အခန်း (၁၅၆၃-၁၅၆၅)
Vol. 80 Ch. 1563-1565
အခန်း (၁၅၆၃) - အခွင့်အလမ်း လမ်းညွှန်မှု အသစ်
~စနစ် ၏ အသေးစိတ် ရှာဖွေ စစ်ဆေးချက် ရလဒ်များအရ ကိုးနဂါးခွက်၏ စစ်မှန်မှုမှာ သံသယဝင်စရာ မရှိတော့။
ယဲ့ဖန် စန္ဒကူးသစ်သားသေတ္တာကို ဖွင့်လိုက်ပြီး ခွက်ကို ခဏလောက် ကိုင်တွယ်ကြည့်ရှုလိုက်သည်။ သူသည် လုပ်ရိုးလုပ်စဉ်အတိုင်း စစ်ဆေးဟန်ဆောင်ပြီးမှ ရှောင်ချင်ကို ပြန်ကြည့်လိုက်၏။
"မဆိုးဘူး... ဒေါက်တာ လျူကို ကျေးဇူးတင်ကြောင်း ပြောပေးပါဦး"
ရှောင်ချင်က သွားဖြဲပြလိုက်သည်။
"ရပါတယ် ခင်ဗျာ"
"ပစ္စည်းအစစ်အမှန် ဖြစ်တယ်လို့ အတည်ပြုပြီးပြီဆိုတော့... တခြားပြဿနာ မရှိရင် လူကြီးမင်းတို့ မိတ်ဆွေနှစ်ယောက် စားသောက်နေတာကို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး"
"နောက်မှ တွေ့ကြတာပေါ့"
ယဲ့ဖန် မတ်တပ်ရပ်လိုက်ပြီး ယဉ်ကျေးစွာ လိုက်ပို့လိုက်လေ၏။
တစ်ဖက်လူ ထွက်သွားပြီးနောက် သူ ထိုင်ခုံသို့ ပြန်သွားပြီး ကိုးနဂါးခွက်ကို မူလနေရာတွင် ပြန်ထည့်လိုက်သည်။
ထိုအချိန်တွင် ချန်းဖေးအယ် ဖုန်းပြောပြီး ပြန်ရောက်လာ၏။
စားပွဲပေါ်ရှိ စန္ဒကူးသစ်သားသေတ္တာကို တစ်ချက်ကြည့်လိုက်ပြီး လျင်မြန်စွာ ပြောလိုက်လေသည်။
"ကိုးနဂါးခွက် ရောက်လာပြီလား"
ယဲ့ဖန် ခေါင်းညိတ်ပြလိုက်သည်။
"အစစ်ပဲ"
"ကိုယ် အမြတ်ထွက်သွားပြန်ပြီ"
ချန်းဖေးအယ်၏ အာရုံစူးစိုက်မှုက သူ့အပေါ်တွင် မရှိတော့။ သူမ ပြန်ပြောလိုက်၏။
"နေမဝင်အင်ပါယာက သတင်းကို အထက်လူကြီးတွေဆီ တင်ပြပြီးပြီ"
"လုံခြုံရေးအဖွဲ့ ခေါင်းဆောင်က တော်တော်လေး စိတ်ဝင်စားသွားတယ်"
"သူတို့ ရှေးဟောင်းသုတေသန နယ်ပယ်က ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့ကို အရေးပေါ် ရွေးချယ်ပြီး အစည်းအဝေး အသေးစားတစ်ခု လုပ်လိုက်ကြတယ်"
"ဆွေးနွေးပွဲရလဒ်က ဘယ်လိုလဲ"
ယဲ့ဖန် မေးလိုက်သည်။
"အင်စ…ဂျယ်ရီ ဘားရိုးစ် ဆိုတဲ့ လူက အဲ့ဒီတုန်းက တရုတ်ပြည်ကနေ ရတနာတွေ အများကြီး ခိုးယူသွားခဲ့တာလေ... ကိုးပြည်ထောင်ဖိုကြီး အပြင် တခြား ရှေးဟောင်းပစ္စည်းတွေနဲ့ ရတနာတွေကလည်း တရုတ်ပြည်အတွက် အရမ်း အဓိပ္ပာယ်ရှိတဲ့ အရာတွေပဲ"
ချန်းဖေးအယ် စကားကို သွက်လက်စွာ ပြောလိုက်သည်။
"ဒါကြောင့် အထက်လူကြီးတွေရဲ့ ညွှန်ကြားချက်က... ဖြစ်နိုင်ရင် ကျွန်မတို့ကို နေမဝင်အင်ပါယာဆီ သွားစေချင်တယ်... ကိုးပြည်ထောင်ဖိုကြီး အပါအဝင် တခြား ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေကို ရနိုင်သလောက် ပြန်ယူလာစေချင်တယ်"
ယဲ့ဖန် ကြားလိုက်ရသည့်အခါ အလိုအလျောက် ညည်းတွားလိုက်မိသည်။
"ဘာလို့ ငါတို့ပဲ ဖြစ်နေရတာလဲကွာ"
"လယ်လုပ်တဲ့ ကျွဲတောင် ဒီလောက် ခိုင်းရင် သေသွားလောက်ပြီ"
"မကြာသေးခင်ကမှ ဂျပန်ကို သွားခဲ့ရတယ်... အခု ကျန်းကော... ငါတို့ချည်းပဲ အကုန်လုပ်နေလို့ ဘယ်ဖြစ်မလဲ..."
သို့သော် သူ စကားမဆုံးခင်မှာပင် ချန်းဖေးအယ်က ဖြတ်ပြောလိုက်လေ၏။
"အထက်လူကြီးတွေ ပြောတာက... ဒီမစ်ရှင်အတွက် သတင်းအချက်အလက် အကုန်လုံးကို ရှင်က ပံ့ပိုးပေးထားတာ ဖြစ်တဲ့အပြင်၊ နေမဝင်အင်ပါယာမှာ လုံခြုံရေးအဖွဲ့က ပေးနိုင်တဲ့ အကူအညီကလည်း တကယ်ကို အကန့်အသတ်ရှိနေလို့ပါတဲ့... ဒါကြောင့် ပုံမှန်ပေးနေကျ ဆုကြေးတွေအပြင် နိုင်ငံတော်ကနေ ရှေးဟောင်းပစ္စည်းတွေကို မူရင်းဈေးကွက်ပေါက်ဈေးအတိုင်း ပြန်ဝယ်ယူပေးမယ်လို့ ပြောပါတယ်..."
နိုင်ငံတော်က မူရင်းဈေးကွက်ပေါက်ဈေးအတိုင်း ပြန်ဝယ်မယ်... ပြီးတော့ ထပ်ဆောင်း ဆုကြေးတွေလည်း ရှိသေးတယ် ဟုတ်လား။ ဒါဆိုရင်တော့ အဆင်ပြေသားပဲ။
ယဲ့ဖန်၏ ညည်းတွားသံများ ချက်ချင်း ရပ်တန့်သွား၏။
'ပိုက်ဆံရှိရင် ဘယ်လို ပို့စ် (Pose) မျိုးမဆို ပေးရဲပါတယ်'
‘ဒါပေမဲ့ ဒီစကားကိုတော့ ထုတ်ပြောလို့ မဖြစ်ဘူးလေ။’
ချောင်းအနည်းငယ် ဟန့်လိုက်ပြီးနောက် သူ ချက်ချင်း ပြောလိုက်လေ၏။
"ဆိုလိုတာက လုံခြုံရေးအဖွဲ့က တခြားရဲဘော်တွေအတွက် နေမဝင်အင်ပါယာမှာ စစ်ဆင်ရေးလုပ်ဖို့ အဆင်မပြေဘူး ဆိုတဲ့သဘောပေါ့"
"ဒါဆိုရင်တော့ ဘာမှ ပြောစရာမရှိတော့ပါဘူး... ငါတို့ပဲ သွားကြတာပေါ့"
"ဒီလို အရေးကြီးတဲ့ အချိန်မျိုးမှာ... ကိုယ့်ဘက်က ရံဖန်ရံခါ ခံစားချက် နည်းနည်းပါးပါး ရှိတတ်ပေမဲ့ ထိန်းချုပ်နိုင်ပါတယ်"
ချန်းဖေးအယ် ရယ်မောလိုက်မိသည်။ သူမ သူ့ကို မျက်စောင်းထိုးလိုက်ပြန်၏။
"ရှင် မျက်နှာပြောင်းတာ မြန်လိုက်တာ... ဒီအရည်အချင်းနဲ့ဆို စီချွမ် ပြဇာတ်ရုံ မှာ မျက်နှာဖုံးပြောင်းတဲ့ ကပြဖျော်ဖြေမှု သွားလုပ်ရင် လေ့ကျင့်စရာတောင် လိုမယ် မထင်ဘူး"
"ခေါင်းဆောင်ကလည်း... ကိုယ့်ကို ကောင်းကောင်းသိနေတာပဲ"
ယဲ့ဖန်က တရားမျှတသော လေသံဖြင့် ပြောလိုက်သည်။
"ဒါက စီချွမ် ပြဇာတ်ရုံက မျက်နှာဖုံးပြောင်းတာ မဟုတ်ပါဘူး... ကိုယ့်ရဲ့ မူဝါဒတွေက အရမ်းခိုင်မာလွန်းလို့ပါ"
"အရေးကြီးတဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရတဲ့အခါ... ကိုယ်က အမြဲတမ်း မှန်ကန်တဲ့ ရွေးချယ်မှုကို တုံ့ဆိုင်းမနေဘဲ ချမှတ်နိုင်စမြဲလေ"
"တော်စမ်းပါ... အရူးလုပ်မနေနဲ့"
ချန်းဖေးအယ်က နှာခေါင်းရှုံ့လိုက်သည်။
"ရှင့်အကြောင်း ကျွန်မ မသိဘဲ နေမလား"
"အမြတ်ထွက်သွားတဲ့ ပုံစံမျိုး လာမလုပ်ပြနဲ့"
"ဒီအချိန်ကို အခွင့်ကောင်းယူပြီး ကျန်းမာရေး ပြန်ကောင်းအောင် လုပ်ထား... နေမဝင်အင်ပါယာကို မသွားခင် ကျွန်မလည်း အစီအစဉ်ဆွဲပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားလိုက်မယ်"
ရယ်မောပြီးနောက် သူမ ယဲ့ဖန်ကို အကဲခတ် ကြည့်ရှုလိုက်သည်။
"နေမဝင်အင်ပါယာရဲ့ အခြေအနေက ပိုပြီး ရှုပ်ထွေးတယ်"
"အဲ့ဒီမှာ တော်ဝင်မိသားစုတွေ၊ ကော်ပိုရေးရှင်းကြီးတွေနဲ့ ကလပ်အသင်းတွေ ရှိတယ်... ပြီးတော့ အရေးကြီးဆုံးက အဲ့ဒီမှာ ကျွန်မတို့လူ သိပ်မရှိဘူး"
"စီစဉ်ဖို့နဲ့ ပြင်ဆင်ဖို့ ကျွန်မ တစ်ပတ်လောက် အချိန်ယူရလိမ့်မယ်"
"ရှင် ပြန်ကောင်းဖို့ ဘယ်လောက်ကြာမယ် ထင်လဲ"
တကယ်တော့ ယဲ့ဖန်မှာ ဘာအတွင်းဒဏ်ရာမှ မရှိပေ။ ပြန်လည်သက်သာအောင် ကုသနေစရာ မလို။ သို့သော် ဟန်လုပ်ထားသည်ကို ပီပြင်စေရန် ခဏမျှ စဉ်းစားဟန် ပြုလိုက်ပြီးမှ ပြောလိုက်လေ၏။
"တစ်ပတ်လောက်တော့ ကြာမယ်"
"ကိုယ့်ဆေးပညာကို မင်း မြင်ဖူးသားပဲ"
"အတွင်းဒဏ်ရာ ဘယ်လောက်ပြင်းပြင်း... တစ်ပတ်လောက်ဆိုရင်တော့ ပြန်ကောင်းသွားမှာပါ"
"ဒါဆိုလည်း ပြီးတာပဲ"
အလုပ်အကြောင်း ပြောလိုက်သည်နှင့် ချန်းဖေးအယ်သည် ပုံမှန် တက်ကြွသော ပုံစံသို့ ပြန်ရောက်သွားလေ၏။
"ဒါဆိုရင် တစ်ပတ်နေရင် တရားဝင် ခရီးထွက်ကြတာပေါ့"
"ဒီကြားထဲ ဘာဖြစ်ဖြစ် ဖုန်းဆက်လိုက်မယ်"
ပြောပြီးသည်နှင့် သူမ မတ်တပ်ရပ်လိုက်ပြီး ယဲ့ဖန်ကို လက်ပြနှုတ်ဆက်လိုက်သည်။
"ကျွန်မ လူတချို့ စုလိုက်ဦးမယ်... ပြီးတော့ စီမံချက်ရေးဆွဲပြီး ဖြန့်ကျက်ဖို့ ပြင်ဆင်ရဦးမယ်"
"နေ့လယ်စာအတွက် ကျေးဇူးပဲ"
"နောက်မှ တွေ့မယ်"
ယဲ့ဖန် ပြန်ပြုံးပြလိုက်သည်။
သူမ ထွက်သွားသည်ကို ကြည့်ပြီးနောက် သူ စန္ဒကူးသစ်သားသေတ္တာကို ကောက်ယူကာ စားသောက်ခန်းမထဲမှ ထွက်လာခဲ့လိုက်သည်။
လမ်းဘေးတွင် တက္ကစီတစ်စီး တားပြီး ပြန်ရန် ပြင်လိုက်၏။
သို့သော် တက္ကစီပေါ် တက်ပြီး မိနစ်အနည်းငယ် အကြာတွင် ရင်းနှီးသော စနစ် အသိပေးသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"အခွင့်အလမ်း လမ်းညွှန်မှုအသစ်ကို တွေ့ရှိပါသည်... ကျေးဇူးပြု၍ (၆၅၀) မီတာ တည့်တည့်မောင်းပါ... ထို့နောက် ညာဘက်ကွေ့ပြီး (၃.၆) ကီလိုမီတာခန့် တည့်တည့် ဆက်သွားပါ..."
ယဲ့ဖန်၏ မျက်လုံးများ အရောင်လက်သွား၏။
ဂရုတစိုက် မောင်းနှင်နေသော ယာဉ်မောင်းကို သူ လှမ်းပြောလိုက်၏။
"ဆရာသမား... ရှေ့ (၆၅၀) မီတာလောက် ရောက်ရင် ညာဘက်ကွေ့ပေးပါ"
"ပြီးရင် (၃.၆) ကီလိုမီတာ တည့်တည့်မောင်းပြီး ဘယ်ဘက်ကွေ့မယ်"
"နောက်ထပ် (၁.၂) ကီလိုမီတာ ဆက်သွားပြီး ညာဘက်ကွေ့မယ်..."
ယာဉ်မောင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။
ခဏလောက် တိတ်ဆိတ်သွားပြီးမှ နောက်ကြည့်မှန်မှတစ်ဆင့် ယဲ့ဖန်ကို လှမ်းကြည့်လိုက်လေ၏။
"လူလေး... နေရာနာမည် ပြောပြလို့ ရမလား"
"ဒီလိုမျိုး လမ်းကြောင်းကြီး ကျုပ် မမှတ်မိနိုင်ဘူးဗျ"
"ဒါဆို ကျွန်တော့်ကို ပေးမောင်းခိုင်းလိုက်ပါလား"
ယဲ့ဖန်လည်း မတတ်နိုင်တော့။
ဒီတစ်ခါ လမ်းညွှန်သော နေရာက နာမည် မရှိသည့် လမ်းကြားလေး တစ်ခု ဖြစ်နေလေ၏။ ဘေးပတ်ဝန်းကျင်တွင်လည်း အထင်ကရ အဆောက်အအုံဟူ၍ ဘာမှမရှိ။
နေရာနာမည်ကို သူလည်း ပြောမပြတတ်။
သို့သော် ယာဉ်မောင်း၏ မျက်နှာထားက "မင်း ငါ့ကို နောက်နေတာလား... မင်းက ဒီကားကို မောင်းမယ် ဟုတ်လား... မင်းက ငါ့ကို မောင်းပို့မှာလား၊ ငါက မင်းကို မောင်းပို့ရမှာလား" ဟူသော အမူအရာမျိုး ဖြစ်နေလေသည်။
"ဒါဆို ကားခက ဘယ်လိုလုပ်မလဲ"
"ဒါက လွယ်ပါတယ်"
ယဲ့ဖန် ငွေစက္ကူ ရာတန်အနည်းငယ်ကို လျင်မြန်စွာ ထုတ်လိုက်ပြီး ပစ်ပေးလိုက်သည်။
"ကျွန်တော့်ကို ပေးမောင်း... လိုချင်တဲ့နေရာ ရောက်ရင် ဒါတွေအကုန် ခင်ဗျားယူလိုက်"
"ကောင်းပြီလေ"
ထင်ထားသည့်အတိုင်းပင် ယာဉ်မောင်းက ကားကို ချက်ချင်း ဘေးကပ်ရပ်လိုက်တော့သည်။
ယာဉ်မောင်းခုံမှ ဆင်းပေးလိုက်ပြီး ဘေးခုံတွင် ဝင်ထိုင်လိုက်လေ၏။ မျက်နှာက ပြုံး၍ပင်။
ယဲ့ဖန် စိတ်ထဲမှ ကျိတ်ပြုံးလိုက်မိသည်။
သူက ယာဉ်မောင်းခုံသို့ ဝင်ထိုင်ပြီး ခါးပတ်ပတ်ကာ စနစ် မှ ပြသနေသော လမ်းကြောင်းအတိုင်း တက္ကစီကို လျင်မြန်စွာ မောင်းနှင်ထွက်ခွာလိုက်တော့သည်။
ကျေးလက်ဒေသဟု ခေါ်လျှင် ပိုမှန်မည့် မြို့စွန်တစ်ခုသို့ ရောက်သောအခါ ရွာသားအချို့က Porsche (ပေါ်ရှေး) ကားတစ်စီးကို ဝိုင်းထားကြသည်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
ထိုလူအုပ်စုမှလွဲ၍ ပတ်ဝန်းကျင် မီတာ (၁၀၀) အတွင်းတွင် အခြားဘယ်သူမှ ရှိမနေပေ။
ဒါက အခွင့်အလမ်း လမ်းညွှန်မှု၏ ပစ်မှတ်ဖြစ်မည်ဟု ယဲ့ဖန် ခန့်မှန်းလိုက်သည်။
ကားက ထိုနေရာသို့ ရောက်သည်နှင့် သူ ချက်ချင်းပင် ယာဉ်မောင်းခုံမှ ဆင်းလိုက်လေတော့သည်။
အခန်း (၁၅၆၄) - နိုင်ငံခြားသူ အလှမယ်လေးလား... ဝန်ဒါဝူးမင်းလား
~ဤအချိန်ကျမှ ယဲ့ဖန် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
တိတိကျကျ ပြောရရင် ရွာသားတချို့ ဝိုင်းထားကြသည်မှာ ပေါ်ရှေးကား တစ်စီးတည်း မဟုတ်ပေ။ ကားဘေးနားတွင် ရပ်နေသော အလွန် ဖမ်းစားနိုင်စွမ်း ရှိသည့် နိုင်ငံခြားသူ အလှမယ်လေးကိုပါ ဝိုင်းထားကြခြင်း ဖြစ်၏။
ထိုနိုင်ငံခြားသူ အလှမယ်လေးသည် အသားအရေ ဖြူဝင်းပြီး လှပလွန်းလှ၏။ အရပ်အမောင်းကလည်း မြင့်မားလွန်းသဖြင့် သူမဘေးနားမှ အမျိုးသား ရွာခံများနှင့် ယှဉ်လိုက်လျှင်ပင် သူမက ပို၍ မြင့်မားနေသေးသည်။
အရေးအကြီးဆုံးအချက်က... သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ် အချိုးအစားသည် ဝန်ဒါဝူးမင်း (Wonder Woman) မင်းသမီး ဂါးလ်ဂဒေါ့ (Gal Gadot) ၏ အအောင်မြင်ဆုံး အချိန်က ပုံစံနှင့် တစ်ပုံစံတည်း တူညီနေခြင်းပင်။
တကယ့်ကို အံ့မခန်းပါပဲ။
လောလောဆယ်တွင် သူမသည် အလွန် ကူကယ်ရာမဲ့နေပုံ ရသည်။ နဖူးကို လက်ဖြင့်ထောက်ကာ နှုတ်ဆိတ်နေရှာ၏။
သူမကို ဝိုင်းထားသော ရွာသားများအနက် သူမနှင့် အနီးဆုံးတွင် ရှိနေသော မျက်နှာမည်းမည်းနှင့် လူလတ်ပိုင်း အရွယ်အမျိုးသားက ဒေါသတကြီး အော်ဟစ်နေလေသည်။
"ဘာစကားတွေ ပြောနေမှန်းကို ငါ နားမလည်ဘူး"
"ငါ ပြောချင်တာက... မင်း ငါ့ခွေး ဝမ်ချိုင်ကို သတ်လိုက်တာလေ"
"ဝမ်ချိုင်က ငါနဲ့အတူနေလာတာ (၁၀) နှစ်ကျော်နေပြီ... ငါ့အပေါ်မှာပဲ မှီခိုပြီး ငါနဲ့အတူ အေးအတူပူအမျှ ရှိခဲ့တာ... ငါ့သွေးသားအရင်းလိုတောင် သဘောထားပြီး ပျိုးထောင်ခဲ့ရတာ... ဒီနေ့မှ သူ့ကို သေရွာပို့လိုက်ရမယ်လို့ ထင်မထားမိဘူးကွ"
ကော်ကေးရှပ် (Caucasian) အမျိုးသမီးလေးသည် အပြစ်ကင်းစင်ပြီး ကူကယ်ရာမဲ့နေပုံ ရသည်။ သူမက ငိုသံပါဖြင့် ရှင်းပြရှာ၏။
"ရှင်... ကျေးဇူးပြုပြီး စိတ်လျော့ပါဦး"
"အင်္ဂလိပ်စကား နားလည်တဲ့သူ တစ်ယောက်လောက် ရှာပေးလို့ ရမလား... ဒါမှမဟုတ် ကျွန်မကို စကားပြန် ရှာခွင့်ပေးပါ"
"ကျွန်မ မန်ဒရင်း (တရုတ်) စကား နားမလည်ဘူး... ရှင်ပြောတာတွေ တစ်ခုမှ နားမလည်ဘူး"
မျက်နှာမည်းနှင့်လူကလည်း သူမ ပြောသည်ကို နားမလည်ပေ။ သူမ လက်ဟန်ခြေဟန် လုပ်နေသည်ကို မြင်သောအခါ ပို၍ ဒေါသထွက်လာပုံ ရသည်။
"ဘာဖြစ်တာလဲ... မင်းက ငါ့ကို ရန်လုပ်ချင်လို့လား"
"နိုင်ငံခြားသူ ဖြစ်နေတော့ရော ဘာလုပ်ရမှာလဲ"
"ငါပြောလိုက်မယ်... ဒီနေရာက ဟွမ်ကျေးရွာ ကွ... မင်း ငါ့ခွေးကို သတ်ခဲ့တယ်... မင်း တောင်းပန်ရမယ်... မဟုတ်ရင် ဧကရာဇ်မင်း ကိုယ်တိုင် ရောက်လာရင်တောင် ထွက်သွားလို့ မရစေရဘူး"
ပြောရင်းနှင့် သူ လက်ကို ဝှေ့ယမ်းပြလိုက်သည်။
သူမကို ဝိုင်းထားသော ရွာသားများသည် ချက်ချင်းပင် မျက်နှာထား တင်းမာသွားကြပြီး သူမအနားသို့ တိုးကပ်လာကြတော့၏။
ဒီလူအုပ်စုကြားတွင် ထိုလူက ဩဇာညောင်းပုံ ရသည်။
ဒါကိုမြင်တော့ ကော်ကေးရှပ် အလှမယ်လေး ထိတ်ပျာ သွားရှာသည်။ ကာကွယ်သည့် အနေအထား ပြင်လိုက်ရင်း နောက်သို့ ဆုတ်လိုက်မိ၏။
"စိတ်လျော့ပါ... စိတ်လျော့ကြပါ"
"စိတ်မြန်လက်မြန် မလုပ်ကြပါနဲ့"
"ရှင့်ခွေး သေသွားတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်... ဒါပေမဲ့ ကျေးဇူးပြုပြီး တည်ငြိမ်ပေးပါ... ကျွန်မတို့ ဆွေးနွေးလို့ ရပါတယ်နော်"
သူမ နောက်ဆုတ်သွားသည်ကို မြင်လိုက်ရသောအခါ မျက်နှာမည်းနှင့်လူ၏ မျက်လုံးထဲတွင် စူးရှသော အရောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
သူမ၏ ခန္ဓာကိုယ်နှင့် ပေါ်ရှေးပြိုင်ကားကို ကြည့်လိုက်သည့်အခါ သူ့မျက်လုံးထဲတွင် လောဘရိပ်များ လွှမ်းခြုံ သွားတော့၏။
သို့သော် ထိုအချိန်မှာပင်... အနောက်ဘက်ဆီမှ အင်္ဂလိပ်စကားပြောသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာလေသည်။
"ဘာဖြစ်ကြတာလဲ... ဒီမိန်းကလေး အကူအညီ လိုနေတာလား"
အင်္ဂလိပ်စကားသံကို ကြားလိုက်ရသည်နှင့် တုန်လှုပ်နေသော အလှမယ်လေးသည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွား၏။ ကြောက်ရွံ့နေသော သူမ၏ မျက်ဝန်းများ ရုတ်ချည်း တောက်ပလာလေ၏။
"တော်ပါသေးရဲ့... ရှင် အင်္ဂလိပ်စကား တတ်တယ်ပေါ့"
"ကျွန်မ သူတို့ကို လျော်ကြေးပေးဖို့ ဆန္ဒရှိပါတယ်... သူတို့ရဲ့ ဆုံးရှုံးမှုအတွက် အစားပြန်ပေးပါမယ်လို့ ရှင်းပြပေးလို့ ရမလား... ပြီးတော့ စိတ်မြန်လက်မြန် မလုပ်ကြဖို့လည်း ပြောပေးပါဦး"
မျက်နှာမည်းနှင့်လူက အေးစက်စက် လှမ်းကြည့်လိုက်သည်။
"မင်းက ဘာကောင်လဲ"
ရောက်လာသူမှာ သေချာပေါက် ယဲ့ဖန် ပင် ဖြစ်၏။
ဘာဖြစ်နေလဲဆိုတာ သူ ရိပ်မိပြီးသားပင်။
မျက်နှာမည်းနှင့်လူက ဒီအမျိုးသမီး၏ နောက်ခံနှင့် သဘောသဘာဝကို စမ်းသပ်နေခြင်း ဖြစ်၏။
အမျိုးသမီးက တည်ငြိမ်နေစဉ်တုန်းက ထိုလူ ပုံမှန်လို နေခဲ့သော်လည်း သူမ ထိတ်လန့်သွားသည်ကို မြင်လိုက်ရသည့်အခါ သူ့ရည်ရွယ်ချက်ကို ဖော်ပြလာခြင်း ဖြစ်၏။ သူသည် အမျိုးသမီးနှင့် ပေါ်ရှေးကားကို ကွယ်ဝှက်မထားသော လောဘမျက်လုံးများဖြင့် ကြည့်နေခဲ့သည် မဟုတ်ပါလော။
သိသာထင်ရှားစွာပင်... သူက ခွေးအတွက် လျော်ကြေးလိုချင်ရုံ သက်သက် မဟုတ်ပေ။ လူလှလှလေးရော ကားလှလှလေးကိုပါ လိုချင်နေခြင်း ဖြစ်၏။
ထိုလူက သူ့ကို မေးခွန်းထုတ်လာသည်ကို ကြားသောအခါ ယဲ့ဖန် ချက်ချင်း ရန်မဖြစ်သေးဘဲ ရယ်မောလိုက်လေ၏။
"ကျွန်တော်က စေတနာပါတဲ့ လမ်းသွားလမ်းလာ တစ်ယောက်ပါဗျာ... အင်္ဂလိပ်စကား နည်းနည်းပါးပါး တတ်လို့ပါ"
"ခင်ဗျားတို့တွေ ဘာသာစကား အခက်အခဲကြောင့် နားလည်မှု လွဲနေကြပုံရလို့... ကူညီပေးလို့ ရမလားဆိုပြီး ဆင်းကြည့်တာပါ"
မျက်နှာမည်းနှင့်လူက ယဲ့ဖန် ဝင်ပါသည်ကို မကြိုက်ကြောင်း သိသာလှသည်။ လက်ကာပြလိုက်ပြီး အော်လိုက်လေ၏။
"ဘယ်သူက မင်းအကူအညီ လိုလို့လဲ"
"ဒါ မင်းနဲ့ မဆိုင်တဲ့ကိစ္စ"
"အခုချက်ချင်း အမြန် ထွက်သွားစမ်း... မဟုတ်ရင် မင်းကိုပါ ငါ ဆုံးမလိုက်မယ်"
ယဲ့ဖန် ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ထွက်ခွာမည့်ဟန် ပြုလိုက်သည်။
သို့သော် အလှမယ်လေးက သူ ထွက်ပြေးသွားမည်ကို စိုးရိမ်သွားပုံရ၏။
သူမ အပြေးကလေး လာပြီး ယဲ့ဖန်၏ လက်မောင်းကို လှမ်းဆွဲထားလိုက်သည်။ ရှုပ်ထွေးသော မျက်နှာထားဖြင့် အသနားခံလိုက်လေ၏။
"ရှင်... မသွားပါနဲ့ဦး"
"ဘာသာစကား အခက်အခဲကြောင့် ကျွန်မတို့ ဘာမှ ဆက်သွယ်ပြောဆိုလို့ မရဘူး... ဘာသာစကား နှစ်မျိုးလုံး ကျွမ်းကျင်တဲ့သူ တွေ့ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး"
"ရှင်သာ ဒီအတိုင်း ထွက်သွားရင်... ကျွန်မ ဘယ်လိုလုပ်ရမလဲ နော်…"
ယဲ့ဖန် ထွက်သွားချင်ယောင်ဆောင်လိုက်ခြင်းမှာ ဒီအလှမယ်လေး၏ တုံ့ပြန်မှုကို စမ်းသပ်လို၍ ဖြစ်၏။
အခု သူမ လာဆွဲထားပြီ ဖြစ်၍ သူက ကူကယ်ရာမဲ့သော လေသံဖြင့် ပြောလိုက်လေ၏။
"ကျွန်တော် ကူညီချင်ပါတယ်... ဒါပေမဲ့ ခင်ဗျားနဲ့ ပြဿနာဖြစ်နေတဲ့ လူတွေက သဘောမတူဘူးလေ"
"သူတို့က ကြားလူ ဝင်ပါတာကို လိုလားပုံ မရဘူး"
"ကျွန်တော်က ဘာသာစကား နှစ်မျိုးလုံး ရလို့ ကူညီပေးမယ် ပြောတာကို... သူတို့က ကျွန်တော့်ကိုတောင် ပြန်ခြိမ်းခြောက်နေတယ်... မြန်မြန်မသွားရင် ကျွန်တော့်ကိုပါ ရိုက်မယ်တဲ့"
"ဘုရားရေ"
အလှမယ်လေး ကြားလိုက်ရသည့်အခါ ပို၍ ထိတ်ပျာ သွားရှာသည်။
"ဒီလူတွေက လူမိုက်တွေ၊ ဓားပြတွေလား"
"စောစောက ကျွန်မတို့ စကားနားမလည်မှန်း သိလိုက်ရတုန်းက... ကျွန်မ လက်ထောက်တွေ၊ လက်အောက်ငယ်သားတွေကို ဖုန်းဆက်ပြီး လာရှင်းခိုင်းမလို့ လုပ်သေးတယ်"
"ဒါပေမဲ့ ဖုန်းထုတ်လိုက်တာနဲ့ သူတို့က လုယူပြီး ရိုက်ခွဲလိုက်ကြတယ်"
"အခု ဘာသာစကား နှစ်မျိုးလုံးတတ်ပြီး ကောင်းကောင်း ဆက်သွယ်ပေးနိုင်မယ့်သူ ပေါ်လာတာတောင် သူတို့က..."
ပြောရင်းနှင့် သူမ တစ်ခုခုကို စဉ်းစားမိသွားပုံရသည်။ ယဲ့ဖန်၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေ၏။
"ရှင်... ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ"
"ကျွန်မ ဒီနေ့မှ ကျန်းကောကို ရောက်တာပါ... နေရာဒေသလည်း မကျွမ်းကျင်သေးဘူး"
"အခုက လူပြတ်တဲ့ တောလမ်းကြီး ဖြစ်နေတယ်... ဖုန်းတွေလည်း သူတို့ လုယူသွားပြီ"
"ရှင်သာ မကူညီရင် နောက်ဆက်တွဲ ဘာဖြစ်လာမလဲဆိုတာ ကျွန်မ မတွေးရဲတော့ဘူး"
"ကျွန်မ ရှင့်ကို အလကား ကူညီခိုင်းမှာ မဟုတ်ပါဘူး"
"ဒီအကျပ်အတည်းကနေ လွတ်မြောက်အောင် ကူညီပေးမယ်ဆိုရင်... ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ယွမ် (၁) သန်း ပေးပါ့မယ်"
"ပြီးတော့ ကျွန်မ အန်းကျူ ပရင့်စ် (Anjou Prince) က ရှင့်ကို အမြဲ ကျေးဇူးတင်နေမှာပါ"
ဒီအလှမယ်လေး ထိတ်လန့်တုန်လှုပ်နေမှန်း ယဲ့ဖန် ခံစားမိလိုက်သည်။
သူမက အခြေအနေကို တော်တော်လေး မှန်ကန်စွာ သုံးသပ်နိုင်ပုံ ရသည်။
စနစ် (System) ၏ လမ်းညွှန်မှု မစ်ရှင်ကို တွေးမိလိုက်ပြီး သူက ခဏမျှ တွေဝေဟန်ဆောင်လိုက်ကာ ခေါင်းညိတ်လိုက်လေ၏။
"ကောင်းပြီလေ... ကျွန်တော် ကြိုးစားကြည့်ပါ့မယ်"
"ကျွန်တော့်ကို အရင် လွှတ်ပေးပါဦး... ပြီးရင် စောစောက ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြပါ"
"ခင်ဗျား ပြောပြတာအပေါ် မူတည်ပြီး ဒေသခံတွေကို ကျွန်တော် သွားပြောပေးမယ်"
အန်းကျူ ပရင့်စ် ကြားလိုက်ရသည့်အခါ အတိုင်းအထက်အလွန် ဝမ်းသာသွားရှာသည်။ သူမ ခေါင်းကို တဆက်ဆက် ညိတ်ပြလိုက်ပြီး ဖြစ်ပျက်ခဲ့ပုံများကို အလျင်အမြန် ပြန်ပြောင်း ပြောပြလေတော့သည်။
အခန်း (၁၅၆၅) - ကိုယ့်သဘောနဲ့ကိုယ် လာမယ့်ဘေး... ပြေးတွေ့တာပဲ
~"ကျွန်မက နေမဝင်အင်ပါယာက လာတာပါ... တရုတ်ပြည်ရဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို အမြဲ စိတ်ဝင်စားခဲ့ပါတယ်... ဒီနေ့မှ ကျန်းကောကို ရောက်တာပါ... နေ့လယ်ပိုင်း ဘာမှလုပ်စရာ မရှိတာနဲ့ ကားတစ်စီးငှားပြီး လျှောက်မောင်းထွက်လာတာ"
"လေညှင်းခံပြီး သီချင်းဆိုနေတုန်း... ခွေးတစ်ကောင်က ရုတ်တရက် ထွက်လာပြီး ကားနဲ့ တိုက်မိသွားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"အခြေအနေကို ကြည့်ဖို့ ကျွန်မ ကားပေါ်က အမြန်ဆင်းလိုက်တယ်"
"အဲ့ဒီနောက်မှာတော့ ဒီလူအုပ်ကြီးက ဝိုင်းထားတော့တာပဲ"
အန်းကျူ ပရင့်စ်က စကားကို သွက်လက်စွာ ပြောလိုက်သည်။
"ဒီလူတွေ စရောက်လာတုန်းက တော်တော်လေး ဒေါသထွက်နေကြတယ်... ဒါပေမဲ့ သူတို့ ဘာပြောနေလဲဆိုတာ ကျွန်မ နားမလည်တော့ ပြန်ပြောလို့ မရဘူး"
"အဲ့တုန်းက ကျွန်မ လက်ဟန်ခြေဟန်နဲ့ ဖြောင်းဖျကြည့်သေးတယ်... စိတ်မြန်လက်မြန် မလုပ်ကြဖို့၊ ဘာသာစကား နှစ်မျိုးလုံး ကျွမ်းကျင်တဲ့သူကို ရှာပြီး ပြောကြဖို့ပေါ့... ဒါပေမဲ့ သူတို့က တစ်ခုခု နားလည်မှုလွဲသွားပုံရတယ်... ပိုပြီးတော့တောင် ရန်လိုလာကြတယ်"
"ကျွန်မ ဖုန်းထုတ်ပြီး လူလှမ်းခေါ်ဖို့ လုပ်တော့ ဖုန်းကိုတောင် လုယူသွားကြသေးတယ်"
"နောက်ပိုင်း ဘာဖြစ်လဲဆိုတာတော့ ရှင် မြင်တဲ့အတိုင်းပါပဲ"
"ကျွန်မ အခု ဘာလုပ်ရမလဲ တကယ် မသိတော့ပါဘူး"
ယဲ့ဖန် သူမပြောသည်ကို တိတ်ဆိတ်စွာ နားထောင်ပြီးနောက် မေးလိုက်သည်။
"ဒါအကုန်ပဲလား... တခြား လွတ်သွားတဲ့ အချက်အလက် ရှိသေးလား"
အန်းကျူ ပရင့်စ် ကပျာကယာ ခေါင်းခါပြလိုက်သည်။
"မရှိပါဘူး... ဒါ အကုန်ပါပဲ"
"ရှင် မယုံရင် ကားပေါ်က စောင့်ကြည့်ကင်မရာ (Dashcam) ကို အခုပဲ သွားစစ်ကြည့်လို့ ရပါတယ်"
"ဒီကင်မရာက အဆင့်မြင့်ပါတယ်... ဗီဒီယိုဖိုင်က တော်တော် ရှင်းလင်းမှာပါ"
သူမ ပြောပုံအရ အမှန်တရား ဖြစ်နိုင်ကြောင်း ယဲ့ဖန် ခန့်မှန်းမိလိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူ ဆက်မေးလိုက်သည်။
"ဒီလူအုပ်စုက ဘယ်သူတွေလဲဆိုတာ ခင်ဗျား သိလား"
အန်းကျူ ပရင့်စ် အလိုအလျောက် ခေါင်းခါမိလိုက်သော်လည်း ချက်ချင်း တစ်ခုခုကို သတိရသွားပုံ ရသည်။ သူမဘေးနားမှ မျက်နှာမည်းမည်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ရုတ်တရက် လှမ်းကြည့်လိုက်၏။
"အဲ့ဒီလူက ခွေးပိုင်ရှင်နဲ့ တူတယ်"
"ပြီးတော့ သူ့ပုံစံက တော်တော်လေး ဩဇာညောင်းမယ့်ပုံပဲ"
"သူ့ဘေးနားက လူတွေက အစကတည်းက သူပြောသမျှ နားထောင်နေကြတာ ကျွန်မ သတိထားမိတယ်"
"ဒါဆို အခြေအနေ သဘောပေါက်ပြီ"
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
"ခင်ဗျားအစား ကျွန်တော် သူ့ကို ညှိနှိုင်းပေးမယ်"
ပြောရင်းနှင့် မျက်နှာမည်းနှင့်လူဘက်သို့ လှည့်ကြည့်လိုက်သည်။ ဆေးလိပ်တစ်လိပ် ထုတ်ပြီး ကမ်းပေးလိုက်၏။
"အစ်ကိုကြီး... စကားပြောလို့ ရမလား"
"ငါ့ကို လာပြီး အချိုသတ်မနေနဲ့"
မျက်နှာမည်းနှင့်လူက အေးစက်စက် တုံ့ပြန်လိုက်သည်။
"ငါက ချန်မန် တံဆိပ်ပဲ သောက်တာ... တခြားတံဆိပ်ဆိုရင် ချောင်းဆိုးတယ်"
"ပြဿနာ မတက်ချင်ရင် အမြန် လစ်စမ်း"
"မဟုတ်ရင် ခဏနေ ရန်ပွဲထဲ ပါသွားရင် ငါ့ကို အပြစ်မတင်နဲ့နော်"
ထိုလူ၏ စကားကြောင့် ယဲ့ဖန် ဒေါသမထွက်။ ဆေးလိပ်ကို ပါးစပ်တွင် တိတ်ဆိတ်စွာ ကိုက်လိုက်ပြီး မီးညှိလိုက်သည်။
ဆေးလိပ်တစ်ဖွာ ရှိုက်ပြီးမှ ယဲ့ဖန် ပြောလိုက်၏။
"အစ်ကိုကြီး... ခင်ဗျား ဒီလို သွေးရူးသွေးတန်း လုပ်နေရုံနဲ့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး"
"ခင်ဗျား ဘာလိုချင်တာလဲ... ပြောသာပြောပါ"
"ဒီနိုင်ငံခြားသူ အလှမယ်လေးကို ကျွန်တော် ကူပြောပေးမယ်... သူ သဘောတူချင် တူမှာပေါ့"
ဒီစကားကို ကြားလိုက်ရသည့်အခါ မျက်နှာမည်းနှင့်လူ သိသိသာသာ စိတ်လှုပ်ရှားသွား၏။
‘ဒီခပ်နွဲ့နွဲ့ကောင်လေးက တစ်ယောက်တည်း။
ပြီးတော့ မျက်နှာစိမ်း။
ပတ်ဝန်းကျင် ကီလိုမီတာ အနည်းငယ်အတွင်းမှာက လူပြတ်တဲ့ တောလမ်းကြီးလေ။
ဒီကောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။’
ခဏမျှ စဉ်းစားပြီးနောက် သူက ယဲ့ဖန်၏ ဆေးလိပ်ကို လက်ညှိုးထိုးပြပြီး တစ်လိပ်ပေးရန် အမူအရာ လုပ်ပြလိုက်သည်။
ယဲ့ဖန်ကတော့ စိတ်ထဲမှ ကျိတ်ရယ်လိုက်မိသည်။ ဆေးလိပ်တစ်လိပ် ထုတ်ပေးလိုက်ပြီး မီးပါ ညှိပေးလိုက်၏။
မျက်နှာမည်းနှင့်လူက ဆေးလိပ်တစ်ဖွာ ရှိုက်လိုက်ပြီး မျက်လုံးများ ကျဉ်းမြောင်းကာ ပြောလိုက်သည်။
"တကယ်တော့ ငါက သဘောထား တင်းမာတဲ့လူ မဟုတ်ပါဘူးကွာ"
"ဒါပေမဲ့ ဒီနိုင်ငံခြားမ သတ်လိုက်တဲ့ ခွေးက သာမန်ခွေး မဟုတ်ဘူး"
"ငါ မွေးလာတာ နှစ်အများကြီး ရှိပြီ... ငါ့သားအရင်းလို သဘောထားလာတာ"
"အခု သူများလက်ချက်နဲ့ သေသွားပြီဆိုတော့... ငါ့အနာဂတ်တောင် ပျက်စီးသွားသလို ခံစားရတယ်... သားအရင်း ဆုံးရှုံးလိုက်ရသလိုပဲကွ"
ယဲ့ဖန် ပေါ်ရှေးကားနှင့် မလှမ်းမကမ်းတွင် လဲကျသေဆုံးနေသော ခွေးကို လှမ်းကြည့်လိုက်သည်။
ခွေးက ပိန်လှီနေပြီး အမွေးတွေက ညစ်ပတ်ပေရေနေလေ၏။ ကြည့်ရတာ အစာမစားရတာ ကြာပြီဖြစ်ပုံရသလို ဂရုစိုက်မယ့်သူလည်း မရှိသည့်ပုံပင်။
သားအရင်း မပြောနဲ့၊ မယားပါသားတောင် ဒီလောက်အထိ ပစ်ထားခံရမယ် မထင်။
ယဲ့ဖန် ပြုံးလိုက်သည်။
မျက်နှာမည်းနှင့်လူကတော့ မျက်နှာပြောင်တိုက်ပြီး ဆက်ပြောနေလေ၏။
"ငါက အသက် (၅၀) ကျော်နေပြီ... သူ့လို သားတစ်ကောင် ထပ်မွေးဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး"
"ဒါကြောင့်..."
"သူ့ဆီက လျော်ကြေး ပိုလိုချင်တာပေါ့... ဟုတ်လား"
ယဲ့ဖန်က အတွေ့အကြုံရင့်ပြီးသားမို့ ဒီလူ ဘာလိုချင်လဲဆိုတာ သိနေလေ၏။
"ဟုတ်တယ်"
မျက်နှာမည်းနှင့်လူ အလိုအလျောက် ခေါင်းညိတ်မိသွား၏။ သို့သော် ချက်ချင်း ပြန်ငြင်းလိုက်၏။
"အာ... မဟုတ်ပါဘူး... ငါဆိုလိုတာက ဒီခွေးက သာမန် မဟုတ်ဘူးလို့ ပြောတာပါ"
"ထားပါတော့... ဒီကိစ္စပြီးဖို့ ခင်ဗျား ဘာလိုချင်လဲသာ ပြောပါ"
ယဲ့ဖန် သူ့ကို ဖွင့်မချဘဲ ဆက်ပြုံးပြလိုက်သည်။
မျက်နှာမည်းနှင့်လူသည် ဘေးနားတွင် ရပ်ထားသော ပေါ်ရှေးကားနှင့် အန်းကျူ ပရင့်စ်၏ ဝတ်စားဆင်ယင်မှုကို အကဲခတ် ကြည့်ရှုလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် လက်ငါးချောင်း ထောင်ပြလိုက်၏။
"(၅) သန်း"
"အနည်းဆုံး (၅) သန်းပဲ"
"မဟုတ်ရင် နှစ်ပေါင်းများစွာ ဝမ်ချိုင် အပေါ် ထားခဲ့တဲ့ ငါ့သံယောဇဉ်တွေ၊ ငါ့မေတ္တာတွေ အလကား ဖြစ်ကုန်မှာပေါ့"
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး အန်းကျူ ပရင့်စ်ဘက် လှည့်ပြောလိုက်သည်။
"သူက (၅) သန်း လိုချင်တယ်တဲ့"
အန်းကျူ ပရင့်စ် က ပိုက်ဆံရှားမည့်ပုံ မပေါ်။
(၅) သန်း ပေးလိုက်ရုံနှင့် ပြဿနာပြေလည်သွားမည်ဟု ကြားလိုက်ရသောအခါ သက်ပြင်းချလိုက်နိုင်ရှာသည်။
ရင်ဘတ်ကို အသာဖိလိုက်ပြီး ယဲ့ဖန်ကို ခေါင်းညိတ်ပြလိုက်၏။
"ဒါဆို သူ့ကို ပြောပေးပါ... (၅) သန်းက ပြဿနာ မဟုတ်ပါဘူးလို့"
"ကျွန်မ လျော်ပေးဖို့ ဆန္ဒရှိပါတယ်"
"အခု ကျွန်မဖုန်းကို ပြန်ပေးခိုင်းလိုက်ပါ... ကျွန်မ အခုပဲ ဖုန်းဆက်ပြီး ပိုက်ဆံလွှဲခိုင်းလိုက်ပါ့မယ်"
သို့သော် ထိုအချိန်မှာပင်... အန်းကျူ ပရင့်စ် စိတ်သက်သာရာရသွားပြီး ခေါင်းညိတ်လိုက်သည်ကို မြင်လိုက်ရသောအခါ မျက်နှာမည်းနှင့်လူ၏ မျက်လုံးများ လှုပ်ရှားသွားသည်ကို ယဲ့ဖန် သတိထားမိလိုက်သည်။
ထို့နောက်... ယဲ့ဖန် စကားပြန်မပြောရသေးခင်မှာပင် မျက်နှာမည်းနှင့်လူ ရုတ်တရက် အော်ပြောလိုက်လေ၏။
"ဒေါ်လာ"
"မှတ်ထား... ငါပြောတဲ့ (၅) သန်း ဆိုတာ အမေရိကန်ဒေါ်လာ (၅) သန်း နော်"
"ယွမ်ငွေ (၅) သန်းလောက်နဲ့ ဘယ်လောက်မှာလဲ"
သူ့ဘေးနားမှ ရွာသားများပင် ထိုပမာဏကို ကြားလိုက်ရသောအခါ အသက်ရှူမှားသွားကြသည်။
သိသာထင်ရှားစွာပင်... သူတို့လည်း ဒီလောက်များလိမ့်မည်ဟု ထင်မထားခဲ့။
ခဏကြာမှ သူတို့ ဝင်ထောက်ခံကြတော့သည်။
"ဟုတ်တယ်... အနည်းဆုံး ဒေါ်လာ (၅) သန်းပဲ"
"ဝမ်ချိုင် ကြီးပြင်းလာတာကို ငါတို့လည်း မြင်ခဲ့ရတာပဲ... အစ်ကိုကြီးနျူ အတွက် သားအရင်းလို ဖြစ်နေရုံတင် မကဘူး... ငါတို့နဲ့လည်း သံယောဇဉ် ကြီးပါတယ်ကွ"
"အခု ကားတိုက်ခံရပြီး သေသွားပြီဆိုတော့... ဒေါ်လာ (၅) သန်း မရရင် ဒီကိစ္စ ပြီးမှာ မဟုတ်ဘူး"
သူတို့၏ တုံ့ပြန်မှုများကို မြင်လိုက်ရသောအခါ အန်းကျူ ပရင့်စ် နားမလည်နိုင် ဖြစ်သွားရှာသည်။ သူမက သဘောတူလိုက်ပြီပဲ... ဘာလို့ သူတို့ ရုတ်တရက်ကြီး စိတ်လှုပ်ရှားသွားကြတာလဲ။
ဒါကိုမြင်တော့ သူမ ယဲ့ဖန်ဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်မိသည်။
"ရှင်... ဘာဖြစ်တာလဲ"
"တစ်ခုခု ထပ်ဖြစ်ပြန်ပြီလား"
ယဲ့ဖန် ခေါင်းခါလိုက်ပြီး အေးစက်စက် ပြုံးလိုက်လေ၏။
"မဖြစ်ပါဘူး"
"လူတချို့က ကိုယ့်သဘောနဲ့ကိုယ် လာမယ့်ဘေး... ပြေးတွေ့ချင်နေကြလို့ပါ"
"သေလမ်းကို မရှာရင် သေမှာ မဟုတ်ဘူးလေ"
"ကျွန်တော် ရှင်းလိုက်ပါ့မယ်"
ပြောရင်းနှင့် ပါးစပ်ထဲမှ ဆေးလိပ်ကို ထွေးထုတ်လိုက်ပြီး မီးပွားများကို ခြေထောက်ဖြင့် နင်းချေလိုက်သည်။
ရုတ်တရက်... သူသည် အနီးဆုံး ရွာသားတစ်ယောက်၏ ခါးကြားမှ ဓားမကို ဆွဲလုလိုက်တော့သည်။