ကျင်ရှန်း၏ ကံကောင်းမှု
Vol. 8 Ch. 74
"စိတ်မပူပါနဲ့၊ အဝတ်အစားတွေကို အမြန်ဆုံး ပို့ပေးလိုက်ပါ့မယ်။" ဖုန်းချပြီးနောက် ကျင်ရှန်းတစ်ယောက် မတ်မတ်ကြီး ထိုင်နေသည်ကို တွေ့တော့ တန်ယန် မအောင့်နိုင်ဘဲ ရယ်မိသွားသည်။
"ဟို... ကျွန်မ စိတ်မပူပါဘူး။" ကျင်ရှန်းက ခေတ္တ တုံ့ဆိုင်းပြီးမှ စကားဆိုသည်။ "တကယ်တော့ အခုလိုတွေ အလုပ်ရှုပ်ခံနေဖို့ မလိုပါဘူး။ ဒီနေ့ ပရဟိတပွဲကို ကျွန်မ လာတက်တာကလည်း တကယ်တော့ ဘာမှ အဓိပ္ပာယ်မရှိပါဘူး။"
တန်ယန့်၏ နွေးထွေးသော အကြည့်များကြောင့် ဖြစ်မည်၊ ကျင်ရှန်းသည် တစ်စုံတစ်ယောက်ကို ရင်ဖွင့် တိုင်ပင်လိုစိတ် ရုတ်တရက် ပေါ်ပေါက်လာသည်။
"ဒီညပြီးရင် ဖျော်ဖြေရေး လောကကနေ အနားယူဖို့ ကျွန်မ ဆုံးဖြတ်ပြီးသားပါ။" ကျင်ရှန်းက အနည်းငယ် နှမြောတသဟန်ဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။
"ဖျော်ဖြေရေး လောကကနေ ထွက်မလို့လား" တန်ယန်က အံ့သြတကြီး မေးလိုက်သည်။ သူမ၏ အောင်မြင် ကျော်ကြားခဲ့သော အနာဂတ် နောက်ခံသမိုင်းတွင် ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ခဲ့ရမှုများ တကယ်ရှိခဲ့သည်လား။
"ဟုတ်ကဲ့။" ကျင်ရှန်းက ဆုံးဖြတ်ချက် ခိုင်မာသွားပုံရပြီး လေးလေးနက်နက် ခေါင်းညိတ်ပြသည်။ "ကျွန်မက သရုပ်ဆောင်ပညာကို အခြေခံကနေ သင်ယူခဲ့တာ မဟုတ်ပါဘူး။ သရုပ်ဆောင်ရတာကို ဝါသနာ ပါလွန်းလို့သာ ဒီလောက်အထိ တောင့်ခံခဲ့တာ။ ဒါပေမဲ့ အခုတော့ ကျွန်မက ဒီလောကနဲ့ တကယ် မလိုက်ဖက်ဘူးဆိုတာ သိလိုက်ရပြီ။"
"လွန်ခဲ့တဲ့ ခဏလေးကပဲ အမေ ဖုန်းဆက်လာတယ်၊ အဖေ ဆေးရုံတက်နေရတယ်တဲ့။ ကျွန်မ သွားကြည့်ချင်ပေမဲ့ လေယာဉ်လက်မှတ် ဝယ်ဖို့တောင် ပိုက်ဆံမရှိဘူးဆိုတာ သိလိုက်ရသည်။ ကျွန်မ ဘာအတွက်ဆက်ပြီး ကြိုးစားနေတာလဲ ဆိုတာကိုတောင် မသိတော့ဘူး။"
"ဒီလောကထဲမှာ နှစ်အနည်းငယ် ကျင်လည်ပြီးတဲ့ နောက်မှာတော့ အောင်မြင်ဖို့အတွက် ဝါသနာ တစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ သိလိုက်ရလေသည်။ ဘာလို့လဲဆိုတော့ အခွင့်အရေးဆိုတာ လွယ်လွယ်နဲ့ မရနိုင်လို့ပဲ။ ဒါ့အပြင် လူတွေက ရှင့်ကို ဘယ်သူမှန်း မသိရင် ရှင့်ကိုဘာလို့ ယုံကြည်ပြီး အခွင့်အရေး ပေးကြမှာလဲ"
"ဟူး… ကျွန်မ စကားတွေ အများကြီး ပြောမိသွားပြီလား၊ အနားယူတော့မယ့် အနုပညာရှင် တစ်ယောက်ရဲ့ ရင်ဖွင့်သံတွေကို နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်နော်။"
"ရှင်ကော ဒီအတိုင်း လက်ခံနိုင်လို့လား" တန်ယန်က မေးလိုက်သည်။
သူမ လက်ခံနိုင်လို့လား။ တကယ်တော့ မကျေနပ်နိုင်ပါ၊ သို့သော် လက်တွေ့ဘဝက ရက်စက်လွန်းသည်။ သူမ ဘာလုပ်နိုင်မှာလဲ။ သူမ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် လမ်းခင်းပေးမည့် ချမ်းသာကြွယ်ဝသော မိသားစုနောက်ခံလည်း မရှိ။ သူမ၏ မူဝါဒနှင့် သိက္ခာတရားကိုလည်း စွန့်လွှတ်နိုင်သူ မဟုတ်ပေ။ ထို့ကြောင့် ကံကြမ္မာကိုသာ လက်ခံရန် ရှိတော့သည်။
ကျင်ရှန်း စကားပြန်မပြောသည်ကို မြင်သောအခါ တန်ယန်က ဆက်ပြောသည်။ "ကျွန်မက ရှင့်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်ဆိုရင်ရော ရှင်ထပ်ပြီး ကြိုးစားကြည့်ချင်သေးလား"
အခွင့်အရေး ဟုတ်လား၊ ကျင်ရှန်း ရုတ်တရက် သတိဝင်လာသည်။ "အခွင့်အရေးသာ ရှိမယ်ဆိုရင်တော့ သေချာပေါက် ကြိုးစားချင်တာပေါ့။ ဒါပေမဲ့ ဒါက လက်တွေ့မကျတဲ့ တွေးဆချက် တစ်ခုပဲ မဟုတ်လား"
"ရှင့်ရဲ့ ကံဆိုးမှုတွေ အားလုံးက ကျွန်မနဲ့ဆုံဖို့ ဖြစ်လာတာလည်း ဖြစ်နိုင်တာပဲလေ။" တန်ယန်က မျက်တောင်ခတ်ပြရင်း ခေါင်းလေးစောင်းကာ ကျင်ရှန်းကို ကြည့်လိုက်သည်။ "ကျွန်မ ရှင့်ကို အခွင့်အရေးတစ်ခု ပေးနိုင်တယ်၊ ဒါပေမဲ့ အဲ့ဒီအခွင့်အရေးကို ရှင် ဆုပ်ကိုင်နိုင်မလား ဆိုတာပေါ်မှာပဲ မူတည်တယ်။"
ကျင်ရှန်း၏ မျက်ဝန်းများမှာ မျှော်လင့်ချက် ရောင်ခြည်ဖြင့် တောက်ပသွားသည်။ "ဒါဟာ ကျွန်မဘဝရဲ့ နောက်ဆုံးသော ကံကောင်းခြင်း ဆိုရင်တော့၊ အမိအရ ဆုပ်ကိုင်ထားဖို့ အသင့်ပါပဲ"
"ကောင်းပြီ၊ မနက်ဖြန်ကျရင် တစ်ယောက်ယောက်ကို ရှင့်ဆီ ဆက်သွယ်ခိုင်းလိုက်မယ်။ သူက ရှင့်ရဲ့ အခုကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းဖို့ ကိစ္စတွေနဲ့ ကုမ္ပဏီအသစ်မှာ စာချုပ်ချုပ်ဖို့ ကိစ္စတွေကို ကူညီပေးလိမ့်မယ်။"
"ကုမ္ပဏီအသစ်က ဘာလဲဟင်"
"ရိယွီ ယဉ်ကျေးမှုစင်တာပါ။"
ကျင်ရှန်းမှာ ရုတ်တရက် အသက်ရှူမှားမတတ် ဖြစ်သွားရသည်။ ထိုနာမည်ကျော်ကြားပြီး အလွန်ချမ်းသာသည့် ရိယွီကုမ္ပဏီလား။ လောလောဆယ် ဖျော်ဖြေရေး လောကအတွင်း လူပြောအများဆုံး ဖြစ်နေပြီး စတင် တည်ထောင်ချိန်ကတည်းက လူတွေရဲ့ အမြင်တွေကို အမြဲတမ်း ပြောင်းလဲပစ်နေတဲ့ ကုမ္ပဏီအသစ်ပင် ဖြစ်သည်။
စာချုပ်ပါ စည်းကမ်းချက်များမှာ အနုပညာရှင်များအတွက် အလွန် သက်သာရုံသာမက စာချုပ်ချုပ်ဆိုသည်နှင့် တစ်ပြိုင်နက် မြင့်မားသော အခြေခံလစာကို ရရှိမည်ဖြစ်သည်။ ဘာအလုပ်မှ မလုပ်ရသေးလျှင်ပင် ရရှိသော လစဉ်လစာမှာ သာမန်ရုံးဝန်ထမ်း တစ်ဦးထက် များပြားနေသည်။
ထို့ပြင် အသုံးအဆောင် စုံလင်သော အဆောင်များကိုလည်း အခမဲ့ ပေးထားသေးသည်။ ရိယွီနှင့် လက်တွဲထားသည့် အနုပညာရှင်တိုင်းမှာ နာမည်ကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ ကိုယ်ပိုင်ကား၊ ဒရိုင်ဘာနှင့် ခရီးစရိတ်များကို စံသတ်မှတ်ချက်အတိုင်း ရရှိကြသည်။ သို့သော် ရိယွီတွင် အနုပညာရှင် အများအပြားမရှိဘဲ အရေအတွက်ထက် အရည်အသွေးကိုသာ ဦးစားပေးသည့် ပုံစံမျိုးရှိသည်။
လက်ရှိတွင် ရိယွီ၌ ထိပ်တန်းစတားကြီးများ မရှိသေးသော်လည်း၊ သက်ဆိုင်ရာ နယ်ပယ်အသီးသီးတွင် တောက်ပနေသည့် ဒုတိယတန်းစားနှင့် တတိယတန်းစား အနုပညာရှင်များစွာ ရှိနေသည်။ ရိယွီတွင် အရင်းအမြစ်နှင့် အခွင့်အရေး ရှားပါးမှု မရှိကြောင်း၊ အရည်အချင်းသာရှိလျှင် နာမည်မရှိသူ ဖြစ်ပါစေ ကုမ္ပဏီက တိုက်တွန်း မြှင့်တင်ပေးမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရန်မှာမူ မိမိ၏ အရည်အချင်းပေါ်တွင်သာ မူတည်ပေလိမ့်မည်။
သေချာသည်မှာ လမ်းမှန်ဖြင့်သာ သွားရမည်ဖြစ်သည်။ အကယ်၍ ဖြတ်လမ်းနည်းဖြင့် အောင်မြင်ရန် ကြိုးစားပါက ကုမ္ပဏီက ဝင်ရောက်နှောင့်ယှက်မည် မဟုတ်သော်လည်း ဆက်လက်လက်တွဲရန် ရှိ၊ မရှိကိုမူ ပြန်လည် စဉ်းစားမည်ဖြစ်သည်။
ကျင်ရှန်းသည် ရိယွီသို့ အဆက်အသွယ်ဖြင့် ဝင်ခွင့်ရမည်ကို ကြားရသောအခါ အစပိုင်းတွင် ဝမ်းသာသွားသော်လည်း နောက်ပိုင်းတွင် အနည်းငယ် စိုးရိမ်လာမိသည်။
"ကျွန်မ တကယ်ပဲ ရိယွီကို ဝင်လို့ရမှာလား။ ဒါပေမဲ့ ရိယွီရဲ့ဥက္ကဋ္ဌက ဖြတ်လမ်းနည်းသုံးတဲ့ ဝန်ထမ်းတွေကို မကြိုက်ဘူးလို့ ကြားဖူးလို့ပါ" သူမသည် နှုတ်ခမ်းကိုကိုက်လျက် သူမ၏ စိုးရိမ်ပူပန်မှုကို ဖွင့်ဟလိုက်သည်။
"ဟီးဟီး၊ အဲ့ဒီအတွက်တော့ စိတ်ပူစရာ မလိုပါဘူး။ ရှင်လုပ်ရမှာက ဒီအခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ရိယွီကို ရောက်သွားရင်တောင် အရည်အချင်း မရှိရင် တခြားအခွင့်အရေးတွေ ရလာမှာ မဟုတ်လို့ပါ" ဟု တန်ယန်က အမှန်အတိုင်း ပြောလိုက်သည်။ သူမအနေဖြင့် ငွေကြေးသုံးစွဲကာ တစ်စုံတစ်ယောက်ကို မြှင့်တင်ပေးနိုင်သော်လည်း၊ ထိုသူက အခွင့်အရေးကို ထိန်းထားနိုင်ခြင်း ရှိ၊ မရှိပေါ်တွင်လည်း မူတည်သည်။ ပရိသတ်ဆိုသည်မှာ အလွယ်တကူ လှည့်စား၍ ရသူများ မဟုတ်ပေ။
ကျင်ရှန်းက လေးလေးနက်နက် ခေါင်းညိတ်ပြသည်။ "ကျွန်မ ရှင့်ကို သေချာပေါက် စိတ်မပျက်စေရပါဘူး" တန်ယန်သည် သူမ၏ ဝတ်စုံပေကျံသွားသည့် အခက်အခဲမှ ကယ်တင်ပေးသူသာမက၊ သူမ၏ အနာဂတ်အတွက် မျှော်လင့်ချက် အလင်းရောင်ကို ပေးခဲ့သူ ကျေးဇူးရှင်လည်း ဖြစ်ပေသည်။
မကြာမီမှာပင် ချင်ယွီရုံသည် J.A. ဖက်ရှင်ဝတ်စုံ တစ်ထည်ကို ယူဆောင်လာခဲ့သည်။ ၎င်းမှာ အမွေးအတောင်လေးများဖြင့် အလှဆင်ထားသည့် အပြာနုရောင် ဒူးဖုံးဂါဝန်လေး ဖြစ်သည်။ ကျင်ရှန်း ထိုဝတ်စုံကို လဲလှယ် ဝတ်ဆင်လိုက်သောအခါ အခြားတစ်ယောက်ကဲ့သို့ လုံးဝ ပြောင်းလဲသွားတော့သည်။
သူမ၏ မူလပြင်ဆင်မှုမှာ ဆံပင်ကို ရိုးရိုးလေး ထုံးထားပြီး မိတ်ကပ်ပါးပါးလေးသာ လိမ်းထားခြင်းဖြစ်ရာ ယခုအခါ ပုံစံအသစ် ပြောင်းလဲရန် ပို၍ လွယ်ကူသွားစေသည်။
ချင်ယွီရုံသည် အသုံးအဆောင် ပစ္စည်းများနှင့် မိတ်ကပ်များကိုပါ အလိုက်တသိ ယူဆောင်လာခဲ့ပြီး တစ်ကိုယ်လုံးရှိ အလှအပများ ပိုမို ဟန်ချက်ညီသွားစေရန် မိတ်ကပ်ကို အမြန်ဆုံး ပြန်လည် ပြင်ဆင်ပေးလိုက်သည်။ မူလက ထုံးထားသော ဆံပင်ကို ဖြေချလိုက်သောအခါ အနည်းငယ် ပျော့ပျောင်းနွဲ့နှောင်းသည့် အသွင်ကို ဆောင်သွားပြီး ပို၍ သဘာဝကျကာ လှပလာတော့သည်။
မှန်ထဲတွင် သိသိသာသာ ပြောင်းလဲသွားသော မိမိကိုယ်မိမိ ကြည့်ရင်း ကျင်ရှန်း၏ မျက်ဝန်းများမှာ အံ့သြမှုများဖြင့် ပြည့်နှက်သွားပြီးနောက် တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။ ယနေ့သည် သူမ၏ဘဝကို ပြောင်းလဲစေမည့် အရေးကြီးသော အလှည့်အပြောင်း ဖြစ်သည်ဟု သူမ ယုံကြည်လိုက်သည်။
နားနေခန်းမှ ထွက်လာပြီးနောက် ကျင်ရှန်းသည် သူမ၏မန်နေဂျာ ညွှန်ကြားထားသည့်အတိုင်း ဗိုက်ရွှဲရွှဲနှင့် ဒါရိုက်တာကျောက်၏ ရှေ့မှောက်သို့ သွားရောက် မျက်နှာပြခြင်း မပြုတော့ဘဲ တန်ယန့်အနားမှာသာ နေခဲ့တော့သည်။
ပရဟိတလေလံပွဲ စတင်ချိန်တွင် တန်ယန်က ကျင်ရှန်းကို ခေါ်ဆောင်ကာ သူတို့အတွက် သတ်မှတ်ထားသော နေရာသို့ သွားရောက်ထိုင်လိုက်သည်။ တန်ယန်သည် စန္ဒယားလောကတွင် ထွက်ပေါ်လာသည့် ကြယ်ပွင့်သစ်တစ်ဦး ဖြစ်သလို ဆရာကြီးယွီ၏ တပည့်ရင်း တစ်ဦးလည်း ဖြစ်သောကြောင့် ဖိတ်ကြားခံရခြင်း ဖြစ်သည်။ မဂ္ဂဇင်းဘက်က သူမ၏ အမှန်တကယ် ကြွယ်ဝချမ်းသာမှုနှင့် အရည်အချင်းကို သေချာမသိသေးပေ။ ထို့ကြောင့် သူမအတွက် စီစဉ်ပေးထားသော ထိုင်ခုံနေရာမှာ အလွန်အမင်း ကောင်းမွန်သည့်အထဲတွင် မပါဝင်ပေ။
ကံကောင်းသည်မှာ စီစဉ်သူများက သြဇာရှိသူအချို့ သူတို့၏ အမျိုးသမီး အဖော်များကို ခေါ်လာနိုင်သည်ကို ထည့်သွင်းစဉ်းစားပြီး စားပွဲငယ် တစ်ခုလျှင် ထိုင်ခုံနှစ်လုံးစီ စီစဉ်ပေးထားခြင်း ဖြစ်သည်။ ဤအစီအစဉ်က တန်ယန်အတွက် အဆင်ပြေသွားစေသည်။
တန်ယန်သည် သူမနှင့် နံပါတ် (၁၃) မှာ အမှန်တကယ်ပင် ရေစက်ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။ ပြီးခဲ့သည့်အကြိမ် H မြို့တော် လေလံပွဲတုန်းကလည်း သူမ၏ လေလံဆွဲသည့် နံပါတ်ပြားမှာ (၁၃) ဖြစ်ပြီး ယနေ့လည်း ထိုနံပါတ်ပင် ဖြစ်နေသည်။
VIGI ၏ အယ်ဒီတာချုပ် လီစူးသည် စင်ပေါ်သို့တက်ကာ ကျေးဇူးတင်စကား ပြောကြားသည်။ "ဒီနေ့ လေလံပွဲက ရရှိတဲ့ ရန်ပုံငွေတွေကို ဆင်းရဲနွမ်းပါးတဲ့ တောင်ပေါ်ဒေသတွေမှာ 'မျှော်လင့်ချက် မူလတန်းကျောင်းတွေ' တည်ဆောက်မယ့် ပရောဂျက်အတွက် အသုံးပြုသွားမှာပါ" ဟု ကြေညာပြီးနောက် လေလံပွဲကို တရားဝင် စတင်လိုက်သည်။
ပထမဆုံး လေလံတင်သည့် ပစ္စည်းမှာ အနုပညာရှင် တစ်ဦးက လှူဒါန်းထားသည့် ပိုးပဝါ တစ်ထည်ဖြစ်ပြီး ထိုအနုပညာရှင်၏ အမျိုးသား အဖော်ကပင် ယွမ် ၂၀၀,၀၀၀ ဖြင့် ဝယ်ယူသွားခဲ့သည်။ ဒုတိယပစ္စည်းမှာ Louis Vuitton လက်ကိုင်အိတ် တစ်လုံးဖြစ်ပြီး ယွမ် ၅၀,၀၀၀ ဖြင့် ရောင်းထွက်သွားသည်။
"နောက်ထပ် ပစ္စည်းကတော့ ခေတ်ပြိုင်လူငယ် ပန်းချီဆရာ မိုဟန် လှူဒါန်းထားတဲ့ ဆီဆေးပန်းချီကားတစ်ချပ် ဖြစ်ပါတယ်။ အခြေခံ လေလံဈေးကတော့ ယွမ်တစ်ထောင် ဖြစ်ပါတယ်"
တန်ယန်သည် သူမ၏နံပါတ်ပြားကို မြှောက်လိုက်သည်။ ထိုပန်းချီကား၏ အငွေ့အသက်ကို သူမ သဘောကျမိသည်။ မနက်ခင်း မြူနှင်းများ ဖုံးလွှမ်းနေသည့် ဘိုင်ကယ်အိုင်နှင့်အတူ နေရောင်ခြည်ဦးကို ကြိုဆိုနေသည့် နှင်းစက်များနှင့် လိမ္မော်ဝါရောင် ပန်းပွင့်ချပ်လေးများ ဖြစ်သည်။ အဟန့်အတားများကို ဖောက်ထွက်ပြီး ရှင်သန်လိုသည့် အပြုသဘောဆောင်သော ယုံကြည်ချက်နှင့် တက်ကြွမှုကို သူမ ခံစားလိုက်ရသည်။
နောက်ဆုံးတွင် တန်ယန်သည် ထိုပန်းချီကားကို ယွမ် ၃၀၀,၀၀၀ ဟူသော မြင့်မားသည့် ဈေးနှုန်းဖြင့် လေလံအောင်သွားခဲ့သည်။ သူမသည် ကျင်ရှန်းဘက်သို့ လှည့်ကာ "ဒီပန်းချီကားက အခု ရှင့်ရဲ့ အခြေအနေနဲ့ အရမ်းလိုက်ဖက်တယ်လို့ ကျွန်မထင်တယ်။ ရှင်ဟာ အဟန့်အတားတွေကို ချိုးဖျက်ပြီး ဘဝသစ်ကို ပိုင်ဆိုင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်" ဟု ဆိုသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျင်ရှန်းမှာ ရင်ထဲတွင် လှိုက်တက်လာပြီး နှာခေါင်းထဲတွင် စပ်ဖျဉ်းဖျဉ်း ဖြစ်သွားရသည်။ နှစ်ပေါင်းများစွာ ရည်မှန်းချက်များ မအောင်မြင်ဘဲ ကြိတ်မှိတ် ခံစားခဲ့ရသမျှ ခါးသီးမှုများသည် ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူမ မြောက်ပိုင်းသို့ တစ်ကိုယ်တည်း ထွက်လာခဲ့စဉ်က သူမ၏ မိဘများမှာ သူမ၏ အိပ်မက်များကို အပြည့်အဝ ထောက်ခံပေးခဲ့ကြသည်။ သို့သော် နှစ်အတော်ကြာသည်အထိ အောင်မြင်မှု မရရှိခဲ့ခြင်းက ဆွေမျိုးသားချင်းများနှင့် အိမ်နီးနားချင်းများ၏ လှောင်ပြောင်ကဲ့ရဲ့မှုကို ဖြစ်စေခဲ့သည်။
အခြားသူများ၏ အမြင်တွင်မူ သာမန်မိသားစု နောက်ခံမှလာသော မိန်းကလေးတစ်ဦးက ဖျော်ဖြေရေး လောကတွင် နာမည်ရရန် ကြိုးစားခြင်းမှာ မဖြစ်နိုင်သော အိပ်မက်တစ်ခုမျှသာ ဖြစ်သည်။
သူမသည် အိမ်သို့လည်း ကြာကြာနေမှတစ်ခါ ပြန်ဖြစ်ပြီး၊ ပြန်ရောက်သည့် အခါတွင်လည်း "နင့်ကောင်းကျိုးအတွက် ပြောတာပါ" ဆိုသည့် စကားများကိုသာ ပုံစံအမျိုးမျိုးဖြင့် ကြားနေခဲ့ရသည်။ သူမ၏ မိဘများမှာမူ နေ့စဉ်နှင့်အမျှ သူမအပေါ် ဝေဖန်ပြောဆိုသံများကို မည်မျှအထိ ကြားနေရမည်နည်း။ သူတို့အတွက်ကော မည်မျှအထိ နာကျင်စရာ ကောင်းနေလိမ့်မည်နည်း။