← Chapters

အခန်း (၃၃၆-၃၄၀)

Vol. 15 Ch. 336-340

အခန်း (၃၃၆-၃၄၀)

Vol. 15 Ch. 336-340

အပိုင်း ၃၃၆ ပိုင်စီလင်၏ အံ့မခန်းခွန်အား

"အရှင် ဂရုစိုက်"

"သူ့ကိုတားကြစမ်း"

လူအုပ်ကြားတွင် ဆူညံပွက်လောရိုက်သွားခဲ့သည်။ ထိုအေးစက်သော အလင်းရောင် ရုတ်ချည်းပေါ်ထွက်လာခဲ့ခြင်းသည် လေးဆယ်သော စစ်သည်များကို ချောက်ချားသွားစေခဲ့သည်။

ဝမ်ချောင်နှင့် ပိုင်စီလင်တို့သည် ဤစစ်ဆင်ရေး၏ ခေါင်းဆောင်များဖြစ်ကြသည်။ အကယ်၍ သူတို့သည် ဤမစ်ရှင်တွင် ကျဆုံးသွားခဲ့ပါက စစ်သည်များသည် စစ်မှုထမ်းဌာန၏ ပြစ်ဒဏ်ပေးခြင်းကို ခံရမည်ဖြစ်ပြီး ဤဖြစ်ရပ်သည်လည်း သူတို့၏ မှတ်တမ်းထဲ ဝင်သွားပေလိမ့်မည်။

ဆိုရိုးစကားအတိုင်း 'မြင်းမောင်းသူကို မပစ်မီ မြင်းကိုပစ်ပါ။ ကျန်သည့်ဓားပြများကို မဖမ်းဆီးမီ ဓားပြခေါင်းဆောင်ကို ဖမ်းဆီးပါ။'

တိုက်ပွဲတစ်ခုတွင် ခေါင်းဆောင်များနှင့် အကြီးအကဲများသည် အမြဲတမ်း ဦးစားပေးပစ်မှတ်များဖြစ်ကြသည်။ ဤသည်က စစ်သည်တိုင်းသည် သူတို့၏ ကွပ်ကဲသူများကို ကာကွယ်ရန် သေသည်အထိ အမြဲတမ်း တိုက်ပွဲဝင်နေရသည့် အကြောင်းရင်းဖြစ်သည်။

အကယ်၍ ကွပ်ကဲသူတစ်ဦးသည် သူတို့၏မျက်စိရှေ့မှောက်တွင် သတ်ဖြတ်ခံခဲ့ရပါက တာဝန်ကို အကြီးအကျယ်ဖောက်ဖျက်သည်ဟု ယူဆခံရမည်ဖြစ်သည်။ သို့သော် ဤအချိန်တွင် လူတိုင်းသည် တိုက်ပွဲအလယ်တွင် ရောက်နေခဲ့ကြသည်။ ထို့အပြင် ဝမ်ချောင်နှင့် ပိုင်စီလင်တို့ကို ကယ်တင်ရန် အနီးအနားတွင် မည်သူမျှ ရှိမနေခဲ့ပေ။

ဤရုတ်တရက်ဆန်သည့် အခြေအနေဖြင့် သူတို့နှစ်ဦးစလုံးသည် အန္တရာယ်ထဲ ကျရောက်သွားခဲ့ကြသည်။

"ဟမ်"

နှုတ်ခမ်းတစ်ဖက် မြင့်တက်သွားခဲ့ခြင်းနှင့်အတူ ဝမ်ချောင် ဓားဆွဲထုတ်လိုက်သည်။ သူသည် အစစ်အမှန်သိုင်းပညာနယ်ပယ်လုပ်ကြံသတ်ဖြတ်သူကို သတ်ဖြတ်ရန် ဒေါသထွက်နေသည့် ရေနဂါး၏ ခြေရှစ်လှမ်းကို ထုတ်ဖော်ရန် ပြင်လိုက်စဉ်မှာပင် သူ့ဘေးမှနေ၍ သတ္တုမြည်သံ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထို့နောက် ဝမ်ချောင်၏ အမြန်နှုန်းထက်သာလွန်သော အမြန်နှုန်းဖြင့် အဖြူရောင်ပုံရိပ်တစ်ခုသည် မြေပြင်မှ မြင့်တက်လာသော ဒေါသထွက်နေသည့် နဂါးကြီးတစ်ကောင်ကဲ့သို့ ရုတ်တရက် ရှေ့သို့ တိုက်ခိုက်လိုက်သည်။

ဘုန်းးးး

ဤသည်မှာ ဝမ်ချောင်သည် ပိုင်စီလင် လှုပ်ရှားလာခြင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့လိုက်ရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။

တစ်ခဏအတွင်းမှာပင် သူမ၏ပုံစံသည် လုံးဝပြောင်းလဲသွားခဲ့သည်။ အားကောင်းသည့် အရှိန်အဝါတစ်ခုသည် ပတ်ပတ်လည်တွင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ လစန္ဒာ၏အလင်းရောင်အောက်တွင် အစွန်းရောက် ယင် ကြယ်တာရာစွမ်းအင်အလွှာများသည် သူမ၏အနားတွင် လည်ပတ်နေခဲ့ကြကာ သင်တုန်းဓားသွားတစ်ထောင်၏ အေးစက်စက်အလင်းရောင်ကို ထုတ်ဖော်နေခဲ့ကြသည်။

အံ့မခန်းခွန်အားဖြင့် ခုတ်ချက်ကို ရင်ဆိုင်ရာတွင် ပိုင်စီလင်သည် လက်တစ်ချောင်းတည်းသာ မြှောက်လိုက်သည်။ ဤအခိုက်အတန့်တွင် သူမ၏ နူးညံ့လှပသော လက်ချောင်းသည် ဓားတစ်လက်နှင့်ဆင်တူသော ငွေအလင်းရောင်တစ်ခု ထွက်ပေါ်နေခဲ့သည်။

ဟောင်းလောင်

ထိုသေးသွယ်လှသည့် လက်ချောင်သည် လခြမ်းကွေးသဏ္ဍာန် ဓားနှင့် ထိတွေ့သွားခဲ့ပြီး ၎င်း၏ လှုပ်ရှားမှုကို လုံးဝရပ်တန့်သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပင် ပိုင်စီလင်သည် မိုးပေါ်သို့ ခုန်တက်လိုက်ပြီး ထိုလုပ်ကြံသူဆီသို့ တည့်တည့်ကန်ထည့်လိုက်သည်။

ဤမြင်ကွင်းကို မမြင်လိုက်ရသည့် လူများသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားသည် သူမကဲ့သို့ သေးသွယ်သည့် ခန္ဓာကိုယ်ထဲတွင် အမှန်တကယ် သိုလှောင်ထားနိုင်ခဲ့သည်ကို လုံးဝယုံကြည်ကြမည်မဟုတ်ပေ။

ညအမှောင်ထုထဲ၌ပင် ဝမ်ချောင်သည် ပိုင်စီလင်က တစ်ဖက်လူ၏ ဝမ်းဗိုက်ကို မည်ကဲ့သို့ ရက်စက်စွာကန်ထည့်လိုက်သည်ကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သေးသည်။ ထို့အပြင် သူမ၏ ခြေထောက်သည် သူ့ခန္ဓာကိုယ်ထဲတွင် တစ်ခဏမျှ နှစ်ဝင်သွားခဲ့သည်။

ဘုန်းး

ထိုဓားပြ၏ ကီလိုဂရမ်ကိုးဆယ်အလေးချိန်ရှိသည့် ခန္ဓာကိုယ်သည် အမြှောက်ဆံဖြင့် ပစ်ထည့်ခံလိုက်ရသကဲ့သို့ နောက်သို့ လွင့်စင်သွားခဲ့သည်။ မရေမတွက်နိုင်သည့် သစ်ပင်ငယ်များကို ချိုးဖျက်သွားခဲ့ကာ သူသည် တောထဲရှိ ညောင်ပင်ကြီးတစ်ပင်ကို ပြင်းထန်စွာ တိုက်မိသွားခဲ့သည်။ ထိုလူသည် သူ၏ ပြင်းထန်သည့် အရှိန်ဖြင့် သစ်ပင်ကို ဝင်တိုက်လိုက်သောအခါ သစ်ခေါက်အစအနများသည် လေထဲသို့ လွင့်ပျံသွားခဲ့သည်။

တစ်ခဏတာမျှ နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ တိုက်ပွဲပင်လျှင် တစ်ခဏမျှ ရပ်တန့်သွားပုံပေါ်သည်။ ပိုင်စီလင်၏ ကြောက်မက်ဖွယ်ကန်ချက်သည် ဝမ်ချောင်အပါအဝင် လူတိုင်းကို ကြက်သေသေသွားစေခဲ့သည်။

ဝမ်ချောင်သည် ပိုင်စီလင်က သူမ၏ သေးသွယ်သည့် ခန္ဓာကိုယ်ထဲတွင် ဒိုင်နိုဆောတစ်ကောင်ကိုပင် ယှဉ်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားကို ပိုင်ဆိုင်ထားမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဂလု

သူ့မျက်နှာပေါ်တွင် အမူအရာအနည်းငယ်မျှပင် မရှိခဲ့သော်လည်း ဝမ်ချောင်သည် ကူကယ်ရာမဲ့စွာ တံတွေးမြိုချလိုက်မိသည်။

'ပိုင်ကလန်ရဲ့ မျိုးဆက်တစ်ယောက်ဆိုတဲ့အတိုင်းပဲ သူမက ကြောက်စရာကောင်းတယ်။'

ထိုသည်မှာ ဤအချိန်၌ ဝမ်ချောင်၏ စိတ်ထဲတွင် ကျန်နေသည့် တစ်ခုတည်းသောအတွေးဖြစ်သည်။ ဆိုရလျှင် သူသည် ဒေါသထွက်နေသည့် ရေနဂါး၏ ခြေရှစ်လှမ်းကို ထုတ်ဖော်ရန် ရည်ရွယ်ထားခဲ့သည်။ ပိုင်စီလင်၏ ကန်ချက်သည် သူ့အန္တိမနည်းစနစ်စွမ်းအား၏ ကန့်သတ်ချက်ထက်ပင် များစွာကျော်လွန်နေခဲ့ပြီး သူ့ဒုတိယအစ်မနှင့် နယ်စားငယ်ရီတို့ကို ယှဉ်နိုင်သည့်အဆင့်ကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။

ဆိုရလျှင် သူသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း အတူတကွအမြဲရှိနေခဲ့သော်လည်း ၎င်းကို မသိဘဲ လျစ်လျူရှုထားမိခဲ့သည်။

အကယ်၍ ထိုကန်ချက်သည် သူ့ဆီသို့ ကျလာခဲ့ပါက

သူသည် ထိုလုပ်ကြံသတ်ဖြတ်သူထက် အခြေအနေပိုကောင်းဖို့ အလားအလာမရှိပေ။

ပိုင်စီလင်သည် ခြေတစ်ဖက်ဖြင့် ကျက်သရေရှိ လှပစွာ ဆင်းသက်လိုက်ပြီး ဝမ်ချောင်ကို ဂုဏ်ယူနေသည့် အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။

"ဘယ်လိုလဲ။ မဆိုးဘူး ဟုတ်တယ်မလား။"

ဝမ်ချောင်ထက် သာနိုင်ရန် အခွင့်အလမ်းများစွာမရှိခဲ့ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း စိတ်ပျက်လက်ပျက်ခံစားနေခဲ့ရသည့်လူများမှာ ရှုကန်းနှင့် ဟွမ်ရုံတုတို့သာမဟုတ်ခဲ့ဘဲ သူမသည် အချိန်အတန်ကြာအောင် ကျေးဇူးပြန်ဆပ်ချင်နေခဲ့သည်။

"မဆိုးဘူး လုံးဝမဆိုးဘူး။"

ဝမ်ချောင်သည် စိတ်ထဲတွင် အနာဂတ်၌ ဤအမျိုးသမီးနှင့် ‌တတ်နိုင်သမျှ ဝေးဝေးနေရန် တေးမှတ်လျက် ပေါပေါသီသီချီးကျူးလိုက်သည်။

"အရှင် ဒီလုပ်ကြံသူက ဟူလူမျိုးတစ်ယောက်ပါ။"

ထိုအချိန်မှာပင် အသံတစ်ခုသည် တောထဲမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်သည် ချက်ချင်း စိတ်ပြန်လည်စုစည်းလိုက်ပြီး ထိုလုပ်ကြံသူလွင့်ထွက်သွားခဲ့သော သစ်ပင်ကြီးဆီသို့ ဦးတည်လိုက်သည်။

မြင်းစစ်သည်အတော်များများ ထိုသစ်ပင်အောက်တွင် စုစည်းနေခဲ့ကြသည်။ သူတို့ထဲမှတစ်ယောက်သည် မီးတုတ်တစ်ခုကို ကိုင်ဆောင်ထားခဲ့ကာ ထိုလုပ်ကြံသူ၏ ပုံစံကို ဝမ်ချောင် ရှင်းရှင်းလင်းလင်းမြင်နိုင်စေရန် မီးထိုးပြနေခဲ့သည်။

ထိုလုပ်ကြံသူသည် ကြီးမားသည့် အရပ်အမောင်းနှင့် အရပ်ရှည်သည့် ဟူတစ်ယောက်ဖြစ်သည်။ သူ့ပုံစံကို သိသာကွဲပြားစေသည့် အရာမှာ သူ၏ ရှည်လျားပြီး တွန့်လိမ်နေသည့် မုတ်ဆိတ်မွေးအပြည့်နှင့် ထို့အတူ သူ့ခေါင်းပေါ်တွင် ပတ်ထားသည့် အနက်ရောင် ဝတ်ရုံဖြစ်သည်။

သူ့ဘေးနားရှိ သွေးစွန်းနေသော အာရပ်ဗျဓားမောက်ရှည်မှာလည်း အထူးထင်ရှားသည်။

'သူက အာဘတ်စစ်စော်ဘွားအရပ်ကပဲ'

ဝမ်ချောင်၏ စိတ်ထဲ အတွေးတစ်ခု ပေါ်လာခဲ့သည်။

ထိုလူ ပထမဆုံးပေါ်လာချိန်ကတည်းက သူသည် အလယ်ပိုင်းလွင်ပြင်ဒေသက မဟုတ်သည်ကို ဝမ်ချောင် ကောက်ချက်ချပြီးသားဖြစ်သည်။ အားလုံးပြီးနောက် အလယ်ပိုင်းလွင်ပြင်ဒေသက လူအနည်းငယ်သာ ဓားမောက်ရှည်ကို သူတို့၏ လက်နက်အဖြစ်ရွေးချယ် အသုံးပြုကြပေလိမ့်မည်။

ဝမ်ချောင် စီးနင်းခဲ့သည့် ဓားပြအသိုက်များထဲတွင် ဤသည်မှာ အာရပ်လူမျိုးတစ်ယောက်ကို ပထမဆုံးတွေ့လိုက်ရခြင်းဖြစ်သည်။

"ဒီနေရာက အခြေအနေက သေချာပေါက်ကို ရှုပ်ထွေးတာပဲ။ အာရပ်တွေက သူတို့လူမျိုးကို လုယက်နေတယ် ဘယ်သူက ဒါကို ယုံမှာလဲ။"

ပိုင်စီလင် နောက်မှနေ၍ ပြောလိုက်သည်။

"လုယက်ခြင်းနဲ့ပတ်သက်လာရင် လူမျိုးခွဲခြားတာမျိုး မရှိတော့ဘူး။ ဒါ့အပြင် ဒီလမ်းကြောင်းကို အသုံးပြုနေတဲ့ တခြားလူမျိုးတွေလည်းရှိတယ်။ သူ့ရဲ့ အသိတရားက သူ့လူမျိုးတွေကို လုယက်ခြင်းကနေ ဟန့်တားထားနိုင်ကောင်းဟန့်တားထားနိုင်တယ်။ ဒါပေမယ့် ဟန်ကုန်သည်တွေလည်း အလားတူဖြစ်မှာကို ငါ သံသယဖြစ်မိတယ်။"

ဝမ်ချောင်သည် ပိုင်စီလင်ကို ကျောပေးလျက် ပြန်ဖြေလိုက်သည်။

ပိုင်စီလင်၏ ပြင်းထန်သည့် ခြေကန်ချက်က ထိုအာရပ်လုပ်ကြံသူ၏ ကိုယ်တွင်း အင်္ဂါများကို စိစိညက်ညက်ကြေသွားစေခဲ့ကာ သူ့ကို သေခါနီးဆဲဆဲဖြစ်သွားစေခဲ့သည်။ သူ့အတွက် အချိန်အများကြီးကျန်ရှိရန် အလားအလာမရှိပေ။

"မင်းက ဘယ်သူလဲ။ ဘာလို့ ဒီကိုရောက်နေတာလဲ။"

ဘေးနားရှိ မြင်းစစ်သည်တစ်ယောက်က တင်းမာခက်ထန်စွာ ‌အော်လိုက်သည်။

"ဟမ်"

ပြင်းထန်သည့် အတွင်းဒဏ်ရာများရရှိထားသော်ငြားလည်း ထိုအာရပ်လုပ်ကြံသူသည် မယုံနိုင်စရာကောင်းလောက်အောင် အသက်ပြင်းလှသည်။ သူ့နှုတ်မှနေ၍ အာရပ်ဘာသာစကားများ ထွက်ကျလာခဲ့ပြီး သူ့ခေါင်းကို ဘေးသို့လှည့်လိုက်သည်။ သူသည် သူတို့နှင့် ပူးပေါင်းရန် ငြင်းဆန်‌နေသည်မှာ ထင်ရှားသည်။

"တိုင်းတစ်ပါးဘာသာစကားလား။ တစ်ယောက်ယောက်များ သူ ဘာပြောနေတာလဲဆိုတာ သိကြလား။"

ဤနေရာရှိ မြင်းစစ်သည်များသည် တိုင်းတစ်ပါးဘာသာစကားကြောင့် အံ့ဩသွားခဲ့ကြပြီး သူတို့မျက်နှာပေါ်၌ ရှုပ်ထွေးသည့် အမူအရာများ ပေါ်လာခဲ့သည်။

ဤလူသည် ဟန်ဘာသာစကားကို လုံးဝ နားမလည်သည့်ပုံပေါ်သည်။

ပိုင်စီလင် မျက်မှောင်ကြုတ်လိုက်သည်။

"အာရပ်ဘာသာစကားပဲ"

အနောက်ဘက်စွန်းတွင် တည်ရှိသောကြောင့် အာဘတ်စစ်စော်ဘွားအရပ်သည် မဟာထန်နှင့် အလွန်ဝေးကွာလှသည်။ ထို့ကြောင့် နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုသည် အနည်းငယ်သာ ရှိခဲ့သည်။ ဤသို့ဖြင့် အလယ်ပိုင်းလွင်ပြင်ဒေသမှ အလွန်နည်းပါးသည့် လူများသာ အာရပ်ဘာသာစကားကို ပြောဆိုနိုင်ကြသည်။

"သူ့ကို မေးမြန်းဖို့ ငါ့ခွန်အားကို ငါနည်းနည်း ထိန်းချုပ်ထားခဲ့တယ် ဒါပေမယ့် ငါ့ရဲ့ အားထုတ်မှုက အလကားဖြစ်သွားပုံပဲ။ ဒီပုံစံအတိုင်းဆို သူ့ဆီက ငါတို့ ဘာမှ ရနိုင်မယ်ထင်ဘူး။ သူ့ကို သတ်လိုက်။"

ပိုင်စီလင်သည် သူမဘေးရှိ မြင်းစစ်သည်ကို အချက်ပြလိုက်ပြီး ပြောလိုက်သည်။ သူမသည် ဤအာရပ်လူမျိူးမှနေ၍ တန်ဖိုးရှိသည့် သတင်းတချို့ကို အစ်ထုတ်နိုင်မည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် သူမ၏ အားထုတ်မှုများသည် အချည်းနှီးဖြစ်သွားခဲ့သည်။

"ခဏနေဦး"

မြင်းစစ်သည်၏ ဓားသည် ထိုလုပ်ကြံသူ၏ ခေါင်းပေါ်သို့ ကျရောက်ခါနီးတွင် နောက်ထပ်အသံတစ်ခုသည် ရုတ်ချည်း ကြားဖြတ်ဝင်လာခဲ့သည်။ ထို့နောက်တွင် ထိုလုပ်ကြံသူ၏ စကားနှင့် ဆင်တူသည့် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အာရပ်ဘာသာစကားလား။ နင် အာရပ်ဘာသာစကားကို တကယ်ပဲ ပြောနိုင်တာလား။"

ပိုင်စီလင်သည် ဝမ်ချောင်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်ကာ အံ့အားသင့်စွာဖြင့် သူမ၏ မျက်လုံးများ ပြူးကျယ်နေခဲ့သည်။ သူမသည် နောက်ထပ်လောကအသစ်တစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ပင်။

ဝမ်ချောင်သည် ထိုအကြောင်းကို တစ်ခွန်းမှ မဟခဲ့သော်လည်း သူသည် မြို့တော်၏ သခင်လေးတစ်‌ယောက်ဖြစ်သည်ဆိုသည်ကို သူမ သေချာပေသည်။ သူတို့၏ ကလန်များအတွင်း အကာအရံရှိသည့် ပတ်ဝန်းကျင်တွင် နေထိုင်နေကြသောကြောင့် သူသည် အာရပ်ဘာသာစကားကဲ့သို့သော အလယ်ပိုင်းလွင်ပြင်ဒေသတွင် ဝေးလံခေါင်သီသည့် ဘာသာစကားကို ပြောနိုင်စရာ အကြောင်းမရှိပေ။ မည်သူမျှ ထိုသည်ကို ယုံလိမ့်မည်မဟုတ်ပေ။

ဤသည်က မယုံကြည်နိုင်စရာကောင်းလှသည်။

ဤအခိုက်မှာပင် ပိုင်စီလင်သည် သူမရှေ့ရှိ ထိုလူကို ပြန်၍ အကဲခတ်ရမည်ဟု နားလည်သွားခဲ့သည်။

ပိုင်စီလင်၏ အာမေဋိတ်ကို ဝမ်ချောင်သည် ရိုးရှင်းစွာ နောက်လှည့်လိုက်ပြီး သူမကို တစ်ချက်ပြုံးပြကာ သူ့လုံ့လများကို အာရပ်လူမျိုးလုပ်ကြံသူကို စစ်ဆေးမေးမြန်းရန် ပြန်လှည့်လိုက်သည်။ သူတို့နှစ်ဦးစလုံး၏ စကားများသည် လူတိုင်း၏နားထဲတွင် အလွန်ထူးဆန်းစွာ ထွက်ပေါ်နေခဲ့ပြီး သူတို့ကို ဦးနှောက်ခြောက်သွားစေခဲ့သည်။

သို့သော် အရူးပင်လျှင် ထိုအာရပ်လုပ်ကြံသူက ပူးပေါင်းရန် ဆန္ဒမရှိသည်ကို ပြောနိုင်ပေသည်။ သူ့ အမူအရာမှနေ၍ သူ့တုံ့ပြန်မှုက "ငါ ပြောမှာမဟုတ်ဘူး"၊ "ငါ့ပါးစပ်ကို ဖွင့်ဖို့ကြိုးစားဖို့တောင် မစဉ်းစားနဲ့"၊ "လက်လျှော့လိုက်ပါ မင်း ငါ့ဆီက ကိစ္စတစ်ခုတောင် ကြားရမှာမဟုတ်ဘူး" စသဖြင့် ထိုစာသားများနှင့်ဆင်တူသည့် အရာတစ်ခုခု ဖြစ်သည်ကို သူတို့ ခန့်မှန်းနိုင်ပေသည်။

ပိုင်စီလင်သည် စစ်ဆေးမေးမြန်းခြင်းမှာ မအောင်မြင်ဟု ထင်မြင်လိုက်ပြီး မျှော်လင့်ချက်ကို စွန့်လွှတ်ခါနီးတွင် ဝမ်ချောင်သည် အာရပ်လူမျိုးလုပ်ကြံသူ၏ မျက်နှာကို ထိတ်လန့်သည့် အရောင်သို့ ပြောင်းသွားစေသည့် စကားလုံးအချို့ကို ရုတ်တရက် ထုတ်ပြောလိုက်သည်။ အမှန်တွင် ကြောက်ရွံ့မှုအရိပ်အယောင်ကို သူ့မျက်လုံးထဲ၌ပင် မြင်နိုင်သည်။ သူသည် ဝမ်ချောင်ကို နတ်ဆိုးစစ်စစ်တစ်ကောင်က သူ့ရှေ့တွင် ရပ်နေသကဲ့သို့ စိုက်ကြည့်လိုက်သည်။

ထို့နောက် ထိတ်လန့်ဖွယ်ဖြစ်ရပ်များသည် ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။ ဝမ်ချောင်သည် ပြန်လည်ကုသခြင်းဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်ပြီး အာရပ်လုပ်ကြံသူ၏ ပါးစပ်ထဲသို့ တိုက်ကျွေးလိုက်သည်။ တစ်ချိန်တည်းမှာပါ ခုနက သေခါနီးဆဲဆဲ အာရပ်လုပ်ကြံသူသည် ရုတ်တရက် ဝမ်ချောင်၏ မေးခွန်းများကို တက်ကြွစွာ စတင် ဖြေဆိုလာကာ သူသိသမျှအရာအားလုံးကို ပြောပြနေခဲ့သည်။

"သူ့ကို စကားပြောလာအောင်လုပ်ဖို့ သူ့ကို နင် ဘယ်လို သောက်ကျိုးနည်းတွေ ပြောခဲ့တာလဲ။"

ပိုင်စီလင်သည် စိတ်ထဲတွင် စူးစမ်းလိုစိတ်များ ပွက်ပွက်ဆူနေပြီး သူမကိုယ်သူမ ထိန်းထားနိုင်တော့သည်အထိပင်။ ဝမ်ချောင်၏ မေးမြန်းမှုများ ပြီး‌ဆုံးသွားခဲ့ပြီး တစ်ခဏအကြာတွင် ထိုအာရပ်လုပ်ကြံသူသည် ဒဏ်ရာများကို လက်လျှော့လိုက်ပြီး သေဆုံးသွားခဲ့သည်။ အဆုံးတွင် ဝမ်ချောင်၏ ပြန်လည်ကုသခြင်းဆေးလုံးသည် သူ့အသက်ကို မိနစ်အနည်းငယ်သာ ပိုရှည်စေခဲ့သည်။ သို့သော်လည်း ထိုသည်မှာ ပိုင်စီလင်မေးမြန်းနေသည့်အရာမဟုတ်ပေ။

"ဘာမှ သိပ်မများပါဘူး။ သူ ပူးပေါင်းဖို့ငြင်း‌ဆန်ခဲ့ရင် သူ့အတွက် ဘာသာမဲ့တစ်ယောက်ရဲ့ ကြီးကျယ်ခမ်းနားတဲ့ဈာပနာအခမ်းအနားတစ်ခုကို ငါ ကျင်းပပေးမယ် လို့ ပြောခဲ့တာပါ။"

ဝမ်ချောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"အာ"

ပိုင်စီလင်သည် တစ်ခဏမျှ မှင်သက်သွားခဲ့ပြီး သူမ၏ နှုတ်ခမ်းများမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမသည် ဝမ်ချောင်ကိုချီးကျူးသင့်လော အပြစ်တင်သင့်သလော မသိတော့ပေ။ သူမသည် အာရပ်လူမျိုးများအကြောင်း များများစားစားမသိသော်လည်း အာရပ်အများစုသည် သူတို့၏ဘာသာတရားကို ရိုသေကိုင်းရှိုင်းသူများဖြစ်ကြကြောင်း သူမကြားသိခဲ့ရသည်။

အဖြစ်နိုင်ဆုံးမှာ ဘာသာမဲ့အဖြစ် သမုတ်ခံရမည်ကို ကြောက်ရွံ့ခြင်းသည် သူ့နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေချိန်မှာပင် သူ့အတွက် ကြောက်စရာကောင်းလွန်းသည့် အတွေးတစ်ခုဖြစ်နိုင်သည်။

ဤကဲ့သို့သော အခမ်းအနားသည် ပို၍ကြီးကျယ်ခမ်းနားလေ သူ့အတွက် ပို၍ ကြောက်စရာကောင်းလေလေဖြစ်သည်။

"သူ့ရဲ့ အနက်ရှိုင်းဆုံး အကြောက်တရားတွေကို လွယ်လွယ်ကူကူ ဖြစ်ပေါ်စေနိုင်ဖို့ဆိုတာ သူက နင့်ကို နတ်ဆိုးတစ်ကောင်လို စိုက်ကြည့်နေတာ အံ့သြစရာတော့ မဟုတ်တော့ဘူး။"

ပိုင်စီလင်သည် ရယ်မောလျက် ခေါင်းခါလိုက်သည်။

"မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။"

ဝမ်ချောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူ့ရည်မှန်းချက်များ အောင်မြင်နိုင်သရွေ့ သူ့ဂုဏ်သတင်းကို ဘာလို့ ထည့်တွက်နေရမည်နည်း။

သူ့ရည်မှန်းချက်သည် မဟာထန်ကို ကယ်တင်ရန်ဖြစ်သည်။ ထိုအရာနှင့် ယှဉ်လျှင် တခြားဘယ်အရာမှ များများစားစားအရေးကြီးပုံမပေါ်တော့ပေ။

"နင်က တကယ့်ကို အရှက်မရှိတာပဲ။"

"နောက်တစ်ကြိမ် မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။"

ဝမ်ချောင်သည် ပိုင်စီလင်၏ မျက်လုံးထဲတွင် အလွန်ထူးဆန်းပုံပေါ်သည့် ပုံစံတစ်ခုဖြင့် သူမကို အနည်းငယ်ဦးညွတ်လိုက်ပြီး သူ့ခေါင်းကို တိကျသည့်အရပ်မျက်နှာတစ်ခုသို့ လှည့်လိုက်သည်။

အပိုင်း ၃၃၇ ပုန်းကွယ်နေသည့် လျှို့ဝှက်ချက်

အစစ်အမှန်သိုင်းပညာနယ်ဝါရင့်စစ်မှုထမ်းအယောက်လေးဆယ်တို့၏ ခွန်အားကို ချက်ချင်း သက်သေပြခဲ့ကြသည်။ ဓား၊ လှံလက်နက်များနှင့် ဆင်တူသော အရာများသည် သိုင်းချီစက်ကွင်း မြောက်မြားစွာတို့ဖြစ်ကြပြီး သူတို့ဖြတ်သွားသည့်နေရာတိုင်း ဓားပြများ လဲကျကုန်ကြပေလိမ့်မည်။

ဝင်ရောက်စီးနင်းမှုသည် အဆုံးသတ်သို့ ရောက်လာခဲ့ပြီး သူတို့သည် မကြာမီ အောင်ပွဲဆင်၍ ပြန်သွားကြရပေတော့မည်။ သို့သော် ဤအခိုက်တွင် ဝမ်ချောင်၏ စိတ်သည် အာရပ်လုပ်ကြံသူ၏ အသက်ထွက်ခါနီး စကားလုံးများဖြင့် ပြည့်နှက်နေခဲ့သည်။

ဝမ်ချောင်သည် သူ့ကို များစွာ မျှော်လင့်မထားခဲ့ဘဲ စစ်ဆေးမေးမြန်းခဲ့သည်။ သို့သော် အသုံးဝင်သည့် အချက်အလက်အနည်းငယ်ကို အမှန်တကယ် ရရှိနိုင်လိမ့်မည်ဟု မည်သူ သိမည်နည်း။

"အဲကောင် ဘာပြောသွားခဲ့တာလဲ။"

ကြာပန်း၏ မွှေးရနံ့သည် သူ့နောက်မှ လွင့်ပျံလာခဲ့သည်။ ပိုင်စီလင်သည် ဝမ်ချောင်ဆီသို့ မလာမီ ထိုအာရပ်လုပ်ကြံသူကို နောက်ဆုံးတစ်ချက်ကြည့်သွားခဲ့သည်။

အရာအားလုံးနှင့် နှိုင်းယှဉ်ရပါက ပိုင်စီလင်သည် ဝမ်ချောင်၏ ထူးခြားသည့် တုံ့ပြန်မှုကို ပို၍ စိတ်ဝင်စားပေသည်။

"တိဗက်လူမျိုးတွေက တစ်ခုခုလုပ်နေပုံရတယ်။"

မည်သည့်အရာကိုမျှ ဖုံးကွယ်မထားနေတော့ဘဲ ဝမ်ချောင်သည် မာစုန့်က သူ့ကို ယခင်က ပြောပြခဲ့သည့်အရာနှင့် သေခါနီးဆဲဆဲ အာရပ်လုပ်ကြံသူတို့၏ စကားများကို သူမအား ပြောပြလိုက်သည်။

ထိုအာရပ်လုပ်ကြံသူသည် ချမ်းသာသည့် အာရပ်ကုန်သည်တစ်ဦး၏ သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်နေကျဖြစ်သည်။ သို့သော် အလယ်ပိုင်းလွင်ပြင်ဒေသများသို့ ခရီးတွင် ထိုကုန်သည်အုပ်စုသည် ဓားပြအဖွဲ့တစ်ခု၏ လုယက်စီးနင်းခြင်းကို ခံခဲ့ရပြီး ထိုချမ်းသာသည့် ကုန်သည်က သေဆုံးသွားခဲ့သည်။ ကံကောင်းမှုတချို့ကြောင့် သူ လွတ်မြောက်နိုင်ခဲ့ပြီး ကပ်ဆိုးကြီးမှ ရှင်ကျန်ရစ်နေခဲ့သည်။

သို့သော် တစ်ချိန်တည်းမှာပင် သူသည် ဘာမှမကျန်တော့ပေ။ ဤတိုင်းတစ်ပါးမြေပေါ်တွင် သူ အားကိုးနိုင်သည့် ဆွေမျိုး သို့မဟုတ် သူငယ်ချင်းမရှိခဲ့ပေ။ နယ်ခံများနှင့် ပြောဆိုဆက်ဆံခြင်းကပင် ပြဿနာတစ်ခုဖြစ်နေခဲ့သည်။ ထို့ကြောင့် သူ့အတွက် ကျန်ရှိသည့် တစ်ခုတည်းသော ရွေးချယ်မှုမှာ ဓားပြဖြစ်လာခြင်းပင်။

သူသည် သူ့အမိတိုင်းပြည်ကို ပြန်ရန်အတွက် လုံလောက်သည့်ငွေများ ရှာနိုင်ရမည်ဟု အားခဲထားခဲ့သည်။

သို့သော် ဘာသာစကားအတားအဆီးကြောင့် သူသည် တစ်ယောက်တည်းလှုပ်ရှားခြင်းဖြင့် အဆုံးသတ်ခဲ့ရသည်။ တော်ဝင်ရုံးတော်၏ အားကောင်းသည့် တပ်ဖွဲ့များကို ကြောက်ရွံ့သောကြောင့် သူသည် သတိကြီးစွာ လျှောက်လှမ်းခဲ့ရသည်။ ထို့ကြောင့် သူသည် သိသာသည့်အမြတ်အစွန်းများ မရရှိနိုင်ခဲ့သေးပေ။ သို့သော် တစ်နေ့တွင် သူသည် တိဗက်လူမျိုးတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။

တစ်ဖက်လူသည် သူက အမိန့်များကို လိုက်နာနေသရွေ့ သူ့ကို အာဘတ်စစ်စော်ဘွားအရပ်ဒေသသို့ ပြန်ရန် ကူညီပေးမည်ဟု ကတိပေးခဲ့ပြီး သူ၏ ပြန်လည်ရွေးနှုတ်ခြင်းကိုပင် စီစဉ်ပေးမည်ဟု သူ့ကို ကတိပေးခဲ့သည်။

"ပြန်ရွေးတာလား။"

ပိုင်စီလင် စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။

"အင်း ငါက သူ့ကို သက်တော်စောင့်တစ်ယောက်အဖြစ် ဖော်ပြခဲ့ပေမယ့် သူက တကယ်တော့ ကျွန်တစ်ယောက်ပဲ။ သူ့အသက်နဲ့ရင်းပြီး ကာကွယ်ဖို့ သူ ကျိန်ဆိုထားခဲ့တဲ့ သခင်က သေဆုံးသွားပေမယ့် အသက်ကို ဖက်တွယ်ထားဖို့ဆိုတာ သူ့ကို အာဘတ်စစ်စော်ဘွားအရပ်ဒေသမှာ သေဒဏ်အလွယ်တကူချမှတ်လိုက်နိုင်တယ်။ သူပြန်သွားခဲ့ရင်တောင်မှ သူ့ကိုစောင့်နေမှာက သေခြင်းတရားပဲ။"

ဝမ်ချောင် ပြန်ဖြေလိုက်သည်။

အာဘတ်စစ်စော်ဘွားအရပ်ဒေသသည် မဟာထန်ထက် ပိုမိုတင်းကျပ်ပြီး ခက်ထန်သော အထက်အောက်ဖွဲ့စည်းပုံဖြင့် ဖွဲ့စည်းထားခဲ့ပြီး ကျွန်ပြုခြင်းမှာ သာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သည်။ ပိုင်စီလင်သည် ထိုကဏ္ဍနှင့် ယခင်က တစ်ခါမျှ မထိတွေ့ခဲ့ဖူးသောကြောင့် သူမသည် ထိုသည်ကို မသိရှိခဲ့ပေ။

ထိုစကားကို ကြားလိုက်ရသည်တွင် ပိုင်စီလင် အတွေးထဲ နစ်မြောသွားခဲ့သည်။

"သူက အဲဒီတိဗက်လူမျိုးရဲ့ ပုံစံကို ဖော်ပြခဲ့သေးလား။"

"သူက အဲလူရဲ့ ထူးခြားတဲ့ လက္ခဏာတွေကို အများကြီး မမှတ်မိခဲ့ဘူး။ သူမှတ်မိတာက တစ်ဖက်လူဟာ သူ့လှုပ်ရှားမှုတွေကို ဒီဒေသမှာ ကန့်သတ်ထားဖို့နဲ့ မဟာထန်ကို တတ်နိုင်သမျှ ဒုက္ခပေးခိုင်းခဲ့တာပါပဲ။ အမှန်တော့ သူက ဒုစရိုက်လောကက ဓားပြအုပ်စုတွေကိုတောင် တစ်ခါမှ မတွေ့ဆုံခဲ့ဖူးဘူး ဒါမှမဟုတ် သူတို့နဲ့ အရင်က တစ်ခါမှ ထိတွေ့ဆက်ဆံခဲ့တာမျိုးမရှိခဲ့ဘူး။"

ဝမ်ချောင် ပြန်ဖြေလိုက်သည်။

"တိဗက်တွေက ဘာတွေကြံစည်နေကြတာလဲ။ ဒီလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ တခြားအဓိပ္ပာယ်ရှိသေးလား။"

ပိုင်စီလင် အတွေးထဲ ကျရောက်သွားခဲ့သည်။ တိဗက်လူမျိုးများ၏ အပြုအမူများကို သူမ နားမလည်နိုင်ခဲ့ပေ။

"သူတို့ရဲ့ ရည်ရွယ်ချက်အမှန်ကို ငါတို့ မသိပေမယ့် တော်ဝင်ရုံးတော်နဲ့ အရှင်မင်းမြတ်တို့က အနောက်ဘက်ကိုသွားတဲ့ လမ်းကြောင်းကို အမြဲအရေးတကြီးနဲ့ ရှုမြင်ထားကြတာကတော့ အမှန်တရားတစ်ခုပဲ။ ဒီလမ်းတစ်လျှောက်မှာ ဓားပြတွေရဲ့ လှုပ်ရှားမှုတွေက အရှိန်မြှင့်လာခဲ့ရင် ဒါက မဟာထန်ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာမှာဖြစ်တယ်။ သူတို့ရဲ့ဘေးကင်းမှုကို ထည့်သွင်းစဉ်းစားလိုက်ရင် အာဘတ်စစ်စော်ဘွားနဲ့ ခဲရပ်စပါစီနူက ကုန်သည်တွေဟာ မဟာထန်နဲ့ ကုန်သွယ်မှုကို လုံးဝရှောင်ရှားလိုက်မှာတောင် ဖြစ်နိုင်တယ်။"

"ဝူရှန်းဟာ မဟာထန်နဲ့ အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်ခဲ့တယ်။ အကြောင်းပြချက်က ဘယ်လိုပဲဖြစ်ဖြစ် မဟာထန်နဲ့ အနောက်တိုင်းဒေသတွေကြား ဆက်ဆံရေးတွေကျိုးပျက်တာဟာ သူတို့အတွက်ပဲ အကျိုးရှိနိုင်တယ်။ ငါနားမလည်နိုင်တဲ့ တစ်ခုတည်းသောအရာက တိဗက်တွေဟာ တော်ဝင်ရုံးတော်က ဒီလမ်းကို ချဲ့ထွင်ရာမှာ လွယ်လွယ်ကူကူလက်လျှော့မှာမဟုတ်ဘူးဆိုတာကို နားလည်သင့်တယ် ဆိုတာပဲ။ အများဆုံးမှ သူတို့ဟာ ငါတို့ရဲ့ရည်မှန်းချက်တွေကို နည်းနည်းပဲ အဟန့်အတားဖြစ်စေနိုင်တယ် ဒါက အစီအစဉ်အကြီးကြီးတွေမှာ နည်းနည်းလေးပဲ အရေးပါတယ်။ ဒါ့အပြင် အနောက်ပိုင်းကာကွယ်ရေးအိမ်တော်ကလည်း အစွန်အဖျားမှာ ကာကွယ်ရပ်တည်နေတာမို့ ဓားပြတွေအတွက် အရေးပါတဲ့ခြိမ်းခြောက်မှုတစ်ခုပြုလုပ်ဖို့ လုံလောက်တဲ့ အင်အားကိုစုဆောင်းနိုင်ဖို့ အလားအလာမရှိဘူး။"

ဝမ်ချောင် တွေဝေသွားခဲ့သည်။

အနောက်ဘက်သို့သွားသည့် ပိုးထည်လမ်းမသည် ကုန်သွယ်ရေးလမ်းကြောင်းမျှသာမဟုတ်ပေ။ ၎င်းသည် အနောက်ပိုင်းကာကွယ်ရေးအိမ်တော်၏ အသက်သွေးကြောလည်းဖြစ်သည်။ ဤကုန်သည်များမှ အခွန်အကောက်များကြောင့် သူတို့၏ ကြီးထွားရှင်သန်မှုအတွက် လုံလောက်သည့် ပိုက်ဆံများ ရရှိနေခြင်းဖြစ်သည်။

ဤလမ်းပေါ်တွင် စူးစိုက်ထားသည့် အနောက်ပိုင်းကာကွယ်ရေးအိမ်တော်၏ မျက်လုံးများကြောင့် ဤနှောင့်ယှက်မှုအဆင့်သည် ခြိမ်းခြောက်မှု လုံးဝမဖြစ်နိုင်ကြောင်း တိဗက်လူမျိုးများ နားလည်သင့်သည်။

"ဒါက ပြောဖို့ခက်တယ်။ တော်ဝင်ရုံးတော်က ဒီကိစ္စကနေ ဘေးထွက်ရပ်နေရင် ဒီလမ်းရဲ့ရှည်လျားမှုကို စဉ်းစားလိုက်ရင် အနောက်ပိုင်းကာကွယ်ရေးအိမ်တော်က သူတို့ကိုယ်တိုင် ဒါကို ထိန်းသိမ်းဖို့ ခက်ခဲလိမ့်မယ်။ ဒီရှုထောင့်မှာ တိဗက်လူမျိုးတွေက အောင်မြင်ဖို့ တကယ်ပဲ အခွင့်အလမ်းရှိတယ်။ ဒါပေမယ့်လည်း ငါက နင်နဲ့ အမြင်ချင်းတူနေတုန်းပဲ။ သူတို့က ဓားပြတွေကို စုရုံးဖို့ ဘယ်လောက်အားထုတ်မှုအများကြီး စိုက်ထုတ်ထားသလဲဆိုတာကို စဉ်းစားလိုက်ရင် သူတို့ရဲ့ ရည်ရွယ်ချက်က အဲလောက်မရိုးရှင်းနိုင်ဘူး။"

ပိုင်စီလင် တွေးတွေးဆဆပြန်ပြောလိုက်သည်။ မသိလိုက်ဘဲ သူမ၏ အတွေးများသည် ဝမ်ချောင်၏ အရှိန်အဟုန်ထဲသို့ ရောက်သွားခဲ့သည်။

"ပိုင်စီလင် မကြာသေးမီရက်များက မြို့တော်ကို ဘယ်လိုတိဗက်သံတမန်အဖွဲ့မဆို ရောက်လာခဲ့ခြင်းရှိမရှိဆိုတာ မင်းသိလား။"

ဝမ်ချောင် ရုတ်တရက်မေးလိုက်သည်။

"နင် ငါ့ကို လာနောက်နေတာလား။ ငါက ဒီအတောအတွင်း လုံ့ဝေလေ့ကျင့်ရေးစခန်းမှာ နေနေခဲ့တာ။ နင်တောင် မသိတဲ့အရာဆိုရင် ငါက ဘယ်လိုလုပ်သိနိုင်မှာလဲ။ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခွင့်ရှိတဲ့ အမျိုးသမီးတွေကို နင် ဘယ်တုန်းက တွေ့ဖူးခဲ့တာလဲ။"

ပိုင်စီလင်သည် သူမက အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ မျက်လုံးလေး ကလည်ကလည်လုပ်လိုက်သည်။

"ဟားဟားဟား ငါ့ကိုခွင့်လွှတ်ပါ။ ငါ စကားမှားသွားတယ်။"

သူမ ထောက်ပြသည့်အရာကို သဘောပေါက်လိုက်ကာ ဝမ်ချောင်သည် သူ့ခေါင်းသူရိုက်လိုက်ပြီး ရယ်မောလိုက်သည်။

မကြာမီ တိုက်ပွဲသည် အဆုံးသတ်သို့ ရောက်လာခဲ့သည်။ အသိုက်ကို ရှင်းလင်းပြီးနောက် လေးဆယ်သော မဟာထန်မြင်းစစ်သည်များသည် လျင်မြန်စွာ ထွက်ခွာလိုက်ကြသည်။

ဓားပြပုန်းခိုရာနေရာတစ်ခုလုံး၏ ဓားပြတစ်ယောက်သည်ပင် မလွတ်မြောက်ခဲ့ပေ။

ထို့အပြင် ဤကျင်း၌ ဝမ်ချောင်သည် နောက်ထပ် ရွှေပြားနှစ်သိန်းကို ရရှိခဲ့သည်။ ထိုသည်က တစ်လအတွင်း ကျောက်စိမ်းရိုင်းသံမဏိရောင်းချခြင်းမှ အကျိုးအမြတ်နှင့်ညီမျှပေသည်။

ယခင်က အကျိုးအမြတ်များကို ထပ်ပေါင်းထည့်လိုက်ပါက သူ့ဆီတွင် ရွှေပြားခုနှစ်သိန်းဝန်းကျင်ခန့်ရှိနေပြီဖြစ်သည်။ ဝမ်ချောင်၏ ချမ်းသာမှုဖြင့်ပင် ဓားပြများကို ကိုင်တွယ်ခြင်းသည် ကြီးစွာသော အကျိုးအမြတ်များ ရရှိကြောင်း ဝန်ခံရမည်ဖြစ်သည်။

လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် သူသည် လှုပ်ရှားမှုတစ်ခုပင် မပြုလုပ်ခဲ့ရပေ။ သူလုပ်ခဲ့သည်မှာ စစ်ဆင်ရေးကို အစီအစဉ်‌ချပြီး တပ်သားများကို အမိန့်ပေးခဲ့ခြင်းဖြစ်ကာ ရွှေပြားများသည် အဆုံးမရှိ လှိမ့်ဝင်လာခဲ့သည်။

ပိုးထည်လမ်းမသည် ဓားပြများအတွက်ပင်လျှင် ဤမျှကြီးမားသော စည်းစိမ်ဥစ္စာများကို စုဆောင်းရန်အထိ ငွေကြေးနှင့် ပြည့်လျှံနေပေသည်။

သူသည် မည်သည့်အချိန်နေရာတွင်ရှိပါစေ ပိုးထည်လမ်းမသည် စည်းစိမ်ချမ်းသာနှင့် အမြဲယှဉ်တွဲနေခဲ့သည်။ လက်တစ်ဆုပ်စာဓားပြများကို ရှင်းလင်းရုံမျှဖြင့် သူသည် သူကိုယ်တိုင် ရွှေပြား သိန်းအတော်များများကို ရှာဖွေရရှိခဲ့သည်။ ထို့အပြင် ဤသည်က ကြီးများသည့် သမုဒ္ဒရာထဲမှ သေးငယ်သည့် ရေတစ်စက်မျှသာ ဖြစ်သည်။

ဤသည်မှနေ၍ တစ်ယောက်သည် ပိုးထည်လမ်းမကြီးကို ဖြတ်သန်းစီးဆင်းနေသော မယုံနိုင်စရာကောင်းသည့် ကံကောင်းမှုကြီးကို အကြမ်းဖျင်း မြင်ယောင်နိုင်ပေသည်။

ထို့အပြင် အမှန်တကယ်တွင် ဤလမ်းတစ်လျှောက်ရှိ ဓားပြများသည် အစစ်အမှန်ခြိမ်းခြောက်မှုမဟုတ်ပေ။ အားလုံးပြီးနောက် ဤဓားပြားများထဲမှ ပမာဏအနည်းငယ်သာ အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ ရောက်ရှိနေခဲ့ကြသည်။

အမှန်တကယ်ခြိမ်းခြောက်မှုမှ ထိုမြင့်မားသည့် ရွေ့လျားနိုင်စွမ်းနှင့် အားကောင်းသည့် မြင်းစီးဓားပြများမှ လာခဲ့ခြင်းဖြစ်သည်။

ဤသည်က တော်ဝင်ရုံးတော်သည် ဝမ်ချောင်တို့ကို ခြေလျင်စစ်သည်များအစား မြင်းစစ်သည်များကို ခွဲဝေပေးခဲ့ရခြင်း၏ အကြောင်းအရင်းလည်းဖြစ်သည်။ မြင်းစီးဓားပြများသည် ဤနေရာရှိ ဓားပြများထက် များစွာ သန်မာနေခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ပို၍လည်း ချမ်းသာကြသည်။

ဝမ်ချောင်သည် သူက ထိုမြင်းစီးဓားပြများမှနေ၍ မည်မျှရရှိနိုင်သည်ကို မျှော်တွေးကြည့်ခဲ့ပြီးဖြစ်သည်။ လက်ရှိအခြေအနေအရ သူ့ခံတပ်ကို တစ်ဆ ချဲ့ထွင်ခဲ့လျှင်ပင် အခက်အခဲရှိမည့်ပုံမပေါ်ပေ။

အနောက်ဘက်သို့ရောက်လာသည်နှင့် ဝမ်ချောင်၏ ကံကောင်းမှုသည် တဖြည်းဖြည်းစုပြုံလာခဲ့သည်။

အမှန်တွင် ပိုင်စီလင်သည် ဝမ်ချောင်က သူမနှင့် ကံကောင်းမှုပမာဏတစ်ခု ဝေမျှမည်ကို ပထမဆုံးကြားလိုက်ရသောအခါ သူမသည် ဟာသတစ်ခုအဖြစ် ယူဆခဲ့သည်။

အားလုံးပြီးနောက် ပိုင်ကလန်သည် မည်ကဲ့သို့ ငွေကြေးပြတ်လပ်နေနိုင်မည်နည်း။

မြို့တော်ရှိ အချမ်းသာဆုံးကလန်များပင်လျှင် ပိုင်ကလန်ကို ယှဉ်နိုင်ရန် ခက်ခဲသည်။ ပိုင်ကလန်သည် လူမြင်ကွင်းမှ ထွက်နေရန် သူတို့ကိုယ်သူတို့ သိုသိုသိပ်သိပ်နေနေခဲ့ခြင်းကြောင့်သာဖြစ်သည်။

သို့သော်လည်း ပိုင်စီလင်သည် ဝမ်ချောင်စကား၏ ဆိုလိုရင်းကို မကြာမီ သဘောပေါက်သွားခဲ့သည်။ ရက်အနည်းငယ်အတွင်း သူမသည် ဝမ်ချောင်ဆီမှ ရွှေပြားသုံးသိန်းကို ရရှိခဲ့ပြီး တိုးလာနေဆဲဖြစ်သည်။

ပိုင်ကလန်သည် ချမ်းသာသော်လည်း ရွှေပြားသုံးသိန်းသည် သူတို့လျစ်လျူရှုနိုင်သည့် ပမာဏတစ်ခု မဟုတ်ပေ။

ပိုင်ကလန် အဓိကမိသားစု၏ သမီးတစ်ယောက်ဖြစ်သော်လည်း ပိုင်စီလင်သည် တိုတောင်းသော ရက်အနည်းငယ်အတွင်း ဤမျှများပြားသော စည်းစိမ်ချမ်းသာကို စုဆောင်းနိုင်သည့် မည်သူ့ကိုမျှ မမြင်ဖူးခဲ့ပေ။

ဤသည်က သူမထောက်ပံ့ကြေး၏ နှစ်အတော်ကြာရရှိမှုထက် ပိုခဲ့သည်။

ပိုင်စီလင်သည် အရန်အခန်းကဏ္ဍတွင်သာ ပါဝင်နေသော်လည်း ဤငွေပမာဏကို ရရှိနိုင်သည်ဟု စဉ်းစားကြည့်လိုက်ပါက ဝမ်ချောင်၏ ၀င်ငွေသည် ထိုထက်ပင် ပိုနေခဲ့မည်ဖြစ်သည်။ ထို့ကြောင့် သူမသည် ဟန်ဆောင်မနေတော့ပေ။

တစ်ဖက်တွင်မူ ရှုကန်းနှင့် ဟွမ်ရုံတုတို့သည်လည်း အကျိုးအမြတ်အနည်းငယ်ကို ရရှိနိုင်ခဲ့ကြသည်။ သူတို့၏ ကံကောင်းမှုသည် ဝမ်ချောင်နှင့် ပိုင်စီလင်တို့ကို မယှဉ်နိုင်သော်လည်း ကုံလုံနေသေးသည်။ အနည်းဆုံး ထိုကံကောင်းမှုသည် သူတို့ကလန်များမှ သူတို့ရရှိမည့် ပုံမှန်ထောက်ပံ့ကြေးထက် များစွာ သာလွန်ခဲ့သည်။

ထို့ကြောင့် သူတို့သည်လည်း တက်ကြွမှုဖြင့် ပြည့်‌နှက်နေခဲ့ကြသည်။

ဤစစ်ဆင်ရေး၏ ကွပ်ကဲသူအနေဖြင့် ဓားပြများ အမြစ်ပြတ်ချေမှုန်းခံရသည်ကို မြင်ရသောအခါ လက်ထောက်ကျန်းလင်သည်လည်း ဝမ်းသာနေခဲ့သည်။

ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက ဝမ်ချောင်နှင့် အခြားသူများသည် အံ့မခန်းကံကောင်းမှုကို ရရှိပေလိမ့်မည်။ သို့သော်လည်း ကိစ္စများသည် အပေါ်ယံတွင် မြင်တွေ့ရသလောက် ရိုးရှင်းမနေခဲ့ပေ။

ဝမ်ချောင်နှင့် အခြားသူများ၏ ဓားပြများကို ရှင်းလင်းခြင်းဖြင့် ကုန်ဆုံးခဲ့သည့် နေ့ရက်များသည် မထင်မှတ်ထားသည့် အခြေအနေတစ်ခုကို ယူဆောင်လာခဲ့သည်။

...

"ငါ့ဆီကို အတူတူလာခဲ့ကြစမ်းပါ။"

ဝမ်ချောင်နှင့် အခြားသူများရှိနေသည့်နေရာမှ လီရာဂဏန်းချီသော တောင်တစ်ခုတွင် အရပ်ရှစ်ချီ (၂.၆ မီတာ)ရှည်သော တုတ်ခိုင်သန်မာသည့် လူတစ်ယောက်သည် ဧရာမကြီးမားစွာဖြင့် မတ်တပ်ရပ်နေ၏။ ဖောင်းကားနေသော သူ့လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သူ့ရှေ့ရှိ အုပ်စုကို စိန်ခေါ်လိုက်သည်။

ဘုန်းးး

ချီစက်ကွင်းများသည် ပတ်ပတ်လည်တွင် ပေါက်ကွဲထွက်လာခဲ့ပြီး အစစ်အမှန်သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူရှစ်ဦးတို့သည် ထိုဧရာမလူကြီးကို တိုက်ခိုက်ရန် လျှပ်စီးကဲ့သို့ အလျင်ဖြင့် ရှေ့သို့ ချီတက်လိုက်ကြသည်။

ကလင်

ပြင်းထန်သော ကြယ်တာရာစွမ်းအင်ရှစ်ခုသည် ထိုလူ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ကြသည်။ သို့သော် သတ္တုသံသာ ထွက်ပေါ်လာခဲ့သည်။ သူတို့တိုက်ခိုက်ခဲ့ကြသည့် ခန္ဓာကိုယ်သည် အသွေးအသားဖြင့်တည်ဆောက်ထားခဲ့ခြင်းမဟုတ်ဘဲ သံမဏိဖြင့် ထုလုပ်ထားခဲ့ခြင်း ဖြစ်ပုံပေါ်သည်။

ထိုမယုံကြည်နိုင်စရာကောင်းလှသော ပြန်ကန်အားသည် အစစ်အမှန်သိုင်းပညာနယ်ပယ် ကျွမ်းကျင်သူရှစ်ဦး၏ တိုက်ခိုက်မှုကို ဟန့်တားရုံသာမက သူတို့စုစည်းထားသည့် ကြယ်တာရာစွမ်းအင်များကိုလည်း ပျောက်ကွယ်သွားစေခဲ့သည်။

သူတို့၏ ကြယ်တာရာစွမ်းအင်များ ပျောက်ကွယ်သွားခဲ့သည့် ထိုခဏတွင် အကယ်၍ တစ်ယောက်သည် ဂရုတစိုက် သတိပြုမိခဲ့မည်ဆိုပါက တစ်ယောက်သည် ထိုလူကြီး၏ ပတ်ပတ်လည်တွင် ရစ်ပတ်နေသည့် ကြယ်တာရာစွမ်းအင်ဖြင့် ဖန်တီးထားခဲ့သော ဧရာမအနက်ရောင်ချိန်းကြိုး၏ ပုံသဏ္ဍာန်ကို ဝိုးတဝါးမြင်နိုင်သည်။

"နောက်တစ်ခေါက်"

ထိုတုတ်ခိုင်သန်မာသည့် လူသည် ငွားငွားစွင့်စွင့် ရယ်မောလိုက်သည်။

----------------------------

အပိုင်း ၃၃၈ သံထည်ဝတ်ရုံနည်းစနစ်

ထိုတုတ်ခိုင်သန်မာသည့် လူကြီးသည် ခမ်းနားထည်ဝါစွာ ရယ်မောလိုက်သည်။

ဒေါက်

ယောက်ယက်ခတ်နေသည့် ခြေလှမ်းများဖြင့် နောက်ထပ်လူလေးဦးတို့သည် ရုတ်ချည်း ထိုအုပ်စုထဲ ဝင်ပါလာခဲ့ကြသည်။ သူတို့အောက်ရှိ ဓားလှံတို့၏ အချွန်အတက်များပုံစံ တောက်ပသည့် ချီစက်ကွင်းက သူတို့၏ အစစ်အမှန်သိုင်းပညာနယ်ပယ်ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်ပြသနေခဲ့သည်။

ဤသို့ဖြင့် ဤတိုက်ပွဲတွင် ပါဝင်နေသည့် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူများသည် လူ ဆယ့်နှစ်ယောက်သို့ တိုးသွားခဲ့သည်။

"မင်းတို့ရဲ့ ဆေဘာတွေကို ကိုင်ဆောင်ထားကြ။"

အုပ်စုထဲမှ လူတစ်ယောက်က အော်ဟစ်လိုက်သည်။ နောက်တစ်ခဏတွင် ရှည်လျားသည့် ဆေဘာဓားတစ်လက်သည် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူဆယ်နှစ်ယောက်တို့၏ လက်ထဲတွင် ပေါ်လာခဲ့ကြသည်။ မြင်းစီးဓားပြများအနေဖြင့် သူတို့သည် သူတို့ကိုယ်တိုင်တိုက်ခိုက်ခြင်းတွင် အထူးမကျွမ်းကျင်ကြသော်လည်း လက်နက်အမျိုးမျိုးဖြင့် တိုက်ခိုက်ခြင်းတွင် ကျွမ်းကျင်ကြသည်။

ဆေဘာဓားဆယ့်နှစ်လက်မှ အေးစက်သည့် အလင်းရောင်သည် လေထဲတွင် တလက်လက်တောက်ပနေခဲ့ကြပြီး အေးစက်ပြီး အန္တရယ်ရှိသည့် အရိပ်အယောင်သည် ပတ်ပတ်လည်တွင် ပြည့်နှက်နေခဲ့သည်။

ကလင်

လက်ခနဲ ဖြစ်သွားခဲ့ခြင်းနှင့်အတူ ဆေဘာဓားဆယ့်နှစ်လက်တို့သည် အလယ်တွင် ရပ်နေသည့် တုတ်ခိုင်သန်မာသော လူကြီးကို ခုတ်ချလာခဲ့ကြသည်။

ဘုန်းးး

ထိုခဏမှာပင် ချိန်းကြိုးဆယ့်နှစ်ခုတို့သည် ဥဒေါင်းတစ်ကောင်က သူ့အမြီးများကို ဖြန့်ကျက်လိုက်သကဲ့သို့ တုတ်ခိုင်သန်မာသည့် လူကောင်ကြီး၏ အနက်ရောင်ချိန်းကြိုးသံထည်ဝတ်ရုံမှ ရှေ့သို့ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ကလင် ကလင် ကလင် ကလင်

ဆေဘာဓားများနှင့် ချိန်းကြိုးအချိတ်အဆက်များ တိုက်ခိုက်မိသွားသောအခါ ညကောင်းကင်ယံတွင် တောက်ပသည့် မီးပွားများ လက်ခနဲ လင်းလက်သွားခဲ့ကြသည်။ ဆေဘာဓားဆယ့်နှစ်လက်တို့သည် ထိုလူကောင်ကြီး၏ ခန္ဓာကိုယ်ကို တိုက်ခိုက်နိုင်ခြင်းမရှိမီမှာပင် သူတို့သည် ချိန်းကြိုး၏ အချိတ်အဆက်ဖြင့် လွဲဖယ်ခြင်းခံခဲ့ရပြီဖြစ်သည်။

"ဟားဟားဟား"

အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူဆယ့်နှစ်ယောက်တို့က နောက်တစ်ကြိမ် တိုက်ခိုက်ခါနီးတွင် နားအူမတတ် ရယ်မောသံတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ သူတို့၏ မျက်စိရှေ့တွင်ပင် ဧရာမအနက်ရောင် ချိန်းကြိုးဝတ်ရုံသည် ရုတ်တရက် စတင်လည်ပတ်လာခဲ့ပြီး မယုံနိုင်စရာကောင်းလောက်အောင် ထက်ရှသည့် ဓားသွားများကဲ့သို့ သံကြိုးဆယ့်နှစ်ခုတို့သည် ပတ်ပတ်လည်တွင် ပြင်းထန်စွာ ရိုက်ခတ်ကာ ကြီးမားသော မုန်တိုင်းကို ဖြစ်ပေါ်နေစေသည်။

ကလင် ကလင် ကလင် ကလင်

မြင်းစီးဓားပြများ၏ လက်ထဲရှိ ဆေဘာဓားများသည် ချိန်းကြိုးများ၏ ဧရာမခွန်အားရှေ့တွင် ကျိုးပျက်သွားခဲ့ကြသည်။ နိုးကြားသွားခဲ့ကြကာ သူတို့သည် လျင်မြန်စွာ နောက်ဆုတ်လိုက်ကြသည်။

ဘုန်းးး

သို့သော် တုတ်ခိုင်သန်မာသည့် လူကောင်ကြီးသည် သူတို့ထက် ခြေတစ်လှမ်းဦးနေခဲ့သည်။ မြင်းစီးဓားပြများ၏ ဖွဲ့စည်းပုံ ပရမ်းပတာဖြစ်သွားသည့်အချိန် ထိုစက္ကန့်ပိုင်းမှာပင် သူသည် ထိုတစ်ဒင်္ဂဝရုန်းသုန်းကားဖြစ်မှုကို အသုံးချကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။

ဟောင်းလောင်

မြင်းစီးဓားပြများထဲမှ တစ်ယောက်သည် ချက်ချင်း အတော်ဝေးဝေးသို့ လွင့်ထွက်သွားခဲ့သည်။

ထို့အပြင် အခြားသူများ မတုံ့ပြန်နိုင်မီမှာပင် ဒုတိယနှင့် တတိယသားကောင်များသည်လည်း အဝေးသို့ ပစ်ပေါက်ခံလိုက်ရသည်။

ထိုအုပ်စု၏ မြင်းစီးဓားပြလေးယောက်တို့သည် ပြန်လည်ခုခံရန် ချက်ချင်း အတူတကွအုပ်စုဖွဲ့ရန် ကြိုးစားလိုက်ကြသည်။ သို့သော် သူတို့ တိုက်ခိုက်ခြင်းမပြုနိုင်မီမှာပင်

ချီ ချီ ချီ

ချိန်းကြိုးများသည် သူတို့၏ ကြယ်တာရာစွမ်းအင်နှင့် ခန္ဓာကိုယ်များကိုဖြတ်သွားခဲ့ကြပြီး သွေးနှင့် အသားမိုးတို့ကို ရွာသွန်းစေခဲ့သည်။

သူတို့ရှေ့ရှိ မြင်ကွင်းကြောင့် ကြောက်ရွံ့သွားခဲ့ကြကာ ကျန်သည့်လူများသည် အဝေးသို့ ကြောက်အားလန့်အား ပြန်ဆုတ်လိုက်ကြသည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

သို့သော် တုတ်ခိုင်သန်မာသည့် လူသည် သူတို့ကို ထွက်ပြေးခွင့်ပြုရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ ကျားတစ်ကောင်က သိုးအုပ်တစ်အုပ်ကို ခုန်အုပ်လိုက်သကဲ့သို့ သူ့လက်သီးများနှင့် ကန်ချက်များသည် ပတ်ပတ်လည်နေရာတွင် ပျံသန်းသွားခဲ့ကြပြီး ထိုမြင်းစီးဓားပြများကို တစ်ယောက်ပြီးတစ်ယောက် လဲကျသွားစေခဲ့သည်။

ဤသတ်ဖြတ်မှုတစ်လျှောက်လုံးတွင် ကျန်ရှိသော မြင်းစီးဓားပြများသည် ပြန်လည်စုဖွဲ့ရန် အခွင့်အလမ်း လုံးဝမရှိခဲ့ပေ။ ပြန်လည်တိုက်ခိုက်ရန်အတွက် သူတို့ အတူတကွစုစည်းရန် ကြိုးစားခဲ့လျှင်ပင် ထိုလူထွားကြီးသည် တနည်းနည်းဖြင့် ကြို၍ ပေါ်လာလိမ့်မည်ဖြစ်ပြီး အောင်မြင်ရန် သူတို့ ရည်ရွယ်ထားခဲ့သည့် မည်သည့်ညှိနှိုင်းဆောင်ရွက်မှုကိုမဆို အပြင်းအထန် ဖျက်ဆီးခဲ့သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

ပို၍ပို၍များသော လူများသည် မတူညီသည့် အရမ်မျက်နှာများသို့ လွှင့်ထွက်သွားခဲ့ကြသည်။ ထိုလူ၏ တိုက်ပွဲအာရုံခံစားမှုများနှင့် တုံ့ပြန်မှုများသည် မယုံနိုင်စရာကောင်းသည့် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိနေခဲ့ပုံရသည်။ သူသည် တစ်ချိန်တည်းမှာပင် လူများစွာနှင့် ရင်ဆိုင်နေရသော်လည်း သူသည် တိုက်ပွဲကို တစ်ယောက်ချင်းတိုက်ပွဲအဖြစ် ပြောင်းလဲလိုက်နိုင်ကာ သူပြိုင်ဘက်များရရှိထားသည့် အရေအတွက်အသာစီးရမှုကို ပပျောက်သွားစေခဲ့သည်။

ထိုသို့သော လိမ္မာပါးနပ်သည့် တိုက်ပွဲသိစိတ်သည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ကျန်သည့် လေး‌ယောက်သည်လည်း သူ့ပြိုင်ဖက်များ မဟုတ်ခဲ့ကြပေ။ ထိုအလွန်အရေးကြီးသည့် အချိန်မှာပင် တစ်ယောက်ယောက်က အော်လိုက်သည်။

"သူ့မြင်းကိုပစ်... ခေါင်းဆောင်ရဲ့မြင်းကိုပစ်။"

ထိုစကားများသည် ထိုလူထွားကြီးနောက်ရှိ ကျန့်တစ်ဒါဇင်အကွာ၌ ရပ်နေသည့် မြင့်မားပြီး ခမ်းနားထည်ဝါသော မြင်းတစ်ကောင်ဆီသို့ လူတိုင်း၏ အာရုံကို ပြောင်းသွားစေခဲ့သည်။

လေထုသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။ လွန်ခဲ့သည့် အချိန်အနည်းငယ်ခန့်က မည်သည့်အကြောက်အရွံ့မျှမရှိဘဲ သူ့ပြိုင်ဘက်များကို သဲသဲမဲမဲ သတ်ဖြတ်နေသေးသည့် ထိုလူသည် အလိုလို သူ့နောက်သို့ လှည့်ကြည့်လိုက်သည်။

သံသယရှိစရာမလိုဘဲ သူ့မြင်းသည် သူ့အတွက် များစွာ အရေးပါပေသည်။

ရှူး

ထိုခဏလေးအတွင်းမှာပင် မည်သူက လုပ်လိုက်မှန်းမသိသော်လည်း မြှားတစ်စင်းသည် လူအုပ်ထဲမှနေ၍ ထွက်ပေါ်လာခဲ့ကာ ထိုထူးကဲသောမြင်းဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။

"အားးး..."

ထိုနေရာရှိ အုပ်စုသည် ထိတ်လန့်တကြားဖြင့် အာမေဋိတ်သံပြုလိုက်ကြသည်။ တစ်ယောက်ယောက်က ခေါင်းဆောင်၏မြင်းကို သတ်ဖြတ်ရန် ကြိုးစားသည်အထိ အလွန်အတင့်ရဲလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ မြှားလမ်းကြောင်းတွင် ထွက်ပေါ်နေခဲ့သည့် ဝှီးခနဲမြည်သံသည် လူတိုင်းကို ကြက်သီးထသွားစေခဲ့သည်။

ထို့နောက် ထိုမြင်းလားသည် ထိုထက်ရှသည့် မြှားအောက်တွင် သေချာပေါက်သေဆုံးသွားတော့မည်ပုံပေါ်စဉ်မှာပင် ရုတ်ချည်းအပြောင်းလဲတစ်ခုက ဖြစ်ပွားသွားခဲ့သည်။

ဝမျးးးး

လေထုသည် တုန်ခါသွားခဲ့ပြီး တိမ်များက အထက်မှ လျင်မြန်စွာ ပျံသန်းသွားခဲ့ကြသည်။ အရိပ်တစ်ခုသည် ရုတ်တရက်ပေါ်လာခဲ့ပြီး လျှပ်စီးတမှိတ်အတွင်း မြင်းဆီသို့ လှစ်ခနဲပြေးသွားခဲ့သည်။

သူ့အမြန်နှုန်းသည် ထိုမြှားထက်ပင် မြန်နေသေး၏။

ရွှက်

ချိန်းကြိုးသည် မြင်းကိုကာကွယ်ရန် ဆန့်ထွက်သွားခဲ့ပြီး

ဘန်းးးး

ထိုမြှားသည် ညိုမှိုင်းသော ချိန်းကြိုးကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ပြီး ခမ်းနားထည်ဝါသည့်သတ္တုပဲ့တင်သံကို ဖြစ်ပေါ်စေခဲ့ကာ တန်ပြန်အားကြောင့် လွဲချော်သွားခဲ့ပြီး နှစ်ပိုင်းကျိုးသွားခဲ့သည်။

ဝမျးးးး

ချိန်းကြိုးနှင့် ထိုမြှားရိုက်ခတ်သွားသည့်နေရာတွင် အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ထိုထွားကျိုင်းသည့် လူ၏ အကြည့်တွင် လက်ခနဲ ပေါ်လာခဲ့သည်။

ရှူး

မျက်စိတမှိတ်အတွင်းမှာပင် သူသည် ရုတ်တရက် မြင်းစီးဓားပြတစ်ယောက်၏ရှေ့တွင် ပေါ်ထွက်လာခဲ့သည်။ သူ၏ ဧရာမလက်သည် ထိုမြင်းစီးဓားပြ၏ခေါင်းကို ဖမ်းဆုပ်လိုက်ပြီး သူ့ကို မြေပေါ်သို့ အတင်းအကြပ်ဖိညှပ်လိုက်သည်။

"ခေါင်းဆောင် ကျွန်တော်အဲမြှားကို မပစ်ခဲ့ပါဘူး။"

ထိုမြင်းစီးဓားပြ၏ ကိုယ်သည် လူထွားကြီး၏ အားကောင်းသည့် လက်အောက်တွင် ကြောက်ရွံ့စွာ တုန်ခါနေခဲ့သည်။ အံ့မခမ်းကြောက်ရွံ့မှုသည် သူ့မျက်လုံးထဲမှ ထွက်ပေါ်နေခဲ့သည်။ ၎င်းကို တွေ့ကြုံဖူးသည့် လူများသာ ဤလက်ငါးချောင် ပိုင်ဆိုင်ထားသည့် ခွန်အားကို စိတ်ကူးကြည့်နိုင်ပေမည်။ ခေါင်းဆောင်သာဆန္ဒရှိပါက သူ့လက်ကို ဆုပ်ရုံမျှဖြင့် သူသည် ထိုလူ၏ခေါင်းကို အလွယ်တကူခွဲပစ်နိုင်သည်။

ထို့အပြင် သူသည် သူပင် တုံ့ပြန်နိုင်ခြင်းမရှိမီမှာပင် မြေပေါ်သို့ ဖိညှပ်ခံလိုက်ရသည်ကို ပြန်တွေးကြည့်ပါက ထွက်ပြေးလွတ်မြောက်ရန်မှာ မဖြစ်နိုင်သည်ကို သူသိသည်။

"မြှားပစ်လိုက်တဲ့လူက မင်းမဟုတ်တာကို ငါသိတာပေါ့။ တကယ်တော့ အဲဒီစကားတွေကို အော်ခဲ့တဲ့လူဟာလည်း မင်းမဟုတ်တာကိုတောင်မှ ငါ သိသေးတယ်။"

လူထွားကြီးသည် သူ့ကို ခနဲ့တဲ့တဲ့လှောင်ပြောင်လိုက်ပြီး သူ၏ တောက်ပသည့် သွားဖြူနှစ်တန်းကို ဖော်ပြနေသည်။ သူ့လက်ချောင်းများသည် ရှင်ခြင်းနှင့်သေခြင်းကြားက ခြားနားမှုကို ဆုံးဖြတ်ပေးသည့် ရက်စက်သော သေမင်း၏ တံစဉ်ချိတ်ကဲ့သို့ ခံစားရစေသည်။

"... ငါ မင်းကို သတ်ချင်တာက မင်းက ငါ့မြင်းကို သတ်ဖို့ ကြိုးစားခဲ့တာကြောင့် လို့ မင်းထင်နေတာလား။ ဟမ် မင်းက မင်းနဲ့အတူ ထွက်ပြေးဖို့ ငါတို့ရဲ့ညီအစ်ကို တစ်စုကို စည်းရုံးဖို့ ကြိုးစားနေတာ ငါမသိဘူးလို့ မင်း ထင်နေတာလား။ ငါမင်းကိုပြောမယ် ငါနဲ့ပူးပေါင်းဖို့ ရွေးချယ်ခဲ့ပြီး ငါ့လူတွေကို မင်းနဲ့အတူ ထွက်ပြေးဖို့ မစည်းရုံးခင် အရာရှိတွေနဲ့ ရင်ဆိုင်ဖို့ ငါ့ကို အသုံးချနေတဲ့၊ ငါ့ကို အရူးတစ်ယောက်လို့ ထင်နေတဲ့ လူတွေကို ငါ အထင်သေးတယ်။"

"ငါ့ကိုပြောစမ်းပါ မင်းက သေခြင်းတရားနဲ့ ထိုက်တန်တယ်လို့ မထင်ဘူးလား။"

တောင်ထိပ်သည် ရုတ်တရက် အေးစက်သွားခဲ့သည်။ ဤမြင်ကွင်းကိုကြည့်နေကြသော ဘေးမှရပ်ကြည့်နေကြသူများသည် ကြောက်ရွံ့သွားခဲ့ကြသည်။ သူတို့တစ်ယောက်မှ အသံမထွက်ရဲကြတော့ပေ။ ဤအခိုက်မှာပင် လူတိုင်းသည် ခေါင်းဆောင်က သူ့သံထည်ဝတ်ရုံနည်းစနစ်ကို လေ့ကျင့်ရန် သူတို့အားလုံးကို ‌ဤနေရာတွင် ရုတ်ချည်း ဘာကြောင့်စုစည်းစေခဲ့သည်လဲ ဆိုသည်ကို ရုတ်တရက် နားလည်သွားခဲ့ကြသည်။

သူသည် သစ္စာဖောက်များအတွက် သေဒဏ်ပေးရန် နေရာကို ပြင်ဆင်ထားခဲ့ပုံရသည်။

ဤခဏ၌ သူ့အကြံအစည်ကြောင့် ကြောက်ရွံ့နေသူမှာ မကောင်းဆိုးဝါး၏လက်အောက်တွင် ဖိညှပ်ခံထားရသော မြင်းစီးဓားပြပင်။ မနေ့ညက လူတိုင်းအိပ်ပျော်နေချိန်၌ သူသည် သူနှင့်အနီးစပ်ဆုံး သူငယ်ချင်းနှစ်ယောက်ကို သူတို့ထွက်ပြေးခြင်းအကြောင်းဆွေးနွေးရန် သီးသန့်စုစည်းခဲ့သည်။ သူသည် အလွန်တရာမှ ဂရုစိုက်ခဲ့ပြီး အနားတွင် လူရှိမရှိကို အသေအချာစစ်ဆေးခဲ့သည်။ သူသည် သူ့အကြံအစည်များကို နောက်ထပ်ဘယ်သူမှ သိလိမ့်မည်မဟုတ်သည်ကို ယုံကြည်မှုရှိသည်။

ထို့ကြောင့် ခေါင်းဆောင်က ဤကိစ္စကို မည်သို့ သိရှိသွားသည်ကို သူ နားမလည်နိုင်ခဲ့ပေ။

"ခေါင်းဆောင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ။ ကျွန်တော်..."

"ငါ မင်းရဲ့ ဆင်ခြေဆင်လက်တွေကို မကြားချင်ဘူး။"

အေးစက်သည့် အသံက ဖြတ်ပြောလိုက်သည်။

ခရွက်

ထိုလက်ချောင်းငါးချောင်းသည် အတူတကွဆုပ်လိုက်ကြပြီး သူ့လက်ထဲရှိခေါင်းသည် ဖရဲသီးတစ်လုံးကဲ့သို့ ကွဲကြေသွားခဲ့သည်။ အဖြူနှင့်အနီရောင် ရောနေသည့် အရည်သည် အခွဲခံလိုက်ရသည့်ခေါင်းမှ စီးထွက်လာခဲ့သည်။

သို့သော်လည်း ပုံပျက်နေသည့် ခေါင်းရှိ မျက်လုံးများသည်တော့ ပြူးကျယ်စွာပွင့်နေခဲ့သေးပြီး သေဆုံးချိန်၌ အံ့မခန်းကြောက်ရွံ့မှုကို ဖော်ပြနေသည်။

အေးစက်သည့် တောင်လေပြင်းသည် တိတ်ဆိတ်နေသည့် တောင်ထိပ်ကို ဖြတ်သန်း တိုက်ခတ်နေခဲ့သည်။

"အခြားသူတွေရဲ့ သစ္စာဖောက်ခံရတာကို ငါ မုန်းတယ်။ တကယ်လို့ တစ်ယောက်ယောက်က ငါ့နောက်ကွယ်မှာ လျှို့ဝှက်ကြံစည်ရဲရင် ငါ့ကို သနားညှာတာပေးဖို့ မမျှော်လင့်နဲ့။"

လူထွားကြီးသည် လက်နောက်ပစ်လျက် ဘေးမှရပ်ကြည့်နေသူများကို တစ်‌ယောက်ချင်း ကြည့်လိုက်သည်။

"ခေါင်းဆောင်"

သစ္စာမဲ့သူဟု မှတ်ယူခံရမည်ကို ကြောက်ရွံ့ခြင်းကြောင့်ဖြစ်နိုင်သည် လူတိုင်းသည် ချက်ချင်း ဒူးထောက်လိုက်ကြသည်။ အထူးသဖြင့် မကြာသေးမီက အလားတူအတွေးများကို ပိုင်ဆိုင်ထားခဲ့ကြသည့်လူများဖြစ်ကြပြီး သူတို့၏ နှလုံးခုန်သံများသည် မြန်ဆန်နေခဲ့ကြသည်။

"ရပြီ မင်းတို့ သွားလို့ရပြီ။"

လူထွားကြီးသည် သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ လူအုပ်ကြီးသည်လည်း လျင်မြန်စွာ ထွက်ခွာသွားခဲ့ကြသည်။

ဤအခိုက်တွင် အကယ်၍ တစ်ယောက်သည် အနီးကပ်ဂရုတစိုက်ကြည့်ခဲ့မည်ဆိုပါက ထိုအုပ်စုတွင် ကမ္ဘာအနှံ့မှ လူများဖြင့် ပြည့်နှက်နေသည်ကို နားလည်သွားကြပေလိမ့်မည်။ ဟူများ၊ တိဗက်များ၊ အာရပ်များ၊ ပါရှားများ၊ ဂိုဂူလျော၊ ဟန်... သင်ခေါ်လိုက်သည့် နာမည်သည် ထိုထဲတွင် ပါရှိသည်။

ထိုအုပ်စုသည် မြင်းစီးဓားပြများဖြင့် လုံးဝပြည့်နှက်နေခဲ့ခြင်းလည်းမဟုတ်ပေ။ ထိုအုပ်စုထဲတွင် ဓားပြများလည်း အတော်အတန်ပါရှိသည်။

ထိုကဲ့သို့သော အမျိုးမျိုးကွဲပြားခြားနားသည့် အုပ်စုသည် ပိုးထည်လမ်းမတစ်လျှောက်၌ပင် ရှားပါး၏။

ရှုး

သူ၏ လူမဆန်သည့် နည်းလမ်းများဖြင့် ထိုလူထွားကြီးသည် လူတိုင်း၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ရိုက်သွင်းလိုက်နိုင်သည်။

သူလက်များကို ဝေ့ယမ်းလိုက်ကာ သူသည် သူ့အနက်ရောင်ချိန်းကြိုးသံထည်ဝတ်ရုံကို ကြယ်တာရာစွမ်းအင်အဖြစ် ပြောင်းလဲလိုက်ပြီး သူ့ကိုယ်ထဲသို့ ပြန်လည်စုပ်ယူလိုက်သည်။

မြင်းစီးဓားပြခေါင်းဆောင်သည် သူ့အနက်ရောင် ချပ်ဝတ်တန်ဆာကို ရုတ်သိမ်းလိုက်စဉ်မှာပင် စာပေသမားပုံစံ သက်လတ်ပိုင်းအရွယ်အမျိုးသားသည် သူ့မုတ်ဆိတ်ကို သပ်လျက် အေးအေးလူလူလမ်းလျှောက်လာခဲ့သည်။ သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ရှိသည်။

"သံထည်ဝတ်ရုံနည်းစနစ်မှာ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်ကို တိုးချဲ့နိုင်တဲ့ စွမ်းရည်ကို အောင်မြင်ပြီး မှတ်တိုင်အသစ်ကို ရောက်ရှိသွားလို့ ခေါင်းဆောင်ကို ဂုဏ်ပြုပါတယ်။ သိပ်မကြာမီမှာ မြို့တော်ရဲ့ ထိပ်တန်းဓားတွေကတောင် မင်းရဲ့ ခံစစ်ကို ဖြတ်ကျော်နိုင်တော့မှာမဟုတ်ဘူး။ အဲနောက်မှာ ကျွန်တော်တို့ဟာ ဒီနေရာက ဓားပြတွေနဲ့ မြင်းစီးဓားပြတွေအားလုံးကို သိမ်းသွင်းပြီး ပိုပြီးချဲ့ထွင်နိုင်လိမ့်မယ်။ ဒါကြောင့် ပိုးထည်လမ်းမမှာ အားအကောင်းဆုံးအင်အားစု ဖြစ်လာလိမ့်မယ်။"

"ဟားဟား ကျောက်အန်း ငါ မင်းရဲ့စကားတွေကို လက်ခံလိုက်မယ်။ ဒါပေမယ့်လည်း မြို့တော်က ထိပ်တန်းဓားတွေကို ကာကွယ်တာက ဘာမှမဟုတ်ပါဘူး။ ကျောက်စိမ်းရိုင်းသံမဏိ လို့ခေါ်တဲ့ လက်နက်အသစ်က မြို့တော်မှာ ပေါ်လာခဲ့တယ်လို့ ငါ ကြားခဲ့တယ်။ ကောလဟာလတွေအရ အဲလက်နက်က လေထဲမှာ လွင့်ပျံနေတဲ့ ဆံချည်တစ်မျှင်ကိုတောင် ခုတ်ပိုင်းနိုင်တဲ့အထိ မယုံနိုင်စရာကောင်းတဲ့ ထက်ရှမှုကို ပိုင်ဆိုင်ထားတယ် တဲ့။ အာရပ်လူမျိုးတွေနဲ့ ပါရှားတွေကတောင် အဲဒါကိုရဖို့ အသေအလဲဖြစ်နေကြတယ်တဲ့ ဒါပေမယ့် အဲဒါက ရရှိဖို့ ခဲယဉ်းပုံပေါ်တယ်။"

"အဲဓားက လောကမှာ အကောင်းဆုံးဓားအဖြစ် တင်စားခံခဲ့ရတယ်။ မြို့တော်က လက်နက်ထုလုပ်တဲ့ကလန်တွေကတောင် အဲဂုဏ်ပုဒ်ကို အသိအမှတ်ပြုခဲ့ကြတယ်။ အဲဒီလို ဓားကို ဆန့်ကျင်နိုင်တဲ့နေ့ဟာ ငါ့ရဲ့ သံထည်ဝတ်ရုံနည်းစနစ် ပြီးပြည့်စုံတဲ့နေ့ ဖြစ်လာလိမ့်မယ်။"

လူထွားကြီးသည် သူ့မျက်လုံးထဲ မျှော်လင့်ချက်များ တလက်လက်တောက်ပနေသကဲ့သို့ ကြယ်များဖြင့် ပြည့်နေသည့် ညကောင်းကင်ယံကို ကြည့်လိုက်သည်။

"ခေါင်းဆောင် စိတ်ဓာတ်ကျနေစရာမလိုပါဘူး။ မင်းက ကျောက်စိမ်းရိုင်းသံမဏိဓားကို ဆန့်ကျင်ရပ်တည်နိုင်သည်ဖြစ်စေ မရပ်တည်နိုင်သည်ဖြစ်စေ ခေါင်းဆောင်က ကျွန်တော်တို့ ညီအစ်ကိုတွေ အထင်ကြီးရတဲ့ အသန်မာဆုံးကျွမ်းကျင်သူ အမြဲဖြစ်နေမှာပါ။"

သက်လတ်ပိုင်းအရွယ်စာပေသမားသည် ဖော်ရွေသည့်အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ဟားဟား ကျောက်အန်း မင်းက တော်တော်အပြောကောင်းတာပဲ။ မင်း ငါ့ကို ဖော်လန်ဖားလုပ်နေတာကို ငါသိနေတာတောင်မှ ငါ အဲဒါကို သဘောကျနှစ်ခြိုက်မိနေတုန်းပဲ။"

"ဟီးဟီး ဒါက ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့စကားတွေမှာ မုသားမပါလို့ပါပဲ။"

"ဟုတ်သားပဲ ငါတို့ရှေ့က အခြေအနေက ဘယ်လိုလဲ။"

လူထွားကြီး မေးလိုက်သည်။

"ခေါင်းဆောင်ကို တင်ပြပါတယ် ခုတစ်ခေါက် စေလွှတ်လိုက်တဲ့ စစ်သည်တွေက အရင်ကနဲ့ ကွဲပြားပုံပဲ။"

စကားဝိုင်းမှသည် အလုပ်သို့ ပြောင်းသွားသောအခါ ကျောက်အန်း၏ အမူအရာသည် လျင်မြန်စွာ လေးနက်သွားခဲ့သည်။

"အရင်က စေလွှတ်ခဲ့တဲ့ စစ်သည်တွေကလည်း ကျွန်တော်တို့ရဲ့ စခန်းတွေကို ရှင်းလင်းနိုင်ခဲ့ပေမယ့် သူတို့က ကျွန်တော်တို့ရဲ့ လူအားလုံးကို အမြစ်ပြတ်သုတ်သင်ဖို့ လုံလောက်တဲ့စွမ်းရည်မရှိခဲ့ကြဘူး။ ဒါကြောင့် ထိခိုက်သေဆုံးမှုတွေက အကန့်အသတ်ရှိခဲ့တယ်။ ဒါပေမယ့် ဒီတစ်ကြိမ် စစ်သည်တွေက စစ်ခန်းတွေတစ်ခုလုံးကို ရှင်းပစ်နိုင်ခဲ့တယ် အသက်ရှင်ကျန်ရစ်သူ လုံးဝ မရှိတဲ့အထိပဲ။"

အပိုင်း ၃၃၉ အန္တရာယ်

သက်လတ်ပိုင်းအရွယ်စာပေသမား ကျောက်အန်းသည် လေးနက်သည့်မျက်နှာဖြင့် ဆက်ပြောလိုက်သည်။

"ဒီတစ်ခေါက်လာတဲ့အသုတ်က ကျွန်တော်တို့ရဲ့အတွင်းပိုင်း လုပ်ဆောင်မှုတွေနဲ့ ရင်းနှီးကျွမ်းဝင်ပုံရတယ်။ လုံခြုံရေးပြဿနာတွေအတွက် ကျွန်တော်တို့ချထားလေ့ရှိတဲ့ ပုန်းခိုနေတဲ့ကင်းစောင့်တွေက သုတ်သင်ခံလိုက်ရပြီး ထောင်ချောက်တွေကတောင် ပြဿနာမရှိဘဲ ဖြတ်ကျော်ခံရတာ ဒါမှမဟုတ် ဖျက်ဆီးတာ ခံလိုက်ရတယ်။"

"ဒါကြောင့် ကျွန်တော်တို့ရဲ့ လူအများအပြားဟာ ပြန်တောင်မတိုက်လိုက်ရဘဲ အသတ်ခံခဲ့ကြရတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့ရဲ့ နည်းလမ်းတွေကို အဲလို နက်နက်နဲနဲနားလည်နေတဲ့ စစ်ဖက်ဆိုင်ရာ ကွပ်ကဲသူတစ်ယောက်ရှိနေမယ် လို့ ကျွန်တော် လုံးဝ ထင်မထားခဲ့ဘူး။ အဲလိုအခြေအနေက အရင်က လုံးဝမဖြစ်ခဲ့ဖူးဘူး။"

"ဒါ့အပြင် သူတို့က အရမ်းလည်း စေ့စပ်ကြတယ်။ စစ်သည်တွေက ဘယ်လိုထွက်ပြေးသူတွေကိုမဆို ရှင်းပစ်ဖို့ အချက်အချာကျတဲ့နေရာတွေမှာ နေရာယူထားခဲ့ကြတာကြောင့် မကြာခဏ အပြီးအပြတ် ချေမှုန်းနိုင်စေခဲ့တယ်။ ဒါက ဓားပြတွေကြား အကြီးအကျယ် အထိတ်တလန့်ဖြစ်စေခဲ့ပြီး အဖွဲ့တစ်ဒါဇင်ကျော်က ကျွန်တော်တို့နဲ့ ခိုလှုံဖို့ ရွေးချယ်ခဲ့ကြပါတယ်။ အဖြစ်နိုင်ဆုံးက ပိုများတဲ့အဖွဲ့တွေဟာ အနာဂတ်မှာ ရောက်လာကြဦးမယ်။ ဒီရှုထောင့်အရတော့ ဒီဖြစ်ရပ်ဟာ ကျွန်တော်တို့အတွက် အကျိုးကျေးဇူးတွေရှိပါတယ်။"

သက်လတ်ပိုင်းအရွယ်လူ ပြုံးလိုက်သည်။ အကြွေစေ့တိုင်းတွင် ဘက်နှစ်ဘက်ရှိပေသည်။ ကြီးမားသည့် ခြိမ်းခြောက်မှု သူတို့ရှေ့တွင် ရှိနေခြင်းကြောင့် သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် လျင်မြန်သောအဟုန်ဖြင့် ကြီးထွားလာခဲ့သည်။ လက်ရှိအချိန်တွင် ၎င်းသည် ပိုးထည်လမ်းမတစ်လျှောက်တွင် အသန်မာဆုံးဓားပြဂိုဏ်းများထဲမှ တစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။

ဓားပြဂိုဏ်းအများစုနှင့်မတူဘဲ သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် သူတို့ဆီသို့ ခိုလှုံလာသော အဖွဲ့အားလုံးကို လက်ခံခဲ့‌သည်။ ယေဘုယျကျကျဆိုရလျှင် မတူညီသည့် အင်အားစုအများအပြားကို လက်ခံခြင်းက ခေါင်းဆောင်၏ ဩဇာအာဏာကို ခြိမ်းခြောက်လာနိုင်သည်။

သို့သော်လည်း သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ ခေါင်းဆောင် သံမဏိဝတ်ရုံလီသည် သာမန်လူတစ်ယောက်မဟုတ်ပေ။ အကြောက်တရားနည်းပရိယာယ်များနှင့် ဆုလာဘ်များကို ထိရောက်စွာအသုံးပြုခြင်းဖြင့် သူသည် သူ့နောက်လိုက်တစ်ဦးချင်းစီတွင် အကြွင်းမဲ့သစ္စာရှိမှုကို မွေးမြူနိုင်ခဲ့သည်။

သူ၏ ကျွမ်းကျင်သော ခေါင်းဆောင်မှုအောက်တွင် သူသည် အဖွဲ့ဝင်အသစ်များကို သူ့ဂိုဏ်းထဲသို့ လျင်မြန်စွာ ပေါင်းစည်းခဲ့ကာ ပြဿနာတစ်စုံတစ်ရာမရှိဘဲ လျင်မြန်စွာ ကြီးထွားလာစေခဲ့သည်။

ဖြစ်နိုင်သည်မှာ သိပ်မဝေးတော့သည့် အနာဂတ်တွင် စစ်ရေးဗျူဟာမှူး ကျောက်အန်းပြောခဲ့သကဲ့သို့ သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် ပိုးထည်လမ်းမတွင် ဩဇာအကြီးဆုံး အင်အားစုဖြစ်လာနိုင်သည်။

"...ဒါပေမယ့် ခေါင်းဆောင် ဒီစစ်သည်တွေက ကျွန်တော်တို့ကို ကြီးမားတဲ့အကျိုးကျေးဇူးရစေခဲ့ရင်တောင် ကျွန်တော်တို့ သတိပေါ့လို့မရဘူး။ သူတို့ရဲ့ အမြန်နှုန်းကို ကြည့်ရရင် ရက်အနည်းငယ်အတွင်း သူတို့က ကျွန်တော်တို့ရဲ့ ပိုင်နက်ထဲ ရောက်လာလောက်တယ်။"

"ဒါပေါ့ အရာရှိတွေက ဓားပြတွေကို ဖမ်းဆီးဖို့ အခွင့်သာတယ်။ ဒါပေမယ့်လည်း ဓားပြတွေက သူတို့ရဲ့ သေခြင်းတရားကို အေးအေးလူလူ စောင့်ဆိုင်းနေကြမှာမဟုတ်ဘူး။ သူတို့မှာ လူအင်အားဘယ်လောက်ရှိလဲ မင်း စုံစမ်းခဲ့လား သူတို့ရဲ့ အင်အားက ဘယ်လောက် သန်မာလဲ။"

အေးစက်ပြီး ထက်ရှသည့် အလင်းရောင်သည် သံမဏိဝတ်ရုံလီ စကားပြောလိုက်သောအခါ သူ့မျက်လုံးထဲတွင် တောက်ပနေခဲ့သည်။

သူနှင့် ရင်းနှီးကြသူများသာ သူ့ခေါင်းထဲတွင် အစီအစဥ်တစ်ခု ရေးဆွဲနေပြီဆိုသည်ကို သိကြပေလိမ့်မည်။

"ကျွန်တော် လွတ်မြောက်လာနိုင်ခဲ့တဲ့ ဓားပြတွေကိုမေးမြန်းခဲ့ပြီး သူတို့တပ်စွဲခဲ့တဲ့ ကွင်းပြင်တွေမှာ ကျန်ရစ်ခဲ့တဲ့ အမှတ်အသား အမျိုးမျိုးကို စုံစမ်းစစ်ဆေးဖို့ လူတချို့ကို စေလွှတ်ခဲ့တယ်။ ကျွန်တော့်ရဲ့ ခန့်မှန်းမှုအရာ သူတို့က လူရှစ်ဆယ်၊ ကိုးဆယ် ဝန်းကျင်လောက်ရှိတယ် နောက်ပြီး သူတို့အားလုံးက အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတွေပဲ။ သူတို့ကို ဦးဆောင်နေတဲ့ ကွပ်ကဲသူတွေက မဟာလေ့ကျင့်ရေးစခန်းသုံးခုက တပ်သားတွေ ဖြစ်ဖို့ များတယ်။"

"ဒီစစ်ဆင်ရေးက ကျွန်တော်တို့ ဓားပြတွေနဲ့ မြင်းစီးဓားပြတွေကို အသုံးချပြီး သူတို့ရဲ့ တပ်သားတွေကို လေ့ကျင့်ပေးဖို့ တော်ဝင်ရုံးတော်နဲ့ စစ်တပ်ကြား ပူးပေါင်းဆောင်ရွက်မှု ဖြစ်ဖို့ များတယ်။"

ကျောက်အန်းသည် သူ့မုတ်ဆိတ်မွေးများကို သပ်လျက် ဆင်ခြင်သုံးသပ်လိုက်သည်။

"မဟာလေ့ကျင့်ရေးစခန်းသုံးခုရဲ့ တပ်သားတွေလား။"

သံမဏိဝတ်ရုံလီ မျက်မှောင်ကြုတ်လိုက်သည်။ တောပုန်းဓားပြတစ်ယောက်ဖြစ်သော်လည်း သူသည် မြို့တော်အနီးရှိ အသစ်စက်စက်တည်ထောင်ထားခဲ့သော လေ့ကျင့်ရေးစခန်းများ၏ အကြောင်းကို တစ်ခု နှစ်ခု သိသေးသည်။ ပညာရှင်ဧကရာဇ်သည် သူတို့အပေါ် မျှော်လင့်ချက်ကြီးကြီးမားမားထားထားသောကြောင့် သူတို့သည် မကြာသေးမီနှစ်များအတွင်း တော်ဝင်ရုံးတော်၏ အကြီးမားဆုံး စီမံကိန်းဖြစ်ခဲ့သည်။

"ဒါက တကယ့်ကို နည်းနည်းလေးအခက်တွေ့စေတာပဲ။ တကယ်လို့ ငါတို့က အဲဒီတပ်သားတွေကို သတ်ခဲ့ရင် တော်ဝင်ရုံးတော်ရဲ့ ဒေါသက ငါတို့အပေါ်ရောက်လာနိုင်တယ်။"

သံမဏိဝတ်ရုံလီ နှာမှုတ်လိုက်သည်။

မဟာလေ့ကျင့်ရေးစခန်းသုံးခု၏ တပ်သားများကို အနာဂတ်တွင် တိုင်းပြည်စစ်အင်အား၏ ထောက်တိုင်များ ဖြစ်လာရန် မျှော်လင့်ထားခဲ့ကြသည်။ အကယ်၍ သူတို့ထဲတွင် တန်ဖိုးကြီးသော တပ်သားတစ်ဦး ပါလာခဲ့ပြီး သူ့ကို သတ်ပစ်မိပါက ဒုက္ခ ရောက်နိုင်သည်။ အားလုံးပြီးနောက် မည်သည့်ဓားပြများ သို့မဟုတ် မြင်းစီးဓားပြများကမှ တော်ဝင်ရုံးတော်၏ အင်အားကို ဆန့်ကျင်မရပ်တည်နိုင်ကြပေ။

"ခေါင်းဆောင်က ဒုက္ခရောက်မှာကို စိုးရိမ်နေရင် ကျွန်တော်တို့က ဘယ်သူမှ ရှာမတွေ့အောင် သေချာနေသရွေ့ လုံလောက်မှာ မဟုတ်ဘူးလား။ သူတို့က လေ့ကျင့်ရေးစခန်းတွေရဲ့ တပ်သားတွေဖြစ်နေရုံနဲ့ သူတို့ကို အလျှော့ပေးလိုက်တာက ခေါင်းဆောင်နဲ့ မတူသလိုပဲနော။"

သက်လတ်ပိုင်းအရွယ်လူ ပြောလိုက်သည်။

ဓားပြများနှင့် မြင်းစီးဓားပြများသည် ဓားပြတိုက်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ကြသည်။ အကယ်၍ သူတို့အား မဟာထန်၏ တင်းကျပ်သော ဥပဒေများအောက်တွင် တရားစီရင်ခြင်းခံခဲ့ရပါက သူတို့သည် သေဒဏ်စီရင်ခြင်းခံရမည်ဖြစ်သည်။ ပြောစရာမလိုအောင်ပင် ခေါင်းဆောင်သည် စစ်အရာရှိများကို အကြိမ်ကြိမ် သတ်ခဲ့ဖူးသည်။

သူသည် တပ်သားသစ်အနည်းငယ်ရှေ့တွင် မည်ကဲ့သို့ တွေဝေနေနိုင်မည်နည်း။

"ဟားဟားဟား ကျောက်အန်း မင်း ငါ့အကြောင်း ကောင်းကောင်းသိတာပဲ။ လေ့ကျင့်ရေးစခန်းရဲ့ တပ်သားတွေကို သတ်ဖြတ်တာက ငါတို့ကို ဒုက္ခရောက်စေနိုင်တာကြောင့် ငါတို့လုပ်ရမှာက အဲဒီမှာ ဇာတ်လမ်းတစ်ခုလုံးကို ပြန်ပြောနိုင်တဲ့ သက်ရှိတစ်ကောင်မှ မရှိအောင် သေချာစေဖို့ပဲ တကယ်လို့ တစ်‌ယောက်ယောက်က ‌ဒီစစ်ဆင်ရေးသတင်းကို ပေါက်ကြားစေခဲ့ရင် ငါ သူတို့ကို အသက်ရှင်လျက် အရေခွံနွှာပစ်မယ်။"

ရက်စက်သည့်အလင်းတန်းများ သူ့မျက်လုံးထဲ ဖြတ်သွားခဲ့ကာ သံမဏိဝတ်ရုံလီ ရယ်မောလိုက်သည်။

သူရဲဘောကြောင်ခြင်းသည် ယောက်ျားကောင်းမဟုတ်ပေ။ ဓားပြလောကတွင် ရက်စက်ကြမ်းကြုတ်မှု မရှိဘဲ လူတစ်ဦးသည် အသက်မရှင်နိုင်ပေ။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်။"

ကျောက်အန်းသည် အမိန်များကို ခေါင်းငုံ့လျက် လေးစားစွာ လက်ခံလိုက်သည်။

"အရာရှိတွေက ဓားပြတွေကို အမဲလိုက်နိုင်ပေမယ့် ဓားပြတွေကလည်း အရာရှိတွေကို အမဲမလိုက်နိုင်ဘူးလို့ ဘယ်သူပြောလဲ။ ဒီခရီးမှာ သူတို့ကို ဒုက္ခမပေးမိစေနဲ့။ စီစဉ်မှုတချို့ကို ပြုလုပ်လိုက်ပါ ငါတို့ အဖွဲ့ တစ်ခုလုံး အတူတကွ ထွက်ခွာကြမယ်။ ဒီတစ်ခါတော့ သွေးမြစ်တစ်စင်းကို ဖောက်လုပ်ကြတာပေါ့။"

"ဟုတ်ကဲ့ပါ"

...

ဘုန်းးး

တောင်တန်းသည် တုန်ခါသွားခဲ့ကာ ခဏကြာပြီးနောက် ထူးဆန်းသည့် အော်သံများသည် ပတ်ပတ်လည်တွင် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ဓားပြများနှင့် မြင်းစီးဓားပြများ၏ ထူထပ်သော အစုအဝေးသည် ပြင်းထန်သောတိုက်ပွဲ အော်ဟစ်သံများဖြင့် တောင်တန်းများပေါ်မှ လျှံကျလာခဲ့သည်။

တစ်ချက်ကြည့်ရုံမျှဖြင့် တစ်ယောက်သည် အာရပ်လူမျိုးများ၊ တာခ့်များ၊ တိဗက်လူမျိုးများ၊ ဂိုဂူလျောများ၊ ဟန်... တို့ကို တွေ့မြင်နိုင်သည်။ မတူကွဲပြားသော ဓားပြများနှင့် မြင်းစီးဓားပြများပါဝင်သည့် ဤအုပ်စုကို နယ်မြေတစ်ခုလုံးမှ ဆွဲထုတ်ထားခဲ့သည်။

အကယ်၍ တစ်ယောက်သည် လျင်မြန်စွာ ခန့်မှန်းကြည့်မည်ဆိုပါက တစ်ယောက်သည် သူတို့က လူအင်အားခြောက်ရာထက်ပိုသည်ကို သိရပေလိမ့်မည်။ ဤအင်အားသည် ဒါဇင်နှင့်ချီသော ဓားပြများနှင့် မြင်းစီးဓားပြများအဖွဲ့ကို စုပေါင်းထားခြင်း အင်အားနှင့် ညီမျှသည်။

ရှုးး

အထီးကျန်သော ဆောင်းဦးလေများ တိုက်ခတ်နေခဲ့သည်။ ဓားပြတပ်ဖွဲ့ဖြတ်သွားခဲ့သည့်နေရာတိုင်း ဖုန်မှုန့်များလှိုင်းထသွားခဲ့သည်။ တဖြည်းဖြည်းချင်း သူတို့သည် ဝမ်ချောင်နှင့် အခြားသူများနှင့် နီးကပ်လာခဲ့ကြသည်။

သို့သော် ဤအချိန်တွင် လူငယ်တပ်သားများသည်တော့ ရန်သူများ ချဉ်းကပ်လာနေသည်ကို သတိမပြုမိခဲ့ကြသေးပေ။

...

လီရာကျော်အဝေးရှိ နေရာတစ်ခုတွင် လေထုသည် တိတ်ဆိတ်အေးချမ်းနေခဲ့ပြီး လေတိုးသံတစ်ခုပင် ကြားနိုင်မည်မဟုတ်ပေ။

"အဲကောင်လေးက တကယ့်ကို မနာလိုစရာပဲ။"

ကြက်သွေးရောင်သစ်ရွက်များဖြင့် မြင့်မားလှသည့် အရိပ်ရသစ်ပင်ကြီးတစ်ပင်အောက်တွင် ဟွမ်ရုံတုသည် ဝမ်ချောင်နှင့် ပိုင်စီလင်တို့ကို မလိုအားကျစွာ စိုက်ကြည့်နေခဲ့သည်။

"သူ အခု ရွှေပြားနှစ်သန်းဝန်းကျင်လောက် စုဆောင်းမိလောက်ပြီ။"

"သူနဲ့ နှိုင်းယှဥ်စရာ အကြောင်းမရှိဘူး ငါတို့က သူ့ထက် မကောင်းနိုင်ဘူး။"

ရှုကန်းပြန်‌ဖြေလိုက်သည်။

သူတို့သည် ပြီးခဲ့သည့်ရက်များအတွင်း သူတို့၏ အကျိုးအမြတ်များကို ဝမ်ချောင်နှင့် နှိုင်းယှဉ်နေခဲ့ပြီး သူတို့၏ အစပိုင်းစိတ်ခွန်အားသည် လျင်မြန်စွာ ကျဆင်းသွားသည်ကို တွေ့လိုက်ကြရသည်။

သူတို့သည် ၎င်းကို ဝန်ခံရန် ဝန်လေးနေခဲ့ကြသော်လည်း သူတို့၏ စိတ်ထဲတွင် လက်ရှိအခြေအနေများကို သူတို့လက်ခံခဲ့ကြပြီးဖြစ်သည်။

ဝမ်ချောင်၏ ကျင့်ကြံခြင်းသည် သူတို့ထက် နိမ့်ကျနေနိုင်သော်လည်း တပ်ဖွဲ့တစ်ခုကို ဦးဆောင်သည့် သူ့စွမ်းရည်သည် မငြင်းဆန်နိုင်စွာ သူတို့အထက်တွင် ရှိသည်။

ရတနာရှာဖွေသည့် နယ်ပယ်၌ပင် သူသည် သူတို့ထက် ကျွမ်းကျင်မှုကို ပြသခဲ့သည်။

"ဟမ် မင်း အဲဒါကို လိုက်လျောညီထွေဖြစ်နိုင်ပေမယ့် ငါတော့ မဖြစ်နိုင်ဘူး။ အဲဒီခွေးမပိုင်စီလင်ကလည်း အတူတူပဲ သူမက ဘယ်လိုလုပ် သူမကိုယ်သူမ အဲဒီအသက်မပြည့်သေးတဲ့ကောင်လေးနဲ့ ပူးပေါင်းဖို့ ရွေးချယ်နိုင်ခဲ့ရတာလဲ။ တွေးလိုက်ရုံနဲ့ ဒါက ငါ့ကို မသက်မသာဖြစ်စေတယ်။"

ဟွမ်ရုံတု မုန်းတီးစွာ အော်ဟစ်ပြောဆိုလိုက်သည်။

သူသည် အခြားကိစ္စများကို ဆောင့်ကြီးအောင့်ကြီး လက်ခံနိုင်သေးသည်။ သို့သော် သူသည် ရှုကန်းနှင့် လက်တွဲပြီး ရွှေရှာနေခဲ့သော်ငြားလည်း သူ့အမြတ်များသည် ထိုခွေးမထက် မည်သို့ နည်းပါးနေရသနည်း။

ထိုကောင်စုတ်နောက် လိုက်ပါရုံမျှဖြင့် ပိုင်စီလင်သည် သူတို့ထက် များစွာပိုသော အမြတ်များကို အလွယ်တကူရရှိခဲ့သည်။ ဟွမ်ရုံတုသည် ထိုသည်နှင့် မည်သို့ သက်သောင့်သက်သာရှိနိုင်မည်နည်း။

ဟွမ်ရုံတု၏ ‌ဒေါသတကြီး ကြိမ်းမောင်းမှုရှေ့တွင် ရှုကန်းသည် တိတ်ဆိတ်နေရန် ရွေးချယ်ခဲ့သည်။ ပိုင်စီလင်၏ လုပ်ရပ်များကို သူသည်လည်း စိတ်စနိုးစနှောင့်ဖြစ်ခဲ့သည်။ သို့သော် သူ့ခံစားချက်များကို လူသိရှင်ကြား ထုတ်ပြခြင်းသည် အမြင်မတော်ဟု သူတွေးထင်ခဲ့သည်။

မြေပုံကို ထောက်ပြကာ ဟွမ်ရုံတုမေးလိုက်သည်။

"ရှုကန်း ဘာပဲဖြစ်ဖြစ် ငါတို့ သူမကို အရှုံးမပေးနိုင်ဘူး။ ငါ မြေပုံကို ကြည့်ခဲ့ပြီးပြီ ဒီနေရာကနေ လီသုံးဆယ်မှာ အသိုက်တစ်ခုရှိတယ်။ ငါတို့ ကြိုးစားကြည့်ကြမလား။"

တခဏမျှတိတ်ဆိတ်နေပြီးနောက် ရှုကန်းခေါင်းညိတ်လိုက်သည်။

"သွားကြစို့"

သူသည် ကျွမ်းကျင်စွာ သူ့မြင်းပေါ် ခုန်တက်လိုက်ပြီး ရှေ့သို့ ဒုန်းဆိုင်းလိုက်သည်။ သူ့အတွက် လက်ရှိတွင် အရေးအကြီးဆုံးမှာ ရွှေများကို တတ်နိုင်သမျှ စုဆောင်းရန်ပင်။

ထိုသို့သော အခွင့်အရေးများသည် အလွယ်တကူ လာလိမ့်မည်မဟုတ်သည်ကို သူသိသည်။ အကယ်၍ သူသည် ၎င်းကို သူ့လက်ချောင်းများကြားမှ လွတ်ထွက်သွားစေခဲ့ပါက သူသည် တစ်ဘဝလုံးနောင်တရနေနိုင်သည်။

"ဒီမစ်ရှင်အတွက် သတိကြီးကြီး ချီတက်ကြစို့။ ငါတို့သွားခဲ့တဲ့ နောက်ဆုံး ဓားပြကျင်းတွေအားလုံးက ဘာမှမရှိခဲ့ဘူး။ ငါ့မှာ ဓားပြတွေက ကြီးမားတဲ့ ကိစ္စကြီးတစ်ခုကို လျှို့ဝှက်ကြံစည်နေကြတယ် ဆိုတဲ့ ခံစားချက်တစ်ခုရနေတယ်။"

ရှုကန်းသည် သူ့မြင်းဇက်ကြိုးကို ဆွဲလျက် တုံ့ဆိုင်းစွာ အသိပေးလိုက်သည်။

လေ့ကျင့်ရေးစခန်းတွင် ကုန်ဆုံးခဲ့သည့် သူနေ့ရက်များသည် အလဟသမဖြစ်ခဲ့ကြပေ။ ဥပမာတစ်ခုအနေဖြင့် သူသည် အန္တရာယ်အတွက် ထက်မြက်သည့် ပင်ကိုယ်သိစိတ်ကို ကျင့်ကြံထားခဲ့သည်။

ဤအချိန်တွင် သူသည် ဓားပြများနှင့် ထူးဆန်းသည့် အရာတစ်ခု ဖြစ်ပွားနေသည်ဟု ဝိုးတဝါးအာရုံခံစားမိနေခဲ့သည်။

"ဟားဟားဟား ရှုကန်း ဒီကိစ္စအပေါ် မင်း အကြီးအကျယ် ဇာချဲ့နေတာပဲ။ သူတို့ရဲ့ ကျင်းတွေ အများကြီးကို ရှင်းပစ်ပြီးနောက်မှာ သူတို့က ဘာတုံ့ပြန်မှုကိုမှ မပြခဲ့ရင် ထူးဆန်းလိုက်မယ်။ ဒါပေမယ့် သေးနှုံတဲ့ ဓားပြတွေက တရားဝင်စစ်တပ်တစ်တပ်ကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ ငါတို့က ဒီမှာ ငါတို့နဲ့အတူ အစစ်အမှန်သိုင်းပညာနယ်ပယ်ပညာရှင် လေးဆယ်ထက်မနည်းရှိတယ် ဓားပြ‌နည်းနည်းလေးက ငါတို့ကို ယှဉ်ပြိုင်နိုင်မယ်လို့မင်းထင်လား။"

ဟွမ်ရုံတုသည် ရှုကန်း၏ သံသယများကို ဘာမျှမဟုတ်ဟု စဉ်းစားလိုက်ပြီး ရယ်မောလိုက်သည်။

ရှုကန်းသည် တခဏမျှ တွေးဆလိုက်ပြီး သူသည်လည်း ရယ်မောလိုက်သည်။ အများဆုံးတောင်မှ ဓားပြအဖွဲ့တစ်ခုတွင် လူ နှစ်ဆယ်မှ သုံးဆယ်အထိသာ ရှိခဲ့ကြပြီး ပြောစရာမလိုအောင်ပင် သူတို့အများစု၏ကျင့်ကြံခြင်းများသည် အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ ‌မရောက်ခဲ့ကြသေးပေ။

ဓားပြများသည် မည်သည့်အရာများ ကြံစည်နေကြပါစေ သူတို့သည် သူရဲမက်အတွက် ယှဉ်ပြိုင်ဘက် ဖြစ်မလာနိုင်ပေ။

"ကြည့်ရတာ ငါ့ရဲ့သံသယတွေက အခြေအမြစ်မရှိတဲ့ပုံပဲ။ သွားကြစို့။"

မြင်းခွာများ၏ကျယ်လောင်သည့် ဒုန်းဆိုင်းသံများကြားတွင် လူလေးဆယ်ကျော်ပါရှိသော သူတို့အုပ်စုသည် လီသုံးဆယ်အကွာအဝေးရှိ နောက်ထပ် ဓားပြပုန်းခိုရာနေရာဆီသို့ ဒုန်းဆိုင်းသွားခဲ့ကြသည်။

ထိုအချိန်တွင် တောက်ပသည့် လစန္ဒာသည် ကြည်လင်သည့် ညကောင်းကင်ယံတွင် ချိတ်ဆွဲနေ၏။

ရက်အတော်များများကြိုးစားအားထုတ်ပြီးနောက် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည်လည်း သူတို့၏မစ်ရှင်များကို ပြီးမြောက်အောင်မြင်ခဲ့ကြသည်။ ထို့ကြောင့် သူတို့အတွက် ညဘက်စစ်ဆင်ရေးများကို အားကိုးစရာမလိုတော့ပေ။

သို့ရာတွင် သူတို့ ထိုသို့လုပ်ရခြင်းမှာ အလွန်မှရှင်းလင်းလှသည်။ ရွှေ...။ ချမ်းသာမှုနောက်သို့ အလွန်အာရုံဝင်စားနေသောကြောင့်ဖြစ်နိုင်သည်။ သူတို့သည် ဓားပြများက သတိပြုသွားခြင်း သို့မဟုတ် ဓားပြများ မည်မျှများများထွက်ပြေးသွားခြင်းကိုပင် ဂရုစိုက်မနေတော့ပေ။

ဒီးဒါဒါ

နာရီအတော်ကြာပြီးနောက် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် နောက်ဆုံးတွင် ထိုဓားပြပုန်းခိုရာနေရာသို့ ရောက်လာခဲ့ကြသည်။

လူလေးဆယ်ပါသော သူတို့အုပ်စုသည် တောထဲသို့ တိုးဝင်သွားခဲ့ကြပြီး တောင်ထိပ်ရှိ ဓားပြကျင်းဆီသို့ ဦးတည်လိုက်ကြသည်။ မမျှော်လင့်စွာဖြင့် သူတို့ချီတက်နေစဉ် မည်သည့်အတားအဆီးမျှ ရှိမနေခဲ့ပေ။

လမ်းတစ်လျှောက်တွင် အစောင့်တစ်ယောက်မျှပင် ရှိမနေခဲ့ပေ။ တိတ်ဆိတ်မှုသည် တောင်တစ်ခုလုံးကို ကြီးစိုးနေခဲ့ပြီး သက်ရှိတစ်ကောင်မျှပင် မတွေ့ခဲ့ရပေ။

ဓားပြကျင်း၏ တံခါးများကို ကန်ဖွင့်လိုက်ပြီး ဗလာဖြစ်နေသည့် အတွင်းပိုင်းကို မြင်လိုက်ရသောအခါ ဟွမ်ရုံတုသည် ဒေါသတကြီးအော်ဟစ်လိုက်သည်။

"သေစမ်း ‌နောက်ထပ် သူတို့ပုန်းအောင်းရာနေရာကို ရွေ့သွားခဲ့ကြတဲ့ ဓားပြအုပ်စု။"

"မကောင်းတော့ဘူး။"

ထိုအခိုက်မှာပင် ထိတ်လန့်နေသော အော်သံတစ်ခု ထွက်လာခဲ့သည်။

"အဲဒီကိုကြည့်"

စိတ်ရှုပ်သွားခဲ့ကာ ဟွမ်ရုံတုသည် ရှုကန်းညွှန်ပြသည့်အရပ်သို့ လှည့်ကြည့်လိုက်သည်။ တောင်ခြေရှိ အဓိကလမ်းမတစ်လျှောက်တွင် ကောင်းကင်ထက်သို့ မြင့်တက်နေသော ကြီးမားသည့် ဖုန်မှုန့်တိမ်တိုက်ရှိနေခဲ့သည်။ ဧရာမ ဓားပြများနှင့် မြင်းစီးဓားပြ စစ်တပ်ကြီးသည် သူတို့၏ ဓားများနှင့် ဆေဘာများကို ကိုင်စွဲထားကြပြီး သူတို့ရှိရာနေရာသို့ ဒေါသတကြီး ချီတက်လာနေကြသည်။

ဤမြင်ကွင်းကို မြင်လိုက်သည်နှင့် လူတိုင်း၏ မျက်နှာများ ဖြူလျော်သွားခဲ့ကြသည်။

ဒန်းး

ထိုအခိုက်မှာပင် ဘာမှမရှိဟု ထင်ရသော စခန်းထဲတွင် ဓားပြတစ်ယောက်သည် ရုတ်တရက် ကျင်းထဲသို့ ခိုးဝင်လာခဲ့ပြီး အမြင့်ဆုံးနေရာသို့ တွယ်တက်ကာ သတိပေးခေါင်းလောင်းကို တီးလိုက်သည်။

ပဲ့တင်ထပ်နေသည့် ခေါင်းလောင်းသံသည် ပတ်ဝန်းကျင်ရှိ တောင်တန်းတစ်လျှောက် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ပြီး ဓားပြများနှင့် မြင်းစီးဓားပြများအတွက် လမ်းပြနေခဲ့သည်။

"နောက်ဆုတ် နောက်ပြန်ဆုတ်"

တောင်ထိပ်ပေါ်တွင် ပရမ်းပတာဖြစ်မှုများပေါက်ကွဲထွက်လာခဲ့သည်။ ရှုကန်းသည် သူ့လူများကို တောင်အောက်သို့ဆင်းရန် ချက်ချင်းဦးဆောင်လိုက်ပြီး ဟွမ်ရုံတုသည် နောက်မှ နီးကပ်စွာ လိုက်ပါလာခဲ့သည်။

၎င်းသည် ရန်သူများ သူတို့အတွက် ချထားခဲ့သော သေစေနိုင်လောက်သည့် ထောင်ချောက်တစ်ခုဖြစ်သည်မှာ ဒီ့ထက်ပို၍ မရှင်းလင်းနိုင်တော့ပေ။

အပိုင်း ၃၄၀ မဟာအန္တရာယ်ကြီး (၁)

လေညင်းလေးသည် ရွှီးခနဲတိုက်ခတ်သွားခဲ့ပြီး သစ်ရွက်လေးများက ပြန်ဖြေသည့်အနေဖြင့် လှုပ်ခတ်သွားခဲ့ကြသည်။

ကြက်သွေးရောင်အရိပ်ရသစ်ပင်ကြီးအောက်ထိုင်ကာ ဝမ်ချောင် ကျင့်ကြံနေခဲ့သည်။ သွေးနီရောင် မူလစွမ်းအင်လှိုင်းလုံးတစ်ခုသည် သူ့ခန္ဓာကိုယ်အတွင်း ထူးခြားသည့် လှည့်ပတ်ခြင်းလမ်းကြောင်းတစ်ခုဖြင့် တဟုန်ထိုး စီးဆင်းသွားခဲ့ပြီး နောက်ဆုံးတွင် သူ့ဒန်တျန်း၏ အနက်ပိုင်းတွင် အနည်ထိုင်သွားခဲ့သည်။

ဤသွေးရောင်မူလစွမ်းအင်သည် ဝမ်ချောင် ဥစ္စာမဟုတ်ခဲ့ပေ။ ၎င်းသည် ယင်ယန်ငယ်ပညာရပ်ဖြင့် ဓားပြများဆီမှ ရရှိခဲ့ခြင်းဖြစ်သည်။

ဓားပြများကို သုတ်သင်ခြင်းဖြင့် ကုန်ဆုံးခဲ့သော ဤရက်များအတွင်း ဝမ်ချောင်သည် သူတို့ဆီမှ မူလစွမ်းအင်ကို စုပ်ယူနိုင်ခဲ့သည်။ ဤအာဟာရအရင်းအမြစ်ဖြင့် ဝမ်ချောင်သည် ရက်ပိုင်းအတွင်း လျင်မြန်စွာ တိုးတက်သန်မာလာခဲ့သည်။ သူ့ယင်ယန်ငယ်ပညာရပ်ပင်လျှင် ပိတ်ဆို့နေခြင်းမှ ချိုးဖောက်သွားခဲ့သည်။

ယင်ယန်ငယ်ပညာရပ်ကို အသုံးပြုခြင်းဖြင့် သူ ဆွဲထုတ်နိုင်သော စွမ်းအင်ပမာဏသည် ယခင်ကထက် သိသိသာသာ ကြီးမားလာသည်ကို ဝမ်ချောင် ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

သို့သော်လည်း သနားစရာကောင်းသည်မှာ ဝမ်ချောင်သည် ယခုထိ အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ မရောက်ရှိသေးသောကြောင့် သူသည် ဤစွမ်းအင်ကို စုပ်ယူနိုင်ခဲ့ခြင်းမရှိပေ။ ထို့ကြောင့် သူသည် သူစုဆောင်းထားခဲ့သည့် စွမ်းအင်အားလုံးကို သူ့ဒန်တျန်းအောက်ရှိ ဖုံးကွယ်ထားသော နေရာတွင် ထားထားခဲ့သည်။

ဤသည်မှာ သူ့ယခင်ဘဝတွင် ဝမ်ချောင် သင်ယူထားခဲ့သည့် မူလစွမ်းအင်သိုလှောင်ခြင်းအတွက် လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သည်။

သူ့ရှေ့တွင် မည်သည့်မမျှော်လင့်ထားခဲ့သော အခြေအနေမဆို ဖြစ်ပွားလာပါက သူသည် ဤစွမ်းအင်ကို အန္တရာယ်မှ သူ့ကို ကယ်တင်ရန် အသုံးပြုနိုင်ပေလိမ့်မည်။ ဤသည်မှာသူ့ကျင့်ကြံခြင်းသည် နိမ့်ကျနေသေးသောကြောင့် ဤအချိန်တွင် သူ့အတွက် အထူးအရေးကြီးပေသည်။

"အရှင်"

ဝမ်ချောင်သည် သစ်ပင်အောက်တွင် ကျင့်ကြံနေစဉ်မှာပင် ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ မျက်လုံးဖွင့်ကြည့်လိုက်သည်နှင့် သူ့ရှေ့တွင် ဓားပြစခန်းတစ်ခု၏ ပျက်စီးကြွင်းကျန်နေသော မြင်ကွင်းတစ်ခုကိုသာ တွေ့လိုက်ရသည်။ မဟာထန်မြင်းစစ်သည်တစ်ဦးသည် ခါးတွင် ဓားအိမ်တစ်ခုကို ချိတ်ထားလျက် သူ့ဆီ လမ်းလျှောက်လာခဲ့သည်။

"တိုက်ပွဲက အဆုံးသတ်သွားခဲ့ပြီ။ ပိုင်ရှောင်ကျယ်က ဓားပြတစ်ယောက်ကို ဖမ်းဆီးခဲ့ပြီး သူမက လက်ရှိမှာ သင့်ကို ရှာနေပါတယ်။ သူမက သင့်နဲ့ ဆွေးနွေးဖို့လိုအပ်တဲ့ ကိစ္စတစ်ခုရှိတယ်လို့ ပြောခဲ့ပါတယ်။"

ထိုမြင်းစစ်သည်သည် လေးစားစွာ တင်ပြလိုက်သည်။

"အိုး"

ဝမ်ချောင်၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။ အမှန်ပင် ပိုင်ရှောင်ကျယ်သည် ပိုင်စီလင်ကို ရည်ညွှန်းသည်။ ပိုင်စီလင်သည် မိန်းမပျိုတစ်ယောက်ဖြစ်သောကြောင့် ဝမ်ချောင်၏ တပ်စုသည် သူမကို ပိုင်ရှောင်ကျယ်အဖြစ် သီးသန့်ခေါ်ဝေါ်ခဲ့ကြသည်။

ပိုင်စီလင်သည် သူ့ကို အကြောင်းပြချက်မရှိဘဲ ခေါ်လိမ့်မည်မဟုတ်ပေ။ သူမသည် သူ့ကို ဖိတ်ခေါ်နေသောကြောင့် ကိစ္စတစ်ခုသည် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ရပေမည်။

"နားလည်ပြီ။ ငါ ချက်ချင်းသွားလိုက်မယ်။"

ဝမ်ချောင်သည် သူ့ခါးမှ အိတ်ကို ထုတ်လိုက်ပြီး ၎င်းကို ဖွင့်လိုက်ကာ အဝါရောင်ပဲစေ့ထုတ်ကို ဖော်ပြလိုက်သည်။ သူသည် ၎င်းကို အရိပ်ငယ်လေး၏ရှေ့တွင် ထားလိုက်ပြီး မြင်း၏ လည်တိုင်ကို ပွတ်သပ်ပေးလိုက်သည်။ ပဲစေ့များကို သူ့မြင်းပျော်ရွှင်စွာ မြုံနေသည်ကို တခဏမျှကြည့်ပြီးနောက် သူလှည့်လိုက်ကာ မြင်းစစ်သည်၏ ဦးဆောင်မှုနောက်သို့ လိုက်သွားလိုက်သည်။

တိုင်လုံးအတော်များများကို ဖြတ်သန်းပြီးနောက် ဝမ်ချောင်သည် ပိုင်စီလင်ကို စခန်း၏ အနက်ဆုံးအပိုင်းတွင် တွေ့လိုက်ရသည်။ ပိုင်ကလန်၏ သခင်မလေးသည် ကျားသားရေဖြင့် ဖုံးအုပ်ထားသည့် ကုလားထိုင်ပေါ်တွင် ထိုင်နေခဲ့သည်။ သူမဘေးတွင် ဓားများကို ခါးတွင် ချိတ်ဆွဲထားကြသည့် မြင်းစစ်သည် ရှစ်ဦး မတ်တပ်ရပ်နေခဲ့ကြသည်။ သူတို့တစ်ယောက်မှ စကားမပြောကြဘဲ အခန်းထဲတွင် တင်းမာသည့် လေထုတစ်ခု ဝန်းရံနေခဲ့သည်။

"ဘာဖြစ်လို့လဲ"

ဝမ်ချောင် အပြုံးဖြင့် မေးလိုက်သည်။

ပိုင်စီလင်ကို ဤကဲ့သို့ လေးနက်သည့်ပုံစံဖြင့် မြင်ရသည်မှာ ရှားပါး၏။

"ပြဿနာတစ်ခု ဖြစ်နေတယ်။ ဒီလူက ဒီစခန်းရဲ့ ခေါင်းဆောင်ပဲ သူ့ကို ကိုယ်တိုင်မေးကြည့်လိုက်။"

ပိုင်စီလင်သည် သူမ၏ ဖြူဥသည့် လက်များကို မြှောက်လိုက်ပြီး သူမရှေ့ရှိ အမျိုးသားတစ်ဦးကို ညွှန်ပြလိုက်သည်။

"အိုး"

ဝမ်ချောင်သည် မြေပေါ်ဒူးထောက်နေသည့် အမျိုးသားတစ်ဦးဆီသို့ သူ့အာရုံကို ပြောင်းလိုက်သည်။ တစ်ဖက်လူသည် အသက်သုံးဆယ်ခန့်ရှိပုံရပြီး အရပ်ငါးချီအထက်ရှိပုံပေါ်သည်။ မထင်မှတ်ဘဲ သူသည် ကြင်နာသနားတတ်သည့် ဟန်ပန်ကို သယ်ဆောင်ထားခဲ့သည်။

(၁.၇ မီတာ)

'ဘယ်လိုတောင် တွေ့ရခဲလိုက်သလဲ။ ဓားပြတွေထဲမှာ ဒီလိုလူတစ်ယောက်ရှိနေမယ်လို့ ထင်မထားဘူး။'

သူ့အကြည့်ထဲတွင် အံ့အားသင့်နေသည့် အရိပ်အယောင် ဖြတ်သွားခဲ့ကာ ဝမ်ချောင် တွေးလိုက်မိသည်။

ကိုယ်ဟန်အနေအထားသည် စိတ်ဝိဉာဉ်မှ အရင်းခံခဲ့ခြင်းဖြစ်သည်။ အပြစ်မဲ့သည့် ကုန်သည်များကို ဓားပြတိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသော ဓားပြများသည် များသောအားဖြင့် လူမဆန်သော ဟန်ပန်တစ်ခု သူတို့ဝန်းကျင်တွင် ရှိတတ်ကြသည်။

သူရှေ့ရှိ အမျိုးသားကဲ့သို့သော လူမျိုးသည် ဓားပြများကြားတွင် အမှန်ပင် ရှားပါး၏။ ဝမ်ချောင်သည် သူ့ကို နည်းနည်းလေးအကောင်းမြင်သွားခဲ့သည်။

"ခင်ဗျားက ဒီစခန်းရဲ့ ခေါင်းဆောင်လား။"

ဝမ်ချောင်သည် ရှေ့သို့လှမ်းလိုက်ပြီး မေးလိုက်သည်။

"ဟုတ်ကဲ့"

ထိုလူသည် ကျောကို မတ်လိုက်ပြီး ပြတ်သားစွာပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့က ဓားပြတွေဆိုပေမယ့် ဟန်လူမျိုးကုန်သည်တွေကို လုံးဝပစ်မှတ်မထားဘူး ဒါမှမဟုတ် အရာရှိတွေကို လုံးဝ မနှောက်ယှက်ဘူး။ မင်း ငါ့ကို မဖမ်းဆီးထားသင့်ဘူး ဒါမှမဟုတ် ငါ့လူတွေကို မသတ်သင့်ဘူး။"

"ဟားဟားဟား မင်းလို 'ဖြောင့်မတ်တဲ့' ဓားပြတစ်ယောက်ကို တွေ့ရဖို့က တကယ်ပဲ ရှားပါးတယ်။ ဓားပြတွေက တခြားသူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို ခိုးယူခြင်းနဲ့ ရှင်သန်ကြတယ် ဒါကြောင့် မင်းက ကျန်တဲ့သူတွေနဲ့ ဘယ်လိုကွာခြားတာလဲ။ ဒါ့အပြင် တော်ဝင်ရုံးတော်က ဒီလမ်းဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးမားတဲ့မျှော်လင့်ချက်တွေ ထည့်သွင်းထားခဲ့တာ။ လုယက်မှုမှာ ပါဝင်ကြတဲ့ လူတွေကို တော်ဝင်ရုံးတော်က ဘယ်လိုကိုင်တွယ်သလဲဆိုတာ မင်းသိလောက်မယ်လို့ ငါ ယုံကြည်တယ်။ မင်းက ဟန်လူမျိုးတွေကို ဓားပြမတိုက်ရုံနဲ့ ချမ်းသာရာရလိမ့်မယ်လို့ ထင်နေတာလား။"

သူရှေ့ရှိလူ၏ စကားကို ကြားလိုက်ရသည်နှင့် ဝမ်ချောင် ရယ်မောလိုက်သည်။

ထိုလူသည် ပြောစရာစကားမဲ့သွားခဲ့သည်။

"သတင်းအချက်အလက်အတွက် ငါ့ညီအစ်ကိုတွေရဲ့ အသက်တွေနဲ့ လဲလှယ်နိုင်ဖို့ ငါမျှော်လင့်ပါတယ်။"

တခဏမျှ တိတ်ဆိတ်နေပြီးနောက် ထိုလူ ပြန်ဖြေလိုက်သည်။

"ပြောကြည့်လေ။ ဘယ်လို သတင်းမျိုးက မင်းတို့ရဲ့ အသက်တွေနဲ့ ထိုက်တန်မလဲဆိုတာ ကြည့်ကြတာပေါ့။"

ဝမ်ချောင်သည် အာဏာသံစွက်ကာ မေးခွန်းထုတ်လိုက်သည်။

"ဒါက မင်းတို့ရဲ့အသက်ကို ကယ်တင်နိုင်တဲ့ သတင်းအစအနတွေပါပဲ။"

ထိုလူ ပြန်ဖြေလိုက်သည်။

ထိုစကားကို တုံ့ပြန်သည့်အနေဖြင့် ဝမ်ချောင် ပိုင်စီလင်ကို ကြည့်လိုက်သည်တွင် သူမမျက်နှာပေါ်၌ မျက်မှောင်အနည်းငယ်ကြုတ်သွားသည်ကိုသာ တွေ့လိုက်ရသည်။ သူမသည် ဘာဆိုသည်ကို သိနေပုံရသည်။

ဝမ်ချောင်သည် ဓားပြခေါင်းဆောင်ထံ ပြန်လှည့်လိုက်ပြီး ပြောလိုက်သည်။

"ဆက်ပြော"

"မင်း သဘောမပေါက်မိဘူးလား မင်းတို့ ပိုပြီး ရှေ့ဆက်လာလေလေ ဗလာဖြစ်နေတဲ့ ဓားပြအသိုက်တွေကို ပိုပြီး တွေ့ကြုံလာရလေလေဆိုတာကို။ အဲဒါက ထူးဆန်းတယ်လို့ မင်း မထင်ဘူးလား။"

"မင်းဆိုလိုတာက ထွက်ပြေးသွားကြတဲ့ ဓားပြတွေက ငါတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေမယ်လို့လား။"

"ငါက မင်းကို ထွက်ပြေးသွားခဲ့ကြတဲ့ ဓားပြတွေက လူတစ်ဦးတည်းမှာ ခိုလှုံသွားခဲ့ကြတယ်လို့ ပြောရင်ရော။"

အခန်းသည် ရုတ်တရက် နားအူမတတ်တိတ်ဆိတ်သွားခဲ့သည်။ ဝမ်ချောင်၏ နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့သော်လည်း စကားတစ်ခွန်းမှ ထွက်မလာခဲ့ပေ။ သူသည် ပိုင်စီလင်ထံသို့ လှည့်ကြည့်လိုက်သည်တွင် သူမသည် သူ့ကို လေးနက်စွာ ခေါင်းညိတ်ပြနေသည်ကိုသာ တွေ့လိုက်ရသည်

တစ်ဖက်တွင်မူ ထိုလူသည် ဝမ်ချောင်ကို စိုက်ကြည့်နေခဲ့ပြီး သူ့တုံ့ပြန်မှုကို အကဲခတ်ရန် ကြိုးစားနေပုံရသည်။

ထွက်ပြေးသွားခဲ့ကြသည့် ဓားပြအားလုံးတို့သည် တူညီသည့် လူတစ်ယောက်ထံ ခိုလုံသွားခဲ့ကြသည်။

လတ်တလောတွင် ဤနေရာ၌ ရှိနေသည့် လူများသာ ထိုစကား၏ အရေးကြီးပုံကို နားလည်ကြပေလိမ့်မည်။

ဤနေရာသို့ လာသည့်ခရီးတွင် အထူးသဖြင့် မကြာသေးမီက စစ်ဆင်ရေးများတွင် ဝမ်ချောင်သည် ဗလာဖြစ်နေသည့် ဓားပြကျင်းများစွာကို တွေ့ကြုံခဲ့ရသည်။ ထိုနေရာများတွင် ဓားပြတစ်ယောက်ကိုတောင်မှ တွေ့နိုင်မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင်ပင် ဝမ်ချောင်သည် ၎င်းကို အနည်းငယ်သာ အာရုံစိုက်ခဲ့သည်။ အားလုံးပြီးနောက် စစ်တပ်ရောက်ရှိလာသည်ကို သိရှိလိုက်ရသည်နှင့် ဓားပြများ တိမ်းရှောင်သည်မှာ လုံးဝသာမန်ဖြစ်သည်။

သို့သော် အကယ်၍သူတို့အားလုံးသည် လူတစ်ဦးတည်းဆီသို့ ခိုလုံရန် သွားခဲ့ကြပါက ဖြစ်ရပ်တစ်ခုလုံး၏ ‌သဘောသဘာဝသည် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ဓားပြသိုက်တစ်ဒါဇင်ထက်ပို၍ အတူတကွစုစည်းသွားခဲ့ပါက ထိုသည်မှာ လူရာကျော်ပါရှိသော အင်အားစုတစ်ခုဖြစ်ပေလိမ့်မည်။ ထိုသည်မှာ လက်ခံလောက်သည့် အင်အားစုတစ်ခုဖြစ်ပေလိမ့်မည်။

"ဆက်ပြော"

ဝမ်ချောင် လေးနက်စွာ အမိန့်ပေးလိုက်သည်။ ဤသည်မှာ အမှန်ပင် အရေးပါသည့် သတင်းအချက်အလက်ဖြစ်သည်။ ၎င်းကို စိတ်မဝင်စားဘဲနေပါက ရူးမိုက်ခြင်းဖြစ်ပေလိမ့်မည်။

"မင်းက သံမဏိဝတ်ရုံ မြင်းစီးဓားပြတွေကို သိမသိဆိုတာ ငါမသေချာဘူး။ သူတို့ရဲ့ခေါင်းဆောင် သံမဏိလီက မယုံနိုင်စရာကောင်းတဲ့ သိုင်းပညာရပ်တွေနဲ့ ရက်စက်တဲ့လူတစ်ယောက်ပဲ။ ပိုပြီးအရေးကြီးတာက သူဟာ သံမဏိဝတ်ရုံနည်းစနစ်ကို လေ့ကျင့်နေတဲ့လူပဲ အဲဒါက သူ့ကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တယ်။ မြို့တော်ကနေ လုံရှီကို လာတဲ့လမ်းတစ်လျှောက်မှာ သူက နံပါတ်တစ် ကျွမ်းကျင်သူဆိုတာ အသေအချာပဲ။"

"ဒါ့အပြင် သူ့မှာ အကြောက်အရွံ့ကင်းတဲ့ ဗီဇရှိတယ် အဲဒါက သူ့ကို အလွန်အမင်းအန္တရာယ်များတဲ့လူတစ်ယောက်ဖြစ်စေခဲ့တာပဲ။ ငါတို့လို ဓားပြတိုက်ခြင်းနဲ့ အသက်မွေးဝမ်းကြောင်းပြုတဲ့ ဓားပြတွေအတွက်တောင် ငါတို့ဟာ စစ်တပ်နဲ့ သဘောထားကွဲလွဲမှုတွေကို ရှောင်ရှားကြရတယ်။ ဒါပေမယ့်လည်း သံမဏိဝတ်ရုံမြင်းစီးဓားပြတွေက ခြားနားတယ်။ စစ်သည်တွေကတောင် သူတို့အတွက် ပစ်မှတ်တစ်ခုထက် မပိုဘူး။ ခုအချိန်ထိ သူ့လက်ထဲမှာ သေဆုံးသွားခဲ့ကြတဲ့ စစ်တပ်တပ်စုတွေ အနည်းဆုံး ခုနှစ်ခုရှိခဲ့ပြီ။ ဒီလိုနဲ့ သူက ဓားပြတွေနဲ့ မြင်းစီးဓားပြတွေကြားမှာ အတော်လေးကျော်ကြားတဲ့ ဂုဏ်သတင်းကို ပိုင်ဆိုင်ထားတယ်။"

"ဒါ့အပြင် သူတို့က မြင်းပေါ်ကနေ လုပ်ဆောင်လေ့ရှိတာကြောင့် သံမဏိမြင်းစီးဓားပြတွေဟာ ကြီးမားတဲ့ ရွေ့လျားနိုင်စွမ်းကြောင့် ဝင့်ကြွားကြတယ်။ တော်ဝင်ရုံးတော်က သူ့ကို အကြိမ်တော်တော်များများ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမယ့် သူက ဉာဏ်များတဲ့ လူတစ်ယောက်ပဲ။ တော်ဝင်ရုံးတော်က ကြီးမားတဲ့စစ်တပ်တစ်ခုကို စေလွှတ်ခဲ့ရင် သံမဏိဝတ်ရုံလီဟာ ‌အနောက်မြောက်ပိုင်းမှာရှိတဲ့ ထူထပ်တဲတောတွေထဲမှာ ပုန်းခိုဖို့ သူလူတွေကို ချက်ချင်း ဦးဆောင်သွားလိမ့်မယ် ပြီးတော့ အခြေအနေ အားလုံးက တည်ငြိမ်သွားတော့မှသာ ပြန်ပေါ်လာလိမ့်မယ်။ တစ်ဖက်မှာ အဲဒီတပ်ဖွဲ့အင်အားက သေးငယ်နေခဲ့ရင် သံမဏိဝတ်ရုံလီက သူ့လူတွေကို ဦးဆောင်ပြီး စစ်သည်တွေကို ရှင်းပစ်လိမ့်မယ်။ ဒီလိုနဲ့ သူ့ရဲ့ဂုဏ်သတင်းကို ပိုပြီးကြီးထွားလာစေတယ်။"

"မြို့တော်ကနေ လုံရှီကို သွားတဲ့လမ်းတစ်လျှောက်မှာရှိတဲ့ ဓားပြတွေနဲ့ မြင်းစီးဓားပြတွေက သူ့ကို သူတို့ရဲ့ခေါင်းဆောင်အဖြစ် ရှုမြင်ကြတယ်။ လက်ရှိမှာ သူ့လက်အောက်မှာ လူအင်အားငါးရာရှိခဲ့ပြီလို့ ပြောကြတယ်။"

"မင်းတို့က ဒီတစ်ကြိမ်မှာ ဓားပြတွေကို အလွန်အကျွံရှင်းလင်းခဲ့ကြတာပဲ။ အထက်ကနေ အောက်အထိ တစ်ယောက်မှ မလွတ်မြောက်ခဲ့ကြဘူး။ ကြောက်ရွံ့မှုကြောင့် လူများစွာဟာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ သံမဏိဝတ်ရုံလီရဲ့ ဂိုဏ်းထဲကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့ကြတယ်။ ငါ့ကိုဖိတ်ခေါ်ခဲ့ကြတဲ့ လူအနည်းငယ်လည်း ရှိခဲ့တယ်။ ဒါပေမယ့် သံမဏိဝတ်ရုံလီရဲ့ ဆိုးယုတ်မှုကို အထင်သေးတာကြောင့် ငါ သူတို့ကို ငြင်းဆန်ခဲ့တယ်။"

"ဒါပေမယ့် သိပ်မကြာသေးမီက စစ်တပ်ရှင်းလင်းမှုကို ကိုင်တွယ်ဖို့ ပတ်တပ်လည်မှာရှိတဲ့ ဓားပြတွေနဲ့ မြင်းစီးဓားပြတွေကို ဖိတ်ခေါ်နေတဲ့ သံမဏိဝတ်ရုံမြင်းစီးဓားပြတွေဆီကနေ စာတစ်စောင်ကို ငါ လက်ခံရရှိခဲ့တယ်။ ပိုးထည်လမ်းမရဲ့ ဒီဖက်တစ်လျှောက်မှာ မင်းတို့က တစ်ခုတည်းသော အုပ်စုဖြစ်တာကို စဉ်းစားကြည့်လိုက်ရင် သူ့ရဲ့ ပစ်မှတ်က မင်းတို့ဖြစ်နိုင်တယ်။"

ထိုလူစကားပြောလိုက်စဉ် သူ့အကြည့်သည် အခန်းထဲရှိ လူတိုင်းအပေါ် ကျရောက်သွားခဲ့ပြီး ဝမ်ချောင်နှင့် ပိုင်စီလင်တို့အပေါ် တခဏကြာရစ်ဝဲနေခဲ့သည်။ ဤလူနှစ်ယောက်သည် ဤစစ်ဆင်ရေးနောက်ကွယ်ရှိ ကြိုးကိုင်ကြသူများဖြစ်ကြသည်မှာ ထင်ရှားသည်။

"အဲစာက ဘယ်မှာလဲ"

"ဒီမှာပါ"

စကားပြောလိုက်သူမှာ ဓားပြခေါင်းဆောင်မဟုတ်ဘဲ ပိုင်စီလင်ဖြစ်သည်။ သူမ၏ လက်မောင်းအိုးမှနေ၍ သူမသည် အနီရောင်စာတစ်စောင်ကို ထုတ်ယူလိုက်ကာ ကမ်းပေးလိုက်သည်။

ထိုစာ၏ အဖုံးပေါ်တွင် အနက်ရောင်ဟေးဒီစ်နတ်ဆိုးတစ်ကောင်ရှိသည်။

【သံမဏိဝတ်ရုံစုရုံးခြင်း】

အားမာန်ပါသော စကားလုံးသုံးလုံးတို့သည် နတ်ဆိုး၏အောက်တွင် ရေးထိုးထားခဲ့သည်။

"ကောင်းကင်ရဲ့အမိန့်တော်အတိုင်း မြေပြင်က မြင့်မြတ်တဲ့ အရှင်သခင်တွေနဲ့ သိုင်းဆရာသခင်တို့ဟာ ဒုစရိုက်လောကကို အုပ်စိုးကြတယ်။ လူတစ်ဦးစီတိုင်းမှာ အသက်ရှင်သန်ဖို့ နည်းလမ်းရှိကြတယ်။ ဒါပေမယ့် ဒီနေ့မှာ စစ်သည်ရှစ်ဆယ်တို့ဟာ လောကသဘာဝလမ်းစဉ်ကို ချိုးဖောက်ပြီး ငါတို့လမ်းစဉ်က ထူးချွန်တဲ့လူတွေကို သတ်ဖြတ်ခဲ့တယ်။ ဒါကြောင့် ယုတ်မာတဲ့ စစ်သည်ရှစ်ဆယ်တို့အပေါ် တရားမျှတမှုပြန်လည်ရယူဖို့ အတူတကွစုစည်းကြဖို့ လောကရဲ့သူရဲကောင်းတွေကို ငါ လေးလေးနက်နက်ဖိတ်ခေါ်ပါတယ်။"

ထိုစာသည်ကို သံမဏိဝတ်ရုံလီ၏ နာမည်ဖြင့် ရေးထိုးထားခဲ့သည်။

ထိုစာထဲရှိ စကားလုံးများကို ကြည့်ကာ ဝမ်ချောင် မျက်မှောင်ကြုတ်လိုက်သည်။ ထိုလူသည် သံမဏိဝတ်ရုံလီကို ရက်စက်ကြမ်းကြုတ်သည့် လူအဖြစ် ဖော်ပြခဲ့သည်။ သို့သော် စာထဲတွင်ပါရှိသည့် စကားလုံးများသည် ထိုသို့သောလူတစ်ယောက် ရေးထားခဲ့ခြင်းနှင့်မတူဘဲ အပြောကောင်းလှသည်။

ဝမ်ချောင် ဘာတွေးနေသည်ကို သိနေသောကြောင့် ထိုလူက ရှင်းပြလိုက်သည်။

"စာက သံမဏိမြင်းဓားပြတွေရဲ့ စစ်ရေးအကြံပေးကျောက်အန်းက ရေးခဲ့တာပါ။ သူက အဲဒီအဖွဲ့ရဲ့ အုပ်ချူပ်ရေးကိစ္စအဝဝကို အမြဲတမ်း တာဝန်ယူထားခဲ့တယ်။"

"ရဲမက်ရှစ်ဆယ်တဲ့လား ဟမ် သူက ငါတို့ရဲ့ အင်အားကိုတောင် သိနေတယ် ဒါက ကောင်းတဲ့လက္ခဏာမဟုတ်ဘူး။"

ပိုင်စီလင်၏ မျက်ခုံးများ အတူတကွထ်ိစပ်သွားခဲ့ကြသည်။

-------------------------

All Chapters