← Chapters

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အခန်း (၂၇၇-၂၇၉)

Vol. 19 Ch. 277-279

အပိုင်း ၂၇၇ : မင်းက ငါ့ကိုအလုပ်ဖြုတ်နိုင်တဲ့ အရည်အချင်းမျိုးမရှိဘူး

နာရီဝက်အကြာတွင်…

တင်းမိသားစုထဲ၌ အဆက်မပြတ်ငိုကြွေးသံများဖြင့် ပြည့်နှက်နေတော့သည်။ တင်းဆန်ရှီက တုတ်တစ်ချောင်းကိုကိုင်၍ သူ့ဖုန်းကိုထုတ်ယူလိုက်သည်။

"ဥက္ကဋ္ဌယဲ့လား"

ဖုန်းတစ်ဖက်မှ လေးစားဖွယ်ကောင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

ယဲ့ချန်းက မေးလိုက်၏။

"ကျွန်တော်က တင်းပေါ်ရဲ့အဖေ တင်းဆန်ရှီပါ"

"ဪ ဘာကိစ္စရှိလို့လဲ"

ယဲ့ချန်း အတန်ငယ်အံ့ဩသွားရသည်။

သူက သူ့သားကို အနိုင်ကျင့်လိုက်လို့ စာရင်းရှင်းချင်နေတာများလား…

"မစ္စတာယဲ့.. ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်သားကို ကောင်းကောင်းမဆုံးမခဲ့တဲ့ ကျွန်တော့်အမှားပါ။ ကျွန်တော့်သားက အရမ်းမောက်မာပြီး ခင်ဗျားကို အပြစ်ပြုမိခဲ့တယ်။ ကျွန်တော် သူ့ကို ကောင်းကောင်းဆုံးမပြီးပါပြီ"

တင်းဆန်ရှီက ထိုသို့ပြောရင်း သူ့တုတ်ကို ဆက်လွှဲလိုက်သည်။

"အဖေ.. မရိုက်ပါနဲ့တော့။ ဆက်ရိုက်နေရင် ကျွန်တော့်ခြေထောက် ကျိုးတော့မယ်"

တင်းပေါ်၏အော်ငိုသံကား ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

တင်းဆန်ရှီက သူ့သားကို ဆုံးမနေခြင်းဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သဖြင့် ပြောလိုက်သည်။

"အခုလိုဖြစ်ရတဲ့ အကြောင်းအရင်းက ခင်ဗျားသားက သုန်းရှောင်ယာကို အကောက်ကြံခဲ့လို့ပဲ။ သူက သုန်းရှောင်ယာကို ဆေးခပ်ပြီး ဟိုတယ်ခေါ်သွားဖို့ ကြိုးစားခဲ့တာ။ ဒါပေမဲ့ ကျုပ်နဲ့ဝင်တိုးလို့ ကျုပ်ကလည်း သူ့ကို ရဲစခန်းကို ခေါ်သွားလိုက်ရော"

"မစ္စတာယဲ့ ခင်ဗျားကို ကျေးဇူးတင်ပါတယ်ဗျာ။ ခင်ဗျားကြောင့်သာမဟုတ်ရင် ကျွန်တော့်သားလည်း ဒုက္ခရောက်နေလောက်ပြီ"

ယဲ့ချန်း၏စကားကိုကြားသောအခါ တင်းဆန်ရှီလည်း အထိတ်တလန့်ပင့်သက်ရှိုက်လိုက်မိသည်။

သုန်းရှောင်ယာ၏နောက်ခံမှာ သာမန်မဟုတ်ပေ။ သူ(မ)၏အနောက်တွင် ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများက ထောက်ပံ့ပေးထားသည်။

အကယ်၍ ထိုသို့သောကိစ္စတစ်ခု ဖြစ်ခဲ့ပါက ထိုပုဂ္ဂိုလ်များက တင်းပေါ်ကို အလွတ်ပေးမည်မဟုတ်ပေ။

ယဲ့ချန်းက တင်းပေါ်၏အသက်ကို ကယ်ခဲ့သည်ဟုပင် ဆိုနိုင်လေသည်။

သူက ထိုသို့ပြောရင်း တုတ်နှင့်ရိုက်နေသည့် အသံများက တစ်ဖန်ထွက်ပေါ်လာပြန်သည်။

"ကောင်စုတ်လေး…မင်းကများ ငါ့ကိုလိမ်ရဲတယ်ပေါ့။ သုန်းရှောင်ယာက ဘယ်သူလဲဆိုတာသိလား။ သူ့ကို သွားရန်စရဲတယ်ပေါ့။ ဒီနေ့ ငါ မင်းကို ကောင်းကောင်းမဆုံးမဘူးဆိုရင် မင်းက ကောင်းကင်ပေါ်ကိုတောင် တက်နိုင်တယ်လို့ ထင်နေဦးမှာ"

နောက်ထပ်ငိုကြွေးသံများ ထွက်လာပြန်လေသည်။

အချက်ရေနည်းနည်းလောက် ရိုက်ပြီးနောက် တင်းဆန်ရှီက ပြောလာလေသည်။

"မစ္စတာယဲ့… ကျွန်တော်တို့တင်းမိသားစုက ခင်ဗျားကို အကြွေးအကြီးကြီးတင်သွားပါပြီ။ ကျွန်တော့်သားရဲ့ကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားဘက်က သက်ညှာပေးဖို့ တောင်းဆိုပါတယ်"

ယဲ့ချန်းကမူ ထိုစကားကိုကြားသော် ခပ်ဖွဖွပြုံးလိုက်လေသည်။

"ရပါတယ်။ သူက ကလေးပဲရှိသေးတာလေ။ ဒါပေမဲ့ နောက်နောင် အလားတူကိစ္စမျိုး ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်"

"မစ္စတာယဲ့ စိတ်ချပါ။ အခုလိုကိစ္စမျိုး ထပ်မဖြစ်စေရပါဘူး"

တင်းဆန်ရှီက ဖုန်းကို တင်းပေါ်အား ပေးလိုက်၏။

"ကောင်စုတ်လေး… မင်းကိုယ်တိုင် ဦးလေးယဲ့ကို တောင်းပန်လိုက်"

ဖုန်းတစ်ဖက်မှ နာကျင်စွာညည်းညူသံများကို နားထောင်ရုံဖြင့် တင်းပေါ်တစ်ယောက် ဤတစ်ခေါက် ခပ်ကြမ်းကြမ်းအရိုက်ခံနေရကြောင်း ယဲ့ချန်း သိလိုက်သည်။

"ဦးလေးယဲ့.. ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ။ ကျွန်တော့်အဖေက ကျွန်တော့်ဖင်ကို စုတ်ပြတ်သွားအောင် ရိုက်ပြီးပါပြီ။ နောက်နောင် အခုလိုကိစ္စမျိုးကို ထပ်မလုပ်ဖို့ ကတိပေးပါတယ်။ ကျွန်တော့်ကို သက်ညှာပေးပါနော်"

"ကောင်းပြီ။ ငါ မင်းကို ခွင့်လွှတ်တယ်လို့ မင်းအဖေကိုပြောလိုက်"

ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

ထိုအချိန်မှသာ တင်းဆန်ရှီက ဖုန်းကို ပြန်ယူလိုက်၏။

"မစ္စတာယဲ့.. ခင်ဗျားက ကျွန်တော်တို့တင်းမိသားစုရဲ့ကယ်တင်ရှင်ပါ။ ခင်ဗျား တစ်ခုခုလိုအပ်ခဲ့ရင် ပြောသာပြောပါ"

"ကောင်းပြီလေ"

ဖုန်းခေါ်ဆိုမှုကား ပြတ်တောက်သွားလေပြီ။ အရိုက်ခံရပြီးနောက် တင်းပေါ်တစ်ယောက် အပိုးကျိုးသွားတော့မည်ဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။

ယဲ့ချန်းလည်း ဟွားစံအိမ်တော်သို့ ပြန်လာခဲ့လိုက်သည်။ လင်းဝမ်ယိုမှာ အိပ်ပျော်နေချေပြီ။

ယဲ့ချန်းထဲသို့ ရွှီလန် ဖုန်းဆက်လာလေသည်။

"သူဌေး.. ကျွန်တော်တို့ဂိမ်းရဲ့ဒီဇိုင်းက ပြီးခါနီးပါပြီ။ အခု အတွင်းပိုင်းစမ်းသပ်မှုတွေ လုပ်ဆောင်နေပါတယ်။ ပြဿနာမရှိဘူးဆိုရင် ထုတ်လုပ်မှုစတင်လို့ရပါပြီ"

"ကောင်းပြီ။ ဆက်လုပ်ထား။ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိလာခဲ့ရင် ငါ့ကို အချိန်မရွေးဆက်သွယ်လိုက်"

ယဲ့ချန်းလည်း ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်မိသည်။

ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကို သူ စိတ်တိုင်းကျသည်။

နောက်တစ်နေ့မနက်တွင် လင်းဝမ်ယိုက ယဲ့ချန်းအတွက် မနက်စာပြင်ဆင်ပေးထားသည်။

မနက်စာစားပြီးနောက် လင်းဝမ်ယိုက ယဲ့ချန်းကို တင်ပြလေသည်။

"သခင်လေး.. ကျွန်မတို့ ဗွီအာကိရိယာထုတ်လုပ်ရေးအတွက် နိုင်ငံတစ်ဝှမ်းက ထုတ်လုပ်ရေးစက်ရုံနှစ်ဆယ်ကျော်ကို ဝယ်ယူထားပြီးပါပြီ"

"ကောင်းပြီ။ ဒါနဲ့… မိုတိုမြို့နားမှာ ထုတ်လုပ်ရေးစက်ရုံတွေရှိလား"

ယဲ့ချန်းက မေးလိုက်၏။

လင်းဝမ်ယိုကလည်း ခေါင်းညိတ်ပြလေသည်။

"စုမိသားစုရဲ့စက်ရုံက မိုတုမြို့ရဲ့ဆင်ခြေဖုံးမှာရှိပါတယ်"

"ကောင်းပြီ။ ငါ ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေကို သွားစစ်ဆေးလိုက်မယ်"

ဂိမ်းကို အတွင်းပိုင်းစမ်းသပ်ပြီးသွားပါက နောက်တစ်ဆင့်မှာ ကိရိယာများပင်။ ကိရိယာများကလည်း ဂိမ်းနီးနီး အရေးပါသည်။

သေချာသွားအောင် သူကိုယ်တိုင်သွားကြည့်ဖို့ ယဲ့ချန်း ဆုံးဖြတ်လိုက်သည်။

လင်းဝမ်ယိုကလည်း ယဲ့ချန်းအား လိပ်စာတစ်ခု ပေးလိုက်သည်။ ထို့နောက် ယဲ့ချန်းက စက်ရုံဆီသို့ ချက်ချင်းမောင်းလာခဲ့လိုက်သည်။

စက်ရုံဝင်ပေါက်တွင်မူ စက်ရုံဒါရိုက်တာလီခုန်းက ယဲ့ချန်းကို စောင့်နေပေသည်။

"မင်္ဂလာပါ မစ္စတာယဲ့ ကြိုဆိုပါတယ်ဗျ။ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်"

ယဲ့ချန်း ပြုံးပြလိုက်သည်။

"ကျွန်တော်က ဒီကို လမ်းညွှန်ဖို့ရောက်လာတာမဟုတ်ဘူး။ တစ်ချက်ကြည့်ရုံပါပဲ"

လီခုန်းက ယဲ့ချန်းအား စက်ရုံတစ်ဝိုက် လိုက်ပြပေးလိုက်၏။

ထိုအချိန်မှာပင် ပစ္စည်းတစ်သုတ် ရောက်လာသဖြင့် လီခုန်းက သွားစစ်ဆေးရန် လိုအပ်လာသည်။ ထို့ကြောင့် ယဲ့ချန်း ပြုံးလျက် ပြောလိုက်သည်။

"မန်နေဂျာလီ.. သွားလိုက်ပါ။ ကျွန်တော် အလုပ်ရုံကို ကိုယ့်ဘာသာပတ်ကြည့်လိုက်မယ်"

လီခုန်းက ခေါင်းညိတ်ပြပြီးနောက် ထွက်သွားလေတော့သည်။ ထို့နောက် ယဲ့ချန်းလည်း အလုပ်ရုံထဲသို့ ဝင်သွားလိုက်သည်။

အလုပ်ရုံ၏စည်းမျဉ်းအရ ယဲ့ချန်းအနေနှင့် အလုပ်သမားဝတ်စုံကို ဝတ်ဆင်ထားရသည်။ အလုပ်ရုံထဲသို့ ဝင်လာလိုက်ချိန်ဝယ် အလုပ်သမားများမှာ ဗွီအာအစိတ်အပိုင်းများကို ထုတ်လုပ်နေကြသည်။

ယဲ့ချန်းလည်း ပတ်ကြည့်နေရင်း အလုပ်သမားများက လေးနက်တည်ကြည်လှကြောင်း သတိထားမိလိုက်သည်။ လုပ်ငန်းနိုင်နင်းမှုကလည်း အလွန်ကောင်းလှသည်ဖြစ်ရာ ယဲ့ချန်း အလွန်စိတ်ကျေနပ်မိသည်။

"ယဲ့ချန်း.. မင်းက ငါတို့စက်ရုံကို ဘာလို့ရောက်လာတာလဲ"

သူ့ရှေ့ရှိလူကို မြင်သောအခါ ယဲ့ချန်း အတန်ငယ်ထိတ်လန့်သွားလေသည်။

ဤလူကလည်း တက္ကစီမောင်းခဲ့ဖူးပြီး ယခင်တုန်းက သူတို့ အကင်အတူတူစားခဲ့ဖူးသည်။

"မင်းက ဒီကို ဘယ်လိုလုပ်ပြီးရောက်နေတာလဲ။ တက္ကစီမမောင်းတော့ဘူးလား"

ယဲ့ချန်းလည်း ပြန်မေးလိုက်သည်။

"ဟူး.. ရွေးချယ်စရာမရှိတော့လို့လေ။ ငါ့ကားရဲ့လိုင်စင်သက်တမ်းက ကုန်သွားလို့ ဒီနေရာမှာ အလုပ်လာလုပ်နေရတာ"

ဝမ်လုံက ပြောလိုက်လေသည်။

"ဪ အဲဒီလိုကိုး"

ယဲ့ချန်းက ဝမ်လုံကိုကြည့်လိုက်လေရာ အရည်အချင်းစစ်ဆေးရေးစနစ်က ဝမ်လုံ၏အချက်အလက်များကို ထုတ်ပြလာလေသည်။

"ဝမ်လုံ.. ရွှေအဆင့်ဒီဇိုင်နာ… လုပ်ငန်းစဉ်နဲ့နည်းပညာပိုင်းဆိုင်ရာဒီဇိုင်းပိုင်းမှာ ကျွမ်းကျင်တယ်"

"စကားမစပ် မင်းက အရင်တုန်းက ဒီဇိုင်းကျောင်းသားလား"

ယဲ့ချန်းက အတန်ငယ်အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။

ဝမ်လုံလည်း ခါးသက်သက်ရယ်မောလိုက်သည်။

"ဟုတ်တယ်။ ငါ ဒီဇိုင်းပညာကို လေ့လာခဲ့တာလေ။ နောက်ပိုင်းကျတော့ ဒီဇိုင်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တာ။ ဒါပေမဲ့ သူဌေးက အမျိုးသမီးဝန်ထမ်းတွေကို ထိပါးနှောင့်ယှက်နေတာကိုမြင်တော့ သူဌေးကိုရိုက်နှက်ပစ်လိုက်တာ အလုပ်ထုတ်ခံလိုက်ရရော"

ဝမ်လုံ၏နောက်ခံရာဇဝင်ကို ကြားလိုက်ရသောအခါ ယဲ့ချန်းလည်း အတန်ငယ်အံ့ဩသွားလေသည်။

ဝမ်လုံက သူလိုက်ရှာနေသည့် ဒီဇိုင်နာပင်တည်း။ သူတို့နှစ်ယောက် စကားပြောနေချိန်မှာပင် အေးစက်စက်အသံတစ်သံက ရုတ်ခြည်းထွက်ပေါ်လာသည်။

"မင်းတို့နှစ်ယောက် ဘာလုပ်နေတာလဲ။ မင်းတို့ကို အလုပ်ချိန်အတွင်း ဘယ်သူက စကားပြောခိုင်းထားလို့လဲ"

ထိုအသံကိုကြားသောအခါ ဝမ်လုံ၏အမူအရာမှာ ပြောင်းလဲသွားလေသည်။

"အာ.. ကျိုးပါ့ပီပဲ။ ယဲ့ချန်း..မင်းနေရာကို မြန်မြန်သွားတော့။ ကျိုးပါ့ပီသာ မင်းကိုမိသွားရင် မင်း ဒုက္ခရောက်ပြီ"

သို့သော် ယဲ့ချန်းကတော့ မတုန်မလှုပ်သာ။

"ရတယ်"

ထိုအချိန်မှာပင် အလုပ်ယူနီဖောင်းဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရောက်လာသည်။

"ဝမ်လုံ.. အလုပ်ချိန်မှာ မင်းကို ဘယ်သူက စကားပြောခိုင်းထားလို့လဲ။ ဒီလအတွက် မင်းရဲ့ဘောနပ်စ်ကို အကုန်နှုတ်ပစ်မယ်"

ဝမ်လုံလည်း ဒေါသထွက်သွားလေသည်။

ဝမ်လုံက အလုပ်ကို အသေးစိတ်လုပ်ကိုင်တတ်သူပင်။ ဝမ်လုံ၏ဇနီးက ဆေးရုံတင်ထားရသဖြင့် ဆေးကုသစရိတ်က အလွန်များပြားလွန်းလှသည်။

ထို့ကြောင့် နေ့မအားညမအား အလုပ်လုပ်နေရခြင်းပင်။

ယခု ဆေးရုံဘက်ကလည်း ငွေချေဖို့ တွန်းအားပေးလာသည်ဖြစ်ရာ ယွမ်ငါးရာကိုနှုတ်လိုက်မည်ဆိုပါက ဝမ်လုံအတွက်တော့ ကံဆိုးမိုးမှောင်ကျခြင်းပင်။

ဤအခြင်းအရာကို မြင်သောအခါ ယဲ့ချန်း၏အမူအရာကား အေးစက်သွားသည်။

"ခင်‌ဗျားက အလုပ်ရုံဒါရိုက်တာမလား။ ဝမ်လုံက ကျွန်တော်နဲ့ ခဏလေးပဲ စကားပြောမိတာပါ။ သူ့အလုပ်ကို ထိခိုက်တာမှမဟုတ်တာ။ သူ့ဘောနပ်စ်ကို အခုလိုဖြတ်ပစ်တာကြီးကတော့ လွန်လွန်းပါတယ်"

အလုပ်ရုံဒါရိုက်တာက ယဲ့ချန်းကို အထက်အောက်စုန်ချည်ဆန်ချည်ကြည့်လိုက်သည့်တိုင် ဘယ်သူမှန်းမသိသည့်အတွက် နှာမှုတ်လိုက်သည်။

"ဟေ့ကောင်.. မင်းက အခုမှ ဒီကိုရောက်လာတာနော်။ မင်းမှာ ပြောပိုင်ခွင့်ရှိလို့လား။ ငါပြောမယ်… ဒီအလုပ်ရုံမှာ ငါက ဘုရင်ပဲ။ ဘယ်သူ့ပိုက်ဆံပဲဖြစ်ဖြစ် ဖြတ်လိုက်လို့ရတယ်"

ယဲ့ချန်းခမျာ အတန်ငယ်ဆွံ့အသွားရသည်။

"အလုပ်ရုံဒါရိုက်တာဖြစ်တာ ဘာများအထင်ကြီးဖို့ကောင်းနေလို့လဲ။ ဒီစက်ရုံက ခင်ဗျားပိုင်တာမို့လို့လား"

အလုပ်ရုံဒါရိုက်တာကလည်း လူသစ်လေးတစ်ယောက်က သူ့အား ပြန်ခံပြောလာလိမ့်မည်ဟု ထင်မထားသဖြင့် ချက်ချင်းခွန်းတုံ့ပြန်လိုက်၏။

"ဟေ့ကောင်… မင်းကို ဘယ်သူအလုပ်ခန့်ထားတာပဲဖြစ်ဖြစ် မင်းကိုအလုပ်ထုတ်လိုက်ပြီ"

အလုပ်ရုံဒါရိုက်တာ၏စကားကို ကြားသောအခါ ယဲ့ချန်းက ရုတ်တရက်ထရယ်လေသည်။

"ဆောရီးပဲ..ခင်ဗျား ကျုပ်ကို အလုပ်ဖြုတ်ပိုင်ခွင့်မရှိဘူး"

•••••••••••••••••••

အပိုင်း ၂၇၈ : ပင်စည်

ယဲ့ချန်းက အလုပ်ရုံကြီးကြပ်သူကို လုံးဝလျစ်လျူရှုထားပြီး ပြောလိုက်၏။ ထို့နောက် အလုပ်ရုံဘက်သို့ လှည့်လိုက်သည်။

ဝမ်လုံ့ကို တွေ့လိုက်ရသည့်အတွက် ယဲ့ချန်း အလွန်စိတ်လှုပ်ရှားမိသည်။ ယခုအချိန်တွင် သူ အလိုအပ်ဆုံးအရာမှာ ဝမ်လုံ့လို ဒီဇိုင်နာတစ်ယောက်ပင်။

ယဲ့ချန်းကိုယ်တိုင်လည်း ဒီဇိုင်းဆွဲနိုင်သော်ငြား ဤသည်မှာ အချိန်ကုန်လွန်းလှသည်။ သူ့တွင် အချိန်များများစားစားမရှိချေ။

ယခုမူ ဝမ်လုံရှိနေပြီဖြစ်ရာ သူ့စိတ်ကူးများကို အကောင်အထည်ဖော်ဖို့သာ လိုတော့သည်။ သူ့အနေနှင့် အခြားအရာများကို စိတ်ပူစရာမလိုပေ။

ယဲ့ချန်းက ဒါရိုက်တာရုံးခန်းထဲသို့ သွားလိုက်လေရာ လီခုန်းက လုံကျင်းလက်ဖက်ရည်တစ်အိုးကို ကပျာကယာဖျော်၍ ယဲ့ချန်းအတွက် ကိုယ်တိုင်ကိုယ်ကျ လောင်းထည့်ပေးသည်။

အစတုန်းက သူ့စက်ရုံက ပိတ်ရလုနီးပါးဖြစ်နေခဲ့သော်ငြား စုကျန့်က သူတို့အနေနှင့် ဗွီအာအစိတ်အပိုင်းများကို ထုတ်လုပ်နိုင်ကြောင်း သတင်းပေးခဲ့သဖြင့် ထုတ်လုပ်ရေးကို ဆက်လုပ်နိုင်ခဲ့သည်။

ယဲ့ချန်းက ပင်မရင်းနှီးမြှုပ်နှံသူတစ်ယောက်ဖြစ်ပြီး အပြစ်ပြု၍မရနိုင်သော လူတစ်ယောက်ဖြစ်ကြောင်း လီခုန်း ကောင်းကောင်းသိသည်။

ယဲ့ချန်းလည်း လက်ဖက်ရည်တစ်ငုံသောက်၍ ပြောလိုက်သည်။

"ဒါရိုက်တာလီ… အလုပ်ရုံကို တစ်ပတ်ပတ်ကြည့်လိုက်တာ။ ပြဿနာလေးတချို့ တွေ့ခဲ့တယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ လီခုန်း၏အမူအရာကား ပြောင်းလဲသွားလေသည်။

"မစ္စတာယဲ့.. ကျွန်တော်တို့စက်ရုံမှာ ဘာလိုအပ်နေသလဲဆိုတာ ပြောသာပြောလိုက်ပါ။ ကျွန်တော်တို့ ချက်ချင်းပြင်ဆင်ပေးပါ့မယ်။ ကျွန်တော်တို့စက်ရုံက လူအယောက်ရာဂဏန်းရဲ့ စားဝတ်နေရေးက ဒီလုပ်ငန်းကို မှီခိုနေရတာပါ"

ယဲ့ချန်းဘက်က စိတ်မကျေနပ်မှုကြောင့် ရင်းနှီးမြှုပ်နှံမှုကို ပြန်ထုတ်သွားမည်ကို လီခုန်း အလွန်စိတ်ပူနေမိသည်။

ရင်းနှီးမြှုပ်နှံမှုကိုသာ ပြန်ရုပ်သိမ်းလိုက်ပါက စက်ရုံလည်း ပြိုလဲရလိမ့်မည်သာ။

ယဲ့ချန်းကမူ ပြုံးလျက် ပြောလိုက်သည်။

"တကယ်တော့ ထုတ်လုပ်ရေးနဲ့ လုပ်ငန်းစဉ်အပိုင်းမှာ ဘာပြဿနာမှမရှိပါဘူး။ အလုပ်ရုံကြီးကြ်သူက ပြဿနာဖြစ်နေတာ။ ကျုပ်တို့အလုပ်သမားတွေကို စည်းလုံးနေစေချင်တယ်။ ဒါပေမဲ့ အလုပ်ရုံကြီးကြပ်သူက သူ့ရာထူးကိုအသုံးချပြီး ဝန်ထမ်းတွေကို ဖိနှိပ်နေတယ်လေ။ ကျွန်တော်ကလည်း အဲဒါကို မမြင်ချင်ဘူး။ ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းတွေကို နွေးထွေးတဲ့ပတ်ဝန်းကျင်တစ်ခု ပေးသင့်တယ်။ အဲဒါမှ သူတို့ကလည်း ကျွန်တော်တို့ဆီမှာ စိတ်ရင်းစေတနာအပြည့်နဲ့ အလုပ်လုပ်ပေးမှာလေ"

လီခုန်းလည်း ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။

"မစ္စတာယဲ့.. ကျွန်တော်နားလည်ပါပြီ။ တကယ်တော့ ကျွန်တော်လည်း ကောလာဟလတချို့ကြားပါတယ်။ ဒီကိစ္စကို ချက်ချင်းကိုင်တွယ်လိုက်ပါ့မယ်"

ဤသို့ပြောပြီးနောက် လီခုန်းက အလုပ်ရုံကြီးကြပ်သူ၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ အလုပ်ရုံကြီးကြပ်သူမှာ အခြားဝန်ထမ်းများကို ဆူပူနေချေသည်။

ပုံမှန်ဆိုလျှင် ဝန်ထမ်းများက သူ့ကို လာဘ်ထိုးနေမည်ဆိုပါက သူကလည်း သူတို့ကို ပြဿနာမရှာပေ။

သို့သော် ဝမ်လုံ့လို သူ့အား လာဘ်မထိုးသော လူတစ်ယောက်ကိုတော့ အပြစ်မရှိအပြစ်ရှာတတ်သည်။

ဝမ်လုံက ငွေကြေးအခက်အခဲကြောင့် သူ့အား လာဘ်မထိုးချေ။ ထို့ကြောင့် သူ့အား ဆူပူရန် ဆင်ခြေတစ်ခုကို အမြဲရှာနေခြင်းပင်။

ထိုအချိန်မှာပင် ဒါရိုက်တာက ဖုန်းခေါ်လာသဖြင့် သူ့အမူအရာမှာ ဖော်လံဖားအမူအရာသို့ ပြောင်းလဲသွားသည်။

"ဒါရိုက်တာ ဘာများလိုအပ်လို့လဲ"

လီခုန်းကတော့ အေးတိအေးစက်ပြောလိုက်လေသည်။

"ရုံးခန်းထဲကို လာခဲ့"

"ဟုတ်ကဲ့။ ကျွန်တော် အခုချက်ချင်းလာခဲ့ပါ့မယ်"

အလုပ်ရုံကြီးကြပ်သူက ဝန်ထမ်းများကို စူးစူးရဲရဲစိုက်ကြည့်ပြီး‌ ပြောလိုက်၏။

"မင်းတို့ ငါ့အလုပ်ရုံမှာနေချင်ရင် ဉာဏ်သုံးကြ။ မဟုတ်လို့ကတော့ ငါ မင်းတို့ကို ဆက်အလုပ်မလုပ်နိုင်အောင် လုပ်ပြမယ်"

ထိုသို့ပြောပြီးနောက် အလုပ်ရုံကြီးကြပ်သူက အောင်နိုင်သူတစ်ယောက်အလား ထွက်ခွာသွားလေသည်။

အလုပ်ရုံကြီးကြပ်သူ ထွက်သွားသည်နှင့် အလုပ်ရုံထဲတွင် ဆဲဆိုသံများဖြင့် ပြည့်နှက်သွားခဲ့သည်။

ရုံးခန်းနားသို့ရောက်သည်နှင့် အလုပ်ရုံကြီးကြပ်သူက တံခါးခေါက်လိုက်လေသည်။

"ဝင်ခဲ့ပါ"

အထဲမှ ဒါရိုက်တာလီခုန်း၏အသံ ထွက်ပေါ်လာသည်။

အလုပ်ရုံကြီးကြပ်သူက အခန်းထဲသို့ဝင်လာလိုက်ချိန်ဝယ် ယဲ့ချန်းကို မြင်လိုက်ရသဖြင့် ကြက်သေသေသွားလေသည်။

"မင်းက ဒီမှာဘာလုပ်နေတာလဲ"

အလုပ်ရုံကြီးကြပ်သူကို ထိတ်လန့်သွားစေသည့်အချက်မှာ ဒါရိုက်တာကိုယ်တိုင် ယဲ့ချန်းကို ရေထည့်ပေးနေသည့် မြင်ကွင်းပင်။

ဘာတွေဖြစ်နေတာလဲ?

လီခုန်းကတော့ အလုပ်ရုံကြီးကြပ်သူကို မြင်သောအခါ မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။

"လောင်ချန်း.. မင်းက မင်းရဲ့ရာထူးကိုအသုံးချပြီး အလုပ်ရုံထဲမှာ ထင်တိုင်းကြဲနေလိမ့်မယ်လို့ ငါ ထင်မထားဘူး။ မင်းကို ငါ တကယ်စိတ်ပျက်မိတယ်"

အလုပ်ရုံကြီးကြပ်သူ၏ အမူအရာမှာ စိုးရိမ်သောကပွေသွားချေသည်။

"ဒါရိုက်တာလီ.. ကျွန်တော် ဘာမှမလုပ်ခဲ့ပါဘူး"

"မလုပ်ဘူးပေါ့လေ။ ငါ့ကို အကန်းများမှတ်နေလား"

လီခုန်းက သူ့အား ပါးရိုက်ချလိုက်လေတော့သည်။

"အလုပ်ချိန်အတွင်း စကားပြောလို့မရဘူးလို့ ငါတို့စက်ရုံထဲမှာ စည်းကမ်းသတ်မှတ်ထားလို့လား။ စကားပြောမိရုံနဲ့ တစ်လစာဘောနပ်စ်ကို ဖြတ်လို့ရတယ်ပေါ့"

လီခုန်းက အေးတိအေးစက် မေးလိုက်လေသည်။

အလုပ်ရုံကြီးကြပ်သူ၏အမူအရာကား ရုတ်ခြည်းပြောင်းလဲသွားသည်။ ဤစည်းမျဉ်းများမှာ သူ့ဘာသာထပ်ဖြည့်ထားခြင်းဖြစ်ပြီး စက်ရုံ၏စည်းကမ်းများမဟုတ်ချေ။

အေးအေးလူလူလက်ဖက်ရည်သောက်နေသော ယဲ့ချန်းကိုလှမ်းကြည့်ပြီးနောက် အလုပ်ရုံကြီးကြပ်သူခမျာ စိတ်ထဲတွင် ခါးသက်သက်ဖြစ်သွားသည်။

ယခုတစ်ခေါက်တွင် မစော်ကားသင့်သော လူတစ်ယောက်ကို စော်ကားလိုက်မိကြောင်း သဘောပေါက်လိုက်သည်။

လီခုန်းက ခပ်မာမာဆိုလာလေသည်။

"လောင်ချန်း.. လစာယူဖို့ ဘဏ္ဍာရေးရုံးခန်းကို သွားတော့။ မင်းကို အလုပ်ထုတ်လိုက်ပြီ"

အလုပ်ရုံကြီးကြပ်သူလည်း ချက်ချင်းပင် မျက်နှာပျက်သွားလေတော့သည်။

"ဒါရိုက်တာလီ.. ခင်ဗျား ကျွန်တော့်ကို အလုပ်ထုတ်လို့မရဘူးနော်။ ကျွန်တော့်မှာ ထောက်ပံ့ရမဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေရှိသေးတယ်။ အလုပ်ဖြုတ်ခံလိုက်ရရင် ကျွန်တော် ဘာသွားလုပ်ရမှာလဲ"

လီခုန်းကမူ သူ့အား အေးတိအေးစက်နှာခေါင်းရှုံ့လိုက်၏။

"မင်း အပြင်မှာ မယားငယ်ထားနေတာကို ငါမသိဘူးများထင်နေတာလား။ မင်းကို အလုပ်ဖြုတ်လိုက်ရင် သူ့ကိုထောက်ပံ့ဖို့ ပိုက်ဆံမရှိတော့ဘူးလေ ဟုတ်တယ်မလား"

အလုပ်ရုံကြီးကြပ်သူ၏မျက်နှာမှာ နီမြန်းသွားလေသည်။

အမှန်ပင်။ နှစ်ပေါင်းများစွာအတွင် သူ ငွေကြေးအလွဲသုံးစားလုပ်ပြီး သူ့မယားငယ်ကို ထောက်ပံ့ခဲ့သည်။ သူသာ အလုပ်ဖြုတ်ခံလိုက်ရလျှင် ငွေကြေးကွင်းဆက်လည်း ပြတ်သွားမည်ဖြစ်လေရာ သူ(မ)ကို မည်သို့ ထောက်ပံ့နိုင်တော့မည်နည်း။

အလုပ်ရုံကြီးကြပ်သူက ယဲ့ချန်းကိုကြည့်၍ သူ့ရှေ့တွင် ဒူးထောက်ချလိုက်၏။

"မစ္စတာ..ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် ခင်ဗျားကို မလေးမစားလုပ်ခဲ့မိတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ချမ်းသာပေးပါ။ ကျွန်တော့်ကို အလုပ်မဖြုတ်ဖို့ ဒါရိုက်တာ့ကို ပြောပေးပါဦး"

ယဲ့ချန်းကလည်း အေးစက်စက်သရော်လိုက်သည်။

"အခုလိုဖြစ်အောင် ခင်ဗျားကိုယ်တိုင်လုပ်ခဲ့တာမလား။ ပြီးတော့ ဒီကိစ္စက ကျုပ်နဲ့ ဘာမှမဆိုင်ဘူး။ မင်းကို ဘာလုပ်မလဲဆိုတာ ဒါရိုက်တာကပဲ ဆုံးဖြတ်မှာ"

အလုပ်ရုံကြီးကြပ်သူခမျာ ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။ ယဲ့ချန်းကို ဒေါသထွက်အောင်လုပ်ခဲ့မိသည့်အတွက် နောင်တရမိသည်။

အလုပ်ရုံကြီးကြပ်သူခမျာ ရုံးခန်းထဲမှ အတုန်တုန်အယင်ယင်ဖြင့် ထွက်လာခဲ့သည်။

ယဲ့ချန်းက လီခုန်းကို ပြောလိုက်၏။

"ဒါရိုက်တာလီ… ခင်ဗျားတို့စက်ရုံထဲမှာ ဝမ်လုံလို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ သူက အရမ်းအရည်အချင်းရှိတဲ့ ဒီဇိုင်နာတစ်ယောက်ပါ။ ခင်ဗျား သူ့ကို ကောင်းကောင်းအသုံးချသင့်တယ်"

"ဝမ်လုံလား"

လီခုန်း အံ့အားသင့်သွားလေသည်။

"သူက အရင်တုန်းက ဒီဇိုင်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တာ။ စက်ယန္တရားပိုင်းဆိုင်ရာ ဒီဇိုင်းကို အရမ်းကျွမ်းကျင်တယ်"

"ကျွန်တော်တို့စက်ရုံထဲမှာ အခုလိုပါရမီရှင်တစ်ယောက် ရှိနေမှန်း မသိခဲ့ဘူး"

လီခုန်းလည်း အလုပ်ရုံကို နောက်ထပ်ဖုန်းဆက်လိုက်ပြန်သည်။ ခဏအကြာတွင် ဝမ်လုံ ရုံးခန်းထဲသို့ ရောက်လာခဲ့သည်။

"အင်ဂျင်နီယာဝမ် မင်္ဂလာပါ"

လီခုန်းက ဝမ်လုံကို နွေးထွေးပျူငှာစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

ဒါရိုက်တာ၏တက်ကြွမှုကြောင့် ဝမ်လုံလည်း ကြက်သေသေသွားရသည်။

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"ဝမ်လုံ.. မင်း ငါတို့ထုတ်လုပ်ရေးစက်ရုံရဲ့ ခေါင်းဆောင်အင်ဂျင်နီယာဖြစ်ချင်လား"

ဝမ်လုံခမျာ ယဲ့ချန်းကို အကြောင်သား ငေးကြည့်နေမိသည်။

"ယဲ့ချန်း.. မင်း လာနောက်နေတာလား"

ဝမ်လုံ့အမြင်တွင် ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်မျှသာ။ သို့ဖြစ်လေရာ သူ့အား ခေါင်းဆောင်အင်ဂျင်နီယာအဖြစ် မည်သို့ အလုပ်ခန့်နိုင်မည်နည်း။

လီခုန်းက ဝင်ပြောလိုက်သည်။

"ဝမ်လုံ.. မစ္စတာယဲ့က ဒီပရောဂျက်ရဲ့ရင်းနှီးမြှုပ်နှံသူပဲ"

"ဘာ"

ဝမ်လုံခမျာ အံ့ဩမှင်တက်သွားလေသည်။

ယဲ့ချန်းကလည်း အပြုံးလေးဖြင့် မေးလိုက်လေတော့သည်။

"ဝမ်လုံ.. ငါသာ ပုံကြမ်းတွေပေးရင် မင်း ငါလိုချင်တာကို လုပ်ပေးနိုင်လား"

ဝမ်လုံ ခေါင်းညိတ်ပြလိုက်၏။

"ပုံကြမ်းသာရှိရင် လိုအပ်သမျှ ဒီဇိုင်းဆွဲပေးနိုင်တယ်"

ယဲ့ချန်းက USBဒရိုက်တစ်ခုကိုထုတ်၍ ပြောလိုက်သည်။

"ဒါက ငါ့ဗွီအာနည်းပညာရဲ့ ဒီဇိုင်းပုံကြမ်းပဲ။ ကြည့်ကြည့်လိုက်။ တစ်လအတွင်း အောင်မြင်အောင် စမ်းသပ်စေချင်တယ်။ အဲဒါမှ ငါတို့တွေ ထုတ်လုပ်မှုကို ဆက်လုပ်လို့ရမှာ"

ဝမ်လုံလည်း ခေါင်းညိတ်ပြလိုက်၏။

"ပြဿနာမရှိပါဘူး"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်ပြန်သည်။

"ဒီတာဝန်ကို မင်း ပြီးမြောက်အောင်လုပ်နိုင်ခဲ့ရင် မင်းရဲ့လစာက ကုမ္ပဏီရဲ့စီမံခန့်ခွဲရေးပိုင်းက လစာနဲ့ တူသွားလိမ့်မယ်။ အခြေခံလစာက တစ်လကို နှစ်သိန်း။ ဒါက ကော်မရှင်ခမပါသေးဘူး"

"ဘာ"

ယဲ့ချန်း၏စကားကိုကြားသောအခါ ဝမ်လုံလည်း ကြောင်အသွားရလေသည်။

အခြေခံလစာနှစ်သိန်းတဲ့လား။ ယခု ဝမ်လုံသည် မနားမနေအလုပ်လုပ်နေသည့်တိုင် တစ်လကို လေးထောင်ကျော်မျှသာ ရှာနိုင်သည်။

ယဲ့ချန်းကလည်း ရယ်လိုက်မိသည်။

"အလုပ်ကြိုးစားနော်။ နောက်ပိုင်းကျရင် မင်းမိန်းမရဲ့ဆေးကုသစရိတ်တင် ကာမိမှာမဟုတ်ဘူး။ မင်းလည်း အိမ်ကြီးအိမ်ကောင်းမှာနေပြီး ဇိမ်ခံကားတွေစီးနိုင်မှာ"

"မစ္စတာယဲ့ ကျေးဇူးတင်ပါတယ်"

ဝမ်လုံ့ခမျာ ငိုတော့မတတ် စိတ်လှုပ်ရှားသွားရသည်။

ကျွမ်းကျင်လှသော အစွမ်းအစများ ရှိနေပါသည့်တိုင် ဝမ်လုံသည် အောက်ခြေသိမ်းအလုပ်သမားဘဝမှာ အချိန်အကြာကြီးလုပ်ကိုင်ခဲ့ရသည်။ ဤသည်မှာ သူ့အတွက် မွန်းကျပ်ချင်စရာပင်။

သူ့ဘဝက တစ်သက်လုံး ယခုလိုဖြစ်သွားတော့မည်ဟု ထင်ထားခဲ့သော်ငြား သူ့အရည်အချင်းကို မြင်အောင်ကြည့်တတ်သည့် ယဲ့ချန်းနှင့် တွေ့ရလိမ့်မည်ဟု ထင်မထားချေ။

••••••••••••••••••

အပိုင်း ၂၇၉ : တက္ကသိုလ်ဥက္ကဋ္ဌဖြစ်လာခြင်း

ဝမ်လုံက ကျေးဇူးတင်လိုက်လေသည်။

"ယဲ့ချန်း ကျေးဇူးပါပဲကွာ။ ငါ မင်းကို စိတ်မပျက်စေရဘူး"

ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်လုပ်၍ စက်ရုံထဲက ထွက်လာခဲ့လိုက်သည်။ ကားမောင်းထွက်လာခဲ့ပြီးနောက် လင်းရှစ်ယင်က သူ့အား ဖုန်းခေါ်လာလေသည်။

"ယဲ့ချန်း ရှင် ဘာလုပ်နေတာလဲ"

"ဪ.. ကိုယ် ဂိမ်းကိရိယာထုတ်လုပ်ရေးစက်ရုံကို သွားခဲ့တာ"

"ဝိုး.. ရှင်က ဂိမ်းကုမ္ပဏီတစ်ခုရဲ့ သူဌေးကြီးပေါ့လေ"

ယဲ့ချန်းမှာ ရယ်မောလိုက်မိသည်။

"ဖြစ်လာလောက်မှာပါ"

"ဒါနဲ့ ကျွန်မ အခုလေးတင် ပြိုင်ပွဲပြီးလို့ ဒီည မိုတုမြို့ကို လာမလို့"

"ဪ ဘယ်လိုအခြေအနေရှိလဲ"

"ဟားဟား မှန်းကြည့်လေ"

"ပထမနေရာရခဲ့တာပဲဖြစ်ရမယ်"

ယဲ့ချန်းက ပြုံးစစဖြင့် ပြောလိုက်၏။

လင်းရှစ်ယင်က စိတ်လှုပ်ရှားခြင်းကြီးစွာ ပြောလာလေသည်။

"ဟုတ်တယ်။ ကျွန်မ ရှင့်သံစဉ်ကို တီးခတ်လိုက်တော့ ဒိုင်လူကြီးတွေ အံ့ဩသွားတာလေ။ ရှင်သိလား… ကျွန်မလည်း တီးခတ်ပြီးရော လူတိုင်း မတ်တတ်ရပ်ပြီး လက်ခုပ်တီးပေးကြတာနော်။ ရှင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ကမ္ဘာကြီးကိုလှုပ်ခါစေနိုင်တဲ့ လက်ရာတစ်ခုကို ဖန်တီးနိုင်တယ်"

ယဲ့ချန်း ရယ်လိုက်လေသည်။

"ဟားဟား… ဒါပေါ့။ မင်းပြန်ရောက်ရင် အောင်ပွဲခံတဲ့အနေနဲ့ ကိုယ် မင်းကို ညစာဝယ်ကျွေးမယ်"

"ကောင်းပြီလေ။ ဒါဆို ရှင့်ကို ရက်ရက်ရောရောကျွေးခွင့်ပေးလိုက်ပါ့မယ်။ ကဲ…ကျွန်မ လုံခြုံရေးဂိတ်ကို ဖြတ်တော့မှာ။ နောက်သုံးနာရီနေရင် မိုတုမြို့ကိုရောက်ပြီ"

"ကောင်းပြီ။ ကိုယ် မင်းကို လေဆိပ်မှာ လာကြိုမယ်"

"ဟုတ်ပါပြီ။ တာ့တာ.. ကျွန်မပြန်ရောက်ရင် ရှင့်ကို ဆုချမယ်"

လင်းရှစ်ယင် ရယ်လိုက်မိသည်။

"မင်းက ကိုယ့်ကို ဘယ်လိုဆုချမှာလဲ"

ယဲ့ချန်းက တောက်ပလင်းလက်နေသော မျက်ဝန်းအစုံဖြင့် မေးလိုက်သည်။

"မှန်းကြည့်လေ"

ယဲ့ချန်း ဖုန်းချပြီးနောက် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ သုံးနာရီအချိန်ရသည်။ သူ့ဂေါက်ကွင်းဆောက်လုပ်မှုက အခြေအနေဘယ်လိုရှိလဲဆိုသည်ကို စစ်ဆေးရန်အတွက် နှင်းဆီအိမ်ရာသို့ သွားလိုက်တာ ပိုကောင်းပေမည်။

ထိုအချိန်မှာပင် ယဲ့ချန်းထံသို့ အော်ဒါတစ်ခုရောက်လာသည်။

တည်နေရာက နှင်းဆီအိမ်ရာဖြစ်ကြောင်း မြင်လိုက်ရသောအခါ ယဲ့ချန်းလည်း အော်ဒါကို ချက်ချင်းလက်ခံလိုက်၏။

ထို့နောက် ကားရေဒီယိုကို ဖွင့်လိုက်သည်။

ယခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်များ ထွက်လာလေပြီ။ ပထမအဆင့်က ၅၀၉မှတ်ဖြစ်ပြီး ဒုတိယအဆင့်က ၄၄၅မှတ်ဖြစ်ကာ တတိယအဆင့်ကမူ ၃၃၅မှတ်ပင်။

ဆယ်ကျော်သက်တစ်ယောက်က ဖုန်းကိုကိုင်ထားရင် စိတ်လှုပ်ရှားနေဟန်ပင်။

တတိယအဆင့်ကို ဝင်မှဖြစ်မယ်… တတိယအဆင့်ကို ဝင်မှဖြစ်မယ်..

ထိုဆယ်ကျော်သက်လေး၏ စိတ်လှုပ်ရှားနေသောအမူအရာကို မြင်သောအခါ ဤလူငယ်လေးက တက္ကသိုလ်ဝင်စာမေးပွဲကို‌ ဖြေဆိုထားသူဖြစ်ကြောင်း ယဲ့ချန်း သိလိုက်သည်။

"မင်းရဲ့အမှတ်ကို စစ်မကြည့်ရဲလို့လား"

ထိုဆယ်ကျော်သက်လေးက ယဲ့ချန်းကို ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်။ ကျွန်တော့်အဖေက တတိယအဆင့်ကို မဝင်ဘူးဆိုရင် ကျွန်တော့်ခြေထောက်ကို ရိုက်ချိုးပစ်မယ်လို့ ပြောထားတယ်"

ယဲ့ချန်း ရယ်လိုက်မိသည်။

"မပူနဲ့။ တက္ကသိုလ်ဝင်စာမေးပွဲက ဘဝကြီးမဟုတ်ပါဘူး။ ပြီးသွားပြီဆိုမှတော့ ရဲရဲရင့်ရင့်ရင်ဆိုင်လိုက်ပေါ့"

ယဲ့ချန်း၏စကားကြောင့် ထိုကောင်လေးမှာ သတ္တိမွေး၍ သူ့အမှတ်ကို စစ်ဆေးကြည့်လိုက်သည်။ သူ့ရမှတ်ကို မြင်သောအခါ ထိုကောင်လေးခမျာ လေလျော့သွားသော ဘောလုံးတစ်လုံးပမာ စိတ်ဓာတ်ကျသွားလေသည်။

"ဘယ်နှမှတ်ရလဲ"

ထိုကောင်လေးက စိတ်ဓာတ်ကျစွာ ပြန်ဖြေချေသည်။

"၂၅၈မှတ်"

"တော်တယ်"

ဤရမှတ်ကား နှစ်ကျကျောင်းသားများအတွက် စံသတ်မှတ်ထားသော အမှတ်ပင်။

အသက်မွေးကောလိပ်တစ်ခုကို တက်ရန် ခက်ခဲသော်လည်း စက်မှုသိပ္ပံကျောင်းတစ်ကျောင်းကိုသာ တက်နိုင်သည်။

ထိုအချိန်မှာပင် ကောင်လေး၏ဖုန်းက ထမြည်လာသည်။

"မင်း ဘယ်နှမှတ်ရလဲ"

"ကျွန်တော် မကြည့်ရသေးဘူး"

"မကြည့်ရသေးဘူး ဟုတ်လား။ အခုချက်ချင်း မြန်မြန်ကြည့်ကြည့်လိုက်။ တတိယအဆင့်ကိုတောင် မဝင်ဘူးဆိုရင် ငါ မင်းရဲ့ကွန်ပျူတာကို ရိုက်ခွဲပစ်မယ်"

"အဖေ အဲဒီလိုလုပ်လို့မရဘူးလေ"

သူ့စကားမဆုံးခင်မှာပင် ဖုန်းကား ကျသွားလေပြီ။ ထိုကောင်လေးခမျာ စိုးရိမ်ပူပန်နေဟန်ပင်။ သူ့ကွန်ပျူတာက သူ့အသက်သွေးကြောပင်။

သူသည် ပညာရေးပိုင်းတွင် မထူးချွန်သော်လည်း ပါရမီရှင်ဟက်ကာတစ်ယောက်ဖြစ်၏။

ဟွားနိုင်ငံနှင့် Mနိုင်ငံ၏ ဆိုက်ဘာစစ်ပွဲအတွင်း သူသည် ဟွားနိုင်ငံ၏ ပင်မကစားသမားတစ်ယောက်ဖြစ်ပြီး Mနိုင်ငံရှိ ဟက်ကာများကပင် သူ့နာမည်ကို ကြောက်ရွံ့ကြသည်။

[တင်! တက္ကစီရွေးချယ်ရေးစနစ်ကို အသက်သွင်းလိုက်ပါပြီ။ အပတ်တိုင်း အထူးဝိသေသလက္ခဏာရှိတဲ့ ခရီးသည်တစ်ယောက်နဲ့ တွေ့ဆုံပြီး ရွေးချယ်ထားတဲ့ တာဝန်ကို ပြီးမြောက်အောင်လုပ်ဆောင်ပြီး ဆုလာဘ်များကိုရယူမယ်ဆိုရင် ပိုင်ရှင့်ကို ကမ္ဘာကျော်သူဌေးတစ်ယောက်ဖြစ်လာစေမှာပါ]

[ခရီးသည်၏အလုပ်အကိုင် : တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကျထားတဲ့ နှစ်ကျကျောင်းသား]

[ရွေးချယ်စရာနံပါတ်တစ် : မော့ရှောင်ရှောင်ကိုနှစ်သိမ့်ပြီး စာမေးပွဲပြန်ဖြေဖို့ ကူညီပေးရင်း ကောင်လေးကို ပထမအဆင့်ကို ဝင်နိုင်အောင် ကူညီပေးပြီး ပညာရှင်စွမ်းရည်နဲ့ စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ ယွမ်ဆယ်သန်းကို ရယူလိုက်ပါ]

[ရွေးချယ်စရာနံပါတ်နှစ် : ကောင်လေးကိုလှောင်ပြောင်ရင်း ပညာသင်တစ်ယောက်ဖြစ်လာအောင် သူ့ဆုံးဖြတ်ချက်ကို လှုံ့ဆော်ပေးပြီး ခြောက်လှန့်ရေးဆေးရည် (သောက်ပြီးတာနဲ့ ပစ်မှတ်ကို အရှက်ခွဲနိုင်စွမ်း +၁၀)နဲ့ ဟွားနိုင်ငံထဲက ကြုံရာအထူးလိဂ်အသင်းပိုင်ရှင်တစ်ယောက် ဖြစ်လာလိုက်ပါ]

[ရွေးချယ်စရာနံပါတ်သုံး : ကောင်လေးကို သူတက်ချင်တဲ့တက္ကသိုလ်မှာ တက်နိုင်အောင် ကူညီပေးပြီး စနစ်ရဲ့ဆုလာဘ်ဖြစ်တဲ့ ၉၅၈အဆင့်မြင့်ပထမအဆင့်တက္ကသိုလ်နဲ့ Bell 525ရဟတ်ယာဉ်တစ်စီးနဲ့ နတ်ဘုရားအဆင့်ရဟတ်ယာဉ်မောင်းနှင်ရေးစွမ်းရည်ကို ရယူလိုက်ပါ]

ခရီးသည်အသစ်တစ်ယောက်ကို ဖွင့်လိုက်နိုင်ပြန်လေပြီ။

ဤတစ်ခေါက်တွင် ခရီးသည်က တက္ကသိုလ်ဝင်တန်းကျထားသော ကျောင်းသားတစ်ယောက်ပင်။ ပထမဆုလာဘ်ကိုမူ ယဲ့ချန်း လျစ်လျူရှုထားလိုက်သည်။

ပညာရှင်စွမ်းရည်ကို သူ့အား စောစောစီးစီးက ပေးပါလျှင် စိတ်လှုပ်ရှားကောင်း စိတ်လှုပ်ရှားမိလိမ့်မည်။ သို့သော် ယခုမူ သူ့တွင် ဘီလျံပေါင်းများစွာ ပိုင်ဆိုင်ထားပြီဖြစ်ပြီး သူ့ဝန်ထမ်းအားလုံးကလည်း ပညာရှင်များဖြစ်လေရာ သူ့အနေနှင့် ထိုအရာကို ဘာကြောင့်လိုဦးမည်နည်း။

ဒုတိယမြောက်ခြောက်လှန့်ရေးဆေးရည်ကိုတော့ ယဲ့ချန်း အတန်ငယ်စိတ်ဝင်စားမိသည်။ ဤဆုလာဘ်က သူများကို စော်ကားပြောဆိုနိုင်မည့်စွမ်းရည်ပင်။

သို့သော် ဟွားနိုင်ငံထဲရှိ ကြုံရာတရုတ်အထူးလိဂ်အဖွဲ့ပိုင်ရှင်ဆိုသည်မှာ ယဲ့ချန်းအား ဆွံ့အသွားစေသည်။

ယဲ့ချန်းအနေနှင့် ဘောလုံးကလပ်များနှင့် မပတ်သက်ချင်သောကြောင့် မဟုတ်ပေ။ ဟွားနိုင်ငံ၏ခြေစွမ်းက အလွန်ဆိုးဝါးလှသည်။

မျှော်လင့်ချက်မရှိသော အခြေအနေမျိုးတွင် ပိုက်ဆံထုတ်သုံးရန်အတွက် ယဲ့ချန်း မလိုလားပေ။

တကယ်တမ်းတွင် ယဲ့ချန်းလည်း ဘောလုံးအားကစားကို သဘောကျသည်။ သို့သော် ယခုအချိန်မှာ ဤကိစ္စကို လောင်းကြေးမထပ်သင့်ပေ။ ဤနိုင်ငံတော်ဘောလုံးအသင်းဖြင့်သာဆိုလျှင် ရလဒ်ကောင်းများ ထွက်နိုင်ရန်မှာ ခက်ခဲလှသည်။

သူသာ နတ်ဘုရားအဆင့်ဘောလုံးစွမ်းရည်ကို ရခဲ့မည်ဆိုလျှင် စဉ်းစားကြည့်မိဦးမည်။

နောက်ဆုံးရွေးချယ်မှုက ယဲ့ချန်းကို ဖမ်းအစားနိုင်ဆုံးပင်။ ၉၅၈အဆင့်မြင့်တက္ကသိုလ်တစ်ခုတွင် ဥက္ကဋ္ဌဖြစ်လာပြီး ထူးခြားလှသော တက္ကသိုလ်တစ်ခုကို ဖန်တီးနိုင်ရန်အတွက် ယဲ့ချန်း အမြဲအိပ်မက်မက်ခဲ့ရသည်။

ဤကျောင်းက ယဲ့ချန်းအား အလွန်တရားဆွဲဆောင်နေချေသည်။

ဒုတိယဆုလာဘ်အတွက် ယဲ့ချန်း ရဟတ်ယာဉ်တစ်စင်းကို အမှန်တကယ်လိုအပ်နေသည်။

ဟွားစံအိမ်တော်နှင့် နှင်းဆီအိမ်ရာရှိ ဗီလာခေါင်မိုးထပ်များတွင် လေယာဉ်ဆင်းသက်ကွင်းများ ပါရှိသည်။ ရဟတ်ယာဉ်မရှိပါက ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်၏ ဟန်ပန်ကို ပျောက်ဆုံးနေသည်။

ထို့ကြောင့် ယဲ့ချန်းလည်း တတိယရွေးချယ်မှုကိုသာ ရွေးချယ်လိုက်၏။

[တင်! ၉၈၅အဆင့်မြင့်တက္ကသိုလ်၊ ဘဲလ်၅၂၅ရဟတ်ယာဉ်နဲ့ နတ်ဘုရားအဆင့်ရဟတ်ယာဉ်မောင်းနှင်ရေးစွမ်းရည်တို့ကို ရရှိလိုက်တဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်]

၉၈၅အဆင့်မြင့်တက္ကသိုလ်က ပုရှီအနောက်ဆင်ခြေဖုံးနားတွင် တည်ရှိပြီး ဧရိယာအားဖြင့် စတုရန်းမီတာသုံးသန်းခန့် ကျယ်ဝန်းသည်။

ထိုနေရာက ပုရှီခရိုင်ထဲရှိ မြေရိုင်းတစ်ခုဖြစ်သဖြင့် တိုးတက်ဖွံ့ဖြိုးရေးအတွက် စီစဉ်ထားကြောင်း ယဲ့ချန်း အမှတ်ရလိုက်သည်။ ထင်မှတ်မထားပါဘဲ ထိုနေရာက သူ့ကျောင်းဖြစ်လာခဲ့သည်။

ဤတည်နေရာက ကောင်းမွန်သည်။ ပတ်ဝန်းကျင်ကလည်း ငြိမ်ငြိမ်းချမ်းချမ်းရှိသောကြောင့် တက္ကသိုလ်တစ်ခု ဆောက်လုပ်ရန်အတွက် နေရာကောင်းတစ်ခုပင် ဖြစ်ချေသည်။

ထိုစဉ်က ဤမြေကို လူတော်တော်များများက မျက်စိကျခဲ့သော်လည်း ဆောက်လုပ်ခွင့်ကိုတော့ မည်သူမှ မရခဲ့ကြပေ။

ထိုအချိန်တွင် စာရွက်စာတမ်းများက ယဲ့ချန်းရှေ့၌ ပေါ်လာခဲ့သည်။

ထိပ်တန်းတက္ကသိုလ် မှတ်ပုံတင်သူ - ယဲ့ချန်း

လိပ်စာ - ပုရှီအနောက်ဆင်ခြေဖုံး အမှတ်၅၂၈

ယဲ့ချန်းလည်း ထိုစာရွက်စာတမ်းများကို လှန်လှော၍ ဖတ်ရှုလိုက်သည်။ အတည်ပြုစာရွက်စာတမ်းများ၊ စာရင်းသွင်းထားသည့် လိုင်စင်၊ ပိုင်ဆိုင်ကြောင်းစာချုပ်၊ မြေယာအသုံးပြုခွင့်လက်မှတ် စသဖြင့် စာရွက်စာတမ်းများ အကုန်စုံလင်ပေသည်။

အဓိပ္ပာယ်ကား သူသည် စတားတက္ကသိုလ်၏ ဥက္ကဋ္ဌဖြစ်သွားလေပြီ။

ထို့ပြင် ဤတက္ကသိုလ်က တရားဝင်အတည်ပြုမိန့်ကို ရထားပြီးဖြစ်လေရာ ကျောင်းသားများကို လက်ခံနိုင်ပြီဖြစ်၏။

စနစ်က စင်စစ်အံ့ဖွယ်ကောင်းလှချေသည်။

ထိုအချိန်မှာပင် ယဲ့ချန်း၏ကားက ထိုကောင်လေး၏အိမ်ရာဝင်ပေါက်သို့ ရောက်လာခဲ့သည်။

ကောင်လေးက ပြောလိုက်သည်။

"ကဲ ကားဆရာကြီးရေ ကျေးဇူးပါဗျာ"

ယဲ့ချန်းက ဆို၏။

"ဒါနဲ့ မင်း တက္ကသိုလ်တက်ချင်လား"

ထိုကောင်လေးက ခေါင်းညိတ်ပြလိုက်၏။

"တက်ချင်တာပေါ့"

ယဲ့ချန်း ရယ်လိုက်မိသည်။

"မင်း စတားတက္ကသိုလ်မှာ စာရင်းသွင်းလို့ရတယ်"

"စတားတက္ကသိုလ်လား။ အဲဒီလိုကျောင်းမျိုး ရှိရောရှိလို့လား"

ထိုကောင်လေးမှာ နားမလည်နိုင်ဖြစ်သွားလေသည်။

"စိတ်ချ.. အဲဒါက နိုင်ငံအဆင့် ၉၈၅တက္ကသိုလ်နော်။ ပတ်ဝန်းကျင်အနေအထားနဲ့ အဆောက်အအုံတွေကလည်း ထိပ်တန်းအဆင့်တွေချည်းပဲ"

"ကျွန်တော်က ၂၅၈မှတ်ပဲ ရထားတာနော်။ အဆင်ပြေလို့လား"

ထိုကောင်လေးလည်း မှင်တက်သွားချေသည်။

"ပြဿနာမရှိဘူး"

ယဲ့ချန်းက နတ်ဘုရားအဆင့် ပါရမီရှင်စစ်ဆေးရေးစွမ်းရည်ကို အသုံးပြုထားပြီးဖြစ်လေရာ ဤကောင်လေးက ရွှေအဆင့်ပါရမီရှင်ဟက်ကင်းဆရာတစ်ဆူဖြစ်ကြောင်း သိထားသည်။

ထို့ပြင် ယဲ့ချန်းက အသစ်စက်စက်တက္ကသိုလ်တည်ဆောက်မှုပုံစံကို တွေးထားပြီးဖြစ်၏။

•••••••••••••••

All Chapters