တန်ချင်းရွှဲ့၏ စိုးရိမ်ပူပန်မှုများ
Vol. 8 Ch. 75
"မစ္စတန်... ကျွန်မကို ဘာလို့ ဒီလောက်တောင် ကောင်းပေးရတာလဲဟင်" ကျင်ရှန်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။ အခုမှ ဆုံဖူးကြခြင်း မဟုတ်ပါလား။
"ဒါကိုပဲ ရေစက်လို့ ခေါ်တာနေမှာပေါ့။ ရှင့်ကို မြင်မြင်ချင်းပဲ သဘောကျသွားတယ်၊ တစ်နေရာရာမှာ ဆုံဖူးသလိုမျိုးလေ" ဟု တန်ယန်က နောက်သလိုဖြင့် ပြောလိုက်သည်။
ဟုတ်ပါသည်၊ သူတို့ ဆုံဖူးကြပါသည်။ ယခင်ဘဝတုန်းက သူမသည် ကျင်ရှန်း၏ သာမန်ပရိသတ်တစ်ဦး ဖြစ်ခဲ့သည် မဟုတ်ပါလား။
ကျင်ရှန်းက ထိုစကားကို ယုံကြည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ "ကျွန်မလည်း ရှင့်ကို အရမ်း သဘောကျပါတယ်။ ရှင်က လှရုံတင်မကဘဲ စိတ်ထားလည်း ကောင်းလွန်းတယ်။ ဒီကမ္ဘာပေါ်မှာ ရှင့်လိုလူမျိုးတွေသာ ပိုများလာမယ်ဆိုရင် ပိုပြီးနွေးထွေးတဲ့ နေရာတစ်ခု ဖြစ်လာမှာပဲ"
သူမက စိတ်နှလုံး နွေးထွေးသူလား၊ တကယ်တော့ သူမသည် လူအများအပြားကို နွေးထွေးမှု ပေးနိုင်သည်မှာ အမှန်ပင်။ သို့သော် သူမက ထိုအရာကို တကယ်တမ်း ဂရုမစိုက်ခဲ့ဖူးပေ။ သူမ၏ အတွင်းစိတ်မှာ အနည်းငယ် အတ္တဆန်သည်။ သူမ၏မိသားစုနှင့် သူငယ်ချင်းများ ကောင်းကောင်းမွန်မွန် နေထိုင်ရဖို့ကိုသာ သူမ အလေးထားတတ်သည်။ အကယ်၍ ယနေ့ ကျင်ရှန်းနှင့် မဆုံခဲ့ပါက သူမအနေဖြင့် တကူးတက လိုက်လံရှာဖွေပြီး အခက်အခဲမှ ကယ်တင်ပေးနေလိမ့်မည် မဟုတ်ပေ။
လေလံပွဲမှာ ဆက်လက် ကျင်းပနေပြီး တန်ယန်ကတော့ ပရဟိတကို ထောက်ပံ့သည့် အနေဖြင့် ပစ္စည်းအချို့ကို ပေါ့ပေါ့ပါးပါးပင် လေလံဆွဲလိုက်သည်။ နေ့တစ်နေ့၏ အဆုံးသတ်တွင် အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်သည့် အစီအစဉ် ရှိသော်လည်း တန်ယန်ကတော့ စိတ်မဝင်စားသည့်အတွက် ပါဝင်ခြင်းမပြုဘဲ ပြန်ခဲ့တော့သည်။
နောက်တစ်နေ့တွင် ကျင်ရှန်းသည် ရိယွီကုမ္ပဏီမှ ဝန်ထမ်းတစ်ဦး၏ ဖုန်းဆက်သွယ်မှုကို ရရှိလိုက်သော အခါမှသာ သူမ၏ စိုးရိမ်ပူပန်မှုများ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ဒါဟာ အိပ်မက်တစ်ခု မဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်း သူမ နားလည်သွားခဲ့ပြီ ဖြစ်သည်။
*
ဇူးယုန်းဗီလာ၊ တန်မိသားစုအိမ်။
တန်ချင်းရွှဲ့သည် လူတစ်ယောက်လုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူမသည် ယခင်ကကဲ့သို့ ကြောက်ရွံ့ တုံ့ဆိုင်းနေသူ မဟုတ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိနေသူတစ်ဦး ဖြစ်လာသည်။ တန်ယန်နှင့်အတူ မုန့်ဆိုင်ဖွင့်လိုက်ကတည်းက သူမ၏ ကမ္ဘာလေးမှာ ပိုမိုတောက်ပ စိုပြေလာခဲ့သည်။
ယခင်က ယောက်ျားဖြစ်သူ၏အိမ်တွင် နေထိုင်စဉ်က မိသားစု တစ်ခုလုံးကို ပြုစုစောင့်ရှောက်ရန်အတွက် နေ့စဉ်စောစောထ၊ ညဉ့်နက်မှ အိပ်ခဲ့ရသော်လည်း အပြစ်တင် ဝေဖန်သံများကိုသာ အမြဲကြားခဲ့ရသည်။ ယခုအခါတွင်မူ သူမသည် သူမ၏ သမီးလေးနှင့်အတူ အမှန်တကယ် သာယာချမ်းမြေ့သော ဘဝကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
အိမ်၊ ကားနှင့်ငွေကြေး ပြည့်စုံလာသောအခါ သူမအား ရွှံ့နွံထဲမှ ဆွဲတင်ပေးခဲ့သည့် အစ်ကိုဖြစ်သူ၏ မိသားစုကို သူမ အမှန်တကယ် ကျေးဇူးတင်မိသည်။
သို့သော် မကြာသေးမီက သူမတွင် စိုးရိမ်ပူပန်မှု အသစ်တစ်ခု ရှိလာသည်။ အလွန်နွေးထွေးသော အမျိုးသား တစ်ဦးသည် သူမ၏ဘဝထဲသို့ ရောက်ရှိလာပြီး သူမကို ဆွဲဆောင်နေသည်။ သို့သော် သူမအနေဖြင့် နောက်အိမ်ထောင် မပြုလိုတော့ပေ။
ထိုအမျိုးသားက သူမနောက်သို့ မဆုတ်မနစ် လိုက်နေသဖြင့် သူမအနေဖြင့် ထိုအခြေအနေမှ ရှောင်တိမ်းသည့် နည်းလမ်းဖြင့်သာ ရင်ဆိုင်နေရသည်။
ထို့ကြောင့် တန်ယန် အိပ်ရာမှနိုး၍ မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာသောအခါ၊ ပုံမှန်ဆိုလျှင် ဆိုင်သို့ သွားနေကျဖြစ်သော သူမ၏အဒေါ်မှာ အိမ်၌ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ညအိပ်ဝတ်စုံကိုသာ ဝတ်ထားသဖြင့် ယနေ့ အပြင်သွားရန် အစီအစဉ်မရှိကြောင်း သိသာလှသည်။
"မင်္ဂလာနံနက်ခင်းပါ အဒေါ်။" ထမင်းစားခန်းထဲသို့ လမ်းလျှောက်ဝင်လာရင်း တန်ယန်၏ နှုတ်ဆက်စကားကြောင့် ကိုယ်ပိုင်ကမ္ဘာထဲတွင် အာရုံဝင်စားနေသော တန်ချင်းရွှဲ့မှာ လန့်ဖျပ်သွားရသည်။
"အာ ယန်ယန်၊ နိုးပြီလား၊ မင်္ဂလာနံနက်ခင်းပါ၊ ဘာစားချင်လဲ သမီး" တန်ချင်းရွှဲ့သည် မနက်စာ သွားယူပေးရန် အသင့်အနေအထားဖြင့် ထရပ်လိုက်သည်။
"မလိုပါဘူးအဒေါ်၊ အစ်မရုံ ယူလာပေးနေပြီ။" သူမ၏ နောက်ဘက်သို့ ညွှန်ပြလိုက်ရာ ချင်ယွီရုံသည် လင်ဗန်းတစ်ခုကို ကိုင်ဆောင်လျက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်ကို တွေ့ရသည်။
"ဪ... အေးအေး၊ ဒါဆိုရင်တော့... အဒေါ် သမီးအတွက် လိမ္မော်သီး သွားစိပ်ပေးမယ်။ ဒီလိုနေ့မျိုးမှာ လိမ္မော်သီးက အရည်လည်းရွှမ်း၊ ချိုလည်းချိုသလို အာဟာရလည်း သိပ်ရှိတာ။ လိမ္မော်သီးစားတာ သမီးအတွက် ကောင်းတယ်" ဟုပြောကာ တန်ချင်းရွှဲ့သည် မီးဖိုချောင်ဘက်သို့ ဦးတည်သွားတော့သည်။
တန်ယန်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။ သူမ၏အဒေါ် ဘာများဖြစ်နေသနည်း။
"အစ်မရုံ၊ အဒေါ်က ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရတာလဲ"
ချင်ယွီရုံက ခေါင်းခါပြသည်။ "ကျွန်မလည်း သေချာမသိဘူး။ မစ္စတန်က ဒီမနက် စောစောထကတည်းက ဒီမှာထိုင်ပြီး တစ်ခုခုကို စဉ်းစားနေတာ။" ဒီမနက်မနက်စာ ပြင်နေတုန်းကလည်း တန်ချင်းရွှဲ့တစ်ယောက် စိတ်လေနေသလို ဖြစ်နေသည်ကို သူမ သတိထားမိသည်။ တစ်စုံတစ်ယောက်နှင့်... အချစ်ရေး ပြဿနာများ ကြုံနေရသလားဟု သူမ တွေးမိသော်လည်း အတည်မပြုနိုင်သေးသည့် ကိစ္စကို ထုတ်မပြောရန်သာ ဆုံးဖြတ်လိုက်သည်။
တန်ယန်သည် ကတ်စတက်ပေါက်စီ တစ်လုံးကိုယူကာ တစ်ကိုက်ကိုက်လိုက်သည်။ ထို့နောက် သကြားမပါသော ပဲနို့ပူပူလေးကို သောက်လိုက်သော်လည်း သူမ၏ သံသယများကတော့ လျော့ပါးမသွားပေ။
"အား"
မီးဖိုချောင်ထဲမှ အလန့်တကြား အော်သံနှင့်အတူ အရာဝတ္ထုတစ်ခု ကွဲအက်သွားသည့်အသံ ထွက်ပေါ်လာသည်။
တန်ယန်သည် မနက်စာကို ချက်ချင်းချလိုက်ပြီး မီးဖိုချောင်သို့ အပြေးအလွှား သွားတော့သည်။ ချင်ယွီရုံလည်း သူမနောက်မှ ကပ်လိုက်သွားသည်။
သူမ မြင်လိုက်ရသည်မှာ ရဲရဲနီနေသည့် သွေးများပင် ဖြစ်သည်။ တန်ချင်းရွှဲ့သည် သူမ၏ ဘယ်ဘက်လက်ညှိုးကို ညာဘက်လက်ဖြင့် ဖိထားသော်လည်း လတ်လတ်ဆတ်ဆတ် သွေးများမှာ ဘယ်ဘက်လက်ညှိုးမှ ဆက်လက် စီးကျနေဆဲပင် ဖြစ်သည်။
ချင်ယွီရုံသည် ရှေးဦးသူနာပြု သေတ္တာကို အမြန်သွားယူပြီး၊ တန်ယန်ကတော့ တန်ချင်းရွှဲ့ကို မီးဖိုချောင်ထဲမှ တွဲထုတ်လာခဲ့သည်။ လမ်းလျှောက်လာရင်း "အဒေါ်ရယ်၊ ဘယ်လိုတောင် ဒီလောက် ဂရုမစိုက်ရတာလဲ၊ အမြန်ထွက်လာပြီး ဆေးထည့်ရအောင်" ဟု တတွတ်တွတ် ပြောနေတော့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက် ချင်ယွီရုံသည် တန်ချင်းရွှဲ့၏လက်ကို ပတ်တီးစီးပေးပြီးနောက် "နောက်နှစ်ရက်လောက်တော့ ရေမထိစေနဲ့ဦးနော်။ ရေချိုးမယ်ဆိုရင် ပလတ်စတစ်စနဲ့ပတ်ပြီး ရေလုံလက်အိတ် စွပ်ထားပါ" ဟု သတိပေးလိုက်သည်။
တန်ချင်းရွှဲ့သည် မျက်မှောင်အနည်းငယ်ကြုတ်ကာ ခေါင်းညိတ်ပြသော်လည်း သူမအမှန်တကယ် နားထဲဝင်သွားခြင်း ရှိ၊ မရှိကိုမူ မသေချာပေ။ တန်ယန်နှင့် ချင်ယွီရုံတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး မေးခွန်းထုတ်ရန် ပြင်ဆင်နေမိသမျှကို ပြန်လည် ထိန်းချုပ်လိုက်ကြသည်။
တန်ချင်းရွှဲ့သည် သူမ၏အခန်းထဲသို့ ပြန်ဝင်သွားခဲ့ရာ အောက်ထပ်တွင် တန်ယန်နှင့် ချင်ယွီရုံတို့နှစ်ဦးသာ ကျန်ရစ်တော့သည်။
"အစ်မရုံ၊ အဒေါ်တကယ်ပဲ အဆင်ပြေရဲ့လား၊ ဘယ်လို အခက်အခဲတွေများ ကြုံနေရလဲမသိဘူး၊ ကျွန်မတို့ကိုလည်း ဘာမှမပြောဘူး။ ကျွန်မတို့က အများကြီး မကူညီနိုင်ရင်တောင် အနည်းဆုံးတော့ အကြံဉာဏ်လေးတော့ ပေးလို့ရတာပဲလေ"
"ယန်ယန်၊ သိပ်ပြီး စိတ်မပူပါနဲ့။ မစ္စတန်က လူကြီးတစ်ယောက် ဖြစ်သလို ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ကိုယ်ပိုင်နည်းလမ်းတွေလည်း ရှိပါတယ်။ တကယ်လို့ သူ မဖြေရှင်းနိုင်တော့ဘူး ဆိုရင်တော့ သမီးကို သေချာပေါက် အကူအညီ တောင်းလာမှာပါ" ဟု ချင်ယွီရုံက တန်ယန့်ကို နှစ်သိမ့်စကား ဆိုပြီးနောက် မီးဖိုချောင်ထဲရှိ ပျက်စီးသွားသည်များကို သန့်ရှင်းရေးလုပ်ရန် ထွက်သွားခဲ့သည်။
"အစ်မရုံ၊ အိမ်တော်ထိန်းကျန်းရော မတွေ့မိပါလား" တန်ယန်သည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မတွေ့ရှိကြောင်း အတည်ပြုရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။
အိမ်တော်ထိန်းကျန်းမှာ နောက်မှ ငှားရမ်းထားသူဖြစ်ပြီး ချင်ယွီရုံမှာမူ တန်ယန်၏ ကိုယ်ပိုင်အိမ်တော်ထိန်းနှင့် လက်ထောက်အဖြစ်သာ တာဝန်ယူထားခြင်း ဖြစ်သည်။
"အိမ်တော်ထိန်းကျန်းက ညီမလေးရဲ့ တခြားအိမ်နှစ်လုံးကို သန့်ရှင်းရေး သွားလုပ်ပေးနေတာပါ။ မကြာခင် ပြန်ရောက်လာလိမ့်မယ်" ချင်ယွီရုံသည် အိမ်တော်ထိန်းကျန်း၏ လုပ်ဆောင်နိုင်စွမ်းအပေါ် အတော်လေး ကျေနပ်မိသည်။ အနည်းဆုံးတော့ သူက နေ့စဉ် အိမ်မှုကိစ္စများကို ကိုင်တွယ်ပေးနိုင်သဖြင့် သူမအနေဖြင့် တန်ယန်၏ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲရာတွင် ပို၍ အာရုံစိုက်နိုင်ခြင်း ဖြစ်သည်။
တန်ယန်က ခေါင်းညိတ်လိုက်သည်။ "ဒါနဲ့၊ ဦးလေးနဲ့ အဒေါ်တို့လည်း အခုဆိုရင် ပြောင်းလာလောက်ပြီ မဟုတ်လား။ ဒီနှစ်သစ်ကူးကတော့ တကယ့်ကို စည်ကားတော့မှာပဲ" မိသားစုဝင်အားလုံး အတူတူ နေထိုင်ရတော့မည့် အသိက သူမကို အလွန်ပင် ကျေနပ်အားရစေသည်။
ဒေါက်... ဒေါက်... ဒေါက်... နောက်ဘက်မှ အေးအေးလူလူ လမ်းလျှောက်လာသည့် အသံများ ထွက်ပေါ်လာသည်။
"မင်္ဂလာနံနက်ခင်းပါ အစ်မ၊ မင်္ဂလာပါ အစ်မရုံ" တန်ယွီသည် သမ်းဝေရင်း ထမင်းစားပွဲဆီသို့ လျှောက်လာသည်။ "စားစရာ ဘာရှိလဲ၊ ကျွန်တော် ဗိုက်အရမ်းဆာနေပြီ"
"ပေါက်စီ၊ ကြက်ဥကြော်၊ ပဲနို့နဲ့ နွားနို့ရှိတယ်။ တခြားတစ်ခုခု စားချင်တယ် ဆိုရင်လည်း အခုချက်ချင်း လုပ်ပေးလို့ ရပါတယ်" ဟု ချင်ယွီရုံက စာရင်းပေးလိုက်သည်။ တန်မိသားစုဝင်များမှာ အစားအသောက်နှင့် ပတ်သက်လျှင် အေးဆေးပြီး ဂျီမကျတတ်ကြပေ။
"ဒါဆို ကျွန်တော့်ကို ပေါက်စီနှစ်လုံး၊ ကြက်ဥကြော် တစ်လုံးနဲ့ နွားနို့ပဲပေးပါ။ ကျေးဇူးပါ အစ်မရုံ" တန်ယွီသည် မှာယူပြီးနောက် ချင်ယွီရုံကို ပြုံးပြလိုက်သည်။
"အိုကေ၊ ခဏစောင့်နော်" ချင်ယွီရုံသည် မီးဖိုချောင်ထဲသို့ဝင်ကာ တန်ယွီအတွက် မနက်စာကို အမြန်ဆုံး ယူဆောင်လာပေးခဲ့သည်။
"နင့်မျက်ကွင်းတွေကတော့ ပန်ဒါမျက်ကွင်းတွေ အတိုင်းပဲ။ မနေ့ညက ဘာတွေလုပ်နေတာလဲ" တန်ယန်က တန်ယွီကို မဲ့ကာ ကြည့်လိုက်သည်။
"အယ်... မဟုတ်ပါဘူး၊ အဲ့ဒါက... ကျွန်တော် အိပ်လို့မကောင်းလို့ပါ" တန်ယွီသည် အပြစ်ရှိသကဲ့သို့ မျက်နှာလွှဲလိုက်ပြီး ရှေ့ရှိ မနက်စာကိုသာ အာရုံစိုက်စားနေတော့သည်။
"ဪ... ဟုတ်လို့လား" တန်ယန်သည် လက်တစ်ဖက်ဖြင့် မေးထောက်ကာ ကျန်လက်တစ်ဖက်ကို ရင်ဘတ်ပေါ် ပိုက်ထားလိုက်သည်။ ဒီကောင်လေးကတော့ လိမ်ပြောပြီဆိုလျှင် မျက်လုံးက ဟိုဟိုဒီဒီ ရောက်တတ်သည်မှာ အကျင့်ပင်။ သူမကို တစ်ခုခု ဖုံးကွယ်ထားသည်မှာ သေချာလှသည်။
"ဟုတ်တယ်၊ ဟုတ်ပါတယ်ဆို။" တန်ယွီသည် ပေါက်စီကို အလောတကြီး အနည်းငယ် ကိုက်လိုက်ရာမှ သီးသွားတော့သည်။
စားသောက်ပြီးသည်နှင့် တန်ယွီသည် ထိုင်ရာမှထကာ ချက်ချင်းပင် လစ်ထွက်သွားတော့သည်။ ထိုကောင်လေး တစ်ခုခု ဖုံးကွယ်နေသည်ကို တန်ယန်က ပို၍ သေချာသွားသည်။ သူမကို ဘာတွေ ဖုံးထားသနည်း။ ရည်းစားများ ရနေပြီလား။
တန်ယွီသည် အခန်းထဲသို့ ပြန်ရောက်သောအခါ တံခါးကို သေသေချာချာ ဂျက်ထိုးလိုက်ပြီးမှ သက်ပြင်းချနိုင်တော့သည်။ နောက်ဆိုလျှင် တစ်ညလုံး ဂိမ်းဆော့ပြီး မအိပ်ဘဲ မနေတော့ပါ။ သူ့အစ်မက တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှသည်။
ဤသို့ဖြင့် တန်ယန်သည် နောက်ရက် အနည်းငယ်အထိ တန်ယွီကို စောင့်ကြည့်နေခဲ့သော်လည်း ဘာမှထူးခြားသည်ကို မတွေ့ရပေ။ သူမဘာသာ အပိုတွေ စဉ်းစားမိသည်ဟု မှတ်ယူကာ ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်မိသည်။ တကယ်ပင် အိပ်ရေးပျက်ခဲ့ခြင်းလည်း ဖြစ်နိုင်သည် မဟုတ်ပါလား။
နောက်တစ်နေ့သည် စမ်းသပ်အထက်တန်းကျောင်းမှ ကျောင်းသားများ ကျောင်းပြန်တက်ရမည့်နေ့ ဖြစ်သည်။ အမှတ်စာရင်းများ ထုတ်ယူပြီး ကျောင်းသန့်ရှင်းရေးကို အချောသတ် လုပ်ဆောင်ပြီးနောက်တွင်မူ သူတို့၏ ပျော်ရွှင်စရာ ဆောင်းရာသီ ကျောင်းပိတ်ရက်ကို တရားဝင် စတင်နိုင်ပြီဖြစ်သည်။ အဆင့် (၁၁)၊ အတန်း (၇) မှ ကျောင်းသားများ အားလုံး၏ မျက်နှာတွင် တောက်ပသော အပြုံးများ ကိုယ်စီရှိနေကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အတန်းသည် ယခုနှစ်ဆုံး စာမေးပွဲတွင် တစ်ကျောင်းလုံး၌ ပျမ်းမျှအမှတ် အမြင့်ဆုံးအတန်း ဖြစ်ခဲ့သောကြောင့်ပင် ဖြစ်ပါသည်။