အခန်း (၃၄၁-၃၄၅)
Vol. 15 Ch. 341-345
အပိုင်း ၃၄၁ မဟာအန္တရာယ်ကြီး (၂)
ပိုင်ကလန်၏ မိန်းမပျိုတစ်ယောက်အနေနှင့် ပိုင်စီလင်သည် တစ်ပန်းသာသည့် ပတ်ဝန်းကျင်တွင် ကြီးပြင်းခဲ့ရပြီး သူမ စိတ်ပူစရာလိုသည့် ကိစ္စများမှာ ရှားပါး၏။
ဤစစ်ဆင်ရေးတစ်လျှောက်တွင် ရှုကန်း၊ ဟွမ်ရုံတုနှင့် ဝမ်ချောင်တို့ကြား ပဋိပက္ခတွင်ပင် သူမသည် အေးအေးလူလူ နေနိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်တွင် ပိုင်စီလင်သည် မတတ်နိုင်ဘဲ အလွန်အမင်းဒုက္ခရောက်နေပြီဟု ခံစားနေရသည်။
ဤမစ်ရှင်ကို တော်ဝင်ရုံးတော်က ထုတ်ပြန်ထားခဲ့သောကြောင့် အန္တရာယ်က သူတို့ရှေ့တွင် ရှိနေလျှင်ပင် သူတို့သည် အန္တရာယ်ကို သူတို့စိတ်တိုင်းကျ ပယ်ခွာ၍မရပေ။ သို့သော်လည်း သူတို့၏ ရန်သူ သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် သာမန်ဓားပြများ ဟုတ်ပုံမပေါ်ပေ။ ယခုတိုင် သူတို့သည် တစ်ဖက်ရန်သူ၏ သဲလွန်စအနည်းငယ်ကိုမျှ မမြင်ခဲ့ရသေးပေ။ သို့သော် တစ်ဖက်ရန်သူသည် သူတို့၏ အရေးကြီသတင်းအချက်အလက်များကို ရရှိထားခဲ့ပြီဖြစ်ကာ သူတို့၏ လူအရေအတွက်ကိုပင် သိနေခဲ့သည်။
ဤသည်က ပိုင်စီလင်ကို အလွန်အမင်းချောက်ချားသွားစေခဲ့ပြီး ယင်းက ဝမ်ချောင်ကို ဖိတ်ခေါ်လိုက်ရသည့် အကြောင်းအရင်းပင်။
"စီလင် သူတို့အတွက် ငါတို့ရဲ့လူအရေအတွက်ကို သိနေဖို့ဆိုတာက ဘာမှသိပ်မများပါဘူး။ စစ်တပ်က တပ်ဖွဲ့အင်အားကို လိုက်ပြီး အိုး၊ ခွက်တွေ ခွဲဝေပေးလေ့ရှိတယ်။ သူတို့က ငါတို့ရဲ့လူတွေကို ရှောင်ရှားပြီး ငါတို့စခန်းချခဲ့တဲ့နေရာတွေမှာ ကျန်ခဲ့တဲ့ မီးလောင်ရာအမှတ်အသားကို စစ်ဆေးကြည့်သရွေ့ သူတို့အတွက် ငါတို့ရဲ့အင်အားကို ဆုံးဖြတ်ဖို့ဆိုတာ သိပ်ခက်မှာမဟုတ်ဘူး။"
ဝမ်ချောင် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"မင်း နာမည် ဘယ်လိုခေါ်လဲ"
ဝမ်ချောင်သည် သူ့ရှေ့၌ ဒူးထောက်နေသည့် ထိုလူ့ဆီသို့ လှည့်လိုက်သည်။
"လီချန်းချီ"
ထိုလူသည် အံ့အားသင့်သွားခဲ့သည်။ သို့သော် သူသည် သူ့ခါးကိုမတ်လိုက်ပြီး သူ့နာမည်ကို တင်ပြလိုက်ဆဲဖြစ်သည်။
လီချန်းချီသည် သူ့ရှေ့ရှိ လူငယ်မှာ ထိုတပ်ဖွဲ့၏ စစ်ဆင်ရေးတစ်ခုလုံးနောက်ကွယ်ရှိ အစစ်အမှန်ကြိုးကိုင်သူဖြစ်သည်ကို ဝိုးတဝါးအာရုံခံစားနိုင်ခဲ့သည်။
ထို့အပြင် သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ ပြောင်မြောက်သည့် စွမ်းရည်များကို သတင်းပေးနေခဲ့သော်ငြားလည်း ဤလူငယ်သည် ကြောက်ရွံ့သည့် လက္ခဏာအနည်းငယ်မျှပင် လုံးဝမပြသခဲ့ပေ။ ထို့အစား သူသည် သံမဏိဝတ်ရုံမြင်းစီးဓားပြများက သူတို့၏ လူအရေအတွက်ကို မည်သို့ ကောက်ချက်ချသွားခဲ့သည်ကိုပင် တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။ ဤသည်က လီချန်းချီကို စိတ်ထဲတွင် အနည်းငယ်ထူးဆန်းသည့် ခံစားချက်တစ်ခု ကျန်ရစ်စေခဲ့သည်။
သူ့ရှေ့ရှိ လူငယ်နှင့်ပတ်သက်၍ အလွန်ထူးခြားသော အရာတစ်ခုရှိသည်။
"လီချန်းချီ"
ဝမ်ချောင် ခေါင်းညိတ်လိုက်ကာ သူ့ကို အသိအမှတ်ပြုလိုက်သည်။
"ကြည့်ရတာ မင်းက အနောက်လမ်းမတစ်လျှောက်မှာရှိတဲ့ ဓားပြတွေနဲ့ မြင်းစီးဓားပြတွေအကြောင်းကို တော်တော်လေး နားလည်ထားတဲ့ပုံပဲ။ ငါ မင်းကို မေးပါရစေ တကယ်လို့ မင်းက သံမဏိဝတ်ရုံမြင်းစီးဓားပြအဖွဲ့ဝင်ဖြစ်ခဲ့ရင် မင်း ဘယ်အချိန်တိုက်ခိုက်မှာလဲ။"
"အခုပဲ"
လီချန်းချီ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားသည်နှင့် ဝမ်ချောင်နှင့်ပိုင်စီလင်တို့ တစ်ဦးနှင့်တစ်ဦး ထိတ်လန့်အံ့ဩစွာ အကြည့်ချင်းဖလှယ်လိုက်ကြသည်။
"မင်းတို့က လက်ရှိမှာ သံမဏိမြင်းစီးဓားပြတွေရဲ့ ပိုင်နက်ကနေ လီတစ်ရာအကွာအဝေးမှာပဲ။ သူတို့ရဲ့ လုပ်နေကျထုံးစံအရ သူတို့က သေချာပေါက် မင်းတို့ကို အလစ်အငိုက်ဖမ်းဖို့ ချက်ချင်းတိုက်ခိုက်လာကြလိမ့်မယ်။ ဒါကြောင့် အရမ်းနောက်မကျခင် ချက်ချင်းနောက်ဆုတ်ဖို့ ငါ မင်းတို့ကို အကြံပေးချင်တယ်။ ဒီလိုမှမဟုတ်ရင် မင်းတို့ရဲ့ ရဲမက်ရှစ်ဆယ်လောက်နဲ့ သူတို့ကို ယှဉ်ဖို့ မဖြစ်နိုင်ဘူး။"
လီချန်းချီ လေးနက်စွာ တိုက်တွန်းလိုက်သည်။
ထိုစကားများကို နားထောင်ကာ ဝမ်ချောင်၏မျက်မှာ မဲမှောင်သွားခဲ့သည်။
"ဆိုးတာပဲ။ ငါတို့ ဒါကို ရှုကန်းနဲ့ ဟွမ်ရုံတုတို့ကို သတင်းပေးရမယ်။"
ဝမ်ချောင်သည် ချက်ချင်း အပြင်သို့ ပြေးထွက်သွားခဲ့သည်။
လီချန်းချီသည် သူတို့၏ အင်အားက ဤနေရာတွင် စုဝေးနေခဲ့ကြသည်ဟု တွေးထင်ထားခဲ့သည်။ သို့သော် ထိုသို့ မဟုတ်ခဲ့ပေ။ တပ်ဖွဲ့အများစုတို့သည် အင်အားစုတစ်ခုက ဓားပြပုန်းခိုရာနေရာသို့ သွားရောက်နေစဉ်တွင် ကျန်သည့် အင်အားစုများက တောင်ခြေတွင် ကျန်နေခဲ့လေ့ရှိကြသည်။ ဤသို့ဖြင့် လိုအပ်လာပါက စစ်ကူပေးနိုင်ပေမည်။ သို့သော်လည်း ဤအုပ်စုသည် အလွန်ခြားနားသည့်ပုံစံဖြင့် လုပ်ဆောင်ခဲ့ကြသည်။
ရှုကန်းနှင့် ဟွမ်ရုံတုတို့အပေါ် ဝမ်ချောင်၏ နားလည်ထားမှုအရ သူတို့သည် ဤနေရာမှ လီသုံးဆယ်ဝေးသည့် နောက်ထပ်ဓားပြကျင်းတစ်ခုတွင် ဖြစ်ဖို့များသည်။
ထိုသည်မှာ သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ အခြေစိုက်စခန်းမှ လီခုနှစ်ဆယ်သာ ကွာဝေးသည်။
အကယ်၍ သံမဏိမြင်းစီးဓားပြများက တိုက်ခိုက်မှုတစ်ခုကို စတင်ဆောင်ရွက်ခဲ့ပါက ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် ယခုအချိန်တွင် ဆိုးရွားသော အန္တရာယ်၌ ရှိမည်ဖြစ်သည်။
"ပြန်ဆုတ် လူတိုင်းပြန်ဆုတ် ခုချက်ချင်း တောင်ပေါ်ကနေ ဆင်းကြစို့"
တူညီသည့်အရာကို သဘောပေါက်နေသောကြောင့် ပိုင်စီလင်သည် ချက်ချင်း ကျားသားရေထိုင်ခုံပေါ်မှ ထရပ်လိုက်ပြီး ဝမ်ချောင်နှင့်အတူ ဓားပြကျင်းဆီမှ ပြေးထွက်သွားခဲ့သည်။
ဟည်းးးး
သူတို့ရင်ဆိုင်နေရသည့် အခြေအနေကို နားလည်လိုက်ကြကာ မဟာထန်၏ လေးဆယ်သော မြင်းစစ်သည်များသည် တောင်အောက်သို့ လျင်မြန်စွာ ဆင်းလိုက်ကြသည်။ စစ်ပွဲ၏ အကျိုးအမြတ်များကို ရိတ်သိမ်းရန်ပင် အနှောက်အယှက်ဖြစ်ခံမနေကြတော့ပေ။
အမျက်ထွက်နေသည့် နဂါးတစ်ကောင်သည် မြေပြင်ပေါ် ပျံသန်းနေသကဲ့သို့ သူတို့အုပ်စုသည် လီသုံးဆယ်အဝေးရှိ နောက်ထပ် ဓားပြကျင်းဆီသို့ လျင်မြန်စွာ ဒုန်းဆိုင်းလိုက်ကြသည်။
ဝမ်ချောင်သည် ရှုကန်းနှင့် ဟွမ်ရုံတုတို့နှင့် သဘောထားကွဲလွဲမှုများစွာရှိခဲ့သော်လည်း ဓားပြများနှင့် သံမဏိမြင်းစီးဓားပြများက သူတို့ကို သတ်ဖြတ်သွားသည်ကို သူ မမြင်ချင်ပေ။ ပို၍အရေးကြီးသည်မှာ လေးဆယ်သော မဟာထန်၏ သစ္စာစောင့်သိကြသော မြင်းစစ်သည်များကို ဤသို့သော ပုံစံဖြင့် သေဆုံးသွားကြမည်ကို သူ မမြင်ချင်ပေ။
သူတို့၏ အသက်များကို မဟာထန်ထံ အပ်နှံထားခဲ့ကြသော မြင်းစစ်သည်များအတွက် ဓားပြများနှင့် မြင်းစီးဓားပြများ၏ သတ်ဖြတ်ခြင်းကို ခံရရန်မှာ ကြီးစွာသော အရှက်ရခြင်းပင်။
သူ့ယခင်ဘဝတွင် စစ်မြေပြင်၌ သူ့နေ့ရက်များကို ကုန်ဆုံးထားခဲ့သည့် လူတစ်ယောက်အနေဖြင့် ဝမ်ချောင်သည် ဤအရာနှင့် နက်ရှိုင်းစွာ ဆက်စပ်နေပေသည်။ ထို့ကြောင့် သူသည် ဤသို့သောအခြေအနေဖြစ်ပွားလာမည်ကို ကြည့်ရန် ဆန္ဒမရှိပေ။
ကျား
သူ့သခင်၏ ရည်ရွယ်ချက်ကို နားလည်နေသကဲ့သို့ ခွာဖြူအရိပ်သည်လည်း အားကုန်သုံး၍ ရှေ့သို့ ချီတက်နေခဲ့သည်။
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် အစောကြီးကတည်းက ထွက်သွားခဲ့ကြပြီး ဝမ်ချောင်၏အဖွဲ့သည်လည်း ယခင်ဓားပြစခန်းတွင် အချိန်အတော်ကြာအောင် ကုန်ဆုံးခဲ့သည်။ ထို့ကြောင့် သူတို့သည် တစ်ဖက်အုပ်စုနောက်တွင် တစ်နာရီ သို့မဟုတ် နှစ်နာရီခန့် ကျန်နေခဲ့သည်။
ပထမဆုံးအနေဖြင့် ဝမ်ချောင်သည် ဤလီသုံးဆယ်ခရီးက အချိန်အတော်ကြာနေသည်ဟု ခံစားလိုက်ရသည်။
"အရမ်းနောက်ကျမနေဖို့ပဲ ငါ မျှော်လင့်နိုင်တယ်။"
ဝမ်ချောင် လက်သီးဆုပ်လိုက်သည်။ သူသည် အတွေးလွန်နေခြင်းသာဖြစ်ပါစေ ဟု မျှော်လင့်နေခဲ့ပြီး သံမဏိမြင်းစီးဓားပြများက ယခုထိ မတိုက်သေးပါစေနှင့် ဟု မျှော်လင့်နေခဲ့သည်။ သို့မဟုတ် သူတို့သည် ရှုကန်းနှင့် ဟွမ်ရုံတုတို့၏ အုပ်စုကို ကျော်သွားပါစေဟု မျှော်လင့်နေခဲ့သည်။
ဟောင်းလောင်လောင်
မိနစ်နှစ်ဆယ်ကြာပြီးနောက် သူတို့သည် သူတို့ပန်းတိုင်မှ လီတစ်ဆယ်အကွာအဝေးလောက်ရောက်သောအခါ သူတို့သည် သူတို့ရှေ့မှ အဝါရောင် ဖုန်မှုန့်များ တဟုန်ထိုး လွင့်နေသည်ကို ရုတ်တရက် မြင်လိုက်ကြရသည်။ အဝါရောင်ဖုန်မှုန့်များကြားတွင် မြင်းများနှင့် စစ်သည်များထံမှ ပြင်းထန်သည့်တိုက်ပွဲခေါ်သံများကို ကြားနိုင်သည်။ မိနစ်အနည်းငယ်အတွင်း သူတို့ရှေ့တွင် ကြီးမားသည့် စစ်တပ်တစ်ခု ပေါ်လာခဲ့ပြီး သူတို့ရှေ့တွင် လူမည်မျှရှိသည်ကို လျင်မြန်စွာခန့်မှန်းရန် ခက်ခဲသည်။
"သေစမ်းပါကွာ"
ကြီးမားသည့် ဖုန်မှုန့်တိမ်တိုက်ကြီးကို မြင်လိုက်ရသည်နှင့် ဝမ်ချောင်နှင့် ပိုင်စီလင်တို့၏ နှလုံးသားများ အေးခဲသွားခဲ့ကြပြီး သူတို့၏မျက်နှာများမှ သွေးများ ဆုတ်ယုတ်သွားခဲ့ကြသည်။
"ငါတို့ အရမ်းနောက်ကျသွားခဲ့ကြပြီ"
ပိုင်စီလင်၏ နှုတ်ခမ်းများသည် စိုးရိမ်မှုကြောင့် တဆတ်ဆတ်တုန်ယင်နေခဲ့ပြီး သူမ၏မျက်နှာသည် မယုံနိုင်လောက်အောင် ဖြူလျော်သွားခဲ့သည်။
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် ဤမျှကြီးမားသော အင်အားကို ခုခံရန် မဖြစ်နိုင်ပေ။ သူတို့ရှေ့ရှိ ရာချီသော မြင်းစီးဓားပြများကို ကြည့်ကာ သူတို့သည် ယခင်ကလီချန်းချီပြောခဲ့သည့် သံမဏိဝတ်ရုံမြင်းစီးဓားပြများမှဖြစ်ကြောင်း သံသယရှိစရာမလိုပေ။ အားလုံးပြီးနောက် သူတို့သည်သာ ထိုသို့သော အင်အားကို စုစည်းနိုင်သည့် တစ်ဦးတည်းသောသူများဖြစ်ကြသည်။
ထိုစစ်တပ်၏ ခန့်ညားထည်ဝါသော အရှိန်အဟုန်မှ ချင့်ချိန်ရလျှင် သံမဏိဝတ်ရုံမြင်းစီးဓားပြများအပေါ် လီချန်းချီ၏ အကဲဖြတ်ချက်မှာ အမှန်ပင် အမှားအယွင်းမရှိပေ။
သူတို့ကို လုံရှီနှင့် မြို့တော်ကြားရှိ လမ်းကြောင်းတွင် အသန်မာဆုံးဓားပြများအဖြစ် ခေါ်ဆိုခြင်းမှာ ထိုက်တန်ပေသည်။
တွေဝေနေသည့် အမူအရာဖြင့် ပိုင်စီလင်သည် ဝမ်ချောင်ကို အလိုလိုလှည့်ကြည့်လိုက်မိပြီး မေးလိုက်သည်။
"ငါတို့အခု ဘာလုပ်ကြမလဲ"
ဤခေတ်ရှိ မိန်းမပျိုတစ်ဦးအနေဖြင့် သူမသည် သူမ၏ရွယ်တူများနှင့်မတူဘဲ ကြီးကျယ်သောဉာဏ်အမျှော်အမြင်များနှင့် သာလွန်သောသိုင်းပညာရပ်များကို ပိုင်ဆိုင်ထားသည်။ သို့သော် စစ်ပွဲသည် သူမနှင့် အလွန်အလှမ်းဝေးသည့် အရာဖြစ်သည်။
ပြောစရာမလိုအောင်ပင် သူတို့ရင်ဆိုင်နေရသည့် ရန်သူများမှာ လီတစ်ဆယ်နီးပါးအကွာအဝေးကပင် အော်မပြောဘဲ သူတို့အချင်းချင်း ကြားရရန်ခက်ခဲစေသည်အထိ နားအူမတတ်ဆူညံသံများဖြင့် အလွန်ကြီးမားနေခဲ့သည်။
လူလေးဆယ်ပါသောအုပ်စုမျှဖြင့် ရာချီသော ဓားပြများနှင့် မြင်းစီးဓားပြများကို ယှဉ်နိုင်ရန် သူတို့အတွက် ခက်ခဲပေလိမ့်မည်။
ချီတက်ပါက သူတို့သည် ရှုံးနိမ့်သွားပေလိမ့်မည်။
နောက်ဆုတ်ပါက သေခြင်းတရားသည် ရှုကန်းနှင့် ဟွမ်ရုံတုတို့အပေါ် ကျရောက်သွားပေလိမ့်မည်။
ဤခက်ခဲသည့် ရွေးချယ်မှုနှစ်ခုက ပိုင်စီလင်ကို အကြပ်အတည်းဖြစ်စေသည်။ လက်လျှော့လိုက်ကာ သူမသည် ဝမ်ချောင်ဆီမှ အကြံဉာဏ်တချို့ကို မျှော်လင့်လျက် အလိုလို လှည့်ကြည့်လိုက်မိသည်။
လမ်းတစ်လျှောက်တွင် ဝမ်ချောင်၏ ဆုံးဖြတ်ချက်များက သူမအပေါ် နက်ရှိုင်းသည့် ထင်မြင်ချက်တစ်ခု ကျန်ရစ်စေခဲ့သည်။ ဤအရေးကြီးသောအခိုက်အတန့်တွင် သူမသည် ဝမ်ချောင်၏စီရင်ချက်ကိုလိုက်နာရန် အလိုလိုရွေးချယ်ခဲ့သည်။
အကွာအဝေးတစ်ခုရှိ ပြင်းထန်သည့် အော်ဟစ်သံများကို ရင်ဆိုင်လိုက်ရသည်တွင် ပိုင်စီလင်နှင့် ကျန်သည့် မဟာထန်မြင်းစစ်သည်လေးဆယ်တို့သည် သူတို့၏အကြည့်များကို ဝမ်ချောင်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။
လူတိုင်းသည် သူ့ကို အမိန့်တစ်ခုချမှတ်ရန် စောင့်ဆိုင်းနေခဲ့ကြသည်။
ထိုအခိုက်တွင် ဝမ်ချောင်သည် သူ့ပုခုံးပေါ်၌ လေးလံသော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။ ၎င်းသည် အလွန်မှ လွမ်းဆွတ်စရာကောင်းသည့် ခံစားချက်တစ်ခုဖြစ်သည်။ သူသည် မျှော်လင့်ချက်များအားလုံးက သူ့အပေါ် တွယ်ကပ်နေခဲ့သည့်အချိန်ကို ပြန်ရောက်သွားသကဲ့သို့ပင်။
ထိုအချိန်က လူတိုင်းသည်လည်း တူညီသည့်အကြည့်များဖြင့် သူ့ကို ကြည့်နေခဲ့ကြသည်။
အချိန်သည် ရပ်တန့်သွားပုံပေါ်ကာ မိုးခြိမ်းသံတမျှ သူ့နှလုံးခုန်သံကိုသာ ကျန်ရစ်နေစေခဲ့သည်။ ထိုအခိုက်အတန့်လေးသည် အချိန်ကာလတစ်ခုအထိ ကြာရှည်နေပုံရသော်လည်း သူ လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။
"စိတ်အေးအေးထားကြပါ"
ဝမ်ချောင် ရုတ်တရက်ပြောလိုက်သည်။ သူ့အသံသည် အားမာန်ပြည့်ဝပြီး ပြတ်သားလှကာ လူတိုင်း၏ အာရုံကို သူတို့စိတ်ထဲရှိ စိုးရိမ်မှုများမှ ပြန်လည်လာစေခဲ့သည်။
"ရှေ့မှာ ဒီလိုကြီးမားတဲ့ ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အချက်က တိုက်ပွဲ အခုထိမပြီးသေးဘူးလို့ ဆိုလိုတယ်။ တစ်နည်းပြောရရင် ရှုကန်းနဲ့ ဟွမ်ရုံတုတို့အတွက် မျှော်လင့်ချက်ရှိသေးတယ်။"
ထိုစကားများသည် လူတိုင်း၏ ထိုးကျနေသော စိတ်ဓာတ်ကို မြင့်တက်လာစေပုံရသည်။
အမှန်ပင်။ တိုက်ပွဲသည် ပြီးသွားခဲ့ပြီဆိုပါက ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် သေဆုံးသွားခဲ့ကြမည်ဖြစ်ပြီး သူတို့သည် ဤအခိုက်တွင် တိုက်ခိုက်သံများကို ကြားနေရမည်မဟုတ်ပေ။
ယင်းသည် ရိုးရှင်းလှသည့် တွေးခေါ်မှုတစ်ခုဖြစ်သော်လည်း သူတို့၏ဆင်ခြင်တုံတရားကို ဖုံးကွယ်ထားသော စိုးရိမ်စိတ်များနှင့်အတူ ၎င်းသည် သူတို့၏စိတ်ကို ပျက်ပြားသွားစေခဲ့သည်။
"ဒီလူက တကယ်ပဲ ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားလာတာပဲ။"
ပိုင်စီလင်သည် ဝမ်ချောင်ကို အံ့အားတကြီးကြည့်လိုက်သည်။ စကားလုံးအနည်းငယ်မျှဖြင့် သူသည် လူတိုင်း၏ သတိကို ပြန်လည်လာစေခဲ့ပြီး စိုးရိမ်စိတ်များကို ဖြေဖျောက်နိုင်ခဲ့သည်။
ဤသည်က သူ့နောက်လိုက်ရန် သူမရွေးချယ်ခဲ့ခြင်းအပေါ် ပိုင်စီလင်ကို စိတ်သက်သာရာရသွားစေခဲ့သည်။
"စစ်ရေးနည်းဗျူဟာရဲ့ အဓိကအချက်က ကိုယ့်ကိုယ်ကို သိခြင်းနဲ့ ရန်သူအကြောင်းသိနေခြင်းအပေါ် မူတည်တယ်။ ငါတို့နောက်ဆုတ်ရမလား တိုက်ခိုက်ရမလား မဆုံးဖြတ်ခင်မှာ ပြိုင်ဘက်ရဲ့ အင်အားကို အရင်ဆုံး ရှင်းရှင်းလင်းလင်း တိုင်းတာဖို့ လိုတယ်။ တကယ်လို့ ဒါက ငါတို့တတ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာဆိုရင် ငါတို့တွေ တိုက်ပွဲထဲဝင်ပြီး ငါတို့ရဲ့ ရဲဘော်တွေကို ကယ်တင်ရမယ်။ ဒီလိုမဟုတ်ခဲ့ရင် ငါတို့ရဲ့ ဆုံးရှုံးမှုတွေကို လျှော့ချဖို့ ငါတို့ နောက်ဆုတ်ရုံသာ တတ်နိုင်တယ်။ စစ်မြေပြင်မှာ ငါတို့ဟာ ငါတို့ရဲ့စိတ်ခံစားချက်တွေကို ဖယ်ထုတ်ထားဖို့ အရေးကြီးတယ် ဒါကြောင့် အဆုံးစွန်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒါကို မင်းတို့နားလည်နိုင်မယ်လို့ ငါမျှော်လင့်တယ်။"
"ပြီးတော့ ခဏနေ ငါ ဘယ်လို အမိန့်ပဲပေးပါစေ မင်းတို့က ပြတ်သားစွာနဲ့ လိုက်နာနိုင်မယ်လို့ ငါ မျှော်လင့်တယ်။ မင်းတို့ရဲ့ စိတ်ခံစားချက်တွေကို ဝင်လာခွင့်ပြုပြီး ငါ့အမိန့်တွေကို မသွေဖယ်မိစေနဲ့ နားလည်ကြပြီလား။"
နောက်ဆုံးစကားလုံးများတွင် ဝမ်ချောင်သည် ထူးခြားသော လေးနက်မှုဖြင့် ပြောဆိုခဲ့သည်။ ဤနေရာတွင် သူတို့သည် အယောက်လေးဆယ်သာရှိသောကြောင့် လူအရေအတွက်အရ သူတို့ကို ကြီးမားသည့် အရေးမသာမှု ဖြစ်စေခဲ့သည်။ သူသည် သူ့လူများအပေါ် အကြွင်းမဲ့ ထိန်းချုပ်နိုင်ခဲ့ခြင်းမရှိပါက ယခုအချိန် ချီတက်ခြင်းသည် သူတို့၏သေခြင်းတရားများကိုသာ ဖြစ်စေလိမ့်မည်။
"ဟုတ်ကဲ့ပါ အရှင်"
ဤအချိန်တွင် ဝမ်ချောင်၏ ကွပ်ကဲမှုအောက်မှ စစ်သည်များဖြစ်စေ၊ ပိုင်စီလင်၏ ကွပ်ကဲမှုအောက်မှ စစ်သည်များဖြစ်စေ သူတို့သည် ဆုံးဖြတ်ချက်ပြတ်သားစွာ တုံ့ပြန်ခဲ့ကြသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဝမ်ချောင်သည် သူ့အပြုအမူများနှင့် စွမ်းရည်များမှတစ်ဆင့် သူတို့၏ လေးစားမှုကို သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။
အပိုင်း ၃၄၂ တိုက်
လေထုသည် ရုတ်တရက် လေးလံသွားခဲ့သည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ရုတ်တရက် မဟာထန်ဝါရင့်စစ်မှုထမ်းများထံမှ ပေါက်ကွဲထွက်လာခဲ့ပြီး ထိုခဏမှာပင် လူတိုင်းသည် ပြင်းထန်သည့် စစ်မြေပြင်တစ်ခုအလယ်တွင် နစ်မြုပ်သွားခဲ့ပုံပေါ်သည်။
သူမပတ်ပတ်လည်ရှိ ပြောင်းလဲမှုများကို အာရုံခံစားမိလိုက်ကာ ပိုင်စီလင် တခဏမျှ ကြက်သေသေသွားခဲ့သည်။ အနည်းငယ်မှိန်းမောနေသည့် အမူအရာဖြင့် သူမသည် ဝမ်ချောင်၏ ပုံသဏ္ဍာန်ကို လှည့်ကြည့်လိုက်သည်။
တူညီသည့် ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးတစ်ယောက် သို့သော် သူမရှေ့ရှိ သူ့ပုံသဏ္ဍာန်သည် ရုတ်တရက် ထည်ဝါသွားခဲ့သည်
ဤအချိန်တွင် ဝမ်ချောင်သည် ပိုင်စီလင် အနားတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို သတိမထားမိခဲ့ပေ။ မဟာထန်ဝါရင့်စစ်မှုထမ်းများမှ ထုတ်ဖော်လိုက်သည့် အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားနေရမည့်အစား သူသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
မဟာထန်သည် ဆုတ်ယုတ်သည့်လမ်းကို လျှောက်လှမ်းနေရသော်လည်း သူ၏စစ်တပ်သည် အားကောင်းနေဆဲဖြစ်သည်။
ဤသို့သော အသင်းတစ်ခုဖြင့် သူတို့ထက်ဆယ်ဆကျော်သော ဓားပြများကို ဘေးဖယ်ထားလိုက်လျှင်ပင် ဝမ်ချောင်သည် တူညီသည့်အရေအတွက်ဖြင့် ဖွဲ့စည်းထားသည့် တရားဝင်စစ်တပ်တစ်ခုကို တိုက်ခိုက်ရန်ပင် ဝံ့ရဲပေလိမ့်မည်။
ဝမ်ချောင်သည် ရုတ်တရက် ပိုင်စီလင်ဖက်သို့ လှည့်လိုက်ပြီး ပြောလိုက်သည်။
"စီလင် ခဏနေတိုက်ပွဲမှာ ငါနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ မင်းကို ဒုက္ခပေးရတော့မယ်။"
"အာ"
ဝမ်ချောင်၏ ရုတ်တရက် စကားကြောင့် ထိတ်လန့်သွားခဲ့ပြီး ပိုင်စီလင်သည် တခဏတာမျှ ထိတ်တိတ်ပျာပျာဖြစ်သွားခဲ့သည်။ သို့သော်လည်း သူမသည် ၎င်းကို လျင်မြန်စွာ ဖုံးကွယ်ထားလိုက်သည်။
"စိတ်မပူပါနဲ့ ငါ့ကို စိတ်ချထားပါ။ နင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ငါ အကောင်းဆုံးလုပ်မှာပါ။"
ပိုင်စီလင် စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။ ပိုင်ကလန်၏ သမီးပျိုတစ်ယောက်ဆိုသည့်အတိုင်းပင် သူမသည် လျင်မြန်စွာ သတိပြန်ဝင်လာနိုင်ခဲ့သည်။
"ကောင်းပြီ ထွက်ခွာကြစို့"
ဝမ်ချောင်၏ ဦးဆောင်မှုဖြင့် မဟာထန်၏ မြင်းစစ်သည်လေးဆယ်တို့သည် တိုက်ပွဲရှိရာအရပ်သို့ ချီတက်လိုက်ကြသည်။
...
"ခေါင်းဆောင် နောက်ထပ် မြင်းစစ်သည်အုပ်စုတစ်ခု ကျွန်တော်တို့ရဲ့လမ်းကြောင်းကို ဦးတည်လာနေပါတယ်။"
ဝမ်ချောင်တို့ ချီတက်နေစဉ်မှာပင် ခိုတစ်ကောင်သည် ကောင်းကင်ထက်မှနေ၍ ဆင်းသက်လာခဲ့ကာ အဓိကလမ်းမဘေးရှိ တောထဲ၌ တည်ရှိနေသော ကျောက်တုံးကြီးတစ်တုံးဆီသို့ ဦးတည်လာခဲ့သည်။ ထိုကျောက်တုံးကြီးပေါ်တွင် သံမဏိဝတ်ရုံမြင်းစီးဓားပြ၏ စစ်ဖက်ဆိုင်ရာအကြံပေး ကျောက်အန်းသည် သူ့ညာဖက်လက်ကို မြှောက်လိုက်ပြီး ထိုခိုကို ဖမ်းယူလိုက်သည်။ သူသည် ခိုခြေထောက်ရှိ စာကို ဖြုတ်ယူလိုက်ပြီး သူ့ဘေးရှိ အလွန်ထွားကြိုင်းသော သံမဏိဝတ်ရုံလီကို ကမ်းပေးလိုက်သည်။
"ဟားဟားဟား သူတို့က ဒီကို လာနေပြီမို့ ငါတို့က သူတို့ကို ကြိုဆိုရမှာပေါ့။ ငါ့အမိန့်ကို ထုတ်ပြန်လိုက် တိုက်ခိုက်မှုကို လျှော့ချလိုက်။ သူတို့ကို ဒီနေရာ မြှားခေါ်ဖို့ဆိုတာ ငါတို့အတွက် လွယ်ကူတာမဟုတ်ဘူး ငါတို့ရဲ့ ဧည့်သည်တွေ လန့်ပြေးသွားမှာကို ငါ မလိုချင်ဘူး။"
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
ကျောက်အန်းသည် သက်ဆိုင်ရာ ညွှန်ကြားချက်များကို အလျင်အမြန် ထုတ်ပြန်ခဲ့ပြီး ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် နောက်ဆုံးတွင် အသက်ရှူရန် အခွင့်အရေးကို ရရှိခဲ့သည်။
ဒီးဒါဒါ
...
အမွှေးတိုင်တစ်ဝက်ခန့်အကြာတွင် ဝမ်ချောင်သည် အဖွဲ့ကို ဦးဆောင်ကာ နောက်ဆုံးတွင် စစ်မြေပြင်ကို မြင်လိုက်ရသည်။
ဓားပြများနှင့် မြင်းစီးဓားပြများသည် မတူညီသည့် ဖြစ်ကတတ်ဆန် ၀တ်စုံများဖြင့် အဓိကလမ်းမ၊ တောတောင်နှင့် တောင်စောင်းများတွင် ပြည့်နှက်နေခဲ့ကြသည်။
ဤကြီးမားသည့် အုပ်စုဖြင့် ဝန်းရံခံနေခဲ့ရသောကြောင့် ရှုကန်းနှင့် ဟွမ်ရုံတုတို့အုပ်စုသည် အဆုံးမရှိသည့် သမုဒ္ဒရာထဲမှ ကျောက်ဆောင်ငယ်များနှင့် ခြားနားခြင်းမရှိတော့သည့်ပုံပေါ်နေခဲ့ပြီး အဓိကလမ်းမမှနေ၍ ကျန့်သုံးဆယ်အဝေးရှိ မတ်စောက်သော တောင်စောင်းတစ်ခုပေါ်တွင် အထီးကျန်စွာ ရှိနေခဲ့ကြသည်။
ပြင်းထန်သည့် သွေးနံ့များသည် လေထဲတွင် လွင့်ပျံနေခဲ့သည်။ မရေမတွက်နိုင်သည့် ဓားပြများ၊ မြင်းစီးဓားပြများ၊ စစ်သည်များနှင့် မြင်းများ၏ အလောင်းတို့သည် အဓိကလမ်းမမှနေ၍ ထိုတောင်စောင်းသို့ သွားရာလမ်းတစ်လျှောက်တွင် ပျံ့ကျဲနေခဲ့ကြသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည်နှင့် ဝမ်ချောင်၊ ပိုင်စီလင်နှင့် လေးဆယ်သော မဟာထန်မြင်းစစ်သည်တို့၏ မျက်လုံးများသည် ဒေါသတကြီး နီရဲသွားခဲ့ကြသည်။
ဤသည်မှာ သူတို့အယောက်ရှစ်ဆယ်ကြားတွင် ဤသို့သော ကြီးမားသည့် အသေအပျောက်များဖြစ်ပွားသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ရှုကန်းနှင့်ဟွမ်ရုံတုတို့သည် သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏တိုက်ခိုက်မှုများကို ရှုတ်ထွေးသောပထဝီဝင်မြေပြင်ကို ထိထိရောက်ရောက်အသုံးချခြင်းဖြင့် ကာကွယ်နိုင်ခဲ့သော်လည်း သူတို့၏ ကနဦးအင်အားအယောက်လေးဆယ်သည် နှစ်ဆယ့်လေးယောက်သို့ လျော့ကျသွားခဲ့ဆဲပင်။
ဆယ့်ခြောက်ယောက်သော အစစ်အမှန်သိုင်းပညာနယ်ပယ် မြင်းစီးစစ်သည်များ၏ သေဆုံးခြင်းသည် အမှန်ပင် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်သည်။
ပို၍ပင် လက်မခံနိုင်ချင်စရာကောင်းသောအရာမှာ သူတို့သည် ဓားပြများနှင့် မြင်းစီးဓားပြများ၏ လက်ထဲတွင် သေဆုံးသွားခဲ့ကြခြင်းပင်။
ဝမ်ချောင်ဘေးတွင် မာစုန်သည် လက်သီးကို တင်းကျပ်စွာဆုပ်လိုက်ပြီး ဒေါသတကြီးပြောလိုက်သည်။
"အရှင် ကျွန်တော် သူတို့အားလုံးကိုသတ်ပစ်ဖို့ သွားမယ်။"
စစ်သည်တစ်ယောက်သည် ဓားပြများနှင့် မြင်းစီးဓားပြများ၏ လက်ထဲတွင် မသေဆုံးသင့်ပေ။
"မင်း ငါ့ရဲ့စကားတွေကို မေ့သွားပြီလား။ စိတ်အေးအေးထားစမ်း။ ငါ့ကိုယုံ ငါတို့တွေ ဒီသံမဏိဝတ်ရုံမြင်းစီးဓားပြတွေကို သတ်ဖြတ်ကြမယ်။ ဒါပေမယ့် မျက်ကန်းတစ္ဆေချီတက်တာက ငါတို့ကို ဘာမှ ကောင်းစေမှာမဟုတ်ဘူး။ မင်းရဲ့အရှေ့ကိုကြည့် သူတို့မှာ လူ ဘယ်လောက်ရှိလဲ။"
ဝမ်ချောင်သည်လည်း ဒေါသဖြင့် လောင်ကျွမ်းနေခဲ့သည်။ သူ့ဘဝကို စစ်မြေပြင်တွင် ရှင်သန်ခဲ့သည့် လူတစ်ယောက်အနေဖြင့် သူသည် အခြားသူများထက် ထိုခံစားချက်များကို လေးလေးနက်နက် ခံစားနေရသည်။ သို့သော်လည်း ဤအချိန်သည် သူ့စိတ်ခံစားချက်များကို ရှေ့တန်းတင်ရမည့်အချိန်မဟုတ်ကြောင်း သူသိသည်။
"ဒါ့အပြင် သူတို့က ဓားပြတွေနဲ့ မြင်းစီးဓားပြတွေရဲ့လက်ထဲမှ သေဆုံးခဲ့ရပေမယ့် အနည်းဆုံး သူတို့က သူတို့ရဲ့အသက်တွေကို ရှုကန်းနဲ့ ဟွမ်ရုံတုတို့ကို ကာကွယ်ဖို့ ပေးသွားခဲ့ကြတာပဲ။ ဒီရှုထောင့်မှာ အနည်းဆုံး သူတို့ဟာ သူတို့ရဲ့တာဝန်တွေကို ပြီးမြောက်အောင် ထမ်းဆောင်ရင်း သေဆုံးခဲ့ကြတာပဲ။ သူတို့ရဲ့သေဆုံးမှုတွေက အဓိပ္ပာယ်မရှိတာမဟုတ်ဘူး။"
ဝမ်ချောင်၏ စကားများသည် သူ့လူများ၏ စိတ်ထဲသို့ ဆင်ခြင်တုံတရား တစ်ချို့ကို ပြန်ယူဆောင်လာခဲ့သည်။ အမှန်ပင် အနည်းဆုံး သူတို့သည် သူတို့၏ ကွပ်ကဲသူများကို ကာကွယ်နိုင်ခဲ့ကြသည်။
ရှုကန်းနှင့်ဟွမ်ရုံတုတို့သည် စစ်တပ်အဖွဲ့ဝင်များမဟုတ်ကြသော်လည်း အမိန့်လွဲပြောင်းသည့် အခမ်းအနားကို ကျင်းပပြီးသည့် အချိန်မှစ၍ သူတို့သည် သူတို့၏ ကွပ်ကဲသူများ ဖြစ်လာခဲ့ကြသည်။
ထိုရှုထောင့်မှကြည့်လျှင် သူတို့၏သေဆုံးမှုများသည် အမှန်ပင် ဂုဏ်ယူဖွယ်ဖြစ်သည်။
ဤသို့မဟုတ်ခဲ့ပါက သူတို့၏ သာလွန်ကောင်းမွန်သော ခွန်အားကို ထည့်သွင်းစဉ်းစားလိုက်ပါက အမှန်ပင် သူတို့ လွတ်မြောက်ရန် အခွင့်အလမ်း မြင့်မားသည်။
မာစုန့်နှင့် ကျန်သည့်လူများသည် ဝမ်ချောင်ကို ကြည့်လိုက်ကြပြီး လေးနက်စွာပြောလိုက်ကြသည်။
"အရှင် သင့်ရဲ့အမိန့်တွေကို ထုတ်ပြန်လိုက်ပါ။ ကျွန်တော်တို့ သူတို့ကို လိုက်နာပါ့မယ်။"
ဝမ်ချောင်သည် တခဏမျှ တိတ်ဆိတ်သွားခဲ့သည်။ ခဏကြာပြီးနောက် သူသည် သူ့မြင်း၏ဘေးဘက်ကို ရုတ်တရက်ရိုက်လိုက်ပြီး အုပ်စုထဲမှ ရှေ့သို့ ခွဲထွက်လိုက်သည်။
"ငါ့ကို ဒီမှာစောင့်ကြပါ။ ငါ့အမိန့်မရှိဘဲ ရန်သူနဲ့ ဘယ်လိုတိုက်ခိုက်တာကိုမဆို တားမြစ်တယ်။"
ထိုစကားများကို ချန်ထားခဲ့ကာ ဝမ်ချောင်သည် စစ်မြေပြင်ဆီသို့ ချီတက်သွားခဲ့သည်။ ဤအချိန်တွင် သူသည် သံမဏိဝတ်ရုံမြင်းစီးဓားပြများမှ ကျန့်ငါးဆယ်ထက်နည်းသည့် အကွာအဝေးသို့ ရောက်သွားခဲ့ပြီဖြစ်သည်။
(၁၈၀ မီတာလောက်)
သူ့နောက်တွင် ပိုင်စီလင် တိတ်ဆိတ်သွားခဲ့သည်။ သူမသည် အံကြိတ်လိုက်ကာ သူမသည်လည်း ဝမ်ချောင်နောက် လိုက်သွားရန် သူမ၏မြင်းကို သိမ့်ခနဲလှုပ်လိုက်သည်။
"သံမဏိဝတ်ရုံမြင်းစီးဓားပြတွေက သာမန်ဓားပြဂိုဏ်းတစ်ခုမဟုတ်ဘူး။"
ပိုင်စီလင် လေးနက်စွာပြောလိုက်သည်။
"သူတို့ရဲ့ အစစ်အမှန်သိုင်းပညာနယ်ပယ်ပညာရှင်အရေအတွက်က ငါတို့နဲ့ တန်းတူရှိတယ်။"
"တကယ်လို့ အဲဒါက အကုန်သာ ဆိုရင်"
ဝမ်ချောင်သည် ပိုင်စီလင်သာ ကြားနိုင်သည့် လေသံတိုးတိုးဖြင့် ပြောလိုက်ကာ သက်ပြင်းချလိုက်သည်။
ပြီးခဲ့သည့် စစ်ဆင်ရေးများတွင် ဝမ်ချောင်သည် မည်သည့်ကြောက်မက်ဖွယ်ကောင်းသည့် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူကိုမဆို တွေ့မြင်ရန် ခက်ခဲခဲ့သည်။
သို့သော်လည်း သူ့ရှေ့ရှိ အုပ်စုကို ယခင်ဓားပြများ၏ အတင့်အတန်းများနှင့် ချင့်တွက်၍ မရနိုင်ပေ။ သူတို့အများစုသည် အစစ်အမှန်သိုင်းပညာနယ်ပယ်အောက်မှ ဖြစ်ကြသော်လည်း သူတို့ပတ်ပတ်လည်တွင် အစစ်အမှန်သိုင်းပညာနယ်မြင်းစီးဓားပြများ ရှစ်ဆယ်လောက် ရှိနေသေးသည်။
အကယ်၍ သူ့လက်ထဲရှိ တပ်သားများသည် တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်ခဲ့ကြသည့် ဝါရင့်စစ်သည်များမဟုတ်ခဲ့ပါက ဝမ်ချောင်သည် ဤမြင်းစီးဓားပြများကို တွေ့သည်နှင့် ချက်ချင်းနောက်ဆုတ်သွားပေလိမ့်မည်။
"... စီလင် မင်း သတိမထားမိဘူးလား။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူတို့ဟာ အတူတကွရောနှောထားတဲ့ အုပ်စုကြီးတစ်ခုဖြစ်တယ်ဆိုတာ သိသာတယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က မြင်းစစ်သည်တစ်ယောက်ရဲ့ ခွန်အားကို သိသိသာသာလျော့ကျသွားစေမယ့် ဒီရှုပ်ထွေးတဲ့မြေပြင်မှာ ရှုကန်းနဲ့ ဟွမ်ရုံတုတို့ကို ပိတ်ဆို့ဖို့ သူတို့ကို ထိထိရောက်ရောက် ထိန်းကျောင်းနိုင်ခဲ့တယ်။"
"ရှုကန်းနဲ့ ဟွမ်ရုံတုတို့က ခုချိန်မှာ သူတို့ကို ခုခံနိုင်သေးပေမယ့် သူတို့ဟာ ချောင်ပိတ်မိနေကြပြီဆိုတာ သံသယရှိစရာမလိုဘူး။ သူတို့ကြားမှာ မဟာဗျူဟာမြောက်တွေးခေါ်တတ်သူပညာရှင်တစ်ယောက်ရှိတယ်ဆိုတာ သိသာတယ်။"
ဝမ်ချောင် သက်ပြင်းချလိုက်သည်။
စစ်တပ်သည် မြင်းစီးဓားပြများထက် သာလွန်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ ပူးပေါင်းလုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ သူတို့က နားမလည်သောကြောင့် ဖြစ်သည်။ စစ်မြေပြင်တစ်ခုတွင် ကျွမ်းကျင်လိမ္မာသော ကွပ်ကဲသူတစ်ဦးလက်အောက်ရှိ တပ်ဖွဲ့တစ်ခုသည် အလားတူအားကောင်းသော မြင်းစီးဓားပြအုပ်စုတစ်ခုကို လွယ်လင့်တကူ ဖြိုခွင်းနိုင်သည်။
သို့သော်လည်း အကယ်၍ တစ်ယောက်ယောက်သည် မြင်းစီးဓားပြများကို အတူတကွပူးပေါင်းလုပ်ဆောင်ရန် ကျွမ်းကျင်ထားခဲ့ပါက ထိုကိစ္စ၏ သဘောတရားသည် ပြောင်းလဲသွားပေလိမ့်မည်။
"ဒါက အရင်က ဟိုဓားပြပြောခဲ့တဲ့ စစ်ဖက်ဆိုင်ရာမဟာဗျူဟာပညာရှင်ပဲလား။"
ပိုင်စီလင် တုန်လှုပ်စွာ ရေရွတ်လိုက်သည်။
"ဒါအကုန်မဟုတ်ဘူး။ ဒီနေရာက တိုက်ခိုက်သံတွေဟာ ငါတို့ရောက်လာပြီးနောက်မှာ တော်တော်လေး သိသိသာသာ တိုးသွားခဲ့တာကို မင်း သတိမထားမိဘူးလား။"
ဝမ်ချောင် ပြောလိုက်သည်။
"နင်ဆိုလိုတာက..."
ပိုင်စီလင်သည် တခဏမျှ မှင်သက်သွားခဲ့ပြီး သဘောပေါက်သွားခဲ့ကာ သူမ၏ မျက်နှာသည် ဖြူလျော်သွားခဲ့သည်။
"အင်း"
ဝမ်ချောင် သူမ၏ ခန့်မှန်းမှုများကို အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"ငါမမှားရင် ဒီလူတွေက သေချာပေါက်ကို အလှမ်းကျယ်လွန်းတယ်။"
...
ဝမ်ချောင်နှင့် ပိုင်စီလင်တို့၏ ရောက်လာခြင်းသည် ရှုကန်းနှင့် ဟွမ်ရုံတုတို့၏ အားရုံကိုလည်း ဆွဲဆောင်သွားခဲ့သည်။
"စီလင်နဲ့ အဲကောင်စုတ်က ဒီမှာပဲ"
သစ်ပင်ကြီးတစ်ပင်အောက်တွင် ဟွမ်ရုံတုသည် အဓိကလမ်းမပေါ်ရှိ တပ်ဖွဲ့တစ်ခုကို ကြည့်လိုက်ပြီး သူသည် စိတ်လှုပ်ရှားမှုကြောင့် တုန်ခါသွားခဲ့သည်။
လွန်ခဲ့သည့် မိနစ်အနည်းငယ်အတွင်း သူ့အတွက် အချိန်သည် ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့ပုံရသည်။ တခဏအတွင်း သူသည်ပင် စိတ်ဓာတ်ကျသွားခဲ့သည်။
လူလေးဆယ်သည် လူခုနှစ်ရာပါရှိသော ဓားပြများနှင့် မြင်းစီးဓားပြများကို မည်သို့ ဆန့်ကျင်နိုင်မည်နည်း။
ဟွမ်ရုံတုသည် ရှင်သန်လိုသော ဆန္ဒဖြင့်သာ တောင့်ခံထားခဲ့သည်။
ဟွမ်ရုံတုသည် သူ လုံးဝစိတ်ပျက်အားငယ်နေချိန်တွင် ဝမ်ချောင်နှင့် ပိုင်စီလင်တို့ ရောက်လာမည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။
သူသည် ဝမ်ချောင်၏ နာမည်ကို ခေါ်ရန် ပါးစပ်ဖွင့်လိုက်သည်။ သို့သော် ဤကိုးယိုကားယားအခိုက်အတန့်တွင် သူသည် တစ်ဖက်လူ၏ နာမည်ကို အမှန်တကယ် မသိခဲ့သေးကြောင်း သတိပြုမိလိုက်သည်။
"ဒါက အသုံးမဝင်ဘူး။ သူတို့တွေ ဒီပိတ်ဆို့မှုကို ချိုးဖောက်နိုင်မှာမဟုတ်ဘူး။"
ဟွမ်ရုံတုသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေစဉ်မှာပင် ဘေးမှနေ၍ အေးစက်သည့် အသံတစ်ခုက သူ့စိတ်ကို အဖျားခတ်သွားစေခဲ့သည်။ လက်ထောက်ကျန်းလင်...။ ဤအချိန်တွင် သူ့အသက်ရှုသံသည် အစီအစဉ်မကျဖြစ်နေခဲ့ပြီး သူ့မျက်နှာသည် ကြောက်ဖို့ကောင်းလောက်အောင် ဖြူလျော်နေခဲ့သည်။ သူ့ကိုယ်သူ အလွန်အကျွံ အားစိုက်ထုတ်မှုကြောင့် သူ့ခန္ဓာကိုယ်သည် ခွန်အားများ ဆုတ်ယုတ်သွားခဲ့ပုံရသည်။
ကြမ်းကြုတ်သည့် တိုက်ပွဲသည် သူ့ကို နက်ရှိုင်းသည့် ခုတ်ရာများစွာ ရရှိစေခဲ့ပြီး လက်ဆတ်သည့် သွေးများက သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုနေခဲ့သည်။
ရှုကန်းနှင့် ဟွမ်ရုံတုတို့ကို အုပ်စု၏ ခေါင်းဆောင်များအဖြစ် သတ်မှတ်ထားကြသော်လည်း ဤအရေးကြီးသည့် အခိုက်တွင် အတွေ့အကြံရှိသည့် ကျန်းလင်သည် အသင်းကို ဦးဆောင်ရန် ရှေ့ထွက်ခဲ့သေးသည်။
အဆုံးမရှိသော တိုက်ခိုက်မှုလှိုင်းတံပိုးများကို ခုခံခဲ့ပြီး ရှုကန်းနှင့် ဟွမ်ရုံတုတို့ကို အကြိမ်ကြိမ် ကယ်တင်ခဲ့သည်မှာ အုပ်စုကို ဦးဆောင်ခဲ့သည့် သူ့ကြောင့်ဖြစ်သည်။
သို့သော် တစ်ချိန်တည်းမှာပင် ၎င်းသည် သူ့ဒဏ်ရာများကို တခြားသူများထက် ပို၍ပြင်းထန်စေခဲ့သည်။
ဤအချိန်တွင် ကျန်းလင်သည် သူ့ ဘယ်လောက်ကြာကြာတောင့်ခံနိုင်မည်ကို မသိတော့ပေ။
စစ်သည်တစ်ယောက်၏ တစ်ခုတည်းသော တာဝန်မှာ အမိန့်များကို ဖြည့်ဆည်းပေးရန်ဖြစ်ပြီး ကျန်းလင်သည် ဘာကြောင့် ခေါင်းမာစွာတောင့်ခံနေရသေးလဲ ဆိုသည့် အဓိကအကြောင်းအရင်းမှာ ရှုကန်းနှင့် ဟွမ်ရုံတုတို့ကို ဤနေရာမှ ဘေးကင်းစွာ လွတ်မြောက်စေချင်သောကြောင့်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူ့မာနသည် ဓားပြတစ်ယောက်၏ ဓားသွားများအောက်တွင် သူ့ကို ဂုဏ်သိက္ခာမဲ့စွာ သေဆုံးခွင့်ပြုလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ သူ နက်ရှိုင်းစွာ ယုံကြည်ထားခဲ့သော အရာဖြစ်သည်။
"လက်ထောက်ကျန်း မှန်တယ်။ သူတို့တွေက အတော်လေးများတယ် ငါတို့က သူတို့ရဲ့ပြိုင်ဘက်လုံးဝမဟုတ်ဘူး။ စီလင်နဲ့ တခြားလူတွေက ငါတို့နဲ့ ပူးပေါင်းခဲ့ကြရင်တောင် ဘာမှ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ဒါ့အပြင် ဓားပြခေါင်းဆောင်က ခုထိ လုံးဝ မလှုပ်ရှားခဲ့သေးဘူး။ သူ ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ မင်းလည်းမြင်ခဲ့တာပဲ သူ့လက်အောက်ကနေ လွတ်မြောက်ဖို့ဆိုတာ ငါတို့အတွက် မဖြစ်နိုင်ဘူး။ စီလင်နဲ့ တခြားသူတွေ ငါတို့ကို ကူညီဖို့ လာခဲ့ကြတာဟာ သေခြင်းတရားကို ဖိတ်ခေါ်နေကြတာပဲ။"
ရှုကန်းသည် သစ်ပင်တစ်ပင်ကို မှီနေပြီး ပြောလိုက်သည်။
သူ့ညာလက်ကို သူ့ရင်ဘတ်တွင် ဖိထားခဲ့ပြီး သူ့လက်ချောင်းများမှတဆင့် ကြက်သွေးရောင်သွေးများ စီးကျနေခဲ့သည်။
-----------------------
အပိုင်း ၃၄၃ တဟုန်ထိုးချီတက်တိုက်ခိုက်ခြင်း
ဤစစ်ဆင်ရေး၏ ကွပ်ကဲသူများထဲမှ တစ်ဦးအနေဖြင့် ရှုကန်းလက်အောက်မှ ရဲမက်နှစ်ဆယ်တို့သည် သူ့ကို ကာကွယ်ပေးရန် သူတို့၏အသက်များကို မြှုပ်နှံထားခဲ့ကြသည်။ သို့သော် ဤသို့ဆိုလျှင်ပင် သူသည် သိသာသည့် ဒဏ်ရာများကို ခံစားခဲ့ရဆဲဖြစ်သည်။
ဤအချိန်တွင် ဝမ်ချောင်နှင့် သူ့တွင်ရှိခဲ့သည့် ယှဉ်ပြိုင်ခြင်းသည် လုံးလုံးလျားလျားပျောက်ကွယ်သွားခဲ့သည်။
ဝမ်ချောင်နှင့် ကျန်သည့်လူများအတွက် သူ့တစ်ခုတည်းသော ဆန္ဒမှာ ဖြစ်နိုင်သမျှ လျှင်မြန်စွာ ထွက်ပြေးစေရန်ဖြစ်ပြီး သူ့ကဲ့သို့ ဒုက္ခတွင်းထဲ မကျရောက်စေရန်ဖြစ်သည်။
"မင်း... မင်းက အရူးတစ်ယောက်လား။ စီလင်နဲ့ တခြားသူတွေက ခုချိန်မှာ ငါတို့ရဲ့တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ မင်းက သေချင်နေတယ်ဆိုရင်တောင် ငါ့ကို မင်းနဲ့အတူ ဆွဲမချနဲ့။ စီလင်..စီလင်.."
ဟွမ်ရုံတု ထခုန်လိုက်ပြီး သူ့လက်များကို စိတ်အားထက်သန်စွာ ဝေ့ရမ်းလျက် ဝမ်ချောင်နှင့် ပိုင်စီလင်တို့ကို အော်ခေါ်လိုက်သည်။ ဤအချိန်တွင် သူသည် ယခင်က ပိုင်စီလင်ကို သစ္စာဖောက်မနှင့် ခွေးမအဖြစ် ကျိန်ဆဲခဲ့သည်ကို မေ့သွားခဲ့ပြီဖြစ်သည်။
"ဟားဟားဟား လေးပစ်သမားတွေကို သူ့ကို ပစ်တာကနေရပ်ခိုင်းလိုက်...သူတို့ကို သူ ဆက်ပြီးခေါ်ပါစေ။"
တိုက်ပွဲ၏ နောက်တန်းတွင် သံမဏိဝတ်ရုံလီသည် ထိုမြင်ကွင်းကို အားရကျေနပ်စွာ ရယ်မောလိုက်သည်။
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
"နေဦး အဲဒါကို အရမ်းလည်း မသိသာစေနဲ့။ အရှေ့ဘက်စွန်းမှာရှိတဲ့ ဓားပြတွေကို သူတို့ကို တစ်ပွဲတစ်လမ်းလောက် လက်စွမ်းပြတိုက်ခိုင်းလိုက်ပါ။"
"ဟုတ်ကဲ့ပါ"
မြင်းစီးဓားပြအတော်များများသည် အမိန့်များကို ထုတ်ပြန်ရန် ချက်ချင်း လှုပ်ရှားလိုက်ကြသည်။
တောပုန်းဓားပြများဖြစ်ကြသော်လည်း မြင်းစီးဓားပြများသည် အဖွဲ့တွင် ကင်းစောင့်ဖြစ်စေ၊ ကွပ်ကဲသူဖြစ်စေ၊ လေးသမားဖြစ်စေ၊ ရှေ့ပြေးတပ်ဖြစ်စေ၊ လေးသမားဖြစ်စေ၊ သို့မဟုတ် ခံစစ်ဖြစ်စေ သီးခြားတာဝန်ယူမှုများ ရှိကြသည်။
တစ်ဖက်တွင်မူ ရေနစ်နေသူသည် သူ၏ နောက်ဆုံးမျှော်လင့်ချက်ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ရန်ကြိုးစားနေသကဲ့သို့ ဟွမ်ရုံတု၏ စိတ်ပျက်အားငယ်နေသော အသံကိုကြားလိုက်ရာ ပိုင်စီလင်နှင့် ဝမ်ချောင်တို့၏ နှလုံးသားများကို လှိုင်းလေးတစ်ခု ရိုက်ခတ်သွားခဲ့သည်။
"စီလင် မင်းရဲ့မြှားပစ်စွမ်းရည်က ဘယ်လိုလဲ"
ဝမ်ချောင် ရုတ်တရက် မေးလိုက်သည်။
"မဆိုးပါဘူး။ ဘာလို့လဲ"
ပိုင်စီလင် ဝမ်ချောင်မေးခွန်း၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်နိုင်ဘဲ မေးလိုက်သည်။
"တစ်ခုခု ပေးပို့ဖို့ ငါ့အတွက် မြှားတစ်စင်းပစ်ပေးစမ်းပါ။"
ဝမ်ချောင်သည် သူ့ရှေ့ရှိ ဓားပြများနှင့်မြင်းစီးဓားပြများကို လျင်မြန်စွာ တစ်ချက်ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။
တခဏမျှ လေ့လာကြည့်ပြီးနောက် သူသည် သေးငယ်သည့် အချက်အလက်အနည်းငယ်ကို သတိပြုမိလိုက်သည်။
"ရှုကန်းနဲ့ ဟွမ်ရုံတုတို့က သူတို့ရဲမက်တွေရဲ့စိတ်ဓာတ်ကို ထိန်းသိမ်းဖို့ လိုတယ်။ ပြီးတော့ အချိန်အကြာကြီး တောင့်ခံထားပြီးနောက်မှာ သူတို့တွေ သူတို့ကြားထဲမှာ ဒဏ်ရာရတဲ့သူတွေရှိလောက်တယ်။ ရှုကန်းနဲ့ ကျန်းလင်တို့ကတောင် ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိထားတဲ့ပုံပဲ။ ငါတို့ သူတို့ကို ဆေးအနည်းငယ်ပေးပို့ရမယ်။"
"နားလည်ပြီ"
သူမ၏ မျက်လုံးထဲတွင် ချီးကျူးသည့်အရိပ်အယောင်အနည်းငယ်ပေါ်လာခဲ့ကာ ပိုင်စီလင်ခေါင်ညိတ်လိုက်သည်။
သူမရှေ့ရှိ ခန့်မှန်း၍မရပုံပေါ်သော လူငယ်လေးသည် တကယ့်ကို အံ့မခမ်းဖြစ်သည်။ သူတို့ရှေ့တွင် ရှိနေသည့် မည်သည့်ပြဿနာကိုမဆို သူသည် စိတ်တည်ငြိမ်မှုကို အမြဲထိန်းထားနိုင်ပုံရပြီး ၎င်းကို ကိုင်တွယ်ဖြေရှင်းရန် တန်ပြန်ဖြေရှင်းမှုတစ်ခုဖြင့် ပေါ်လာသည်။ မသိလိုက်ဘဲ သူမသည်လည်း သူမ၏အကြောက်တရားကို မေ့သွားခဲ့သည်။
ထိုသည်မှာ သူမသည် သူမရှေ့ရှိ လူနောက်သို့ လိုက်နေရုံဖြင့် ခက်ခဲသည့်အခြေအနေမှ ရုန်းထွက်နိုင်လိမ့်မည်ကဲ့သို့ ဖြစ်သည်။
ဤသည်မှာ သူပိုင်ဆိုင်ထားသည့် စွမ်းရည်နှင့် ဩဇာတိက္ကမလည်းဖြစ်သည်။
"ငါ့ကို လေးတစ်စင်းယူလာပေးစမ်း"
ပိုင်စီလင် သူမ၏လက်ကို မြှောက်လိုက်ပြီး သူတို့နောက်မှ စစ်သည်တစ်ယောက်က သံမဏိလေးကြီးတစ်လက်ကို ယူလာခဲ့ပေးသည်။
သူမသည် လေးအတတ်ကို လေ့ကျင့်ထားခဲ့သည့် ပိုင်ကန်၏ လူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်ပြီး လေးအတတ်ကို အတော်လေးကျွမ်းကျင်စွာ တတ်မြောက်ထားခဲ့သည်။ ဤရှုထောင့်တွင် ဝမ်ချောင်သည် မှန်ကန်သည့် ပုဂ္ဂိုလ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်သည် အရေးပေါ်ကာလများတွင် ဆက်သွယ်ရေးအတွက် အသုံးပြုရန် လူဆယ်ယောက်အဖွဲ့ခေါင်းဆောင်များနှင့်အထက်ကို မီးသွေးဘောပင်များ ထောက်ပံ့ပေးခဲ့သည်။
ဝမ်ချောင်သည် သူ့လက်မောင်းအိုးမှ အင်္ကျီစကို ဆွဲဖြဲလိုက်ပြီး ထိုပေါ်တွင် လျင်မြန်စွာ စာကြောင်းအနည်းငယ်ရေးလိုက်သည်။ ထို့နောက် ပြန်လည်ဖြည့်တင်းခြင်းဆေးလုံးကို ထိုထဲတွင် ထုပ်ပိုးလိုက်ကာ ပိုင်စီလင်ကို ကမ်းပေးလိုက်သည်။
ဝမ်ချောင်ပေးလာသည့် မှတ်စုကို မြှားဦးတွင် ချည်လိုက်ကာ ပိုင်စီလင်သည် လေးကြိုးကိုဆွဲလိုက်ပြီး ကျန့်တစ်ရာအကွာအဝေးလောက်ကို ပစ်လိုက်သည်။ နောက်ဆုံးတွင် ထိုမြှားသည် ဟွမ်ရုံတုနောက်ရှိ သစ်ပင်ကြီးတွင် စိုက်သွားခဲ့သည်။
"ခွေးမသား ဒီလူတွေက သောက်ရမ်းမောက်မာလွန်းမနေဘူးလား။"
ဤမြင်ကွင်းကို ကြည့်ကာ ဓားပြများသည် ဒေါသတကြီး တံတွေးထွေးလိုက်ကြပြီး ကျိန်ဆဲလိုက်ကြသည်။
ခေါင်းဆောင်နှင့် စစ်ရေးအကြံပေးတို့က သူတို့ကို မထိပါးရန် တင်းကြပ်သည့်အမိန့်များ ပေးထားသော်လည်း တစ်ဖက်လူများသည် သူတို့၏တည်ရှိမှုကို ဥပက္ခာပြုထားသည်အထိ မောက်မာစွာ ပြုမူနေကြသည်။
"ဒီမှာ ငါတို့တွေအများကြီးရှိနေကြတာ ငါတို့က သူတို့ကို ဘာလို့ ကြောက်နေရမှာလဲ။ သူတို့တွေကို ငါတို့က တစ်ယောက် တစ်ကြိမ်စီ တံတွေးနဲ့ ထွေးကြရင်တောင် ရေနစ်ကြရလိမ့်မယ်။ စစ်ရေးအကြံပေးက နည်းနည်းလေး သတိကြီးလွန်းမနေဘူးလား။"
"အမှန်ပဲ။ သူတို့က ကောင်စုတ်လေးတွေသာသာပဲ။ ငါ့ဖျင်ကို ကွပ်ကဲသူတွေ။ ညီအစ်ကိုတို့ သူတို့ကို ဖြုတ်ကြစို့။ ယောက်ျားတွေကို အကုန်သတ် အဲမိန်းမကို ဖမ်းထား ခဏနေ နည်းနည်းလောက်ပျော်ပါးကြတာပေါ့။"
ထိုရန်စသောအမူအရာသည် ဓားပြအချို့ကို စိတ်မရှည်ဖြစ်စေခဲ့သည်။
ဓားပြများနှင့် မြင်းစီးဓားပြများသည် စည်းမဲ့ကမ်းမဲ့ဖြစ်ရသည်နှင့် အလွန်အသားကျနေခဲ့ကြသည်။ အကယ်၍ ၎င်းသည် အားကောင်းသောရန်သူဖြစ်ခဲ့ပါက သူတို့သည် သံမဏိဝတ်ရုံလီ၏အမိန့်ကို နာခံနိုင်လောက်သေးသည်။
သို့သော်လည်း သူတို့၏ရန်သူများသည် ဒါဇင်အနည်းငယ်သာဖြစ်ပြီး သူတို့၏ ကွပ်ကဲသူများမှာ ကလေးနှစ်ယောက်သာဖြစ်ကြသည်။ ဤအချိန်တွင် သူတို့သည် ဝမ်ချောင်နှင့် အခြားသူများက ဓားပြစခန်းများစွာကို အမြစ်ပြတ်သုတ်သင်လိုက်သည်ကို သူတို့ကြားသိခဲ့ရသောအခါ သူတို့ မည်မျှ ကြောက်ရွံ့နေခဲ့ကြသည်ကို မေ့သွားခဲ့ကြပြီဖြစ်သည်။
"ခေါင်းဆောင် ကျွန်တော်တို့ရဲ့ ညီနှောင်အချို့က စိတ်မရှည်ဖြစ်လာနေကြပြီ။"
ရက်စက်ပုံရသည့် မြင်းစီးဓားပြတစ်ယောက်က အကွာအဝေးတစ်ခုကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
"သင်က သူတို့ကို ခုလေးတင် အမိန့်ပေးခဲ့ပေမယ့် သူတို့က သင့်ရဲ့အမိန့်တွေကို မေ့သွားခဲ့ကြပြီ။ ကျွန်တော် သူတို့ကို သွားပြီး ဟန့်တားလိုက်ရမလား။"
"အဲလိုလုပ်ဖို့ မလိုဘူး"
ပြန်ဖြေလိုက်သည့်လူမှာ သံမဏိဝတ်ရုံလီမဟုတ်ပေ။ သို့သော် သူ့ဘေးတွင် ရှိနေသည့် စစ်ရေးအကြံပေးကျောက်အန်းဖြစ်သည်။
"သူတို့ကို လုပ်ကြပါစေ။ သူတို့နည်းနည်းလေး မခံစားရရင် သိကြမှာမဟုတ်ဘူး။ ဒီနေရာက သေဆုံးမှုအနည်းငယ်က သူတို့ကို နာနာခံခံနေကြဖို့ သင်ခန်းစာပေးလောက်တယ်။ တစ်ချိန်တည်းမှာပဲ ငါတို့က ဒီအဖွဲ့တွေရဲ့ စွမ်းရည်တွေကိုလည်း စမ်းသပ်နိုင်ပြီး သူတို့ရဲ့ အင်အားစုတွေကိုလည်း နှိပ်ကွပ်နိုင်တယ်။"
ကျောက်အန်းသည် သူ့မုတ်ဆိတ်ကို သပ်လျက် မထုံတတ်သေးပြောလိုက်သည်။
သူရရှိခဲ့သည့် ယခင်က သတင်းများအရ ကွပ်ကဲသူများထဲမှ တစ်ယောက်သည် သူတို့၏ နည်းလမ်းများကို နက်ရှိုင်းစွာနားလည်နေခဲ့ပြီး သူနှင့် တွေ့ကြုံခဲ့ကြသည့် ဓားပြများမှာ တစ်ယောက်မှ မလွတ်မြောက်နိုင်ခဲ့ကြဟူ၍။
တောင်စောင်းတွင် ပိတ်မိနေခဲ့ကြသည့် လူများသည် မည်သည့်သာမန်မဟုတ်သည်ကိုမျှ မပြသခဲ့ကြပေ။ ထို့ကြောင့် ထိုကွပ်ကဲသူသည် တစ်ဖက်အုပ်စုထဲတွင် ဖြစ်ဖို့များသည်။
ထိုမြင်းစီးဓားပြသည် တုံ့ဆိုင်းစွာဖြင့် သံမဏိဝတ်ရုံလီကိုလှည့်ကြည့်လိုက်သည်တွင် တိတ်ဆိတ်စွာ ခေါင်းညိတ်ပြနေသည်ကိုသာ တွေ့လိုက်ရသည်။
သူ့တုံ့ပြန်မှုကို သိရှိလိုက်ကာ ထိုမြင်းစီးဓားပြ တိတ်ဆိတ်သွားခဲ့သည်။
...
သို့သော် သံမဏိဝတ်ရုံလီနှင့် ကျောက်အန်းတို့က ဝမ်ချောင်၏လက်ဖြင့် အခြားဓားပြများကို စမ်းသပ်ရန် ရည်ရွယ်ထားခဲ့သော်လည်း အခြေအနေသည် သူတို့မျှော်လင့်ထားခဲ့သည်နှင့် ခြားနားစွာ ဖြစ်ပေါ်လာခဲ့သည်။
"ဟမ် စီလင် ကြည့်ရတာ သူတို့မှာ မင်းပစ်လိုက်တဲ့မြှာကို ကန့်ကွက်ချက်တချို့ရှိတဲ့ပုံပဲ။"
ဝမ်ချောင်သည် သူ့ပတ်ပတ်လည်မှ ဓားပြများ၏ မကောင်းသည့် ရည်ရွယ်ချက်များကို အလိုလို အာရုံခံမိလိုက်သည်။
"ဘာလို့လဲ။ နင် အညံ့ခံဖို့ ရည်ရွယ်နေတာလား။"
ပိုင်စီလင် ပေါ့ပေါ့ပါးပါး ရယ်လိုက်သည်။
သူမအတွက် ဤသို့သော အခြေအနေအောက်တွင် ရယ်မောရန် မဖြစ်နိုင်သင့်ပေ။ သို့သော် ဝမ်ချောင်၏ လွမ်းမိုးမှုကြောင့်ဖြစ်နိုင်သည်။ သူမသည် ထိုအကြောင်းကို ဝိုးတဝါးနှင့် မေ့လျော့သွားခဲ့သည်။
"ဟီးဟီး အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ သူတို့က တစ်ပွဲတစ်လမ်းလောက်နွဲချင်တာကြောင့် သူတို့တစ်ပွဲတစ်လမ်းလောက်နွဲရမှာပေါ့။ သူတို့ကို ဒီကိုလာခိုင်းတာ ဒုက္ခပေးရာကျလိမ့်မယ် ငါတို့က သူတို့ဆီသွားကြတာပေါ့။"
ဝမ်ချောင် ပြုံးလိုက်သည်။
"နင် ဘာလုပ်ဖို့ ကြံနေတာလဲ။"
ပိုင်စီလင်သည် သူမ၏ မျက်လုံးများကို ကလည်ကလည်လုပ်လိုက်သည်။ သူမ၏ သာမန်အပြုအမူလေးသည် ဝမ်ချောင်ကိုပင် တခဏမျှ မှိန်းမောသွားစေသည်အထိ ညှို့ယူမှုတစ်ခုကို သယ်ဆောင်ထားခဲ့သည်။
"အဖွဲ့ ၁ ရှေ့ထွက်လာခဲ့။ အဖွဲ့ ၂ ဘေးကနေအဆင်သင့်စောင့်နေ။"
ဝမ်ချောင်သည် သူ့နောက်ရှိ ရဲမက်များကို အချက်ပြလိုက်ပြီး မဟာထန်မြင်းစစ်သည်ငါးဦးတို့သည် ဓားတစ်ချောင်းက ဓားအိမ်မှာ ဆွဲထုတ်လိုက်သကဲ့သို့ အဖွဲ့ထဲမှ ချက်ချင်း ဒုန်းဆိုင်းထွက်လာခဲ့ကြသည်။
"စီလင် ငါတို့နောက်လိုက်ဖို့ မင်းကို ဒုက္ခပေးရတော့မယ်။"
ဝမ်ချောင်သည် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး ကောင်းကင်သို့ ညွှန်ပြလိုက်ကာ ပြောလိုက်သည်။
ဟောင်းလောင်
နောက်တစ်ခဏတွင် ဝမ်ချောင်၊ ပိုင်စီလင်တို့နှင့်အတူ အဖွဲ့ ၁ မှ မြင်းစစ်သည်ငါးယောက်တို့သည် ရေနဂါးတစ်ကောင်က သမုဒ္ဒရာထဲမှ ပျံထွက်လာသကဲ့သို့ ရှေ့သို့ ချီတက်လိုက်ကြသည်။
လူခုနှစ်ယောက်သာပါရှိသည့် အုပ်စုလေးတစ်ခု... သို့သော် သူတို့သည် ထောင်ချီသော စစ်တပ်တစ်ခု၏ အရှိန်အဝါကို သယ်ဆောင်ထားကြသည်။
မဟာကမ္ဘာမြေကြီးသည်ပင် သူတို့၏ ပြေးလွှားမှုအောက်တွင် တုန်ခါသွားခဲ့ပုံရသည်။
ဤသည်မှာ ဝမ်ချောင်ရဲမက်များ၏ လှုပ်ရှားမှုကို ပိုင်စီလင် ပထမဆုံးမျက်မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ သူတို့လက်ခံရရှိခဲ့သည့် စစ်သည်များတွင် တူညီသည့် ကျင့်ကြံခြင်းအဆင့်များရှိခဲ့ကြပြီး သူတို့သည် တစ်ချိန်တည်းတွင် စစ်သည်များကို လက်ခံရရှိခဲ့ကြသော်လည်း ဝမ်ချောင်၏ အုပ်စုထဲရှိ ဤမြင်းစစ်သည်ငါးယောက်တို့သည် အလွန်ကွဲပြားခြားနားသော အရှိန်အဝါတစ်ခုကို သယ်ဆောင်ထားပုံရသည်။
ယခင်က ဓားပြများကို သူတို့ မည်ကဲ့သို့ အေးအေးလူလူရှင်းလင်းခဲ့ကြသည်နှင့် ဆန့်ကျင်စွာ ဤအချိန်တွင် သူတို့လှုပ်ရှားမှုများ၏ ရက်စက်မှုနှင့် စွမ်းအားတို့သည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို တုန်လှုပ်စေပုံရသည့် အလွန်လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားတစ်ခုကို သယ်ဆောင်ထားခဲ့သည်။
ထိုသည်မှာ သူတို့ကို ပေးအပ်ခဲ့သည့် စစ်သည်များမှာ မတူညီသည့် လောကနှစ်ခုမှကဲ့သို့ပင်။
ဟောင်းလောင်လောင်
ချီတက်မှုသည် မြန်သထက် မြန်လာခဲ့သည်။ သူတို့သည် ဓားပြများရှေ့ရောက်သွားခဲ့သည့် အချိန်၌ပင် သူတို့သည် အရှိန်လျှော့မည့်လက္ခဏာ လုံးဝမပြသခဲ့ကြပေ။
အားကောင်းသော မူလစွမ်းအင်လှိုင်းလုံးများကို မြင်းများသို့ ထည့်သွင်းပေးနေခဲ့ပြီး သူတို့၏ ခွာများအောက်ရှိ သိုင်းချီစက်ကွင်းများအဖြစ်သို့ လျင်မြန်စွာ အသွင်ပြောင်းသွားခဲ့ကြသည်။
ထိုခဏမှာပင် မြင်းစစ်သည်ငါးဦးကို ဖုံးလွှမ်းနေသော အရှိန်အဝါသည် နှစ်ဆထက်ပို၍ မြင့်တက်သွားပုံရသည်။
မြင်းတပ်၏ အစစ်အမှန်ခွန်အားသည် တဟုန်ထိုးချီတက်မှုတစ်ခုတွင်သာ ပေါ်ထွက်လာခဲ့သည်။ သူတို့၏ အရှိန်အဟုန် မရပ်တန့်သရွေ့ မြင်းတပ်သည် စစ်မြေပြင်တွင် အပြင်းထန်ဆုံး အင်အားစု ဖြစ်လာပေလိမ့်မည်။
တူညီသည့် ကျင့်ကြံမှုအဆင့်တွင် မြင်းတပ်အုပ်စုတစ်ခု၏ တစ်ဟုန်ထိုးချီတက်မှုကို မည်သူမျှ တောင့်ခံနိုင်မည်မဟုတ်ပေ။
ဝမျးးးး
၎င်းသည် လူခုနှစ်ဦးပါဝင်သော အုပ်စုတစ်ခုသာ ဖြစ်သော်လည်း အရှိန်လျှော့မည့် အရိပ်အယောင် အနည်းငယ်မျှမပြဘဲ နီးကပ်လာသည်ကို မြင်သောအခါ ဓားပြများ ထိတ်လန့်သွားခဲ့ကြသည်။
"သေစမ်း ဒီလူတွေ လူခုနှစ်ယောက်လေးနဲ့ ငါတို့လူခြောက်ရာကို ယှဉ်ပြိုင်ဖို့ တွေးတောမနေနိုင်ဘူးမလား။"
"ဒါက ကိုယ့်ကိုယ်ကို သတ်သေတာပဲ။"
"ဒီခွေးမသားတွေ စိတ်လွတ်နေကြပြီ။"
"ဂရုစိုက်ကြပါ။ သူတို့လာနေပြီ.."
မြင်းများ၏ နားအူမတတ်တိုက်ပွဲအော်သံများသည် လေထဲတွင် ရစ်ဝဲနေခဲ့ပြီး အလွန်ကျယ်လောင်သော ခွာများ၏ ကဆုန်ပေါက်ပြေးသံကြားတွင် စစ်မြင်းခုနစ်ကောင်သည် ထူထပ်သော ဓားပြအုပ်စုထဲသို့ တန်းတန်းမတ်မတ် ဖြတ်သွားခဲ့သည်။
ဒေါသတကြီး ကျိန်ဆဲနေသံများသည် ထိတ်လန့်နေသည့် အာမေဋိတ်သံများနှင့် အလျင်လိုနေသည့် အော်သံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
အစစ်အမှန်သိုင်းပညာနယ်ပယ်မြင်းစစ်သည်ခုနစ်ဦး၏ခွန်အားနှင့် တွဲဖက်နေသည့် တဟုန်ထိုးချီတက်မှုမှ ကြီးမားသည့် အရှိန်အဟုန်နှင့်အတူ ထိုအဖွဲ့သည် ဓားပြများ၏ ကန့်သတ်ချက်များထက် အဆပေါင်းများစွာ သာလွန်နေသော အင်အားတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ဘုန်း ဘုန်း ဘုန်း
ပထမဆုံးအကြိမ် ခဏတာရင်ဆိုင်မှုတွင် ဓားပြခုနစ်ဦး၏ နံရိုးများ ကျိုးကြေသွားခဲ့ကာ လေထဲသို့ မြင့်မားစွာ လွင့်ထွက်သွားခဲ့ကြသည်။ သူတို့ မြေပေါ်သို့ ပြန်မကျမီမှာပင် သူတို့သည် နောက်ဆုံးထွက်သက်ကို ရှုရှိုက်သွားခဲ့ကြသည်။
ထို့အပြင် ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။
မြင်းတပ်၏ တဟုန်ထိုးချီတက်တိုက်ခိုက်မှု၏ ခွန်အားသည် မည်သည့်ဖွဲ့စည်းမှုကိုမဆို မှန်ကန်စွာ ဆုတ်ဖြဲနိုင်စွမ်းအပေါ်မူတည်သည်။
ဟည်းးးးး
"အားးးး"
"ငါ့လမ်းကနေဖယ်စမ်း။ ငါ့လမ်းကနေဖယ်ကြစမ်း။"
"ဂရုစိုက်ကြ"
တိုက်ပွဲသည် စတင်ရုံသာရှိသေးသည်။ သို့သော် ဓားပြများသည် ဖရိုဖရဲအခြေအနေသို့ ကျဆင်းသွားခဲ့ကြပြီဖြစ်သည်။ နောက်တခဏတွင် လှံများနှင့် ဓားများသည် ချီတက်ရာ အနီးတစ်ဝိုက်ရှိ ဓားပြများကို စတင်ထိုးခုတ်လိုက်ကြသည်။
ဓားပြများအားလုံးတို့သည် မှုန်ဝါးဝါးဖြစ်နေသောအရာတစ်ခုကိုသာ မြင်နိုင်ခဲ့ကြသည်။ သူတို့ တုန့်ပြန်နိုင်ခြင်းမရှိမီမှာပင် လှံများသည် သူတို့၏ နှလုံးအိမ်များကို ထိုးဖောက်သွားခဲ့ပြီး သူတို့၏ အသက်များကို နှုတ်ယူသွားခဲ့ကြသည်။
အဆုံးတွင် စစ်မြေပြင်များစွာကို လျှောက်လှမ်းခဲ့ကြသော စည်းကမ်းသေဝပ်သည့် ဝါရင့်စစ်မှုထမ်းအဖွဲ့ကို လျော့ရဲရဲဓားပြတစ်သိုက်က မည်သို့ယှဉ်နိုင်မည်နည်း။
တစ်ဦးတည်းသော မြင်းစစ်သည်တစ်ဦးသည် ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိမည်မဟုတ်ပေ။ သို့သော် သူတို့သည် အုပ်စုတစ်ခုတွင် ပေါ်ထွက်လာပြီး ပူးပေါင်းဆောင်ရွက်သောအခါ မည်သည့်ဓားပြမျှ သူတို့ကို ဆန့်ကျင်ရပ်တည်နိုင်လိမ့်မည်မဟုတ်ပေ။
ပူး ပူး ပူး
လှံများသည် အဆိပ်ပြင်းသည့် မြွေများက သူတို့၏သားကောင်များကို ပေါက်နေသကဲ့သို့ ပြေးထွက်သွားခဲ့ကြသည်။ ထိုနေရာရှိ ဓားပြများကို လှံများက လေထဲသို့ လွင့်ထွက်သွားစေခဲ့ပြီး လျင်မြန်အေးစက်သည့် လက်ခနဲအလင်းရောင်က သူတို့၏အသက်များကို နှုတ်ယူသွားပေလိမ့်မည်။
လတ်ဆတ်သည့် သွေးများသည် မြေပေါ်တွင် ဖျပ်ခနဲ ပြန့်ကျဲနေခဲ့ပြီး နာကျင်စွာအော်ဟစ်သံများ လေထဲတွင် ပြည့်နှက်နေခဲ့သည်။
ဤအချိန်တွင် စိတ်ကြီးဝင်နေကြသည့် ဓားပြများသည် လူခုနစ်ဦးပါသည့် အုပ်စု၏ သားကောင်များဖြစ်လာခဲ့သည်။
အချိန်တိုအတွင်းမှာပင် နှစ်ဆယ်ထက်ပိုသော ဓားပြများသည် ပထမဆုံးချီတက်တိုက်ခိုက်မှုတွင် သေဆုံးသွားခဲ့ကြပြီး တစ်ဖက်တွင်မူ ဝမ်ချောင်နှင့် သူ့အုပ်စုသည်တော့ အနည်းငယ်မျှပင် ထိခိုက်ဒဏ်ရာမရခဲ့ကြပေ။
ဤသည်မှာ မဟာထန်မြင်းတပ်၏ ခွန်အားဖြစ်သည်။
ရှေ့တန်းနောက်တွင် ရပ်နေကြသည့် သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ ခေါင်းဆောင်နှင့် စစ်ရေးအကြံပေးတို့ပင် အငိုက်မိသွားခဲ့ကြသည်။ သူတို့သည် ဆုံးရှုံးမှုတချို့ကို ကြည့်ရန် မျှော်လင့်ထားခဲ့ကြသည်။ သို့သော် သူတို့သည် ဤမြင်ကွင်းကို ကြည့်ကာ မျက်မှောင်ကြုတ်သွားခဲ့ကြဆဲပင်။
အပိုင်း ၃၄၄ ဝမ်ချောင်၏ ထက်မြက်မှု (၁)
"သူတို့ကို သတ်"
"ဒီလူတွေကို မလွတ်စေနဲ့။ ငါတို့က အရေအတွက်မှာ အားသာတယ် ငါတို့ကို ငါတို့ ထပ်တင်လိုက်ရင်တောင် သူတို့ကို သတ်ဖြတ်နိုင်တယ်။"
"တိုက်.."
ရုတ်ချည်း လူအယောက်နှစ်ဆယ်ဆုံးရှုံးခဲ့ရခြင်းသည် ဓားပြများ၏ ကြမ်းကြုတ်ရက်စက်မှုကို နိုးထသွားစေခဲ့သည်။ သေခြင်းတရားနှင့် ကခုန်နေရသည့် လူများအနေဖြင့် သူတို့သည် သွေးထွက်သံယိုဖြစ်ခြင်းနှင့် အသားကျနေခဲ့ကြသည်။
ဝမ်ချောင်နောက်တွင် ရဲမက်ရာချီရှိနေခဲ့ပါက သူတို့သည် အနည်းငယ်တုံ့ဆိုင်းနိုင်သေးသည်။ သို့သော်လည်း တစ်ဖက်အဖွဲ့သည် ခုနစ်ယောက်မျှသာဖြစ်သည်။ သူတို့သည် မည်မျှသန်မာကြပါစေ လူခုနစ်ရာပါသော အဖွဲ့ကို ဆန့်ကျင်နိုင်ကြမည်မဟုတ်ပေ။
နောက်တခဏတွင် ရာချီသော ဓားပြများသည် ဝမ်ချောင်တို့အုပ်စုဆီသို့ ချက်ချင်း စုပြုံလာခဲ့ပြီ သူတို့၏ လှုပ်ရှားနိုင်သည့်နေရာကို ကျဉ်းမြောင်းစေလိုက်သည်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက်အမှည့်ခြွေခံနေရသော်လည်း သူတို့ရှေ့ရှိ လူများကို သတ်ဖြတ်ရန် ဆုံးဖြတ်ထားခဲ့ကြသည်။
"ငါတို့ ဘာလုပ်ကြမလဲ။"
သူတို့ကို တဖြည်းဖြည်းဝန်းရံလာနေသည့် ထူထပ်သော လူအုပ်ကြီးကိုကြည့်ကာ ပိုင်စီလင် ဝမ်ချောင်ကို စိုးရိမ်တကြီးလှည့်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ဓားသည် အနီးသို့ကပ်လာသည့် ဓားပြများကိုသတ်ဖြတ်ရန် လျင်မြန်စွာ ဝဲပျံနေခဲ့သည်။ သူမမြင်း၏ ခွာများအောက်ရှိ ချီစက်ကွင်းသည်လည်း ဓားပြများကိုနောက်ဆုတ်သွားစေရန် ရံဖန်ရံခါတုန်လှုပ်ဖွယ်လှိုင်းလုံးများ ထုတ်လွှတ်နေခဲ့သည်။
ပိုင်စီလင်သည် နယ်စားငယ်ရီနှင့် ဝမ်ကျူးယန်တို့နှင့် အဆင့်တူသည့် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ သို့သော်လည်း သူမကဲ့သို့ လူတစ်ယောက်ပင်လျှင် ထူထပ်သိပ်သည်းသည့် ပိတ်ဆို့မှုမှနေ၍ ကြီးမားသောဖိအားတစ်ခုကို ခံစားခဲ့ရသည်။ သူမ၏ ကြည်လင်သည့် နဖူးသည် ချွေးများဖြင့် စိုရွဲနေခဲ့ပြီး သူမ၏ ခံနိုင်ရည်စွမ်းနှင့် မူလစွမ်းအင်တို့သည်လည်း လျင်မြန်စွာ ကျဆင်းလာနေခဲ့ကြသည်။
"သွေးမပျက်နဲ့"
ဝမ်ချောင်သည် ပတ်ပတ်လည်ရှိ လှုပ်ရှားမှုများကို ဂရုတစိုက်လေ့လာလျက် တည်ငြိမ်စွာပြောလိုက်သည်။
လူခုနစ်ယောက်အုပ်စုထဲတွင် သူသည် သေချာပေါက် အားအနည်းဆုံးဖြစ်ပြီး မူလစွမ်းအင်နယ်ပယ်တွင်သာ ရှိသေးသည်။ သို့သော် ခက်ခဲသည့်အခြေအနေများရှေ့တွင် ဝမ်ချောင်သည် အခြေအနေတစ်ခုချင်းစီနှင့် အခြေအနေတိုင်းကို ဖြေရှင်းရန် တန်ပြန်အစီအစဉ်များဖြင့် တည်ငြိမ်အေးဆေးစွာ ပေါ်ထွက်လာနိုင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။ သူ့အရိုးထဲ၌ပင် သူသည် ရန်သူများ၏ ဝန်းရံခံရခြင်းနှင့် အသားကျနေခဲ့ပြီဖြစ်သည်။
ထို့အပြင် ပရမ်းပတာဖြစ်ခြင်းများကိုလည်း သူတို့၏ အားသာချက်အဖြစ် အသုံးချနိုင်သည်။
ဥပမာတစ်ခုအနေဖြင့် ပရမ်းပတာဖြစ်ခြင်းသည် သူ့ 'သတ်ဖြတ်ခြင်းဓားချီ' ကို ခုခံကာကွယ်ရန် တစ်ဖက်လူများအတွက် ခက်ခဲအောင် ပြုလုပ်ပေးပေလိမ့်မည်။
လက်မ၊ လက်ခလယ်၊ လက်သူကြွယ်... ဝမ်ချောင်၏ လက်ဆယ်ချောင်းတို့သည် အားကောင်းသည့် ဓားချီများကို တစ်ခုပြီးတစ်ခုပစ်လွှတ်ရန် အဆက်မပြတ် လှုပ်ရှားသွားခဲ့သည်။ သူတို့တစ်ခုချင်းစီသည် ဓားပြများ၏ နဖူး၊ လည်တိုင်နှင့် နှလုံးအိမ်တို့ကို တိကျစွာ ထိမှန်သွားခဲ့ကြသည်။
မကြာခဏဆိုသလို ဝမ်ချောင်၏ ဓားချီသည် တိကျသည့် ဓားပြတစ်ဦးဆီသို့ ဦးတည်သွားခဲ့ပုံရသည်။ သို့သော်လည်း ၎င်းသည် အရေးကြီးသည့် အခိုက်အတန့်တွင် ထိုလူ့ဘေးနားရှိ အခြားဓားပြကို တိုက်ခိုက်ရန် ရုတ်တရက် ကွေ့ပတ်သွားပေလိမ့်မည်။
ဝမ်ချောင်၏တိုက်ခိုက်မှုများတွင် လျင်မြန်စွာပြောင်းလဲနေသော လမ်းကြောင်းသည် ခန့်မှန်း၍မရသောအချက်ကို ထပ်တိုးလာစေခဲ့ပြီး သူ၏တိုက်ခိုက်မှုများကို ယခင်ကထက် ပိုမိုကြောက်စရာကောင်းလာစေခဲ့သည်။ သူတို့လူခုနစ်ယောက်အုပ်စုတွင် သတ်ဖြတ်သည့်အရေအတွက်၌ သန်မာလွန်းသည့် ပိုင်စီလင်သာ သူ့ကိုယှဉ်နိုင်မည်မှာ ဖြစ်နိုင်သည်။
"အချိန်ကျပြီ။"
ဓားပြများ၏ အမြဲပြောင်းလဲနေသော လှုပ်ရှားမှုများကို ခံစားနေခဲ့ကာ ဝမ်ချောင်သည် ရုတ်တရက် သူ့ညာလက်သီးကို ဆုပ်လိုက်ပြီး မြှောက်လိုက်ကာ လက်မတစ်ချောင်းသာ မိုးပေါ်ထောင်ထားခဲ့သည်။
ဘုန်းးး
ဓားပြများသည် ဝမ်ချောင်တို့ကို သူတို့၏ လူ့ပင်လယ်ကြီးဖြင့် ဝါးမြိုခါနီးတွင် သူတို့နောက်မှနေ၍ တောင်များပြိုကျသည်နှင့်ဆင်တူသော ကျယ်လောင်သည့် ထစ်ချုန်းသံတစ်ခု ပဲ့တင်ထပ်ထွက်ပေါ်လာခဲ့သည်။ မြင်းစစ်သည်ငါးဦးပါဝင်သော အဖွဲ့ ၂ စတင်လှုပ်ရှားလိုက်ခြင်းပင်။
ဘုန်းးး
တခဏအတွင်း ကျန့်ငါးဆယ်အကွာအဝေးကို ကျော်ဖြတ်လာခဲ့ကာ မြင်းစစ်သည်ငါးဦးပါဝင်သော အဖွဲ့ ၂ သည် မယုံနိုင်စရာကောင်းသည့်အရှိန်အဟုန်တစ်ခုဖြင့် ဓားပြပင်လယ်ထဲသို့ ညာဘက်မှနေ၍ တဟုန်ထိုးချီတက်တိုက်ခိုက်လိုက်ကြကာ သူတို့၏ ဖွဲ့စည်းတည်ဆောက်ပုံကို ဓားတစ်လက်ကဲ့သို့ ထိုးဖောက်နေခဲ့ကြသည်။
သမိုင်းသည် တစ်ကျော့ပြန်လည်လာခဲ့သည်။ မြင်းစစ်သည်များ၏ တဟုန်ထိုးချီတက်တိုက်ခိုက်မှု၏ ပြင်းထန်သော အရှိန်အဟုန်ရှေ့တွင် ဓားပြများသည် ကန်ထုတ်ခံရခြင်း၊ လေထဲသို့ လွှင့်စင်ခံရခြင်း၊ သို့မဟုတ် သူတို့၏ သိုင်းချီစက်ကွင်းများကြောင့် အဝေးသို့ ဆောင့်ထုတ်ခြင်း ခံလိုက်ကြရသည်။
တဟုန်ထိုးချီတက်တိုက်ခိုက်လာသည့် မြင်းစစ်သည်တစ်ယောက်ကို သူ၏ လက်ရှိကျင့်ကြံခြင်းနယ်ပယ်ဖြင့် တိုင်းတာ၍ မရတော့ပေ။ ခွန်အားအရာတွင် သူတို့၏စွမ်းပကာသည် အနည်းဆုံး နယ်ပယ်သုံးခုအထိ ခုန်တက်သွားနိုင်သည်။
အနည်းဆုံး သူတို့အရှိန်မသတ်မီတွင် ဓားပြများထဲမှ သူတို့၏ဓားသွားကို ရပ်တန့်နိုင်သည့်လူ တစ်ယောက်မှ မရှိတော့ပေ။
"အားးးး"
ကျယ်လောင်သော အော်ဟစ်သံများသည် အဆုံးမရှိသည့် ဓားပြများကြား ပေါ်ထွက်လာခဲ့သည်။ ဝမ်ချောင်၏ အုပ်စုကို ယခုလေးတင် ပိတ်ဆို့လိုက်သော ဝိုင်းရံပိတ်ဆို့မှုသည် ရုတ်ချည်း ဖြိုဖျက်ခံလိုက်ရပြီး တစစီဆုတ်ဖြဲခံလိုက်ရသည်။
"သွားကြစို့"
အဖွဲ့၂ ၏မြင်းစစ်သည်ငါးဦးတို့သည် ဓားပြများ၏ ဝိုင်းရံပိတ်ဆို့မှုကို ဖြိုဖျက်ပြီးသောအခါ သူတို့သည် အဖွဲ့ ၁ မှ အခြားလူခုနစ်ဦးနှင့် လျင်မြန်စွာပူးပေါင်းလိုက်ကြပြီး ပို၍ကြီးမားသော အုပ်စုတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
ထည်ဝါသော နဂါးတစ်ကောင်နှင့်ဆင်တူသည့် ခွန်အားဖြင့် သူတို့သည် ဓားပြများ၏ ခံစစ်စည်းကို ပြင်းထန်စွာ ချိုးဖောက်လိုက်ကြသည်။ သူတို့ဖြတ်သွားသည့်နေရာတိုင်း ဓားပြအလောင်းပုံများကို နောက်တွင် ချန်ထားခဲ့ကြကာ သူတို့သည် ဓားပြများ၏ ဝိုင်းရံပိတ်ဆို့ထားမှုမှနေ၍ အခြားအစွန်းတစ်ဖက်(ဘယ်ဘက်)မှ ထွက်ခွာလိုက်ကြပြီး အဓိကလမ်းမဆီသို့ ဦးတည်လိုက်ကြသည်။
"သေစမ်းကွာ ဒီခွေးကောင်တွေကို မလွတ်စေနဲ့။"
"သူတို့ကို လိုက်ဖမ်း"
"သူတို့ကို သတ်ကြ..."
ဓားပြများသည် ချက်ချင်းမွှန်ထူသွားခဲ့ကြသည်။ များစွာသော သူတို့လူများသည် သေဆုံးသွားခဲ့ကြရသော်လည်း သူတို့၏ ရန်သူများသည်တော့ ထိခိုက်ဒဏ်ရာတစ်ခုပင် မရဘဲ ထွက်ပြေးနေခဲ့ကြသည်လော။
ဓားပြများသည် ထိုသည်ကို မည်သို့ လက်သင့်ခံနိုင်မည်နည်း။
ဟူးလာလာ
များပြားသော ဓားပြအုပ်လိုက်ကြီးသည် ဝမ်ချောင်နှင့် အခြားသူများနောက်သို့ နီးကပ်စွာ လိုက်လာခဲ့ကြသည်။ မြင်းစီးသည့်ဓားပြများသည် အုပ်စု၏ ရှေ့ဆုံးတန်းတွင် နေရာယူထားခဲ့ကြပြီး သူတို့၏ ရန်သူများကို နီးကပ်စွာလိုက်နေခဲ့ကြသည်။
မြင်းစစ်သည် ဆယ်ဦးနှင့် ကလေးနှစ်ယောက်ပါဝင်နေသော တဟုန်ထိုးချီတက်တိုက်ခိုက်မှုတစ်ခုတွင် သူတို့၏ရဲဘော် အယောက်လေးဆယ်ထက်ပို၍ သေဆုံးခဲ့ရသည်။ တစ်ဖက်တွင်မူ တစ်ဖက်အဖွဲ့သည်တော့ မည်သည့်ထိခိုက်ဒဏ်ရာအနည်းငယ်ကိုမျှ လုံးဝမခံစားခဲ့ရပေ။
ဓားပြများ၏ အနောက်ဖက်ရှိ ခေါင်းဆောင်နှင့် စစ်ဖက်ဆိုင်ရာအကြံပေးတို့သည် တိတ်ဆိတ်စွာ မျက်မှောင်ကြုတ်လိုက်ကြသည်။
သူတို့သည် ဓားပြများအတွင်း စည်းကမ်းလိုက်နာအောင် ကူညီရန်နှင့် သူတို့ပြိုင်ဘက်၏ အင်အားကို စမ်းသပ်ရန် စစ်သည်များကို အသုံးချရန် ရည်ရွယ်ထားခဲ့သော်လည်း ဓားပြများစွာတို့သည် တခဏတာ ထိပ်တိုက်တွေ့ဆုံမှုတွင် သေဆုံးသွားသည်ကို တွေ့လိုက်ရသောအခါ သူတို့၏စိတ်ထဲ၌ လေးလံသွားခဲ့ကြဆဲဖြစ်သည်။
"ဒီမြင်းစစ်သည်တွေက ကြောက်မက်ဖွယ်တိုက်ခိုက်မှုစွမ်းရည်တွေ ပိုင်ဆိုင်ထားကြတာပဲ။"
သံမဏိဝတ်ရုံလီသည် သူ့ညာလက်ကို ဆုပ်လိုက်သည်။ မဲမှောင်သည့် အနက်ရောင် သံကြိုးဖြင့် ပြုလုပ်ထားသော သံချပ်ကာကို သူ့ကြယ်တာရာစွမ်းအင်အတွင်း ယောင်ဝါးဝါးမြင်နိုင်သည်။
"မြင်းတပ်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို တဟုန်ထိုးချီတက်တိုက်ခိုက်မှုတစ်ခုကနေသာ အစွမ်းပြနိုင်တယ်။ ဒါက ကျွန်တော်တို့ တစ်ဖက်လူတွေကို သစ်တောထဲမှာ ထိန်းသိမ်းထားဖို့ ကျွန်တော့်တို့ရဲ့ လုံ့လတွေကို ဘာကြောင့် စိုက်ထုတ်ထားရသလဲဆိုတဲ့ အကြောင်းအရင်းပဲ။"
ကျောက်အန်းသည် တည်ငြိမ်စွာပြန်ဖြေလိုက်ပြီး သူ့မုတ်ဆိတ်ကို ပွတ်သပ်နေခဲ့သည်။ သူသည် တခဏမျှ ချင့်ချိန်လိုက်ပြီး အနည်းငယ်ချီးကျူးမှုနှင့်အတူ မှတ်ချက်ပြုလိုက်သည်။
"ဒါပေမယ့်လည်း ဒီမြင်းစစ်သည်အုပ်စုက ကျွန်တော်တို့ ချောင်ပိတ်ထားတဲ့ တခြားတစ်ဖွဲ့ထက် တကယ့်ကို ကြောက်ဖို့ကောင်းတယ်။"
"အရည်အချင်းမရှိတဲ့ စစ်သားတစ်ယောက်က သူ့ကိုယ်သူသာ ဒုက္ခရောက်စေတယ် ဒါပေမယ့် အသုံးမကျတဲ့ ကွပ်ကဲသူတစ်ယောက်ကတော့ အသင်းတစ်ခုလုံးကို ဒုက္ခရောက်စေတယ်။"
စစ်သည်များသည် မတူညီသည့် ကွပ်ကဲသူများလက်အောက်တွင် မတူညီသည့် စွမ်းပကားများကို ပြသခဲ့ကြသည်။
ကာဆီးကာဆီးနှင့် တိကျပြတ်သားခြင်းမရှိသော ကွပ်ကဲသူတစ်ဦး၏ လက်အောက်တွင် စစ်သည်တစ်ဦးသည် ပို၍သတိရှိပြီး ပို၍သူရဲဘောကြောင်သွားနိုင်သည်။ ရဲရင့်ပြီး တိကျပြတ်သားသော ကွပ်ကဲသူတစ်ဦး၏ လက်အောက်တွင် စစ်သည်တစ်ဦးသည် ရဲရင့်ပြီး သတ္တိရှိပေလိမ့်မည်။
ကွပ်ကဲသူတစ်ဦး၏ ပင်ကိုယ်စရိုက်သည် အသင်းတစ်ခု၏ လက္ခဏာကို အလွယ်တကူ လွှမ်းမိုးသွားနိုင်သည်။
ဝမ်ချောင်၏ ဦးဆောင်မှုအောက်ရှိ မြင်းတပ်သားများသည် ရှုကန်းနှင့် ဟွမ်ရုံတုတို့၏ ဦးဆောင်မှုအောက်ရှိ မြင်းတပ်သားများနှင့် သိသာထင်ရှားစွာ အလွန်အမင်းကွဲပြားနေခဲ့ကြသည်။
'ကြည့်ရတာ သူက အဲတစ်ယောက်ဖြစ်ပုံပဲ။'
အတွေးတစ်ခုသည် ကျောက်အန်း၏ စိတ်ထဲ ပေါ်လာခဲ့သည်။
"ခေါင်းဆောင် ကျွန်တော်တို့ရဲ့ ဓားပြညီအစ်ကို လေးဆယ်လောက်လေးက သူ့အတွက် ယှဉ်ပြိုင်ဖက်ဖြစ်မှာမဟုတ်ဘူး။ နောက်ထပ် ကျွန်တော်တို့ရဲ့ မြင်းစီးဓားပြညီအစ်ကို ခြောက်ဆယ်ကို ထပ်လွှတ်လိုက်ရအောင်။"
ကျောက်အန်းလှည့်လိုက်ပြီး ကျောက်တုံးကြီး၏ ထိပ်တွင် မတ်တပ်ရပ်နေသည့် ထွားကြိုင်းသောလူကို ပြောလိုက်သည်။
ကျောက်အန်း၏ 'ညီအစ်ကို' ဟု ခေါ်ဆိုရန် ထိုက်တန်ကြသူများမှာ သံမဏိဝတ်ရုံမြင်းစီးဓားပြများမှ အရင်းခံလာကြသူများသာ ဖြစ်ကြသည်။ သူတို့ဘက်မှ ဓားပြအယောက်လေးဆယ်နှင့် မြင်းစီးဓားပြအယောက်ခြောက်ဆယ်ပို့လွှတ်ခြင်းသည် ဝမ်ချောင်တို့၏ လက်ရှိ ဆယ့်နှစ်ယောက်အုပ်စုထက် များစွာ ကျော်လွန်နေသော အင်အားစုတစ်ခုဖြစ်သည်။ တခြားဂိုဏ်းများမှ တခြားဓားပြများနှင့် မြင်းစီးဓားပြများ၏ အကူအညီကို ထည့်မပြောရသေးပေ။ တစ်နည်းဆိုရလျှင် ဤသည်က ကျောက်အန်းသည် ဝမ်ချောင်နှင့် သူ့လူများကို မည်မျှမြင့်မားစွာ ရှုမြင်နေသည်ကို ထင်ဟပ်ပြသနေခဲ့သည်။
"အင်း"
သံမဏိဝတ်ရုံလီ တိတ်ဆိတ်စွာ ခေါင်းညိတ်တုံ့ပြန်လိုက်သည်။
နောက်တခဏတွင် ခြောက်ဆယ်သော မြင်းစီးဓားပြများသည် သူတို့၏မြင်းများကို ကျာပွတ်ဖြင့်ရိုက်လိုက်ကြပြီး ကြီးမားသည့် လူ့ပင်လယ်ကြီးကို ရှောင်တိမ်းလိုက်ကြသည်။ သူတို့သည် သစ်တော၏ ညာဘက်ခြမ်းမှ ရုတ်တရက် ပြန်ပေါ်လာခဲ့ကြပြီး အဓိက လမ်းမပေါ်သို့ ဒုန်းဆိုင်းလိုက်ကြသည်။
ဤမြင်းစီးဓားပြများ၏ ခွန်အားနှင့် မြင်းထိန်းချုပ်ခြင်းသည် အနည်းဆုံး ကျွမ်းကျင်မှုအဆင့်၌ရှိကြပြီး တရားဝင်စစ်တပ်အများစုနှင့် အဆင့်တူရှိသည်။ သူတို့၏ အရေအတွက်ဖြင့် သူတို့သည် ဝမ်ချောင်၏အုပ်စုကို အမှုန့်ချေနိုင်သည်ထက် ပိုနေခဲ့ကြပြီဖြစ်သည်။
"သူတို့ ငါတို့နောက် လိုက်လာနေကြပြီ။"
များစွာသော မြင်းများ၏ ပြင်းထန်သည့် ဒုန်းဆိုင်းပြေးလွှားမှုအောက်တွင် ဖုန်မှုန့်တိမ်တိုက်ကြီးသည် မြေပြင်မှ တလှိမ့်လှိမ်မြင့်တက်လာခဲ့သည်။ ပိုင်စီလင်သည် ဤအချိန်အတောအတွင်း၌ သူတို့နောက်ရှိ လှုပ်ရှားမှုများကို မျက်ခြည်မပြတ်စောင့်ကြည့်နေခဲ့သည်။ သူတို့၏ ရန်သူများသည် စစ်ကူများကို ခေါ်ဆောင်လာခဲ့ပုံရသည်။ လူကောင်ကြီးပြီး မုတ်ဆိတ်အပြည့်ဖြင့် တာခ့်များနှင့် ဂိုဂူလျောများ ထို့အတူ လူကောင်သေးသော်လည်း ကြမ်းကြုတ်သော တိဗက်များ များစွာသောလူများသည် လိုက်ဖမ်းခြင်း၌ ပါဝင်လာခဲ့ကြသည်။
ဤအချိန်တွင် ဓားပြပမာဏများစွာတို့သည် နောက်တွင် နောက်ကျကျန်နေခဲ့ကြပြီးဖြစ်သည်။ သို့သော် သူတို့နောက် ထပ်ကြပ်မကွာလိုက်လာနိုင်သည့် လိုက်လံဖမ်းဆီးသူ အယောက်တစ်ရာဝန်းကျင်ခန့်ရှိသေးသည်။ ရှေ့ဆုံးတန်းတွင် မြင်းစီးဓားပြများဖြစ်ကြပြီး သူတို့နောက်တွင် ထပ်ကြပ်မကွာလိုက်လာနေကြသော ဓားပြအများစုဖြစ်ကြကာ သူတို့သည် သိပ်မဝေးကွာနေခဲ့ကြပေ။
ရိုးရိုးသားသားဆိုရလျှင် ပိုင်စီလင်အတွက် ဤသည်မှာ ဤသို့သော အခြေအနေနှင့် ရင်ဆိုင်ဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူမသည် စိတ်မသက်မသာခံစားနေရသည်။ ဤအချိန်တွင် သူမ၏ လက်ဖဝါးများသည် အေးစက်သည့် ချွေးများဖြင့် စိုရွှဲနေခဲ့ပြီဖြစ်သည်။
အကယ်၍ တစ်ဖက်အဖွဲ့သည် သူတို့ကို အမီလိုက်နိုင်ခဲ့ပါက သူတို့သည် လူများစွာကို တစ်ချိန်တည်းတွင် ရင်ဆိုင်ရန် ဖြစ်နိုင်လိမ့်မည်မဟုတ်သည်ကို ပိုင်စီလင်သိသည်။
"မကြောက်နဲ့။ သူတို့ လူ ရှစ်ဆယ် ကိုးဆယ်ပဲ ရှိတယ် ပြီးတော့ သူတို့က တရားဝင်စစ်တပ်တစ်ခုလို စည်းကမ်းသေဝပ်တာ ဒါမှမဟုတ် စနစ်တကျဖွဲ့စည်းထားတာမျိုးမရှိကြဘူး။ သူတို့က ငါတို့အတွက် ဘယ်လို ခြိမ်းခြောက်မှုကိုမှ ဖြစ်စေမှာမဟုတ်ဘူး။"
ဝမ်ချောင် တည်ငြိမ်စွာပြောလိုက်သည်။
သူဦးဆောင်ခဲ့သည့် တပ်ဖွဲ့များသည် ဤအရေအတွက်ထက် အဆပေါင်းများစွာရှိသည့် တိုင်းတစ်ပါးကျူးကျော်သူများကို ဆန့်ကျင်ခဲ့ရတာတောင်မှ အောင်ပွဲဆင်နိုင်ခဲ့သည်။ အတင်းအကြပ် အတူတကွစုစည်းထားသော သောကောရောကောလူများဆိုရင် ပြောစရာပင်မလိုချေ။
မဟာထန်နယ်စပ်အနားရှိ စစ်မြေပြင်တွင် တစ်ယောက်သည် လူအရေအတွက်တွင် ဤကဲ့သို့ ကြီးမားစွာခြားနားနေသည့်အခြေအနေနှင့် ကြုံတွေ့ရရန် အလွန်ရှားပါးခြင်းမရှိပေ။ ပိုင်စီလင် စိုးထိတ်နေသည်မှာ သူမသည် အတွေ့အကြုံအလွန်နည်းသောကြောင့်ဖြစ်သည်။ တိုက်ပွဲရေစီးကြောင်း အချိန်မရွေးပြောင်းလဲနိုင်သော ရှုပ်ထွေးလှသည့် စစ်မြေပြင်တွင် အရေအတွက်မျှလောက်ကို ဘာကြောင့် ထည့်တွက်နေရမည်နည်။
"သူတို့ကို ဖမ်းစမ်း။ သူတို့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။"
"ကမ္ဘာအဆုံးအထိ မင်းတို့ကို လိုက်ဖမ်းရမယ်ဆိုရင်တောင် ငါ သေချာပေါက် မင်းတို့ကို လိုက်ဖမ်းမယ်။"
"ဟားဟား အဲအမျိုးသမီးက ငါ့အပိုင်ပဲ။ မင်းတို့တစ်ယောက်မှ ငါ့ဆီက မခိုးကြနဲ့။"
"သူတို့ကို သတ်..."
ကျယ်လောင်သည့်အော်သံများ ထိုနေရာတွင် ထွက်ပေါ်လာခဲ့သည်။ ဝမ်ချောင်နှင့် သူ့အဖွဲ့သည် သနားစရာကောင်းလောက်အောင် ထွက်ပြေးနေကြသည်ကို မြင်လိုက်ရသည်တွင် သူတို့ကိုလိုက်ဖမ်းသူများသည် ဝါးလုံးကွဲရယ်မောလိုက်ကြသည်။
ဟည်းးးး
လီတစ်ဒါဇင်အဝေးသို့ ထွက်ပြေးနေပြီးနောက် ချက်ချင်းဆိုသလိုပင် မြင်းများ၏ ကျယ်လောင်ပြီးအားကောင်းသည့် အော်သံသည် အဓိကလမ်းမ၏ ညာဘက်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ ဓားပြများနှင့် မြင်းစီးဓားပြများ၏ ကြက်သေသေနေသည့် အကြည့်များရှေ့တွင် မြင်းတပ်အုပ်စုတစ်စုသည် ရုတ်ချည်း သစ်တောထဲမှ ပြေးဆင်းလာခဲ့ကြပြီး ဓားပြများနှင့် မြင်းစီးဓားပြများကြားသို့ ဖြတ်ဝင်လိုက်ကြသည်။
ဟောင်းလောင်လောင်
အောက်ဘက်သို့ တဟုန်ထိုးပြေးဆင်းခြင်းမှ ပေါင်းထည့်ထားသည့် အရှိန်အဟုန်နှင့်အတူ ထိုမြင်းစစ်သည်များသည် မြေပြန့်တွင် လူတစ်ဦးရောက်နိုင်သည်ထက်ပိုသော အင်အားတစ်ခုဖြင့် ရွေ့လျားနေခဲ့ကြသည်။
မည်သို့သော ကျားမျိုးသည် ကြောက်စရာအကောင်းဆုံးဖြစ်ပါသနည်း။ တောင်တန်းများမှ ဆင်းသက်လာနေသောကျားတစ်ကောင်ဖြစ်သည်။
ထို့အတူ မည်သို့သော မြင်းတပ်သားများသည် ထိတ်လန့်ဖွယ်အကောင်းဆုံးဖြစ်ပါသနည်း။ မြင့်မားသော စစ်မြေပြင်များကို ပိုင်စိုးထားသော မြင်းတပ်သားများဖြစ်သည်။
ထိုသည်မှာ တောင်ပေါ်မှနှင်းထုကြီးက သူတို့အပေါ်ကို ပြိုကျလာနေသကဲ့သို့ပင်။ သူတို့၏ ထိန်းချုပ်နိုင်စွမ်းထက် အဆမတန် ကြီးမားလွန်းလှသော စွမ်းအားစုတစ်ခုဖြစ်သည်။
ဒါဇင်ပေါင်းများစွာသော ဓားပြများနှင့် မြင်းစီးဓားပြများသည် သူတို့တုံ့ပြန်နိုင်ခြင်းမရှိမီ ဝမ်ချောင်ကြိုတင်ချထားခဲ့သော မြင်းတပ်သားများ၏ အလဲသိပ်ခြင်းကို ခံလိုက်ကြရသည်။
"အားးးး"
ရှည်လျားလှသော ဓားပြများနှင့် မြင်းစီးဓားပြများ၏ ဖွဲ့စည်းပုံသည် မြင်းစစ်သည် ဆယ်ယောက်မှ ဖြတ်သွားစဉ် ကြောက်လန့်ဖွယ်အော်သံများ လဟာပြင်ထဲ ပြည့်နှက်သွားခဲ့သည်။ ထို့အပြင် လှံများ၏ ဝေ့ယမ်းမှုနှင့် တဟုန်ထိုးတိုက်ခိုက်မှုတို့၏ အရှိန်အဟုန်အောက်တွင် လူသုံးဆယ်ထက်မနည်း သေဆုံးသွားခဲ့ကြသည်။
တခဏအတွင်းမှာပင် ဓားပြများသည် ပရမ်းပတာအခြေအနေသို့ ကျရောက်သွားခဲ့ကြသည်။
"လက်တုံ့ပြန်ဖို့ အချိန်ကျပြီ"
အခွင့်အရေးတံခါးပေါက်သည် တခဏမျှသာ ပွင့်သွားခြင်းဖြစ်သည်။ မြင်းစီးဓားပြများနှင့် ဓားပြများ ပရမ်းပတာအခြေအနေသို့ ကျရောက်သွားခဲ့သည်နှင့် ဝမ်ချောင်သည် ရုတ်တရက် သူ့မြင်းကို နောက်ပြန်လှည့်လိုက်သည်။ ဤခဏတွင် သူ့နောက်၌ ကျန်ရှိနေသည့် မဟာထန်မြင်းစစ်သည် အယောက်နှစ်ဆယ် ပေါ်လာခြင်းနှင့်အတူ သူသည် သူ့လမ်းကြောင်းကို ချက်ချင်းပြောင်းလဲလိုက်ပြီး ဓားပြများနှင့် မြင်းစီးဓားပြများဆီသို့ မြင်းစစ်သည်အယောက်သုံးဆယ်ကို ဦးဆောင်လိုက်သည်။
-------------------------------
အပိုင်း ၃၄၅ ဝမ်ချောင်၏ထက်မြက်မှု (၂)
ဝမ်ချောင်သည် မဟာထန်မြင်းစစ်သည်အယောက်သုံးဆယ်ကိုဦးဆောင်ကာ ဓားပြများနှင့် မြင်းစီးဓားပြများဆီသို့ တဟုန်ထိုးချီတက်လိုက်သည်။
ဟောင်းလောင်လောင်
ကမ္ဘာမြေကြီး တုန်ခါသွားခဲ့ပြီး တောင်များ လှုပ်ခါသွားခဲ့သည်။ မြှားတစ်ချောင်းပုံစံ တဟုန်ထိုးချီတက်နေကြသည့် မဟာထန်မြင်းတပ်သားအယောက်သုံးဆယ်တို့၏ ပြင်းထန်သော ခွန်အားကို ဖော်ပြရန်မဖြစ်နိုင်ပေ။ သူတို့သည် သူတို့လမ်းတစ်လျှောက်ရှိ ဓားပြများနှင့် မြင်းစီးဓားပြများကို သတ်ဖြတ်သွားခဲ့ကြသည်။
မြင်းများ၏ ဟီသံများသည် သေမတတ်အော်သံများ၊ ခန္ဓာအချင်းချင်း တိုက်မိသံများ၊ အရိုးကျိုးပဲ့သံများနှင့် ရောနှောနေခဲ့သည်။ ထိုသည်မှာ အလွန်အမင်းထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုနှင့် ဘာမျှမထူးတော့ပေ။
တခဏလေးအတွင်းမှာပင် မြင်းစီးဓားပြ အယောက်နှစ်ဆယ်ကျော်သည် ကြီးမားသည့် ကျိုးပဲ့မှုများ ခံစားလိုက်ကြရပြီး တဟုန်ထိုးချီတက်တိုက်ခိုက်မှု၏ ခွန်အားကြောင့် လေထဲသို့ တိုက်ထုတ်ခြင်းခံလိုက်ကြရသည်။
ဤအချိန်တွင် သာမန်မြင်းတစ်ကောင်နှင့် စစ်ဖက်ဆိုင်ရာ စစ်မြင်းတစ်ကောင်ကြား ကွာဟချက်ကို အလွန်ထင်ရှားစွာ ပြသခဲ့သည်။ ခွန်အားအရာတွင်ဖြစ်စေ၊ ခံနိုင်ရည်တွင်ဖြစ်စေ၊ သို့မဟုတ် အရွယ်အစားတွင်ဖြစ်စေ စစ်ဖက်ဆိုင်ရာ စစ်မြင်းများသည် ဤမြင်းစီးဓားပြများ၏ အိမ်မွေးမြင်းများထက် များစွာ သာလွန်နေခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ ရည်ရွယ်ချက် ဓားပြများနှင့် မြင်းစီးဓားပြများကို အဓိကလမ်းမပေါ်သို့ မျှားခေါ်လာခြင်းနှင့် သူတို့၏ ဖွဲ့စည်းပုံကို ကျဉ်းမြောင်းပြီးရှည်လျားစွာ ဆွဲဆန့်စေခဲ့ခြင်းမှာလည်း လုံးဝအစွမ်းပြနေခဲ့သည်။
ထုံးစံအရဆိုလျှင် မြင်းတပ်၏ ခွန်အားအပြည့်ကို ကျယ်ပြောသော လွင်ပြင်များတွင်သာ ထုတ်ဖော်နိုင်ကြသည်။ သို့သော်လည်း ဝမ်ချောင်၏ တပ်စုကဲ့သို့သော သေးငယ်သည့် တပ်စုတစ်ခုအတွက်ဆိုလျှင် ဤသို့သော ကျဉ်းမြောင်းသည့် နေရာတစ်ခုသည် ပို၍ အကျိုးသက်ရောက်မှုရှိကြောင်း သက်သေပြပေလိမ့်မည်။
အဓိကလမ်းမသည် စစ်မြင်းခြောက်ကောင် တစ်ပြိုင်တည်း ဖြတ်သန်းရန်သာ လုံလုံလောက်လောက် ကျယ်ပြန့်သည်။ မြင်းစီးဓားပြများနှင့် ဓားပြများအရေအတွက်သည် မည်မျှရှိကြပါစေ သူတို့ထဲမှ ခြောက်ဦးသာ ဝမ်ချောင်၏ တပ်သားများနှင့် ရင်ဆိုင်နိုင်ကြပေလိမ့်မည်။ အထူးသဖြင့် မဟာထန်စစ်သည်များ၏ ပြောင်မြောက်သည့် ခွန်အားနှင့် ပူးပေါင်းလုပ်ဆောင်မှုကို ထည့်သွင်းစဉ်းစားလိုက်ပါက ဤသည်မှာ သူတို့ကို အသာစီးရသည့် အခြေအနေတစ်ခုသို့ ရောက်ရှိစေခဲ့သည်။
ဟီးးး
ရှေ့တန်းအရေးနိမ့်သွားခြင်းနှင့်အတူ ထိုမြင်းစီးဓားပြများသည် ဝမ်ချောင်၏ တပ်သားများကို အံတုရန် အရှိန်အဟုန်ကို ဆုံးရှုံးသွားခဲ့ကြပြီဖြစ်သည်။ လက်ရှိအချိန်တွင် သူတို့သည် ရိတ်သိမ်းခံရရန် စောင့်ဆိုင်းနေကြသည့် ထိုးထိုးထောင်ထောင်ဖြစ်နေကြသော ပေါင်းပင်များနှင့် မခြားနားတော့ပေ။
ပူး ပူး ပူး
မဟာထန်မြင်းတပ်သားသုံးဆယ်တို့၏ လှံများသည် သူတို့၏ လမ်းကြောင်းတွင် ရပ်နေကြသည့် မြင်းစီးဓားပြများကို လျင်မြန်စွာ ထိုးဖောက်သွားခဲ့ကြပြီး ပြန်နှုတ်ယူသွားခဲ့ကြသည်။ ပျမ်းမျှအားဖြင့် မြင်းစီးဓားပြတစ်ဦးစီသည် ခြောက်ချက်မှ ခုနစ်ချက်ခန့်အထိ အထိုးခံသွားရလေ့ရှိသည်။ သူတို့ ဖြတ်သွားသည့်နေရာတိုင်း မြင်မကောင်းအောင်ထိုးဖောက်ခံထားရသည့်အလောင်းများကို နောက်တွင် ချန်ထားခဲ့ပေလိမ့်မည်။
ဤသည်မှာ ဝမ်ချောင်နှင့် မြင်းစစ်သည် သုံးဆယ်တို့အတွက် လုံးဝပုံမှန်သာဖြစ်ပုံရသည်။ သို့သော် ဤသို့သော မြင်ကွင်းကို ယခင်က မမြင်ခဲ့ဖူးသည့် ပိုင်စီလင်အတွက် ဤသည်မှာ လုံးဝစိတ်ကူးကြည့်၍မရနိုင်လောက်အောင်ပင်။
တစ်ဖက်တွင်မူ မြင်းစီးဓားပြများနှင့် ဓားပြများအတွက် မဟာထန်မြင်းစစ်သည် သုံးဆယ်တို့သည် သတ်ဖြတ်သည့်စက်နှင့် မခြားနားတော့ပေ။ မြင်းစစ်သည်များ သူတို့ဆီ တဖြည်းဖြည်းချဉ်းကပ်လာသည်ကိုကြည့်ကာ သူတို့လည်ပင်းပေါ်သို့ မမြင်ရသည့်ကြိုးကွင်းတစ်ခု တဖြည်းဖြည်းတင်းကြပ်လာသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့သည် သူတို့နိုးထမလာနိုင်တော့မည့် အိပ်မက်ဆိုးထဲ ရောက်နေခဲ့ကြသည်။
သိပ်မကြာမီမှာပင် ရှေ့တန်းမှ မြင်းစီးဓားပြလေးဆယ်တို့သည် လမ်းတစ်လျှောက်လဲလျောင်းနေကြသည့် အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။ ကြက်သွေးရောင်သွေးများနှင့် အသားစများသည် မြေပြင်အနှံ့ပြန့်ကျဲနေခဲ့ကြသည်။
တစ်ယောက်သည် အရွယ်အစားအသင့်အသင့်ရှိသော မြင်းတပ်စုတစ်ခုကို သူတို့၏ အရေအတွက်ဖြင့် လုံးဝမတိုင်းတာသင့်ပေ။ အတားအဆီးအနည်းငယ်သာရှိသော မြေပြန့်လွင်ပြင်တွင် မြင်းတပ်သားတစ်သောင်းအတွက် သုံးသိန်းရှိသော ခြေလျင်တပ်သားများကို ချေမှုန်းရန်ဖြစ်နိုင်သည်။
ဤအရာကို များစွာ နားမလည်ထားသော လူများသည် သူတို့ကိုယ်သူတို့ ဖျက်ဆီးခြင်းဖြင့်သာ အဆုံးသတ်ရပေလိမ့်မည်။
"သတ်"
ခြောက်ဆယ်သော သံမဏိဝတ်ရုံမြင်းစီးဓားပြများ တုံ့ပြန်နိုင်ခြင်းမရှိမီ ဝမ်ချောင်၏ မြင်းစစ်သည်သုံးဆယ်သည် ယခင်က တောင်စောင်းပေါ်တွင် ချထားခဲ့သော မြင်းစစ်သည် ဆယ်ဦးနှင့်အတူ အတူတကွ ပူးပေါင်းသွားခဲ့ပြီဖြစ်သည်။
ထပ်ပေါင်းလာသည့် မြင်းစစ်သည်ဆယ်ဦးနှင့်အတူ အားကောင်းနေပြီဖြစ်သော ဝမ်ချောင်၏ တပ်စုသည် ပို၍ပင် အားကောင်းလာခဲ့သည်။
ဟောင်းလောင်
တုံ့ဆိုင်းနေခြင်းမရှိဘဲ ဝမ်ချောင်၏ လေးဆယ်သော မြင်းစစ်သည်များသည် ခြောက်ဆယ်သော မြင်းစီးဓားပြအုပ်စုထဲသို့ ဆက်လက်၍ ရက်စက်ကြမ်းကြုတ်စွာ တဟုန်ထိုး ချီတက်တိုက်ခိုက်လိုက်ကြသည်။ ပြန်လည်တိုက်ခိုက်သည့်အချိန်မှစ၍ ယခုအချိန်အထိ စက္ကန့်အနည်းငယ်သာ ကုန်ဆုံးခဲ့သေးသည်။
ဟီးးး
မြင်းများသည် မြင်းများနှင့် တိုက်မိသွားခဲ့ကြပြီး လှံများသည် ဆေဘာဓားများနှင့် တိုက်ခိုက်လိုက်ကြသည်။ တူညီသော မြင်ကွင်းသည် နောက်တစ်ခေါက် ထပ်ဖြစ်လာခဲ့သည်။ သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ မြင်းစီးဓားပြအဖွဲ့ဝင်များသည် ရှေ့ဆုံးတွင် နေရာယူထားခဲ့ကြသည့် အခြားမြင်းစီးဓားပြများထက် ပို၍ သန်မာကြပြီး မဟာထန်တရားဝင်စစ်သည်များ၏ ခွန်အားကို မီလုနီးပါးပင်။
မည်သို့ဆိုစေကာမူ ထိုသည်က သူတို့သည် ဝမ်ချောင်တို့အုပ်စုထက် အားနည်းနေသေးသည့် အချက်ကိုတော့ ဟန့်တားနိုင်ခဲ့ခြင်းမရှိပေ။ အလွန်ပြင်းထန်သော စစ်မြေပြင်တစ်ခုတွင် ထိုသည်က အဆုံးစွန်သောရလဒ်အတွက် ကြီးမားသောကွာဟချက်တစ်ခုကို ဖြစ်စေပေလိမ့်မည်။
ဘုန်းးး
စစ်မြင်းများ၏ တိုက်မိခြင်းကြောင့် မြင်းအတော်များများနှင့် သူတို့၏ သခင်များသည် လုံးဝအလေးချိန်မရှိသကဲ့သို့ ကျန့်အတော်ဝေးသည့် လေထဲသို့ ဖြိုခွင်းခြင်း ခံလိုက်ကြရသည်။
ထို့အပြင် သူတို့သည် လေထဲ၌ တိမ်းရှောင်ရန် ကြိုးပမ်းခဲ့ကြသော်ငြားလည်း ချွန်ထက်သောလှံများက သူတို့ မြေပြင်ပေါ်သို့ ပြန်မကျသွားမီ သူတို့၏ အရေးကြီးသော အစိတ်အပိုင်းများကို ထိုးဖောက်ရန် လေထဲမှတဆင့် ပစ်ခတ်လာခဲ့ကြသည်။
စီးကျလာနေသော သွေးမိုးများသည် မြင့်တက်လာနေသည့် နေမင်းကြီး၏ တောက်ပသော လိမ္မော်ရောင် အလင်းရောင်ဆီသို့ ကြက်သွေးရောင်အရိပ်အာဝါသကို ယူဆောင်လာစေခဲ့သည်။
ထိုမြင်းစီးဓားပြများသည် သန်မာပြီး ရက်စက်ကြမ်းကြုတ်ကြသော်လည်း သူတို့သည် ကောင်းစွာ လေ့ကျင့်ထားခဲ့သည့် မဟာထန်မြင်းတပ်အတွက် ပြိုင်ဖက်မဟုတ်သေးပေ။
ဘုန်း ဘုန်း ဘုန်း ဘုန်း
လှံများကို မြွေပွေးများကဲ့သို့ ပစ်လိုက်ခြင်းနှင့်အတူ ထိုမြင်းစီးဓားပြများသည် တစ်ယောက်ပြီးတစ်ယောက် ဘုန်းခနဲ ပြုတ်ကျသံများနှင့် ပြုတ်ကျကုန်ကြသည်။ ထိုသည်မှာ ရိုးစင်းသည့် တိုက်ခိုက်ခြင်းနည်းဗျူဟာဖြစ်သော်လည်း လက်ရှိတွင် ၎င်းသည် နက်နဲသိမ်မွေ့သည့် သိုင်းပညာရပ်များထက် များစွာပို၍ အကျိုးသက်ရောက်မှုရှိသည်။
"ထွက်ပြေး"
"ပြန်ဆုတ် ပြန်ုဆုတ်"
"ငါတို့ သူတို့ရဲ့ ထောင်ချောင်ထဲ ကျသွားခဲ့ပြီ ငါတို့ ပြန်ပြီး အုပ်စုဖွဲ့ဖို့လိုတယ်။"
ကြောက်လန့်နေသည့် အသံများသည် လမ်းမတစ်လျှောက်လုံး ပဲ့တင်ထပ်နေခဲ့သည်။
ခြောက်ဆယ်သော သံမဏိဝတ်ရုံ မြင်းစီးဓားပြများသည် သူတို့၏ သက်တူရွယ်တူများထက် သိသာစွာ သန်မာကြသည်။ သို့သော် မည်သို့ဆိုစေကာမူ သူတို့သည် သူတို့၏ဖွဲ့စည်းပုံ မပျက်စီးမီ တခဏတာမျှတောင့်ခံနိုင်ရုံ တောင့်ခံနိုင်ခဲ့ကြသည်။
ဤလုံးလုံးလျားလျားရှုံးနိမ့်မှုသည် သူတို့ကို ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာနှစ်ခုစလုံစကို ပျက်စီးသွားစေခဲ့ပြီး သူတို့၏စိတ်ထဲမှ ပြန်လည်ခုခံရန် မည်သည့်အတွေးကိုမဆို ပျောက်ကွယ်သွားစေခဲ့သည်။
ဤသည်က ကွာဟချက်မည်မျှ ကြီးမားသလဲဆိုသည်ပင်။
ဒီးဒါဒါ
ရန်သူ၏ တဟုန်ထိုးချီတက်တိုက်ခိုက်မှုအောက်တွင် ရှေ့တန်းမည်သို့ ကျသွားသလဲဆိုသည်ကို ကြည့်ကာ နောက်ရှိ ဓားပြများနှင့် မြင်းစီးဓားပြများသည် လျင်မြန်စွာလှည့်လိုက်ကြပြီး ထွက်ပြေးလိုက်ကြသည်။
"ချီတက်"
ပြတ်သားစွာအော်လိုက်ကာ အေးစက်သည့် အလင်းရောင်တစ်ခု ဝမ်ချောင်၏ မျက်လုံးထဲ ဖြတ်ပြေးသွားခဲ့သည်။
စစ်မြေပြင်တွင် ကြောက်ရွံ့မှုကြောင့် ဆုတ်ခွာသွားသော စစ်တပ်တစ်ခုသည် ကျူးလွန်နိုင်သမျှ အကြီးမားဆုံး အမှားများထဲမှ အမှားတစ်ခုပင်။
သီအိုရီကျကျဆိုရလျှင် လူတစ်ယောက်သည်လည်း မြင်းကျောပေါ်တွင် ရှိခဲ့လျှင်ပင် သူတို့သည် အနည်းဆုံး သူတို့၏ ရန်သူများမှ တိကျသည့် အကွာအဝေးတစ်ခုကို ထိန်းသိန်းထားနိုင်သင့်သည်။ ၎င်းက သူတို့ကို အနည်းဆုံး သူတို့၏ လိုက်ဖမ်းသူများကို ပိုကြာစေပြီး အောင်မြင်စွာလွတ်မြောက်စေနိုင်မည့် အခွင့်အရေးကို ကိုယ်စားပြုသည်။ သို့သော်လည်း လက်တွေ့သည်တော့ ထိုမျှ ရိုးရှင်းမနေခဲ့ပေ။
အရှိန်မြှင့်တင်ရပေမည်။ ချီတက်တိုက်ခိုက်မှုကို ဦးစွာစတင်သည့်အဖွဲ့သည် အမြန်နှုန်းအရ အမြဲအသာစီးရနေပေလိမ့်မည်။
ဤနေရာတွင် ဝမ်ချောင်တို့ အဖွဲ့သည် တော်တော်လေးမြန်နေခဲ့ပြီဖြစ်ပြီး ထွက်ပြေးနေသည့် မြင်းစီးဓားပြများသည်တော့ အရှိန်အဟုန်ကို သုည မှ စတင်ခဲ့ကြသည်။ ဆိုလိုသည်မှာ ထိုမြင်းစီးဓားပြများသည် ဝမ်ချောင်နှင့် သူ့အုပ်စုကို အရေးကြီးသည့် စက္ကန့်အတော်များများလောက် ယှဉ်နိုင်လိမ့်မည်မဟုတ်ပေ။
ထို့အပြင် သူတို့ထွက်ပြေးနေစဉ် ပရမ်းပတာဖြစ်ခြင်းများကိုပါ ထည့်သွင်းစဉ်းစားလိုက်ပါက မြင်းစီးဓားပြများသည် တစ်ယောက်၏လမ်းကြောင်းကို တစ်ယောက်ပိတ်ဆို့မိဖို့ အလားအလာများသည်။ ထို့ကြောင့် သူတို့ကို လွတ်မြောက်ရန် ပို၍ပင် အလားအလာမရှိဖြစ်စေခဲ့သည်။
"အား"
မဟာထန်မြင်းစစ်သည်များက ထွက်ပြေးနေကြသော လူအုပ်ကြီးကို ဖြိုဖျက်လိုက်စဉ် ဝမ်းနည်းဖွယ်ရာအော်သံများ ထွက်ပေါ်လာခဲ့သည်။ သူတို့၏ လက်များထဲရှိ လှံများသည် သူတို့အနားသို့ ရောက်လာသည့် ရန်သူတိုင်းကို တိုက်ခိုက်ရန် လျင်မြန်စွာ လှုပ်ရှားသွားခဲ့ကြကာ သူတို့လမ်းကြောင်းသို့ ရောက်လာသည့် အရာရာတိုင်းကို ဖျက်ဆီးပစ်နေခဲ့ကြသည်။
ပူး ပူး ပူး
တစ်၊ နှစ်၊ သုံး... တစ်ဆယ်... နှစ်ဆယ်...
ထိုသို့ဖြင့် ၎င်းက ငရဲသည် အဓိကလမ်းမ၏ ထိုကျန့်သုံးဆယ်လမ်းတိုလေးအပေါ် ပေါ်ပေါက်လာသကဲ့သို့ ခံစားရစေသည်။ ဓားပြများနှင့် မြင်းစီးဓားပြများသည် နတ်ဆိုးများက သူတို့ကို လိုက်လံဖမ်းဆီးနေသကဲ့သို့ ထွက်ပြေးနေခဲ့ကြပြီး နောက်ကျကျန်နေခဲ့သည့် လူများသည်တော့ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံလိုက်ကြရသည်။
တစ်ချို့နေရာတွင် မြင်းစီးဓားပြအချို့သည် သူတို့ ဤပုံစံဖြင့် လွတ်မြောက်လိမ့်မည်မဟုတ်သည်ကို သိသောကြောင့် ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း သူတို့ တွေ့ဆုံလိုက်ရသည့်အရာမှာ လှံထိပ်အစုလိုက်အပြုံလိုက်ကြီးပင်။
"မြန်မြန် တောင်စောင်းပေါ် ထွက်ပြေးကြစို့။"
နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် သူတို့က အဓိကလမ်းမပေါ်တွင် ဝမ်ချောင်ကို အန်တုရန် မဖြစ်နိုင်သည်ကို နားလည်သွားခဲ့သည်။ ထို့ကြောင့် သူသည် ထူထပ်သော ချုံနွယ်ပိတ်ပေါင်းများဖြင့်ပြည့်နှက်နေသည့် တောင်စောင်းပေါ်သို့ လူအနည်းငယ်ကို ဦးဆောင်လိုက်သည်။
"လိုက်"
တွေးတောမနေဘဲ မဟာထန်မြင်းစစ်သည်များသည်လည်း သူတို့ကို လိုက်ဖမ်းရန် တောထဲသို့ ချီတက်ရန် ပြင်ဆင်လိုက်ကြသည်။
"ရပ်လိုက်။ သူတို့ကို ထွက်ပြေးပါစေ။"
ဝမ်ချောင် သူ့လက်ကို မြှောက်လိုက်ပြီး ခိုင်မာစွာ ပြောလိုက်သည်။
မြင်းစစ်သည်များသည် ချက်ချင်း သူတို့၏ လှုပ်ရှားမှုများကို ရပ်လိုက်ကြပြီး တောတောင်ထဲမှ ပြန်ထွက်လာခဲ့ကြသည်။
အမိန့်များကို လိုက်နာခြင်း..။
ဤသည်မှာ စစ်သည်တစ်ဦး၏ အခြေခံအကျဆုံး စည်းကမ်းဖြစ်သည်။
ဝမ်ချောင် ပြသခဲ့သည့် စွမ်းရည်များသည် လူတိုင်း၏ ယုံကြည်မှုကို သိမ်းပိုက်ခဲ့သည်။ ဤအချိန်တွင် လူတိုင်းသည် သူ့ကို သူတို့၏ တကယ့်ခေါင်းဆောင်အဖြစ် သဘောထားနေခဲ့ကြပြီဖြစ်သည်။ တော်ဝင်ရုံးတော်က သူတို့ဆီ ပို့လွှတ်လိုက်သော တစ်ယောက်အဖြစ်သာမဟုတ်တော့ပေ။
"ခွေးတစ်ကောင်ကို ချောင်ပိတ်တာက ဉာဏ်ရှိရာမကျဘူး။ သူတို့က မြင်းစစ်သည်အနည်းငယ်နဲ့ ဓားပြအနည်းငယ်သာသာပဲ သူတို့က အများကြီး ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး။ သူတို့ကို သွားပါစေ။"
ဝမ်ချောင်သည် သူ့မြင်းဇက်ကြိုးကို ဆွဲလိုက်ကာ အမှုမထားသလို ပြောလိုက်သည်။
သူအမူအရာသည် တည်ငြိမ်အေးဆေးပြီး သူ့မျက်လုံးထဲ၌ ဉာဏ်ပညာများက ထင်ဟပ်နေခဲ့သည်။ ယခုလေးတင် သွေးဆူသည့် တိုက်ခိုက်မှု ပြုလုပ်ခဲ့သော်ငြားလည်း တည်ငြိမ်အေးဆေးသော ဟန်ပန်က သူ့ဆီ စိမ့်ဝင်ပျံ့နှံ့နေပုံရသည်။
ဝမ်ချောင်ကိုယ်တိုင်ပင်လျှင် သတိမထားမိသည်မှာဖြစ်နိုင်သည်။ သို့သော် ဤအချိန်တွင် သူသည် ဆယ့်ခြောက်နှစ်အရွယ် လူငယ်လေးအစား အတွေ့အကြုံရင့်သည့် စစ်သူကြီးတစ်ဦးနှင့် ပိုတူပေသည်။
"ဟုတ်ကဲ့ပါ အရှင်"
ထိုအုပ်စုသည် ညီညာစွာ ပြန်ဖြေလိုက်ကြသည်။ သူတို့၏ အမူအရာများနှင့် လှုပ်ရှားမှုများတွင် လေးစားမှုများကို ပြသနေခဲ့ကြပြီး စစ်တပ်ထဲတွင် အဆင့်မြင့်ကွပ်ကဲသူတစ်ဦးရှေ့၌ စစ်သည်တစ်ဦး မည်သို့ ပြုမူသည်နှင့် ဆင်တူပေသည်။
တစ်ချိန်တည်းမှာပင် တိုက်ပွဲက ပြီးဆုံးသွားပြီကို သူတို့အား ရုတ်တရက် သဘောပေါက်သွားစေခဲ့သည်။ ထွက်ပြေးလွတ်မြောက်သွားနိုင်ခဲ့သည့် ဓားပြများနှင့် မြင်းစီးဓားပြအနည်းငယ်မှလွဲ၍ ကျန်သည့်လူများသည် လုံးဝချေမှုန်းခံလိုက်ရသည်။
သူတို့နောက်ရှိ လမ်း၏ ကျန့်လေးဆယ်အရှည်သည် အသက်ဝင်လာသည့် ငရဲကဲ့သို့ပင်။ တာခ့်များ၊ တိဗက်များ၊ ဂိုဂူလျောများ၊ ဟန်များ၊ အာရပ်များ၊ ပါရှားများ... မတူညီသည့် ဇာတိများမှ ဓားပြများနှင့် မြင်းစီးဓားပြများ၏ ရုပ်အလောင်းများသည် ထိုနေရာအနှံ့ပျံ့ကျဲနေခဲ့ကြသည်။ မြင်းသေကောင်များ၊ စုတ်ပြဲနေသည့် ခြေလက်အင်္ဂါများ၊ ပေါက်ထွက် နေသော အူများ...တကယ့်ကို ကြောက်စရာကောင်းသည့် မြင်ကွင်းပင်။
လတ်ဆတ်သည့် သွေးများသည် အလောင်းများမှ ဖြည်းညင်းစွာ စီးဆင်းနေခဲ့ပြီး လမ်းပေါ်သို့ သူတို့ရောက်နိုင်သလောက် စီးဆင်းနေခဲ့ကြသည်။ ထိုနေရာ၌ သွေးနံ့များ တထောင်းထောင်းပျံ့နှံ့နေခဲ့ကာ ၎င်းကို ကျင့်သားမရသေးသော သူများအတွက် ပျို့အန်ခြင်းကို ဖြစ်စေရန် ခြိမ်းခြောက်နေသည်။
အော့
ပိုင်စီလင်သည် တိုက်ပွဲအလယ်တွင် ဤအရာအားလုံးကို သတိမထားမိခဲ့သေးပေ။ သို့သော် တိုက်ပွဲပြီးဆုံးပြီးသည်နှင့် အရာအားလုံးသည် သူမကို တစ်ချိန်တည်း ထိုးနှက်လာခဲ့သည်။ သူမသည် မတတ်နိုင်ဘဲ အော့အန်ချင်သလို ခံစားလိုက်ရသည်။ သူမသည် အားကောင်းပြီး သန်မာသော စိတ်ဓာတ်ကြံ့ခိုင်မှုရှိသည့်တိုင် သူမသည် မိန်းမပျိုတစ်ဦး ဖြစ်နေဆဲပင်။
သူမသည် ဤသို့သော ရက်စက်သည့် မြင်ကွင်းမျိုးကို မည်သို့ မြင်တွေ့ခဲ့ဖူးမည်နည်း။
ပိုင်စီလင်၏ ခန္ဓာကိုယ်တုန်ခါသွားခဲ့သည်။ တားဆီး၍မရနိုင်သော သွေးနံ့တထောင်းထောင်းသည် သူမ၏ အာရုံများကို အဆက်မပြတ် နိုးဆွနေခဲ့ပြီး သူမကို အန်ချင်စိတ်ဖြစ်စေသည်။
ဟွမ်းး
သူမသည် မြင်းပေါ်မှ လျင်မြန်စွာ ခုန်ဆင်းလိုက်ပြီး လမ်းဘေးသို့ ပြေးလိုက်ကာ စတင်၍ ပြင်းထန်စွာအော့အန်တော့သည်။ လွန်ခဲ့သောနေ့က သူမ စားခဲ့သမျှ အရာအားလုံးသည် သူမဆီမှ ပြန်အန်ထွက်သွားခဲ့သည်။
မသက်မသာဖြစ်မှုကြောင့် သူမ၏ မျက်လုံးများမှ မျက်ရည်များပင် ကျဆင်းလာခဲ့သည်။
"ဒါက မင်းရဲ့ပထမဆုံးအကြိမ်ပဲ ဟုတ်တယ်မလား။ မင်း အသားကျသွားတဲ့အခါ အဆင်ပြေသွားပါလိမ့်မယ်။"
မထုံတတ်သေးအသံတစ်ခုက သူမနောက်မှနေ၍ ထွက်ပေါ်လာခဲ့သည်။ သူမ မသိလိုက်ဘဲ ဝမ်ချောင်သည် သူမနောက်တွင် ရပ်နေခဲ့ပြီဖြစ်သည်။
အသန်မာဆုံးအမျိုးသမီးများပင် သူတို့၏ အားနည်းသည့်ပုံစံတစ်ခုရှိသည်။ ဤသည်မှာ ဝမ်ချောင်သည် ပိုင်စီလင်၏ အမြင်မတော်သည့် ပုံစံကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
"နင် ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။"
ပိုင်စီလင်သည် သူမ၏ အော့အန်ချင်စိတ်ကို ထိန်းလိုက်သည်။ သို့သော် နောက်တခဏတွင် နောက်ထပ်အန်ချင်စိတ်သည် သူမအတွင်းမှနေ၍ လှိုက်တက်လာခဲ့သည်။ သူမသည် နောက်တစ်ခေါက် ထပ်အန်လိုက်သည်။
"မင်း ဘာကိုပြောတာလဲ။"
ဝမ်ချောင်သည် ပိုင်စီလင်၏ မေးခွန်းကြောင့် ထူးဆန်းသွားခဲ့သည်။
မြေပေါ်တွင် ချည့်နဲ့စွာ ဒူးထောက်လျက် ပိုင်စီလင်မေးလိုက်သည်။
"နင် ဘယ်လိုလုပ်လိုက်တာလဲ။ နင်က ဒီအရာရဲ့ရှေ့မှာ ဘာလို့ မအန်တာလဲ။"
ဝမ်ချောင်သည် ရုတ်ချည်းမေးခွန်းကြောင့် မှင်သက်သွားခဲ့သည်။ သေခြင်းတရားနှင့် ပထမဆုံးပက်ပင်းကြုံတွေ့ရသောအခါ တစ်ယောက်သည် သူတို့အတွင်း၌ အော့အန်ချင်စိတ်ကို အလိုလိုခံစားရပေလိမ့်မည်။
ဝမ်ချောင်သည်လည်း ချို့ယွင်းချက်မဟုတ်ခဲ့ပေ။ ဤသည်မှာ သူ့ ပထမဆုံးအကြိမ်မဟုတ်ခဲ့ရုံပင်။
သူ့အတွေးများသည် ပိုင်စီလင်၏ စကားနှင့်အတူ အဝေးသို့ လွှင့်ပျံသွားခဲ့သည်။