ပရဟိတ ဂါလာ ၁
Vol. 8 Ch. 72
ကျိုးချီက ဘေဂျင်းမှာ အရင်းအမြစ်တွေရဖို့ ပိုက်ဆံတွေ အလုံးအရင်းနဲ့ သုံးစွဲနေချိန်မှာ တန်ယန်ကတော့ S မြို့တော်မှာ သူမရဲ့ အထက်တန်းပထမနှစ်၊ ပထမနှစ်ဝက် အတန်းတင် စာမေးပွဲကို ရင်ဆိုင်နေရပါသည်။
မေးခွန်းလွှာကို လက်ခံရရှိတာနဲ့ တန်ယန်ဟာ ပါဝင်တဲ့ အကြောင်းအရာ အားလုံးကို အကြမ်းဖျင်း တစ်ချက်ကြည့်လိုက်ပြီး အခြေအနေကို သဘောပေါက်လိုက်ပါသည်။ လွန်ခဲ့တဲ့ နှစ်ပတ်အတွင်းက သူမ ပြန်နွှေးပေးခဲ့တဲ့ ပုစ္ဆာပုံစံမျိုးတွေဟာ မေးခွန်းလွှာထဲမှာ အတိုင်းအတာ တစ်ခုအထိ ပါဝင်နေတာကြောင့် အတန်းဖော် အားလုံးလည်း အလားတူ ပုစ္ဆာတွေကို တွက်ချက်ဖို့ နည်းလမ်းမှန်ကို သိကြလိမ့်မယ်လို့ သူမ ယူဆလိုက်ပါသည်။
သူမရဲ့ ကိုယ်ပိုင်အရှိန်နဲ့ စာမေးပွဲကို ဖြေဆိုပြီးနောက် တစ်ခေါက် ပြန်စစ်ဆေးကြည့်ပါသည်။ ဘာပြဿနာမှ မရှိတော့တာကို တွေ့ရသည့်အခါ သူမဟာ စာမေးပွဲ အဖြေလွှာကို အချိန်မတိုင်ခင် အစောတလျင် အပ်နှံဖို့ လက်ထောင်ကာ အချက်ပြလိုက်ပါသည်။
စမ်းသပ်အထက်တန်းကျောင်းက ဆရာတွေ အတွက်တော့ ဒါဟာ ထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ပါဘူး။ တစ်စုံတစ်ယောက်က စာမေးပွဲကို စောစောအပ်ပြီး အမှတ်ပြည့်ရတာဟာ ပထမဆုံးအကြိမ် ဆိုရင်တော့ ထူးဆန်းနေမှာ ဖြစ်ပေမဲ့၊ အခုကတော့ အကြိမ်တိုင်း ဒီလိုပဲ ဖြစ်နေတာလေ။ ဘာများ ထူးဆန်းနေဦးမှာလဲ။
အတန်းတင် စာမေးပွဲတွေဟာ သုံးရက်ကြာမြင့်ခဲ့ပြီး ခဏလေးနဲ့ပဲ ပြီးဆုံးသွားခဲ့ပါသည်။ နောက်ဆုံး သိပ္ပံဘာသာရပ် စာမေးပွဲ ဖြေဆိုပြီးတဲ့ အခါမှာတော့ အဆင့် (၁၁)၊ အတန်း (၇) က ကျောင်းသားတွေဟာ လုံးဝကို လွတ်လပ် ပေါ့ပါးသွားကြပြီး လာမည့် နှစ်ရက်တာ အားလပ်ရက်မှာ ဘယ်တွေသွားကြမလဲဆိုတာကို ပြောဆိုနေကြတော့သည်။
ဒါဟာ စာမေးပွဲကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတဲ့ ကျောင်းသားတွေ အတွက်တော့ နောက်ဆုံး ပျော်ရွှင်ခွင့်ပါပဲ။ ဘာလို့လဲဆိုတော့ နောက်ထပ် နှစ်ရက်နေရင် အမှတ်စာရင်းတွေနဲ့ ဆောင်းရာသီ ကျောင်းပိတ်ရက် အိမ်စာတွေကို လာယူဖို့ ကျောင်းပြန်တက်ရမှာ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ စာမေးပွဲအမှတ် မကောင်းခဲ့ဘူး ဆိုရင်တော့ သူတို့အတွက် ပျော်ရွှင်စရာ နှစ်သစ်ကူးဆိုတာ ဝေးသွားပြီလေ။
စာမေးပွဲတွေ ပြီးဆုံးပြီး နောက်မှာတော့ လောင်ဝေအန်းဟာ တန်ယန်တို့ သူငယ်ချင်း တစ်သိုက်ကိုတောင် လူကိုယ်တိုင် နှုတ်ဆက်ခွင့် မရလိုက်ဘဲ မိဘတွေရဲ့ အစီအစဉ်နဲ့ ဘေဂျင်းကိုသွားမယ့် လေယာဉ်ပေါ်ကို အထုပ်အပိုးပြင်ပြီး တင်ပို့ခြင်း ခံလိုက်ရပါသည်။
လောင်ဝေအန်း- "ငါ့မိဘတွေကတော့ တကယ်ကို လွန်လွန်းတယ်၊ စာမေးပွဲဖြေပြီး ကျောင်းက ထွက်လာရုံ ရှိသေးတယ်၊ ငါ့ကို အထုပ်ပြင်ပြီး လေယာဉ်ပေါ် တင်လိုက်တာပဲ။ ကိုယ့်အဝတ်အစားတောင် ကိုယ်တိုင် ထည့်ခွင့်မရလိုက်ဘူး။ 【ဒေါသထွက်နေတဲ့ပုံ】"
ရှုရှင်းယန်- "အစ်ကိုရေ... ကောင်းရာမွန်ရာ ရောက်ပါစေဗျာ။ 【နှုတ်ဆက်ပါတယ်】"
မီကို- "နင်ပြောတာ တစ်ခုခုတော့ မှားနေသလိုပဲ။ နင်သူ့ကို ဆဲနေတာ မဟုတ်တာ သေချာလား။”
【ကြောင်တောင်တောင် ဖြစ်နေတဲ့ ကြောင်လေး အီမိုဂျီ】
တန်ယန်- "နင်ပြောတာ တစ်ခုခုတော့ မှားနေသလိုပဲ +၁ 【မြေပြင်မှာ လူးလှိမ့်နေတဲ့ပုံ"
...
သုံးနာရီခန့် ကြာပြီးနောက်။
လောင်ဝေအန်း- "【ဒေါသထွက်နေတဲ့ပုံ】【ဒေါသထွက်နေတဲ့ပုံ】【ဒေါသထွက်နေတဲ့ပုံ"
လောင်ဝေအန်း- "နင်... ဒီလူဝံစုတ်၊ နင့်ကို ငါစိန်ခေါ်တယ်၊ တစ်ယောက်ချင်း ချကြမလား"
ရှုရှင်းယန်- "...ဒါဆိုလည်း လာရိုက်လေ"
လောင်ဝေအန်း - "ဟား... ယောကျ်ားစစ်ရင် အော့ဖ်လိုင်းမှာတင် မဟုတ်ဘဲ အွန်လိုင်းမှာပါ ကစားရမှာပေါ့။ အခုချက်ချင်း အွန်လိုင်းတက်ခဲ့စမ်း၊ ရှုံးတဲ့လူက နိုင်တဲ့လူရဲ့ တောင်းဆိုချက် တစ်ခုကို ဖြည့်ဆည်းပေးရမယ်။ 【ရဲရဲဝံ့ဝံ့ ရှိရဲ့လား】"
ရှုရှင်းယန် - "အိုကေလေ၊ သွားကြတာပေါ့။"
နာရီဝက်ခန့် ကြာပြီးနောက်။
လောင်ဝေအန်း - "【ဂုဏ်ယူဝင့်ကြွားနေသည့်ပုံ】"
ရှုရှင်းယန် - "...."
တန်ယန်က အွန်လိုင်းသို့ တက်ကြည့်လိုက်သောအခါ ရလဒ်မှာ သိသာ ထင်ရှားလှသည်။ ရှုရှင်းယန်မှာ လောင်ဝေအန်းကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။ တောက်၊ ဒီကောင်လေးက တစ်ခါတလေ အရမ်းရိုးအလွန်းတော့ လောင်ဝေအန်းရဲ့ နှာခေါင်းဖျားမှာ ဆွဲသမျှ ပါနေတော့သည်။
ချင်ယွီရုံသည် သစ်သီးအချို့ ယူလာပေးပြီး စားသည့်အခါ လက်မပေစေရန်အတွက် သစ်သီးထိုးတံလေးများကိုပါ ထည့်သွင်းပေးထားသည်။
"အစ်မရုံ၊ ကျိစုရဲ့ ကိစ္စတွေရော အဆင်ပြေရဲ့လား" တန်ယန်သည် သခွားမွှေးတစ်လုံးကို ထိုးယူလိုက်သည်။ အလွန်ပင် ချိုမြိန်လှသည်။ သူမသည် ဤကဲ့သို့ နူးညံ့အိစက်သော သခွားမွှေးမျိုးကို အလွန်နှစ်သက်ပြီး ရေခဲမုန့် စားနေရသကဲ့သို့ ခံစားရသည်။
"ဥပဒေအကျိုးဆောင် လုပ်ငန်းကတော့ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့ပါပြီ။ ဒါပေမဲ့ တစ်ရှိန်ထိုး နာမည်ကြီးသွားဖို့ အခွင့်အရေးတစ်ခုပဲ လိုနေသေးတာပါ" ဟု ချင်ယွီရုံက ညနေပိုင်းအတွက် ဝတ်စုံရွေးချယ်ပေးရင်း ပြန်ဖြေသည်။
တန်ယန်က စဉ်းစားဟန်ဖြင့် "ဒါဆိုရင် သင့်တော်မယ့် ပရောဂျက်တွေကို ရှာကြည့်ကြတာပေါ့။ ဒါက လောလို့တော့ မရဘူး။ ကျွန်မတို့က ပိုက်ဆံရဖို့ကိုပဲ အဓိကထားနေတာ မဟုတ်ဘူး။ ဒါကြောင့် ပိုက်ဆံကြောင့်နဲ့ တရားမျှတမှု ဒါမှမဟုတ် ကျင့်ဝတ်ကို ဖောက်ဖျက်တဲ့ အမှုမျိုးတွေကိုတော့ မမြင်ချင်ဘူး။ အစ်မရုံ၊ ဒီအချက်ကို ကျိစုနဲ့ ဆွေးနွေးပေးပါဦး" ဟု ဆိုလိုက်သည်။
ချင်ယွီရုံက ခေါင်းညိတ်ပြပြီး တောက်ပနေသည့် ဝတ်စုံဖြူလေး တစ်ထည်ကို မြှောက်ပြလိုက်သည်။ "ဒါလေးဆိုရင်ကော ဘယ်လိုလဲ၊ သိပ်ပြီး အတောက်ကြီးလည်း မဟုတ်သလို အရမ်းကြီးလည်း ထူးခြားမနေဘူးလေ။"
တန်ယန်က ထိုဝတ်စုံကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ "ဒါ LM က ပို့ပေးထားတာလား၊ ဒီည ဒါပဲဝတ်မယ်။ ကျွန်မမှာ ငွေရောင်ပုလဲ တွဲလောင်းလေးတွေပါတဲ့ အိတ်တစ်လုံး ရှိတယ်ထင်တယ်၊ အဲ့ဒါနဲ့ဆို လိုက်ဖက်မှာပါ။"
"ဟုတ်ကဲ့၊ နွေဦးရာသီ စုဆောင်းမှုအသစ်က မနေ့ကတင် ရောက်လာတာပါ။ ညီမလေးရဲ့ အဝတ်ခန်းထဲမှာ ပြည့်နေပြီမို့လို့ အဝတ်အစား တစ်သုတ်ကို ထုတ်ပိုးပြီး ဗီလာနံပါတ် (၁၇) မှာ သွားထားပေးလိုက်တယ်။ လက်ရှိ အခြေအနေအရဆိုရင် အဝတ်ခန်းက ဒီထက်ပိုကျယ်ရင်တောင် ရာသီအလိုက် ထွက်သမျှ နာမည်ကြီး ကုန်အမှတ်တံဆိပ်တွေရဲ့ ပစ္စည်းအသစ်တွေကို ဆံ့မှာမဟုတ်တော့ဘူး"
"ရပါတယ်။ မီကိုနဲ့ သင့်တော်မယ့် ဟာတွေကို ရွေးပေးလိုက်၊ တခြားကျန်တဲ့ ကျွန်မနဲ့ သင့်တော်တာတွေကိုတော့ ဗီရိုထဲ ထည့်ထားပြီး မသင့်တော်တာတွေကိုတော့ ဖယ်ရှားလိုက်ပါတော့" ဟု တန်ယန်ကဆိုသည်။
"အကြံတစ်ခု ပေးချင်တာကတော့ ညီမလေးနဲ့ မတော်တော့တဲ့ အဝတ်အစားတွေကို ရိယွီ ဖျော်ဖြေရေးဆီ ပို့ပေးလိုက်ရင် ကောင်းမလားလို့ပါ။ ဘာပဲဖြစ်ဖြစ် ရိယွီမှာ အနုပညာရှင်တွေ ပိုပို များလာပြီဆိုတော့ သူတို့ အပြင်ထွက်တဲ့အခါ ပွဲတိုးအောင် ဝတ်ဆင်ဖို့ အဝတ်အစားနဲ့ အသုံးအဆောင်တွေ လိုအပ်မှာပါ" ဟု ချင်ယွီရုံက ပစ္စည်းများကို အကျိုးရှိရှိ အသုံးချနိုင်ရန် အကြံပြုလိုက်သည်။
"ကောင်းသားပဲ၊ အစ်မပဲ အဆင်ပြေသလို စီစဉ်လိုက်ပါ။ ဒါနဲ့ ကျင့်ရင်းဘေးက တိုက်ခန်းတွဲကော ပြင်ဆင်ပြီးပြီလား" တန်ယန်သည် သူမ ဝယ်ယူထားပြီး ငွေပေးချေပြီးကတည်းက ပစ်ထားသလို ဖြစ်နေသည့် အဆောက်အအုံကို သတိရကာ မေးလိုက်သည်။
"အပေါ်ဆုံးထပ်ဖြစ်တဲ့ ၂၄ ထပ်ကိုတော့ ညီမလေးနဲ့ မီကို့အတွက် ဖယ်ထားပါတယ်။ အခန်းနှစ်ခန်းကို တစ်ခန်းတည်းဖြစ်အောင် ပေါင်းလိုက်တာဆိုတော့ ဒီလကုန်မှာ အပြီးသတ်နိုင်မှာပါ။ ကျန်တဲ့ အထပ်တွေကိုတော့ အသုတ်လိုက် ပြင်ဆင်နေပြီး အထပ် ၁ ကနေ ၇ အထိကတော့ ပြီးသွားပါပြီ။ ဖေဖော်ဝါရီလ နောက်ပိုင်းဆိုရင် ပြောင်းရွှေ့နေထိုင်လို့ ရပါပြီ" ချင်ယွီရုံသည် သူမ၏ အိုင်ပတ်ထဲမှ မှတ်စုများကို လှန်လှောရင်း သက်ဆိုင်ရာ အချက်အလက်များကို မြန်မြန်ဆန်ဆန် စုစည်းကာ ပြန်ဖြေသည်။
"ဒီလောက်အစောကြီး ပြောင်းနေလို့ ရပြီလား၊ လေဝင်လေထွက်ကောင်းအောင် နောက်ထပ် လအနည်းငယ်လောက် ထားရဦးမှာ မဟုတ်ဘူးလား" ဆောက်လုပ်ရေး ပစ္စည်းများမှ ထွက်တတ်သည့် ဖော်မလ်ဒီဟိုက် အန္တရာယ်ကြောင့် သူမ အပင်ပန်းခံ စုဆောင်းထားသော အနုပညာရှင်များ ကျန်းမာရေး ထိခိုက်မည်ကို တန်ယန် စိုးရိမ်မိသည်။
"အသုံးပြုထားတဲ့ အလှဆင်ပစ္စည်းတွေ အားလုံးက တင်းကျပ်တဲ့ ဘေးကင်းလုံခြုံမှု စစ်ဆေးရေး စံချိန်စံညွှန်းတွေကို ကျော်ဖြတ်ထားတာမို့လို့ ဒီကိစ္စအတွက်တော့ စိတ်ချလို့ရပါတယ်"
"ဒါဆိုရင်တော့ ကောင်းတာပေါ့" တန်ယန်က ခေါင်းညိတ်လိုက်ပြီး ယနေ့ညနေပိုင်း တက်ရောက်ရမည့် ပရဟိတ ဂါလာပွဲကို တွေးကာ ပြုံးလိုက်မိသည်။
ထိုပရဟိတပွဲကို VIGI မဂ္ဂဇင်းက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး နှစ်စဉ် ဇန်နဝါရီလတိုင်းတွင် ဤကဲ့သို့ အသေးစား ပရဟိတပွဲလေးများကို ကျင်းပလေ့ရှိသည်။ မည်သည့် အကြောင်းကြောင့်မှန်း မသိသော်လည်း ယခုနှစ်တွင် ကျင်းပမည့်နေရာကို S မြို့တော်အဖြစ် ရွေးချယ်ခဲ့ကြသည်။ သူတို့က ဖိတ်စာပို့လာသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် တန်ယန်မှာလည်း အားလပ်နေပြီး အနီးနားမှာပင် နေထိုင်သဖြင့် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
VIGI ပရဟိတ ဂါလာပွဲ ကျင်းပရာနေရာ။
အယ်ဒီတာချုပ် လီစူးသည် နောက်ဆုံး ပြင်ဆင်မှုများကို လုပ်ဆောင်နေသည်။ နောက်တစ်နာရီအတွင်း ဖိတ်ကြားထားသော ဧည့်သည်များ ရောက်ရှိလာတော့မည် ဖြစ်သော်လည်း ယခုအခါတွင်မူ ကော်ဇောနီ လမ်းလျှောက်သည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရမည်ဟု သူမကို အကြောင်းကြားလာသည်။ ဤသည်မှာ မည်သို့သော နိုင်ငံတကာ ပြက်လုံးမျိုးပါနည်း။
"ဗီဗီယန်... နင် ဘယ်နည်းလမ်းပဲသုံးသုံး၊ ဟိုတယ်မန်နေဂျာကို ပြောပြီး ကော်ဇောနီ ခင်းဖို့အတွက် အဲ့ဒီနေရာကို ရှင်းခိုင်းလိုက်၊ ကော်ဇောနီ အစီအစဉ် မရှိဘူးဆိုရင် ဒီပွဲရဲ့ ထိရောက်မှုက အနည်းဆုံး ထက်ဝက်လောက် လျော့သွားလိမ့်မယ်၊ နားလည်လား" လီစူး၏ လေသံမှာ ပြတ်သားသော်လည်း စိတ်ကိုတော့ တည်ငြိမ်အောင် ထိန်းထားသည်။ အကယ်၍ သူမသာ ယခုအချိန်တွင် ထိတ်လန့်သွားပါက လက်အောက်ငယ်သားများက မည်သို့ အလုပ်အပေါ် အာရုံစိုက်နိုင်တော့မည်နည်း။
"ဟုတ်ကဲ့ အစ်မစူး။ ကျွန်မ ချက်ချင်း သွားလုပ်လိုက်ပါ့မယ်" ဗီဗီယန်သည် သူမ၏ အထက်လူကြီး ပေးအပ်သော တာဝန်ကို လက်ခံကာ သက်ဆိုင်ရာ တာဝန်ရှိသူကို ရှာဖွေညှိနှိုင်းရန် ဒေါက်မြင့်ဖိနပ်ဖြင့် ပြေးထွက်သွားတော့သည်။
"ရှာလီ၊ ဒီစားပွဲခင်းကို ခရမ်းရောင်ပြောင်းလိုက်။ အခုမြင်ကွင်းနဲ့ လုံးဝ မလိုက်ဖက်ဘူး။ ပြီးတော့ လီလီ၊ ဒီပန်းခြင်းကို ဘေးဘက်ကို နည်းနည်းရွှေ့ထားလိုက်၊ ဒီမှာဆိုရင် တိုက်မိလဲဖို့ အရမ်းလွယ်တယ်..." လီစူးသည် ဝင်ပေါက်တစ်ဝိုက် လှည့်ပတ်ကြည့်ရှုရင်း ပြင်ဆင်ရန် လိုအပ်သည့် နေရာများကို လိုက်လံ ညွှန်ကြားနေသည်။
VIGI မဂ္ဂဇင်း၏ ဝန်ထမ်းများသည် သူတို့ အယ်ဒီတာချုပ်၏ ပြတ်သားပြီး ထိရောက်လှသော လုပ်ဆောင်ချက်များကို ကြည့်ကာ မိမိတို့ တာဝန်ယူထားရသည့် အပိုင်းများတွင် အမှားအယွင်း တွေ့ရှိပြီး အပြောခံရမည်ကို စိုးရိမ်တကြီးဖြင့် ဖိအားဝင်နေကြသည်။
လီစူးသည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ပြင်ဆင်စရာ ထပ်မတွေ့တော့သဖြင့် ဗီဗီယန် ထွက်သွားသည့်ဘက်သို့ အမြန်လျှောက်သွားသည်။ ရလဒ်ကို ပြန်လည် အစီရင်ခံရန် ယခုအချိန်ထိ ပြန်မလာသေးသည်ကို ထောက်လျှင် တစ်စုံတစ်ရာ အခက်အခဲ တွေ့နေခြင်း ဖြစ်ရမည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက်။
"ပူးပေါင်း ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ ကျွန်မတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လီစူးသည် သူမ၏ ညာဘက်လက်ကို ကမ်းပေးကာ တာဝန်ရှိသူနှင့် ခပ်ဖွဖွ လက်ဆွဲ နှုတ်ဆက်လိုက်သည်။
"ဟုတ်ကဲ့၊ အသေအချာပါပဲ။ ဒီညရဲ့ဂါလာပွဲ အောင်အောင်မြင်မြင် ပြီးဆုံးပါစေလို့ ဆုတောင်းပေးပါတယ်"
"ကောင်းသော စကားအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ဘက်မှာ အချောသတ်စရာလေးတွေ ကျန်သေးလို့ အခုပဲ ခွင့်ပြုပါဦး" ထိုသို့ ပြောပြီးနောက် လီစူးသည် ဗီဗီယန်ကို ဦးဆောင်ကာ ပရဟိတဂါလာပွဲ ကျင်းပရာ နေရာသို့ ပြန်လည် ထွက်ခွာလာခဲ့သည်။