အခန်း (၂၈၀-၂၈၂)
Vol. 19 Ch. 280-282
အပိုင်း ၂၈၀ : ယဉ်ကျေးမှုဆိုတာ အသွားအပြန်ရှိရတယ်
မော့ရှောင်ရှောင်မှာ ကားထဲက ဆင်းလိုက်သည်။
သူသည် ယဲ့ချန်းကို ရတက်မအေးဟန်ဖြင့် ကြည့်နေဆဲပင်။
"အစ်ကို.. ခင်ဗျား ကျွန်တော့်ကိုလှည့်စားနေတာတော့ မဟုတ်ဘူးမလား"
"ဘယ်ဟုတ်ပါ့မလဲ"
ထိုအခါ မော့ရှောင်ရှောင်က ခေါင်းညိတ်ပြလေသည်။
"ကောင်းပြီလေ။ ကျွန်တော် တက္ကသိုလ်ဝင်ခွင့်ရပြီဆိုတော့ ကျွန်တော့်အဖေကို ပြောပြလို့ရပြီ"
အချိန်ကား ညနေခင်းရုံးဆင်းချိန်ဖြစ်သောကြောင့် ကားများမှာ ရှုပ်နေလေသည်။
ယဲ့ချန်းလည်း ကားကို လမ်းဘေးတွင် ကပ်ရပ်လိုက်ပြီးနောက် အငှားစက်ဘီးတစ်စီးကိုငှားကာ နှင်းဆီအိမ်ရာထဲသို့ နင်းလာခဲ့လိုက်သည်။
နာရီဝက်အတွင်းမှာပင် နှင်းဆီအိမ်ရာသို့ ရောက်လာခဲ့သည်။ အိမ်ရာထဲရှိ လုံခြုံရေးများကလည်း ယဲ့ချန်းကို သိထားပြီးသားဖြစ်လေရာ ဘာပြဿနာမှမရှိဘဲ အထဲသို့ ဝင်လာနိုင်ခဲ့သည်။
ယဲ့ချန်းလည်း သူ့စက်ဘီးကိုနင်း၍ နှင်းဆီအိမ်ရာထဲသို့ ဝင်လာခဲ့လေရာ ထိုနေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်နေလေပြီ။ ဤအိမ်ရာ၏လုပ်ဆောင်ရည်က အလွန်ကောင်းမွန်ဟန်တူသည်။
အပြင်ဘက်တွင် ဘူဒိုဇာအသံကြီးက ဟိန်းထွက်နေသည်။ အိမ်ကိုဖြိုချမည့်အဖွဲများ ရောက်နေခြင်းပင်။
ဤမြင်ကွင်းကိုမြင်သောအခါ အိမ်ရာထဲရှိ နေထိုင်သူများမှာ လန့်ဖျပ်ကုန်ကြသည်။
အလန့်တကြားနဲ့ ဘာတွေဖြစ်နေတာလဲ..
အိမ်ရာပိုင်ရှင်တော်တော်များများကလည်း ဘာဖြစ်နေသလဲဆိုသည်ကို စူးစမ်းနေကြသည်။
"ဘယ်အိမ်ပိုင်ရှင်ကများ အိမ်ပြုပြင်ဖို့အတွက် ဒီလောက်ဆူဆူညံညံလုပ်ရလောက်တဲ့အထိ သတ္တိရှိနေတာလဲ"
"ဒါက အိမ်ပြင်တာမဟုတ်ဘူးထင်တာပဲ။ အိမ်တွေကို ဖြိုချမလို့လုပ်နေတာ"
"ဝိုး.. လာနောက်နေတာလား။ ဒီဗီလာနှစ်လုံးရဲ့တန်ဖိုးက သန်းခုနစ်ဆယ်နော်။ တည်နေရာကလည်း တော်တော်ကောင်းတာကို"
လူအုပ်ကြီးမှာ အကြိတ်အနယ်ဆွေးနွေးနေကြသည်။
"ဒါနဲ့ ဗီလာနံပါတ်တစ်ကို ပိုင်ရှင်အသစ်တစ်ယောက် ပြောင်းလာတယ်ဆို"
"တကယ်လား။ ဗီလာနံပါတ်တစ်မှာ ပိုင်ရှင်ရှိသွားပြီပေါ့။ ဘယ်သူဌေးကြီးများလဲ"
ဤအိမ်ရာကို မနှစ်တုန်းက ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်သော်ငြား ဗီလာနံပါတ်တစ်ကမူ ပိုင်ရှင်မရှိခဲ့ချေ။
ထိုအိမ်ကို ဝယ်လိုသူ မရှိသောကြောင့်မဟုတ်ပေ။ မိုတုမြို့ရှိ ဒိတ်ဒိတ်ကြဲသူဌေးများမှာ ထိုဗီလာကို ဝယ်ယူရန်အတွက် စိတ်အားထက်သန်ခဲ့ကြသည်။ သို့သော် သူတို့ကို အရည်အချင်းမပြည့်မီဟု ပြောခဲ့ကြသည်။
ယနေ့တွင်မူ ဗီလာနံပါတ်တစ်ကို ရောင်းထုတ်လိုက်လေပြီဖြစ်ရာ ထိုဗီလာကို ဘယ်သူဝယ်သွားသလဲဆိုသည်ကို လူတိုင်းအား သိချင်စိတ်ဖြစ်စေသည်။
"ဗီလာနံပါတ်တစ်ပိုင်ရှင်ကို မနက်တုန်းက ငါမြင်လိုက်တယ်။ တော်တော်ငယ်သေးတဲ့ပုံပဲ"
…
ထိုအချိန်တွင် လူငယ်လေးတစ်ယောက်က ဗီလာနံပါတ်တစ်သို့ အေးအေးလူလူစက်ဘီးနင်းလာကြောင်း လူတိုင်း မြင်လိုက်ရ၏။
သူသည် အမှန်တကယ်ငယ်ရွယ်လွန်းလှသည်။ စိမ်းလည်း စိမ်းသက်နေချေသည်။
"သူက ဒီနေရာကို လာကြည့်တာထင်တယ်နော်။ ငါကြားတာတော့ ဗီလာနံပါတ်တစ်ပိုင်ရှင်က ကျိကျိတက်ချမ်းသာတဲ့ သူဌေးတစ်ယောက်တဲ့။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ငယ်နေနိုင်မှာလဲ"
"ဟုတ်တယ်။ သူက လုံခြုံရေးကောင်လေးပဲဖြစ်ရမယ်"
"အဲဒီကောင်လေးက အငှားစက်ဘီးကို စီးနေတာလေ။ အိမ်တွေကို သက်သက်လိုက်ကြည့်နေတာပဲဖြစ်ရမယ်"
ထိုအချိန်မှာပင် ကျိုးယွီက အနားသို့လျှောက်လာသည်။ လူတိုင်းကလည်း ကျိုးယွီကို မေးခွန်းထုတ်ဖို့ ကပ်သွားကြသည်။
"မန်နေဂျာကျိုး.. ဘာတွေဖြစ်နေတာလဲ။ ဆောက်လုပ်ရေးအဖွဲ့က ဘာလာလုပ်တာလဲ"
ကျိုးယွီခမျာ ခါးသက်သက်ရယ်မောလိုက်ချေသည်။
"အိမ်ပိုင်ရှင်အသစ် ရောက်လာပြီး ဂေါက်ကွင်းတစ်ခုဆောက်ချင်လို့ဆိုပြီး ဗီလာနှစ်လုံးကို ဖြိုချနေတာ"
"ဘာ"
"ရူးနေပြီ"
ဤနေရာရှိလူတိုင်းက ဘီလျံနာများပင်။
သူတို့ကိုယ်တိုင်လည်း ချမ်းသာပါသော်ငြား ယဲ့ချန်းနှင့်ယှဉ်လိုက်လျှင်မူ မည်သူမှမကျော်နိုင်ချေ။
ဗီလာနေရာတွင် ဂေါက်ကွင်းတစ်ခုဆောက်ရန်အတွက်နှင့် သူသည် သန်းခုနစ်ဆယ်စီ တန်ဖိုးရှိသော ဗီလာနှစ်လုံးကို ဖြိုချပစ်လိုက်သည်။
ငွေရှိလျှင် ယခုလိုတစ်ဇွတ်ထိုးနိုင်ကြသည်သာ။
အိမ်ရာပိုင်ရှင်များအားလုံးလည်း ကြက်သေသေကုန်ကြသည်။ ထိုပိုင်ရှင်၏သရုပ်မှန်ကို ပိုသိချင်သွားရသည်။
ပိုင်ရှင်တစ်ယောက်က မေးလိုက်၏။
"မန်နေဂျာကျိုး… ဗီလာသုံးလုံးကိုဝယ်သွားတဲ့ ဒီလူငယ်လေးက ဘယ်သူလဲ"
မန်နေဂျာကျိုးကမူ ခေါင်းခါပြသည်။
"ခင်ဗျားမှားနေပြီ။ ဒီသူဌေးကြီးက ဗီလာသုံးလုံးတည်းဝယ်သွားတာမဟုတ်ဘူး။ အလုံးနှစ်ဆယ်တောင် ဝယ်သွားတာ"
အိမ်ရာပိုင်ရှင်များအားလုံး ထိတ်လန့်သွားကြလေတော့သည်။
ဗီလာအလုံးနှစ်ဆယ်ဆိုသည်မှာ အလွန်ခမ်းနားလှချေသည်။
အရေးအကြီးဆုံးမှာ တစ်ဖက်လူက ဗီလာအမှတ်တစ်ကို ဝယ်သွားခြင်းဖြစ်လေရာ ဤသည်မှာ သူ့နောက်ခံနှင့် အဆင့်အတန်းကို ကိုယ်စားပြုနေသည်။
နှင်းဆီအိမ်ရာထဲတွင် ဗီလာဝယ်နိုင်သူများမှာ မိုတုမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်ကြီးများပင် ဖြစ်၏။ ပိုင်ဆိုင်မှုအားဖြင့် ဘီလျံနှင့်ချီ၍ ရှိသည်။
သို့တိုင် ယခုလိုအဆင့်မြင့်အိမ်ရာထဲတွင် ဗီလာအလုံးနှစ်ဆယ်ဝယ်ယူခြင်းမှာ စင်စစ်ကြီးကျယ်ခမ်းနားလွန်းလှသည်။
ယခုလိုချမ်းသာကြွယ်ဝမှုမျိုးဖြင့်သာဆိုလျှင် တစ်ဖက်လူ၏နောက်ခံနှင့် ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်သာ။
ယဲ့ချန်း၏သရုပ်မှန်အကြောင်း လူတိုင်း ပိုသိချင်သွားသည်။
"မန်နေဂျာကျိုး.. ဒီလူငယ်လေးက ဘယ်သူလဲ"
ဤအိမ်ပိုင်ရှင်များမှာ စီးပွားရေးလုပ်ငန်းရှင်များဖြစ်လေရာ ဗီလာအလုံးနှစ်ဆယ်ကို တစ်ခါတည်းဝယ်သွားနိုင်သည့် ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်ကိုတော့ သေချာပေါက်တွေ့ရမှဖြစ်မည်။
"အစ်ကိုမာထင်တယ်။ သူတစ်ယောက်ပဲ အခုလိုလုပ်နိုင်စွမ်းရှိတာ"
"ကျွန်တော်မဟုတ်ပါဘူးဗျာ"
ထိုအချိန်မှာပင် အစ်ကိုမာက ရိုးလ်ရွိုင့်စ်ကားထဲမှ ထွက်လာသည်။ အစ်ကိုမာကိုယ်တိုင်လည်း ခါးသက်သက်ပြုံးလိုက်လေသည်။
သူလည်း ဗီလာအမှတ်တစ်ကို ဝယ်ယူရန်အတွက် သူ့အဆက်အသွယ်များကို ထုတ်သုံးခဲ့ပါသော်ငြား အငြင်းခံခဲ့ရသည်။
ယခုမူ ဤဗီလာကို လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်ထံသို့ ရောင်းလိုက်လေပြီ။ သို့ဖြစ်လေရာ သူလည်း ထိုလူနှင့် သိကျွမ်းချင်မိသည်။
အစ်ကိုမာ ရောက်လာသည်ကိုမြင်သော် ကျိုးယွီလည်း သူတို့ကို အချိန်ဆက်မဆွဲထားရဲတော့သဖြင့် အမြန်ပြောပြလိုက်သည်။
"တကယ်တော့ ဒီဗီလာကို ယဲ့ချန်းလို့ခေါ်တဲ့ မစ္စတာယဲ့က ဝယ်သွားတာပါ။ သူက စုစုပေါင်းဗီလာအလုံးနှစ်ဆယ်ကို ဝယ်သွားတာ။ အကျော်ဇေယျအမှတ်တစ်ဗီလာလည်း ပါတာပေါ့"
"ယဲ့ချန်းပဲလား"
အစ်ကိုမာခမျာ ခါးသက်သက်ပြုံးလိုက်မိသည်။
ထို့နောက်တွင်မူ စိတ်သက်သာရာရသွားချေသည်။ သူ့ထက် ပိုသာနိုင်သူမှာ ယဲ့ချန်းတစ်ယောက်တည်းသာရှိကြောင်း သူသိထားသည်။
ထိုအချိန်မှာပင် ယဲ့ချန်းက အငှားစက်ဘီးလေးကို သော့ခတ်လိုက်ကြောင်း လူတိုင်း မြင်လိုက်ရသည်။
ဝိုး..အရမ်းသိုသိုသိပ်သိပ်နေတတ်တာပဲ။
"ယဲ့ချန်းဆိုတဲ့နာမည်ကို တော်တော်များများ သိကြတယ်။ သူက အရမ်းလျှို့ဝှက်ဆန်းကြယ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပေါ့"
"သူ့အကြောင်းကို သိတဲ့လူကတော့ ရှားတယ်။ သူ့သရုပ်မှန်နဲ့ သူ့ပိုင်ဆိုင်မှုအကြောင်း သိတဲ့လူတွေက နည်းနည်းပဲရှိတာ"
"လူတိုင်းသိထားတဲ့ အချက်တစ်ခုတော့ရှိတယ်။ ဒီလူငယ်လေးက အရမ်းအထင်ကြီးဖို့ကောင်းတယ်"
ဤမျှထင်ရှားကျော်ကြားသော လုပ်ငန်းရှင်တစ်ယောက်က အငှားစက်ဘီးလေးကို စီးလိမ့်မည်ဟု မည်သူမှထင်မထားချေ။
သူသည် အလွန်ခွန်အားကြီးသော်ငြား နှိမ့်လည်းနှိမ့်ချတတ်သည်ဖြစ်ရာ သူတို့အနေနှင့် ကားစီးဖို့ မျက်နှာရှိဦးမတဲ့လား။
ဤလုပ်ငန်းရှင်ကြီး၏အမြင်ကား ထူးခြားလှပေသည်။
….
သူတို့လည်း ကာဗွန်လျှော့ချရေးနည်းလမ်းဖြင့် သွားလာပြီး နောက်နောင်တွင် အငှားစက်ဘီးများကို စီးရလေမလားဟု သူတို့အားလုံး တွေးလိုက်မိကြသည်။
မရည်ရွယ်ဘဲလုပ်လိုက်သော ယဲ့ချန်း၏လုပ်ရပ်တစ်ခုကြောင့် ဤဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်ကြီးများကို အပြင်ထွက်လျှင် စက်ဘီးစီးချင်လာအောင် လုပ်မိလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။
ဤလုပ်ငန်းရှင်ကြီးများမှာ သူတို့ကုမ္ပဏီအတွင်းမှာပင် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးသွားလာနည်းများကို ကျင့်သုံးကြလေသည်။
အငှားစက်ဘီးများမှာလည်း မိုတုမြို့ထဲရှိ ထိပ်တန်းလုပ်ငန်းစုငါးရာတွင် ရေပန်းအစားဆုံးအရာတစ်ခု ဖြစ်လာခဲ့သည်။
….
ယဲ့ချန်းက အငှားစက်ဘီးလေးကို သော့ခတ်ပြီးနောက် ဗီလာထဲသို့ ဝင်သွားလိုက်သည်။
ထိုအချိန်တွင် ဝိုင်ဗီရိုကို လှမ်းကြည့်လိုက်လေရာ အတန်ငယ်ဗလာကျင်းနေကြောင်း မြင်လိုက်ရ၏။ ထို့ကြောင့် လင်းဝမ်ယိုကို ဖုန်းဆက်လိုက်သည်။
"ဝမ်ယို.. နှင်းဆီအိမ်ရာကို နာမည်ကြီးဝိုင်နည်းနည်း ယူလာပေးပါဦး"
"ကောင်းပါပြီ။ ကျွန်မ အခုချက်ချင်းလာခဲ့ပါ့မယ်"
လင်းဝမ်ယိုက ပြောလိုက်လေသည်။
ယဲ့ချန်းနှင့်ရင်းနှီးနေသော အစ်ကိုမာက ရယ်ကာမောကာဖြင့် ပြောလိုက်သည်။
"ကျုပ်တို့ ဒီနေရာမှာ ထပ်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး ညီလေးယဲ့"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်လေသည်။
"ဟားဟား ရေစက်ပဲနော်။ ခင်ဗျားလည်း ဒီမှာ ဗီလာတစ်လုံးရှိတာလား"
အစ်ကိုမာက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်။ ဒါပေမဲ့ အမလေး.. ကျုပ်က ထာဝရဒုတိယပါဗျာ။ ခင်ဗျားက ဗီလာအမှတ်တစ်ကို ထပ်သိမ်းပိုက်သွားပြန်ပြီလေ"
"ကျွန်တော်တို့က အိမ်နီးချင်းတွေဖြစ်နေတာကိုး"
အစ်ကိုမာက ပြန်ပြောလိုက်သည်။
"အထင်ကြီးဖို့ကောင်းလိုက်တာ။ ဗီလာအလုံးနှစ်ဆယ်ကို ဝယ်ထားတာတဲ့။ ခင်ဗျားမှာ မိန်းမတွေအများကြီးရှိနေပြီလား"
"အစ်ကိုမာ… အမှန်တရားတွေပြောတာ တော်လိုက်ပါတော့"
ယဲ့ချန်း ရယ်လိုက်မိသည်။
အစ်ကိုမာနှင့် ယဲ့ချန်းတို့ အလွန်ရင်းနှီးနေကြောင်း မြင်လိုက်ရသည့်အခါ လူတိုင်း သက်ပြင်းချလိုက်မိသည်။
ဒိတ်ဒိတ်ကြဲသူဌေးအစစ်တွေပါလား..
ထိုအချိန်မှာ လူငယ်လေးတစ်ယောက်က ၁၉၈၂လာဖိုက်ပုလင်းတစ်လုံးကိုသယ်၍ အနားသို့လျှောက်လာလေသည်။
"မစ္စတာယဲ့.. ဒီဝိုင်ပုလင်းက ကျုပ် နှစ်ပေါင်းများစွာ ယုယလာခဲ့ရတဲ့ပုလင်းပါ။ ဒါကို ဒီနေ့ ခင်ဗျားရဲ့အိမ်တက်ပွဲအတွက် လက်ဆောင်လို့ သဘောထားလိုက်ပါ"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုမာ"
ထိုအချိန်ဝယ် ဖယ်ရာရီပြိုင်ကားတစ်စီးက ဗီလာဘေးသို့ ထိုးရပ်လိုက်ပြီးနောက် လင်းဝမ်ယိုက ကားထဲမှထွက်လာလေသည်။
"ဝမ်ယို… ကိုယ့်ကို ၁၉၈၁ရိုမန်နီကွန်တီတစ်ပုလင်းလောက် ပေးပါဦး"
လင်းဝမ်ယိုကလည်း ရိုမန်နီကွန်တီပုလင်းကို ထုတ်ယူ၍ ယဲ့ချန်းကို လှမ်းပေးလိုက်သည်။
"အစ်ကိုမာ… ဒါက ကျွန်တော့်လေးစားမှုရဲ့သင်္ကေတလေးတစ်ခုပါ"
ရိုမန်နီကွန်တီဝိုင်ပုလင်းကို မြင်သောအခါ အစ်ကိုမာခမျာ ကြက်သေသေသွားလေသည်။
၁၉၈၁ခုနစ်ထုတ် ရိုမန်နီကွန်တီဝိုင်က အသန့်စင်ဆုံး အနံ့အရသာမျိုးရှိပြီး ယခုဆိုလျှင် ဈေးကွက်ထဲ၌ တစ်သန်းကျော်အထိရှိနေပြီဟု ခန့်မှန်းရသည်။
အမှန်ပင်။ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်က လက်ဆောင်ပေးရာတွင်လည်း အလွန်ရက်ရောလှသည်။
••••••••••••••••••••
အပိုင်း ၂၈၁ : ဒိတ်ဒိတ်ကြဲသူဌေးကြီးက ရဟတ်ယာဉ်မောင်းနှင်ခြင်း (အပိုင်း ၁)
ဥက္ကဋ္ဌမာကလည်း ဝိုင်ချစ်သူတစ်ယောက်ဖြစ်သောကြောင့် ၁၉၈၁ခုနစ်ထုတ် ရိုမန်နီကွန်တီဝိုင်ကို အမြဲမြည်းစမ်းချင်ခဲ့မိသည်။
ကံဆိုးချင်တော့ ဘယ်မှာမှ ထိုဝိုင်ကို ရှာမတွေ့ချေ။
မျှော်လင့်မထားပါဘဲ ယဲ့ချန်းက သူ့အား တစ်ပုလင်း လက်ဆောင်ပေးလာလေသည်။
"မစ္စတာယဲ့.. အရမ်းသဘောကောင်းလွန်းနေပါပြီ"
ဥက္ကဋ္ဌမာက ဝိုင်ကို အလွန်သဘောကျသော်ငြား လက်ခံရန်လည်း ရှက်ရွံ့နေချေသည်။
"အစ်ကိုမာ.. အားနာနေစရာမလိုပါဘူး"
ယဲ့ချန်း ပြုံးလိုက်မိသည်။
အစ်ကိုမာလည်း ခေါင်းညိတ်ပြလိုက်လေတော့သည်။
"ကောင်းပါပြီ။ ဒါဆို ကျုပ် ခင်ဗျားကို အကြွေးတင်သွားပြီ"
ထိုအချိန်မှာပင် ကျယ်လောင်လှသော အသံတစ်သံက လေထုထဲဝယ် ပြည့်နှက်သွားလေသည်။
ရဟတ်ယာဉ်တစ်စီးက မလှမ်းမကမ်းမှ ချဉ်းကပ်လာခြင်းပင်။
ယဲ့ချန်းမှာ ထိုရဟတ်ယာဉ်ကို လှမ်းကြည့်ပြီးနောက် ပြုံးလိုက်မိသည်။
"ကျွန်တော့်ရဟတ်ယာဉ် ရောက်လာပြီ"
အစ်ကိုမာ : "…"
အိမ်ပိုင်ရှင်များ : "…"
လူတိုင်း၏အကြည့်က ကောင်းကင်ထက်သို့ ကျရောက်နေသည်။
ဝိုး.. ဒီရဟတ်ယာဉ်က အရမ်းထူးခြားတဲ့ပုံပဲ…
"ဘဲလ်ကုမ္ပဏီက 'ရဟတ်ယာဉ်လား"
"ဒီရဟတ်ယာဉ်က အမေရိကန်ဒေါ်လာ၁၅သန်းပေးရတယ်မလား"
"မိုက်လိုက်တာ"
ထိုနေရာရှိလူတိုင်းမှာ လူကုံထံများပင်။ သို့သော် အများစုက ကားဖြင့်သာ သွားလာကြသည်။
ရဟတ်ယာဉ်ဝယ်ယူရန် တတ်နိုင်သော်ငြား ထိန်းသိမ်းစောင့်ရှောက်ခကမူ အလွန်မြင့်လှချေသည်။
ယဲ့ချန်းထံတွင် ရဟတ်ယာဉ်တစ်စီး ရှိနေခြင်းမှာ စင်စစ်အထင်ကြီးဖို့ကောင်းလှသည်။
ရဟတ်ယာဉ်က လေထဲတွင် ခဏဝဲနေပြီးမှ မြေပြင်ထက်သို့ ဖြည်းဖြည်းချင်းဆင်းသက်လာသည်။ ပြင်းထန်လှသော လေအားကြောင့် ထိုနေရာရှိလူတိုင်း လက်မောင်းများဖြင့် သူတို့ကိုယ်သူတို့ ကာထားလိုက်ကြသည်။
ရဟတ်ယာဉ်ဆင်းသက်ပြီးနောက် တုတ်ခိုင်သန်မာသော အမျိုးသားတစ်ယောက်က ရဟတ်ယာဉ်ထဲမှ ဆင်းလာခဲ့သည်။
"မစ္စတာယဲ့..ခင်ဗျားရဲ့ဘဲလ်၅၂၅ရဟတ်ယာဉ်ကို ပို့ဆောင်ပြီးပါပြီ။ ကျေးဇူးပြုပြီး စစ်ဆေးပေးပါဦး"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြပြီးနောက် ရဟတ်ယာဉ်နားသို့ တိုးသွားလိုက်၏။ ထိုလူက ယဲ့ချန်းအား ရဟတ်ယာဉ်၏လုပ်ဆောင်ချက်များအကြောင်း ရှင်းပြလေသည်။
ဘဲလ်၅၂၅ရဟတ်ယာဉ်မှာ လေယာဉ်မှူးတစ်ယောက် သို့မဟုတ် နှစ်ယောက်အထိ ဆန့်ပြီး ခရီးသည်၁၆ယောက်မှ အယောက်နှစ်ဆယ်အထိ သယ်နိုင်ပေသည်။
သူ့ခံနိုင်ရည်ကား ၇၄၀၀ပေါင်ပင်။
ပင်မရဟတ်၏ အချင်းမှာ ၅၄ပေ၆လက်မရှိပြီး ဆက်တိုက်ပျံသန်းနိုင်စွမ်းမှာ ၅၇၅မိုင်အထိ ရှိ၏။ အမြင့်ဆုံးပျံတက်နိုင်စွမ်းမှာမူ ပေနှစ်သောင်းအထိ ရှိသည်။
ထိုသို့မိတ်ဆက်ပေးခြင်းအားဖြင့် ရဟတ်ယာဉ်၏လုပ်ဆောင်နိုင်စွမ်းကို ယဲ့ချန်း အကြမ်းဖျင်းသိနားလည်လိုက်သည်။
ဤရဟတ်ယာဉ်က ကမ္ဘာ့ပထမဆုံးဝိုင်ယာနှင့်ပျံသန်းသော သီးသန့်ရဟတ်ယာဉ်တစ်မျိုးဖြစ်ပြီး လေယာဉ်မှူး၏ အလုပ်ပမာဏကို လျှော့ချပေးထားပြီး အရေးပေါ်အခြေအနေများတွင် လုံခြုံစိတ်ချရသော လုပ်ဆောင်ချက်များလည်း ပါဝင်ပေသည်။
ထိုလူထွားကြီးက ဆက်ပြောပြန်လေသည်။
"ကျွန်တော်တို့ဘက်က သုံးနှစ်အာမခံနဲ့ ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုကို ပေးထားပါတယ်။ လိုအပ်လာရင် ကျွန်တော်တို့ကို အချိန်မရွေးဆက်သွယ်ပေးပါ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
"မစ္စတာယဲ့.. ခင်ဗျား ဘာများမေးစရာရှိသေးလဲ"
ယဲ့ချန်းကတော့ ခေါင်းခါယမ်းပြလိုက်သည်။
"မရှိတော့ဘူး"
"မစ္စတာယဲ့… မေးစရာမရှိတော့ဘူးဆိုရင် ကျွန်တော် သွားလိုက်ပါဦးမယ်"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်၏။
ထိုလူထွားကြီး ထွက်သွားသောအခါ အစ်ကိုမာက စူးစမ်းလိုဟန်ဖြင့် မေးလိုက်လေသည်။
"ယဲ့ချန်း.. အခု ခင်ဗျားမှာ ရဟတ်ယာဉ်ရှိနေပြီဆိုတော့ လေယာဉ်မှူးတစ်ယောက်လောက် မလိုဘူးလား"
အစ်ကိုမာ့ထံတွင် ရဟတ်ယာဉ်တစ်စီးရှိသော်လည်း ထိုရဟတ်ယာဉ်ကို ကုမ္ပဏီတွင်သာ အမြဲရပ်ထားရသည်။
သူ့ရဟတ်ယာဉ်မှာ ရိုးသားကြိုးစားသော လေယာဉ်မှူးတစ်ယောက်ကို လိုအပ်ချေသည်။
ယဲ့ချန်းကမူ ခေါင်းခါယမ်းပြလိုက်သည်။
"ကျွန်တော့်ရဟတ်ယာဉ်မှာ လေယာဉ်မှူးမလိုပါဘူး"
အနားရှိ အိမ်ရာမန်နေဂျာကျိုးယွီခမျာ စိတ်ပူပန်သွားရသည်။
"မစ္စတာယဲ့.. ခင်ဗျားရဲ့ရဟတ်ယာဉ်က ကျွန်တော်တို့လမ်းပေါ်မှာ ရပ်ထားသလိုဖြစ်နေလို့ လေယာဉ်မှူးကို ပြန်ခေါ်ပြီး ခေါင်မိုးထပ်ရဟတ်ယာဉ်ကွင်းမှာ ရပ်ခိုင်းလိုက်ပါဦး"
ရဟတ်ယာဉ်က ယဲ့ချန်း၏အိမ်တံခါးရှေ့တွင် ရပ်ထားသည်ဖြစ်ရာ အခြားနေထိုင်သူများအတွက် တစ်ခုတည်းသော ထွက်လမ်းကို ပိတ်ဆို့ထားသလိုဖြစ်နေချေသည်။
ယဲ့ချန်းလည်း တဟားဟားရယ်မောလိုက်မိသည်။
"မလိုပါဘူး။ ကျုပ်ကိုယ်တိုင် လုပ်နိုင်ပါတယ်"
"ခင်ဗျားကလား"
လူတိုင်း အံ့ဩမှင်တက်သွားသည်။
ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံးပြသည်။
"ကျွန်တော့်မှာ လေယာဉ်မှူးလိုင်စင်ရှိတယ်"
သံသယများရှင်းသွားစေရန်အတွက် ယဲ့ချန်းမှာ အနီရောင်စာအုပ်သေးသေးလေးလေးကို ထုတ်ပြလိုက်သည်။
ဤစာရွက်စာတမ်းများကို စနစ်က စီစဉ်ပေးထားခြင်းဖြစ်ပြီး ရဟတ်ယာဉ်အတွက် မောင်းနှင်မှုလိုင်စင်ပင်တည်း။
ယဲ့ချန်းသည် နတ်ဘုရားအဆင့် ရဟတ်ယာဉ်မောင်းနှင်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။
လက်ရှိအချိန်တွင် ယဲ့ချန်း၏မောင်းနှင်ရေးစွမ်းရည်မှာ အနှစ်နှစ်ဆယ်ကျော် အတွေ့အကြုံရှိထားသော ရဟတ်ယာဉ်မောင်းတစ်ယောက်၏အရည်အချင်းနှင့် ညီမျှသည်။
အိမ်ပိုင်ရှင်များမှာ ယဲ့ချန်းကြောင့် တစ်ဖန်အံ့ဩရပြန်လေသည်။
မည်သို့ပင်ဖြစ်စေ ရဟတ်ယာဉ်မောင်းနှင်ခြင်းမှာမူ လူတိုင်းလုပ်နိုင်သော အရာတစ်ခုမဟုတ်ချေ။ ပရော်ဖက်ရှင်နယ်လေ့ကျင့်မှုတစ်ခုကို လိုအပ်သည်။
ထို့ပြင် ဤလေ့ကျင့်မှုမျိုးမှာ လူတိုင်း မရနိုင်ချေ။ နိုင်ငံတော်အဆင့်ထောက်ခံချက်ကို လိုအပ်သည်။
ယဲ့ချန်းက ရဟတ်ယာဉ်ဆီသို့ လျှောက်သွားလိုက်သည်။ အစောတုန်းက လေယာဉ်မှူးက ရဟတ်ယာဉ်၏ထိန်းချုပ်ခလုတ်များကို ပြထားသည်ဖြစ်ရာ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ရဟတ်ယာဉ်ကို ဘယ်လိုမောင်းနှင်ရမလဲဆိုသည်ကို ယဲ့ချန်း နားလည်လိုက်သည်။
အင်ဂျင်သံနှင့်အတူ ရဟတ်ယာဉ်က ကောင်းကင်ထက်သို့ ပျံတက်သွားလေတော့သည်။ လူတိုင်းလည်း ကြောင်အကုန်ကြသည်။
"မိုက်လိုက်တာ။ သူက ရဟတ်ယာဉ်တောင် မောင်းတတ်တယ်နော်"
"ဝိုး.. မစ္စတာယဲ့က ဘယ်သူများလဲ။ ရဟတ်ယာဉ်ကိုတောင် မောင်းနိုင်တယ်တဲ့"
"ဘုရားရေ…. ငါက ဇိမ်ခံကားစီးပြီး နာရီအကောင်းစားကို ဆင်ထားရင် အထင်ကြီးဖို့ကောင်းပြီလို့ ထင်နေတာ။ အခုတော့ ရဟတ်ယာဉ်မောင်းတာကမှ ကိုယ့်ဂုဏ်သတင်းကို အမြင့်ဆုံးထုတ်ဖော်ပြသမှုတစ်ခုလို့တောင် ထင်မိနေပြီ"
ရဟတ်ယာဉ်၏အင်ဂျင်သံက နားကန်းလုမတတ်ပင်။ လေပြင်းများကြောင့် လူတိုင်း အနောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်သွားကြသည်။
ရဟတ်ယာဉ်သည် မဆင်းသက်ခင်အထိ လေထဲတွင် တစ်မိနစ်မျှဝဲပျံနေခဲ့သည်။
ဤသည်မှာ ယဲ့ချန်းအနေနှင့် ရဟတ်ယာဉ်ကို ပထမဆုံးအကြိမ် စီးဖူးခြင်းဖြစ်၏။ နတ်ဘုရားအဆင့်ရဟတ်ယာဉ်မောင်းနှင်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည့်တိုင် စိတ်လည်းလှုပ်ရှားမိသလို စိတ်လည်းစိတ်ပူမိသည်။
ကောင်းကင်ထက်၌ ရဟတ်ယာဉ်တစ်စင်းဖြင့် ခပ်မြင့်မြင့်ပျံသန်းရခြင်းမှာ စင်စစ်အံ့ဩဖွယ်ကောင်းလှသည်။
လေထဲတွင် တစ်ပတ်လှည့်ပြီးနောက် ယဲ့ချန်းလည်း အမှတ်တစ်ဗီလာပေါ်ရှိ ရဟတ်ယာဉ်ဆင်းသက်ကွင်းပေါ်သို့ ဆင်းလိုက်လေသည်။
ထိုအချိန်တွင် အိမ်ပိုင်ရှင်များအားလုံး မျက်လုံးအပြူးသားဖြစ်နေကြသည်။ ထို့နောက် အသာအယာဆင်းသက်လာသော ရဟတ်ယာဉ်ကို မနာလိုအားကျစွာ ငေးကြည့်နေကြသည်။
မူလတုန်းက ဂုဏ်ယူဝင့်ကြွားခဲ့ကြသည့် ရိုးလ်ရွိုင့်စ် ကာဒီးလက်စ်၊ ဘီအမ်ဒဗလျူနှင့် မာစီးတီးတို့မှာ ဤရဟတ်ယာဉ်နှင့်ယှဉ်လိုက်သော် အသေးအဖွဲလေးများ ဖြစ်ကုန်ကြသည်။
အစ်ကိုမာက ပို၍ပင်ထိတ်လန့်သွားလေသည်။
ယဲ့ချန်းက သူ့စိတ်အစဉ်ကို ဆက်တိုက်ဖြိုခွင်းနေတော့သည်။ ယဲ့ချန်းအတွက် ရဟတ်ယာဉ်တစ်စီးကို စီးရခြင်းမှာ ဘယ်လိုအဓိပ္ပာယ်လဲဆိုသည်ကို သူ ကောင်ကောင်းသိသည်။
ရဟတ်ယာဉ်မောင်းခြင်းမှာ လူတိုင်းသင်ယူနိုင်သော အရာတစ်ခုမဟုတ်ပေ။
ယဲ့ချန်း၏ ကျွမ်းကျင်လှသော ရဟတ်ယာဉ်မောင်းနှင်မှုက သူသည် ပရော်ဖက်ရှင်နယ်လေ့ကျင့်ရေးကို ခံယူဖူးကြောင်း ပြသနေချေသည်။
ဟွားနိုင်ငံတွင် ရဟတ်ယာဉ်စီးနိုင်ရန်အတွက် ခွင့်ပြုမိန့်များစွာကို လိုအပ်ပေသည်။ အစ်ကိုမာကဲ့သို့ လူတစ်ယောက်ပင်လျှင် ရဟတ်ယာဉ်မောင်းတတ်ရန် မဖြစ်နိုင်ပေ။
ယဲ့ချန်းက ကျိုတိုမြို့မှ ဂုဏ်သတင်းကြီးမားသော် မျိုးဆက်တစ်ယောက်များလား။
ယဲ့ချန်း၏အဆင့်အတန်းနှင့် နောက်ခံကိုကြည့်မည်ဆိုပါက ဖြစ်နိုင်ခြေရှိသည်။ သူ့အနေနှင့် ယဲ့ချန်းနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ရပေလိမ့်မည်။
ဤအတွေးက အစ်ကိုမာ၏နှလုံးသားထဲဝယ် အမြစ်တွယ်သွားလေသည်။
...
ယဲ့ချန်းက အိမ်ပိုင်ရှင်တချိုနှင့် သိကျွမ်းပြီးသားပင်။ နောက်တစ်နာရီကျော်ကြာလျှင် လင်းရှစ်ယင်ပြန်ရောက်တော့မည်ဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအခါ သူလည်း အငှားစက်ဘီးလေးကိုနင်းပြီး နှင်းဆီအိမ်ရာထဲက ထွက်လာခဲ့လိုက်သည်။
ဝင်ပေါက်တွင်မူ သူ့အတန်းဖော်ဝမ်မုန့်ကို တွေ့လိုက်ရသည်။ ယခုအချိန်တွင် ဝမ်မုန့်က လုံခြုံရေးခေါင်းဆောင်၏ ယူနီဖောင်းကို ဝတ်ထားပြီဖြစ်၏။
"မစ္စတာယဲ့.. ကောင်းကောင်းသွားပါ"
ယဲ့ချန်းလည်း တုံ့ခနဲရပ်တန့်ပြီး ဝမ်မုန့်ကို ပြောလိုက်လေသည်။
"မင်းက ငါ့ကို ဘာလို့ တအားယဉ်ကျေးနေတာလဲ"
ဝမ်မုန့်ခမျာ ခေါင်းတကုတ်ကုတ်လုပ်ရင်း ရှက်နေရှာသည်။ ယဲ့ချန်း၏သရုပ်မှန်ကို သူသိထားပြီးသားပင်။
အိမ်ရာမန်နေဂျာကလည်း ယဲ့ချန်း၏ဓာတ်ပုံကို အိမ်ရာထဲရှိ ဝန်ထမ်းအားလုံးကို ဝေပေးထားသည်။ ထို့ပြင် ယဲ့ချန်းကို သူဌေးထက် ပိုလေးစားရမည်ဟုလည်း မှာထားလေသည်။
ယဲ့ချန်းက သူမတူသောအဆင့်တစ်ခုကို ရောက်ရှိနေပြီဖြစ်ကြောင်း ဝမ်မုန့် ကောင်းကောင်းသိသည်။ သူ့စိတ်ထဲတွင်မူ ယဲ့ချန်းကို အလွန်ကျေးဇူးတင်မိသည်။
လုံခြုံရေးခေါင်းဆောင်ရာထူးသို့ တိုးပေးခံရခြင်းမှာ ယဲ့ချန်းကြောင့်ပင်။
ယဲ့ချန်းကတော့ ရယ်သည်။
"ငါတို့က အတန်းဖော်ဟောင်းတွေပဲ။ ငါ့ကို ယဲ့ချန်းလို့ပဲ ခေါ်စမ်းပါ။ ယဉ်ကျေးနေစရာမလိုဘူး"
ထိုစကားကြောင့် ဝမ်မုန့်၏နှလုံးသားထဲတွင် နွေးထွေးမှုများဖြင့် ပြည့်နှက်သွားသည်။
လက်ရှိတွင် သူ့အနေအထားက အထင်ကြီးဖို့ကောင်းသော်လည်း ယဲ့ချန်းကမူ ဟိတ်ဟန်ထုတ်ခြင်းမရှိပါဘဲ ယခင်လိုသာ ဆက်နေနေသည်။
"ကောင်းပါပြီ"
ယဲ့ချန်းက ဝမ်မုန့်၏ယူနီဖောင်းကိုကြည့်ပြီး ရယ်လိုက်လေသည်။
"ဒါနဲ့ မင်း ရာထူးတိုးသွားပြီဆိုတော့ ငါ့ကို ညစာလိုက်ကျွေးရမယ်နော်"
ဝမ်မုန့်လည်း ခေါင်းညိတ်ပြလိုက်၏။
"ဒါပေါ့။ ဒါပေါ့။ ဒီည အကင်စားကြရင်ရော"
"ဒီနေ့တော့မရဘူး။ ငါ လေဆိပ်မှာ အလှလေးတစ်ယောက်ကို သွားခေါ်ရဦးမယ်။ အကင်စားပြီး သောက်စားဖို့အတွက် နောက်နေ့မှတွေ့ကြရအောင်"
ဤသို့ပြောပြီးနောက် ယဲ့ချန်းက အငှားစက်ဘီးလေးကိုနင်း၍ ထွက်လာခဲ့လိုက်သည်။
ထွက်ခွာသွားသော ယဲ့ချန်း၏ပုံရိပ်ကိုငေးကြည့်ရင်း ကျန်လုံခြုံရေးဝန်ထမ်းများမှာမူ အားကျနေကြသည်။
•••••••••••••••••••
အပိုင်း ၂၈၂ : မာစီးတီးက မမိုက်လွန်းဘူးလား
ယဲ့ချန်း ပြန်သွားသောအခါ ထိုလုံခြုံရေးအစောင့်များက ဝမ်မုန့်နားသို့ ချက်ချင်းဝိုင်းအုံလာကြသည်။
"ခေါင်းဆောင်ဝမ်.. ခင်ဗျားက အရမ်းမိုက်တာပဲ။ မစ္စတာယဲ့နဲ့တောင် ရင်းနှီးနေတယ်"
"ဟုတ်ပါ့။ မစ္စတာယဲ့နဲ့ ခင်တယ်ဆိုတော့ ခေါင်းဆာင်ဝမ်ရဲ့အနာဂတ်က အဆုံးမရှိကျယ်ပြောသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ"
"ခေါင်းဆောင်ဝမ်.. ခင်ဗျား အောင်မြင်သွားရင် ကျွန်တော်တို့ညီအစ်ကိုတွေကို မမေ့နဲ့နော်"
လုံခြုံရေးအစောင့်တချို့က ဝမ်မုန့်ကိုမြှောက်ပင့်ရင်း မနာလိုဖြစ်နေကြသည်။
ဝမ်မုန့်ကမူ သူတို့အား လက်ခါယမ်းပြသည်။
"ကဲ..အတင်းပြောမနေနဲ့တော့။ ကိုယ့်နေရာကိုယ်ပြန်သွား"
အပြင်ပန်းတွင် သူ့ပုံစံက တည်ငြိမ်နေပုံပေါက်သော်ငြား စိတ်ထဲမှာတော့ ဝမ်မုန့် အလွန်ပျော်မိသည်။
နှစ်ပေါင်းများစွာတိုင်အောင် သူ့တွင် ပညာရေးနောက်ခံလည်းမရှိသလို အစွမ်းအစကလည်း သာမန်အဆင့်မျှသာ ရှိသဖြင့် အခြားလူများထံမှ အနိုင်ကျင့်ခံရလေ့ရှိ၏။
ယနေ့မှာမူ အသစ်တစ်ဖန်ပြန်လည်မွေးဖွားလာသလို ခံစားရသည်။ ကျေးဇူးရှင်တစ်ယောက်ရှိနေခြင်းမှာ စင်စစ်စိတ်ကျေနပ်ဖွယ်ကောင်းလှသည်။
ယဲ့ချန်းထံမှ စကားတစ်ခွန်းမျှဖြင့် သူသည် အနိုင်ကျင့်ခံလုံခြုံရေးဝန်ထမ်းဘဝမှ အားကျလေးစားရသော လုံခြုံရေးခေါင်းဆောင်ဘဝအထိ တိုးတက်လာခဲ့သည်။
ချီးကျူးမြှောက်ပင့်ခံနေရသည့် ခံစားချက်မှာ စင်စစ်ကောင်းမွန်လှသည်။ ပထမဆုံးအကြိမ်အဖြစ် ဝမ်မုန့်၏ဝင့်ဝါလိုစိတ်မှာ ကျေနပ်ခဲ့ရသည်။
ယဲ့ချန်းက သူ့ကားကို ပါကင်ထိုးထားခဲ့သည့် ရပ်ကွက်ဆီသို့ အငှားစက်ဘီးလေးဖြင့် မောင်းသွားလိုက်သည်။ ရုံးဆင်းချိန်ဖြစ်သောကြောင့် ယာဉ်ကြောပိတ်နေဆဲပင်။
ထိုအချိန်မှာပင် သူလည်း မီးပွိုင့်တစ်ခုကို ဖြတ်လိုက်သည်။ အဘိုးကြီးတစ်ယောက်က တောင်ဝှေးတစ်ချောင်းဖြင့် လမ်းဖြတ်ကူးနေလေသည်။
အစတုန်းက မီးစိမ်းနေသော်ငြား လမ်းတစ်ဝက်မှာပင် မီးနီသွားခဲ့သည်။
ယဲ့ချန်းလည်း မျက်မှောင်ကြုတ်လိုက်မိပြီး အငှားစက်ဘီးကို ကားလမ်းပေါ်သို့ မောင်းချသွားပြီးနောက် လမ်းဆုံကို ပိတ်ဆို့ထားလိုက်သည်။
ထို့နောက် ထိုအဘိုးကြီးကို လမ်းဖြတ်ကူးနိုင်ရန် ကူညီပေးလိုက်သည်။
အခြားကားသမားများကလည်း ကောင်းကောင်းပူးပေါင်းပေးခဲ့သည်။ သို့သော် မာစီးတီးမောင်းသူတစ်ယောက်ကမူ စိတ်မရှည်သဖြင့် ဟွန်းကို အသည်းအသန်တီးနေချေသည်။
ယဲ့ချန်းမှာ မျက်မှောင်ကြုတ်လျက် ထိုအဘိုးကြီးကို လမ်းဖြတ်ကူးပေးလိုက်သည်။
ထိုအခါ မာစီးတီးကားပိုင်ရှင်က ကားထဲမှ ဒေါသတကြီးထွက်လာပြီးနောက် အငှားစက်ဘီးလေးကို လဲသွားအောင် ကန်ချလိုက်၏။
ဤအဖြစ်ကိုမြင်သော် လူတော်တော်များများ မျက်မှောင်ကြုတ်လိုက်မိကြသည်။
ယဲ့ချန်းက အဘိုးကြီးကို လမ်းဖြတ်ကူပေးရန်အတွက် စက်ဘီးဖြင့် ကားများကို လမ်းပိတ်ထားခြင်းမှာ အမှားမဟုတ်ပါချေ။ သို့မဟုတ်ပါက ယာဉ်ကြောရှုပ်ထွေးမှုကြောင့် အဘိုးကြီးအတွက် အလွန်တရာအန္တရာယ်ရှိနိုင်သည်။
ထိုလူငယ်လေးက စက်ဘီးကိုကန်ထုတ်ပြီးနောက် ယဲ့ချန်းကို လက်ညှိုးထိုးလိုက်လေသည်။
"ငတုံး.. မင်းရဲ့အစုတ်အပြတ်စက်ဘီးလေးကို လမ်းအလယ်ကြီးမှာ ဘာလို့ပိတ်ရပ်ထားတာလဲ"
ယဲ့ချန်းမှာမူ အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။
"အဘိုးကြီးက လမ်းဖြတ်ကူးချင်နေတာကို မင်း မမြင်ဘူးလား"
"သေလိုက်လေ။ သူက တအားအိုနေပြီ။ အိမ်ထဲမှာ အေးအေးဆေးဆေးထိုင်နေတာကမှ ပိုကောင်းဦးမယ်"
သူက အငှားစက်ဘီလေးကို နှစ်ချက်လောက် ထပ်ကန်ပြီးမှ ထွက်သွားလေသည်။
ယဲ့ချန်းမှာ ဒေါသထွက်ရလေပြီ။
"ရပ်လိုက်စမ်း"
ထိုလူငယ်လေးကလည်း ရပ်တန့်ပြီး လှောင်ပြုံးပြုံးလျက် ယဲ့ချန်းကို ကြည့်လိုက်လေသည်။
"ဘာလဲ။ မကျေနပ်ဘူးလား"
ယဲ့ချန်းမှာ မာထန်ထန်ပြောလိုက်သည်။
"စက်ဘီးကို ပြန်ထောင်ပေး"
ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုလူငယ်လေးက အားရပါးရအော်ရယ်လေတော့သည်။
"မလုပ်ပေးရင်ရော။ မင်းလို အဖေမရှိဘဲ ကြီးပြင်းလာတဲ့ ဆင်းရဲသားအရှုံးသမားတစ်ယောက်က ငါ့ကို ဘာလုပ်နိုင်မှာမို့လို့လဲ။
အစတုန်းကတော့ ယဲ့ချန်းလည်း သူနှင့် အကျိုးသင့်အကြောင်းသင့် ပြောချင်ခဲ့ရုံသာ။ သို့သော် ဤလူ၏စော်ကားစကားများက ယဲ့ချန်း၏သည်းခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့သည်။
ယဲ့ချန်းက စကားတစ်ခွန်းမဆိုုပါဘဲ မြေပြင်ပေါ်က အုတ်ခဲတစ်လုံးကိုကောက်ယူကာ မာစီးတီးကို ရိုက်ခွဲပစ်လိုက်သည်။
ဘန်း!
လေကာမှန်မှာ ယဲ့ချန်း၏ပစ်ချက်ကြောင့် ကြေမွသွားလေသည်။ ထိုနေရာရှိ လူများလည်း ကြက်သေသေကုန်ကြသည်။
ဤလူငယ်လေးက အလွန်ရဲတင်းလှသည်။ အခြားအရာတွေထဲကမှ မားစီးတီးကို ဖျက်ဆီးပစ်ခဲ့သည်။
မားစီးတီးတစ်စင်းကို ဘယ်လောက်ပေးရလဲဆိုတာ သူမသိဘူးလား။
ထိုလူငယ်လေးက ကားနောက်ဖုံးထဲမှ သံချောင်းတစ်ချောင်းကို ဆွဲထုတ်လိုုက်သည်။
"ဟေ့ကောင်.. မင်း သေချင်နေတာလား"
ထိုသို့ပြောပြီးနောက် ထိုလူငယ်လေးက သံတုတ်ကို ယဲ့ချန်းဆီသို့ လွှဲယမ်းလိုက်၏။
ယဲ့ချန်းကလည်း လွှဲယမ်းလိုက်သော ထိုသံတုတ်ချောင်းကို ရှောင်လိုက်သည်။ ထိုလူငယ်လေးဘက်က ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ယဲ့ချန်းက သူ့ဝမ်းဗိုက်ကို ဘေးတိုက်ကန်ချက်တစ်ခု ပေးလိုက်သည်။
ထိုလူငယ်လေးခမျာ လွင့်ထွက်သွားအောင် အကန်ခံလိုက်ရပြီးနောက် မြေကြီးပေါ်သို့ အားပြင်းပြင်းနှင့် ပြုတ်ကျသွားသည်။ သံတုတ်ကလည်း လက်ထဲမှ လွတ်ကျသွားသည့်အတွက် နာကျင်မှုကြောင့် အော်ညည်းလိုက်မိသည်။
ထိုကောင်လေးခမျာ မြေပြင်ပေါ်မှ မနည်းထလိုက်ရပြီးနောက် ယဲ့ချန်းက သံတုတ်ကိုကောက်ကိုင်ကာ သူ့အား စူးစူးရဲရဲစိုက်ကြည့်နေကြောင်း မြင်လိုက်ရ၏။
ယဲ့ချန်း၏ အေးစက်မာကြောသော အကြည့်များကြောင့် ထိုလူငယ်လေးမှာ ထိတ်လန့်သွားလေသည်။
ထို့နောက် ယဲ့ချန်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"ဟေ့လူ.. မင်းက ငါ့ကိုရန်စရဲတယ်ဆိုတော့ မင်းတော့သေပြီပဲ။ ဒီနေ့မှ မင်းကို လက်စမတုံးရဘူးဆိုရင် ငါ့မျိုးရိုးနာမည်ကို ပြောင်းပစ်လိုက်မယ်"
ယဲ့ချန်းက ဘာမှမပြောဘဲ ထိုလူငယ်လေး၏မျက်နှာကို ဖြတ်ရိုက်လိုက်သည်။
ထိုလူငယ်မှာ ယိမ်းယိုင်သွားပြီး မြေကြီးပေါ်သို့ နောက်တစ်ကြိမ် လဲကျသွားပြန်သည်။
ယဲ့ချန်က အေးစက်စက်လေသံဖြင့် ပြောလိုက်၏။
"မာစီးတီးမောင်းနိုင်ရုံနဲ့ မင်းကိုယ်မင်း ဆရာကြီးများ ထင်နေတာလား"
ထိုသို့ပြောပြီးသည်နှင့် ယဲ့ချန်းက လက်ထဲရှိသံတုတ်ဖြင့် မာစီးတီးကားကို ပြင်းထန်စွာ ရိုက်ခွဲလေတော့သည်။
ထိုလူငယ်ခမျာ ချက်ချင်းပင် ထိတ်လန့်သွားသည်။
ဤမာစီးတီးကားက သူ့ကားမဟုတ်ပေ။ ကုမ္ပဏီပိုင်ကားပင် ဖြစ်သည်။
တန်ဖိုးအားဖြင့် ၁.၇သန်းကျော်သည်။
ယဲ့ချန်းက လေကာမှန်ကို ရိုက်ခွဲလိုက်ရုံသာမက ကားတစ်စီးလုံးကိုပါ ဖျက်ဆီးပစ်နေခြင်းဖြစ်၏။
ဒုန်း! ဒုန်း! ဒုန်း!
ယဲ့ချန်း၏ရိုက်ချက်များအောက်တွင် ကားတစ်ခုလုံး ရစရာမရှိအောင် ပျက်စီးသွားလေပြီ။
"သွားပါပြီ... ဒီလူက ဒေါသကြီးလိုက်တာ။ ကားက ဒီလောက်တောင်ပျက်စီးသွားတာ ပြင်ရင် ဘယ်လောက်ကျမလဲမသိဘူး"
"ဘယ်လောက်ကျမလဲ ဟုတ်လား။ ငါးသိန်းခြောက်သိန်းအောက်တော့ မလျော့လောက်ဘူး။ ဒါက နိုင်ငံခြားဖြစ်ကားလေ။ ပစ္စည်းတွေက ဈေးကြီးတယ်။ ရှေ့မီးသီးနှစ်လုံးတည်းနဲ့တင် ခြောက်သောင်းခုနစ်သောင်းလောက် ရှိတယ်"
"ဒီလူတော့ သွားပြီ။ ဒီလောက်ဈေးကြီးတဲ့ကားကို သူဘယ်လိုလုပ်လျော်နိုင်မှာလဲ"
"ဒါပေါ့ကွာ။ ဒီလူက စိတ်လိုက်မာန်ပါလုပ်ပစ်လိုက်တာ။ သူစီးလာတဲ့ စက်ဘီးကိုကြည့်ရသလောက်တော့ ပိုက်ဆံရှိမယ့်ပုံမပေါ်ဘူး။ မလျော်နိုင်ရင်တော့ ထောင်ထဲသွားရတော့မှာ"
ထိုလူငယ်မှာ ယဲ့ချန်၏ကန်ကျောက်ရိုက်နှက်မှုကြောင့် ဒဏ်ရာများ ရထားသော်လည်း မြေကြီးပေါ်မှ ကုန်းထလာသည်။ သူသည် ဒေါသကြောင့် ရူးမတတ်ပင်ဖြစ်နေချေပြီ။
"ဟေ့ကောင်... ဒါ ဘယ်သူ့ကားလဲ မင်းသိလား။ ငါပြောလိုက်မယ်။ မင်းတော့ သေပြီသာမှတ်။ ငါတို့သူဌေးကားကို မင်းဖျက်ဆီးပစ်လိုက်တာ။ မင်းတော့သွားပြီပဲ"
ထိုလူငယ်က ပျက်စီးနေသောကားကို ကြည့်ပြီး အယုတ်တမာပြုံး ပြုံးလိုက်သည်။
သို့သော် ယဲ့ချန်းကတော့ လုံးဝကြောက်ရွံ့ပုံမပေါ်ပေ။
"ဟုတ်လား။ ဘယ်သူ့ကားမို့လို့လဲ။ ဘယ်သူ့ကားလဲဆိုတာ ငါသိချင်သေးတယ်"
ထိုလူငယ်က ဖုန်းထုတ်ပြီး သရော်ပြုံးပြုံးကာ ပြောလိုက်သည်။
"ဟေ့ကောင်... မင်းက ငါတို့သူဌေးရဲ့ကားကို ရိုက်ခွဲပစ်လိုက်တာကွ။ မင်းတော့ သေပြီသာမှတ်။ ဘယ်သူမှ မင်းကို မကယ်နိုင်တော့ဘူး"
ထိုလူငယ်၏စကားကို ကြားသောအခါ ဘေးနားတွင် ရပ်ကြည့်နေသူများမှာ ယဲ့ချန်အတွက် စိတ်ပူသွားကြသည်။
တစ်သန်းကျော်တန် မာစီးတီးကားကို စီးနိုင်သူဆိုသည်မှာ သာမန်လူတစ်ယောက် မဟုတ်နိုင်ပေ။
ထိုလူငယ်က ဖုန်းခေါ်လိုက်ပြီး ယဲ့ချန်းကို လှောင်ပြောင်သလိုကြည့်ကာ ပြောလိုက်သည်။
"ဟေ့ကောင်... ငါ့သူဌေးလာနေပြီ။ မင်းတော့ ကံဆိုးမိုးမှောင်ကျပြီ"
ယဲ့ချန်းက သံတုတ်ကိုကိုင်လျက် မတ်တပ်ရပ်နေလေသည်။
"ကောင်းပြီလေ။ အောက်တန်းကျတဲ့ဝန်ထမ်းမျိုးကို ခန့်ထားတဲ့သူဌေးက ဘယ်လိုအကန်းကောင်မျိုးလဲဆိုတာ ကြည့်ရသေးတာပေါ့"
မကြာခင်မှာပင် ဘန်ထလေကားတစ်စီးက အဝေးမှ မောင်းနှင်လာသည်။
ကားနံပါတ်မှာ ၈ဂဏန်းငါးလုံးဖြစ်ပြီး မိုတုမြို့ရှိ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်၏ ကားမှန်း သိသာလှသည်။
ဘန်ထလေကားကိုမြင်လိုက်သည်နှင့် ထိုလူငယ်၏မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားလေဟန် အမူအရာများ ပေါ်လာသည်။
ကားတံခါးပွင့်သွားပြီးနောက် ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဆင်းလာသည်။
သူသည် အရပ်မရှည်သော်လည်း မျက်လုံးများက စူးရှထက်မြက်ပြီး တစ်မူထူးခြားသော ဩဇာအာဏာမျိုးကို ပိုင်ဆိုင်ထားပုံရသည်။
ထိုလူ့ကို မြင်လိုက်သောအခါ ယဲ့ချန်း အံ့သြသွားသည်။ မိတ်ဆွေဟောင်းကြီးတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ထိုအချိန်ဝယ် ထိုလူငယ်က အစ်ကိုမာဆီသို့ အပြေးသွားပြီး ဒူးထောက်ချလိုက်သည်။
အစ်ကိုမာ ရောက်လာရသည့် အကြောင်းအရင်းမှာ ထိုလူငယ်နှင့် ဆွေမျိုးတော်စပ်သောကြောင့်ပင်။
ထိုလူငယ်၏အမည်မှာ "မာလျို" ဖြစ်ပြီး သူသည် အလုပ်မရှိအကိုင်မရှိ လေလွင့်နေသူတစ်ယောက်ပင်။ ထို့ကြောင့် မိဘများက အစ်ကိုမာ့ထံတွင် အပ်နှံထားသဖြင့် ကားမောင်းနေရခြင်းဖြစ်၏။
"ဦးလေး... ကျွန်တော့်ဘက်က ရပ်တည်ပေးပါဦး။ ဒီကောင်က လမ်းပိတ်အောင်ဆိုပြီး အငှားစက်ဘီးကို လမ်းလယ်ခေါင်မှာ တမင်လှဲထားတာ။ ကျွန်တော်က နည်းနည်းပါးပါးဝင်ပြောလိုက်တော့ သူက ကျွန်တော့်ကိုရိုက်ပြီး ကားကိုပါ ရိုက်ခွဲပစ်တယ်။ သူဌေး ကြည့်ပါဦး..ကုမ္ပဏီက ကားအသစ်ကြီးကို သူရိုက်ခွဲလိုက်တာ ဒီအခြေအနေအထိ ရောက်သွားပြီ"
ထိုလူငယ်မှာ မျက်ရည်၊နှာရည်များနှင့် သနားစဖွယ်ပင် ကောင်းနေချေသည်။
ဘေးနားတွင် ကြည့်နေသူများမှာ အံ့အားသင့်သွားကြသည်။
ဤလူငယ်က ဇာတ်လမ်းဆင်ရာတွင် တော်လှပေသည်။
ယဲ့ချန်၏စက်ဘီးကို အရင်ကန်ခဲ့တာ သူ မဟုတ်ပါလော။ အဖြူကို အမည်းဖြစ်အောင် ပြောရဲသည့် လူယုတ်မာလေးပင်။
အစ်ကိုမာက မျက်မှောင်ကြုတ်ကာ အေးစက်စက်နှာမှုတ်လိုက်သည်။
"ဘယ်ကောင်ကများ ဒီလောက်မောက်မာနေလဲဆိုတာ ကြည့်ချင်သေးတယ်"
သူ့အကြည့်များက ယဲ့ချန်းဆီသို့ ရောက်သွားသည်။
"မစ္စတာယဲ့"
ယဲ့ချန်ကို မြင်လိုက်သည်နှင့် အစ်ကိုမာခမျာ ကြက်သေသေသွားချေသည်။
အစ်ကိုမာက လူငယ်ကို လုံးဝဂရုမစိုက်တော့ဘဲ ယဲ့ချန်းဆီသို့ လှမ်းသွားလိုက်သည်။
"မစ္စတာယဲ့... ခင်ဗျားဖြစ်နေတာကိုး"
ထိုမြင်ကွင်းကိုကြည့်ပြီး လူငယ်ခမျာ ကြောင်အသွားတော့သည်။ ဘာတွေဖြစ်ကုန်တာလဲ။
•••••••••••••••••••