။
"ကျွန်တော်တို့ရဲ့အနောက် ခြေလှမ်းငါးဆယ်အကွာလောက်မှာ ချုံပုတ်တစ်ခုထဲ ပုန်းအောင်းနေတယ်။"
မာစုန့် လေးနက်စွာ ပြန်ဖြေလိုက်သည်။
"ငါသိပြီ။ သူ့ကို ထားလိုက်ပါ။"
ဝမ်ချောင်သည် သူ့လက်ကို သာမန်သာ ဝေ့ယမ်းလိုက်သည်။
"ဒါပေမယ့် အရှင်..."
"စိတ်အေးအေးထားပါ မာစုန့်။ မင်းတွေ့လိုက်တဲ့လူက ရှုကန်းနဲ့ ဟွမ်ရုံတုတို့က စေလွှတ်လိုက်တဲ့ သူလျှိုတစ်ယောက် ဖြစ်ဖို့များတယ်။ သူက ဓားပြတစ်ယောက်သာဆို သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်လိမ့်မယ်လို့ မင်းထင်လား။"
ဝမ်ချောင် အေးအေးလူလူပြောလိုက်သည်။ ထိုကိစ္စကို ဂရုစိုက်မနေတော့ပေ။
မာစုန်သည့် ပြန်မဖြေမီ တစ်ခဏမျှတွေးတောလိုက်သည်။
"ကျွန်တော် သိပြီ ဆိုတော့ ဒါတွေအားလုံးက အရှင့်ရဲ့မျှော်လင့်ချက်ထဲမှာပဲပေါ့။"
ထိုစကားကို ဝမ်ချောင် ပြုံးရုံသာ ပြုံးလိုက်သည်။ သုံးရက်လုံး အရှက်ခွဲခံရပြီးနောက် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် သူတို့ကိုယ်သူတို့ ထိန်းချုပ်ထားနိုင်သေးပါက အံ့ဩစရာဖြစ်ပေလိမ့်မည်။ သူတို့သည် သူ့နောက်သို့ သူလျှိုလွှတ်ရန် အချိန်တစ်ခုသာ လိုမည်ကို ဝမ်ချောင် သိပေသည်။
အပိုင်း ၃၃၂ စိတ်ကြီးဝင်ခြင်း
"ကိုယ့်ကိုယ်ကို ပြင်ဆင်ထားကြပါ။ အရင်ကလိုပဲ ငါတို့တပ်ကို လေးပိုင်းခွဲပြီး ဓားပြတွေ သူတို့အသိုက်ကို သွားရာလမ်းမှာ တပ်စွဲထားတဲ့ ကင်းသမားတိုင်းကို ချေမှုန်းပစ်ရမယ်။ သတိရပါ သူတို့ကို ဘယ်လိုအခွင့်အရေးမှ မပေးနဲ့။ တစ်ယောက်လွတ်သွားတာကတောင် ငါတို့ရဲ့ လုပ်ငန်းစဉ်ကို ကျရှုံးသွားစေနိုင်တယ်။ ဒီလိုဖြစ်လာခဲ့ရင် ငါတို့ ချက်ချင်းဆုတ်ခွာပြီး နောက်မှ သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ တခြားတပ်သားတွေဆီ ထားခဲ့ရမယ်။"
ဝမ်ချောင် ဘေးဘက်သို့ ဝေ့ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်"
မာစုန့် ပြန်ဖြေလိုက်သည်။
တောထဲမှ လာသည့် ပျင်းစရာကောင်းသည့် ဘုတ်ခနဲ လဲကျသံများကို နားထောင်ကာ ဝမ်ချောင် ယောင်ယောင်လေး ပြုံးလိုက်သည်။ ဓားပြများသည် အားနည်းနေနိုင်သည်။ သို့သော် သူတို့ကို ဉာဏ်မရှိဟု ယူဆမိပါက ရူးမိုက်နေခြင်းသာဖြစ်ရပေမည်။
တော်ဝင်ရုံးတော်မှ ဦးဆောင်ခဲ့သည့် ပုံမှန်ရှင်းလင်းရေးများမှ ရှင်သန်လွတ်မြောက်နိုင်ခဲ့သည်မှာ သူတို့သည် သာလွန်ကောင်းမွန်သောခွန်အား သို့မဟုတ် သာမန်မဟုတ်သောသတိများကို ပိုင်ဆိုင်ထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။ သူတို့သည် တော်ဝင်ရုံးတော်၏ တပ်သားများထက် ပို၍သန်မာရန်မှာ မဖြစ်နိုင်သောကြောင့် နောက်တစ်ချက်သာ ဖြစ်ရပေမည်။
ကြွက်များပင်လျှင် သူတို့၏ အသက်အတွက် သူတို့၏ကိုယ်ပိုင်တွင်းကို တူးခဲ့ကြသည်။ ဤဓားပြများဆိုလျှင် ပြောစရာပင်မလိုချေ။
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် လောကအတွေ့အကြုံ နည်းပါးလွန်းသဖြင့် ဤတာဝန်၏ သဘောသဘာဝကို လျှော့တွက်နေခဲ့ကြသည်။ သူတို့သည် သူတို့၏ အကြွင်းမဲ့ခွန်အားဖြင့် ဓားပြများကို အလွယ်တကူဖိနှိပ်နိုင်မည်ဟု တွေးထင်ထားခဲ့ကြသည်။ ထိုအတွေးက သူတို့ကို ကျရှုံးခြင်းဆီသို့ ကျဆင်းသွားစေခဲ့သည်။
အစကတည်းက ဝမ်ချောင်သည် ဤတာဝန်၏ ရည်ရွယ်ချက်မှာ သူတို့၏ အတွေ့အကြုံနှင့် ဉာဏ်အမြော်အမြင်များကို အကဲဖြတ်ရန်ဖြစ်ပြီး ခွန်အားသက်သက်မဟုတ်ကြောင်း သိခဲ့သည်။
တောပုန်းဓားပြများအနေဖြင့် ည မည်မျှနက်ပါစေ သို့မဟုတ် သူတို့၏အဖွဲ့ဝင်များသည် မည်မျှပင်ပန်းနေပါစေ ဓားပြများသည် ရန်သူများကို စောင့်ကြပ်ကြည့်ရှုရန် ကင်းစောင့်များ ထားရှိထားခြင်းကို သေချာစေဦးမည်ဖြစ်သည်။
ဓားပြများ ပုန်းခိုရာနေရာ၏နယ်မြေအတွင်းရှိ ကင်းစောင့်များကို ရှင်းလင်းခြင်းမရှိဘဲ ဓားပြအားလုံးကို ရှင်းလင်းရန်မှာ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် သူတို့ပထမဆုံးအရှုံးကို ခံစားခဲ့ရချိန်တွင် ဤအမှန်တရားကို နားလည်ခဲ့သင့်သည်။ သို့သော် သူတို့သည် အတွေ့အကြုံပြတ်လပ်နေသောကြောင့်ဖြစ်နိုင်သည်။ သို့မဟုတ် ဓားပြများကို အလွန်လျှော့တွက်နေသောကြောင့် ဖြစ်နိုင်သည်။ သူတို့သည် ဤအရေးကြီးသည့် အချက်ကို ကျော်မိသွားခဲ့ကြပြီး သူတို့၏ အရှုံးကို ကံဆိုးခြင်းဆီသို့ အပြစ်ဖို့ခဲ့ကြသည်။
"ကိုယ့်ကိုယ်ကို ပြင်ဆင်ထားကြ"
အပြင်ဘက်ပတ်ဝန်းကျင်ရှိ ကင်းစောင့်များကို ရှင်းလင်းပြီးနောက် သတ်မှတ်ထားသည့် တွေ့ဆုံရာနေရာတွင် တပ်သားများကို ပြန်လည်ဖွဲ့စည်းလိုက်သည်။ ထို့နောက် ဝမ်ချောင်သည် လက်မြှောက်လိုက်ပြီး စခန်းထဲသို့ ချီတက်ရန် အချက်ပြလိုက်သည်။
ဤအချိန်တွင် ဓားပြအများစုသည် အိပ်မောကျနေဆဲဖြစ်သည်။
...
"ဘယ်လို ကင်းသမားတွေဟုတ်လား။"
တောင်ခြေရှိ အဓိကလမ်းမတွင် သူလျှိုဆီမှ တင်ပြချက်ကို လက်ခံရရှိပြီးနောက် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် အံ့အားသင့်စွာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်မိကြသည်။ မစ်ရှင်အစမှနေ၍သူတို့သည် ဤအားနည်းသည့် ဓားပြများကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ကြပေ။
သူတို့ အကြိမ်ပေါင်းမြောက်မြားစွာ မအောင်မြင်ရခြင်းမှာ သူတို့ကို မလိုလားသည့် တိုက်ဆိုင်မှုများ ဆက်တိုက်ဖြစ်နေခြင်းကြောင့်ဟု ထင်မြင်ခဲ့ကြသည်။ သူတို့သည် ဓားပြစခန်းများသို့ သွားရာလမ်းကြောင်းတွင် တွေ့ဆုံခဲ့သည့် ကင်းသမားများကို ရှင်းလင်းခဲ့ကြသော်လည်း ဤရိုးရှင်းသော ဓားပြများသည် သူတို့၏ စခန်းပတ်ပတ်လည်တွင် အစုအပြုံလိုက် ကင်းချထားသည်အထိ သွားထားမည်ဟု သူတို့၏ အဆိုးဆုံးအိပ်မက်များ၌ပင် မမျှော်လင့်ထားခဲ့ကြပေ။
"ဆိုတော့ အဲလိုပေါ့။ အဲကောင်က ငါတို့ကို အဲအကြောင်းမပြောပြခဲ့ဘူးပဲ။"
ဟွမ်ရုံတုသည် ဤရှာဖွေတွေ့ရှိမှုကြောင့် ဒေါသထွက်သွားခဲ့သည်။
ထိုကောင်သည် သူ့ကို ဤကိစ္စအကြောင်း အသိပေးခဲ့ပါက အဆိပ်သုတ်ထားသည့် ဆေဘာဓားသွားထံ သူ့အသက်ဆုံးရှုံးရလုနီးပါးအထိ အလွန်ဆိုးရွားစွာ ကျရှုံးခဲ့မည်မဟုတ်ပေ။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဝမ်ချောင်အပေါ် သူတို့ဆက်ဆံခဲ့သည်များကို သုံးသပ်ကြည့်လိုက်ပါကာ တစ်ဖက်လူသည် သူတို့ကို ဤအကြောင်း သတိပေးသည်အထိ အလွန်ကြင်နာရန်မှာ မဖြစ်နိုင်သည်ကို ဟွမ်ရုံတုလည်း သိပေသည်။
"ဟမ် ဆိုတော့ အဲလိုပေါ့။"
တစ်ဖက်တွင်မူ ဝမ်ချောင်၏ လျှို့ဝှက်ချက်ကို သိရှိပြီးနောက် ရှုကန်းသည် လက်ခါယမ်းလိုက်ပြီး ဆုံးဖြတ်ချက်ပြတ်သားစွာ မတ်တပ်ထရပ်လိုက်သည်။
"ငါကတော့ ဒီမှာ သူ့လက်ထဲမှာ ဘယ်လိုလျှို့ဝှက်ချက်မျိုးတွေ သိမ်းထားသလဲဆိုတာကို သိချင်နေခဲ့တာ။ အခု ဘာတွေဖြစ်ပျက်နေသလဲဆိုတာ သိသွားပြီဆိုတော့ သူ့ရဲ့သားနားတဲ့နေ့ရက်တွေ ကုန်ဆုံးပြီပဲ။"
သူတို့၏ မျက်စိကို ဖုံးကွယ်ထားသော မျက်နှာကာကို ဖယ်လိုက်သကဲ့သို့ပင်။ ယခင်က သူတို့တွင်ရှိခဲ့သည့် ဝမ်ချောင်အပေါ် အထင်အမြင်သေးမှုနှင့်အတူ ယုံကြည်မှုများ သူတို့မျက်နှာပေါ် ပြန်ပေါ်လာခဲ့ကြသည်။
အကယ်၍ သူတို့၏ ကျရှုံးမှုသည် ဤကိစ္စကြောင့်ဆိုပါက သူတို့သည် ဤပြဿနာကို ဖြေရှင်းပြီးသည်နှင့် ဝမ်ချောင်ထက် ပို၍ပင် သာနိုင်လောက်သည်။ အဆုံးတွင် ခွန်းဝူလေ့ကျင့်ရေးစခန်းမှ ထိုတောသားသည် သူတို့ခြေထောက်အောက်တွင် ရှိပေလိမ့်ဦးမည်။
ဒီး ဒါ ဒါ
ထိုအချိန်မှာပင် တောထဲမှ မြင်းခွာသံများထွက်ပေါ်လာခဲ့ပြီး ဝမ်ချောင်နှင့် သူတပ်စုများ သစ်ပင်များကြားမှ ပေါ်လာခဲ့ကြသည်။
"မစ်ရှင်ကို ပြီးမြောက်သွားပြီလား။"
ရှုကန်းမေးလိုက်သည်။
"အင်း"
ဝမ်ချောင် ခေါင်းညိတ်လိုက်သည်။
"ဂုဏ်ယူပါတယ်။"
ရှုကန်း အေးစက်စွာ ကတောက်ကဆတ်ပြောလိုက်သည်။
ဝမ်ချောင် ပြုံးပြလိုက်သည်။ သူ့အကြည့်သည် ရှုကန်းအနောက်ရှိ ညီညာစွာရပ်နေကြသော တပ်စုထဲမှ တိကျသည့်မြင်းစစ်သည်တစ်ဦးအပေါ် တစ်ခဏကျရောက်သွားခဲ့သည်။ သို့သော် သူသည် ထိုကိစ္စကို ထုတ်ဖော်ရန် မရွေးချယ်ခဲ့ပေ။ ထို့အစား သူသည် 'ကျေးဇူး' ဟူသော စကားလုံးနှစ်လုံးကို အမူအရာဖြင့် ပြန်လုပ်ပြလိုက်သည်။
"ကောင်စုတ်လေး မင်းမျက်နှာပေါ်က အပျော်တွေကို ငါဖယ်ရှားလိုက်မယ်။ မင်းရဲ့လှည့်ကွက်လေးတွေကို ငါတို့မသိဘူးလို့ မင်းထင်နေတာလား။ ရှုကန်း အခု ငါတို့အလှည့်ပဲ။"
သူတို့၏မြင်းများသည် ကဆုန်ပေါက်ပြေးသွားခဲ့ကြပြီး သူတို့နောက်တွင် ဖုန်မှုန့်လှိုင်းလုံးကြီး ချန်ထားခဲ့သည်။
...
သူတို့နှစ်ဦးသည် စိတ်ထဲတွင် ကြီးမားသောယုံကြည်မှုနှင့် ရည်မှန်းချက်များဖြင့် ထွက်ခွာသွားခဲ့ကြသော်လည်း ထိုသည်က သူတို့အား ဆိုးရွားသောအခြေအနေဖြင့် ပြန်လာခြင်းမှ မတားဆီးနိုင်ခဲ့ပေ။ အကယ်၍ တစ်ခုခုဆိုပါက သူတို့သည် ယခင်အကြိမ်များထက် ပိုဆိုးပုံပေါ်သည်။
"ဘယ်လိုဖြစ်တာလဲ။ ထောင်ချောက်တွေကို သူဘယ်လိုရှင်းထုတ်ခဲ့သလဲဆိုတာကို မင်းက အာရုံမစိုက်ခဲ့ဘူးလား။"
ရှုကန်းသည် ယခင်က ဝမ်ချောင်နောက်သို့ လိုက်ခဲ့သော မြင်းစစ်သည်ကို စိုက်ကြည့်လိုက်သည်။ သူ့မျက်နှာသည် ဒေါသကြောင့် နီရဲနေခဲ့သည်။ သူသည် သင်ခန်းစာယူကာ ထိုနယ်မြေတစ်ဝိုက် ချထားသော၊ ပုန်းခိုနေသည့် သို့မဟုတ် ပေါ်တင်သွားလာနေသည့် ကင်းထောက်များနှင့် အစောင့်များအားလုံးကို သေသေချာချာ အမဲလိုက်ခဲ့သည်။
သို့သော် နွယ်ပင်များဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့်ထောင်ချောက်တစ်ခုက သူ့ကြိုးစားအားထုတ်မှုကို အချည်းနှီးဖြစ်သွားစေခဲ့သည်။
ထိုမျှသာမကဘဲ အနောက်ဘက်သို့ ဦးတည်လာလေလေ ဓားပြများသည် ပိုမိုရှုပ်ထွေးပြီး ကြောက်မက်ဖွယ်ကောင်းသော ထောင်ချောက်များကို တပ်ဆင်ထားကြကာ သူတို့ကို ကာကွယ်ရန် ပိုမိုခက်ခဲစေသည်။
ထိုအချိန်မှပင် ဓားပြအသိုက်သို့ တိတ်တဆိတ်ဝင်ရောက်လာခြင်းသည် ထိုနေရာအတွင်းရှိ ကင်းစောင့်များကို ရှင်းထုတ်ခြင်းထက် ပိုမိုရှုပ်ထွေးကြောင်း ရှုကန်း တဖြည်းဖြည်းနားလည်လာခဲ့သည်။ နေရာတစ်ခုလုံး ထောင်ချောက်များစွာ ချထားခြင်းသည်လည်း ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်စေခဲ့သည်။
ရှုကန်း၏ ဒေါသတကြီး အကြည့်အောက်တွင် ထိုမြင်းစစ်သည်သည် စိုးရိမ်စွာ ပြန်ဖြေလိုက်သည်။
"ကျွန်တော် ကျွန်တော်လည်း မသိဘူး။ သူတို့က သူတို့ရဲ့ စစ်ဆင်ရေးမှာ ထောင်ချောက်တစ်ခုကိုမှ မနင်းမိခဲ့လို့ ဘာမှသတိမထားမိခဲ့ဘူး။"
သူတို့ကဲ့သို့ မြေပြင်အဆင့် တပ်ဖွဲ့ဝင်များ၏ တစ်ခုတည်းသော တာဝန်မှာ အမိန့်ကို တိကျစွာ လိုက်နာရန်ပင်။ ရှုကန်းသည် ဝမ်ချောင်နောက်သို့ လိုက်ရန် သူ့ကို အမိန့်ပေးခဲ့သည့်အတွက် သူသည် သူ့အမိန့်အတိုင်း လိုက်လုပ်ခဲ့သည်။ ယခုအချိန်၌ ရှုကန်း သူ့ကို မေးနေသည့် အရာမှာ သူတာဝန်ယူထားသည့် နယ်ပယ်ထက် ကျော်လွန်နေခဲ့ပြီဖြစ်သည်။
"သေစမ်းပါကွာ"
ရှုကန်းနှင့် ဟွမ်ရုံတုတို့၏ အမူအရာများ မည်းမှောင်သွားခဲ့ကြသည်။
"ငါတို့ အဲ့ခွေးကောင်ကို လျှော့တွက်ထားခဲ့ကြတာပဲ"
"သူ့မှာ ငါတို့ဆီကနေ ဖုံးကွယ်ထားတဲ့ အခြားလျှို့ဝှက်ချက်တွေရှိသေးတယ်။"
နှစ်ယောက်သား၏မျက်လုံးထဲတွင် နာကြည်းမှုများ လောင်ကျွမ်းသွားခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံးသည် ဓားပြများ၏ လက်ထဲတွင် ကြီးစွာ ဒုက္ခခံစားခဲ့ကြရသည်။ ရှုကန်း ကျရှုံးသွားသည့်အခါ ၎င်းက တိုက်ဆိုင်မှုတစ်ခုသာဖြစ်မည်ဟု ဟွမ်ရုံတုတွေးထင်လိုက်ပြီး သူ၏ သဲကြီးမဲကြီးတိုက်ခိုက်မှုနှင့်အတူ ဆက်လက်လုပ်ဆောင်ခဲ့သည်။ သို့သော် အဆုံးတွင် သူသည် တူညီသည့် အနေအထားဖြင့် အဆုံးသတ်သွားခဲ့သည်။
တရားဝင်ကြေညာထားခြင်းမရှိသည့် ယှဉ်ပြိုင်မှုတွင် သူတို့နှစ်ယောက်စလုံး လုံးဝရှုံးနိမ့်သွားခဲ့သည်။ အောင်နိုင်သူသည် အထင်ကြီးလောက်စရာမရှိသော ဝမ်ချောင်ဖြစ်လာသည်။
...
သူတို့နှစ်ယောက်ပြန်လာသည်ကို ကြည့်ကာ ဝမ်ချောင်သည် မမျှော်လင့်စွာဖြင့် သူ့မြင်းကို ရှေ့သို့ မောင်းနှင်လိုက်ပြီး လက်သီးဆုပ်ကာ သူတို့ကို ကြိုဆိုလိုက်သည်။
"ခင်ဗျားတို့ ပြန်လာကြပြီလား။ ခင်ဗျားတို့ဓားပြတွေကို ရှင်းထုတ်နိုင်ခဲ့ကြပြီလား။"
သူတို့ထွက်မခွာမီ သူတို့၏ စိတ်နေသဘောထားများသည် မည်မျှရွံရှာစရာကောင်းသည်ကို ပြန်အမှတ်ရလိုက်ကာ သူတို့သည် ဝမ်ချောင်၏ စကားကြောင့် ရှက်ရွံ့ပြီး အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် သူတို့သည် လေထဲ၌သာ ပျောက်ကွယ်သွားလိုက်ချင်သည်။
သူတို့ စိတ်ကူးထားခဲ့သည့် အောင်ပွဲဖြင့် ပြန်လာခြင်းသည် ဖြစ်မလာခဲ့ဘဲ လုံးဝဆန့်ကျင်ဘက်အဖြစ်မှန်ကို သူတို့မျက်နှာထဲသို့ ထိုးထည့်လာခဲ့သည်။
"မင်း ဘာတွေ ဒီလောက်ဘဝင်မြင့်နေတာလဲ။ မင်းလုပ်ခဲ့သမျှက ဓားပြဂိုဏ်းအနည်းငယ်ကို ရှင်းပစ်ခဲ့တာပဲ။ အဲဒါက ဂုဏ်ယူစရာဘာရှိလို့လဲ"
ဟွမ်ရုံတု ဘောက်ဆတ်ဆတ်ပြောလိုက်သည်။
ထိုစကားများကို ထုတ်ပြောခြင်းက သူ့ကို ပို၍ပင် အရှက်ရစေသော်လည်း သူ့စိတ်ထဲတွင် ဒေါသများ ဆူပွက်နေသည်မှာ ထိုသည်ထက် ကျော်လွန်နေခဲ့သည်။ အကယ်၍ လက်ထောက်ကျန်းလင်သာ ရှိမနေပါက သူသည် ဝမ်ချောင်ကို သူ့လက်သီးဖြင့် ထိုးခဲ့ပြီးဖြစ်ပေလိမ့်မည်။
"ဟမ်"
တစ်ဖက်တွင်မူ ရှုကန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဘေးမှနေ၍ သူ့လက်အောက်ငယ်သားများကို ဦးဆောင်သွားခဲ့သည်။
"ရှင် ဘာလို့ သူတို့ကို မပြောတာလဲ။"
ဝမ်ချောင် ဘေးမှနေ၍ အသံတစ်ခုပေါ်လာခဲ့သည်။ အံ့ဩစရာကောင်းစွာဖြင့် ပိုင်စီလင်သည် သူ့မြင်းကို စီးနင်းလာခဲ့သည်။
"မင်း ဘာကို ဆိုလိုတာလဲ။"
ဝမ်ချောင်သည် မေးခွန်းထုတ်နေသည့် လေသံဖြင့် ပြန်ဖြေလိုက်သည်။
"သူတို့က ရှင့်ကို ခွန်းဝူလေ့ကျင့်ရေးစခန်းက သာမန်တောသားတစ်ယောက်လို့ ထင်နေကြတယ်။ ရှင် ဘာလို့ ရှင့်ရဲ့ အစစ်အမှန်ဂုဏ်ဒြပ်ကို ထုတ်မပြတာလဲ။"
ပိုင်စီလင်သည် ဝမ်ချောင်ကို ခေါင်းမှခြေဖျားအထိ အကဲခတ်လိုက်ပြီး သူ့အပြုအမူများကို နားလည်နိုင်အောင် ကြိုးစားနေပုံပေါ်သည်။
ဝမ်ချောင်ဆီမှ ရင်းနှီးနေသည့် ခံစားချက်သည် အချိန်နှင့်အမျှ သန်မာလာခဲ့သည်။ သူမသည် သူ့ကို ယခင်က တစ်နေရာရာတွင် တွေ့ခဲ့ဖူးသည်မှာသေချာပေသည်။ သို့သော် သူမ မမှတ်မိနိုင်ဖြစ်နေသည်။
ထို့အပြင် ကိစ္စများကို ကိုင်တွယ်သည့် သူ့နည်းလမ်းသည်လည်း သူမ၏ စိတ်ဝင်စားမှုကို အောင်မြင်စွာ ဖမ်းယူသွားခဲ့သည်။
"ဂုဏ်ဒြပ်လား။ ငါ့ဆီမှာ ဘယ်လို ဂုဏ်ဒြပ်ရှိရမှာလဲ။"
ဝမ်ချောင် မေးလိုက်သည်။ ပိုင်စီလင်၏ စကားကြောင့် ရှုပ်ထွေးသွားပုံပေါ်သည်။
"နိမ့်ကျတဲ့ဇစ်မြစ်ကလာတဲ့လူတစ်ယောက်မှ ရှင်လုပ်သလို ဂုဏ်သရေရှိ ကလန်က သခင်လေးတွေကို ပြောဆိုရဲမှာမဟုတ်ဘူး။"
ပိုင်စီလင် ခေါင်းခါလိုက်သည်။ သူမသည် ဝမ်ချောင်ကို ဖောက်မြင်နိုင်ရန် ကြိုးစားနေသကဲ့သို့ စိုက်ကြည့်နေခဲ့သည်။
"ရှင်က သာမန်လယ်သမားတစ်ယောက်မဖြစ်နိုင်ဘူး။"
"မင်း ဘာအကြောင်းပြောနေသလဲ ငါမသိဘူး။"
ဝမ်ချောင်သည် ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်ပြီး သူ့တပ်ဖွဲ့ဆီ ပြန်သွားလိုက်သည်။ ပိုင်ကလန်မှ ဤအမျိုးသမီးသည် ရှုကန်းနှင့် ဟွမ်ရုံတုတို့ထက် ပို၍ ပါးနပ်ပုံပေါ်သည်။
အကယ်၍ သူသည် သူမနှင့် ဆက်၍ စကားပြောနေပါက သူ့ကိုယ်သူ ဖော်ပြမိမည်ကို သူ စိုးရိမ်ပေသည်။
ဝမ်ချောင်၏ နောက်ကျောကို ကြည့်ကာ ပိုင်စီလင် သက်ပြင်းချလိုက်သည်။ သူမတွင် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် သူတို့ သွားမရှုပ်သင့်သည့် လူတစ်ယောက်ကိုသွားရှုပ်မိခဲ့ပြီ ဟူသော ခံစားချက်ရှိနေပေသည်။
ဤလူသည် သူတို့ကို မကျေမနပ်ဖြစ်နေသည်မှာ ရှင်းလင်းနေပြီး လက်ရှိတွင် သူတို့ကို ကစားနေပေသည်။
သို့သော် သူက ပြောရန် ငြင်းဆန်နေသဖြင့် ပိုင်စီလင် တတ်နိုင်သည့်အရာ ဘာမျှမရှိတော့ပေ။
...
နှစ်ကြိမ်ဆက်တိုက် ကျရှုံးပြီးနောက် ထိုနှစ်ယောက်သည် ထပ်မံမကြိုးစားတော့ရန် ဆုံးဖြတ်လိုက်ကြသည်။ အားလုံးပြီးနောက် သူတို့သည် ဓားပြများကို မည်မျှသတ်ဖြတ်ခဲ့ပါစေ သူတို့၏ မစ်ရှင်ကို မအောင်မြင်ခဲ့ပါက အသုံးမဝင်ပေ။
မကြာမီ ဆက်တိုက်ဆွေးနွေးပြီးနောက် သူတို့သည် ဝမ်ချောင်ဆီသို့ မြှားဦးလှည့်လိုက်ကြသည်။
"ကောင်လေး လာခဲ့စမ်းပါ။ အခု မင်းရဲ့အလှည့်ပဲ။"
ဝမ်ချောင်သည် ထင်းရှူးပင်တွင် မှီနေရင်း အနားယူရန်အလုပ်ရှုပ်နေစဉ် ဟွမ်ရုံတုသည် ရုတ်တရက်လျှောက်လာခဲ့ပြီး လစန္ဒာ၏ တောက်ပသည့် အလင်းရောင်ကို ပိတ်ဆို့လိုက်သည်။
"ခင်ဗျား ဘာကို ဆိုလိုတာလဲ။ နောက်ထပ် ငါ့ရဲ့အလှည့်ပဲလား။"
ဝမ်ချောင်၏ တည်ငြိမ်အေးဆေးသည့် အကြည့်ထဲတွင် ထက်ရှသည့် အလင်းရောင်တစ်ချက်လက်သွားခဲ့သည်။
"အခု မင်းရဲ့ အလှည့်ပဲ။"
ဟွမ်ရုံတုအေးစက်စွာ ပြောလိုက်သည်။
"ငါတော့ အဲလိုမထင်ဘူး။"
ဝမ်ချောင်သည် သူ့ခါးတွင် ချိတ်ဆွဲထားသည့် ပဲစေ့ထုတ်ဆီသို့ နှိုက်လိုက်ပြီး အရိပ်ငယ်လေးကို ကျွေးလိုက်ကာ တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ။"
ဟွမ်ရုံတု ရုတ်ချည်း ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ သူ့ရှေ့ရှိ ထိုကောင်စုတ်သည့် သူ့အမိန့်များကို အမှန်တကယ် ငြင်းဆန်နေပေသည်။
"ငါမှတ်မိတာမမှားရင် ဒီနေ့အတွက် ငါ့အလှည့်က ပြီးသွားခဲ့ပြီ ဟုတ်တယ်မလား။"
ဝမ်ချောင် တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
"စည်းမျဉ်းတွေက ပြောင်းလိုက်ပြီ။ အခု လူတိုင်းအတွက် နှစ်ကြိမ်ဖြစ်သွားခဲ့ပြီ။"
ဟွမ်ရုံတု ချက်ချင်း ပြန်ဖြေလိုက်သည်။ သူသည် ရှုကန်းနှင့် သူ၏ယခင်ဆွေးနွေးမှုများမှ အသေးစိတ်အချက်အလက်များကို ထုတ်ပြောလိုက်သည်။
"အဲလိုလား ဒါဆိုလည်း ငါ ငြင်းဆန်တယ်။"
ဝမ်ချောင်သည် နောက်တစ်ကြိမ် ချက်ချင်း ငြင်းဆန်လိုက်သည်။
"မင်း လုပ်ရဲလား။"
ဟွမ်ရုံတု ဒေါသပေါက်ကွဲသွားခဲ့သည်။ ဤသည်မှာ ဝမ်ချောင် သွားချင်သည့် သို့မဟုတ် မသွားချင်သည့် ကိစ္စမဟုတ်တော့ပေ။ သူ့ကို အမှန်တကယ် ဒေါသထွက်စေခဲ့သည်မှာ ဝမ်ချောင်၏ အေးစက်သည့် သဘောထားဖြစ်သည်။
"ဒါက ဂရုတစိုက် ဆွေးနွေးပြီးနောက် ငါတို့တွေ သဘောတူထားခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုပဲ။ မင်းကြိုက်တာဖြစ်ဖြစ် မကြိုက်တာဖြစ်ဖြစ် မင်း သွားကို သွားရမယ်။ ဒီလိုမှမဟုတ်ရင် ငါ့ကို အဆိုးမဆိုနဲ့။"
ဤစကားလုံးများသည် ဟွမ်ရုံတုစိတ်ထဲတွင် အချိန်အတော်ကြာအောင် အောင့်ထားခဲ့ရသည့် စကားလုံးများဖြစ်သည်။ နောက်ဆုံးတွင် သူတို့ကို ထုတ်ဖော်ရန် အခွင့်အရေးတစ်ခုကို ရှာတွေ့သွားခဲ့သည်။ သူသည် ဤကောင်စုတ်ကို သင်ခန်းစာပေးချင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ခွန်းဝူလေ့ကျင့်ရေးစခန်းမှ တောသားတစ်ယောက်သည် ရှန်းဝေလေ့ကျင့်ရေးစခန်းမှ လက်ရွေးစင်တစ်ယောက်ဖြစ်သည့် သူ့ရှေ့တွင် ဘယ်လိုလုပ် ရိုင်းစိုင်းစွာ ပြုမူရဲသနည်း။
သူတို့သည် ဤကောင်စုတ်ကို ဓားပြများရှင်းလင်းရာတွင် မယှဉ်နိုင်သော်လည်း သူတို့၏ ကျင့်ကြံခြင်းသည် သူ့ထက် အပုံကြီးသာပေသည်။
ဤကောင်စုတ်သည် သူ့အမိန့်များကို ဆက်၍ ငြင်းဆန်နေပါက ထပ်၍စကားဖြင့် ပြောဆိုရန် မလိုအပ်တော့ပေ။ မစ်ရှင်အချိန်အတွင်း သူ၏ခေါင်းမာသည့် အပြုအမူများကို ထည့်သွင်းစဉ်းစားလိုက်ပါက ကျန်းလင်းသည်ပင် သူက သူ့ကို ဆုံးမသည့်အတွက် ဘာမျှ ပြောနိုင်မည်မဟုတ်ပေ။
အပိုင်း ၃၃၃ မျက်ထောင့်နီ
"အခု ငါတို့က မစ်ရှင်ရဲ့ လေးရက်မြောက်နေ့မှာပဲ။ ပထမနေ့ကနေ စရေလိုက်ရင် ငါက ဓားပြဂိုဏ်းလေးခုကို လုံးဝရှင်းလင်းခဲ့ပြီးပြီ သူတို့တစ်ယောက်မှ ငါ့လက်ထဲကနေ မလွတ်သွားခဲ့ကြဘူး။ ငါတို့ ရထားတဲ့ အမိန့်တွေအရ ငါက မစ်ရှင်ရဲ့ ပထမအဆင့်ကို ဖြေရှင်းပြီးလောက်ပြီ။ တစ်နည်းပြောရရင် အမိန့်အသစ်ထပ်မလာမချင်း ငါ့မှာ ဓားပြတွေကို ဆက်ပြီး အမဲလိုက်မလား မလိုက်ဘူးလားဆိုတာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။"
ဝမ်ချောင်သည် ထိုစကားကို ပြောနေစဉ် လက်ခလယ်ထောင်ပြလိုက်သည်။
ဤခွေးကောင်များသည် သူ့ကို အသားယူရန် ကြိုးစားနေသည်မှာ ရှင်းလင်းနေပေသည်။ မည်သို့ဆိုစေကာမူ သူတို့သည် သူ့လက်ခလယ်နောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်ကြလိမ့်မည်မဟုတ်ပေ။
ထိုစကားကို ကြားပြီးနောက် ဟွမ်ရုံတု၏ အမူအရာသည် အေးခဲသွားခဲ့သည်။ ပြန်တွေးကြည့်လိုက်ပါက ဝမ်ချောင်သည် ပထမနေ့ကတည်းက အမဲလိုက်ခြင်းတိုင်းတွင် အောင်မြင်ခဲ့သည်။ သူတို့မစ်ရှင်၏ အချက်အလက်များအရ သူသည် မစ်ရှင်၏ ပထမအဆင့်အတွက် လိုအပ်ချက်များကို ပြီးမြောက်ခဲ့ပြီးဖြစ်သည်။
ဟွမ်ရုံတု ကြိုတင်၍ ပြင်ဆင်ထားခဲ့သည့် စကားများသည် ရုတ်တရက် အဓိပ္ပာယ်မရှိ ဖြစ်လာခဲ့သည်။
"သေစမ်းကွာ"
ဟွမ်ရုံတုသည် မုန်းတီးစွာဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"တခြားမရှိတော့ရင် ဒီနေရာကနေ ထွက်သွားဖို့ ငါ မင်းကို တောင်းဆိုချင်တယ်။ ငါ အနားယူရဦးမယ်။"
အနားယူရန် သစ်ပင်ကို မှီနေသည့် သူ့ကိုယ်ဟန်အနေအထားကို သက်သောင့်သက်သာဖြစ်အောင် ပြင်လိုက်ကာ ဝမ်ချောင်သည် ယင်တစ်ကောင်ကို မောင်းထုတ်နေသကဲ့သို့ သူ့လက်ကို ဝေ့ရမ်းလိုက်သည်။
ဒေါသထွက်နေသော်လည်း ဤအခြေအနေအောက်တွင် ဟွမ်ရုံတုပြောနိုင်သည့်အရာ မရှိတော့ပေ။ ထို့ကြောင့် သူသည် ဒေါသတကြီးထွက်သွားရုံသာ တတ်နိုင်တော့သည်။
ရှုကန်းသည် စကားပြောရန် သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း နောက်ဆုံးတွင် ပြန်ပိတ်လိုက်သည်။ ဤအချိန်တွင် သူ့တွင်လည်း ကမ်းလှမ်းနိုင်သည့်အရာ မရှိတော့ပေ။
...
နောက်ပိုင်းနေ့ရက်များတွင် ရှုကန်း၊ ဟွမ်ရုံတု နှင့် ပိုင်စီလင်တို့သည် သူတို့မစ်ရှင်ပြီးမြောက်ရန် ဆက်လက် ရုန်းကန်ခဲ့ကြသည်။
တစ်ဖက်တွင်မူ ဝမ်ချောင်သည် သိသိသာသာ များစွာပို၍ သက်သောင့်သက်သာဖြစ်နေခဲ့သည်။ အကယ်၍ သူသည် စိတ်ပါပါက လမ်းတစ်လျှောက်ရှိ ဓားပြအချို့ကို ရှင်းလင်းရန် ရွေးချယ်ကောင်းရွေးချယ်နိုင်သည်။ ဤသို့မဟုတ်ပါက သူသည် အနားယူပေလိမ့်မည်။
တော်ဝင်ရုံးတော်သည် မစ်ရှင်၏ ဒုတိယအပိုင်းကို လက်ဆင့်မကမ်းခဲ့သေးသောကြောင့် ဝမ်ချောင်သည်လည်း သူရထားသည့် ငြိမ်းချမ်းရေးကို ပျော်ရွှင်စွာ ခံစားနေခဲ့သည်။
...
တောထဲတွင် မာစုန့်သည် နောက်သို့ ခိုးကြောင်ခိုးဝှက်တစ်ချက်ကြည့်လိုက်ကာ ရုတ်တရက် ပြောလိုက်သည်။
"အရှင် သူတို့ရဲ့လူတွေ ထပ်ရောက်လာကြပြန်ပြီ။"
အမှောင်ရိပ်များကြားတွင် လူပုံရိပ်အတော်များများကို ဝိုးတဝါးမြင်နိုင်သည်။
အစပိုင်းတွင် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် အနည်းငယ် တုံ့ဆိုင်းနေခဲ့ကြသေးပြီး သတိပြုမိသွားမည်ကို စိုးသောကြောင့် အချိန်တစ်ခုအထိ လူတစ်ယောက်သာ စေလွှတ်ခဲ့ကြသည်။ သို့သော် သူတို့၏ ရှက်ကြောများသည် အချိန်နှင့်အမျှ တဖြည်းဖြည်းပျောက်ကွယ်လာခဲ့ကြသည်။ ထို့ကြောင့် သူတို့ ပို့လွှတ်လိုက်သော လူအရေအတွက်သည် တဖြည်းဖြည်း ပို၍ တိုးလာခဲ့သည်။
ဥပမာအနေဖြင့် သူတို့ကို သတိပြုမိသွားခဲ့ပြီဟု သိကြသော လူများရှိသည်။ ထို့ကြောင့် သူတို့သည် သူတို့ပုန်းအောင်းရာနေရာများမှ ထွက်လာရန် ရွေးချယ်ခဲ့ကြပြီး နောက်မှနေ၍ အခြေအနေကို ပေါ်တင်ကြီး လေ့လာကြည့်ရှုခဲ့ကြသည်။
"ဒီမိန်းမ"
ဝမ်ချောင်သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် သူတို့၏ မာနများကို ဆုပ်ကိုင်ထားကြဆဲဖြစ်သည်။ ထို့ကြောင့် သူမ၏ရဲမက်များကို သူ့အား ပေါ်တင်ကြီး လေ့လာကြည့်ရှုရန် အမိန့်ပေးထားသူမှာ ပိုင်စီလင်ပင် ဖြစ်နိုင်ပေသည်။
မောက်မာပြီး အထက်စီးဆန်သည့် ရှုကန်းနှင့် ဟွမ်ရုံတုတို့နှင့်မတူဘဲ ထိုအမျိုးသမီးသည် တည်ငြိမ်အေးဆေး၏။ သူမသည် ထိုနှစ်ယောက်ထက်လည်း များစွာ လိမ္မာပါးနပ်ပေသည်။
"သူတို့ကို ထားလိုက်ပါ။ သူတို့ ပြဿနာမရှာသရွေ့ သူတို့နဲ့ စိတ်အနှောက်အယှက်ဖြစ်စရာမလိုဘူး။"
တောင်ပေါ်သို့ ချီတက်နေစဉ် ထောင်ချောက်များကို ရှင်းလင်းလျက် ဝမ်ချောင် တည်ငြိမ်စွာ ပြောလိုက်သည်။
နောက်မှ မြင်းတပ်သားများသည် သေသပ်သော ပုံစံဖြင့် သူ့ခြေရာနောက် လိုက်လာခဲ့ကြသည်။
စီးနင်းခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသော ဓားပြများအတွက် ထောင်ချောက်များတပ်ဆင်ခြင်းသည် အခြေခံကျွမ်းကျင်မှုဖြစ်သည်။ ရှုကန်းနှင့် အခြားသူများသည် အကြိမ်များစွာ ကြိုးစားပြီးနောက် မအောင်မြင်ခဲ့ရခြင်းမှာ ဓားပြများသည် ထောင်ချောက်မျိုးစုံကို အမြောက်အမြားချထားခဲ့သောကြောင့် ဖြစ်သည်။
တောပုန်းဓားပြများတွင် အပြင်လူများ သိလိမ့်မည်မဟုတ်သော လှည့်ကွက်များရှိသည်။ သို့သော်လည်း ထိုအရာများသည် ဝမ်ချောင်ရှေ့တွင် အနည်းငယ်သာ အသုံးဝင်ခဲ့သည်။
သူ့ကိုယ်ပိုင်ထက် အဆပေါင်းပိုများသည့် တပ်များကို ခုခံရန် ဝမ်ချောင်၏တပ်များသည် သူတို့တတ်နိုင်သမျှ အရာအားလုံးကို အားကိုးခဲ့ကြရပြီး ထောင်ချောက်များသည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်။
ထိုအချိန်က သူတည်ဆောက်ခဲ့သည့် အသေးစိပ်ကျသည့် ထိုအရာများနှင့် နှိုင်းယှဥ်ကြည့်လျှင် ဓားပြများချထားသော ဤအရာများသည် မူလတန်းအဆင့်အဖြစ်သာ သတ်မှတ်နိုင်ပေသည်။
ဝမ်ချောင်သည် သူ့မျက်စိကို မှိတ်ထားခဲ့လျှင်ပင် သူတို့အများစုကို ကျော်ဖြတ်နိုင်မည်ဟု အနည်းငယ်သံသယဖြစ်မိသည်။ နည်းနည်းလေး ပိုစိတ်အနှောက်အယှက်ဖြစ်စရာကောင်းသည့် အရာများသာ တစ်စစီဖြုတ်ရန် သူ အားထုတ်ခဲ့ရသည်။
ဤကိစ္စနှင့်ပတ်သက်၍ သူသည် သူ့လက်အောက်ငယ်သားများကို အမိန့်တစ်ခုတည်းသာ ပေးထားခဲ့သည်။ သူ့ခြေလှမ်းများနောက် တစ်သဝေမတိမ်း လိုက်ပါရန်ဖြစ်သည်။
အကယ်၍ ရှုကန်းနှင့် အခြားသူများသည် သူတို့က နောက်မှနေ၍ သူ့ကို လေ့လာစောင့်ကြည့်ရန် မြင်းစစ်သည်အနည်းငယ်ကို စေလွှတ်ခြင်းဖြင့် ဤစွမ်းရည်ကို ဖော်ထုတ်သိရှိနိုင်မည်ဟု တွေးထင်ထားခဲ့ကြပါက သူတို့သည် အိပ်မက်မက်နေခြင်းဖြစ်သည်။ ဤသည်က အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်နိုင်သည့် မျက်လုံးများ နှစ်ခုစလုံးလိုအပ်သည့် စွမ်းရည်တစ်ခုဖြစ်သည်။
ထောင်ချောက်များဖြင့် ပြည့်နှက်နေသည့် အပိုင်းကိုကျော်ဖြတ်ပြီးနောက် မာစုန့်သည် တောင်ထိပ်သို့ ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
"အရှင် အနက်ရောင်လေပြင်းမုန်တိုင်းဓားပြတွေရဲ့စခန်းက ရှေ့နားလေးတင်ပဲ။ သူတို့ သိမ်းဆည်းထားတဲ့ ရွှေတွေက အဲမှာ ဖြစ်လောက်တယ်။"
လအလင်းရောင်မှိန်ပျပျအောက်တွင် တစ်ယောက်သည် တောင်ထိပ်ရှိ စခန်းတစ်ခုကို ဝိုးတဝါးမြင်နိုင်သည်။
ဤအချိန်တွင် ထိုစခန်းသည် အိပ်မောကျနေဆဲဖြစ်သည်။ ဝမ်ချောင် ဦးဆောင်သည့် တပ်ဖွဲ့က ဤနေရာသို့ ရောက်နေပြီဆိုသည်ကို မည်သူမျှ သတိမပြုမိခဲ့ကြပေ။
"ဒါဆိုလည်း ငါတို့တွေ ဟန်ကြီးပန်ကြီးလုပ်နေစရာမလိုတော့ဘူး။ ရွှေတွေကို သွားပြီး သိမ်းဆည်းကြရအောင်။"
ဝမ်ချောင်၏ နှုတ်ခမ်းထက်တွင် အပြုံးရိပ်လေး တွဲခိုလာသည်။
သူသည် ပထမမစ်ရှင်ကို ဖြေရှင်းပြီးနောက် အားအားယားယားမနေခဲ့ပေ။
ပိုးထည်လမ်းမမှနေ၍ ကြီးမားသည့် ကြွယ်ဝချမ်းသာမှုကို ရရှိနိုင်သည်။ ဓားပြများကို ရှင်းလင်းနေစဉ် သူသည် ဤနေရာရှိ အခြေအနေကို စစ်ဆေးနေခဲ့သည်။ မြို့တော်နှင့် အနီးတဝိုက်ရှိ ဓားပြများသည် ဂိုဏ်းဟောင်းများကို ဖယ်ရှားပြီးနောက် အသစ်တက်လာသော ဂိုဏ်းသစ်များဖြစ်ပုံရသည်။ ထို့ကြောင့် သူတို့၏ ပိုက်ဆံအိတ်များသည် ယခုထိမပြည့်ကြသေးပေ။
သို့သော် အနက်ရောင်လေပြင်းမုန်တိုင်းဓားပြများသည်တော့ မတူပေ။ သူတို့သည် လတ်တလောမှ ဟူကုန်သည်အုပ်စုတစ်ခုကို ဓားပြတိုက်ထားခဲ့ကြပြီး ထိုသူတို့ဆီမှ ရွှေများ၊ ပုလဲများနှင့် အဖိုးတန် အသုံးအဆောင်ပစ္စည်းများကို အတော်များများရရှိထားခဲ့သည်။
ဓားပြအများစုသည် သူတို့ခိုးယူထားသော ကုန်ပစ္စည်းများကို ရှင်းထုတ်ပစ်ရန် လမ်းကြောင်းများ ရှိကြပြီး အနက်ရောင်လေပြင်းမုန်တိုင်းဓားပြများသည် သူတို့ပိုင်ဆိုင်မှုများကို ရွှေဖြင့် ရောင်းချပြီးဖြစ်သည်။
တစ်နည်းဆိုရသော် သူတို့သည် ယခုအချိန်တွင် ချမ်းသာကြွယ်ဝမှု၏ ရတနာသိုက်ဖြစ်သည်။
ဝမ်ချောင်သည် ဤကဲ့သို့ ကောင်းမွန်သည့် အခွင့်အရေးကို မည်သို့ လက်လွတ်ခံနိုင်မည်နည်း။
အဆုံးတွင် လတ်တလော၌ သူ့တွင် ပိုက်ဆံအသုံးချစရာနေရာများစွာ ရှိသေးသည်။
...
ဒီးဒါဒါ
ဝမ်ချောင်သည် ရွှေသေတ္တာတစ်လုံးစီသယ်ဆောင်ထားကြသော သူ့တပ်သားနှစ်ဆယ်နှင့်အတူ ပြန်လာသောအခါ လူတိုင်း၏ မျက်လုံးများသည် အံ့အားသင့်စွာ ပြူးကျယ်သွားခဲ့ကြသည်။
သေတ္တာပေါ်တွင် အဖုံးများမရှိပေ။ ထို့ကြောင့် လစန္ဒာ၏ အလင်းရောင်အောက်တွင် တောက်ပသည့် ရွှေရောင်အဆင်းများ တောက်ပနေခဲ့သည်။
'ရွှေတွေ'
များပြားလှသော ပမာဏကို သုံးသပ်ရလျှင် ထိုနေရာတွင် အနည်းဆုံး ရွှေပြားတစ်သိန်း ရှိသည်။ စစ်ဆင်ရေးတစ်ခုပြီးနောက် ဝမ်ချောင်သည် များပြားလှသည့် ရွှေများနှင့်အတူ ပြန်လာလိမ့်မည်ဟု မည်သူ တွေးထားမိမည်နည်း။
ထိုခဏမှာပင် ရှုကန်းနှင့် ဟွမ်ရုံတုတို့၏ မျက်နှာများသည် မနာလိုမှုဖြင့် အစိမ်းရောင်ပြောင်းသွားခဲ့ကြသည်။
ရှုကလန်နှင့် ဟွမ်ကလန်တို့သည် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းများတွင် အတော်အသင့်ဂုဏ်သိက္ခာကြီးမားကြသည်။ သူတို့နှစ်ဦးစလုံးကို လုံ့ဝေနှင့် ရှန်းဝေထဲသို့ ဝင်ရောက်နိုင်စေခဲ့သည့် အချက်မျှပင် ထိုအရာကို များစွာ ထင်ဟပ်ပြသနေခဲ့သည်။
သို့သော်လည်း သူတို့ကလန်၏ ချမ်းသာကြွယ်ဝမှုသည် သူတို့ကိုယ်ပိုင် ကြွယ်ဝမှုနှင့် ခြားနားပေသည်။
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် စခန်းအချို့ကို သူတို့ကိုယ်တိုင် ဝင်ရောက်စီးနင်းခဲ့ကြပြီး တစ်ကြိမ်လျှင် ဓားပြအနည်းငယ် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း သူတို့ကို ချေမှုန်းရာတွင် အောင်မြင်ခဲ့ကြဆဲဖြစ်သည်။
သို့သော် သူတို့၏ များစွာသော စစ်ဆင်ရေးများတွင် သူတို့သည် ပိုက်ဆံအနည်းငယ်မျှပင် လုံးဝမရရှိခဲ့ကြပေ။ တစ်ဖက်တွင်မူ ဝမ်ချောင်သည် လက်ရှိ၌ စစ်ဆင်ရေးတစ်ခုအပြီးတွင် သူနှင့်အတူ ရွှေပြားတစ်သိန်းထိုက်တန်သော ချမ်းသာကြွယ်ဝမှုကို သယ်ဆောင်လာခဲ့သည်။
သူတို့နှစ်ဦးစလုံးသည် မည်ကဲ့သို့ မနာလိုဘဲနေမည်နည်း။
"ကောင်လေး မင်းရဲ့ရွှေတွေကို ဘယ်ကနေရလာခဲ့တာလဲ။"
ဟွမ်ရုံတုသည် သူ့မြင်းကို ရှေ့သို့ မောင်းနှင်လိုက်ပြီး မေးလိုက်သည်။ သူသည် သူ့ကိုယ်သူ တည်ငြိမ်စေရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။ သို့သော် သူသည် သူ့မျက်နှာပေါ်တွင် မနာလိုမှုများပေါ်လာခြင်းမှ ဟန့်တားရန် မတတ်နိုင်ဖြစ်နေခဲ့ဆဲဖြစ်သည်။ ထိုကောင်လေးသည် အလွန်မှ ကံကောင်းနေခဲ့သည် မဟုတ်လော။
"သေချာပေါက် ဓားပြစခန်းကနေရလာခဲ့တာပေါ့။"
ဝမ်ချောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူသည် ဤအချိန်၌ ဟွမ်ရုံတု ဘာလုပ်မည်ကို နားလည်ထားပုံပေါ်သည်။
"မင်းက ဒါကို ဓားပြပုန်းခိုရာနေရာကနေရလာခဲ့တာကြောင့် ဒါကို တိုက်ပွဲရဲ့အမြတ်အစွန်းအဖြစ် ယူဆလို့ရတယ်။ စည်းမျဉ်းတွေအရ မင်းက ဒါကို တော်ဝင်ရုံးတော်ဆီ လက်လွှဲရင် လက်လွှဲ ဒါမှမဟုတ် ငါတို့လေးယောက်ကြား ခွဲဝေပေးရမယ်။"
ဟွမ်ရုံတုသည် စကားပြောနေစဉ် သူ့မျက်လုံးများသည် မခံနိုင်ဘဲ ဘေးနားရှိ ပြိုးပြိုးပြက်ပြက်လက်နေသော ရွှေသေတ္တာဆီသို့ ရောက်သွားခဲ့သည်။
လူတစ်ယောက်သည် ပိုက်ဆံရှာရန် ပင်လယ်ရေအောက်သို့ ဆင်းသွားခဲ့သော်လည်း သေးငယ်သည့် ငွေပမာဏသာရရှိခဲ့သည်။ သို့သော် ထိုလူသည် အိမ်ပြန်လမ်းတွင် ကံကောင်းထောက်မစွာဖြင့် ရွှေများဖြင့် ပြည့်နေသည့် သတ္တာတစ်လုံးကို ရယူနိုင်ခဲ့ပြီး သန်းကြွယ်သူဌေးဖြစ်လာခဲ့သည့် သူတောင်းစားတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။
ထိုသည်မှာ လက်ရှိတွင် ဟွမ်ရုံတု ခံစားနေရသည့်အရာ အတိအကျပင်။(PS/ဝမ်ချောင်က သူတောင်းစား သူက ဟိုလူပေါ့)
အကယ်၍ ဝမ်ချောင်သည် ထိုသည်ကို လက်ခံခဲ့ပါက သူတို့သည် ငွေပမာဏကို ခွဲဝေကြပေလိမ့်မည်။ ထိုသို့မဟုတ်ပါက ၎င်းကို အရာရှိများထံ ပေးအပ်ရမည်ဖြစ်ပြီး သူသည်လည်း ဘာမျှ ရလိမ့်မည်မဟုတ်ပေ။
"အဟက် တော်ဝင်ရုံးတော်က မိန့်ကြားထားတဲ့ ညွှန်ကြားချက်တွေထဲမှာ ဓားပြဂိုဏ်းတွေကို သုတ်သင်ဖို့ပဲ ဖော်ပြထားတယ်။ ဓားပြတွေဆီက တိုက်ပွဲရဲ့အကျိုးအမြတ်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို ဖော်ပြထားတဲ့ စာကြောင်းကို ငါ ဘယ်နေရာမှာမှ မတွေ့မိဘူး။ အဲ့လိုဖြစ်လို့ ရွေးချယ်မှုက တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်သင့်တယ် လက်ထောက်ကျန်း ကျွန်တော်ပြောတာမှန်တယ်မလား။"
ဝမ်ချောင်သည် လက်ထောက်ကျန်းဆီသို့ လှည့်လိုက်ပြီး မေးလိုက်သည်။
တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကျန်းလင် ခေါင်းညိတ်လိုက်သည်။
"အဲဒါက... ဟုတ်တယ် မင်းမှန်တယ်။"
သူသည်လည်း ဤစစ်ဆင်ရေးမှ ဝမ်ချောင်သည် ဤကဲ့သို့ကြီးမားသည့် အကျိုးအမြတ်ကို ရရှိမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း တော်ဝင်ရုံးတော်သည် တိုက်ပွဲမှရရှိသော အကျိုးအမြတ်များနှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းရန် စံသတ်မှတ်ချက်တစ်ခု မသတ်မှတ်ထားသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်ပြောသည်မှာ မမှားပေ။
"တော်ဝင်ရုံးတော်က ဘယ်လိုစည်းမျဥ်းမှ မထုတ်ထားခဲ့တဲ့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ရမှာကို ငါစိုးရိမ်မိတယ်။ ခွင့်လွှတ်ပါ ဟွမ်ရုံတု လမ်းဖယ်ပေးဦး မင်း ငါ့လမ်းကို ပိတ်နေတယ်။"
ဝမ်ချောင် လက်ဝေ့ယမ်းလိုက်ပြီး ရယ်မောလိုက်သည်။
"ခွေးကောင်"
သူ့လက်သီးများကို တင်းတင်းဆုပ်ထားကာ ဟွမ်ရုံတုသည် သူ့နှုတ်ခမ်းများ တဆတ်ဆတ်တုန်နေသည်အထိ အလွန်ဒေါသထွက်နေခဲ့သည်။ ကျန်းလင်သည် အလွန်မှ တဲ့တိုးဆန်လှသည်။ တစ်ဖက်လူသည် ဤကိစ္စတွင် အနည်းဆုံး သူနှင့် ပူးပေါင်းလိမ့်မည်ဟု သူ တွေးထင်ထားခဲ့သည်။
သူသည် ဤကောင်စုတ်လေးကို အလွန်ရိုးသားစွာ ပြန်ဖြေလိမ့်မည်ဟု မည်သူသိမည်နည်း။
'သေစမ်းပါကွာ'
တစ်ဖက်တွင်မူ မမျှော်လင့်စွာဖြင့် ရှုကန်းသည် ဤကိစ္စတွင် အလွန်မှ တည်ငြိမ်နေခဲ့သည်။
"စိတ်မပူပါနဲ့ ဒီကောင်လေးက ဓားပြတွေဆီကနေ ဒီလိုစည်းစိမ်ဥစ္စာကို ရရှိနိုင်တာကြောင့် ငါတို့လည်း အမြဲတမ်း အလားတူလုပ်နိုင်တယ်။ ဒီအကြောင်းပြောရရင် ဒီကောင်လေးက ငါ့ကို တစ်ခုခုကို သတိရစေခဲ့တာပဲ။ ဖြစ်နိုင်တာက ငါတို့ဟာ ဒီမစ်ရှင်ကနေ မမျှော်လင့်ထားတဲ့ ဆုလာဘ်အချို့ ရနိုင်တယ်။"
လမ်းတစ်လျှောက်လုံးတွင် သူသည် မစ်ရှင်အကြောင်းနှင့် ဓားပြများကို သူ မည်သို့ ကိုင်တွယ်ရမည်ကို စဉ်းစားခြင်းဖြင့် အာရုံဝင်စားနေခဲ့သည်။ ဓားပြများဆီမှ ပိုက်ဆံရယူမည့်အတွေးမျိုး သူ့စိတ်ထဲ လုံးဝ ဝင်မလာခဲ့ပေ။ ထို့ကြောင့် ပြီးခဲ့သည့် စစ်ဆင်ရေးများတွင် သူသည် ဓားပြများ၏ ပုန်းခိုရာနေရာများကို မွှေနှောက်ရှာဖွေခြင်းပင် မပြုခဲ့ပေ။
သို့သော် ဤကိစ္စကြောင့် သူသည် ပြဿနာတစ်ခုကို သဘောပေါက်သွားခဲ့သည်။
ဓားပြမှုဖြင့် အသက်မွေးဝမ်းကျောင်းပြုသော ဓားပြအချို့တို့သည် သူတို့၏ နေရာများအတွင်း ကြီးမားသော စည်းစိမ်ဥစ္စာများကို စုဆောင်းထားရပေမည်။
သူသည်လည်း ဤနေရာမှ ရွှေပြားတစ်သိန်းကို ရရှိခဲ့ပါက ဤစစ်ဆင်ရေးမှ လုံလောက်သည့် အကျိုးအမြတ်များထက် ပို၍ ရိတ်သိမ်းရရှိခြင်းဖြစ်မည်။ ရှုကလန်အတွက်ပင် ထိုသည်မှာ ကြီးမားသည့် ဝင်ငွေဖြစ်ပေလိမ့်မည်။
ရှုကန်း စိတ်လှုပ်ရှားသွားခဲ့သည်။ ခွန်းဝူလေ့ကျင့်ရေးစခန်းမှ ထိုလူငယ်သည် သူ့ကို ကိစ္စများစွာတွင် ဉာဏ်အလင်းပွင့်စေခဲ့သည်ဟု ဆိုရပေမည်။
"ဟွမ်ရုံတု စစ်ဆင်ရေးပြီးတဲ့အခါ တိုက်ပွဲအကျိုးအမြတ်နဲ့ ပတ်သက်တဲ့ကိစ္စကို ထုတ်မပြောနဲ့။ ဒါက သူ့အတွက် အကျိုးရှိသလောက် ငါတို့အတွက်လည်း အကျိုးရှိတယ်။"
ရှုကန်း သူ့ကို ပြောလိုက်သည်။
ဟွမ်ရုံတုသည် ခေါင်းမညိတ်မီ တစ်ခဏမျှ စဉ်းစားလိုက်သည်။
"ဒါက... နားလည်ပါပြီ။"
ပင်ကိုယ်အားဖြင့် သူသည်လည်း ဤအရာမှ ရရှိမည့် အကျိုးအမြတ်များကို နားလည်ပေသည်။ ထို့ကြောင့် သူသည် ဤသို့သော အခွင့်အရေးကို ဘာကြောင့် ဖျက်စီးရမည်နည်း။
ရှုကန်းသည် သူ့အကြည့်ကို ပိုင်စီလင်ထံသို့ ပြောင်းလိုက်ပြီး မေးလိုက်သည်။
"ပိုင်စီလင် မင်းကရော"
သူသည် ဘာမှမပြောခဲ့ခြင်းမှာ စစ်ဆင်ရေးတစ်လျှောက် သူမသည် ထိုလူနှင့် တဖြည်းဖြည်းနီးကပ်လာနေသည်ကို သူ မသိ၍မဟုတ်ပေ။
ဤသည်က စစ်ဆင်ရေးအစပိုင်းရှိ သူမနှင့် အလွန်ကွာခြားပေသည်။
------------------------
အပိုင်း ၃၃၄ ပိုင်စီလင်၏ အမြင်
"အာ"
ပိုင်စီလင်အံ့အားသင့်သွားခဲ့သည်။ ရှုကန်းသည် ဤကိစ္စနှင့် ပတ်သက်၍ သူမကို မေးလာမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း လူအနည်းစုသာ ပိုင်ဆိုင်သည့် လှပပြီး ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ခုသည် သူမနှုတ်ခမ်းထက်တွင် လျင်မြန်စွာ အစားထိုးလာခဲ့ကာ သူမ ပြန်ဖြေလိုက်သည်။
"စိတ်မပူပါနဲ့ ကျွန်မ ရှင့်ရဲ့အစီအစဉ်တွေကို မဖျက်ဆီးပါဘူး။"
"ကောင်းတယ်"
ရှုကန်းခေါင်းညိတ်လိုက်ပြီး တိတ်ဆိတ်သွားခဲ့သည်။
...
မကြာခဏဆိုသလို လက်တွေ့ဘဝသည် လူတစ်ဦးမျှော်လင့်ထားသကဲ့သို့ ဖြစ်လာလိမ့်မည်မဟုတ်ပေ။
ဓားပြများ၏ ကာကွယ်ရေးအစီအရင်များကို ဝမ်ချောင်က မည်သို့ ဖြတ်ကျော်နိုင်ခဲ့သည်ကို စောင့်ကြည့်လေ့လာရန် အတော်အတန်ကြီးမားသည့် မြင်းစစ်သည်အဖွဲ့ စေလွှတ်နေခဲ့သော်ငြားလည်း ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် ထောင်ချောက်များဆီသို့ အကြိမ်တိုင်း မပျက်မကွက် ဆက်တိုက်ကျဆင်းနေဆဲဖြစ်သည်။
ထိုသည်မှာ သူတို့သည် ဤစွမ်းရည်ကို ဘယ်တော့မှ မကျွမ်းကျင်ရန် ကံကြမ္မာက သတ်မှတ်ထားခဲ့သကဲ့သို့ပင်။
ဓားပြများ တပ်ဆင်ထားသော ထောင်ချောက်များသည် ပုံသဏ္ဍာန်များနှင့် အရွယ်အစားများ အားလုံး ပါဝင်လာခဲ့သည်။ အချိန်တိုင်းတွင် မထင်မှတ်ထားသော အရာတစ်ခုသည် သူတို့ဆီသို့ ခုန်ဝင်လာခဲ့မည်ဖြစ်ပြီး သူတို့၏ စစ်ဆင်ရေးကို ပျက်ပြားစေပေလိမ့်မည်။ သို့သော် အကြောင်းပြချက်အချို့ကြောင့် ဤထောင်ချောက်များသည် ဝမ်ချောင်ဆီသို့ လုံးဝ ခုန်ဝင်မလာခဲ့ပေ။
ဤသည်က သူတို့နှစ်ဦးကို အလွန်ခံပြင်းသွားစေခဲ့သည်။ အားလုံးပြီးနောက် မည်သည့် ဂုဏ်သရေရှိကလန်က သူတို့မျိုးဆက်ကို အဆင့်နိမ့်ပြီး စက်ဆုပ်ဖွယ်ကောင်းသည့် ထောင်ချောက်တပ်ဆင်ခြင်းပညာရပ်ကို သင်ကြားပေးခဲ့လိမ့်မည်နည်း။ ထို့ကြောင့် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် ဤကဲ့သို့သောကိစ္စမျိုးနှင့် တစ်ခါမျှ မထိတွေ့ခဲ့ကြဖူးပေ။
ဆန့်ကျင်ဘက်အနေဖြင့် ၎င်းသည် ထိုကဲ့သို့သောစွမ်းရည်များကို ပိုမိုနားလည်ကြောင်း ဝါကြွားထားကြသည့် နိမ့်ကျသော မုဆိုးများနှင့် သာမန်ပြည်သူများအတွက် သာမန်သာဖြစ်သည်။ ဤသို့ဖြင့် ဝမ်ချောင်၏ ထူးချွန်ပြောင်မြောက်သော စွမ်းဆောင်မှုသည် သူ၏နိမ့်ကျသော ဇစ်မြစ်အပေါ် သူတို့၏ သဘောထားကို ပိုမိုအားဖြည့်စေခဲ့ပြီး သူ့အပေါ် သူတို့၏ မနှစ်သက်မှုကို ပို၍ နက်ရှိုင်းစေခဲ့သည်။
သေချာပေါက်ပင် ထိုသည်မှာ တစ်ခုတည်းသော အကြောင်းပြချက် မဟုတ်သေးပေ။ အကြီးမားဆုံးအရာမှာ သူတို့သည် ဓားပြဂိုဏ်းခြောက်ခုကို ဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း ဘာမျှ မရခဲ့ကြပေ။
သူတို့၏ အကြီးမားဆုံး ရရှိခြင်းမှာ ငွေပြား ရှစ်ဆယ်မျှသာ ဖြစ်သည်။
ထို့အပြင် သူတို့၏ အနာများကို ဆားဖြူးလိုက်သကဲ့သို့ပင်။ ထိုအတောအတွင်း ဝမ်ချောင်တိုက်ခိုက်ခဲ့သော ဓားပြဂိုဏ်းနှစ်ခုသည် သူ့ကြွယ်ဝချမ်းသာမှုကို ပို၍ ထပ်တိုးလာစေခဲ့သည်။ ထို့ကြောင့် သူ၏ စုစုပေါင်းရရှိခြင်းကို ရွှေပြားသုံးသိန်းအထိ တိုးသွားစေခဲ့သည်။
ဤအရာရှေ့တွင် သူတို့နှစ်ဦးသည် မည်သို့ တည်ငြိမ်၍ နေနိုင်မည်နည်း။
အစပိုင်းတွင် တည်ငြိမ်နေခဲ့သော ရှုကန်းပင်လျှင် သူ့သမာဓိကို စတင်ဆုံးရှုံးလာခဲ့သည်။ စစ်ဆင်ရေးတစ်ခုပြီးနောက် လူတိုင်းအတူတကွစုစည်းကြသည့်အချိန်တိုင်း သူတို့ကို ဝမ်ချောင် ကြည့်မနေခဲ့သည့်တိုင် ဝမ်ချောင်၏ အထင်သေးပြီး အဖက်မတန်သည့် အကြည့်ကို သူတို့ ခံစားကြရပေလိမ့်မည်။
"ရှင်တို့ကို ကျွန်မ အကြံတစ်ခုပေးခွင့်ပြုပါ။ တကယ်လို့ ရှင်တို့က သူ့ကို ဆက်ပြီးအထင်သေးနေကြဦးမယ်၊ သူက ခွန်းဝူလေ့ကျင့်ရေးစခန်းက နိမ့်ကျတဲ့ဇစ်မြစ်နဲ့ တပ်သားတစ်ယောက်သာသာပဲ လို့ ထင်နေကြဦးမယ်ဆိုရင် အနာဂတ်မှာ ရှင်တို့တွေ ပိုပြီးတော့ အရှက်ကွဲကြရလိမ့်မယ်။"
အနည်းငယ်အေးစက်ပြီး မောက်မာသည့် အမျိုးသမီးအသံတစ်ခုသည် ဤနေရာတွင် ထွက်ပေါ်လာခဲ့သည်။ လှည့်ကြည့်စရာမလိုဘဲ ဤစကားများသည် ပိုင်စီလင်ထံမှ လာခဲ့သည်ကို သူတို့ ပြောနိုင်ပေသည်။
အားလုံးပြီးနောက် သူမသည် ဤနေရာတွင် သူတို့ကို ထိုသို့သော မောက်မာသည့် လေသံဖြင့် ပြောဆိုနိုင်သော တစ်ဦးတည်းသောလူ ဖြစ်သည်။
"ပိုင်စီလင် မင်း အဲကောင်စုတ်ကို အရမ်းကြိုက်နေရင်လည်း ဘာလို့ သူ့ဆီမသွားတာလဲ။ ဘာလို့ မင်းရဲ့အချိန်ကို ငါတို့ဆီမှာ လာဖြုန်းတီးနေရတာလဲ။"
ဟွမ်ရုံတု သူမကို အေးစက်စွာ လှောင်ပြောင်လိုက်သည်။
ထိုအမျိုးသမီး၏ စကားသည် သူ့နားထဲတွင် ကန့်လန့်ဖြစ်နေပြီး သူတို့ကို သူ မကြားချင်ပေ။ အကယ်၍ သူမ၏ ထူးချွန်ပြောင်မြောက်သည့် စွမ်းရည်နှင့် အားကောင်းသည့် နောက်ခံကြောင့်မဟုတ်လျှင် သူသည် သူမကို လက်ပါမိနိုင်သည်။
ပိုင်စီလင်သည် သူမ၏ ဆံပင်များကို နားထင်နောက်သို့ သပ်လိုက်ကာ အေးစက်စွာ ပြန်ဖြေလိုက်သည်။
"ဟမ် ဟွမ်ရုံတု နင်က သေချာပေါက်အရူးတစ်ကောင်ပဲ။ ကျွန်မက ရှင်တို့ကို သနားလို့ အကြံတစ်ခုပေးနေတာ။ ဒါပေမယ့် ရှင်က ရှင့်ရဲ့မာနအတွက်နဲ့ ကျွန်မရဲ့စေတနာကို စော်ကားဖို့ ရွေးချယ်တယ်။ ရှင်က ရှင့်ရဲ့ကလန်မှာ ရှင့်ရဲ့ဒုတိယညီအစ်ကိုကို မယှဉ်နိုင်ခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူး။"
"မင်း...."
ဟွမ်ရုံတု၏ မျက်လုံးများသည် ဒေါသကြောင့် ပြူးကျယ်သွားခဲ့သည်။ ဤမိန်းမသည် အတော်လေးလွန်သွားခဲ့ပြီဖြစ်သည်။ ကလန်၏ အမွေဆက်ခံမှုအပေါ် ပြိုင်ဆိုင်မှုသည် ပုံမှန်ဖြစ်ပြီး ဤကိစ္စသည် သူ့နှလုံးသားထဲတွင် အမြဲတမ်း ဆူးတစ်ချောင်းဖြစ်နေခဲ့သည်။ သို့တိုင် ဤမိန်းမသည် သူ့ကို အရှက်ခွဲရန် ၎င်းကို လူကြားထဲ အမှန်တကယ် ထုတ်ပြောဝံ့ခဲ့သည်။
"လုံလောက်ပြီ။"
ဟွမ်ရုံတုက သူ့လက်သီးကို မြှောက်လိုက်ရန် ပြင်လိုက်စဉ်မှာပင် ဘေးတွင် တစ်လျှောက်လုံးထိုင်နေခဲ့သည့် ရှုကန်းသည် ရုတ်တရက် ပြတ်သားစွာ ကြားဝင်လိုက်သည်။
"ဟွမ်ရုံတု မင်း အမျိုးသမီးတစ်ယောက်နဲ့ တိုက်ခိုက်ဖို့အထိ သွားတော့မလို့လား။"
ဟွမ်ရုံတု၏ အမူအရာသည် တစ်ခဏမျှ အေးခဲသွားခဲ့သည်။ သူသည် ပိုင်စီလင်နှင့် တိုက်ခိုက်ရန် စိတ်မပူပေ။ သို့သော် ရှုကန်းနှင့်ဆိုပါက သူ နှစ်ခါပြန် စဉ်းစားရပေလိမ့်မည်။
ရှုကန်းသည် သူ့ရှေ့ရှိ လှပသည့် မိန်းမပျိုကို ကြည့်လိုက်ပြီး မထုံတတ်သေး မေးလိုက်သည်။
"ပိုင်စီလင် မင်း ဒီနေရာကို ငါတို့ကို စော်ကားဖို့သက်သက်ရောက်လာခဲ့လိမ့်မယ် ငါ မထင်ဘူး။ မင်းက ဘာကို ထောက်ပြချင်နေတာလဲ။"
"မဆိုးဘူး ရှင်က ရှင့်သူငယ်ချင်းထက် ပိုပြီး ထက်မြက်တဲ့ပုံပဲ။ ကျွန်မ ရှင်တို့ဆီ တစ်ခုခုကို ထောက်ပြသင့်လား မသင့်ဘူးလားဆိုပြီး တွေဝေနေခဲ့တာ။ ဒါပေမယ့် ရှင့်ရဲ့စကားကြောင့် ကျွန်မရှင်တို့ကို အကြံအနည်းငယ်ပေးသင့်တယ်လို့ ထင်တယ်။ သူနဲ့ ရက်ပေါင်းများစွာ ယှဉ်ပြိုင်ပြီးနောက်မှာ ရှင်တို့တွေ သူစီးထားတဲ့ မြင်းကို တကယ်ပဲ သတိမထားမိခဲ့ကြဘူးလား။"
သူမ၏မြင်းပေါ်တွင် ထိုင်လျက် ပိုင်စီလင်သည် ဝမ်ချောင်ရှိရာအရပ်သို့ ကြည့်လိုက်သည်။
"သူ့မြင်းလား။"
ဝမ်ချောင်ရှိရာအရပ်သို့ လှည့်ကြည့်လိုက်ကြကာ ရှုကန်းနှင့် ဟွမ်ရုံတုတို့၏ မျက်လုံးထဲတွင် မေးခွန်းများပေါ်လာခဲ့သည်။ ညကောင်းကင်ယံ၏ ကြယ်အလင်းရောင်အောက်တွင် မြင့်မားသော ညောင်ပင်ကြီးနံဘေးရှိ စိမ်းလန်းစိုပြေသော မြက်ခင်းပြင်ပေါ်တွင် ဝမ်ချောင်၏မြင်းကို တွေ့နိုင်သည်။
လ၏ နူးညံ့သည့် အလင်းရောင်အောက်တွင် ထိုမြင်းငယ်လေးသည် တစ်မူထူးခြားစွာ တောက်ပြောင်နေပုံပေါ်သည်။ ၎င်း၏ ကြော့ရှင်းသော အမူအရာသည် အခြားမြင်းများနှင့်မတူဘဲ မြင့်မြတ်သည့် ဟန်ပန်ကို သယ်ဆောင်ထားခဲ့ပုံရသည်။
"မြင်းကောင်းတစ်လက်ပဲ။"
ရက်များစွာကြာပြီးနောက်တွင် ဤသည်မှာ ရှုကန်းအတွက် ဝမ်ချောင်၏ မြင်းကို အကဲခတ်ကြည့်သည့်ပထမဆုံးအကြိမ်ဖြစ်ပြီး ၎င်းသည် သူမတူစွာ ဖျတ်လတ်မည့်ပုံပေါ်သည်။
သို့သော် ရှုကန်းသည် ပိုင်စီလင် ပြောချင်သည့်အရာကို သဘောမပေါက်နိုင်ခဲ့ပေ။
"ပိုင်စီလင် မင်း ဘာပြောဖို့ ကြိုးစားနေတာလဲ။ တစ်ခါတည်း ချက်ချင်းပြောလိုက်စမ်းပါ။"
ရှုကန်းလည်း ထိုသို့ တွေးနေပေသည်။ သို့သော် ဟွမ်ရုံတုသည် ပိုင်စီလင်ပြောချင်သည့်အရာကို အဖြေရှာရန် စိတ်မရှည်ခဲ့ပေ။
"ဟမ် ကျွန်မက ရှင်တို့ကို ဒီလောက်ရှင်းရှင်းလင်းလင်း ထောက်ပြပြီးတာတောင် ရှင်တို့က သဘောမပေါက်ကြသေးဘူးလား။ ရှင်တို့ရဲ့မျက်လုံးတွေက ရှင်တို့ဆီမှာ အလကားပဲ ရှင်တို့က သူ ကစားတာကို ခံရဖို့ ထိုက်တန်တယ်။ အနီးကပ်ကြည့်လိုက်စမ်းပါ အဲမြင်းရဲ့ခွာမှာ တစ်ခုခု ထူးခြားမနေဘူးလား။"
ပိုင်စီလင် အေးစက်စွာ ပြောလိုက်သည်။
ပိုင်စီလင်၏ သတိပေးချက်နှင့်အတူ ထိုနှစ်ယောက်သည် လှည့်ကြည့်လိုက်ကြပြီး ပိုင်စီလင် သူတို့ကို ပြချင်နေသည့် မြင်းခွာသို့ ကြည့်လိုက်ကြသည်။
လစန္ဒာ၏အလင်းရောင်အောက်တွင် မြင်း၏ ခွာလေးခုတို့သည် နှင်းကဲ့သို့ ဖြူဖွေးနေခဲ့ပြီး လောက၏ အညစ်အကြေးကြောင့် စွန်းထင်းနေခဲ့ခြင်းမရှိပေ။ တစ်နည်းနည်းဖြင့် ၎င်းသည် လေထဲတွင် လွင့်မျောနေသည့် ခံစားချက်တစ်ခုကို ဖန်တီးနေပုံရပြီး အမှန်ပင် ဆန်းကြယ်လှသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
"ဒါက..."
တစ်ခုခုသည် ရှုကန်း၏ စိတ်ကို ရိုက်ခတ်သွားခဲ့ပြီး သူ့သူငယ်အိမ်သည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။
တစ်ဖက်တွင်မူ အလားတူ အံ့ဩနေသည့်အမူအရာတစ်ခုသည် ဟွမ်ရုံတု၏ မျက်နှာထက်တွင်လည်း ပေါ်လာခဲ့သည်။ သူ့စိတ်ကို တူညီသည့် အတွေးတစ်ခုက ရိုက်ခတ်သွားခဲ့ပုံရသည်။
ထိုနှစ်ယောက်၏ အမူအရာကို ကြည့်ကာ ပိုင်စီလင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ အနည်းဆုံး ဤနှစ်ယောက်သည် တုံးအလွန်းမနေခဲ့ပေ။ အဆုံးတွင် ဂုဏ်သိက္ခာရှိသော ကလန်များ၏ မျိုးဆက်များအနေဖြင့် ထိုကဲ့သို့သော အရာများအတွက် သူတို့၏ မျက်လုံးများသည် အနည်းဆုံး ကောင်းမွန်သင့်သည်။
"ခွာဖြူအရိပ်တစ်ကောင် အဲဒါက တော်ဝင်မိသားစုရဲ့ အဖိုးတန် ဧကရာဇ်မြင်းတစ်ကောင်ပဲ။ ဩဇာကြီးမားတဲ့ အရာရှိတွေထဲမှာတောင် တစ်ကောင် ချီးမြှင့်ခံခဲ့ရတဲ့ အထူးအခွင့်အရေးရထားတဲ့သူ အရမ်းနည်းပါးတယ်။ အဲကောင်လေးက ရှင်တို့အရှေ့မှာ ရက်အနည်းငယ်လောက် စီးနင်းနေခဲ့တယ် ဒါပေမယ့် ရှင်တို့ အရူးတွေက သူ့ကို သာမန်တပ်သားတစ်ယောက်ဖြစ်တယ်လို့ ထင်နေကြတုန်းပဲ။ ဒါကို လူတွေသိသွားရင် ရယ်စရာတွေဖြစ်လာမှာကို ရှင်တို့ မကြောက်ကြဘူးလား။"
ပိုင်စီလင်သည် သူတို့နှစ်ယောက်ကို ထိုးနှက်ရန် ဤအခွင့်အရေးကို အပြည့်အဝအသုံးချခဲ့သည်။
ဝမ်ချောင်သည် ပိုင်စီလင်က သူ့အပေါ် ကွဲပြားစွာ မြင်နေခဲ့သည်မှာ သူမ၏ အလိုလိုသိစိတ်ကြောင့်မဟုတ်ခဲ့သည်ကို စိတ်ကူးမိခဲ့မည်မဟုတ်ပေ။ ထို့အစား သူမသည် သူ့အောက်ရှိ ခွာဖြူအရိပ်ကို ပထမဆုံးနေ့ကတည်းက မှတ်မိနေခဲ့ခြင်းဖြစ်သည်။
သူမသည် သူ တွေးထားခဲ့သည်ထက် ပို၍စေ့စပ်ပြီး ပါးနပ်ပေသည်။
အမှန်တွင် ပိုင်စီလင်သည်လည်း ထိုနှစ်ယောက်ကို စောစောသတိပေးလို့ရသည်။ သို့သော် တစ်နည်းနည်းဖြင့် ရယ်စရာကောင်းသော ပြိုင်ဆိုင်မှုသည် သူမ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်သွားခဲ့သည်။ သို့သော် သေချာပေါက်ပင် သူမသည် ဤသည်ကို လုံးဝ ဝန်ခံလိမ့်မည်မဟုတ်ပေ။
"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ခွာဖြူအရိပ်က တော်ဝင်မိသားစုအတွက် သီးသန့်ဖြစ်သင့်ပြီး ဩဇာကြီးမားတဲ့ အရာရှိတွေကတောင် တစ်ကောင်ရရှိဖို့ ခက်ခဲလိမ့်မယ်။ ဒါကို ဘယ်လိုလုပ်ပြီး သူ့လို သေးငယ်တဲ့ ကောင်လေးတစ်ယောက်ဆီ ချီးမြှင့်ခဲ့တာလဲ။"
"ပိုင်စီလင် အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ အဲဒါက အဖြူရောင်ခွာတွေနဲ့ မြင်းတစ်ကောင်ဖြစ်ရုံပဲ။ ဒီလိုရယ်စရာကောင်းတဲ့ အကြံအစည်ကို ဖျော်ဖြေဖို့အထိတောင် မင်း သူ့ကို အစွဲအလမ်းကြီးလွန်းနေတာပဲဖြစ်ရမယ်။"
ဤနောက်ဆုံးစကားသည် ဟွမ်ရုံတုထံမှ လာခဲ့ခြင်းဖြစ်သည်။
"ဝမ်းတွင်းရူးတွေ"
ဟွမ်ရုံတုပြောလိုက်သည့် စကားသည် ပိုင်စီလင်ကို ဒေါသထွက် မျက်မှောင်ကြုတ်သွားစေခဲ့သည်။ ဤအရေးကြီးသည့် အချက်အလက်ကို ပြောပြခဲ့သည်မှာ သူမသည် သူတို့ကို သနားသောကြောင့်ဖြစ်သည်။ သို့သော် သူတို့သည် ဘာမှမဟုတ်သကဲ့သို့ ပထုတ်ပစ်ခဲ့ကြသည်။
ပိုင်စီလင်သည် ဒေါသတကြီးထွက်သွားရန် လုပ်လိုက်သည်။ သို့သော် အတွေးတစ်ခုသည် သူမကို ရိုက်ခတ်လာခဲ့ပြီး ရုတ်တရက် တည်ငြိမ်သွားခဲ့သည်။
"ဟွမ်ရုံတု ရှင့်စကားတွေကို ရှင် စောင့်ကြည့်တာ ပိုကောင်းမယ်။ ရှင်တို့သိဖို့လိုတာတွေကို ကျွန်မပြောခဲ့ပြီးပြီ။ ကျွန်မကို ယုံမယ် မယုံဘူးဆိုတာက ရှင်တို့အပေါ်ပဲ မူတည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက အရှက်ခွဲခံရမယ့်လူမဟုတ်ဘူး။"
ထိုစကားများကို ချန်ထားခဲ့ကာ ပိုင်စီလင်သည် အေးစက်စွာနှာခေါင်းရှုံ့လိုက်ပြီး မြင်းဇက်ကြိုးကို ဆွဲကာ အဝေးသို့ ဒုန်းဆိုင်းထွက်သွားခဲ့သည်။
"အဲမိန်းမ..."
ဟွမ်ရုံတု ဒေါသတကြီးအော်လိုက်သည်။ ပိုင်စီလင်၏ စရိုက်သည် အမှန်ပင် နှစ်သက်စရာမကောင်းပေ။ သို့သော် သူ တတ်နိုင်သည့်အရာ ဘာမျှမရှိပေ။ သူမသည် ကိုင်တွယ်ရလွယ်ကူသည့်လူ မဟုတ်ပေ။
ပိုင်စီလင်သည် မြင်ကွင်းမှ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ အကြောင်းတစ်ခုခုကြောင့် နှစ်ယောက်သား လွန်စွာ ငြိမ်သက်သွားခဲ့ကြသည်။ ယခုလေးတင် သူမကို ပြင်းထန်စွာ ပြက်ရယ်ပြုနေခဲ့သည့် ဟွမ်ရုံတုပင်လျှင် လုံးဝတိတ်ဆိတ်သွားခဲ့သည်။
သူတို့ မည်မျှမယုံကြည်ချင်ကြပါစေ ဝမ်ချောင်နှင့် ပတ်သက်၍ တစ်ခုခု မူမမှန်သည်ကို သူတို့ပြောနိုင်ပေသည်။ အောင်မြင်မှုသည် တစ်ကြိမ် နှစ်ကြိမ်သာဆိုပါက သူတို့သည် ထိုသည်ကို တိုက်ဆိုင်မှုအဖြစ် ယူဆနိုင်သေးသည်။ သို့သော် လေးကြိမ်၊ ငါးကြိမ်နှင့် ခြောက်ကြိမ်ဆိုပါက... ထိုသည်မှာ တိုက်ဆိုင်မှု မဟုတ်တော့ပေ။
အနောက်ပိုင်းလမ်းတစ်လျှောက်တွင် ဝမ်ချောင်သည် တစ်ကြိမ်မျှပင် ကျရှုံးခဲ့ခြင်းမရှိပေ။ တစ်ဖက်တွင်မူ သူတို့နှစ်ယောက်သည် လုံးဝမအောင်မြင်ခဲ့ကြပေ။ သူတို့၏ နောက်ခံကို ထည့်တွေးကြည့်ပါက ထိုသည်မှာ လုံးဝသာမန်မဟုတ်ပေ။
ထိုသို့သာမက ယခု သူတို့တွေးကြည့်သောအခါမှ ဝမ်ချောင်၏ မြင်းငယ်နှင့်ပတ်သက်၍လည်း သာမန်မဟုတ်သည့်တစ်စုံတစ်ခု ရှိနေသည်မှာ ရှင်းလင်းပေသည်။ မရင့်ကျက်သေးသော်လည်း ၎င်း၏အမြန်နှုန်း၊ ခံနိုင်ရည်နှင့် ၎င်းပြသခဲ့သော ဉာဏ်ရည်ဉာဏ်သွေးသည် ထိပ်တန်းမြင်းအများစုနှင့် တန်းတူဖြစ်ပြီး သူတို့ကိုပင် ကျော်လွန်နေနိုင်သည်။
သာမာန်မြင်းငယ်များသည် ထိုကဲ့သို့ ပြုမူရန် မဖြစ်နိုင်ပေ။
"ညီအစ်ကိုရှု... ပိုင်စီလင် အမှန်တရားကို ပြောနေတာ ဖြစ်နိုင်လား။"
ဟွမ်ရုံတုသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့ပြီး တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်သည်။
ရှုကန်းသည် သူ့မေးခွန်းကို ပြန်မဖြေဘဲ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သို့မဟုတ် တိတ်ဆိတ်ခြင်းကို ဝန်ခံခြင်းဟုလည်း ယူဆနိုင်သည်။
...
ဝမ်ချောင်၊ ရှုကန်းနှင့် ဟွမ်ရုံတုတို့ကြားရှိ ဆက်ဆံရေးသည် တိုးတက်မလာခဲ့ပေ။ သို့သော် ပိုင်စီလင်၏ စကားသည် လုံးဝအချည်းနှီးဖြစ်ခဲ့သည်တော့ မဟုတ်ပေ။
အနည်းဆုံး ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် ဝမ်ချောင်အပေါ် ယခင်ကလို မောက်မာပြီး ရှုံ့ချခြင်းမျိုးမရှိကြတော့ပေ။ သူတို့သည် သူတို့တတ်နိုင်သမျှ ဝမ်ချောင်ကို ရှောင်ရှားကြပေလိမ့်မည်။ လူတစ်ယောက်သည် သူတို့၏မျက်လုံးများကို စူးစိုက်ကြည့်ခဲ့ပါက သူတို့၏စိတ်ဝိဥာဥ်ထဲရှိ စိုးရိမ်ပူပန်မှုများကို မြင်နိုင်ပေလိမ့်မည်။
ဤသို့ဖြင့် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် သူတို့၏ မာနများကို နောက်ဆုံးတွင် ခွာချလိုက်ကြသည်။
ဆက်တိုက်ကျရှုံးပြီးနောက် သူတို့သည် ဓားပြဂိုဏ်းများကို ရှင်းလင်းရန် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းလုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့သည် ဓားပြများထံမှ သူတို့ကို သတိပြုမိခြင်းမှ မရှောင်နိုင်ကြသေးသော်လည်း အားကောင်းသည့် အင်အားစုများဖြင့် သူတို့၏ အောင်မြင်နိုင်ခြေသည် သိသိသာသာ တိုးတက်လာခဲ့သည်။
"ကြည့်ရတာ မင်း ကောင်းကောင်းလေး လုပ်ဆောင်ခဲ့ပုံပဲ။"
ဝမ်ချောင်၏အကြည့်သည် ကြီးမားသောသစ်ပင်အောက်တွင်ထိုင်နေသော လူနှစ်ယောက်ထံမှ မြင်းပေါ်တွင်ထိုင်နေသော ၀တ်ရုံဖြူဝတ်အမျိုးသမီးဆီသို့ လှည့်သွားခဲ့သည်။ ထို့နောက် သူ ပြုံးလိုက်သည်။
သူ့ရှေ့ရှိ မိန်းမငယ်သည် ဤတစ်ကြိမ်တွင် သူ့ကို အမှန်တကယ် ချီးကျူးစေခဲ့သည်။
သူမ ဘာပြောခဲ့သည်ကို သူ မသိပေ။ သို့သော် သူမသည် ဘဝင်မြင့်လှသည့် ရှုကန်းနှင့် ဟွမ်ရုံတုတို့ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းလုပ်ဆောင်ရန် အမှန်တကယ် အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သည်။ ထိုသည်မှာ အမှန်ပင် အံ့အားသင့်စရာကောင်းသော စွမ်းဆောင်ချက်တစ်ခုဖြစ်သည်။
"ကျွန်မ ရှင့်ကို ယှဉ်နိုင်ဖို့ အဝေးကြီးလိုပါသေးတယ်။"
ပိုင်စီလင်သည် ဘေးတွင် ချထားသည့် များပြားလှသော သေတ္တာများကို ကြည့်လိုက်ကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ အကြမ်းဖျင်းခန့်မှန်းရလျှင် ဤနေရာတွင် ရွှေပြား ခြောက်သိန်းမှ ခုနှစ်သိန်းအထိ ရှိနိုင်သည်။
ဤသည်က မြို့တော်ရှိ များပြားလှသော ကလန်များ၏ နှစ်စဉ်ဝင်ငွေထက် ပို၍များပေသည်။ အမှန်ပင် ချမ်းသာကြွယ်ဝမှုကို စုဆောင်းရန် အကောင်းဆုံးနည်းလမ်းမှာ တရားမ၀င် လှုပ်ရှားမှုများတွင် ပါဝင်ခြင်းပင်ဖြစ်သည်။
ထို့အပြင် ပိုင်စီလင်ကို ပို၍ ဆွံ့အသွားစေခဲ့သည်မှာ သူသည် တော်ဝင်တရားရုံးမှ စေလွှတ်ထားသော အခမဲ့ အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူအယောက်နှစ်ဆယ်အကူအညီများဖြင့် ထိုအရာကို အမှန်တကယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တော်ဝင်ရုံးတော်သည် သူတို့၏ စစ်သည်များအပေါ် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားခဲ့ပြီး အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူအယောက်နှစ်ဆယ်သည် ဂုဏ်သရေရှိသော ကလန်များအတွက်ပင်လျှင် အတော်အတန် အစွမ်းထက်သော အင်အားစုတစ်ခုဖြစ်သည်။
သို့သော် ဝမ်ချောင်သည် သူတို့ကို သူ့အတွက် အခမဲ့ အလုပ်လုပ်စေခဲ့သည်။
အပိုင်း ၃၃၅ လုပ်ကြံခြင်း
"ပြော ဘယ်လို စုန်းအတတ်တွေနဲ့ သူတို့အပေါ် မင်း ပြုစားခဲ့တာလဲ။"
ဝမ်ချောင်သည် ရွှတ်နောက်နောက်အပြုံးဖြင့် ရုတ်တရက်မေးလိုက်သည်။
ပြစ်ချက်ကင်းသည့် ဖြူဝင်းသော အသားအရေ၊ လှပသော ကိုယ်လုံးကိုယ်ပေါက်၊ ဆန်းပြားသော အရှိန်အဝါဖြင့် တွန့်တွဲထားသည့် လက်ရာမြောက်လှသော မျက်နှာ... သူမတွင် မယုံနိုင်စရာကောင်းသည့် ဆွဲဆောင်မှုတစ်ခု ပိုင်ဆိုင်ထားသည်ကို ဝမ်ချောင်ပင်လျှင် ဝန်ခံရပေမည်။ သူမကို တင်စားရမည်ဆိုပါက နှင်းတောင်တန်းများအလယ်ရှိ မြင့်မြတ်သော ကြာဖြူတစ်ပွင့်အဖြစ် တင်စားရပေလိမ့်မည်။
"စုန်းအတတ်လား"
ပိုင်စီလင်သည် တစ်ခဏမျှ တွေဝေသွားခဲ့ပြီး သဘောပေါက်သွားခဲ့ကာ ပြုံးလိုက်သည်။
"ဒီလျှို့ဝှက်ချက်အတွက် နင့်ရဲ့ ရွှေတချို့ကို ငါ့ကို ဝေစုပေးရမယ်ဆိုရင်ရော။"
ပိုင်စီလင်သည် သူမ၏လက်ကို ကြော့မော့စွာမြောက်လိုက်ပြီး ဝမ်ချောင်ဘေးတွင် ချထားသည့် ရွှေသေတ္တာများကို ညွှန်ပြလိုက်သည်။
ရိုးရိုးသားသားဆိုရလျှင် သူမရှေ့ရှိလူသည် ဘာတွေတွေးနေသည်ကို သူမ မသိပေ။ စစ်တပ်ရှိ စံနှုန်းအရ သူသည် ရွှေပြားသိန်းအတော်များများကို သူတစ်ယောက်တည်း အလွယ်တကူသိမ်းယူနိုင်သည်။ သို့တိုင် သူသည် ၎င်းကို သူ့ရဲမက်များနှင့် မျှဝေရန် ရွေးချယ်ခဲ့သည်။
သူမရှေ့ရှိ အမျိုးသားသည် ရူးသွပ်နေခြင်း သို့မဟုတ် သူ့အမြင်များသည် ပစ္စည်းဥစ္စာများထက် ကျော်လွန်နေခဲ့ခြင်း ဖြစ်နိုင်သည်။ သို့သော် မည်သည့်တစ်ခုဖြစ်ပါစေ ၎င်းသည် ဤလူ့အပေါ် သူမ၏ စိတ်ဝင်စားမှုကို ပို၍ နက်ရှိုင်းစေခဲ့သည်။
"ဟားဟားဟား ပိုင်ကလန်ရဲ့ သခင်မလေးက တကယ်ပဲ ဒီရွှေသတ္တာနည်းနည်းလေးကို စိတ်ဝင်စားနေတာလား။"
လျှို့ဝှက်ဆန်းကြယ်သည့် အပြုံးတစ်ခုဖြင့် ဝမ်ချောင်သည် ပိုင်စီလင်ကို စူးနစ်စွာ ကြည့်လိုက်သည်။
"မျှော်လင့်ထားတဲ့အတိုင်းပဲ နင်က ငါ့ရဲ့ အစစ်အမှန်ဂုဏ်ဒြပ်ကို သိနေတာပဲ။"
ဤသည်ကို မျှော်လင့်ထားသကဲ့သို့ ပိုင်စီလင်သည် ဝမ်ချောင်၏ စကားကို အတည်ပြုနေပုံဖြင့် ယဲ့ယဲ့လေး ပြုံးလိုက်သည်။
"မင်းရဲ့ နာမည်အရင်းကို ထုတ်ပြောပြီးတဲ့အခါ လူဘယ်လောက်များများက မင်းရဲ့ ဂုဏ်ဒြပ်ကို မသိဘဲ နေကြမလဲ။"
ဝမ်ချောင် ပြန်ဖြေလိုက်သည်။
"ဒါပေမယ့် မြို့တော်မှာ ပိုင်ကလန် တစ်ခုထက် ပိုပြီး ရှိတယ်လေ။"
"သူတို့အားလုံးထဲမှာ သူတို့ရဲ့ မျိုးဆက်ကို လုံ့ဝေလေ့ကျင့်စခန်းကို ပို့နိုင်တဲ့ကလန် တစ်ခုပဲ ငါစဉ်းစားနိုင်တယ်။"
"ဟားဟားဟား ဧကရာဇ်မြင်း ခွာဖြူအရိပ်တစ်ကောင် ချီးမြှင့်ခံထားရတဲ့ လူ ဆိုတဲ့အတိုင်းပဲ။ ငါ တကယ်ပဲ နင့်ဆီကနေ ဘာကိုမှ မဖုံးကွယ်ထားနိုင်ဘူး။"
ထိုစကားလုံးများသည် ပေါ့ပါးပြီး လွတ်လပ်သည့် စကားဝိုင်းကို အလွန်ကိုးရိုးကားယားဖြစ်သွားစေခဲ့သည်။
တစ်ဖက်လူသည် ခွာဖြူအရိပ်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် သူမ၏အကြောင်းကို များစွာ ပြောပြနေခဲ့သည်။ ဝမ်ချောင်သည် သူ့ဂုဏ်ဒြပ်ကို ထာဝရဖုံးကွယ်ထားနိုင်မည်ဟု မထင်ထားခဲ့သော်လည်း သူ့ရှေ့ရှိ မိန်းမပျိုသည် သူထင်ထားခဲ့သည်ထက် များစွာပို၍ ထိုးထွင်းသိမြင်တတ်ပုံရဆဲပင်။
'ပိုင်ကလန်က သခင်မလေးတစ်ယောက်ဆိုတဲ့အတိုင်းပဲ။ မင်းက သေချာပေါက် သူတို့ရဲ့သွေးကို ဆက်ခံထားခဲ့တာပဲ။'
လိမ္မာပါးနပ်မှုကြောင့် ထင်ရှားကျော်ကြားသည့် ပိုင်ကလန်၏ ဂုဏ်သတင်းကို ပြန်အမှတ်ရလိုက်ကာ ဝမ်ချောင် သက်ပြင်းချလိုက်သည်။
ယနေ့ သူသည် ၎င်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်မှာ သေချာပေသည်။
"နင် ဘာလို့ စကားမပြောတော့တာလဲ။"
သူမ၏ စိတ်ထဲတွင် ပျော်ရွှင်မှုအနည်းငယ်မြင့်တက်လာခြင်းနှင့်အတူ သူမရှေ့ရှိ လူငယ်ကို ပိုင်စီလင် တိုက်တွန်းလိုက်သည်။
ဤလူသည် အရာရာတိုင်းက သူ့ထိန်းချုပ်မှုအတွင်းရှိနေသကဲ့သို့ သူ့မျက်နှာပေါ်တွင် အမြဲတမ်းယုံကြည်မှုရှိနေခဲ့သည်။ သူ့ကို တစ်ပတ်ရိုက်ရန်မှာ လုံးဝမလွယ်ကူပေ။
"ဒီအချိန်အထိ နင် ငါ့ကို နင့်ရဲ့ အစစ်အမှန်ဂုဏ်ဒြပ် ထုတ်မပြောချင်သေးဘူးလား။"
ပိုင်စီလင် အပြုံးဖြင့် မေးလိုက်သည်။
"မင်း ဘာပြောနေသလဲ ငါမသိဘူး။"
ဝမ်ချောင် လေးနက်စွာ ပြောလိုက်သည်။ သူ ပြောသည့်အခါ သူသည် သူမြင်းကို ပုတ်လိုက်ပြီး သူ့တပ်စုဆီသို့ ဒုန်းဆိုင်းလိုက်သည်။
"ဟေး နင် ဒီလိုသရုပ်ဆောင်လို့မရဘူးလေ။"
ပိုင်စီလင် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါ ဘာပြောနေသလဲဆိုတာ နင် ကောင်းကောင်းသိပါတယ်။"
"ငါ မသိဘူး"
ဝမ်ချောင် မျက်နှာပေါ်တွင် အပြုံးတစ်ချက်ပေါ်လာကာ ပြောလိုက်သည်။
"သေလိုက်။"
ပိုင်စီလင်သည် ဝမ်ချောင်၏ နောက်ကျောကို မုန်းတီးစွာကြည့်လျက် အံကြိတ်လိုက်သည်။
သို့သော် သူသည် ထိုအရာကို ငြင်းဆန်နေသရွေ့ သူမ တတ်နိုင်သည့်အရာ ဘာမျှမရှိပေ။
"... ဒါပေမယ့် မင်းက ရွှေဝေစုလိုချင်ရင် အဲဒါကို ငါ စဉ်းစားပေးနိုင်ပါတယ်။"
ပိုင်စီလင် ပေါက်ကွဲခါနီးဆဲဆဲတွင် အသံတစ်ခုသည် သူမဆီသို့ ပေါ့ပါးစွာဖြင့် လေနှင့်အတူ လွင့်ပျံလာခဲ့သည်။ ထိုစကားကို ကြားလိုက်ရသည်နှင့် သူမ၏ ဒေါသများသည် ပျောက်ကွယ်သွားခဲ့ပြီး ပျော်ရွှင်မှုက အစားထိုးလာခဲ့သည်။
'ကောင်လေး အနည်းဆုံး နင့်မှာ အသိတရားတချို့ရှိတာပဲ။'
ပိုင်စီလင်သည်လည်း သူမ၏မြင်းဇာတ်ကြိုးကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ အရှိန်ကို မြှင့်တင်လိုက်သည်။
..
စစ်ဆင်ရေးတစ်ခုစီတိုင်းတွင် ရှုကန်းနှင့် ဟွမ်ရုံတုတို့၏ ပူးပေါင်းလုပ်ဆောင်မှုသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ပိုမိုများပြားလာသော လူအင်အား အားသာချက်များဖြင့် သူတို့၏ အောင်မြင်မှုနှုန်းသည် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ ထိုသည်မှ ကြည့်လျှင် သူတို့သည် မစ်ရှင်ကို ပြဿနာမရှိဘဲ ရှင်းလင်းနိုင်လောက်သည်။
တစ်ဖက်တွင်မူ ဝမ်ချောင်သည် နောက်လိုက်အသစ်တစ်ယောက်ကို တွေ့ရှိသွားပုံရသည်။
သူ့ယခင်ဘဝမှ စကားကို အသုံးပြုရလျှင် သူမသည် သူထံမှ အတွေ့အကြုံသင်ယူရန် လိုအပ်နေသော လူသစ်ဖြစ်ပေလိမ့်မည်။
ပိုင်စီလင်အတွက် မစ်ရှင်ကို အကူအညီမပါဘဲ ရှင်းလင်းရန် ခက်ခဲပေလိမ့်မည်။
သူမအတွက် ကံကောင်းထောက်မစွာဖြင့် ဝမ်ချောင်သည်လည်း ၎င်းကို စိတ်ရှိနေပုံမရပေ။ မည်သို့ဆိုစေကာမူ ပိုင်စီလင်လက်အောက်ရှိ အစစ်အမှန်သိုင်းပညာနယ်ပယ် အယောက်နှစ်ဆယ်သည် သူ့အတွက် ထပ်ပေါင်းထည့်လာသည့် တိုက်ခိုက်ရေးအင်အားစုတစ်ခုလည်း ဖြစ်သည်။
ထို့အပြင် ဝမ်ချောင်သည် ပိုင်စီလင်က ရှုကန်းနှင့်ဟွမ်ရုံတုတို့အနားတွင် ရှိနေသည်ကိုလည်း မမြင်ချင်ပေ။ ပိုင်စီလင်၏ ဇဝနဉာဏ်အရ သူမကို သူ့ဘေးမှာထားသည်က ပိုလုံခြုံပေလိမ့်မည်။
...
ရွှီး ရွှီး
ကြီးမားသည့် ခွန်အားကို သယ်ဆောင်ထားကြသော ထက်ရှသည့် မြှားနှစ်စင်းသည် ကောင်းကင်ထက်မှ ဖြတ်သန်း၍ သွေးပျက်စွာထွက်ပြေးနေကြသည့် ဓားပြနှစ်ယောက်ကို ထိုးစိုက်သွားခဲ့သည်။
ပူး ပူး
ရင်ဘက်တွင် ထိုးစိုက်သွားခဲ့ကာ ထိုဓားပြနှစ်ယောက်တို့သည် ဒယီးဒယိုင်ဖြစ်သွားခဲ့ကြပြီး ချောက်ကမ်းပါးသို့ ပြုတ်ကျသွားခဲ့ကြသည်။ တစ်ခဏကြာပြီးနောက် အောက်မှနေ၍ ဘုန်းခနဲမြည်သံနှစ်ခု ထွက်ပေါ်လာခဲ့သည်။
"ရှုကန်းနဲ့ ဟွမ်ရုံတုတို့က နင့်ကို ဘာလို့ ရှုံးသွားခဲ့ကြသလဲဆိုတာ ငါ နောက်ဆုံးတော့ နားလည်ပြီ။ နင့်စိတ်ထဲမှာရှိတဲ့ ပထမဆုံးအရာက အနိုင်မဟုတ်ဘူး ဒါပေမယ့် အရှုံးပဲ။ တိုက်ပွဲမစခင်ကတည်းကတောင်မှ နင်က သူတို့ထွက်ပြေးမယ့်လမ်းကြောင်းကို တွက်ချက်ထားခဲ့ပြီးပြီ။ နင်က အများကြီး ဖုံးကွယ်ထားတာပဲ သူတို့နှစ်ယောက်လုံးက နင့်ကို ဘယ်လောက်ကြာကြာ စောင့်ကြည့်နေပါစေ နင့်ရဲ့နည်းလမ်းတွေကို နားလည်နိုင်ကြမှာမဟုတ်ဘူး... အနည်းဆုံးတော့ နင့်လို ပြိုင်ဘက်ကို ရှုံးသွားတာက သူတို့အတွက် နှစ်သိမ့်မှုဖြစ်လာလောက်တယ်။"
မြင့်မားလှသည့် တောင်ထိပ်တစ်ခုပေါ်တွင် ပိုင်စီလင်သည် ကျောက်ဆောင်တစ်ခုပေါ်မှနေ၍ အောက်တွင်ဖြစ်ပျက်နေသည့်အရာများကို ကြည့်ရှုနေခဲ့သည်။ သူမ ခေါင်းခါလိုက်ကာ သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။
သူမသည် ဓားပြနှစ်ယောက် ထွက်ပြေးသည်ကို မြင်သောအခါ ၎င်းက ဝမ်ချောင်၏ ပထမဆုံး ရှုံးနိမ့်မှုဖြစ်လာမည်လော ဆိုသည်ကို မျှော်လင့်နေခဲ့သေးသည်။ မည်သည့်နေရာကမှန်းမသိသည့် မြှားနှစ်စင်းသည် ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး ထိုနှစ်ယောက်၏အသက်ကို နှုတ်ယူသွားမည်ဟု မည်သူသိမည်နည်း။
အခြေအနေကို အစမှ အဆုံးအထိ ကြည့်ရှုနေခဲ့သော်ငြားလည်း မြှားများကိုပစ်လွှတ်လိုက်ကြသည့်မြင်းစစ်သည်နှစ်ယောက်သည် ဘယ်နေရာက ပေါ်လာခဲ့သည်ကို သူမ သဘောမပေါက်နိုင်သေးပေ။
"မင်းမှ စူးရှတဲ့ အမြင်တွေရှိတယ် ငါ ဒါကို မင်းဆီကနေ ဖုံးကွယ်နိုင်မှာမဟုတ်ဘူးဆိုတာ သိတယ်။"
ပိုင်စီလင်၏ နံဘေးတွင်ရပ်လျက် ဝမ်ချောင်သည် လက်နောက်ပစ်လျက် ဟက်ဟက်ပင်ပက်ရယ်မောလိုက်သည်။ သူ့နည်းလမ်းအားလုံးကို သူမ ထုတ်ဖော်နိုင်ခြင်းမရှိမီ အချိန်တစ်ခုသာ လိုမည်ကို သူသိသည်။
"စကားပုံလိုပဲ ဉာဏ်ကောင်းတဲ့ယုန်တွေက တွင်းပေါက်သုံးခုရှိတယ်။ ဒီနေရာမှာတော့ အဲဒါက ကင်းစောင့်တွေ၊ ထောက်ချောက်တွေနဲ့ များပြားလှတဲ့ အသက်ကယ်လမ်းကြောင်းတွေဖြစ်လိမ့်မယ်။ နောက်ဆုံးတစ်ခုနဲ့ ပတ်သက်ပြီး တစ်ယောက်ဟာ သူတို့ရဲ့အသိုက်ကို ဂရုတစိုက် လေ့လာသရွေ့ သူတို့ရဲ့ အသက်ကယ်လမ်းကြောင်းတွေကို ခန့်မှန်းဖို့က သိပ်မခက်ဘူး။ ကျန်တာကတော့ သူတို့ကို ရှင်းပစ်ဖို့ အနီးနားမှာ လေးပစ်သမားတချို့ကိုချထားဖို့ပဲကျန်တော့တယ်။"
"ရှုကန်းနဲ့ ဟွမ်ရုံတုတို့ရဲ့ မောက်မာမှုတွေက သူတို့ကို ဓားပြတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကို လျှော့တွက်စေခဲ့တယ်။ ဒီနေရာမှာ မကြာခဏရှင်းလင်းမှုတွေရှိနေတာကို သိနေတာကြောင့် သူတို့က ဒီမှာ သူတို့ရဲ့လက်ထဲ ဖဲချပ်တချို့မရှိဘဲ ဘယ်လိုလုပ်နေရဲမှာလဲ။"
ဝမ်ချောင် ပြောလိုက်သည်။ သူ့အသံသည် နှေးသော်လည်း ယုံကြည်မှုရှိသည်။ သူစကားလုံးများသည် စွမ်းအားအချို့ကို သယ်ဆောင်ထားပုံရပြီး လူတစ်ယောက်ကို သူ့စကားအား မသိလိုက်ဘဲ ယုံကြည်လာအောင် ပြုလုပ်နေခဲ့သည်။
ရှုကန်းနှင့် ဟွမ်ရုံတုတို့နှင့်မတူဘဲ ပိုင်စီလင်ထံမှ ဤသည်ကို ဖုံးကွယ်သည်မှာ အဓိပ္ပာယ်မရှိဖြစ်သည်ဟု ဝမ်ချောင် ခံစားနေရသည်။ ထို့အပြင် သူသည် သူမကို ဤမစ်ရှင်များတွင် သူနှင့်အတူ ခေါ်ထားရန် ဆုံးဖြတ်ထားခဲ့ပြီးဖြစ်သောကြောင့် သူသည်လည်း သူ၏ လှည့်ကွက်များကို သူမထံမှ ဖုံးကွယ်ရန် ရည်ရွယ်ထားခဲ့ခြင်းမရှိပေ။
"နင့်ဆီမှာ သေချာပေါက် စိတ်ဝင်စားဖို့ကောင်းတဲ့ အသုံးအနှုန်းတွေရှိနေတာပဲ။ ဖဲချပ်တွေလား။"
ပိုင်စီလင်သည် သူမ၏မျက်လုံးများတွင် နားမလည်မှုအနည်းငယ် ဖြတ်ပြေးသွားခဲ့ကာ ဝမ်ချောင်၏ အချိုးအစားကျသော မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။ ဝမ်ချောင်၏ ပြောဆိုသည့် အမူအရာနှင့် သူအသုံးပြုသော အသုံးအနှုန်းများသည် အခြားသူများနှင့် အလွန်ကွာခြားပေသည်။
သူမသည် ဤအသုံးအနှုန်းများကို ယခင်က မကြားခဲ့ဖူးသော်လည်း သူမသည် သူတို့၏ အဓိပ္ပာယ်များကို အကြမ်းဖျင်းခန့်မှန်းနိုင်ခဲ့သည်။
"ဒါပေမယ့် ဒါက အလုပ်ထက် အပြောက လွယ်တယ်။ အသိုက်ရဲ့ ပတ်ဝန်းကျင်က မြေမျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်းဆုပ်ကိုင်နိုင်ရင်တောင် လူတိုင်းက နင်လုပ်သလို သူတို့ရဲ့ အသက်ကယ်လမ်းကြောင်းကို ခန့်မှန်းနိုင်မှာမဟုတ်ဘူး။ ရှုကန်းနဲ့ ဟွမ်ရုံတုက နင့်နောက်ကနေ သင်ယူနိုင်မယ်ဆိုတာကို ငါသံသယဖြစ်မိတယ်။ အဆုံးမှာတော့ ဒါတွေအားလုံးက နင့်ရဲ့ အရည်အချင်းတွေပဲ။"
"နင်က နင့်ရဲ့ဂုဏ်ပုဒ်ကို ထုတ်ဖော်ဖို့ ငြင်းဆန်ပြီး ဆန်းကျယ်သလို သရုပ်ဆောင်နေပေမယ့် နင်ဟာ သခင်လေးတစ်ယောက်ဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုဘူး။ ဝန်ခံရရင် နင်က ဓားပြတွေရဲ့ နည်းလမ်းအမျိုးမျိုးတွေကို ဘယ်လိုလုပ်အများကြီးသိနေရတာလဲဆိုတာ ငါ တကယ်ပဲ နားမလည်နိုင်ဘူး။ အားလုံးပြီးတော့ ဒါက ငါတို့လိုလူတွေအတွက် သာမာန်ဗဟုသုတ မဟုတ်လောက်ဘူး ဟုတ်တယ်မလား။"
ပိုင်စီလင် စိတ်ဝင်စားစွာမေးလိုက်သည်။ ဤလူသည် လျှို့ဝှက်ဆန်းကြယ်သော အိတ်တစ်လုံးကဲ့သို့ပင်။ သူမသည် သူနှင့် ပို၍ ထိတွေ့ဆက်ဆံလေ သူမသည် သူ့ဆီမှ လျှို့ဝှက်ချက်များကို ပို၍ ရှာတွေ့လေလေပင်။ ထိုလူသည် သူ့လုပ်ရပ်များကို ရိုးရှင်းစွာဖော်ပြခဲ့သကဲ့သို့ လက်တွေ့တွင် သူတို့ကို အကောင်အထည်ဖော်ရန် လွယ်ကူလိမ့်မည်မဟုတ်သည်ကို သူမ နားလည်ပေသည်။
သူမအမြင်တွင် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် သူတို့ပုံစံနှင့်သူတို့ ထူးချွန်ကြသည်။ တစ်ခုတည်းသောပြဿနာမှာ သူတို့သည် မကောင်းဆိုးဝါးတစ်ကောင်နှင့် ယှဉ်ပြိုင်မိခဲ့ကြခြင်းပင်။
ဆယ့်ငါး၊ ဆယ့်ခြောက်လောက်သာရှိသော်လည်း သူပြသခဲ့သည့် အသိပညာနှင့် သူ၏ လုပ်ရပ်များမှတဆင့် ထွန်းလင်းတောက်ပခဲ့သော အတွေ့အကြုံနှင့် စိတ်တည်ငြိမ်မှုတို့သည် ထိုထက်ကျော်လွန်နေခဲ့သည်။ ဤအရာနှင့်ပတ်သက်၍ အလွန်ထူးခြားသော တစ်ခုခုရှိနေသည်မဟုတ်လော။
"အဲနောက်ကွယ်မှာ ဇာတ်လမ်းရှည်ကြီးရှိတယ်။"
ဝမ်ချောင် ရယ်မောလိုက်သည်။ သို့သော် သူသည် ပိုင်စီလင်၏ စူးစမ်းမှုကို ကျေနပ်စေဖို့ သူ မရွေးချယ်ခဲ့ပေ။ နောက်ဆုံးတွင် သူသည် သူ၏ငယ်ရွယ်သော ခန္ဓာကိုယ်ထဲသို့ အမှန်တကယ် ပြန်ဝင်စားခဲ့ကြောင်း တစ်ဖက်လူအား သူ မည်သို့ပြောနိုင်မည်နည်း။
"သွားကြ"
ဝမ်ချောင်သည် သူ့လက်ကို ဝေ့ယမ်းလိုက်ကာ စစ်ကူများကို တိုက်ပွဲထဲသို့ ချက်ချင်း ဝင်ပါစေခဲ့သည်။ အစစ်အမှန်သိုင်းပညာနယ်ပယ်ချီစက်ကွင်းများသည် ပတ်ဝန်းကျင်တွင် လျင်မြန်စွာ ပေါ်ထွက်လာခဲ့ကြပြီး သိပ်မကြာမီ ထိုတောင်ထိပ်ပေါ်၌ ကျယ်လောင်သည့် ပေါက်ကွဲသံများ ပြည့်နှက်သွားခဲ့သည်။
သူ့အတွက် နည်းလမ်းအချို့ကို ထိန်းသိမ်းထားခြင်းသည် အကောင်းဆုံးဖြစ်သောကြောင့် ဝမ်ချောင်သည် ပိုင်စီလင်ရှေ့တွင် ဗျူဟာများကို အသုံးချရမည့်အစား အကြမ်းပတမ်းဆန်သော အင်အားသုံးရန် ရွေးချယ်ခဲ့သည်။
ထို့အပြင် အစစ်အမှန်သိုင်းပညာနယ်ပယ် မြင်းစစ်သည် အယောက်လေးဆယ်၏ စုပေါင်းခွန်အားဖြင့် ဗျူဟာကိုလည်း အမှန်တကယ်မလိုအပ်ခဲ့ပေ။
"ဂရုစိုက်"
ဝမ်ချောင်သည် အတွေးထဲနစ်မြောနေစဉ်မှာပင် စိုးရိမ်တကြီးအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ချီ
အေးစက်သည့် အလင်းရောင်နှင့်အတူ လခြမ်းပုံဓားတစ်လက်သည် ကြီးမားသည့် စက်ဝိုင်းခြမ်းပုံစံဖြင့် ညကောင်းကင်ယံတွင် ဖြတ်သန်းထွက်ပေါ်လာခဲ့ပြီးသူနှင့် ပိုင်စီလင်နှစ်ဦးစလုံးကို ပစ်မှတ်ထားနေခဲ့သည်။
ထိုလူသည် အရိပ်များထဲတွင် အတော်ကြာအောင် ပုန်းကွယ်နေခဲ့ပုံရသည်။ သူ့ရှေ့ရှိ လူငယ်နှင့် မိန်းမပျိုတို့သည် မြင်းတပ်သားများ၏ ခေါင်းဆောင်များဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူတို့ကို ဖြိုခွင်းရန် သူ့ရှေ့သို့ ဖြည်းညှင်းစွာ တိုးလာခဲ့သည်။
လခြမ်းပုံဓားသည် လဟာပြင်ကို ခုတ်ပိုင်းလိုက်စဉ် လေထုသည်ပင် နှစ်ပိုင်းပိုင်းသွားခဲ့ပုံရသည်။ လဟာပြင်အတွင်း ဖြတ်သန်းသွားစဉ် ဓား၏ စူးရှသော အသံသည် သံမဏိကိုပင် အလွယ်တကူ ဖြတ်တောက်နိုင်ပုံရသည်။ ခန္ဓာတစ်ခု၏ အသားစနှင့် သွေးဆိုလျှင် ပြောနေစရာပင်မလိုချေ။
အကယ်၍ ဝမ်ချောင်နှင့် ပိုင်စီလင်တို့သည် ဤဆေဘာဓားဖြင့် အခုတ်ခံခဲ့ရပါက သူတို့သည် သေချာပေါက် ခေါင်းဖြတ်ခံရပေလိမ့်မည်။
------------------------