အခန်း (၁၂၃၁-၁၂၃၃)
Vol. 83 Ch. 1231-1233
အခန်း (၁၂၃၁)
ဆွမ်ဧကရာဇ်ကို ကြောက်စရာ မလို
သူ့ရှေ့မှလူများ၏ စကားကို ကြားသောအခါ လျှိုထင်ကျန်း ခဏခန့် ကြောင်သွားသည်။
သူတို့ကို တကူးတက လာရှာတာတဲ့လား။
ဤလူများထဲမှ တစ်ယောက်ကိုမှ သူ မသိပေ။ ဒါဆို သူတို့မှာ ဘာကိစ္စ ရှိနေလို့လဲ။
ထို့ပြင် ဤလူများသည် ချန်ဟိုင်ဂိုဏ်းအကြောင်း မသိသင့်ပေ။
သံသယအပြည့် ဖုံးလွှမ်းနေသော မျက်နှာနှင့် လျှိုထင်ကျန်းက မေးလိုက်သည်။
“ကျုပ် ဘယ်ဂိုဏ်းက လာသလဲဆိုတာ ခင်ဗျားတို့ သိလား။”
ဤမေးခွန်းကို ကြားသောအခါ နတ်လှေပေါ်ရှိ လူအများသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမှ တုံ့ပြန်ခြင်း မရှိပေ။
ထိုလူများ ပြန်မဖြေသည်ကို မြင်သောအခါ လျှိုထင်ကျန်း၏ မျက်နှာ ချက်ချင်း မည်းမှောင်သွားသည်။ ဤလူများက သူတို့ကို တကူးတက လာရှာသည်ဟု ပြောခဲ့သော်လည်း သူတို့ မည်သည့်ဂိုဏ်းမှ ဖြစ်ကြောင်းကိုပင် မသိကြပေ။
နောက်တစ်ခဏ၌ ထိုလူများကို ဖြေရှင်းရန် လျှိုထင်ကျန်း ပြင်ဆင်လိုက်စဉ် လူတစ်ဦးက အလျင်အမြန် ပြောလိုက်သည်။
“ဝါစဉ်ကြီးသူ... ခင်ဗျား ဘယ်အင်အားစုက လာလဲဆိုတာ ကျွန်တော်တို့ မသိပေမဲ့ ခင်ဗျားရဲ့ ဂိုဏ်းမှာ သူတော်စင်အဆင့် ကျင့်ကြံသူ ရှိတယ်ဆိုတာကိုတော့ ကျွန်တော်တို့ သိပါတယ်။”
“ဆွမ်ဧကရာဇ်က ရက်စက်ကြမ်းကြုတ်လွန်းတယ်။ ဒါ့ကြောင့် ဖရိုဖရဲကြယ်ပင်လယ်ကနေ ထွက်ပြေးဖို့ ကျွန်တော်တို့ ဆန္ဒရှိနေတာပါ။”
“ဒါပေမဲ့ ဆွမ်ဧကရာဇ်က ကျင့်ကြံသူတွေရဲ့အသက်ကို အမြဲ ခြိမ်းခြောက်နေခဲ့တာကြောင့် ဖရိုဖရဲကြယ်ပင်လယ်ကနေ ထွက်ခွာဖို့ ကျွန်တော်တို့ အလွန် ကြောက်ရွံ့ခဲ့ကြရပါတယ်။”
“မကြာသေးခင်က ခင်ဗျားတို့ ဖရိုဖရဲကြယ်ပင်လယ်ထဲ ဝင်လာမှာကို ဆွမ်ဧကရာဇ် သိသွားပြီး တားဆီးဖို့အတွက် အင်အားစုအားလုံးကို ဆင့်ခေါ်ခဲ့ပါတယ်။ အဲ့ဒီအခွင့်အရေးကို အသုံးချပြီး အမှောင်ထုကို ကျောခိုင်းကာ ဘက်ပြောင်းဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြပါတယ်။”
“ဒါကြောင့် ဖရိုဖရဲကြယ်ပင်လယ်ကနေ ထွက်ခွာပြီး ဝါစဉ်ကြီးသူဆီ ခိုလှုံဖို့ လာခဲ့ကြခြင်း ဖြစ်ပါတယ်။”
ဤရှင်းပြချက်ကို ကြားသောအခါ လျှိုထင်ကျန်း ခေတ္တခန့် စဉ်းစားလိုက်သည်။ ထိုကျင့်ကြံသူ၏ လေသံက လိမ်ညာနေပုံ မရပေ။
သတင်းရယူရန် ဆွမ်ဧကရာဇ် စေလွှတ်လိုက်သူများ ဖြစ်နိုင်ခြေ ရှိသော်လည်း အမှန်တကယ် လာရောက်ခိုလှုံခြင်း ဖြစ်ပါက ဖရိုဖရဲကြယ်ပင်လယ်၏ အခြေအနေကို စုံစမ်းရန် ဤလူများကို အသုံးပြုနိုင်ပေသည်။
ထို့ပြင် ဤလူများသည် ဆွမ်ဧကရာဇ် စေလွှတ်လိုက်သူများ ဖြစ်နေလျှင်ပင် ချန်ဟိုင်ဂိုဏ်းအတွက် ခြိမ်းခြောက်မှု သိပ်ရှိမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယခုတကြိမ်၌ သူတို့၏ အထွတ်အထိပ်အကြီးအကဲ ကိုယ်တိုင် ပါဝင်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ သူတော်စင်အဆင့် မဟုတ်သော ကျင့်ကြံသူတစ်ဦးကို သူတို့ မည်သို့ ကြောက်ရွံ့နေရမည်နည်း။
လျှိုထင်ကျန်း မေးခွန်းထုတ်ရန် ပြင်လိုက်စဉ်မှာပင် ကျန်းထျန်းယီ သူ့ဘေးနားသို့ ရောက်ရှိလာ၏။ လျှိုထင်ကျန်းက ချက်ချင်းပင် ရိုသေစွာဖြင့်
“အကြီးအကဲ..... သူတို့ကို ဘယ်လို ကိုင်တွယ်သင့်တယ်လို့ ထင်ပါသလဲ။”
ဘေးနားရှိ အကြီးအကဲအပေါ် လျှိုထင်ကျန်း၏ လေးစားမှုကို မြင်သောအခါ ထိုသူသည် ဧကန်မုချ သူတော်စင် ဖြစ်ရမည်ဟု ရှိနေသူများ အားလုံး ချက်ချင်း ခန့်မှန်းမိလိုက်ကြသည်။ ထို့ကြောင့် သူတို့အားလုံး ချက်ချင်းဦးညွှတ်ကာ တောင်းပန်လိုက်ကြသည်။
“ဝါစဉ်ကြီးသူ... ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကယ်တင်ပေးပါ။ ကျွန်တော်တို့ ခင်ဗျားအတွက် ကျွဲနွားတွေလို အလုပ်အကျွေးပြုပါ့မယ်။”
ကျန်းထျန်းယီက တိုက်ရိုက် မေးလိုက်သည်။
“ဆွမ်ဧကရာဇ်က ဘယ်လို စွမ်းအားမျိုး ပိုင်ဆိုင်ထားလဲ။”
သူတို့ထဲမှ တစ်ဦးက ချက်ချင်း တုံ့ပြန်လိုက်သည်။
“ဝါစဉ်ကြီးသူ... ကျွန်တော်တို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရဆိုလျှင် ဆွမ်ဧကရာဇ်ရဲ့ လက်ရှိ ကျင့်စဉ်အဆင့်က ပြန်လည်ပျက်စီးခြင်းအဆင့်ရှစ်ပါ။”
ကျန်းထျန်းယီ စဉ်းစားလိုက်သည်။
ပြန်လည်ပျက်စီးခြင်းအဆင့်ရှစ် လောက်ပဲလား။ ဒါဆို ဆွမ်ဧကရာဇ်၏ အင်အားက သူတော်စင်အဆင့်နဲ့ နီးကပ်နေပြီလို့ ကျိုဖေးအန်က ဘာကြောင့် ပြောခဲ့တာလဲ။
ထိုအချိန်တွင် ကျိုဖေးအန်လည်း ကျန်းထျန်းယီ၏ ဘေးနားသို့ ပျံသန်းရောက်ရှိလာပြီး ထိုလူများကို တင်းမာစွာ ကြည့်လျက်
“ပြန်လည်ပျက်စီးခြင်းအဆင့်ရှစ် ဟုတ်လား။ မင်းတို့က သတင်းမှားဖြန့်ဖို့ ဆွမ်ဧကရာဇ် လွှတ်လိုက်တဲ့ သူလျှိုတွေ မဟုတ်လား။”
ကျင့်ကြံသူတစ်ဦးက အလျင်အမြန်ပင်
“ဝါစဉ်ကြီးသူ... ကျွန်တော်တို့ မလိမ်ပါဘူးလို့ ကျိန်ဆိုရဲပါတယ်။ ဒါက ကျင့်ကြံသူများ အစည်းအဝေးမှာ ဆွမ်ဧကရာဇ် ကိုယ်တိုင် ပြောပြခဲ့တာပါ။ သူ့အင်အားက ပြန်လည်ပျက်စီးခြင်းအဆင့်ရှစ်မှာပဲ ရှိသေးတယ်လို့ သူအတိအလင်း ဝန်ခံခဲ့ပါတယ်။”
“ဒါပေမဲ့...”
ကျိုဖေးအန်က ဒေါသတကြီးဖြင့်
“ဒါပေမဲ့ ဘာဖြစ်တာလဲ။ မင်းတို့ သိထားတာ အကုန်လုံး အခုချက်ချင်းပြော။ မဟုတ်ရင်တော့ မင်းတို့အားလုံး သေလမ်းသွားရလိမ့်မယ်။”
ကျင့်ကြံသူက လျင်မြန်စွာပင်
“ဒါပေမဲ့ ဆွမ်ဧကရာဇ်က အလွန်စွမ်းအားကြီးတဲ့ စိတ်ဝိညာဉ်သံချပ်ကာ တစ်ခု ပိုင်ဆိုင်ထားပုံ ရပါတယ်။ အဲဒီ သံချပ်ကာကို ဝတ်ဆင်တဲ့သူတိုင်းက သူတို့ရဲ့ ကျင့်စဉ်အဆင့်ကို အကြီးအကျယ် မြှင့်တင်နိုင်ပါတယ်။”
“ယင်ယန်အဆင့် ကျင့်ကြံသူတစ်ယောက်က အဲဒီ သံချပ်ကာကို ဝတ်ရင် သူရဲ့ အင်အားကို ပြန်လည်ပျက်စီးခြင်းအဆင့်ထိ အချိန်တိုအတွင်း မြှင့်တင်နိုင်ပါတယ်။
ပြန်လည်ပျက်စီးခြင်းအဆင့် ရှိသူတွေ ဝတ်ဆင်ရင်တော့ သူတော်စင်အဆင့်နဲ့ နီးစပ်တဲ့ အင်အားကို ပိုင်ဆိုင်နိုင်ပါတယ်။”
ထိုအရာကို ကြားသောအခါ တစ်စုံတစ်ခုကို သိသွားသကဲ့သို့ ကျိုဖေးအန် အနည်းငယ် အံ့အားသင့်သွားသည်။
ကျန်းထျန်းယီက
“အကြီးအကဲက သူ့ဆီက သူတော်စင်အငွေ့အသက် မတည်ငြိမ်ဘူးလို့ အမြဲ ခံစားနေရတာ အံ့ဩစရာ မဟုတ်တော့ဘူး။ သူက သူတော်စင်အစစ် မဟုတ်တာ သေချာသွားပြီပဲ။”
ကျန်းထျန်းယီ စဉ်းစားလိုက်သည်။ အခြားနည်းလမ်းများဖြင့် သူတော်စင်အဆင့် နီးပါးထိ အင်အားကို ယာယီမြှင့်တင်ထားခြင်းသာ ဖြစ်ပါက ဤ ဆွမ်ဧကရာဇ်ကို ကြောက်စရာ မလိုပေ။
ထို့နောက် ကျန်းထျန်းယီက ရှေ့မှလူများကို
“ခင်ဗျားတို့ကို ကျုပ် ကာကွယ်ပေးမယ်။ ဖရိုဖရဲကြယ်ပင်လယ်အကြောင်း အသေးစိတ် ပြန်ပြောပြပါ။”
ကျန်းထျန်းယီ၏ စကားကို ကြားသောအခါ သူတို့အားလုံး အတော်လေး စိတ်လှုပ်ရှားသွားကြပြီး လုချန်း အင်အားကြီးထွားလာပုံ လမ်းကြောင်းနှင့် ဤနှစ်များအတွင်း ဖရိုဖရဲကြယ်ပင်လယ်၌ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကျန်းထျန်းယီနှင့် အခြားသူများအား မချွင်းမချန် ပြောပြလိုက်ကြသည်။
လုချန်း၏ အင်အားကြီးထွားလာပုံ လမ်းကြောင်းကို နားထောင်ပြီးနောက် ကျန်းထျန်းယီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု အထိန်းအကွပ်မဲ့စွာ ပေါ်လာခဲ့သည်။ ထို့နောက် ဘေးနားရှိ လျှိုထင်ကျန်းက
“ဆရာဦးလေး......ထျန်းချန်ကမ္ဘာမှာ ရတနာတွေ ရှိနေလို့ ဒီဆွမ်ဧကရာဇ် ဒီလောက် မြန်မြန်စွာ အင်အားကြီးလာတာ ဖြစ်ရမယ်။”
ယခင်က သူတို့ သံသယသာ ဖြစ်ခဲ့ကြသော်လည်း ထိုလူများ၏ စကားကို ကြားပြီးနောက် ထျန်းချန်ကမ္ဘာတွင် ဧကရာဇ် ဂူ သင်္ချိုင်း သို့မဟုတ် စွမ်းအားရှင်တစ်ဦး၏ အမွေအနှစ် ရှိရမည်ဟု လုံးဝသေချာသွားကြသည်။
မဟုတ်ပါက သာမန်အင်ပါယာတစ်ခုမှ မင်းသားတစ်ပါးသည် မည်သို့ ဤမျှ မြန်မြန် တိုးတက်လာနိုင်မည်နည်း။ အင်အားကို အဆင့်များစွာ မြှင့်တင်ပေးနိုင်သည့် ထိုစိတ်ဝိညာဉ်သံချပ်ကာလို ပစ္စည်းမျိုးမှာလည်း ရိုးရှင်းသည့်အရာ မဟုတ်ပေ။
ချန်ဟိုင်ဂိုဏ်းကဲ့သို့ ထိပ်တန်းအင်အားစုပင်လျှင် အဆင့်နယ်ပယ်များစွာ တိုက်ရိုက်မြှင့်တင်ပေးနိုင်သော သံချပ်ကာမျိုး မပိုင်ဆိုင်ထားပေ။ အရိုင်းကြယ်နယ်မြေမှ ဆွမ်ဧကရာဇ်ကဲ့သို့ ကျင့်ကြံသူတစ်ဦးက ထိုပစ္စည်းမျိုး မည်သို့ ပိုင်ဆိုင်ထားသနည်း။ ထျန်းချန်ကမ္ဘာ၏ တစ်နေရာရာတွင် သူရှာတွေ့ခဲ့တာ ထင်ရှားနေသည်။
ဤလူများ ပြောပြသော မိုးမျှော်သစ်ပင်ကြီးကို ကျန်းထျန်းယီ စိတ်အဝင်စားဆုံး ဖြစ်သည်။ ထိုသစ်ပင် ပေါက်ရောက်လာကတည်းက ထျန်းချန်ကမ္ဘာရှိ စိတ်ဝိညာဉ်စွမ်းအား အလွန် ကြွယ်ဝလာခဲ့သည်။ ထိုသစ်ပင်က ကမ္ဘာဦးသစ်ပင်မျိုးလားဟု ကျန်းထျန်းယီ တွေးမိလာသည်။ ထိုသစ်ပင်ကို ချန်ဟိုင်ဂိုဏ်းသို့ ရွှေ့ပြောင်းနိုင်ပါက သူတို့၏ အင်အား မလွဲမသွေ ပိုကြီးထွားလာပေလိမ့်မည်။
ယခုတော့ ကျန်းထျန်းယီလည်း အနည်းငယ် စိတ်မရှည်တော့နိုင်တော့ပဲ
“ကောင်းပြီ... ခင်ဗျားတို့ လမ်းပြကြ။ ခင်ဗျားတို့ ပြောသည့်အတိုင်း တကယ်မှန်လျှင် ချန်ဟိုင်ဂိုဏ်းက ခင်ဗျားတို့ကို နှိမ့်ချဆက်ဆံမှာ မဟုတ်ဘူး။”
ရှနိုင်ငံတော်မှ သစ္စာဖောက်များလည်း ထိုစကားကို ကြားသောအခါ အလျင်အမြန် ဦးညွှတ် ကျေးဇူးတင်လိုက်ကြသည်။
“ကျေးဇူးတင်ပါတယ် ဝါစဉ်ကြီးသူ... ကျေးဇူးတင်ပါတယ် ဝါစဉ်ကြီးသူ...
ချန်ရန်ကမ္ဘာဆီကို ကျွန်တော်တို့ အခုပဲ လမ်းပြလိုက်ပါ့မယ်။”
မကြာမီတွင် ချန်ဟိုင်ဂိုဏ်း၏ နတ်လှေသည် ချန်ရန်ကမ္ဘာဆီသို့ ဆက်လက် ပျံသန်းသွားခဲ့သည်။
သူ၏ နတ်လှေပေါ်သို့ ပြန်ရောက်ပြီးနောက် လျှိုထင်ကျန်းက မသေချာသောပုံစံဖြင့် မေးလိုက်သည်။
“ဆရာဦးလေး... ဒီလူတွေကို လက်ခံဖို့ တကယ် စဉ်းစားထားတာလား။”
ကျန်းထျန်းယီက ခပ်အေးအေး တုံ့ပြန်လိုက်သည်။
“လောလောဆယ် သူတို့က အသုံးဝင်နေသေးတယ်။ ဒါပေမဲ့ အဲဒီ ဆွမ်ဧကရာဇ်ကို ရှင်းပြီးတာနဲ့ ဖရိုဖရဲကြယ်ပင်လယ်ထဲက အင်အားစုအားလုံးကို သတ်ပစ်ရမှာပဲ။”
ဧကရာဇ် ဂူသင်္ချိုင်း အမှန်တကယ် ရှိပါက သတင်းပေါက်ကြားခံ၍ မဖြစ်ပေ။ ရှနိုင်ငံတော်ကို သစ္စာဖောက်ခဲ့သော ဤသစ္စာဖောက်များသည် တစ်နေ့တွင် ချန်ဟိုင်ဂိုဏ်းကိုလည်း သစ္စာဖောက်လာနိုင်သည်။
ထို့ပြင် ချန်ဟိုင်ဂိုဏ်းအတွက်တော့ ရှနိုင်ငံတော်မှ ဤသစ္စာဖောက်များသည် ကျင့်ကြံခြင်းပါရမီ မရှိသော အရိုင်းကြယ်နယ်မြေမှ အမှိုက်သရိုက်များသာ ဖြစ်ကြသည်။ လမ်းပြခြင်းမှလွဲ၍ သူတို့တွင် အခြားအသုံးဝင်မှု မရှိချေ။
ကျန်းထျန်းယီ၏ စကားကို ကြားသောအခါ လျှိုထင်ကျန်း၏ နှုတ်ခမ်းများ အနည်းငယ် မြင့်တက်သွားသည်။
“ကျွန်တော် နားလည်ပါပြီ”
ရှနိုင်ငံတော် သစ္စာဖောက်များ၏ လမ်းပြမှုဖြင့် ချန်ဟိုင်ဂိုဏ်း၏ နတ်လှေသည် ချန်ရန်ကမ္ဘာသို့ ရောက်ရှိရန် အချိန်သိပ်မကြာလိုက်ပေ။
ချန်ရန်ကမ္ဘာကို မြင်လိုက်ရသည်နှင့် တပြိုင်နက် ၎င်း၏ ပတ်ဝန်းကျင်တွင် နတ်လှေ အမြောက်အမြား တပ်စွဲထားသည်ကို သူတို့ သတိထားမိလိုက်ကြသည်။
ထိုနတ်လှေများကို မြင်သောအခါ ကျန်းထျန်းယီက
“ကျုပ် တကယ် သိချင်တာ တစ်ခုရှိတယ်။ ချန်ဟိုင်ဂိုဏ်း လာနေတာကို ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ အမြဲနေတဲ့ ဆွမ်ဧကရာဇ်က ဘယ်လို ကြိုသိနေရတာလဲ။”
အခြားသူများကို လှည့်စားရန်အတွက် ချန်ဟိုင်ဂိုဏ်းသည် ကြီးကျယ်ခမ်းနားသော ဂိုဏ်းအခမ်းအနားတစ်ခုကို ဟန်ပြကျင်းပခဲ့ပြီး တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ အင်အားစုအားလုံးကို လှည့်စားခဲ့သော်လည်း အလင်းနှစ်ပေါင်းများစွာ ဝေးကွာသော နေရာတွင် ရှိနေသည့် ဆွမ်ဧကရာဇ်ကတော့ သိနေခဲ့သည်။
ကျန်းထျန်းယီ၏ အသံဆုံးသည်နှင့် လျှိုထင်ကျန်းက သူ့ဘေးနားရှိ ရှနိုင်ငံတော် သစ္စာဖောက်တစ်ဦးဘက်သို့ ချက်ချင်း လှည့်လိုက်သည်။
“ပြောစမ်း..... ဆွမ်ဧကရာဇ်က ဘယ်လိုသိ နေတာလဲ”
ရှနိုင်ငံတော် သစ္စာဖောက်က ထစ်ထစ်အအဖြင့်
“ဝါ... ဝါစဉ်ကြီးသူ... ကျွန်တော်လည်း မသိပါဘူး။ သူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦး ပါဝင်တဲ့ အင်အားစုတစ်ခုက ဖရိုဖရဲကြယ်ပင်လယ်ထဲ ဝင်ရောက်လာတော့မယ်လို့ ပြောပြီး ဆွမ်ဧကရာဇ်က ကျင့်ကြံသူများ အစည်းအဝေးကို ရုတ်တရက် ခေါ်ယူခဲ့တာပါ။”
…………….
အခန်း( ၁၂၃၂ )
အသက်ချမ်းသာပေးဖို့တောင်းပန်ပါ
ရှနိုင်ငံတော် သစ္စာဖောက်များ၏ ပြောစကားကို ကြားပြီးသည့်နောက်တွင်ကား လူတိုင်း ခေတ္တမျှ တွေးတောမိသွားကြသည်။ သူတို့ လာနေသည်ကို ရှဧကရာဇ် ကြိုတင်အာရုံခံမိနေခြင်းက အနည်းငယ် ထူးဆန်းသည်ဟု မတွေးပဲ မနေနိုင်ကြတော့ပေ။
ခဏခန့် စဉ်းစားပြီးနောက် ကျန်းထျန်းယီက
“တော်တော့... ရှဧကရာဇ်ကို ဖမ်းမိတာနဲ့ ဒီမေးခွန်းတွေရဲ့ အဖြေအားလုံး အလိုလို ပေါ်လာလိမ့်မယ်။”
ကျန်းထျန်းယီ၏ အမြင်တွင် လုချန်းသည် ဖန်ပုလင်းထဲမှ လိပ်တစ်ကောင်ကဲ့သို့ ထွက်ပေါက်မရှိ ပိတ်မိနေပြီးသား ဖြစ်သည်။ ယခု သူတို့ သူ့ကို ရှာတွေ့လျှင်ထျန်းချန်ကမ္ဘာ၏ လျှို့ဝှက်ချက်များကို မကြာမီ ရှင်းလင်းဖော်ထုတ်နိုင်တော့မည် ဖြစ်သည်။ ဤနေရာတွင် လျှောက်ပြီး ထင်ကြေးပေးနေစရာ မလိုပေ။
လျှိုထင်ကျန်းက ထောက်ခံလိုက်သည်။
“ဦးလေး ပြောတာ မှန်ပါတယ်”
စကားဆုံးသည်နှင့် လျှိုထင်ကျန်း ထရပ်လိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားကာ ချန်ရန်ကမ္ဘာ အပြင်ဘက်ရှိ နတ်လှေများဆီသို့ လှမ်းအော်လိုက်သည်။
“ရှဧကရာဇ်...... မသေချင်ရင် အခုချက်ချင်း ထွက်လာပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ပါ။”
ထိုစကားများကို ကြားလိုက်ရသောအခါ မုချင်းလန်တစ်ယောက် မနေနိုင်ပဲ လှုပ်ရှားချင်သွားသည်။ လုချန်းကို မလေးမစား ပြုမူခြင်းအား သူမ ခွင့်မပြုနိုင်ပေ။
သို့သော် လုချန်းက သူမ၏ လက်ကောက်ဝတ်ကို တိုက်ရိုက် လှမ်းဆွဲထားလိုက်သည်။
မုချင်းလန် လုချန်းဘက်သို့ လှည့်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများထဲတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်လျက်ရှိသည်။
“မင်းကြီး......သူတို့က မင်းကြီးကို မလေးမစား လုပ်နေတာပါ။ မင်းကြီးအစား ကျွန်မ သူတို့ကို သတ်ပေးပါရစေ။”
လုချန်းက ဂရုမစိုက်ဟန်ဖြင့်
“လောစရာ မလိုပါဘူး”
စကားဆုံးသည်နှင့် လုချန်းက သူ၏အသံကို ဟင်းလင်းပြင်ထဲသို့ ပို့လွှတ်လိုက်သည်။
“ချန်ဟိုင်ဂိုဏ်းက မိတ်ဆွေများ..... ဖရိုဖရဲကြယ်ပင်လယ်ကနေ ကြိုဆိုပါတယ်။”
စကားပြောနေစဉ်မှာပင် လုချန်းက သူ၏ အရှိန်အဝါကို တိုက်ရိုက် ထုတ်လွှတ်လိုက်သည်။
နောက်တစ်ခဏတွင် ချန်ဟိုင်ဂိုဏ်း နတ်လှေပေါ်ရှိ လူများသည် လုချန်း ထုတ်လွှတ်လိုက်သော အရှိန်အဝါ ဖိအားကြောင့် အသက်ရှူရန်ပင် ခက်ခဲသွားကြသည်။ သို့သော် ဟင်းလင်းပြင်ထဲရှိ လျှိုထင်ကျန်းနှင့် ကျန်းထျန်းယီတို့အတွက်တော့ မည်သည့် ပြဿနာမှ မရှိပေ။
လုချန်းထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ လျှိုထင်ကျန်း၏ မျက်နှာတွင် အထင်သေးသော အမူအရာတစ်ခု ပေါ်လာသည်။ သူတို့ စုဆောင်းထားသော သတင်းအချက်အလက်များအတိုင်းပင် ရှဧကရာဇ်၏ သူတော်စင်အဆင့် အရှိန်အဝါက မတည်ငြိမ်ပေ။ သူတော်စင်အစစ် တစ်ပါး၏ အရှိန်အဝါ မဟုတ်ပေ။
အပေါ်ယံအားဖြင့် ကြောက်မက်ဖွယ်ကောင်းပုံရသော ဤအရှိန်အဝါ၏ ဖိနှိပ်မှု စွမ်းအားသည် သူတော်စင်တစ်ပိုင်း ဖြစ်သော သူ၏ စွမ်းအားလောက်ပင် မပြင်းထန်ပေ။ သူတော်စင်တစ်ပိုင်း တစ်ဦးအနေနှင့် ဤဖိအားကို သူ အလွယ်တကူ ကိုင်တွယ်နိုင်သည်။
ထို့နောက် လျှိုထင်ကျန်းက
“ရှဧကရာဇ်..... ခင်ဗျားရဲ့ အင်အားက ဒီလောက်ပဲ ဆိုရင်တော့ စောစောစီးစီး လက်နက်ချဖို့ အကြံပေးချင်တယ်။ အခု လက်နက်ချမယ်ဆိုရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်သေးတယ်။”
လုချန်းက လျှိုထင်ကျန်း၏ စကားကို လျစ်လျူရှုကာ တုံ့ပြန်မေးခွန်းထုတ်လိုက်သည်။
“ကျုပ် အတော်လေး သိချင်နေတာ တစ်ခုရှိတယ်။ ဖရိုဖရဲကြယ်ပင်လယ်က အရိုင်းကြယ်နယ်မြေ တစ်ခုပဲလေ။ ဒီလို ဝေးလံပြီး ခေါင်တဲ့ နေရာကို ခင်ဗျားတို့ တကူးတက လာနေရအောင် ဘယ်အရာက ဆွဲဆောင်နေတာလဲ။”
လျှိုထင်ကျန်းက အေးစက်စွာဖြင့်
“ရှဧကရာဇ်... မသိချင်ယောင် ဆောင်မနေနဲ့တော့။ နောက်ဆုံးအကြိမ် ပြောမယ်။ ဧကရာဇ်ဂူသင်္ချိုင်း တည်နေရာကို ပြောရင်ပြော မပြောရင် ခင်ဗျားအတွက် သေလမ်းပဲ ရှိမယ်။”
လျှိုထင်ကျန်း၏ စကားကို ကြားသောအခါ လုချန်း အနည်းငယ် ဆွံ့အသွားသည်။ ထင်ထားသည့်အတိုင်းပင် ချန်ဟိုင်ဂိုဏ်းသည် ထျန်းချန်ကမ္ဘာတွင် ရတနာများ ရှိသည်ဟု ယုံကြည်နေပြီး ဧကရာဇ်ဂူသင်္ချိုင်း ရှိသည် ဟုပင် ထင်မြင်ယူဆနေကြသည်။
ဒီသတင်းသာ ပြန့်သွားပါက ဖရိုဖရဲကြယ်ပင်လယ်ထဲကို နောက်ထပ် အင်အားစုတွေ ဝင်ရောက်လာဖို့ သိပ်ကြာတော့မှာ မဟုတ်ပေ။ ထိုအခါ သူတို့၏ အနာဂါတ်နေ့ရက်များ လွယ်ကူတော့မည် မဟုတ်ပေ။
ချန်ဟိုင်ဂိုဏ်း တစ်ခုတည်းကို ကိုင်တွယ်ရခြင်းက ပြဿနာ မဟုတ်သော်လည်း တော်ဝင်တောင်တန်း ကြယ်နယ်မြေ တစ်ခုလုံးကို ကိုင်တွယ်ရန်ကတော့ မဖြစ်နိုင်သလောက် ခက်ခဲလိမ့်မည်။
ချန်ဟိုင်ဂိုဏ်းက ဒီလူတွေကို သူ စတင်တိုက်ခိုက်လိုက်သည်နှင့် သူတို့က ဖရိုဖရဲ ကြယ်ပင်လယ်ကို ဝါးရခက်သော အရိုးလို့ ထင်သွားပြီး တိုက်ခိုက်မှုတွေ လုပ်လာလိမ့်မည်။ သူတို့ရဲ့ ပင်မခန္ဓာကိုယ်တွေကလည်း ဖရိုဖရဲကြယ်ပင်လယ် သတင်းကို မလွဲမသွေ ဖြန့်လိုက်ကြလိမ့်မည်။ ထိုအခါ ပါဝင်လာမည့် အစွမ်းထက် ပုဂ္ဂိုလ် ပိုများလာလိမ့်မည်။
လုချန်းက ဂရုမစိုက်သလို ပြောလိုက်သည်။
“ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ ဧကရာဇ်ဂူသင်္ချိုင်း ဆိုတာ မရှိဘူး။”
လျှိုထင်ကျန်းက တဟားဟား ရယ်မောလိုက်ရင်း
“သာမန် လူသားနိုင်ငံက မင်းသားတစ်ပါးက ဆယ်စုနှစ် အနည်းငယ်အတွင်းမှာ ပြန်လည်ပျက်စီးခြင်း အဆင့်ကို ရောက်လာပြီး ထျန်းချန်ကမ္ဘာကို စိတ်ဝိညာဉ်စွမ်းအင် ကြွယ်ဝတဲ့ ကမ္ဘာတစ်ခု အဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ ဒါတောင် ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ ဧကရာဇ်ဂူ မရှိဘူးလို့ ပြောနေတုန်းလား။ ဘယ်သူက ယုံမှာလဲ။”
“ကြည့်ရတာ ခင်ဗျားကို ကောင်းကောင်းပြောလို့ မရဘူးထင်တယ်။ အကြမ်းနည်းသုံးမှ အဆင်ပြေမယ့်ပုံပဲ။”
အခြေအနေက ဒီလိုဖြစ်လာမှတော့ ပြောစရာ စကား မရှိတော့ပေ။
လုချန်းသည် သူ၏ နတ်သတ်ဓားကို ချက်ချင်း ထုတ်ယူလိုက်ပြီး ဟင်းလင်းပြင်ထဲသို့ ပျံသန်းသွားလိုက်သည်။ ထို့နောက် မုချင်းလန်ထံ အသံပို့လွှတ်လိုက်သည်။
“လန်... အဲ့ဒီသူတော်စင် ထွက်မလာမချင်း မင်းလည်း ငြိမ်ငြိမ်လေး နေဦး။”
မုချင်းလန် အနည်းငယ် အံ့အားသင့်သွားပြီးနောက် တုံ့ပြန်ပြောလိုက်သည်။
“နားလည်ပါပြီ”
လုချန်း ဟင်းလင်းပြင်ထဲသို့ ပျံတက်သွားသည်ကို မြင်သောအခါ သူ့နောက်ရှိ နတ်လှေပေါ်မှ နဂါးတပ် စစ်သည်များ အားလုံး တင်းမာသွားကြသည်။ ပြိုင်ဘက်သည် ကောင်းကင်ဧကရာဇ်၏ အရှိန်အဝါကို အလွယ်တကူ ခံနိုင်ရည် ရှိနေသည်။ သူတို့ရှေ့မှ လူသည် ကောင်းကင်ဧကရာဇ်နှင့် ရင်ဘောင်တန်းနိုင်သူ သို့မဟုတ် ပို၍ပင် အားကြီးသူ ဖြစ်နိုင်ကြောင်း သက်သေပြနေသည်။
ရှနိုင်ငံတော်က ဒီအကျပ်အတည်းကို တကယ် ကျော်လွှားနိုင်ပါ့မလား။
ဂိုဏ်းသားများကတော့ သူတို့အသက်ရှင်ဖို့အတွက် နောက်ပိုင်းကျရင် ဘယ်လို လက်နက်ချရမလဲ ဆိုတာကို စဉ်းစားနေကြပြီ ဖြစ်သည်။
လုချန်း ဟင်းလင်းပြင်ထဲသို့ ပျံတက်လာသည်ကို မြင်သောအခါ လျှိုထင်ကျန်းက လုချန်းကို အကဲခတ်ကြည့်လိုက်ပြီး
“ခင်ဗျားက ရှဧကရာဇ်ပေါ့”
လျှိုထင်ကျန်း၏ အချက်အလက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် လုချန်း တုံ့ပြန်ပြောလိုက်သည်။
“ချန်ဟိုင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တော်တော်လေး စကားများတာပဲ။ ဂိုဏ်းချုပ်တစ်ယောက် အနေနဲ့ ခင်ဗျားရဲ့ စွမ်းဆောင်ရည်က သိပ်ဘဝင်ကျစရာ မရှိဘူး။”
ထိုအရာကို ကြားသောအခါ လျှိုထင်ကျန်း မျက်ခုံးတွန့်သွားသည်။ ထို့နောက် သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းလိုက်ရာ နောက်တစ်ခဏတွင် ရွှေရောင် သမင်ကြီးတစ်ကောင် ပုံရိပ်ယောင်တစ်ခု သူ့နောက်တွင် ပေါ်လာသည်။
လုချန်း၏ စွမ်းအားသည် ပြင်ပအကူအညီဖြင့် သူတော်စင်အဆင့် နီးပါး မြှင့်တင်ထားခြင်း ဖြစ်သော်လည်း လျှိုထင်ကျန်း ပေါ့ပေါ့ဆဆ မနေခဲ့ပေ။ တိုက်ပွဲ အစကတည်းက သူ၏ နိယာမပုံရိပ်ကို ချက်ချင်း ထုတ်သုံးလိုက်သည်။
သူသည် လုချန်းကို အမြန်ဆုံး အနိုင်ယူပြီး ဧကရာဇ်ဂူ တည်နေရာကို သိချင် နေသည်။
လျှိုထင်ကျန်းက သူ၏ နိယာမပုံရိပ်ကို ထုတ်ဖော်လိုက်သည်ကို မြင်သောအခါ လုချန်းကလည်း ဓားစွမ်းအားများကို စုစည်းပြီး ဓားချက်တစ်ချက် ထုတ်လွှတ်လိုက်သည်။
ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသော ကြီးမားသည့် ဓားလှိုင်းကြောင့် အာကာသ လှိုင်းဂယက်များ ထသွားသည်။
ရေခဲရှစ်ဆင့်ဓား။
ဓားလှိုင်း ထွက်ပေါ်လာသည်နှင့်အတူ မရေမတွက်နိုင်သော ရေခဲပုံဆောင်ခဲများ ဟင်းလင်းပြင်ထဲတွင် ပေါ်လာပြီး ဟင်းလင်းပြင်တစ်ခုလုံး၏ အပူချိန် သိသိသာသာ ကျဆင်းသွားပုံရသည်။
လျှိုထင်ကျန်းလည်း ပြဿနာတက်တော့မည်ကို ချက်ချင်း အာရုံခံမိလိုက်ပြီး သူ၏ မျက်နှာ ရုတ်တရက် ပိုလေးနက်သွားသည်။
လျှိုထင်ကျန်း သူ၏ နိယာမပုံရိပ်ကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။ ထို့နောက်သူ့နောက်ရှိ ရွှေရောင်သမင်ကြီးက ပါးစပ်ဟကာ ရောင်စုံအလင်းတန်း တစ်ခုကို မှုတ်ထုတ်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားလှိုင်းဆီသို့ ပျံသန်းသွားသည်။
ရောင်စုံအလင်းတန်းနှင့် ရေခဲရှစ်ဆင့်ဓားမှ ဓားလှိုင်းတို့ ထိပ်တိုက်တွေ့ဆုံသောအခါ ဟင်းလင်းပြင်ထဲတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်ခဲ့ပြီး မျက်စိဖြင့် မြင်နိုင်သော လှိုင်းဂယက်များ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။ နှစ်ဖက်စလုံးမှ နတ်လှေများသည်လည်း ပေါက်ကွဲမှု စွမ်းအင်ကြောင့် ကီလိုမီတာ ရာပေါင်းများစွာ အကွာအဝေး သို့ လွင့်စဉ်သွားကြသည်။
ပေါက်ကွဲမှု၏ နောက်ဆက်တွဲ အကျိုးဆက်များ ကင်းစင်သွားသောအခါ လုချန်းနှင့် လျှိုထင်ကျန်းတို့ ဟင်းလင်းပြင်ထဲတွင် ဆက်လက် ပျံဝဲနေကြဆဲ ဖြစ်သည်။
လုချန်းသည် လက်ထဲရှိ ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး အဝေးရှိ လျှိုထင်ကျန်းကို ကြည့်ကာ မျက်ခုံးတွန့်လိုက်သည်။ လျှိုထင်ကျန်းသည် ဒဏ်ရာအနာတရ မရှိသလို ဖြစ်နေပြီး သူ၏ နိယာမပုံရိပ်မှာလည်း ပကတိအတိုင်း ရှိနေသည်။
ရှန်ဟွေချပ်ဝတ် ဝတ်ဆင်ပြီးနောက် သူသည် သူတော်စင်နှင့် နီးစပ်သော ခွန်အားကို ပိုင်ဆိုင်နေပြီဖြစ်ပြီး ကောင်းကင်အဆင့် ကျင့်စဉ် နည်းစနစ်ကို အသုံးပြုလိုက်ပါက သူတော်စင်တစ်ပိုင်း ကျင့်ကြံသူတစ်ဦးကို ကိုင်တွယ်ရန် ပြဿနာ မရှိနိုင်ဟု လုချန်း ထင်မှတ်ခဲ့သည်။
သို့သော် လက်တွေ့တွင်မူ ပြိုင်ဘက်၏ အဝတ်စပင် သူ၏ ဓားချက်က မထိခိုက်စေခဲ့ပေ။ ဒါက သူတော်စင်တစ်ပိုင်း တစ်ယောက်ရဲ့ ခွန်အားအစစ်ပဲလား။
မုချင်းလန်ကို ချက်ချင်း ဝင်တိုက်ခွင့်မပေးခဲ့တာ မှန်ပုံရ၏။ သူမသာ ဝင်ပါလိုက်လျှင် သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်အစစ်ကို စမ်းသပ်နိုင်တော့မည် မဟုတ်ပေ။
လုချန်းကဲ့သို့ပင် လျှိုထင်ကျန်း၏ မျက်နှာလည်း အလွန် လေးနက်နေသည်။ လည်ချောင်းထဲသို့ နွေးထွေးသော သွေးများ ရောက်လာသည်ကို သူ ခံစားလိုက်ရသော်လည်း ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်ကာ အတင်းအကျပ် ပြန်မြိုချလိုက်သည်။
သူသည် လုချန်း၏ ပြိုင်ဘက် မဟုတ်ကြောင်း လျှိုထင်ကျန်း ယခု သိလိုက်ပြီ ဖြစ်သည်။ လုချန်း၏ ဓားချက်ကို သူ ခုခံနိုင်ခဲ့ပုံ ရသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအား အားလုံးနီးပါး ကုန်ခန်းလုနီးပါး ဖြစ်သွားခဲ့ရသည်။ လုချန်းသာ ဆက်တိုက်ခိုက်ပါက သူ ရှောင်တိမ်းရုံသာ တတ်နိုင်တော့မည်။
သူတော်စင်တစ်ပါး ဖြစ်သော ကျန်းထျန်းယီသည် လက်ရှိအခြေအနေကို အလွန် ရှင်းလင်းစွာ မြင်တွေ့နေရသည်။ အဝေးရှိ လုချန်းကို ကြည့်နေသော သူ၏ မျက်နှာထားက အလွန်ခက်ထန်နေသည်။
သူတော်စင်တစ်ပိုင်း ဖြစ်သော လျှိုထင်ကျန်း အနေနှင့် ရှဧကရာဇ်ကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သူ ယူဆခဲ့သည်။ အထူးသဖြင့် ရှဧကရာဇ်၏ အင်အားမှာ မှော်ရတနာတစ်ခုကြောင့် မြင့်တက်လာခြင်း ဖြစ်ပြီး အနည်းငယ် ဖောင်းပွနေသည်ဟု ထင်ခဲ့သည်။ သို့သော် ဓားချက်တစ်ချက်တည်းဖြင့် လျှိုထင်ကျန်း ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ကြောင်း တွေ့လိုက်ရသည်။
……………..
အခန်း( ၁၂၃၃ )
လောဘနည်းနည်း ကြီးလွန်းနေပုံရတယ်
ကျန်းထျန်းယီလည်း ဘေးထွက်ရပ်မနေတော့ပဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“တော်လိုက်တော့”
ထိုအော်သံနှင့်အတူ မမြင်နိုင်သော စွမ်းအားတစ်ခုက လုချန်းကို ချက်ချင်း တိုက်ခိုက်လာရာ သူ့ခန္ဓာကိုယ်တစ်ခုလုံး တစ်စုံတစ်ခု၏ ချုပ်နှောင်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ပြင်းထန်သော အန္တရာယ်ရှိသည့် အာရုံတစ်ခုကို ခံစားမိစေခဲ့သည်။
ဒါက သူ သေဘေးနှင့် နီးကပ်နေကြောင်း ပြင်းပြင်းထန်ထန် ခံစားရဖူးသည့် ပထမဆုံးအကြိမ် ဖြစ်သည်။
ကျန်းထျန်းယီ၏ တိုက်ခိုက်မှုကို ခုခံရန် သူ၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအား အားလုံးကို အလျင်အမြန် စုစည်းလိုက်သော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအားများ ချိပ်ပိတ်ခံလိုက်ရသကဲ့သို့ ဖြစ်နေသည်။
ဒါက သူတော်စင်တစ်ပါး၏ စစ်မှန်သော ဖိအားကို လုချန်း ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ မုချင်းလန်သည်လည်း သူတော်စင်တစ်ပါး ဖြစ်သော်လည်း လုချန်း၏ ရှေ့မှောက်တွင် ဤမျှ အစွမ်းထက်သော သူတော်စင်အဆင့် ဖိအားကို မည်သည့်အခါကမှ ထုတ်လွှတ်ခြင်း မရှိခဲ့ဖူးပေ။
လုချန်း တုံ့ပြန်လိုက်ချိန်တွင် မမြင်နိုင်သော တိုက်ခိုက်မှုက သူ့ထံ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် ထိုအချိန်တွင် မုချင်းလန် လုချန်း၏ ရှေ့၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
သူမက သူမ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး သူမ၏ လက်ချောင်းထိပ်များမှ စိတ်ဝိညာဉ်စွမ်းအားတစ်မျှင် ပျံသန်းထွက်ခွာသွားကာ သူတော်စင်စွမ်းအားနှင့် ချက်ချင်း ထိပ်တိုက်တွေ့ဆုံလိုက်သည်။
စိတ်ဝိညာဉ်စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံလိုက်သောအခါ ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာပြီး ဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်းများနှင့်အတူ လှိုင်းဂယက်များ တဖန် ပြန်လည် ပေါ်လာခဲ့သည်။
ဤအရာကို မြင်လိုက်ရသဖြင့် ချန်ဟိုင်ဂိုဏ်းမှ လူတိုင်း ကြောင်အမ်းသွားကြပြီး ကျန်းထျန်းယီ၏ မျက်နှာလည်း မည်းမှောင်သွားခဲ့သည်။
သူသည် အရူးမဟုတ်ပေ။ ထိုအမျိုးသမီး သူ၏ တိုက်ခိုက်မှုကို ပေါ့ပေါ့ပါးပါး ဖမ်းယူလိုက်စဉ်ကတည်းက သူမသည် သူတော်စင်တစ်ပါး ဖြစ်ကြောင်း သူ နားလည်လိုက်ပြီး ဖြစ်သည်။
ဖရိုဖရဲကြယ်ပင်လယ်အတွင်း၌ ဆွမ်ဧကရာဇ်သာ အနည်းငယ် ပိုအားကြီးသည်ဟု မူလက သူ ထင်မှတ်ထားခဲ့သည်။ ဖရိုဖရဲကြယ်ပင်လယ်ထဲတွင် နောက်ထပ် ဖုံးကွယ်ထားသော သူတော်စင်တစ်ပါး ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိချေ။
သို့သော် တရားဝင် မတိုက်ခိုက်ရသေးသဖြင့် ထိုသူတော်စင်၏ ကျင့်စဉ်အဆင့်ကို သူ မသိသေးပေ။
ကျန်းထျန်းယီက တိုက်ရိုက် မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ”
“ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ နောက်ထပ် သူတော်စင်တစ်ပါး ရှိတယ်ဆိုတာ ကျုပ် မကြားဖူးပါဘူး။”
ထိုအရာကို ကြားသောအခါ ဖရိုဖရဲကြယ်ပင်လယ်အတွင်းရှိ အင်အားစုအားလုံး ထိတ်လန့်သွားကြသည်။
သူတော်စင်တစ်ပါးလား...
ဆွမ်ဧကရာဇ်ရဲ့ ဘေးနားမှာ သူတော်စင်တစ်ပါး တကယ် ရှိနေတာပဲ...
ဒါဆိုရင် ဆွမ်ဧကရာဇ်က အစကတည်းက သူတို့ကို ဘာလို့ မပြောပြခဲ့တာလဲ။
ယခုတော့ ဆွမ်ဧကရာဇ် အဘယ်ကြောင့် အမြဲတမ်း တည်ငြိမ်အေးဆေးနေသည်ကို လူအများ နောက်ဆုံးတွင် နားလည်သွားကြပြီ ဖြစ်သည်။ သူ့ကို ကာကွယ်ပေးနေသော သူတော်စင်တစ်ပါး ရှိနေပြီးဖြစ်သည်။ ဘာကို ကြောက်ရွံ့စရာ လိုမည်နည်း။
မကြာမီတွင် ချန်ဟိုင်ဂိုဏ်းထံသို့ ဆန္ဒအလျောက် ဘက်ပြောင်းခိုလှုံခဲ့ကြသော ရှနိုင်ငံတော်မှ သစ္စာဖောက်များလည်း သူတို့၏ လုပ်ရပ်များအတွက် နောင်တရလာကြသည်။ သူ့ဘေးနားတွင် သူတော်စင်တစ်ပါး ရှိနေသည့် သတင်းကို ဆွမ်ဧကရာဇ်က အဘယ်ကြောင့် တမင်တကာ ဖုံးကွယ်ထားခဲ့လဲ ဆိုတာကို သူတို့ ယခု နားလည်သွားကြသည်။
ဆွမ်ဧကရာဇ်သည် ထောင်ချောက်ဆင် ဖမ်းဆီးခြင်းမျိုး အကြိမ်ကြိမ် ပြုလုပ်ဖူးသည်။ ဒါက ပထမဆုံးအကြိမ် မဟုတ်သလို ဒုတိယအကြိမ် မဟုတ်တော့ပေ။ စာရင်းရှင်းခံရမည့် ရလဒ်ကို တွေးတောမိရင်း ထိုသစ္စာဖောက်များ တစ်ဦးချင်းစီ၏ မျက်နှာများ ကြောက်ရွံ့မှုကြောင့် ဖြူဖျော့သွားကြသည်။
ယခုအခါ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ချန်ဟိုင်ဂိုဏ်းမှ သူတော်စင်က လုချန်းရှေ့ရှိ ထိုအမျိုးသမီးကို အနိုင်ယူရန်မလား ဆိုသည့်အချက်ပေါ်တွင်သာ မူတည်နေတော့သည်။ မဟုတ်ပါက ရှနိုင်ငံတော်မှ ဤသစ္စာဖောက်များ အားလုံးအတွက် သေလမ်းသာ ရှိတော့သည်။
မုချင်းလန်က ခပ်အေးအေး ပြောလိုက်သည်။
“ရှင် မကြားဖူးတာနဲ့ပဲ မရှိဘူးလို့ မဆိုလိုပါဘူး။”
သူမ ပြောလိုက်သည်နှင့် တပြိုင်နက် မုချင်းလန်၏ ရှေ့တွင် အဖြူရောင်မီးတောက် အစုအဝေးများ ပေါ်လာခဲ့သည်။
၎င်းတို့သည် မီးတောက်များ ဖြစ်သော်လည်း ပတ်ဝန်းကျင် ဧရိယာသည် မီးကြောင့် ပူနွေးလာခြင်း မရှိပဲ ဟင်းလင်းပြင်ထဲရှိ အပူချိန်ကို သိသိသာသာ ကျဆင်းသွားစေကာ ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော ရေခဲမှုန်များ တဖန် ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
မုချင်းလန်ထံမှ ထွက်ပေါ်လာသော ဖိအားကို ခံစားလိုက်ရသဖြင့် ကျန်းထျန်းယီ၏ မျက်နှာပို၍ မည်းမှောင်သွားခဲ့သည်။
ဤမီးတောက်မျိုးကို တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ သူ့အတွက် ရင်းနှီးနေသည်ဟု အဘယ်ကြောင့် ခံစားနေရကြောင်း သူ မတွေးပဲ မနေနိုင်ပေ။
သူရင်းနှီးသည်ဟု ခံစားရသည့် အရာများမှာ သူ မြင်ဖူး ကြားဖူးသော အရာများ ဖြစ်သော်လည်း လောလောဆယ် သူ ပြန်မမှတ်မိနိုင်သေးပေ။
သို့သော် ယခုအချိန်သည် ထိုကိစ္စများကို စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။ ဤအမျိုးသမီးသည် သူ့အတွက် အလွန်အန္တရာယ်များကြောင်း ခံစားနေရပြီး သူ အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။ မဟုတ်ပါက သူ၏ ကိုယ်ပွား ဤနေရာ၌ပင် ပျက်စီးသွားနိုင်သည်။
မီးတောက်နီးကပ်လာသည်နှင့်အမျှ ကျန်းထျန်းယီကလည်း သူ၏ သူတော်စင်အဆင့် ဖိအားကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။ ရှိနေသူ အားလုံးနီးပါးသည် ဖိအားအောက်တွင် ကြီးမားသော တောင်ကြီးတစ်လုံး၏ ဖိချခံထားသကဲ့သို့ ခန္ဓာကိုယ်များ အလွန်လေးလံလာသလို ခံစားလိုက်ရသည်။
ရှန်ဟွေသံချပ်ကာကို ဝတ်ဆင်ထားပြီး သူတော်စင်တစ်ပါး နီးပါး အင်အားရှိသည့် လုချန်းပင်လျှင် ဤကြောက်မက်ဖွယ် ဖိအားအောက်တွင် အသက်ရှူရန် ခက်ခဲနေကြောင်း တွေ့ရှိလိုက်ရသည်။
လုချန်း တွေးလိုက်သည်။ သူတော်စင်တစ်ပါးရဲ့ ဖိအားဖြစ်လည်း ဘာဖြစ်လဲ။ သူသည် စကြဝဠာ၏ မူလစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သာမန် သူတော်စင်တစ်ပါးကို အဘယ်အတွက် ကြောက်ရွံ့နေမည်နည်း။
ထို့နောက် ချက်ချင်းပင် လုချန်းသည် မူစွမ်းအားကို စတင် လည်ပတ်စေလိုက်သည်။ မူလစွမ်းအား သူ၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသည်နှင့်အမျှ သူ့ကို လွှမ်းခြုံထားသော ဖိနှိပ်သည့် စွမ်းအားများ ချက်ချင်း ပျောက်ကွယ်သွားပြီး ကြီးမားသော သက်သာရာရမှုကို သူ ခံစားလိုက်ရသည်။
လုချန်းက ဘာမှမဖြစ်သကဲ့သို့ ရှိနေသည်ကို မြင်လိုက်ရသဖြင့် ထိုမြင်ကွင်းကို မျက်မြင်တွေ့ရှိလိုက်ရသော ကျန်းထျန်းယီ ပိုသတိရှိလာသည်။
ယုတ္တိနည်းအရ ပြောရလျှင် တစ်ဖက်လူသည် ပြင်ပနည်းလမ်းများဖြင့် သူတော်စင်နယ်ပယ်နီးပါး အင်အားကို မြှင့်တင်ထားခြင်းသာဖြစ်ပြီး သူတော်စင်အစစ် မဟုတ်ပေ။ သူ့ကဲ့သို့ သူတော်စင်ဖိအားကို မည်သို့ ဤမျှ လွယ်ကူစွာ ခံနိုင်ရည်ရှိနေသနည်း။
ဤ ဆွမ်ဧကရာဇ်က သူ၏ အင်အားအစစ်ကို ဖုံးကွယ်ထားတာလား။ သို့မဟုတ် ဆွမ်ဧကရာဇ်တွင် အထူးအစွမ်းထက်သော ကာကွယ်ရေး မှော်ရတနာ တစ်ခုခု ရှိနေခြင်းလား။
သူတော်စင်တစ်ပါး၏ ဖိအားကို ခံနိုင်ရည်ရှိသည့် ကာကွယ်ရေး မှော်ရတနာ....
ဒါဆို ထိုမှော်ရတနာက ဘယ်လိုအဆင့်မျိုးလဲ......
ကျန်းထျန်းယီ၏ မျက်လုံးများတွင် လောဘရိပ်များ ဖြတ်သန်းသွားသော်လည်း သူ၏ စိတ်ကို အလျင်အမြန် ပြန်လည်ထိန်းချုပ်လိုက်သည်။ လုချန်းထံမှ ထိုကာကွယ်ရေး မှော်ရတနာကို ရယူရန်နှင့် ဧကရာဇ်ဂူကို ရှာဖွေရန်အတွက် ဤအမျိုးသမီးကို အရင် အနိုင်ယူရန် လိုအပ်သည်။
သူတော်စင်ချင်း ဖြစ်သော်လည်း သူမကို သတ်ဖြတ်ရန်က လွယ်ကူသောကိစ္စ မဟုတ်ပေ။
ဤအချိန်တွင် ကျန်းထျန်းယီက
“ကျင့်ကြံသူမိတ်ဆွေ... ဧကရာဇ်ဂူကို မြင်တွေ့သူတိုင်း ဝေစုရထိုက်ပါတယ်။ ကျင့်ကြံသူမိတ်ဆွေက ဧကရာဇ်ဂူကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ဖို့ ရည်ရွယ်ထားတာတော့ မဟုတ်ဘူးမလား။”
“ကျင့်ကြံသူမိတ်ဆွေက ဧကရာဇ်ဂူကို လက်ဝါးကြီးအုပ်ချင်ရင်တောင် အထဲမှာ ကန့်သတ်ချက် ရှိနေနိုင်ပြီး ခင်ဗျား ချိုးဖျက်နိုင်စရာ မရှိပါဘူး။ အတွင်းထဲက ရတနာ အနည်းငယ်ကိုပဲ ခင်ဗျားရထားတယ်လို့ ကျုပ် ယုံကြည်ပါတယ်။ မဟုတ်ရင် ခင်ဗျား ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ ရှိနေဦးမှာ မဟုတ်ဘူး။”
“လူတစ်ယောက် ပိုရှိတာက အင်အားတစ်ခု ပိုရှိတာပါပဲ။ ဧကရာဇ်ဂူရဲ့ ကန့်သတ်ချက်တွေကို အတူတူ ချိုးဖျက်ပြီးတာနဲ့ ရတနာတွေနဲ့ အမွေအနှစ်တွေကို ညီတူညီမျှ ခွဲဝေယူကြမယ်ဆို ဘယ်လိုလဲ။”
မုချင်းလန်၏ အင်အားကို မခန့်မှန်းနိုင်သလို သူမကို အနိုင်ယူရန်လည်း မလွယ်ကူကြောင်းလည်း ကျန်းထျန်းယီ သဘောပေါက်လိုက်သည်။ နောက်ဆုံးတွင် သူကိုယ်တိုင်ပင် ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
သူ့အမြင်အရဆိုလျှင် ဖရိုဖရဲကြယ်ပင်လယ်ထဲ၌ ရတနာများ ရှိနေသည်မှာ သေချာသည်။ ဧကရာဇ်ဂူထဲမှ ပစ္စည်းများကို ဤအမျိုးသမီး ရယူပြီးဖြစ်ပါက ဖရိုဖရဲကြယ်ပင်လယ်ကဲ့သို့ အရိုင်းနေရာမျိုးတွင် သူမ ဆက်နေစရာ အကြောင်းမရှိပေ။
ဤအမျိုးသမီး သူတော်စင် ဖရိုဖရဲကြယ်ပင်လယ်ထဲတွင် ဆက်လက်နေထိုင်နေထိုင်နေခြင်းက ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ သူမသည် အတွင်းမှ ရတနာအားလုံးကို မရရှိသေးသဖြင့် ဂူ၏ ကန့်သတ်ချက်များကို ချိုးဖျက်ရန် ကြိုးစားနေခြင်း သို့မဟုတ် သူမ၏ ဂိုဏ်းမှ စစ်ကူများကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်။
ဧကရာဇ်ဂူအတွင်းမှ အရာအားလုံးကို သူမ မရရှိသေးသဖြင့် ညှိနှိုင်းရန် အခွင့်အရေး ရှိနေသေးသည်။
သူမလည်း ဧကရာဇ်ဂူထဲသို့ ဝင်ရောက်ရန် ဆန္ဒပြင်းပြနေသည်ဟု ကျန်းထျန်းယီ ယုံကြည်ထားသည်။ မည်သို့ပင်ဆိုစေ အတွင်းထဲ၌ မရေမတွက်နိုင်သော ရတနာများ၊ အမွေအနှစ်များနှင့် အခွင့်အရေးများ ရှိနေသည်။
ယခု ရှေ့မတိုးသာ နောက်မဆုတ်သာ ဆက်ဖြစ်နေခြင်းက အဓိပ္ပာယ်မရှိပေ။ အချိန်ကြာလာသည်နှင့်အမျှ ပိုများသောလူများ ဧကရာဇ်ဂူကို ရှာဖွေတွေ့ရှိလာနိုင်သည်။
ဤနေရာသို့ နောက်ထပ်လူများ ရောက်လာပါက ထိုအမျိုးသမီးလည်း အရာအားလုံး ဆုံးရှုံးသွားရပေလိမ့်မည်။
ကျန်းထျန်းယီ၏ စကားကို ကြားသောအခါ ရတနာရှာဖွေရန် လာကြသော သူတို့ကဲ့သို့ လူတစ်ဦးအဖြစ် သူမကို အထင်မှားနေကြောင်း မုချင်းလန် သိလိုက်သည်။ သူမက အေးစက်စွာ ပြန်ပြောလိုက်သည်။
“ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ ဧကရာဇ်ဂူ မရှိသလို ရတနာတွေလည်း မရှိပါဘူး။ ကျေးဇူးပြုပြီး ပြန်လိုက်ပါ။”
ကျန်းထျန်းယီ မျက်မှောင်ကြုတ်သွားသည်။ “ဒါဆို ကျင့်ကြံသူမိတ်ဆွေက အားလုံးကို တစ်ယောက်တည်း သိမ်းပိုက်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုလိုတာလား။”
“ဒါဆိုရင်တော့ ကျင့်ကြံသူမိတ်ဆွေရဲ့ လောဘက နည်းနည်း ကြီးလွန်းနေပုံရတယ်။”