အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
အပိုင်း ၂၇၁ : ပိုင်ဆိုင်မှုစာချုပ်အထပ်လိုက်
ယဲ့ချန်းက ထိုစကားကိုကြားသောအခါ ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျားက ကိုယ့်အကြောင်းကိုယ်သိသားပဲ။ ခင်ဗျားက တကယ်ကန်းနေတာလေ"
"ကောင်လေး.. မင်း ဒီမှာဆက်ပြီးပြဿနာရှာနေမယ်ဆိုရင် နောက်မှ ငါ့ကိုအဆိုးမဆိုနဲ့။ ငါက သာမန်လုံခြုံရေးအစောင့်ဘဝက လုံခြုံရေးခေါင်းဆောင်ရာထူးအထိ တက်လာတာ ဒီမျက်လုံးတွေကြောင့်ပဲ။ မင်းက အငှားစက်ဘီးလေးစီးပြီး အိမ်ပိုင်ရှင်လုပ်ချင်နေတယ်ပေါ့။ ရယ်စရာကောင်းလိုက်တာ"
ယဲ့ချန်းကမူ လှောင်ပြုံးပြုံးလိုက်သည်။
"ဘာဖြစ်နေလို့လဲ။ ဒီနေ့ခေတ်ကြီးမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့တောင် အားပေးနေကြတာပဲ။ အငှားစက်ဘီးစီးလာရင် အိမ်ပိုင်ရှင်မဖြစ်နိုင်တော့ဘူးလား"
လုံခြုံရေးခေါင်းဆောင်က အေးတိအေးစက်ပြောလိုက်သည်။
"ငါ သုံးအထိရေမယ်။ အခုချက်ချင်းထွက်သွား။ မသွားလို့ကတော့ ငါ့ကို အဆိုးမဆိုနဲ့"
သူ လုံခြုံရေးလုပ်လာသည်မှာ နှစ်ပေါင်းများစွာကြာလှလေပြီ။ အငှားစက်ဘီးစီးပြီးလာတတ်သည့် အိမ်ပိုင်ရှင်တစ်ယောက်မှ မမြင်ဖူးပေ။
ဤနေရာတွင် နေထိုင်သော လူတိုင်းက ချမ်းသာပြီး ဂုဏ်ရှိန်ဂုဏ်ဝါကြီးမားလှသည်ဖြစ်ရာ ဇိမ်ခံကားများကိုသာ မောင်းတတ်ကြသည်။ အငှားစက်ဘီးဆိုသည်မှာ ဤနေရာတွင် ရယ်ချင်စရာကောင်းလှသည်။
ယဲ့ချန်းလည်း ဆွံ့အသွားရလေသည်။ နှင်းဆီအိမ်ရာ၏ လုံခြုံရေးက ဂုဏ်သတင်းကောင်းလှသည်ဟု ပြောနေကြသည်မဟုတ်လား။ ဤအဖွဲ့ခေါင်းဆောင်ကမူ ဦးနှောက်ပျက်နေလေသလား။
သူ့ဘေးတွင်ရပ်နေသော ဝမ်မုန့်ကလည်း ယဲ့ချန်း အရိုက်မခံရအောင် ကာကွယ်ရင်း အမြန်ပြောလိုက်သည်။
"ခေါင်းဆောင် ကျွန်တော့်မျက်နှာကို ထောက်ထားပေးပါဗျာ.. ယဲ့ချန်း မင်း အရင်သွားနှင့်လိုက်တော့။ ငါတို့ ဒီကိစ္စကို နောက်မှပြောကြတာပေါ့"
လုံခြုံရေးခေါင်းဆောင်၏ သဘောထားကို မြင်သည်နှင့် ဝမ်မုန့်လည်း ယဲ့ချန်းသာ အိမ်ပိုင်ရှင်မဟုတ်ပါက နစ်နာရမည်ကို စိုးထိတ်နေမိသည်။
"ဟက်.. အခုမှထွက်သွားချင်လို့မရတော့ဘူး။ နှင်းဆီအိမ်ရာမှာများ ပြဿနာလာရှာရဲတယ်ပေါ့။ ငါ မင်းကို သင်ခန်းစာမပေးဘူးဆိုရင် မှတ်မှာမဟုတ်ဘူး"
ယဲ့ချန်းက မောက်မာလှသော လုံခြုံရေးခေါင်းဆောင်ကိုကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။
"ရတယ်။ လုပ်လေ.. အိမ်ပိုင်ရှင်ကို ရိုက်ကြည့်လိုက်စမ်းပါ။ ခင်ဗျား လုံခြုံရေးဆက်လုပ်လို့ရဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့"
ယဲ့ချန်းက အိမ်ရှင်ဖြစ်ကြောင်း ဆက်ပြောနေသေးသဖြင့် လုံခြုံရေးခေါင်းဆောင်လည်း အားရပါးရရယ်လိုက်မိသည်။
"ချာတိတ်.. မင်းက အသိစိတ်မရှိဘူးပဲ။ ငါတို့အိမ်ရှင်တွေအကုန်လုံးမှာ ဝင်ခွင့်ကတ်နဲ့ ဗီလာသော့တွေရှိတယ်။ မင်း ငါ့ကိုပြနိုင်လား"
ယဲ့ချန်းလည်း ခေါင်းခါပြလိုက်သည်။
"ကျုပ်မှာ ဝင်ခွင့်ကတ်လည်းမရှိဘူး။ ဗီလာသော့လည်း မရှိဘူး"
လုံခြုံရေးခေါင်းဆောင်က အေးတိအေးစက်နှာမှုတ်လိုက်သည်။
"ဝမ်မုန့်.. မင်းရဲ့အတန်းဖော်က မင်းအတိုင်းပဲ။ အသုံးမကျဘူး။ အိမ်ရှင်ပါဆိုပြီး ဆက်တိုက်ပြောနေတယ်။ စိတ်ကစဉ့်ကလျားဖြစ်နေတာပဲ"
လုံခြုံရေးခေါင်းဆောင်၏ မျက်လုံးထဲ၌ အေးတိအေးစက်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး နှာခေါင်းရှုံ့လိုက်၏။
"ဝမ်မုန့်.. ငါသိပြီ။ မင်းနဲ့မင်းရဲ့အတန်းဖော်က အိမ်ရှင်တွေဆီက ပစ္စည်းခိုးဖို့ ပေါင်းကြံနေတာမလား"
ဤစကားကိုကြားသော် ဝမ်မုန့်၏အမူအရာကား ပြောင်းလဲသွားသည်။
"ခေါင်းဆောင်.. ခင်ဗျား ဒီလိုလက်လွတ်စပယ်ပြောလို့မရဘူးနော်"
"လက်လွတ်စပယ်တဲ့လား။ မင်းက မင်းရဲ့အတန်းဖော်ကို အိမ်ရှင်လို့ ဆက်တိုက်ပြောနေတာ။ ဒါပေမဲ့ သူ့မှာ သက်သေပြစရာ ဘာမှမရှိဘူးနော်။ ငါစစ်ဆေးကြည့်လို့ တော်သေးတာပေါ့။ မဟုတ်ရင် ဒီကောင်လေးက ခိုးဝင်တော့မှာ။ မင်းတို့ကို စစ်မေးဖို့အတွက် ရဲခေါ်လိုက်တော့မယ်။ အဲဒီအချိန်ကျရင် အကုန်ရှင်းသွားလိမ့်မယ်"
လုံခြုံရေးခေါင်းဆောင်၏စကားကို ကြားပြီးနောက် ဝမ်မုန့်၏အမူအရာမှာ ပြောင်းလဲသွားသည်။ သူ့ကိုယ်သူ ဂရုမစိုက်သော်ငြား ယဲ့ချန်းကိုပါ ဆွဲထည့်မိလျှင် အလွန်စိတ်မကောင်းဖြစ်နေရလိမ့်မည်။
လုံခြုံရေးခေါင်းဆောင်က သူ့ကို ပစ်မှတ်ထားနေခြင်းမှာ စွေ့ဟွားဟုခေါ်သော မိန်းကလေးတစ်ယောက်ကြောင့်ဖြစ်ကြောင်း ဝမ်မုန့် ကောင်းကောင်းသိသည်။
လုံခြုံရေးခေါင်းဆောင်က စွေ့ဟွားကို တစ်ချိန်လုံးသဘောကျနေခဲ့သော်လည်း စွေ့ဟွားကမူ ဝမ်မုန့်ကိုသာ သဘောကျသည်။
ထို့ကြောင့် လုံခြုံရေးခေါင်းဆောင်က ဝမ်မုန့်ကို ဒုက္ခပေးဖို့ နည်းလမ်းပေါင်းစုံသုံးနေခြင်းပင်။
ဝမ်မုန့်က ဆို၏။
"ခေါင်းဆောင်… ကျွန်တော့်သူငယ်ချင်းက အိမ်ရှင်မဟုတ်ရင်တောင် လူဆိုးမဟုတ်တာတော့ သေချာတယ်။ ကျေးဇူးပြုပြီး ရဲကိုတော့ မခေါ်ပါနဲ့"
ထိုခေါင်းဆောင်၏မျက်လုံးထဲဝယ် ယုတ်မာရက်စက်သည့် အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။
"ရဲကိုမခေါ်စေချင်ဘူးဆိုရင် စွေ့ဟွားကို အခုချက်ချင်းစွန့်လွှတ်လိုက်"
ဤစကားကြောင့် ဝမ်မုန့် မျက်နှာပျက်သွားရသည်။ သူသည် စွေ့ဟွားနှင့် တွဲပြီးနောက် သူ(မ)ကို ပိုသဘောကျလာပြီဖြစ်၏။
သို့သော် ဤကိစ္စကြောင့်နှင့် ယဲ့ချန်း ဒုက္ခရောက်ရမည့်အရေးကိုလည်း မမြင်ချင်ပေ။
သူက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။
"ကောင်းပြီလေ။ ကတိပေးတယ်။ ခင်ဗျားသာ ရဲမခေါ်ဘူးဆိုရင် စွေ့ဟွားကို စွန့်လွှတ်ပါ့မယ်"
ဝမ်မုန့်၏စကားကို ကြားသည့်အခါ လုံခြုံရေးခေါင်းဆောင်လည်း အားရကျေနပ်စွာ ပြုံးလိုက်သည်။
"ခဏနေဦး.. ကျုပ်မှာ သော့နဲ့ဝင်ခွင့်ကတ်တွေ မရှိဘူးဆိုပေမဲ့ ပိုင်ဆိုင်မှုစာချုပ်တွေတော့ရှိတယ်။ ဒီစာချုပ်တွေကတော့ ကျုပ်က အိမ်ရှင်ဆိုတာကို သက်သေပြဖို့ လုံလောက်တယ်မလား"
ယဲ့ချန်းက ထိုသို့ပြောရင်း သူ့အိတ်ထဲမှ ပိုင်ဆိုင်မှုစာချုပ်အထပ်လိုက်ကို ထုတ်ယူ၍ စားပွဲပေါ်သို့ ပစ်ချလိုက်သည်။
အနီရောင်စာအုပ်အထပ်လိုက်ကြီးကို မြင်လိုက်ရချိန်ဝယ် လုံခြုံရေးခေါင်းဆောင်လည်း ချက်ချင်းဆိုသလို ကြောင်အသွားသည်။ သူသာမက အခြားလုံခြုံရေးများလည်း အံ့အားသင့်သွားကြသည်။
ဘာတွေဖြစ်နေတာလဲ.. ပိုင်ဆိုင်မှုစာချုပ်တွေက ဒီလောက်အထိစုပုံနေရင် အိမ်က ဘယ်နှလုံးတောင်လဲ…
လုံခြုံရေးတစ်ယောက်က ပိုင်ဆိုင်မှုစာချုပ်တစ်ခုကိုဆွဲယူပြီး ရေတွက်ကြည့်လိုက်လေရာ ချက်ချင်းပင် အံ့အားသင့်သွားလေသည်။
အခုနှစ်ဆယ်ပင်။
အရေးအကြီးဆုံးမှာ ထိုစာချုပ်အခုနှစ်ဆယ်လုံးက နှင်းဆီအိမ်ရာ၏ ပိုင်ဆိုင်မှုစာချုပ်များပင်။
လုံခြုံရေးအဖွဲ့ခေါင်းဆောင်လည်း မယုံကြည်နိုင်သဖြင့် တစ်အုပ်ကို ကောက်ယူကြည့်လိုက်သည်။ ထို့နောက် သူ့အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။ နောက်တစ်ခုကို ထပ်ကောက်ယူကြည့်ပြန်တော့လည်း နှင်းဆီအိမ်ရာပင် ဖြစ်နေချေသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ထိုစာချုပ်အခုနှစ်ဆယ်စလုံးက နှင်းဆီအိမ်ရာ၏ ပိုင်ဆိုင်မှုစာချုပ်များပင်။ ဤသည်မှာ အဓိပ္ပာယ်မရှိလှပေ။
လုံခြုံရေးခေါင်းဆောင်၏ကျောထက်တွင် ချွေးစေးများ ပြန်လာချေသည်။
ဤမျှများပြားသော ပိုင်ဆိုင်မှုစာချုပ်များကို ပိုင်ဆိုင်ထားသည့် ဤသူဌေးကြီးက မည်သူလေလဲ။
ယဲ့ချန်းကမူ အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။
"ကောင်းပြီ။ ခင်ဗျား ဒီအခြေအနေကို မဖြေရှင်းနိုင်ဘူး။ ဝမ်မုန့်.. မင်းတို့ရဲ့အိမ်ရာမန်နေဂျာကို လာဖြေရှင်းခိုင်းလိုက်"
ဝမ်မုန့်ခမျာ ကြောင်အသွားချေသည်။
ယဲ့ချန်းတွင် ပိုင်ဆိုင်မှုစာချုပ်အများကြီး ရှိနေလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။ ဤသည်မှာ အလွန်အံ့ဩဖို့ကောင်းလှသည်။
ဝမ်မုန့်ကလည်း သူ့စကားပြောစက်မှတစ်ဆင့် အိမ်ရာမန်နေဂျာကို အမြန်ခေါ်လိုက်သည်။
အိမ်ရာမန်နေဂျာကလည်း ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်က နှင်းဆီအိမ်ရာရှိ ဗီလာ၁၂လုံးကို တစ်ခါတည်းဝယ်သွားကြောင်း အစောကမှ သတင်းရထားသည်။ ထို့နောက် ဤဖုန်းခေါ်ဆိုမှုက ဝင်လာခဲ့သည်။
အခြေအနေကို သိလိုက်ရသည်နှင့် အိမ်ရာမန်နေဂျာလည်း ထိတ်လန့်တုန်လှုပ်သွားသည်။ တစ်ချီတည်းဖြင့် ဗီလာ၁၂လုံးကို ဝယ်သွားနိုင်သည်မှာ သာမန်လူတစ်ယောက်တော့ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူလည်း လုံခြုံရေးအခန်းသို့ ချွေးအရွှဲသားဖြင့် အပြေးသွားပြီး ယဲ့ချန်းကို အရိုအသေပေးလိုက်သည်။
"မစ္စတာယဲ့ .. ကျွန်တော်က နှင်းဆီအိမ်ရာရဲ့ အိမ်ရာမန်နေဂျာ ကျိုးယွီပါ။ ကျွန်တော်တို့ရဲ့ပေါ့လျော့မှုက ခင်ဗျားကို စိတ်ထိခိုက်စေခဲ့တဲ့အတွက် တကယ်တောင်းပန်ပါတယ်"
ထို့နောက် ကျိုးယွီက လုံခြုံရေးခေါင်းဆောင်ကို အေးစက်လှသော အကြည့်ဖြင့် ကြည့်လိုက်သည်။
"မစ္စတာယဲ့က ဘယ်သူလဲဆိုတာ မင်းသိလား။ မင်းက ကုမ္ပဏီရဲ့မူဝါဒကို လျစ်လျူရှုပြီး နေထိုင်သူကို ပြဿနာရှာခဲ့တယ်။ ဒီတော့ မင်းကို အလုပ်ထုတ်လိုက်ပြီ။ အခုချက်ချင်းထွက်သွားတော့"
ထို့နောက် ကျိုးယွီက ယဲ့ချန်းကို ကြည့်လိုက်၏။
"မစ္စတာယဲ့..ခင်ဗျား ဒီဆုံးဖြတ်ချက်ကို ကျေနပ်ရဲ့လားဗျ"
ပြောရမည်ဆိုလျှင် အရည်အသွေးမြင့်အိမ်ရာတစ်ခု၏ အိမ်ရာမန်နေဂျာတစ်ယောက်အနေနှင့် သူ့လုပ်ရပ်က တိကျပြီး ပြတ်သားသည်။ု
ယဲ့ချန်းမှာ ဤဆုံးဖြတ်ချက်ကို အလွန်ကျေနပ်သည်။
ယဲ့ချန်းဘက်က ခေါင်းညိတ်ပြလိုက်သည်ကိုမြင်သော် ကျိုးယွီလည်း ချွေးသုတ်လိုက်ပြန်သည်။ စားပွဲပေါ်ရှိ ပိုင်ဆိုင်မှုစာချုပ်အထပ်လိုက်ကြီးကို ကြည့်ရင်း ကျိုးယွီလည်း အံ့ဩမှင်တက်သွားသည်။
နှင်းဆီအိမ်ရာတွင် စုစုပေါင်း ဗီလာအလုံးလေးဆယ်ရှိပြီး အလုံးနှစ်ဆယ်က မရောင်းရသေးပေ။
နှင်းဆီအိမ်ရာက အရည်အသွေးမြင့်အိမ်ရာဖြစ်သော်ငြား ဆောက်လုပ်ရေးကုန်ကျစရိတ်က မြင့်မားလှသည်။
ယခုမူ မရောင်းရသေးသည့် ဗီလာအလုံးနှစ်ဆယ်စလုံးကို ယဲ့ချန်းက ဝယ်သွားလေပြီ။ ဤအချက်က ယဲ့ချန်းမှာ အလွန်ချမ်းသာကြောင်း ပြသနေသည်။
အရေးအကြီးဆုံးအချက်မှာ 'အိမ်ရာများ၏ဘုရင်'ဟု ခေါ်ထိုက်သည့် ဗီလာကိုပါ ဝယ်သွားခြင်းပင်။
'အိမ်ရာများ၏ဘုရင်'ဟူသော ဗီလာမှာ နှင်းဆီအိမ်ရာတွင် မည်သူ့ကိုမှ ရောင်းမပေးသော အိမ်ရာတစ်ခုလည်းဖြစ်၏။
ဒိတ်ဒိတ်ကြဲသူဌေးအမြောက်အများမှာ ထိုဗီလာကို ဝယ်ယူရန်ကြိုးစားခဲ့သော်ငြား သူတို့အနေနှင့် ဤဗီလာကို ဝယ်ယူရန် အရည်အချင်းမပြည့်မီဘူးဟု အပြောခံခဲ့ရသည်။
သို့သော် ယခုမူ 'အိမ်ရာများ၏ဘုရင်'ဗီလာကို ယဲ့ချန်းက ဝယ်ယူသွားသည်ဖြစ်ရာ ယဲ့ချန်းတွင် ထိုကဲ့သို့သော အဆင့်အတန်းမျိုးရှိသည်ဟု ပြသနေသည်။
ဤလူက စင်စစ်ချမ်းသာကြွယ်ဝသော လုပ်ငန်းရှင်တစ်ယောက်ပင်တည်း။
ခိုင်မာလှသော နောက်ခံအင်အားမျိုးကို ပိုင်ဆိုင်ထားသူတစ်ယောက်အတွက် လုံခြုံရေးခေါင်းဆောင်တစ်ယောက်ကို စတေးရလျှင်လည်း ဘာမှမဖြစ်ချေ။
ယဲ့ချန်း၏အဆင့်အတန်းက သူတို့သူဌေးပါ လေးစားရမည့်အဆင့်အတန်းမျိုးပင်။
လုံခြုံရေးခေါင်းဆောင်၏မျက်နှာကား ဖြူဖျော့သွားရှာသည်။
ဤနှစ်တွေတစ်လျှောက် သူ လူကဲခတ်မမှားဖူးပေ။ သို့သော် ယနေ့တွင်မူ အမှားလုပ်လိုက်မိပြီ။ ထို့ကြောင့် ပေးဆပ်လိုက်ရသည့် အဖိုးအခကလည်း ပြင်းထန်လှသည်။ သူ့အလုပ်ကိုပါ ဆုံးရှုံးလိုက်ရချေသည်။
လုံခြုံရေးခေါင်းဆောင်ခမျာ ယူကျုံးမရဖြစ်နေလေသည်။
ခင်ဗျားလို သူဌေးတစ်ယောက်က ဇိမ်ခံကားကို စီးမလာဘဲ ဘာလို့ အငှားစက်ဘီးလေးကို စီးလာတာလဲ..
ကျိုးယွီ ပြုံးလိုက်လေသည်။
"မစ္စတာယဲ့.. ကျွန်တော် ခင်ဗျားကို အိမ်ရာတစ်ပတ်လိုက်ပြပြီး ပြောင်းရွှေ့ဖို့အတွက် လူတစ်ယောက်စီစဉ်ပေးပါ့မယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
ထိုအခိုက်ဝယ် ရုံးဝတ်စုံဝတ်ဆင်ထားပြီး ရွှေကိုင်းတပ်မျက်မှန်ကို တပ်ဆင်ထားသည့် မိန်းမလှလေးတစ်ယောက်က ကြောမော့လှသောဟန်ပန်ဖြင့် အနားသို့ လျှောက်လာသည်။
•••••••••••••••••••
အပိုင်း ၂၇၂ : ဒါကိုဖြိုချပြီး ဂေါက်ကွင်းဆောက်လိုက်
ထိုအမျိုးသမီး၏အသံက ချိုမြပြီး ရင်ဖိုဖွယ်ကောင်းလှသည်။ ကောက်ကြောင်းလှသော ခန္ဓာကိုယ်နှင့် မျက်နှာလေးကိုပါ ပေါင်းလိုက်သောအခါ ခုခံနိုင်စွမ်းကင်းမဲ့စေသည်။
ထိုအလှလေး၏ရုပ်ရည်မှာ ရှစ်ဆယ်ဝန်းကျင် ရှိလောက်သည်။ သို့သော် သူ(မ)က ကောင်းကောင်းမွန်မွန်ဝတ်တတ်စားတတ်သဖြင့် ဆွဲဆောင်မှုရှိပြီး လှပချောမောပေသည်။
"မင်္ဂလာပါ မစ္စတာယဲ့..ကျွန်မက အိမ်ရာကုမ္ပဏီက မန်နေဂျာ လီဝမ်ဝမ်ပါ။ ကျွန်မ ရှင့်ကို ဒီအိမ်ရာတစ်ဝိုက် လိုက်ပြပေးပါ့မယ်"
လီဝမ်ဝမ်က ထိုသို့ပြောရင်း သေးသွယ်ပြီး အချိုးအဆစ်ကျနသော လက်လေးကို ဆန့်ထုတ်လိုက်သည်။
လက်ချင်းဆွဲလိုက်ချိန်ဝယ် ထိုမိန်းကလေး၏လက်က သူ့လက်ဖဝါးကို ကုတ်ခြစ်လိုက်ကြောင်း ယဲ့ချန်း ခံစားမိသည်။
ယဲ့ချန်း၏နှလုံးသားမှာ ဗလောင်ဆူသွားရသည်။ ဤမိန်းကလေးက စိတ်ဝင်စားဖို့ကောင်းလှသည်။
လီဝမ်ဝမ်က ယဲ့ချန်းအား အိမ်ရာတစ်ဝိုက် လိုက်ပြပေးသည်။
အိမ်ရာထဲရှိ လမ်းခင်းကျောက်လုံးလမ်းကြောင်းတစ်လျှောက် လီဝမ်ဝမ်နှင့် ယဲ့ချန်းတို့မှာ အလွန်ပူးကပ်၍ လျှောက်လာကြသည်။ သူ(မ)က ယဲ့ချန်း၏ခန္ဓာကိုယ်ပေါ်သို့ မသိမသာမှီတွယ်ထားလိုက်သေးသည်။
လီဝမ်ဝမ်က အလွန်တဲ့တိုးဆန်လှသောကြောင့် မဟုတ်ပါဘဲ ဤဗီလာအလုံးနှစ်ဆယ်က အလွန်ဖြုံချင်စရာကောင်းနေသောကြောင့်ပင်။ ယဲ့ချန်းက ချမ်းသာရုံသာမက ချောလည်းချောသည်။ သူသည် မိန်းကလေးတိုင်း၏ အိပ်မက်ထဲက မင်းသားလေးဟုပင် ပြောထိုက်သည်။
မန်နေဂျာကျိုးက လီဝမ်ဝမ်နှင့် ယဲ့ချန်းတို့ အတူထွက်သွားသည်ကိုကြည့်ရင်း စိတ်သက်သာရာဟန် သက်ပြင်းချလိုက်မိသည်။
မစ္စတာယဲ့က ဤကိစ္စကို ရေးကြီးခွင်ကျယ်မလုပ်သည်မှာ ကံကောင်းလှသည်။ အကယ်၍ ယဲ့ချန်းကသာ ဤကိစ္စကို ဆက်ဖြေရှင်းမည်ဆိုပါက အိမ်ရာမန်နေဂျာဖြစ်သည့် သူလည်း အလုပ်ပြုတ်ရမည်သာ။
မန်နေဂျာကျိုးက ရုံးခန်းသို့ ပြန်တော့မည့်ဆဲဆဲမှာပင် ဝမ်မုန့်ကို ရုတ်တရက်မြင်လိုက်လေသည်။
သူ့ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီးနောက် ဝမ်မုန့်ကိုပြောလိုက်၏။
"ဝမ်မုန့်..မင်းနဲ့ မစ္စတာယဲ့က ဘယ်လိုပတ်သက်တာလဲ"
ဝမ်မုန့်ကလည်း ဆို၏။
"ကျွန်တော်တို့က အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေပါ"
"အထက်တန်းကျောင်းတုန်းက အတန်းဖော်တဲ့လား"
ကျိုးယွီ ခေါင်းတညိတ်ညိတ်လုပ်လိုက်လေသည်။
သူက ပြုံး၍ ပြောလိုက်၏။
"ရှောင်ဝမ်.. အခုနောက်ပိုင်း မင်းရဲ့အလုပ်လုပ်ပုံက အရမ်းကောင်းတယ်။ လုံခြုံရေးခေါင်းဆောင်နေရာကလည်း လွတ်နေတာဆိုတော့ မင်းပဲ တာဝန်ယူလိုက်ပါ့လား။ ဒီနေ့ကစပြီး မင်းက နှင်းဆီအိမ်ရာရဲ့ လုံခြုံရေးခေါင်းဆောင်ဖြစ်သွားပြီ"
ဝမ်မုန့်မှာ ကြက်သေသေသွားလေသည်။ သူ့လက်ရှိလစာမှာ ငါးထောင်ဖြစ်၏။ လုံခြုံရေးခေါင်းဆောင်၏လစာသည် ငါးဆတိတိတိုးသည်ဖြစ်ရာ တစ်သောင်းငါးထောင်ဖြစ်သွားချေသည်။
ဤသည်မှာ သူ့အလုပ်လုပ်ပုံ ကောင်းမွန်သောကြောင့်မဟုတ်ကြောင်း ဝမ်မုန်ု့ ကောင်းကောင်းသိသည်။ မန်နေဂျာကျိုးက သူ့အား ရာထူးတိုးပေးလိုက်သည့် အဓိကအကြောင်းပြချက်မှာ ယဲ့ချန်းကြောင့်ပင်။
ဝမ်မုန့်လည်း ယဲ့ချန်းကို အလွန်ကျေးဇူးတင်မိသည်။ ယဲ့ချန်းက သူ့ဘဝကိုပြောင်းလဲပေးလိုက်သည်ဟု ဆိုနိုင်ပေသည်။
…
ထိုအချိန်တွင် ယဲ့ချန်းနှင့် လီဝမ်ဝမ်တို့က အိမ်ရာထဲတွင် လမ်းလျှောက်နေကြသည်။ ဤဗီလာက အလွန်ကြီးမားလှသည်။ ဗီလာတစ်လုံးချင်းစီတိုင်းက ဥရောပစတိုင်အဆောက်အအုံများပင်။
ဗီလာများမှာ အသုံးအဆောင်အပြည့်အစုံရှိ၏။ ပန်းပင်များ၊ သစ်ပင်များနှင့် ဗီလာအလယ်တွင်လည်း လူလုပ်ရေကန်တစ်ခုရှိသည်။
သူတို့နှစ်ယောက်သားလည်း လူလုပ်ရေကန်နားရှိ ဗီလာတစ်လုံးဆီသို့ မရောက်ခင်အထိ ဆယ်မိနစ်ကျော်လောက် လမ်းလျှောက်ခဲ့ကြသည်။ ဤသည်မှာ အိမ်ရာတစ်ခုလုံးတွင် ဈေးအကြီးဆုံး အိမ်ရာဘုရင်ပင်တည်း။
ဤဗီလာမှာ သန်းနှစ်ရာတန်ဖိုးရှိပြီး နောက်ဆုံးတွင် သန်းငါးရာဖြင့် ဈေးဖြတ်ထားသော်လည်း ရောင်းမထွက်ခဲ့ပေ။ မည်သူမှ မဝယ်နိုင်သောကြောင့်မဟုတ်ပါဘဲ ဝယ်ယူသူများမှာ အရည်အချင်းမပြည့်ဝသောကြောင့်ပင်။
ဤဗီလာက ယဲ့ချန်း၏ ဟွားစံအိမ်တော်ဗီလာထက် ပိုကြီးသည်။ စုစုပေါင်း လေးလွှာရှိပြီး အကျယ်အဝန်းမှာ တစ်ထောင်စတုရန်းမီတာအထိ ရှိသည်။ ဗီလာ၏အနောက်တွင် စတုရန်းမီတာရှစ်ရာကျယ်ဝန်းသော ဥယျာဉ်ကြီးတစ်ခုရှိပြီး ထိုဥယျာဉ်၏အနောက်တွင် လူလုပ်ရေကန် ရှိသည်။
ထို့ပြင် ဤဗီလာ၏ခြံဝင်းထဲ၌ ရဟတ်ယာဉ်ကွင်းတစ်ကွင်းလည်း ပါရှိသည်။
ယဲ့ချန်းက မည်မျှချမ်းသာကြွယ်ဝသောကြောင့် ဤဗီလာကို ဝယ်ယူခွင့်ရထားသလဲဆိုသည်ကို လီဝမ်ဝမ် အလွန်သိချင်မိသည်။
"ဒီဗီလာက ဥရောပဗိသုကာပုံစံကို မှီငြမ်းထားပြီး ဥရောပတော်ဝင်အိမ်တော်ဒီဇိုင်းနဲ့ ပေါင်းစပ်ထားပါတယ်။ အထပ်လေးထပ်နဲ့ မြေအောက်ခန်းတစ်ခန်းလည်းပါသလို…"
ယဲ့ချန်းက လီဝမ်ဝမ်၏မိတ်ဆက်ကို ကြားလိုက်ရပြီးနောက် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်မိသည်။
အိမ်ရာဘုရင်ဟု ခေါ်ထိုက်ပါပေသည်။ ဗီလာတစ်ခုလုံး၏ ဒီဇိုင်းကား အလွန်ခမ်းနားလှသည်။
ရှစ်ရာစတုရန်းမီတာကျယ်ဝန်းသော အနောက်ခြံဝင်းတစ်ခုနှင့် လူလုပ်ရေကန်တစ်လုံးလည်း ပါသေးသည်ဖြစ်ရာ အလွန်အံ့ဩဖို့ကောင်းလှသည်မဟုတ်လား။
ဗီလာတစ်ခုလုံးကို ခမ်းနားစွာအလှဆင်ထားပြီး နေ့တိုင်းလည်း သန့်ရှင်းရေးလုပ်ထားသည်။ လက်ရှိတွင် မည်သူမှမနေထိုင်သော်ငြား အပြစ်ပြောစရာမရှိပေ။
ယဲ့ချန်းလည်း ပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ ဤအိမ်ရာတစ်ဝက်လောက်က သူ့ဗီလာများပင်။
ဤဗီလာများကို မည်သို့စီမံရမည်နည်း။
သူ ရုတ်တရက်တွေးလိုက်မိသည်။ အကယ်၍ နောင်အနာဂတ်တွင် သူ့ချစ်သူမိန်းကလေးများကို ဤနေရာတွင် နေရာချပေးလိုက်ပါက တစ်ယောက်ချင်းစီကို ဗီလာတစ်လုံးစီတွင် နေရာပေးလိုက်မည်ဆိုလျှင် အဆင်ပြေမည်မဟုတ်လား။
ယဲ့ချန်းမှာ အနောက်ဘက်ခြံဝင်းကိုကြည့်၍ ပြောလိုက်၏။
"ဒီဥယျာဉ်ထဲမှာ ဂေါက်ကစားလို့ရရင် ကောင်းမှာပဲ။ နည်းနည်းတော့ သေးနေသလိုပဲ"
ယဲ့ချန်း၏စကားကို ကြားသောအခါ လီဝမ်ဝမ်လည်း ကြက်သေသေသွားလေသည်။
"ဘာရယ်..ရှစ်ရာစတုရန်းမီတာရှိတဲ့ အနောက်ခြံဝင်းတစ်ခုက သေးတယ်တဲ့လား။ ဒါကြီးက တအားကြမ်းလိုက်တာ"
လီဝမ်ဝမ်မှာ ထိုသို့မရေရွတ်ဘဲ မနေနိုင်တော့ပေ။
"မစ္စတာယဲ့.. ဒီခြံဝင်းက ဗီလာတွေထဲမှာ ကြီးတယ်လို့တောင် ပြောလို့ရပါတယ်"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကြီးတာတော့ တကယ်ကြီးပါတယ်။ ဒါပေမဲ့ ဂေါက်ကစားဖို့အတွက်ဆိုရင် နည်းနည်းသေးနေတယ်"
လီဝမ်ဝမ် : "..."
ယဲ့ချန်း၏အကြည့်က မလှမ်းမကမ်းရှိ ဗီလာနှစ်လုံးဆီသို့ ရောက်သွားပြီး မေးလိုက်သည်။
"အဲဒီဗီလာနှစ်လုံးကရော ကျွန်တော့်ဗီလာတွေလား"
လီဝမ်ဝမ်က ခဏမျှတုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။
"အဲဒီဗီလာနှစ်လုံးက ဗီလာဘုရင်လိုတော့ မဟုတ်ပေမဲ့ ဒီနေရာမှာတော့ အိမ်ခြံမြေဈေးက တော်တော်မြင့်တယ်။ တစ်လုံးကို သန်းခုနစ်ဆယ်တန်ဖိုးရှိတယ်"
"အဲဒီဗီလာနှစ်လုံးကို ကျွန်တော်ပိုင်တာဆိုတော့ ကြိုက်သလိုလုပ်လိုက်လို့ရတယ်မလား"
လီဝမ်ဝမ်က စိတ်ရှုပ်ထွေးဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်။ ဒီဗီလာနှစ်လုံးက ရှင့်အပိုင်မို့ အဲဒါတွေကို ရှင့်စိတ်ကြိုက်လုပ်လို့ရပါတယ်"
လီဝမ်ဝမ်၏စကားကို ကြားသောအခါ ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ဒီလိုဆိုရင် အဲဒီဗီလာတွေကို ဖြိုချပြီး ဂေါက်ကွင်းတစ်ခုဆောက်လိုက်မယ်"
လီဝမ်ဝမ် : "..."
ထိုဗီလာနှစ်လုံးက သန်း၁၄၀တန်ဖိုးရှိပေသည်။ ထိုဗီလာများကို သည်အတိုင်းဖြိုချပစ်တော့မည်လား။
ယနေ့ခေတ်သူဌေးများက ဤမျှအထိ ကြီးကျယ်ခမ်းနားနေပြီလား။
လီဝမ်ဝမ်သည် အဆင့်မြင့်အိမ်ရာများတွင် အိမ်ရာကြီးကြပ်ရေးမှူးအဖြစ် အလုပ်လုပ်ခဲ့ဖူးသည်။ လူကုံထံအမြောက်အများကိုလည်း မြင်ဖူးသည်။ ကြီးကျယ်ခမ်းနားလှသော လူအများအပြားကိုလည်း မြင်ဖူးသည်။
သို့သော် ယဲ့ချန်းကဲ့သို့ ကြီးကျယ်ခမ်းနားမှုမျိုးကိုတော့ သူ(မ) ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းပင်။
"မစ္စတာယဲ့...အဲဒီဗီလာနှစ်လုံးရဲ့ ကုန်ကျစရိတ်က သန်း၁၄၀ရှိပါတယ်။ ရှင် အဲဒါတွေကိုဖြိုချပစ်ချင်တာ သေချာပြီလား"
"သန်း၁၄၀တည်းပါ။ သိပ်မများပါဘူး။ ဖြိုချပစ်လိုက်။ ဘာပြဿနာရှိလို့လဲ"
လီဝမ်ဝမ်ခမျာ မဲ့ပြုံးပြုံးလိုက်မိသည်။
"တခြားအိမ်ပိုင်ရှင်တွေကို ဘာမှမထိခိုက်ရင်တော့ ပြဿနာမရှိပါဘူး"
ချမ်းသာကြွယ်ဝမှုစစ်စစ်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း လီဝမ်ဝမ် ယနေ့မှာ ကောင်းကောင်းသိလိုက်ရလေပြီ။
သန်းဂဏန်းက ပိုက်ဆံဟု မခေါ်ထိုက်ပေ။
သိပ်မများဘူးဆိုရင်လည်း ကျွန်မကိုပေးလိုက်ပါလား….
ဤမျှကောင်းမွန်လှသော ဗီလာများကို မနေချင်သဖြင့် ဖြိုချမည်ဆိုလျှင်လည်း သူ(မ)ကိုသာ ပေးလိုက်ပါတော့လား။ ဘာကြောင့်များ ယခုလိုဖြုန်းတီးနေရသလဲ။
သူ(မ)မှာ စိတ်ထဲတွင် အထွန့်တက်နေသော်ငြား အပြင်မှာမူ ထုတ်မပြောရဲပေ။ ထို့နောက် ပြောလိုက်၏။
"ဗီလာနှစ်လုံးကို ဖြိုချမဲ့စရိတ်အပြင် ဂေါက်ကွင်းဆောက်ဖို့အတွက် ကုန်ကျစရိတ်ကိုပါ ပေါင်းလိုက်ရင် အနည်းဆုံးတော့ ရှစ်သိန်းလောက် ကုန်ပါလိမ့်မယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် ခင်ဗျားကို တစ်သန်းပေးမယ်။ ကောင်းကောင်းမွန်မွန်ဖြစ်အောင်သာ စီမံလိုက်ပါ"
"ကောင်းပါပြီ မစ္စတာယဲ့"
လီဝမ်ဝမ်လည်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ယဲ့ချန်း၏တောင်းဆိုချက်များကို သူ(မ)၏ မှတ်စုစာအုပ်ထဲတွင် ချရေးထားလိုက်သည်။
ယဲ့ချန်းအတွက်တော့ ငွေဆိုသည်မှာ ဂဏန်းတစ်ခုသက်သက်သာဖြစ်၏။
ယဲ့ချန်းလည်း ရေကန်အစပ်သို့ လျှောက်သွားပြီး ဖိတ်ဖိတ်တောက်နေသော ရေကန်ကို ကြည့်ကာ အလွန်လန်းဆန်းသွားသလို ခံစားလိုက်ရသည်။
ငွေရှိသောဘဝကား အလွန်လှပလွန်းလှသည်။
သူ့ဘေးရှိ လီဝမ်ဝမ်မှာ ယဲ့ချန်း၏ဘေးတိုက်မျက်နှာကို ကြည့်ရင်း ဆွဲဆောင်ဖမ်းစားခံလိုက်ရသည်။
ချောမောခံ့ညားသလို ချမ်းလည်းချမ်းသာပေသည်။ ဤမျှပြီးပြည့်စုံသော အမျိုးသားတစ်ယောက်က ဤကမ္ဘာပေါ်တွင် တကယ်ရှိနေချေသည်။
ထိုကဲ့သို့သော ယောကျ်ားမျိုးကို လီဝမ်ဝမ် မည်သို့လက်လွှတ်ခံနိုင်မည်နည်း။
လီဝမ်ဝမ်က ရုတ်တရက်မေးလိုက်သည်။
"မစ္စတာယဲ့.. ရှင် ဒီည ဒီမှာအိပ်ချင်လား"
ယဲ့ချန်းကလည်း ခေါင်းညိတ်ပြလိုက်သည်။
"အင်း.. ဒီနေရာက ကောင်းသားပဲ။ ဒီမှာ တစ်ညလောက်အိပ်ကြည့်လိုက်မယ်"
လီဝမ်ဝမ်မှာ ခေါင်းညိတ်ပြရင်း ရှက်သွေးဖြာလာလေသည်။
"မစ္စတာယဲ့က နှင်းဆီအိမ်ရာမှာ ပထမဆုံးအကြိမ်နေမှာဆိုတော့ ဒီနေရာနဲ့ ရင်းနှီးဦးမှာမဟုတ်ဘူး။ ကျွန်မ.. ကျွန်မ ဒီည ရှင်နဲ့အတူ အဖော်ပြုပေးရင်ရော ဘယ်လိုလဲ"
"ခင်ဗျားက ကျွန်တော့်ကို အဖော်ပြုပေးမှာလား"
ယဲ့ချန်း တဒင်္ဂမျှ ကြက်သေသေသွားလေသည်။
လီဝမ်ဝမ်လည်း အနည်းငယ်စိတ်လှုပ်ရှားနေမိသည်။ သူ(မ)သည် ဤနှစ်များအတွင်း လူကုံထံတချို့နှင့် ပတ်သက်ဆက်ဆံဖူးသည်။
သို့သော် ယခင်က ပိုက်ဆံအတွက်နှင့် ချဉ်းကပ်ခဲ့ခြင်းဖြစ်ပြီး ယခုမှာမူ ယဲ့ချန်း၏ဆွဲဆောင်မှုကြောင့် ချဉ်းကပ်ခဲ့ခြင်းသာဖြစ်၏။
••••••••••••••••••
အခန်း ၂၇၃ - အကြွားသန်တဲ့ပြိုင်ဘက်နဲ့ လာတွေ့နေပါလား
လီဝမ်ဝမ်မှာ ယခင်က ဘယ်ယောကျာ်းကြောင့်မှ ဤမျှအထိ စိတ်မလှုပ်ရှားခဲ့ဖူးပေ။
ယဲ့ချန်းက အလွန်ထူးခြားလှသည်။ ချောမောခံညားရုံသာမက ချမ်းလည်းချမ်းသာသည်။
သူ(မ)အရှေ့ရှိ ဤအမျိုးသားကို သိမ်းပိုက်ပစ်လိုက်ချင်သော စိတ်ဆန္ဒကြောင့် ခန္ဓာကိုယ်တစ်ခုလုံး ပူနေသလိုပင် ခံစားရသည်။
ယခင်တုန်းက အကျိုးအမြတ်များကို ခံစားရရန်အတွက် လူကုံထံအမျိုးသားများနှင့် အတူအိပ်ရန် မကြာခဏမြှူဆွယ်ဖြားယောင်းတတ်သည်။
သို့သော် ထိုစဉ်က ပိုက်ဆံကြောင့်သာဖြစ်ပြီး ယနေ့မှာမူ ရင်ထဲကလာသော ဆန္ဒကြောင့်သာ။
လီဝမ်ဝမ်က သူ(မ)ကိုယ်သူ(မ) အလွန်ယုံကြည်မှုရှိသည်။ သူ(မ)၏ရုပ်ရည်နှင့် ကောက်ကြောင်းလှသော ခန္ဓာကိုယ်ဖြင့်သာဆိုလျှင် မည်သူကမှ သူ(မ)ကို ငြင်းဆန်နိုင်မည်မဟုတ်ပေ။
မိန်းမလှလေးတစ်ယောက်နှင့် အတူအိပ်ရမည်ဆိုလျှင် ဘယ်ယောကျ်ားကမှ ငြင်းဆန်နိုင်မည်မဟုတ်။
ဤလူ့ကိုသာ ကပ်ထားသရွေ့ သူ(မ)၏ လက်ကျန်သက်တမ်းတစ်လျှောက်လုံး ပူစရာမလိုတော့ပေ။
ယဲ့ချန်းကမူ ခေါင်းခါပြသည်။
"မလိုပါဘူး။ ကျွန်တော့်ကို အဖော်လုပ်ပေးစရာမလိုဘူး"
လီဝမ်ဝမ်က အေးတိအေးစက် နှာခေါင်းရှုံ့လိုက်သည်။
"ယောကျ်ားတွေက သူတော်ကောင်းယောင်ဆောင်လိုက်တာ။ လိုချင်တာတောင် ဟန်ဆောင်နေသေးတယ်"
သူ(မ)က ဆံပင်ကို ဖျတ်ခနဲခါယမ်းလိုက်၏။
"မစ္စတာယဲ့... ကျွန်မရဲ့အစွမ်းအစက ကောင်းပြီးသားပါ"
လီဝမ်ဝမ်က ယဲ့ချန်းအား သူ(မ)၏ဆွဲဆောင်မှုများကို ထုတ်ပြလိုက်ပြန်သည်။ ယဲ့ချန်းအနားသို့ တိုးကပ်သွားပြီး သူ(မ)၏ရနံ့များဖြင့် သူ့အား လွှမ်းခြုံပစ်လိုက်သည်။
လီဝမ်ဝမ်မှာ သူ(မ)တွင်ရှိသမျှ ဆွဲဆောင်ဖြားယောင်းနည်းအဖြာဖြာကို ထုတ်သုံးနေလေသည်။
လီဝမ်ဝမ်ထံမှ ထုတ်လွှတ်နေသော အပူဓာတ်များကို ခံစားမိသောအခါ ယဲ့ချန်းလည်း တည်ငြိမ်အောင် ထိန်ထားရန် ခက်ခဲနေသည်။
လီဝမ်ဝမ်ကမူ ဘဝင်ခိုက်ဟန်ဖြင့် တွေးလိုက်မိသည်။
"ဟမ့်... ဘယ်ယောကျ်ားမှ ငါ့လက်ထဲကမလွတ်ပါဘူး"
ယဲ့ချန်းမှာ အမှန်တကယ်ဆွဲဆောင်ခံနေရသည်။ သို့သော် မကြာခင်မှာပင် ရေအေးတစ်ပုံးက သူခံစားနေရသည့် အပူများကို ငြှိမ်းသတ်ပစ်လိုက်သည်။
စမ်းသပ်ရန်အတွက် ဟန်ဆောင်မှုစစ်ဆေးရေးစနစ်ကို သုံးကြည့်လိုက်လေရာ လီဝမ်ဝမ်၏ဟန်ဆောင်မှုတန်ဖိုးက ၉၈အထိရှိနေပေသည်။
ထိပ်တန်းအဆင့် မူယာမာယာများသော မိန်းကလေးတစ်ယောက်ပင်။
ဤအမျိုးသမီးက နှင်းဆီအိမ်ရာရှိ ယောကျ်ားအားလုံးနှင့် ပတ်သက်ခဲ့ဖူးလေသလားဆိုသည်ကိုပင် သံသယဖြစ်မိသည်။
ယဲ့ချန်း ပြုံးပြလိုက်၏။
"ခင်ဗျားပြောချင်တဲ့အဓိပ္ပာယ်ကို ကျွန်တော် နားမလည်ဘူး"
လီဝမ်ဝမ်၏လက်ချောင်းများက ယဲ့ချန်း၏မေးစေ့သို့ ရောက်လာခဲ့သည်။
"ကျွန်မက ရှင်တို့ယောကျ်ားတွေ စိတ်ဝင်စားတဲ့ကိစ္စကိုပြောနေတာလေ"
"သြော် နားလည်ပြီ။ ဒါနဲ့ ကျွန်တော်က ကျူးကောလျန်ကို သုံးရတာကြိုက်တယ်။ ခင်ဗျားကရော.. ရှောင်ချောင်းကို သုံးပါ့လား"
လီဝမ်ဝမ် : "..."
ယောကျ်ားများကို မြှူဆွယ်ဖြားယောင်းရာတွင် လီဝမ်ဝမ် မရှုံးဖူးချေ။
သို့သော် ယနေ့တွင်မူ ရှုံးရလိမ့်မည်ဟု သူ(မ) လုံးဝထင်မထားပေ။
ယဲ့ချန်း၏ဗီလာနားမှ မကျေမနပ်ဖြင့် ထွက်လာခဲ့ပြီးနောက် သူ(မ)ရင်ထဲတွင် တွန့်ဆုတ်နေမိသည်။
လီဝမ်ဝမ်၏ကျောပြင်ကိုကြည့်ရင်း ယဲ့ချန်း ခေါင်းခါယမ်းလိုက်မိသည်။
လီဝမ်ဝမ်က အလှပဂေးတစ်ယောက်ဆိုသည်မှာ အမှန်ပင်။ အမှတ်တစ်ရာတွင် ကိုးဆယ်နီးပါးရနိုင်သည်။
အရေးအကြီးဆုံးအချက်မှာ ယောကျ်ားများကို မြူဆွယ်ဖြားယောင်းသည့် နက်နဲလှသော သူ(မ)၏စွမ်းရည်များပင်။
သို့သော် ယဲ့ချန်းကတော့ လူတကာနှင့်ဆက်ဆံထားသော မိန်းကလေးများအပေါ် ဘာခံစားချက်မှမရှိပေ။
ထို့ပြင် ယဲ့ချန်းက ယခင်လိုမဟုတ်တော့ပေ။
ယခင်ကသာဆိုလျှင် စိတ်လှုပ်ရှားကောင်းလှုပ်ရှားနိုင်သည်။ သို့သော် ယခုမူ ရုပ်ရည်ရမှတ်ကိုးဆယ်မပြည့်သော မိန်းကလေးများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပေ။
ယဲ့ချန်း သက်ပြင်းချလိုက်သည်။
"အာ ညီမ.. စိတ်မကောင်းမဖြစ်ပါနဲ့။ မင်းက မတော်လို့မဟုတ်ပါဘူး။ ကျွန်တော့်စံနှုန်းသတ်မှတ်ချက်တွေက အရမ်းမြင့်လို့ပါ"
...
နောက်တစ်နေ့တွင် ယဲ့ချန်းက တက္ကစီဆက်မောင်းခဲ့သည်။ မကြာခင်မှာပင် ပထမဆုံးအော်ဒါက ဝင်လာခဲ့သည်။
ယဲ့ချန်းက အဆင့်မြင့်အိမ်ရာတစ်ခု၏ အဝင်ဝတွင် ကားရပ်လိုက်၏။
ဟားမိစ်ဝတ်စုံကိုဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က ဆံပင်ကို အနောက်သို့ အပြောင်သိမ်းထားပြီး အစိမ်းရောင်ရေငုပ်သင်္ဘောသားနာရီကိုပတ်ကာ လမ်းဘေးတွင် ရပ်နေချေသည်။
သူ့လှုပ်ရှားဟန်တိုင်းက ယုံကြည်မှုများဖြင့် ပြည့်နှက်နေပြီး မျက်ဝန်းထဲတွင်လည်း မောက်မာသောအရိပ်အယောင်များက အထင်းသားပင်။
ဖြတ်သွားဖြတ်လာများမှာ ဤအချက်ကို အတပ်ပြောနိုင်ကြသည်။
"ဒီလူက အောင်မြင်နေတဲ့လူတစ်ယောက်ပဲ"
ယဲ့ချန်းလည်း ထိုလူ့ဘေးသို့ ကားကို မောင်းသွားလိုက်သည်။
"ကြိုဆိုပါတယ်ဗျ။ ကားပေါ်ကိုကြွပါ"
အထဲသို့ရောက်လာသည်နှင့် ထိုလူက အထွန့်တက်လေတော့သည်။
"ဒါက ဘယ်လိုကားကြီးလဲ။ ပြည်တွင်းထုတ်လား။ ဒီဘရန်းကို တစ်ခါမှမမြင်ဖူးဘူး။ ကျုပ် ပုံမှန်သုံးနေကျ ကားက ဘီအမ်ဒဗလျူဘန့်စ်လေ။ ဒီလိုအဆင့်နိမ့်ကားကို အရင်က မမြင်ဖူးဘူး"
ယဲ့ချန်းကမူ ဘာမှပြန်မပြောဘဲ ပြုံးရုံသာပြုံးသည်။ သူ့ကူလီနန်ကားက SUVကားများ၏ဘုရင်ပင်။
ဘီအမ်ဒဗလျုနှင့် ဘန့်စ်တို့က သူ့ကားနှင့်ယှဉ်လိုက်ပါက အမှိုက်သာသာပင်။
သို့သော် ထိုလူက ကြွားဝါခြင်းကို ခုံမင်နေသောကြောင့် ယဲ့ချန်းလည်း သူနှင့် စကားပြိုင်မပြောချင်ပေ။
ယဲ့ချန်းက ထိုအမျိုးသားရှိရာနေရာသို့ လှမ်းကြည့်လိုက်၏။
"စီးပွားရေးစင်တာလား"
ဒါက ငါ့နေရာမဟုတ်လား။
ယဲ့ချန်းလည်း စူးစမ်းလိုဟန်ဖြင့် မေးလိုက်မိသည်။
"ကိုယ့်လူ... စီးပွားရေးစင်တာကို အလုပ်ကိစ္စနဲ့ သွားမလို့လား"
ထိုလူကလည်း မာန်ဝင့်ကြွားဟန်ဖြင့် ပြန်ပြောလိုက်၏။
"ဟုတ်တယ်။ ကျုပ်က နိုင်ငံခြားပြန်လေ။ အခုလည်း လုပ်ငန်းတစ်ခုလုပ်ဖို့ ပြန်လာတာဆိုတော့ ကုမ္ပဏီတစ်ခု ထောင်မလို့။ မိုတုမြို့ထဲမှာ လှည့်ပတ်လေ့လာကြည့်လိုက်တော့ မိုတုစီးပွားရေးစင်တာက အကောင်းဆုံးနေရာပဲဆိုတာ သိလိုက်ရတယ်"
"သြော် ဒီလိုကိုး"
ထိုလူက ဆက်ကြွားနေချေသည်။
"အစ်ကိုထန်နဲ့ အစ်ကိုမာတို့ကို သိတယ်မလား"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
"ဟွားနိုင်ငံရဲ့ အချမ်းသာဆုံးလူတွေမလား..သိတာပေါ့"
"ကျုပ်ရဲ့ပရောဂျက်က အရမ်းမိုက်တာ။ သူဌေးကြီးနှစ်ယောက်တောင် အလုအယက်ဖြစ်နေကြတာနော်။ ဒါပေမဲ့ နောက်တော့ အစ်ကိုမာက ပိုစိတ်ရင်းစစ်မှန်တယ်လို့ထင်လို့ အစ်ကိုမာ့ကိုပဲ ပေးလိုက်တာ"
"အရမ်းအံ့သြချင်စရာကောင်းတာပဲ။ အစ်ကိုမာက ခင်ဗျားရဲ့ပရောဂျက်ကို ရင်းနှီးမြှုပ်နှံနေတာကိုး"
ယဲ့ချန်းက အလွန်ပူးပေါင်းတတ်သောကြောင့် ထိုအမျိုးသားကို ထိတ်လန့်သွားလေဟန် အမူအရာကို လုပ်ပြလိုက်၏။
ထိုအမျိုးသားကလည်း ယဲ့ချန်း၏အမူအရာကို မြင်ရသောအခါ အလွန်ကျေနပ်သွားသည်။
"ဟုတ်တယ်။ ပရောဂျက်က အရမ်းမိုက်လို့လေ"
"သြော်.. ပရောဂျက်က ဘာအကြောင်းအရာလဲ"
ယဲ့ချန်းက စူးစမ်းလိုဟန်ဖြင့် မေးလိုက်၏။
"ဒီပရောဂျက်က ခင်ဗျားကို ပြောပြလို့မရဘူး။ ဒါပေမဲ့ နှစ်ဘီလျံတန်ပရောဂျက်နော်"
ယဲ့ချန်း : "...🥰"
ထိုအခိုက်ဝယ် ယဲ့ချန်းက စီးပွားရေးစင်တာနားသို့ မောင်းလာလေသည်။
ဤလူက ထိုအဆောက်အအုံကို ဘဝင်ခိုက်ဟန်ဖြင့် လက်ညှိုးထိုးပြသည်။
"ကျုပ်က ဒီအဆောက်အအုံထဲက အထပ်တစ်ထပ်ကိုငှားဖို့ စီစဉ်နေတာ။ ထိပ်ဆုံးအထပ်က ပြတင်းပေါက်ကို မြင်တယ်မလား။ အဲဒါက ကျုပ်ရုံးခန်းပဲ"
ယဲ့ချန်းလည်း ထိုတည်နေရာအတိုင်း လိုက်ကြည့်လိုက်၏။ တိုက်ဆိုင်ချင်တော့ ထိုအခန်းမှာ သူ့ရုံးခန်းဖြစ်နေပေသည်။
မန်နေဂျာက သူ့ကို ပြောင်းရွှေ့ရန် မပြောရသေးဟန်တူသည်။
ထိုလူက ဆက်ကြွားနေချေသည်။
"စီးပွားရေးစင်တာက ကုမ္ပဏီပေါင်းငါးရာကို လက်ခံထားတာ။ တစ်လတစ်လကို ငှားရမ်းခက ဘယ်လောက်ပေးရလဲဆိုတာသိလား"
ယဲ့ချန်း ခဏမျှတွေးဆလိုက်သည်။
"တော်တော်ဈေးကြီးတဲ့ပုံပဲ။ တစ်စတုရန်းမီတာကို ရာဂဏန်းလောက် ပေးရတယ်မလား"
ထိုလူက တုံ့ခနဲဖြစ်သွားသည်။
"ခင်ဗျားမှန်းတာမှန်သားပဲ"
"ဒီစီးပွားရေးစင်တာရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ သိလား။ သူက ယဲ့မျိုးရိုးနဲ့ လူငယ်လေးတစ်ယောက်နော်။ ကျုပ် ပြန်ရောက်ရောက်ချင်း သူက ကျုပ်ကို ညစာဖိတ်ကျွေးပြီး စီးပွားရေးစင်တာကို ပြောင်းလာဖို့ တောင်းပန်ခယနေရှာတာ။ သူ့စိတ်ရင်းကို ခံစားမိလို့ ကျုပ်လည်း သဘောတူလိုက်တာ"
ယဲ့ချန်း ကြက်သေသေသွားရသည်။ ဤလူက ကြွားဝါရခြင်းကို သဘောကျနေဟန်ပင်။
ငါတို့က ညစာစားခဲ့တာတဲ့လား။
ငါက မင်းကိုတောင် ငါ့နေရာကိုပြောင်းလာဖို့ တောင်းပန်ခယခဲ့သေးတယ်ပေါ့...
"ကျုပ် ဘယ်လောက်အင်အားကြီးလဲဆိုတာ ခင်ဗျားသိရောပေါ့"
ထိုလူက သူ့ရွှေကိုင်းတပ်မျက်မှန်ကို ပင့်တင်ရင်း ဘဝင်ခိုက်နေချေသည်။
"ကျုပ်က အနုပညာရှင်တွေ ဥက္ကဋ္ဌမာ ဥက္ကဋ္ဌထန်နဲ့ မစ္စတာယဲ့တို့ကို ခင်တယ်လေ။ ဟူး..ခင်ဗျားလို မလောက်လေးမလောက်စားလူတစ်ယောက်ကို ပြောပြနေလည်း နားလည်မှာမဟုတ်ဘူး"
ယဲ့ချန်းလည်း ပြုံးလျက် ပြောလိုက်၏။
"ခင်ဗျားပြောတဲ့ ပိုင်ရှင်က နာမည်ဘယ်လိုခေါ်တာလဲ"
"သူ့နာမည်က ယဲ့ချန်းတဲ့။ သူလည်း ခင်ဗျားနဲ့ သက်တူရွယ်တူလောက်ပဲ။ ကြည့်စမ်းပါဦး။ ခင်ဗျားကျတော့ တက္ကစီမောင်းနေရတယ်။ သူကတော့ စီးပွားရေးစင်တာရဲ့ပိုင်ရှင်ဖြစ်နေပြီ။ မိုက်တယ်မလား။ သူ့မှာ ပိုင်ဆိုင်မှုတွေအများကြီးရှိတယ်လို့ ကြားတာပဲ။ ပြောရရင်တော့ အရမ်းအထင်ကြီးဖို့ကောင်းတာပေါ့။ ကျုပ်တို့ အတူညစာစားတုန်းက သူ့ကို ကျုပ် အရမ်းအထင်ကြီးသွားတာ။ ကျုပ်တို့တွေ အတူသောက်ရင်း ကမ္ဘာကြီးအကြောင်းကို ဆွေးနွေးခဲ့ကြတာ။ သူက ကျုပ်ကို အစ်ကိုလို့တောင် ခေါ်လိုက်သေးတယ်"
ယဲ့ချန်းမှာ အော်ရယ်မိတော့မတတ်ပင်။
ကြွားတာက အဆင်ပြေပါသော်ငြား ဤသည်မှာ တစ်ဖက်ကမ်းကို လွန်နေပြီသာ။
ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းက မြည်လာလေသည်။
ယဲ့ချန်း ဖုန်းပြန်ဖြေလိုက်၏။ ဘလူးတုစပီကာမှတစ်ဆင့် အသံတစ်သံ ထွက်ပေါ်လာသည်။
"မစ္စတာယဲ့ချန်းလား။ ကျွန်တော်က မိုတုစီးပွားရေးစင်တာရဲ့ အသစ်ခန့်အပ်လိုက်တဲ့ မန်နေဂျာလီခွမ်းပါ။ ကျွန်တော်တို့ကုမ္ပဏီက နောက်လကျရင် အစည်းအဝေးတစ်ခု ကျင်းပမှာမို့ ခင်ဗျား လာတက်ပေးဖို့ အချိန်ရမလားဗျ"
"ကျုပ် မလာတော့ဘူး။ အကြောင်းအရာကိုသာ အီးမေးလ်ပို့လိုက်"
"ကောင်းပါပြီ မစ္စတာယဲ့.. ဒီလအတွက် ငှားရမ်းခက ခန့်မှန်းခြေ ၃.၈ဘီလျံလောက်ရှိပါတယ်။ ငွေစာရင်းတွေကိုလည်း ခင်ဗျားရဲ့ အီးမေးလ်ကို ပို့ပေးထားပါ့မယ်"
"ကောင်းပြီ"
ယဲ့ချန်း ဖုန်းချလိုက်လေသည်။
ထိုလူလည်း ချက်ချင်းကြောင်အသွားရှာသည်။ မိုတုစီးပွားရေးစင်တာလား။ ငှားရမ်းခက ၃.၈ဘီလျံလား။
သေစမ်း.. အကြွားသန်တဲ့ပြိုင်ဘက်နဲ့ လာတိုးနေပါလား...