အခန်း (၂၇၄-၂၇၆)
Vol. 19 Ch. 274-276
အပိုင်း ၂၇၄ : သူက ဥက္ကဋ္ဌယဲ့ပဲ
ထိုလူသည် ကြွားလုံးထုတ်လာသည်မှာ ကြာလှပြီဖြစ်သော်ငြား မမျှော်လင့်ထားပါဘဲ သူ့ပြိုင်ဘက်နှင့် တွေ့လိုက်ရသည်။
ထိုပြိုင်ဘက်၏ ကြွားလုံးထုတ်နိုင်စွမ်းမှာ ပိုကောင်းနေပုံရသည်။
သူသည် ယဲ့ချန်းနှင့်အတူ ညစာစားဖူးကြောင်း ကြွားဝါရုံသာ တတ်နိုင်ပေသည်။
ဤလူကတော့ ပိုကြမ်းပေသည်။ သူကိုယ်တိုင်က ယဲ့ချန်းပါဟု ဆိုနေသည်။
သူကိုယ်တိုင်က အကြွားသန်သူတစ်ယောက်ဖြစ်ပါသော်လည်း ယခုတော့ သူ့ထက်ပိုတော်သည့် လူတစ်ယောက်နှင့် ဆုံတွေ့ရချေပြီ။
အရေးအကြီးဆုံးမှာ သူက ကိုယ်တိုင်ကြွားဝါနေခြင်းဖြစ်ပြီး ဤလူကတော့ တခြားသူများကို ဖုန်းဆက်ခိုင်းပြီး သူ့အတွက် ကြွားလုံးထုတ်ခိုင်းခြင်းပင်။
ယခုလိုကြွားလုံးထုတ်သည့်အဆင့်က နောက်တစ်ဆင့်ပိုမြင့်နေသည်။
နောက်တစ်ခါကြွားလုံးထုတ်သည့်အခါ ထုတ်သုံးရန်အတွက် ဤနည်းလမ်းကို သူမှတ်ထားလိုက်သည်။
ဤတက္ကစီဒရိုင်ဘာက ယဲ့ချန်းဖြစ်ကြောင်း သူ လုံးဝမယုံကြည်ချေ။
လာနောက်နေတာလား။ စီးပွားရေးစင်တာရဲ့ပိုင်ရှင်က တက္ကစီမောင်းနေတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ထိုအချိန်တွင် ယဲ့ချန်း၏ကားက စီးပွားရေးစင်တာ၏ ဝင်ပေါက်၌ ရပ်တန့်သွားသည်။
"ကိုယ့်လူ ရောက်ပြီ"
ထိုလူက ခေါင်းညိတ်ပြလေသည်။
"ခင်ဗျား ခုနတုန်းက လမ်းပတ်မောင်းလိုက်တယ်နော်။ ကျုပ်အိမ်ကနေ ဒီကိုရောက်ဖို့ဆိုရင် ယွမ်နှစ်ဆယ်ပဲပေးရတာ။ အခုတော့၂၂ယွမ်တောင် ဖြစ်သွားပြီ"
ယဲ့ချန်း : "..."
ခင်ဗျားဆီမှာ ဥက္ကဋ္ဌမာကိုယ်တိုင် ရင်းနှီးမြှုပ်နှံထားတဲ့ ဘီလျံပေါင်းများစွာတန်တဲ့ ပရောဂျက်တစ်ခုရှိနေတာတောင် ဒီနှစ်ယွမ်လေးကို တွန့်တိုနေတာလား။
တစ်ဖက်လူ၏ ဟန်ဆောင်နေသော အငွေ့အသက်များ ချက်ချင်းပျောက်ကွယ်သွားသည်ကို ယဲ့ချန်း ခံစားလိုက်ရသည်။
"ကောင်းပြီ။ ကောင်းပြီ။ ယွမ်နှစ်ဆယ်ပဲ ယူတော့မယ်"
ယဲ့ချန်းလည်း လက်ဝှေ့ယမ်းပြလိုက်သည်။
ထိုလူက ကားပေါ်မှဆင်းလာပြီးနောက် စီးပွားရေးစင်တာကို မျှော်လင့်တကြီးမော့ကြည့်ကာ အတွင်းသို့ဝင်သွားလေတော့သည်။
ယဲ့ချန်းလည်း ကားရပ်ပြီး စီးပွားရေးစင်တာထဲသို့ ဝင်လာခဲ့လိုက်သည်။
လင်းယောင်ယောင်နှင့် မတွေ့ရသည်မှာ ကြာလှလေပြီ။ ဤကောင်မလေးကလည်း သူ့ကို ဖုန်းခဏခဏခေါ်ထားသည်။
ယခုတစ်ခါ ရောက်တုန်းရောက်ခိုက် သူ(မ)ကို သွားတွေ့မှဖြစ်မည်။
ယဲ့ချန်းလည်း ဥက္ကဋ္ဌ၏ သီးသန့်ဓာတ်လှေကားကို စီးပြီးနောက် လင်းယောင်ယောင်၏ ရုံးခန်းရှေ့သို့ ရောက်လာခဲ့သည်။
လင်းယောင်ယောင်ကမူ စာရွက်စာတမ်းများကို ဖတ်နေပြီး ခေါင်းပင်မော့မကြည့်ဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
"ကော်ဖီတစ်ခွက် ယူခဲ့ပေးပါ"
ယဲ့ချန်းခမျာ ခဏမျှအံအားသင့်သွားပြီးနောက် ပြုံးလိုက်မိသည်။ နည်းနည်းတော့ ရင်ထဲမချိမဆန့်ဖြစ်ရသည်။
သူ့စီးပွားရေးလုပ်ငန်းများက အလွန်များပြားလွန်းလှသည်။ ယဲ့ချန်းက နေ့တိုင်း တက္ကစီမောင်းရင်း အလုပ်များနေသဖြင့် ဤလုပ်ငန်းများကို လင်းယောင်ယောင်နှင့် လင်းဝမ်ယိုတို့ကို အပ်နှံထားရသည်။
သူတို့နှစ်ယောက်က သူ့ဘယ်လက်ရုံးနှင့် ညာလက်ရုံးဟုပင် ဆိုနိုင်သည်။
လင်းဝမ်ယိုကတော့ သူ့ဘေးမှာ နေ့တိုင်းရှိသော်ငြား လင်းယောင်ယောင်ကိုတော့ သူ ယခုတလော လျစ်လျူရှုထားခဲ့မိသည်။
ယဲ့ချန်းလည်း ကော်ဖီတစ်ခွက်ငှဲ့ပြီး လင်းယောင်ယောင်ဘေးမှာ ချပေးလိုက်၏။
လင်းယောင်ယောင်ခမျာ ယောက်ျားစီးရှူးဖိနပ်များကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားချေသည်။
ခေါင်းမော့ကြည့်လိုက်ချိန်ဝယ် ယဲ့ချန်းကို တွေ့လိုက်ရသည့်အတွက် ရုတ်တရက်ကြက်သေသေသွားသည်။
"ရှင် ဒီကို ဘာလို့ရောက်လာတာလဲ"
လင်းယောင်ယောင် တအံ့တသြမေးလိုက်မိသည်။
"ဘာလဲ။ မကြိုဆိုဘူးလား"
ယဲ့ချန်း ရယ်လိုက်သည်။
လင်းယောင်ယောင်ကမူ ယဲ့ချန်းကို မျက်စောင်းတထိုးထိုး။
"ဘယ်ဟုတ်ပါ့မလဲ။ ရှင့်လို အလုပ်များတဲ့လူတစ်ယောက်က ကျွန်မလိုအစေခံလေးကို သတိရသေးတယ်ပေါ့"
သူ(မ)၏လေသံထဲမှာ နက်ရှိုင်းလှသော မကျေချမ်းမှုများ ကိန်းအောင်းနေသည်။
ယဲ့ချန်းလည်း သူ့အမှားကို နားလည်သဖြင့် ပြုံးပြလိုက်၏။
"ကောင်းပြီလေ။ ဒီနေ့တော့ ကိုယ် မင်းကို အလျော်ပေးပါ့မယ်။ ဟုတ်ပြီလား"
ထိုအချိန်တွင် အတွင်းရေးမှူး ဝင်လာလေသည်။
"ဥက္ကဋ္ဌလင်း.. ဒါက ကျွန်မတို့ရဲ့ပုသုန်းစီမံကိန်းမိတ်ဆက်အဆိုပြုလွှာပါ"
အတွင်းရေးမှူးက ယဲ့ချန်းကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားပြီး တရိုတသေနှုတ်ဆက်လိုက်၏။
"ဥက္ကဋ္ဌယဲ့"
ယဲ့ချန်းကမူ လက်ဝှေ့ယမ်းပြလိုက်သည်။
"မင်းသွားလို့ရပြီ။ ငါ ဥက္ကဋ္ဌလင်းနဲ့ ဆွေးနွေးစရာရှိသေးလို့။ ငါ့ခွင့်ပြုချက်မရှိဘဲ အထဲကိုဘယ်သူမှမဝင်ခဲ့နဲ့"
"ဟုတ်ကဲ့"
အတွင်းရေးမှူးကလည်း အလောတကြီး ထွက်သွားလေတော့သည်။
လင်းယောင်ယောင်က ယဲ့ချန်းကိုကြည့်ပြီး မေးလိုက်၏။
"ရှင် ဘာလုပ်မလို့လဲ"
ယဲ့ချန်းကလည်း ညစ်ကျယ်ကျယ်ပြုံးလိုက်သည်။
"မင်းနဲ့ ဆွေးနွေးစရာကိစ္စတစ်ခုရှိလို့လေ"
...
နာရီဝက်ကြာပြီးနောက် ယဲ့ချန်းက လင်းယောင်ယောင်၏ အနားယူခန်းထဲမှ ထွက်လာခဲ့သည်။
အဝတ်အစားများ ပြန်ဝတ်ပြီးနောက် သူက ပြောလိုက်၏။
"ယောင်ယောင်...ကိုယ် နှင်းဆီအိမ်ရာမှာ ဗီလာတစ်လုံး ဝယ်ထားတယ်။ အဲဒီမှာ ကိုယ့်အိမ်တစ်လုံးရှိတယ်။ မင်း ပြောင်းနေလိုက်ပါ့လား"
လင်းယောင်ယောင်လည်း အေးစက်စက်လှောင်ရယ်လိုက်သည်။
"ရှင့်မှာ အသိစိတ်လေးနည်းနည်းတော့ ရှိသေးသားပဲ"
ယဲ့ချန်းမှာ လင်းယောင်ယောင်နှင့် ခဏမျှပျော်ပါးနေပြီးမှ ထွက်လာခဲ့သည်။
ဧည့်ကြိုခန်းမသို့ရောက်သည်နှင့် သူလိုက်ပို့ပေးခဲ့သော ထိုလူနှင့် လီခွမ်းတို့က ရုံးခန်းထဲမှထွက်လာကြောင်း တွေ့လိုက်ရသည်။
ထိုလူက ပြုံးလိုက်၏။
"ကျေးဇူးတင်ပါတယ် မန်နေဂျာလီ... ဥက္ကဋ္ဌယဲ့ကို ခင်ဗျားအကြောင်း ကောင်းတာတွေပဲ ပြောလိုက်ပါ့မယ်"
"ဟုတ်ကဲ့ပါ။ ဟုတ်ကဲ့ပါ။ ဥက္ကဋ္ဌစွန်းဘက်က ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
လီခွမ်းက ခပ်ပြုံးပြုံးဖြင့် ခေါင်းညိတ်ပြနေချေသည်။
ထိုအချိန်တွင် လီခွမ်း ခေါင်းမော့ကြည့်လိုက်လေရာ ယဲ့ချန်းကို မြင်လိုက်ရသဖြင့် အမူအရာပြောင်းသွားသည်။
သူက အမြန်ပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့ရောက်လာပြီ"
လီခွမ်း၏စကားကို ကြားသောအခါ ထိုလူ၏မျက်နှာလည်း ချက်ချင်းပျက်သွားသည်။
အစောကပင် လီခွမ်းကို သူသည် ယဲ့ချန်းနှင့် ဘယ်လောက်ရင်းနှီးကြောင်း ကြွားလုံးထုတ်ထားသည်။ အကယ်၍ ယဲ့ချန်း တကယ်ရောက်လာခဲ့ပါက သူ့လိမ်စဉ်များလည်း အကုန်ပေါ်သွားပေလိမ့်မည်။
သို့သော် အနားသို့လျှောက်လာသော လူငယ်လေးကို မြင်လိုက်ရသည့်အခါ ချက်ချင်းဆိုသလို စိတ်သက်သာရာရသွားသည်။
သြော်... လီခွမ်းက သူ့ကိုနောက်နေတာပဲ။ ကံကောင်းချင်တော့ သူက အခြေအနေကိုထိန်းတတ်ပေလို့ပဲ။ ဒီလူက တက္ကစီဒရိုင်ဘာမဟုတ်လား။
လီခွမ်းက သူ ယဲ့ချန်းကို တကယ်သိလားဆိုသည်ကို စမ်းသပ်ကြည့်ခြင်းပင် ဖြစ်ရမည်ဟု သဘောပေါက်လိုက်သည်။
ဤတက္ကစီဒရိုင်ဘာကို သူ မှတ်မိနေသေး၍သာ တော်တော့သည်။ မဟုတ်လျှင် ထောင်ချောက်ထဲသို့ ကျသွားမည်သာ။
စွန်းဟွေ့လည်း ရယ်မောလိုက်သည်။
"မန်နေဂျာလီ ခင်ဗျားက တော်တော်နောက်တာပဲ။ ဒီလူက ဘယ်လိုလုပ်ပြီး ဥက္ကဋ္ဌယဲ့ဖြစ်နိုင်မှာလဲ။ ဒီလူက တက္ကစီဒရိုင်ဘာလေးပါ"
စွန်းဟွေ့၏စကားကို ကြားသောအခါ လီခွမ်း၏အမူအရာလည်း ပြောင်းလဲသွားချေသည်။
လီခွမ်းက စီးပွားရေးစင်တာသို့ ရောက်လာသည်မှာ ကြာလှပြီဖြစ်သောကြောင့် ယဲ့ချန်းကို အကြိမ်ပေါင်းများစွာတွေ့ဖူးသည်။
သူ ဘယ်လိုလုပ်ပြီးမှားနိုင်မှာလဲ။
ယခုမူ စွန်းဟွေ့က တစ်ချိန်လုံး လေလုံးထွားနေခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။
ဥက္ကဋ္ဌယဲ့ကိုသိပါတယ်ဟူသော စကားများက အတုအယောင်များပင်။
ယဲ့ချန်းလည်း စနောက်ကျီစယ်လိုဟန်အပြုံးဖြင့် ပြောလိုက်သည်။
"ကိုယ့်လူ ထပ်တွေ့ကြပြန်ပြီနော်"
ယဲ့ချန်းက စွန်းဟွေ့ကို တကယ်သိကြောင်း ကြားလိုက်ရချိန်မှာမူ လီခွမ်း သက်ပြင်းချလိုက်မိသည်။
နားလည်မှုလွဲတာပါလား... ဒီနှစ်ယောက်က အချင်းချင်းသိနေကြတာပဲ...
စွန်းဟွေ့က အေးတိအေးစက်နှာမှုတ်လိုက်ပြီး ဘေးနားရှိ လီခွမ်းကို ပြောလိုက်သည်။
"မန်နေဂျာလီ..ခင်ဗျားတို့စီးပွားရေးစင်တာရဲ့ လုံခြုံရေးက သိပ်မကောင်းဘူးနော်။ ဘယ်လိုလုပ်ပြီး တက္ကစီဒရိုင်ဘာတစ်ယောက်ကို ဝင်ခွင့်ပေးထားရတာလဲ"
တက္ကစီဒရိုင်ဘာလား။
လီခွမ်းလည်း ခဏမျှကြောင်အသွားပြီး ယဲ့ချန်းကို ကြည့်လိုက်မိသည်။
ယဲ့ချန်းက သူ့အား ခေါင်းယမ်းပြပြီး တစ်ဖက်လူ၏အလိမ်အညာများကို မဖော်ထုတ်ဖို့ အချက်ပြလိုက်သည်။
သူသည် စွန်းဟွေ့ ကြွားလုံးထုတ်နေသည်ကို ဆက်ကြည့်ချင်မိသည်။ ဤသည်မှာ လောင်ကော၏ ဟာသပြဇာတ်ထက်ပင် ပိုကြည့်ကောင်းနေသေးသည်။
စွန်းဟွေ့က ဆက်ပြောပြန်သည်။
"ဥက္ကဋ္ဌယဲ့နဲ့ ကျွန်တော်က သူငယ်ချင်းတွေ။ ခဏခဏ အတူသောက်ဖြစ်တယ်။ ခင်ဗျားအကြောင်းကို ကျွန်တော် ကောင်းကောင်းပြောပေးပါ့မယ်။ ဒါဆို ခင်ဗျားလည်း ရာထူးတက်နိုင်တာပေါ့"
လီခွမ်း ယခုမှ နားလည်တော့သည်။ ဤလူက ကြွားလုံးထုတ်နေခြင်းပင်။
သူလည်း လုပ်ပြုံးပြုံးလျက် အသာခေါင်းညိတ်ပြလိုက်၏။
"ဒါဆို ဥက္ကဋ္ဌစွန်းကို ကျေးဇူးတင်ပါတယ်"
"ဘာကိုကျေးဇူးတင်စရာလိုလို့လဲ။ ဒါပေမဲ့ ဒီတက္ကစီဒရိုင်ဘာကိုတော့ နောက်တစ်ခါ ဝင်ခွင့်မပေးသင့်ဘူးနော်။ ဒါက ကျွန်တော်တို့စီးပွားရေးစင်တာရဲ့ပုံရိပ်ကို ထိခိုက်စေတယ်"
လီခွမ်းလည်း ထိန်းမထားနိုင်တော့သဖြင့် ပြောလိုက်၏။
"မဖြစ်နိုင်ဘူးထင်တယ်"
"မဖြစ်နိုင်ဘူး ဟုတ်လား။ ဘာလို့လဲ။ စီးပွားရေးစင်တာဆိုတာ ဂုဏ်သိက္ခာကြီးမားတဲ့နေရာတစ်ခုပဲ။ တွေ့ကရာလူတွေသာ အကုန်ဝင်ခွင့်ရနေရင် ဒီအဆောက်အအုံရဲ့ပုံရိပ်ကို ဘယ်လိုထိန်းသိမ်းထားနိုင်မှာလဲ။ ကျွန်တော် မစ္စတာယဲ့နဲ့ ဒီအကြောင်းကို ပြောမှဖြစ်တော့မယ်"
လီခွမ်း ရယ်လိုက်မိသည်။
"မလိုပါဘူး။ ဒီလူက ကျွန်တော်တို့စီးပွားရေးစင်တာရဲ့ပိုင်ရှင် မစ္စတာယဲ့လေ။ သူ့ကို တိုက်ရိုက်ပြောလိုက်လို့ရပါတယ်"
"ဘာ?"
စွန်းဟွေ့ခမျာ ရုတ်တရက်ဆိုသလို ကြက်သေသေသွားသည်။
ထိုအချိန်တွင် ဝန်ထမ်းနှစ်ယောက်က ယဲ့ချန်းအနားမှ ဖြတ်သွားရင်း တရိုတသေဖြင့် "ဥက္ကဋ္ဌယဲ့"ဟု နှုတ်ဆက်သွားကြသည်။
စွန်းဟွေ့လည်း လုံးဝအံ့အားသင့်သွားရသည်။
ယဲ့ချန်းအစစ်နှင့် တကယ်ဆုံရသည်အထိ သူ့ကံက ဆိုးဝါးလိမ့်မည်ဟု မယုံနိုင်ချေ။
လီခွမ်းက တရိုတသေပြောလိုက်၏။
"ဥက္ကဋ္ဌယဲ့..ဒီလူက ဥက္ကဋ္ဌယဲ့ကိုသိတယ်ဆိုပြီး ကျွန်တော်တို့စီးပွားရေးစင်တာမှာ ရုံးခန်းလုပ်ဖို့အတွက် ဂိုဒေါင်တစ်နေရာကို ငှားချင်လို့တဲ့"
"ဘာ! ဂိုဒေါင် ဟုတ်လား။ တစ်ထပ်လုံးငှားမှာမဟုတ်ဘူးလား"
ဤနှစ်ခုက လုံးဝမတူပေ။
စွန်းဟွေ့လည်း ယဲ့ချန်းကို အကြောင်သားငေးကြည့်ရင်း ရှက်သွားရသည်။
ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်သည်။
"ငါတို့က အချင်းချင်းသိပါတယ်။ သူက ငါ့ကားကို ငှားစီးပြီး စီးပွားရေးစင်တာကို လိုက်ပို့ခိုင်းတယ်။ ပြီးတော့ ကားခနှစ်ယွမ်လည်း လျှော့ခိုင်းသေးတယ်"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက လှည့်ထွက်သွားချေသည်။
စွန်းဟွေ့ : "..."
ယဲ့ချန်း၏ကျောပြင်ကို ငေးကြည့်ရင်း စွန်းဟွေ့ခမျာ လုံးဝကြက်သေသေနေချေသည်။
လီခွမ်းလည်း အခြေအနေကို သဘောပေါက်လိုက်သဖြင့် စွန်းဟွေ့ကို သရော်လိုက်၏။
"ဥက္ကဋ္ဌစွန်း ခင်ဗျား ဂိုဒေါင်နေရာကို ငှားလို့ရပါတယ်။ ဒါပေမဲ့ ဌားရမ်းခကတော့ နှစ်ဆတက်သွားမယ်နော်"
စွန်းဟွေ့မှာမူ ဤနေရာတွင် ရုံးခန်းငှားရဲသည့်မျက်နှာမျိုး မရှိတော့ပေ။
သူက တကယ်တမ်းတွင် အခွံသက်သက်ကုမ္ပဏီတစ်ခုကို လည်ပတ်နေခြင်းသာ။ ဤနေရာတွင် ရုံးခန်းငှားရသည်မှာလည်း ကြွားလုံးထုတ်ဖို့အတွက်သာ။
ရိုးရိုးရုံးခန်းကို မတတ်နိုင်သောကြောင့် ဂိုဒေါင်နေရာကို ငှားခဲ့ခြင်းပင်။
ဌားရမ်းခနှစ်ဆတက်သွားလျှင် သူ မတတ်နိုင်တော့ပေ။
သူ့မှာ ကြွားလုံးထုတ်မိရာက ပိုင်ရှင်အစစ်နှင့်တွေ့ဆုံပြီး မျက်နှာဖြတ်ရိုက်ခံရလိမ့်မည်ဟု လုံးဝထင်မထားပေ။
••••••••••••••••••
အပိုင်း ၂၇၅ : ငါ့လူတွေက ပိုများတယ်
အင်ပါယာမြို့တော်ရှိ ဗီအိုင်ပီကလပ်တစ်ခု…
ဤကလပ်မှာ နှစ်စဉ်အဖွဲ့ဝင်စနစ်တစ်ခုရှိပြီး ဤနေရာသို့ လာရောက်သူများမှာ လူကုံထံများ သို့မဟုတ် အထက်တန်းလွှာထဲရှိ သူဌေးသားသမီးများပင်။
သီးသန့်ခန်းတစ်ခန်းထဲတွင် လူငယ်တချို့က ဝိုင်နီကို သောက်နေကြသည်။
"သခင်လေးတင်း.. သုန်းရှောင်ယာကို လိုက်နေတာမဟုတ်ဘူးလား။ အခြေအနေက ဘယ့်နှယ့်လဲ"
"ပြောမနေပါနဲ့ကွာ။ အဲဒီအကြောင်း တွေးရုံနဲ့တင် ဒေါသထွက်တယ်။ ငါတို့က သုန်းရှောင်ယာကို ခွင်ဆင်ထားပြီးပြီ။ ဒါပေမဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်က ဖျက်ဆီးပစ်လိုက်တာ။ သူက ငါတို့ကိုခေါ်ပြီး ရဲစခန်းကို တန်းမောင်းသွားတာလေ"
တင်းပေါ်ခမျာ ပြောရင်း ဒေါသထွက်လာသည်။
ထိုညတုန်းက တစ်ညလုံး ရဲစခန်းထဲတွင် လက်ထိပ်ခတ်ခံခဲ့ရသည်။ ဤသည်မှာ သည်းမခံနိုင်စရာပင်။
သူ့တစ်သက် ယခုလိုအရှက်ကွဲမှုမျိုးနှင့် မကြုံဖူးပေ။
သူ့အဖေက လူတစ်ယောက်ကို အဆင်ပြေသွားအောင် မစီစဉ်ခိုင်းခဲ့ပါက ယခုအချိန်တွင် ဝိုင်နီအစား ထောင်ထဲကရေကိုသောက်ပြီး စားကောင်းသောက်ဖွယ်များအစား ထောင်အစားအသောက်များကို စားနေရလောက်ပြီဖြစ်၏။
ယဲ့ချန်းအကြောင်း တွေးမိရုံဖြင့် တင်းပေါ် ဒေါသထွက်မိသည်။ ထိုလူသည် သူ့အစီအစဉ်များကို အကုန်ဖျက်ဆီးပစ်ခဲ့သည်။
တင်းပေါ်၏အပေါင်းအသင်းတချို့လည်း ဤအကြောင်းကိုကြားပြီးနောက် မခံမရပ်နိုင်အောင် ဖြစ်သွားကြသည်။
"သေစမ်း.. အစ်ကိုတင်းရဲ့ကိစ္စကို ဝင်ရှုပ်ရဲရလောက်အောင် သူက ဘယ်သူမို့လို့လဲ"
"အဲဒီလူက ဘယ်သူလဲဆိုတာ မင်းသိလား။ သူ့ကို လက်စတုံးပစ်လိုက်လေ"
"အမှန်ပဲ။ သူက တက္ကစီဒရိုင်ဘာလေးတစ်ယောက်ပဲ မဟုတ်ဘူးလား။ အစ်ကိုတင်း.. သူ ဘယ်သူလဲဆိုတာသာ ပြောလိုက်။ ငါ မင်းအတွက် လက်စားချေပေးမယ်"
အသောက်လွန်သွားသော ဤသူဌေးသားများမှာ ယဲ့ချန်းကို လက်စားချေမည့်အကြောင်း ကြွားဝါနေကြသည်။
ထိုအခိုက်ဝယ် လူငယ်လေးတစ်ယောက်က သီးသန့်ခန်းထဲသို့ လျှောက်လာပြီး တင်းပေါ်၏နားနားသို့ ကပ်ပြောလိုက်သည်။
တင်းပေါ်၏မျက်နှာထက်တွင် ရက်စက်ယုတ်မာလိုဟန် အပြုံးတစ်ပွင့် ပေါ်လာချေသည်။ ထို့နောက် အေးတိအေးစက်ပြောလိုက်သည်။
"အားလုံးပဲ.. ငါ အဲဒီတက္ကစီဒရိုင်ဘာကို ရှာတွေ့ပြီ။ အခုလေးတင် ငါ့ဘော်ဒါတစ်ယောက်က သူ့ကားကိုငှားစီးမိလို့ သူ့တည်နေရာကို ငါ့ဆီကို ပို့ထားတယ်"
"အစ်ကိုတင်း… လူနည်းနည်းလောက်ခေါ်ပြီး ဒီအကောင်စုတ်ကို သခင်လေးတင်းကိုလာရှုပ်ရင် ဘာဖြစ်မလဲဆိုတာကို သိသွားအောင် ဆုံးမလိုက်ရအောင်"
"ကောင်းပြီလေ။ ငါ မင်းတို့ကို ကြိုပြီးကျေးဇူးတင်ထားမယ်။ ဒီကောင့်ကို ကိစ္စတုံးပြီးတာနဲ့ ငါ မင်းတို့တွေအတွက် နိုက်ကလပ်မှာ စားပွဲသောက်ပွဲကြီးတစ်ခု ကျင်းပပေးမယ်"
ထိုသူဌေးသားတစ်သိုက်လည်း ဖုန်းကိုယ်စီဆက်၍ သူတို့လူများကို လှမ်းခေါ်လိုက်ကြသည်။ မကြာခင်မှာပင် ကားဆယ်စီးနှင့် လူအယောက်ငါးဆယ်ခြောက်ဆယ်ခန့် စုဝေးလိုက်ကြသည်။
ထိုအခိုက်ဝယ် ထိုလက်အောက်ခံတစ်ယောက်က ယဲ့ချန်း၏တည်နေရာကို ပို့ပေးလာသည်။
တင်းပေါ်၏မျက်ဝန်းအစုံကား သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
"ချာတိတ်.. ဒီနေ့ ငါ မင်းကို ဒူးထောက်ခိုင်းပြီး ငါက ဘယ်လောက်အစွမ်းထက်လဲဆိုတာ သိသွားအောင် လုပ်ပြမယ်"
လက်ပါးစေတစ်သိုက်ကလည်း တင်းပေါ်အနားတွင် ဝိုင်းဖွဲ့၍ ယဲ့ချန်းဆီသို့ သွားကြလေတော့သည်။
ယဲ့ချန်းက အချိန်ကိုတစ်ချက်ကြည့်ပြီးနောက် မေးလိုက်၏။
"ခင်ဗျားပြောတဲ့နေရာက ဘယ်နေရာလဲ"
"ဒီနားလေးတင်ပဲ။ အစ်ကိုကြီးရေ.. နည်းနည်းလောက်မောင်းလိုက်ရင် ရောက်ပါပြီ"
ယဲ့ချန်းက စွန့်ပစ်ထားသော စက်ရုံတစ်ခုဆီသို့ မောင်းလာခဲ့လိုက်သည်။
"ဒါက ခင်ဗျားပြောတဲ့နေရာလား"
ယဲ့ချန်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်လေသည်။
ထိုအချိန်မှာပင် အင်ဂျင်သံများက ယဲ့ချန်း၏ကားအနောက်မှ ထွက်ပေါ်လာသည်။ ဇိမ်ခံကားအမြောက်အများ အပြင်းနှင်လာပြီးနောက် ယဲ့ချန်း၏ပြေးပေါက်ကို လုံးဝပိတ်ထားလိုက်သည်။
ထိုအခိုက်ဝယ် ရှေ့ဆုံးကားထဲမှ လူငယ်လေးတစ်ယောက် ဆင်းလာသည်။ သူက ဘဝင်ခိုက်နေလေဟန် အမူအရာဖြင့် ယဲ့ချန်းကို ကြည့်လိုက်သည်။
"နောက်ဆုံးတော့ ငါ မင်းကို ချောင်ပိတ်ဖမ်းနိုင်ခဲ့ပြီ"
တစ်ဆက်တည်းမှာပင် ကျန်ကားများ၏ တံခါးများလည်း ပွင့်လာသည်။ လက်ပါးစေတစ်သိုက်ကမူ အရှိန်အဟုန်ဖြင့် ဆင်းလာခဲ့ကြသည်။
ဤလက်ပါးစေများမှာ ခွေးရူးများထက်ပင် ပိုကြမ်းတမ်းပြီး ယဲ့ချန်းကို အော်ပြောလိုက်၏။
"ဟေ့ကောင်.. မင်း ဒူးထောက်ပြီး သခင်လေးတင်းကို တောင်းပန်လိုက်တာ ပိုကောင်းမယ်နော်။ မဟုတ်လို့ကတော့ သေပြီသာမှတ်"
"ဒူးမထောက်ဘူးဆိုရင် ငါ မင်းရဲ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်"
…
တင်းပေါ်က ဇိမ်ခံကားတစ်စီး၏ ခေါင်မိုးပေါ်တွင် မတ်တတ်ရပ်၍ လက်ယမ်းပြလိုက်လေရာ သူ့လက်ပါးစေများမှာ ချက်ချင်းဆိုသလို အသံတိတ်သွားသည်။
ထို့နောက် သူက ကားထဲမှထွက်လာသော ယဲ့ချန်းကို လှောင်ပြောင်သရော်လေဟန်ဖြင့် ကြည့်ပြီး ပြောလိုက်၏။
"ဟေ့ကောင်… နောက်ဆုံးတော့ ငါ မင်းကိုရှာတွေ့ပြီ။ မင်းက တော်တော်သတ္တိရှိတာပဲ။ ငါ့ကောင်မလေးကိုခိုးပြီး ငါ့အစီအစဉ်တွေကို ဖျက်ဆီးပစ်ခဲ့တယ်။ ပြောစမ်းပါဦး။ မင်း ဘယ်လိုသေချင်လဲ"
အခြေအနေကို သဘောပေါက်သွားသော ယဲ့ချန်းကလည်း ထိတ်လန့်ဟန်မပြဘဲ အလွန်တည်ငြိမ်နေချေသည်။
သူသည် ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်၏။
ထိုအချိန်မှာပင် ဖုန်းတစ်ဖက်မှ အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာသည်။
"မစ္စတာယဲ့.. ကျွန်တော်တို့ ခင်ဗျားရဲ့တည်နေရာကို ခြေရာခံပြီးပါပြီ။ ခင်ဗျား အန္တရာယ်နဲ့ကြုံနေရတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ လုံခြုံရေးအဖွဲ့က ငါးမိနစ်အတွင်း ရောက်လာပါလိမ့်မယ်"
နဂါးသံချပ်ကာအဖွဲ့တွင် ကမ္ဘာ့အဆင့်အမြင့်ဆုံးလုံခြုံရေးစနစ် ရှိသည်။ သူဌေးဖြစ်သည့် ယဲ့ချန်းကလည်း အတင်းကျပ်ဆုံးကာကွယ်မှုစနစ်ကို ရရှိထားသည်။
စောင့်ကြည့်စစ်ဆေးရေးစင်တာက ယဲ့ချန်းကို စွန့်ပစ်စက်ရုံတစ်ခုတွင် ကားအများကြီးက ဝိုင်းထားကြောင်း မြင်လိုက်ရသည်နှင့် တစ်စုံတစ်ခုမှားယွင်းနေကြောင်း ချက်ချင်းသိလိုက်သည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ကို စေလွှတ်ခဲ့သည်။
ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ဖြင့် ဖုန်းဆက်နေသည်ကို မြင်သောအခါ တင်းပေါ်ကမူ ထိတ်လန့်မသွားချေ။ သူက အေးတိအေးစက်လေသံဖြင့် ပြောလိုက်၏။
"ဟေ့ကောင်..ဖုန်းခေါ်ပြီး အကူအညီတောင်းနေတာလား။ ငါ မင်းကိုပြောမယ်။ ဒီနေရာမှာ ငါက ဥပဒေပဲ။ မင်း ဘယ်သူ့ကိုဆက်ဆက် အလုပ်မဖြစ်ဘူး"
"ဟားဟား..ဖုန်းဆက်ပြီး အကူအညီတောင်းချင်တာတဲ့။ မင်း ဘယ်သူ့ကိုခေါ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
"အခုအချိန်အထိတောင် ဟန်ဆောင်ချင်နေသေးတယ်။ မင်းက ကိုယ့်သေတွင်းကိုယ်တူးနေတာပဲ"
တင်းပေါ်ကမူ နှာမှုတ်လိုက်၏။
"ယဲ့ချန်း.. မင်း ဘယ်သူ့ကိုစော်ကားမိထားလဲဆိုတာ သိလား။ ငါက ဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ မိုးသောက်ကွန်ယက်လုပ်ငန်းစုရဲ့ အကြီးဆုံးသားပဲ။ ငါတို့အသိုင်းအဝိုင်းထဲက သခင်လေးတွေအကုန်လုံးကလည်း ဒိတ်ဒိတ်ကြဲမိသားစုတွေကပဲ။ မင်း ငါ့ကို တိုက်ရဲလား"
သူက ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်လိုက်သည့်အလား ယဲ့ချန်းကို ငုံ့ကြည့်လိုက်သည်။
"ငါ့မျက်လုံးထဲမှာတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်သာသာပဲ။ မင်းကို ပိုးမွှားတစ်ကောင်ကိုဖိသတ်သလို သတ်ပစ်မှာ"
"ဟားဟား.. ဒီလူက သူ့အဆင့်ကိုတောင်မသိဘဲ သခင်လေးတင်းကို ရန်စရဲသတဲ့"
"ဒီနေ့ မင်း ဘယ်သူ့ကိုခေါ်ခေါ် ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး"
"ဟေ့ကောင်… မင်းအတွက် ဘယ်အရာကကောင်းလဲဆိုတာကို သိရင် သခင်လေးတင်းကို အခုချက်ချင်း ဒူးထောက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်လိုက်"
ဤသူဌေးသားများမှာ လူအရေအတွက်သာသည်ဟူ၍ အပြတ်အသတ်မောက်မာနေကြသည်။
တင်းပေါ်ကမူ သရော်လိုက်သည်။
"ဟေ့ကောင်.. မင်း ငါ့ရှေ့မှာ ဒူးထောက်ပြီး ငါ့ကို အဘိုးလို့ခေါ်မယ်ဆိုရင် မင်းကို လွှတ်ပေးချင်လွှတ်ပေးမှာပေါ့"
ယဲ့ချန်းကတော့ မျက်ခုံးသာပင့်လိုက်မိသည်။
"မင်းက ငါ့ကို ဒူးထောက်စေချင်တာလား"
တင်းပေါ်က မောက်မာစွာ ပြောလိုက်လေသည်။
"ဒီလူတွေက ငါ့လူတွေချည်းပဲ။ ငါက မင်းကို ဒူးထောက်ဖို့ ပြောနေတာကို ဒူးမထောက်ဘဲ နေရဲတယ်ပေါ့"
ယဲ့ချန်းလည်း အေးစက်စက်ရယ်မောလိုက်မိသည်။
"အဲဒီလိုလား။ ဒါပေမဲ့ အရေအတွက်ချင်းယှဉ်ကြည့်ရင် ဘယ်သူမှ ငါ့ကိုမယှဉ်နိုင်ဘူးနော်"
ထိုအချိန်မှာပင် အရပ်မျက်နှာအဖက်ဖက်မှ သံချပ်ကာကားများ ရောက်ချလာသည်။
ဘန်း ဘန်း ဘန်း!
ထိုသံချပ်ကာကားများက သူတို့၏ဇိမ်ခံကားများကို တစ်စစီဖြစ်သွားအောင် ဝင်တိုက်ပြီး လမ်းကြောင်းရှင်းလိုက်သည်။
တင်းပေါ်နှင့် ထိုသခင်လေးများမှာမူ ကြောင်အကုန်ကြသည်။
ဘာတွေဖြစ်နေတာလဲ?
ထို့နောက် ထိုသံချပ်ကာကားများထဲမှ လူအယောက်တစ်ရာကျော် ဆင်းလာလေသည်။
တင်းပေါ် : "…"
ကြွားလုံးထုတ်နေကြသော သခင်လေးများအားလုံးလည်း ကြောင်အကုန်ကြသည်။ အတိုက်ခံလိုက်ရသော သူတို့၏ကားများကို မြင်သောအခါ ရင်နာသွားရသည်။
တချို့ကတော့ အလျှော့မပေးလိုဟန်ဖြင့် ခုခံရန် ကြိုးစားပါသော်ငြား လုံခြုံရေးများ၏ အနိုင်ယူခြင်းကို ခံလိုက်ရသည်။
လျှပ်တစ်ပြက်အတွင်းမှာပင် သူဌေးသားတစ်သိုက်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ငြိမ်သက်သွားကြသည်။
အထူးတပ်သားများမှာ အလွန်ကျွမ်းကျင်မှုရှိသဖြင့် သူတို့အနေနှင့် မစွန့်စားရဲပေ။
တင်းပေါ်ကလည်း ဤမြင်ကွင်းကို အကြောင်သားငေးကြည့်ရင်း မှင်တက်သွားသည်။
ဒါက ဇာတ်ကားရိုက်နေတာလား?
ထိုအချိန်မှာပင် အရှေ့ဆုံးရှိ သံချပ်ကာကားတံခါး ပွင့်လာပြီးနောက် တုတ်ခိုင်သန်မာသော အမျိုးသားတစ်ယောက် ထွက်လာသည်။
ထိုအချိန်တွင် လက်နက်ကိုင်လုံခြုံရေးအယောက်သုံးရာထံမှ ထွက်ပေါ်လာသော အေးစက်စက်အကြည့်များကပင် သူတို့အား ထိန်းချုပ်၍မရနိုင်လောက်အောင် ကြောက်ဒူးတုန်စေသည်။
တင်းပေါ်လည်း ကြောက်လန့်လွန်းသဖြင့် နေရာမှာပင် တောင့်ခဲသွားချေသည်။
ဘာတွေဖြစ်နေတာလဲ?
သူတို့၏အသင်းဝင်တံဆိပ်အရ လုံခြုံရေးဝန်ထမ်းများဖြစ်ကြောင်း သိရသည်။ သူတို့ပေါ်ရှိ အသင်းဝင်တံဆိပ်များမှာ ရွှေရောင်သံချပ်ကာတစ်ခုပင်။
ရုတ်ခြည်းပင် သခင်လေးတချို့က ထိုအသင်းဝင်တံဆိပ်ကိုယ်စားပြုနေသော နာမည်ကို အမှတ်ရသွားသည်။
ရွှေသံချပ်ကာလုံခြုံရေးကုမ္ပဏီ…
ဘုရားရေ.. ဒါက ကြောက်ဖို့ကောင်းတဲ့ ဒိတ်ဒိတ်ကြဲလုပ်ငန်းစုကြီးပဲ…
•••••••••••••••••••
အပိုင်း ၂၇၆ : အဖေတောင်မှ သူ့ကိုကြောက်တယ်
အစောတုန်းက မောက်မာနေခဲ့ကြသော သခင်လေးများမှာ ယခုမူ လုံးဝကြောက်လန့်ကုန်ကြသည်။
သို့သော် တချို့ကတော့ ရွှေသံချပ်ကာလုံခြုံရေးအဖွဲ့၏ ဂုဏ်သတင်းကို မသိကြသောကြောင့် ထိုလုံခြုံရေးအမှတ်တံဆိပ်ကို မြင်သောအခါ လှောင်ပြောင်သရော်လိုက်ကြသည်။
"သေလိုက်ပါတော့.. ကြီးကြီးကျယ်ကျယ်တွေဖြစ်အောင် လုပ်ပြနေတာ။ တကယ်တမ်းကျတော့ လုံခြုံရေးအဖွဲ့လေးတစ်ခု ဖြစ်နေတာကိုး"
"ဟုတ်ပါ့။ အစောင့်ခွေးလေးတစ်သိုက်ကများ။ ဘာတွေဟန်ထုတ်ပြနေတာလဲ"
သို့သော် ဩဇာအာဏာညောင်းသော သခင်လေးတချို့က ခိုက်ခိုက်တုန်လျက် ပြောလိုက်လေသည်။
"သေစမ်း.. အဲဒီလုံခြုံရေးကုမ္ပဏီက ဘယ်ကုမ္ပဏီလဲဆိုတာ မင်းတို့မမြင်ဘူးလား"
"ရွှေသံချပ်ကာလုံခြုံရေးအဖွဲ့နော်။ အဲဒါက အထူးတပ်ဖွဲ့တွေထက်တောင် ပိုကြမ်းတယ်။ အဖွဲ့ဝင်တွေအကုန်လုံးက အငြိမ်းစားအထူးတပ်ဖွဲ့ဝင်ဟောင်းတွေချည်းပဲ"
"ဒီလုံခြုံရေးကုမ္ပဏီက ဟွားနိုင်ငံမှာ အကြမ်းဆုံးလုံခြုံရေးကုမ္ပဏီပဲ။ နိုင်ငံတော်ရဲ့အရေးကြီးမစ်ရှင်တွေကတောင် သူတို့ကိုငှားကြတာ"
"ရွှေသံချပ်ကာလုံခြုံရေးကုမ္ပဏီရဲ့ နောက်ခံကို သိလား။ သူတို့ လက်တစ်ချက်ယမ်းလိုက်တာနဲ့ ငါတို့မိသားစုတွေထဲက တစ်ခုကို ရှင်းထုတ်ပစ်နိုင်တယ်ကွ"
လုံခြုံရေးခေါင်းဆောင်က ယဲ့ချန်းကို အလေးပြုလိုက်သည်။
"မစ္စတာယဲ့… ကျွန်တော်တို့ နောက်ကျသွားတယ်"
သူ့အနောက်ရှိ လုံခြုံရေးတစ်သိုက်ကလည်း တစ်ညီတစ်ညာတည်း အလေးပြုလိုက်သည်။
"မစ္စတာယဲ့"
သူတို့၏အရှိန်အဝါက အလွန်ကြောက်ဖို့ကောင်းလှပြီး သူတို့၏အသံမှာ ဆူနာမီအလားပင်။
တင်းပေါ် : "…"
သခင်လေးများမှာ သေးထွက်ကျမတတ် ကြောက်လန့်နေကြသည်။ တင်းပေါ်လည်း ရုတ်ခြည်းပင် ကြောင်အမ်းသွားသည်။
သူ့သတင်းအချက်အလက်အရ ဤလူမှာ တက္ကစီဒရိုင်ဘာတစ်ယောက်ဖြစ်၏။ ဤလူသည် ရွှေသံချပ်ကာကဲ့သို့သော လုံခြုံရေးကုမ္ပဏီတစ်ခုကို မည်သို့ဆင့်ခေါ်နိုင်မည်နည်း။
ထို့ပြင် ဤလူတစ်သိုက်ကလည်း ယဲ့ချန်းကို အရိုအသေပေးနေကြသည်။ သူ့တွင် ကြောက်မက်ဖွယ်ကောင်းသော နောက်ခံတစ်မျိုးရှိနေလေသလား။
တင်းပေါ်က ငတုံးမဟုတ်ပေ။ ဤအရှိန်အဝါကိုမြင်သော် အဆုံးမှာတော့ ရန်မစသင့်သော လူတစ်ယောက်ကို ရန်စမိလိုက်ကြောင်း သဘောပေါက်သွားသည်။
ယဲ့ချန်း၏နောက်ခံက သူ့ထက် ပိုကြမ်းနေလောက်သလား။
ယဲ့ချန်းက တင်းပေါ်ကို ပြုံးပြ၍ ပြောလိုက်သည်။
"တွေ့လား။ ငါ့လူတွေက မင်းတို့ထက် ပိုများတယ်နော်"
သူ့ဘေးရှိ လုနင်ဟုခေါ်သော သူဌေးသားတစ်ယောက်က အံတင်းတင်းကြိတ်၍ ဆိုလာလေသည်။
"သခင်လေးတင်း.. ကျွန်တော်တို့က မိုတုမြို့ရဲ့ လူကုံထံအသိုင်းအဝိုင်းက အမွေဆက်ခံသူတွေလေ။ ကျွန်တော်တို့သာ သူရဲဘောကြောင်နေမယ်ဆိုရင် နောက်နောင် မိုတုမြို့မှာ ဘယ်လိုလုပ်ပြီး လူပေါင်းဆန့်တော့မှာလဲ။ အခုလိုအချိန်မျိုးမှာ ကျွန်တော်တို့တွေ ကြမ်းရမ်းပြနေရမှာ။ အားနည်းပြရမှာမဟုတ်ဘူး"
တင်းပေါ်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ညီအစ်ကိုတွေကလည်း ကြည့်နေကြတယ်။ ငါ သူရဲဘောကြောင်လို့မဖြစ်ဘူး"
ထို့နောက် တင်းပေါ်ခမျာ အံတင်းတင်းကြိတ်၍ ရှေ့သို့ ခြေနှစ်လှမ်းတိုးလိုက်လေသည်။ လက်ပါးစေများကလည်း တင်းပေါ်ကို မျှော်လင့်တကြီးကြည့်နေကြသည်။
တင်းပေါ်ကမူ အသက်ပြင်းပြင်းရှိုက်ရှူလိုက်၏။ ထို့နောက် သူတို့ကိုင်ဆောင်ထားသော စက်သေနတ်များကိုကြည့်ကာ ရင်ထဲတွင် တုန်ယင်သွားရသည်။
ငါက သခင်လေးတင်းပဲ။ သူရဲဘောကြောင်လို့မဖြစ်ဘူး…
တင်းပေါ်ခမျာ သူ့ကိုယ်သူ အားပေးနေချေသည်။
အဆုံးမှာတော့ တင်းပေါ် စကားစလိုက်လေသည်။
"ဪ သခင်လေးယဲ့လား။ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော်က ခင်ဗျားကို စနေတာပါ။ ခင်ဗျား အတည်မယူဘူးမလား"
ဒုန်း!
သူ့ဂုဏ်သိက္ခာမှာ မြေပြင်ထက်သို့ ချက်ချင်းပြုတ်ကျသွားလေတော့သည်။
သေစမ်း.. ဒါကြီးက တော်တော်အားနည်းတာပဲ..
သူသည် အစောကပင် ကြမ်းရမ်းပြနေခဲ့ပြီး ယခုတော့ အဘယ်ကြောင့်များ ဤမျှအထိ အားနည်းနေရသလဲ။
လက်ပါးစေများအားလုံးလည်း ချက်ချင်းဆိုသလို စိတ်ဓာတ်ကျကုန်ကြသည်။ ခေါင်းဆောင်ဖြစ်သူက သူရဲဘောကြောင်နေပြီဖြစ်ရာ သူတို့အနေနှင့် မည်သို့များ စိတ်ဓာတ်မြှင့်တင်နိုင်ဦးမည်နည်း။
လက်ပါးစေတချို့ကမူ တိတ်တိတ်လေးထွက်ပြေးရန် ကြိုးစားကြတော့သည်။ သို့သော် သူတို့၏ပြေးပေါက်ကား သနားဖို့ကောင်းအောင် ပိတ်ဆို့ခံလိုက်ရသည်။
ယဲ့ချန်းကမူ တင်းပေါ်အား အေးတိအေးစက်အကြည့်တစ်စုံဖြင့် စိုက်ကြည့်နေသည်။
"ခုနကပဲ မင်း ငါ့ကို ဒူးထောက်ဖို့ ပြောနေတာမဟုတ်ဘူးလား"
တင်းပေါ်၏မျက်နှာကား အလွန်မသာမယာဖြစ်သွားပြီးနောက် အတင်းလုပ်ရယ်လိုက်သည်။
"သခင်လေးယဲ့.. အထင်လွဲနေတာပါဗျာ။ အထင်လွဲတာပါ"
ယဲ့ချန်းမှာ အေးတိအေးစက်ပြောလိုက်၏။
"ဒါပေမဲ့ ငါကတော့ အတည်ယူလိုက်ပြီ"
တင်းပေါ်ခမျာ နှုတ်ခမ်းကိုကိုက်ရင်း အသက်ပြင်းပြင်းရှူကာ ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်သည်။
"ဒုန်း"
တင်းပေါ်တစ်ယောက် အမြန်ဒူးထောက်ချလိမ့်မည်ဟု မည်သူမှထင်မထားချေ။
ရွှေသံချပ်ကာလုံခြုံရေးကုမ္ပဏီအကြောင်း သူ့အဖေထံမှ ကြားဖူးထားသည်။ ရွှေသံချပ်ကာအဖွဲ့ထဲမှ လူများနှင့်ကြုံလျှင် သူတို့ကို ဝေးဝေးရှောင်ရမည်။ သူတို့၏နောက်ခံက ထင်ထားသည်ထက် ပိုနက်နဲပေသည်။
တင်းပေါ်က စိုးရိမ်သောကပွေနေဟန်ဖြင့် ပြောလိုက်၏။
"သခင်လေးယဲ့.. ဒီကောင်တွေက ခင်ဗျားကို လက်စားချေခိုင်းခဲ့တာပါ။ မဟုတ်လို့ကတော့ ခင်ဗျားကို လက်စားချေဖို့ လုံးဝတွေးမိမှာမဟုတ်ဘူး"
လက်ပါးစေများ : "…"
တကယ်ကြီးလား။ ငါတို့ကို ဒီလိုအရှက်မရှိရောင်းစားပစ်တယ်ပေါ့…
ယဲ့ချန်း၏ အေးစက်စက်အကြည့်က ထိုသခင်လေးများထံသို့ ကျရောက်သွားသည်။
သူတို့လည်း ချက်ချင်းပင် ကြက်သီးမွေးညင်းထသွားပြီးနောက် ဖက်ထုပ်လေးများအလား ဒုန်းခနဲ မြေကြီးပေါ်သို့ ဒူးထောက်ကုန်ကြသည်။
တင်းပေါ်ကိုယ်တိုင်ပင် ဒူးထောက်နေပြီဖြစ်ရာ ဤလက်ပါးစေများက အဘယ်မှာ မတ်တတ်ရပ်နေရဲမည်နည်း။
ဤသခင်လေးများမှာ မောက်မာရိုင်းစိုင်းနေကျဖြစ်သော်ငြား ယနေ့မှာမူ ဒူးမထောက်ဘဲ မနေရဲပေ။
သေစမ်း.. ဖုန်းတစ်ချက်ဆက်လိုက်ရုံနဲ့ အထူးတပ်ဖွဲ့ဝင်တွေအများကြီး ရောက်ချလာတယ်လေ.. သူတို့က ဒီလိုလူတစ်ယောက်ကို ဒူးမထောက်ဘဲ ဘယ်နေရဲမှာလဲ…
ယဲ့ချန်းလည်း အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"သုန်းရှောင်ယာက ငါ့မိတ်ဆွေပဲ။ နောက်နောင် သူနဲ့ဝေးဝေးနေ.. နားလည်လား"
တင်းပေါ်ခမျာ အစာကောက်နေသော ကြက်ကလေးတစ်ကောင်အလား ခေါင်းညိတ်ပြလိုက်သည်။
"နားလည်ပါပြီ။ ကျွန်တော် နောက်နောင် မလုပ်ရဲတော့ပါဘူး"
"ပြီးတော့ ကျောက်ယင်းကလည်း ငါ့မိတ်ဆွေပဲ။ နောက်နောင် ဘာလုပ်ရမလဲဆိုတာ မင်းသိတယ်မလား"
"သခင်လေးယဲ့.. ကျွန်တော်နားလည်ပါပြီ။ ခင်ဗျားရဲ့မိန်းကလေးတွေကိုမြင်တာနဲ့ ကျွန်တော် ရှောင်သွားပါ့မယ်"
ယဲ့ချန်းကတော့ အလွန်ပျင်းဖို့ကောင်းသည်ဟု ထင်မိသည်။
သူသည် တင်းပေါ်ကို ကြမ်းရမ်းပြစေချင်ခဲ့မိသည်။ သို့မှသာ သူကလည်း တစ်ဖက်လူကို ခပ်ကြမ်းကြမ်းလေးရိုက်ချနိုင်မည်ဖြစ်၏။
သို့သော် သူ ဘာမှမလုပ်ရသေးခင်မှာပင် တစ်ဖက်လူက သူရဲဘောကြောင်နေချေသည်။
"သွားတော့"
ယဲ့ချန်းလည်း လက်ယမ်းပြလိုက်တော့သည်။
တင်းပေါ်နှင့် သူ့လက်ပါးစေများမှာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားသည့်အလား အလန့်တကြားထွက်ပြေးကြလေတော့သည်။
ဒီလူ့ကို သွားရန်စလို့မဖြစ်ဘူး…
မပြေလည်မှုတစ်ခုရှိရုံမျှဖြင့် သူက အထူးတပ်ဖွဲ့ဝင်များကို ဖုန်းဆက်လိုက်သည်ဖြစ်ရာ သူတို့အနေနှင့် ထိုဩဇာအာဏာကို မည်သို့လိုက်မီနိုင်မည်နည်း။
ထွက်လာခဲ့ပြီးသည့်တိုင် တင်းပေါ်ခမျာ နှလုံးခုန်သံများ မြန်ဆန်နေဆဲပင်။
သေလောက်အောင်လန့်သွားတာပဲ… ဒါနဲ့ ယဲ့ချန်းရဲ့နောက်ခံက ဘာပါလိမ့်..
ယနေ့ မိုတုမြို့ထဲရှိ လူကုံထံအသိုင်းအဝိုင်းထဲတွင် သူ အရှက်ဗြန်းဗြန်းကွဲခဲ့ရသည်။ သိက္ခာများလည်း ကုန်းကောက်စရာမရှိအောင် ကျသွားလေပြီ။
သူ့စိတ်ထဲမှာတော့ မကျေနပ်ချေ။
ယဲ့ချန်းက ဘယ်သူမို့လို့ ဒီလောက်အထိကြမ်းနေရတာလဲ…
မဖြစ်ဘူး။ ဒီအာဃာတကို ပြန်လက်စားချေရမယ်…
ထိုသို့တွေးပြီးနောက် သူ့အဖေထံသို့ ဖုန်းဆက်လိုက်သည်။ သူ့အဖေသည် သူ့ကို ငယ်ငယ်လေးကတည်းက ချစ်ခင်မြတ်နိုးခဲ့သည်။
တင်းပေါ်မလုပ်နိုင်သည့် ကိစ္စတစ်ခုခုရှိလာခဲ့လျှင် သူ့အဖေဆီကို ဖုန်းတစ်ချက်ဆက်လိုက်ရုံဖြင့် ဖြေရှင်းပြီးသားဖြစ်သွားသည်။
ထိုအချိန်တွင် တင်းဆန်ရှီက အစ်ကိုမာနှင့် အစ်ကိုထန်တို့နှင့် စကားစမြည်ပြောနေချေသည်။
အစ်ကိုမာ : "လောင်တင်း… ငါပြောပါဦးမယ်။ နောက်ပိုင်းကျရင် ယဲ့ချန်းက ဟွားနိုင်ငံရဲ့ စီးပွားရေးလောကမှာ နံပါတ်တစ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမှာ"
အစ်ကိုထန် : "ဟုတ်တယ်။ လူငယ်မျိုးဆက်တွေက လူကြီးတွေကို ကျော်တက်သွားမှာပါပဲ။ ကျုပ်တို့သားသမီးတွေက မိန်းမတွေကို ထည်လဲတွဲပြီး နိုက်ကလပ်တက်နေတဲ့အချိန်မှာ ယဲ့ချန်းကတော့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်တောင် ဖြစ်နေပြီ။ လုံးဝယှဉ်လို့မရဘူး"
"လောင်မာ.. လောင်ထန်… ခင်ဗျားတို့ ကျုပ်ကို ယဲ့ချန်းနဲ့မိတ်ဆက်ပေးရမယ်နော်"
"ဟုတ်တာပေါ့။ ဟားဟား… အခွင့်ကြုံရင် မစ္စတာယဲ့ကို ဖိတ်လိုက်ပါ့မယ်"
ထိုအချိန်မှာပင် တင်းဆန်ရှီ၏ဖုန်းက ထမြည်လာသည်။
"အဖေ ကျွန်တော် အနိုင်ကျင့်ခံခဲ့ရတယ်"
တင်းဆန်ရှီလည်း မျက်မှောင်ကြုတ်လိုက်မိသည်။
"မင်းကို ဘယ်သူက အနိုင်ကျင့်တာလဲ။ ပြောစမ်း… မင်းအဖေက လက်စားချေပေးမယ်"
သူ့အဖေ၏စကားကို ကြားသောအခါ တင်းပေါ်လည်း ချက်ချင်းဆိုသလို စိတ်အားတက်ကြွသွားသည်။
ဟုတ်ပေသည်။ သူ့အဖေက သူ့အား အချစ်ဆုံးပင်။ ယဲ့ချန်းက သူ့အဖေထက် ပိုစွမ်းအားကြီးလိမ့်မည်ဟု သူ မယုံနိုင်ပေ။
အစောတုန်းက ကြောက်ကြောက်ရွံ့ရွံ့နှင့် ဒူးထောက်ခဲ့ရသော သူ့ပုံစံကို ပြန်အမှတ်ရမိသောအခါ တင်းပေါ်မှာ အသည်းအသန်ငိုလေတော့သည်။
"အီးဟီး..အဖေ.. ဒီနေ့ အဖေ့သား လုံးဝအရှက်ကွဲခဲ့ရတယ်။ သူက ကျွန်တော့်ကို ဒူးထောက်တောင်းပန်ခိုင်းခဲ့တာ"
တင်းဆန်ရှီလည်း ဒေါသထွက်သွားလေသည်။ လူတစ်ယောက်က သူ့သားကို ဒူးထောက်ခိုင်းရဲခြင်းမှာ သေမင်းကို လက်ယပ်ခေါ်နေခြင်းပင်။
"ဘယ်သူက ဒီလောက်အထိ အတင့်ရဲနေတာလဲ။ ပြောစမ်း.. အဖေ မင်းအတွက် လက်စားချေပေးမယ်"
ဤစကားကိုကြားသော် တင်းပေါ်လည်း ဝမ်းသာလုံးဆို့သွားပြီး နာမည်ကို ချက်ချင်းထုတ်ပြောလိုက်၏။
"သူ့နာမည်က ယဲ့ချန်းတဲ့"
ထို့နောက် တင်းပေါ်က ယဲ့ချန်း၏ပုံပန်းသွင်ပြင်နှင့် ယနေ့ဖြစ်ခဲ့သည့် ဖြစ်စဉ်ကို သူ့အဖေအား အကုန်ပြောပြလိုက်သည်။
သေချာတာတစ်ခုကတော့ ယဲ့ချန်းကိုသာ အပြစ်ပုံချခဲ့ခြင်းပင်။
ဖုန်းတစ်ဖက်တွင်မူ တိတ်ဆိတ်သွားချေသည်။
"အဖေ နားထောင်နေလား"
ခဏအကြာ ဖုန်းတစ်ဖက်မှ အော်ဟစ်ကြိမ်းမောင်းသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"ကောင်စုတ်လေး.. မင်း ဆုံးမခံချင်နေပြီလား။ မင်းကများ မစ္စတာယဲ့ကို သွားရန်စရဲတယ်ပေါ့။ ငတုံးကောင်"
တင်းပေါ် : "…"
"အဖေ.. အဲဒီယဲ့ချန်းကို ကျွန်တော် စုံစမ်းကြည့်ပြီးပြီ။ သူက တက္ကစီဒရိုင်ဘာမဟုတ်ဘူးလား"
"ပေါက်ကရတွေ.. မစ္စတာယဲ့ကို မင်းရဲ့ဦးလေးမာနဲ့ ဦးလေးထန်တို့ကတောင် လေးစားရတာ။ မင်း မစ္စတာယဲ့ကို တစ်ခုခုအကောက်ကြံခဲ့တာလား"
"အဖေ ကျွန်တော်…"
"မင်း အခုချက်ချင်း ဒီကိုပြန်လာခဲ့။ မင်းကို အညိုအမည်းစွဲနေအောင် ရိုက်မပစ်နိုင်ရင် ငါ့မျိုးရိုးနာမည်ကို ပြောင်းပြန်ရေးပစ်မယ်"
တင်းပေါ်ခမျာ အံ့ဩမှင်တက်သွားလသည်။
ယဲ့ချန်းက ဘယ်သူမို့လို့ သူ့အဖေတောင် ကြောက်နေရတာလဲ။
••••••••••••••••••