← Chapters

အခန်း (၁၂၃၄-၁၂၃၆)

Vol. 83 Ch. 1234-1236

အခန်း (၁၂၃၄-၁၂၃၆)

Vol. 83 Ch. 1234-1236

အခန်း( ၁၂၃၄ )

မုချင်းလန် လှုပ်ရှားခြင်း

ကျန်းထျန်းယီ၏ အမြင်တွင် အချက်အလက် အမျိုးမျိုးက ဖရိုဖရဲကြယ်ပင်လယ် အတွင်း၌ ဧကရာဇ်ဂူ သို့မဟုတ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ ဂူ ရှိနေသည်ဟု ညွှန်ပြနေသည်။

ယခု လူတစ်ယောက်က ဖရိုဖရဲကြယ်ပင်လယ်ထဲတွင် ဧကရာဇ်ဂူ မရှိကြောင်း၊ ရတနာများလည်း မရှိကြောင်း ပြောလာရာ ကျန်းထျန်းယီ မည်သို့ ယုံကြည်နိုင်မည်နည်း။

သူ့ရှေ့မှ ဤအမျိုးသမီးသည် ဧကရာဇ်ဂူမှ ရတနာအားလုံးကို တစ်ဦးတည်း လက်ဝါးကြီးအုပ်လိုနေ၍ ယခုလို ငြင်းဆိုနေခြင်း ဖြစ်‌ကြောင်း နှစ်ခါထပ်စဉ်းစားစရာပင် မလိုပေ။

ကျန်းထျန်းယီက

“မိတ်ဆွေ... ဝါးနိုင်တာထက် ပိုမဝါးနဲ့။ စာပိုး နင်သွားလိမ့်မယ်။”

“နောက်ပြီး ဧကရာဇ်ဂူသင်္ချိုင်း ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ ရှိနေတယ်ဆိုတဲ့ သတင်းကို ကျုပ်တို့ ဖြန့်လိုက်မှာကို မကြောက်ဘူးလား။”

“ခင်ဗျားက သူတော်စင် ဖြစ်ပေမဲ့ ဧကရာဇ်ဂူက သူတော်စင်တွေကိုတင် မကဘူး ဧကရာဇ်လောင်းတွေကိုဆို ပိုလို့တောင် ဆွဲဆောင်နိုင်သေးတယ်။ အိမ်နီးချင်း ကြယ်နယ်မြေက ဧကရာဇ်လောင်းတွေသာ ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ ဧကရာဇ်ဂူသင်္ချိုင်း ရှိနေတာကို သိသွားရင် သူတို့ဝင်လာတာကို တားဆီးဖို့ ခင်ဗျားတစ်ယောက်တည်း စွမ်းနိုင်မယ် ထင်နေလား။”

မုချင်းလန်က ကျန်းထျန်းယီ၏ စကားကို ဂရုမစိုက်ပဲ

“နောက်ဆုံးတစ်ခေါက် ထပ်ပြောမယ်... ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ ဧကရာဇ်ဂူ မရှိသလို ဘာရတနာမှလည်း မရှိဘူး။”

စကားဆုံးသည်နှင့် မုချင်းလန်၏ လက်ထဲတွင် ဓားတစ်လက် ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ထဲသို့ ခုတ်ပိုင်းလိုက်ရာ ကီလိုမီတာ များစွာ ရှည်လျားသော ဓားအရှိန်အဝါသည် ဟင်းလင်းပြင် အက်ကွဲကြောင်းကြီးတစ်ခုကို ဖန်တီးလိုက်သည်။

“ဒီမျဉ်းကို ကျော်လာရဲတဲ့ ဘယ်သူမဆို သေရမယ်။”

မုချင်းလန်၏ ပြုမူပုံက ကျန်းထျန်းယီကို လုံးဝ ဒေါသထွက်သွားစေသည်။ ချက်ချင်းပင် စိတ်ဝိညာဉ်ဖိအားများ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ခက်ထန်သော မျက်နှာထားဖြင့်

“မင်းက ဒီလောက် ခေါင်းမာနေမှတော့ မင်းဘယ်လောက်အားကောင်းသလဲ ဆိုတာ ကြည့်ရသေးတာပေါ့။ ဧကရာဇ်ဂူကို မင်းတကယ် ကာကွယ်နိုင်မှာ သေချာလား။”

စကားဆုံးသည်နှင့် ကျန်းထျန်းယီက လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

နေကိုးစင်း လက်ဝါးသိုင်း......

နောက်တစ်ခဏတွင် ကျန်းထျန်းယီ၏ နောက်ကျောဘက်၌ ဧရာမ နေမင်းကြီး ကိုးစင်း ပေါ်လာပြီး ပြင်းထန်သော အပူရှိန်ကြောင့် အာကာသ အလွှာများပင် လိမ်တွန့်သွားသည်။

သူတော်စင်များ၏ တိုက်ပွဲသည် သူတို့ ဝင်ရောက်စွက်ဖက်နိုင်သည့် အရာမဟုတ်ကြောင်း ချန်ဟိုင်ဂိုဏ်းမှ တပည့်များ နားလည်ထားပြီးဖြစ်သဖြင့် အလျင်အမြန် နောက်ဆုတ်လိုက်ကြသည်။

မုချင်းလန်က လုချန်းဘက်သို့ ခေါင်းအနည်းငယ် ငဲ့ကာ

“မင်းကြီး.......ကျေးဇူးပြုပြီး ဘေးကို ခဏလောက် ရှောင်နေပေးပါ။”

သူမ၏ တိုက်ခိုက်မှုကြောင့် လုချန်း ထိခိုက်သွားမည်ကို မုချင်းလန် စိုးရိမ်နေသည်။ လုချန်းက သူတော်စင်နှင့် နီးစပ်သော အင်အားရှိသော်လည်း သူတော်စင် မဖြစ်သေးပေ။ သူတော်စင်များ၏ တိုက်ပွဲက သူ့ကို အန္တရာယ် ဖြစ်စေနိုင်သည်။

လုချန်းက “ကောင်းပြီ” ဟု ပြောပြီးနောက် အလင်းအရိပ်ကို အသုံးပြုကာ ကီလိုမီတာ ရာပေါင်းများစွာ အကွာသို့ ရွှေ့ပြောင်းသွားလိုက်သည်။

လုချန်းသည် သူ၏ ကန့်သတ်ချက်ကို သူ နားလည်သည်။ ပြိုင်ဘက်က နတ်ဆိုးကျင့်ကြံသူသာ ဖြစ်ပါက ဖရိုဖရဲ နတ်ဆိုးသတ်ကျင့်စဉ်ကို သုံး၍ တိုက်ခိုက်နိုင်ကောင်း တိုက်ခိုက်နိုင်သည်။

သို့သော် ဤကျန်းထျန်းယီက နတ်ဆိုးကျင့်ကြံသူ မဟုတ်ပေ။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်စွမ်းအားက ကျန်းထျန်းယီကို များစွာ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ ဤမျှ အဆင့်မြင့်သော တိုက်ပွဲတွင် သူ ဝင်ရောက်စွက်ဖက်၍ မရနိုင်ပေ။

ထို့ကြောင့် ဤကိစ္စကို မုချင်းလန်ထံ လွှဲထားလိုက်ရတော့မည် ဖြစ်သည်။ မုချင်းလန်၏ သူတော်စင်အဆင့်ငါး အင်အားဖြင့်ဆိုလျှင် သူတော်စင်အဆင့်နှစ်သို့ ဝင်ရောက်ထားခါစ ကျင့်ကြံသူတစ်ဦးကို ဖြေရှင်းရန် ပြဿနာ မရှိနိုင်ဟု သူယုံကြည်သည်။

လုချန်း ထွက်ခွာသွားသည်ကို မြင်သောအခါ မုချင်းလန်သည် အဝေးမှ နေကိုးစင်းနှင့်အတူ တိုးဝင်လာသော ကြီးမားသည့် လက်ဝါးကြိီးကို ရင်ဆိုင်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် စူးရှလင်းလက်သော အရိပ်အယောင်တစ်ခု လက်ခနဲ ဖြစ်သွားသည်။

ထို့နောက် မုချင်းလန်သည် သူမအတွင်းရှိ ထူးဆန်းသောအဖြူရောင်မီးကို မောင်းနှင်ပြီး လက်ထဲရှိ စိတ်ဝိညာဉ်ဓားထဲသို့ အကုန်အစင် ထည့်သွင်းလိုက်သည်။ ကောင်းကင်မီး မျိုးနွယ်များသည် မွေးရာပါ စိတ်ဝိညာဉ်မီးကို ပိုင်ဆိုင်ကြသည်။

ကောင်းကင်မီး မျိုးနွယ်များ သူတို့၏ မွေးရာပါ စိတ်ဝိညာဉ်မီးကို အသုံးပြုပါက သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် အဆပေါင်းများစွာ ချက်ချင်း တိုးတက်လာနိုင်သည်။

ဤအကြောင်းရင်းကြောင့်ပင် ကောင်းကင်မီး မျိုးနွယ်စုသည် အတိတ်က မျိုးတုန်းလုနီးပါး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ ယခု မုချင်းလန်သည် တိုက်ပွဲ စတင်ကတည်းက စိတ်ဝိညာဉ်မီးကို အသုံးပြုလိုက်ပြီဖြစ်သည်။ သူမ လုံးဝ အလျှော့ပေးတော့မည် မဟုတ်ပေ။

ကေသရာဇာ ခြင်္သေ့သည် ယုန်ငယ်တစ်‌ကောင် ကို ဖမ်းလျှင်ပင် အင်အားကုန် သုံးရစမြဲ ဖြစ်သည်။ သူမသည် မလှုပ်ရှားမီ သူတော်စင်အဆင့် စွမ်းအားကို သုံး၍ ဟင်းလင်းပြင်ကို ပိတ်လှောင်ထားလိုက်သည်။ သို့မှသာ ကျန်းထျန်းယီ၏ ကိုယ်ပွား အသတ်ခံရလျှင်ပင် အများဆုံး အနေနှင့် သူ၏ ပင်မခန္ဓာကိုယ်က သူ၏ ကိုယ်ပွား အသတ်ခံလိုက်ရကြောင်းသာ သိမည်ဖြစ်ပြီး အသေးစိတ်ကို သိနိုင်မည် မဟုတ်ပေ။

မုချင်းလန်ထံမှ ထွက်ပေါ်လာသော စိတ်ဝိညာဉ်မီးကို မြင်လိုက်ရသောအခါ ထိုမီးမျိုးကို ဘယ်မှာ မြင်ဖူးသလဲ ဆိုတာ နောက်ဆုံးတွင် ကျန်းထျန်းယီ ပြန်သတိရသွားသည်။

သူ့မျက်နှာပေါ်တွင် ထိတ်လန့်မှုများ

တမဟုတ်ချင်း ဖြတ်သန်းသွားသည်။

“မင်းက ကောင်းကင်မီး...”

ကျန်းထျန်းယီ စကားမဆုံးသေးမီ မုချင်းလန်၏ ဓားချက် ကျရောက်လာသည်။

ရေခဲမီး နတ်နဂါးသိုင်း။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ခြေငါးချောင်းပါ ဧရာမ နဂါးကြီးနှစ်ကောင် မုချင်းလန်၏ ဓားမှ ထွက်ပေါ်လာသည်။ တစ်ကောင်က အဖြူရောင်ဖြစ်ပြီး ရေခဲတမျှအအေးဓာတ်များ ထုတ်လွှတ်နေကာ ကျန်တစ်ကောင်က အနီရောင်ဖြစ်ပြီး မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။

ရွှေနဂါးနှစ်ကောင်သည် လိမ်ယှက်လျက် တိုးဝင်သွားပြီး ကျန်းထျန်းယီ၏ ရွှေရောင်လက်ဝါးနှင့် ထိတွေ့ခါနီးတွင် ဧရာမ နဂါးနှစ်ကောင်သည် တစ်ကောင်တည်းအဖြစ် ပေါင်းစည်းသွားကာ အဖြူရောင်မီးတောက်များ လောင်ကျွမ်းနေသော နဂါးကြီးတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားသည်။

နဂါးက ရွှေရောင်လက်ဝါးကို ထိတွေ့လိုက်သည့် အချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှု မရှိပဲ အာကာသဟင်းလင်းပြင်တစ်ခုလုံး အချိန်စက်ဝန်း ရပ်တန့်သွားသလို ဖြစ်သွားသည်။

မသိနိုင်သော ကာလတစ်ခု ကြာပြီးနောက် အာကာသဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု မိုးခြိမ်းသံကဲ့သို့ ထွက်ပေါ်လာသည်။ အာကာသ မုန်တိုင်းက အနီးအနားရှိ အရာအားလုံးကို မရေမတွက်နိုင်သော အမှုန်အမွှားများ အဖြစ် ဖျက်ဆီးလိုက်သည်။

ကျန်းထျန်းယီ၏ မျက်ဝန်းအိမ် ကျဉ်းမြောင်းသွားပြီး သူ့ရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။ မုချင်းလန်၏ သရုပ်မှန်ကို သူ ခန့်မှန်းမိလိုက်ပြီ ဖြစ်သည်။

မုချင်းလန် အသုံးပြုသော ထူးဆန်းသည့် မီးကို ကြည့်ခြင်းအားဖြင့် သူမသည် ကောင်းကင်မီးမျိုးနွယ်ဝင်တစ်ဦး ဖြစ်နိုင်ခြေ အများဆုံး ရှိပြီး ကောင်းကင်မီး မျိုးနွယ်စုတွင် သူတော်စင် နှစ်ပါးသာ ရှိသည်။

သူတော်စင် တစ်ပါးမှာ မီးဧကရာဇ် ဖြစ်ပြီး အခြားတစ်ပါးမှာ ကောင်းကင်မီး မျိုးနွယ်၏ တော်ဝင်အကြီးအကဲ ဖြစ်သည်။ မီးဧကရာဇ်သည် အမျိုးသား ဖြစ်ပြီး ယခု သူ့ရှေ့မှ လူမှာ အမျိုးသမီး ဖြစ်နေသဖြင့် သူမသည် ကောင်းကင်မီး မျိုးနွယ်၏ တော်ဝင်အကြီးအကဲဆိုတာ သေချာသည်။

မုချင်းလန် တိုက်ခိုက်လိုက်သည့် အချိန်၌ပင် သူသည် သူမ၏ ပြိုင်ဘက် မဟုတ်ကြောင်း ကျန်းထျန်းယီ နားလည်လိုက်သည်။ ကောင်းကင်မီး မျိုးနွယ်ဝင်များသည် သူတို့၏ မူလသဘာဝ ထူးဆန်းသောမီးကို အသုံးပြု၍ ခွန်အားကို များစွာ မြှင့်တင်နိုင်သဖြင့် မုချင်းလန် သူတော်စင် ပထမအလွှာတွင် ရှိနေလျှင်တောင် သူ့အနေနှင့် သူမ၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။

သို့တိုင်အောင် သူမ၏ ဓားချက် ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းထျန်းယီ အံ့အားသင့်နေစဉ်မှာပင် သူ့ခန္ဓာကိုယ်ကို အာကာသ မုန်တိုင်းက အမှုန်အမွှားများ အဖြစ် ဆုတ်ဖြဲပစ်လိုက်ကာ ဝိညာဉ်ကိုပါ ဖျက်ဆီးပစ်လိုက်သည်။

အကွာအဝေး တစ်နေရာတွင် ရှိနေသော ချန်ဟိုင်ဂိုဏ်းမှ တပည့်များလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး နဖူးမှ ချွေးစများ တရစပ် စီးကျလာသည်။ သူတို့၏ အကြီးအကဲချုပ် ဤမျှ အလွယ်တကူ ရှုံးနိမ့်သွားသည်ကို သူတို့ မယုံနိုင်ကြပေ။

သူမက ဓားတစ်ချက်တည်း သုံးလိုက်ရုံသာ ရှိသေးသည်။

နှစ်ယောက်စလုံး သူတော်စင် ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ကွာဟချက် ဤမျှ ကြီးမားနေရသနည်း။

လျိုထင်ကျန်းလည်း သတိပြန်ဝင်လာပြီးနောက်တစ်ခဏမျှပင် တုံ့ဆိုင်းမနေပဲ ချက်ချင်း လှည့်ထွက်ကာ နတ်လှေကို မောင်းနှင်၍ ဖရိုဖရဲကြယ်ပင်လယ် အစွန်အဖျားသို့ ဦးတည်မောင်းနှင်လိုက်သည်။ ဤအမျိုးသမီးသည် သူတို့ ချန်ဟိုင်ဂိုဏ်း ကိုင်တွယ်ဖြေရှင်းနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပြီ ဖြစ်သည်။

လျိုထင်ကျန်းတို့လူစု ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ မုချင်းလန်က သူမ၏ ဓားကို မြှောက်၍ နောက်ထပ် ဓားချက်တစ်ချက် ထုတ်လွှတ်လိုက်ပြန်သည်။

ရေခဲမီး နတ်နဂါးသိုင်း။

နောက်ကျောဘက်မှ နဂါးဟိန်းသံကို အာရုံခံမိလိုက်သဖြင့် လျိုထင်ကျန်း အလိုအလျောက် လှည့်ကြည့်လိုက်သည်။ ဧရာမ နဂါးနှစ်ကောင်ကို မြင်လိုက်ရသောအခါ သူ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။

သူ မတုံ့ပြန်နိုင်ခင်မှာပင် နဂါးနှစ်ကောင် ပေါင်းစည်းသွားပြီး အဖြူရောင်မီးတောက်များ လောင်ကျွမ်းနေသော နဂါးတစ်ကောင် ဖြစ်သွားသည်။ မကြာမီ အာကသတစ်ခုလုံး ခေတ္တမျှ ငြိမ်သက်သွားပြန်သည်။

နောက်တစ်ခဏတွင် နောက်ထပ် အာကာသ မုန်တိုင်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာသည်။ ချန်ဟိုင်ဂိုဏ်း၏ နတ်လှေ တစ်စင်းလုံးနှင့် ဂိုဏ်းသား ကျင့်ကြံသူအားလုံး မုန်တိုင်းထဲတွင် ဝါးမျိုခံလိုက်ရပြီး ဝိညာဉ်မပြောနှင့် အရိုးအစတစ်ခုပင် ပကတိ အတိုင်း မကျန်ရစ်တော့ပေ။

လုချန်းလည်း သူ့ရှေ့မှ မြင်ကွင်းကြောင့် တုန်လှုပ်သွားသည်။ ဒါက သူတော်စင်အစစ်၏ လှုပ်ရှားမှု ဖြစ်၏။ ဓားတစ်ချက်တည်းဖြင့် အာကာသအလွှာကို ကြေမွသွားစေကာ အာကာသ မုန်တိုင်းကိုပင် ဖြစ်ပေါ်စေနိုင်သည်။

ကြောက်စရာ ကောင်းလိုက်တာ။

ငါ သူတော်စင်အဆင့်ကို ရောက်တဲ့အခါ ဒီလောက် ဖျက်ဆီးအားပြင်းတဲ့ စွမ်းအားကို ပိုင်ဆိုင်နိုင်ပါ့မလား။

…….

ထိုအချိန်တွင်။

ချန်ဟိုင်ဂိုဏ်း၏ လျှို့ဝှက်အခန်း တစ်ခုအတွင်း၌ တရားထိုင်နေသော အကြီးအကဲတစ်ဦး ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သွေးတစ်ပွက် အန်ထုတ်လိုက်သည်။

ကျန်းထျန်းယီ၏ မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

“ဘာဖြစ်သွားတာလဲ...”

“ဘာလို့ ငါ့ကိုယ်ပွားက မှတ်ဉာဏ်တွေ ပြန်မပို့ပဲ အသတ်ခံလိုက်ရတာလဲ”

“ဖရိုဖရဲကြယ်ပင်လယ်ထဲမှာ သူတော်စင်အဆင့် စွမ်းအားရှင် ရှိနေတာကိုး...”

………………..

အခန်း( ၁၂၃၅ )

လုချန်းရန်စခံရခြင်း

ကျန်းထျန်းယီသည် သူ၏ ကျင့်ကြံမှုအဆင့် သူတော်စင်တစ်ပိုင်း အဆင့်သို့ တစ်ခဏချင်း လျော့ကျသွားသည်ကို ခံစားလိုက်ရပြီးနောက် အလွန် စိတ်ဆိုးဒေါသထွက်သွားသည်။

ဖရိုဖရဲကြယ်ပင်လယ် အတွင်းရှိ ဆွမ်ဧကရာဇ်ကို ဖြုတ်ချရန်နှင့် ဧကရာဇ်ဂူသင်္ချိုင်း သို့မဟုတ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ ဂူကို အမြန်ရှာဖွေရန် လွယ်ကူလိမ့်မည်ဟု သူထင်ထားခဲ့သည်။ သို့သော် ဖရိုဖရဲကြယ်ပင်လယ် အတွင်း၌ သူတော်စင်တစ်ပါး ပုန်းအောင်းနေလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထို့ပြင် ထိုသူတော်စင်၏ ခွန်အားသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

သူ၏ကိုယ်ပွားမှ မှတ်ဉာဏ်များ ပြန်မပို့ပဲ သေဆုံးသွားခြင်းက အချက်တစ်ချက်ကိုသာ ဆိုလိုနေသည်။ ဖရိုဖရဲကြယ်ပင်လယ် အတွင်းရှိ သူတော်စင်သည် သူ့ထက်သာလွန်သော အင်းအားကို ပိုင်ဆိုင်ထားခြင်းဟူသော အချက်ပင် ဖြစ်သည်။

ထိုသူတော်စင်က အာကာသ ဟင်းလင်းပြင်ကို ပိတ်လှောင်လိုက်သဖြင့် သူ၏ဝိညာဉ်အာရုံက ဟင်းလင်းပြင် အကာအကွယ်ကို ထိုးဖောက်နိုင်ခြင်း မရှိတော့တာဖြစ်နိုင်သည်။ သို့မဟုတ် သူ၏ဝိညာဉ် လုံးဝ ကြေမွသွားခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုအချက်နှစ်ချက်စလုံးကို လုပ်ဆောင်နိုင်သူသည် အနည်းဆုံး သူတော်စင်အဆင့် ခုနှစ်အထက် ခွန်အားကို ပိုင်ဆိုင်ထားရမည်။

ကျန်းထျန်းယီ၏ မျက်နှာ ဆိုးရွားစွာ တွန့်‌ ခေါက်သွားသည်။ ဖရိုဖရဲကြယ်ပင်လယ် အတွင်း၌ သူတော်စင်အဆင့်ခုနှစ်ရှိ အဆင့်မြင့် ပညာရှင်တစ်ဦး တကယ် ရှိနေတာလား။

ထို့ကြောင့် ဖရိုဖရဲကြယ်ပင်လယ် အတွင်းရှိ ဧကရာဇ်ဂူသင်္ချိုင်းကို အခြားအင်အားစုများ ရှာဖွေတွေ့ရှိပြီး ဖြစ်နိုင်သည်ဟု သူတွေးမိလိုက်သည်။

သို့သော် ပြန်စဉ်းစားကြည့်လျှင် ယခုအချိန်အထိ တော်ဝင်တောင်တန်း ကြယ်နယ်မြေတွင် သူတော်စင်အဆင့်ခုနှစ် ရှိသော အစွမ်းထက် ပုဂ္ဂိုလ် အလွန်နည်းပါးသည်။ သူတော်စင်အဆင့်ခုနှစ်သို့ ရောက်ရှိသော ကျင့်ကြံသူ တစ်ဦးသည် တော်ဝင်တောင်တန်း ဧကရာဇ်လောင်း၏ တိုက်ရိုက် လက်အောက်ခံ အင်အားစုမှ ဖြစ်လိမ့်မည်။

တော်ဝင်တောင်တန်း ဧကရာဇ်လောင်းထံ၌ လက်အောက်ခံ အင်အားစု အမြောက်အမြား ရှိသော်လည်း ဤအင်အားစုများကြားတွင် အတွင်းစည်းနှင့် အပြင်စည်းဟူ၍ ခွဲခြားထားသည်။ ချန်ဟိုင်ဂိုဏ်းသည်လည်း ဧကရာဇ်တစ်ပိုင်း၏ လက်အောက်ခံ အင်အားစု တစ်ခု ဖြစ်သော်လည်း အပြင်စည်း အင်အားစုသာ ဖြစ်ပြီး တော်ဝင်တောင်တန်း ကြယ်နယ်မြေတစ်ခုလုံးတွင် ထင်ရှားသော အင်အားစု မဟုတ်ပေ။

ကျန်းထျန်းယီ မတွေးပဲ မနေနိုင်သည်က တော်ဝင်တောင်တန်းကြယ်နယ်မြေမှ အစွမ်းထက် ပုဂ္ဂိုလ်ကို ဧကရာဇ်လောင်း ကိုယ်တိုင် စေလွှတ်လိုက်ခြင်း ဖြစ်နိုင်ပါသလား ဟူသောအချက်ဖြစ်သည်။ သို့မဟုတ် တော်ဝင်တောင်တန်း ဧကရာဇ် လောင်း၏ အတွင်းစည်း အင်အားစုများက ဧကရာဇ်ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိပြီးနောက် အခြားအင်အားစုများ လာရောက်လုယက်နိုင်ခြင်း မရှိစေရန် ဖရိုဖရဲကြယ်ပင်လယ်တွင် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို အစောင့်အဖြစ် အထူးစီစဉ်ထားခြင်း ဖြစ်နိုင်ပါလား။

သူ ဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် အခွင့်အလမ်းတစ်ခု ရရှိခဲ့သည်ဟု တော်ဝင်တောင်တန်း ဧကရာဇ်လောင်းက လွန်ခဲ့သော နှစ်ပေါင်းတစ်ရာခန့်က ပြောခဲ့ဖူးသည် မဟုတ်ပါလား။ ဧကရာဇ်အဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် အခွင့်အလမ်းဆိုတာက အလွယ်တကူ ရရှိနိုင်သည့်အရာ မဟုတ်ပေ။ ဧကရာဇ်လောင်း၏ အခွင့်အလမ်းသည် ဧကရာဇ်ဂူသင်္ချိုင်းမှ ရရှိခဲ့ခြင်း ဖြစ်နိုင်သည်။

ထိုသို့ တွေးမိသောအခါ ကျန်းထျန်းယီ၏ ပင်မခန္ဓာကိုယ်လည်း ချွေးစေးများ ပြန်လာသည်။ အကယ်၍ ဖရိုဖရဲကြယ်ပင်လယ် အတွင်းရှိ အစွမ်းထက် သူတော်စင်ကို ဧကရာဇ်လောင်း စေလွှတ်ထားတာ ဆိုပါက ပြဿနာ ရှိနိုင်၏။ ချန်ဟိုင်ဂိုဏ်းသည် ဖရိုဖရဲကြယ်ပင်လယ်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဧကရာဇ်ဂူသင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့လျှင်ပင် ဧကရာဇ်ဂူသင်္ချိုင်း သတင်း ပေါက်ကြားမှာကို ကာကွယ်ရန်အတွက် ဧကရာဇ်လောင်း၏ တိုက်ရိုက် လက်အောက်ခံ အင်အားစုများက ချန်ဟိုင်ဂိုဏ်းကို သုတ်သင်ရှင်းလင်းမည့် ဖြစ်နိုင်ခြေ အလွန်များသည်။

ထိုအချိန်တွင် သူမ ပိတ်လှောင်ထား သောကြောင့် ကျန်းထျန်းယီ၏ စိတ်ဝိညာဉ်အာရုံ ဖရိုဖရဲကြယ်ပင်လယ် အပြင်ဘက်သို့ မထွက်နိုင်ပဲ ဖြစ်သွားကာ သူ၏ ပင်မကိုယ်ကို ထိုမျှလောက်အထိ တွေးတောသွားစေလိမ့်မည်ဟု မုချင်းလန်တစ်ယောက် မသိခဲ့ပေ။

…….

ချန်ရန်ကမ္ဘာ၏ အပြင်ဘက်။

ချန်ဟိုင်ဂိုဏ်း၏ ကျင့်ကြံသူ အားလုံးကို မုချင်းလန်က သတ်လိုက်သည်ကို မြင်သောအခါ လုချန်းက မုချင်းလန် ဘေးသို့ တိုက်ရိုက် ပျံသန်းသွားပြီး ပြုံးလိုက်ကာ

“လန့်လိုမျိုး အစွမ်းထက်တဲ့ အစောင့်အရှောက် ရှိနေမှတော့ ကိုယ် စိတ်ချသွားပြီ။”

လုချန်း၏ အသံကို ကြားသောအခါ မုချင်းလန်သည် သူမ၏ လူသတ်အငွေ့အသက်များကို အလျင်အမြန် ပြန်လည်သိမ်းဆည်းလိုက်ပြီး သူတော်စင် ဖိအားကိုလည်း ရုပ်သိမ်းလိုက်သည်။

သူမ၏ ပါးပြင်များ အနည်းငယ် ရဲနေပြီး လုချန်းဘက်သို့ ခေါင်းလှည့်ကာ

“မင်းကြီး ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ထိုအချိန်တွင် လုချန်း၏ အကြည့်က ရှနိုင်ငံတော် သစ္စာဖောက်များ အပေါ်သို့ ကျရောက်သွားသည်။ လုချန်း၏ အကြည့် သူတို့အပေါ် ဝေ့ဝဲသွားသောအခါ သစ္စာဖောက်များလည်း လှေကုန်းပတ်ပေါ်တွင် ချက်ချင်း ဒူးထောက်ကာ အသနားခံကြတော့သည်။

“မင်းကြီး... အသက်ချမ်းသာပေးပါ၊ ကျွန်တော်တို့ ဂိုဏ်းက အတင်းအကျပ် ခိုင်းစေလို့ပါ”

“မင်းကြီး... ကျွန်တော်တို့ မှားမှန်း သိပါပြီ။ နောက်ထပ် အခွင့်အရေး တစ်ခုလောက် ပေးပါ။”

ထိုအချိန်တွင် သစ္စာဖောက်များသည် လုံးဝ ထိတ်လန့်ကြောက်ရွံ့နေကြပြီဖြစ်သည်။ ပြင်ပအင်အားစုများနှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် လုချန်း၏ အုပ်ချုပ်မှုကို အလွယ်တကူ ဖြုတ်ချနိုင်မည်ဟု သူတို့ မှားယွင်းစွာ ထင်မှတ်ခဲ့ကြသည်။ သို့သော် လုချန်းက သူ၏ အင်အားကို ဤမျှ နက်ရှိုင်းစွာ ဖုံးကွယ်ထားပြီး သူ့ဘေးတွင် သူတော်စင်တစ်ပါးပင် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ထိုအမျိုးသမီးသည် ဓားတစ်ချက်တည်းဖြင့် သူတော်စင်တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့သည်။ ယခု သူတို့ ထွက်ပြေးရန် ကြိုးစားလျှင်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ယခု သူတို့၏ အသက်သည် ကောင်းကင်ဧကရာဇ်၏ ကရုဏာအပေါ်တွင် လုံးလုံးလျားလျား တည်မှီနေတော့သည်။

လုချန်းက လျစ်လျူရှုဟန်ဖြင့်

“ရှနိုင်ငံတော်ကို သစ္စာဖောက်တဲ့ အချိန်ကတည်းက တစ်ဖက်က ကျရှုံးသွားရင် ဖြစ်လာမယ့် ရလဒ်ကို ခင်ဗျားတို့ မျှော်လင့်ထားသင့်တယ်။”

ထို့နောက် သူက မုချင်းလန်အား

“အကုန် သတ်ပစ်လိုက်”

လုချန်း စကားဆုံးသည်နှင့် မုချင်းလန် သူမ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။ နောက်တစ်ခဏတွင် ထိုသစ္စာဖောက်များနှင့် သူတို့ နေနေသောလှေအပါအဝင် အရာအားလုံးသည် သေးငယ်သော အမှုန်အမွှားများ အဖြစ် ပြောင်းလဲသွားပြီး အာကာသ ဟင်းလင်းပြင်ထဲသို့ လွင့်ပါးပျောက်ကွယ်သွားသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နဂါးတပ် အတွင်းရှိ ဂိုဏ်းသားများ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ သူတို့သည် နတ်လှေ ကုန်းပတ်ပေါ်တွင် ရပ်နေရင်း ခန္ဓာကိုယ်များ ထိန်းချုပ်မရအောင် တုန်ယင်နေကြသည်။

ရှနိုင်ငံတော် နဂါးတပ်အတွင်းသို့ မဝင်ရောက်မီ သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းများက ကိစ္စရပ်အချို့ကို အကျဉ်းချုံး ရှင်းပြခဲ့ပြီး တာဝန်အချို့ ပေးအပ်ခဲ့သည်။

သူတော်စင်အဆင့် ရန်သူအင်အားစုများ ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် ရှနိုင်ငံတော် ပျက်စီးတော့မည် ဖြစ်ပြီး မကြာမီ သူတို့၏ လွတ်လပ်မှု ပြန်လည်ရရှိကာ ဆန္ဒရှိသည့်အတိုင်း လုပ်နိုင်တော့မည်ဟု အစပိုင်းတွင် သူတို့ ထင်မှတ်ခဲ့ကြသည်။

သို့သော် ကောင်းကင်ဧကရာဇ်သည် ဘေးကင်းရုံသာမက ကျူးကျော်လာသော သူတော်စင်အဆင့် စွမ်းအားရှင်ပင် ကောင်းကင်ဧကရာဇ် ဘေးရှိ သူတော်စင်၏ ဓားတစ်ချက်တည်းဖြင့် ရှင်းလင်းခြင်း ခံလိုက်ရသည်။

ကောင်းကင်ဧကရာဇ် ဘေးတွင် ဤမျှ အစွမ်းထက်သော သူတော်စင် ရှိနေပါက မည်သူက ကောင်းကင်ဧကရာဇ်ကို သတ်နိုင်ပါဦးမည်နည်း။

အကယ်၍ သူတို့ ပုန်ကန်ရန် ကြိုးစားလျှင် သို့မဟုတ် အခြားသော ရည်ရွယ်ချက်များ ရှိခဲ့လျှင် သူတို့၏ နိဂုံးသည်လည်း ချန်ဟိုင်ဂိုဏ်းနှင့် ဆက်သွယ်ခဲ့သော ရှနိုင်ငံတော် သစ္စာဖောက်များကဲ့သို့ ဖြစ်သွားမှာကို ကြောက်ရွံ့နေကြတော့သည်။

ယခု ကောင်းကင်ဧကရာဇ်သည် မျောက်များကို ခြိမ်းခြောက်ရန် ကြက်ကို သတ်ပြနေခြင်းဖြစ်ကြောင်း ရှင်းနေသည်။

တစ်ခဏအတွင်း နဂါးတပ် အတွင်းရှိ ဂိုဏ်းသားများ၏ သစ္စာရှိမှု လျင်မြန်စွာ မြင့်တက်လာသည်။ သူတို့၏ ဂိုဏ်းများက ပေးအပ်ထားသော တာဝန်များကို ဂရုမစိုက်နိုင်တော့ပေ။

သစ္စာဖောက်များကို ရှင်းလင်းပြီးနောက် လုချန်းက နဂါးတပ်မှ စစ်သည်များဘက် လှည့်ကာ

“ပြင်ပကျူး‌ကျော်မှုကို ယာယီ ဖြေရှင်းပြီသွားပြီဆိုတော့ ကျွန်တော်တို့ ပြန်သင့်ပြီ။”

လုချန်း စကားမဆုံးခင်မှာပင် နဂါးတပ် အတွင်းရှိ ဂိုဏ်းသားအများအပြား ချက်ချင်း ဒူးထောက်လိုက်ကြသည်။

“မင်းကြီး... အသက်ချမ်းသာပေးပါ၊ ကျွန်တော်တို့ကို ဂိုဏ်းက အတင်းအကျပ် ခိုင်းစေတာပါ။ မင်းကြီးကို သစ္စာဖောက်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး!!!”

“နဂါးတပ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ဘာတစ်ခုမှ ဂိုဏ်းကို မပေါက်ကြားစေခဲ့ပါဘူး။”

“ကျွန်တော် ဂိုဏ်းကနေ ထွက်ပြီး မင်းကြီးကို အသက်ပေး အကျိုးဆောင်ပါမယ်လို့ ကျိန်ဆိုပါတယ်။”

လုချန်းက သူတို့ကို ဆက်လက် ဖြေရှင်းတော့မည်ဟု ထင်မှတ်ကာ ဂိုဏ်းသားများသည် ပြတ်သားစွာ ဒူးထောက်လိုက်ကြပြီး သူတို့၏ ဂိုဏ်းများက ပေးအပ်ထားသော တာဝန်များကို ဖွင့်ချလိုက်ကြသည်။

ဂိုဏ်းသားများ၏ ပြတ်သားမှုကို မြင်သောအခါ လုချန်း ဖျော့တော့စွာ ပြုံးလိုက်သည်။ ဤနည်းဗျူဟာက တကယ် ထိရောက်ပုံရသည်။ ဤပုစွန်ဆိတ်လေးများကို ဒုက္ခပေးရန် သူ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပေ။ သူ့ပစ်မှတ်က ဤပုစွန်ဆိတ်လေးများ၏ နောက်ကွယ်ရှိ ဂိုဏ်းအင်အားစုများသာ ဖြစ်သည်။

ထို့နောက် လုချန်းက

“ခင်ဗျား တို့အားလုံးက ရှနိုင်ငံတော်ရဲ့ လက်အောက်ခံတွေဆိုတော့ နောက်ထပ် အခွင့်အရေး တစ်ခု ပေးမယ်။ အရင်က ခင်ဗျားတို့ ဘာပဲလုပ်ခဲ့လုပ်ခဲ့ ကျွန်တော် ဆက်ပြီး အရေးမယူတော့ဘူး။ ဒါပေမဲ့ နောင်အနာဂတ်မှာ ပြင်ပနယ်မြေ အင်အားစုတွေနဲ့ ပူးပေါင်းကြံစည်ပြီး သူတို့ကို ဖရိုဖရဲကြယ်ပင်လယ်ထဲ ခေါ်သွင်းလာမယ့်သူ ရှိရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ ခင်ဗျားတို့ ကောင်းကောင်း သိမှာပါ။”

စကားဆုံးသည်နှင့် လုချန်း ပျောက်ကွယ်သွားသည်။

လက်တွေ့ဘဝသို့ ပြန်ရောက်လာသောအခါ နဂါးတပ်မှ စစ်သည်များ လျင်မြန်စွာနှုတ်ဆက်လိုက်ကြသည်။

“ကောင်းကင်ဧကရာဇ်ကို နှုတ်ဆက်ပါတယ်”

ချန်ရန်ကမ္ဘာသို့ ပြန်ရောက်ပြီးနောက် တည်နေရာရွှေ့ပြောင်း ဂိတ်တံခါးဝသို့ လုချန်း ရောက်ရှိလာသည်။ မုချင်းလန်လည်း မကြာမီ သူ့နောက်တွင် ပေါ်လာပြီး

“မင်းကြီး... ထျန်းချန်ကမ္ဘာကို ပြန်ဖို့ စီစဉ်နေတာလား။”

လုချန်းက

“ဟုတ်တယ်... ချန်ဟိုင်ဂိုဏ်းက ဒီလောက်မြန်မြန် လူထပ်လွှတ်မှာ မဟုတ်လောက်ဘူး။ ကိုယ်အဆင့်တက်ဖို့ ကြိုးစားဖို့ရမယ်။ ဒါ့ကြောင့် ထျန်းချန်ကမ္ဘာကို ပြန်ရမယ်”

ယနေ့ဖြစ်ရပ်က လုချန်းကို လှုံ့ဆော်မှုတစ်ခု ဖြစ်စေခဲ့သည်။ သူ၏ ရှန်ဟွေချပ်ဝတ်၏ ကန့်သတ်ချက်ကိုလည်း သဘောပေါက်သွားစေသည်။ သူသည် သူတော်စင်အစစ် ဖြစ်ရန် များစွာ လိုသေးသည်။

သူတော်စင်အဆင့်နှစ် ကျင့်ကြံသူ တစ်ဦးနှင့် ရင်ဆိုင်လျှင်ပင် သူ့အတွက် အလွန် ခက်ခဲနေဆဲ ဖြစ်သည်။ နောက်တစ်ကြိမ် ပိုအစွမ်းထက်သော သူတော်စင် ပေါ်လာပါက သူတို့၌ ခုခံနိုင်စွမ်း လုံးဝ ရှိတော့မည် မဟုတ်ပေ။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း ရှိစေရန် သူတော်စင်အဆင့်သို့ အမြန်ဆုံး ချိုးဖျက်ဝင်ရောက်လိုနေသည်။

……………..

အခန်း (၁၂၃၆ )

သတင်းကောင်းတစ်ခု

လုချန်း၏ ပြောစကားကို ကြားသောအခါ မုချင်းလန် အထူး ကျေနပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် လုချန်းသည် တွန်းအားတစ်ခုခု ရသွားပြီး ပိုမိုသန်မာလာရန် စိတ်အားထက်သန်နေသည်ကို သူမ သိလိုက်ရသောကြောင့် ဖြစ်သည်။

လုချန်း သူ့ဇနီးမယားများနှင့် စုံတွဲကျင့်ကြံခြင်းကို သူမ မကန့်ကွက်တော့သော်လည်း စုံတွဲကျင့်ကြံခြင်း၏ အရှိန်အဟုန်သည် လုချန်း အာရုံစိုက်မှုအားလုံးကို ရယူထားပြီး တစ်ကိုယ်တော်ကျင့်ကြံခြင်းကို မယှဉ်နိုင်ကြောင်း သူမ စိတ်ထဲတွင် ခံစားနေရဆဲ ဖြစ်သည်။

မည်သို့ပင်ဆိုစေ စုံတွဲကျင့်ကြံခြင်းသည် လူနှစ်ဦး၏ ကိစ္စဖြစ်ပြီး ညှိနှိုင်းဆောင်ရွက်မှု အတိုင်းအတာတစ်ခု လိုအပ်ပြီး ကျင့်ကြံနေစဉ်အတွင်း အာရုံစိုက်ထားရန် ခက်ခဲစေသည်။ တစ်ကိုယ်တော် တံခါးပိတ်ကျင့်ကြံခြင်းကမူ ပြင်ပ အနှောင့်အယှက်များကို လျှော့ချပေးပြီး ကျင့်ကြံခြင်းနှင့် အဆင့်ချိုးဖျက်ဝင်ရောက်ခြင်းအတွက် တည်ငြိမ်မှုရစေရန် ပို၍လွယ်ကူစေသည်။

သူနှင့် သူတော်စင်များကြားရှိ အင်အားကွာခြားချက်ကို လုချန်းတစ်ယောက် ရှင်းလင်းစွာ နားလည်သဘောပေါက်သွားပါက စုံတွဲကျင့်ကြံခြင်းအပေါ် အာရုံစိုက်တော့မည်မဟုတ်ပဲ ပိုမိုအားကြီးလာရန်သာ အာရုံစိုက်လာလိမ့်မည်ဟု မုချင်းလန် တွေးမိလိုက်သည်။ ထိုအခါ နှစ်များစွာ မကြာခင်မှာပင် သူ၏နဂိုအင်အားကို ပြန်လည်ရရှိပြီးမှတ်ဉာဏ်များကိုလည်း ပြန်လည်ရရှိနိုင်လောက်သည်။

မုချင်းလန် အတွေးလွန်နေစဉ် လုချန်းက တည်နေရာရွှေ့ပြောင်းပုံစံ ဝင်ပေါက်ဆီသို့ လျှောက်သွားပြီး

“ကဲ... သွားကြစို့”

မုချင်းလန်လည်း ချက်ချင်း သတိပြန်ဝင်လာပြီး သူ့နောက်သို့ လိုက်ပါသွားတော့သည်။

မကြာမီ သူတို့နှစ်ဦး ထျန်းချန်ကမ္ဘာသို့ ပြန်ရောက်လာကြသည်။ ထျန်းချန်ကမ္ဘာသို့ ပြန်ရောက်သောအခါ လုချန်းက ချက်ချင်း စတင်ကျင့်ကြံခြင်းမပြုပဲ ကျင့်ကြံသူများ အစည်းအဝေးကို ထပ်မံခေါ်ယူလိုက်သည်။

ဤအချိန်တွင် ရှနိုင်ငံတော်ရှိ လူအများစုသည် ချန်ရန်ကမ္ဘာအနီးတွင် ဖြစ်ပျက်ခဲ့သည်များကို မသိကြသေးပေ။ လုချန်း နောက်ထပ် ကျင့်ကြံသူများ အစည်းအဝေးကို အဘယ်ကြောင့် ဒီလောက်မြန်မြန် ခေါ်ယူကြောင်း ဂိုဏ်းအင်အားစုကြီးများအားလုံး နားမလည်နိုင် ဖြစ်နေကြသည်။

ပြင်ပနယ်မြေ အင်အားစုကို မယှဉ်နိုင်ဟု ဆွမ်ဧကရာဇ် ခံစားရပြီး ထွက်ပြေးရန် စီစဉ်နေခြင်း ဖြစ်နိုင်မလား။

ဤဖြစ်နိုင်ခြေကို ဂိုဏ်းအင်အားစုအသီးသီးက တွေးမိသောအခါ သူတို့ ပို၍လှုပ်ရှားတက်ကြွလာကြသည်။ လုချန်းသာ တကယ် ထွက်ပြေးမည်ဆိုလျှင် သူတို့၏ အနာဂတ် ခြေလှမ်းများကိုလည်း စဉ်းစားရမည့် အချိန် ရောက်လာပြီဖြစ်သည်။ ရက်အနည်းငယ် ကြာပြီးနောက် ဂိုဏ်းအင်အားစုအသီးသီးမှ အဆင့်မြင့်အဖွဲ့ဝင်များသည် နဂါးနက်မြို့တော်ခန်းမ၌ ထပ်မံ စုဝေးရောက်ရှိလာကြသည်။

ခန်းမအတွင်း၌ အလွန်တိတ်ဆိတ်နေပြီး လူများသည် ထိုင်ခုံများပေါ်တွင် တိတ်ဆိတ်စွာ ထိုင်ကာ နဂါးပလ္လင်ပေါ်ရှိ လုချန်းကို ကြည့်နေကြသည်။

ခဏကြာပြီးနောက် လုချန်းက စကားစပြောလိုက်သည်။

“ဒီနေ့ လူတိုင်းကို ပြောပြစရာ သတင်းကောင်း ရှိပါတယ်... ပြင်ပကျူး‌ ကျော်မှုကို ယာယီ ဖြေရှင်းလိုက်ပါပြီ... အဲဒီ ပြင်ပနယ်မြေ အင်အားစုက စေလွှတ်လိုက်တဲ့ သူတော်စင် ကိုယ်ပွားကို ကျွန်တော့်ရဲ့ အစောင့်အရှောက်က သုတ်သင်လိုက်ပါပြီ။”

ထိုစကားကို ကြားသောအခါ ခန်းမကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ ဘက်ပြောင်းရန် စိတ်ကူးရှိသော ကျင့်ကြံသူများသည် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လုချန်းကို ကြောင်အမ်းအမ်း ကြည့်နေမိကြသည်။

အစောင့်အရှောက်... ဟုတ်လား။

ဆွမ်ဧကရာဇ်ရဲ့ ဘေးနားမှာ အစောင့်အရှောက်တစ်ယောက် ဘယ်တုန်းက ပေါ်လာတာလဲ...

ကျင့်ကြံသူ အတော်များများသည် မုချင်းလန် ရှိနေသည့်အကြောင်း မသိကြပေ။ သိလျှင်လည်း မုချင်းလန်ကို လုချန်း၏ ဇနီးမယားများထဲမှ တစ်ဦးဟုသာ သဘောထားကြမည်ဖြစ်သည်။ မုချင်းလန် သူတော်စင်တစ်ပါးဖြစ်ကြောင်း အများစု သိနိုင်ကြမည် မဟုတ်ပေ။

သို့သော် ယခု လုချန်းဘေးတွင် သူတော်စင်များ ရှိနေကြောင်း လူများ အကြမ်းဖျင်း ခန့်မှန်းမိလိုက်ကြသည်။ သူတော်စင်တစ်ပါးမှလွဲ၍ မည်သူက သူတော်စင် ကိုယ်ပွားတစ်ခုကို သတ်ဖြတ်နိုင်မည်နည်း။

ဧကရာဇ်လောင်း သို့မဟုတ် မဟာဧကရာဇ်တော့ မဟုတ်လောက်ဘူးမလား။

လုချန်း၏ အမြဲတမ်း တည်ငြိမ်သော အမူအရာကို စဉ်းစားမိလိုက်ရင်း လူတိုင်း ရုတ်တရက် သဘောပေါက်သွားကြသည်။ ဆွမ်ဧကရာဇ်က တုန်လှုပ်မှု ဘယ်တုန်းကမှ မပြသခဲ့တာ အံ့ဩစရာ မဟုတ်တော့ပေ။ သူ့ဘေးနားမှာ သူတော်စင်အဆင့် အစောင့်အရှောက်တစ်ဦး ရှိနေ၍ဖြစ်၏။

ထိုသို့ တွေးမိလိုက်သောအခါ ဂိုဏ်းခေါင်းဆောင်အချို့၏ မျက်နှာများ အလွန်ဆိုးဝါးသွားကြသည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်းလည်း သူတို့ အာရုံခံမိလိုက်ကြသည်။

ဆွမ်ဧကရာဇ်ရဲ့ အစောင့်အရှောက်က ဒီအကျပ်အတည်းကို ဖြေရှင်းလိုက်ပြီဆိုတော့ သူတို့ရဲ့ လျှို့ဝှက်အကြံအစည်‌များ ပေါ်ပေါက်သွားပြီဟု ဆိုလိုနေသည် မဟုတ်ပါလား။

မကြာမီ ခန်းမထဲရှိ လူအချို့သည် မီးဖိုထဲရောက်နေသကဲ့သို့ မွန်းကြပ်လာကြပြီး ကြောက်စိတ်၏ လေးလံမှုကို ခံစားလာရကာ ချွေးစေးများ ပြန်လာကြသည်။

ထို့နောက် လုချန်းက ဆက်လက်၍

“ဒီအကျပ်အတည်းက ကိစ္စ တော်တော်များများကို လှစ်ပြလိုက်တယ်။ ရန်သူတွေ ဖရိုဖရဲ ကြယ်ပင်လယ်ထဲ မဝင်ရောက်နိုင်ခင်မှာပဲ ဂိုဏ်းအင်အားစု အတော်များများက အဲဒီ ပြင်ပနယ်မြေ အင်အားစုနဲ့ ဆက်သွယ်ဖို့ လူလွှတ်ခဲ့ကြတယ်။ ရှနိုင်ငံတော်ကို ကျူးကျော်ဖို့ သူတို့ကို လမ်းပြခဲ့ကြတယ်။ ရှနိုင်ငံတော်ရဲ့ အတွင်းရေး သတင်းအချက်အလက်တွေကို သူတို့ကို ပြောပြတဲ့အထိတောင် လုပ်ခဲ့ကြတယ်။”

ထိုအရာကို ကြားသောအခါ စိုးရိမ်ပူပန်နေသော ဂိုဏ်းများ၏ အဆင့်မြင့်အဖွဲ့ဝင် အချို့ မတည်မငြိမ် ဖြစ်လာကြတော့သည်။ အထူးသဖြင့် လေထိန်းချုပ်ဂိုဏ်းမှ ရှုဉာဏ်ရှောင်ဖြစ်သည်။ ပြင်ပနယ်မြေ အင်အားစုထံမှ မျက်နှာရစေရန်အတွက် သူသည် ဂိုဏ်းသားအတော်များများကို ချန်ရန်ကမ္ဘာသို့ စေလွှတ်ခဲ့ပြီး သူတို့အတွက် နတ်လှေတစ်စင်းပင် စီစဉ်ပေးခဲ့သည်။ ယခုအခါ ပြင်ပနယ်မြေ အင်အားစု ရှုံးနိမ့်သွားပြီဖြစ်ရာ ပြင်ပနယ်မြေ အင်အားစုများနှင့် ဆက်သွယ်ရန် သူစေလွှတ်လိုက်သော ကျင့်ကြံသူများကို ကောင်းကင်ဧကရာဇ် တွေ့ရှိသွားလောက်ပြီ ဖြစ်သည်။

သူ ထိုင်ပြီး သေမည့်အရေးကို မစောင့်ဆိုင်းနိုင်ပေ။ ချက်ချင်း ထွက်ခွာမှ ဖြစ်မည်။ ကံကောင်းထောက်မစွာဖြင့် သူသည် မကြာသေးမီက ကိုယ်ပွားတစ်ခု ဖန်တီးထားခဲ့ပြီး ယခု ကျင့်ကြံသူများ အစည်းအဝေးသို့ တက်ရောက်နေသူမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။

ထိုသို့ တွေးမိပြီး ဖရိုဖရဲ ကြယ်ပင်လယ်မှ အမြန်ဆုံး ထွက်ပြေးရန် စိတ်အာရုံကို အသုံးပြု၍ သူ၏ ကိုယ်ခန္ဓာအစစ်ကို သတင်းပို့လိုက်သည်။ သို့သော် သူ့စိတ်အာရုံသည် သူ၏ကိုယ်ခန္ဓာအစစ်နှင့် ဆက်သွယ်၍ မရနိုင်ကြောင်း သူ အလျင်အမြန် သဘောပေါက်လိုက်သည်။

ရှုဉာဏ်ရှောင် ချက်ချင်း မှင်တက်သွားသည်။

ဘာဖြစ်တာလဲ။

သူ့ကိုယ်ခန္ဓာအစစ်ကို ဘာကြောင့် အာရုံမခံနိုင်တာလဲ။

ရှုဉာဏ်ရှောင် ထိတ်လန့်မှုမှ ပြန်မသက်သာခင်မှာပင် ကျင့်ကြံသူတစ်ဦး သူ့နောက်မှ ရုတ်တရက် ခုန်ထွက်သွားသည်ကို မြင်လိုက်ရသည်။ ထိုကျင့်ကြံသူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အစည်းအဝေးခန်းမမှ ထွက်ပြေးသွားသည်။ အခြားသူများလည်း သူတို့၏ စိတ်အာရုံဖြင့် ကိုယ်ခန္ဓာအစစ်များနှင့် ဆက်သွယ်မရတော့သည်ကို တွေ့ရှိသွားကြပြီဖြစ်ကြောင်း ထင်ရှားနေသည်။

ကိုယ်ခန္ဓာအစစ်များ အဆင်ပြေနေပြီး ကိုယ်ပွားများက အာရုံမခံနိုင်ခြင်းသည် အနီးနားရှိ ဟင်းလင်းပြင်ကို ပိတ်ဆို့ထားခြင်းဖြစ်ကြောင်း သက်သေပြနေသည်။ ကောင်းကင်ဧကရာဇ်၏ အစောင့်အရှောက်မှာ သူတော်စင်အဆင့်ဟူသည့် အချက်ကို ထည့်ပေါင်းလိုက်လျှင် သူတို့၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်သလို ဖြစ်နေသည်။ ယခု တစ်ခုတည်းသော နည်းလမ်းမှာ ဟင်းလင်းပြင် ပိတ်ဆို့မှုကို ဖောက်ထွက်ပြီး သတင်းဖြန့်ဝေရန်ဖြစ်သည်။

ကျင့်ကြံသူတစ်ဦး ဖောက်ထွက်သွားသည်နှင့် ဒုတိယတစ်ဦး ထို့နောက် တတိယတစ်ဦး စသဖြင့် လိုက်ပါသွားကြသည်။

ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် အစည်းအဝေးခန်းမမှ ပြေးထွက်သွားကြသည်ကို မြင်သောအခါ ရှုဉာဏ်ရှောင်လည်း သတိဝင်လာသည်။ ဟင်းလင်းပြင် ပိတ်ဆို့ခံထားရသောကြောင့် ဖြစ်မည်ဟု သူ တွေးလိုက်သည်။ ကျင့်ကြံသူ များ အတူတကွ ဖောက်ထွက်ကြလျှင် သူတော်စင်၏ ဟင်းလင်းပြင် ပိတ်ဆို့မှုကို ချိုးဖျက်နိုင်ပြီး သတင်းပို့နိုင်မည့် အခွင့်အရေး ရှိကောင်းရှိနိုင်သည်။

ထိုသို့ တွေးမိပြီး ရှုဉာဏ်ရှောင်လည်း တုံ့ဆိုင်းမနေတော့ပဲ ကျန်းယီတုန်းထံ ချက်ချင်း သတင်းပို့လိုက်သည်။

“ညီလေး... သွားကြစို့”

သတင်းပို့ပြီးနောက် ရှုဉာဏ်ရှောင်လည်း အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အပြင်ဘက်ရှိ မိုးကုတ်စက်ဝိုင်းဆီသို့ ပျံသန်းသွားတော့သည်။ ခဏအကြာတွင် အဝေးတစ်နေရာရှိ တစ်စုံတစ်ခုကို တိုက်ခိုက်နေသော အလင်းတန်း ဒါဇင်ပေါင်းများစွာကို နဂါးနက်မြို့တော်မှ ကျင့်ကြံသူများ မြင်တွေ့လိုက်ရသည်။

ဤကျင့်ကြံသူများ ထွက်ပြေးမှုက အစည်းအဝေးခန်းမ တစ်ခုလုံးကို ဖရိုဖရဲ ဖြစ်စေခဲ့ပြီး တစ်ခဏချင်း ဆူညံပွက်လောရိုက်သွားစေခဲ့သည်။

ခဏအကြာတွင် အစည်းအဝေးခန်းမကို လုချန်း ကြည့်လိုက်ရာ ထွက်ပြေးမည့်သူအားလုံး ထွက်ပြေးသွားကြပြီ ဖြစ်ကြောင်း သတိပြုမိလိုက်သည်။ ထို့နောက် သူ မတ်တတ်ထရပ်လိုက်ကာ အလင်းအရိပ်ဖြင့် အစည်းအဝေးခန်းမ ဝင်ပေါက်တွင် ပိတ်ရပ်လိုက်သည်။

အစည်းအဝေးခန်းမ ဝင်ပေါက်တွင် လုချန်း ပေါ်လာသည်ကို မြင်သောအခါ အတွင်းရှိ ကျင့်ကြံသူများ ချက်ချင်း တိတ်ဆိတ်သွားကြသည်။ ထို့နောက် လုချန်းက ခပ်အေးအေးလေသံဖြင့်

“သွားကြစို့... ပွဲကြည့်ဖို့ အချိန်ရောက်ပြီ”

လုချန်း၏ စကားကို ကြားသောအခါ ရှိနေသော ကျင့်ကြံသူများ အလွန်ကျဉ်းကြပ်သွားကြသည်။ လုချန်း လုပ်တော့မည့် အရာကိုလည်း သူတို့ ခန့်မှန်းမိလိုက်ကြသည်။ ကြက်ကိုသတ်ပြပြီး မျောက်ကို ခြိမ်းခြောက်ခြင်း နည်းဗျူဟာဖြစ်သည်။ တစ်ယောက်ကို အပြစ်ပေးပြပြီး ကျန်လူတွေကို ကြောက်လန့်အောင် သူ ရည်ရွယ်ထားပုံရသည်။

ကျန်ရှိနေသောသူများအနက် မည်သူမှ ရှနိုင်ငံတော်ကို လက်တွေ့အားဖြင့် သစ္စာမဖောက်ခဲ့ကြသော်လည်း အများစုမှာ သစ္စာဖောက်ရန် စိတ်ကူးရှိခဲ့ကြသည်။ ကြောင်ရွံ့ထိတ်လန့်မှုသည် အစည်းအဝေးခန်းမထဲရှိ ကျင့်ကြံသူများကြား ခဏခန့် ပျံ့နှံ့သွားသော်လည်း နောက်ဆုံးတွင် ခန်းမအပြင်ထွက်၍ လုချန်းနောက်သို့ လိုက်ပါသွားကြတော့သည်။

All Chapters