အခန်း (၃၄၆-၃၅၀)
Vol. 15 Ch. 346-350
အပိုင်း ၃၄၆ ထိပ်တိုက်တွေ့ဆုံခြင်း
သူ့ယခင်ဘဝတွင် သူသည် ကြက်တစ်ကောင်ပင် မသတ်ခဲ့သည့် နူးညံ့ကြင်နာတတ်သော လူတစ်ယောက်ဖြစ်ခဲ့သည်။ လူတစ်ယောက်ဆိုလျှင် ပြောစရာပင်မလိုပါချေ။
သို့သော် လူများသည် ပြောင်းလဲသွားတတ်ကြသည်။
အကယ်၍ လောကကြီးသည် လူတစ်ဦးကိုဖန်ဆင်းနိုင်လျှင် သူ့ကိုလည်း ပြောင်းလဲစေနိုင်မည်မှာ သံသယရှိစရာမလိုပေ။
သူ့ယခင်ဘဝတွင် ခြေဦးတည့်ရာလျှောက်သွားနေသည့် အချိန်တုန်းက ဝမ်ချောင်သည် စစ်တပ်အကြီးအကဲအချို့၏ မျက်စိများကို ဖမ်းစားသွားခဲ့ပြီး သူတို့၏ ထိန်းကျောင်းပေးခြင်းကို ခံခဲ့ရသည်။ ထိုအချိန်တုန်းက ဝမ်ချောင်သည် လူတစ်ဦးကို ပထမဆုံးသတ်ခဲ့ဖူးခြင်းပင်။
ထိုလူ၏ခေါင်းမှ အနီနှင့်အဖြူရောနှောနေသည့် အရည်များ စီးထွက်လာသည်ကို မြင်လိုက်ရသောအခါ သူသည် အူကလီစာများ အန်ထွက်လုနီးပါးဖြစ်သွားခဲ့ရသည်။ သူသည် ပိုင်စီလင် ယခု ကြုံတွေ့နေရသော အခြေအနေထက် ပိုဆိုးခဲ့သည်။
သို့သော် သူ့ရဲဘော်များနှင့် ညီအစ်ကိုများ တယောက်ပြီး တယောက် ကျဆုံးသွားသည်ကို ကြည့်ပြီး တောက်လောင်နေသော မီးတောက်များကြားတွင် သူ၏ ချစ်ခင်ရသော ဇာတိမြေ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ဝမ်ချောင်သည် နောက်ထပ် ဘယ်တော့မှ မအန်တော့ပေ။
သူ့စိတ်ထဲမှ အားနည်းချက်များကို ထုတ်ပစ်ပြီးနောက် ဝမ်ချောင်နှလုံးသားထဲတွင် ကျန်နေခဲ့သည်မှာ သန်မာမှုပင်။
ဤအရာအားလုံးကို ဝမ်ချောင်သည် ပိုင်စီလင်အား ထုတ်ပြောရန် ဆန္ဒမရှိပေ။
သူထမ်းဆောင်ထားရသည့် တာဝန်နှင့် ကျရှုံးခဲ့ပါက ဖြစ်လာမည့်အကျိုးဆက်များကို ပြန်အမှတ်ရလိုက်ကာ သူ့ဂုဏ်သိက္ခာဖြစ်စေ၊ မာန်မာနဖြစ်စေ သို့မဟုတ် စိတ်ခံစားချက်များဖြစ်စေ အရာအားလုံးတို့သည် နှိုင်းယှဉ်ရလျှင် ဘာမျှမဟုတ်တော့ပုံပေါ်သည်။
ပိုင်စီလင်နောက်တွင်ရပ်နေကာ ဝမ်ချောင် ဖြည်းညင်းစွာပြောလိုက်သည်။
"စီလင် ငါ ဘာလို့ မအန်ရတာလဲဆိုတော့ ငါ့အတွက် ဒီမြေပေါ်က ခြေပြတ်လက်ပြတ်တွေထက် ပိုပြီးအရေးကြီးတဲ့အရာတွေ ရှိနေသေးလို့ပဲ။ တကယ်လို့ ငါတို့က ဒီဓားပြတွေနဲ့ မြင်းစီးဓားပြတွေကို ချေမှုန်းဖို့ ကျရှုံးခဲ့ရင် မြေပြင်ပေါ်မှာလဲလျောင်းနေမယ့်သူတွေက ငါတို့ရယ်၊ ရှုကန်းနဲ့ ဟွမ်ရုံတုတို့ရယ် ဖြစ်လိမ့်မယ်။"
ပိုင်စီလင်သည် တခဏမျှအေးခဲသွားခဲ့ပြီး သူမ၏ ခေါင်းကို ဖြည်းဖြည်းချင်းမော့လိုက်သည်။ တစ်ခုခုက သူမ၏ နှလုံးသားကို ရိုက်ခတ်သွားခဲ့သကဲ့သို့ လူငယ်၏ မျက်နှာပေါ်ရှိ စိတ်ဓာတ်ကြံ့ခိုင်မှုကို ကြည့်နေခဲ့သည်။
ထိုခဏတွင် သူမခံစားနေရသည့် ပျို့အန်ချင်စိတ်နှင့် မသက်မသာဖြစ်နေသည့် ခံစားချက်တို့သည် သိသိသာသာ လျော့နည်းသွားခဲ့သည်။
"သွားကြစို့။ အချိန်က ဘယ်သူ့ကိုမှမစောင့်ဘူး။ ရှုကန်း၊ ဟွမ်ရုံတုနဲ့ တခြားသူတွေက ငါတို့ကို စောင့်နေကြတုန်းပဲ။"
ထိုစကားများကို ပြောလိုက်ကာ ဝမ်ချောင် ပိုင်စီလင်ဆီသို့ လက်တစ်ဖက် ကမ်းပေးလိုက်သည်။
ပိုင်စီလင်သည် ဝမ်ချောင်၏လက်ကို အလိုလိုဆုပ်ကိုင်လိုက်မိပြီး ထိုလက်မှနေ၍ သူမသည် ယခင်က မကြုံခဲ့ဖူးသော ယုံကြည်စိတ်ချရသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ထိုခဏတွင် သူမသည် သူမရှေ့ရှိ တည်တည်တံ့တံ့လူငယ်လေးနှင့် နက်ရှိုင်းသည့် ဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရသည်။
ကျား
မြင်းများပေါ်တက်လိုက်ကြကာ သူတို့အဖွဲ့သည် ကျန်ရှိနေသည့် ဓားပြများနှင့် မြင်းစီးဓားပြများဆီသို့ ဒုန်းဆိုင်းလိုက်ကြသည်။
"ခေါင်းဆောင် ခေါင်းဆောင်"
"သတင်းဆိုး"
မြင်းစီးဓားပြနှစ်ဦးတို့သည် သစ်တော၏ ညာဘက်မှနေ၍ ထွက်လာခဲ့ကြသည်။ သံမဏိဝတ်ရုံလီ၏ အနီးသို့ရောက်လာကြသည်နှင့် သူတို့သည် မြင်းများပေါ်မှ ခုန်ဆင်းလိုက်ကြပြီး သူ့ဆီ လျင်မြန်စွာ ပြေးသွားလိုက်ကြကာ ကြောက်ရွံ့စွာ ဒူးထောက်လိုက်ကြသည်။
"ကျွန်တော်တို့ရဲ့ညီအစ်ကိုတွေ အသတ်ခံလိုက်ရပြီ.."
"ရှင်းရှင်းပြောစမ်း။ ဘယ်လောက်အသတ်ခံခဲ့ရတာလဲ။ တခြားသူတွေရော ဘယ်မှာလဲ။"
သံမဏိဝတ်ရုံလီသည် အထက်စီးမှနေ၍ ထိုနှစ်ယောက်ကို ကြည့်လိုက်ကာ မျက်နှာမည်းမှောင်သွားခဲ့သည်။
"သူတို့အကုန်လုံးပဲ။ သူတို့အားလုံး သေသွားခဲ့ကြပြီ။ ကျွန်တော်တို့နှစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တယ်။"
ထိုသံမဏိဝတ်ရုံမြင်းစီးဓားပြနှစ်ယောက် တင်ပြလိုက်ကြသည်။ သူတို့၏ မျက်နှာများသည် အကြောက်တရားဖြင့် ဖြူလျော်နေခဲ့ကြသည်။
လုံရှီသို့သွားသည့် လမ်းကြောင်းတွင် သံမဏိဝတ်ရုံမြင်းစီးဓားပြအဖွဲ့ဝင်များသည် သေခြင်းတရားကို မကြောက်ကြသည့် ကြမ်းကြုတ်ပြီးရက်စက်သော လူများအဖြစ် ကျော်ကြားကြသည်။ သို့သော် အချိန်တိုအတွင်းမှာပင် သူတို့၏ သတ္တိများ လုံးဝ ဖျက်ဆီးခံလိုက်ရသည်။
ဓားပြလေးဆယ်နှင့် မြင်းစီးဓားပြခြောက်ဆယ်၊ ပေါင်း အယောက်တစ်ရာအုပ်စုသည် အချိန်တိုအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည်။
တစ်ဖက်တွင်မူ ဝမ်ချောင်တို့ဖက်မှ လူတစ်ယောက်မှ မသေခဲ့ပေ။
သူတို့ခံစားခဲ့ရသည့် အကြောက်တရားကို တူညီသောအခြေအနေမျိုးနှင့် မကြုံဖူးသူများအတွက် နည်းနည်းမျှပင် စိတ်ကူးကြည့်နိုင်ကြမည်မဟုတ်ပေ။
"ဘာကွ"
ထိုနှစ်ယောက် ပြောပြီးသည်နှင့်
ဘန်း ဘန်း
သူတို့သည် ချက်ချင်း လွင့်ထွက်သွားခဲ့ကြသည်။ သူ့လက်ဖဝါးကို ရုတ်သိမ်းလိုက်ကာ သံမဏိဝတ်ရုံလီ၏ မျက်နှာသည် မယုံနိုင်စရာကောင်းလောက်အောင် ဆိုးရွားနေခဲ့သည်။
သူနှင့် ကျောက်အန်းတို့သည် ထိုစစ်ဆင်ရေးတွင် ထိုအဖွဲ့နှင့် လိုက်မသွားခဲ့ကြသော်လည်း သူတို့သည် အခြေအနေအပေါ် မျက်ခြည်မပြတ်စောင့်ကြည့်နေခဲ့ကြသည်။ အဝေးမှ နားအူမတတ်အော်သံကို ပထမဆုံးကြားလိုက်ရသောအခါ တစ်ခုခုက မှားနေခဲ့ပြီဆိုသည်ကို သူတို့ သဘောပေါက်ခဲ့ကြပြီဖြစ်သည်။
သို့သော် သူ့အမြင်မှနေ၍ သူစေလွှတ်ခဲ့သော လူများသည် ထိပ်တန်းမြင်းစီးကျွမ်းကျင်ကြသော ကျွမ်းကျင်သူများ ဖြစ်ကြသောကြောင့် သူတို့သည် ရန်သူအတွက် ပြိုင်ဘက်မဟုတ်ခဲ့လျှင်ပင် ထွက်ပြေးနိုင်သင့်သည်။
ထွက်ပြေးစဉ်၌ပင် သူတို့ထဲမှ အချို့ကို သတ်ပစ်နိုင်ကောင်း သတ်ပစ်နိုင်ပေမည်။
သို့တိုင် သူစေလွှတ်ခဲ့သည့် လက်အောက်ငယ်သားတစ်ရာတို့သည် သူတို့ထဲမှ နှစ်ယောက်မှလွဲ၍ လွယ်ကူစွာ ရှင်းလင်းခံခဲ့ရသည်။ ဤသည်က သံမဏိဝတ်ရုံလီ၏ မျှော်လင့်ချက်များထက် များစွာကျော်လွန်ခဲ့သည်။
အမှန်တွင် ဤနှစ်ယောက်ကို တစ်ဖက်လူက သူ့ကို လှောင်ရန် တမင်သက်သက်လွှတ်ပေးခဲ့သည်ဟု သူ ခံစားနေရသည်။ ဤသည်က သူ့ကို ပို၍ဒေါသထွက်စေခဲ့သည်။
သူ့ဘေးရှိ စစ်ရေးအကြံပေးကို လှည့်ကြည့်လိုက်ကာ သံမဏိဝတ်ရုံလီမေးလိုက်သည်။
"ကျောက်အန်း မင်းဖက်က ပြင်ဆင်မှုတွေ ဘယ်လိုလဲ။"
"ကျွန်တော် အချိန်တချို့လိုပါသေးတယ်။ အဲကောင်က ဘယ်လောက်သတိရှိသလဲဆိုတာကို ထည့်သွင်းစဉ်းစားကြည့်လိုက်ရင် ကျွန်တော် ပြင်ဆင်မှုတွေ သေချာလုပ်ရပါမယ်။"
ကျောက်အန်းသည်လည်း အလားတူဆိုးရွားသည့် အမူအရာဖြင့် ပြန်ဖြေလိုက်သည်။
သံမဏိဝတ်ရုံမြင်းစီးဓားပြများတွင် အဖွဲ့ဝင်များစွာရှိသည်။ သို့သော် တိုက်ပွဲတစ်ခုတည်းတွင် သူတို့လူတစ်ရာအသတ်ခံရခြင်းသည် ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုဖြစ်နေဆဲဖြစ်သည်။
သူတို့အတွက် တစ်ခုတည်းသော ဖြေသိမ့်စရာမှာ အသတ်ခံခဲ့ရသည့် ဓားပြအများစုတို့သည် သူတို့ဆီ မကြာသေးမီမှ ဝင်ရောက်လာသည့် လူများဖြစ်နေခြင်းပင်။ အချိန်တစ်ခုကြာပြီးနောက် ဓားပြအသစ်များပေါ်ထွက်လာသောအခါ သူတို့သည် သူတို့၏ လူအရေအတွက်ကို ပြန်ဖြည့်နိုင်ပေလိမ့်မည်။
တစ်ဖက်တွင်မူ မြင်းစီးဓားပြအယောက်ခြောက်ဆယ်၏ သေဆုံးခြင်းသည် အမှန်ပင် အနည်းငယ် နောင်တရစဖွယ်ကောင်းလှသည်။ သို့သော် စိတ်သက်သာရာရစရာမှာ သူတို့သည် သံမဏိဝတ်ရုံမြင်းစီးဓားပြများတွင် အားနည်းသည့် အဖွဲ့များထဲမှ တစ်ခုဖြစ်နေခြင်းဖြစ်သည်။ သူတို့ထဲမှ လူနှစ်ဦးသာ အစစ်အမှန်သိုင်းပညာနယ်ပယ်သို့ ရောက်ခဲ့သေးသည်။
ထိုရှုထောင့်မှနေ၍ သိသာသည့်ဆုံးရှုံးမှုကို ခံစားခဲ့ရသော်ငြားလည်း သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ အူတိုင်သည် အကောင်းပကတိရှိနေသေးသည်။ ထို့ကြောင့် ဤထိုးနှက်ချက်မှ နလန်ထူရန် သိပ်ခက်လိမ့်မည်မဟုတ်ပေ။
"အင်း"
သံမဏိဝတ်ရုံလီ ခေါင်းညိတ်လိုက်သည်။ သူ သူ့လက်သီးကို တင်းကြပ်စွာဆုပ်လိုက်ပြီး နိမိတ်မကောင်းသည့် အရိုးကျိုးသံများက တောထဲမှ ထွက်ပေါ်လာခဲ့သည်။
"မင်း ပြီးတဲ့အခါ ငါကိုယ်တိုင် ဒီကောင်တွေကို ဆွဲဖြဲပစ်မယ်။"
ခုချိန်အထိ သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် မည်သည့်အရေးပါသောဆုံးရှုံးမှုကိုမျှ မခံစားခဲ့ရပေ။ သို့သော် အသက်တစ်ရှိုက်စာအတွင်း ဝမ်ချောင်တို့အုပ်စုသည် သူ့လူတစ်ရာကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။
လေးဆယ်သော မဟာထန်မြင်းစစ်သည်များကို သူ လျှော့တွက်ခဲ့သည်ကို သံမဏိဝတ်ရုံလီ ဝန်ခံရပေမည်။ တိုက်ခိုက်မှုစွမ်းရည်အရ သူတို့သည် တောင်စောင်းတွင် ပိတ်မိနေသော လူများထက် သေချာပေါက် သာပေသည်။
သို့သော် သူ့လုပ်ရပ်များကြောင့် ဝမ်ချောင်သည် သံမဏိဝတ်ရုံလီကို အမှန်တကယ် ရန်စခဲ့ပြီဖြစ်သည်။ အကယ်၍ ဝမ်ချောင်သည် လွန်ခဲ့သည့်အချိန်အနည်းငယ်ခန့်က သူ့ရဲမက်များ၏ သစ္စာရှိမှုကို အောင်မြင်ရန် သူ့ကို အသုံးချရန်သာ ရည်ရွယ်ထားခဲ့ပါက သူသည် သံမဏိဝတ်ရုံလီ၏ သတ်ကိုသတ်ရမည့် လူတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်သည်။
"အားလုံးအဆင်သင့်ဖြစ်တဲ့အခါ ငါ မင်းကို တောင်စောင်းမှာ ပိန်မိနေတဲ့လူတွေနဲ့အတူ သတ်ပစ်မယ်။"
သံမဏိဝတ်ရုံလီ ဒေါသတကြီးတဆတ်ဆတ်တုန်လျက် ပြောလိုက်သည်။
သူ့အမြင်တွင် တောင်စောင်းရှိလူများသည် လှောင်အိမ်ထဲရှိ ငှက်များကဲ့သို့ပင်။ ခုထိ သူတို့ကို သူ မသတ်ရသေးသည့် အကြောင်းအရင်းမှာ ဝမ်ချောင်နှင့် အခြားသူများကို ချည်နှောင်ထားပြီး သူတို့ကို ထွက်ခွာသွားခြင်းမှ တားဆီးရန်ဖြစ်သည်။
ဒီးဒါဒါ
ထိုအချိန်တွင် အဝေးမှ မြင်းခွာသံများထွက်ပေါ်လာခဲ့ပြီး မိုးကုပ်စက်ဝိုင်းအထိ ဖုန်မှုန့်များ လှိမ့်တက်နေသည်ကို မြင်နိုင်သည်။
လမ်းချိုးကို ကွေ့လိုက်ကာ ဝမ်ချောင်နှင့် ပိုင်စီလင်တို့သည် ရှေ့ဆုံးမှ ဦးဆောင်လာခဲ့ပြီး လေးဆယ်သော မဟာထန်မြင်းစစ်သည်များသည် သပ်ရပ်သည့် ပုံစံဖြင့် လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့သည်။
ဘုန်းးး
ဝမ်ချောင်တို့ အုပ်စုသည် လူအပြည့်အဝဖြင့် ပြန်ပေါ်လာသောအခါ တောင်စောင်းမှနေ၍ ရုတ်ချည်းဩဘာပေးသံများ ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့သည်။
ကျန်းလင်၊ ရှုကန်း၊ ဟွမ်ရုံတုနှင့် မဟာထန်မြင်းစစ်သည်အားလုံးတို့သည် စိတ်လှုပ်တရှားဖြင့် မတ်တပ်ရပ်လိုက်ကြသည်။
သူတို့တွင် ယခင်က မည်သည့် သဘောထားကွဲလွဲမှုများရှိခဲ့ပါစေ ဤသည်က ယခုအချိန်တွင် ဘာမျှမဟုတ်တော့ပေ။ သူတို့ရောက်နေသည့် စိတ်ပျက်အားငယ်မှုကြားတွင် ဝမ်ချောင်တို့ ပြန်ပေါ်လာခြင်းသည် မျှော်လင့်ချက်ရောင်ချည်တစ်ခုကို ဖော်ဆောင်ပေးခဲ့သည်။ သူတို့၏ ကိုယ်ခန္ဓာများသည် စိတ်လှုပ်ရှားမှုကြောင့် ထိန်းချုပ်နိုင်ခြင်းကင်းမဲ့စွာ စတင်တုန်ခါလာခဲ့ကြသည်။
"မယုံနိုင်စရာပဲ"
"သူ တကယ်ပဲ အောင်မြင်သွားခဲ့တယ်။"
"သူတို့က တကယ်ပဲ မြင်းစီးဓားပြနဲ့ ဓားပြအယောက်တစ်ရာကို သတ်ဖြတ်ခဲ့ကြတာလား။"
"သူတို့ သတ်ခဲ့ကြတယ် ပြီးတော့ သူတို့ရဲ့ရဲမက်လေးဆယ်စလုံး အကောင်းပကတိအတိုင်းရှိနေတာကြောင့် တစ်ယောက်မှ အသေအပျောက်လုံးဝ မရှိခဲ့ဘူး။"
လူတစ်ရာအုပ်စုမှ လူနှစ်ဦးသာ ပြန်လာခဲ့သည့် အချိန်ကတည်းက တောင်စောင်းတွင် ပိတ်မိနေခဲ့သည့် အုပ်စုသည် ရလဒ်ကို သိရှိခဲ့ကြပြီဖြစ်သည်။
သို့သော် ထိုစစ်ဆင်ရေးတွင် လေးဆယ်သော မြင်းစစ်သည်ကြား၌ တစ်ယောက်မှ အသေအပျောက်ရှိလိမ့်မည်မဟုတ်ဟု မည်သူမျှ မခန့်မှန်းထားခဲ့ကြပေ။
"ဒါက လုံးဝ မယုံနိုင်စရာပဲ အဲကောင် ဘယ်လိုလုပ်ခဲ့တာများလဲ။"
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် အသက်အောင့်ကာ အံ့အားတကြီးဖြင့် ရေရွတ်လိုက်ကြပြီး တောင်ကြားလမ်းတွင် ပေါ်လာနေသည့် ဝမ်ချောင်တို့ အုပ်စုကို စိုက်ကြည့်နေခဲ့ကြသည်။
သူတို့ကိုယ်တိုင် ဓားပြများနှင့် မြင်းစီးဓားပြများကို တိုက်ခိုက်ခဲ့ရသောကြောင့် သူတို့သည် သူတို့၏ အင်အားကို ကောင်းကောင်းကြီး နားလည်ထားခဲ့ကြသည်။ ဆယ်ခြောက်ယောက်ထက်ပိုသော ဝါရင့်စစ်မှုထမ်းများ ဤနေရာတွင် ထာဝရအိပ်စက်သွားခဲ့သည့် အချက်ဖြင့်ပင် သူတို့၏ ခွန်အားကို ထင်ဟပ်ပြသရန် လုံလောက်သည်ထက် ပိုပေသည်။
သို့သော် တစ်ရာထက်ပိုသော ဓားပြများနှင့် မြင်းစီးဓားပြများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသော်ငြားလည်း ဝမ်ချောင်နှင့် သူ့လူများသည် မည်သည့် ဆုံးရှုံးမှုကိုမျှ မခံစားခဲ့ရဘဲ သူတို့တစ်ယောက်ချင်းစီတိုင်းကို သုတ်သင်နိုင်ခဲ့သည်။
ဤသို့သော ရလဒ်တစ်ခုကို အံ့ဩဖွယ်ဖြစ်ရပ်တစ်ခုအဖြစ် ယူဆနိုင်ပေသည်။
ရှုကန်းနှင့် ဟွမ်ရုံတုတို့သည် သူတို့ကိုယ်သူတို့ ပြန်မေးလိုက်ကြသည်။ သို့သော် သူတို့သည် တူညီသည့်အခြေအနေသို့ ရောက်ရှိခဲ့ပါက သူတို့သည် တူညီစွာအောင်မြင်နိုင်ရန် မဖြစ်နိုင်သည်ကို နားလည်သွားခဲ့ကြသည်။
ပထမဆုံးအကြိမ်အနေဖြင့် သူတို့သည် ဝမ်ချောင်ပြသခဲ့သော စွမ်းရည်ကြောင့် နက်ရှိုင်းစွာ သဘောကျသွားမိခဲ့ကြသည်။
"ကောင်လေး မင်းရဲ့နာမည်ကို တင်ပြစမ်း။ မင်းက ဘယ်သူလဲ။"
ရှင်းလင်းပြီး ပြတ်သားသည့် အသံတစ်ခု ဓားပြများနှင့် မြင်းစီးဓားပြအုပ်လိုက်ကြီးထဲမှ ထွက်ပေါ်လာခဲ့သည်။
လမ်းတစ်ခုဖွင့်ပေးရန် လူအုပ်ကြားတွင် တခဏတာမျှ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ ဤလမ်း၏ အဆုံးတွင် သံမဏိဝတ်ရုံမြင်းစီးဓားပြတို့၏ ခေါင်းဆောင် သံမဏိဝတ်ရုံလီကို ကျောက်တုံးကြီးတစ်တုံးပေါ် မတ်တပ်ရပ်နေသည်ကို မြင်နိုင်သည်။
ထို ရှစ်ချီမျှ မြင့်မားသော ပုဂ္ဂိုလ်သည် ဤသို့သော အဝေးမှပင် ကြီးမားသည့် ဖိအားတစ်ခုကို ထုတ်ဖော်နေခဲ့သည်။ ဝမ်ချောင် ပြန်ပေါ်လာကတည်းက သူ့အေးစက်သည့်အကြည့်သည် ထိုလူငယ်အပေါ် စူးစိုက်ထားခဲ့ပြီဖြစ်သည်။
ဤအချိန်တွင် ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားခဲ့သည်။ တိုက်ခိုက်မှုအားလုံး ယာယီရပ်တန့်သွားခဲ့ကြပြီး ရာနှင့်ချီသော အကြည့်များသည် ဝမ်ချောင်ဆီ စုဝေးနေခဲ့ကြသည်။ ကျန်းလင်၊ ရှုကန်းနှင့် အခြားသူများပင်လျှင် သူ့ကို ကြည့်နေခဲ့ကြသည်။
ဤနေရာတွင် မကြုံစဖူးလေးလံလှသည့် လေထုတစ်ခု ဘွားခနဲပေါ်လာခဲ့သည်။
ရာချီသော အကြည့်များရှေ့၌ပင် ဝမ်ချောင်သည် အကြောက်အရွံ့လုံးဝမရှိဘဲ ရှေ့သို့ ဖြည်းညင်းစွာ တက်လာခဲ့သည်။
"သံမဏိဝတ်ရုံမြင်းစီးဓားပြ မဟာထန်ရဲ့တပ်ကို တိုက်ခိုက်ရဲဖို့ မင်းတို့ ဘယ်လောက်တောင် မျက်နှာပြောင်လိုက်သလဲ။ တော်ဝင်ရုံးတော်နဲ့ ရန်သူတစ်ယောက်ဖြစ်လာတာရဲ့ အကျိုးဆက်ကို မင်းတို့သိကြလား။"
သံမဏိဝတ်ရုံလီကို လျစ်လျူရှုလိုက်ကာ ဝမ်ချောင်သည် ဤနေရာရှိ ဓားပြများနှင့် မြင်းစီးဓားပြများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"ဟာသပဲ။ မင်းက ငါတို့ရဲ့တံခါးကို လာခေါက်ခဲ့ပြီး မင်းရဲ့လမ်းမှာရှိတဲ့ အရာရာတိုင်းကို ဖျက်ဆီးပစ်ခဲ့တယ်။ မင်းရဲ့လက်ထဲမှာ ဓားပြတွေ ဘယ်လောက်သေခဲ့ပြီးပြီလဲဆိုတာ ဘယ်သူသိမှာလဲ ဒါတောင် မင်းက ငါတို့ကို ပြန်လည်မခုခံဘဲ အရှုံးပေးဖို့ မျှော်လင့်နေသေးတာလား။ အရာရှိတွေက ဓားပြတွေကို သတ်နိုင်ရင် ဓားပြတွေကလည်း အရာရှိတွေကို ပြန်သတ်နိုင်တယ်။"
မောက်မာသည့် ဟန်ပန်တစ်ခုက သူ့အနားတွင်ရစ်ဝဲလျက် သံမဏိဝတ်ရုံလီ ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ဟမ် အပြစ်မဲ့ကုန်သည်တွေကို ဓားပြတိုက်ပြီး သတ်ဖြတ်နေတာတောင် မင်းက ဂုဏ်သိက္ခာရှိချင်သေးတာလား။ အာဏာပိုင်တွေက ဓားပြတွေကို လောကမှာ စည်းစနစ်ကျအောင် ရှင်းပစ်တာက တရားမျှတတဲ့ လုပ်ရပ်ဖြစ်ပြီး သဘာဝအတိုင်း လုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ မင်းလို ဆန်ကုန်မြေလေးကို မင်းစိတ်ကြိုက် သောင်းကျန်းဖို့ ငါတို့က ခွင့်ပြုရမှာလား။"
"ဒီအချိန်မှာ စစ်တပ်ရဲ့ စွမ်းပကားကို မင်းတို့ကောင်းကောင်းကြီးသိလောက်ပြီလို့ ငါ ယုံကြည်တယ်။ ငါတို့ လူလေးဆယ်လေးနဲ့တောင် မင်းတို့ လူတစ်ရာကို ဒဏ်ရာအနာတရနည်းနည်းလေးမှမရဘဲ အလွယ်တကူရှင်းပစ်နိုင်ခဲ့တယ်။ တော်ဝင်ရုံးတော်ရဲ့ စစ်တပ်တွေကို တကယ်ပဲ အန်တုနိုင်မယ်လို့ မင်းတို့ထင်နေကြတာလား။ အရမ်းနောက်မကျခင် မင်းတို့လုပ်နေတဲ့အရာကို စွန့်လွှတ်ပြီး မင်းတို့ရဲ့ဓားတွေကို ချဖို့ ငါအကြံပေးတယ်။"
ဝမ်ချောင်သည် လူအုပ်ကြီးကို စူးရှစွာကြည့်ကာ ပြောလိုက်သည်။ သူ၏ယခင်အောင်မြင်မှုများနှင့်အတူ ဤစကားလုံးများသည် ဤနေရာရှိ ဓားပြများနှင့် မြင်းစီးဓားပြများအပေါ် ပြင်းထန်သောဖိအားပေးမှုကို ဖြစ်ပေါ်စေခဲ့သည်။
တခဏအတွင်း နေရာတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
ဓားပြများနှင့် မြင်းစီးဓားပြများ၏ နေရာတစ်ခုလုံးသည် ဝမ်ချောင်၏ ကျော်လွှား၍မရနိုင်သော အရှိန်အဝါကြောင့် ဖိနှိပ်ခံလိုက်ကြရသည်။ သူတို့ရှေ့မှ လူငယ်ကို မျက်နှာချင်းဆိုင်လိုက်ရစဉ်တွင် သူတို့စိတ်ထဲ၌ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုအရိပ်အယောင်များ ထွက်ပေါ်လာခဲ့သည်။ မသိလိုက်ဘဲ သူတို့သည် တခဏတာမျှ ပြောစရာစကား ပျောက်ကွယ်သွားခဲ့ကြသည်။
----------------------------
အပိုင်း ၃၄၇ ရုတ်ချည်းတိုက်ခိုက်ခြင်း
"ဟားဟား သခင်လေးမှာ သေချာပေါက် အဆိပ်ပြင်းတဲ့ လျှာရှိတာပဲ။ ဒါပေမယ့်လည်း ငါတို့က တော်ဝင်ရုံးတော်ရဲ့ ဥပဒေတွေကို ကြောက်နေခဲ့ရင် အစကတည်းက ဓားပြတိုက်တဲ့အလုပ်ကို လုပ်ခဲ့ကြမှာမဟုတ်ဘူး။ ဒါက ငါတို့လျှောက်လှမ်းနေတဲ့လမ်းကြောင်းဖြစ်တာမို့ ဘယ်အချိန်မှာမဆို ငါတို့ဟာ ငါတို့ရဲ့ခေါင်းတွေကို ဆုံးရှုံးဖို့ ပြင်ဆင်ထားခဲ့ကြပြီးသားပါ။ ဒါကြောင့်မို့ ငါတို့က စစ်တပ်ကို ဘာလို့ကြောက်နေရမှာလဲ။"
"ပြီးတော့ ဒါက ငါတို့အတွက် စစ်သားတွေကိုသတ်ဖြတ်တာ ပထမဆုံးအကြိမ်မဟုတ်ဘူး။ ကျိန်းသေပေါက် ငါတို့ ညီအစ်ကိုတွေ ပြန်လှည့်လို့ရတဲ့ လမ်းကြောင်းတစ်ခုရှိတယ်လို့ မထင်ဘူးမလား။"
သံမဏိဝတ်ရုံလီ၏ ဘေးတွင် ရပ်နေသည့် ကျောက်အန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။ ထိုလူငယ်၏ အရှိန်အဝါသည် အလွန်သန်မာလှသည်။ စကားအနည်းငယ်ပြောရုံမျှဖြင့် သူသည် သွေးများ၊ သေခြင်းတရားများနှင့်အတူ ဖြတ်သန်းခဲ့ရသည့် သူ့ညီအစ်ကိုများ၏ စိတ်ဓာတ်ကို ပြန်လည်နိုးကြားလာစေခဲ့သည်။
ကျောက်အန်းသည် ယခုအချိန်တွင် ထိုအဟုန်ကို နောက်ပြန်မဆုတ်ခဲ့ပါက ဆိုးရွားသော အရာတစ်ခု အမှန်တကယ် ဖြစ်လာနိုင်သည်ကို သိထားသည်။
"အဲဒါကို ပြောရရင် သခင်လေးက ငယ်ရွယ်ပေမယ့် ငါတို့ဓားပြတွေအကြောင်း အများကြီးသိထားတယ်ဆိုတာက တကယ်ကို အံ့သြစရာပဲ။ ငါမမှားရင် အရင်က မင်းလက်ထဲကနေ ဘယ်သူမှမလွတ်သေးဘူး ဟုတ်တယ်မလား။ ခုနက လူတစ်ရာကလည်းအတူတူပဲ မင်းကလည်း သူတို့ကို နည်းနည်းလေးတောင် တွေဝေမနေဘဲ သတ်ဖြတ်ခဲ့တယ်။ မြို့တော်မှာ မင်းလိုလူရှိနေသေးတာ ငါ့ကို သေချာပေါက် ဂုဏ်ယူမိစေပါတယ်။"
"ကြည့်ရတာ ငါတို့ ညီအစ်ကိုတွေက သခင်လေးနဲ့ ဝေးဝေးနေဖို့ ကြိုးစားသင့်ပုံပဲ။"
"အဲလူက သေချာပေါက် မယုံကြည်နိုင်စရာကောင်းတာပဲ။"
လူအုပ်ကြီးကို တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် စစ်ရေးအကြံပေးသည် ဓားပြများနှင့် မြင်းစီးဓားပြများ၏ နှလုံးသားကို သူတို့ဘက်သို့ ပြန်ဆွဲခေါ်နိုင်ခဲ့ကြောင်း ဝမ်ချောင် ပြောနိုင်သည်။ သူတို့၏ အကြည့်များသည် ဝမ်ချောင်ထံ ရှိနေဆဲဖြစ်သည်။ သို့သော် သူတို့မျက်လုံးများ၌ ရန်လိုမှုနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒတို့က ပေါင်းစပ်ပါဝင်နေခဲ့ကြသည်။
"ခင်ဗျားက သံမဏိဝတ်ရုံမြင်းစီးဓားပြတွေရဲ့ စစ်ရေးအကြံပေး ကျောက်အန်းဖြစ်ရမယ်။"
ဝမ်ချောင်သည် ရှေ့သို့ ဒုန်းဆိုင်းလိုက်ပြီး အကွာအဝေးတစ်ခုရှိ သံမဏိဝတ်ရုံလီဘေးတွင် မတ်တပ်ရပ်နေသည့် စာပေသမားပုံစံသက်လတ်ပိုင်းအရွယ်လူကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။ သူ့အပေါ် မကောင်းသည့် အကြည့်များစွာ ကျရောက်နေခဲ့သော်လည်း သူသည် ခိုင်မာစွာရပ်တည်နေဆဲပင်။
လမ်းတစ်လျှောက် ဝမ်ချောင်နောက် လိုက်ခဲ့ကြသည့် မြင်းစစ်သည်များပင် သူပိုင်ဆိုင်ထားသည့် အရှိန်အဝါကြောင့် အနည်းငယ်အံ့အားသင့်သွားခဲ့ကြသည်။
လေညင်းလေးသည် တိုက်ခတ်နေခဲ့ပြီး ဝမ်ချောင်၏ ဝတ်ရုံကို အနည်းငယ် တဖျပ်ဖျပ်လွင့်နေစေသည်။
"အဲကောင်လေးမှာ လျှို့ဝှက်ချက် ဘယ်လောက်များများ ဖုံးကွယ်ထားတာလဲ။"
ပိုင်စီလင်သည် သူမ၏ အကြည့်ထဲတွင် မေးခွန်းအနည်းငယ်ပေါ်လာခဲ့ကာ ဝမ်ချောင်၏ ဖြောင့်မတ်နေသည့် ကျောပြင်ကို စိုက်ကြည့်လိုက်သည်။
သူမသည် ဂုဏ်သရေရှိကလန်ကြီးများ၏ သခင်လေးများနှင့် ဆက်ခံသူများစွာတို့ဖြင့် သိကျွမ်းခဲ့ဖူးပြီး လုံ့ဝေလေ့ကျင့်ရေးစခန်းသည်လည်း ပါရမီရှင်များဖြင့် ပြည့်နှက်နေခဲ့သည်။
သို့သော်လည်း သူတို့တစ်ယောက်မှ ဝမ်ချောင် သူမကိုပေးသည့် တူညီသည့်ခံစားချက်မျိုး မထုတ်ဖော်နိုင်ခဲ့ကြပေ။
စစ်သူကြီးတစ်ဦး၏ ဟန်ပန်...။
ပိုင်စီလင်သည် သူမ၏စိတ်ထဲမှ အပူတပြင်းလှန်လှောရှာဖွေလိုက်ပြီး နောက်ဆုံးတွင် သူ့ကို ဖော်ပြရန် သင့်လျော်သည့် စာတစ်ကြောင်းကို သူမ ရှာတွေ့လိုက်သည်။ ယခုအချိန်တွင် ဝမ်ချောင် ဆင်မြန်းထားသည့် အရှိန်အဝါသည် သူ့စကားလုံးများနှင့် အပြုအမူများဖြင့် စစ်မြေပြင်တစ်ခု၏ တိုက်ပွဲဒီရေအတက်အကျကို ထိန်းချုပ်ထားသည့် ခမ်းနားထည်ဝါသော စစ်သူကြီးတစ်ဦးကဲ့သို့ ခံစားရစေသည်။
သူ့ရှေ့တွင် ရာချီသော မြင်းစီးဓားပြများနှင့် ဓားပြများဖြစ်စေ သို့မဟုတ် သူတို့ဘက်မှ မြင်းစစ်သည်များဖြစ်စေ သူတို့သည် သူတို့၏ တည်ရှိမှုက သူ့ကြောင့် မှေးမှိန်သွားသကဲ့သို့ ခံစားခဲ့ရသည်။
သူ့အပေါ် ရန်လိုခဲ့ကြသည့် ရှုကန်းနှင့် ဟွမ်ရုံတုတို့သည်ပင် ကူကယ်ရာမဲ့စွာ သူ့အမူအရာတိုင်းကို စိုက်ကြည့်နေခဲ့ကြသည်။
ထို့အပြင် သူသည် ဤနေရာတွင် ရပ်နေကြသည့် လူအများစုထက် အားနည်း၏။
ဤအချိန်တွင် ဝမ်ချောင်သည် သူ့နောက်ရှိ လူများ၏ အတွေးများကို သတိမထားမိခဲ့ပေ။ သူသည် သူ့ရှေ့ရှိ သက်လတ်ပိုင်းအရွယ်စစ်ဖက်ဆိုင်ရာမဟာဗျူဟာပညာရှင်အပေါ် အာရုံစိုက်ထားခဲ့သည်။
"... ခင်ဗျားက စာပေလေ့လာထားတဲ့ လူတစ်ယောက်ဖြစ်ပုံပဲ။ မင်းရဲ့အသိပညာတွေကနေတဆင့် စာမေးပွဲအောင်ဖို့ ကြိုးစားပြီး တိုင်းပြည်အတွက် ဘာလို့ အကျိုးမပြုရတာလဲ။ ဒါမှမဟုတ် ခုံးမိန်ရဲ့စာအုပ်တွေက ခင်ဗျားရဲ့အမြင်တွေကို ဓားပြတိုက်ဖို့ ဖွင့်ပေးခဲ့တာများလား။"
"ဟီးဟီး သခင်လေးအတွက် ငါ့ကို စိတ်ပူစရာမလိုပါဘူး။ ခေါင်းဆောင်က ငါ့အသက်ကိုကယ်တင်ခဲ့တယ် ဒါကြောင့် ငါက သူ့အပေါ် ကျေးဇူးကြွေးတင်နေတယ်။ သူ့ရဲ့ယုံကြည်မှုကိုရတာက ငါ့ရဲ့ကံကောင်းမှုဖြစ်ပြီး ငါက သူ့ဆီမှာ တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိတယ်။ တစ်ဖက်မှာ သခင်လေးက မင်းရဲ့ရဲဘော်တွေကို ဒီလိုမျိုး ကယ်တင်ဖို့ တွေးနေရလောက်အောင် အရမ်းနုံအနေတာတော့ မဟုတ်ဘူးမလား။"
"ထပ်ဖြည့်ပြောရရင် ဒီနေရာမှာ အရေးပါတဲ့ စကားလုံးတွေက ငါတို့ရဲ့ ခေါင်းဆောင်ဆီကပဲလေ။ မင်း ငါ့ဆီမှာ အချိန်လာဖြုန်းနေစရာမလိုပါဘူး။"
သူ့မုတ်ဆိတ်များကို ပွတ်သပ်နေခဲ့ကာ ကျောက်အန်း အတိအလင်းကြေညာလိုက်သည်။
"ဟားဟားဟား ကောင်လေး လုံးဝမဆိုးဘူး။ ငါ့လူတစ်ရာကျော်ကို မင်း ဘယ်လို သတ်နိုင်ခဲ့သလဲဆိုတာကို ကြည့်ရင် မင်းက လွယ်ကူတဲ့ လူတစ်ယောက်မဟုတ်ဘူး။ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ မင်းတို့ရဲ့လက်နက်တွေကိုချပြီး အညံ့ခံလိုက်ပါ ဒါဆို မင်းတို့ မင်းတို့ရဲ့ရဲဘော်တွေကို ကယ်တင်ကောင်းကယ်တင်နိုင်သေးတယ်။ ဒီလိုမှမဟုတ်ရင် မင်းတို့နဲ့ သူတို့အပေါ်ကျရောက်လာမှာကတော့ သေခြင်းတရားပဲ။"
သံမဏိဝတ်ရုံလီသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ကျယ်လောင်သော အသံသည် သစ်တောကို ရှင်းလင်စွာဖြတ်ကျော်သွားခဲ့သည်။
"ဓားပြတွေက ဟိုမှာပဲ မင်း ငါတို့ကို လာနောက်နေတာလား။ ငါတို့လက်နက်တွေ ချရမှာလား။ အဲဒါက ငါတို့ရဲ့ သေခြင်းတရားကို မြန်မြန်ရောက်လာစေမှာမဟုတ်ဘူးလား။"
ဝမ်ချောင် အေးစက်စွာ သရော်လိုက်သည်။
"ဒါဆိုလည်း နည်းလမ်းမရှိတော့ဘူး။ မင်းက မင်းရဲ့လက်နက်ကိုချဖို့ ဆန္ဒမရှိတာကြောင့် ကျန်တဲ့မင်းရဲ့ ရဲဘော်တွေက မင်းရဲ့ဆုံးဖြတ်ချက်အတွက် အပြင်းထန်ဆုံးခံစားရမယ်။ တိုက်။"
ရက်စက်ကြမ်းကြုတ်သည့် အပြုံးတစ်ခုက သံမဏိဝတ်ရုံလီ၏ မျက်နှာပေါ်တွင် အစားထိုးဝင်လာခဲ့ပြီး သူ့လက်ကို မြှောက်လိုက်ကာ ရှုကန်း၊ ဟွမ်ရုံတုနှင့် အခြားသူများရှိရာဆီသို့ အေးစက်စွာ ညွှန်ပြလိုက်သည်။
ဟောင်းလောင်
ယခင်က ဘေးတွင် ရပ်နေခဲ့ကြသည့် ဓားပြများနှင့် မြင်းစီးဓားပြများသည် ရုတ်ချည်း စတင်ရွေ့လျားလာခဲ့ကြသည်။ ဧရာမစစ်ပွဲယန္တရားကြီးက ရုတ်တရက် အသက်ဝင်လာသကဲ့သို့ပင်။
ဟောင်းလောင်လောင်
ဓားပြငါးရာကျော်တစ်ပြိုင်နက်လှုပ်ရှားခြင်းက အုတ်အော်သောင်းတင်းဖြစ်သွားစေခဲ့သည်။
ဟီးးး
ဓားပြများသည် ရှေ့တန်းမှ ချီတက်သွားခဲ့ကြပြီး မြင်းစီးဓားပြများက သူတို့နောက်မှ လိုက်သွားခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် နောက်ရှိ လေးပစ်သမားများသည်လည်း ထူထပ်များပြားသည့် မြှားများကို ပစ်လိုက်ကြသည်။ တခဏချင်းမှာပင် ရှုကန်း၊ ဟွမ်ရုံတုနှင့် တခြားသူများသည် တိုက်ခိုက်မှုများကြား နစ်မွန်းသွားခဲ့ကြသည်။
"မကောင်းတော့ဘူး။"
တောင်စောင်းပေါ်တွင် ရှုကန်း၊ ဟွမ်ရုံတုနှင့် တခြားသူများ၏ မျက်နှာများ မဲမှောင်သွားခဲ့ကြသည်။ သူတို့သည် မြှားမှတဆင့် ဝမ်ချောင်၏ဆေးလုံးများကို လက်ခံရရှိခဲ့သည်မှာ တခဏမျှ ရှိသေးပြီး ထိုသံမဏိဝတ်ရုံမြင်းစီးဓားပြက တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ချိန်တွင် တခဏမျှသာ အနားယူခဲ့ရသေးသည်။
"ထ မြန်မြန်"
"သေစမ်း။"
"မင်းတို့ ခွေးကောင်တွေ မင်းတို့ ဘာလုပ်နေကြတာလဲ။ မင်းတို့ရဲ့လက်နက်ကို ချလိုက်ကြစမ်း။ မင်းတို့ ငါတို့ကို သတ်ဖြတ်ဖို့ ရည်ရွယ်နေကြတာလား။"
"မင်းရူးနေလား။ သူတို့က လက်နက်ချလိုက်ရင် ငါတို့တွေ ပိုပြီးမြန်မြန်သေလိမ့်မယ်။"
ဟွမ်ရုံတုသည် ဝမ်ချောင်နှင့် တခြားသူများကို လက်နက်ချရန် အော်ပြောလိုက်သည်။ သို့သော် သူ ရင်ဆိုင်လိုက်ရသည်မှာ ကျန်းလင်နှင့် ရှုကန်းတို့၏ ဒေါသပင်။
ဟွမ်ရုံတုသည် ကျဉ်းမြောင်းသည့် အမြင်ရှိနိုင်သော်လည်း ဝမ်ချောင်၏ အုပ်စုက သူတို့၏ လက်နက်များကို ချလိုက်ပါက သူတို့သည် သေချာပေါက် သေဆုံးရလိမ့်မည်ကို ရှုကန်းနှင့် ကျန်းလင်တို့ ရှင်းလင်းစွာ သိကြပေသည်။
ထိုသို့ဖြစ်ခဲ့ပါက တစ်ယောက်မှ ဤနေရာကနေ လွတ်မြောက်နိုင်တော့မည်မဟုတ်ပေ။
"သူတို့ကို ခုခံဖို့ ပြင်ဆင်ထားကြ။ ငါတို့ရဲ့ခံစစ်စည်းက ကျိုးပျက်သွားခဲ့ရင် ပိတ်ဆို့ထားတာကနေ ရုန်းထွက်ဖို့ ငါတို့ တပ်ဖွဲ့တွေကို စုစည်းကြမယ်။"
ကျန်းလင် ချက်ချင်းအမိန့်များကို ကြေညာလိုက်သည်။
သူတို့ဘက်တွင် အစစ်အမှန်သိုင်းပညာနယ်ပယ်နှစ်ဆယ့်ခြောက်ယောက်ဖြင့် သူတို့သည် အချိန်တစ်ခုအထိ ထိန်းထားနိုင်ကြသေးသည်။
"ငါတို့ ဘာလုပ်ကြမလဲ"
ပိုင်စီလင်သည် ဝမ်ချောင်ကို အလိုလိုလှည့်ကြည့်လိုက်ပြီး မေးလိုက်မိသည်။
ထိုသံမဏိဝတ်ရုံသံမဏိမြင်းစီးဓားပြ၏ ရုတ်ချည်းတိုက်ခိုက်မှုက ဝမ်ချောင်၏ အုပ်စုကိုလည်း ချောက်ချားသွားစေခဲ့သည်။
"စိတ်အေးအေးထား ငါ့အမိန့်တွေကိုနားထောင်။ ချီတက်... ငါ့တို့လမ်းထဲရောက်လာသမျှကို သတ်ကြမယ်။ ထိန်းချုပ်ထားစရာမလိုဘူး။"
ဝမ်ချောင်သည် အခြေအနေကို လျင်မြန်စွာ အကဲခတ်လိုက်ပြီး သူ့လက်ကို မြှောက်လိုက်ကာ ပြင်းထန်စွာ အော်ဟစ်လိုက်သည်။
ဟူးလောင်လောင်
မြင်းစစ်သည်များသည် သံမဏိဝတ်ရုံမြင်းစီးဓားပြများဆီသို့ ကြောက်မက်ဖွယ်ကောင်းစွာ ချက်ချင်း စတင်ချီတက်လိုက်ကြသည်။
"သူတို့ကိုသတ်"
"သူတို့ကိုသတ်"
ကြမ်းကြုတ်သော ဧရာမသားရဲတစ်ကောင်၏ အဟုန်ဖြင့် လေးဆယ်သော မြင်းစစ်သည်များသည် ထူထပ်သည့် ဓားပြများနှင့် မြင်းစီးဓားပြများ၏ အစုအဝေးထဲသို့ ညာဘက်မှ ချီတက်တိုက်ခိုက်လိုက်ကြသည်။
စစ်ဖက်ဆိုင်ရာ စစ်မြင်းများ၏ အလျင်နှင့် ခွန်အားတို့သည် မြင်းစီးဓားပြများ၏ မြင်းများထက် များစွာ ကြီးမားသည်။ ဓားပြများ၏ ပထမလှိုင်းလုံးက ရှုကန်းနှင့် တခြားသူများဆီသို့ မရောက်မီမှာပင် ဝမ်ချောင်၏ အုပ်စုသည် လူအုပ်ကြားတွင် ဖျက်ဆီးနေခဲ့ပြီဖြစ်သည်။
တူညီသည့် မြင်ကွင်းသည် နောက်တစ်ခေါက် ထပ်ဖြစ်လာခဲ့သည်။
ဟောင်းလောင်
ကြောက်လန့်တကြားအော်သံများကြားတွင် ဒါဇင်ပေါင်းများစွာသော ဓားပြများနှင့် မြင်းစီးဓားပြများသည် တဟုန်ထိုးချီတက်တိုက်မှု၏ပြင်းထန်သောစွမ်းအားကြောင့် လွင့်ထွက်သွားခဲ့ကြသည်။
ပူး ပူး ပူး ပူး
ငွေရောင်လှံများသည် ဓားပြများနှင့် မြင်းစီးဓားပြများကို ပြင်းထန်သည့် လှိုင်းလုံးတစ်ခုကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ကြပြီး သူတို့ကို တစ်တန်းပြီးတစ်တန်း လဲကျနေစေခဲ့သည်။ စနစ်တကျဖွဲ့စည်းထားသည့် မဟာထန်စစ်တပ်တစ်ခု၏ ကြောက်မက်ဖွယ်ခွန်အားရှေ့တွင် ဓားပြများနှင့် မြင်းစီးဓားပြတို့သည် အခွင့်အရေးလုံးဝမရခဲ့ကြပေ။
"အားးးး လမ်းကနေဖယ် မြန်မြန် လမ်းကနေဖယ်။ ဒီခွေးကောင်တွေ တိုက်ခိုက်လာကြပြီ။"
"သူတို့ကို တားကြစမ်း အားးး"
"ငါ့ကို ပေးဖြတ်။ ငါ့လမ်းကို ပိတ်မထားနဲ့။"
"ငါ့ကို ကယျကွပါဦး အားးး"
ဝမ်ချောင်၏ တဟုန်ထိုးချီတက်တိုက်ခိုက်မှုသည် အလွန်ရုတ်တရက်ဆန်လှသည်။ ထိုသည်မှာ စိတ်ရူးပေါက်၍ ဆုံးဖြတ်ခဲ့သကဲ့သို့ပင်။ ထို့အပြင် ချီတက်တိုက်ခိုက်မှု၏ အလျင်သည်လည်း အများစု မျှော်လင့်ထားခဲ့သည့်အရာထက် ပို၍ မြန်နေခဲ့သည်။ လူအတော်များများသည် သူတို့ဆီ ဦးတည်လာနေသည်ကို မြင်နိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ကြပေ။
တခဏချင်းမှာပင် ဓားပြများနှင့် မြင်းစီးဓားပြများ၏ များပြားသော အုပ်စုများ ကျဆုံးသွားခဲ့ပြီး ခြေပြတ်လက်ပြတ်များနှင့် အသားစများက လေထဲတွင် လွင့်ပျံသွားခဲ့ကြသည်။
တဟုန်ထိုးချီတက်တိုက်ခိုက်မှု၏ ကျစ်လျစ်သပ်ရပ်သော စွမ်းအားဖြင့် ရှေ့တန်းမှ ဓားပြများနှင့် မြင်းစီးဓားပြများ တပြိုင်နက်လဲပြိုကျသွားခဲ့ပြီး ဒိုမီနိုအကျိုးသက်ရောက်မှုကဲ့သို့ပင် လဲပြိုကျမှုသည် အနောက်သို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့သည်။
ဓားပြများနှင့် မြင်းစီးဓားပြများကြားတွင် လုံး၀ ဗရုတ်ဗရက်ဖြစ်သွားခဲ့သည်။
ရာဇ၀တ်ကောင်များအပေါ် ကြောက်စိတ်များ လျင်မြန်စွာ လွှမ်းခြုံသွားခဲ့သည်။ လူအများအပြားတို့သည် တိုက်ခိုက်မှုကို ရှောင်ရှားရန် ကြိုးပမ်းရာတွင် သူတို့၏ လူများကို တွန်းတိုက်ရင်း အသံကုန်အော်ဟစ်နေခဲ့ကြသည်။
"ခွေးမသား"
သံမဏိဝတ်ရုံလီ ဒေါသထွက်သွားခဲ့သည်။ သူတို့သည် မည်သည့်အရေးပါသည့် ဆုံးရှုံးမှုကိုမျှမဖြစ်စေနိုင်မည်မှာပင် ဝမ်ချောင်တို့အုပ်စုသည် သူတို့အားဆန့်ကျင်ရန် အရှေ့ဘက်တွင် သူ ချထားခဲ့သော အုပ်စုကို သတ်ဖြတ်သွားခဲ့ပြီဖြစ်သည်။
"လေးသမားတွေကို သူတို့ရဲ့မြှားတွေကို အရှေ့ဘက် လှည့်ခိုင်းလိုက်။ ပြီးတော့ သူတို့ကို ချေမှုန်းဖို့အတွက် တစ်ဖက်ကဓားပြတွေ၊ မြင်းစီးဓားပြတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ငါတို့ရဲ့ညီအစ်ကိုတစ်ရာကို စေလွှတ်လိုက်။"
"ဟုတ်ကဲ့ပါ"
သံမဏိဝတ်ရုံမြင်းစီးဓားပြ၏ ခေါင်းဆောင်များထဲမှ တစ်ဦးသည် အမိန့်များကို ဆောင်ရွက်ရန် လျင်မြန်စွာ ထွက်သွားခဲ့သည်။
အခြေအနေကို ကြည့်ကောင်းကောင်းကြည့်နေကာ ကျောက်အန်းသည် မတတ်နိုင်ဘဲ ခါးသီစွာပြုံးလိုက်မိသည်။ ဤလူသည် ကိုင်တွယ်ရန် လွယ်ကူလိမ့်မည် မဟုတ်သည်ကို သူသိသည်။ သို့သော် ကိစ္စများ၏တကယ့်အတိုင်းအတာသည် ဤအချိန်မှာပင် သူ့ကို ရိုက်ခတ်သွားခဲ့သည်။
ဝမ်ချောင်လက်အောက်ရှိ မြင်းစစ်သည်လေးဆယ်တို့၏ စွမ်းအားသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့လမ်းကြောင်းတွင်ရပ်နေခဲ့သည့် လူများသည် လုံးဝကျရှုံးခြင်းမရှိဘဲ ကျန့်ဒါဇင်အတော်ဝေးဝေးသို့ လွင့်ထွက်သွားခဲ့ကြသည်။
အကယ်၍ သူတို့သည် တောင်စောင်းပေါ်ရှိ အဖွဲ့အား ဆက်လက်အာရုံစိုက်ထားပြီး ဝမ်ချောင်အဖွဲ့ကို လျစ်လျူရှုထားပါက သံမဏိဝတ်ရုံမြင်းစီးဓားပြ အဆုံးတွင် အောင်မြင်ခဲ့လျှင်ပင် သူတို့သည် ကြီးမားသည့် ဆုံးရှုံးမှုများကို သေချာပေါက် ခံစားရပေလိမ့်မည်။
"ဒါက ပြဿနာပဲ။"
ကျောက်အန်း ခါးသီးသော အပြုံးဖြင့် ရေရွတ်လိုက်သည်။
"တောင်စောင်းပေါ်က အုပ်စုကို ခဏလောက် လျစ်လျူရှုလိုက်။ ဘယ်တောင်ပံက လူတွေက ဘယ်ဘက်၊ ညာတောင်ပံက လူတွေက ညာဘက် ငါတို့ အစွန်းနှစ်ဖက်စလုံးကနေ ခတ်ရလိမ့်မယ်။ အဓိကလမ်းမကနေ ဝေးဝေးမှာနေကြပါ။"
ကျောက်အန်းသည် လက်အတွင်းရှိ ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် အမိန့်များပေးလိုက်သည်။
ကျောက်အန်း၏ ဦးဆောင်မှုအောက်တွင် မကြာမီ အမိန့်များသည် တပ်ဖွဲ့များဆီသို့ ရောက်သွားခဲ့သည်။ သူတို့သည် အဓိကလမ်းမကြီးကို ချက်ချင်းစွန့်ခွာလိုက်ကြကာ ဝမ်ချောင်၏အဖွဲ့ကို ဝန်းရံရန်အတွက် ဘေးနှစ်ဖက်ရှိ သစ်ပင်များဆီသို့ တိုးဝင်လိုက်ကြသည်။
ကျောက်အန်း၏ အမိန့်များသည် ထိရောက်မှုရှိခဲ့ကြသည်။ တခဏအတွင်းမှာပင် သူသည် သူတို့က ဘွင်းဘွင်းရှင်းရှင်းဖြစ်နေသည့် အဓိကလမ်းမကြီးပေါ်တွင် ဝမ်ချောင်တို့အတွက် ယှဉ်ပြိုင်ဖက်မဟုတ်သည်ကို သုံးသပ်ပြီးသွားခဲ့ပြီး သူသည် သူ့လူများကို ဘေးနှစ်ဖက်သို့ ရှောင်တိမ်းရန် အမိန့်ပေးခဲ့သည်။
ရှုပ်ထွေးလှသည့် မြေအနေအထားတွင် မြင်းတပ်တစ်ခု၏ တဟုန်ထိုး ချီတက်တိုက်ခိုက်မှုသည် တော်တော်လေး အဟန့်အတား ဖြစ်သွားပေလိမ့်မည်။
သူတို့သည် တိုက်ခိုက်မှုအများစုကို ရှောင်ရှားပြီး တောင်ခါးပန်းရှိ နှစ်ဖက်စလုံးမှ တိုက်ခိုက်နေသရွေ့ထိုမြင်းစစ်သည်များကို နှိမ်နင်းနိုင်သည့် အခွင့်အလမ်း မြင့်မားသည်။
"ပြန်ဆုတ်"
သံမဏိဝတ်ရုံမြင်းစီးဓားပြက သူ့တပ်ကို ဝိုင်းရံတော့မည်ကို ကြည့်နေကာ ဝမ်ချောင်သည် ချက်ချင်း သူ့ဘယ်ဘက်လက်သီးကို မြှောက်လိုက်ပြီး ဖွင့်လိုက်သည်။ နောက်ခဏတွင် မြင်းစစ်သည်များသည် အယောက်နှစ်ဆယ်ပါသည့် အုပ်စုနှစ်ခုအဖြစ် ခွဲသွားခဲ့ပြီး တစ်ဖွဲ့သည် ပိုင်စီလင်ကို လိုက်ပါပို့ဆောင်ရန် ရှေ့တန်းတွင် နေရာယူထားခဲ့ကြပြီး တစ်ခြားတစ်ဖွဲ့သည်တော့ နောက်ပိုင်းကိုကာကွယ်ရန် နောက်ဘက်သို့ ရောက်သွားခဲ့သည်။
မြင်းစစ်သည်များက သူတို့ဝန်းရံထားခြင်းမှ ထွက်ပြေးလွတ်မြောက်တော့မည်ကို ကြည့်ကာ သူတို့အား အရှိန်လျော့သွားစေရန် ခုန်ချလာသည့် ဓားပြအနည်းငယ်ရှိခဲ့ကြသည်။ သို့သော်လည်း ကြီးမားသောအင်အားကွာဟမှုက သူတို့၏စွန့်လွှတ်အနစ်နာခံမှု၏ရလဒ်များကို အနည်းဆုံးဖြစ်စေခဲ့သည်။
ဟီးးး
ပြင်းထန်သော စစ်မြင်း၏ တဟုန်ထိုးချီတက်မှုအောက်တွင် သံမဏိဝတ်ရုံမြင်းစီးဓားပြများသည် သူတို့ကို မပိတ်ဆို့နိုင်မီမှာပင် မြင်းတပ်သားများသည် ဝိုင်းရံမှုထဲမှ ရုန်းထွက်နိုင်ခဲ့ကြသည်။
နောက်ဆုံးတွင် အုပ်စုနှစ်ခုသည် သူတို့၏ မူလပုံစံသို့ ပြန်လည်ပေါင်းစည်းသွားခဲ့ကြသည်။ လှည့်ကြည့်လိုက်သည်တွင် သူတို့သည် သူတို့နောက်၌ သံမဏိဝတ်ရုံမြင်းစီးဓားပြ၏ ထူထပ်သည့် အုပ်စုကြီးကို မျက်နှာချင်းဆိုင်လိုက်ရသည်။
မူရင်းရေးသူအမှာစာ- ခုံးမိန်ဆိုတာ ခုံးကျိ(ကွန်ဖြူရှပ်)နဲ့ မိန်ကျိ(မန်ဖြူရှပ်)တို့ကို ရည်ညွှန်းတာပါ။ နှစ်ယောက်စလုံးက တရုတ်နိုင်ငံရဲ့ ဒဿနပညာရှင်တွေပါ။
ဘာသာပြန်သူမှတ်ချက်- မြင်းစီးဓားပြနဲ့ မြင်းစစ်သည် မှားပြန်မိတာရှိနိုင်ပါတယ်။(ကိုယ့်လက်ကို မယုံဘူး စိတ်ကရေးတာအမှန် လက်ကမှားတာ)
အပိုင်း ၃၄၈ တော်ဝင်ရုံးတော်မှ ဒုတိယမစ်ရှင်
အုပ်စုနှစ်ခုသည် နောက်ဆုံးတွင် စနစ်ကျသော ဖွဲ့စည်းပုံကို ဖြစ်ပေါ်စေရန် နောက်တစ်ကြိမ်အတူတကွပေါင်းစပ်သွားခဲ့ကြသည်။ လှည့်လိုက်ကြကာ သူတို့သည် သူတို့နောက်ရှိ သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ သိပ်သည်းသောအုပ်စုကို မျက်နှာချင်းဆိုင်လိုက်ကြသည်။
ထိုအချိန်မှာပင် အချိန်သည် ရပ်တန့်သွားပုံပေါ်သည်။
ဝမ်ချောင်ဆီသို့ ချီတက်လာနေကြသော ဓားပြများနှင့် မြင်းစီးဓားပြများသည်လည်း ရပ်တန့်သွားခဲ့ကြသည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်ကြသလောက် တစ်ဖက်အဖွဲ့က ဖွဲ့စည်းထားသော စည်းလုံးညီညွတ်ပြီး ပြီးပြည့်စုံသော ဖွဲ့စည်းမှုကို မြင်လိုက်ရသောအခါတွင် သူတို့ မတွန့်ဆုတ်ဘဲမနေနိုင်ကြတော့ပေ။ ထိုအရာများ ဖြစ်ပျက်ပြီးနောက်တွင် မြင်းတပ်သားများအပေါ် နက်ရှိုင်းသော အကြောက်တရားတစ်ခုက သူတို့အတွင်း၌ တိုးဝင်လာခဲ့ပြီး ယခုအချိန်တွင် သူတို့ကို ရှေ့သို့ ခြေတစ်လှမ်းမလှမ်းနိုင်အောင် တားဆီးနေခဲ့သည်။
ပြင်းထန်သော သွေးနံ့က လေထဲသို့ စိမ့်ဝင်နေ၏။ ဤတိုတောင်းသော ရင်ဆိုင်တိုက်ပွဲတွင် ဝမ်ချောင်ဖက်မှ တပ်သားများသည် ထိခိုက်ဒဏ်ရာရခဲ့ခြင်းမရှိသေးဘဲ သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ ခြောက်ဆယ်ထက်ပိုသော အဖွဲ့ဝင်များသည်တော့ သက်မဲ့အလောင်းများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
အမှန်ပင် မည်သည့်ကောလဟာလမျှ ကိုယ်တိုင်မြင်တွေ့ရသည်နှင့် နှိုင်းယှဉ်နိုင်ခြင်းမရှိပေ။
သူတို့သည် ဝမ်ချောင်၏ လက်ထဲ၌ သူတို့ရဲဘော်တစ်ရာခန့် သေဆုံးသွားခဲ့ရသည်ဟု ကြားသိခဲ့ကြသော်လည်း တရားဝင်အင်အားစုများ ပိုင်ဆိုင်ထားသော ခွန်အားသည် သာမန်မြင်းစီးဓားပြများနှင့် ဓားပြများထက် အဆပေါင်းများစွာ သာလွန်နေခြင်းမှာ သာမာန်အသိဖြစ်သည်။ ဝမ်ချောင်၏ မြင်းစစ်သည်လေးဆယ်ထံမှ တိုတောင်းသော်လည်း အစွမ်းထက်သော ချီတက်တိုက်ခိုက်မှုကို သူတို့မြင်လိုက်ရသောအခါတွင် ဤအရာ၏အကျိုးသက်ရောက်မှုက သူတို့အား ရိုက်ခတ်သွားခဲ့သည်။
ထိုအချိန်တွင် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို သူတို့နှင့်အတူ သယ်ဆောင်လာကြသော မြေအောက်ကမ္ဘာမှ ထွက်လာသည့် နတ်ဆိုးများနှင့် ဆင်တူနေခဲ့ကြသည်။
ဂလု
ဓားပြများနှင့် မြင်းစီးဓားပြများသည် ကြောက်ရွံ့စွာဖြင့် ဖြူလျော်သွားခဲ့ကြကာ သူတို့၏တံတွေးများကို အလိုလို မျိုချလိုက်မိကြသည်။ တနည်းနည်းဖြင့် မြင်းစစ်သည်များ၏ လှုပ်ရှားခြင်းမရှိသော ဖွဲ့စည်းမှုက သူတို့ချီတက်တိုက်ခိုက်ခဲ့သည်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းလာ ပုံရသည်။
အနောက်ဘက်လမ်းတွင် နှစ်ပေါင်းများစွာ နေခဲ့ကြသော်ငြားလည်း သူတို့သည် ခုနစ်ရာသော ဓားပြများနှင့် မြင်းစီးဓားပြများထက် မဟာထန်မြင်းစစ်သည်လေးဆယ်က သာလွန်သွားလိမ့်မည်ဟူသောဖြစ်နိုင်ချေကို ဘယ်တုန်းကမှ မတွေးဖူးခဲ့ကြပေ။
'ဒီလူတွေက...သန်မာလွန်းတယ်။'
အတွေးတစ်ခုက လူများစွာ၏ စိတ်ထဲ၌ ဖြတ်သန်းသွားခဲ့သည်။
မသိလိုက်ဘဲ ဓားပြများသည် သူတို့ကိုယ်သူတို့ ခြေတလှမ်းနောက်ဆုတ်လိုက်မိသည်ကို တွေ့လိုက်ကြရသည်။
တစ်ဖက်အဖွဲ့၏ ပြင်းထန်သော မြင်းတပ်တိုက်ခိုက်မှုကို မျက်မြင်တွေ့ပြီးနောက် အုပ်စုအတွင်း နေခြင်းဖြင့် သူတို့သည် လုံခြုံမှုကို ရှာမတွေ့ကြတော့ပေ။
"ကောင်းတယ်"
"အဲကောင်က အရမ်းကြောက်ဖို့ကောင်းမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။"
"ငါတို့က သူ့ကို အစကတည်းက လျှော့တွက်ထားခဲ့ကြပုံပဲ။ စစ်ပွဲအကြောင်း ဒီလိုနက်နက်ရှိုင်းရှိုင်းနားလည်နေဖို့ တောသားတစ်ယောက်အတွက် မဖြစ်နိုင်ဘူး။ ငါ့မျက်လုံးတွေက ဒီတစ်ခေါက်မှာ ငါ့ကို တကယ်ပဲ လှည့်စားခဲ့ကြတာပဲ။ သူက သေချာပေါက် စစ်သူကြီးကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ ပြီးတော့ အရမ်းကို ဂုဏ်သိက္ခာကြီးမားတဲ့ ကလန်တစ်ခုက။"
"ခွာဖြူအရိပ်... ပိုင်စီလင် မှန်တယ်။ အဲကောင်က တကယ်ပဲ ဘယ်သူများလဲ။"
တောင်စောင်းတွင် ရှုကန်း၊ ဟွမ်ရုံတုနှင့် ကျန်သည့် အသက်ရှင်ကျန်ရစ်သော မဟာထန်မြင်းစစ်သည်များသည် အံ့အားတကြီးဖြင့် ပြောစရာစကားမဲ့သွားခဲ့ကြသည်။ ဤဖြစ်ရပ်ကို ကိုယ်တိုင်ကိုယ်ကျ မမြင်ထားခဲ့ပါက တစ်ဖက်မြင်းတပ်မှ မြင်းတပ်သားအုပ်စုသည် သူတို့နှင့် အတူတူဖြစ်သည်ဟု သူတို့ ယုံကြည်ရန် ခက်ခဲပေလိမ့်မည်ဖြစ်သည်။
သူတို့ပြသခဲ့သော တဟုန်ထိုးချီတက်တိုက်ခိုက်ခြင်းစွမ်းအားနှင့် တိုက်ခိုက်ခြင်း စွမ်းပကာများသည် အလွန်မှ အံ့ဩစရာကောင်းလှသည်။
သူတို့သည် သန်မာသော သံမဏိဝတ်ရုံမြင်းစီးဓားပြငါးရာ၏ တိုက်ခိုက်မှုကို အမှန်တကယ် ချေဖျက်နိုင်ခဲ့ကြပြီး စီးနင်းသူများကို သူတို့ဆီ အာရုံပြန်လှည့်ရန် တွန်းအားပေးနိုင်ခဲ့ကြသည်။
ဤသည်မှာ သူတို့အတွက် မယုံကြည်နိုင်လောက်အောင်ပင်။
ထို့အပြင် ဤအရာအားလုံးက ဝမ်ချောင်၏ အမိန့်ပေးမှုအောက်တွင် ပြုလုပ်သွားခဲ့ခြင်းဖြစ်သည်။ သူပြသခဲ့သော တည်ငြိမ်အေးဆေးမှု၊ ဉာဏ်ပညာနှင့် ပြတ်သားမှုတို့သည် တဟုန်ထိုးချီတက်တိုက်ခိုက်ခြင်းထက် သူတို့အပေါ် ပို၍ပင် နက်ရှိုင်းသော ထင်မြင်ချက်တစ်ခုကို ကျန်ရစ်စေခဲ့သည်။
ယခင်က သူတို့နှစ်ဦးသည် ခွန်းဝူလေ့ကျင့်ရေးစခန်းမှ တောသားတစ်ဦးအနေဖြင့် သူ၏ နိမ့်ကျသော အဆင့်အတန်းကြောင့် သူ့အတွက် ကိစ္စများကို ခက်ခဲအောင် ပြုလုပ်ပြီး မခံချိမခံသာဖြစ်အောင် ပြုလုပ်ခဲ့ကြသည်။ သို့သော် ဤအချိန်တွင် သူတို့သည် ထိုသို့သော အတွေးများကို မည်သို့ ဆက်၍ ထိန်းသိမ်းထားဝံ့တော့မည်နည်း။
လုံ့ဝေနှင့် ရှန်းဝေရှိ လူတစ်ယောက်မှ သူပြုလုပ်ခဲ့သော အတိုင်းအတာအထိ မြင်းစစ်သည်လေးဆယ်ဦး၏ ခွန်အားကို ထုတ်ဖော်နိုင်ကြမည် မဟုတ်ပေ။ မည်သူမျှပင်။
ဤသည်က သူတို့ထက် များစွာကျော်လွန်နေခဲ့သော မယုံနိုင်စရာကောင်းသည့် လုပ်ဆောင်မှုတစ်ခုဖြစ်သည်။
ဤအခိုက်တွင် သူတို့နှစ်ဦး၌ ဝမ်ချောင်သည် မြို့တော်မှ သခင်လေးတစ်ယောက်ဖြစ်ပြီး ထိုထဲက အလွန်ဂုဏ်သိက္ခာရှိသော ကလန်မှ တစ်ယောက်ဖြစ်ကြောင်း အလွန်ပြင်းထန်သည့် ခံစားချက်တစ်ခုရှိနေခဲ့ကြသည်။
သို့သော် မြို့တော်ရှိ သူတို့၏ အဆက်အသွယ်များအရ ထိုလူ့ကို သူတို့ မသိသည်မှာ ထူးဆန်းပေသည်။
"ဒီလူက ဘယ်သူများလဲ"
ရှုကန်းသည် ပင်စည်တွင် မရေမတွက်နိုင်သော အပေါက်များပြည့်နှက်နေသည့် ကြက်သွေးရောင်အရိပ်ရသစ်ပင်တစ်ပင်အောက်တွင် မတ်တပ်ရပ်လျက် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ဖြစ်ပျက်ခဲ့သမျှကို ကြည့်ရှုပြီးနောက် သူသည် ဝမ်ချောင်၏အရေးကိစ္စများကို နက်နက်ရှိုင်းရှိုင်း သိချင်လာခဲ့သည်။
"ခွေးမသား"
ဤအချိန်တွင် ဒေါသအထွက်ဆုံးသောပုဂ္ဂိုလ်မှာ သံမဏိဝတ်ရုံမြင်းစီးဓားပြများ၏ ခေါင်းဆောင် သံမဏိဝတ်ရုံလီကလွဲ၍ အခြားသူမဟုတ်ပေ။ အစောပိုင်းက သေဆုံးသွားခဲ့ကြသော မြင်းစီးဓားပြများနှင့် ဓားပြများကို ထည့်သွင်းတွက်ချက်လိုက်ပါက ဝမ်ချောင်တို့ လူလေးဆယ်ပါသော အုပ်စုသည် သူ့လူ နှစ်ရာလောက်ကို သတ်ဖြတ်သွားခဲ့ပြီးဖြစ်သည်။
ဤသည်က သူတို့အတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်မှာ မေးခွန်းထုတ်စရာမလိုပေ။
သေဆုံးသွားသူများ၏ များပြားလှသော ပမာဏသည် သူ့အင်အားစုထဲသို့ ဝင်ရောက်လာခဲ့ကြသူများပင်ဖြစ်သော်လည်း ထိုအချက်က သူ့ဒေါသကို အနည်းငယ်သာ ငြိမ်းသတ်နိုင်ခဲ့သည်။
"ကျောက်အန်း မင်း အခုထိ အဆင်သင့်မဖြစ်သေးဘူးလား။"
သံမဏိဝတ်ရုံလီ အသံအောအောဖြင့် ပြောလိုက်သည်။ သူသည် သူ့ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေပုံရပြီး ဝမ်ချောင်ကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်နေခဲ့သည်။
"အချိန်နည်းနည်းယူဖို့ လိုပါသေးတယ်။"
ကျောက်အန်း လေးနက်သည့်အမူအရာဖြင့် ပြန်ဖြေလိုက်သည်။ သူသည်လည်း ဤပြောင်းလဲသွားသည့် အဖြစ်အပျက်များကြောင့် စိတ်မသက်မသာခံစားနေခဲ့ရသည်။ တိကျသော ရှုထောင့်တစ်ခုမှကြည့်လျှင် ဤအရာသည် သူ၏ ရှုံးနိမ့်မှုပင် ဖြစ်သည်။
"ခေါင်းဆောင် စိတ်ချထားပါ။ ကျွန်တော်တို့ရဲ့ ပြင်ဆင်မှုတွေ အဆင်သင့်ဖြစ်တဲ့အခါ သူတို့တွေကို ထောင်ချောက်ထဲက ကြွက်တွေလို ချောင်ပိတ်နိုင်ပါလိမ့်မယ်။ အဲနောက်မှာ သူတို့ကို ခေါင်းဆောင်စိတ်ကြိုက် ကိုင်တွယ်နိုင်ပါတယ်။ ဒါပေမယ့် အဲမတိုင်ခင်မှာတော့ ကျွန်တော် ခင်ဗျားကို တခဏလောက် စိတ်ရှည်ဖို့ တောင်းဆိုရပါမယ်။"
"ဟမ် ဒါဆိုလည်း ငါ မင်းကို အချိန်နည်းနည်းပေးလိုက်မယ်။"
သံမဏိဝတ်ရုံလီသည် လက်သီးကိုတင်းကြပ်စွာဆုပ်လိုက်ပြီး သူ့စိတ်မရှည်မှုများကို ဖိနှိပ်လိုက်သည်။
ကျောက်အန်းသည် သူ၏ အနီးကပ် လက်ထောက်တစ်ယောက်ဖြစ်သည်။ သူသည် သူ့ကို အမြဲတမ်း နက်ရှိုင်းစွာ ယုံကြည်ထားခဲ့သည်။ သို့သော် ဤတစ်ကြိမ် သူတို့ခံစားခဲ့ရသည့် ဆုံးရှုံးမှုများသည် ကြီးမားလွန်း နေခဲ့သည်။ သူတို့သည် ဤတိုက်ပွဲကို အောင်နိုင်ခဲ့လျှင်ပင် သူ့ဂုဏ်သတင်းပေါ်ရှိ ဤအစွန်းအထင်းသည် အနာဂတ်တွင် သူ့ခေါင်းဆောင်မှုကို ခြိမ်းခြောက်လာနိုင်သည်။
လေညင်းလေးသည် တိုက်ခတ်နေခဲ့ပြီး တိတ်ဆိတ်မှုက ပတ်ဝန်းကျင်တွင် ဆက်လက်၍ ကြီးစိုးနေခဲ့၏။
မယုံနိုင်စရာကောင်းအောင် သိပ်သည်းသည့် လေထုက ပတ်ဝန်းကျင်တွင် ရစ်ဝဲနေခဲ့၏။ လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက် သတိကြီးစွာ အကဲခတ်နေခဲ့ကြပြီး ကြီးမားသည့် တိုက်ပွဲတစ်ခုက သိပ်မကြာမီ မည်သည့်အချိန်တွင်မဆို ပေါက်ကွဲလာနိုင်သကဲ့သို့ပင်။
ဤအချိန်တွင် သံမဏိဝတ်ရုံလီသည် သူ့ဘက်ရှိ အစစ်အမှန် သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူ အားလုံးကို တိုက်ပွဲထဲသို့ စေလွှတ်ခဲ့ပြီးဖြစ်သည်။ သူသည် မည်သည့်ဆုံးရှူံမှုကိုမဆို သည်းမခံနိုင်တော့ပေ။
မသိလိုက်ဘဲ လူတိုင်း၏အာရုံသည် ဝမ်ချောင်ဆီ ဗဟိုပြု စုဝေးလာခဲ့ကြသည်။ ထို့ကြောင့် ရှုကန်းနှင့် ဟွမ်ရုံတုတို့အဖွဲ့အား တိုက်ပွဲမှအသက်ရှူရန် အခွင့်အရေးရစေခဲ့သည်။
ကူးး ကူးး
ဤအချိန်တွင် တစ်ခုခုဖြစ်ပျက်သွားခဲ့သည်။ လူတိုင်း၏မျက်စိရှေ့တွင် ဖြူဖွေးသည့် အရာတစ်ခုက ရုတ်တရက် ပေါ်လာခဲ့ပြီး အဖြူရောင်ချိုးငှက်တစ်ကောင်က ကောင်းကင်ထက်မှ ရုတ်ခြည်းထိုးဆင်းလာခဲ့သည်။
ထိုခဏတွင် လေထုသည် ရုတ်တရက် ထူးဆန်းသွားခဲ့သည်။
ဘန်းး
ထိုချိုးငှက် မဆင်းသက်နိုင်မီမှာပင် သံမဏိမြှားတစ်စင်းသည် ရုတ်တရက် ထိုချိုးငှက်၏ ကိုယ်ကို ထိုးဖောက်သွားခဲ့သည်။ မြှားလမ်းကြောင်းကို ခြေရာခံကြည့်လိုက်ပါက မြင်းစီးဓားပြတစ်ယောက်သည် သူ့လေးကို အောက်နိမ့်ချလိုက်သည်ကို မြင်နိုင်သည်။
"ဒါက တော်ဝင်ရုံးတော်က စာတစ်စောင်ပဲ။"
ချိုးငှက်၏ ညာခြေထောက်ရှိ ရွှေရောင်ကွင်းကို မြင်လိုက်ရသောအခါ လက်ထောက်ကျန်းလင်း၏ မျက်နှာသည် ချက်ချင်း တောင့်တင်းသွားခဲ့သည်။ သူသည် ချိုးငှက်အသေကောင်ကို ဖမ်းယူရန် မြင်းကျာပွတ်ကို လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး သူ့ဘေးသို့ ဆွဲယူလိုက်သည်။
"လက်ထောက်ကျန်း စာထဲမှာ ဘာရေးထားတာလဲ။"
"တော်ဝင်ရုံးတော်က ငါတို့အတွက် စစ်ကူပို့နေတာလား။"
ရှုကန်းနှင့် ဟွမ်းရုံတုတို့သည် စိုးရိမ်တကြီးအမူအရာဖြင့် လက်ထောက်ကျန်းကို လှည့်ကြည့်လိုက်ကြသည်။ ဝမ်ချောင်နှင့် ပိုင်စီလင်တို့သည်လည်း ကြည့်လာခဲ့ကြသည်။
တော်ဝင်ရုံးတော်မှ သူတို့မည်သည့်သတင်းမှ မရခဲ့သည်မှာ ရက်များစွာရှိခဲ့ပြီဖြစ်သည်။
ကျန်းလင်သည် ချိုးငှက်၏ ခြေထောက်မှ ရွှေချထားသော ဝါးကျည်တောက်ကို ဖြုတ်လိုက်ပြီး အထဲမှ မှတ်စုတစ်ခုကို ဂရုတစိုက် ဆွဲထုတ်လိုက်သည်။ သူ မှတ်စုကို ဖွင့်လိုက်ပြီး ဖတ်လိုက်သည်။
"ဒါက တော်ဝင်ရုံးတော်ဆီက ဒုတိယမစ်ရှင်ပဲ။"
စာထဲမှ အကြောင်းအရာကို ဖတ်ပြီးနောက် ကျန်းလင် ခါးသီးစွာ ပြုံးလိုက်သည်။
"အာ"
ရှုကန်းနှင့် ဟွမ်ရုံတုတို့ ကြက်သေသေသွားခဲ့ကြသည်။ သူတို့သည် ဒုတိယမစ်ရှင်ကို ဤသို့သော အချိန်တွင် လက်ခံရရှိခဲ့ကြသည်လော။
"လက်ထောက်ကျန်း မစ်ရှင်က ဘာတဲ့လဲ။"
ရှုကန်း စိုးရိမ်တကြီးမေးလိုက်သည်။ ထိုစာကိုဖတ်ပြီးနောက် ဖြစ်သွားသော ကျန်းလင်၏ အမူအရာကို မြင်လိုက်ရသောအခါ သူ့တွင် ရုတ်တရက် နိမိတ်မကောင်းသော ခန့်မှန်းချက်တစ်ခု ရှိခဲ့သည်။
"မင်းတို့ဘာမင်းတို့ ဖတ်ကြည့်လိုက်တော့။"
ကျန်းလင်သည် ထိုစာကို ရှုကန်းနှင့် ဟွမ်ရုံတုတို့ကို ကမ်းပေးလိုက်ပြီး သူတို့၏မျက်နှာများပေါ်တွင်လည်း အမျိုးမျိုးသော ခံစားချက်များ ထွက်ပေါ်လာခဲ့သည်။
ထိုစာပေါ်တွင် ရိုးရှင်းသော စာကြောင်းအနည်းငယ် ရေးသားထားခဲ့သည်။
'ဒုတိယမစ်ရှင်အတွက် ဆဌမအဖွဲ့ကို သံမဏိဝတ်ရုံလီနှင့် သူ့ဂိုဏ်းကို ချေမှုန်းခြင်းဖြင့် တာဝန်ပေးအပ်ခဲ့သည်။'
"ဒါ ဘယ်လို ဟာသကြီးလဲ။"
ဟွမ်ရုံတု ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့လက်ထဲမှစာကို လုံးချေလိုက်ကာ မြေပေါ်သို့ ပစ်ပေါက်လိုက်သည်။
"သူတို့က ငါတို့ကို ဒီအချိန်မှာ ဒီလိုမစ်ရှင်ကို တာဝန်ပေးအပ်ပြီး ငါတို့ကို အသေသတ်ဖို့ ရည်ရွယ်နေကြတာလား။ ငါတို့ ပတ်ပတ်လည်က မရေမတွက်နိုင်တဲ့ ဓားပြတွေနဲ့ မြင်းစီးဓားပြတွေကို ကြည့်လိုက်ဦး ငါတို့အဖွဲ့ငယ်လေးနဲ့ ဒီလောက်လူတွေအများကြီးကို ကိုင်တွယ်နိုင်မယ်လို့ သူတို့ထင်နေကြတာလား။ ပြောစရာမလိုအောင် သံမဏိဝတိရုံလီက လက်ထောက်ကျန်းတောင် မယှဉ်နိုင်တဲ့ အားကောင်းတဲ့ ကျွမ်းကျင်သူတစ်ယောက်ပဲ။"
"ဒါ ဘယ်လို မစ်ရှင်မျိုးကြီးလဲ။"
"ဟွမ်ရုံတု မင်းစကားတွေကို မင်း ပြန်ကြည့်စမ်း။ တော်ဝင်ရုံးတော်ကို အသရေဖျက်ဖို့ ကြိုးစားနေတာလား။"
ရှုကန်း စူးရှသော အသံဖြင့် သူ့ကို သတိပေးလိုက်သည်။
"သောက်ငရဲပဲ ငါ ဒီလောက် ဆိုးရွားတဲ့ အခြေအနေ မှာ ရောက်နေပြီ၊ အဲဒီသောက်အဓိပ္ပါယ်မရှိတာတွေကို ငါ ဂရုစိုက်ဦးမယ်လို့ မင်းထင်နေတာလား။"
ဟွမ်ရုံတု၏မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့လျက် အော်ဟစ်လိုက်သည်။
သူတို့ အချိန်ဘယ်လောက်အထိ တောင့်ခံနိုင်မည်ကို မည်သူသိမည်နည်။ သူတို့သည် ယခုအချိန်တွင် ဘေးကင်းနေသေးသည်။ သို့သော် သူတို့သည် အန္တရာယ်ထဲ နစ်မြုပ်နေဆဲပင်။ နောက်တခဏတွင် သူတို့သည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားနိုင်သည့် ဖြစ်နိုင်ချေရှိသေးသည်။
သေခြင်းတရား၏ နှုတ်ခမ်းဝတွင် ချုပ်နှောင်ခံထားရသည်က သေသွားသည်ထက် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
"လူကြီးမင်း စိတ်အေးအေးထားပါ။"
ကျန်းလင် ခါးသီးသည့် အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
"တော်ဝင်ရုံးတော်က ငါတို့တွေ ဒီအချိန်မှာ သံမဏိဝတ်ရုံ မြင်းစီးဓားပြတွေရဲ့ ဝိုင်းရံထားခြင်း ခံနေရတာကို မသိဖို့ များတယ်။ ဒါ့အပြင် ငါတို့ရှိနေတဲ့နေရာနဲ့ မြို့တော်အကြား ရှည်လျားလှတဲ့ အကွာအဝေးအရ သံမဏိဝတ်ရုံမြင်းစီးဓားပြတွေက လူခုနစ်ရာအထိ အားကောင်းလာတာကို သူတို့ သိနိုင်မှာမဟုတ်ဘူး။"
ဘန်းး
စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ကာ ဟွမ်ရုံတုသည် အနီးရှိ သစ်ပင်ပင်စည်ကို ထိုးလိုက်သည်။ သွေးများက သူ့လက်သီးမှ စီးကျလာခဲ့သည်။ ကျန်းလင်၏စကားများသည် အမှန်တရားဖြစ်ဖွယ်ရှိသော်လည်း ၎င်းက သူခံစားနေရသည့် အဆိုးမြင်စိတ်များကို သက်သာစေရန် အနည်းငယ်မျှသာ လုပ်ဆောင်နိုင်ခဲ့သည်။
"လက်ရှိအချိန်မှာ ငါတို့ရဲ့ အကြီးမားဆုံးမျှော်လင့်ချက်က ကျန်ရှိနေတဲ့ အရှင်နှစ်ယောက်နဲ့အတူ ရှိနေတယ်။ သူတို့က ခုထိ ရန်သူအင်အားစုတွေရဲ့ ဝိုင်းရံတာကို မခံရသေးတာက ကံကောင်းမှုပဲ။ ဒါ့အပြင် တစ်ဖက်အရှင်က စစ်ရေးနည်းဗျူဟာတွေမှာလည်း ကျွမ်းကျင်ပုံရတယ်။ သူက အချိန်နဲ့ ဖွဲ့စည်းပုံတွေကို ကောင်းကောင်း ဆုပ်ကိုင်ထားနိုင်တာကြောင့် သူက ငါတို့ကို ဒီအခြေအနေဆိုးကနေ ကယ်ထုတ်ဖို့ အခွင့်အရေးရှိတယ်။"
ကျန်းလင်သည် ဝမ်ချောင်ကို ကြည့်လိုက်ကာ ပြောလိုက်သည်။
သူသည် ဤရှစ်ဆယ်သော မြင်းစစ်သည်များကို တာဝန်ယူရသည့် ကွပ်ကဲသူဖြစ်လာခဲ့သည်မှာ အချိန်အနည်းငယ်ရှိသွားခဲ့ပြီဖြစ်သည်။ အဖွဲ့ဝင်များ သို့မဟုတ် မြင်းများတွင် ပြောင်းလဲသွားခဲ့ခြင်းမရှိပေ။ ကွပ်ကဲသူများတွင် ပြောင်းလဲသွားရုံမျှဖြင့် စစ်သည်များ၏ ခွန်အားနှင့် အရှိန်အဝါတို့တွင် ကမ္ဘာကြီးတမျှ ကွာခြားသွားစေခဲ့သည်။
ဤသည်မှာ အရည်အချင်းရှိသော ကွပ်ကဲသူတစ်ဦးက သူ့အဖွဲ့ဆီသို့ ယူဆောင်လာပေးမည့် အပြုသဘောဆောင်သော လွှမ်းမိုးမှုဖြစ်သည်။
ရိုးရိုးသားသားဆိုရလျှင် ကျန်းလင်သည် သူ့အသက်ကို အများကြီး ဂရုစိုက်မနေခဲ့ပေ။ ဓားပြများနှင့် မြင်းစီးဓားပြများ၏ လက်ချက်ကြောင့် ဤနေရာတွင် သေဆုံးသွားရမည်မှာ ဝမ်းနည်းဖွယ်ကောင်းသော်လည်း သူသည် စစ်သားဖြစ်လာသည့်အခါ ဤကဲ့သို့သောနေ့မျိုး ရောက်လာနိုင်သည်ကို သူနားလည်ထားခဲ့သည်။
တစ်ဖက်တွင်မူ သူ့ရှေ့ရှိ လူငယ်သခင်လေး ပိုင်ဆိုင်ထားသော ကြီးမားသည့် အလားအလာကို သူမြင်နိုင်သည်။ ထို့သို့သော ဉာဏ်အမြော်အမြင်နှင့် ဩဇာတိက္ကမတို့ဖြင့် သူ့ကို မရေမတွက်နိုင်သော စစ်မြေပြင်များဖြင့် လေ့ကျင့်ပေးနိုင်ခဲ့ပါက သူသည် နောက်ဆုံးတွင် သူ့အတောင်ပံများဖြင့် မဟာထန်ကိုအကာအကွယ်ပေးနိုင်သော ထူးချွန်ပြောင်မြောက်သည့် စစ်သူကြီးတစ်ဦး ဖြစ်လာပေလိမ့်မည်ဖြစ်သည်။
ဤပါရမီရှင်မျိုးသည် မဟာထန်လိုအပ်နေသော အရာဖြစ်သည်။
အကယ်၍ သူ့သေဆုံးခြင်းမှာ ရှောင်လွှဲ၍မရခဲ့ပါက သူမျှော်လင့်ထားသမျှမှာ ထိုအငယ်ဆုံးသောအရှင်သည် ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်ရန်ဖြစ်သည်။
---------------------------------
အပိုင်း ၃၄၉ သံသယများ
"လက်ထောက်ကျန်း စီလင်ပစ်လိုက်တဲ့မြှားပေါ်မှာ ဘာရေးထားတာလဲ။"
ရှုကန်း ရုတ်တရက် မေးလိုက်သည်။
ပိုင်စီလင်သည် ယခင်က အဖြူရောင်ပိတ်စတစ်ခုနှင့် မြှားတစ်စင်းကို ပစ်လွှတ်ခဲ့သည်။ ထိုထဲတွင် ဆေးလုံးအနည်းငယ် ထုပ်စည်းထားသည်က လွဲ၍ ပိတ်စပေါ်တွင်လည်း စာရေးထားခဲ့ပုံရသည်။
သို့သော် ဒဏ်ရာရရှိထားသူများကို ဆေးများခွဲဝေပေးပြီးနောက် ကျန်းလင်သည် ထိုစာအကြောင်း တစ်လုံးမျှ မဟခဲ့ပေ။
"ဒါက...ဟူးးး တစ်ကယ်တော့ ဒီစာက ဟိုဖက်က အငယ်ဆုံးအရှင် ရေးထားခဲ့တာပဲ။ သူက ဒီစာကို ဘယ်သူ့ကိုမှမပြဖို့ ငါ့ကို အလေးအနက်ပြောထားတယ် ငါတို့ ဒီကနေ လွတ်ပြီးမှ ပြတဲ့။ အဲမှာရေးထားတာက လွတ်မြောက်ရေးအစီအစဉ်ပဲ ဒီဟာက ငါတို့ရဲ့တစ်ခုတည်းသော ရှင်သန်နိုင်ဖို့အခွင့်အရေးဖြစ်နိုင်တယ်။"
ကျန်းလင် ခါးသီးသည့် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"အိုး ငါတို့ကိုတောင် သိဖို့ ခွင့်မပြုထားဘူးလား။"
ရှုကန်း အံ့အားတကြီး မေးလိုက်သည်။
"အင်း"
ကျန်းလင် ခေါင်းညိတ်လိုက်သည်။
ရှုကန်း တိတ်ဆိတ်သွားခဲ့ပြီး တခဏအကြာတွင် သူ့စိတ်ထဲ အတွေးတစ်ခုဝင်လာခဲ့ကာ ဟွမ်ရုံတုကို အလိုလိုလှည့်ကြည့်လိုက်မိသည်။ ဝမ်ချောင် ထိုအစီအစဉ်ကို သူတို့ဆီမှ ဖုံးကွယ်ထားချင်သည်မှာ သူသည် ဟွမ်ရုံတုကို စိတ်မချသောကြောင့် ဖြစ်ပေလိမ့်မည်။ ဟွမ်ရုံတုသည် စိတ်ချရသည့်လူဖြစ်သည်ဟု သူ မထင်ခဲ့ပေ။
"ခွေးမသား"
ဟွမ်ရုံတုသည် ရှုကန်းနှင့် ကျန်းလင်တို့၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားခဲ့ပြီး ရှုကန်းနှင့် တစ်ချိန်နည်းမှာပင် သူလည်း သဘောပေါက်လိုက်သည်။ သူ့နားထင်ကြောများသည် ဒေါသကြောင့်ထောင်ထလာခဲ့သည်။
"အဲခွေးကောင်က ဘာကိုဆိုလိုတာလဲ။ သူ ငါ့ကိုမယုံဘူးလား။"
ဟွမ်ရုံတု၏ မျက်နှာသည် ဒေါသကြောင့် နီရဲသွားခဲ့သည်။ သူတို့သည် ဆိုးရွားသည့်အခြေအနေတွင်ရောက်နေပြီဖြစ်သော်လည်း ဝမ်ချောင်သည် သူက ယုံကြည်ရသူမဟုတ်ကြောင်း ဖော်ပြနေခဲ့သည်။ ဤသည်က သူ့ကို အလွန်အရှက်ရစေသော အနေအထားသို့ ရောက်စေသည်။
ဉာဏ်ကောင်းသည့် ကျန်းလင်နှင့် ရှုကန်းတို့သည် သူတို့၏ခေါင်းများကို ဘေးသို့လှည့်ရန် ရွေးချယ်လိုက်ကြပြီး သူ့စကားကို လျစ်လျူရှုလိုက်ကြသည်။
အဆုံးတွင် ဟွမ်ရုံတုသည် ဝမ်ချောင်ကို တစ်လမ်းလုံး ရန်စရန် ကြိုးပမ်း နေခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူက သူ့ကို မယုံကြည်သည်မှာ နားလည်၍ရပေသည်။
...
"အရှင် ကျွန်တော်တို့ အခု ဘာလုပ်ကြမလဲ။"
အဓိကလမ်းမပေါ်တွင် မာစုန့် ဝမ်ချောင်ကိုမေးလိုက်၏။ သူ့စကားသည် လူတိုင်း၏အာရုံကို ဖမ်းစားသွားခဲ့ပြီး ဝမ်ချောင် ဘာပြောမည်ကိုနားထောင်ရန် သူတို့ နားစွန့်လိုက်ကြသည်။
သူတို့ ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေသို့ ကျရောက်သွားခဲ့သည်မှာ အချိန်တခဏ ရှိသွားခဲ့ပြီဖြစ်သည်။ ဤပုံစံအတိုင်း ဆက်သွားသည်က အဖြေမဟုတ်ပေ။ သူတို့သည် ထိုင်စောင့်နေရုံမျှဖြင့် ရှုကန်းနှင့် ဟွမ်ရုံတုတို့ကို ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။
"ကျွန်တော်တို့ကသာ အပြင်ကို သတင်းစကား ပို့နိုင်ခဲ့ရင်..."
အုပ်စုထဲရှိ ဆယ်ယောက်တပ်စု ခေါင်းဆောင်တစ်ဦးက အကြံပြုလိုက်သည်။
"အသုံးမဝင်ဘူး။ ငါတို့က ခုချိန်မှာ အနီးဆုံး အစောင့်စခန်းကနေ အနည်းဆုံး သုံးလေးရက်လောက်ဝေးတဲ့ နေရာမှာရောက်နေကြတယ်။ စစ်ကူရောက်တဲ့အချိန်မှာ အရမ်းနောက်ကျသွားပြီ ဖြစ်လိမ့်မယ်။"
ပိုင်စီလင်ပြန်ဖြေလိုက်ပြီး ထိုဆယ်ယောက်တပ်စုခေါင်းဆောင်၏ အကြံဉာဏ်ထံမှ ဖြစ်နိုင်ချေမရှိမှုကို ထောက်ပြလိုက်သည်။
"စီလင်ပြောတာမှန်တယ် သူတို့ကိုကယ်တင်ဖို့ ငါတို့ကိုယ်ငါတို့ပဲ အားကိုးကြရလိမ့်မယ်။ တော်ဝင်ရုံးတော်က ပို့လိုက်တဲ့ ချိုးဖြူကို မြင်တာနဲ့ သူတို့ ချက်ချင်းသတ်ပစ်ခဲ့တာက ငါတို့တွေ သတင်းစကားအပြင်ကို ပို့တာကနေ ကာကွယ်ဖို့ပဲ။ ငါတို့က စစ်ကူတွေကို ရှာချင်ခဲ့ရင်တောင် သူတို့က အဲလိုလုပ်ခွင့်ပေးမှာမဟုတ်ဘူး။"
ဝမ်ချောင် မျက်မှောင်ကြုတ်လျက် ထပ်ဖြည့်ပြောလိုက်သည်။
စမ်းသပ်မှုတွင် တပ်သားများကို ပြင်ပအကူအညီများရယူခြင်းမှ တားဆီးရန် မစ်ရှင်အတွက် ဆက်သွယ်ရေးနည်းလမ်းများကို ပြင်းထန်စွာ ထိန်းချုပ်ထားခဲ့သည်။
လက်ထောက်ကျန်းလီရှိ ဆက်သွယ်ရေးကိရိယာများကို ဖျက်ဆီးခံရပြီးနောက် သူတို့အုပ်စုသည် အခြားသူများနှင့် ဆက်သွယ်ရန် မည်သည့်နည်းလမ်းမျှမရှိတော့ပေ။
ထို့အပြင် အနောက်ပိုင်း ပိုးထည်လမ်းမသည် တောင်တန်းဒေသကို ဖြတ်သန်း၍ ဖောက်လုပ်ထားသောကြောင့် အလွန်မှ ခေါင်သီပေသည်။ ခရီးသွားကုန်သည်များမှလွဲ၍ အခြားသူများကို မြင်တွေ့ရသည်မှာ ရှားပါးပေသည်။
မြို့တော်မှ ရှည်လျားလှသော အကွာအဝေးကြောင့်မဟုတ်လျှင် ဤဒေသတွင် ဓားပြများနှင့် မြင်းစီးဓားပြများ များစွာ ရှိလိမ့်မည်မဟုတ်ပေ။
တနည်းဆိုရသော် ခုချိန်တွင် ရှုကန်းနှင့် အခြားသူများကို ကယ်တင်နိုင်သည့် လူများမှာ သူတို့ ၄၂ ပင်ဖြစ်သည်။
"...ဒါ့အပြင် ဒီဟာနဲ့ယှဉ်ရင် ငါ ပိုပြီး စိုးရိမ်တဲ့ တခြားအရာရှိသေးတယ်။"
ဝမ်ချောင် လေးနက်စွာ ပြောလိုက်သည်။
"ဘာလဲ"
ထိုစကားလုံးများသည် အကြည့်များကို ဝမ်ချောင်ဆီသို့ ချက်ချင်း စုပြုံကျလာစေခဲ့သည်။
"နင်တစ်ခုခုကို သတိပြုမိခဲ့တာလား။"
ပိုင်စီလင် စိတ်မသက်မသာ မေးလိုက်သည်။
လက်ရှိဝမ်ချောင်သည် သူတို့အုပ်စု၏ အုတ်မြစ်ဖြစ်သည်။ သူပင်လျှင် ယုံကြည်မှုမရှိသလို ခံစားနေရပါက တခြားသူများဆိုလျှင် ဆိုဖွယ်ရာ ရှိလိမ့်မည်မဟုတ်ပေ။
"စီလင် သံမဏိဝတ်ရုံလီ ခုထိ မလှုပ်ရှားသေးတာက ဘာကြောင့်လို့ ထင်လဲ။"
ဝမ်ချောင် ရုတ်တရက်မေးလိုက်သည်။
"ဘယ်လို"
ပိုင်စီလင် မှင်သက်သွားခဲ့သည်။ သူမသည် ဝမ်ချောင်၏ ရုတ်ချည်း မေးခွန်းကြောင့် အငိုက်မိသွားခဲ့သည်။ သူမသည် သူ၏ ဆင်ခြင်သုံးသပ်ခြင်း လေ့ကျင့်မှုကို လိုက်မမီနိုင်တော့သည်ကို တွေ့လိုက်ရသည်။
"လက်ရှိ မတိုးသာမဆုတ်သာ အခြေအနေမှာ ငါတို့က ရှုကန်းနဲ့ ဟွမ်ရုံတုတို့ကို မကယ်နိုင်ဘူး ဆိုရင်တောင် သံမဏိဝတ်ရုံမြင်းစီး ဓားပြတွေကလည်း ငါတို့ကို ဘာမှမလုပ်နိုင်ဘူး။ ငါတို့ ဒီမှာ အေးအေးဆေးဆေးရပ်နေနိုင်တယ် ဘာလို့လဲဆိုတော့ ငါတို့ရဲ့ တည်ရှိနေမှုကပဲ သူတို့အင်အားစု အတော်များများကို ထိန်းသိမ်း ထားနိုင်ပြီး ရှုကန်းနဲ့ တခြားသူတွေကို အသက်ရှုပေါက်ရစေတာကြောင့်ပဲ။ ဒါပေမယ့် သံမဏိဝတ်ရုံလီက ဒီမတိုးသာမဆုတ်သာအခြေအနေကို ဘာလို့ ဆက်ဖြစ်ခွင့်ပေးနေရတာလဲ။"
"သူတို့ရဲ့အင်အားနဲ့ သူတို့က ရှုကန်းနဲ့ တခြားသူတွေကို သေချာပေါက် သတ်ဖြတ်လို့ရတယ်။ သူတို့က အဲအတွက် နည်းနည်းလေးရင်းရမယ် ဆိုပေမယ့် သူတို့ အဲလိုလုပ်လို့ရတယ်။ ဒါပေမယ့် သူတို့အဲလိုမလုပ်ခဲ့တာက သူတို့ဟာ ရှုကန်းနဲ့ ဟွမ်ရုံတုတို့ကို အသုံးချချင်ခဲ့လို့ပဲ။ အဆုံးမှာ တကယ်လို့ သူတို့က သေဆုံးသွားခဲ့ရင် ငါတို့ သေချာပေါက် ချက်ချင်း နောက်ဆုတ်သွားလိမ့်မယ်။"
"ဒါပေမယ့် ငါတို့က ဒီမှာရောက်နေခဲ့ပြီ ဘာလို့ သူက မလှုပ်ရှားသေးတာလဲ။"
ပိုင်စီလင်ကို ကျောပေးထားလျက် သူ့အကြည့်သည် ဓားပြများနှင့် မြင်းစီးဓားပြများကို ဖြတ်သွားခဲ့ကာ သူတို့၏ ခေါင်းဆောင်နှင့် စစ်ရေးအကြံပေးဆီသို့ ကျရောက်သွားခဲ့သည်။
ဓားပြများနှင့် မြင်းစီးဓားပြများစွာတို့ကို သူ့လက်အောက် ထိန်းချုပ်ထားနိုင်ရန်မှာ ဓားပြလီသည် တော်တော်လေးရှိန်ဖို့ကောင်းသည့် လူတစ်ယောက်ဖြစ်ရပေမည်။
ခုနက ဝမ်ချောင်၏ ချီတက် တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန် ဓားပြများနှင့် မြင်းစီးဓားပြများကို မည်ကဲ့သို့ ထိထိရောက်ရောက် ပဲ့ကိုင်ခဲ့သည်ကို စဉ်းစားကြည့်လိုက်ပါက စစ်ရေး အကြံပေး၏ စွမ်းဆောင်နိုင်ရည်နှင့် ပတ်သက်၍လည်း အနည်းငယ်သာ ပြောစရာရှိပေသည်။
ဤသို့သော ရန်သူများနှင့် ရင်ဆိုင်ရလျှင် ဝမ်ချောင်သည် သူတို့ကို ဘယ်တော့မှလျှော့တွက်မည်မဟုတ်ပေ။
"နင် ဆိုလိုတာက..."
ဝမ်ချောင်၏စကားကို ကြားလိုက်သည်နှင့် ပိုင်စီလင်သည်၏ စိတ်ထဲတွင် ဖြစ်နိုင်ချေတစ်ခု ပေါ်လာခဲ့ကာ သူမ မျက်မှောင်ကြုတ်သွားခဲ့သည်။
"ပြောကြည့်လေ ငါတို့ရဲ့အတွေးတွေက တူသလားဆိုတာ ကြည့်ရအောင်။"
ဝမ်ချောင် လေးနက်စွာပြောလိုက်သည်။
"သူတို့မလှုပ်ရှားသေးတာက သူတို့က ငါတို့ကို ချောင်ပိတ်ပြီး ချေမှုန်းနိုင်မယ့် အခွင့်အရေးကို စောင့်နေတာကြောင့်လား။"
ပိုင်စီလင် မသေချာစွာ မေးလိုက်သည်။
"အင်း"
ဝမ်ချောင် လေးလံစွာ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ အတွေးများကို အတည်ပြုပေးလိုက်သည်။
"ငါတွေးနေတဲ့အရာကလည်း အဲဒါပဲ။ သံမဏိဝတ်ရုံမြင်းစီးဓားပြတွေက လက်ရှိအခြေအနေမှာတောင် အရမ်း တည်ငြိမ်လွန်းကြတယ်။ သူတို့ရဲ့ စစ်ရေးအကြံပေးက ငါတို့ရဲ့နောက်မှာ ပြင်ဆင်မှုတစ်ချို့လုပ်နေတယ်ဆိုတာကို သံသယအနည်းငယ်ရှိမိတယ်။"
"ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ။"
အန္တရာယ်က သူတို့ကို တဖြည်းဖြည်းဝါးမြိုလာနေသည်ကို နားလည်သွားခဲ့ကာ ပိုင်စီလင်၏ မျက်နှာသည် ဖြူလျော်သွားခဲ့ကာ စိုးရိမ်တကြီးမေးလိုက်သည်။
ငါးရာကျော်သော ဓားပြများနှင့် မြင်းစီးဓားပြများသည် သူတို့အတွက် ရင်ဆိုင်ရန် ခက်ခဲသည့်ရန်သူ ဖြစ်နေခဲ့ပြီဖြစ်သည်။ အကယ်၍ ရန်သူသည် ထို့ထက်ပို၍ တစ်ခုခုပြင်ဆင်နေသေးပါက သူတို့သည် ပို၍ပင် အရေးမသာသည့် အခြေအနေသို့ ရောက်သွားပေ လိမ့်မည်။ ရှုကန်းနှင့် ဟွမ်ရုံတုတို့ကို ကယ်တင်ဖို့ မဆိုထားနှင့် သူတို့ပင်လျှင် ဤနေရာ၌ အသက်ဆုံးသွားနိုင်သည်။
"သူတို့ရဲ့ ပြင်ဆင်မှုတွေက ခုချိန်မှာ အကြမ်းဖျင်းပြီးလောက်ပြီ။ ငါတို့အတွက် နောက်ဆုတ်ဖို့ အရမ်း နောက်ကျသွားတာဖြစ်ဖို့များတယ်။"
ဝမ်ချောင် ပြောလိုက်သည်။
ကြီးမားသော လေပြင်းတစ်ခု တိုက်ခတ်သွားခဲ့သော်လည်း မြင်းစစ်သည်များကြားတွင် ကြောက်မက်ဖွယ်ကောင်းစွာ တိတ်ဆိတ်သွားခဲ့သည်။ ပြင်းထန်သော ဖိအားက သူတို့ပုခုံးထက်သို့ ဖိကျလာပုံရသည်။
ဓားပြများနှင့် မြင်းစီးဓားပြများကို သူတို့၏ အင်အားများကြီးမားစွာ ကွာဟမှုရှိနေသော်လည်း ဤအခြေအနေအထိ တွန်းအားပေးခြင်းသည် အထင်ကြီးစရာကောင်းနေပြီဖြစ်သည်။ သို့သော်လည်း ထိုသည်က သူတို့ရှေ့မှောက်ရှိ အကျပ်အတည်းကို ကျော်လွှားခဲ့သည်ဟု မဆိုလိုပေ။
မဟာထန်မြင်းစစ်သည် လေးဆယ်တို့သည် အထင်ကြီးစရာကောင်းသော်လည်း အင်အားငါးရာကျော်ပါသော အင်အားစုကို ဆန့်ကျင်တိုက်ခိုက်ရန်မှာ သူတို့အတွက် ခက်ခဲပေလိမ့်မည်။ အထူးသဖြင့် သူတို့ကြားတွင် အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူ လက်တစ်ဆုပ်စာ ပါရှိနေခြင်းကြောင့် ဖြစ်သည်။
ဤအချိန်မှာပင် သူတို့သည် တိကျပြတ်သားသော အရေးမသာသည့် အခြေအနေသို့ ကျရောက်သွားခဲ့ကြသည်။
ထို့အပြင် ယခင်က လီချန်ချီ၏ ပြောစကားများအရ သံမဏိ ဝတ်ရုံလီသည် အနည်းဆုံး အဆင့် ၅ အစစ်အမှန်သိုင်းပညာနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။ ထိုသည်သာမက သူသည် 'သံမဏိဝတ်ရုံနည်းစနစ်' ဟု အမည်ရသည့် အားကောင်းသော လျှို့ဝှက်ပညာရပ်ကိုလည်း ကျွမ်းကျင်ထားသည်။ အကယ်၍ သူသည်လည်း တိုက်ပွဲဝင် ပါဝင်လာခဲ့ပါက သူတို့သည် ယခင်ကထက် များစွာပို၍ အန္တရာယ်ရှိသွားပေလိမ့်မည်။
သူ့ခွာဖြူအရိပ်လေးပေါ်တွင် ထိုင်လျက် အတွေးများစွာတို့သည် ဝမ်ချောင်၏ ခေါင်းထဲ ဖြတ်သန်းသွားခဲ့သည်။
ဝမ်ချောင်က သူ့စိတ်ထဲတွင် အဖြေတစ်ခုရှာဖွေနေသည်ကို သိသောကြောင့် ပိုင်စီလင်သည် သူ့ကို နှောက်ယှက်သည်က ဉာဏ်ရှိရာ မကျကြောင်း သိပေသည်။ ထို့ကြောင့် သူမသည် သူ့ရင်ထဲ၌ တစ်စထက်တစ်စ တိုးလာနေသော စိုးရိမ်စိတ်များကို ဖိနှိပ်ရုံသာ တတ်နိုင်ပေသည်။
အချိန်သည် တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံးတွင် ပိုင်စီလင်သည် စိတ်မရှည်နိုင်တော့ဘဲ မေးလိုက်သည်။
"နင် အဖြေရပြီလား။"
"ငါတို့ရဲ့ လက်ရှိအကြပ်အတည်းကို ကျော်လွှားဖို့ တကယ်ပဲ နည်းလမ်းတစ်ခုတော့ရှိတယ်။"
"အဲဒါက ဘာလဲ။"
ပိုင်စီလင် ချက်ချင်းမေးလိုက်သည်။
ဝမ်ချောင်သည် သူ့အကြည့်ကို နောက်တစ်ကြိမ်ထပ်၍ သံမဏိဝတ်ရုံလီနှင့် ကျောက်အန်းတို့ထံ ပို့လိုက်ပြီး ရယ်မောလိုက်သည်။
"အဲဒါမတိုင်ခင် ငါတို့လည်းပဲ ပြုလုပ်ရမယ့် ပြင်ဆင်မှုတစ်ချို့ ရှိတယ်။"
ဝမ်ချောင် သူ့လက်ကို ဝေ့ရမ်းလိုက်သည်။ မဟာထန်မြင်းစစ်သည်တို့သည် နောက်လှည့်လိုက်ကြပြီး လမ်းကွေ့မှ ထွက်ခွာသွားခဲ့ကြကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြသည်။
...
"သူတို့ ဘာလုပ်နေကြတာလဲ"
ဝမ်ချောင်၏ ရုတ်ချည်းဆောင်ရွက်မှုကို သတိပြုမိလိုက်ကာ သံမဏိဝတ်ရုံလီ ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ် လိုက်သည်။
"သူတို့ ငါတို့ရဲ့ အစီအစဉ်ကို သတိပြုမိသွားတာဖြစ်နိုင်လား။"
သူ၏ သံမဏိကဲ့သို့ ခွန်အားဖြင့် သံမဏိဝတ်ရုံလီသည် အနောက်ပိုင်း လမ်းမကို နှစ်ပေါင်းများစွာ လွှမ်းမိုးချုပ်ကိုင်လာခဲ့သည်။ ကုန်သည်ဖြစ်စေ စစ်သားဖြစ်စေ သူ့ကို လာရှုပ်သည့်လူများကို တုံ့ဆိုင်းမနေဘဲ သူ ချက်ချင်း သတ်ဖြတ်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ သံမဏိဝတ်ရုံလီသည် သူဘာတွေ လုပ်ခဲ့ပါစေ စိတ်တင်းကြပ်နေသကဲ့သို့ ခံစားနေရသည်။
အကြောင်းပြချက်မှာ ရိုးရှင်း၏။ ဤလေးဆယ်သော လူများသည် သူ့အတွက် ခြိမ်းခြောက်မှု ကြီးမားလွန်းလှသည်။
"အဲဒါက မဖြစ်နိုင်ဘူး။ ကျွန်တော် သူတို့ကို လမ်းလွှဲသွားဖို့ ညွှန်ကြား ထားပြီးသားပါ ဒါမှ သူတို့က မြင်ကွင်းကနေ လုံးဝ ပျောက်ကွယ်နေမှာ။ နောက်ပြီးသူတို့က ဒီကို ရောက်နေကြပြီ။ တကယ်လို့ သူတို့က တစ်ခုခုကို သတိပြုမိခဲ့ ကြရင်တောင်မှ သူတို့က လွယ်လွယ်နဲ့ ထွက်ခွာသွားလို့ရမှာမဟုတ်ဘူး။ ကျွန်တော့်ရဲ့ မသိစိတ်က သူတို့ဟာ ဒီနေရာနဲ့သိပ်မဝေးတဲ့နေရာကို တခဏနောက်ဆုတ်သွားကြတာ လို့ ပြောနေတယ်။"
ကျောက်အန်း တွေးတွေးဆဆဖြင့် ပြန်ဖြေလိုက်သည်။
"အခြေအနေကို စစ်ဆေးကြည့်ဖို့ ကင်းထောက်တစ်ယောက်လွှတ်လိုက်ကြစမ်း။"
တခဏမျှ တွေးတောပြီးနောက် သံမဏိဝတ်ရုံလီ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်"
ဓားပြတစ်ယောက်သည် ရိုသေစွာဦးညွှတ်လိုက်ပြီး နေရာမှ ထွက်ခွာသွားခဲ့သည်။
...
"သေစမ်း အဲကောင်တွေ အန္တရာယ်ကြောင့် ငါတို့ကို စွန့်ခွာသွားတာတော့ မဖြစ်နိုင်ဘူးမလား ဟုတ်တယ်မလား။"
ဝမ်ချောင်တို့ အုပ်စု ပျောက်ကွယ်သွားသည်ကိုမြင်ပြီးနောက် တောင်စောင်းပေါ်တွင် ဟွမ်ရုံတု အလောတကြီး အော်ဟစ်လိုက်သည်။
သူ့အသက်သည် ဝမ်ချောင်၏ အပြုအမူအပေါ်မူတည်နေသောကြောင့် တစ်ဖက်လူက ဆုံးဖြတ်ချက် ပြတ်သားစွာ ထွက်ခွာသွားသည်ကို မြင်လိုက်ရချိန်တွင် သူ စိုးရိမ်သွားခဲ့သည်။
ဆွေကြီးမျိုးကြီးကလန်တစ်ခုတွင် မွေးဖွားလာပြီး ကြီးပြင်း လာခဲ့ရသောကြောင့် ဟွမ်ရုံတုသည် ယခင်က ယခုလို အန္တရာယ်ရှိသော အခြေအနေမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ မစ်ရှင်တွင် ဤမျှ ဆိုးရွားသောအန္တရာယ်နှင့်ရင်ဆိုင်ရနိုင်သည်ကို သူသိခဲ့ပါက သူ့ကလန်က သို့မဟုတ် လေ့ကျင့်ရေးစခန်းက အပြစ်တင်ခဲ့လျှင်ပင် ၎င်းတွင် သူ ပါဝင်ခဲ့မည်မဟုတ်ပေ။
----------------------------------
အပိုင်း ၃၅၀ သံမဏိဝတ်ရုံမြင်းစီးဓားပြတို့၏အခြားတစ်ဖက်
ဟွမ်ရုံတု စိုးရိမ်နေခဲ့သည်။
"စိတ်မပူပါနဲ့။ အငယ်ဆုံးအရှင်က အစကတည်းက ငါတို့ကို ကယ်တင်ဖို့ ရည်ရွယ်ချက်မရှိခဲ့ရင် သူက ဓားပြတွေနဲ့မြင်းစီးဓားပြတွေကို တိုက်ခိုက်ဖို့ လာခဲ့မှာမဟုတ်ဘူး။"
ကျန်းလင် သူ့ကို နှစ်သိမ့်လိုက်သည်။
ထိုစကားများကို ကြားသည်နှင့် ဟွမ်ရုံတု၏ ဆိုးရွားသော အမူအရာ အနည်းငယ် သက်သာသွားခဲ့သည်။
ကျားးး
ထိုအခိုက်မှာပင် ကျယ်လောင်သော မြင်းမောင်းသံ ထွက်ပေါ်လာခဲ့သည်။ ဟွမ်ရုံတုလှည့်ကြည့်လိုက်သည်နှင့် ရက်စက်ပုံပေါ်သော သံမဏိဝတ်ရုံ မြင်းစီဓားပြအဖွဲ့ဝင်တစ်ယောက်သည် ဝမ်ချောင်တို့ဆုတ်ခွာသွားသည့်အရပ်သို့ အဓိကလမ်းမတစ်လျှောက် ဒုန်းဆိုင်း သွားနေသည်ကိုသာ တွေ့လိုက်ရသည်။
ဖြောင်းးး
သို့သော် နောက်တခဏတွင် လေးကြိုးပစ်လွှတ်နေသည်နှင့် ဆင်တူသော အသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ဧရာမသံမဏိ မြှားတစ်စင်းသည် လမ်းကွေ့မှ ရုတ်တရက်ပေါ်လာခဲ့ကာ ထိုမြင်းစီးဓားပြဆီသို့ ဦးတည်လာခဲ့သည်။
ထိုမြှားသည် ဧရာမခွန်အားဖြင့် ထိုမြင်းစီးဓားပြ၏ ဦးခေါင်းခွံသို့ စိုက်ဝင်သွားခဲ့ပြီး သူ့ကို မြင်းပေါ်မှ လွှင့်ထွက်သွားစေကာ နောက်ဆုံးတွင် သစ်ပင်ကြီးတစ်ပင်ဆီသို့ ကပ်တွယ်သွားစေသည်။
"အားး"
ထိတ်လန့်နေသော အာမေဋိတ် သံများနှင့် ပင့်သက်ရှိုက်သံများ လူအုပ်ကြီးဆီမှ ထွက်ပေါ်လာခဲ့သည်။ လူတိုင်းသည် ရုတ်တရက်ပေါ်လာသော မြှားကြောင့် မှင်သက်သွားခဲ့ကြသည်။ ဝမ်ချောင်သည် ဆုတ်ခွာသွားသည့်တိုင် စီမံမှုအချို့ပြုလုပ်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ထိုမြှား၏ အလျင်၊ ခွန်အားနှင့် အချိန်တို့သည်လည်း အံ့မခမ်းပင်။ ထိုမြင်းစီးဓားပြကို တုံ့ပြန်ရန် အခွင့်အရေး လုံးဝမပေးခဲ့ပေ။ သူသည် ဘာတွေဖြစ်ပျက်နေသည်ကိုပင် နားမလည်နိုင်မီ သေဆုံးသွားခဲ့သည်။
"နင်ပြောတဲ့အတိုင်း အတိအကျဖြစ်လာတာပဲ။"
ထိုအချိန်မှာပင် လမ်းကွေ့မှ ကျန့်ငါးဆယ်အကွာအဝေးလောက်တွင် ပိုင်စီလင်သည် သူမ၏ လေးကို ချလိုက်ပြီး သူမဘေးရှိ ဝမ်ချောင်ကို စိတ်လှုပ်ရှားစွာ ပြုံးပြလိုက်သည်။
"မင်း ကောင်းကောင်းလုပ်ခဲ့တာပဲ။"
ဝမ်ချောင်သည်လည်း သူမကို အပြုံးတစ်ခုဖြင့် ချီးမွမ်းလိုက်သည်။
ပိုင်စီလင်သည် လေးအတတ်တွင် အထူးမပြုခဲ့ပေ။ သို့သော် ထိုနယ်ပယ်ရှိ သူမ၏ ကျွမ်းကျင်မှုသည် အမှန်ပင် အံ့မခမ်းဖြစ်၏။
"ကောင်းပြီ သွားကြစို့။ ဒီမြှားနဲ့ ငါတို့ သူတို့ကို နည်းနည်းလေး တုံ့ဆိုင်း သွားစေလောက်တယ်။ ငါတို့ဆီ ကင်းထောက်တွေကို အကြောက်အရွံ့ မရှိဘဲ သူတို့ ပို့ရဲတော့မှာမဟုတ်ဘူး။ ဒါ့အပြင် သူတို့ရဲ့ အသတ်ခံရတဲ့လူတိုင်းက ငါတို့အတွက် အောင်ပွဲရဖို့ အခွင့်အလမ်းပိုများတာကို ကိုယ်စားပြုတယ်။"
ဝမ်ချောင် ကြွေးကြော်လိုက်သည်။
ဤနေရာတွင် ဓားပြများနှင့် မြင်းစီးဓားပြများ အများအပြား စုဝေးနေခဲ့ကြသောကြောင့် ထိပ်တိုက်တိုက်ပွဲတွင် သူတို့ကို လျင်မြန်စွာ ချေမှုန်းရန် မဖြစ်နိုင်ဖြစ်စေသည်။ ထို့ကြောင့် သူတို့သည် အဆုံးအဖြတ်ပေးသည့် တိုက်ခိုက်မှုမစတင်မီ ရနိုင်သမျှ အခွင့်အရေးတိုင်းတွင် သူတို့၏ အင်အားကို လျှော့ချရန်သာ တတ်နိုင်သည်။
ဝမ်ချောင် သူ့လက်ကို မြှောက်လိုက်သည်။ လေးဆယ်သော မြင်းစစ်သည်တို့သည် အကွာအဝေးတစ်ခုသို့ ဒုန်းဆိုင်းလိုက်ကြသည်။
...
"ခွေးမသားတွေ"
သူ ယခုလေးတင်လွှတ်လိုက်သည့် ကင်းထောက်က လူတိုင်း၏ မျက်စိရှေ့တွင် မည်သို့ ရက်စက်စွာ အသတ်ခံလိုက်ရသည်ကို ကြည့်ကာ သံမဏိဝတ်ရုံလီ၏မျက်နှာ ပြာနှမ်းသွားခဲ့သည်။
"နောက်တစ်ယောက်လွှတ်လိုက်"
သူ့လက်ကိုဝေ့ရမ်းလျက် သံမဏိဝတ်ရုံလီသည် ဝမ်ချောင်တို့အဖွဲ့နောက်လိုက်ရန် နောက်လူတစ်ယောက်ကို အမိန့်ပေးလိုက်သည်။
ဒီးဒါဒါ
ဒုတိယမြင်းစီးဓားပြသည် ပထမသင်ခန်းစာမှ လေ့လာသင်ယူခဲ့ပြီး ထောင်ချောက်များကို စိုးရိမ်သောကြောင့် လမ်းကွေ့အနီးတဝိုက်တွင် သတိကြီးစွာ ချီတက်နေခဲ့သည်။ သို့သော် လမ်းကို ကွေ့ပတ်ပြီးရုံမျှရှိသေးသည်
ဘန်းးး
နောက်ထပ်မြှားတစ်စင်းပေါ်လာခဲ့ပြီး သူ့ခေါင်းကိုလည်း သစ်တစ်ပင်တွင် ကပ်တွယ်သွားစေသည်။
သို့သော် ဤတစ်ကြိမ်တွင် ထိုမြှားသည် တောထဲမှ လာခဲ့ခြင်းဖြစ်သည်။
"ဒုတိယတစ်ယောက်။"
လက်ထဲတွင် လေးတစ်လက်ဖြင့် ပိုင်စီလင်သည် သူမ၏မြင်းပေါ်သို့ ခုန်တက်လိုက်ပြီး အဖွဲ့ဆီသို့ ပြန်သွားလိုက်သည်။
တခြားသူများသည် ဝမ်ချောင်နှင့်အတူ အကွာအဝေးတစ်ခုသို့ ဆုတ်ခွာသွားခဲ့ကြသော်လည်း ပိုင်စီလင်သည် ထိုနေရာတွင် ကျန်ရစ်နေခဲ့ပြီး တောထဲရှိ သစ်ပင်တစ်ပင်နောက်တွင် ပုန်းကွယ်နေခဲ့သည်။
ထိုမြင်းစီးဓားပြသည် သူ့ရှေ့တွင် တွေ့ကြုံလာနိုင်သည့်အရာကို အလွန်စိုးရိမ်နေခဲ့ပြီး သူ့နောက်ပိုင်းကို လျစ်လျူရှုထားမိခဲ့သည်။ ထို့ကြောင့် မြှားတစ်စင်း၏ သားကောင်ဖြစ်သွားခဲ့သည်။
"သေစမ်းကွာ"
လေးကြိုးကို လွှတ်လိုက်ခြင်းနှင့် ဒုန်းဆိုင်းသွားနေသော မြင်း၏ မူမမှန်သည့်လှုပ်ရှားမှုမှ ကျယ်လောင်သောအသံကို ကြားလိုက်ရသောကြောင့် သံမဏိဝတ်ရုံလီ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"လူများများထပ်လွှတ်စမ်း။"
မည်းမှောင်သည့်မျက်နှာဖြင့် သံမဏိ ဝတ်ရုံလီသည် လက်မြှောက်လိုက်ပြီး ဝမ်ချောင်နောက် ပို၍များသော ကင်းထောက်များစေလွှတ်ရန် အမိန့်ပေး လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် သူသည် ယခင်ကထက် ပို၍ ဉာဏ်ကောင်းပေသည်။ သူသည် လူသုံးယောက်ကို စေလွှတ်ခဲ့သည်။ သူတို့ထဲမှ နှစ်ယောက်သည် ဘေးနှစ်ဖက်ရှိ သစ်တောများကို ထောက်လှမ်းရန်ဖြစ်ပြီး ကျန်တစ်ယောက်သည်တော့ အဓိကလမ်းမမှ လိုက်ပေလိမ့်မည်။
ဤနည်းဖြင့် သူတို့သည် ရန်သူများ၏ ခြုံခိုတိုက်ခိုက်ခြင်းကို ရှောင်ရှားနိုင်ပေမည်။
သို့သော် မည်သို့ဆိုစေကာမူ ကိစ္စများသည် အစီအစဉ်အတိုင်း ဖြစ်မလာခဲ့ပေ။
မြင်းစီးဓားပြသုံးယောက် တွေ့ဆုံခဲ့သည့်အရာမှာ မဟာထန် မြင်းစစ်သည်လေးယောက်နှင့် ပိုင်စီလင်တို့ပင်။ အစစ်အမှန်သိုင်းပညာနယ်ပယ် ငါးယောက်နှင့် ရင်ဆိုင် လိုက်ရသောကြောင့် သူတို့သည် တခဏအတွင်း ရှင်းလင်းခံလိုက်ရသည်။
ဤသည်က သံမဏိဝတ်ရုံလီကို ခက်ခဲသည့် အနေအထားသို့ ရောက်စေခဲ့သည်။
သူတို့သည် ရန်သူဆီမှ အသုံးဝင်သည့် အချက်အလက်များကို မရရှိခဲ့သည်သာမက ဘာမျှမဟုတ်ဘဲ သူတို့၏ ညီအစ်ကို ခြောက်ယောက်ကိုပင် ဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ဤလူများသည် သူနှင့်အတူ နှစ်ပေါင်းများစွာ ရှိခဲ့သည့် အဖွဲ့ဝင်ဟောင်များဖြစ်ကြသည်။
တိတ်ဆိတ်မှုက ထိုနေရာတွင် စိုးမိုးသွားခဲ့သည်။
"ကျောက်အန်း မင်းဆီမှာ နည်းလမ်းတစ်ခုခုရှိလား။"
သံမဏိဝတ်ရုံလီ သူ့ဘေးရှိ စစ်ရေးအကြံပေးဆီသို့ လှည့်လိုက်ကာ မေးလိုက်သည်။
စစ်ရေးအကြံပေးသည်တော့ ဤအချိန်တွင် နှုတ်ဆိတ်နေခဲ့သည်။ ရန်သူ့ဘက်ရှိ ထိုငယ်ရွယ်သော ကွပ်ကဲသူသည် အမှန်တကယ်ပင် သူ့အတွက် ခက်ခဲသော ရန်သူဖြစ်သည်။ တစ်ဖက်လူ၏ အမိန့်များသည် သူ့အတွက် လုံးဝ မှန်းဆမရနိုင် ဖြစ်သောကြောင့် သူ့အတွက် ကြိုတင်စီစဥ်ရန် ခက်ခဲစေသည်။
ရန်သူက တစ်စုံတစ်ခု ကြံစည် နေသည်ကို ကျောက်အန်းသိပေသည်။ သူတို့ကို ခွင့်ပြုပေးလိုက်ပါက အန္တရာယ်ရှိပေလိမ့်မည်။ သို့တိုင် သူတို့သည် တစ်ဖက်လူ၏ အကြံအစည်ကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သော သတင်းအချက်အခက်ကို ရယူနိုင်ခြင်းမရှိသည့် အနေအထားတွင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ရန်သူ၏ နောက်လာမည့် လှုပ်ရှားမှုကို မခန့်မှန်းနိုင်လျှင် သူတို့သည် အားနည်းချက်ရှိသော အခြေအနေတွင် ရှိနေမည်ဖြစ်သည်။
ဥပမာတစ်ခုအနေဖြင့် အကယ်၍ ဝမ်ချောင်သည် အလှမ်းမဝေးခဲ့ပါက သူ့အတွက် ရုတ်တရတ် တိုက်ခိုက်ရန် ဖြစ်နိုင်သည်။ သူတို့သည် မြင်းခွာသံများကို ဆူညံခြင်းမရှိစေရန် အဝတ်စဖြင့် ဖုံးအုပ်လိုက်မည်ဆိုလျှင် ကျောက်အန်းနှင့် အခြားသူများအတွက် သူတို့ မည်မျှဝေးသည်ကို ခန့်မှန်းရန် ခက်ခဲပေလိမ့်မည်။
ကျောက်အန်းသည် ပြန်ဖြေခြင်းမရှိမီ တခဏမျှ ချင့်ချိန်စဉ်းစားလိုက်သည်။
"ခေါင်းဆောင် ဒီနေရာမှာ အရေအတွက်က အဓိကဖြစ်တယ်လို့ ကျွန်တော်မထင်ဘူး။ တစ်ဖက်လူက သူတို့ဆီ ကျွန်တော်တို့ပို့လွှတ်တဲ့ လူအရေဘယ်လောက်ကိုဖြစ်ဖြစ် ကိုင်တွယ်ဖို့ ကောင်းကောင်း ပြင်ဆင်ထားခဲ့ကြတယ်။ ကျွန်တော်တို့က သူတို့ဆီ အနည်းဆုံးလူနှစ်ရာပါတဲ့စစ်တပ်ကို မစေလွှတ်သရွေ့ ကျွန်တော်တို့ရဲ့ လူတွေက သူတို့ရဲ့လက်ထဲမှာ ကျဆုံးရဖို့ များတယ်။"
"အဲလိုဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ အားကောင်းပြီး သွက်လက် ကျွမ်းကျင်တဲ့ ညီအစ်ကိုတချို့ကို သံမဏိဒိုင်းကာတွေ ပေးအပ်ပြီး စေလွှတ်တာက ပိုကောင်းလိမ့်မယ်"
ဓားပြများနှင့် မြင်းစီးဓားပြများ အနေဖြင့် သူတို့တွင် စစ်တပ်ကဲ့သို့ ဒိုင်းကာများမရှိခဲ့ကြပေ။ မည်သို့ပင်ဆိုစေကာမူ ရိုးရှင်းသောဒိုင်းကာတစ်ခုအဖြစ် အသုံးပြုရန် သံမဏိအပိုင်းအစ အနည်းငယ်ကို စုဆောင်းရန် သူတို့အတွက် ခက်ခဲခြင်းမရှိပေ။
ကျောက်အန်း၏ ညွှန်ကြားချက် များသည် လျင်မြန်စွာ လက်ဆင့်ကမ်းသွားခဲ့သည်။
သူတို့၏ညီအစ်ကိုသုံးယောက်ကို ဆုံးရှုံးပြီး မကြာမီမှာပင် သံမဏိ ဝတ်ရုံလီနှင့် ကျောက်အန်းတို့သည် သူတို့လိုချင်သော သတင်းကို ရရှိခဲ့ကြသည်။
"ခေါင်းဆောင်ကို တင်ပြပါတယ် သူတို့က လက်ရှိမှာ ကျန့်သုံးရာလောက် ဝေးကွာတဲ့ တောထဲမှာ တပ်စွဲနေကြပါတယ်။"
(၁၁၀၀ မီတာ)
"သိပြီ။ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဆက်ထောက်လှမ်းပြီး အမွှေးတိုင်တစ်တိုင်ကြာချိန်တိုင်းမှာ ငါ့ကို သတင်းအသစ်တွေ တင်ပြပါ။"
(၁၅ မိနစ်)
"ဟုတ်ကဲ့ပါ ခေါင်းဆောင်"
ထိုမြင်းစီးဓားပြ နေရာမှ ထွက်ခွာပြီးနောက် သံမဏိ ဝတ်ရုံလီသည် မေးခွန်းထုတ်နေသည့် အကြည့်ဖြင့် ကျောက်အန်းကို လှည့်ကြည့်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"သူတို့ဘာတွေကြံစည်နေကြသလဲဆိုတာ ကျွန်တော်လည်းမသိပေမယ့် ခန့်မှန်းလို့မရတဲ့ လုပ်ရပ်တွေနဲ့ ကျွန်တော်တို့ကို စိတ်ရှုပ်ထွေးအောင် လုပ်ဖို့ ကြိုးစားနေတာဖြစ်နိုင်တယ်။"
သံမဏိဝတ်ရုံလီ တွေးနေသည့်အရာကို ကျောက်အန်းသိပေသည်။ သူ ခေါင်းခါလျက် တုံ့ပြန်လိုက်သည်။
သူသည် ဤကဲ့သို့ ခေါင်းခြောက်စေသည့် ပြိုင်ဘက်များ သို့မဟုတ် အခြေအနေနှင့် ကြုံတွေ့ရခဲသည်။ တစ်ဖက်လူသည် လေ့ကျင့်ရေးစခန်း၏ တပ်သားသစ် တစ်ယောက်မဟုတ်ခဲ့ပါက သူသည် ထိုလူငယ်ကို သူတို့ဘက်သို့ ခေါ်ယူရန် သူ့ခေါင်းဆောင်ကို စည်းရုံးရန် ကြိုးစားမိခဲ့ပေလိမ့်မည်။
"ဒါပေမယ့် သူတို့က ဘာတွေပဲ ကြံစည်နေပါစေ သူတို့က ဒီနယ်မြေမှာရှိနေသရွေ့ လုံလောက်တယ်။ နောက်ဆုံးမှာ သူတို့က ကြွက်တွေလို ချောင်ပိတ်မိသွားကြမှာပဲ။"
ကျောက်အန်းသည် သူ့မုတ်ဆိတ်မွေးကို တည်ငြိမ်အေးဆေးစွာ သပ်လျက် ယုံကြည်မှုရှိစွာ ထပ်ဖြည့်ပြောလိုက်သည်။
...
"ငါတို့အတွက် အချိန်အများကြီး မကျန်တော့ဘူး။ နောက်နာရီ အနည်းငယ်က ငါတို့ရဲ့ကံကြမ္မာနဲ့ ရှုကန်း၊ ဟွမ်ရုံတုတို့ရဲ့ကံကြမ္မာကို ဆုံးဖြတ်ပေးလိမ့်မယ်။ ဒါကြောင့် အခုပြောမယ့် စကားကို အားလုံး ဂရုတစိုက် နားထောင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"
တစ်ချိန်တည်းမှာပင် ကျန့်သုံးရာ ကွာဝေးသည့် အကွာအဝေးတစ်ခုတွင် ဝမ်ချောင်သည် သူ့အမိန့်များကို ထုတ်ပြန်ရန် သူလူများကို အတူတကွ စုဝေးစေခဲ့သည်။
ဤရှားပါးသော အခမ်းအနားတွင် ဝမ်ချောင်၏ တည်ငြိမ်အေးဆေးပြီး ဣန္ဒြေရသော အမူအရာသည် လေးနက်မှုဖြင့် အစားထိုးထားခဲ့သည်။ သူ့လွှမ်းမိုးမှုအောက်တွင် စစ်သည်များသည်လည်း မကြုံစဖူး လေးနက်မှုတစ်ခုကို ပြသနေခဲ့ကြသည်။
"သူတို့ကို စိတ်ရှုပ်ထွေးစေဖို့ ရှေ့ပြေးတပ်ကို မာစုန့်ရဲ့ကြီးကြပ်မှု အောက်မှာ ထားမှာဖြစ်ပြီး ကျန်တဲ့သူတွေက ငါ့နောက်ကို လိုက်ကြရမယ်။"
ဝမ်ချောင် လေးနက်စွာ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်"
မဟာထန်မြင်းစစ်သည်လေးဆယ်တွင် နှစ်ဆယ်သည် အစကတည်းက ဝမ်ချောင်အုပ်စုမှဖြစ်ကြပြီး ဝမ်ချောင်၏ လေ့ကျင့်မှုနှင့် ပြန်လည်ဖွဲ့သည်းမှုကို ကြုံတွေ့ခဲ့ကြရပြီးဖြစ်သည်။ သို့သော် ပိုင်စီလင်၏ အုပ်စုမှလူများသည်တော့ မကြုံတွေ့ခဲ့ကြရသေးပေ။
ထို့နောက်တွင် ဝမ်ချောင်သည် ပိုင်စီလင်၏အဖွဲ့ကိုလည်း အပိုင်းလေးပိုင်းခွဲခဲ့ပြီး လူဆယ်ယောက်တပ်ဖွဲ့ခေါင်းဆောင်နှင့် လူငါးယောက်တပ်ဖွဲ့ခေါင်းဆောင်တို့ကိုလည်း ရွေးချယ်ပေးခဲ့သည်။
တိုက်ပွဲသည် သူတို့ရှေ့ရောက်နေပြီ ဖြစ်သောကြောင့် အချိန်သည် တန်ဖိုးရှိလှ၏။ ကံကောင်းထောက်မစွာဖြင့် ထိုလူနှစ်ဆယ်အုပ်စုသည် လေ့ကျင့်ခြင်းကို လျင်မြန်စွာ အပြီးသတ်နိုင်ခဲ့ကြသည်။ သူတို့သည် ဝမ်ချောင်နှင့်အတူ လုပ်ဆောင်ခဲ့သော စစ်ဆင်ရေးများ၊ ထို့အတူ သံမဏိဝတ်ရုံမြင်းစီးဓားပြများနှင့် တိုက်ပွဲများကြောင့် ဝမ်ချောင်၏ အမိန့်များနှင့် ရင်းနှီးကျွမ်းဝင်ရန် သူတို့အတွက် အချိန်အကြာကြီး မယူခဲ့ရပေ။
တစ်နာရီကြာပြီးနောက်
ထိုလူနှစ်ဆယ်အုပ်စုသည် ဝမ်ချောင်၏ မျှော်မှန်းချက်သို့ ရောက်ရှိနိုင်ခဲ့ကြသည်။
ထိုလေ့ကျင့်ခြင်းပြီးနောက် ဝမ်ချောင်သည် မြင်းစစ်သည် လေးဆယ်ကို နောက်တစ်ကြိမ် စုစည်းလိုက်ပြီး ပြောလိုက်သည်။
"အခု ငါပြောမယ့်အရာက အရမ်းအရေးကြီးတယ် ဒါကြောင့် မင်းတို့တွေ သေချာအာရုံစိုက်ကြရမယ်။ ဒါက ငါတို့ဟာ သတ်တဲ့သူတွေဖြစ်မလား ဒါမှမဟုတ် အသတ်ခံရတဲ့သူတွေဖြစ်မလား ဆိုတာ ဆုံးဖြတ်ပေးလိမ့်မယ်။ မင်းတို့တစ်ယောက်မှ ဘာမဟုတ်တဲ့ ဓားပြတွေရဲ့လက်ထဲမှာ သေချင်ကြမှာမဟုတ်ဘူး လို့ ငါ ယုံကြည်တယ်။”
"တိုက်ပွဲမှာ အရေးကြီးကြောင်း သက်သေပြနိုင်တဲ့ ရိုးရှင်းတဲ့ ဖွဲ့စည်းပုံတစ်ခု ငါ့ဆီမှာ ရှိတယ်။ မင်းတို့ အသေးစိတ်အချက်အလက်တွေကို သေချာဂရုပြုအာရုံစိုက်ကြရမယ်၊ ငါတို့မှာ အမွှေးတိုင်တစ်တိုင်စာ အချိန်ပဲရှိတယ်..."
အစပိုင်းတွင် ပိုင်စီလင်သည် ဝမ်ချောင် ပြုလုပ်နေသည့်အရာ၏ ဆိုလိုရင်းကို သဘောပေါက်နားလည် နိုင်ခဲ့သေးသည်။ အုပ်စုကို ပြန်လည် ဖွဲ့စည်းခြင်းဖြင့် တိုက်ပွဲတွင် စုရုံးရန် တပ်ဖွဲ့များကို ပိုမိုထိရောက်သော အဖွဲ့များအဖြစ် ပိုင်းခြားနိုင်သည်။
သို့သော်လည်း ယခုအချိန်တွင် သူလုပ်နေသော အရာသည် သူမအတွက် လျှို့ဝှက်ဆန်းကြယ် နေခဲ့သည်။ မြင်းစစ်သည်များအား သူသင်ကြားပို့ချပေးနေသော လမ်းညွှန်ချက်များနှင့် လှုပ်ရှားမှုများသည် သူမအတွက် လုံးဝစိမ်းသက်နေပေသည်။
ရိုးရိုးသားသားဆိုရလျှင် ဝမ်ချောင်သည် ပိုင်စီလင်၏ စိတ်ကူးထက် ကျော်လွန်သော အရာများစွာကို ထုတ်ပြခဲ့သည်။ သူမကလန်၏ ဆက်နွယ်မှုများကြောင့် စစ်တပ်၏ ကွပ်ကဲသူများနှင့် မကြာခဏ ထိတွေ့ဆက်ဆံမှုများ ရှိသော်လည်း သူမသည် ဤကဲ့သို့သောအရာကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
'ဒီလူက သောက်ကျိုးနည်းကို ဘယ်သူများလဲ'
ပိုင်စီလင်သည် ဝမ်ချောင်၏ ဂုဏ်ဒြပ်ကို ပို၍ သိချင်လာခဲ့သည်။ သူသည် ပုံမှန်မဟုတ်သော လုပ်ဆောင်ချက် များစွာကို ပြသခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ ယခုအချိန်သည် ထိုသို့သောပြဿနာများဖြင့် စိတ်အနှောက်အယှက်ဖြစ်ရမည့်အချိန်မဟုတ်မှန်းသိသောကြောင့် ပိုင်စီလင်သည် သူမ၏နှလုံးသားအတွင်းမှ သိချင်စိတ်များကို မျိုသိပ်ကာ ဝမ်ချောင်၏ရှင်းပြချက်များကို အာရုံပြန်စိုက်လိုက်သည်။
သို့သော် ရင်ထဲတွင် သူမသည် ဝမ်ချောင်အနားရှိ လျှို့ဝှက်ချက်များကို ဤနေရာမှ အသက်ရှင်လျက် လွတ်မြောက်သည်နှင့် ဖော်ထုတ်ရန် ကြံစည်ထားလိုက်သည်။
မကြာမီ မိုးချုပ်လာခဲ့သည်။
ဝမ်ချောင်၏အဖွဲ့သည် သူတို့၏ အစားအစာများကို စတင်ချက်ပြုတ် လိုက်ကြသောကြောင့် တောထဲမှ မီးခိုးများထွက်လာခဲ့သည်။
လူလေးဆယ်အတွက် အစားအစာသည် သေးငယ်သည့်ပမာဏမဟုတ်ပေ။ ဤသို့ဖြင့် ထိုနေရာရာရှိ မီးခိုးငွေ့သည် အလွန်သိပ်သည်းပြီး လူတိုင်းကို ဖုံးလွှမ်းနေခဲ့သည်။
တစ်ချိန်တည်းမှာပင် အစားအစာများ ချက်ပြုတ်နေသည့် နေရာမှ ကျမ့်ခုနစ်ရာအကွာအဝေးလောက်တွင်..
ခရက်
ဆူးပင်များဖြင့် ပြည့်နှက်နေသော ချုံပုတ်များထူထပ်သည့် နေရာမှ မြင်းခွာသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
----------------------------------