← Chapters

အန်လင်း ကိုယ်တိုင်ဖန်တီးသော အင်မော်တယ်မန္တန်

Vol. 13 Ch. 180

အန်လင်း ကိုယ်တိုင်ဖန်တီးသော အင်မော်တယ်မန္တန်

Vol. 13 Ch. 180

အချိန်အတော်ကြာ စဉ်းစားပြီးသည့်နောက်တွင် အန်လင်းသည် သူတက်ရောက်ရမည့် အတန်းအားရွေးချယ်ရန် ကောင်းကင်အဆုံးအဖြတ်ကို ခံယူဖို့ ဆုံးဖြတ်လိုက်သည်။

အန်စာတစ်တုံးအား ထုတ်ယူလိုက်သည်။ နံပါတ် ၁ သည် ဆေးဖော်စပ်ခြင်း၊ နံပါတ် ၂ သည် လက်နက်ထုလုပ်သန့်စင်ခြင်း၊ နံပါတ် ၃ သည် မန္တန်ဝင်္ကပါ၊ နံပါတ် ၄ သည် မှော်ရတနာကျင့်စဉ်၊ နံပါတ် ၅ သည် အင်မော်တယ်မန္တန်၊ နံပါတ် ၆ သည် နတ်ဘုရားအာရုံ။

အံစာတုံးအား လေထဲ ပစ်လွှတ်လိုက်သည်။ ပြန်ကျလာသည့်အခါ မူးနောက်အောင် လှိမ့်နေပြီး နံပါတ် ၅ တွင် ရပ်တန့်သွားလေသည်

ဟမ်.. ဒါက ကောင်းကင်ရဲ့ ဆန္ဒပေါ့လေ။ အင်မော်တယ်မန္တန်အတန်းပေါ့။

တိုက်ဆိုင်သည်မှာ စုရှောင်လန်သည်လည်း အင်မော်တယ်မန္တန်အတန်းအား ရွေးချယ်လိုက်ခြင်းပင်။

သူမသည် မီးလမ်းစဉ် လျှောက်လှမ်းသူ ဖြစ်သည့်အတွက် အင်မော်တယ်မန္တန်အတန်းအား ရွေးချယ်ခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။

သူတို့တန်းခွဲရှိ ကျောင်းသားတစ်ရာတွင် အင်မော်တယ်မန္တန်အတန်းအား ရွေးချယ်သူ ၂၆ ဦး ရှိလေသည်။

အင်မော်တယ်မန္တန်အတန်းသည် အတော်လေး လူကြိုက်များသည်ဟု ဆိုရမည်ပင်။ သင်ကြားပေးမည့် ဆရာသည်လည်း ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် မြေကမ္ဘာအင်မော်တယ် ချန်းချင် ဖြစ်သည်။

အတိတ်သို့ ပြန်တွေးမိသည့်အခါတွင် အန်လင်းသည် ‘ချန်းချင်အမှတ်တံဆိပ် အိပ်ဆေး’ ၏ လွှမ်းမိုးခြင်းအောက်တွင် အတော်လေး ရုန်းကန်ရှင်သန်ခဲ့ရလေသည်။

ယခုအခါတွင် သူ၏တည်ရှိမှုသည် ဗဟုသုတမရှိသည့် အားနည်းချည့်နဲ့သူတစ်ဦး မဟုတ်တော့ချေ။ မြေကမ္ဘာအင်မော်တယ် ချန်းချင် သင်ကြားပို့ချသည်များကို စိတ်ပါဝင်စားစွာဖြင့် နားထောင်နိုင်နေပြီ ဖြစ်သည်။ ဟာသပြောသည့် အခါတွင်လည်း အခြားကျောင်းသားများနှင့်အတူ လိုက်ပါရယ်မောနေနိုင်ပြီ ဖြစ်သည်။

ယင်းသည် သူ၏ သွေး၊ ချွေးနှင့် မျက်ရည်များ၏ ရလဒ်ပင်။ အန်လင်းကိုယ်တိုင်သာလျှင် သူ၏ ကြိုးစားအားထုတ်မှုများ နောက်ကွယ်တွင်ရှိသည့် ခါးသီးမှုနှင့် ဆင်းရဲဒုက္ခကို သိရှိလေသည်။

အင်မော်တယ်မန္တန်အတန်းအား ကျယ်ပြန့်သည့် တောင်စောင်းတွင် ပို့ချလေသည်။

ကျောင်းသားများသည် မြေကမ္ဘာအင်မော်တယ် ချန်းချင်အား စက်ဝိုင်းသဏ္ဌာန် ဝိုင်းပတ်ကာ ထိုင်လိုက်ကြပြီး အင်မော်တယ်မန္တန်နှင့် ပတ်သက်သည့် သီအိုရီများ ပို့ချသည်ကို နားထောင်နေကြလေသည်။

“အခြေခံအဆင့် အင်မော်တယ်မန္တန်တွေက တောက်ပရုံပဲ။ အဆင့်မြင့် အင်မော်တယ်မန္တန်တွေကျတော့ တောက်ပလာရုံတင်မကဘူး စိတ်ဆန္ဒတွေပါ ပါဝင်လာကြတယ်။ အဲဒီမှာပါတဲ့ စိတ်ဆန္ဒတွေက အသုံးပြုသူရဲ့ စိတ်ဆန္ဒကို ရည်ညွှန်းတာ။ အသုံးပြုသူက သူ့ရဲ့ဆန္ဒနယ်မြေကို အင်မော်တယ်မန္တန်ထဲ ပေါင်းစပ်ပို့လွှတ်လိုက်မယ်ဆိုရင် မန္တန်တွေမှာ စိတ်ဝိညာဉ်ဖြစ်တည်လာပြီး ကြီးထွားလာနိုင်စွမ်းရည် ရှိလာလိမ့်မယ်”

မြေကမ္ဘာအင်မော်တယ် ချန်းချင်၏ ရှင်းပြချက်များကို နားထောင်ရင်း အန်လင်းသည် လက်တွေ့စမ်းသပ်ချက်အား စတင်လေသည်။

သူ့အနေဖြင့် ကိုယ်ပိုင်အင်မော်တယ်မန္တန်တစ်ခု ဖန်တီးပြုလုပ်နိုင်ရန် အလှမ်းဝေးလွန်းသေးသည်။ သို့သော်လည်း အင်မော်တယ်မန္တန်များအား ထပ်တိုးပြင်ဆင်ခြင်း၊ တိုးမြင့်လာအောင်ပြုလုပ်ခြင်းဖြင့် စမ်းသပ်ပြုလုပ်နိုင်ပေသည်။

ယခုအချိန်တွင် သူနှင့် ရင်းနှီးကျွမ်းဝင်ဆုံးသော အင်မော်တယ်မန္တန်မှာ တောင်ခွင်းလက်သီးနှင့် လျှပ်စီးအား လိုသလိုအသုံးပြုနိုင်သော နည်းစနစ်တို့ ဖြစ်လေသည်။ စစ်နတ်ဘုရား၏ ခုတ်ချက် ၆ ချက်သည် ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်လုနီး ဖြစ်သည့်အပြင် ယင်းတွင် အစစ်အမှန်စိတ်ဆန္ဒ ပါဝင်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် ၎င်းအား တိုးမြင့်လာစေရန်အတွက် လုပ်ဆောင်ပေးရန် မလိုအပ်ချေ။

တောင်ခွင်းလက်သီးထဲကို ဘာလို့များ လျှပ်စီးထပ်ပေါင်းမထည့်ရတာလဲ။ ဒီလိုဆို တောင်ခွင်းလျှပ်စီးလက်သီး လုပ်လိုက်မယ် ဆိုရင်ကော။

အန်လင်းမျက်လုံးများ လက်သွားပြီးနောက် နှောင့်နှေးခြင်းမရှိဘဲနှင့် လုပ်ဆောင်တော့သည်။

ချန်းချင် သင်ခန်းစာ ပို့ချပြီးသည်နှင့် ကျောင်းသားများ လေ့ကျင့်ရမည့်အချိန်ဖြစ်သည်။

အန်လင်းသည် နေရာလွတ်တစ်ခုအား ရှာဖွေကာ မြေကမ္ဘာအင်မော်တယ် ချန်းချင် ပို့ချသွားသည့် နည်းလမ်းများအား အသုံးပြုကာဖြင့် သူ၏အင်မော်တယ်မန္တန်အား အဆင့်မြှင့်တင်လေသည်။

တောင်ခွင်းလက်သီးသည် အခြေခံအဆင့်ရှိ စစ်နတ်ဘုရား အင်မော်တယ်မန္တန်ဖြစ်လေသည်။ အထွတ်အထိပ် မြေကြာပန်းအတတ်၏ ထောက်ပံ့ပေးမှုကြောင့် စွမ်းအား သိသိသာသာ တိုးတက်လာသလို စဉ်ဆက်မပြတ် အသုံးပြုနိုင်ခြင်း ဖြစ်သည်။

လျှပ်စီးအား လိုသလိုအသုံးပြုနိုင်သော နည်းစနစ်မှာမူ မိုးကြိုးလျှပ်စီး အနှစ်သာရ ကျင့်စဉ်မှ ခွဲထွက်လာသည့် အင်မော်တယ်မန္တန်တစ်ခု ဖြစ်လေသည်။ ယင်းသည် ဟင်းလင်းပြင်မှ လျှပ်စီးများကို ဆွဲယူပြီး အပြည့်အဝ အသုံးပြုရန် ၁၀ စက္ကန့်မျှ လိုအပ်လေသည်။

ဆိုလိုသည်မှာ တောင်ခွင်းလျှပ်စီးလက်သီးအား အသုံးပြုမည်ဆိုလျှင် စွမ်းအားဖြည့်တင်းရန် အနည်းဆုံး ၁၀ စက္ကန့် လိုအပ်မည် ဖြစ်သည်။

“အင်း.. သူ့ရဲ့စွမ်းအားကို အရင်ဆုံး စမ်းသပ်ကြည့်တာပေါ့”

အန်လင်း၏ ဝဲဘက်လက်တွင် လျှပ်စီးများ လက်လာပြီး သူ၏ ယာဘက်လက်အား လက်သီးဆုပ်ထားလိုက်သည်။ လက်သီးတွင် ရွှေရောင်အလင်းများ ဖုံးလွှမ်းလာပြီး အလွန်အားကောင်းသည့် အော်ရာများ ထုတ်လွှင့်နေလေသည်။

ယခုအခါတွင် လျှပ်စီးကြောင်းအား လက်သီးထံ ပို့လွှတ်ဖို့သာ လိုတော့သည်။

ထိုဖြစ်စဉ်တွင် ယင်းအင်မော်တယ်မန္တန်များ၏ စွမ်းအင်သည် သဟဇာတရှိရန် ပြုလုပ်ဖို့ လိုအပ်ပေသည်။ သို့တည်းမဟုတ်လျှင် စွမ်းအင်နှစ်ခုအကြား ဟန်ချက်ညီမှု ပျက်ပြားသွားပါက ပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်သည်။

ခလွပ်

လေထုထဲရှိ အပြာရောင် လျှပ်စီးများသည် လက်သီးနှင့် ဖြည်းညင်းစွာ ပေါင်းစပ်နေလေသည်။

မတူညီသည့် စွမ်းအင်နှစ်ခု ထိပ်တိုက်တွေ့ဆုံရာမှ ဖြစ်ပေါ်လာသည့် ခံစားချက်သည် အန်လင်းအား ရွှင်မြူးစေသည်။ တောင်ခွင်းလက်သီးတွင်ပါဝင်သော မြေစွမ်းအားနှင့် ရောစပ်ပြီးသည့်နောက်တွင် လျှပ်စီးသည် ရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။

“အ.. အရမ်းမိုက်ပါလား”

အန်လင်းသည် စိတ်လှုပ်ရှားမှုကြောင့် အသက်ရှူမြန်လာသည်။ သူ၏လက်သီးပေါ်ရှိ ရွှေရောင်လျှပ်စီးကြောင့် အံ့အားသင့်နေမိသည်။

လျှပ်စီးအားလိုသလိုအသုံးပြုနိုင်သော နည်းစနစ်မှ အံ့ဖွယ်လျှပ်စီးကြောင်းများကို စုပ်ယူပြီးသည့်အခါ သူ၏လက်သီးတွင် အလွန်အားကောင်းသည့် အဖျက်စွမ်းအားများ ပါဝင်လာလေသည်။ သို့သော်လည်း လက်သီးတွင် ပါဝင်သည့် စွမ်းအင်သည် ပေါက်ကွဲလုနီးသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အင်မော်တယ်မန္တန်အား အသုံးပြုရတော့မည့်အချိန် ဖြစ်လေသည်။

“ကြည့်ကြတာပေါ့။ တောင်ခွင်းလျှပ်စီးလက်သီး”

အန်လင်းသည် ကျယ်လောင်စွာအော်ဟစ်လိုက်ပြီးနောက် လက်သီးပစ်သွင်းလိုက်သည်။

ဘုန်း

အလွန်ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင် လျှပ်စီးလက်သီး၏ ပေါက်ကွဲမှုသည် ပတ်ပတ်လည်အား ဖုံးလွှမ်းသွားသည်။

ကြီးမားသည့် စက်လုံးတစ်ခုအသွင်ဖြင့် အဖျက်အဆီးစွမ်းအားများ ပါဝင်သော ရွှေရောင်လျှပ်စီးတန်းသည် ပေ ၅၀ ပတ်လည်ရှိ အရာအားလုံးအား ဖျက်ဆီးပစ်လိုက်လေသည်။

ပေါက်ကွဲမှု၏ ဗဟိုတွင်ရှိသည့် အန်လင်းသည် ကြီးမားသောစွမ်းအား၏ ပေါက်ကွဲမှုကြောင့် အနောက်သို့ လွင့်စဉ်သွားလေသည်။ သွေးတစ်ပွက်အန်လိုက်ပြီး သူ၏ ယာဘက်လက်မောင်သည် ဟက်တက်ကွဲကာ သွေးများဖြင့် နီရဲနေလေသည်။

“အို့.. နာတယ်ဟ”

မြေပြင်ပေါ်သို့ လဲကျသွားပြီးနောက် နာကျင်စွာဖြင့် လှိမ့်နေလေသည်။ မချိတင်ကဲ ဝေဒနာကြောင့် မျက်နှာရှုံ့မဲ့နေပြီး နာကျင်လွန်းသဖြင့် ငိုကြွေးနေလေသည်။

“အန်လင်းရေ.. နင့်ရဲ့ အင်မော်တယ်မန္တန်က အရမ်းအားကောင်းတာပဲ။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့် ရန်သူသာ အဲဒီမန္တန်နဲ့ တွေ့မယ်ဆိုရင် အပိုင်းပိုင်းအစစ ဖြစ်သွားနိုင်တယ်” စုရှောင်လန်သည် ရုတ်ရုတ်သဲသဲဖြစ်ရာသို့ လာရောက်စစ်ဆေးလေသည်။ အန်လင်းနာကျင်စွာ လူးလှိမ့်နေခြင်းအား မြင်လိုက်သည့်အခါတွင် တစ်ချက်ဝေ့ကြည့်ကာဖြင့် ပြုံးလိုက်သည်။

“အစ်ကိုကြီး အန်ကတော့ လုပ်လိုက်ပြန်ပြီဟေ့။ ဒီလိုမျိုး ကြောက်ဖို့ကောင်းတဲ့ အင်မော်တယ်မန္တန်ကို ဖန်တီးလိုက်တယ်ပေါ့” လောင်ကျိပင်သည် စိတ်အားထက်သန်စွာဖြင့် ပြေးလာသည်။ သူ၏မျက်နှာတွင် အံ့ဩမှုနှင့် မနာလိုမှုတို့ ထင်ဟပ်နေလေသည်။

အန်လင်းမှာ ရှုံ့မဲ့နေပြီး သူတို့၏ မှတ်ချက်စကားများကို တုံ့ပြန်ခြင်းမပြုချေ။ ထို့အစား ထထိုင်လိုက်ပြီးနောက် ဟက်တက်ကွဲနေသည့် လက်အား ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများ စွဲထင်ကျန်နေလေသည်။

ရန်သူ တစ်ထောင်လျှင် ရှစ်ရာအား သတ်ဖြတ်ပစ်နိုင်သည့် အင်မော်တယ်မန္တန်ကို ဖန်တီးနိုင်ခဲ့ခြင်းများလား။

မဖြစ်နိုင်ချေ။ ဤမန္တန်အား အသုံးပြုသည့် အချိန်တိုင်းတွင် လက်မောင်းစုတ်ပြဲသည့်ဒဏ်ရာ ရရှိပါက ယင်းအား အင်မော်တယ်မန္တန်တစ်ခုအဖြစ် အသိအမှတ်ပြုရန် ငြင်းပယ်ရပေလိမ့်မည်။

ပြင်ဆင်တိုးမြှင့်ရမည့်အပိုင်းများ ရှိနေဆဲဖြစ်သည်။ စွမ်းအားများပေါင်းစပ်ခြင်းသည် သဟဇာတ ဖြစ်နေပြီး ဖြစ်သည်။ အင်မော်တယ်မန္တန်၏ စွမ်းအားသည်လည်း သိသိသာသာပင် တိုးမြင့်ပြီးသား ဖြစ်သည်။ အားနည်းချက်အား ရှာဖွေရမည်ဆိုလျှင် ယင်းသည် မန္တန်၏ ဆန္ဒနယ်မြေသည်သာလျှင် ဖြစ်ပေလိမ့်မည်။

ဆန္ဒနယ်မြေ...

ဟုတ်သားပဲ။ ငါ့ရဲ့စိတ်ဆန္ဒကိုပါ အင်မော်တယ်မန္တန်ထဲ ထည့်ပေါင်းလိုက်မယ်ဆိုရင် ပိုပြီးတည်ငြိမ်သွားနိုင်တယ်။

ယင်းအားတွေးမိသည့်အခါ အန်လင်းမျက်လုံးများ လက်လာသည်။ ဤအင်မော်တယ်မန္တန်အား ပိုမိုတည်ငြိမ်လာစေရန် မည်သည့်စိတ်ဆန္ဒအား ပေါင်းထည့်ရမည်ကို တွေးတောနေမိသည်။

တောင်ခွင်းလက်သီး၏ မြေစွမ်းအားနှင့် လျှပ်စီးအားလိုသလို အသုံးပြုနိုင်သော နည်းစနစ်၏ လျှပ်စစ်စွမ်းအားတို့တွင် စိတ်ဆန္ဒများ ပါဝင်ပြီးသား ဖြစ်လေသည်။

သူ၏စိတ်သည် မဟူရာညအကြီးအကဲ၏ မူလအမှောင်ထုထံတွင် ရောက်ရှိနေလေသည်။

ထိုအချိန်တွင် ထူးခြားသည့် အခြေအနေတစ်ခုတွင် ရောက်ရှိနေပြီး အရာအားလုံး၏ အမှန်တရားများကို မြင်နေရလေသည်။ မဟူရာညအကြီးအကဲ၏ လွန်စွာအားကောင်းသော ပညာရပ်နှင့် ရင်ဆိုင်တိုက်ခိုက်ရသည့်အခါ အကြည့်တစ်ချက်နှင့်ပင် သူမအသုံးပြုလိုက်သော နည်းစနစ်၏ နောက်ကွယ်ရှိ ဆန္ဒနယ်မြေကို ထွင်းဖောက်မြင်နိုင်ပြီး နားလည်လာလေသည်။

မူလအမှောင်ထုသည် အရာအားလုံးကို တစ်ချိန်တည်းမှာပင် အမြစ်ဖြတ် ချေမှုန်းပစ်နိုင်သည့် အင်မော်တယ်မန္တန်ဖြစ်လေသည်။ ဤထူးခြားသော အဖျက်အဆီးစွမ်းအားကို ပေါင်းစပ်ထည့်သွင်းလိုက်ခြင်းဖြင့် တောင်ခွင်းလျှပ်စီးလက်သီး၏ စွမ်းအားကို တိုးမြင့်အောင် ပြုလုပ်နိုင်သလို တည်ငြိမ်အောင်လည်း ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

“မင်းတို့ နောက်ဆုတ်လိုက်ကြ” အန်လင်းသည် စိုးရိမ်စွာဖြင့် ပြောသည်။ “နောက်တစ်ကြိမ် ထပ်စမ်းကြည့်မလို့”

လောင်ကျိပင်သည် စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေလေသည်။ “အစ်ကိုကြီးအန်က နောက်ထပ် အင်မော်တယ်မန္တန်တစ်ခုကို ဖန်တီးဦးမလို့လား။ ကျွန်တော်ကတော့အစအဆုံး ကြည့်ရတော့မှာပေါ့”

အန်လင်း၏ သတိပေးချက်ကို ကြားလိုက်သည့်အခါ စုရှောင်လန်သည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်သည်။

တကယ်တမ်းတွင် အင်မော်တယ်မန္တန်နှစ်ခုအား ပေါင်းစပ်ကာဖြင့် ဆန္ဒနယ်မြေတစ်ခုအတွင်း ထည့်သွင်းအသုံးပြုခြင်းသည် အင်မော်တယ်မန္တန်၏ ပြုပြင်ဖန်တီးခြင်းနှင့် တိုးမြင့်အောင် ပြုလုပ်ခြင်းတို့ထက် ကျော်လွန်နေပြီး ဖြစ်သည်။ လောင်ကျိပင်ပြောသည်မှာ မှန်ပေသည်။ အင်မော်တယ်မန္တန်အသစ်တစ်ခု ဖန်တီးခြင်းနှင့် သဏ္ဌာန်တူပေသည်။

အန်လင်း၏ ဝဲဘက်လက်တွင် လျှပ်စီးများ စုဆုံလာပြီး ယာဘက်လက်သီးတွင် ရွှေရောင်အလင်းများ ထွက်ပေါ်လာသည်။ လျှပ်စီးကြောင်းသည် လက်သီးနှင့် ပေါင်းစပ်သွားသည့်အခါ လက်သီးတွင်ပါဝင်သည့် စွမ်းအင်များ ပြောင်းလဲလာကာ ပေါက်ကွဲလုမတတ် ဖြစ်လာသည်။

မျက်လုံးအကြည့်သည် စူးရှလာပြီး အာရုံစိုက်လိုက်သည်။ ဆန္ဒနယ်မြေအား ထည့်သွင်းရမည့်အချိန် ဖြစ်သည်။

ကောင်းကင်သည် အဆုံးမဲ့သည့် အမှောင်ထုများ ပြည့်နှက်လာကာ သူ၏စိတ်ထဲရှိ မြေပြင်သို့ ပြိုကျလာလေသည်။ ဤနည်းစနစ်၏ အစစ်အမှန်စိတ်ဆန္ဒသည် သူ၏လက်သီးအတွင်း စီးဆင်းဝင်ရောက်နေပြီ ဖြစ်သည်။

ရွှေရောင်လျှပ်စီးကြောင်းထဲတွင် အနက်ရောင်အတန်းများ ပေါ်ထွက်လာပြီး တဖြည်းဖြည်းချင်း အခြေကျလာသည်။ သို့သော်လည်း ယင်းတွင်ပါဝင်သည့် စွမ်းအားသည် ပို၍ပင် ပြည့်ကျပ်လာလေသည်။ အန်လင်းသည် ယင်း၏ ကြောက်မက်ဖွယ်ရာစွမ်းအားကြောင့် အေးစက်လာသည်။ သူ၏လက်သီးသည် ပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတစ်လုံးနှင့် တူသည်ဟု ခံစားမိလာသည်။

ဒီထက်ပိုပြီး မစောင့်နိုင်တော့ဘူး။ အခုပဲ သုံးမှဖြစ်တော့မယ်။

တောင်ခွင်းလျှပ်စီးလက်သီး။

လက်သီးအား ပစ်လွှတ်လိုက်သည့် အခိုက်အတန့်တွင် ပတ်ဝန်းကျင်လေထု ရပ်တန့်သွားလေသည်။ လျှပ်စီးနှင့် ရွှေရောင်အလင်းများသည် သူ၏လက်သီးထံ ဝင်ရောက်လာကြသည်။

အန်လင်း၏မျက်လုံးများ ပြူးကျယ်လာသည်။ တုံ့ဆိုင်းခြင်းမရှိဘဲနှင့် မန္တန်အား အသုံးပြုလိုက်သည်။

ချိန်သားကိုက် အသုံးပြုရမယ်။

ရွှေရောင်အလင်းများ တောက်ပကာဖြင့် ရွှေရောင်လက်သီးသည် သူ၏လက်မှ ထွက်ပေါ်လာသည်။ လက်သီးအတွင်း၌ အနက်ရောင်တန်းများ ပါဝင်နေပြီး အမြစ်ဖြတ် ချေမှုန်းခြင်းနှင့် ပြင်းထန်သည့်စွမ်းအင်များ ရောယှက်ပါဝင်နေလေသည်။

ကောင်းကင်နှင့်မြေပင်သည် ရုတ်တရက်ဆိုသလို တိတ်ဆိတ်သွားလေသည်။

ဘုန်း

မြေပြင်တုန်ခါစေသော ပေါက်ကွဲမှုဖြစ်သည်။

အန်လင်း၏ သုံးပေအကွာတွင် ကြောက်မက်ဖွယ်မန္တန်တစ်ခု ပေါက်ကွဲသွားလေသည်။

မြေပြင်တုန်ခါလာပြီး မြေမျက်နှာပြင်သည် ရွှေရောင်လက်သီးတွင်ပါဝင်သော အဖျက်စွမ်းအားများကြောင့် ကြိတ်ခြေခြင်းခံလိုက်ရသည်။ ရွှေရောင်လျှပ်စီးကြောင်းသည် ပတ်ဝန်းကျင်အား တိုက်စားသွားပြီး ထိတွေ့မိသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်လေသည်။

တောင်စောင်းတွင်ရှိသည့် မြေကမ္ဘာအင်မော်တယ် ချန်းချင်နှင့် သူ၏အနီးတွင် ရှိနေသော ကျောင်းသားအားလုံးသည် အသက်ရှုအောင့်ထားမိကြလေသည်။

မှိုပွင့်သဏ္ဌာန်တိမ်မြူခိုးများသည် မြေပြင်မှ ထွက်ပေါ်လာပြီး ပြင်းထန်သည့် ပေါက်ကွဲအားကြောင့် ကျောက်တုံးနှင့် ဖုန်မှုန့်များ အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။

အန်လင်းမှာမူကား ကြာမြင့်သည့် အချိန်ကတည်းကပင် မှိုပွင့်သဏ္ဌာန်တိမ်မြူခိုး၏ နစ်မြှုပ်ခြင်းအား ခံထားရပြီး ဖြစ်လေသည်။

***

All Chapters