← Chapters

အခန်း (၁၅၅၇-၁၅၅၉)

Vol. 80 Ch. 1557-1559

အခန်း (၁၅၅၇-၁၅၅၉)

Vol. 80 Ch. 1557-1559

အခန်း (၁၅၅၇) - ဆင်တူယိုးမှား မဟုတ်ဘူး... တစ်ပုံစံတည်းပဲ

~ဒီတစ်ခါတော့ ဖုန်းရှောက်ခွန်းက "စည်းမျဉ်းစည်းကမ်း ဘောင်အတွင်းက" ဆိုသည့် အကန့်အသတ်မျိုး ထပ်မထည့်တော့။

ဖုန်းကျိန်းယွမ်က ယဲ့ဖန်အပေါ် ကျေးဇူးတင်ရှိမှုက လွန်ကဲနေသည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ယဲ့ဖန်လည်း ထိုမသိမသာ ကွာခြားချက်ကို သတိပြုမိလိုက်၏။

ဖုန်းရှောက်ခွန်းနှင့် လက်ဆွဲနှုတ်ဆက်ပြီးနောက် သူက ပြောလိုက်သည်။

"ငါတို့က အချင်းချင်းတွေပဲကွာ... သိပ်ပြီး ယဉ်ကျေးမနေပါနဲ့"

"ဦးလေးဖုန်းက ပြန်လည်သက်သာလာဖို့ အချိန်နည်းနည်း လိုသေးတယ်... သူ့ဘေးမှာ တစ်ယောက်ယောက် ရှိနေဖို့လိုတယ်... မင်း အမြန်ပြန်သွားပြီး သူ့ကို အဖော်ပြုပေးလိုက်ပါ"

"တစ်ခုခုဆိုရင် ဖုန်းနဲ့ ဆက်သွယ်လိုက်မယ်"

"ဟုတ်ကဲ့ပါ ဆရာ"

ဖုန်းရှောက်ခွန်း ခေါင်းညိတ်လိုက်ပြီး ချန်းဖေးအယ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်လေ၏။

"ဒါဆိုရင် ကျွန်တော် ဒီကနေပဲ နှုတ်ဆက်လိုက်ပါတော့မယ်"

"ဆရာနဲ့ ဆရာကတော်... ကောင်းကောင်းပြန်ကြပါနော်"

စကားဆုံးသည်နှင့် ဖုန်းရှောက်ခွန်းသည် ချန်းဖေးအယ် ထပ်ပြီး မျက်စောင်းထိုးမည်ကို ကြောက်သည့်အလား ချက်ချင်းပင် လှည့်ထွက်ပြေးတော့သည်။

ထင်သည့်အတိုင်းပင် ချန်းဖေးအယ်က ယဲ့ဖန်ကို မျက်စောင်းထိုးလေ၏။

"ဒါ ရှင် သင်ပေးထားတဲ့ တပည့်ကောင်းလေးပေါ့လေ"

"ပေါက်ကရ ပြောတာကတော့ ရှင့်လိုပဲ တကယ့် ပါရမီရှင်"

"ရှင်တို့နှစ်ယောက်က ဆင်တူယိုးမှား မဟုတ်ဘူး... တစ်ပုံစံတည်းပဲ"

ယဲ့ဖန် သူမစကားကို ဂရုမစိုက်တော့။ စစ်ဆေးရေးဂိတ်ဝင်ပေါက် လမ်းဘေးဘက်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။

"မင်းကားက ဘယ်တစ်စီးလဲ"

"ကိုယ့် ဒဏ်ရာဟောင်းက အပြည့်အဝ ပြန်မကောင်းသေးဘူး... ခုနက ဦးလေးဖုန်းကို ကုပေးလိုက်တာ အားကုန်သွားတယ်... ကားပေါ်တက်ပြီး ခဏလောက် နားပါရစေဦး"

ချန်းဖေးအယ် ကြားလိုက်ရသည့်အခါ ယဲ့ဖန်ကို အကဲခတ် ကြည့်ရှုလိုက်သည်။ သူ့မျက်နှာက ပုံမှန်မဟုတ်ဘဲ ဖြူဖျော့နေသည်ကို မြင်လိုက်ရသည့်အခါ သူမမျက်နှာထား လေးနက်သွားပြီး အနည်းငယ်ပင် ထိတ်ပျာ သွားရှာသည်။

"အခြေအနေ ဆိုးနေတာလား"

"ကျွန်မ တွဲကူပေးရမလား"

ပြောရင်းနှင့် မလှမ်းမကမ်းတွင် ရပ်ထားသော အထူးလိုင်စင်နံပါတ်ပြားနှင့် Off-road ကားတစ်စီးကို လက်ညှိုးထိုးပြလိုက်၏။

"ကားက ဟိုဘက်မှာ"

"ဒါမှမဟုတ် ကျွန်မ သွားမောင်းလာခဲ့ပေးမယ်လေ"

သူမက သူ့ကို တော်တော်လေး စိတ်ပူနေမှန်း ယဲ့ဖန် မြင်လိုက်ရသည်။ အမှန်အတိုင်း ပြောပြချင်သော်လည်း 'ရှေးကတည်းက စေတနာအမှန်က ထိန်းသိမ်းဖို့ ခက်ခဲပြီး၊ ဉာဏ်ဆင်ကစားမှသာ လူစိတ်ကို ဖမ်းစားနိုင်သည်' ဟူသော စကားကို တွေးမိကာ ခေါင်းညိတ်လိုက်လေ၏။

"မင်းပဲ ကားသွားယူလိုက်ပါလား"

"ကိုယ် ဒီမှာ ထိုင်ပြီး ခဏလောက် နားရင်း အသက်ရှူ လေ့ကျင့်ခန်း လုပ်လိုက်မယ်... ဘာမှ မဖြစ်လောက်ပါဘူး"

"ကောင်းပြီ"

ချန်းဖေးအယ်က လျင်မြန်စွာ ပြန်ဖြေလိုက်သည်။

ထို့နောက် သူမ ကား ရှိရာသို့ ဒရောသောပါး ပြေး သွားပြီး ကားကို မောင်းယူလာလေ၏။

ကားရောက်လာသည့်အခါ ယဲ့ဖန်အတွက် ဘေးခုံတံခါးကို တွန်းဖွင့်ပေးပြီး လက်ကမ်းပေးလိုက်သည်။

"အားမရှိရင် ကျွန်မလက်ကို ကိုင်လိုက်... ဆွဲတင်ပေးမယ်"

ယဲ့ဖန်က ဟန်လုပ်ရမည် ဆိုလျှင် ထိပ်တန်းအဆင့် ဖြစ်၏။ ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်းပင် သူမလက်ကို လှမ်းဆွဲလိုက်လေ၏။

တစ်ချိန်တည်းမှာပင် အခြားလက်တစ်ဖက်က ကားခုံကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။

ထို့နောက် တုန်တုန်ရီရီနှင့် ခက်ခဲစွာ အားယူပြီး ကားပေါ်သို့ တက်လိုက်လေသည်။

အခုတော့ ချန်းဖေးအယ် သူ့ကို လုံးလုံးလျားလျား ယုံကြည်သွားရ၏။

ကားပေါ်ရောက်သည်နှင့် သူမက ကိုယ်ကိုကိုင်းကာ ယဲ့ဖန်ဘက်ခြမ်း တံခါးကို ကူပိတ်ပေးလိုက်လေ၏။

ပြီးတော့ စိတ်ပူစွာဖြင့် မေးလိုက်သည်။

"ဘာလိုသေးလဲ... ဒါမှမဟုတ် ကျွန်မ ဘာလုပ်ပေးရဦးမလဲ"

"ရှင်ကလည်း... စောစောက ဘာလို့ မပြောတာလဲ"

"စောစောကသာ ပြောရင် ဦးလေးဖုန်းအိမ်က ထွက်လာကတည်းက တွဲခေါ်လာမှာပေါ့"

သူမ ဘေးတစ်စောင်းလှည့်ပြီး သူ့ကို လာထိကပ်လိုက်သည့်အခါ နူးညံ့အိစက်သော အထိအတွေ့ကို ယဲ့ဖန် ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။

သူမ၏ စိုးရိမ်တကြီး မေးခွန်းကို ကြားလိုက်ရသည့်အခါ သူက ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်ပြီး အားနည်းနေသည့်ဟန် ဆက်လက် သရုပ်ဆောင်လိုက်လေ၏။

"အဲ့ဒီလိုသာ လုပ်လိုက်ရင် ကိုယ်က မိန်းမ တစ်ယောက်ရဲ့ အကူအညီယူရတဲ့ ကောင် ဖြစ်သွားမှာပေါ့"

"တပည့်တွေနဲ့ ဦးလေးဖုန်း ရှေ့မှာ ကိုယ့်သိက္ခာ ကျသွားမှာပေါ့ကွ"

"ကိုယ်က လုံခြုံရေးအဖွဲ့ရဲ့ အထူးပညာရှင်လေ... ဘာပဲဖြစ်ဖြစ် လုံခြုံရေးအဖွဲ့ရဲ့ မျက်နှာကိုတော့ ထောက်ရဦးမယ် မဟုတ်လား"

သာမန်အချိန်သာဆိုလျှင် ဒီစကားကို ကြားပါက ချန်းဖေးအယ် သံသယ ဝင်မိမှာ သေချာသည်။

သို့သော်၊ အခုချိန်မှာတော့ ယဲ့ဖန်မှာ အတွင်းဒဏ်ရာ ရထားသည်ဟု သူမ ယုံကြည်နေသည့်အပြင် ဖုန်းကျိန်းယွမ်ကို ကုသပေးရင်း အားကုန်သွားသည်ဟု ထင်နေသဖြင့် ရယ်ရခက် ငိုရခက် ဖြစ်သွားရှာသည်။

"ဒီလို အချိန် ရောက်နေတာတောင် ဒါတွေ တွေးနေသေးတယ်"

"ကဲပါ... ကားပေါ်ရောက်ပြီဆိုတော့ အနားယူပြီး ကုသလိုက်ဦး"

"တစ်ခုခု လိုအပ်ရင်... ဒါမှမဟုတ် ကျွန်မ ကူညီရမယ့်ကိစ္စ ရှိရင် ပြောနော်"

ယဲ့ဖန်က အားနည်းနေသည့်ပုံစံဖြင့် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်ပြီး ယန်ကျိုးဖိုကြီးကို အားယူကာ ထုတ်လိုက်လေ၏။ ထို့နောက် ချန်းဖေးအယ်ကို ကမ်းပေးလိုက်သည်။

"ဒါက လုံခြုံရေးအဖွဲ့က မင်းကို လာယူခိုင်းတဲ့ပစ္စည်း"

"ကိုယ် စစ်ဆေးပြီးပြီ... အစစ်ပဲ"

"ဘာပြဿနာမှ မရှိဘူး"

ချန်းဖေးအယ်က လက်နှစ်ဖက်ဖြင့် ဂရုတစိုက် လှမ်းယူလိုက်သည်။

"ရှင့်ရဲ့ စစ်ဆေးချက်ကို ကျွန်မ ယုံပါတယ်"

"ကျွန်မ အထက်လူကြီးတွေကို လှမ်းဆက်သွယ်ပြီး အခြေအနေ တင်ပြလိုက်မယ်... ပြီးတော့ ရှင့်အတွက် ဆုကြေးကိစ္စကိုပါ ကူပြောပေးမယ်"

"ရှင် အနားယူလိုက်ဦး"

"ရှင် နားပြီးလောက်တဲ့အချိန်ဆိုရင် အဖြေထွက်လောက်ပြီ"

"ကောင်းပြီ"

ယဲ့ဖန် ပြန်ဖြေလိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်လေသည်။

သူ့မျက်နှာ ဖြူဖျော့နေခြင်းကတော့ ဟန်ဆောင်ထားခြင်း မဟုတ်ပေ။

ဖုန်းကျိန်းယွမ်ကို ခွဲစိတ်ကုသပေးစဉ်က တကယ်ပင် အားအင်ကုန်ခမ်းလုနီးပါး သုံးစွဲခဲ့ရခြင်း ဖြစ်၏။

ယခုအချိန်တွင် သူ တကယ်ပင် အနားယူပြီး ပြန်လည်အားဖြည့်ရန် လိုအပ်နေလေ၏။

သူ မျက်လုံးမှိတ်ပြီး အနားယူနေစဉ် ချန်းဖေးအယ်က သူ့ကို နှောင့်ယှက်မိမည် စိုးသဖြင့် ကားပေါ်မှဆင်းကာ ဖုန်းသွားပြောလေ၏။

"ခေါင်းဆောင်... သမီး ပညာရှင်ယဲ့ဆီက ယန်ကျိုးဖိုကြီးကို လက်ခံရရှိပါပြီ"

"နည်းပညာအဖွဲ့က ပညာရှင်တွေ မရောက်သေးလို့ စက်ကိရိယာတွေနဲ့ အစစ်အမှန် ဟုတ်မဟုတ် အတည်မပြုနိုင်သေးပေမဲ့... ပညာရှင်ယဲ့ ကိုယ်တိုင် စစ်ဆေးပြီး ပြဿနာမရှိဘူးလို့ ပြောပါတယ်... အခု ပညာရှင်ယဲ့ကို ဘယ်လိုဆုကြေးမျိုး ပေးမလဲဆိုတာ ဆွေးနွေးလို့ ရပါပြီ..."

"ဒီတစ်ခါ နိုင်ငံတော်ရတနာ ယန်ကျိုးဖိုကြီးကို ကာကွယ်ဖို့အတွက် ပညာရှင်ယဲ့က ဖိအားတွေ အများကြီး ခံခဲ့ရတယ်... ကျန်းကော စစ်မျက်နှာပြင်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး စွန့်စားခဲ့ရတယ်... ဒါတောင်မှ သူ တော်တော်လေး ပေးဆပ်ခဲ့ရရှာတယ်... သူကိုယ်တိုင်လည်း ပြင်းထန်တဲ့ အတွင်းဒဏ်ရာ ရထားတယ်... ဒါကြောင့် ခေါင်းဆောင်တို့ ပညာရှင်ယဲ့အတွက် ဆုကြေး သတ်မှတ်တဲ့အခါ ဒီအချက်တွေကိုပါ ထည့်သွင်းစဉ်းစားပြီး ထိုက်ထိုက်တန်တန် တိုးပေးစေချင်ပါတယ်..."

"ကျန်းကော စစ်မျက်နှာပြင်က ခေါင်းဆောင်ဖုန်း ကိုယ်တိုင် စည်းမျဉ်းချိုးဖောက်ပြီး စနိုက်ပါတွေ သုံးခဲ့တဲ့ကိစ္စကို အပြစ်တင်တာ သမီး မျက်စိနဲ့တပ်အပ် မြင်ခဲ့ရတာပါ... ပြီးတော့ သူ့ရဲ့ အတွင်းဒဏ်ရာ ဘယ်လောက်ပြင်းထန်လဲ ဆိုတာလည်း သမီး ကိုယ်တိုင် မြင်ခဲ့ရပါတယ်..."

သူမ ပြောနေသည်များကို ကြားလိုက်ရသည့်အခါ ယဲ့ဖန် ရင်ထဲ နွေးထွေးသွားမိသည်။

‘အပြင်ပန်းမှာ အေးစက်စက်နဲ့ အလုပ်သဘောဆန်တဲ့ လုံခြုံရေးအဖွဲ့က ဒီမိန်းမလှလေးက သူ့အပေါ် တကယ် ကောင်းရှာသားပဲ။’

ပုံမှန်အချိန်တွေမှာ သူ့ကို စနောက်တာတွေ၊ ရန်တွေ့တာတွေ လုပ်တတ်ပြီး အပေါ်ယံမှာ အလုပ်သဘောဆန်သလို နေတတ်သော်ငြား ဒီလို အရေးကြီးသော အချိန်ကျရင်တော့ ဘာမှ မငဲ့ကွက်ဘဲ သူ့ဘက်မှ အစွမ်းကုန် ကူညီပေးရှာသည်။

နည်းပညာဌာနမှ ကျွမ်းကျင်ပညာရှင်များ ရောက်လာပြီး ပစ္စည်းအစစ်အမှန် ဖြစ်ကြောင်း အတည်ပြုပြီးနောက် ချန်းဖေးအယ်က ခေါင်းဆောင်ထံ အခြေအနေကို ထပ်မံ တင်ပြလိုက်သည်။ ပြီးနောက် တိတ်ဆိတ်စွာ ကားပေါ်သို့ ပြန်တက်လာ၏။

ထိုအခါမှ ယဲ့ဖန်က အိပ်ချင်မူးတူး ပုံစံဖြင့် နိုးလာဟန် ပြုလိုက်သည်။

"ဘယ်အချိန် ရှိပြီလဲ"

"(၁၁) နာရီ (၅၂) ပဲ ရှိသေးတယ်... ရှင် တစ်နာရီခွဲလောက်ပဲ အိပ်ရသေးတယ်"

ချန်းဖေးအယ် အနည်းငယ် ထိတ်ပျာသွား၏။

"ကျွန်မ ကားပေါ် တက်လာတာ အသံကျယ်သွားလို့ နိုးသွားတာလား"

"ဒါဆို ကျွန်မ ကားအပြင်ထွက်ပြီး လမ်းလျှောက်နေလိုက်မယ်လေ... ရှင် နည်းနည်းလောက် ထပ်နားလိုက်ပါလား"

ယဲ့ဖန် လျင်မြန်စွာ လက်ကာပြလိုက်သည်။

"မလိုပါဘူး... မလိုပါဘူး... ကိုယ် အားပြန်ပြည့်သလောက် ရှိနေပါပြီ"

"အချိန်လည်း လွယ်နေပြီ... နေ့လယ်စာ စားဖို့ နေရာတစ်ခုခု သွားရှာကြစို့"

"ကိုယ် ဒကာခံမယ်"

"မဟုတ်ရင် မင်းကို အကြာကြီး စောင့်ခိုင်းမိတဲ့အတွက် ကိုယ် အားနာနေရတော့မှာ”

အခန်း (၁၅၅၈) - မူလအတိုင်း ပြန်နေပေးပါ

~ချန်းဖေးအယ်သည် ယဲ့ဖန်၏ ကျန်းမာရေးအတွက် စိတ်ပူနေဆဲ ဖြစ်ပုံ ရ၏။

သူ့ကို အကဲခတ် ကြည့်ရှုပြီးနောက် သူမက မေးလိုက်သည်။

"ရှင် တကယ်ရော အဆင်ပြေရဲ့လား"

"ကိုယ် အနားယူထားပြီးပြီလေ... အများကြီး သက်သာနေပါပြီ"

ယဲ့ဖန်က ကြွက်သားများကို ဆန့်ထုတ်လိုက်ရင်း ပြောလိုက်၏။

"အခုဆို တစ်ခုခုတောင် စားနိုင်နေပြီ"

"ဒါဆို ရှင်ပဲ နေရာရွေးလိုက်တော့"

ထိုအခါမှ ချန်းဖေးအယ် စကားရပ်လိုက်တော့သည်။

"ကျွန်မက ဘာဖြစ်ဖြစ် စားတတ်တယ်... ရှင် ရွေးပြီးတာနဲ့ လိပ်စာသာ ပြောလိုက်"

ယဲ့ဖန်က ကျန်းကောမြို့နှင့် ရင်းနှီးသူ မဟုတ်ပေ။

ဒါကြောင့် သူ ဖုန်းကို ထုတ်လိုက်ပြီး Orange App (အစားအသောက် ရီဗျူးအက်ပ်) ကို ဖွင့်ကာ အနီးနားရှိ နာမည်ကြီး စားသောက်ဆိုင်များကို ရှာဖွေကြည့်လိုက်သည်။

(၂) ကီလိုမီတာ၊ (၃) ကီလိုမီတာ ဝန်းကျင်တွင် နာမည်ကောင်းရထားသော Black Pearl စားသောက်ဆိုင် တစ်ဆိုင် ရှိနေသည်ကို တွေ့လိုက်ရသဖြင့် ဖုန်းကို ကမ်းပေးလိုက်လေ၏။

"ဒီဆိုင်ပဲ သွားကြတာပေါ့"

ချန်းဖေးအယ် လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်နှာထား ထူးဆန်းသွား၏။

"ဒီဆိုင်က အရမ်းဈေးကြီးမယ့်ပုံပဲ"

"Black Pearl ကြယ်သုံးပွင့် ဆိုင်တဲ့"

"ဘဝမှာ တစ်ခေါက်တော့ ရောက်ဖူးရမယ့် ဆိုင်မျိုးတဲ့"

"ရီဗျူးတွေ ကြည့်ရတာ တစ်ယောက်ကို (၅၀၀၀) ကျော်လောက် ကျမယ်... နည်းနည်း များလွန်းမနေဘူးလား"

"မကြာသေးခင်ကမှ ကိုယ် ဆုကြေးငွေ သန်း (၂၀၀၀) ရထားတာ မင်းမေ့နေပြီလား"

ယဲ့ဖန်က ရက်ရောစွာပင် လက်ကာပြလိုက်သည်။

"ဒီနေ့ ကုန်သမျှ သခင်လေးယဲ့ ဒကာခံမယ်"

"ခေါင်းဆောင်ရေ... စိတ်မပူနဲ့ ၊ မကြောက်နဲ့... တိုးသာတိုက်"

"ဘာမှ ဝန်ထုပ်ဝန်ပိုး ဖြစ်နေစရာ မလိုဘူး"

"ဒါဆို သခင်လေးယဲ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မက တစ်ခွက်လောက် ဂုဏ်ပြုပေးရမလား"

ချန်းဖေးအယ် ချိုမြစွာ ရယ်မောလိုက်မိသည်။

သူမလည်း ဒီဟာသ (Meme) ကို သိထားပုံရသည်။

ယဲ့ဖန် သူမကို အကဲခတ် ကြည့်လိုက်မိ၏။

"မဆိုးဘူးပဲ"

"မင်းလည်း ခေတ်ရေစီးကြောင်းကို မီအောင် လိုက်တတ်လာပြီပဲ"

"ဒီလို နာမည်ကြီးနေတဲ့ စကားလုံးတွေကိုတောင် သိထားသေးတယ်"

[မူရင်း စကားလုံး (Chinese Internet Slang)

"不要怂,就是干" (Bùyào sǒng, jiùshì gàn)

* အသံထွက်: ပုယောင် ဆုန်၊ ကျို့ရှီ ကန့်

* အဓိပ္ပာယ်: "မကြောက်နဲ့... တိုးသာတိုက် -

ဒီစကားလုံးက ဂိမ်းလောက (အထူးသဖြင့် MOBA ဂိမ်းတွေဖြစ်တဲ့ LoL, Dota) ကနေ စတင်ပြန့်ပွားလာတာပါ။ ရန်သူနဲ့ တွေ့တဲ့အခါ နောက်ဆုတ်မပြေးဘဲ ရဲရဲတင်းတင်း ဝင်တိုက်ဖို့ အားပေးတဲ့ စကားလုံးပါ။ နောက်ပိုင်းမှာ အင်တာနက်ပေါ်မှာ "ဘာကိုမှ ကြောက်မနေနဲ့၊ ရဲရဲသာ လုပ်လိုက်" ဆိုတဲ့ သဘောမျိုးနဲ့ နေရာတကာမှာ သုံးလာကြပါတယ်။

ဒါကြောင့် ယဲ့ဖန်က ဒါကို ကြားတော့ ရယ်လိုက်တဲ့ ချန်းဖေးအယ်ကို "ခေတ်ရေစီးကြောင်းကို မီသားပဲ" လို့ ပြောပြီး ရယ်မောလိုက်တာ ဖြစ်ပါတယ်။ ]

အရင်တုန်းက ချန်းဖေးအယ်သည် ခံစားချက် မရှိသော အလုပ်လုပ်သည့် စက်ရုပ် တစ်ရုပ်လို ဖြစ်နေခဲ့သည်ကို သူ ကောင်းကောင်းမှတ်မိနေလေ၏။

သူမက ငယ်ရွယ်သေးသော်လည်း သူမကမ္ဘာတွင် မစ်ရှင်ထမ်းဆောင်ခြင်း သို့မဟုတ် မစ်ရှင်ထမ်းဆောင်ရန် သွားနေခြင်း နှစ်မျိုးသာ ရှိခဲ့သည်။

မစ်ရှင်နှင့် နေ့စဉ် လေ့ကျင့်မှုများကလွဲလျှင် သာမန်မိန်းကလေးတွေ ၏ နေ့စဉ်ဘဝနှင့်တောင် အထိအတွေ့မရှိခဲ့သူ ဖြစ်၏။ လူငယ်တွေကြား ရေပန်းစားနေသော စကားလုံးတွေဆိုလျှင် ဝေးရော။

အခုလို အလုပ်ရူးမလေးက ခေတ်စားနေသည့် စကားလုံးတွေ ပြောလာတာကို ကြားလိုက်ရသည့်အခါ... ရိုးရိုးသားသား ပြောရလျှင် ယဲ့ဖန် အံ့ဩသွားမိသည်။

သို့သော် ချန်းဖေးအယ်က သူ့ကို မျက်စောင်းထိုးလိုက်လေ၏။

"ရှင် ဘာတွေ လာပြောနေတာလဲ... ရှင့်မျက်လုံးထဲမှာ ကျွန်မက ရှေးရိုးစွဲ အဘွားကြီး ဖြစ်နေတာလား"

"ရှေးရိုးစွဲတော့ မဟုတ်ပါဘူး"

ယဲ့ဖန် ခွီခနဲ ရယ်လိုက်သည်။

"ဒါပေမဲ့ မင်းက ခေတ်မမီတာတော့ အမှန်ပဲ"

"ရှင် အထိုးခံချင်နေတာလား"

ချန်းဖေးအယ် ရှက်လည်းရှက် ဒေါသလည်းထွက်သွားပြီး သူ့ကို လက်သီးဖြင့် လှမ်းထိုးလိုက်သည်။

ယဲ့ဖန်က ဂရုမစိုက်။ သူမ ထိုးတာကို ခံလိုက်ပြီး GPS ဖွင့်လိုက်လေ၏။

ချန်းဖေးအယ်က Black Pearl ကြယ်သုံးပွင့် စားသောက်ဆိုင်ရှေ့သို့ ကားမောင်းပို့လိုက်သည့်အခါ ယဲ့ဖန် ကျွမ်းကျင်စွာ ဆင်းလိုက်ပြီး သူမအတွက် တံခါးဖွင့်ပေးလိုက်သည်။

"မဟုတ်မှလွဲရော... ဒီနေ့ နေက အနောက်အရပ်က ထွက်လာတာလား"

ယဲ့ဖန် ဒီလောက်အထိ ဂရုစိုက်တတ်နေသဖြင့် ချန်းဖေးအယ် အံ့ဩသွားပုံရသည်။

ယဲ့ဖန် ဘာမှ ဆက်ရှင်းမပြတော့။ ပြုံးရုံသာ ပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းက ကိုယ့်ရင်ထဲက ခေါင်းဆောင်ပဲလေ"

"ခေါင်းဆောင်ကို ပြုစုရတာ တာဝန်ပဲ မဟုတ်လား"

"တော်ပါ... တော်ပါ..."

သို့သော် ချန်းဖေးအယ်က ကြောက်လန့်သွားပုံရပြီး ကိုယ်ကို အနည်းငယ် နောက်ဆုတ်လိုက်လေ၏။

"ရှင်က အရင်လို စွာတေးလန် (Bitchy) ပုံစံလေးပဲ ကောင်းပါတယ်... မူလအတိုင်း ပြန်နေပေးပါလား"

"အခု ရှင့်ပုံစံကြီးက ကြောက်စရာ ကောင်းလိုက်တာ"

ဖုန်းပြောတုန်းက သူ့အတွက် အကျိုးခံစားခွင့်တွေ တောင်းဆိုပေးခဲ့သည်ကို သူကြားသွားမှန်း ချန်းဖေးအယ် မသိသေးကြောင်း ယဲ့ဖန် နားလည်လိုက်သည်။ သူသာ ယခုချိန်မှာ အရမ်းကြီး စိတ်အားထက်သန်ပြနေလျှင် သူမ အထင်လွဲသွားနိုင်သည်။

သူမ မကြိုက်မှန်း သိလိုက်ရသဖြင့် ယဲ့ဖန် မူလပုံစံအတိုင်း ပြန်နေလိုက်တော့သည်။ ဆိုင်ထဲသို့ ဝင်သွားပြီးနောက် ပေါ့ပေါ့ပါးပါးပင် ဝင်ထိုင်လိုက်၏။

"ဝိတ်တာ... မီနူးယူခဲ့ကွာ"

ဒီလိုပုံစံကိုမှ ချန်းဖေးအယ် ပိုနေသားကျသွားပုံ ရသည်။ ဝင်ထိုင်ပြီးသည်နှင့် မီနူးကို လှမ်းယူပြီး ကြည့်လိုက်လေ၏။

ဘေးနားရှိ စားပွဲထိုးလေးက သူတို့နှစ်ယောက်အတွက် လက်ဖက်ရည် ငှဲ့ပေးရင်း မိတ်ဆက်လိုက်သည်။

"လူကြီးမင်းတို့ ဒီဆိုင်ကို ပထမဆုံး လာဖူးတာလား ခင်ဗျာ"

"ကျွန်တော်တို့ဆိုင်က Set Menu ပုံစံနဲ့ ရောင်းတာပါ... နေ့စဉ် စားဖိုမှူးကြီးက အာဟာရ၊ အရသာနဲ့ အခြားအချက်အလက်တွေကို ချိန်ညှိပြီး နေ့စဉ် မီနူးအသစ် ဖန်တီးပေးပါတယ်"

"အခု လူကြီးမင်းတို့ လက်ထဲမှာ ကိုင်ထားတာက ဒီနေ့အတွက် Set Menu ပါ... မကြိုက်တာ၊ မစားချင်တာ ပါရင် ပြောပါ... မီးဖိုချောင်ကို သွားပြီး ညှိနှိုင်းပေးပါမယ်"

ယဲ့ဖန် ဒီလိုဆိုင်မျိုးတွေအကြောင်း ဗီဒီယိုတွေထဲမှာ မြင်ဖူးသဖြင့် သဘောတရားကို အကြမ်းဖျင်း နားလည်ထားသည်။

စားပွဲထိုးလေး ရှင်းပြတာ နားထောင်ပြီးနောက် မီနူးကို သေချာဖတ်မည် ပြုလိုက်စဉ်...

"ဝုန်း"

အနက်ရောင်ဝတ်စုံ၊ မျက်မှန်နက် တပ်ထားသော လူမိုက်တချို့ ဆိုင်ထဲသို့ ဒရောသောပါး ပြေးဝင် လာကြပြီး ဟိန်းညံသော အသံဖြင့် အော်ဟစ်လိုက်ကြသည်။

"ဓားဂိုဏ်း အလုပ်လာလုပ်တာဟေ့"

"(၃) မိနစ်ပဲ အချိန်ပေးမယ်... မဆိုင်တဲ့ကောင်တွေ အကုန်ထွက်သွားကြ"

"မဟုတ်ရင် ခဏနေ ဓားတွေ၊ လှံတွေနဲ့ တိုက်ကြတဲ့အခါ ဓားက မျက်စိမပါဘူးဆိုပြီး လာမပြောနဲ့နော်"

သူတို့ အော်ဟစ်လိုက်သည့်အခါ ဆိုင်ထဲရှိ စားသုံးသူများမှာ လန့်ဖျပ်သွားကြပြီး စားလက်စကိုပင် ပစ်ချကာ ကပျာကယာ ထွက်ပြေးကြတော့သည်။

တစ်ခဏအတွင်း အော်ဟစ်သံများ၊ စားပွဲကုလားထိုင် လဲကျသံများ၊ ပန်းကန်ခွက်ယောက် ကွဲရှသံများဖြင့် ဆူညံပွက်လောရိုက် သွားလေ၏။

ဆိုင်တစ်ခုလုံး မွှေနှောက်ချောက်ခြား ၍ ရှုပ်ပွသွားတော့သည်။

ယဲ့ဖန်တို့ကို ဧည့်ခံနေသော စားပွဲထိုးလေးခမျာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူဖျော့သွားပြီး ခြေထောက်များ တုန်တုန်ရီရီ ဖြစ်နေရှာသည်။

"ဘာဖြစ်တာလဲ"

ယဲ့ဖန် မေးလိုက်သည်။

"ခင်ဗျားတို့ဆိုင်က ဘာလို့ ဒီလောက် ရှုပ်ထွေးနေရတာလဲ"

"ထမင်းတစ်နပ်တောင် ဖြောင့်ဖြောင့် မစားရတော့ဘူးလား"

စားပွဲထိုးလေးမှာ ကြောက်လွန်း၍ စကားပင် ကောင်းကောင်း မပြောနိုင်တော့။

"တ... တကယ်တော့ ကျွန်တော်တို့ အမှား မဟုတ်ပါဘူးဗျာ"

"ဟို... ဓားဂိုဏ်းက လူတွေက အရမ်း အနိုင်ကျင့်လွန်းလို့ပါ"

"အရင်တုန်းက သူတို့က ဆက်ကြေးအနေနဲ့ လစဉ် အမြတ်ငွေရဲ့ (၅) ရာခိုင်နှုန်း လာကောက်နေကျပါ... ဒီလကျမှ (၅) ရာခိုင်နှုန်း ပေးပြီးသားကို နောက်ထပ် (၅) ရာခိုင်နှုန်း ထပ်တောင်းနေလို့... သူဌေးက သည်းမခံနိုင်တော့ဘဲ သူတို့နဲ့ ငြိသွားတာ"

ဒီလိုကိစ္စမျိုးကို ယဲ့ဖန် ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

"လစဉ် အမြတ်ငွေရဲ့ (၅) ရာခိုင်နှုန်း ဆက်ကြေးပေးရတယ် ဟုတ်လား... ဒီကောင်တွေက ဘယ်ကလဲ"

"အသေးစိတ်တော့ ကျွန်တော်လည်း မသိဘူးဗျ"

စားပွဲထိုးလေး၏ အသံများ တုန်ရီနေဆဲပင်။

"ဘာပဲဖြစ်ဖြစ် သူဌေး ပြောပြတာတော့ သူတို့က တော်တော် အရှိန်အဝါ ကြီးတယ်တဲ့... ကျန်းကော တစ်ခုလုံးမှာ ထိပ်တန်း (၁၀) ဖွဲ့ စာရင်းဝင်တယ်တဲ့"

"သူတို့အဖွဲ့ဝင်တွေကလည်း နောက်ကြောင်း မရှင်းကြဘူး... အကုန်လုံးက ထောင်ထွက်တွေချည်းပဲ"

"ဒါ့အပြင် သူတို့က ဉာဏ်များတယ်... ဥပဒေကနေ ဘယ်လိုရှောင်ရမလဲဆိုတာ ကောင်းကောင်းသိကြတယ်... ဒါကြောင့် ကျွန်တော်တို့ သူဌေးလို တရားမှန် လုပ်စားတဲ့သူတွေက သူတို့ စည်းကမ်းအတိုင်း လိုက်လျောနေရတာ"

ယဲ့ဖန် ကြားလိုက်ရသည့်အခါ ထပ်မေးရန် ပြင်လိုက်သည်။

သို့သော် မထင်မှတ်ဘဲ တြိဂံပုံမျက်လုံးနှင့် လူတစ်ယောက်က မျက်မှန်နက်ကို ချွတ်လိုက်ပြီး သူတို့ဝိုင်းကို လက်ညှိုးထိုးကာ အော်လိုက်လေ၏။

"ဟိုနားက ကောင်တွေ... မင်းတို့က ဘာတွေ ပွစိပွစိ လုပ်နေကြတာလဲ"

"ငါတို့ အစ်ကိုကြီး ပြောတာ မကြားဘူးလား"

"အခုချက်ချင်း ထွက်သွားစမ်း"

"ငါတို့ကို ကိုယ်တိုင် လက်ပါအောင် လာမလုပ်ခိုင်းနဲ့နော်"

ယဲ့ဖန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်း သွား၏။

ထိုလူမိုက်များကို ကြည့်လိုက်သည့် သူ့မျက်လုံးများထဲတွင် အေးစက်ခြင်းများသာ ကျန်ရှိတော့၏။

'ကောင်းကင်ဘုံသို့ သွားရာလမ်း ရှိပါလျက်နှင့် မရွေးချယ်ဘဲ... ငရဲတံခါးသို့ တိုးဝင်လာကြပါရောလား’

အခန်း (၁၅၅၉) - ဓားဂိုဏ်းတော့ ကျန်းကောမြေကနေ ဖယ်ရှားခံလိုက်ရပြီ

~သို့သော် ယဲ့ဖန် ချက်ချင်း လှုပ်ရှားခြင်း မပြု။ ထိုအစား သူသည် ချန်းဖေးအယ်ဘက်သို့ လှည့်ကြည့်လိုက်လေ၏။

"ခေါင်းဆောင်... ကိုယ် အခု လှုပ်ရှားလိုက်ရင် ရာဇဝတ်မှု နှိမ်နင်းရာ ကျမလား"

"သိပ်တော့ မဟုတ်ဘူး"

ချန်းဖေးအယ် ခေါင်းခါပြလိုက်သည်။

"ဒါပေမဲ့ ရှင်ဆုံးဖြတ်တာကို ကျွန်မ ထောက်ခံတယ်"

"ဘာလို့လဲဆိုတော့ တစ်ဖက်ကကြည့်ရင် ဒါက ကျွန်မတို့ လုံခြုံရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲ ဝင်တာပဲလေ"

"ပြီးတော့ ဒါက တရားမျှတမှုကို ဖော်ဆောင်တဲ့ နည်းလမ်း တစ်ခုလည်း ဖြစ်နေတာကိုး..."

သူမ ဘာဆိုလိုချင်မှန်း ယဲ့ဖန် ချက်ချင်း သဘောပေါက်လိုက်သည်။ သူ မတ်တပ်ရပ်ဟန် ပြုလိုက်လေ၏။

မထင်မှတ်ဘဲ စောစောက သူ့ကို လက်ညှိုးထိုး အော်ခဲ့သည့် လူက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့သည်။

"သောက်ကျိုးနည်းကွာ... မင်းတို့ကို ကောင်းကောင်းပြောနေတာ နားမဝင်ဘူးလား"

"ဒီလိုအချိန်ရောက်နေတာတောင် ရည်းစားနဲ့ လာပြီး အီစီကလီ လုပ်နေရဲသေးတယ်"

"သေချင်နေတာလား"

ပြောရင်းနှင့် ထိုလူက ဘေးနားရှိ ကုလားထိုင်တစ်လုံးကို ဆွဲမလိုက်ပြီး ယဲ့ဖန်ကို ပစ်ပေါက်ရန် ပြင်လိုက်သည်။

"သေချင်နေတာ မင်းတို့ပါကွ"

ယဲ့ဖန် ထိုလူကို လှမ်းကန်ထည့်လိုက်လေ၏။

သူ့ကန်ချက်တွင် အားနာသည့် အရိပ်အယောင် စိုးစဉ်းမျှ မပါရှိပေ။

"အင့်"

အသံအက်အက် တစ်ချက် ထွက်ပေါ်လာသည်။

လွန်ခဲ့သော ခဏလေးကမှ တက်ကြွဝင့်ကြွားနေသော တြိဂံမျက်လုံးနှင့်လူသည် လူသားဘေ့စ်ဘောလုံး တစ်လုံးအလား လွင့်ထွက်သွားရှာသည်။ စားပွဲ၊ ကုလားထိုင်များကို ဝင်တိုက်ကာ နောက်ဆုံးတွင် နံရံကို ဆောင့်မိပြီးမှ ရပ်တန့်သွားတော့၏။

သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် တံမြက်စည်းအကြီးစားဖြင့် လှည်းထုတ်လိုက်သကဲ့သို့ ပြောင်ရှင်းသွားလေသည်။

ဧရာမ စားသောက်ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

ခဏကြာမှ ဓားဂိုဏ်းမှ လူအုပ်ကြီး အသိပြန်ဝင်လာကြသည်။ ခုံပေါ်တွင် တည်ငြိမ်စွာ ထိုင်နေဆဲဖြစ်သော ယဲ့ဖန်၊ ကြမ်းပြင်ပေါ်တွင် တရွတ်တိုက်ပါသွားသော လမ်းကြောင်းကြီးနှင့် နံရံကို မှီလျက် သတိမေ့သွားသော သူတို့ အပေါင်းအပါတို့ကို ကြည့်ကာ တံတွေးမြိုချမိကြတော့သည်။

"ဒါ... ဒါက သိပ်ပြီး ချဲ့ကားလွန်း မနေဘူးလား"

"လူကြီးတစ်ယောက်ကို (၁၀) မီတာလောက် လွင့်ထွက်သွားအောင် ကန်လိုက်တာလား"

"သောက်ကျိုးနည်း... ဒီနေရာမှာ ရုပ်ရှင်ရိုက်နေကြတာများလား"

ထိုလူအုပ်စုထဲတွင် ခေါင်းဆောင်ဖြစ်ဟန်တူသော ဆံပင်ကျစ်ဆံမြီးနှင့်လူက မျက်မှန်နက်ကို ချွတ်လိုက်ပြီး ယဲ့ဖန်ကို စူးစူးရဲရဲ ကြည့်လိုက်လေ၏။

"မိတ်ဆွေ... ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ"

"မျက်နှာစိမ်းနေပါလား... ကျန်းကောရောက်တာ မကြာသေးဘူး ထင်တယ်"

"ဘာလဲ... ငါ့အကြောင်း စုံစမ်းချင်လို့လား"

ယဲ့ဖန်၏ မျက်လုံးများက အေးစက်နေဆဲပင်။

ကျစ်ဆံမြီးနှင့်လူက ပြုံးလိုက်သည်။

"မဟုတ်ပါဘူး... သိချင်လို့ပါ"

"ကျွန်တော်တို့ ဓားဂိုဏ်းက ဒီကျန်းကောတစ်ဝိုက်မှာ မိတ်ဆွေအပေါင်းအသင်း ပေါပါတယ်... တော်ကြာ ခင်ဗျားနဲ့ မိတ်ဆွေ ဖြစ်နေမှာစိုးလို့ပါ"

"နားလည်မှု မလွဲရအောင် အရင် မိတ်ဆက်ကြတာပေါ့"

"ဒါဆိုရင်တော့ မင်း စိတ်ပူတာ လွန်သွားပြီ"

ယဲ့ဖန် ခေါင်းခါလိုက်သည်။

"ငါ့မှာ ထူးဆန်းတဲ့ မိတ်ဆွေတွေ အများကြီးရှိပေမဲ့... မင်းတို့လို လူမိုက် အမှိုက်သရိုက်တွေကိုတော့ အပေါင်းအသင်း မလုပ်ဘူး"

"ဘာပြောတယ်"

ကျစ်ဆံမြီး ဘေးနားမှ လူများ ဒေါသထွက်သွားကြသည်။

"ဘယ်သူ့ကို အမှိုက်သရိုက်လို့ ပြောတာလဲ"

ထိုလူအုပ်စုသည် ကျစ်ဆံမြီး ပြောသည်ကိုပင် မစောင့်တော့ဘဲ ဘေးနားရှိ ကုလားထိုင်များနှင့် ပန်းကန်များကို ကောက်ကိုင်ကာ ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို ဝိုင်းလိုက်ကြတော့သည်။

သူတို့၏ အမူအရာကို ကြည့်ပြီး ယဲ့ဖန် တိုက်ခိုက်ရန် ပြင်လိုက်သည်။

မထင်မှတ်ဘဲ... ဆိုင်အပြင်ဘက်မှ လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာ၏။

ထို့နောက်... မည်းနက်သော အရိပ်တစ်ခု ဒရောသောပါး ဝင်ရောက်လာသည်

"ဝုန်း... ဝုန်း... ဝုန်း"

လက်သီးချက်များ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို ဝိုင်းထားသော ဓားဂိုဏ်း အဖွဲ့ဝင်များသည် ဆောင်းလေတိုက်ခတ်ခံလိုက်ရသော သစ်ရွက်ခြောက်များအလား လဲကျကုန်ကြလေသည်။

"ဘယ်သူလဲ"

ကျစ်ဆံမြီးနှင့်လူသည် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားခဲ့။ သူ ချက်ချင်း နောက်ဆုတ်လိုက်ပြီး ထိုမည်းနက်သော အရိပ်ကို ဒေါသနှင့် သတိထားမှုတို့ ရောယှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သို့သော် ထိုအရိပ်က ငြိမ်သက်သွားသောအခါ သူ့မျက်လုံးထဲမှ ဒေါသများ ရုတ်ချည်း ပျောက်ကွယ် သွားရချေသည်။

အစားထိုး ဝင်ရောက်လာသည်က သတိထားမှုနှင့် ကြောက်ရွံ့မှုများပင်။

"စစ်ဝတ်စုံနဲ့ပါလား"

"ကျန်းကော စစ်မျက်နှာပြင်ကလား"

ထိုအမည်းရောင် ပုံရိပ်သည် ရှောက်ဝူ ဝတ်ဆင်ထားသည်နှင့် ဆင်တူသော ယူနီဖောင်းကို ဝတ်ဆင်ထားလေသည်။ ကြည့်ရသည်မှာ အလွန် သန်သန်စွမ်းစွမ်း ရှိလှ၏။

သူက ကျစ်ဆံမြီး၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ အေးစက်စက် ကြည့်လိုက်လေသည်။

"မင်းတို့ သတ္တိက မနည်းပါလား"

အခုချိန်မှာတော့ ကျစ်ဆံမြီးလည်း အရှိန်သတ်လိုက်ရ၏။ မကျေနပ်မှုကို ထုတ်မပြရဲသည့်အပြင် လေသံကို လျှော့ကာ မေးလိုက်ရရှာသည်။

"လူကြီးမင်းက ဘယ်သူများလဲ ခင်ဗျာ"

"ငါက ဒေါက်တာ လျူရဲ့ အမိန့်နဲ့ ပညာရှင်ယဲ့ဆီ လက်ဆောင်လာပို့တာ"

ထိုလူက အေးစက်စက် နှာခေါင်းရှုံ့လိုက်လေ၏။

"ငါ ဒီရောက်ရောက်ချင်း ဒီလိုမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ ထင်မထားဘူး..."

ကျစ်ဆံမြီး၏ နဖူးမှ ချွေးစေးများ စီးကျ လာတော့သည်။

"ဒေါက်တာ လျူ..."

"ဘယ် ဒေါက်တာ လျူ ကို ဆိုလိုတာပါလဲ ခင်ဗျာ"

"ကျန်းကော စစ်မျက်နှာပြင်တစ်ခုလုံးမှာ လူနည်းစုလောက်ကိုပဲ ခေါင်းငုံ့ရတဲ့ ဒေါက်တာ လျူ ကလွဲရင်... ကျန်းကောမှာ တခြား ဒေါက်တာ လျူ ရှိသေးလို့လား"

ထိုလူ၏ လေသံက မတိုးမကျယ် ဖြစ်သော်လည်း အရှိန်အဝါ ပြင်းထန်လှသည်။

ကျစ်ဆံမြီးခမျာ ကြောက်လွန်း၍ ဒူးထောက်လုမတတ် ဖြစ်သွားရှာသည်။

"ဒါ... ဒါဆို ခင်ဗျားပြောတဲ့ ပညာရှင်ယဲ့ ဆိုတာက..."

ထိုလူက ယဲ့ဖန်နှင့် ချန်းဖေးအယ် ရှိရာဘက်သို့ လှည့်ကြည့်လိုက်လေသည်။

ကျစ်ဆံမြီး၏ မျက်နှာ ချက်ချင်း သွေးဆုတ်ဖြူဖျော့သွားတော့၏။

ထို့နောက် ထိုလူ ဘာမှမပြောရသေးခင်မှာပင် သူက ယဲ့ဖန်ရှိရာသို့ ရုတ်တရက် ဒူးထောက်ချလိုက်လေသည်။

"အစ်ကိုကြီး... အစ်မကြီး"

"ကျွန်တော် တကယ် တောင်းပန်ပါတယ်"

"စောစောက ကျွန်တော် မျက်ကန်း ဖြစ်သွားပါတယ်... လူကြီးမင်းတို့ နှစ်ယောက်က ဒေါက်တာ လျူရဲ့ မိတ်ဆွေတွေမှန်း မသိခဲ့ပါဘူး"

"ကျွန်တော် တောင်းပန်ပါတယ်ဗျာ"

"တောင်းပန်တယ် ဟုတ်လား"

ယဲ့ဖန်လည်း အခြေအနေကို သဘောပေါက်လိုက်သော်လည်း မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။

"ငါက မနည်း အချိန်ရတုန်း မိန်းမလှလေးတစ်ယောက်နဲ့ ဒိတ် လုပ်ဖို့ ဒီဆိုင်အထိ တကူးတက လာခဲ့ရတာကွ... အစားတောင် မစားရသေးဘူး... ကြည်နူးစရာ စကားလေးတွေတောင် မပြောရသေးဘူး... မင်းတို့ကောင်တွေက ဆိုင်ထဲဝင်လာပြီး ဆိုင်ကို ရှင်းခိုင်းတယ်... ငါ့ကိုလည်း ပေါက်ကရတွေ လာပြောတယ်... အခုမှ လာတောင်းပန်နေတာလား"

ယဲ့ဖန် ဘာဆိုလိုချင်မှန်း ကျစ်ဆံမြီး ကောင်းကောင်း နားလည်လိုက်သည်။

သူ လက်ကိုမြှောက်ပြီး သူ့ပါးသူ အားကုန်ရိုက်ချလိုက်လေ၏။

"ဖြောင်း"

"ကျွန်တော့်အမှားပါ... ကျွန်တော်တို့ရဲ့ အမှားပါဗျာ... လူကြီးမင်းတို့ရဲ့ စိတ်အခြေအနေကို မဖျက်ဆီးသင့်ပါဘူး"

"တောင်းပန်ပါတယ်ဗျာ"

"အစ်ကိုကြီး... ကျွန်တော်တို့ကို လွှတ်ပေးဖို့ ဘာလုပ်ပေးရမလဲသာ ပြောပါ... ကျွန်တော် အကုန်လုပ်ပေးပါ့မယ်"

"အခုချက်ချင်း သေခိုင်းရင်တောင် ကျွန်တော် မျက်တောင်မခတ်ဘဲ သေပြပါ့မယ်"

ပြောရင်းနှင့် ယဲ့ဖန်ဆီမှ တုံ့ပြန်မှု မရသေးသဖြင့် သူ့ပါးသူ ဆက်တိုက် ရိုက်နေတော့သည်။

"ဖြောင်း... ဖြောင်း... ဖြောင်း"

ခဏအတွင်းမှာပင် သူ့မျက်နှာတစ်ခုလုံး ရောင်ကိုင်းလာသော်လည်း ရပ်တန့်မည့် အရိပ်အယောင် မပြပေ။

ဘေးနားမှ ကြောက်လန့်နေသော စားပွဲထိုးလေးမှာ ပါးစပ်အဟောင်းသား ငေးကြည့်နေမိရှာသည်။

သို့သော် ယဲ့ဖန် စိတ်ထဲတွင် ကျေနပ်ခြင်း မရှိလှ။

ထမင်းစားနေရင်း ယင်ကောင်တစ်အုပ်နှင့် တွေ့လိုက်ရသလိုသာ ခံစားနေရသည်။

တစ်ဖက်လူ၏ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်အထိ ရိုက်ပြီးသောအခါမှ ယဲ့ဖန်က ဒေါက်တာ လျူ လွှတ်လိုက်သော လူဘက်သို့ လှည့်ကြည့်လိုက်လေ၏။

"ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက ဗိုက်ဆာနေတုန်းပဲ... ခင်ဗျား ဒီလူတွေကို ကူရှင်းပေးလို့ ရမလား"

ထိုလူသည် ဒေါက်တာ လျူ ဆီမှ အမိန့်တစ်ခုခု ရထားပုံရသည်။ သူက ချက်ချင်းပင် အလေးပြုလိုက်ပြီး ပြောလိုက်၏။

"ပြဿနာ မရှိပါဘူး ခင်ဗျာ... ကျွန်တော် အခုပဲ ရှင်းပေးပါ့မယ်"

ပြောပြီးသည်နှင့် သူသည် ကျစ်ဆံမြီးနှင့် အခြားလူများကို အေးစက်စက် ကြည့်လိုက်လေသည်။

"အခုချက်ချင်း အမြန် ထွက်သွားကြစမ်း"

"ပြီးရင် မင်းတို့ ဓားဂိုဏ်းရဲ့ တာဝန်ရှိသူကို စကားတစ်ခွန်း ပါးလိုက်..."

"ဒီနေ့ကစပြီး ဓားဂိုဏ်းကို ကျန်းကော နယ်မြေကနေ အပြီးအပိုင် ဖယ်ရှားလိုက်ပြီလို့သာ ပြောလိုက်တော့"

ထို့နောက် မိဘ သေထားသလို မျက်နှာပေးများဖြင့် ဆိုင်ထဲမှ ထွက်ခွာသွားသော ကျစ်ဆံမြီးတို့ကို ကြည့်ပြီး ထိုလူလည်း နောက်မှ လိုက်သွားကာ ဖုန်းကို ထုတ်လိုက်လေ၏။

ဒေါက်တာ လျူ သို့မဟုတ် အခြားတစ်ယောက်ယောက်ကို ဖုန်းဆက်နေခြင်း ဖြစ်မည်ဟု ယဲ့ဖန် ခန့်မှန်းလိုက်သည်။

ယင်ကောင်များ ထွက်သွားပြီဖြစ်၍ ယဲ့ဖန် ဒီကိစ္စကို ဆက်ပြီး အာရုံမထားတော့။

အကြည့် ပြန်ရုတ်လိုက်သည်နှင့် သူက စားပွဲထိုးလေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။

All Chapters