← Chapters

အင်အားကြီး လေးရပ် တာအိုဖလှယ်ခြင်းညီလာခံ

Vol. 13 Ch. 181

အင်အားကြီး လေးရပ် တာအိုဖလှယ်ခြင်းညီလာခံ

Vol. 13 Ch. 181

အန်လင်းသည် အင်မော်တယ်မန္တန်တစ်ခုအား အောင်မြင်စွာ ဖန်တီးလိုက်နိုင်ပြီ ဖြစ်သည်။ ယင်းအား နျူလျှပ်လက်သီးဟု နာမည်ပေးလိုက်လေသည်။

ယင်းအင်မော်တယ်မန္တန်၏စွမ်းအားမှာ ဖျက်ဆီးခြေမှုန်းခြင်း ဖြစ်သည်။ သို့သော်လည်း အားနည်းချက်များ ရှိနေဆဲဖြစ်သည်။

မိမိကိုယ်ကိုယ် သတ်ပစ်လိုက်နိုင်ခြင်းမျိုး ဖြစ်သည်။

အဟမ်း..။ နျူလျှပ်လက်သီးအား ကျေးဇူးတင်ရမည်ပင်။ လဝက်ခန့် အိပ်ရာထဲတွင် အတွင်းလူနာအဖြစ် အနားယူရမည် ဖြစ်သည်။ သူ၏ အမြဲစိမ်းနည်းစနစ်ကြောင့်သာ မဟုတ်ခဲ့လျှင် သူ့အနေဖြင့် ပန်းမွေ့ရာပေါ်တွင် အိပ်စက်နေရပြီ ဖြစ်သည်။

ထိုစဉ်အချိန်တွင် မှိုတိမ်မြူခိုး၌ ပါဝင်သည့် စွမ်းအားသည် လွန်စွာကြီးမားသည်ကြောင့် သူ၏ အတန်းဖော်များ၏ အထင်ကြီးလေးစားခြင်းကို ရယူလိုက်နိုင်သည်။ သူတို့အားလုံးသည် အင်မော်တယ်မန္တန်တစ်ခုအား အသက်နှင့်ရင်းကာ ဖန်တီးခဲ့သည် အန်လင်းကို အလွန်အမင်း လေးစားကြလေသည်။

အန်လင်း၏ အောင်မြင်မှုသည် မြေကမ္ဘာအင်မော်တယ် ချန်းချင်၏ သင်ခန်းစာများတွင် ထည့်သွင်းသင်ကြားပေးခြင်း ခံရလေသည်။ ဂန္ထဝင်ဥပမာတစ်ရပ်အနေဖြင့် ဤကဲ့သို့ လိုက်မလုပ်စေရန်ဖြစ်သည်။ ကောင်းကင်ဘုံပိုင်နက်တစ်ဝန်းတွင်ပင် လူသိများထင်ရှားသွားလေသည်။

အန်လင်းသည် စုရှောင်လန်ထံမှ ထိုကဲ့သို့သော အောင်မြင်မှုအထွေထွေကို သိရှိလိုက်ရသည်။

သူမသည် အန်လင်း၏အနီးတွင် ရပ်နေခဲ့သည်ကြောင့် နျူလျှပ်လက်သီးထံမှ ဒဏ်ရာအသေးစားများ ရရှိလိုက်လေသည်။

ထို့နောက်တွင် သူမသည် နက်မှောင်လောင်ကျွမ်းနေသည့် အန်လင်း၏ ရုပ်ပုံများကို ရိုက်ယူထားလေသည်။ သူမသည်  ထိုပုံများကို ပရင့်ထုတ်ကာဖြင့် အန်လင်း၏ အိပ်ရာဘေးတွင် ဘောင်ဖြင့်ထည့်သွင်းကာ တင်ထားလေသည်။ သူမ၏ ရည်ရွယ်ချက်မှာ ထင်ရှားလွန်းလှသည်။

အန်လင်းနိုးထလာသည့် အချိန်တိုင်းတွင် ထိုမည်းနက်နေသည့် မမှတ်မိချင်စရာ ရုပ်ပုံအား မြင်ရသည့်အခါ အတွေးထဲသို့ နစ်မျောသွားပေလိမ့်မည်။

သူဖန်တီးထားသည့် အင်မော်တယ်မန္တန်အား အသုံးပြုလိုက်သည့် အကြိမ်တိုင်းတွင် ပေါက်ကွဲမှုထဲသို့ ပါသွားလိမ့်မည် မဟုတ်ဟု ခံစားမိနေသည်။ သို့သော်လည်း အိပ်ရာဘေးရှိ ရုပ်ပုံကို ကြည့်လိုက်သည့် အခါတိုင်းတွင် ယင်းအား စမ်းသပ်အသုံးပြုရန်ပင် သတ္တိခွန်အား မရှိတော့ချေ။

အနားယူနေသည့် နှစ်ပတ်တာ ကာလအတွင်း၌ အချို့သော သူငယ်ချင်းများ သတင်းမေးလာရောက်ကြသည့်အပြင် ယောင်မင်စီနှင့် ယောင်ရှုတို့သည်လည်း သူ၏ခြံဝင်းအတွင်း၌ လာရောက်၍ သီဆိုကခုန်ကြလေသည်။ နေသာသည့် နေ့လယ်ခင်းတစ်ခုတွင် အန်လင်းသည် ဆေးကုသဆောင်မှ မျက်ရည်များ ရစ်ဝဲကာဖြင့် ထွက်လာခဲ့သည်။

“ဖွီး... ငါအသက်ရှင်ပြီကွ” အန်လင်းသည် လက်နှစ်ဖက်အားဆန့်ကာဖြင့် အော်လိုက်လေသည်။

“ဂုဏ်ယူပါတယ် သခင်ရေ။ အခုတော့ သေခြင်းတရားကို ဆက်လက်ရှာဖွေနိုင်ပါပြီ” သူ၏ အိတ်ကပ်အတွင်းမှ အသံချိုချိုလေး ထွက်ပေါ်လာသည်။

ထိုစကားကို ကြားသည့်အခါ အန်လင်းမှာ ရှုံ့မဲ့ကာဖြင့် ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။

အချိန်တစ်ခုကြာ နေရောင်ခြည်စုပ်ယူပြီးသည့်နောက်တွင် ရှောင်းဟုန် နိုးထလာခဲ့လေပြီ။

နျူလျှပ်လက်သီးအား အသုံးပြုစဉ်တွင် သူမအား ဘေးဖယ်ထားရင် မေ့လျော့ခဲ့သည်။ ထို့ကြောင့် သူမသည်လည်း သခင်ဖြစ်သူနှင့်အတူ ပေါက်ကွဲမှုများအား ခံစားလိုက်ရလေသည်။

ရှောင်းဟုန်၏ သူမသခင်အပေါ် ထားရှိသော နာကြည်းမှုသည် စကားလုံးအနည်းငယ်မျှဖြင့် ရှင်းပြလို့မရနိုင်ချေ။ သူမ၏ လှောင်ပြောင်မှုနှင့် ရင်ဆိုင်ရသည့်အခါ အန်လင်းမှာ မည်သည့်စကားမျှ မဆိုရဲချေ။ နေမင်း၏ နာမတော်အား အသုံးပြုကာဖြင့် သူမ၏ဒေါသ ပေါက်ကွဲထွက်လာမည်ကို ကြောက်ရွံ့လှပေသည်။

တစ်ချိန်တည်းမှာပင် ကျောင်းတော်၌ အစည်းအဝေး ပြုလုပ်ကျင်းပနေလေသည်။

ဒု-ကျောင်းအုပ် ယူဟွာသည် စားပွဲဝိုင်းတစ်ခုတွင် ထိုင်လျက်ရှိသည်။ သူနှင့်အတူ အစည်းအဝေး ပြုလုပ်နေသည်မှာ ကျောင်းတော်၏ အဆင့်မြင့်အရာရှိ ခြောက်ဦးဖြစ်လေသည်။

“အင်အားကြီး လေးရပ် တာအိုဖလှယ်ခြင်း ညီလာခံအတွက် ကောင်းကင်ဘုံပိုင်နက်ရဲ့ ကိုယ်စားပြု ကျောင်းသားတွေကို မဲစနစ်နဲ့ ရွေးချယ်မယ်ဆိုရင်ကော မင်းတို့ဘယ်လိုထင်လဲ” ယူဟွာ မေးလိုက်သည်။

“ဟွန့် လုံးဝကို ပြက်လုံးတစ်ခုပဲ။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်ပဲ ရှိသေးတဲ့ အန်လင်းက မဲအများဆုံး ရလိမ့်မယ်။ သူ့ကို ကောင်းကင်ဘုံပိုင်နက် ကိုယ်စားလှယ်အနေနဲ့ လွှတ်မယ်ဆိုရင် အရှက်ရစရာပဲ ဖြစ်လာလိမ့်မယ်” အင်မော်တယ်မန္တန် ဌာနမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကျူကျန်းကျစ်သည် အေးစက်စွာဖြင့် နှာမှုတ်ပြီးနောက် မကျေနပ်စွာ ပြောလေသည်။

“အဲဒီနေရာအတွက် ကျောင်းသားအန်လင်းက အပြည့်အဝ ထိုက်တန်တယ်လို့ ခံစားမိတယ်။ မနှစ်က သူ့ရဲ့အောင်မြင်မှုတွေကို မေ့သွားပြီလား။ ကောင်းကင်ဘုံပိုင်နက်မှာ သူ့ထက်ပိုပြီး ထူးချွန်တဲ့သူ ဘယ်သူရှိလို့လဲ” မန္တန်ဝင်္ကပါသုတေသနဌာနမှ လုယန်သည် အန်လင်းအား လွန်စွာယုံကြည်သူ ဖြစ်သည့်အတွက် ရယ်မောကာဖြင့် ဆိုလေသည်။

“ဒါပေမဲ့လည်း သူက အဲဒီ အင်အားစုတွေကို ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး။ တင်းတင်းကျပ်ကျပ် ပြောရမယ်ဆိုရင် အန်လင်းက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်ပဲ ရှိနေသေးတဲ့ ကျင့်ကြံသူလေ။ အဲဒီတော့ သူ့ကို အဓိက ကိုယ်စားလှယ်အနေနဲ့ စေလွှတ်တာက မသင့်တော်မှာ စိုးမိတယ်” မှော်ရတနာဌာနမှ နန်ကုန်းချီသည် မျက်မှောင်ကြုတ်ကာဖြင့် ဆက်ပြောသည်။ “ကောင်းကင်ဘုံပိုင်နက်က ကျောင်းသားကိုယ်စားလှယ်သုံးဦး စေလွှတ်ရမှာ။ ဝမ်ရွှမ်ကျန့်ကို အဓိက ကိုယ်စားလှယ်အဖြစ် ပြုလုပ်ခိုင်းပြီး လျှိုချင်ဟွမ်နဲ့ အန်လင်းကတော့ ရိုးရိုးသာမန် ကိုယ်စားလှယ်အနေနဲ့ ဆိုရင်ကော။ အဲဒီလိုသာဆိုရင် ထုံးတမ်းစည်လာကနေ သွေဖည်တာမျိုး မဖြစ်တော့ဘူးပေါ့။ ပိုပြီးတော့လည်း ကျိုးကြောင်းသင့်တယ်လေ”

ကျန်ရှိသည့် အဆင့်မြင့်အရာရှိများသည် နန်ကုန်းချီ၏ အကြံပြုချက်အား ခေါင်းညိတ်ထောက်ခံကြလေသည်။

ဤသို့ဖြင့် ကောင်းကင်ဘုံပိုင်နက်ကိုယ်စားပြု ကျောင်းသားများအား ဆုံးဖြတ်လိုက်ကြသည်။ ယင်းတို့မှာ ဝမ်ရွှမ်ကျန့်၊ အန်လင်းနှင့် လျှိုချင်ဟွမ်တို့ ဖြစ်ကြသည်။

အန်လင်းသည် ရွှင်မြူးစွာဖြင့် ကျောင်းသို့ပြန်လာပြီး များမကြာမီမှာပင် ထိုသတင်းကောင်းအား သိလိုက်ရသည်။

လုံးဝကြောင်အသွားလေသည်။ “အင်အားကြီး လေးရပ် တာအိုဖလှယ်ခြင်း ညီလာခံ ဟုတ်လား။ ကိုယ်စားလှယ်ကျောင်းသား သုံးဦး။ အစည်းအဝေးမှာ ကျောင်းတော်ကိုယ်စားပြုဖို့ ငါ့ကို အလိုရှိတယ်တဲ့လား”

ထိုအကြောင်းအား ကြားသည့်အခါ အန်လင်းသည် မေးခွန်းတစ်သီကြီး ထွက်ကျလာလေသည်။ စုရှောင်လန်မှာ မနေနိုင်တော့ဘဲ ရယ်မောမိလိုက်သည်။ “မရယ်ပါနဲ့ဟ။ တစ်ကျောင်းလုံးနဲ့ဆိုင်တဲ့ ကိစ္စကို ရိုးရိုးရှင်းရှင်း အစည်းအဝေးလေးနဲ့ ပြီးသွားတယ်တဲ့လား”

“ပြီးတော့ အင်အားကြီး လေးရပ် တာအိုဖလှယ်ခြင်း ညီလာခံ ဆိုတာက ဘာကြီးတုန်း” ထောက်ခံမဲအများဆုံးဖြင့် ကျောင်းသားကိုယ်စားလှယ်ဖြစ်လာခြင်းအား သူ့အနေဖြင့် နားမလည်နိုင်ဘဲ ရှိနေလေသည်။ ဆေးကုသဆောင်တွင် ရှိနေချိန်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ဤကဲ့သို့ ထောက်ခံမဲများ ရရှိခြင်းသည် အန်လင်းအား အလွန်စိတ်မသက်မသာ ဖြစ်စေသည်။ သူ၏ ကျော်ကြားမှုသည် ဤပြဿနာအား သယ်ဆောင်လာခြင်း ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ကောင်းသည့်အရာ မဟုတ်ချေ။

“တာအိုဖလှယ်ခြင်းညီလာခံ ဆိုတာက ထိုက်ချူကုန်းမြေကြီးမှာရှိတဲ့ အင်အားကြီး လေးခု ပေါင်းပြီး ကျင်းပတဲ့ ညီလာခံပဲ။ ကိုးပြည်ထောင်ရဲ့ ကောင်းကင်ဘုံပိုင်နက်၊ အနောက်ဘက်နိဗ္ဗာန်ရဲ့ ဗုဒ္ဓလောက၊ သန့်ရှင်းသောသုခဘုံရဲ့ ဧဒင်ဥယျာဉ်၊ ဖန်ဆင်းခြင်းဘုံရဲ့ ဖန်တီးခြင်းခန်းမ။ ညီလာခံကို ငါးနှစ်တစ်ကြိမ် ကျင်းပပြီး အင်အားကြီး လေးရပ်ရဲ့ လူငယ်မျိုးဆက်တွေက ပါဝင်ကြရတယ်။ အဲဒီမှာ လူငယ်မျိုးဆ်တွေက သူတို့ရဲ့ ကျွမ်းကျင်မှုတွေ စွမ်းအားတွေကို ပြသရတယ်။ အမျိုးမျိုးသော လက်ရည်စမ်းပွဲတွေမှာ ပါဝင်ဆင်နွှဲကြရတယ်”

စုရှောင်လန်၏ ရှင်းပြချက်အား ကြားသည့်အခါ အန်လင်းသည် လက်နှစ်ဖက်ဖြင့် ခေါင်းအုပ်လိုက်သည်။ ရုတ်တရက်ဆိုသလိုပင် ဆေးကုသဆောင်သို့ ပြန်သွားကာ အတွင်းလူနာအဖြစ် ကုသမှုခံယူချင်သွားသည်။

သေလိုက်ပါတော့ဟေ့။ လျှိုချင်ဟွမ်မှအပ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ကျောင်းသားများစွာ ရှိလေသည်။ မည်သည့်အတွက် သူ့အား ရွေးချယ်ကြသနည်း။

အခြားသော အင်အားကြီး လေးရပ်သည် ကောင်းကင်ဘုံပိုင်နက်ကဲ့သို့ စွမ်းအားကြီးကြလေသည်။ ထို့ကြောင့် ယင်းတို့ကို ကိုယ်စားပြုမည့်သူများသည် စိတ်ဝိညာဉ်ပျိုးထောင်ခြင်း နောက်ဆုံးအဆင့်ထက် အားနည်းလိမ့်မည် မဟုတ်ကြချေ။

ထိုအထွတ်အထိပ် ပါရမီရှင်များနှင့် ဆော့ကစားရာတွင် သာမန်အကြည့်ချင်း ယှဉ်ပြိုင်ကြမည်ဆိုလျှင် အန်လင်းအနေဖြင့် အနိုင်ရရှိရန် အခွင့်အရေး ရှိနေသေးသည်ဟု ခံစားမိသည်။ သို့သော်လည်း အခြားသော နယ်ပယ်များတွင်မူ သူ့အနေဖြင့် ဘေးမှ ရပ်ကြည့်ရုံသာ တတ်နိုင်ပေလိမ့်မည်။

“ငါငြင်းလို့ရလားဟင်” အန်လင်းမှာ မောပန်းနွမ်းနယ်နေပြီ ဖြစ်သည်။

“ကျောင်းတစ်ခုလုံးကို ကြေညာပြီးသား ဖြစ်နေပြီ။ နင်ဘယ်လိုထင်တုန်း” စုရှောင်လန်၏ မျက်နှာတွင် အပြုံးတစ်ခု ရှိနေလေသည်။ အန်လင်း၏ စိတ်ထိခိုက်နေသည့် အမူအရာကြောင့် သူမ ရွှင်မြူးနေမိသည်။

အန်လင်းသည် စိတ်ဓာတ်ကျစွာဖြင့် မြေပြင်တွင် ထိုင်ချလိုက်သည်။ သူ၏မျက်နှာတွင် မျှော်လင့်ချက်မဲ့မှုတို့ ထင်ဟပ်နေလေသည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ” အန်လင်း၏ မျှော်လင့်ချက်မဲ့သည့် အမူအရာအား မြင်ရသည့်အခါ စုရှောင်လန်ထံတွင် စနောက်လိုစိတ် မရှိတော့ချေ။ “နင့်အနေနဲ့ ဝမ်ရွှမ်ကျန့်နဲ့ လျှိုချင်ဟွမ်တို့ကို အားကိုးလို့ ရပါသေးတယ်ဟဲ့။ အဲဒီလောက်ကြီး အဆိုးမြင်မနေစမ်းပါနဲ့” စုရှောင်လန်သည် အန်လင်းအား နှစ်သိမ့်ချော့မြူလိုက်သည်။

“သူတို့ကောလား” အန်လင်း၏မျက်နှာမှာ ရှုံ့တွလာပြီး ငိုချင်းချတော့သည်။ “ကန့်သတ်မဲ့ ပြိုင်ပွဲတုန်းက ဝမ်ရွှမ်ကျန့်က ငါ့ကြောင့် စိတ်ဒဏ်ရာ ရသွားခဲ့တယ်။ သူ့ကို အားကိုးလို့ ရပါဦးမလား။ လျှိုချင်ဟွမ်တဲ့လား။ သူမထက်စာရင် ငါကမှ ပိုပြီး ယုံကြည်စိတ်ချလို့ ရသေးတယ်”

အန်လင်းမှာ စဉ်းစားမိလေလေ ပို၍ အဆိုးမြင်ဝါဒီ ဖြစ်လာလေပင်။ တာအိုဖလှယ်ခြင်း ညီလာခံအတွင်း ဖြစ်ပျက်နိုင်သည်များကို စိတ်ကူးကြည့်မိသည်။ ငကြောက်တစ်ယောက်၊ ဖုန်းသရဲတစ်ယောက် နှင့် သူ၏အသုံးမကျသည့် အဖွဲ့ဝင်နှစ်ဦးအား သယ်ဆောင်လို့ ကြိုးစားတိုက်ခိုက်နေသူတစ်ဦး။

အား.. အရမ်းကို ရှက်ဖို့ကောင်းမှာပဲ။

“အန်လင်းရေ.. နင်ပြန်သက်သာလာပြီလို့ ငါကြားတယ်” ရုတ်တရက်ဆိုသလို အဝေးမှနေ နူးညံ့သည့်အော်သံတစ်ခု ရောက်ရှိလာသည်။

ကြည့်လိုက်သည့်အခါတွင် အလွန်လှပသည့် အမျိုးသမီးလေး တစ်ဦးသည် သူ့ထံသို့ ပြေးလာသည်ကို အန်လင်းမြင်လိုက်ရသည်။

သူမ၏ ပန်းရောင်နှင့်အဖြူ သင်္ဘောသားဝတ်စုံသည် လေတွင် တလှပ်လှပ်လွင့်နေလေသည်။ ပခုံးထိရှည်သော ပန်းရောင်ဆံပင်များသည် သူမ၏ ခရမ်းရောင် မျက်လုံးလေးများအား ထောက်ပံ့ပေးနေသည်။ သူမ၏ သွယ်လျသည့် လက်ထဲတွင် ဖုန်းတစ်လုံးအား ကိုင်ဆောင်ကာဖြင့် အန်လင်းအား စိတ်လှုပ်ရှားစွာဖြင့် ဝှေ့ယမ်းပြနေလေသည်။

အန်လင်း : “…”

“ဘာကိစ္စရှိလို့လဲ အစ်မလျှို”

လျှိုချင်ဟွမ်ရောက်ရှိလာသည့်အခါ အန်လင်းသည် သတ္တိစုစည်းကာဖြင့် နှုတ်ဆက်လိုက်သည်။

“နင်ဆေးရုံကဆင်းတော့ အမြန်သက်သာလာဖို့ လေ့ကျင့်ခန်းတွေလုပ်ရမယ်လေ။ အဲဒါ ကူလုပ်ပေးဖို့ ရောက်လာလာ” လျှိုချင်ဟွမ်၏ အဖြေမှာ ရိုးရှင်းပေသည်။

“ဘာလေ့ကျင့်ခန်းတွေလဲ” သူမလက်ထဲရှိ ဖုန်းအား မြင်သည့်အခါ သူ၏နှလုံးသားလေးမှာ မသက်မသာ ခံစားလာရသည်။

သေချာပေါက်ပင် လျှိုချင်ဟွမ်သည် သူမ၏ဖုန်းအား မြှောက်ကာဖြင့် ဝှေ့ယမ်းပြလေသည်။ “ဆေးရုံမှာ အချိန်အကြာကြီး လဲလျောင်းခဲ့တာဆိုတော့ နင့်ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်က စိုးရိမ်ရလောက်အောင် ထုံထိုင်းနေပြီလေ။ အဲဒီတော့ လှုပ်ရှားမှုတစ်ချို့ လိုအပ်တယ်” သူမသည် ရယ်မောကာဖြင့် ဆိုလေသည်။ “ငါနဲ့အတူတူ ဂိမ်းဆော့မယ်ဆိုရင် နင့်ရဲ့စိတ်က တက်ကြွလာနိုင်တယ်။ နင်ရဲ့ ကိုယ်လက်အင်္ဂါတွေလည်း လှုပ်ရှားရလွယ်ကူလာနိုင်တယ်”

“ဆေးရုံမှာတုန်းက အကြိမ်အများကြီး အတူဆော့ပေးခဲ့ပြီးပြီ မဟုတ်ဘူးလား” သူ့ကိုယ်သူ မသယ်နိုင်လောက်အောင် အားနည်းနေချိန်တွင် ထိုဖုန်းမျက်နှာပြင်အား လက်ချောင်းများဖြင့် ကြိမ်ပေါင်းများစွာ ထိတွေ့ကိုင်ကွယ်ဆော့ကစားခဲ့ရသည်။

ထိုစကားအား ကြားသည့်အခါတွင် လျှိုချင်ဟွမ်မှာ ရယ်မောလိုက်လေသည်။ “ပြောပြီးပါရောလား။ အဲဒါတွေက ဆေးရုံတွင်း ပြန်လည်သက်သာလာစေတဲ့ လေ့ကျင့်ခန်းတွေလေ။ အခုက ဆေးရုံဆင်းတော့ ပြန်လည်သက်သာလာစေတဲ့ လေ့ကျင့်ခန်းပါဆို”

ထိုသို့ပြောရင်း အန်လင်းလက်ထဲသို့ ဖုန်းတစ်လုံး ထိုးထည့်လိုက်လေသည်။

အန်လင်း : “…”

***

All Chapters