← Chapters

သင်ကြားပေးခြင်း

Vol. 8 Ch. 71

သင်ကြားပေးခြင်း

Vol. 8 Ch. 71

"ကောင်းပြီလေ၊ အယ်လ်ဘမ်အတွက် အလုပ်တွေပိပြီး ကောင်းကောင်း မနားရသေးတာကို ထောက်ထားပြီး ဒီတစ်ခါတော့ မင်းကို လွှတ်ပေးလိုက်မယ်"

ကျောက်ခေါသည် ဆိုဖာပေါ်သို့ ပစ်လှဲထိုင်ချလိုက်ပြီး ကုလားထိုင် နောက်မှီကိုမှီလျက် ခြေထောက်ချိတ်လိုက်သည်။ ထို့နောက် စားပွဲပုလေးပေါ်ရှိ သူ၏ရေနွေးအိုးကို လှမ်းယူကာ တစ်ငုံနှစ်ငုံ သောက်လိုက်သည်။ ဖုန်းပြောလွန်းသဖြင့် သူ၏လည်ချောင်းမှာ တကယ်ပင် ခြောက်ကပ်နေပြီ ဖြစ်သည်။

ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် သူက မေးလိုက်သည်။ "တန်ယန်နဲ့ အဆက်အသွယ် လုပ်ပြီးပြီလား၊ သူမရဲ့ ဘဏ်အကောင့် နံပါတ်ရော ပေးပြီလား"

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ယွမ်ရှီး၏ဖုန်းမှ လိုင်းမက်ဆေ့သံ အချက်ပေးသံ ထွက်ပေါ်လာသည်။ ၎င်းမှာ တန်ယန်ပို့လိုက်သည့် မက်ဆေ့ပင် ဖြစ်သည်။

ယွမ်ရှီးသည် သူ၏ဖုန်းကို မြှောက်ပြကာ ဝှေ့ယမ်းလိုက်ပြီး "ကြည့်ပါဦး၊ အခုလေးတင် မက်ဆေ့ဝင်လာတာ" ဟု ဆိုသည်။ ထိုစာတစ်ကြောင်းတည်းကို မြင်လိုက်ရသောအခါ ယွမ်ရှီးမှာ အနည်းငယ်ပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ သူနှင့် သူငယ်ချင်းအဖြစ် အပ်ချင်သူပေါင်း များစွာရှိနေသည် မဟုတ်ပါလား။ သူ၏ ဆွဲဆောင်မှုတွေ လျော့နည်းသွားပြီလား။ သူမက ဘာလို့ ဒီလောက်တောင် ဝတ်ကျေတမ်းကျေ ပြန်တာလဲ။

ယွမ်ရှီး၏ မျက်နှာပေးမှာ တစ်မျိုးဖြစ်နေသည်ကို မြင်သောအခါ ကျောက်ခေါက မစောင့်နိုင်တော့ဘဲ တိုက်ရိုက်ပင် မေးလိုက်သည်။ "သူမ ဘာပြန်ပြောလဲ"

"အိုကေ ကျေးဇူးပဲတဲ့၊ ပြီးတော့ ပိုက်ဆံပေးဖို့ မလိုဘူးလို့ပြောတယ်"

"ဒါပဲလား"

"ဒါပဲလေ၊ အကုန်ပဲ"

ကျောက်ခေါသည် ယွမ်ရှီး၏မျက်နှာပေး ဘာကြောင့် ထူးဆန်းနေရသည်ကို နောက်ဆုံးတွင် နားလည်သွားပြီး မအောင့်နိုင်ဘဲ ရယ်ချလိုက်တော့သည်။

"ဟား ဟား ဟား ဟား..."

ယွမ်ရှီးမှာ စကားပင် မဆိုနိုင်တော့ဘဲ "အဲ့လောက်တောင် ရယ်ရလို့လား" ဟု မေးလိုက်သည်။

"ဟားဟားဟား... ငါ့ရဲ့ယွမ်ရှီးလေး ဒီလောက်တောင် ကံကောင်းလိမ့်မယ်လို့ မထင်ထားဘူး။ မင်းက ကောင်မလေး တစ်ယောက်ရဲ့ ငြင်းပယ်တာကို ခံလိုက်ရတာပဲ။ ဟားဟား၊ ငါတော့ မအောင့်နိုင်တော့ဘူး။ တန်ယန်က တကယ်ကို ထူးဆန်းတဲ့သူပဲ"

ဤနေရာတွင် "ထူးဆန်းသည်" ဟု သုံးနှုန်းခြင်းမှာ မကောင်းပြောခြင်း မဟုတ်ပေ။ တန်ယန်မှာ တည်ငြိမ်လွန်းသည်ဟု ကျောက်ခေါက ခံစားရခြင်း ဖြစ်သည်။ သူမသည် ထိပ်တန်း ကျောင်းသူတစ်ဦး ဖြစ်ကြောင်း သူကြားဖူးထားရာ၊ ဤကဲ့သို့ အေးစက်တည်ငြိမ်သော ပင်ကိုယ်စရိုက်မှာ ထိပ်တန်းကျောင်းသူ တစ်ဦး၏ စိတ်ဓာတ်ပိုင်းဆိုင်ရာ လေ့ကျင့် ပျိုးထောင်မှုများကြောင့် ဖြစ်မည်လော။

ယွမ်ရှီးကမူ သူ့ကို မျက်စောင်းထိုးလိုက်သည်။ ဘေးကနေကြည့်ပြီး ပွဲကြည့်ချင်ကြ သူတွေကတော့ အမြဲရှိနေတာပဲ မဟုတ်ပါလား။

*

တစ်ဖက်တွင်လည်း တန်ယန်သည် ယွမ်ရှီး၏ မက်ဆေ့ကို ပြန်ကြားပြီးနောက် ဖုန်းကို အာရုံမစိုက်တော့ဘဲ ဘေးသို့ ချထားလိုက်သည်။ သူမသည် ကျန်ရှိသော ဘာသာရပ် အားလုံးအတွက် အရေးကြီးသည့် အချက်များကို မှတ်သားပေးလိုက်ပြီး မီကို့ကို ကိုယ်တိုင် ပြန်လည် လေ့လာခိုင်းထားသည်။

အမှန်တော့ မီကိုမှာ ထုံထိုင်းသူ မဟုတ်ပေ၊ သူမသည် စာသင်ကြားမှုအပေါ် အားထုတ်မှု အားနည်းနေခြင်းသာ ဖြစ်သည်။ သူမကို ဝါးကျွေးမည်ဆိုလျှင် ပါးစပ်ဟပြီး အနည်းငယ် ဝါးရုံမျှဖြင့် မျိုချနိုင်စွမ်း ရှိလေသည်။

တန်ယန်က မီကို့ကို သီးသန့် စာပြပေးနေသည်ကို မြင်သောအခါ ရှေ့ခုံတွင်ထိုင်သော ကျူလင်လင်သည် ချက်ချင်းပင် ကိုယ်ကိုလှည့်ကာ "ထိပ်တန်းကျောင်းသူလေး၊ ငါလည်း နားထောင်လို့ ရမလားဟင်" ဟု အားနာနာဖြင့် လာမေးသည်။ ထိုသို့ မေးပြီးနောက် သူမ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်၊ အဓိကမှာ ပညာရေး လောကတွင် လူတိုင်းသည် ပြိုင်ဘက်များသာ ဖြစ်ကြသောကြောင့်ပင်။ မိမိက အမှတ်ပိုရပြီး အဆင့်မြင့်ရန်အတွက် တစ်ဖက်လူကို မသိစေချင်ကြသည်မှာ ထုံးစံပင် မဟုတ်ပါလား။

သို့သော် လူတိုင်းကို အံ့အားသင့်စေသည်မှာ တန်ယန်က လွယ်လွယ်ကူကူပင် သဘောတူလိုက်ခြင်း ဖြစ်သည်။

"ရတာပေါ့၊ ဒါပေမဲ့ ငါအခုပြောမှာက မီကိုအားနည်းတဲ့ အချက်တွေအကြောင်းမလို့ နင့်အတွက်တော့ သိပ်ပြီး မသင့်တော်တာမျိုး ဖြစ်နိုင်တယ်နော်"

"ရပါတယ်၊ နားထောင်ခွင့် ရတာနဲ့တင် ကျေးဇူးတင်လှပါပြီ။ မီကိုရောငါရော နှစ်ယောက်လုံး မသိသေးတဲ့ အချက်တွေလည်း ရှိနိုင်တာပဲလေ။ ကျေးဇူးအများကြီး တင်ပါတယ်နော်" ကျူလင်လင်သည် ချက်ချင်းပင် လှည့်ထိုင်လိုက်ပြီး မီကို့၏ စားပွဲပေါ်တွင် နေရာအနည်းငယ် ယူလိုက်သည်။

ဤသို့ဖြင့် သုံးယောက်တွဲ စာလေ့လာရေး အဖွဲ့လေး ဖြစ်ပေါ်လာတော့သည်။ နားချိန်တိုင်းတွင် မီကိုနှင့် ကျူလင်လင်တို့သည် တန်ယန့်အနားတွင် ဝိုင်းအုံကာ အရေးကြီးသော သင်ခန်းစာ အချက်အလက်များကို နားထောင်ကြလေသည်။

မီကိုမှာတော့ အေးအေးဆေးဆေးပင်။ သူမသည် အလယ်တန်းတုန်းကလည်း ဤကဲ့သို့ ကြုံဖူးထားပြီးဖြစ်ကာ တန်ယန်က အချက်အလက်များကို စနစ်တကျ စုစည်းပေးထားသဖြင့် စာမေးပွဲ အမှတ်မကောင်းမည်ကို မစိုးရိမ်တော့ပေ။

ကျူလင်လင်မှာမူ မတူပေ။ တန်ယန်ရှင်းပြသမျှ ပုစ္ဆာတိုင်းကို သူမ နားလည်သွားသည်ကို တွေ့ရှိလိုက်ရသည်။ ယခင်က မရှင်းလင်းခဲ့သော အချက်များ၊ အိမ်စာလုပ်စဉ်က သတိမထားမိဘဲ တုံ့ဆိုင်း နှေးကွေးနေခဲ့သော အပိုင်းများမှာ ယခုအခါတွင်မူ အကုန်လုံး ရှင်းလင်းသွားပြီး ချောချောမွေ့မွေ့ တွက်ချက်နိုင်စွမ်း ရှိလာခဲ့သည်။

တန်ယန်၏ ရှင်းပြချက်များကြောင့် နောက်ပိုင်းတွင် အလားတူ ပုစ္ဆာမျိုး မြင်သည်နှင့် ဖြေရှင်းနည်းနှင့် လိုအပ်သော ပုံသေနည်းများမှာ သူမ၏ခေါင်းထဲတွင် အလိုအလျောက် ပေါ်လာတော့သည်။ ယခုအခါတွင် သူမသည် တန်ယန်၏ နေ့စဉ် စာရှင်းပြချိန်ကို ပို၍ပင် မျှော်လင့်နေမိတော့သည်။

မကြာမီမှာပင် သူတို့၏ လှုပ်ရှားမှုမှာ အတန်းထဲရှိ အခြားကျောင်းသားများ၏ အာရုံစိုက်မှုကို ရရှိလာခဲ့သည်။ ကျောင်းပိတ်ချိန်များတွင် လူတိုင်းသည် အလိုအလျောက် ငြိမ်သက်သွားကြပြီး ဘေးမှနေ၍ လိုက်လံ နားထောင်ကြလေသည်။

ဤဖြစ်ရပ်ကို ကျောင်းပိတ်ချိန်အတွင်း အတန်း (၇)၊ အဆင့် (၁၁) အခန်းရှေ့သို့ တိုက်တိုက်ဆိုင်ဆိုင် လမ်းလျှောက်လာသော သင်ကြားရေးမှူးကြီးက မြင်တွေ့သွားသည်။ ကျောင်းသားများမှာ အတန်းချိန်ပြင်ပတွင် ဤမျှအထိ စာကို ကြိုးစားပမ်းစား လေ့လာနေကြသည်ကို မြင်ရသဖြင့် သူသည် အလွန်ပင် ဝမ်းသာသွားရသည်။ အနာဂတ်တွင် ဤအတန်းမှ ကျောင်းသားများသည် တက္ကသိုလ်ဝင်ခွင့်နှုန်း မြင့်မားစွာ သယ်ဆောင်လာပေးနိုင်မည်ကို သူကြိုတင် မြင်ယောင်နေမိတော့သည်။

ထို့ကြောင့် ဆရာများ၏ နေ့စဉ် အစည်းအဝေးတွင် အတန်းပိုင်ဆရာအိုချန်မှာ အထူးတလည် ချီးကျူးဂုဏ်ပြုခြင်း ခံရလေသည်။ ဒါရိုက်တာကြီး၏ အကြောင်းပြချက် မရှိသော ချီးကျူးမှုကြောင့် အိုချန်မှာ ကြောင်တောင်တောင် ဖြစ်နေခဲ့ရသည်။ အစည်းအဝေး အပြီးတွင်မူ ဒါရိုက်တာကြီးက သူ၏ပုခုံးကို ပုတ်ကာ လေးလေးနက်နက်ဖြင့် "ခင်ဗျားအတန်းကို တကယ်ကောင်းကောင်း ဦးဆောင်နိုင်တာပဲ၊ နားချိန်တွေမှာ တခြားအတန်းတွေ ဆူညံနေချိန် ခင်ဗျားအတန်းကတော့ အဲ့ဒီကျောင်းသူလေး ပုစ္ဆာရှင်းပြတာကို အကုန်ငြိမ်ပြီး နားထောင်နေကြတာ။ ဪ... အတန်းထဲမှာ အမှတ်အများဆုံးရတဲ့ ကျောင်းသူကို ပြောတာပါ" ဟု ဆိုမှသာ အိုချန် သဘောပေါက်သွားတော့သည်။

တန်ယန်က နားချိန်များတွင် အတန်းဖော်များကို စာရှင်းပြနေသည်ကို အတန်းပိုင်ဆရာဖြစ်သူ သူကိုယ်တိုင်ပင် မသိရှိခဲ့ပေ။ မိမိကိုယ်မိမိ တာဝန်မကျေလှဟု ခံစားလိုက်ရသည်။

သို့ဖြစ်ပါ၍ ထိုနေ့ညနေပိုင်း ကိုယ်တိုင်စာကြည့်ချိန်တွင် အိုချန်သည် အတန်းထဲသို့ဝင်ကာ တန်ယန်၏ သူတစ်ပါးအပေါ် ကူညီလိုစိတ်နှင့် ဖော်ရွေမှုကို အရင်ဦးဆုံး ချီးကျူးစကားဆိုပြီး လူတိုင်းက သူမကို အတုယူသင့်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နောင်တွင်လည်း ကိုယ်ပိုင် စာကြည့်ချိန်များ၌ တန်ယန်ကို အတန်းဖော်များအား စာရှင်းပြပေးရန် ဖိတ်ခေါ်ခဲ့လေသည်။

ဤအကြံပြုချက်ကို အတန်းထဲရှိ ကျောင်းသားအားလုံးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ အမှန်စင်စစ် ထိပ်တန်း အထက်တန်းကျောင်းသို့ တက်ရောက်နေသည့် မည်သည့် ကျောင်းသားကမှ မိမိတို့၏အမှတ်ကို ဂရုမစိုက်ဘဲ မနေကြပေ။ တန်ယန်ကဲ့သို့ ထိပ်တန်း ကျောင်းသူတစ်ဦးက စာရှင်းပြပေးမည် ဆိုသည်မှာ သူတို့အတွက် အလွန်ပင် ဝမ်းသာစရာ ဖြစ်နေတော့သည်။

ဤသို့ဖြင့် နောက်ထပ် နှစ်ပတ်တာ ကာလပတ်လုံး တန်ယန်သည် ညနေပိုင်း ကိုယ်ပိုင် စာကြည့်ချိန်တိုင်းတွင် အတန်းဖော်များကို ဦးဆောင်ကာ သင်ခန်းစာများ ပြန်လည် နွှေးပေးခဲ့သည်။ အာရုံစိုက် နားထောင်ကြသော ကျောင်းသားတိုင်းလည်း မိမိတို့၏ တိုးတက်မှုကို ကိုယ်တိုင် ခံစားလာရသည်။

အချိန်များမှာ သတိမထားမိခင်မှာပင် ကုန်ဆုံးသွားခဲ့ပြီး မနက်ဖြန်မှာတော့ အတန်းတင် စာမေးပွဲကြီး ရောက်ရှိလာတော့မည် ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း S မြို့တော်၏ အတန်းတင် စာမေးပွဲများကို တစ်မြို့လုံး အတိုင်းအတာဖြင့် တပြေးညီ စစ်ဆေးလေ့ရှိသည်။ ယခင်နှင့် မတူသည်မှာ အဆင့် (၁၁)၊ အတန်း (၇) မှ ကျောင်းသားများမှာ မနက်ဖြန် စာမေးပွဲကို စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့် စောင့်စားနေကြခြင်းပင်။

ဤနှစ်ပတ်တာအတွင်း စာပြန်နွှေးခဲ့သည်မှာ အလကား မဟုတ်ခဲ့ပေ။ သူတို့သည် မိမိတို့၏ လက်ရှိ အရည်အချင်းမှာ မည်သည့်အဆင့်တွင် ရှိနေသနည်း၊ ကျောင်းတစ်ခုလုံး သို့မဟုတ် တစ်မြို့လုံး အတိုင်းအတာဖြင့် မည်သည့်အဆင့်မှာ ရှိနေသနည်း ဆိုသည်ကို အလွန်ပင် သိချင်နေကြပြီ ဖြစ်သည်။

စာမေးပွဲအတွက် စာသင်ခန်းများကို နေရာရှင်းလင်းရမည် ဖြစ်သောကြောင့် ယနေ့တွင် ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန် မရှိဘဲ ကျောင်းစောစော ဆင်းခဲ့သည်။

တန်ယန် အိမ်သို့ ပြန်ရောက်သည်နှင့် ပထမဆုံးလုပ်သည့် အရာမှာ ကျိုးချီကို ဆက်သွယ်လိုက်ခြင်းပင် ဖြစ်သည်။ ဖုန်းဝင်သွားသည်နှင့် တန်ယန်က တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

"ဘယ်လိုနေလဲ၊ အားလုံး အဆင်ပြေသွားပြီလား"

ကျိုးချီသည် ရုံးခန်းထဲတွင် အလုပ်ရှုပ်နေစဉ် တန်ယန့်ထံမှ ဖုန်းလက်ခံရရှိခြင်း ဖြစ်သည်။ သူသည် ပင်ပန်းနွမ်းနယ်နေသော အာရုံကြောများကို လျှော့ချရန် နှာတံကို လက်ဖြင့်ညှစ်လိုက်သည်။

"လောလောဆယ်တော့ ဖိနှိပ်ထားနိုင်ပါပြီ၊ ဒါပေမဲ့ ကိစ္စတွေက ဒီလောက်နဲ့ လွယ်လွယ်ကူကူ ပြီးသွားမှာ မဟုတ်ဘူးလို့ ငါခံစားနေရတယ်။ အဲ့ဒီမိသားစုနှစ်ခုက အမြဲတမ်း အပေးအယူ တည့်နေကြတာ။ တစ်ခုတည်း ဆိုရင်တော့ ငါ အပြတ်ရှင်းနိုင်ပေမဲ့ နှစ်ခုစလုံး ပေါင်းလာတဲ့ အခါမှာတော့..."

ကျိုးချီ စကားကို ဆက်မပြောတော့သော်လည်း တန်ယန်ကတော့ သူဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်လိုက်ပြီ ဖြစ်သည်။

"ဟား... အလကားနေရင်း အမြတ်ဝေစု လာခွဲချင်တာလား၊ အိပ်မက်မက်နေတာပဲ။ ကျိုးချီ... ရှင် ဘယ်နည်းလမ်းပဲသုံးသုံး ကျွန်မဂရုမစိုက်ဘူး၊ ရှင့်အတွက် လိုအပ်တဲ့ ရန်ပုံငွေတွေကိုတော့ အပြတ်အသတ် ထောက်ပံ့ပေးမယ်။ ပိုက်ဆံနဲ့သာ အရာရာ ဖြေရှင်းလိုက်၊ အာမခံချက်ရှိတဲ့ အမြတ်အစွန်းထက် ပိုပြီးခိုင်မာတဲ့ ဆက်ဆံရေးမျိုး ရှိနိုင်မယ်လို့ ကျွန်မ မယုံဘူး"

မကြာသေးမီက ဘေဂျင်းရှိ S မြေကွက်ပေါ်တွင် ဆောက်လုပ်ဆဲ အဆောက်အအုံတွင် ပြဿနာအချို့ ပေါ်ပေါက်ခဲ့သည်။ တစ်စုံတစ်ယောက်က သူတို့လိုအပ်သော ဆောက်လုပ်ရေး ပစ္စည်းများကို ကြားဖြတ် ဟန့်တားခဲ့ရာ အသစ် ပြန်မှာယူရန်မှာလည်း လုံးဝ အချိန်မမီတော့ပေ။ ထို့ပြင် ဆောက်လုပ်ရေး လုပ်ငန်းကို လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်ခြင်းသည်လည်း ကုမ္ပဏီအုပ်စု၏ ပုံရိပ်ကို ထိခိုက်စေမည် ဖြစ်သည်။

ကျိုးချီ၏ စုံစမ်းစစ်ဆေးမှုအရ တစ်စုံတစ်ယောက်က တမင်နှောင့်ယှက် ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။ ပထမဆုံး တရားခံမှာ သူတို့၏ တင်ဒါခေါ်ယူမှုတွင် ပါဝင်ခဲ့ဖူးသော 'ယွမ်ဒါဒီဇိုင်း' ပင် ဖြစ်သည်။ ယွမ်ဒါသည် ကောက်ကျစ်သော နည်းလမ်းများကို သုံးတတ်ခြင်းကြောင့် လူသိများပြီး တစ်ဖက်တွင်လည်း လော့မိသားစု၏ နောက်ခံအထောက်အပံ့ ရှိနေသောကြောင့် ဖြစ်သည်။

လော့မိသားစုသည် ဘေဂျင်းရှိ အထက်တန်းလွှာ မိသားစုများထဲတွင် အောက်ဆုံးအဆင့်၌သာ ရှိသော်လည်း၊ သူတို့ကဲ့သို့ အသစ် တည်ထောင်ထားသော လုပ်ငန်းစု တစ်ခုနှင့် ယှဉ်လျှင်မူ သူတို့၏ အဆက်အသွယ် ကွန်ရက်မှာ များစွာ သာလွန်နေပါသေးသည်။

ထို့ပြင် လင်းမိသားစုကလည်း ထိုကိစ္စတွင် ပါဝင် ပတ်သက်နေသည်။ လင်းမိသားစုသည် အလွန်တရာ ထင်ရှားသည့် မိသားစု မဟုတ်သော်လည်း၊ ရှန်မိသားစုထဲသို့ လက်ထပ် ဝင်ရောက်သွားသည့် သမီးတစ်ဦး ရှိလေသည်။ ရှန်မိသားစုမှာမူ ဘေဂျင်းရှိ ထိပ်တန်းချမ်းသာသော မိသားစုကြီး ဆယ်စုထဲတွင် ပါဝင်ပြီး လင်းမိသားစု ယှဉ်နိုင်သည့် အခြေအနေမျိုး မဟုတ်ပေ။

All Chapters