အခန်း (၂၈၃-၂၈၅)
Vol. 19 Ch. 283-285
အပိုင်း ၂၈၃ : ဘာလို့လဲ
အစ်ကိုမာက ယဲ့ချန်းဆီသို့ တက်ကြွစွာလျှောက်သွားပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်ကို မြင်သောအခါ မာလျိုလည်း ကြောင်အသွားသည်။
ဘာတွေဖြစ်ကုန်တာလဲ။
မာလျို၏မျက်နှာထက်ရှိ အပြုံးများမှာ ချက်ချင်းအေးခဲသွားပြီး သူ့ရှေ့ရှိမြင်ကွင်းကို မယုံနိုင်သလို စိုက်ကြည့်နေမိသည်။
ဤလူက အငှားစက်ဘီးစီးသည့် အရှုံးသမားမဟုတ်ဘူးလား။ ဥက္ကဋ္ဌမာက ဘာလို့ သူ့ကို ဤမျှအထိ ဖော်ရွေနေရလေသလဲ။
ထိုလူငယ်မှာ ကြောင်အမ်းသွားသည်။
ဘေးမှ ကြည့်နေသူများလည်း ကြောင်အကုန်ကြသည်။
သို့သော် ဤကိစ္စက ရိုးရိုးရှင်းရှင်းမဟုတ်မှန်း လူတော်တော်များများ ရိပ်မိလိုက်ကြသည်။
အစ်ကိုမာဆိုသည်မှာ ဘယ်သူလဲဆိုသည်ကို သိထားဖို့လိုပေသည်။
သူသည် စီးပွားရေးလောကထဲရှိ ဒိတ်ဒိတ်ကြဲသူဌေးတစ်ဦးပင်။
မိုတုမြို့မှာသာမက တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကြည့်လျှင်ပင် သူ့ဘက်က အရင်လိုက်လံနှုတ်ဆက်ရမည့်လူဆိုသည်မှာ လက်ချိုးရေ၍ရသည်။
ဘေးနားမှ ကြည့်နေသူများလည်း ထိုလူငယ်ကိုကြည့်ပြီး ကျိတ်ပျော်နေကြသည်။
မှတ်ပေရော။ ဒီတစ်ခါတော့ သူ ဒုက္ခလှလှတွေ့ပြီ။
ယဲ့ချန်း၏မျက်နှာထားကတော့ အေးစက်တည်ငြိမ်နေချေသည်။
"အစ်ကိုမာ... ကျွန်တော်တို့က တော်တော်ရေစက်ပါတာပဲနော်"
ယခင်တုန်းက ယဲ့ချန်းနှင့် အစ်ကိုမာတို့ ဆုံတွေ့ခဲ့စဉ်က အပြန်အလှန်လေးစားသမှု ရှိခဲ့ကြသော်လည်း ဤတစ်ကြိမ်တွင်မူ ယဲ့ချန်းက မျက်နှာထားခပ်တင်းတင်းပင်။
အစ်ကိုမာကလည်း ငတုံးတစ်ယောက် မဟုတ်ပေ။ သူ့တူက ယဲ့ချန်းကို ပြဿနာရှာထားပြီဖြစ်ကြောင်း သိလိုက်သည်။
ပြဿနာကလည်း သေးမည့်ပုံမပေါ်ချေ။
ယဲ့ချန်းက အစ်ကိုမာကို သိနေကြောင်း မြင်လိုက်ရသောအခါ ထိုလူငယ်ခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
သူ့ဦးလေးက ဟွားနိုင်ငံ၏ အချမ်းသာဆုံးစာရင်းဝင် ထိပ်တန်းသုံးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။
အစိုးရပိုင်းကပင်ဖြစ်စေ စီးပွားရေးလောကပင်ဖြစ်စေ အစ်ကိုမာ့ကို ဘယ်သူကများ လေးလေးစားစား မဆက်ဆံဘဲ နေရဲသလဲ။
သို့သော် ယခုတော့ သူ့ဦးလေးဘက်က ယဲ့ချန်းကို ဦးအောင် လက်ဆွဲနှုတ်ဆက်နေရသည်။
ဤအဖြစ်က ပုံမှန်မဟုတ်ပေ။
ယဲ့ချန်းကတော့ မျက်နှာထက်တွင် အပြုံးရိပ်လေးမျှပင် မပြသဘဲ ထိုနေရာတွင် ရပ်နေပေသည်။
အစ်ကိုမာခမျာ ပြုံးရွှင်နေသော မျက်နှာထားဖြင့် တစ်ဖက်လူကို မျက်နှာချိုသွေးနေသည့်ပုံစံပင် ပေါက်နေသေးသည်။
ထိုလူငယ်၏ ကျောပြင်တစ်ခုလုံး ရုတ်တရက်ကြက်သီးထသွားသည်။
အစ်ကိုမာ့ကိုတောင် ယခုလိုပုံစံမျိုးဖြစ်သွားအောင် လုပ်နိုင်လျှင် ထိုလူမှာ သွားထိပါး၍ရနိုင်မည့် လူစားမျိုးမဟုတ်ကြောင်း သူ သိလိုက်သည်။
ဤတစ်ခါတွင်မူ သူ တကယ်ပြဿနာတက်လေပြီ။
သူ့ဦးလေးကိုယ်တိုင်တောင် ကြောက်ရွံ့ရသူဆိုလျှင် ဤလူက မည်မျှအထိ အရှိန်အဝါကြီးမားလိုက်လေမလဲ။
တွေးလေလေ ပိုကြောက်လာလေလေဖြစ်ပြီး ချွေးစေးများပင် ပြန်လာလေတော့သည်။
ဘေးနားမှ ကြည့်နေသူများလည်း တစ်ခုခုလွဲနေကြောင်း သတိထားမိလိုက်ကြသည်။
အစ်ကိုမာက နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးပင်။
မကြာခင်မှာပင် အားလုံးက အစ်ကိုမာ့ကို မှတ်မိသွားကြသည်။
"သေစမ်း...ဒီကားက အစ်ကိုမာရဲ့ကားဖြစ်နေတာကိုး"
"ဒါကြောင့်မို့ ခုနတုန်းက အဲဒီကားသမားက ဒီလောက်မာန်တက်နေတာကိုး"
"ဒီလူငယ်လေးက အစ်ကိုမာရဲ့ကားကို ရိုက်ခွဲပစ်လိုက်တာပဲ"
"ဒါပေမဲ့ အစ်ကိုမာက ဘာလို့ ဒီလူငယ်လေးကို ဒီလောက်အထိ တက်တက်ကြွကြွ လက်ဆွဲနှုတ်ဆက်နေရတာလဲ"
"ဟုတ်တယ်နော်... အစ်ကိုမာက သူ့ရှေ့မှာ မျက်နှာချိုသွေးနေရတဲ့ပုံစံတောင် ပေါက်နေသေးတယ်"
"ဒီလူငယ်က ကားကို ချက်ချင်းရိုက်ခွဲပစ်ရဲတာ အံ့သြစရာ မရှိတော့ပါဘူး၊ သူ့မှာ နောက်ခံအင်အားတောင့်တာကိုး"
"ဟားဟား... မားစီးတီးမောင်းတဲ့ကောင်တော့ မထိသင့်တဲ့လူကို သွားထိမိပြီနဲ့တူတယ်။ ဒီကောင်လေး ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
လူအုပ်ကြီးက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီး ပွဲကြည့်ရန် စောင့်ဆိုင်းနေကြသည်။
တစ်ချိန်တည်းမှာပင် လူအများစုက ယဲ့ချန်း၏နောက်ခံအကြောင်းကို ပိုစူးစမ်းချင်လာကြသည်။
အစ်ကိုမာ့ကို ဒီလောက်တောင် ပျာယာခတ်သွားရအောင် လုပ်နိုင်တာ ယဲ့ချန်းက ဘယ်သူမို့လို့လဲ...
အစ်ကိုမာက အကင်းပါးသူတစ်ယောက်ပင်။
ယဲ့ချန်းနှင့် အကြိမ်အနည်းငယ်မျှ ပတ်သက်ဆက်ဆံဖူးသဖြင့် တစ်ဖက်လူက မောက်မာတတ်သူမဟုတ်ဘဲ အနေအထိုင် သိုသိပ်ကာ ယဉ်ယဉ်ကျေးကျေးပြောဆိုတတ်ကြောင်း သူသိထားသည်။
အစ်ကိုမာက သူ့ဘေးနားရှိ လူငယ်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။
"မာလျို... မစ္စတာယဲ့က ဘယ်သူလဲဆိုတာ မင်းသိရဲ့လား။ ငါတောင်မှ မစ္စတာယဲ့ရှေ့မှာ မရိုမသေမလုပ်ရဲတာကို မင်းက မစ္စတာယဲ့ကို ပြဿနာတောင် ရှာရဲတယ်ပေါ့လေ"
အစ်ကိုမာ၏စကားကို ကြားသောအခါ မာလျိုလည်း ကြက်သေသေသွားချေသည်။
"ဦးလေး... ကျွန်တော်..."
ထိုအချိန်တွင် အဘွားအိုတစ်ယောက်က ရှေ့ထွက်လာပြီး ပြောလိုက်သည်။
"မစ္စတာမာ... ဒီလူငယ်လေးမှာ အပြစ်မရှိပါဘူး။ သူက လမ်းကူးနေတဲ့ အဘိုးအိုတစ်ယောက်ကို ကူညီပေးခဲ့တာ။ ဒီလူကမှ သူ့ကိုယ်သူ မားစီးတီးမောင်းတယ်ဆိုပြီး အဲဒီလူငယ်လေးရဲ့စက်ဘီးကို ကန်ထုတ်ပစ်ရုံတင်မကဘူး။ ဆဲပါဆဲနေသေးတာ"
အဘွားအို၏စကားကို ကြားလိုက်ရသောအခါ အစ်ကိုမာ၏ မျက်နှာထားမှာ ပို၍ပင် အေးစက်သွားလေသည်။
ထို့နောက် သူ့နောက်ရှိ သက်တော်စောင့်ကို အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်သည်။
"သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်လိုက်"
အစ်ကိုမာ၏ သက်တော်စောင့်မှာ ဟွားနိုင်ငံ၏ ဆန်ရှို့တိုက်ခိုက်ရေး ချန်ပီယံတစ်ဦးဖြစ်၏။ သူသည် မာလျိုရှိရာသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။
ထို့နောက် ခြေထောက်ဖြင့် နှစ်ချက်ဆောင့်ကန်လိုက်ရာ မာလျို၏ဒူးခေါင်းများကို တည့်တည့်ထိသွားသည်။
ဂျွတ်... ဂျွတ်!
အရိုးကျိုးသံများနှင့်အတူ မာလျိုခမျာ နာကျင်စွာအော်ဟစ်ရင်း မြေကြီးပေါ်သို့ လဲကျသွားသည်။
အစ်ကိုမာကလည်း ပြုံးလျက် ပြောလိုက်၏။
"မစ္စတာယဲ့... ကျွန်တော် ဆုံးမသွန်သင်တာ ညံ့ဖျင်းသွားတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"
အစ်ကိုမာ ဖြေရှင်းလိုက်သည့်ပုံစံကြောင့် ယဲ့ချန်းလည်း ဘာမှဆက်ပြောမနေတော့ဘဲ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
"အစ်ကိုမာကလည်း အားနာနေပြန်ပြီ။ အသေးအဖွဲလေးပါ။ ပြီးသွားပြီဆိုတော့လည်း ထားလိုက်ပါတော့"
ယဲ့ချန်း၏မျက်နှာထက်ရှိ အပြုံးကို မြင်ရတော့မှသာ အစ်ကိုမာခမျာ သက်ပြင်းချနိုင်တော့သည်။
ယဲ့ချန်းက ဤကိစ္စကို ပြဿနာဆက်မရှာတော့ကြောင်း သိသာလှသည်။
မာလျိုမှာမူ ခြေထောက်ကျိုးကာ မြေကြီးပေါ်တွင် လဲလျောင်းနေသည်။ သူ အနည်းဆုံးတော့ ခြောက်လလောက် အိပ်ရာထဲက ထနိုင်တော့မည်မဟုတ်ပေ။
သူ့မောက်မာမှုအတွက် ပြန်ပေးဆပ်လိုက်ရခြင်းပင်။
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးပြီး အငှားစက်ဘီးကို နင်းကာ ထွက်ခွာသွားသည်။
ထွက်ခွာသွားသော ယဲ့ချန်း၏ကျောပြင်ကိုကြည့်ရင်း လူအုပ်ကြီးမှာ ပင့်သက်ရှိုက်လိုက်မိသည်။
ဤလူငယ်က အံ့မခန်းပင်။ ဥက္ကဋ္ဌမာနှင့်ပင် မိတ်ဆွေဖြစ်နေသည်။
အရေးအကြီးဆုံးအချက်မှာ သူသည် အလွန်သိုသိုသိပ်သိပ်နေတတ်ပြီး အငှားစက်ဘီးကိုသာ စီးနေခြင်းပင်။
ယဲ့ချန်းက စက်ဘီးကို အိမ်ရာဝင်း၏ဝင်ပေါက်အထိ မောင်းသွားလိုက်သည်။
ထိုအချိန်တွင် မာစီးတီးမောင်းလာသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ယဲ့ချန်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။
"သား... ဖေဖေက မင်းကို ဘာလို့ စာကြိုးစားစေချင်လဲဆိုတာ သိလား။ ကြည့်စမ်း။ မင်းအဖေက ဘီအမ်ဒဗလျူမောင်းနိုင်ပေမယ့် ဟိုလူငယ်လေးကို ကြည့်လိုက်... အငှားစက်ဘီးပဲ စီးနိုင်တယ်။ ဒါက ဘဝရဲ့ကွာခြားချက်ပဲ"
ကောင်လေးကလည်း လေးလေးနက်နက်ဖြင့် ပြောလိုက်၏။
"ဖေဖေ... သား ဖေဖေ့ကို အတုယူပြီး ဇိမ်ခံကားမောင်းနိုင်တဲ့ ယောက်ျားတစ်ယောက်ဖြစ်အောင် ကြိုးစားပါ့မယ်"
ထိုအချိန်မှာပင် ထိုကလေးလေးမှာ ရုတ်တရက်ကြီး ကြောင်အမ်းသွားသည်။
ယဲ့ချန်းက လမ်းဘေးတွင် စက်ဘီးကိုထိုးရပ်ပြီး သော့ခတ်လိုက်ကာ လမ်းဘေးတွင်ရပ်ထားသော အလန်းစားလိုင်ကန်စူပါကားကြီးဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားနေသည်ကို မြင်လိုက်ရ၏။
ကားတံခါးဖွင့်၊ ကားပေါ်တက်၊ တံခါးပြန်ပိတ်ပြီးနောက်မှသာ စူပါကားကြီး၏အင်ဂျင်သံက ဟိန်းထွက်လာပြီး မောင်းနှင်ထွက်ခွာသွားတော့သည်။
"ဖေဖေ! စက်ဘီးစီးတဲ့ ဟိုအစ်ကိုကြီးက စူပါကားကြီးကို မောင်းသွားတယ်"
ကလေးအဖေဖြစ်သူခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသည့် ခံစားချက်ကား မြန်ဆန်လွန်းလှသည်။
ယဲ့ချန်းက ကားဖြင့် လေဆိပ်သို့ တန်းမောင်းလာခဲ့သည်။
ခဏအကြာ ထွက်ခွာဂိတ်ဝတွင် လင်းရှစ်ယင်က ကုချန်တူရိယာကို သယ်ဆောင်လျက် ရောက်လာလေသည်။
ယဲ့ချန်းက သူ(မ)ကိုနှုတ်ဆက်ရန် ရှေ့တိုးတော့မည့်ဆဲဆဲ လူငယ်တစ်ဦးက ဖြတ်ဝင်လာသည်။
"ရှစ်ယင်... ပြန်ရောက်လာပြီကိုး။ ကိုယ် မင်းကို စောင့်နေတာ ကြာလှပြီ"
ထိုလူငယ်ကို မြင်သောအခါ လင်းရှစ်ယင်မှာ မျက်မှောင်အနည်းငယ်ကြုတ်လိုက်မိသည်။
"မာထောင်... ရှင်က ဒီကို ဘာလာလုပ်တာလဲ"
မာထောင်က သွားဖြဲရယ်လျက် ပြောလိုက်သည်။
"ကိုယ် အန်တီ့ကိုမေးပြီး လာခဲ့တာ။ ဒီတစ်ခါ ပြိုင်ပွဲမှာ ပထမဆုရတယ်ဆို။ ဂုဏ်ပြုပါတယ်"
"ကျွန်မ ပထမဆုရတာ ရှင်နဲ့ဘာဆိုင်လို့လဲ"
လင်းရှစ်ယင်ကမူ အေးစက်စွာ ပြောလိုက်သည်။
မာထောင်က အငြင်းခံလိုက်ရသော်လည်း စိတ်မဆိုးသည့်အပြင် မျက်နှာပြောင်တိုက်ကာ ဆက်ပြောလေသည်။
"ရှစ်ယင်...ကိုယ် မင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်လေ"
လင်းရှစ်ယင်က ခပ်မာမာပင် ပြန်ပြောလိုက်၏။
"နေပါစေ..ကျွန်မ တက္ကစီခေါ်ထားတယ်"
"တက္ကစီတဲ့လား။ တက္ကစီလို အပေါစားကားမျိုးက မင်းနဲ့ ဘယ်တန်ပါ့မလဲ"
ထိုအချိန်တွင် ယဲ့ချန်းက အနားသို့လျှောက်လာပြီး လင်းရှစ်ယင်၏လက်ထဲရှိ ကုကျန့်တူရိယာကို လှမ်းယူလိုက်သည်။
"တက္ကစီမောင်းတဲ့လူက အလှလေးကို လိုက်မပို့ပေးနိုင်ဘူးလို့ ဘယ်သူကပြောလဲ"
ယဲ့ချန်းကို မြင်လိုက်ရသည်နှင့် လင်းရှစ်ယင်မှာ စိတ်လှုပ်ရှားသွားပြီး တစ်ဖက်လူကို ပွေ့ဖက်ထားလိုက်တော့သည်။
"ယဲ့ချန်း.. ရှင်နဲ့တွေ့ရတာ ဝမ်းသာလိုက်တာ"
မိမိကိုတော့ ယင်ကောင်တစ်ကောင်ကိုတွေ့သလို ဆက်ဆံပြီး ယဲ့ချန်းကိုမြင်တော့မှ အချစ်ရူးတစ်ယောက်နှယ် ဆက်ဆံနေသော လင်းရှစ်ယင်ကိုကြည့်ပြီး မာထောင်လည်း ဒေါသထွက်သွားရသည်။
"ဟေ့ကောင်... မင်းဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး။ ငါ့သတို့သမီးလောင်းအနားက အခုချက်ချင်း ထွက်သွားစမ်း"
ထိုစကားကို ကြားသောအခါ လင်းရှစ်ယင် ဒေါသထွက်သွားသည်။
"ရှင် ဘာတွေလျှောက်ပြောနေတာလဲ။ ဘယ်သူက ရှင့်ရဲ့ဇနီးလောင်းလဲ။ မာထောင်... ရှင် စကားကို ဆင်ဆင်ခြင်ခြင်ပြောနော်"
မာထောင်က လင်းရှစ်ယင်ကို ပြောလိုက်သည်။
"ရှစ်ယင်... ကိုယ်တို့ရဲ့လက်ထပ်ပွဲကို မိဘချင်းသဘောတူထားပြီးသားလေ။ မင်းက ကိုယ့်ရဲ့ဇနီးလောင်းပဲပေါ့"
"ကျွန်မ ဘယ်သူ့ကိုကြိုက်တယ်၊ ဘယ်သူ့ကိုလက်ထပ်မယ်ဆိုတာ ကျွန်မကိစ္စပါ။ ဘယ်သူကမှ ကျွန်မအစား ဆုံးဖြတ်ပေးလို့ မရဘူး။ ရှင်မှတ်ထား... မာထောင်... ကျွန်မ သေရင်တောင် ရှင့်ကိုလက်မထပ်နိုင်ဘူး"
"မင်း..."
မာထောင်လည်း ဒေါသထွက်လာသည်။
ထို့နောက် မာထောင်က ဒေါသအားလုံးကို ယဲ့ချန်းအပေါ် ပုံချလိုက်သည်။
"ဟေ့ကောင်... ရှစ်ယင်က ဘယ်လိုမျိုးရိုးက ဆင်းသက်လာလဲဆိုတာ မင်းသိလား။ မင်းလို တက္ကစီဒရိုင်ဘာက သူနဲ့ တန်လို့လား။ ငါပြောပြမယ်။ ငါက လမ်ဘော်ဂီနီမောင်းတာကွ။ မင်းလို တက္ကစီမောင်းတဲ့ကောင်က ငါနဲ့ ယှဉ်လို့ရမှာလား။ ရှစ်ယင်ကို ပျော်ရွှင်အောင်ထားနိုင်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလို့လဲ"
ယဲ့ချန်းက ခပ်ဖွဖွပြုံးပြီး ကားသော့ခလုတ်ကို နှိပ်ချလိုက်သည်။
"ငါက ဒါကိုအားကိုးနေတာလေ"
မလှမ်းမကမ်းတွင် ရပ်ထားသော လိုင်ကန်ပြိုင်ကားကြီး၏ ကားတံခါးများ ပွင့်သွားလေတော့သည်။
••••••••••••••
အပိုင်း ၂၈၄ : လုံခြုံရေး (အပိုင်း ၁)
လိုုင်ကန်ပြိုင်ကားကြီးကို မြင်လိုက်ရသောအခါ မာထောင်ခမျာ ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။
မာထောင်က ကားဝါသနာရှင်တစ်ယောက်ဖြစ်သဖြင့် ဤကားအကြောင်း ကောင်းကောင်းသိသည်။
"Fast and Furious"ရုပ်ရှင်ထဲရှိ သန်း၁၂၀ပေးရသည့် လိုင်ကန်ပြိုင်ကားမှာ ဟွားနိုင်ငံတွင် တစ်စီးတည်းသာရှိပြီး ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်တစ်ယောက်က ဝယ်ထားသည်။
ဒီလူငယ်က အဲဒီလုပ်ငန်းရှင်ကြီးများ ဖြစ်နေမလား။
ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်၏။
"အခုရော ငါ့မှာအရည်အချင်းရှိပြီလား"
လင်းရှစ်ယင်က ယဲ့ချန်း၏ကားပေါ်သို့ တက်သွားသည်ကိုကြည့်ရင်း မာထောင်၏မျက်နှာလည်း မသာမယာဖြစ်သွားချေသည်။
ပြိုင်ကား၏အင်ဂျင်သံ ဟိန်းထွက်လာပြီးနောက် ထိုလိုင်ကန်ပြိုင်ကားကြီးလည်း အဝေးသို့ မောင်းနှင်ထွက်ခွာသွားတော့သည်။
မာထောင်ခမျာ ကားအိတ်ဇောငွေ့များနှင့်အတူ ကြောင်တောင်တောင်လေး ကျန်ရစ်ခဲ့ရရှာသည်။
မာထောင် မျက်နှာပျက်သွားသည်။ ထို့နောက် ဖုန်းထုတ်လိုက်၏။
"အမေ.. လင်းရှစ်ယင်က တခြားယောက်ျားတစ်ယောက်နဲ့ ထွက်ပြေးသွားပြီ"
"ဘာ! ဘယ်ကောင်က ငါ့သားရဲ့ကောင်မလေးကို လုရဲတာလဲ"
"အဲဒီကောင်မစုတ်က ဖောက်ပြန်နေတာ အမေရဲ့... ကျွန်တော် ရင်နာလိုက်တာ"
"သားလေး စိတ်မပူနဲ့။ သားအတွက် အမေ ဒီကိစ္စကို သေချာပေါက်ဖြေရှင်းပေးမယ်"
ယဲ့ချန်းက ကားမောင်းနေရင်း မေးလိုက်သည်။
"ရှစ်ယင်... ဘာစားချင်လဲ"
"ကျွန်မ ဖက်ထုပ်ပေါင်းစားချင်တယ်"
"ပင်းကျန်းကုန်တိုက်မှာ ဆိုင်ကောင်းကောင်းတစ်ဆိုင် ရှိတယ်။ ကိုယ် အဲဒီကိုလိုက်ပို့ပေးမယ်"
"ကောင်းပြီလေ"
ယဲ့ချန်းက ပင်းကျန်းကုန်တိုက်ဆီသို့ တန်းမောင်းသွားလိုက်သည်။
ထမင်းစားချိန်ဖြစ်နေသဖြင့် ကားပါကင်နေရာကား ရှားပါးလှသည်။
ယဲ့ချန်းမှာ ကားပါကင်ကို ပတ်မောင်းနေသော်လည်း နေရာလွတ်ရှာမတွေ့ပေ။
ထိုအချိန်မှာပင် ရှေ့နား၌ နေရာလွတ်တစ်ခု ပေါ်လာသည်။
ယဲ့ချန်း ကားဝင်ထိုးရန် ပြင်လိုက်ချိန်မှာပင် ဆန့်ကျင်ဘက်လမ်းကြောမှ အမိုးဖွင့်ပြိုင်ကားတစ်စီး၏အသံက ဟိန်းထွက်လာပြီး နေရာလုရန် ကြိုးစားလေတော့သည်။
သေလေ! ငါ့နေရာကို လုချင်တယ်ပေါ့!
နတ်ဘုရားအဆင့် ကားမောင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ယဲ့ချန်းက တစ်ဖက်လူကို မည်သို့အလျှော့ပေးလိမ့်မည်နည်း။
သူက လီဗာနင်းလိုက်ပြီးနောက် ကားကို လှလှပပကြီးဝိုက်ဆွဲကာ ပါကင်နေရာသို့ ဦးအောင်ဝင်လိုက်သည်။
ထိုအချိန်ဝယ် တစ်ဖက်ပြိုင်ကားပေါ်ရှိ နေကာမျက်မှန်တပ်ထားသည့် လူငယ်က ဒေါသတကြီးဆင်းလာသည်။
"သေချင်နေတာလား။ ငါ့နေရာကို လုရဲတယ်ပေါ့။ အဲဒီကောင်ကို ကားပေါ်က ဆွဲချလိုက်စမ်း"
ကားပေါ်က ဆင်းလာပြီးနောက် ထိုလူငယ်၏ မျက်နှာထက်တွင် မောက်မာလှသည့် အမူအရာများဖြင့် ပြည့်နှက်နေသည်။
သူသည် ယဲ့ချန်း၏ကားကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ကားလိုဂိုကိုမူ မသိပေ။ ကြည့်ကောင်းသည်မှာ မှန်သော်ငြား ပြည်တွင်းဖြစ်အစုတ်ပလုတ်ကားတစ်စီးပဲ နေမှာပါဟု တွေးလိုက်လေသည်။
သူ့တပည့်ဖြစ်သူ ဟယ်စန်းက ကားပြတင်းမှန်ကို ခေါက်လိုက်သည်။
"မင်း အခုချက်ချင်းဖယ်စမ်း... ဒါက ငါ့နေရာကွ"
ကားထဲရှိ လင်းရှစ်ယင်ခမျာ အနည်းငယ်ကြောက်လန့်သွားသည်။
သူ(မ)မှာ ယခုလိုအခြေအနေမျိုးနှင့် တစ်ခါမှမကြုံဖူးပေ။
ထို့ပြင် ဤလူစားမျိုးများက အကျိုးအကြောင်းနားမလည်ဘဲ ရမ်းကားတတ်သည်ဟု ကြားဖူးသည်။
လင်းရှစ်ယင်၏မိသားစုက သြဇာအာဏာရှိသော်လည်း ဤလူများနှင့်တော့ ယှဉ်နိုင်မည်မဟုတ်ပေ။
"ယဲ့ချန်း... သူတို့ကိုပဲ နေရာပေးလိုက်ရအောင်"
လင်းရှစ်ယင်က စိုးရိမ်တကြီးပြောလိုက်သည်။
"ဘာလို့ပေးရမှာလဲ။ စိတ်မပူနဲ့။ ကိုယ်ရှိတယ်"
ယဲ့ချန်းလည်း ကားမှန်ကို ချလိုက်သည်။
"ငါ အရင်ရောက်တာလေ။ ပြဿနာမတက်ချင်ရင် အခုချက်ချင်းထွက်သွား"
"သေစမ်း။ ဒီကောင်က ကြမ်းလှချည်လား"
ဟယ်စန်း ဒေါသထွက်ရလေတော့သည်။
ပင်းကျန်းကုန်တိုက်တစ်ဝိုက်တွင် သူတို့သခင်လေးကို ယခုလိုပြောရဲသည့်လူလည်း ရှိသေးသည်။
သူ ဒေါသပေါက်ကွဲတော့မည့်အချိန်မှာပင် ရုတ်တရက်ဆိုသလို မျက်နှာထားက အနည်းငယ်ပြောင်းလဲသွားသည်။
အကြောင်းမှာ သူ့အနောက်ကလူသည် တစ်ခုခုထူးဆန်းနေကြောင်း သတိထားမိလိုက်သောကြောင့်ပင်။
ထိုလူ၏ မောက်မာသော အရှိန်အဝါများမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
သူ့ခြေထောက်များပင် ပျော့ခွေကာ တုန်ရီလာသည်။
ထိုလူငယ်က ယဲ့ချန်းကို မှတ်မိသွားခြင်းပင်။
လွန်ခဲ့သည့်ရက်အနည်းငယ်က လူပေါင်းများစွာဖြင့် ယဲ့ချန်းကို ဝိုင်းရံခဲ့စဉ်က သူလည်းပါဝင်ခဲ့သည်။
ယဲ့ချန်းက အထူးတပ်ဖွဲ့ကို တန်းခေါ်လိုက်ပြီး သခင်လေးတင်းကို ဒူးထောက်တောင်းပန်ခိုင်းခဲ့သည် မဟုတ်ပါလော။
ထိုမျှမကပေ။ သခင်လေးတင်း အိမ်ပြန်ရောက်သောအခါ သူ့အဖေက ခြေထောက်ကိုရိုက်ချိုးလိုက်သည်ဟုပင် သတင်းကြားလိုက်ရသေးသည်။
"ဗုန်း!"
ထိုလူငယ်၏ခြေထောက်များ ပျော့ခွေသွားပြီး ကားရှေ့၌ ဒူးထောက်ကျသွားလေသည်။
လင်းရှစ်ယင်ကမူ ရဲခေါ်ရမလားဟု စဉ်းစားနေခိုက် အစောတုန်းက ရန်လိုနေသောလူငယ်က မြေကြီးပေါ်တွင် ရုတ်တရက်ဒူးထောက်လိုက်သည်ကို မြင်လိုက်ရ၏။
ဒါက ဘယ်လိုဇာတ်လမ်းမျိုးလဲ။
လင်းရှစ်ယင် လုံးဝဇဝေဇဝါဖြစ်သွားရသည်။
ယဲ့ချန်းလည်း ကြောင်သွားသည်။
ဒီကောင် ရူးနေတာလား။ ဒေါသတကြီးနဲ့ ရောက်ချလာပြီး ငါ့ရှေ့ကျမှ ဒူးထောက်ချလိုက်တယ်ပေါ့...
ဟယ်စန်းလည်း ဘာလုပ်ရမှန်းမသိတော့လောက်အောင် ဖြစ်သွားချေသည်။
"သခင်လေးချန်း... ဘာဖြစ်တာလဲ။ အရက်မူးပြီး ချော်လဲတာလား"
သခင်လေးချန်းက ဟယ်စန်း၏ပါးကို ရိုက်ချလိုက်သည်။
"မင်း သေချင်နေတာလား။ ဒါက သခင်လေးယဲ့ကွ။ မင်း ဘာလို့ သခင်လေးယဲ့ရှေ့မှာ ဒူးထောက်ပြီး မတောင်းပန်သေးတာလဲ"
သခင်လေးချန်းခမျာ ယဲ့ချန်းကို ဒူးထောက်ရန် ဝန်လေးပုံမရပေ။
မြောက်ကြွမြောက်ကြွလုပ်ပြတတ်သည့် သခင်လေးတင်းကိုယ်တိုင်တောင် ယဲ့ချန်းကို ဒူးထောက်ခဲ့ရသေးသည်ဖြစ်ရာ သူ ဒူးထောက်ရသည်မှာ ဘာများထူဆန်းနေသလဲ။
ဟယ်စန်းခမျာ လုံးဝကြောင်အသွားသည်။
သခင်လေးချန်းဆိုသည်မှာ ပုရှီနယ်မြေမှာ နဂါးတစ်ကောင်နှယ် ကျော်ကြားသူမဟုတ်ပါလော။
ဤနယ်တစ်ဝိုက်တွင် သူသည် တစ်ချိန်လုံးကြီးစိုးထားပြီး ဘယ်သူကမှလည်း သူ့ကို ပြဿနာမရှာရဲကြပေ။
ဘာလို့ ဒီနေ့ကျမှ သူများရှေ့မှာ ဒူးထောက်နေရတာလဲ...
ဟယ်စန်းတစ်ယောက် ကြောင်အနေသည်ကိုမြင်သော် သခင်လေးချန်းက မတ်တပ်ထရပ်ပြီး ဟယ်စန်း၏ခြေထောက်ကို ကန်ချလိုက်သည်။
ဟယ်စန်းလည်း ဒူးထောက်ကျသွားလေသည်။ ထိုအခါမှသာ သခင်လေးချန်းလည်း ဘေးနားတွင် လိမ်လိမ်မာမာလေး ပြန်ဒူးထောက်လိုက်သည်။
ယဲ့ချန်း ပြောစရာစကားပင် ပျောက်ရှသွားရသည်။ သူလည်း ဤသခင်လေးကို မှတ်မိသည်။
သူ ဘာလို့ဒူးထောက်နေရလဲဆိုသည်ကို နားလည်လိုက်၏။
သူက လက်ယမ်းပြလိုက်၏။
"ထားလိုက်ပါတော့။ ဒီလောက်ယဉ်ကျေးနေစရာမလိုပါဘူး။ ငါ ဈေးဝယ်စရာရှိသေးတယ်။ မင်းတို့ သွားလို့ရပြီ"
"ဟုတ်ကဲ့... ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် သခင်လေးယဲ့"
သခင်လေးချန်းမှာ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သလို ခံစားလိုက်ရပြီး အမြန်ထကာ ထွက်ပြေးလေတော့သည်။
လူရှင်းသည့်နေရာသို့ ရောက်သည်အထိ ပြေးသွားပြီးမှ သူ့တပည့်ဟယ်စန်းက မောကြီးပန်းကြီးဖြင့် မေးလိုက်လေတော့သည်။
"သခင်လေးချန်း ဘာဖြစ်တာလဲ။ အဲဒီကောင်လေးကိုကြည့်ရတာ မရင်းနှီးသလိုပဲ။ ဘာလို့ သူ့ရှေ့မှာ ဒူးထောက်ရတာလဲ။ သခင်လေး နေမကောင်းဘူးလား"
"မင်းကမှ နေမကောင်းဖြစ်နေတာ"
သခင်လေးချန်းက ဟယ်စန်း၏ပါးကို ရိုက်လိုက်ပြန်သည်။
သူက အသက်ပြင်းပြင်းရှူလိုက်၏။
"ငါ မင်းအသက်ကို ကယ်လိုက်တာကွ။ သိရဲ့လား။ သူဘယ်သူလဲဆိုတာ မင်းသိလား။ သခင်လေးယဲ့နော်။ သခင်လေးတင်း... တင်းပေါ်ကို သိတယ်မလား။ သခင်လေးတင်းတောင် ကြောက်လွန်းလို့ သူ့ရှေ့မှာ ဒူးထောက်ခဲ့ရတာ။ အိမ်ပြန်ရောက်တော့ သူ့အဖေက ခြေထောက်ရိုက်ချိုးတာ ခံလိုက်ရသေးတယ်။ ငါက ဉာဏ်ကောင်းလို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါ့အဆုံးသတ်က သခင်လေးတင်းထက်တောင် ပိုဆိုးသွားဦးမယ်"
"သေလိုက်ပါတော့။ အထူးတပ်ဖွဲ့ကို ဖုန်းတစ်ချက်ဆက်ပြီး ခေါ်လိုက်တဲ့လူဆိုတာ သခင်လေးယဲ့လား"
ဟယ်စန်း ပင့်သက်ရှိုက်လိုက်မိသည်။
သခင်လေးချန်းက သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။
"လန့်လွန်းလို့ သေတော့မလို့။ ငါပါးနပ်လို့ တော်သေးတာပေါ့၊ တန်းဒူးထောက်ပြီး တောင်းပန်လိုက်လို့သာပဲ။၊ မဟုတ်ရင် ငါတို့တော့ သွားပြီ"
ဟယ်စန်းလည်း ကြောက်ရွံ့တုန်လှုပ်သွားရသည်။
အစောတုန်းက သခင်လေးယဲ့ကို ရဲရဲတင်းတင်းပြောခဲ့မိကြောင်း တွေးမိပြီး ကျောချမ်းသွားရသည်။ သခင်လေးယဲ့က သဘောထားကြီးပြီး အပြစ်မယူ၍သာ တော်တော့သည်။ မဟုတ်ပါက သူ့လိုလူတစ်ယောက်ကို အစဖျောက်ပစ်ဖို့ဆိုသည်မှာ သခင်လေးယဲ့အတွက် အလွန်လွယ်ကူသောကိစ္စတစ်ရပ်ပင်။
"ဒါဆို ကျွန်တော်တို့ ကေတီဗီသွားဦးမှာလား"
"ချီးကိုသွားရမှာလားကွ။ သခင်လေးယဲ့ ဒီမှာရှိနေတာကို ငါတို့ ဝေးဝေးမရှောင်သင့်ဘူးလား"
သူတို့နှစ်ယောက်သားလည်း ကားမောင်းပြီး ထွက်ပြေးကြတော့သည်။
ယဲ့ချန်းဟူသော အမည်က မိုတုမြို့ရှိ သခင်လေးများ၏ အသိုင်းအဝိုင်းကြားတွင် ရှောင်ဖယ်ရမည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ အထူးသဖြင့် အထူးတပ်ဖွဲ့ကို လှမ်းခေါ်လိုက်သည့်ဇာတ်လမ်းက ကြောက်စရာကောင်းလှပေသည်။
လင်းရှစ်ယင်နှင့် ယဲ့ချန်းတို့လည်း ဖက်ထုပ်ဆိုင်သို့ ရောက်လာကြသည်။
မှာစရာရှိတာမှာပြီးနောက် လင်းရှစ်ယင်က မေးထောက်လျက် ယဲ့ချန်းကို စူးစမ်းသလို ကြည့်နေလေသည်။
"ဘာလို့ ကိုယ့်ကို အဲဒီလိုကြည့်နေတာလဲ"
ယဲ့ချန်းကလည်း ပြုံးလျက် မေးလိုက်လေသည်။
လင်းရှစ်ယင် ရယ်လိုက်မိသည်။
"ရှင့်ကိုကြည့်ရတာ ကျွန်မ လုံးဝမရင်းနှီးသလိုခံစားရလို့"
"ဘယ်လိုမျိုးလဲ"
ယဲ့ချန်း ရယ်လိုက်မိသည်။
"ခုနက သခင်လေးက ဘာလို့ ရှင့်ကို အဲဒီလောက်ကြောက်နေရတာလဲ"
အစောက ရန်လိုနေသည့်သခင်လေးက ဂိုက်ထုတ်လွန်းသူတစ်ယောက်မှန်း လင်းရှစ်ယင် တန်းသိသည်။
သို့သော် ယဲ့ချန်ကိုမြင်သည်နှင့် ကြောင်ရှေ့ကိုရောက်သွားသည့် ကြွက်တစ်ကောင်နှယ် ဒူးထောက်ပြီး တောင်းပန်နေချေသည်။
ချဲ့ကားလွန်းအားကြီးသည်။
"ဘာမှမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းက အဲဒီသခင်လေးတွေနဲ့ ပြဿနာနည်းနည်းတက်ခဲ့တယ်လေ။ သူက လူတွေခေါ်ပြီး ကိုယ့်ကို လမ်းပိတ်ထားတာ။ အဲဒီတုန်းက ဒီကောင်လည်း ပါတယ်။ အဲဒါနဲ့ ကိုယ်လည်း ဖုန်းတစ်ချက်ဆက်ပြီး ဖြေရှင်းပေးမယ့် လူတချို့ကိုခေါ်လိုက်တာပါ"
ယဲ့ချန်းက ပေါ့ပေါ့ပါးပါးပြောနေသော်လည်း လင်းရှစ်ယင်ကမူ ငတုံးတစ်ယောက်မဟုတ်ပေ။ သခင်လေးတစ်ယောက် ဤမျှအထိကြောက်နေရသည်ဆိုပါက ယဲ့ချန်း၏နောက်ခံအင်အားက သာမန်မဟုတ်မှန်း သိသာလှသည်။
သို့သော် ယခုလိုယောက်ျားမျိုးကို လင်းရှစ်ယင် ပိုသဘောကျမိသည်။ သူ့အနားမှာနေရတာ လုံခြုံသည်ဟု ခံစားရသောကြောင့်ပင်။
ယဲ့ချန်း..ရှင်က ဘယ်သူများလဲ...
လင်းရှစ်ယင်မှာ ယဲ့ချန်းအကြောင်းကို ပိုသိချင်လာမိသည်။
"ဒါနဲ့ ကျွန်မဆရာက ရှင့်ရဲ့သီချင်းကို သင်ရိုးညွှန်းတမ်းစာအုပ်ထဲကို ထည့်ချင်လို့တဲ့။ ရှင် သဘောတူလား"
လင်းရှစ်ယင်က စကားလမ်းကြောင်းလွှဲလိုက်သည်။
"ပြဿနာမရှိပါဘူး။ ဒီသီချင်းက ကိုယ် မင်းကို လက်ဆောင်ပေးထားတာပဲလေ။ မင်းဆန္ဒရှိသလို စီစဉ်လိုက်လို့ရတယ်"
လင်းရှစ်ယင် ဆွံ့အသွားချေသည်။ ဤမျှကောင်းမွန်လှသည့် နတ်သီချင်းတစ်ပုဒ်ကို ယဲ့ချန်းက သူ(မ)ကို ရက်ရက်ရောရောပေးလိုက်သည်တဲ့လား။
စားသောက်ပြီးနောက် ယဲ့ချန်းက လင်းရှစ်ယင်ကို အိမ်ပြန်ပို့ပေးလိုက်သည်။
လင်းရှစ်ယင်က ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးလိုက်လေသည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကိုဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့်(၁/၅)ကို ရရှိလိုက်တဲ့အတွက် စတားတက္ကသိုလ်ရဲ့ ဂီတအဆောက်အအုံကို ဆုလာဘ်အဖြစ် ရရှိလိုက်ပါပြီ]
•••••••••••••••••
အပိုင်း ၂၈၅ : ထူးခြားသော တက္ကသိုလ်တစ်ခု
စတားတက္ကသိုလ်၏ ဂီတအဆောက်အအုံတဲ့လား။
ယဲ့ချန်း ခဏမျှတုံ့ဆိုင်းသွားသည်။
အဓိပ္ပာယ်ကား သူပိုင်ဆိုင်ထားသည့် စတားတက္ကသိုလ်ကို အဆင့်မြှင့်တင်လိုက်ပြီဟု ဆိုလိုခြင်းပင်။
စနစ်က လက်ဆောင်ပေးထားသည့် တက္ကသိုလ်ကို ယဲ့ချန်း တစ်ခါမှသွားမကြည့်ရသေးပေ။
မနက်ဖြန်မနက်တွင် သူပိုင်ဆိုင်ထားသည့် တက္ကသိုလ်က ဘယ်လိုပုံစံရှိလဲဆိုသည်ကို သွားရောက်ကြည့်ရှုရန် ယဲ့ချန်း ဆုံးဖြတ်ချက်ချလိုက်သည်။
လင်းရှစ်ယင် အိမ်ပြန်ရောက်သောအခါ အိမ်ထဲရှိ လေထုအခြေအနေက တစ်ခုခုထူးခြားနေမှန်း ချက်ချင်းရိပ်မိလိုက်သည်။
သူ(မ)၏အမေ ယွီမြောင်က အပြင်သို့ထွက်လာလေသည်။
"ရှစ်ယင်... သမီး ရည်းစားအသစ်ရနေပြီလား"
လင်းရှစ်ယင်လည်း ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်လေ။ ဘာဖြစ်လို့လဲ"
"ရှစ်ယင်... သမီး ဘာလို့ ဒီလိုမဆင်မခြင်လုပ်ရတာလဲ။ သမီးသိလား။ လွန်ခဲ့တဲ့ရက်ပိုင်းက သမီးအဖေ ဆေးကုသရင်း အမှားအယွင်းတစ်ခုဖြစ်လို့ ဆေးရုံအုပ်က အလုပ်ထုတ်တော့မလို့။ အဲဒါနဲ့ပဲ အမေလည်း သူတို့အိမ်ကို သွားပြီး သမီးကို သူ့သားနဲ့ မိတ်ဆက်ပေးမယ်လို့ ကတိပေးလိုက်ရတာ။ အဲဒီတော့မှ သူတို့ကလည်း ဒီကိစ္စကို ဖြေရှင်းပေးဖို့ သဘောတူခဲ့တာ"
သူ(မ)အဖေ၏ဆေးကုသမှု အမှားအယွင်းဖြစ်ခဲ့သည့်ကိစ္စကို လင်းရှစ်ယင် သိသည်။ တကယ်တမ်းဆိုလျှင် သူ့အဖေတွင် အပြစ်လုံးဝမရှိပေ။
လူနာအဘိုးကြီးကို အဘွားကြီးက ဆေးရုံသို့ ခေါ်လာကတည်းက နှလုံးအမောဖောက်နေခဲ့ခြင်းပင်။
သူမ၏အဖေက နှလုံးအထူးကုဆရာဝန်တစ်ဦးအနေနှင့် ချက်ချင်းခွဲစိတ်ကုသရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။
သို့သော် အဘိုးကြီး၏သားက ဆေးရုံကို ဆေးကုသမှုအရည်အသွေး ညံ့ဖျင်းသည်ဟု စွပ်စွဲကာ ခွဲစိတ်ခွင့်မပြုခဲ့ပေ။
ခွဲစိတ်ကုသမှုအတွက် မိသားစု၏လက်မှတ်ကို လိုအပ်သော်လည်း တစ်ဖက်က လက်မှတ်မထိုးပေးသဖြင့် သူ(မ)၏အဖေလည်း ဘာမှမတတ်နိုင်ခဲ့ပေ။
နောက်ဆုံးတွင်မူ ကုသမှု နှောင့်နှေးသွားပြီး အဘိုးကြီးလည်း သေဆုံးသွားရသည်။
ထိုအခါမှသာ သားဖြစ်သူက ဆေးရုံကို အပြစ်ပုံချခဲ့ခြင်းပင်။
ကိစ္စကိုအဆင်ပြေစေရန်အတွက် ဆေးရုံအုပ်လီဟွေ့ဟွေ့က သူ(မ)၏အဖေကို မတရားသဖြင့် အပြစ်ပုံချကာ အလုပ်ထုတ်ရန် ကြိုးစားခဲ့သည်။
သူ(မ)၏အမေက လီဟွေ့ဟွေ့ထံသို့ သွားရောက်ပြီး သမီးဖြစ်သူကို အပေးအယူလုပ်ကာ ကမ်းလှမ်းလိုက်မှသာ တစ်ဖက်လူကလည်း အဖေ့ပြဿနာကို ဖြေရှင်းပေးရန် သဘောတူခဲ့သည်။
သူ့အမေ၏စကားကို ကြားပြီးနောက် လင်းရှစ်ယင်က ပြောလိုက်၏။
"အမေ... ဒါက အဖေ့အပြစ် မဟုတ်ဘူးလေ။ ဆေးရုံခေါင်းဆောင်တွေက တာဝန်ကိုရှောင်လွှဲပြီး အဖေ့ကို အပြစ်ပုံချနေတာ။ ဒါကြီးက လုံးဝမှားနေတာကို။ သမီး မာထောင့်ကို လုံးဝမကြိုက်ဘူး။ ဒီကိစ္စအတွက်နဲ့ သမီးရဲ့တစ်ဘဝလုံးစာပျော်ရွှင်မှုကို လောင်းကြေးထပ်လို့မရဘူးနော်"
လင်းမူကလည်း အထဲမှ ထွက်လာပြီး ပြောလိုက်၏။
"အဖေလည်း သမီးရဲ့သဘောထားကို ထောက်ခံတယ်။ မင်းအမေရဲ့လုပ်ပုံကို အစကတည်းက အဖေသဘောမတူခဲ့ဘူး။ ဒီကိစ္စကြောင့် အဖေ ဒီဆေးရုံကို စိတ်ပျက်သွားပြီ။ ငါ နှစ်ပေါင်းများစွာ ကြိုးစားလုပ်ကိုင်ခဲ့တယ်။ အလုပ်နဲ့ လူနာတွေအပေါ်ကိုပဲ အာရုံစိုက်ခဲ့တာ။ ဒါပေမဲ့ ဘာပြန်ရလဲ။ အဆိုးဆုံးဆိုရင်လည်း အလုပ်က ထွက်လိုက်ရုံပေါ့"
"လောင်လင်း... ကျွန်မတို့ ဗီလာဝယ်ဖို့ ချေးငွေတွေအများကြီးယူထားတာလေ။ ရှင် အလုပ်မလုပ်ရင် ဘယ်လိုပြန်ဆပ်မလဲ"
"အလုပ်မရှိရင် ငါ့ဘာသာရှာမယ်။ သမီး... ကိုယ့်ရဲ့ပျော်ရွှင်မှုကိုပဲ ရှာပါ။ အဖေ့အတွက် စိတ်မပူနဲ့။ အဖေ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းနိုင်ပါတယ်"
သူ(မ)အဖေ၏စကားများကို နားထောင်ရင်း လင်းရှစ်ယင်၏ရင်ထဲ နွေးထွေးသွားရသည်။
"အဖေ!"
လင်းမူက သူ့သမီး၏ဆံပင်ကို ပွတ်သပ်ပေးလိုက်၏။
"သမီးက အဖေ့အတွက် အရေးအကြီးဆုံးပဲ။ ရာထူးတွေ အလုပ်တွေက အရေးမကြီးဘူး။ ဆေးရုံက အလုပ်ထုတ်လိုက်ရင် အဖေ့ရဲ့အရည်အချင်းကို အသုံးချနိုင်မဲ့ ဆေးရုံတစ်ခုကို ပြန်ရှာလို့မရနိုင်ဘူးဆိုတာ အဖေ မယုံဘူး"
သားအဖနှစ်ယောက်၏လုပ်ရပ်ကို မြင်သောအခါ ယွီမြောင်လည်း သက်ပြင်းချလိုက်မိသည်။
"ဒီသားအဖကတော့"
...
နောက်တစ်နေ့တွင် ယဲ့ချန်း စတားတက္ကသိုလ်သို့ ရောက်လာခဲ့သည်။
ခန့်ညားထည်ဝါလှသော တက္ကသိုလ်ကြီးကို မြင်လိုက်ရသောအခါ ယဲ့ချန်း အံ့သြသွားရသည်။
စနစ်က အံ့သြဖို့ကောင်းလှသည်။ ယခုလိုမြေရိုင်းပေါ်မှာ အချိန်တိုလေးအတွင်း အံ့ဩစရာကောင်းသည့် တက္ကသိုလ်ကြီးကို တည်ဆောက်နိုင်ခဲ့သည်။
တက္ကသိုလ်တစ်ခုလုံးမှာ သပ်ရပ်သန့်ရှင်းပြီး ဗိသုကာလက်ရာကလည်း ခေတ်မီ၍ နည်းပညာကို အသားပေးထားသည်။
ကျောင်းဝင်းအတွင်း နေရသည်မှာ အိပ်မက်ဘုံထဲသို့ ရောက်နေသလို ခံစားရသည်။
ယဲ့ချန်း အလွန်တရာ စိတ်လှုပ်ရှားနေမိသည်။
ဤတက္ကသိုလ်၏ ကျောင်းအုပ်ဖြစ်နေပြီဟု တွေးလိုက်မိတော့ ပို၍ပင် ရင်ခုန်စိတ်လှုပ်ရှားသွားရသည်။
တက္ကသိုလ်၏အတွင်းပိုင်းက ပိုလှပပြီး ဥယျာဉ်တစ်ခုနှင့်ပင် တူလှချေသည်။
တံတားများ၊ စီးဆင်းနေသောရေများ၊ ငှက်များ၊ ရနံ့မွှေးကြိုင်သောပန်းများဖြင့် ပြည့်နှက်နေသည်။
အလှဆုံးတက္ကသိုလ်ပြိုင်ပွဲသာ ရှိပါက စတားတက္ကသိုလ်က ထိပ်ဆုံးတွင် ရပ်တည်နေမည်မှာ သေချာသည်။
ကျောင်းအဝင်ဝသို့ ရောက်သည်နှင့် စက်ရုပ်အသံတစ်သံကို ကြားလိုက်ရသည်။
[လူသားနီးကပ်မှုကို ရှာဖွေတွေ့ရှိပါတယ်။ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးနေပါပြီ]
[တင်! ကိုယ်ရေးအချက်အလက်စစ်ဆေးမှု အောင်မြင်ပါတယ်။ ကျောင်းအုပ်ကြီးယဲ့ချန်းကို စတားတက္ကသိုလ်မှ ကြိုဆိုပါတယ်]
ယဲ့ချန်းလည်း ရှည်လျားလှသော ကျောက်လမ်းတစ်လျှောက် လျှောက်လာခဲ့သည်။
တက္ကသိုလ်ကို မကြာသေးခင်ကမှ ဆောက်လုပ်ထားသော်လည်း ခိုင်ခံ့နေပြီဟု ခံစားရသည်။
ကျောင်းဝင်းမှာ လှပရုံသာမက ကြွယ်ဝချမ်းသာမှုများဖြင့်လည်း ပြည့်နှက်နေသည်။
ပညာရေးအဆောက်အအုံ၏ ဒီဇိုင်းမှာ အဆင့်မြင့်ပြီး ခမ်းနားလှလေရာ ဟယ်ရီပေါ်တာရဲတိုက်နှင့်ပင် ဆင်တူနေပြီး နေရောင်အောက်တွင် ငွေရောင်အလင်းတန်းများဖြင့် လင်းလက်နေသည်။
ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်ပြီး သိပ္ပံစိတ်ကူးယဉ်ဆန်ဆန် ဒီဇိုင်းထုတ်ထားသည့် သင်ကြားရေးအဆောက်အအုံပင်။
အဆောက်အအုံရှေ့တွင် ကျယ်ဝန်းလှသော ရင်ပြင်တစ်ခုရှိသည်။
ရင်ပြင်ပေါ်တွင် ဂီတရေပန်းများ၊ ပန်းပုများနှင့် စိတ်ကူးကြည့်နိုင်သမျှ အရာအားလုံး ရှိပေသည်။
ယဲ့ချန်း ပညာရေးအဆောက်အအုံထဲသို့ ဝင်လိုက်သည့်အခါ အတွင်းပိုင်းအပြင်အဆင်က သူ့ကို ပိုထိတ်လန့်စေသည်။
သင်ကြားရေးအဆောက်အအုံမှာ အထပ်၁၁ထပ်ရှိလေရာ တစ်ချိန်တည်းမှာပင် ကျောင်းသားထောင်ပေါင်းများစွာကို စာသင်ကြားနိုင်သည်။
စာသင်ခန်းတိုင်းတွင် အဆင့်မြင့်ဆုံး သင်ကြားရေးကိရိယာများကို တပ်ဆင်ထားသည်။
အပေါ်ဆုံးအထပ်တွင် ရပ်ရင်း ကျောင်းဝင်းတစ်ခုလုံးကို ကြည့်လိုက်ချိန်ဝယ် ယဲ့ချန်း အံ့သြမှင်တက်သွားရသည်။
ကျောင်းဝင်းကား အလွန်လှပလေသည်။
ဥယျာဉ်များ၊ သစ်ပင်ငယ်များ၊ လူလုပ်ရေကန်များနှင့် အားကစားကွင်းများ အကုန်ပါဝင်လေသည်။
ဟွားချင်း၊ ပီကင်းနှင့် ဖုဒန်တက္ကသိုလ်တို့တောင် သူ့ကျောင်းလောက် ခမ်းနားသောအဆောက်အအုံမျိုး ရှိမည်မဟုတ်ပေ။
စတားတက္ကသိုလ်၏ အဆောက်အအုံနှင့် ပစ္စည်းကိရိယာများမှာ ကမ္ဘာ့အဆင့်မီသည်ဟုပင် ဆိုနိုင်သည်။
ယဲ့ချန်းလည်း အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဤတက္ကသိုလ်ကို ကမ္ဘာ့ထိပ်တန်းစာရင်းဝင်အောင် လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ဟွားနိုင်ငံတွင် နာမည်ကြီးကျောင်းပေါင်းများစွာ ရှိသော်လည်း ကမ္ဘာ့အဆင့်တွင်မူ ပညာရေးအဆင့်အတန်းက နောက်ကျကျန်ရစ်နေသေးသည်။
ဟွားချင်းနှင့် ပီကင်းကဲ့သို့ ထူးချွန်သောကျောင်းများပင် ထိပ်ဆုံးကျောင်းဆယ်ခုစာရင်းတွင် မပါဝင်ပေ။
ယဲ့ချန်း၏ရည်မှန်းချက်မှာ ဤကျောင်းကို ထိပ်ဆုံးကျောင်းဆယ်ခုစာရင်းတွင် ပါဝင်လာစေရန် သို့မဟုတ် ကမ္ဘာ့နံပါတ်တစ်ဖြစ်လာစေရန်ပင်။
ဤကိစ္စက အလွန်ခက်ခဲသော စိန်ခေါ်မှုတစ်ခုဖြစ်သဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ချဉ်းကပ်ရမည်ဖြစ်ကြောင်း ယဲ့ချန်းသိသည်။
ထို့နောက် စာသင်ခန်းတစ်ခုထဲသို့ ဝင်ကြည့်လိုက်သည်။
စာသင်ခန်းထဲတွင် နည်းပညာအဆောင်အယောင်များဖြင့် ပြည့်နှက်နေသည်။
စာသင်ခန်းတိုင်း၏စတိုင်က အဆင့်အလိုက် ကွဲပြားသည်။ အတွင်းရှိ ပစ္စည်းကိရိယာအားလုံးမှာ ကမ္ဘာ့အဆင့်မီများပင်။
ယဲ့ချန်းပင် နည်းနည်းမနာလိုဖြစ်မိသည်။
သူ တက္ကသိုလ်တက်စဉ်ကနှင့် နှိုင်းယှဉ်လျှင် ပညာရေးအထောက်အကူပြုပစ္စည်းများမှာ အဆပေါင်းများစွာ ကောင်းမွန်နေသည်။
ယခုလိုပတ်ဝန်းကျင်မျိုးတွင် တက္ကသိုလ်တက်ရသည်မှာ ပျော်ရွှင်စရာကောင်းသော အတွေ့အကြုံဖြစ်မည်မှာ သေချာပေါက်ပင်။
အခြေခံအဆောက်အအုံပိုင်းတွင် စတားတက္ကသိုလ်က ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်သည်ဟု ယဲ့ချန်း ယုံကြည်မှုအပြည့်ရှိသည်။
ပညာရေးအဆောက်အအုံကို လှည့်ပတ်ကြည့်ရှုပြီးနောက် အဆောင်များကို သွားကြည့်လိုက်သည်။
ကျောင်းအဆောင်တွင် ကျောင်းသားငါးထောင်ခန့် နေထိုင်နိုင်သည်။
အဆောင်၏ပတ်ဝန်းကျင်မှာ ကြယ်ငါးပွင့်ဟိုတယ်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။
အဆောင်များ၏တစ်ဖက်ခြမ်းတွင် စားသောက်ဆိုင်တစ်ခုရှိပြီး ထိုပတ်ဝန်းကျင်ကလည်း အံ့ဩစရာပင်။ ဟင်းလျာအားလုံးကို အလိုအလျောက်စနစ်ဖြင့် ပြုလုပ်ထားပြီး ဟွားနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းမှ ကျောင်းသားများ၏ အကြိုက်ကို ဖြည့်ဆည်းပေးနိုင်သည်။
စာကြည့်တိုက်မှာမူ ငါးထပ်အဆောက်အအုံဖြစ်ပြီး စာအုပ်များဖြင့် ပြည့်နှက်နေသည်။
စနစ်၏အဆိုအရ ဤသည်မှာ ကမ္ဘာပေါ်တွင် အပြည့်စုံဆုံး စာကြည့်တိုက်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ ပညာရပ်ဆိုင်ရာ စာအုပ်များအားလုံး ရှိသည်။
ကျောင်းဝန်းကို သန့်ရှင်းရေးလုပ်ပေးသည့် အလိုအလျောက်သန့်ရှင်းရေးစက်ရုပ်များလည်း ရှိသည်။
ဤကျောင်းက အမှန်တကယ်ပင် အိပ်မက်ဘုံတစ်ခုပင်။
နှိုင်းယှဉ်ကြည့်ပါက ဟွားချင်း၊ ပီကင်းနှင့် ဖုဒန်တက္ကသိုလ်တို့ကပင် များစွာခေတ်နောက်ကျနေချေသည်။
ယခုလိုတက္ကသိုလ်မျိုး ရှိနေမှတော့ ဟွားနိုင်ငံ၏ ပညာရေးအရင်းအမြစ်များက နည်းပါးနေသည်ဟု မည်သူက ပြောနိုင်ဦးမည်နည်း။
ယခုဆိုလျှင် အခြေခံအဆောက်အအုံများလည်း အဆင်သင့်ဖြစ်နေလေပြီ။ ကျန်ရှိသည့် အရေးကြီးသော အပိုင်းမှာ ဆရာဆရာမများပင်။
ကျောင်းအတွက် ဆရာများကို လိုအပ်သည်။ သို့သော် ယဲ့ချန်း အကြံတစ်ခုရလိုက်သည်။
ဤအကြံကို ယနေ့မှ မော့ရှောင်ရှောင်ထံက ရလိုက်ခြင်းပင်။
မော့ရှောင်ရှောင်က ပညာရေးပိုင်းတွင် မတော်သော်လည်း ဟက်ကာပါရမီရှင်တစ်ဦး ဖြစ်၏။
အခွင့်ပေးလာမှတော့ ထူးခြားသော တက္ကသိုလ်တစ်ခုကို တည်ထောင်ဖို့ ကြိုးစားကြည့်သင့်သည်။
ဆရာများကို မလိုအပ်တော့ပေ။ ကျောင်းသားများက ဆရာများ ဖြစ်လာကြမည်သာ။
ကျောင်းသားများအနေနှင့် ကိုယ်ပိုင်သင်တန်းများကို ရွေးချယ်နိုင်ပြီး သူတို့လိုချင်သည့် အသိပညာများကို သင်ယူကြမည်။
ကျောင်း၏ဆရာများကလည်း ကျောင်းသားများ ဖြစ်လာလိမ့်မည်။
မော့ရှောင်ရှောင်လို လူတစ်ယောက်က ဟက်ကင်းအတွက် ဆရာတစ်ယောက် ဖြစ်လာနိုင်သည်။
မော့ရှောင်ရှောင်၏ စွမ်းဆောင်ရည်က တက္ကသိုလ်တိုုင်းရှိ ပါရဂူဘွဲ့ကြီးကြပ်ရေးမှူးများထက် သာလွန်မည်ဟု ယဲ့ချန်း ယုံကြည်သည်။
ကျောင်းတက်စဉ်ကတည်းက ယဲ့ချန်းသည် လွတ်လပ်ပွင့်လင်းသော သင်ကြားရေးပတ်ဝန်းကျင်တစ်ခုကို အမြဲတောင့်တခဲ့သည်။
ယခု ဤအိပ်မက်ကို အကောင်အထည်ဖော်ရန် စိတ်ပိုင်းဖြတ်လိုက်ပြီး ကျောင်းသားများ၏သဘာဝကို လုံးဝလွတ်လပ်သွားစေမည့် ကျောင်းတစ်ကျောင်းကို တည်ထောင်ရန် ဆုံးဖြတ်လိုက်လေသည်။
••••••••••••••