← Chapters

အခန်း (၁၅၅၁-၁၅၅၃)

Vol. 80 Ch. 1551-1553

အခန်း (၁၅၅၁-၁၅၅၃)

Vol. 80 Ch. 1551-1553

အခန်း (၁၅၅၁) - စွမ်းဆောင်ရည်လား... အပြစ်လား

~"အန္တရာယ်"

ဖုန်းကျိန်းယွမ်၏ နှုတ်ဖျားမှ ထိုစကားလုံး ထွက်ပေါ်လာသည်နှင့် ဖုန်းရှောက်ခွန်း၏ လက်ဖက်ရည်ငှဲ့နေသော လက်များ တုန်ရီသွားချေသည်။

သူသည် ဖခင်ဖြစ်သူ၏ မျက်နှာထားကို အသာအယာ မော့ကြည့်မိလိုက်၏။ အသက်ကိုပင် ပြင်းပြင်းမရှူရဲတော့။ အဖေဖြစ်သူ၏ အရှိန်အဝါက သူ့ကို ဖိစီးထားသည်မှာ တောင်မကြီး တစ်လုံး ပိနေသကဲ့သို့ပင်။

ယဲ့ဖန်ကမူ လက်ဖက်ရည်သောက်နေခြင်းကို ခေတ္တမျှ ရပ်တန့်လိုက်ရုံမှတစ်ပါး ပုံမှန်အတိုင်းပင် တည်ငြိမ်အေးဆေးနေလေသည်။ ဖုန်းကျိန်းယွမ် ဤကိစ္စကို မေးမြန်းလာမည်ဟု သူ ကြိုတင်တွေးဆထားပြီး ဖြစ်သည့်အတွက် အံ့ဩမနေခဲ့ပေ။

သူသည် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ ဖြည်းညင်းစွာ ပြန်ချလိုက်ပြီး ဖုန်းကျိန်းယွမ်ကို ကြည့်လိုက်လေ၏။

"ဦးလေးဖုန်း... အဖြစ်မှန်ကို အတိအကျ သိထားရဲ့လား"

ဖုန်းကျိန်းယွမ်က ခေါင်းခါပြလိုက်သည်။

"ရှောက်ခွန်းက မင်းကို ကူညီဖို့ စနိုက်ပါသမားတချို့ ခေါ်သွားတယ်ဆိုတာလောက်ပဲ ငါသိထားတာ"

"ပြီးတော့ အဲ့ဒီစနိုက်ပါသမားတွေက (၁၂.၇) မီလီမီတာ ကျည်ဆန် စုစုပေါင်း (၂၆) ချက် ပစ်ခတ်ခဲ့တယ်"

"လုံလောက်တဲ့ အကြောင်းပြချက် မရှိဘူးဆိုရင် ဒါဟာ စည်းကမ်းကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာပဲ။ မသမာသူတွေသာ ဒီကိစ္စကို ကိုင်လှုပ်လိုက်ရင် ရှောက်ခွန်းတင်မကဘူး ငါပါ ဒုက္ခရောက်သွားနိုင်တယ်"

ပြောရင်းနှင့် ဖုန်းကျိန်းယွမ်ထံမှ မမြင်ရသော ဖိအားအရှိန်အဝါများ ထွက်ပေါ်လာလေ၏။ လေထုတစ်ခုလုံး တင်းမာသွားသယောင်။

"ဒါကြောင့် ရှောက်ခွန်းရဲ့ လုံခြုံရေးနဲ့ ငါ့ရဲ့ တာဝန်အရ... မောင်ရင်ယဲ့ အနေနဲ့ ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

မူလက ရယ်မောသံများဖြင့် ဖုံးလွှမ်းနေသော ခြံဝန်းလေးသည် ရုတ်ချည်းပင် လေးလံအုံ့မှိုင်းသွားချေသည်။

ဖုန်းရှောက်ခွန်းသည် သူ့အဖေနှင့် ယဲ့ဖန်တို့ ရန်ဖြစ်ကြတော့မည်ကို စိုးရိမ်တကြီး ကြည့်နေမိ၏။ သူသည် ကြောက်ရွံ့မှုကြောင့် တုန်ရီနေသော်လည်း အားတင်းကာ ဝင်ပြောလိုက်သည်။

"အဖေ"

"အဲ့ဒီညတုန်းကလေ..."

"ပါးစပ်ပိတ်ထားစမ်း"

ဖုန်းကျိန်းယွမ်က ဒေါသတကြီး ဟန့်တားလိုက်လေသည်။

"အခုက မင်း ဝင်ပြောရမယ့်အချိန် မဟုတ်ဘူး"

ဖုန်းရှောက်ခွန်းမှာ ဖခင်ဖြစ်သူ၏ ဟိန်းဟောက်သံကြောင့် ရှိစုမဲ့စု သတ္တိလေးများပင် ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ရှာတော့သည်။ သူသည် ခေါင်းငိုက်စိုက်ကျသွားပြီး ယဲ့ဖန်ကို အားနာသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်ရှာ၏။

ယဲ့ဖန်က ပြုံးလိုက်လေသည်။

"ရပါတယ်ကွာ... ငါပဲ ဦးလေးဖုန်းကို ရှင်းပြလိုက်ပါ့မယ်"

သူ စကားစမည် ပြုလိုက်စဉ်မှာပင် ခြံဝန်းအပြင်ဘက်မှ ရင်းနှီးနေသော အမျိုးသမီးအသံတစ်သံ ထွက်ပေါ်လာချေ၏။

"ဦးလေးဖုန်း... ဒီကိစ္စကို သမီး ရှင်းပြပါရစေ"

ထိုအသံပိုင်ရှင်မှာ နှုတ်ခမ်းထက်တွင် အပြုံးပန်းများ ဆင်မြန်းလျက် လှမ်းဝင်လာသည့် လုံခြုံရေးအဖွဲ့မှ ချန်းဖေးအယ် ပင်ဖြစ်၏။

"ဖေးအယ်... သမီး ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

ဖုန်းကျိန်းယွမ်က သူမကို မြင်သည်နှင့် မတ်တပ်ရပ်ကာ ကြိုဆိုလိုက်သည်။ ချန်းဖေးအယ်က ယဲ့ဖန်နှင့် ဖုန်းကျိန်းယွမ်ကြားတွင် ဝင်ထိုင်လိုက်လေ၏။ သူမမျက်နှာပေါ်မှ အပြုံးကတော့ ပျောက်မသွားသေး။

"သမီး ယဲ့ဖန်ကို လာရှာတာပါ"

"ယဲ့ဖန်ကို လာရှာတာ ဟုတ်လား... သမီးနဲ့ ယဲ့ဖန်ကလည်း ရင်းနှီးကြတာလား"

"ပြီးတော့ ယဲ့ဖန်က ရှောက်ခွန်းကိုခေါ်ပြီး စနိုက်ပါတွေ သုံးခဲ့တဲ့ကိစ္စကို သမီးက ဘာလို့ ရှင်းပြချင်ရတာလဲ"

ချန်းဖေးအယ်က ဖုန်းကျိန်းယွမ်ကို ချက်ချင်းမဖြေဘဲ ယဲ့ဖန်ကို မျက်စောင်းတစ်ချက် ထိုးလိုက်လေသည်။

"ရှင်ကလည်း... ဦးလေးဖုန်းကို အဖြစ်မှန်အတိုင်း ဖွင့်ပြောလိုက်ရင် ပြီးနေတဲ့ကိစ္စကို... ဘာလို့ လူကို စိတ်လှုပ်ရှားအောင် လုပ်နေရတာလဲ"

ယဲ့ဖန်မှာ ပြောစရာစကား မရှိတော့ချေ။ သူက ပြောမလို့လုပ်တုန်း ရှိသေးသည် မဟုတ်ပါလော။

ဖုန်းကျိန်းယွမ်မှာမူ ပို၍ပင် မျက်စိလည်သွားရလေသည်။

"တကယ်တော့ ဘာတွေဖြစ်ခဲ့ကြတာလဲကွ"

"ဖေးအယ်... သမီးပြောလေ ငါပိုပြီး နားမလည်လေ ဖြစ်နေပြီ"

"တကယ်တော့ ဒီကိစ္စက ရှင်းရှင်းလေးပါ ဦးလေးဖုန်း... ဦးလေးဖုန်း ကိုးပြည်ထောင်ဖိုကြီးတွေအကြောင်း ကြားဖူးတယ်မလား"

"ကြားဖူးတာပေါ့ကွ... အဲ့ဒါက နိုင်ငံတော်အဆင့် ရတနာတွေလေ... မကြားဖူးဘဲ နေမလား"

"လွန်ခဲ့တဲ့ ရက်ပိုင်းက လုံခြုံရေးအဖွဲ့က ယွီကျိုးဖိုကြီးကို ရှာတွေ့ခဲ့တုန်းကဆို ပါလီမန် အမတ်ကြီးတွေနဲ့ ဥက္ကဌကြီးတောင် အရမ်းဝမ်းသာသွားကြတာ မဟုတ်လား"

"လုံခြုံရေးအဖွဲ့လည်း ဆုတွေ တော်တော်ရလိုက်တယ်လို့ ကြားတယ်"

ချန်းဖေးအယ်က ခေါင်းညိတ်ပြလိုက်သည်။

"အခု ယဲ့ဖန်က ရှောက်ခွန်းကို အကူအညီတောင်းပြီး စနိုက်ပါတွေ ခေါ်သွားတာက အခြား ကိုးပြည်ထောင်ဖိုကြီး တစ်လုံးကို ပြန်လည်သိမ်းပိုက်ဖို့ပါ"

"ဘာ"

ဖုန်းကျိန်းယွမ် ခေတ္တမျှ ကြောင်အသွားမိသည်။

ချန်းဖေးအယ်က ဆက်ပြောလိုက်၏။

"ယဲ့ဖန်က ဖြစ်ကြောင်းကုန်စင် သမီးကို ပြောပြထားပြီးသားပါ"

"ယန်ကျိုးဖိုကြီးက ကျန်းကောမြို့မှာရှိတဲ့ ရာဇဝတ်ဂိုဏ်း တစ်ခုဆီ ရောက်နေမှန်း သူ မတော်တဆ သိလိုက်ရတယ်လေ... ပြီးတော့ အဲ့ဒီဂိုဏ်းက အရမ်းအင်အားကြီးပြီး ထွက်ပြေးဖို့ ကြိုးစားနေတာတဲ့"

"ဒါကြောင့် သူလည်း လူတချို့စုပြီး အဲ့ဒီဂိုဏ်းကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပေါ့"

"အခြေအနေမဟန်ရင် ကူညီဖို့အတွက် ရှောက်ခွန်းဆီကနေ စနိုက်ပါသမားတွေကို အရန်အနေနဲ့ ခေါ်သွားခဲ့ရတာပါ"

"သူက ရာဇဝတ်ဂိုဏ်းကို ခြေမှုန်းပြီး ယန်ကျိုးဖိုကြီးကို တိုင်းပြည်ထဲမှာပဲ ဆက်ရှိနေအောင် တန်ကြေးကြီးကြီး ပေးဆပ်ပြီး ကာကွယ်ခဲ့တာပါ"

သူမပြောနေသည်များက ယဲ့ဖန် လီဆယ်ထားသည့် ဇာတ်လမ်း၏ အကျဉ်းချုပ် ဗားရှင်းသာ ဖြစ်သော်လည်း အမှန်တရားနှင့် သိပ်မကွာလှပေ။

ဖုန်းရှောက်ခွန်းကလည်း ခေါင်းကို ကြက်ကလေး စပါးကောက်သလို တဆက်ဆက် ညိတ်ပြရှာသည်။

"ဟုတ်တယ် အဖေ"

"အဲ့တုန်းက ဆရာက ယန်ကျိုးဖိုကြီး ပါသွားမှာစိုးလို့ ကျွန်တော့်ကို အကူအညီတောင်းခဲ့တာပါ"

"အဲ့ဒီ ရာဇဝတ်ကောင်တွေက တော်တော်စွမ်းတယ်ဗျ... စစ်ဇုန်က အထူးတပ်ဖွဲ့ဝင်တွေထက်တောင် မညံ့ဘူး... ပြီးတော့ သိပ်ကောက်ကျစ်တာ"

"နေဦး... နေဦး... ခဏနေကြဦး"

ဖုန်းကျိန်းယွမ်က လက်ကာပြလိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်လေသည်။

"ငါ့ခေါင်းထဲ ရှင်းသွားအောင် အရင်စဉ်းစားပါရစေဦး"

ဖုန်းရှောက်ခွန်းနှင့် ချန်းဖေးအယ်တို့ စကားသံ တိတ်သွားကြသည်။ ဖုန်းကျိန်းယွမ်က စိတ်ကို ပြန်လည်ငြိမ်သက်အောင် ထိန်းလိုက်ပြီးမှ သူတို့နှစ်ဦးကို ကြည့်လိုက်၏။

"ဆိုတော့... ဖေးအယ် ဆိုလိုချင်တာက ယဲ့ဖန်အနေနဲ့ အခြေအနေအရ မလွှဲမရှောင်သာလို့ ရှောက်ခွန်းဆီကနေ စနိုက်ပါအဖွဲ့ကို အကူအညီတောင်းခဲ့ရတယ်... ပြီးတော့ သူ့ရည်ရွယ်ချက်ကလည်း နိုင်ငံတော်ရတနာကို ကာကွယ်ဖို့ပေါ့... ဟုတ်လား"

"သူ့ရဲ့ စေတနာက ကောင်းပါတယ်"

ချန်းဖေးအယ်က ဖြည့်စွက်ပြောလိုက်သည်။

"တိုင်းပြည်ရဲ့ ရတနာကို တိုင်းပြည်ထဲမှာပဲ ဆက်ရှိနေအောင် လုပ်ပေးခဲ့တာလေ"

ဖုန်းကျိန်းယွမ်မှာ ပြောစရာစကားမဲ့သွားလေ၏။

ချန်းဖေးအယ်က ဆက်ပြောလိုက်သည်။

"ဦးလေးဖုန်း... သမီးက ဘာလို့ ယဲ့ဖန်ကို လာရှာတာလဲဆိုပြီး စောစောက သိချင်နေတယ်မလား"

"တကယ်တော့ အဖွဲ့အစည်းက သမီးကို ယဲ့ဖန်ဆီကနေ ယန်ကျိုးဖိုကြီး လက်ခံယူဖို့ လွှတ်လိုက်တာပါ"

"သူ့ရဲ့ အချိန်မီ စီစဉ်ဆောင်ရွက်မှုနဲ့ အသက်စွန့် တားဆီးမှုတွေကြောင့်သာ ယန်ကျိုးဖိုကြီးကို ပြန်ရခဲ့တာပေါ့"

"အဲ..."

ဖုန်းကျိန်းယွမ် ဆွံ့အသွားရ၏။

ချန်းဖေးအယ်က ဖုန်းကျိန်းယွမ်ကို ရှင်းပြပြီးသည်နှင့် ယဲ့ဖန်ဘက်သို့ လှည့်လိုက်ပြီး ပြုံးစစဖြင့် မေးလိုက်သည်။

"ကဲ... နိုင်ငံ့အကျိုးဆောင်ကြီးရေ... ယန်ကျိုးဖိုကြီးက အခုဘယ်မှာလဲ"

"လုံခြုံရေးအဖွဲ့ အထက်လူကြီးတွေက ဒီရတနာကို အရမ်းအလေးထားနေတာ... သမီးကိုတောင် ကျန်းကောကို အမြန်ဆုံးသွားပြီး လွှဲပြောင်းယူဖို့ အကြိမ်ကြိမ် မှာလိုက်တယ်"

"ရှင် အဆင်ပြေမယ်ဆိုရင် ဦးလေးဖုန်းနဲ့ လက်ဖက်ရည်သောက်ပြီးတာနဲ့ ပစ္စည်းသွားလွှဲကြမယ်လေ"

ဒီမိန်းမလှလေး သူ့ကို ကူညီပေးနေမှန်း ယဲ့ဖန် ရိပ်မိလိုက်သည်။

ဖုန်းကျိန်းယွမ်ကလည်း သူ့ကို ကြည့်နေသည်ကို မြင်တော့ ယဲ့ဖန်က ပြုံးလိုက်လေသည်။

"ကောင်းပါပြီဗျာ"

"ကျွန်တော်လည်း ဆုကြေးငွေ မြန်မြန်ရမယ့်အချိန်ကို မစောင့်နိုင်တော့ပါဘူး”

အခန်း (၁၅၅၂) - ဆရာကတော်လို့ ခေါ်လိုက်တော့ ချန်းဖေးအယ် ရှက်သွေးဖြာသွားခြင်း

~ဖုန်းကျိန်းယွမ်က ယဲ့ဖန်ကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားရ၏။

ခဏကြာတော့မှ သူ တစ်ခုခုကို သတိပြုမိသွားပုံရကာ မျက်နှာထား ပြောင်းသွား၏။

"စောစောက မောင်ရင် ဘာပြောလိုက်တာလဲ... အမြန်ဆုံး ဟုတ်လား"

"ဒါဆို မောင်ရင်က အရင်တုန်းကလည်း လုံခြုံရေးအဖွဲ့ဆီကနေ အခြားဆုကြေးတွေ ရဖူးတယ်ပေါ့"

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေရန် ပြင်လိုက်သည်။

ထိုစဉ် ချန်းဖေးအယ်က တစ်စုံတစ်ခုကို တွေးမိသွားပုံရကာ ရုတ်တရက် ပြုံးလိုက်လေ၏။

"ယဲ့ဖန်သာ မပြောရင် သမီးလည်း ဒီကိစ္စကို မေ့နေတော့မှာ"

"ဦးလေးဖုန်း မသိသေးလို့ပါ... ယွီကျိုးဖိုကြီးကို ပြန်ယူလာနိုင်ခဲ့တာကလည်း ယဲ့ဖန်ပါပဲ"

"သမီးက သူ့ကို ပူးပေါင်းကူညီပြီး ဂျပန်အထိ သွားပြီးတော့ စစ်ဆင်ရေး လုပ်ခဲ့ရတာလေ"

"အဲ့ဒီ စစ်ဆင်ရေးက မလွယ်ဘူး ဦးလေး"

"ဂျပန်က ယာမာဂူချီ မိသားစုရယ်... နင်ဂျာမျိုးနွယ်စုရယ်... ပြီးတော့ ငွေကြေးအုပ်စုကြီး တချို့လည်း ပါသေးတယ်"

"ယဲ့ဖန်သာ ပါးရည်နပ်ရည်မရှိဘဲ လုံလောက်တဲ့ ပြင်ဆင်မှုတွေ မလုပ်ခဲ့ရင် ကျားပါးစပ်ထဲက အစာကို ဘယ်လုယူနိုင်ပါ့မလဲ"

ဖုန်းကျိန်းယွမ် ကြားလိုက်ရချိန်မှာတော့ သိသိသာသာကို အံ့အားသင့်သွားမိသည်။ ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည့်အခါ အရင်က တည်ငြိမ်နေခဲ့သော မျက်နှာထားက ပြောင်းလဲသွားရ၏။

"ဒါဆို ဖေးအယ်ပြောပုံအရ လုံခြုံရေးအဖွဲ့က ပါလီမန်ဆီကနေ ဆုတွေရလိုက်တာက ယဲ့ဖန်ကြောင့်ပေါ့ ဟုတ်လား"

ချန်းဖေးအယ် ခေါင်းညိတ်လိုက်ပြီး လျင်မြန်စွာ ပြောလိုက်သည်။

"ဒါပေါ့... ဒါကြောင့်မို့လို့ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်က သူ့ကို အရမ်းကျေးဇူးတင်နေတာလေ"

"ယဲ့ဖန်ရဲ့ အခြေခံ အချက်အလက်တွေကို လေ့လာပြီးတဲ့နောက်မှာ သူ့ကို လုံခြုံရေးအဖွဲ့ရဲ့ အထူးကျွမ်းကျင်သူအဖြစ် ဖိတ်ခေါ်ထားပါတယ်"

"တိတိကျကျ ပြောရရင်တော့ သူက လုံခြုံရေးအဖွဲ့ရဲ့ တစ်ဝက်သော အဖွဲ့ဝင်ပါပဲ"

"ဒါဆိုရင်..."

ဖုန်းကျိန်းယွမ် မျက်နှာထား ပြောင်းသွား၏။

"သူက ရှောက်ခွန်းကို သီးသန့်ခေါ်ပြီး စနိုက်ပါတွေ သုံးခဲ့တဲ့ ကိစ္စကရော"

ချန်းဖေးအယ်ကတော့ ယဲ့ဖန်အတွက် ဖြေရှင်းဖို့ နည်းလမ်း ရှာတွေ့ထားပြီးသား ဖြစ်ပုံ ရသည်။ သူမက ယဲ့ဖန်ကို ပြုံးပြလိုက်ပြီး ပြောလိုက်လေ၏။

"ယဲ့ဖန်က လုံခြုံရေးအဖွဲ့က အထူးငှားရမ်းထားတဲ့ ကျွမ်းကျင်ပညာရှင်လေ... မစ်ရှင်အတွက် ကျန်းကော စစ်မျက်နှာပြင်က လူတွေကို အကူအညီတောင်းတာ ယုတ္တိရှိပါတယ်... မဟုတ်ဘူးလား"

"ပြီးတော့ ယဲ့ဖန်က ယန်ကျိုးဖိုကြီးလို နိုင်ငံတော်ရတနာကို ကာကွယ်ဖို့ အရေးကြီးမစ်ရှင် လုပ်နေတာလေ... ကျန်းကောက စနိုက်ပါတွေကို အကူအညီတောင်းတာ ဘာမှားလို့လဲ"

"ဒီကိစ္စသာ ပေါက်ကြားသွားရင်တောင် ဘယ်သူက အပြစ်ရှာရဲမှာလဲ"

ဖုန်းကျိန်းယွမ်လည်း ဒီအချက်ကို တွေးမိသွားပုံ ရသည်။ သူ၏ လေးနက်တည်ကြည်နေသော မျက်နှာထားက လုံးဝ လျော့ကျသွားတော့သည်။

"အခု သမီးပြောမှပဲ ဟုတ်သလိုလို ရှိသား"

သို့သော် ချန်းဖေးအယ် ပြောချင်သည်မှာ ဤမျှနှင့် မပြီးသေးပေ။

"ဒါ့အပြင် ဦးလေးဖုန်း စဉ်းစားကြည့်လေ"

"ဒီတစ်ခါ ယဲ့ဖန်က ကျန်းကော စစ်မျက်နှာပြင်က လူတွေကို ဖိတ်ခေါ်ပြီး နိုင်ငံတော်ရတနာ ယန်ကျိုးဖိုကြီးကို ကာကွယ်တဲ့ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ခဲ့တာ"

"ယဲ့ဖန်ရဲ့ ဦးဆောင်မှုက စွမ်းဆောင်ရည်ရတဲ့အပြင် ဦးလေးသားနဲ့ သူခေါ်သွားတဲ့ စနိုက်ပါသမားတွေကလည်း ဒီမစ်ရှင်မှာ ပါဝင်ကူညီခဲ့ကြတာလေ"

ဘေးနားမှာ လက်ဖက်ရည် ငှဲ့ပေးနေသည့် ဖုန်းရှောက်ခွန်း ခမျာ ကြောင်အသွားရသည်။ ဖုန်းကျိန်းယွမ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွား၏။

ယဲ့ဖန်ပင်လျှင် မှင်သက်သွားရချေသည်။

အရင်ကတော့ ဖုန်းကျိန်းယွမ် သူ့ကို အပြစ်တင်လိမ့်မည်ဟု သူ သိထားခဲ့သည်။ သူ စဉ်းစားထားသည့် တန်ပြန်ဖြေရှင်းနည်းက နိုင်ငံတော်ရတနာကို ကာကွယ်သည် ဆိုပြီး ပြောရုံလောက်သာ။

ချန်းဖေးအယ်ကတော့ မတူပေ။

သူမ ပေါ်လာသည့်အချိန်က စပြီး ပြောသမျှ စကားလုံးတိုင်းက ချိတ်ဆက်နေလေ၏။

ပထမဆုံး နိုင်ငံတော်ရတနာ ယန်ကျိုးဖိုကြီးကို ကာကွယ်ဖို့ စနိုက်ပါတွေ သုံးသည်ဟု ပြောသည်။

ထို့နောက်မှာတော့၊ ယွီကျိုးဖိုကြီး ကိစ္စတုန်းက သူ၏ စွမ်းဆောင်ရည်တွေကို ထောက်ပြသည်။

နောက်ပြီး သူ၏ လက်ရှိရာထူးကို ပြောသည်။ သူက လုံခြုံရေးအဖွဲ့၏ တစ်ဝက်သော အဖွဲ့ဝင်ဖြစ်ပြီး မစ်ရှင်ထမ်းဆောင်ဖို့အတွက် တိုင်းပြည်အတွင်းရှိ စစ်ဇုန်အားလုံးကို အကူအညီတောင်းခွင့် ရှိသည်ဟု ဆိုလိုလိုက်ခြင်းပင်။

နောက်ဆုံး သေရေးရှင်ရေး တိုက်ကွက်ကတော့ ဖုန်းရှောက်ခွန်းနှင့် ယဲ့ဖန်ကို ကူညီခဲ့သည့် စနိုက်ပါသမားတွေ အားလုံး ဒီစစ်ဆင်ရေးမှာ ပါဝင်ကူညီခဲ့ကြသည် ဆိုသည့် အချက်ပင် ဖြစ်တော့သည်။

သူမ၏ ရှင်းပြချက် တစ်ခုလုံးက ဆိုးကျိုးကို ကောင်းကျိုး ဖြစ်အောင် ပြောင်းပစ်လိုက်သည့်အလား။

ဒါ့အပြင် သူမ၏ ရှင်းပြချက်က အလွန်ကျိုးကြောင်းဆီလျော်ပြီး ဘယ်သူမှ အပြစ်ရှာ၍ မရနိုင်ချေ။ သူမ၏ အဆင့်အတန်းက တကယ့်ကို မြင့်မားလွန်းလှပေသည်။

'ငါ့ခေါင်းဆောင်က တကယ်ကို မခေပါလား'

ယဲ့ဖန် စိတ်ထဲမှ နေ၍ ချန်းဖေးအယ်ကို လက်မထောင်ပေးလိုက်မိသည်။

သို့သော် ချန်းဖေးအယ်ကတော့ မျက်နှာထား မပျက်ဘဲ ဖုန်းကျိန်းယွမ်ကို ဆက်ကြည့်နေလေ၏။

"ယဲ့ဖန် လက်ထဲက ယန်ကျိုးဖိုကြီးသာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ရင် ဦးလေးသား ဦးဆောင်တဲ့ စနိုက်ပါ အဖွဲ့က အနည်းဆုံးတော့ ဒုတိယတန်းစား စုပေါင်းဂုဏ်ပြုဆု လျှောက်ထားလို့ ရပြီ"

"ဒုတိယတန်းစား ဂုဏ်ပြုဆု ဟုတ်လား"

ဖုန်းရှောက်ခွန်း ကြားလိုက်ရချိန်တွင် မေးရိုးပြုတ်ကျလုမတတ် ဖြစ်သွား၏။ စိတ်ကူးယဉ်ပုံပြင် တစ်ပုဒ်ကို ကြားလိုက်ရသလို သူ့ပါးစပ် ဟသွားလေ၏။

"မနောက်ပါနဲ့ဗျာ"

"သာမန်ဆိုရင် တပ်မဟာ တစ်ခုလုံးတောင် တစ်နှစ်မှ တစ်ယောက် ရဖို့ မလွယ်တဲ့ ဆုလေ... ဒုတိယတန်းစား စွမ်းဆောင်ရည်ဆိုတာ အာဏာသက်ရောက်မှု အရမ်းမြင့်တာဗျ... ကျွန်တော်တို့လိုလူတွေ ဒုတိယတန်းစားဆု ရဖို့ဆိုတာ အနည်းဆုံးတော့ နိုင်ငံတကာ မစ်ရှင်တွေ... သိုင်းပြိုင်ပွဲတွေမှာ ဆုရမှ ဖြစ်တာလေ... အဲ့ဒီလို သိုင်းပြိုင်ပွဲတွေမှာ အဆင့်ကောင်းကောင်း ရမှသာ နှစ်ကုန် စွမ်းဆောင်ရည် စစ်ဆေးတဲ့အခါ ဒုတိယတန်းစားဆု ရနိုင်တာ"

ဖုန်းကျိန်းယွမ်မှာတော့ တစ်ခဏမျှ စဉ်းစားလိုက်သော်လည်း တစ်စုံတစ်ခုကို နားလည်သွားပုံ ရသည်။

"ဖေးအယ် ပြောတာသာ အမှန်ဆိုရင် မောင်ရင်ယဲ့က လုံခြုံရေးအဖွဲ့ရဲ့ ပြင်ပပညာရှင် အစစ်ပဲ... ယန်ကျိုးဖိုကြီးကို ကာကွယ်ဖို့ ကူညီပေးတဲ့ တာဝန်က မင်းတို့အဖွဲ့လိုက် ဒုတိယတန်းစားဆု ရဖို့ လုံလောက်ပါတယ်"

"ရှောက်ခွန်း... မင်းဆရာနဲ့ ဖေးအယ်ကို လက်ဖက်ရည် သောက်ဖော်လုပ်ပေးလိုက်ဦး"

"ငါ အခြေအနေကို အတည်ပြုဖို့ ဖုန်းနှစ်ကောလ်လောက် ဆက်လိုက်ဦးမယ်"

ပြောပြီးသည်နှင့် သူက ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို ခေါင်းညိတ်ပြကာ အခန်းထဲသို့ လျင်မြန်စွာ ဝင်သွားလေတော့သည်။

ဖုန်းကျိန်းယွမ် ထွက်သွားသည်နှင့် ဖုန်းရှောက်ခွန်းက မနေနိုင်မထိုင်နိုင် ဖြစ်လာကာ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။

"ဆရာ... ခုနက ဆရာကတော် ပြောသွားတာတွေက တကယ်လားဗျ"

ယဲ့ဖန်မှာ လက်ဖက်ရည် သောက်နေရင်း သီးသွားလေတော့သည်။

"အဟွတ်"

ချန်းဖေးအယ် မျက်နှာလေးလည်း ရဲခနဲ ဖြစ်သွားပြီး လက်ဖက်ရည်သောက်နေရင်း ရပ်တန့်ကာ ယဲ့ဖန်ကို မျက်စောင်းထိုးလေ၏။

ယဲ့ဖန်က သူမ ဘာလို့ စိုက်ကြည့်နေလဲဆိုတာ နားမလည်သော်လည်း ဖုန်းရှောက်ခွန်းကို လှမ်းပြောလိုက်သည်။

"လျှောက်မပြောနဲ့"

"ဖေးအယ်က ငါ့ခေါင်းဆောင်ကွ"

"ခေါင်းဆောင် ဟုတ်လား"

ဖုန်းရှောက်ခွန်းက မယုံကြည်သည့်ဟန်ဖြင့် သူတို့နှစ်ဦးကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

ချန်းဖေးအယ်ကတော့ နေရခက်သွားပုံရပြီး လက်ဖက်ရည်ကိုသာ ဟန်လုပ်သောက်နေလိုက်တော့သည်။

သို့သော် ယဲ့ဖန်က ဖုန်းရှောက်ခွန်းအား ဆူထည့်လိုက်လေ၏။

"မယုံဘူးလား"

"အတိုချုပ်ပြောရရင် သူ့ကို အဲ့လိုမခေါ်နဲ့"

"ဟုတ်"

ဖုန်းရှောက်ခွန်း မယုံသော်လည်း လိမ္မာသွားလေသည်။

ယဲ့ဖန် စကားလမ်းကြောင်း လွှဲလိုက်၏။

"မင်းအဖေရဲ့ ရာထူးနဲ့ဆို ဖုန်းတစ်ချက်ဆက်ရုံနဲ့ အရာရာကို စုံစမ်းလို့ရတယ်... ဖေးအယ်က ပေါက်ကရတွေ ဘယ်လို ပြောရဲမလဲ"

"ဒါဆို ဆရာက တကယ်ပဲ လုံခြုံရေးအဖွဲ့က အထူးငှားရမ်းထားတဲ့ ပညာရှင်ပေါ့"

ဖုန်းရှောက်ခွန်း ပြန်လည် စိတ်လှုပ်ရှားလာပြန်သည်။

ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။

"စာရွက်စာတမ်း အထောက်အထား အစုံနဲ့ပါတဲ့အမျိုးပေါ့ကွာ"

"ဒါကြောင့် အဲ့ဒီညက ငါ့ကိုကူညီဖို့ စနိုက်ပါသမား (၅) ယောက် ခေါ်လာတာက... အော်... မဟုတ်ဘူး... ငါနဲ့ ပူးပေါင်းဆောင်ရွက်တာက အပြစ်မရှိတဲ့အပြင် ဆုတောင် ရဦးမှာ"

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောရန် ပြင်လိုက်သည်။

"ရှောက်ခွန်း... မင်းက ဘာလို့ ဒါကို မေးနေသေးတာလဲ"

အခန်းထဲမှ ပျော်ရွှင်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်းဆရာနဲ့ ဖေးအယ်ကို မြန်မြန် လက်ဖက်ရည် ထည့်ပေးလိုက်စမ်း"

"အခု မင်းက မင်းဆရာကို ကျေးဇူးအကြီးကြီး တင်သွားပြီ"

ဖုန်းကျိန်းယွမ် ပင်ဖြစ်၏။

ချန်းဖေးအယ် ပေးသည့် သတင်းအချက်အလက်ကို သူ အတည်ပြုပြီးပုံ ရသည်။ အခန်းထဲမှ ပြန်ထွက်လာသည့်အခါ သူ့မျက်နှာထားက အလွန်အမင်း ပေါ့ပါးနေလေတော့၏။

အခန်း (၁၅၅၃) - ဒီကောင်က ဘယ်လိုလုပ် သိနေရတာလဲ

~ဖုန်းရှောက်ခွန်းခမျာ အခြေအနေကို ချက်ချင်း လိုက်မမီနိုင်တော့။ ယဲ့ဖန်ရှေ့တွင် ကြက်သေသေပြီး ငိုင်၍ ရပ်နေမိရှာသည်။

ဖုန်းကျိန်းယွမ် ပြန်ထိုင်လိုက်တော့မှ သူ အသိပြန်ဝင်လာလေ၏။ ထို့နောက် ကပျာကယာ မတ်တပ်ရပ်ကာ မေးလိုက်မိသည်။

"အဖေ... အဖေ ဆိုလိုတာက"

ဖုန်းကျိန်းယွမ် ခေါင်းညိတ်ပြလိုက်လေသည်။

"ငါ့ရဲဘော်ဟောင်းတွေကို လှမ်းမေးပြီး အတည်ပြုလိုက်ပြီ"

"မင်းဆရာက လုံခြုံရေးအဖွဲ့ရဲ့ အထူးငှားရမ်းထားတဲ့ ပညာရှင်အစစ်ပဲ... သူ့မှာ ကျိုးကြောင်းဆီလျော်တဲ့ အတိုင်းအတာ တစ်ခုအထိ မစ်ရှင် လုပ်ဖို့အတွက် စနိုက်ပါအဖွဲ့ကို ခေါ်ယူသုံးစွဲခွင့် အာဏာရှိတယ်"

"ဒါ့အပြင် သူက ယွီကျိုးဖိုကြီးကို ဂျပန်ကနေ ပြန်ယူလာပေးနိုင်ခဲ့တာ တကယ်ပဲ"

"ဝိုး"

ဖုန်းရှောက်ခွန်း ပါးစပ်အဟောင်းသားဖြင့် အာမေဋိတ်သံ ပြုလိုက်မိချေ၏။

"တကယ်ကို ကျွန်တော့်ဆရာကြီးပါပဲဗျာ"

"လှုပ်ရှားပြီဟေ့ ဆိုတာနဲ့ လက်ဖွာလိုက်တာမှ လွန်ရော... ဒါတောင် ကျွန်တော့်ကို ဖုံးကွယ်ထားသေးတယ်... လုံခြုံရေးအဖွဲ့ရဲ့ အထူးပညာရှင် ဖြစ်နေပြီ ဆိုတာကို မပြောပြဘူး"

ယဲ့ဖန်မှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေရတော့သည်။

လုံခြုံရေးအဖွဲ့က ပေးတဲ့ အထူးပညာရှင် ဆိုသည့် ရာထူးက ဒီလောက်အထိ အာဏာရှိမှန်း သူမှ မသိခဲ့ဘဲ။

အရင်တုန်းက လုံခြုံရေးအဖွဲ့၏ ဂုဏ်ပုဒ်ကို အသုံးပြုခဲ့ဖူးသော်လည်း ဒီလောက်ကြီး ခံစားချက်မရှိခဲ့။ သူက အထူးပညာရှင် ဆိုတာကိုတောင် သတိမထားမိခဲ့ပေ။

ဒါကြောင့်လည်း ဖုန်းရှောက်ခွန်းတို့ရှေ့မှာ ဘာမှ ထုတ်မပြခဲ့ခြင်း ဖြစ်ချေသည်။

ဒီရာထူးက ဖုန်းကျိန်းယွမ်တို့လို လူတွေနှင့် အစိုးရပိုင်းဆိုင်ရာမှာ ဒီလောက်အထိ သက်ရောက်မှု ရှိလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ဖုန်းကျိန်းယွမ်က လက်ဖက်ရည်ခွက်ကို ပြန်ကောက်ကိုင်လိုက်ပြီး ခွက်နှုတ်ခမ်းကို အနည်းငယ်နှိမ့်ကာ ယဲ့ဖန်၏ ခွက်နှင့် တိုက်လိုက်လေသည်။

"မောင်ရင်ယဲ့... ငါ မောင်ရင့်ကို ထပ်ပြီး ဂုဏ်ပြုပါရစေဦး"

"စောစောက အခြေအနေကို သေချာနားမလည်ဘဲ မောင်ရင့်ကို အပြစ်တင်မိ

ဖြစ်သွားတယ်"

"ငါ တည်ကြည်လေးနက်စွာနဲ့ တောင်းပန်ပါတယ်"

"ဒါနဲ့... မောင်ရင့်ကို ကျေးဇူးလည်း တင်ရဦးမယ်"

"မောင်ရင် ပြန်လုယူပေးခဲ့တဲ့ ယန်ကျိုးဖိုကြီးသာ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ရင် ရှောက်ခွန်းတို့အဖွဲ့ ဒုတိယတန်းစား ဂုဏ်ပြုဆု ရကြတော့မှာ"

ခွက်ချင်းတိုက်လိုက်ချိန်တွင် သူ့စေတနာမှန်ကို ပြသချင်၍လားမသိ၊ ယဲ့ဖန်ဘက်သို့ ကိုယ်ကို ယိမ်းလိုက်လေ၏။

ယဲ့ဖန်လည်း ပြန်လည်လေးစားသမှု ပြသည့်အနေဖြင့် ရှေ့သို့ အနည်းငယ်တိုးကာ ခွက်ချင်းတိုက်ရင်း ယဉ်ကျေးစွာ ပြောလိုက်မိသည်။

"ဦးလေးဖုန်းကလည်း အားနာစရာကြီးဗျာ..."

သို့သော် စကားမဆုံးခင်မှာပင် ဖုန်းကျိန်းယွမ်၏ ခန္ဓာကိုယ်အထက်ပိုင်းသည် ရှေ့သို့ ရုတ်တရက် ဟပ်ထိုးလဲကျမလို ဖြစ်သွားလေ၏။ ပြင်းထန်သော ဝေဒနာတစ်ခုကို ခံစားလိုက်ရသကဲ့သို့ ခန္ဓာကိုယ်ကြီးက တုန်ခါသွားပြီး နှုတ်ခမ်းများ လှုပ်ရွသွားတော့သည်။

"ဦးလေးဖုန်း"

ယဲ့ဖန်၏ ယဉ်ကျေးမှု စကားများမှာ စိုးရိမ်သံအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားချေသည်။

"အဆင်ပြေရဲ့လား"

"ဘယ်နား နေမကောင်းဖြစ်တာလဲ"

ဖုန်းကျိန်းယွမ်ကမူ ဝေဒနာကို အောင့်အီးသည်းခံနေရပုံ ရသည်။

သူသည် မူလအနေအထားအတိုင်း ခေတ္တမျှ တောင့်ခံထားပြီးမှ ထိုင်ခုံပေါ်သို့ ဖြည်းညင်းစွာ ပြန်မှီချလိုက်လေ၏။ ထို့နောက် ခေါင်းကို အနည်းငယ်ခါရင်း ပြောလိုက်သည်။

"နေမကောင်းတာ မဟုတ်ပါဘူးကွာ... ဒါက ကျန်းမာရေး ပြဿနာအဟောင်းတွေပါ"

"ခဏလောက် နားလိုက်ရင် သက်သာသွားမှာပါ"

"ကိစ္စမရှိဘူး"

ဖုန်းရှောက်ခွန်းမှာမူ မျက်နှာ ကွက်ခနဲ ပျက်ကာ ပြာပြာသလဲ ပြေးလာတော့သည်။

"အဖေ... စောစောက စစ်ဆေးရေးဆရာဝန်ကြီး လျူ တွေ့ခဲ့တဲ့ ပြဿနာက ပြန်ဖြစ်တာမလား"

ဖုန်းကျိန်းယွမ်က စကားပြန်မပြောဘဲ ခေါင်းခါပြလိုက်သည်။

ဖုန်းရှောက်ခွန်း ပို၍ စိတ်ပူလာလေ၏။

"ဆရာဝန်ကြီး လျူက အဖေ့ကို အမြန်ဆုံး ဆေးရုံတက်ဖို့ ပြောထားတယ်မဟုတ်လား... ဘာလို့ ဘာမှမဖြစ်သလို နေနေရတာလဲ"

"အဖေ့အခြေအနေက တော်တော်လေး ဆိုးရွားနေပြီလို့ သူပြောထားသားပဲ... ရောဂါပြန်ထတိုင်း ခန္ဓာကိုယ်က သတိပေးနေတာလေ... အဖေ ဒါကို အလေးအနက်ထားမှ ဖြစ်မှာပေါ့"

"ဒါမှမဟုတ်ရင် ဒီပြဿနာတွေ စုပုံလာပြီး အဖေ့ခန္ဓာကိုယ်က ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး"

"မင်းက ဘာတွေ လာပြီး ပေါက်ကရ ပြောနေတာလဲ ကောင်စုတ်လေး"

ဖုန်းကျိန်းယွမ် အနည်းငယ် စိတ်မကြည်မလင် ဖြစ်သွားပုံရသည်။

"ငါ့ကျန်းမာရေးအကြောင်း ငါမသိဘဲ နေပါ့မလား"

"ဘာမှ ကြီးကြီးမားမား မဟုတ်ပါဘူး... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စစ်မြေပြင်မှာ ကောင်စုတ်လေးတချို့နဲ့ တိုက်ခိုက်ရင်း ရခဲ့တဲ့ ဒဏ်ရာဟောင်းက ပြန်မကောင်းလာတာပါ"

"အလွန်ဆုံးရှိလှ ရံဖန်ရံခါလောက် နေရထိုင်ရ ခက်တာပါပဲ... ဘာမှ အရေးမကြီးဘူး"

"ဒါ့အပြင် ခေတ်ပေါ်ဆေးပညာက ဒီလို အတွင်းဒဏ်ရာဟောင်းတွေကို မကုနိုင်မှန်း မင်းလည်း သိသားပဲ"

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျန်းကောတစ်ဝိုက်က နာမည်ကြီး ဆရာဝန်တွေကို ငါအကုန်ပြဖူးတယ်... တိုင်းရင်းဆေးနည်းတွေရော... ရိုးရာကုထုံးတွေရော အစုံစမ်းသပ်ခဲ့ပြီးပြီ... ဘာမှမထူးခြားဘူး"

"ဒါကြောင့် ဆေးရုံမှာ အချိန်သွားဖြုန်းနေတာ အဓိပ္ပာယ်မရှိဘူး"

ဖုန်းရှောက်ခွန်းခမျာ ဘာမှပြန်မပြောနိုင်ဘဲ ကူကယ်ရာမဲ့နေရှာသည်။ စိတ်ပူပင်မှုများဖြင့် တစ်ခုခု ပြောချင်နေသော်လည်း စကားလုံးများ ထွက်မလာခဲ့ပေ။

ထိုစဉ် ယဲ့ဖန်၏ စိတ်အာရုံ တစ်ခု လှုပ်ရှားသွားလေ၏။

"ဦးလေးဖုန်း... အသေးစိတ် ပြောပြလို့ ရမလား"

"ကျွန်တော်လည်း ဆေးပညာ နည်းနည်းပါးပါး နားလည်ထားလို့ပါ"

"တကယ်လို့များ ကူညီပေးနိုင်မလားလို့"

ဖုန်းကျိန်းယွမ်က သိပ်ပြီး အထင်ကြီးပုံမရ။ လက်ကာပြလိုက်ရင်း ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စစ်မြေပြင်မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့တာကွ... အဲ့ဒီခေတ်က ဆေးဝါးကုသမှု အဆင့်အတန်းက အကန့်အသတ်ရှိတော့ အပြည့်အဝ ပြန်မကောင်းလာဘဲ ရောဂါအမြစ်တွယ်ကျန်ခဲ့တာ"

"နှစ်တွေကြာလာတာနဲ့အမျှ ခန္ဓာကိုယ်က ပိုပိုပြီး ဆိုးလာတာပါပဲ"

"တကယ်တော့လည်း ဘာမှ မဟုတ်ပါဘူးကွာ"

ယဲ့ဖန် တစ်ခဏမျှ စဉ်းစားလိုက်ပြီး ဆက်ပြောလိုက်သည်။

"စောစောက ဦးလေးဖုန်းရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ ဦးလေးပြောသလို လွယ်ကူမယ့်ပုံ မပေါ်ဘူး"

"ပြီးတော့ ကျွန်တော် သတိထားမိသလောက်ဆို ဦးလေး ခံစားလိုက်ရတဲ့ ကျဉ်ခနဲ နာကျင်မှုက ခါးရိုးဆစ် အမှတ် (၃) နဲ့ ကျောရိုးဆစ် အမှတ် (၆) နေရာကနေ လာတာ ဖြစ်လောက်တယ်"

"တစ်နေရာက ခါးရိုးဆစ်နဲ့ ဆက်စပ်နေပြီး တစ်ကိုယ်လုံးရဲ့ ခွန်အားကို ထိခိုက်စေနိုင်တယ်... နောက်တစ်နေရာက ကျောရိုးဆစ်နဲ့ ဆက်စပ်နေပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေနဲ့ အင်္ဂါအစိတ်အပိုင်းတော်တော်များများကို ထိခိုက်စေနိုင်တယ်... ဒါက သေးငယ်တဲ့ ပြဿနာ မဟုတ်ဘူး"

"ငါ မျက်မှောင်လေး နည်းနည်းပဲ ကြုတ်လိုက်တာကို... မောင်ရင်က ဒီလောက်အထိ အတပ်သိနေတာလား"

ဖုန်းကျိန်းယွမ် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွား၏။

ယဲ့ဖန်က ပြုံးလျက် ပြန်ဖြေလိုက်၏။

"ဦးလေးဖုန်း... ကျွန်တော် ပြောပြီးသားလေ... ကျွန်တော် ဆေးပညာ နည်းနည်းပါးပါး တတ်ပါတယ်လို့... အထူးသဖြင့် တိုင်းရင်းဆေးပညာပေါ့"

"ရှေးဟောင်းတိုင်းရင်းဆေးပညာ ဆိုတာက ကြည့်ခြင်း၊ နားထောင်ခြင်း၊ မေးမြန်းခြင်းနဲ့ စမ်းသပ်ခြင်းကို အခြေခံတာလေ... ဘာဖြစ်နေတယ် ဆိုတာကိုတောင် မပြောနိုင်ရင် ကျွန်တော် ဆရာဝန်လုပ်နေတာ အလကားဖြစ်သွားမှာပေါ့"

ထိုအချိန်တွင် ချန်းဖေးအယ်က ယဲ့ဖန် ဘာလုပ်ချင်နေမှန်း ရိပ်မိသွားပုံရပြီး ကြားဖြတ် ပြောလိုက်လေသည်။

"ဦးလေးဖုန်း... သူ့စကားကို နားမထောင်နဲ့"

"ဒီလူက ဆေးပညာ နည်းနည်းပါးပါး တတ်တာ မဟုတ်ဘူး... သူက တကယ့် နတ်ဆေးဆရာကြီး"

"သူနဲ့အတူ မစ်ရှင်တွေ ထမ်းဆောင်တုန်းက သူ့ရဲ့ ဆေးပညာ စွမ်းရည်ကို သမီး မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတာ တစ်ခါမကတော့ဘူး... သူ့ကို နတ်ဆေးဆရာလို့ တင်စားတာ လွန်မယ်မထင်ဘူး"

"ဦးလေး နေမကောင်းဖြစ်နေရင် သူ့ကို ကြည့်ခိုင်းလိုက်ပါ... သမီး အာမခံတယ်... လုံးဝ နစ်နာမှာ မဟုတ်ဘူး"

ယဲ့ဖန်ကတော့ သူမ၏ စကားကို ဝင်မရောဘဲ နေလိုက်သည်။

ဖုန်းကျိန်းယွမ်မှာ ပို၍ပင် အံ့အားသင့်သွားရချေ၏။ သူသည် ပထမဆုံးအကြိမ်အဖြစ် ယဲ့ဖန်ကို သေချာ အကဲခတ် ကြည့်ရှုလိုက်မိသည်။

သူ့မျက်လုံးများထဲတွင် အံ့ဩမှုအပြင် မျှော်လင့်ချက် ရောင်ခြည်သန်းသော အရိပ်အယောင်များလည်း ယှက်သန်းနေလေသည်။

"ကျန်းကောနဲ့ ပတ်ဝန်းကျင်က တိုင်းရင်းဆေး၊ အနောက်တိုင်းဆေး နယ်ပယ်က နာမည်ကြီး ဆရာဝန်တချို့လည်း ငါ့ရောဂါကို ကုပေးဖူးကြပါတယ်"

"ဒါပေမဲ့ ခြွင်းချက်မရှိဘူး... အဲ့ဒီလူတွေပေးတဲ့ ကုသမှု အစီအစဉ်တွေက စိတ်တိုင်းမကျသလို အာနိသင်လည်း အာမမခံနိုင်ကြဘူး"

"တချို့ကဆို နောက်နောင် များများလှဲအိပ်ပြီး လမ်းလျှောက်တာ လျှော့ဖို့တောင် အကြံပေးကြသေးတယ်"

"ငါက စစ်သည်တော် တစ်ယောက်လေ... ဒီလိုအဖြစ်မျိုးကို ဘယ်လက်ခံနိုင်ပါ့မလဲ"

"မောင်ရင် တကယ်ပဲ ကြည့်ပေးချင်တာ သေချာလို့လား"

သူလည်း ကျန်းမာရေး ပြန်ကောင်းချင်နေမှန်း ယဲ့ဖန် ခံစားမိလိုက်သည်။

သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်များ ရှိနေသော်လည်း လေသံထဲတွင်မူ စိတ်ပျက်အားငယ်မှု အရိပ်အငွေ့များ ပါဝင်နေသည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖန် ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်လေ၏။

"ကျွန်တော့်ရဲ့ ဆေးပညာက နည်းနည်းတော့ ထူးခြားတယ်ဗျ"

"ကုသလို့ရမယ့် အခွင့်အရေး ရှိကောင်း ရှိနိုင်ပါသေးတယ်"

ပြောရင်းနှင့် ယဲ့ဖန်.. အရင် မတ်တပ်ရပ်လိုက်သည်။

"ကုသဖို့ ပိုအဆင်ပြေမယ့် နေရာကို ပြောင်းကြတာပေါ့... ပြီးတော့ လမ်းမှာ ဦးလေးဖုန်းရဲ့ ဒဏ်ရာဟောင်း အခြေအနေကိုလည်း အသေးစိတ် ရှင်းပြပေးပါဦး”

All Chapters