← Chapters

ဖေဖေလူဆိုးကြီး

Vol. 7 Ch. 63

ဖေဖေလူဆိုးကြီး

Vol. 7 Ch. 63

​ဤတိုတောင်းသော စာတိုနှစ်စောင်မှတစ်ဆင့် ကျန်းဆူရှင်း၏ ထိတ်လန့်တုန်လှုပ်မှုကို လုအန်းကျီ တစ်ဖက်မှ ခံစားမိလိုက်သည်။ သူသည် သူမ၏ စိတ်လှုပ်ရှားမှုကို ဖော်ထုတ်မပြဘဲ ပြုံးလျက် "ကောင်းပါပြီ၊ သိပါပြီ" ဟုသာ ပြန်လည်ဖြေကြားလိုက်သည်။

​ကျန်းဆူရှင်းက "အင်း" ဟု ချက်ချင်းပြန်ပို့သည်။

​ထို့နောက် သူမက "ဒါဆိုလည်း အိပ်တော့" ဟု နောက်ထပ်စာတစ်စောင် ပို့လာပြန်သည်။

​လုအန်းကျီ - "ဂွတ်နိုက် (ကောင်းသောညပါ)။"

​ကျန်းဆူရှင်း - "ဂွတ်နိုက် (ကောင်းသောညပါ)။"

​လုအန်းကျီသည် သူ၏ ယခင်ဘဝက အင်တာနက်ပေါ်ရှိ "ဂွတ်နိုက်" ဆိုသည့် စကားလုံး၏ အခြားအဓိပ္ပာယ် ရှင်းလင်းချက်ကို ရုတ်တရက် သတိရသွားပြီး ကျန်းဆူရှင်းထံသို့ "ဂွတ်နိုက် ရဲ့ နောက်ထပ် အဓိပ္ပာယ်တစ်ခုကို မင်းသိလား?" ဟု စာတစ်စောင် ထပ်ပို့လိုက်သည်။

​ကျန်းဆူရှင်းက "ဘာလဲ?" ဟု ပြန်မေးသည်။

​သို့သော် လုအန်းကျီသည် ကျန်းဆူရှင်းနှင့် သူ၏ ဆက်ဆံရေးကို ဖြည်းဖြည်းချင်း တည်ဆောက်ရန် ဆုံးဖြတ်ထားသည်ကို ရုတ်တရက် သတိရသွားသည်။ "ဂွတ်နိုက်" ၏ အခြားသော အဓိပ္ပာယ် (ငါ မင်းကို ချစ်တယ်) ကို ကျန်းဆူရှင်းအား ပြောပြရန်မှာ အချိန်စောလွန်းနေသလိုပင်။

​ပြီးတော့ ရုတ်တရက်ဆန်လွန်းသည်။

​နေပါစေတော့၊ နောက်မှပဲ ပြောပြတော့မည်။

​သူက "ဘာမှမဟုတ်ပါဘူး" ဟုသာ စာပြန်လိုက်သည်။

​ကျန်းဆူရှင်း - "အို။"

​စာတိုပေးပို့ခြင်း ပြီးဆုံးသွားပြီးနောက် လုအန်းကျီသည် စောင်ကို သေချာခြုံကာ အပြင်ဘက်မှ မိုးသံကို နားထောင်ရင်း လျင်မြန်စွာ အိပ်ပျော်သွားတော့သည်။

​အကြောင်းရင်းမသိဘဲ သူ၏ အိမ်မက်ထဲတွင် သူသည် လယ်ကွင်းထဲမှ ရုပ်သေးရုပ်ကြီး ဖြစ်နေပြီး မြေကြီးထဲတွင် စိုက်ဝင်နေသဖြင့် မလှုပ်ရှားနိုင်ဘဲ ရှိနေသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ချန်းချန်းနှင့် ကျန်းဆူရှင်းတို့ ရပ်နေကြပြီး သူ၏ လက်မောင်းများကို အစွမ်းကုန် ဆွဲနေကြသည်။

​"ဖေဖေက သမီးရဲ့ဟာ!"

​"ဖေဖေက မေမေရဲ့ဟာ!"

​သူတို့နှစ်ဦးသည် အပြိုင်အဆိုင် ဆွဲငင်ကာ အငြင်းပွားနေကြပြီး လုအန်းကျီမှာမူ သူ၏ ကိုယ်ခန္ဓာမှာ နှစ်ခြမ်းကွဲတော့မတတ် ခံစားနေရသည်။ သို့သော် သူတို့ ခေါ်ဝေါ်နေသည့် အသုံးအနှုန်း မှားယွင်းနေသည်ကိုမူ သူ သတိမထားမိပေ။

​နောက်တစ်နေ့ မနက် နိုးလာမှသာ ထိုအိမ်မက်၏ အဓိပ္ပာယ်မရှိမှုကို သူ ဝေဝေဝါးဝါး သဘောပေါက်တော့သည်။

​သူသည် ခေါင်းကို ခါယမ်းကာ စိတ်ကြည်လင်အောင် လုပ်ပြီးနောက် မျက်နှာသစ်ကာ မနေ့က ကျန်နေသော ဟင်းများကို ပြန်နွှေးစားပြီး အောက်ထပ်သို့ဆင်းကာ ဆိုင်ဖွင့်လိုက်သည်။

​အပြင်ဘက်တွင် ကောင်းကင်မှာ အုံ့မှိုင်းနေသော်လည်း မိုးက ခေတ္တစဲနေသည်။ မှောင်မှောက်နေသော ကောင်းကင်ယံတွင် နေမင်းကြီးကို မမြင်ရပေ။ လုအန်းကျီသည် စိုစွတ်ဆတ်ဆတ် ရှိနေသော လတ်ဆတ်သည့် လေထုကို အားပါးတရ ရှူသွင်းလိုက်ရာ ပုံမှန်ထက် ပိုမို လန်းဆန်းသွားသည်ဟု ခံစားလိုက်ရသည်။

​ယခင်ကဆိုလျှင် ဟိုင်တု၏ နွေရာသီ မနက်ခင်းများသည် စောစောစီးစီး ပူပြင်းလာတတ်သည်။ သည်းမခံနိုင်လောက်အောင် မဟုတ်သော်လည်း ယခုကဲ့သို့ အေးမြသော ခံစားချက်လောက်တော့ သက်တောင့်သက်သာ မရှိပေ။

​ခဏအကြာတွင် ဝမ်ဖင်သည် မနေ့က ဆိုင်မှ ယူသွားသော ထီးကို ကိုင်လျက် ရောက်လာသည်။ လုအန်းကျီကို မြင်သောအခါ သူမက ပြုံးလျက် "နေကောင်းလား သူဌေး။ ထမင်းစားပြီးပြီလား?" ဟု မေးသည်။

​လုအန်းကျီသည် အချိန်မှန် ထတတ်သူဖြစ်ပြီး ဝမ်ဖင် မလာခင် ဆိုင်ကို အမြဲ အရင်ဖွင့်ထားတတ်သည်။ အစပိုင်းတွင် ဝမ်ဖင်က "သူဌေးက စောလှချည်လား" ဟု မေးတတ်သော်လည်း ယခုမူ "နေကောင်းလား သူဌေး" ဟုသာ နှုတ်ဆက်တတ်တော့သည်။

​ဝမ်ဖျင်သည် ပေါက်စီထုတ်ကို ကိုင်ထားပြီး "ဒီမနက် ရှောင်လုံပေါက် (ပေါက်စီအသေး) ဝယ်လာတယ်။ မစားရသေးရင် ကျွန်မနဲ့ အတူတူစားပါဦး" ဟု ပြောသည်။

​လုအန်းကျီက ပြုံးလျက် "အမဝမ်၊ ကျွန်တော် စားပြီးပါပြီ။ မနေ့က အမဝမ် ပေးလိုက်တဲ့ ဟင်းတွေ အများကြီး ကျန်နေလို့ အခုမနက် ပြန်နွှေးစားလိုက်တယ်" ဟု ဆိုသည်။

​ဝမ်ဖျင် ဘာမှထပ်မပြောတော့ဘဲ မစားခင် ဆိုင်ကို အရင်ရှင်းလင်းရန် ပြင်သည်။ လုအန်းကျီက သူမကို တားကာ အရင်စားရန် အတင်းပြောသဖြင့် ဝမ်ဖျင်လည်း မငြင်းသာဘဲ ထိုင်စားလိုက်ရသည်။

​လုအန်းကျီက "အမဝမ်၊ နောက်ဆို ဒီလောက်အစောကြီး လာဖို့ မလိုပါဘူး။ ထမင်းကို အေးအေးဆေးဆေး စားပြီးမှ လာပါ။ ဒီမှာ လောစရာ ဘာမှမရှိပါဘူး။ တကယ်လို့ အရေးကြီးတာ ရှိရင် ကျွန်တော် ဖုန်းဆက်ခေါ်ပါ့မယ်" ဟု ပြောလိုက်သည်။

​ဝမ်ဖျင်က "ကျွန်မက စောစောနိုးတတ်ပြီး ပြန်အိပ်လို့ မရတော့ဘူး။ အိမ်မှာလည်း ဘာမှ လုပ်စရာ မရှိတာနဲ့ ဆိုင်ပဲ လာလိုက်တာ။ ဒါပေမဲ့ မြေးလေး ပြန်လာပြီး ကျောင်းဖွင့်ရင်တော့ ဒီလောက် အစောကြီး လာနိုင်မှာ မဟုတ်တော့ဘူး" ဟု ဆို၏။

​သူမသည် ပေါက်စီတစ်လုံးကို စားလိုက်ပြီး သက်ပြင်းချကာ "ဟိုင်တုက နေလို့ကောင်းပေမဲ့ ကုန်ဈေးနှုန်းက အရမ်းကြီးတယ်။ ဒီပေါက်စီတစ်ပွဲက ကျင့်ကျိုးမှာဆိုရင် တစ်ယွမ်ခွဲပဲ ရှိတာ၊ ဒီမှာတော့ သုံးယွမ်တောင် ပေးရတယ်။ ဒီနေ့ ကျွန်မရဲ့ သားနဲ့ ချွေးမက စောစော အလုပ်သွားကြလို့ မနက်စာ မချက်လိုက်ရဘူး။ ကိုယ့်ဘာသာကိုယ် ချက်ရမှာလည်း ပျင်းတာနဲ့ အပြင်ကပဲ ဝယ်စားလိုက်တာ။ နောက်ဆိုရင်တော့ အပြင်က ပေါက်စီတွေ ဘယ်တော့မှ ဝယ်မစားတော့ဘူး" ဟု ပြောသည်။

​လုအန်းကျီက ပြုံးလျက် "အမဝမ်၊ အိမ်မှာ ချက်ရမှာ ပျင်းရင် ဆိုင်မှာပဲ ချက်စားပါလား၊ ကျွန်တော့်အတွက်ပါ တစ်ခါတည်း ချက်ပေးပေါ့" ဟု အကြံပေးသည်။

​ဝမ်ဖျင်က ခေါင်းညိတ်ကာ "ဒါ ကောင်းသားပဲ! အိမ်မှာ မချက်တော့ဘဲ ဆိုင်လာရင် ဟင်းသီးဟင်းရွက်တွေ တစ်ခါတည်း ဝယ်လာပြီး သူဌေးအတွက်ပါ ချက်ပေးမယ်။ ကျွန်မက အလုပ်နည်းနည်းလေး လုပ်ပြီး လစာ အများကြီး ရနေတာဆိုတော့ အားနာနေတာ၊ တခြား အကူအညီ ပေးနိုင်ရင်ကို ဝမ်းသာလှပါပြီ" ဟု ဆိုသည်။

​လုအန်းကျီက "ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် အမဝမ်" ဟု ပြောလိုက်သည်။

​ဝမ်ဖျင်က "သူဌေးကလည်း ဘာကို ကျေးဇူးတင်နေတာလဲ" ဟု ဆိုသည်။

​ဝမ်ဖျင် စားသောက်ပြီးနောက် လုအန်းကျီ ဆိုင်မှ ထွက်လာခဲ့သည်။ သူ၏ ဆိုင်တွင် ထီးက တစ်လက်သာ ရှိသည်။ အပြင်ဘက်တွင် ကောင်းကင်က အုံ့ရုံသာရှိပြီး မိုးမရွာသေးသဖြင့် သူသည် ထီးကို ဝမ်ဖျင်အတွက် ချန်ထားခဲ့ပြီး ယူမလာခဲ့ပေ။ လမ်းကျမှ မိုးလေဝသကြည့်ပြီး လိုအပ်လျှင် တစ်လက် ထပ်ဝယ်မည်ဟု သူ တွေးထားသည်။

​ဝမ်ဖျင်က လုအန်းကျီကို ထီးယူသွားရန် အတင်းပြောသော်လည်း သူက မယူဘဲ ထွက်သွားသဖြင့် ဝမ်ဖျင် စိတ်မကောင်း ဖြစ်ကျန်ခဲ့သည်။ သူမ၏ အိမ်တွင် ထီး အလုံအလောက် မရှိခြင်းကိုလည်း နောင်တရမိသည်။ သူမ၏ မြေးက နွေရာသီ စခန်းချပွဲအတွက် တစ်လက် ယူသွားသည်၊ သားနှင့် ချွေးမကလည်း အလုပ်အတွက် တစ်လက်စီ ယူသွားကြသဖြင့် အပိုမရှိတော့ပေ။ မဟုတ်လျှင် အပိုတစ်လက် ယူလာပါက လုအန်းကျီ ဤမျှ ခေါင်းမာမာဖြင့် ငြင်းဆန်နေမည် မဟုတ်ပေ။

​လုအန်းကျီမှာမူ အငှားယာဉ်ပေါ် ရောက်ပြီး လမ်းတစ်ဝက်တွင် မိုးက စတင် ရွာချလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

​သို့သော် မိုးက သိပ်မသည်းလှဘဲ ကားမှန်ကို အနည်းငယ်သာ လာစင်သည်။ အငှားယာဉ် ကျုံ့ယွမ် ရပ်ကွက် အဝင်ဝသို့ ရောက်သောအခါ လုအန်းကျီ တံခါးဖွင့်ဆင်းလိုက်သည်။ မိုးထဲတွင် ခဏလောက် ပြေးသွားလျှင် ဘာမှမဖြစ်နိုင်ဟု သူ ထင်လိုက်သည်။

​သူသည် ရပ်ကွက်အဝင်ဝရှိ စတိုးဆိုင်တွင် ထီးဝယ်ရန် ကြည့်လိုက်သော်လည်း ဆိုင်တံခါး ပိတ်ထားသည်ကို တွေ့ရသည်။ ဆိုင်ရှေ့တွင် "မိသားစု ကိစ္စကြောင့် ခေတ္တပိတ်သည်" ဟု ရေးထားသော စက္ကူအဖြူလေးကို ကပ်ထားသည်။

​ဘာမှမတတ်နိုင်သဖြင့် လုအန်းကျီသည် ရပ်ကွက်ထဲသို့ ဝင်ကာ ကျန်းဆူရှင်း၏ အိမ်ဘက်သို့ မိုးထဲတွင် ပြေးသွားလိုက်ရတော့သည်။

​သူသည် ဤနေရာသို့ မကြာခဏ လာဖူးသဖြင့် လုံခြုံရေးဝန်ထမ်းကလည်း သူ့ကို မှတ်မိနေကာ အလွယ်တကူ ပေးဝင်လိုက်ကြသည်။ သူသည် ကျန်းဆူရှင်း၏ တိုက်ရှေ့အထိ ပြေးသွားရာ အဝတ်အစားများ အနည်းငယ် စိုစွတ်သွားသော်လည်း ခံသာသေးသည်။

​ဓာတ်လှေကားဖြင့် အပေါ်ထပ်သို့ တက်ကာ ကျန်းဆူရှင်း၏ တံခါးကို ခေါက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် အိမ်ထဲမှ ချန်းချန်း၏ အသံကို ကြားလိုက်ရသည်။

​"ဖေဖေ!"

​ကလေးမလေးက လှမ်းခေါ်လိုက်ပြီးနောက် "တောက် တောက် တောက်" နှင့် ပြေးလာသော ခြေသံလေးများနှင့်အတူ "ဖေဖေ... ဖေဖေ" ဟု ခေါ်သံမှာ တံခါးနားသို့ တဖြည်းဖြည်း နီးကပ်လာသည်။

​"ဂျောက်—"

​တံခါးပွင့်သွားသောအခါ ချန်းချန်းသည် ထုံးစံအတိုင်း တံခါးဘောင်ကို ကိုင်ကာ၊ တံခါးလက်ကိုင်ကို ဆွဲရင်း ခြေဖျားထောက်လျက် တံခါးကြားမှ သူ့ကို မော့ကြည့်ကာ ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။

​လုအန်းကျီသည် ချန်းချန်း၏ ခေါင်းလေးကို ပုတ်ပေးလိုက်သော်လည်း ထုံးစံအတိုင်းတော့ ပွေ့မချီလိုက်ပေ။ သူ၏ အဝတ်အစားများမှာ စိုနေသဖြင့် ကလေးကို မိုးရေ စိုသွားမည် စိုးသောကြောင့် ဖြစ်သည်။

​အိမ်ထဲသို့ ဝင်ကာ ဖိနပ်လဲပြီးသောအခါ ချန်းချန်းသည် ရုတ်တရက် သူ၏ရှေ့တွင် ခါးထောက်ရပ်လိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့် "ဖေဖေလူဆိုးကြီး၊ ဖေဖေက ထီးကို ဘယ်လိုသုံးရမှန်း မသိဘူးလား!" ဟု ပြောလိုက်သည်။

​လုအန်းကျီမှာ အံ့အားသင့်သွားသည်။ ကလေးမလေးက ဤမျှ ဂရုစိုက်သော စကားကို ဤကဲ့သို့ လေသံဖြင့် ပြောလိမ့်မည်ဟု သူ မထင်ထားပေ။

​ကျန်းဆူရှင်းသည် မီးဖိုချောင်ထဲမှ ထွက်လာသည်။ လုအန်းကျီက ကျန်းဆူရှင်းကို လှည့်ကြည့်ကာ "မင်း ဒါကို သင်ပေးထားတာလား?" ဟု မေးလိုက်သည်။

​"ဘာကိုလဲ?"

​ကျန်းဆူရှင်းက အစပိုင်းတွင် နားမလည်ပေ။ သူမသည် မီးဖိုချောင်ထဲတွင် အနံ့စုပ်စက် ဖွင့်ပြီး မနက်စာ ချက်နေသဖြင့် ချန်းချန်း ပြောသည်ကို မကြားလိုက်ရပေ။ လုအန်းကျီ၏ အခြေအနေကို မြင်သောအခါ သူမက "ဘာလို့ ဒီလောက်တောင် စိုလာရတာလဲ? ထီးမပါဘူးလား?" ဟု မေးသည်။

​လုအန်းကျီက "ကျွန်တော် ထွက်လာတော့ မိုးမရွာသေးလို့ ထီးမယူလာမိဘူး။ ရပ်ကွက် အဝင်ဝမှာ ဝယ်မလို့ပဲ၊ ဒါပေမဲ့ စတိုးဆိုင်က ပိတ်နေတာနဲ့ မိုးထဲပြေးလာလိုက်တာ" ဟု ဆိုသည်။

​ကျန်းဆူရှင်းက လုအန်းကျီကို စိုက်ကြည့်ကာ "အဲ့ဒီစတိုးဆိုင်က ဖွင့်ရင်တောင် ထီးမရောင်းဘူး။ ကျွန်မ မနေ့ကပဲ ပြောသားပဲ၊ ဒီရက်ပိုင်း မိုးရွာမှာမို့ ထီးယူသွားပါဆိုတာကို ရှင့်ဘက်ကမှ နားမထောင်တာ" ဟု အပြစ်တင်သည်။

​ချန်းချန်းကလည်း လိုက်၍ အပြစ်တင်သည် - "အဖေလူဆိုး ဖေဖေက နားကို မထောင်ဘူး!"

​လုအန်းကျီက ရယ်မောလျက် "ဘာမှ မဟုတ်ပါဘူး၊ နည်းနည်း စိုရုံတင်ပါ။ ရပါတယ်။ ဒီကလေးမလေးက ကျွန်တော့်ကို ' ဖေဖေလူဆိုးကြီး၊ ဖေဖေက ထီးကို ဘယ်လိုသုံးရမှန်း မသိဘူးလား' ဆိုပြီး ဆူနေတာ။ အခုလည်း မင်းနောက်က လိုက်ပြီး '‌ ဖေဖေလူဆိုး ဖေဖေက နားကို မထောင်ဘူး' တဲ့။ ဒါကတော့ မင်းဆီက သင်ထားတာ သေချာတယ်" ဟု ပြောလိုက်သည်။

​ကျန်းဆူရှင်းက "ချန်းချန်းက ဒီမနက် နိုးကတည်းက ဖေဖေ လာမှာလား၊ ဖေဖေ ထီးပါရဲ့လား၊ ဖေဖေမှာ ထီးရှိရဲ့လားဆိုပြီး တတွတ်တွတ် မေးနေတာ။ ရှင့်ထက်တောင် သူမက ပိုပြီး မှတ်မိနေသေးတယ်။ ကျွန်မက မနေ့ညကတည်းက သတိပေးထားတာကို ရှင်က ထီးမယူလာဘူးလေ! ခဏစောင့်ဦး!" ဟု ပြောကာ အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။

All Chapters