← Chapters

အခန်း (၁၅၅၄-၁၅၅၆)

Vol. 80 Ch. 1554-1556

အခန်း (၁၅၅၄-၁၅၅၆)

Vol. 80 Ch. 1554-1556

အခန်း (၁၅၅၄) - ခင်ဗျား ကျွန်တော့်ကို လက်လျှော့ခိုင်းနေတာလား

~ဖုန်းကျိန်းယွမ်က အလွန်ပြတ်သားသူ ဖြစ်ပေသည်။

ယဲ့ဖန်ကို ကြည့်ရှုစစ်ဆေးခွင့်ပြုရန် သဘောတူပြီးသည်နှင့် အခန်းထဲသို့ ခေါ်ဆောင်သွားတော့၏။

အခန်းထဲသို့ ဝင်သွားရင်း သူက ဖြည်းညင်းစွာ မိတ်ဆက်ပြောဆိုလိုက်သည်။

"ငါ့ရောဂါအခြေအနေက တော်တော်လေး ရှုပ်ထွေးတယ်ကွ"

"နာမည်ကြီး ဆရာဝန်အများစုရဲ့ ရောဂါရှာဖွေချက်ရလဒ်တွေအရဆိုရင် အကြောင်းရင်းပေါင်းများစွာ ထပ်နေတာပဲ"

"ပထမတစ်ချက်က ငယ်ငယ်တုန်းက သိပ္ပံနည်းမကျဘဲ ခန္ဓာကိုယ်ကို အလွန်အကျွံ လေ့ကျင့်ခိုင်းစေခဲ့မိလို့ ခါးရိုးတွေ ဒဏ်ဖြစ်သွားတာ... နောက်တစ်ချက်က စစ်မြေပြင်ရောက်တော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပေမဲ့ အဲ့ဒီခေတ်က ဆေးပညာအဆင့်အတန်း နိမ့်တော့ ကုသဖို့ အခက်အခဲရှိခဲ့တယ်... နောက်ဆုံးတော့ ကျည်ဆန်နှစ်တောင့်က ခါးရိုးဆစ်နဲ့ ကျောရိုးဆစ်ကြားမှာ ညပ်လျက်သား ကျန်နေခဲ့တာပဲ... နောက်ပိုင်းမှာ ခါးရိုးဆစ်နဲ့ ကျောရိုးဆစ်က ဒဏ်ရာတွေ ကျက်သွားတော့ အဲ့ဒီကျည်ဆန်တွေက အတွင်းထဲမှာ ထာဝရ ပိတ်မိသွားတော့တယ်... နောက်ဆုံးတစ်ချက်ကတော့ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ၊ ပြန်လည်ကောင်းမွန်လာနိုင်စွမ်းတွေက နေရာစုံမှာ ယိုယွင်းလာတာပဲ"

ယဲ့ဖန်က ဘာမှဝင်မပြောဘဲ ငိုင်၍ နားထောင်နေလိုက်သည်။

ဆေးပေးခန်းတစ်ခုကဲ့သို့ ဆေးဘက်ဆိုင်ရာ ကိရိယာပေါင်းစုံ တပ်ဆင်ထားသည့် အခန်းထဲသို့ ရောက်သောအခါ ယဲ့ဖန်က ဖုန်းကျိန်းယွမ်ကို အံ့အားသင့်ဟန် ရိပ်ခနဲ ကြည့်လိုက်မိ၏။

ဖုန်းကျိန်းယွမ်လည်း ဖုံးကွယ်ထားရန် ဆန္ဒမရှိတော့ပုံရသည်။ သူက ခါးသက်သက် အပြုံး တစ်ချက် ပြုံးလိုက်ရင်း ပြောလိုက်လေသည်။

"ရှောက်ခွန်း ပြောတဲ့ ..စစ်ဘက်ဆရာဝန် လျူ ပြောတာ မှန်ပါတယ်"

"ငါ့ခန္ဓာကိုယ် အခြေအနေက တကယ်ကို ပိုဆိုးလာနေပြီ"

"လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကဆိုရင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး နေ့စဉ်ဘဝမှာ လှုပ်ရှားမှုကြီးကြီးမားမား မလုပ်ဘဲ နေလိုက်ရင် (၁၀) ရက်၊ လခွဲလောက်အထိ ဘာမှမဖြစ်ဘဲ နေလို့ရသေးတယ်... ဒါပေမဲ့ ဒီနှစ်ကစပြီး... အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်လအတွင်းမှာ လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ရှောင်ရှားနေတာတောင် ခါးရိုးဆစ်နဲ့ ကျောရိုးဆစ်တွေက ရံဖန်ရံခါဆိုသလို ဝေဒနာကို မအောင့်နိုင်တော့ဘဲ ရုတ်တရက် နာကျင်လာတတ်တယ်"

"ဆရာဝန် လျူ ကိုယ်တိုင် ဘက်ပေါင်းစုံကနေ စစ်ဆေးပေးပြီးပြီ... သူပြောတာကတော့ ငါ့ခန္ဓာကိုယ်က အကန့်အသတ်ကို ရောက်လုနီးပါး ဖြစ်နေပြီတဲ့"

"ငါများ တစ်နေ့နေ့ ရုတ်တရက် လဲကျသွားမှာစိုးလို့ အခုလို အိမ်မှာပဲ ဆေးကုသဆောင်တစ်ခု လုပ်ထားဖို့ အကြံပေးထားတာ"

ယဲ့ဖန် ကြားလိုက်ရသည့်အခါ ဖုန်းကျိန်းယွမ်ကို မမှိတ်မသုန်ကြည့် လိုက်မိသည်။

စောစောက ဖုန်းကျိန်းယွမ် ပေါ့ပေါ့ပါးပါး ပြောနေသည့်ပုံစံအရ ပြဿနာက မသေးလှဘူးဟု သူ ခန့်မှန်းမိသော်လည်း အခြေအနေက ဤမျှအထိ ဆိုးရွားနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ဖုန်းကျိန်းယွမ်က ခုတင်ပေါ်တွင် လှဲလိုက်ပြီး မေးလိုက်သည်။

"ငါ ဘယ်လို ပူးပေါင်းပေးရမလဲ"

ယဲ့ဖန် ချက်ချင်းပင် အာရုံပြန်စုစည်းလိုက်၏။

"အပေါ်ထပ် အင်္ကျီချွတ်ပြီး မှောက်လိုက်ပါ"

ဖုန်းကျိန်းယွမ်က စကားများများမပြောဘဲ သူပြောသည့်အတိုင်း ချက်ချင်း လုပ်ဆောင်လေသည်။

ယဲ့ဖန် လှမ်းသွားမည် ပြုလိုက်စဉ်မှာပင် ကုသဆောင် တံခါးကို ခေါက်သံ ကြားလိုက်ရ၏။

အိမ်ထဲ ဝင်လာစဉ်က ယဲ့ဖန်နှင့် ဖုန်းကျိန်းယွမ်တို့ကို တွေ့ခဲ့သည့် ကိုယ်ရံတော်ပင် ဖြစ်၏။

ကိုယ်ရံတော်၏ နောက်တွင် ဆေးသေတ္တာ လွယ်ထားသည့် သန်သန်စွမ်းစွမ်း ပုံစံနှင့် လူတစ်ယောက် ပါလာသည်။

"ခေါင်းဆောင်... ဆရာဝန် လျူ ရောက်ပါပြီ"

ကိုယ်ရံတော်က တံခါးခေါက်ပြီးသည်နှင့် ကုတင်ပေါ်တွင် လှဲနေသော ဖုန်းကျိန်းယွမ်ကို ဦးစွာ အလေးပြုလိုက်သည်။

"ခေါင်းဆောင်ဖုန်း... ဘာဖြစ်လို့လဲ"

ဆရာဝန် လျူသည် ကုသဆောင်ထဲသို့ စိုးရိမ်တကြီး ဝင်လာပြီး လျင်မြန်စွာ မေးမြန်းလိုက်၏။

"ခေါင်းဆောင် နေမကောင်းဖြစ်ပြီး ကုသဆောင်ထဲ ဝင်သွားတယ်လို့ ရှောက်ဝူ ပြောတာကြားလို့ ကျွန်တော် အမြန်ပြေးလာတာ"

ဖုန်းကျိန်းယွမ်က သူ့ကို တော်တော်လေး ရင်းနှီးပုံရသည်။ သူက ပြုံးလျက် လက်ကာပြလိုက်၏။

"မပူပါနဲ့ လျူရာ"

"ငါ့ဘေးကလူက ရှောက်ခွန်းရဲ့ ဆရာပဲ... သူ့ဆေးပညာက တော်တော်ကောင်းတယ်လို့ ဖေးအယ်ဆီက ကြားထားတယ်"

"အတော်ပဲ ငါ့ရောဂါဟောင်းက ပြန်ဖောက်လာတော့ သူ့ကို တစ်ခါတည်း ကြည့်ပေးဖို့ ခေါ်လာတာပါ"

ဆရာဝန် လျူ ကြားလိုက်ရသည့်အခါမှ သက်ပြင်းချနိုင်တော့ပုံ ရလေသည်။

"ဘာမှမဖြစ်လို့ တော်ပါသေးတယ်ဗျာ"

"စောစောက ရှောက်ဝူ ပြောလိုက်တုန်းကဆို တစ်ခုခုဖြစ်ပြီပဲ ထင်လိုက်တာ"

"အဆင်ပြေတယ်ဆို ပြီးတာပါပဲ"

ပြောရင်းနှင့် သူက ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"မောင်ရင့်အကြောင်း အများကြီး ကြားဖူးပါတယ်... ဒီလောက် ငယ်လိမ့်မယ်လို့ ထင်မထားမိဘူး"

ယဲ့ဖန်က ပြန်ပြုံးပြလိုက်လေ၏။

"ကျွန်တော်လည်း ရှောက်ခွန်းနဲ့ ဦးလေးဖုန်းဆီက ခင်ဗျားအကြောင်း မကြာခဏ ကြားဖူးပါတယ်"

ဆရာဝန် လျူက လက်ကမ်းပေးလာသဖြင့် ယဲ့ဖန်က ပြန်လည် ဆွဲနှုတ်ဆက်လိုက်သည်။

ထို့နောက် သူက ရုတ်တရက် မေးလိုက်လေ၏။

"အဆင်ပြေမယ်ဆိုရင် အပြင်ထွက်ပြီး ကျုပ်နဲ့ သီးသန့် စကားခဏလောက် ပြောလို့ရမလား"

ယဲ့ဖန် သူ ဘာဆိုလိုချင်မှန်း နားမလည်။

သို့သော် သူကြည့်ရသည်မှာ တစ်ခုခု ပြောစရာရှိနေပုံရပြီး ဖုန်းကျိန်းယွမ်ကို ပေးမသိချင်သည့် ပုံပင်။

ကုတင်ပေါ်ရှိ ဖုန်းကျိန်းယွမ်ကို တစ်ချက်ကြည့်ပြီးနောက် ယဲ့ဖန် ခေါင်းညိတ်ကာ အခန်းပြင်သို့ အရင်ထွက်လာခဲ့လိုက်သည်။

ဆရာဝန် လျူ အခန်းပြင်သို့ ရောက်လာပြီး ရှောက်ဝူ တံခါးပိတ်လိုက်သည်နှင့် ယဲ့ဖန် သူ့ဘက် လှည့်လိုက်လေသည်။

"ဆရာဝန် လျူ... ခင်ဗျား ပြောချင်တာ ပြောလို့ရပါပြီ"

ဆရာဝန် လျူက ဆေးလိပ်အလွန်ကြိုက်သူ ဖြစ်ပုံရသည်။

စကားမပြောမီ သူက အကျင့်ပါနေသည့်အတိုင်း ရင်ဘတ်အိတ်ကပ်ကို စမ်းလိုက်ပြီး ကျွမ်းကျင်စွာပင် ဆေးလိပ်တစ်လိပ် ထုတ်ကာ ပါးစပ်တွင် ကိုက်လိုက်မိ၏။

သို့သော် ထိုသို့ လုပ်ပြီးမှပင် ဒီနေရာက ဖုန်းကျိန်းယွမ်၏ နေအိမ်ဖြစ်ကြောင်း သတိရသွားပုံရသည်။ မီးညှိရန် မီးခြစ်ထုတ်နေသည့် လက်ကို ရပ်တန့်လိုက်လေသည်။

မီးခြစ်ကို အိတ်ကပ်ထဲ ပြန်ထည့်လိုက်ပြီး ဆေးလိပ်ကို ပါးစပ်တွင် ကိုက်လျက်သားဖြင့် ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

"ခေါင်းဆောင်ဖုန်းက ဆေးလိပ်နံ့ မကြိုက်ဘူးလေ... မသောက်တော့ပါဘူး... လိုရင်းကိုပဲ ပြောကြတာပေါ့"

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး သူဆက်ပြောမည်ကို စောင့်နေလိုက်သည်။

"ခေါင်းဆောင်ဖုန်းက သူ့ကျန်းမာရေး အခြေအနေကို မင်းကို ပြောပြပြီးပြီမလား"

ဆရာဝန် လျူက မေးလိုက်သည်။

"ခုနက ပြောပြတာ ကြားပါတယ်... တော်တော်လေး ရှုပ်ထွေးတာပဲ"

ယဲ့ဖန်က တည်ကြည်လေးနက် စွာ ဖြေလိုက်သည်။

သို့သော် ဆရာဝန် လျူက ခေါင်းခါရင်း ပြုံးလိုက်လေ၏။

"သူ့ရဲ့ လက်ရှိအခြေအနေက အချက် (၃) ချက် ထပ်နေတာလို့ သူပြောတယ်မလား"

"ပထမအချက်က ငယ်ငယ်တုန်းက သိပ္ပံနည်းမကျဘဲ နှစ်ရှည်လများ အလွန်အကျွံ လေ့ကျင့်ခဲ့လို့ ခန္ဓာကိုယ် ယိုယွင်းပြီး ခါးဒဏ်ဖြစ်တာ... ဒုတိယအချက်က စစ်မြေပြင်ဝင်တော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပေမဲ့ အဲ့ဒီခေတ် ဆေးပညာက အကန့်အသတ်ရှိတော့ ကျည်ဆန်နှစ်တောင့်က ခါးရိုးဆစ်နဲ့ ကျောရိုးဆစ်မှာ ညပ်နေခဲ့တာ... နောက်ပိုင်း ဒဏ်ရာကျက်သွားတော့ ကျည်ဆန်တွေက အတွင်းထဲမှာ ထာဝရ ပိတ်မိသွားတယ်... တတိယအချက်က အသက်ကြီးလာတော့ ခန္ဓာကိုယ် လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာတယ်ပေါ့... ဟုတ်လား"

"ဟုတ်ပါတယ်"

ယဲ့ဖန် ပြန်ဖြေလိုက်သည်။

"တကယ်တော့ သူ စိတ်ဓာတ်ကျသွားမှာစိုးလို့ ကျုပ်က သူ့ကို ပေါ့ပေါ့ပါးပါးပဲ ပြောထားတာ"

ဆရာဝန် လျူ၏ မျက်နှာပေါ်မှ အပြုံး ပျောက်ကွယ်သွားပြီး မျက်လုံးများက ရုတ်ချည်း နက်နဲ သွားချေသည်။

"တကယ်တမ်းကျတော့ သူ့အခြေအနေက ဒီထက်အများကြီး ပိုဆိုးရွားတယ်"

"သူ့ရဲ့ ကျောရိုးဆစ်နဲ့ ခါးရိုးဆစ်မှာ ညပ်နေတဲ့ ကျည်ဆန်နှစ်တောင့်က ဒဏ်ရာကျက်သွားလို့ အထဲမှာ ပိတ်မိနေရုံ သက်သက်မဟုတ်ဘူး... အဲ့ဒီ ကျည်ဆန်တွေက အကြောတွေ၊ တစ်ရှူးတွေနဲ့ ရောနှောသွားပြီး အထဲမှာ တသားတည်း ဝင်ရောက် ကြီးထွားနေသလို ဖြစ်နေပြီ"

"ကျုပ်ရဲ့ ဆေးပညာက ကျန်းကောမှာ ပြိုင်ဘက်ကင်း မဟုတ်ရင်တောင် ထိပ်ဆုံး (၃) ယောက် စာရင်းဝင်ပါတယ်... အရင်တုန်းက ဆွီဒင် တော်ဝင်ဆေးဘက်ဆိုင်ရာ ကောလိပ်က နိုင်ငံတကာ နာမည်ကြီး ဆေးဘက်ဆိုင်ရာ အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကုသနည်း ရှာဖွေဖို့ ကျွန်တော် အများကြီး ကြိုးစားခဲ့ဖူးတယ်... ဒါပေမဲ့ အဲ့ဒီ နိုင်ငံတကာ အဖွဲ့က ကျုပ် ပို့လိုက်တဲ့ ခေါင်းဆောင်ဖုန်းရဲ့ ရောဂါမှတ်တမ်းကို ဖတ်ပြီးနောက်မှာ ထိတ်လန့်သွားကြတယ်"

"ဒီအခြေအနေအတွက် ကုသနည်း တစ်ခုပဲ ရှိတယ်လို့ သူတို့ ယူဆကြတယ်... အဲ့ဒါက အရင်က ကျက်သွားပြီးသား ဒဏ်ရာကို ခွဲစိတ်မှု အသေးစားနဲ့ ပြန်ဖွင့်၊ တစ်ရှူးတွေကို ရှောင်ပြီး ခါးရိုးဆစ်နဲ့ ကျောရိုးဆစ်က ကျည်ဆန် နှစ်တောင့်ကို ဖယ်ထုတ်တာပဲ... တကယ်တမ်းကျတော့ ဒီလိုခွဲစိတ်မှုမျိုးက ခေတ်ပေါ် ဆေးပညာ စံချိန်စံညွှန်းနဲ့ဆိုရင် လုံးဝ မဖြစ်နိုင်ဘူး"

ယဲ့ဖန် ကြောင်အသွား၏။

သို့သော် သူ နက်နက်နဲနဲ ချက်ချင်း တွေးမိလိုက်၏။

ဒီအကြောင်းကို ပြောနေစဉ် ဆရာဝန် လျူ၏ မျက်လုံးများထဲတွင် ဖော်ပြရခက်သော အရိပ်အယောင်များ ပြည့်နှက်နေသည်ကို မြင်လိုက်ရသဖြင့် သူ ချက်ချင်းပင် မေးလိုက်လေသည်။

“ဒေါက်တာ လျူက ဘာလို့ ကျွန်တော့်ကို ဒါတွေ လာပြောပြနေတာလဲ... ခင်ဗျား ကျွန်တော့်ကို လက်လျှော့ခိုင်းနေတာလား”

အခန်း (၁၅၅၅) - ဆွီဒင် တော်ဝင်ဆေးပညာရှင်တဲ့လား

~သို့သော် ဆရာဝန် လျူက ခေါင်းခါပြလိုက်သည်။

"မဟုတ်ဘူး... ငါက မင်းသိအောင် ပြောပြရုံသက်သက်ပါ"

"မင်းက ရှောက်ခွန်းရဲ့ ဆရာပဲ... မင်းရဲ့ လမ်းညွှန်မှုအောက်မှာ ရှောက်ခွန်း လမ်းမှန်ရောက်သွားတယ်... ရှောက်ခွန်းကို ငယ်ငယ်ကတည်းက စောင့်ရှောက်လာတဲ့ လူကြီးတစ်ယောက်အနေနဲ့ ဒီအချက်အတွက် မင်းကို ကျုပ် ကျေးဇူးတင်တယ်... ခေါင်းဆောင်ဖုန်း အသိအမှတ်ပြုပြီး ကုသဆောင်ထဲ ဝင်ခွင့်ပေးတယ် ဆိုကတည်းက မင်းက သာမန်လူ မဟုတ်မှန်း ကျုပ် လက်ခံပါတယ်"

"ဒါပေမဲ့ ငါပြောချင်တာက ခေါင်းဆောင်ဖုန်းရဲ့ ရောဂါအခြေအနေက အရမ်းရှုပ်ထွေးနေပြီ... အန္တရာယ်များပြီး သိမ်မွေ့လွန်းတဲ့ အခြေအနေကို ရောက်နေပြီ... မင်းရဲ့ ဆေးပညာ ဘယ်လောက်တော်တော်၊ အခြားနယ်ပယ်တွေမှာ မင်းဘယ်လောက်ပဲ ထူးချွန်ထူးချွန်... ဒီကိစ္စမှာတော့ ကျုပ်အနေနဲ့ မင်းကို ပိုပြီး ဂရုစိုက်စေချင်တယ်"

"ခေါင်းဆောင်ဖုန်းနဲ့ ပတ်သက်လာရင် စိတ်မြန်လက်မြန် မလုပ်ပါနဲ့... ပြီးတော့ ပေါက်ကရတွေ လျှောက်မလုပ်ပါနဲ့"

"ဒါမှမဟုတ်ရင်... လက်ရှိ ထိန်းထားတဲ့ ခန္ဓာကိုယ်ရဲ့ သိမ်မွေ့တဲ့ ဟန်ချက်ညီမှု ပျက်သွားတာနဲ့ ခေါင်းဆောင်ဖုန်းရဲ့ အခြေအနေက ပြန်ကုစားလို့ မရနိုင်တော့တဲ့ အဆင့်ကို ရောက်သွားလိမ့်မယ်"

ဆရာဝန်လျူ ဘာဆိုလိုချင်မှန်း ယဲ့ဖန် နားလည်လိုက်သည်။

ယဲ့ဖန် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ဆရာဝန် လျူက ယဲ့ဖန်၏ လက်ကို ရုတ်တရက် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေ၏။

"လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက စစ်မြေပြင်မှာ ခေါင်းဆောင်ဖုန်းသာ အသက်စွန့် မကယ်ခဲ့ရင် ကျုပ် သေတာ ကြာပေါ့"

"ကျုပ်အတွက်တော့ သူက ဒုတိယအကြိမ် မွေးဖွားပေးတဲ့ ကျေးဇူးရှင်ပဲ"

"ဘယ်သူမဆို ခေါင်းဆောင်ဖုန်းကို အန္တရာယ်ဖြစ်အောင် လုပ်မယ့်အပြုအမူမျိုး ကျုပ် လုံးဝ ခွင့်မလွှတ်နိုင်ဘူး... နားလည်လား"

"မင်းက ရှောက်ခွန်းရဲ့ ဆရာဖြစ်နေပါစေ... ခေါင်းဆောင်ဖုန်း အသိအမှတ်ပြုတဲ့လူ ဖြစ်နေပါစေ... အခြားနယ်ပယ်တွေမှာ မင်းဘယ်လောက်ပဲ အောင်မြင်နေပါစေ...ပြောချင်တာ တစ်ခုပဲ ရှိတယ်... သူ့ရဲ့ ရောဂါဟောင်းနဲ့ ပတ်သက်ပြီး စွန့်စားခန်း မဖွင့်ပါနဲ့... တကယ်လို့များ မင်းကြောင့် သူတစ်ခုခု ဖြစ်သွားရင် ကျုပ် မင်းကို ဘယ်နည်းနဲ့မှ ခွင့်မလွှတ်နိုင်ဘူး"

ဒီစကားကို ပြောလိုက်ချိန်တွင် သူ့မျက်လုံးများထဲ၌ သားရဲတစ်ကောင်လို ရက်စက်ကြမ်းကြုတ်သော အရောင်များ တောက်လောင်နေလေသည်။

သူ ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ယဲ့ဖန် ချက်ချင်း သဘောပေါက်လိုက်၏။

ဘွင်းဘွင်းရှင်းရှင်း ပြောရလျှင် ဒီလူက ယဲ့ဖန်၏ ဆေးပညာကို မယုံခြင်း ဖြစ်ပြီး စွမ်းဆောင်ရည်လိုချင်ဇောနှင့် လုပ်မှာကို စိုးရိမ်နေခြင်းပင်။ ထို့အပြင် ဖုန်းကျိန်းယွမ်နှင့် ဖုန်းရှောက်ခွန်းတို့က ယဲ့ဖန်နှင့် ရင်းနှီးနေသည့်အတွက် သူတို့ရှေ့မှာ မပြောဘဲ အခုလို သီးသန့်ခေါ်ပြီး ရာဇသံပေးနေခြင်း ဖြစ်၏။

ဆရာဝန် လျူ၏ ထက်မြက်သော အရှိန်အဝါကြောင့် ဘေးနားမှ ကိုယ်ရံတော်များပင် အသက်ရှူဖို့ပင်မေ့ သွားကြရသည်။ သို့သော် ယဲ့ဖန်ကတော့ မျက်တောင်တစ်ချက်ပင် မခတ်။

သူက ဆရာဝန် လျူ၏ လက်ကို မသိမသာ ပုတ်ထုတ်လိုက်ပြီး အေးစက်စက် ပြောလိုက်လေသည်။

"ခင်ဗျားရဲ့ စေတနာကို နားလည်ပါတယ်... ဒါပေမဲ့ ဒီစကားတွေက ကျွန်တော့်အတွက်တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး"

ပြောပြီးသည်နှင့် သူ ကုသဆောင်တံခါးကို တွန်းဖွင့်ကာ ပြန်ဝင်သွားတော့၏။

ငါ့ဆေးပညာကို မေးခွန်းထုတ်တာလား။

ရယ်စရာကောင်းလိုက်တာ။

'နောက်ဆုံး ငါ့ဆေးပညာကို မေးခွန်းထုတ်ခဲ့တဲ့ကောင်က အခု မြေကြီးထဲ ရောက်နေပြီကွ'

ကျန်းကော ဆေးလောက၏ ထိပ်သီး (၃) ယောက် စာရင်းဝင် ဆိုသည့် ဂုဏ်ပုဒ်လေးနှင့် သူ့ရှေ့လာပြီး ပေါက်ကရတွေ ပြောရဲသေးသည်။ ကောင်းကင်နှင့် မြေကြီး ဘယ်လောက်မြင့်မားကျယ်ပြောမှန်း မသိသော ဖားသူငယ်ပါလား။

ကုသဆောင်ထဲတွင် ဖုန်းကျိန်းယွမ်သည် အပြင်မှာ ဘာဖြစ်ခဲ့လဲဆိုတာ ရိပ်မိပုံရသည်။

ယဲ့ဖန် ပြန်ဝင်လာသည်ကို မြင်သောအခါ သူ ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်လေ၏။

"မောင်ရင်ယဲ့... ဒေါက်တာ လျူ ကို စိတ်မဆိုးပါနဲ့ကွာ... သူက ဆေးလောကမှာရော ကျန်းကော စစ်မျက်နှာပြင်မှာပါ နာမည်ကောင်း ရှိပါတယ်... သူက အမြဲတမ်း ဖြောင့်မတ်မှန်ကန်တဲ့လူပါ... ဆေးပညာလည်း တော်ပါတယ်... ဒါပေမဲ့ ငါနဲ့ပတ်သက်လာရင်တော့ သူက နည်းနည်း ခေါင်းမာတတ်လို့ပါ"

"ခဏနေကျရင် မင်းကုချင်သလိုသာ ကုပါ... ဘာမှ စိတ်ဖိစီးမှု မထားနဲ့"

"ကုသမှုပြီးရင် သူ့ကို ငါ ပြောပြလိုက်ပါ့မယ်"

"ကိစ္စမရှိပါဘူး"

ဖုန်းကျိန်းယွမ်က သူ့ကို ဒီလို အားပေးစကား ပြောလိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့မိ။

ယဲ့ဖန် အသက်ကို ဝဝရှူလိုက်ပြီး ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ဦးလေးဖုန်း... ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ"

"လောကထဲ စပြီး ခြေချကတည်းက ကျွန်တော် ဘယ်တိုက်ပွဲမှ မရှုံးဖူးသေးဘူး"

"ဆေးပညာ နယ်ပယ်မှာလည်း ဒီအတိုင်းပဲ"

ယဲ့ဖန်ဆီမှ ဒီလိုစကားမျိုး ထွက်လာလိမ့်မည်ဟု ဖုန်းကျိန်းယွမ် ထင်မထားခဲ့။

သူ ခဏမျှ ကြောင်အမ်းသွားပြီးမှ ယဲ့ဖန်ကို လှည့်ကြည့်ကာ ရယ်မောလိုက်လေ၏။

"ကောင်းတယ်ကွာ... မင်းက တကယ် မာန်ပါတာပဲ"

"မင်းရဲ့ ဒီလို ယုံကြည်မှုမျိုး၊ ဒီလို မာန်မျိုးကြောင့်ပဲ ရှောက်ခွန်းကို မင်းဆီ ပညာသင်ခိုင်းတာ မှန်တယ်လို့ ငါယူဆတယ်"

"စလိုက်ကြစို့... မင်းရဲ့ ပြိုင်ဘက်ကင်း ဆေးပညာက တကယ်ပဲ နတ်ဘုရားအဆင့် ဟုတ်မဟုတ် ငါ့ကို ပြစမ်းပါ"

"ဒါဆို ကျွန်တော် စတော့မယ်နော်"

ယဲ့ဖန်က ပြောပြောဆိုဆိုနှင့် ဖုန်းကျိန်းယွမ်၏ ဘေးနားသို့ လျှောက်သွားပြီး စမ်းသပ်စစ်ဆေးမှု စတင်လိုက်လေသည်။

ကနဦး စစ်ဆေးမှု ပြီးဆုံးပြီးနောက်၊ သူက ကုသဆောင်အတွင်းရှိ ခွဲစိတ်ကိရိယာတချို့ကို ရွေးချယ်လိုက်ပြီး သူ အမြဲဆောင်ထားတတ်သော ငွေအပ်များကို ထုတ်လိုက်သည်။

"ဦးလေးရဲ့ အခြေအနေက တကယ်ပဲ ဦးလေးပြောတာထက် ပိုရှုပ်ထွေးပြီး ပိုဆိုးရွားနေတာပဲ"

"ဒါပေမဲ့ ပြဿနာမရှိပါဘူး"

"ဆွီဒင် တော်ဝင်ဆေးပညာရှင်အဖွဲ့တောင် လက်မရဲတဲ့ ခွဲစိတ်မှုမျိုးကို ကျွန်တော် လုပ်ပေးမယ်... အဆင်ပြေသွားမှာပါ"

ဖုန်းကျိန်းယွမ်ကတော့ ယဲ့ဖန် လုပ်သမျှကို ခွင့်ပြုထားပုံရသည်။ ယဲ့ဖန်ကို ကျောပေးလျက်သားဖြင့် လက်ကာပြလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်လေ၏။

ဒါကိုမြင်တော့ ယဲ့ဖန် စကားဆက်မပြောတော့။

သမားတော်ကြီး ဟွာထို၏ အမွေအနှစ်၊ 'ချင်နန် ဆေးကျမ်း'ကို အစွမ်းကုန် ထုတ်သုံးလိုက်တော့သည်။

အပ်စိုက် မေ့ဆေးပညာ။

အဏုစိတ် ခွဲစိတ်ကုသခြင်း။

ဆယ်စုနှစ်များစွာ အမြစ်တွယ်နေခဲ့သော ကျည်ဆန်ဒဏ်ရာဟောင်းနှင့် ကျည်ဆန်နှင့် တစ်သားတည်းနီးပါး ဖြစ်နေသော ကျောရိုးဆစ်၊ ခါးရိုးဆစ်များကို ပြန်လည် ဖွင့်ထုတ်လိုက်သည်။

နောက်ဆုံးတွင် ရှုပ်ထွေးလှသော တစ်ရှူးမျှင်များကို ဂရုတစိုက် ဖယ်ရှားခြင်း စတင်လေသည်။

ဒီအဆင့်က သာမန်ခွဲစိတ်မှုတစ်ခုမှာ အခက်ခဲဆုံး အပိုင်းပင်။ ကမ္ဘာကျော် ဆွီဒင် တော်ဝင်ဆေးပညာရှင်အဖွဲ့က ခေတ်ပေါ်ဆေးပညာနှင့် ဖြစ်နိုင်ဘူးဟု သတ်မှတ်ထားသော အဆင့်ဖြစ်၏။

ဒီအဆင့်ကို ရောက်သောအခါ ယဲ့ဖန် ခဏမျှ ရပ်တန့်လိုက်ပြီး အသက်ကို ဝဝရှူလိုက်သည်။

ထို့နောက်... သူ ဆက်လက် လှုပ်ရှားလိုက်၏။

နာရီဝက်ခန့် ကြာသောအခါ...

"ကလောင်... ကလောင်"

သတ္တုဗန်းထဲသို့ ကျည်ဆန်နှစ်တောင့် ပြုတ်ကျသွားသည့်အသံ ထွက်ပေါ်လာသည်။

ထိုအခါမှ ယဲ့ဖန် သက်ပြင်းချနိုင်တော့သည်။

သူသည် တစ်ရှူးမျှင်များကို နေရာတကျ ပြန်ဖြစ်အောင် ပြုလုပ်လိုက်၏။

ဒဏ်ရာကို ပြန်ချုပ်လိုက်သည်။

အပ်စိုက်ပညာဖြင့် ဖုန်းကျိန်းယွမ်၏ ပြန်လည်သက်သာလာမှုကို မြန်ဆန်အောင် ကူညီပေးလိုက်သည်။

ခွဲစိတ်ခုံနှင့် ကိရိယာများကို ပြန်လည်ရှင်းလင်းလိုက်သည်။

ထိုအချိန်မှာပင် ဖုန်းကျိန်းယွမ်၏ အသံ ထွက်ပေါ်လာလေ၏။

"မောင်ရင်..."

"မင်း... မင်း ငါ့ခါးရိုးနဲ့ ကျောရိုးကြားက ကျည်ဆန်နှစ်တောင့်ကို ထုတ်လိုက်တာလား"

ပြောနေရင်းနှင့် သူ့အသံများမှာ မယုံကြည်နိုင်မှုများဖြင့် တုန်ရီနေလေ၏။

ယဲ့ဖန်က ပြုံးလျက် ပြန်ဖြေလိုက်၏။

"ကျွန်တော် ပြောသားပဲ... ဆေးပညာကို စသုံးကတည်းက ကျွန်တော် တစ်ခါမှ မရှုံးဖူးပါဘူးလို့"

"ဦးလေး စိတ်မချရင် ဒေါက်တာ လျူနဲ့ တခြားလူတွေကို အခုပဲ ခေါ်ပြီး တစ်ကိုယ်လုံးကို စစ်ဆေးခိုင်းလိုက်လို့ ရတယ်"

ပြောပြီးသည်နှင့် သူ တံခါးနားသို့ လျှောက်သွားပြီး တံခါးကို ဆွဲဖွင့်လိုက်သည်။

ကုသဆောင် တံခါးအပြင်ဘက်တွင် ဒေါက်တာ လျူ၊ ရှောက်ဝူ၊ ဖုန်းရှောက်ခွန်း၊ ချန်းဖေးအယ်နှင့် အခြားလူများသည် တံခါးဝတွင် စုရုံးနေကြပြီး စိတ်ပူပန်သော မျက်လုံးများဖြင့် စောင့်မျှော်နေကြလေသည်။

တံခါးပွင့်လာပြီး ယဲ့ဖန် ထွက်လာသည်ကို မြင်သောအခါ သူတို့အားလုံး ပြိုင်တူ လွှတ်ခနဲ အော်ဟစ် မေးမြန်းလိုက်ကြသည်။

"အဖေ (ခေါင်းဆောင်/ဦးလေးဖုန်း) ဘယ်လိုနေသေးလဲ"

"ဘာလို့ အထဲမှာ ဒီလောက်ကြာနေရတာလဲ"

"ဘာတွေဖြစ်ခဲ့လဲ"

အထူးသဖြင့် ဒေါက်တာ လျူ ပင်။ သူ့ပုံစံက သိသိသာသာကို ဂနာမငြိမ် ဖြစ်နေရှာသည်။

"ငါ့စကားကို ဟာသလို့ မထင်နဲ့နော်"

"မင်းသာ စွမ်းဆောင်ရည် လိုချင်ဇောနဲ့ ခေါင်းဆောင်ဖုန်းကို ဇွတ်ခွဲစိတ်လိုက်ပြီး ခန္ဓာကိုယ်ရဲ့ ဟန်ချက်ညီမှုကို ဖျက်ဆီးလိုက်ရင်... ငါ မင်းကို လုံးဝ ခွင့်မလွှတ်ဘူး"

ယဲ့ဖန် အခုအချိန်မှာ ဘာမှ ရှင်းပြမနေချင်တော့။ ဒီလူနှင့်လည်း စကားနိုင်လုမနေချင်။

သူ့အတွက် လမ်းဖယ်ပေးလိုက်ပြီးနောက် အေးစက်စက် ပြောလိုက်လေသည်။

"ခင်ဗျားတို့ အထင်ကြီးနေတဲ့ ဆွီဒင် တော်ဝင်ဆေးပညာရှင်အဖွဲ့ ဆိုတာလည်း ဘာမှ မဟုတ်ပါလား"

"ကျောရိုးနဲ့ ခါးရိုးကြားမှာ ကျည်ဆန်နှစ်တောင့် ညပ်နေတာလောက်ကိုများ ကမ္ဘာ့အဆင့် ဆေးပညာ ပြဿနာကြီးလို လုပ်နေကြတယ်"

ဒေါက်တာ လျူ ဘာပြန်ပြောရမှန်း မသိခင်မှာပင် ယဲ့ဖန်က ကုတင်ရှိရာဘက်သို့ မေးငေါ့ပြလိုက်၏။

"ဦးလေးဖုန်းကို ခွဲစိတ်မှု အသေးစားလေး လုပ်ပြီးပြီ... အဲ့ဒီ ကျည်ဆန်တွေကို ကျွန်တော် ထုတ်လိုက်ပြီ”

အခန်း (၁၅၅၆) -စောစောက ကျုပ် စကားလွန်သွားမိတယ်

~"ဘာ"

ဒေါက်တာ လျူ ကြားလိုက်ရချိန်တွင် သူ့အသံက အထက်အောက်တာ တစ်ခုစာ မြင့်တက်သွားလေ၏။

ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်လို သူသည် ယဲ့ဖန်ဆီသို့ ဒရောသောပါး ပြေးဝင် လာတော့သည်။

"မင်း သောက်ရူးထနေတာလား"

"ခေါင်းဆောင်ဖုန်းရဲ့ ခန္ဓာကိုယ်အခြေအနေက စိုးရိမ်ရတဲ့ အဆင့်ရောက်နေပြီလို့ ငါ မင်းကို သေချာ အလေးထား ပြောခဲ့တယ်မဟုတ်လား... သိမ်မွေ့တဲ့ ဟန်ချက်ညီမှု ပျက်စီးသွားတာနဲ့ နည်းနည်းလေး ပေါ့ဆလိုက်တာက ပြန်ပြင်လို့မရတဲ့ အဆုံးသတ် ဖြစ်သွားနိုင်တယ်လေ... မင်းနားက သောက်လေသံ မကြားတာလား"

"မင်းကို သတ်ပစ်မယ်"

သို့သော် ထိုအချိန်မှာပင် ကုသဆောင်အတွင်းမှ ခန့်ညားသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။

"လျူကြီး... ရပ်လိုက်စမ်း"

"မောင်ရင်ယဲ့ရဲ့ ခွဲစိတ်မှုက သိပ်အောင်မြင်ပါတယ်ကွ"

"ခွဲစိတ်မှု လုပ်နေတုန်းရော၊ ပြီးသွားတဲ့အချိန်ရော ငါ ဘာမှ မခံစားရဘူး"

"ကျည်ဆန်တွေကိုလည်း ငါမြင်ပြီးပြီ... မောင်ရင်ယဲ့က တကယ်ပဲ ထုတ်ပေးလိုက်တာ"

"ခွဲစိတ်မှုက အောင်မြင်တယ် ဟုတ်လား"

ဖုန်းကျိန်းယွမ်၏ အသံကို ကြားလိုက်ရသဖြင့် ဒေါက်တာ လျူ ကြောင်အမ်း သွားရရှာသည်။

ယဲ့ဖန်ကို ထိုးရန် ရွယ်ထားသော လက်သီးသည် လေထဲတွင် တောင့်ခဲ ၍ ရပ်တန့်သွားလေ၏။

သို့သော် မကြာခင်မှာပင် သူ ပိုအရေးကြီးသည့် အရာကို သတိရသွားပြီး ကုသဆောင်ထဲသို့ အပြေးဝင်သွားတော့သည်။

"ခေါင်းဆောင်ကို ကျွန်တော် တစ်ကိုယ်လုံး စစ်ဆေးပေးမယ်"

ယဲ့ဖန်ကတော့ သူ့ကို ပြန်ပြောမနေတော့ဘဲ ကုသဆောင် အပြင်ဘက်တွင် မျက်နှာအမူအရာ မပြောင်းလဲဘဲ ရပ်နေလိုက်သည်။

ဖုန်းရှောက်ခွန်းကမူ သူ့အဖေအတွက် စိတ်ပူနေပုံ ရ၏။ ယဲ့ဖန်ကို ခေါင်းညိတ်ပြပြီးနောက် ကုသဆောင်ထဲသို့ အပြေးလိုက်ဝင်သွားလေသည်။

ထို့နောက် ရဲအရာရှိ ရှောက်ဝူလည်း နောက်မှ ကပ်ပါသွားတော့သည်။

မကြာမီ တံခါးဝတွင် ယဲ့ဖန်နှင့် ချန်းဖေးအယ်တို့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့လေ၏။

ချန်းဖေးအယ်သည် ယဲ့ဖန်အတွက် စိတ်ပူနေပုံရသည်။ ကုသဆောင်ဘက်ကို လှမ်းကြည့်ပြီးနောက် အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ခွဲစိတ်မှုက တကယ်ရော အဆင်ပြေရဲ့လား"

"ဦးလေးဖုန်းရဲ့ အဆင့်အတန်းက သာမန် မဟုတ်ဘူးနော်"

"သူသာ တစ်ခုခုဖြစ်သွားရင် ဒေါက်တာ လျူ တင်မကဘူး... ကျန်းကော စစ်မျက်နှာပြင် တစ်ခုလုံး မိုးမြေသိမ့်သိမ့်တုန် သွားလိမ့်မယ်"

ဒီနေ့မှ ချန်းဖေးအယ်ကို ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်နေသည်ဟု ယဲ့ဖန် ခံစားလိုက်ရသည်။ သူ ခပ်ပြုံးပြုံး လုပ်လိုက်ရင်း ပြောလိုက်လေ၏။

"ကိုယ့် အရည်အချင်းကို စိတ်ပူနေတုန်းလား"

"ကိုယ့်အတွက်က လွယ်လွယ်လေးပါ"

"ကြွားမနေနဲ့"

ချန်းဖေးအယ်က သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း စိတ်လှုပ်ရှားနေဆဲ ပုံပင်။

"ကိုယ့်ဘာသာကိုယ် အတည်ပြောနေတာ"

"စောစောက ဒေါက်တာ လျူ ပြောပုံအရဆို ဦးလေးဖုန်းရဲ့ အခြေအနေက အရင် ပြောထားတာထက် ပိုဆိုးရွားမယ့် ပုံပဲ"

"ရှင် သေချာရဲ့လား..."

သူမ စကားမဆုံးခင်မှာပင် ကုသဆောင်ထဲမှ အာမေဋိတ် အော်သံ တစ်ခု ထွက်ပေါ်လာချေ၏။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ဒေါက်တာ လျူ၏ အသံပင် ဖြစ်၏။

ထို့နောက် ဖုန်းရှောက်ခွန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည့် အသံ ထွက်ပေါ်လာသည်။

"ဘာဖြစ်လို့လဲ ဦးလေးလျူ"

"အဖေ့ အခြေအနေက မကောင်းလို့လား... ဒါမှမဟုတ်..."

"မဟုတ်ဘူး... ခွဲစိတ်မှုက ပြီးပြည့်စုံလွန်းနေလို့"

ဒေါက်တာ လျူ၏ အသံထဲတွင် တုန်လှုပ်ချောက်ခြားမှုများ ပြည့်နှက်နေလေ၏။

"ကျည်ဆန် (၂) တောင့်က မူလတည်းက ခေါင်းဆောင်ဖုန်းရဲ့ ခါးရိုးဆစ်၊ ကျောရိုးဆစ်တွေကြားက အကြောတွေ၊ တစ်ရှူးမျှင်တွေနဲ့ ရောနှောပြီး ရှုပ်ထွေးနေခဲ့တာ... ခေတ်ပေါ်ဆေးပညာ သီအိုရီအရဆိုရင် ဘေးပတ်ဝန်းကျင်က အကြောတွေနဲ့ တစ်ရှူးတွေကို မထိခိုက်စေဘဲ ဖယ်ထုတ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ... ဒါပေမဲ့ မောင်ရင်ယဲ့ရဲ့ ခွဲစိတ်မှုက ဒါကို လုပ်ဆောင်နိုင်ခဲ့တယ်... ကျည်ဆန်တွေဘေးမှာ ကြီးထွားနေတဲ့ အကြောတွေနဲ့ တစ်ရှူးမျှင်တွေကို နည်းနည်းလေးတောင် မထိခိုက်စေခဲ့ဘူး"

"ဒါ့အပြင် ခေါင်းဆောင်ဖုန်းက အသက်ကြီးနေပြီလေ... ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေနဲ့ ပြန်လည်ပြုပြင်နိုင်စွမ်းက အများကြီး ကျဆင်းနေပြီ... ပုံမှန်ဆိုရင် ခါးရိုးနဲ့ ကျောရိုးလို နေရာမျိုးကို ခွဲစိတ်ပြီးရင် ပြန်ကောင်းဖို့ ဆိုတာ ပြဿနာအကြီးကြီးပဲ... ဒါပေမဲ့ ခွဲစိတ်ပြီးတာနဲ့ မောင်ရင်ယဲ့က ဆန်းကြယ်တဲ့ နည်းလမ်း တစ်ခုခု သုံးပြီး ခေါင်းဆောင်ဖုန်းရဲ့ ခါးရိုးဆစ်နဲ့ ကျောရိုးဆစ် အစိတ်အပိုင်းအများစုကို ပြန်လည် ပြုပြင်ပေးခဲ့ပုံ ရတယ်"

ဖုန်းရှောက်ခွန်း ကြားလိုက်ရသည့်အခါ အသံကုန်ဟစ်၍ ပျော်ရွှင်သွားရှာသည်။

"ဦးလေးလျူ... ဦးလေး ဘာကို ဆိုလိုတာလဲ"

"အဖေ့ ကျန်းမာရေးက အဆင်ပြေသွားပြီပေါ့"

"အဆင်ပြေရုံတင် မကဘူး"

ဒီစကားကို ပြောလိုက်ချိန်တွင် ဒေါက်တာ လျူ တံတွေးမြိုချမိသည့် အသံကိုပါ ကြားလိုက်ရသည်။

"သူ့ကျန်းမာရေးက အရင်ကထက်တောင် ပိုကောင်းလာသေးတယ်"

"မောင်ရင်ယဲ့ရဲ့ ဆေးပညာက တကယ့်ကို အတပ်သိ ပါပဲဗျာ"

"ခေါင်းဆောင်ဖုန်းရဲ့ ခန္ဓာကိုယ်ထဲက ကျည်ဆန်ဟောင်း (၂) တောင့်ကို ထုတ်ပြီး ခါးရိုးနဲ့ ကျောရိုး ဒဏ်ရာတွေကို ပြန်ပြုပြင်ပေးလိုက်ရုံတင်မကဘူး... ခေါင်းဆောင်ဖုန်းရဲ့ ခန္ဓာကိုယ်ကိုပါ ပြန်လည်အားဖြည့်ပေးလိုက်တယ်"

"မူလက ခေါင်းဆောင်ဖုန်းရဲ့ ခန္ဓာကိုယ်ဟာ နှစ်ရှည်လများ ခံစားခဲ့ရတဲ့ ရောဂါဟောင်းတွေနဲ့ ဇရာကြောင့် အရမ်းအားနည်းနေခဲ့တာ... အခုတော့ အဲ့ဒါတွေက ပြဿနာ မဟုတ်တော့ဘူး"

ပြောရင်းနှင့် သူသည် ဖုန်းကျိန်းယွမ်၏ ရှေ့တွင် စိတ်လှုပ်ရှားစွာဖြင့် ခဏမျှ ရေရွတ် နေမိသည်။

ထို့နောက် သူ့အမှားကို သူ သိသွားပုံ ရကာ ယဲ့ဖန်ရှိရာသို့ ဒရောသောပါး ပြေးထွက်လာပြီး ခါးကို ကိုင်းညွှတ်ကာ အရိုအသေ ပေးလိုက်လေ၏။

"တောင်းပန်ပါတယ်..မောင်ရင်ယဲ့"

"စောစောက ကျုပ် စကားလွန်သွားမိတယ်... တောင်းပန်ပါတယ်ဗျာ"

"ကျုပ်က 'ထိုက်ဆန်တောင်ကို မျက်စိရှေ့ထားပြီး မမြင်မိတဲ့ မျက်ကန်း' ပါ"

(ဘာသာပြန်သူမှတ်ချက် - ထိုက်ဆန်တောင်ဆိုသည်မှာ တရုတ်ပြည်ရှိ အလွန်မြင့်မားသော တောင်ဖြစ်ပြီး၊ ဤနေရာတွင် မျက်စိရှေ့မှ လူစွမ်းကောင်းကို မမြင်မိခြင်းအား တင်စားပါသည်)

ချန်းဖေးအယ် ကြားလိုက်ရသည့်အခါ ကြက်သေသေသွားရရှာသည်။

ယဲ့ဖန်ကို ပြောမည် ပြင်ထားသည့် စိုးရိမ်စကားများ ရုတ်ချည်း ပျောက်ကွယ် သွားပြီး ဒေါက်တာ လျူ၏ အမူအရာကို မြင်လိုက်ရသည့်အခါ ပါးစပ် အဟောင်းသား ဖြစ်သွားရတော့သည်။

သို့သော် ယဲ့ဖန်ကမူ ဒေါက်တာ လျူ၏ အရိုအသေပေးမှုကို တည်ငြိမ်စွာပင် လက်ခံလိုက်လေ၏။ သူ့မျက်နှာထားက တည်ငြိမ်လျက်ပင်။

"ရပါတယ်... ခင်ဗျားက စိတ်ပူလွန်းလို့ ဖြစ်သွားတာပဲ... ကျွန်တော် နားလည်ပါတယ်"

သို့သော် ဒေါက်တာ လျူက အလွန် အားနာနေပြီး ရိုသေမှု အပြည့် ရှိနေလေ၏။

"မောင်ရင်က ထားလိုက်လို့ ပြောပေမယ့် ကျုပ်ကတော့ ကျေးဇူးမတင်ဘဲ မနေနိုင်ပါဘူး"

"ဒီလိုလုပ်ပါ... မောင်ရင် လိုအပ်တာ ရှိရင် ပြောသာ ပြောပါ"

"ကျုပ်နောက်မှာ လျူမိသားစု ရှိတယ်... ပြီးတော့ နှစ်တွေအများကြီး စုဆောင်းထားတဲ့ အဆက်အသွယ်တွေနဲ့ ငွေကြေးအနည်းငယ်လည်း ရှိပါတယ်... ခဏနေရင် စာရင်း တစ်ခု လုပ်ခိုင်းပြီး မောင်ရင့်ဆီ ပို့ခိုင်းလိုက်မယ်... ကြိုက်တာ ရှိရင် ယူသာ ယူလိုက်ပါ... ကျုပ်ရဲ့ တောင်းပန်မှုအဖြစ် လက်ခံပေးပါ"

ယဲ့ဖန် ကြားလိုက်ရသည့်အခါ ငြင်းပယ်ရန် ပြင်လိုက်သည်။

သို့သော် မထင်မှတ်ဘဲ ဖုန်းကျိန်းယွမ်၏ အသံက ကုသဆောင်ထဲမှ ထွက်ပေါ်လာ၏။

"မောင်ရင်ယဲ့... လျူကြီးရဲ့ စိတ်နေသဘောထားက ဒီလိုပဲကွ"

"မောင်ရင်သာ လက်မခံရင် အဲ့ဒီအပြစ်ရှိစိတ်ကြောင့် သူ ရက်ပေါင်းများစွာ အိပ်နိုင်စားနိုင်မှာ မဟုတ်တော့ဘူး"

"ဒါကြောင့် သူ ပြောတဲ့အတိုင်းပဲ လက်ခံလိုက်ပါကွာ"

ထို့နောက် ဖုန်းရှောက်ခွန်း၏ အသံလည်း ထွက်ပေါ်လာသည်။

"ဟုတ်တယ် ဆရာ... လက်ခံလိုက်ပါ"

"ဦးလေးလျူရဲ့ မိသားစုက အခြေခံခိုင်မာတယ်... သူတို့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီးရှိတယ်"

"မယူရင် နှမြောစရာကြီး"

သူတို့နှစ်ယောက်လုံး ဝိုင်းပြောနေကြသဖြင့် ယဲ့ဖန်လည်း မငြင်းတော့ပေ။

သူ ဒေါက်တာ လျူ ကို ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆိုရင်လည်း ခင်ဗျားသဘောအတိုင်းပါပဲ"

ထို့နောက် ဖုန်းကျိန်းယွမ်ကို ကျန်ရှိနေသေးသည့် ပြန်လည်ထူထောင်ရေး နည်းလမ်းများ ပြောပြပြီးသည်နှင့် ချန်းဖေးအယ်နှင့်အတူ ပြန်ထွက်လာခဲ့လိုက်သည်။

မထွက်ခွာမီ ဖုန်းကျိန်းယွမ်က သတိပေးလိုက်သဖြင့် ကုသဆောင်ထဲတွင် ရှိနေသေးသော ဖုန်းရှောက်ခွန်းက ယဲ့ဖန်ကို ကိုယ်တိုင်လိုက်ပို့လေ၏။

ကျန်းကော စစ်မျက်နှာပြင် ဂိတ်ပေါက်ဝသို့ ရောက်သောအခါ သူသည် ယဲ့ဖန်၏ လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လျက် ခါးကို ကိုင်းညွှတ်ကာ အရိုအသေ ပြုလိုက်ပြန်သည်။

"ဆရာ... အဖေက ဆရာ့ကို ဒီစကား ပြောလိုက်ခိုင်းလို့ပါ"

"ဆရာ့ကို သူ အရမ်း ကျေးဇူးတင်ပါတယ်တဲ့"

"ဒီနေ့ ဆရာက ကျွန်တော်နဲ့ သူ့အပေါ် ထားခဲ့တဲ့ ကျေးဇူးတရားကို သူ ဘယ်တော့မှ မမေ့ပါဘူးတဲ့"

"နောင်တစ်ချိန် ဆရာ သူ့အကူအညီ လိုအပ်လာရင် ဘယ်အချိန်ဖြစ်ဖြစ် ပြောပါ... ဖုန်းမိသားစု တစ်ခုလုံး အစွမ်းကုန် ကူညီပေးပါ့မယ်တဲ့"

"ငြင်းဆန်ခြင်း မရှိရပါဘူး”

All Chapters