← Chapters

ကုမ္ပဏီက ခွင့်မပြုခြင်း

Vol. 7 Ch. 65

ကုမ္ပဏီက ခွင့်မပြုခြင်း

Vol. 7 Ch. 65

မနက်စာ စားပြီးနောက် ကျန်းဆူရှင်းသည် လုအန်းကျီ၏ အဝတ်များကို အဝတ်လျှော်စက်ထဲ ထည့်လျှော်ကာ၊ ရေညှစ်ပြီးနောက် အခြောက်ခံစက်ထဲသို့ ထည့်လိုက်သည်။

ကျန်းဆူရှင်း တစ်ယောက်တည်း အလုပ်တွေ အကုန်လုပ်နေရသည်ကို လုအန်းကျီ အားနာမိသဖြင့် သူက ပန်းကန်များ သွားဆေးပေးလိုက်သည်။

သူတို့နှစ်ဦးနှင့် ချန်းချန်းတို့သည် အိမ်ထောင်စု တစ်ခုကဲ့သို့ပင် အတူတကွ နေထိုင်နေကြသလို ဖြစ်နေသည်။ ထူးခြားသည်မှာ အိမ်ထဲတွင် လုအန်းကျီအတွက် အဝတ်အစား မရှိသဖြင့် ကျန်းဆူရှင်း၏ ရေချိုးဝတ်စုံကိုသာ အဆင်ပြေသလို ဝတ်ထားရခြင်းပင်။

ကျန်းဆူရှင်းက “ရှင့်ရဲ့ အဝတ်အစား တစ်ထည် နှစ်ထည်လောက် ဒီမှာ လာထားထားပါဦး... နေပါဦး၊ နောက်ရက်ကျရင် ကျွန်မ ရှင့်အတွက် နှစ်စုံလောက် ဝယ်ပေးပါ့မယ်။ ဒီနေ့လိုမျိုး အရေးပေါ် အခြေအနေမျိုး ကြုံလာရင် လဲဖို့ အဆင်ပြေတာပေါ့” ဟု ပြောသည်။

လုအန်းကျီက “ဒီနေ့ကတော့ အမှတ်မထင် ဖြစ်သွားတာပါ။ အရေးပေါ် အခြေအနေဆိုတာ ဘယ်နှစ်ခါလောက် ရှိမှာမို့လို့လဲ” ဟု ဆိုသည်။

ကျန်းဆူရှင်းက လုအန်းကျီကို စိုက်ကြည့်လိုက်ရာ လုအန်းကျီလည်း ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

ကျန်းဆူရှင်းက ဆက်ပြောသည်မှာ “ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ အဝတ်ဘီရိုက အကြီးကြီးပဲ၊ ရှင့်အဝတ် တစ်ထည် နှစ်ထည် ထည့်ဖို့ နေရာမရှိတာလည်း မဟုတ်ဘူး။ အဲ့ဒါတွေ စဉ်းစားမနေနဲ့၊ ရှင့်ရဲ့ ဆိုဒ် ကိုသာ ပြောပြ” ဟု ဖြစ်သည်။

လုအန်းကျီလည်း ဘာမှမတတ်နိုင်ဘဲ သူ၏ အဝတ်အစား အရွယ်အစားကို ပြောပြလိုက်ရပြီးနောက် ကျန်းဆူရှင်း၏ အရွယ်အစားကိုလည်း ပြန်မေးလိုက်သည်။

ကျန်းဆူရှင်းကိုပဲ ဝယ်ခိုင်းနေ၍ မဖြစ်ဟု သူ တွေးမိသည်။ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဝယ်ပေးခြင်းက ပိုကောင်းပေမည်။

ကျန်းဆူရှင်းသည် လုအန်းကျီက ပြန်မေးလိမ့်မည်ဟု မထင်ထားသဖြင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူမ၏ အရွယ်အစားကို ပြောပြလိုက်သည်။

အရွယ်အစား ပြောပြီးနောက် သူမက “ဒါပေမဲ့ တွေ့ကရာတော့ မဝယ်နဲ့ဦးနော်၊ ကျွန်မက အဝတ်အစား ရွေးရတာ အရမ်း ဇီဇာကြောင်တာ။ ရှင်ဝယ်ပေးတာကို ကျွန်မ မကြိုက်လို့ အပြင်ဝတ်မထွက်နိုင်ရင် နှမြောစရာကြီး ဖြစ်လိမ့်မယ်” ဟု သတိပေးလိုက်သည်။

လုအန်းကျီက “ကောင်းပါပြီ၊ အားတဲ့အခါ အပြင် အတူတူသွားပြီးမှ ကိုယ် ဝယ်ပေးပါ့မယ်” ဟု ဆိုသည်။

ကျန်းဆူရှင်းမှာ မသိမသာ ပြုံးသွားကာ “ဒါဆိုလည်း မိုးလင်းသွားတဲ့အထိ စောင့်ပြီးမှ အတူတူ ဈေးဝယ်ထွက်ကြတာပေါ့” ဟု ပြောသည်။

ချန်းချန်းကလည်း ကြားထဲမှ ဝင်‌ပြောသည် - “ချန်းချန်းလည်း ဝယ်ချင်တယ်! ချန်းချန်းလည်း ဝယ်ချင်တယ်!”

လုအန်းကျီက ပြုံးလျက် “ဟုတ်ပါပြီ! ချန်းချန်းကိုလည်း ဝယ်ပေးပါ့မယ်!” ဟု ပြောလိုက်သည်။

ထိုအခါမှ ကလေးမလေးမှာ ငြိမ်ကျသွားတော့သည်။

လုအန်းကျီသည် ပန်းရောင် ရေချိုးဝတ်စုံနှင့် အနည်းငယ် အနေရခက်နေသော်လည်း ချန်းချန်းနှင့်အတူ စာအုပ်များ ဖတ်ပေးနေလိုက်သည်။

ကျန်းဆူရှင်းကတော့ အိမ်သန့်ရှင်းရေး လုပ်နေရင်း လုအန်းကျီနှင့် ချန်းချန်းအတွက် ပန်းသီးအခွံခွာကာ လှီးပေးသည်။ ထို့နောက် ၎င်းတို့ကို ယူလာပေးရင်း “ကျုံ့ပေါ်ရဲ့ ရုပ်သံဇာတ်လမ်းတွဲက မကြာခင် ပြတော့မယ်ဆိုတာ ရှင် သိလား?” ဟု မေးလိုက်သည်။

လုအန်းကျီ အနည်းငယ် အံ့အားသင့်သွားကာ “အာ? အဲ့လောက်တောင် မြန်တာလား? အရင်ဆုံး စိစစ်ရေးကို ဖြတ်ရဦးမယ် မဟုတ်လား?”

ကျန်းဆူရှင်းက “စိစစ်ရေးက အရမ်းမြန်ပါတယ်။ ဒီဇာတ်လမ်းတွဲအတွက် ဇာတ်ညွှန်းကို လုပ်ငန်းမစခင်ကတည်းက တစ်ခါ စစ်ပြီးသား၊ ရိုက်ကူးပြီးတော့လည်း ထပ်စစ်တယ်။ အထဲက အကြောင်းအရာတွေက ပြဿနာမရှိတော့ ချက်ချင်း အောင်သွားတာပေါ့။ ပြီးတော့ ဒီဇာတ်လမ်းတွဲက ရှန့်ကျိုး ရုပ်သံလိုင်းရဲ့ အကောင်းဆုံး အချိန်အပိုင်းအခြားမှာ ပြမှာဆိုတော့ သူတို့လည်း လောနေကြတာ။ ရှန့်ကျိုး ရုပ်သံလိုင်းမှာ ဇာတ်လမ်းကြော်ငြာတွေတောင် ပြနေပြီ” ဟု ရှင်းပြသည်။

“အော်... အဲ့လိုလား။”

လုအန်းကျီ ခေါင်းညိတ်လိုက်ကာ “ကျွန်တော်က တီဗွီ သိပ်မကြည့်တော့ ဒါတွေ မသိဘူး ဖြစ်နေတာ” ဟု ဆိုသည်။

ကျန်းဆူရှင်းက ပြုံးလျက် “ရှင်က တည်ငြိမ်လွန်းနေတာပဲ၊ နည်းနည်းလောက်တော့ စိတ်ဝင်စားသင့်တယ်လေ။ ကျွန်မ အစဆုံး အနုပညာလောကထဲ ရောက်တုန်းက ပထမဆုံး သီချင်းက ဇာတ်သိမ်းသီချင်း ဖြစ်ခဲ့တာ၊ တီဗွီမှာ လာတော့မယ်ဆိုတော့ ကျွန်မမှာ ရင်တွေ တုန်နေတာ။ တစ်နေ့ကို ၂၄ နာရီလုံး တီဗွီဖွင့်ကြည့်ပြီး အဲ့ဒီသီချင်းလေး လာမယ့်အချိန်ကို စောင့်နေခဲ့တာ၊ လာပြီးရင်လည်း ပရိသတ်တွေ ဘယ်လိုတုံ့ပြန်မလဲဆိုတာကို စိုးရိမ်နေခဲ့တာ။ ရှင်ကကျတော့ ဘာလို့ စိုးရိမ်စိတ် လုံးဝမရှိတာလဲ?” ဟု မေးလိုက်သည်။

လုအန်းကျီက “စိုးရိမ်စရာ မလိုပါဘူး၊ ဒါက ဇာတ်သိမ်းသီချင်း တစ်ပုဒ်ပဲလေ။ ကောင်းရင် လူတွေ သတိထားမိကြလိမ့်မယ်၊ မကြိုက်ရင်လည်း ပရိသတ်တွေက လျစ်လျူရှုသွားကြမှာပဲ” ဟု အေးအေးဆေးဆေး ဖြေသည်။

ကျန်းဆူရှင်းက လေသံတိုးတိုးဖြင့် “ရှင်က အရာရာကို ကြိုမြင်နေတာပဲ၊ ဝတ္ထုရေးဆရာဆိုတော့လည်း ဟုတ်မှာပေါ့လေ...” ဟု ဆိုသည်။

လုအန်းကျီ ပြောသည်မှာ အမှန်ပင်ဖြစ်ကြောင်း သူမ ဝန်ခံလိုက်သည်။

တကယ်တော့ ဇာတ်လမ်းတွဲတစ်ခုကို လူတွေ ကြိုက်မကြိုက်ဆိုသည်မှာ ဇာတ်လမ်းအကြောင်းအရာပေါ်တွင်သာ မူတည်သည်။ အထူးသဖြင့် ဤဇာတ်လမ်းတွဲမှာ ချောမောလှပသော မင်းသား၊ မင်းသမီးများ၏ အချစ်ဇာတ်လမ်းဖြစ်သဖြင့် ပရိသတ်များအတွက် အဓိက စိတ်ဝင်စားစရာမှာ ၎င်းတို့ပင် ဖြစ်သည်။

ဇာတ်ဝင်သီချင်းနှင့် ဇာတ်သိမ်းသီချင်းများမှာ အပိုဆောင်း အလှဆင်ခြင်းသာ ဖြစ်သည်။ ကောင်းလျှင် သတိပြုမိမည်ဖြစ်ပြီး မကောင်းလျှင် လူအများစုက လျစ်လျူရှုသွားကြမည်။

ဒါပေမဲ့လည်း... ငါသာ အဲ့ဒီအချိန်တုန်းက ဒီလိုတွေ တွေးနိုင်ခဲ့ရင်တောင် စိတ်လှုပ်ရှားနေမိမှာပဲ မဟုတ်လား?

ပထမဆုံး သီချင်းပဲ၊ ဘယ်လိုလုပ် စိတ်မလှုပ်ရှားဘဲ နေနိုင်မှာလဲ?

ဒီလူ လုအန်းကျီလို လူမျိုးကတော့ ဘယ်သူနဲ့မှ မတူတာပဲ!

ကျန်းဆူရှင်းသည် အလုပ်များကို ဆက်လက် လုပ်ကိုင်နေသည်။

သူမ အိမ်အလုပ်များ ပြီးသွားသောအခါ လုအန်းကျီနှင့်အတူ ထိုင်ကာ ချန်းချန်းနှင့် ဆော့ပေးသည်။

အပြင်ဘက်တွင် မိုးက တဖွဲဖွဲ ရွာနေဆဲဖြစ်ကာ အခုချက်ချင်း စဲမည့်ပုံ မပေါ်ပေ။

ကောင်းကင်တစ်ခုလုံး အုံ့မှိုင်းနေသဖြင့် အခန်းထဲတွင်လည်း မှောင်နေသည်။

ကျန်းဆူရှင်းသည် မီးများကို ဖွင့်လိုက်ပြီး လုအန်းကျီနှင့်အတူ ချန်းချန်းအား စာအုပ်ထဲက ရိုးရှင်းသော အကြောင်းအရာများကို ရှင်းပြပေးနေသည်။

ခဏအကြာတွင် ချန်းချန်းမှာ ငြိမ်ငြိမ်မထိုင်နိုင်တော့ဘဲ အခြားအရာများကို စိတ်ဝင်စားလာသည်။

သူမသည် ဧည့်ခန်း ဆိုဖာပေါ်တွင် မျောက်ကလေးတစ်ကောင်လို လျှောက်ပြေးနေပြီး ဆိုဖာပေါ်တွင် ထိုင်နေသော လုအန်းကျီကို မြင်သောအခါ သူ၏ ကျောပေါ်သို့ တက်ရန် ကြိုးစားသည်။

လုအန်းကျီက ကလေးမလေးကို အမြန်ပင် ပြန်ဆွဲလိုက်ရသည်။

ပုံမှန်ဆိုလျှင်တော့ ပြဿနာမရှိပါ။ ချန်းချန်းကို သူမ ကြိုက်သလို တက်ခွခိုင်းမည် ဖြစ်သည်။

သို့သော် အခု သူ ဝတ်ထားသည်မှာ ကျန်းဆူရှင်း၏ ရေချိုးဝတ်စုံဖြစ်ကာ ခါးတွင်သာ ခပ်ချောင်ချောင် ချည်ထားခြင်း ဖြစ်သည်။ ချန်းချန်းကသာ အတင်းတက်ဆွဲလျှင် ရေချိုးဝတ်စုံ ကျွတ်ထွက်သွားနိုင်ခြေ ရှိသည်။

ကျန်းဆူရှင်းကလည်း ထိုအခြေအနေကို သတိပြုမိသဖြင့် ကလေးမလေးကို အမြန်ပင် ဆွဲထုတ်လိုက်ကာ ဆော့စရာ အရုပ်များ ပေးလိုက်ရသည်။

ထိုအခါမှ ကလေးမလေးမှာ ငြိမ်ငြိမ်ဆော့နေတော့သည်။

ကျန်းဆူရှင်းက လုအန်းကျီကို ပြောသည်မှာ “ရှင့်ရဲ့ ‘နောက်နှစ်တစ်ထောင်ကြာရင်’ နဲ့ ‘ခရစ်တော်မပေါ်မီ အချစ်’ သီချင်း နမူနာတွေကို ကျုံ့ပေါ်ဆီ ပို့လိုက်ပြီ။ ကျွန်မရဲ့ ‘ခြောက်သွေ့သော နွေရာသီ’ ကိုလည်း တစ်ခါတည်း ပို့ထားတယ်။ မကြာခင် အကြောင်းပြန်လာလိမ့်မယ်” ဟု ဖြစ်သည်။

လုအန်းကျီက “အင်း” ဟု ခေါင်းညိတ်လိုက်သည်။

သူသည် ကျန်းဆူရှင်း၏ “ခြောက်သွေ့သော နွေရာသီ” သီချင်းနမူနာကို နားထောင်ပြီးဖြစ်သည်။ ထိုသီချင်း၏ စာသားနှင့် တေးဂီတမှာ အချစ်တစ်ခု၏ ကံကြမ္မာနှင့် နောင်တများအကြောင်းကို ဖော်ပြနေသည်။

သို့သော် လုအန်းကျီ ခံစားမိသည်မှာ ထိုသီချင်းထဲတွင် ပြင်းထန်သော သတ်လိုဖြတ်လိုသည့် စိတ်ဆန္ဒမျိုး တစ်ခုခုက ပုန်းကွယ်နေသလိုပင်။ နားထောင်ရင်း သူ၏ ရင်ထဲတွင် တုန်လှုပ်ချောက်ချားသွားရသည်။

ဤအဆိုတော်ဘုရင်မဟောင်းမှာ ဘယ်လို နာကျည်းချက်တွေ ရှိနေတာပါလိမ့်?! ဟု လုအန်းကျီ စိတ်ထဲမှ ရေရွတ်မိသည်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီ “ခြောက်သွေ့သော နွေရာသီ” က တကယ်ကို ကောင်းမွန်လှပြီး ကျန်းဆူရှင်း၏ ဘုရင်မဟောင်း ဂုဏ်သတင်းနှင့် ညီမျှလှသည်။

ထို့အပြင် ဤသီချင်းမှာ မည်သူဆိုဆို အဆင်ပြေစေမည့် အမျိုးသားရော အမျိုးသမီးပါ ဆိုနိုင်သည့် သီချင်းမျိုးလည်း ဖြစ်သည်။

ကျုံ့ပေါ်ဘက်ကတော့ စိတ်ဝင်စားမည်မှာ သေချာသည်။

“တီး...တီး”

ကျန်းဆူရှင်း၏ ဖုန်း တုန်ခါလာသည်။

သူမ ဖုန်းကို ကြည့်လိုက်ပြီး လုအန်းကျီကို ပြုံးပြကာ “တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ကျုံ့ပေါ်ဆီက ဖုန်းလာနေတယ်” ဟု ဆိုသည်။

သူမသည် ဖုန်းကို စပီကာ ဖွင့်၍ ကိုင်လိုက်ရာ ကျုံ့ပေါ်၏ အသံ ထွက်ပေါ်လာသည် - “နေကောင်းလား မမကျန်း။ အခု စကားပြောဖို့ အချိန်ရလား? ဆရာလုကော ရှိလား?”

ကျန်းဆူရှင်းက “ရပါတယ်၊ လုအန်းကျီလည်း ဒီမှာ ရှိတယ်။ ရှင် သီချင်းနမူနာတွေကို နားထောင်ပြီးပြီလား?” ဟု မေးလိုက်သည်။

ကျုံ့ပေါ်က “အဲ့ဒါ ပြောမလို့ပဲ ဖုန်းဆက်တာ။ သီချင်း သုံးပုဒ်လုံးကို ကျွန်တော် နားထောင်ပြီးပြီ။ မမကျန်းကတော့ ဘုရင်မဆိုတဲ့ နာမည်နဲ့ လိုက်အောင်ကို သီချင်းတွေက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ! ပြီးတော့ ဆရာလု၊ ဆရာ ဘယ်လိုများ ဒီလိုဆိုဖို့ တွေးလိုက်တာလဲ?! ကျွန်တော် တကယ့်ကို မှင်တက်သွားရတယ်။ ဆရာလုသာ ကျွန်တော့်ရှေ့မှာ ရှိရင် ကျွန်တော် အခုချက်ချင်း ဒူးထောက်ပြီး တပည့်အဖြစ် လက်ခံဖို့ တောင်းပန်မိမှာပဲ!” ဟု ပြောသည်။

ဒီလူကတော့ အမြှောက်အပင့်တွေ အရမ်းဝါသနာပါတာပဲ။

လုအန်းကျီက “ခဗျားကလည်း မြှောက်ပင့်လွန်းနေပါပြီ။ ခဗျား ဘယ်သီချင်း နှစ်ပုဒ်ကို ရွေးလိုက်လဲဆိုတာ သိပါရစေ” ဟု မေးလိုက်သည်။

ကျုံ့ပေါ်က သက်ပြင်းချကာ “တကယ်တော့ ကျွန်တော် သုံးပုဒ်လုံးကို ရွေးချင်တာ။ တစ်ပုဒ်ထက် တစ်ပုဒ် ပိုကောင်းနေတော့ ဘယ်ဟာကိုမှ လက်မလွှတ်ချင်ဘူး။ ဒါပေမဲ့ ကုမ္ပဏီက စစ်ဆေးတဲ့အခါ ‘ခရစ်တော်မပေါ်မီ အချစ်’ ကိုတော့ လုံးဝ ခွင့်မပြုဘူး ဖြစ်နေတယ်။ ကျွန်တော် အကြာကြီး ငြင်းခုန်ကြည့်ပေမဲ့လည်း မရခဲ့ဘူး။ ဒါကြောင့် ‘နောက်နှစ်တစ်ထောင်ကြာရင်’ နဲ့ ‘ခြောက်သွေ့သော နွေရာသီ’ ကိုပဲ ရွေးနိုင်ခဲ့တယ်။ ဆရာလု၊ ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်” ဟု ပြောလိုက်သည်။

All Chapters