← Chapters

အခန်း (၁၅၆၀-၁၅၆၂)

Vol. 80 Ch. 1560-1562

အခန်း (၁၅၆၀-၁၅၆၂)

Vol. 80 Ch. 1560-1562

အခန်း (၁၅၆၀) - တကယ်တော့ ကိုယ်က သိမ်မွေ့ပါတယ်

~စားပွဲထိုးလေးမှာ ယဲ့ဖန်ကြောင့် လန့်ဖျပ်နေဆဲ ဖြစ်ပုံရ၏။

သူ့မျက်လုံးထဲတွင် လေးစားမှုများ ပါဝင်နေရုံသာမက ယဲ့ဖန် လှမ်းကြည့်လိုက်သည့်အခါတွင်လည်း အလိုအလျောက် တုန်ရီသွားမိလေသည်။

ယဲ့ဖန်က ပြုံးလျက် နှစ်သိမ့်လိုက်သည်။

"စိတ်မလှုပ်ရှားပါနဲ့"

"တကယ်တော့ ငါက သိမ်မွေ့ပါတယ်"

စားပွဲထိုးလေးက ကြားကြောင်းပြသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း ပို၍ပင် စိတ်လှုပ်ရှားသွားပုံရကာ တံတွေးများကို အကြိမ်ကြိမ် မြိုချနေမိရှာသည်။

ယဲ့ဖန် သူ့ကို ဆက်မစတော့ဘဲ လိုရင်းကိုသာ ပြောလိုက်သည်။

"တကယ်တော့ အစ်ကို မေးချင်တာက... မင်းတို့ဆိုင် ဖွင့်နေတုန်းပဲလား"

"ဖွင့်နေတုန်းဆိုရင် အစ်ကိုတို့ မှာပြီးတာနဲ့ ဟင်းပွဲတွေ မြန်မြန်ချပေးလို့ ရမလား"

"ကိုယ်နဲ့ ကိုယ့်သူငယ်ချင်းက ဗိုက်ဆာနေပြီ"

စားပွဲထိုးလေး ချက်ချင်း အာရုံမရ။

ခဏမျှ ကြောင်အမ်းသွားပြီးမှ သူ ကပျာကယာ ပြန်ဖြေလိုက်လေသည်။

"ခ... ခဏလောက် စောင့်ပေးပါ"

"ကျွန်တော် မီးဖိုချောင်ကို သွားမေးပေးပါ့မယ် နော်"

ပြောပြီးသည်နှင့် သူသည် ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို ဦးညွှတ်အရိုအသေပေးပြီး နောက်ဆုတ်ထွက်ခွာသွားတော့၏။

ယဲ့ဖန် သက်ပြင်းချလိုက်မိသည်။

"ကိုယ်က အဲ့ဒီလောက်တောင် ကြောက်စရာ ကောင်းနေလို့လား"

"ကိုယ့်အထင်တော့ ကိုယ်က လူချစ်လူခင် ပေါတယ်လို့ ထင်တာပဲ"

ချန်းဖေးအယ်က သူ့ကို မျက်စောင်းထိုးလိုက်သည်။

"ကျေးဇူးပြုပြီး ပညာရှင်ယဲ့ရယ်... ရှင် သူ့နေရာကနေ ဝင်ပြီး ခံစားကြည့်ပေးပါလား"

"ရှင်သာ သာမန်လူ တစ်ယောက် ဖြစ်နေမယ်ဆိုရင်... တစ်နေ့မှာ ဟော့ပေါ့စားရင်း သီချင်းဆိုနေတုန်း ရှင့်ရှေ့ကလူက တခြားတစ်ယောက်ကို (၁၀) မီတာကျော်လောက် လွင့်ထွက်သွားအောင် ကန်လိုက်တယ်ဆိုပါစို့..."

"ဒါ့အပြင် တစ်ဖက်လူကို ကန်ထုတ်လိုက်ပြီးတာနဲ့... နောက်ခံအင်အား ကြီးမားတဲ့ ပညာရှင်တစ်ယောက် ရောက်လာပြီး မဆိုင်တဲ့လူတွေကို ရှင်းထုတ်ပေးလိုက်တယ်... ရှင်သာဆိုရင်ရော မကြောက်ဘဲ နေမလား"

"ဘာကြောက်စရာ ရှိလို့လဲ... ကိုယ့်ကို ကန်တာမှ မဟုတ်ဘဲ"

ယဲ့ဖန် ပခုံးတွန့်ပြလိုက်သည်။

ချန်းဖေးအယ် ပြောစရာစကား မရှိတော့။

သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးမှ နောက်ဆုံး ပြောလိုက်လေသည်။

"ရှင်က သာမန်လူ မဟုတ်မှန်း ကျွန်မ သိပါတယ်"

ယဲ့ဖန် သူမ ပြောသမျှကို ဂရုမစိုက်တော့။

စားပွဲထိုးလေး ပြန်ရောက်လာသည့်အခါ အမြည်းပွဲများ ပါလာသဖြင့် သူတို့ စတင် စားသောက်လိုက်ကြသည်။

ချန်းဖေးအယ်လည်း ဗိုက်ဆာနေပုံရ၏။

အစားအသောက်ကောင်းများ ရောက်လာသည်နှင့် သူမလည်း ယဲ့ဖန်နည်းတူ အငမ်းမရ စားသောက်လေတော့သည်။

ဒီဆိုင်က ဟင်းပွဲတွေက တော်တော်ကောင်းသည်ဟု ပြောရမည်။

အများစုက အရည်အသွေး ထိန်းချုပ်မှု ကောင်းမွန်ပြီး မကောင်းသည့် ဟင်းပွဲဟူ၍ မရှိသလောက်ပင်။

ယဲ့ဖန် အရသာရှိရှိ စားသောက်လိုက်သည်။

ချန်းဖေးအယ်လည်း ခံတွင်းတွေ့နေပုံ ရ၏။

နောက်ဆုံး အချိုပွဲကို စားပြီးသွားသည့် အခါ သူမ မျက်နှာပေါ်တွင် ရှားပါးလှသော ကျေနပ်မှု အရိပ်အယောင်လေး ပေါ်လာလေသည်။

ကြည့်ရတာ ပြောမပြတတ်အောင် ချစ်စရာ ကောင်းနေ၏။

ယဲ့ဖန် ချက်ချင်း ဖုန်းထုတ်လိုက်ပြီး သူမကို ဓာတ်ပုံရိုက်လိုက်သည်။

"ချပ်"

"ဘာလုပ်တာလဲ"

ချန်းဖေးအယ် အနည်းငယ် လန့်သွား၏။ သူ ဓာတ်ပုံရိုက်လိုက်သည်ကို မြင်သောအခါ အလိုအလျောက် ဖုန်းကို လှမ်းလုလိုက်မိ၏။

ယဲ့ဖန်က အသာလေး ရှောင်လိုက်ပြီး ပြုံးမနေနိုင်တော့။

"ဓာတ်ပုံ ရိုက်လိုက်တာပါ"

"စောစောက မင်းမျက်နှာပေးလေးက အရမ်းချစ်ဖို့ ကောင်းနေလို့"

"ပုံမှန် တည်တည်ကြီး နေတာနဲ့ လုံးဝ ကွဲပြားနေတာပဲ"

"မယုံပါဘူး... ကျွန်မပုံက ရုပ်ဆိုးနေမှာ သေချာတယ်"

ချန်းဖေးအယ် မယုံကြည်သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

"မြန်မြန်... ပြစမ်းပါ"

ပြောရင်းနှင့် လှမ်းလုမည့်ဟန် ပြင်လိုက်၏။

"ဖုန်းပေး"

ယဲ့ဖန်ကတော့ ဘယ်ပေးပါ့မလဲ။

သူက ဓာတ်ပုံအယ်လ်ဘမ်ထဲ ဝင်ပြီး ပုံကို ခဏလောက် သဘောကျစွာ ကြည့်ရှုလိုက်သည်။ ပြီးမှ သူမဆီ လှမ်းပို့ပေးလိုက်၏။

"ရော့... မင်းဆီ ပို့လိုက်ပြီ"

"ကိုယ့်ဘာသာကိုယ် ကြည့်လိုက်တော့"

"လုံးဝ ကွဲထွက်နေတာနော်"

ချန်းဖေးအယ် ကပျာကယာ ဖုန်းထုတ်ပြီး ဖွင့်ကြည့်လိုက်သည်။

ထို့နောက်... သူမ မှင်သက်သွား၏။

"ဒါ... ဒါက ကျွန်မလား"

"မင်း မဟုတ်ရင် ဘယ်သူ ဖြစ်ရမှာလဲ"

ယဲ့ဖန်က သူမ၏ တက်ကြွသော မျက်နှာကို တစ်လှည့်၊ ဖုန်းထဲက ဓာတ်ပုံကို တစ်လှည့် ကြည့်လိုက်သည်။

"ကိုယ် မင်းကို လိမ်မပြောပါဘူး... ကွာခြားချက်က တော်တော်ကြီးတယ် မဟုတ်လား"

"ဒါ ကျွန်မ မဟုတ်ဘူး... လုံးဝ မဟုတ်ဘူး"

ချန်းဖေးအယ် အနည်းငယ် ရှက်သွားပုံရပြီး ပါးပြင်လေးများ ရဲတက်လာသည်။

"ကျွန်မက အဲ့ဒီလောက် ချစ်ဖို့မကောင်းပါဘူး"

"အဲ့ဒီပုံကို မြန်မြန်ဖျက်"

"မဟုတ်ရင် တခြားလူတွေ မြင်သွားရင် ကျွန်မရဲ့ ပုံမှန် တည်ငြိမ်တဲ့ ပုံရိပ်ကို ထိခိုက်ကုန်လိမ့်မယ်"

"ဘာလို့ ဖျက်ရမှာလဲ... ဒီပုံလေးက တော်တော်ကြည့်ကောင်းပါတယ်"

ယဲ့ဖန် ဖုန်းကို သိမ်းမည့်ဟန် ပြုလိုက်သည်။

"ပြီးတော့ ဒီပုံရဖို့ ကိုယ် မနည်းရိုက်ယူထားရတာ"

"အာ... မရဘူး... မရဘူး... အခုချက်ချင်း ဖျက်ပေး"

ချန်းဖေးအယ် ကိုယ်ကိုကိုင်းလိုက်ပြီး ဖုန်းကို ထပ်လုရန် ကြိုးစားပြန်သည်။

သို့သော် ယဲ့ဖန်က တုံ့ပြန်မှု မြန်ဆန်လှသည်။

သူ့လက်မောင်းက ချန်းဖေးအယ်၏ လက်ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ဖုန်းကိုင်ထားသော လက်က အခြားဘက်သို့ ရှောင်လိုက်သဖြင့် သူမ၏ ဝင်ရောက်စီးနင်းမှုကို လွယ်ကူစွာ ရှောင်တိမ်းလိုက်နိုင်လေသည်။

သို့သော်... သူ့ဆီသို့ အရှိန်ဖြင့် ဝင်လာသော ချန်းဖေးအယ် ဟန်ချက်ပျက်သွားလိမ့်မည်ဟု သူ ထင်မထားခဲ့။

တစ်ချိန်တည်းမှာပင်... သူမက ယဲ့ဖန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်လာတော့သည်။

"အင့်"

ရင်ခွင်ထဲသို့ နွေးထွေးနူးညံ့သော ခန္ဓာကိုယ် တစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရသဖြင့် ယဲ့ဖန်၏ ခန္ဓာကိုယ် တောင့်တင်းသွား၏။

"ကိုယ်ရိုက်ပေးတဲ့ပုံကို သဘောကျတယ် ဆိုရင်တောင်... ကိုယ့်ကို လက်ထပ်ဖို့ ဒီလောက်ကြီး အလျင်လိုစရာ မလိုပါဘူးကွာ"

"ဒါက လူမြင်ကွင်းကြီးလေ"

ပြောရင်းနှင့် ချန်းဖေးအယ် ပြန်ထနိုင်ရန် လက်မောင်းကို ဖြေလျှော့ပေးလိုက်သည်။

"အဟမ်း”

မထင်မှတ်ဘဲ နောက်ကျောဘက်မှ ချောင်းဟန့်သံတစ်ခု ထွက်ပေါ်လာ၏။

အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ အနည်းငယ် ဝဝဖိုင့်ဖိုင့်နှင့် ပြုံးရွှင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ယဲ့ဖန်တို့ကို ဝန်ဆောင်မှုပေးခဲ့သော စားပွဲထိုးလေးကို တွေ့လိုက်ရသည်။

လူလတ်ပိုင်း အမျိုးသားသည် စားပွဲထိုးလေး၏ သူဌေးဖြစ်ပုံရသည်။ သူသည် စားပွဲထိုးလေး၏ ရှေ့တွင် ရပ်လျက် ယဲ့ဖန်နှင့် သူ့ရင်ခွင်ထဲ ရောက်နေသော ချန်းဖေးအယ်ကို ကြည့်ကာ အနည်းငယ် ကြောင်အမ်း နေလေ၏။

ယဲ့ဖန်က ချန်းဖေးအယ်၏ ကျောကို အသာပုတ်ပြီး အချက်ပြလိုက်သည်။

ချန်းဖေးအယ် ကပျာကယာ ထလိုက်ပြီး နေရာတကျ ပြန်ထိုင်လိုက်သည်။ ထို့နောက် လူလတ်ပိုင်း အမျိုးသားနှင့် စားပွဲထိုးလေးကို လှမ်းကြည့်လိုက်လေ၏။

"ဘာကိစ္စ ပါလဲ"

ထိုအခါ၊ လူလတ်ပိုင်း အမျိုးသားက ခါးကို အနည်းငယ် ကိုင်းညွှတ်လိုက်သည်။

"စိတ်အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ် ခင်ဗျာ"

"ဒီလိုပါ..."

"ကျွန်တော်က ဒီဆိုင်ရဲ့ တာဝန်ရှိသူပါ... လူကြီးမင်းတို့က ကျွန်တော်တို့ဆိုင်အတွက် ဓားဂိုဏ်း ဆိုတဲ့ ပြဿနာအကြီးကြီးကို ဖြေရှင်းပေးလိုက်တယ်လို့ ရှောက်ချို ပြောပြတာ ကြားလို့... အထူးတလည် လာပြီး ကျေးဇူးတင်တာပါ"

ဒီလူ တစ်ခုခု အထင်လွဲနေပြီ ဆိုတာ ယဲ့ဖန် သိလိုက်သည်။

ချန်းဖေးအယ် မျက်နှာ အနည်းငယ် ရဲနေသည်ကို မြင်လိုက်ရသဖြင့် သူ ချက်ချင်း ချောင်းဟန့်လိုက်လေ၏။

"စောစောက ဖြစ်တာ ခင်ဗျား ထင်သလို မဟုတ်ဘူးနော်"

"ဘာပဲဖြစ်ဖြစ်... လျှောက်မပြောနဲ့... နားလည်လား"

လူလတ်ပိုင်း အမျိုးသားက ချန်းဖေးအယ်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ သူ့အကြည့်က အနည်းငယ် မှုန်ဝါးနေသော်လည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

"နားလည်ပါတယ်... နားလည်ပါတယ်... ကျွန်တော်တို့ ဘာမှ မမြင်ပါဘူး"

"စောစောက ဒီနေရာမှာ ဘာမှ မဖြစ်ခဲ့ပါဘူး"

ပြောရင်းနှင့် သူက လိပ်စာကတ်တစ်ခုနှင့် အနက်ရောင် ရွှေကတ်ပြားတစ်ခုကို ထုတ်ကာ ယဲ့ဖန်အား လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

"ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ"

"ဒါက ကျွန်တော့် လိပ်စာကတ်နဲ့ ဒီဆိုင်ရဲ့ VIP ကတ်ပါ"

"နောင်တစ်ချိန် လိုအပ်တာရှိရင်... ဒါမှမဟုတ် ကျွန်တော်တို့ဆိုင်ကို လာစားချင်ရင် ပြောပါ... ကျွန်တော် စေတနာအပြည့်နဲ့ စောင့်ကြိုနေပါ့မယ်"

ယဲ့ဖန် ဒီလိုကိစ္စတွေကို ရိုးအီနေပြီ ဖြစ်၍ မလိုပါဘူးဟု ပြောချင်လိုက်သည်။

သို့သော် လက်မခံရင် ဆိုင်ရှင် စိတ်မကောင်းဖြစ်မည်ကို တွေးမိပြီး ခဏစဉ်းစားကာ လက်ခံလိုက်လေ၏။

"သူဌေးကို ဘယ်လိုခေါ်ရမလဲ"

"ကျွန်တော့် မျိုးရိုးနာမည်က လျန် ပါ..လျန်ကြီးလို့ ခေါ်လို့ရပါတယ်"

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

"ခင်ဗျားဆိုင်က ဟင်းပွဲတွေ တော်တော်ကောင်းတယ်"

"နောက်တစ်ခါ လာရင် ဆက်သွယ်လိုက်မယ်"

"ဟုတ်ကဲ့ပါ ခင်ဗျာ"

သူဌေးလျန်က အလိုက်သိသူ ဖြစ်၏။ ယဲ့ဖန်က လိပ်စာကတ်နှင့် VIP ကတ်ကို သိမ်းလိုက်သည်ကို မြင်သောအခါ ယဲ့ဖန်နှင့် ချန်းဖေးအယ်ကို ဦးညွှတ်နှုတ်ဆက်လိုက်လေ၏။

"ဆက်ပြီး သုံးဆောင်ကြပါဦး"

"ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"

ထို့နောက် စားပွဲထိုးလေးနှင့်အတူ ထွက်ခွာသွားတော့သည်။

အခန်း (၁၅၆၁) - ကိုယ့်ကို လုယက်ချင်နေကြတဲ့သူတွေက များလွန်းလို့... အဲ့ဒီအထဲမှာ မင်းပါ တစ်ယောက်တိုးလာလည်း ကိစ္စမရှိပါဘူး

~"ဒါတွေအားလုံး ရှင့်ကြောင့် ဖြစ်တာ"

သူဌေးလျန်နှင့် စားပွဲထိုးလေး ထွက်သွားပြီးနောက်တွင် ချန်းဖေးအယ်၏ မျက်နှာလေးမှာ ရဲနေဆဲပင်။

သူဌေးလျန်တို့ သူတို့နှစ်ယောက်ကို အထင်လွဲသွားကြသည်ကို သူမလည်း ရိပ်မိနေလေ၏။

ယဲ့ဖန်ကတော့ မခံချင်စိတ်ဖြင့် ပြန်ပြောလိုက်၏။

"ဘာလို့ ကိုယ့်ကို လာအပြစ်တင်နေတာလဲ"

"မင်းကို ဒီလောက် ကြည့်ကောင်းသွားအောင် ဓာတ်ပုံရိုက်ပေးလိုက်တာ ကိုယ့်အပြစ်လား"

"ရုတ်တရက်ကြီး ချစ်ဖို့ကောင်းသွားတဲ့ မင်းပုံစံကိုပဲ အပြစ်တင်ပါလား"

"အာ... ဘာပဲဖြစ်ဖြစ် ရှင့်အပြစ်ပဲ"

ချန်းဖေးအယ်က သူ့ကို စကားနိုင်မလုနိုင်တော့သဖြင့် ကလေးဆိုးလေးလို ဂျီကျသံပါပါ ပြောလိုက်တော့သည်။

သို့သော် ထူးဆန်းသည်မှာ ဓာတ်ပုံဖျက်ခိုင်းသည့်ကိစ္စကို သူမ ထပ်မပြောတော့ခြင်းပင်။

စိတ်တည်ငြိမ်သွားပြီးနောက် သူမက သတိပေးစကား ပြောလိုက်၏။

"မှတ်ထားနော်... အဲ့ဒီပုံကို ဘယ်သူ့ကိုမှ ပေးမကြည့်နဲ့"

"မဟုတ်ရင် ကျွန်မ ရှင့်ကို သတ်ပြီး အသေခံလိုက်မယ်"

သူမ၏ ခြိမ်းခြောက်သံကို ကြားလိုက်ရသဖြင့် ယဲ့ဖန်က အကျင့်ပါနေသည့်အတိုင်း စနောက်ရန် ပြင်လိုက်သည်။ သို့သော် ထိုစဉ်မှာပင် ဆိုင်တံခါးဝမှ ရင်းနှီးနေသော လူတစ်ယောက် ဝင်ရောက်လာ၏။

စောစောက လူမိုက်အုပ်စုကို ရှင်းလင်းပေးခဲ့သည့် ဒေါက်တာ လျူ၏ တပည့်ပင် ဖြစ်၏။

"ပညာရှင်ယဲ့... ဓားဂိုဏ်း ကိစ္စ ရှင်းပြီးပါပြီ ခင်ဗျာ"

"ဒီနေ့ကစပြီး ကျန်းကော နယ်မြေထဲမှာ အဲ့ဒီအဖွဲ့အစည်းဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး"

ထိုလူငယ်၏ စကားသံက တည်ငြိမ်သော်လည်း လွှမ်းမိုးမှု အပြည့်ရှိနေလေ၏။

လျူမိသားစု၏ အာဏာစက် ဘယ်လောက်ကြီးမားသည်ကို ယဲ့ဖန် သိပ်မသိခဲ့။

သို့သော် ဒေါက်တာ လျူ၏ လက်အောက်ငယ်သားများ၏ အပြုအမူနှင့် စွမ်းဆောင်ရည်ကို မြင်လိုက်ရသောအခါ ဒေါက်တာ လျူ သို့မဟုတ် လျူမိသားစု၏ အလေးချိန်ကို သူ လျှော့တွက်မိခဲ့မှန်း ချက်ချင်း သဘောပေါက်လိုက်သည်။

သူ ပြုံးလျက် ပြန်ပြောလိုက်၏။

"ပင်ပန်းသွားပြီဗျာ... ကျေးဇူးပါပဲ"

"ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ"

လူငယ်က အလွန်ယဉ်ကျေးစွာ ပြန်ဖြေသည်။

"မင်္ဂလာပါ ပညာရှင်ယဲ့... ကျွန်တော့်နာမည်က ချင်ချုံး ပါ... ဒေါက်တာ လျူရဲ့ ကိုယ်ရံတော်ပါ... ရှောင်ချင် (ချင်လေး) လို့ ခေါ်လို့ရပါတယ်"

ပြောရင်းနှင့် မီနူးစာအုပ်နှင့်တူသော စာအုပ်ငယ်တစ်အုပ်ကို ထုတ်ကာ ယဲ့ဖန်အား လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

"ဒါက ကျွန်တော်တို့ ခေါင်းဆောင်ကြီးက ပညာရှင်ယဲ့ကို ကိုယ်တိုင်ပေးလိုက်တာပါ"

"ဒီထဲမှာ လျူမိသားစုက နှစ်တွေအများကြီး စုဆောင်းထားတဲ့ ရှေးဟောင်းပစ္စည်း စုဆောင်းမှုတွေ အကုန်လုံးကို မှတ်တမ်းတင်ထားပါတယ်"

"ပညာရှင်ယဲ့ ကြိုက်နှစ်သက်ရာ တစ်ခုခုကို ရွေးယူနိုင်ပါတယ်တဲ့"

ဒေါက်တာ လျူ ဒီလောက် မြန်မြန်ဆန်ဆန် လှုပ်ရှားလိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့။

လက်ရာမြောက်လှသော စာအုပ်ငယ်ကို လှမ်းယူလိုက်ပြီးနောက် သူ တစ်ချက် ဖွင့်ကြည့်လိုက်သည်။

ထိုတစ်ချက် ကြည့်လိုက်ခြင်းကပင် သူ့မျက်လုံးများကို မသိမသာ တုန်လှုပ် သွားစေခဲ့၏။

စာအုပ်က အလွန် သေသပ်လှသည်။ စုဆောင်းမှုများကို အမျိုးအစား ခွဲခြားထားရုံသာမက ပစ္စည်းတစ်ခုချင်းစီကို ဓာတ်ပုံနှင့် စာသားဖော်ပြချက်များဖြင့် တွဲဖက် ဖော်ပြထားသည်။ အလွန် ဂရုတစိုက် ပြင်ဆင်ထားကြောင်း သိသာလှ၏။

ထို့အပြင် စာရင်းထဲ ပါသော ပစ္စည်းများကလည်း သာမန် မဟုတ်ပေ။

ရှေးဟောင်းပစ္စည်းနှင့် ရတနာပေါင်း ရာချီ ပါဝင်နေလေ၏။ အနိမ့်ဆုံးတန်ဖိုးမှာ သန်းချီတန်ပြီး အမြင့်ဆုံးတန်ဖိုးမှာ သန်းဆယ်ချီ တန်ကြေးရှိလေသည်။

စောစောက ဖုန်းရှောက်ခွန်း ပြောခဲ့သလို လျူမိသားစုက အခြေခံခိုင်မာသည် ဆိုတာ အလကား ပြောတာ မဟုတ်ပါလား။ ကြွားလုံးထုတ်ရုံ သက်သက် မဟုတ်ပေ။

စာအုပ်ထဲမှ စုဆောင်းမှုများကို ကြည့်ရုံဖြင့် လျူမိသားစုသည် ရှေးဟောင်းပစ္စည်းများအတွက် အနည်းဆုံး ယွမ်သန်း (၁၀၀၀) ခန့် သုံးစွဲခဲ့ကြောင်း ခန့်မှန်းရ၏။

"ကျွန်တော် အရင် ကြည့်လိုက်ဦးမယ်"

ရှောင်ချင်ကို ပြောလိုက်ပြီးနောက် ယဲ့ဖန်သည် ယခင်က ပေါ့ပေါ့ပါးပါး ပုံစံကို ဖျောက်ကာ စာအုပ်ကို တည်ကြည်လေးနက် စွာ စတင် ဖတ်ရှုလိုက်လေ၏။

"ဖြည်းဖြည်း ကြည့်ပါ ခင်ဗျာ... အလောတကြီး မလိုပါဘူး"

ရှောင်ချင်က နှိမ့်ချစွာ ပြောလိုက်သည်။

ယဲ့ဖန် ဘာမှထပ်မပြောတော့ဘဲ စာအုပ်ကိုသာ အာရုံစိုက် ကြည့်နေလိုက်သည်။

စာအုပ်တစ်အုပ်လုံးကို လှန်လှောကြည့်ပြီးနောက် စာမျက်နှာတစ်ခုပေါ်ရှိ ပုံတစ်ပုံကို သူ လက်ညှိုးထိုးပြလိုက်၏။

"ဒေါက်တာ လျူရဲ့ အိမ်မှာ ဒီပစ္စည်း ရှိနေတာ သေချာလား"

ရှောင်ချင် အနားတိုးလာပြီး ကြည့်လိုက်သည်။

ကျောက်စိမ်းခွက် တစ်လုံး ဖြစ်ပြီး ခန့်မှန်းတန်ဖိုးမှာ (၅) သန်းသာ ရှိသည်ကို မြင်လိုက်ရသဖြင့် သူက ချက်ချင်း ပြောလိုက်၏။

"ဒီစာအုပ်က ဒေါက်တာ လျူရဲ့ ဖခင်ကိုယ်တိုင် ရွေးချယ် ပြုစုထားတာပါ"

"အခြေခံအားဖြင့် ဘာပြဿနာမှ မရှိနိုင်ပါဘူး"

"ဒါပေမဲ့ ပညာရှင်ယဲ့ စိတ်မချရင် ကျွန်တော် အခုပဲ ဖုန်းဆက်ပြီး အတည်ပြုပေးပါမယ်"

ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။

"ဒါဆို အတည်ပြုပေးပါ"

"လျူမိသားစုမှာ ဒီပစ္စည်း တကယ်ရှိတယ်ဆိုရင် ဒေါက်တာ လျူကို ပြောလိုက်ပါ... ကျွန်တော် ဒါကို လိုချင်တယ်လို့"

"ဟုတ်ကဲ့ပါ... ခဏလောက် စောင့်ပေးပါ"

ရှောင်ချင် ပြန်ဖြေလိုက်ပြီး ဖုန်းထုတ်ကာ ဆိုင်အပြင်ဘက်သို့ ထွက်သွားလေသည်။

ဘေးနားမှ ချန်းဖေးအယ်လည်း စိတ်ဝင်စားသွားပြီး လှမ်းကြည့်လိုက်၏။

"ဒီ ကျောက်စိမ်းခွက်က ဘာထူးခြားလို့လဲ"

"ရှင် စာအုပ်လှန်ကြည့်နေတုန်း ကျွန်မလည်း အကြမ်းဖျင်း ဝင်ကြည့်လိုက်ပါတယ်... တန်ဖိုး (၁၀) သန်းကျော်တဲ့ ပစ္စည်းတွေ (၅၀) ထက်မနည်း ရှိတာကို... ဘာလို့ ပိုဈေးကြီးတာတွေ မရွေးဘဲ ခန့်မှန်းတန်ဖိုး (၅) သန်းပဲရှိတဲ့ ဒီခွက်ကို ရွေးရတာလဲ"

"ကျွန်မတို့ မသိတဲ့ လျှို့ဝှက်ချက် တစ်ခုခု ရှိနေလို့လား"

သူမနှင့် ရင်းနှီးနေပြီဖြစ်၍ ဒီလုံခြုံရေးအဖွဲ့ဝင် မိန်းမလှလေးကို ဖုံးကွယ်ထားလို့ မရမှန်း ယဲ့ဖန် သိသည်။

သူ ပြုံးလိုက်လေ၏။

"ကိုးနဂါးခွက် (Nine Dragon Cup) အကြောင်း မင်း သိလား"

"ကိုးနဂါးခွက် ဟုတ်လား"

ချန်းဖေးအယ် မျက်မှောင်ကြုတ်သွား၏။

"တနေရာရာမှာ ကြားဖူးသလိုလိုပဲ... ဒါပေမဲ့ ချက်ချင်းတော့ မမှတ်မိဘူး"

ယဲ့ဖန်က အလောတကြီး မဟုတ်ဘဲ ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

"ဒီပစ္စည်းက မင်းဆက် တံဆိပ်တော် (Imperial Jade Seal) ပြုလုပ်ရာမှာ ပိုကျန်ခဲ့တဲ့ ကျောက်စိမ်းအသားစတွေကနေ ပြုလုပ်ထားတာ... ရေနွေးကရား တစ်လုံးနဲ့ ခွက်ကိုးလုံး ပါဝင်တယ်... ဒါပေမဲ့ ချင်မင်းဆက် (Qin Dynasty) အကုန် စစ်ပွဲတွေကြားမှာ ပျောက်ဆုံးသွားခဲ့တာလေ..."

" 'ကျောက်စိမ်းကျမ်း' (Jade Code) တတိယတွဲ စာမျက်နှာ (၁၈)၊ 'ရှေးဦးရတနာ' (Primordial Treasure) ဒုတိယတွဲ စာမျက်နှာ (၃) နဲ့ 'ရှေးဟောင်းသုတေသန မှန်ပြောင်း' (Ancient Exploration Mirror) ပဉ္စမတွဲ စာမျက်နှာ (၇၂) မှာ ဒီအကြောင်း အသေးစိတ် မှတ်တမ်းတင်ထားတယ်"

"လျူမိသားစုဆီက ကိုးနဂါးခွက်သာ အစစ်အမှန် ဖြစ်မယ်ဆိုရင်... သူ့ရဲ့ ခန့်မှန်းတန်ဖိုးက (၅) သန်း မကဘူး... အနည်းဆုံး သန်း (၈၀) လောက် တန်လိမ့်မယ်"

"သန်း (၈၀)... အနည်းဆုံး ဟုတ်လား"

ချန်းဖေးအယ် အသက်ရှူ မှားသွားရသည်။

ယဲ့ဖန်၏ ဆုံးဖြတ်ချက်ကို သူမ လုံးဝ သံသယ မဝင်ပေ။

ဘာကြောင့်လဲဆိုတော့ ယဲ့ဖန်ရဲ့ အံ့မခန်းလောက်အောင် တော်တဲ့ ရှေးဟောင်းပစ္စည်း တန်ဖိုးဖြတ်နိုင်စွမ်းကို သူမ အကြိမ်ကြိမ် မြင်ဖူးခဲ့ပြီ ဖြစ်၏။

ဒါကြောင့် ယဲ့ဖန် ပြောလိုက်သည့် ကိန်းဂဏန်းကို ကြားလိုက်ရသည့်အခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ တုန်လှုပ်ခြင်းပင်။

သန်း (၈၀) တဲ့လား။

သာမန်လူအများစုအတွက် တစ်ဘဝလုံး မပြောနဲ့၊ (၁၀) ဘဝလောက် ရှာရင်တောင် မရနိုင်တဲ့ ပမာဏလေ။

ဒီကောင်က ဒီလောက် ပေါ့ပေါ့ပါးပါး ပြောပြီး ဒီလောက် ပိုက်ဆံတွေ ရှာနိုင်နေတာလား။

ယဲ့ဖန်က သူမ၏ တုံ့ပြန်မှုကို ဂရုမစိုက်။ တည်ငြိမ်စွာပင် ဆက်ပြောလိုက်၏။

"ဒီပစ္စည်းကို ကိုယ် ဈေးကွက်ထဲမှာ (၂) ခါ (၃) ခါလောက် မြင်ဖူးတယ်... အနိမ့်ဆုံးဈေးက သန်း (၇၀) ကျော်ပဲ"

"နောက်ပိုင်းကျတော့ ဈေးက ပိုပိုမြင့်လာတာလေ"

"အခု သန်း (၈၀) က စမယ်လို့ ပြောတာက တကယ်တော့ လျှော့ပြောထားတာပါ"

ချန်းဖေးအယ် သူ့ကို စိုက်ကြည့်လိုက်သည်။

"ရှင် ဒီလောက်နဲ့ ရပ်လိုက်ဖို့ ကျွန်မ အကြံပေးချင်တယ်... မဟုတ်ရင် တစ်နေ့ကျရင် ရှင့်ဆီက ပိုက်ဆံတွေကို လုပြီး ဆင်းရဲသားတွေကို ဝေပေးချင်တဲ့ စိတ်ဆန္ဒကို ကျွန်မ မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားလိမ့်မယ်"

ယဲ့ဖန် ဂရုမစိုက်စွာ ပြုံးလိုက်သည်။

"ကိုယ့်ကို လုယက်ချင်နေကြတဲ့သူတွေက များလွန်းလို့... အဲ့ဒီအထဲမှာ မင်းပါ တစ်ယောက်တိုးလာလည်း ကိစ္စမရှိပါဘူး"

ပြောရင်းနှင့် သူ စာအုပ်ကို ပြန်ကြည့်လိုက်သည်။

"ပြီးတော့ ကိုယ် ဒါကို လိုချင်တာက ပိုက်ဆံနဲ့ မဆိုင်ပါဘူး"

"အဓိကက ဒီပစ္စည်းက ကိုယ့်မိတ်ဆွေဟောင်းတချို့ကို သတိရစေလို့ပါ"

ချန်းရွှမ်နှင့် သခင်ကြီးရှန်တို့ကို သူ စတင်သိကျွမ်းခဲ့သည်က ဒီ ကိုးနဂါးခွက်ကြောင့်ပင်။ ရှန်းပိုင်ထျန်း တို့နှင့် ပတ်သက်ခွင့် ရခဲ့တာလည်း ဒီအရာကြောင့်ပင်။

အခု ဒီပစ္စည်းကို မြင်လိုက်ရတော့ သူ ဘယ်လိုပြောရမှန်း မသိသော ထူးခြားသည့် ခံစားချက် တစ်ခု ရလိုက်သည်။

ချန်းရွှမ်၊ ရှန်းပိုင်ထျန်းနှင့် သခင်ကြီးရှန်တို့ကို ချက်ချင်း သတိရသွားမိ၏။

ဘေးနားမှ ချန်းဖေးအယ်သည် ယဲ့ဖန်၏ ထိုကဲ့သို့ လွမ်းဆွတ်နေသော မျက်နှာအမူအရာမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားရှာသည်။

ယဲ့ဖန်ကို ခဏလောက် ငေးကြည့်ပြီးနောက် သူမ တစ်ခုခုကို စဉ်းစားမိသွားပုံရသည်။ ဖုန်းကို ထုတ်လိုက်ပြီး တိတ်တဆိတ် ဓာတ်ပုံခိုးရိုက်လိုက်လေ၏။

ထို့နောက် ယဲ့ဖန် သတိမထားမိခင်မှာပင် Private Photo Album (ကိုယ်ပိုင် ဓာတ်ပုံအယ်လ်ဘမ်) ထဲသို့ လျင်မြန်စွာ သိမ်းဆည်းလိုက်တော့သည်။

အခန်း (၁၅၆၂) - မတော်တဆ ထပ်ဖြစ်သွားပြန်ပြီ

~ယဲ့ဖန်.. ချန်းဖေးအယ်၏ လှုပ်ရှားမှုအသေးအမွှားလေးကို သတိမထားမိလိုက်ပေ။

သို့သော် မတွေ့ရသည်မှာ ကြာပြီ ဖြစ်သော ချန်းရွှမ်၊ ရှန်းပိုင်ထျန်းနှင့် သခင်ကြီးရှန်တို့ကို တွေးမိလိုက်သောအခါ စိတ်ထဲ ငိုင် သွားမိသည်။

ချန်းဖေးအယ် ဖုန်းကို သိမ်းလိုက်ပြီးနောက် ပြန်ပြောလိုက်၏။

"ဒါတွေ ထားလိုက်ပါတော့... နေမဝင်အင်ပါယာ က ကိုးပြည်ထောင်ဖို အကြောင်း ဆက်ပြောရအောင်"

ယဲ့ဖန် အသိပြန်ဝင်လာသည်။

"မင်းတို့ လုံခြုံရေးအဖွဲ့က ဒီသတင်းကို အတည်ပြုပြီးပြီ မဟုတ်လား"

"လုံခြုံရေးအဖွဲ့ရဲ့ အဆက်အသွယ်တွေနဲ့ဆို အချက်အလက်တွေ အများကြီး ရလောက်ပြီလို့ ထင်တယ်"

ချန်းဖေးအယ်က ခါးသက်သက် အပြုံး တစ်ချက် ပြုံးလိုက်၏။

"နေမဝင်အင်ပါယာနဲ့ အမေရိကရဲ့ အခြေအနေက နည်းနည်း ရှုပ်ထွေးတယ်"

"ပထမအချက်က ခေတ်မီထောက်လှမ်းရေးနဲ့ တန်ပြန်ထောက်လှမ်းရေး အတွေ့အကြုံ၊ ဖွံ့ဖြိုးတိုးတက်မှုပိုင်းမှာ ကျွန်မတို့က သူတို့ထက် မျိုးဆက် အနည်းငယ်လောက် နောက်ကျနေသေးတယ်... ဒုတိယအချက်က ပထဝီအနေအထားနဲ့ ယဉ်ကျေးမှုအရလည်း ဝေးကွာလွန်းတယ်... တတိယအချက်က အဲ့ဒီနိုင်ငံတွေက တရုတ်နိုင်ငံကို၊ အထူးသဖြင့် ကျွန်မတို့လို အထူးဌာနတွေကို အမြဲတမ်း တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြတာ..."

"အတိုချုပ်ပြောရရင် ကျွန်မတို့ လုံခြုံရေးအဖွဲ့က အဲ့ဒီဖက်ကို လုံလောက်အောင် ထိုးဖောက်မဝင်နိုင်သေးဘူး"

သူမ ဆိုလိုချင်သည်ကို ယဲ့ဖန် နားလည်လိုက်သည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် တရုတ်လုံခြုံရေး အဖွဲ့က အနောက်နိုင်ငံတွေမှာ သိပ်ရေပန်းမစားဘူး ဟု ဆိုလိုခြင်းပင်။

သို့ဆိုလျှင် နေမဝင်အင်ပါယာမှာ ဖြစ်ပျက်ခဲ့သော ကိစ္စတွေကို လုံခြုံရေးအဖွဲ့က မကြားသိရတာ ယုတ္တိ ရှိပေသည်။

သူ အချိန်ဖြုန်းမနေတော့။ ဘေးပတ်ဝန်းကျင်တွင် လူမရှိကြောင်း သေချာအောင် ကြည့်ပြီးနောက် စကားလုံးများကို သေချာရွေးချယ်ပြီး ပြောလိုက်လေ၏။

"ကိုယ်… ကျန်းကော မှောင်ခိုဈေးကနေ သွမ့်ဟွမ် ရှေးဟောင်းပစ္စည်းတစ်ခု ကောက်ရခဲ့တယ်"

"တန်ဖိုးက သန်း (၂၀၀) ကျော်လောက် ရှိတယ်"

"အဲ့ဒါကို တစ်ယောက်ယောက် သတိထားမိသွားတယ်"

ချန်းဖေးအယ် ကြားလိုက်ရသည့်အခါ အနည်းငယ် အံ့အားသင့် သွားရှာသည်။

"သန်း (၂၀၀) ကျော် ဟုတ်လား"

သို့သော် ယခုအချိန်တွင် ဒါကို ပြောရမည့်အချိန် မဟုတ်မှန်း သူမ သတိပြုမိသွားသည်။

ချက်ချင်းပင် စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး လက်ကာပြလိုက်၏။

"ဆက်ပြောပါ... ကျွန်မကို ဂရုမစိုက်နဲ့"

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ပြီးတော့ ကိုယ့်ဆီကနေ လုယက်ဖို့ ကြိုးစားတဲ့သူတွေကလည်း တော်တော် ထူးခြားတယ်"

"နိုင်ငံခြားသားတွေ ဖြစ်နေတယ်"

"ဒါ့အပြင် အဲ့ဒီနိုင်ငံခြားသားတွေက ထွက်ပြေးဖို့ လှေတွေပါ ပြင်ဆင်ထားပြီး... သေနတ်တွေတောင် ပါလာကြတယ်"

"တရုတ်ပြည်ထဲကို သေနတ်တွေ ယူလာရဲကြတယ် ဟုတ်လား... သတ္တိက မနည်းပါလား"

ချန်းဖေးအယ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ လွှမ်းခြုံ သွားလေ၏။

သို့သော် ယဲ့ဖန်က ဆက်ပြောလိုက်သည်။

"အဲ့ဒီတုန်းက ကိုယ်လည်း အဲ့လိုပဲ တွေးမိတာ"

"ဒါနဲ့ သူတို့ကို နှိမ်နင်းပြီး လက်နက်တွေ ဖြုတ်သိမ်းလိုက်ပြီးတော့... ကိုယ် မေးခွန်းတချို့ မေးကြည့်လိုက်တယ်"

"အဲ့ဒီနောက်မှာ မမျှော်လင့်ထားတဲ့ သတင်းအချက်အလက်တချို့ ရလိုက်တယ်"

"ဘာအချက်အလက်တွေလဲ"

ချန်းဖေးအယ် သူ့ကို စိုက်ကြည့်လိုက်သည်။

"ပထမအချက်က... ဒီလူတွေက တကယ်ကို ကြိုတင်ပြင်ဆင်ပြီး လာကြတာ"

ယဲ့ဖန်က အလောတကြီး မဟုတ်ဘဲ ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

"ကိုယ် ကောက်ရလိုက်တဲ့ သွမ့်ဟွမ် ရှေးဟောင်းပစ္စည်းက ကျန်းကော မှောင်ခိုဈေးမှာ ပေါ်လာမယ်ဆိုတာကို သူတို့ ကြိုသိနေကြတယ်"

"ဒါကြောင့် သူတို့က ကျန်းကော မှောင်ခိုဈေးမှာ စောင့်နေတာ ကြာပြီ... ပြီးတော့ လူမှောင်ခိုကူးဖို့အတွက် သေနတ်တွေ၊ လှေတွေပါ ပြင်ဆင်ထားကြတာ"

"တန်ဖိုး သန်း (၂၀၀) ကျော်တဲ့ သွမ့်ဟွမ် ရှေးဟောင်းပစ္စည်း ရတာနဲ့ ချက်ချင်း ထွက်ပြေးဖို့ ပြင်ဆင်ထားကြတာ"

ချန်းဖေးအယ်၏ အကြည့်များ ထူးဆန်းသွား၏။

"သူတို့က ကြိုသိနေကြတယ် ဟုတ်လား"

"ဟုတ်တယ်"

ယဲ့ဖန် ပြန်ဖြေလိုက်သည်။

"အဲ့ဒီတုန်းက ကိုယ်လည်း တော်တော်အံ့ဩသွားတယ်... ဒါနဲ့ ထပ်မေးကြည့်လိုက်တော့ ဒုတိယ သတင်းအချက်အလက် ရလိုက်တယ်"

"ဒီလူတွေက နေမဝင်အင်ပါယာက နာရေးအဖွဲ့အစည်းက လာကြတာ"

"နာရေးအဖွဲ့အစည်းရဲ့ ကြေးတံဆိပ်အဆင့် အဖွဲ့ပဲ"

"နာရေးအဖွဲ့အစည်း ဟုတ်လား... မာဖီးယားလား"

ချန်းဖေးအယ် အနည်းငယ် အံ့ဩသွားသော်လည်း သဘောပေါက်သွားပုံရသည်။

"သူတို့ ဒီလောက် ရဲတင်းနေတာ မဆန်းပါဘူး"

"အီတလီ၊ အမေရိကနဲ့ နေမဝင်အင်ပါယာတို့မှာ အခြေစိုက်တဲ့ အဖွဲ့ကြီးဆိုတော့ ဒေသခံ အစိုးရတွေကို ဂရုစိုက်ပုံ မရဘူး"

ပြောရင်းနှင့် သူမ တစ်ခုခုကို သတိထားမိသွားပုံရသည်။ ရုတ်တရက် မျက်လုံးများ လှုပ်ရှားသွား၏။

"နေဦး... ရှင် ခုနက ဘာပြောလိုက်တာလဲ"

"နာရေးအဖွဲ့အစည်းက ဒီတစ်ခါ ကြေးတံဆိပ်အဆင့် အဖွဲ့ကိုပဲ စေလွှတ်လိုက်တယ် ဟုတ်လား"

"တန်ဖိုး သန်း (၂၀၀) ကျော်တဲ့ ရတနာကို လုယက်ဖို့အတွက် ကြေးတံဆိပ်အဆင့် လူမိုက်တွေကိုပဲ လွှတ်လိုက်တာလား"

ယဲ့ဖန် ကြားလိုက်ရသည့်အခါ နာရေးအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကို သူမ ကောင်းကောင်း နားလည်ထားမှန်း သိလိုက်သည်။

ထပ်ရှင်းပြမနေတော့ဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။

"အဲ့ဒီတုန်းက ကိုယ်လည်း တော်တော်အံ့ဩသွားတာ"

"ဒါနဲ့ ကိုယ် ဆက်ပြီး စစ်မေးကြည့်လိုက်တယ်"

"အဲ့ဒီနောက်မှာ တတိယ သတင်းအချက်အလက် ရလိုက်တယ်... အဲ့ဒါက ဒီစစ်ဆေးမေးမြန်းမှုကနေ ရလိုက်တဲ့ အရေးကြီးဆုံး သတင်းပဲ"

ချန်းဖေးအယ် သူ့ကို ငြိမ်သက်စွာ ကြည့်နေလေ၏။

ယဲ့ဖန် သူမကို ဆက်ပြီး ရင်ခုန်အောင် မလုပ်တော့ဘဲ ဆက်ပြောလိုက်၏။

"နေမဝင်အင်ပါယာမှာ ကိစ္စတစ်ခု ဖြစ်ခဲ့တယ်လို့ နာရေးအဖွဲ့အစည်းက လူတွေ ပြောပြတယ်"

"ဂျယ်ရီ ဘားရိုးစ် (Jerry Burrows) ဆိုတာ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က စစ်ပွဲတုန်းက စစ်ဗိုလ်ချုပ်တွေထဲက တစ်ယောက်လေ... သူက တရုတ်ပြည်နဲ့ တခြားနေရာတွေကနေ ရွှေ၊ ငွေ၊ ရတနာ၊ ရှေးဟောင်းပစ္စည်းတွေ အများကြီး လုယူသွားခဲ့တဲ့ အကောင်ပေါ့... သူ့မိသားစုက သူဌေးတွေကို မုန်းတီးတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ပစ်သတ်ခြင်း ခံလိုက်ရပြီး လုယက်ခံလိုက်ရတယ်တဲ့... မိသားစုက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ စုဆောင်းမှုတွေ၊ စုဆောင်းငွေတွေ အကုန်လုံး လုယက်ခံရပြီး နေရာအနှံ့ ပြန့်ကျဲကုန်တယ်တဲ့"

"နေမဝင်အင်ပါယာ တစ်ခုလုံးက စီးပွားရေးလုပ်ငန်းစုတွေ၊ အဖွဲ့အစည်းတွေ အကုန်လုံးနီးပါးက အဲ့ဒီပစ္စည်းတွေကိုပဲ အာရုံစိုက်နေကြတာ... နာရေးအဖွဲ့အစည်းနဲ့ မာဖီးယား မိသားစုရဲ့ ဌာနခွဲတွေလည်း မပါမဖြစ်ပေါ့... သူတို့လူတွေ အကုန်လုံးနီးပါးကို အဲ့ဒီရတနာတွေအကြောင်း စုံစမ်းဖို့၊ သတင်းအချက်အလက် စုဆောင်းဖို့ စေလွှတ်ထားကြတယ်"

"အဲ့ဒီ ရတနာတွေထဲက တစ်ခုက ကိုးပြည်ထောင်ဖိုပဲ"

"ကျန်တဲ့ ရတနာတွေနဲ့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ပေါင်းလိုက်ရင် တန်ဖိုးက ဘီလီယံ (၇၀) ကျော်လောက် ရှိတယ်"

"ဒါကြောင့် သွမ့်ဟွမ် ရှေးဟောင်းပစ္စည်းတွေ ကျန်းကောဖက် ရောက်လာမှန်း နာရေးအဖွဲ့အစည်းက သိလိုက်ရတဲ့အချိန်မှာ သူတို့ဆီမှာ သုံးစရာလူ မရှိတော့ဘူး... ကြေးတံဆိပ်အဆင့် အဖွဲ့ကိုပဲ လွှတ်နိုင်တော့တာ"

ချန်းဖေးအယ် ကြားလိုက်ရသည့်အခါ သိသိသာသာ မှင်သက် သွားရရှာသည်။

သူမ နေရာတွင် ငြိမ်သက်စွာ ထိုင်ရင်း ခဏလောက် စဉ်းစားလိုက်ပြီးမှ အသိပြန်ဝင်လာကာ ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည်။

"ဒီသတင်းကို အတည်ပြုပြီးပြီလား"

"ကိုယ့်ရဲ့ စစ်ဆေးမေးမြန်းတဲ့ စွမ်းရည်ကို မင်း သိပါတယ်"

ယဲ့ဖန် ပြုံးလိုက်သည်။

"ပြီးတော့ နေမဝင်အင်ပါယာမှာလည်း ကိုယ့်ဆီက သတင်းအရင်းအမြစ်တချို့ ရှိနေတယ်လေ"

ချန်းဖေးအယ်… သူ ဆိုလိုသည်ကို ကောင်းကောင်း နားလည်လိုက်သည်။

"သဘောပေါက်ပါပြီ"

ယဲ့ဖန်ကို ခဏလောက် အကဲခတ် ကြည့်ရှုပြီးနောက် သူမ ဂြိုလ်တုဖုန်းကို ထုတ်လိုက်လေ၏။

"ဒါက အရေးကြီးတဲ့ ကိစ္စပဲ"

"အထက်လူကြီးတွေကို ချက်ချင်း ဆက်သွယ်မှ ဖြစ်မယ်"

"ခဏလောက် စောင့်နော်... ကျွန်မ ဟိုဘက်သွားပြီး ဖုန်းဆက်လိုက်ဦးမယ်"

ယဲ့ဖန် သဘောမတူစရာ အကြောင်းမရှိ။ သူမ သဘောအတိုင်း လုပ်နိုင်ကြောင်း လက်ဟန်ပြလိုက်ပြီး ဒေါက်တာ လျူ ပို့လိုက်သော စာအုပ်ကို ဆက်လက် ဖတ်ရှုနေလိုက်သည်။

မိနစ်အနည်းငယ် ကြာသောအခါ ချန်းဖေးအယ် ဖုန်းပြော၍ မပြီးသေးခင်မှာပင် ရှောင်ချင် ပြန်ရောက်လာလေ၏။

သူ ပြန်ရောက်လာသည့်အခါ လက်ထဲတွင် သေသပ်လှပသော စန္ဒကူးသစ်သားသေတ္တာ တစ်လုံးကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားသည်။

"ကျွန်တော် အတည်ပြုပြီးပါပြီ ပညာရှင်ယဲ့... ဒေါက်တာ လျူရဲ့ အိမ်မှာ ဒီပစ္စည်း တကယ် ရှိပါတယ်"

"ပညာရှင်ယဲ့က ကျောက်စိမ်းခွက်ကို စိတ်ဝင်စားတယ်လို့ သိရတာနဲ့ ဒေါက်တာ လျူက လူလွှတ်ပြီး အမြန်ပို့ခိုင်းလိုက်တာပါ"

"ပစ္စည်းရော... သူ့ရဲ့ မူလဇာစ်မြစ်၊ စစ်ဆေးချက် လက်မှတ်နဲ့ တခြား ပြည့်စုံတဲ့ အချက်အလက်တွေ အကုန် ဒီမှာပါ... ကြည့်ရှုပါဦး"

ရှောင်ချင်က ပြောရင်းနှင့် သစ်သားသေတ္တာကို ရိုသေစွာ ကမ်းပေးလိုက်သည်။

"ကျေးဇူးပါပဲ"

ယဲ့ဖန် သစ်သားသေတ္တာကို လှမ်းယူလိုက်ပြီး ပြုံးပြလိုက်သည်။

ထို့နောက် စနစ် ၏ အသေးစိတ် စစ်ဆေးမှုကို ဖွင့်လိုက်လေ၏။

[ရတနာ - ကိုးနဂါးခွက် ]

[အစစ်အမှန်]

[ရှေးယခင်က မင်းဆက် တံဆိပ်တော် သွန်းလုပ်ရာတွင် ပိုကျန်ခဲ့သော ကျောက်စိမ်းအသားစများဖြင့် ပြုလုပ်ထားသည်။ ရေနွေးကရား တစ်လုံးနှင့် ခွက်ကိုးလုံး ပါဝင်ပြီး...]

All Chapters