အခန်း (၁၅၆၆-၁၅၆၈)
Vol. 81 Ch. 1566-1568
အခန်း (၁၅၆၆) - ကျွန်တော့်ရဲ့ ဒီအကွက်က ဒေါ်လာ (၅) သန်း တန်လား
~မျက်နှာမည်းနှင့်လူ အပါအဝင် ကျန်ရွာသားများအားလုံး ယဲ့ဖန်၏ အပြုအမူကြောင့် လန့်ဖျပ် သွားကြသည်။
ယဲ့ဖန် လက်ထဲသို့ ဓားမတစ်ချောင်း ရုတ်တရက် ရောက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့ ချက်ချင်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြပြီး အော်ဟစ်လိုက်ကြ၏။
"မင်း... မင်း ဘာလုပ်ချင်တာလဲ"
"ရန်ဖြစ်ချင်လို့လား"
ယဲ့ဖန်ကတော့ သူတို့ မေးတာကို ပြန်မဖြေဘဲ လက်ထဲမှ ဓားမကို ကစားကြည့်နေလိုက်သည်။
ထို့နောက်... ထိုလူအုပ်စု ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေစဉ်မှာပင် သူ ရုတ်တရက် အားစိုက်လိုက်ပြီး...
"ဂွမ်း"
လက်ထဲမှ ဓားမကြီးကို ဘောလုံးတစ်လုံးလို လုံးချေပစ်လိုက်တော့သည်။
ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာမည်းနှင့်လူ၏ မျက်လုံးများ ပြူးကျယ်သွားရှာသည်။
သူတို့အားလုံး လှုပ်ရှားမှုများ တောင့်ခဲ သွားကြ၏။
ယဲ့ဖန်ကို ပြန်ကြည့်လိုက်သည့်အခါ သူတို့၏ မျက်ဝန်းများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ အပြည့်အဝ နေရာယူသွားချေသည်။
ယဲ့ဖန်၏ နောက်ဘက်မှ အန်းကျူ ပရင့်စ် လည်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူမ ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိ၏။
"ဘုရားရေ... ဒါက ဒဏ္ဍာရီလာ တရုတ်သိုင်းပညာလား"
"သိပ်ပြီး ဆန်းကြယ်လွန်းနေပြီ"
"ဒီဓားမက အကျယ် (၅)၊ (၆) စင်တီမီတာလောက် ရှိပြီး အထူက အနည်းဆုံး (၀.၅) စင်တီမီတာလောက် ရှိတာနော်... အဲ့ဒါကို လက်တစ်ဖက်တည်းနဲ့ လုံးချေလိုက်တာလား"
"ဒါဆို လက်အားက အနည်းဆုံး ပေါင်ရာချီ ရှိမှာပဲ"
ယဲ့ဖန်က သူမ၏ အံ့ဩမှုကို ဂရုမစိုက်။ မျက်နှာမည်းနှင့်လူတို့ အုပ်စုကိုသာ ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။
"နားလည်မှု မလွဲပါနဲ့... ကျွန်တော်က တိုက်ခိုက်မလို့ မဟုတ်ပါဘူး"
"ခင်ဗျားတို့ကို မေးချင်လို့ပါ... ကျွန်တော့်ရဲ့ ဒီအကွက်ကရော ဒေါ်လာ (၅) သန်း တန်ရဲ့လားလို့"
မျက်နှာမည်းနှင့်လူက ယဲ့ဖန် ဘာဆိုလိုချင်မှန်း ကောင်းကောင်း သဘောပေါက်လိုက်သည်။
သူ့မျက်နှာထားက တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲနေပြီးနောက်... နောက်ဆုံးတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပုံရသည်။
ရုတ်တရက် မျက်နှာထား တင်းမာသွားပြီး အော်လိုက်၏။
"ဘာလဲ... မင်းက ငါတို့ကို လာခြိမ်းခြောက်နေတာလား"
"ငါတို့က ကြောက်မယ်များ ထင်နေလား"
သူ့ဘေးနားမှ ရွာသားများလည်း အသိပြန်ဝင်လာကြပြီး ယဲ့ဖန်ကို စိမ်းစိမ်းဝါးဝါး ကြည့်လိုက်ကြသည်။
"ဟုတ်တယ်... ဘယ်သူ့ကို လာခြိမ်းခြောက်နေတာလဲ"
"ဒါက ငါတို့ ဟွမ်ကျေးရွာရဲ့ နယ်မြေကွ... ကျန်းကောမြို့စွန်မှာ နာမည်ကြီးတဲ့ စည်းလုံးညီညွတ်ရေး ကျေးရွာကွ"
"သတ္တိရှိရင် စမ်းကြည့်လိုက်လေ... ငါတို့ လှုပ်ရှားလိုက်ရင် မင်း ဒီနေရာကနေ အကောင်းအတိုင်း ပြန်ထွက်သွားနိုင်မလား ကြည့်ကြတာပေါ့"
သူတို့စကားကို ကြားလိုက်ရတော့ မျက်နှာမည်းနှင့်လူ ပိုပြီး ယုံကြည်မှု ရှိလာပုံရသည်။
"ဟွမ်ကျေးရွာ နယ်မြေထဲမှာ ငါတို့ကပဲ သူများကို ခြိမ်းခြောက်ခွင့်ရှိတယ်... တခြားဘယ်သူမှ ငါတို့ကို လာခြိမ်းခြောက်ခွင့် မရှိဘူး"
"ငါတို့နဲ့ လာပြီး တင်းမာပြနေတာ... သေချင်နေတာလား"
"အရင်တုန်းက ဓားဂိုဏ်းက လူတွေ ဒီကိုလာတုန်းကတောင် သိပ်မရဲတင်းရဲဘူး"
သူတို့စကားကို ကြားလိုက်ရတော့ ဒီကိစ္စက စကားပြောရုံနှင့် ပြီးမည့်ကိစ္စ မဟုတ်မှန်း ယဲ့ဖန် သေချာသွားပြီ။
သူ ဖုန်းကို ထုတ်လိုက်ပြီး ယွီဖုန်းရှန်းကို ခေါ်ရန် ပြင်လိုက်သည်။
မထင်မှတ်ဘဲ ရွာသား တစ်ယောက်က သူ ဖုန်းထုတ်လိုက်သည်ကို မြင်သောအခါ အခွင့်အရေးယူပြီး ယဲ့ဖန်ကို ဝင်ကန်လိုက်လေ၏။
"ဘယ်သူ့ကို ဖုန်းဆက်မလို့လဲကွ"
ယဲ့ဖန်၏ မျက်လုံးများ အေးစက်သွားသည်။ တိုက်ခိုက်လာသော ခြေထောက်ကြားသို့ ပြန်ကန်ထည့်လိုက်၏။
"ဂွပ်"
အရိုးကျိုးသံ ကျွီခနဲ ထွက်ပေါ်လာပြီးနောက် ဝက်ကို သတ်လိုက်သကဲ့သို့ စူးရှသော အော်ဟစ်သံနှင့်အတူ ထိုလူ လွင့်ထွက်သွားတော့သည်။
"အီး... အား"
"မင်း... သေချင်နေတာလား"
"သေချင်နေတာ မင်းတို့ပါ"
မျက်နှာမည်းနှင့်လူ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါတို့ နယ်မြေထဲမှာ ငါတို့လူကို ရိုက်ရဲတယ်ပေါ့"
"ညီအစ်ကိုတို့... လူတွေ ထပ်ခေါ်ကြ... လက်နက်တွေ ယူခဲ့ကြ"
"ဒီကောင့်ကို အသေရိုက်သတ်ကြကွာ"
ပြောရင်းနှင့် သူ လူထပ်ခေါ်ရန် ဖုန်းထုတ်လိုက်သည်။
ဘေးနားမှ ရွာသားများက ဒလိမ့်တုံးများ၊ မီးဖိုချောင်သုံး ဓားများနှင့် အခြား လက်နက်များကို ဝှေ့ယမ်းပြီး ယဲ့ဖန်ဆီသို့ ဒရောသောပါး ပြေးဝင် လာကြလေ၏။
ဒါကိုမြင်တော့ အန်းကျူ ပရင့်စ် ကျောချမ်းသွားပြီး အလိုအလျောက် နောက်ဆုတ်လိုက်မိသည်။
"ရူးနေကြပြီ... ဒီလူတွေ အကုန် ရူးနေကြပြီ"
"ရှင်... ကျွန်မတို့ ထွက်ပြေးကြရင် မကောင်းဘူးလား"
"ပုံမှန်နည်းလမ်းနဲ့ ဖြေရှင်းလို့ ရတော့မယ် မထင်ဘူး"
"ဒီလူတွေက အရူးတွေပဲ... ဓားပြတွေ"
နောက်ဆုတ်နေရင်း ယဲ့ဖန်ကို သတိပေးဖို့ မမေ့ရှာပေ။
ယဲ့ဖန် စိတ်ထဲမှ ရယ်မောလိုက်မိသည်။
သူ ကူညီရကျိုး နပ်ပါပေသည်။ ဒီနိုင်ငံခြားသူလေးက ပေါင်းသင်းဆက်ဆံရ လွယ်ကူပြီး ပြဿနာ ကြုံလာသည့်အခါတွင်လည်း လူသားဆန်စွာ တွေးခေါ်တတ်ပေသည်။
သို့သော် စိတ်ထဲမှ ရယ်မောနေသော်လည်း လက်ကတော့ အငြိမ်မနေ။
အမိန့်မရှိဘဲ ဝင်တိုက်လာသော ရွာသားအုပ်စုကို ရှောင်တိမ်းလိုက်ပြီး ကိုယ်ကို နှိမ့်ချကာ ခြေထောက်ဖြင့် လှည်းချလိုက်လေ၏။
"ဝုန်း... ဝုန်း... ဝုန်း"
ထိုလူများ တဘုန်းဘုန်း လဲကျကုန်ကြသည်။
ဆန့်ကျင်ဘက်မှ ပြေးလာသော ရွာသားအချို့ဆိုလျှင် လဲကျသွားသူများနှင့် ဝင်တိုက်မိပြီး ကိုယ့်လူကိုယ် ပြန်ထိခိုက်ကုန်ကြလေသည်။
ခဏအတွင်းမှာပင် သတ်ဖြတ်လိုသော အငွေ့အသက်များ လွှမ်းမိုးနေသည့် မြင်ကွင်းသည် ညည်းတွားသံများ၊ အော်ဟစ်သံများဖြင့် အစားထိုးသွားတော့သည်။
ယဲ့ဖန် ဒီလောက် လျင်မြန်ထိရောက်လိမ့်မည်ဟု မျက်နှာမည်းနှင့်လူ ထင်မထားခဲ့ပေ။
ယဲ့ဖန်ကို ကြည့်လိုက်သောအခါ ဖုန်းကိုင်ထားသော လက်များ တုန်ရီလာသည်ကိုပင် သူ မထိန်းချုပ်နိုင်တော့။
သို့သော် ပါးစပ်ကတော့ မလျှော့သေး။
"မင်း... မင်းတော့ သွားပြီ... သိရဲ့လား"
"ဒီမိန်းမက ငါ့ခွေးကို သတ်တာတင် မကဘူး... မင်းက ငါတို့ ဟွမ်ကျေးရွာသား (၇) ယောက် (၈) ယောက်လောက်ကို ရိုက်ပစ်လိုက်ပြီ. အခု ဒေါ်လာ (၅) သန်း ပေးရင်တောင် မပြေလည်တော့ဘူး"
ဖုန်းဝင်သွားသည်နှင့် သူ တစ်ဖက်လူကို အော်ပြောလိုက်သည်။
"ဦးလေးတုန်... ရွာအဝင်ဝမှာ ကျွန်တော်တို့ကို ပြင်ပလူ တစ်ယောက်က အနိုင်ကျင့်နေတယ်ဗျာ"
"ဇာမဏီသုံးကောင်ဂိုဏ်း ညီအစ်ကိုတွေကို အမြန်ခေါ်ပြီး လာကူပါဦး"
"တစ်ဖက်လူက တော်တော် မာတယ်ဗျ... ကျွန်တော့်ခွေးကို သတ်ပြီး လျော်ကြေးမပေးတဲ့အပြင်... ကျွန်တော်တို့ ညီအစ်ကို (၇) ယောက် (၈) ယောက်လောက်ကိုပါ ရိုက်နှက်ထားတယ်..."
ယဲ့ဖန် သူ့အော်ဟစ်သံကို ဂရုမစိုက်။
သို့သော် ဇာမဏီသုံးကောင် ဂိုဏ်း နာမည်ကို ကြားလိုက်ရသဖြင့် ဖုန်းထုတ်ပြီး ယွီဖုန်းရှန်းကို ခေါ်လိုက်သည်။
"သူဌေး ယွီ... ဟွမ်ကျေးရွာ ကို သိလား"
တစ်ဖက်မှ၊ ယွီဖုန်းရှန်း၏ လေသံက ယခင်ကထက် ပို၍ ယဉ်ကျေးလေးစားမှု ရှိနေသည်။
"သိပါတယ်... ကျန်းကော မြို့စွန်က နာမည်ကြီး စည်းလုံးညီညွတ်ရေး ကျေးရွာလေ"
"အရင်တုန်းက သူတို့က တော်တော် မာကြောကြတယ်... အစိုးရပိုင်းကတောင် သူတို့ကို မထိရဲကြဘူး... ကျန်းကောက ဒေသခံ ကလပ်အသင်း တချို့ထက်တောင် ပိုပြီး မောက်မာကြသေးတယ်"
"အခုတော့ နည်းနည်း ငြိမ်သွားကြပေမဲ့ သာမန်လူတွေကတော့ သူတို့ကို ရန်မစရဲကြဘူး"
"အင်း... ဒီမှာ ပြဿနာလေး တစ်ခု ဖြစ်နေလို့"
ယဲ့ဖန် ဆက်ပြောလိုက်သည်။
"ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ရွာသား တစ်ယောက်ရဲ့ ခွေးကို မတော်တဆ ကားနဲ့ တိုက်မိသွားတယ်... တစ်ဖက်လူက သူ့ကို သားကောင်အဖြစ် သတ်မှတ်ပြီး ငွေညှစ်နေတယ်"
"ကျွန်တော့် မိတ်ဆွေက လျော်ကြေး ယွမ် (၅) သန်း ပေးမယ်လို့ ပြောတာတောင်... သူတို့က မကျေနပ်ဘဲ ဒေါ်လာ (၅) သန်း တောင်းနေတယ်..."
"ဘာ"
ယွီဖုန်းရှန်း ကြားလိုက်ရသည့်အခါ အာမေဋိတ် အော်လိုက်မိသည်။
"ခွေးတစ်ကောင်ကို (၅) သန်း... ပြီးတော့ ဒေါ်လာ ဟုတ်လား"
"အဲ့ဒီခွေးက ရွှေနဲ့ လုပ်ထားတာလား... ဒါမှမဟုတ် သူ့အမွေးတွေက ရွှေမျှင်တွေလား"
"ပညာရှင်ယဲ့... ခဏလေး စောင့်ပေးပါ... ကျွန်မ လူလွှတ်ပြီး ရှင်းခိုင်းလိုက်ပါ့မယ်"
"တကယ်တော့ ဟွမ်ကျေးရွာ ဆိုတာ ကျွန်မတို့ရဲ့ လက်အောက်ခံ တစ်ဝက်လောက် ဖြစ်နေပါပြီ... ကျွန်မတို့ရဲ့ ဒုတိယ ခန်းမသခင် တစ်ယောက်က ဟွမ်ကျေးရွာရဲ့ သမက်လေ... ဒီ ဒုတိယ ခန်းမသခင်ကြောင့်ပဲ ဟွမ်ကျေးရွာက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပြန်ပြီး အရှိန်အဝါ ကြီးလာတာ... လက်ရှိ ရွာလူကြီး ဟွမ်တုန် ဆိုရင်လည်း သူ့သမက် ဒုတိယ ခန်းမသခင်ကို အားကိုးပြီး ရွာလူကြီး နေရာ ရထားတာ... သူ့ဩဇာက ပြိုင်ဘက်ကင်းပဲ..."
"စိတ်မပူပါနဲ့... ကျွန်မ ရှင်းပေးလိုက်ပါ့မယ်"
သူမစကားကို ကြားလိုက်ရတော့ ယဲ့ဖန် ဘာမှထပ်မပြောတော့။
ဖုန်းချပြီးနောက် အန်းကျူ ပရင့်စ် ဘက်သို့ လှည့်ကာ ပြုံးပြလိုက်သည်။
"မမျှော်လင့်ထားတဲ့ ကိစ္စတွေ ထပ်မဖြစ်လာရင်တော့... ဒီပြဿနာက သိပ်မကြာခင် ပြီးသွားလောက်ပါပြီ”
အခန်း (၁၅၆၇) - ဒါက တရုတ်ကွန်ဖူးလား
~အန်းကျူ ပရင့်စ်က ယဲ့ဖန်ကို အလွန် စိတ်ဝင်စားနေပုံ ရသည်။
သူမက ယဲ့ဖန်ကို ခေါင်းအစ ခြေအဆုံး သေချာကြည့်လိုက်ပြီး မေးလိုက်၏။
"မယုံနိုင်စရာပဲ... စောစောက ရှင်ပြလိုက်တာ တရုတ်သိုင်းပညာလား"
"ဘရုစ်လီ (Bruce Lee) တို့၊ ယိမန် (Ip Man) တို့ ရုပ်ရှင်ထဲကလိုမျိုးလေ"
"အကွက်တစ်ကွက်တည်းနဲ့ လူအများကြီးကို နှိမ်နင်းလိုက်တာလား"
သူမက ဘရုစ်လီနှင့် ယိမန်အကြောင်း နားလည်ထားလိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့။
"မင်းက သိုင်းကားတွေ ကြည့်တယ်လား"
"ကြည့်တာပေါ့"
အန်းကျူ ပရင့်စ် အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရသည်။
"ကျွန်မ အရင်က ပြောဖူးသားပဲ... တရုတ်ပြည်ရဲ့ ဒေသန္တရ ဓလေ့ထုံးစံတွေနဲ့ ယဉ်ကျေးမှုတွေကို စိတ်ဝင်စားပါတယ်လို့"
"အဲ့ဒီလို စိတ်ဝင်စားလာရတာက ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ ကွန်ဖူးရုပ်ရှင်တွေကြောင့်ပါ"
"ကျွန်မ ဘရုစ်လီ ဇာတ်ကားတွေကို တော်တော် ကြိုက်တာရှင့်"
ပြောရင်းနှင့် ယဲ့ဖန် ပြန်ပြောမည်ကိုပင် မစောင့်ဘဲ သူမ ဆက်ပြောနေတော့သည်။
"ဒါပေမဲ့ ကျွန်မ မိသားစုကတော့ အဲ့ဒါတွေက အတုတွေလို့ အမြဲပြောကြတယ်"
"ကျွန်မ သူငယ်ချင်းတွေကလည်း တိုက်ရိုက်လွှင့်တဲ့ ဗီဒီယိုမှတ်တမ်းတချို့ ပြဖူးတယ်... တရုတ်သိုင်းပညာဆိုတာ ကြွားလုံးထုတ်ထားတာ သက်သက်ပါတဲ့... တကယ်တမ်းကျတော့ သာမန် ဥရောပ UFC ကစားသမားတွေကိုတောင် မနိုင်ပါဘူးတဲ့"
"ကျွန်မ တော်တော်လေး စိတ်ပျက်ခဲ့ရတာ"
"အခု တရုတ်ပြည်မှာ ဒီလို ဆန်းကြယ်တဲ့အရာမျိုး တကယ်ရှိနေလိမ့်မယ်လို့ ထင်မထားမိဘူး"
ယဲ့ဖန် ကြားလိုက်ရသည့်အခါ ပြုံးလျက် ပြန်ပြောရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့်၌၊ မထင်မှတ်ဘဲ... ရွာထဲမှ လူအုပ်ကြီး တစ်စု ထွက်ပေါ်လာလေ၏။
ထိုလူအချို့၏ လက်ထဲတွင် သားသတ်ဓားများ ကိုင်ဆောင်ထားကြပြီး တချို့က ထမ်းပိုးများ၊ တချို့က ပေါက်ပြားများ ကိုင်ဆောင်ထားကြသည်။ လက်နက်မျိုးစုံ ပါလာကြခြင်း ဖြစ်သည်။
သို့သော် ခြွင်းချက်မရှိ အားလုံး၏ မျက်နှာပေါ်တွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေလေ၏။
သူတို့ နီးကပ်လာသည်နှင့် ခေါင်းဆောင်ဖြစ်ဟန်တူသော လူအချို့က နောက်မှလူများကို လှမ်းအော်လိုက်ကြသည်။
"သောက်ကျိုးနည်း... မြန်မြန်လုပ်ကြဟေ့"
"အဲ့ဒီ ပြင်ပလူနှစ်ယောက်ကို ထွက်ပြေးမသွားစေနဲ့"
"ငါတို့ ဟွမ်ကျေးရွာ နယ်မြေထဲမှာ ငါတို့လူကို အနိုင်ကျင့်ရဲတယ်ပေါ့... မင်းတို့က ဝက်သည်း၊ ကျားသည်း စားထားကြတာလား"
မျက်နှာမည်းနှင့်လူသည် သူတို့ ရောက်လာသည်ကို မြင်လိုက်ရသောအခါ ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားရှာသည်။ သူတို့ကို ကပျာကယာ လက်လှမ်းပြလိုက်၏။
"အစ်ကိုကြီး... အစ်ကိုလတ်... ဒီမှာ... ဒီမှာ"
ပြောရင်းနှင့် ထိုလူများ ရောက်လာသောအခါ ယဲ့ဖန်ကို လက်ညှိုးထိုးပြလိုက်သည်။
"သူပဲ... သူက လူရိုက်တဲ့ကောင်"
"သူ့ဘေးက နိုင်ငံခြားမက ကျွန်တော့် ဝမ်ချိုင်ကို သတ်တဲ့မိန်းမ"
"သူတို့က မှားနေရက်နဲ့ ကျွန်တော်တို့ကို ပြန်တိုက်ခိုက်တယ်... ညီအစ်ကိုတချို့တောင် ဒဏ်ရာရသွားကြပြီ"
အစ်ကိုကြီးဟု ခေါ်သောသူမှာ သေချာပေါက် အာဏာရှင်ဆန်သူ တစ်ယောက် ဖြစ်ပေသည်။ သူကြားလိုက်ရသည့်အခါ လက်ထဲမှ ဖရဲသီးခွဲဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်လေ၏။
"ဒါဆိုရင်တော့ ဒီလိုကောင်မျိုးကို စကားအများကြီး ပြောနေစရာ မလိုတော့ဘူး... သတ်ပစ်လိုက်"
"ဘာပဲဖြစ်ဖြစ် ငါတို့ဘက်က မှန်တယ်... လူအင်အားလည်း သာတယ်"
"သူတို့ကို သတ်ပစ်လိုက်ရင်တောင် အစိုးရပိုင်းက လူတွေလာရင် ငါတို့ကို ဘာမှ လုပ်လို့မရဘူး"
ပြောပြီးသည်နှင့် သူသည် ယဲ့ဖန်နှင့် အန်းကျူ ပရင့်စ် ကို အေးစက်စက် လှမ်းကြည့်လိုက်သည်။
သူ့နောက်မှ ရွာသား (၁၀၀) ခန့်ရှိသော လူအုပ်ကြီးသည်လည်း လျင်မြန်စွာ ဖြန့်ကျက်လိုက်ကြ၏။
ဝိုင်းရံပိတ်ဆို့လိုက်သကဲ့သို့ ဖြစ်သွားပြီး ယဲ့ဖန်နှင့် အန်းကျူ ပရင့်စ်တို့၏ ထွက်ပြေးလမ်းကြောင်းများ ပိတ်ဆို့ခံလိုက်ရတော့သည်။
ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ အန်းကျူ ပရင့်စ်ခမျာ တခြားအရာများကို စိတ်ဝင်စားနိုင်စွမ်း မရှိတော့။ မူလကတည်းက ဖြူဝင်းနေသော မျက်နှာလေးမှာ ချက်ချင်းပင် သွေးဆုတ်ဖြူဖျော့ သွားရှာသည်။
သူမလက်က ယဲ့ဖန်၏ လက်မောင်းကို အလိုအလျောက် ဆွဲကိုင်လိုက်မိ၏။
"ဟို... ပြဿနာက မကြာခင် ပြီးတော့မယ်လို့ ရှင် ပြောတယ်မလား"
"ဘယ်... ဘယ်လို ဖြစ်သွားတာလဲ"
"ဘာလို့ လူတွေက ပိုပိုများလာတာလဲ"
"စုစုပေါင်း လူ (၁၀၀) လောက်တော့ ရှိမယ်ထင်တယ်"
"ပြီးတော့ တစ်ယောက်ချင်းစီမှာ လက်နက်တွေ ပါလာကြတယ်... သူတို့မျက်နှာတွေက ကြောက်စရာကြီး"
"အခု ဘယ်လိုလုပ်ကြမလဲ"
ယဲ့ဖန်၏ မျက်နှာထားကတော့ ပြောင်းလဲခြင်း မရှိပေ။ တည်ငြိမ်စွာပင် ပြောလိုက်သည်။
"လူများတော့ရော ဘာလုပ်ရမှာလဲ"
"ချန်ပန်တောင်ကုန်း (Changban Hill) တိုက်ပွဲတုန်းက ကျန်းဖေး (Zhang Fei) တစ်ယောက်တည်းနဲ့ ချောင်ချောင် (Cao Cao) ရဲ့ စစ်သည်သန်းချီကို ခြိမ်းခြောက် မောင်းထုတ်နိုင်ခဲ့တာပဲ"
"ဒီလူတွေ ဘယ်လောက်ပဲ များများ... ချန်ဘန်တောင်ကုန်း တိုက်ပွဲတုန်းက ချောင်ချောင်ရဲ့ စစ်တပ်လောက် များပါ့မလား"
အန်းကျူ ပရင့်စ်က တရုတ်ယဉ်ကျေးမှု တချို့ကို ရင်းနှီးပုံ ရသည်။ သူမ အလိုအလျောက် ပြန်ပြောလိုက်မိ၏။
"အဲ့ဒါက အခြေအနေချင်း လုံးဝ မတူဘူးလေ"
"အဲ့ဒီတုန်းက ကျန်းဖေးက စစ်သည်သန်းချီကို ခြိမ်းခြောက်နိုင်ခဲ့တာ မှန်ပေမဲ့... အဓိကက သူ ခြိမ်းခြောက်လိုက်တာက ချောင်ချောင်လေ..."
"အခု အခြေအနေနဲ့ လုံးဝ ကွဲပြားတယ်"
ယဲ့ဖန် အံ့ဩသွားမိသည်။
"မင်းက တော်တော် သိထားတာပဲ... ဒီဇာတ်လမ်းတွေကိုတောင် ဒီလောက်အထိ သိထားတယ်ပေါ့"
"ဒါပေါ့..."
ဒီအကြောင်း ပြောလိုက်ရတော့ အန်းကျူ ပရင့်စ် မျက်နှာပေါ်တွင် ဂုဏ်ယူသည့် အရိပ်အယောင်လေး ဖြစ်ပေါ်လာသည်။
သို့သော် ခဏအကြာတွင် လက်ရှိ အခြေအနေကို သူမ သဘောပေါက်သွားပုံ ရသည်။ ဂုဏ်ယူနေမှုကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး ထိတ်လန့်တကြား ပြောလိုက်လေ၏။
"နေပါဦး... အခုက ဒါတွေ ပြောနေရမယ့်အချိန် မဟုတ်ဘူးလေ"
"မြန်မြန်... နည်းလမ်းတစ်ခုခု စဉ်းစားပါဦး... ဘယ်လိုလုပ်ကြမလဲ"
"သူတို့က (၁၀၀) ကျော်တောင် ရှိတာ... လက်နက်တွေနဲ့နော်... သတိမထားရင် ကျွန်မတို့ အသက်ပါ ပါသွားနိုင်တယ်"
သူမ စကားကို အတည်ပြုပေးလိုက်သကဲ့သို့ပင်...
သူမ စကားဆုံးသည်နှင့် မျက်နှာမည်းနှင့်လူက အစ်ကိုကြီးဟု ခေါ်သောသူသည် လက်ထဲမှ ဖရဲသီးခွဲဓားကို ရုတ်တရက် မြှောက်လိုက်လေ၏။
"ညီအစ်ကိုတို့... ချကြဟေ့"
သူ ဟိန်းဟောက်လိုက်သည်နှင့် ရှေ့သို့ တိုးဝင်လာတော့သည်။
သူ့နောက်မှ ရွာသားများလည်း ထိုနည်းတူပင်။
ပြင်းထန်သော တိုက်ပွဲတစ်ခု စတင်တော့မည် ဖြစ်ချေသည်။
ယဲ့ဖန်၏ လက်မောင်းကို ဆွဲကိုင်ထားသော အန်းကျူ ပရင့်စ်၏ လက်များမှာ ကြောက်ရွံ့မှုကြောင့် တင်းကြပ်သွားရှာသည်။
သို့သော် ထိုအချိန်မှာပင်... အပြင်ဘက်မှ အသက်ရှူမဝသော အဘိုးအိုတစ်ဦး၏ အသံ ရုတ်တရက် ထွက်ပေါ်လာလေ၏။
"ရပ်လိုက်ကြ"
"ရပ်လိုက်ကြစမ်း"
မျက်နှာမည်းနှင့်လူ အပါအဝင် ကျန်လူများအားလုံး ချက်ချင်း ရပ်တန့်သွားကြသည်။
ထို့နောက် နှုတ်ဆက်သံများ ဆက်တိုက် ထွက်ပေါ်လာ၏။
"ဦးလေးတုန်"
"ဦးလေးတုန်"
"ဦးလေးတုန်... ဘယ်လိုလုပ် ဒီရောက်လာတာလဲ"
ယဲ့ဖန်နှင့် အန်းကျူ ပရင့်စ်ကို ဝိုင်းထားသော လူတံတိုင်းကြီးသည် ထိုလူအတွက် လမ်းဖယ်ပေးလိုက်ကြသည်။
မျက်နှာမည်းနှင့်လူ အပါအဝင် အစ်ကိုကြီး၊ အစ်ကိုလတ် ဟု ခေါ်သော (၃) ယောက်တို့သည် ရိုသေစွာဖြင့် ရှေ့ထွက်ကြိုဆိုလိုက်ကြလေ၏။
"ဦးလေးတုန်"
ဦးလေးတုန် ဆိုသူမှာ ကျန်းမာသန်စွမ်းပုံရသော လူကြီး တစ်ဦး ဖြစ်သည်။
အသက် (၅၀)၊ (၆၀) ဝန်းကျင်ခန့် ရှိပုံရ၏။
သူသည် ရိုးရာ တရုတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။
ငယ်ရွယ်ခြင်း မရှိတော့သော်လည်း သူ့ထံတွင် ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ခု ရှိနေပေသည်။
မျက်နှာမည်းနှင့်လူတို့ သူ့အနား ရောက်သွားသောအခါ နားမလည်နိုင်သည့်ပုံစံဖြင့် မေးလိုက်ကြသည်။
"ဦးလေးတုန်... ညီလေး (၃) တို့ကို ပြင်ပလူတွေ အနိုင်ကျင့်နေလို့ လာကူညီပါဆိုပြီး ဦးလေးပဲ ပြောခိုင်းလိုက်တာ မဟုတ်ဘူးလား"
"အခု ဘာလို့ ရုတ်တရက် ရပ်ခိုင်းလိုက်တာလဲ"
ဦးလေးတုန်က သူတို့ကို ပြန်မဖြေ။ ထိုအစား ယဲ့ဖန်ရှိရာသို့ လျင်မြန်စွာ လျှောက်သွားပြီး တောင်းပန်သည့်အနေအထားဖြင့် ခါးကို ကိုင်းညွှတ်လိုက်လေ၏။
"ဒါ ပညာရှင်ယဲ့ များလား ခင်ဗျာ"
"ကျွန်တော် တကယ် တောင်းပန်ပါတယ်... စောစောက အခြေအနေကို နားမလည်ဘဲ အမှားကြီးတစ်ခု ကျူးလွန်မိလုနီးပါး ဖြစ်သွားတယ်"
"ကျွန်တော့်သမက် ရှောင်ထူ က ဘာဖြစ်ခဲ့လဲဆိုတာ ပြောပြပြီးပါပြီ... ခဏလောက် စောင့်ပေးပါ... လူကြီးမင်း ကျေနပ်လောက်မယ့် ဖြေရှင်းချက်တစ်ခုကို မဖြစ်မနေ ပေးပါ့မယ်"
ဟွမ်ကျေးရွာ အခြေအနေကို ယွီဖုန်းရှန်း ပြောပြထားပြီးဖြစ်၍ ဦးလေးတုန်၏ စကားကို ကြားရသောအခါ ယဲ့ဖန် အံ့ဩခြင်း မရှိပေ။
သူ ခေါင်းကို အသာညိတ်ပြလိုက်ပြီး ထွေထွေထူးထူး တုံ့ပြန်ခြင်း မရှိ။
သို့သော် မျက်နှာမည်းနှင့်လူ၊ သူ့အစ်ကိုကြီးနှင့် အစ်ကိုလတ်တို့မှာမူ ကြက်သေသေ သွားကြရသည်။
အားလုံးက ဦးလေးတုန်၏ တုံ့ပြန်မှုကို စိတ်ကူးယဉ် အိပ်မက်တစ်ခု မက်နေသကဲ့သို့ ငေးကြည့်နေမိကြတော့သည်။
"ဦးလေးတုန်... ဦးလေးက…”
အခန်း (၁၅၆၈) - ဥက္ကဌယွီ တော်တော်လေး ဒေါသထွက်နေတယ်
~ဦးလေးတုန်ဟု ခေါ်သော ရွာလူကြီး ဟွမ်တုန် သည် မျက်နှာမည်းနှင့်လူ အပါအဝင် ကျန်ရွာသားများကို အလွန် လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်လေ၏။
"ပညာရှင်ယဲ့က ဥက္ကဌယွီရဲ့ မိတ်ဆွေပဲ"
"ရှောင်ထူ ခုနက ဖုန်းဆက်လာတယ်... ဥက္ကဌယွီရဲ့ မိတ်ဆွေ တစ်ယောက် ငါတို့ ဟွမ်ကျေးရွာ နယ်မြေထဲမှာ မတရား ဆက်ဆံခံနေရတယ်လို့ ကြားတာနဲ့... ဥက္ကဌယွီ တော်တော်လေး ဒေါသထွက်နေတယ်တဲ့..."
မျက်နှာမည်းနှင့်လူ အပါအဝင် ကျန်လူများအားလုံး အသက်ရှူမှားသွားကြသည်။
အထူးသဖြင့် မျက်နှာမည်းနှင့်လူ၏ ဘေးနား ကပ်ရပ်နေသော လူနှစ်ယောက်။ သူတို့၏ မျက်နှာထားများ ပျက်ယွင်းသွားပြီး လေအေးများကို ရှိုက်သွင်းလိုက်ကာ မျက်နှာမည်းနှင့်လူ အနားမှ အလျင်အမြန် ခွာလိုက်ကြတော့သည်။
သူတို့နောက်မှ မူလက ရန်လိုနေကြသော ရွာသားများအားလုံးလည်း လက်နက်များကို ပြိုင်တူ ပြန်သိမ်းလိုက်ကြလေ၏။
ထို့နောက် ဦးလေးတုန်၏ နောက်တွင် တိတ်ဆိတ်စွာ သွားရပ်လိုက်ကြသည်။
ဦးလေးတုန် ဘာဆိုလိုချင်မှန်း သူတို့ နားလည်လိုက်ပြီ ဖြစ်သည်။
စောစောက ကြောက်စရာကောင်းလောက်အောင် သိုင်းကွက်ပြခဲ့သော လူငယ်လေးမှာ... နောက်ခံအင်အားကလည်း ထိတ်လန့်စရာ ကောင်းနေသည် မဟုတ်ပါလော။
ဖုန်းတစ်ချက် ဆက်လိုက်ရုံနှင့် ဇာမဏီသုံးကောင် ဂိုဏ်း၏ ဥက္ကဌကိုယ်တိုင် ဖြေရှင်းပေးရသည့် အဆင့်မျိုး ဖြစ်သည်လေ။
လက်ရှိအချိန်၌ ဇာမဏီသုံးကောင် ဂိုဏ်း၏ ဩဇာအရှိန်အဝါမှာ မည်မျှလောက်အထိ ကြီးမားလိုက်ပါသနည်း။
ကျန်းနယ်မြေ မြေအောက်လောက တစ်ခုလုံးကို စိုးမိုးထားသည့် ဒေသခံ ဘုရင်တစ်ပါးဟု တင်စားလျှင်ပင် မှားယွင်းမည် မဟုတ်ပေ။
ဦးလေးတုန် ဆိုသူကကော အဘယ်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်နေ၍နည်း။
သူ၏ သမက်ဖြစ်သူမှာ ဇာမဏီသုံးကောင် ဂိုဏ်း၏ ဒုတိယ ခန်းမသခင် ဖြစ်နေသောကြောင့်သာ၊ ရေမြင့်လျှင် ကြာတင့် ဆိုသကဲ့သို့ သူ၏ အဆင့်အတန်းလည်း မြင့်တက်လာခဲ့ရခြင်း ဖြစ်လေသည်။ ထို့ကြောင့်သာလျှင် ပတ်ဝန်းကျင် ရွာများမှ လူအများက သူ့အား 'ဦးလေးတုန်... ဦးလေးတုန်' ဟူ၍ လေးစားသမှုဖြင့် ခေါ်ဝေါ်နေကြခြင်း မဟုတ်ပါလော။
ယခုတွင်မူ ထိုမျက်နှာမည်းနှင့် လူသည်... ဇာမဏီသုံးကောင် ဂိုဏ်းခေါင်းဆောင် ကိုယ်တိုင်ကပင် အလေးထား ဆက်ဆံရသည့် ပုဂ္ဂိုလ်တစ်ဦးကို သွားရောက် ပြစ်မှား စော်ကားမိလိုက်လေပြီ။
ထို့ပြင် ဦးလေးတုန် ပြောဆိုပုံအရ ဆိုလျှင်... မျက်နှာမည်းနှင့် လူဘက်က အမှားကျူးလွန်ထားသည့် ပုံစံမျိုး ပေါက်နေသည် မဟုတ်ပါလော။
သို့ဆိုလျှင်မူ ဘာမျှ ထွေထူး ပြောနေစရာ မလိုတော့ချေ။
သူ့ဘဝတော့ သွားပါပြီ။
မျက်နှာမည်းနှင့်လူလည်း ပတ်ဝန်းကျင် အခြေအနေ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်ပုံ ရသည်။ သူ ထိတ်ပျာ သွားရှာ၏။
"ဦးလေးတုန်... ဒီပြင်ပလူနှစ်ယောက်က ဥက္ကဌယွီရဲ့ မိတ်ဆွေတွေမှန်း ကျွန်တော် မသိခဲ့ပါဘူးဗျာ"
"ဒါ့အပြင် သူတို့က ဥက္ကဌယွီရဲ့ မိတ်ဆွေတွေ ဖြစ်နေရင်တောင်... လုံးဝကြီး သဘောထား ကွဲလွဲလို့ မရဘူးလား"
"သူတို့က ကျွန်တော့်ခွေးကို သတ်ခဲ့တယ်... လျော်ကြေးမပေးတဲ့အပြင် ကျွန်တော်တို့လူတွေကိုတောင် ပြန်ရိုက်နှက်ခဲ့သေးတယ်... ဒါ အမှန်တရားပါဗျာ"
"ဟုတ်တယ် ဦးလေးတုန်"
သူ့ဘက်ပါသော ရွာသားအချို့လည်း ဝင်ထောက်ခံလိုက်ကြသည်။
"ကျွန်တော်တို့အားလုံး သက်သေပါဗျာ"
"ကျွန်တော်တို့ ခန္ဓာကိုယ်က ဒဏ်ရာတွေရော... ဟိုမှာ အရိုးကျိုးပြီး သတိမေ့နေတဲ့ ကောင်လေးရော... အကုန်လုံး သူလုပ်တာပါ... ဒီပြင်ပလူက အရမ်း မောက်မာပြီး အနိုင်ကျင့်လွန်းတယ်"
"ဥက္ကဌယွီရဲ့ မိတ်ဆွေဖြစ်ရုံနဲ့ သူတို့ကို လွှတ်ပေးလိုက်မယ်... ပြီးတော့ ညီလေး (၃) ကိုတောင် ပြန်တောင်းပန်ခိုင်းမယ် ဆိုရင်တော့... နောင်တစ်ချိန် ရွာထဲက လူထုကို စည်းရုံးဖို့ ခက်သွားလိမ့်မယ် ဦးလေးတုန်"
ဦးလေးတုန်လည်း အခြေအနေအမှန်ကို အတိအကျ သိထားပုံမရ။
ဒီစကားကို ကြားလိုက်ရတော့ သူ့အကြည့်များ တောင့်ခဲ သွားသည်။
ဒီလူတွေ ပြောတာ နားထောင်ရ ဆိုးပေမဲ့ အဓိပ္ပာယ်တော့ ရှိနေသည်။
သူ့သမက်၏ အကူအညီအပြင် သူ ဟွမ်ကျေးရွာ ရွာလူကြီး နေရာကို ခိုင်ခိုင်မာမာ ရထားခြင်းမှာ ရွာထဲတွင် သူ တည်ဆောက်ထားသော ဂုဏ်သတင်းနှင့် ဩဇာကြောင့်လည်း ပါသည်။
ဩဇာတည်ဆောက်ခြင်း၏ အခြေခံမှာ အရေးကြီး ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် တရားမျှတမှု ရှိရန်နှင့် ဘက်မလိုက်ရန် လိုအပ်သည်။ သို့မှသာ မည်သူမျှ အပြစ်မပြောနိုင်ဘဲ လက်ခံယုံကြည်ကြမည် ဖြစ်သည်။
အခုကိစ္စမှာ တကယ်လို့ အမှားက ညီလေး (၃) တို့ဘက်မှာ မဟုတ်ဘဲ ယဲ့ဖန်တို့ဘက်မှာသာ ဆိုလျှင်...
သူက ရွာလူကြီး အာဏာကို သုံးပြီး ညီလေး (၃) တို့ကို အတင်း တောင်းပန်ခိုင်းလျှင်တောင် လူတွေက လက်ခံကြမှာ မဟုတ်ပေ။
နောင်တစ်ချိန်ကျလျှင် ဝေဖန်ခံရလိမ့်မည်။
နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ ဩဇာအရှိန်အဝါတွေ ပြိုလဲသွားနိုင်တယ်။
သူ့နောက်မှ ရွာသားများကလည်း ညီလေး (၃) တို့ ပြောသည်ကို အတည်ပြုသည့်အလား သူ့ကို ဝိုင်းကြည့်နေကြသည်။
သူ ဆုံးဖြတ်ချက်ချမည့် စကားကို စောင့်မျှော်နေကြပုံ ရ၏။
ဟွမ်တုန် အကျပ်ရိုက်သွားသည်။
ထိုအချိန်တွင်... ရှေ့ဖက်ဆီမှ တတွတ်တွတ် ပြောနေသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေ၏။
ထို့နောက်... ရယ်စရာကောင်းလောက်အောင် လှပသော နိုင်ငံခြားသူ အလှမယ်လေးက ပေါ်ရှေးကားတံခါးကို ဖွင့်လိုက်သည်။
ခဏလောက် စမ်းသပ်ကြည့်ပြီးနောက် ယဲ့ဖန်နှင့် စကားအနည်းငယ် ပြောလိုက်၏။
ယဲ့ဖန်က ကြမ်းပြင်ပေါ် လဲကျနေသော ရွာသား တစ်ယောက်၏ အိတ်ကပ်ထဲမှ နောက်ဆုံးပေါ် ဖုန်းတစ်လုံးကို ယူလိုက်ပြီး သူမကို ကမ်းပေးလိုက်သည်။
ထိုအခါမှ သူမ ဖုန်းကို ခဏလောက် သုံးလိုက်သည်။
ပြီးနောက်... ဖုန်းကို ဟွမ်တုန် ထံသို့ ကမ်းပေးလိုက်လေ၏။
"ဒါက..."
ဟွမ်တုန် နားမလည်နိုင် ဖြစ်သွားသည်။
ယဲ့ဖန်က ဝင်ပြောလိုက်၏။
"ဒီကားမှာ အဆင့်မြင့် စောင့်ကြည့်ကင်မရာ (Dashcam) ပါတယ်လို့ သူမက ပြောတယ်"
"မတော်တဆ ဖြစ်တဲ့အချိန်ကစပြီး စောစောက ဖြစ်ခဲ့သမျှ အကုန်လုံးကို အပြည့်အစုံ မှတ်တမ်းတင်ထားတယ်တဲ့"
"ညီလေး (၃) တို့ လိမ်ပြောနေတယ်ဆိုတာ သက်သေပြနေတာပဲ"
"ဘာ"
ဟွမ်တုန် ကြားလိုက်ရသည့်အခါ အတိုင်းအထက်အလွန် ဝမ်းသာသွားသည်။
ဖုန်းကို လှမ်းယူလိုက်ပြီး ကားကင်မရာမှ ကူးယူထားသော ဗီဒီယိုဖိုင်ကို ဖွင့်ကြည့်လိုက်လေ၏။
အသံကို အမြင့်ဆုံး ချဲ့ထားလိုက်သည်။
(ဗီဒီယိုဖိုင်ထဲမှ အသံများ)
"ညီလေး (၃)... ဒီကောင်မလေးက ပိုက်ဆံရှိမယ့်ပုံပဲကွ... ပြီးတော့ လှည့်စားရတာလည်း လွယ်မယ့်ပုံပဲ"
"ဒါ့အပြင် တစ်ယောက်တည်း လာတာတဲ့... စကားလည်း နားမလည်ဘူးဆိုတော့... ငါတို့ဆီကို အခွင့်အရေးကြီးက သူ့အလိုလို ရောက်လာတာပဲဟေ့"
"မင်းရဲ့ ရောဂါရနေတဲ့ ခွေးကို သူတိုက်မိတာ အခွင့်ကောင်းယူပြီး ငွေညှစ်လိုက်ကြရင် မကောင်းဘူးလား... ပြီးရင် သူမကိုပါ 'စား' လို့ရမလား ကြည့်ကြတာပေါ့"
"သောက်ကျိုးနည်း... သူက လူလှမ်းခေါ်ပြီး ဖြေရှင်းခိုင်းမလို့ လုပ်နေတယ်... ဒါဆို ငါတို့ အစီအစဉ် ပျက်ကုန်မှာပေါ့"
"ညီလေး (၃)... သူမ ဖုန်းကို မြန်မြန် လုလိုက်... အခွင့်အရေး မပေးနဲ့... သူ ဘယ်သူ့ကိုမှ ဆက်သွယ်လို့ မရအောင် လုပ်ပြီး ဖြည်းဖြည်းချင်း ထိန်းချုပ်ကြမယ်"
"အချိန်တန်ရင် သူမက နေရာဒေသ မကျွမ်းကျင်ဘူးလေ... ခြောက်လိုက် လှန့်လိုက် လုပ်ရင် အဆင်ပြေသွားမှာပါ... ဟီးဟီး... သေချာပေါက် အလုပ်ဖြစ်မှာ"
"မင်းက အင်္ဂလိပ်လို တတ်တယ်လား... ဘယ်သူက မင်းကို ဝင်ပါခိုင်းလို့လဲ"
"ဒါ မင်းနဲ့ မဆိုင်တဲ့ကိစ္စ"
"အခုချက်ချင်း ဒရောသောပါး ထွက်သွားစမ်း... မဟုတ်ရင် မင်းကိုပါ ငါ ဆုံးမလိုက်မယ်"
"အင်း... ငါ (၅) သန်းလို့ ပြောတာက ဒေါ်လာ (၅) သန်းကို ပြောတာကွ"
"ဝမ်ချိုင် နဲ့ ငါက နှစ်ပေါင်းများစွာ အတူနေလာခဲ့တာ... အခု သူ မရှိတော့ဘူးဆိုတော့ ငါ့ဘဝကြီး မပြည့်စုံတော့ဘူး"
"ဒီကိစ္စအတွက် ယွမ် (၅) သန်းလောက်နဲ့ ဘယ်လောက်မှာလဲ"
ကားကင်မရာမှ ဗီဒီယိုဖိုင် ဆုံးသွားသည်နှင့်...
အမှန်တရားက ပေါ်လွင်သွားချေ၏။
ညီလေး (၃) ဆိုသူ တန်ဖိုးထားပါသည် ဆိုသော ဝမ်ချိုင် မှာ သူ ဂရုမစိုက်ဘဲ ပစ်ထားသော ရောဂါသည် ခွေးတစ်ကောင်သာ ဖြစ်နေသည်။
ယဲ့ဖန်နှင့် နိုင်ငံခြားသူက ညီလေး (၃) တို့ကို လျော်ကြေးမပေးချင်တာ မဟုတ်ဘဲ၊ သူတို့က အခွင့်ကောင်းယူပြီး လွန်လွန်ကျွံကျွံ တောင်းဆိုနေကြသောကြောင့် ဖြစ်သည်။ ယွမ် (၅) သန်း ပေးတာတောင် မကျေနပ်ဘဲ ဒေါ်လာ (၅) သန်း တောင်းနေကြသည် မဟုတ်ပါလော။
ယဲ့ဖန် မောက်မာသည် ဆိုတာကတော့ ပိုပြီး ရယ်စရာကောင်းနေသည်။
အစကနေ အဆုံးထိ ယဲ့ဖန်၏ လုပ်ရပ်များက အလွန် ကျိုးကြောင်းဆီလျော်မှု ရှိသည်။
ညီလေး (၃) တို့ကသာ အရင် စတိုက်ခိုက်ကြခြင်း ဖြစ်သည်။ ယဲ့ဖန်က ညီလေး (၃) တို့ သူ့ကို သတ်ချင်နေကြမှသာ ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်။
ဗီဒီယိုဖိုင် အားလုံးကို ကြည့်ပြီးနောက် ဟွမ်တုန်၏ မျက်နှာထား မည်းမှောင်သွားတော့သည်။
သူသည် ဖုန်းကို အန်းကျူ ပရင့်စ် ထံသို့ လက်နှစ်ဖက်ဖြင့် ပြန်ပေးလိုက်၏။
ထို့နောက် ဓားသွားကဲ့သို့ ထက်ရှသော အကြည့်များဖြင့် ညီလေး (၃) ကို လှည့်ကြည့်လိုက်လေသည်။
"မင်း စောစောက ပြောတော့ ပညာရှင်ယဲ့တို့က လျော်ကြေးမပေးဘဲ မောက်မောက်မာမာ လုပ်ပါတယ်ဆို..."
ညီလေး (၃) ခမျာ အန်းကျူ ပရင့်စ် ကားမှာ ကင်မရာပါလိမ့်မည်ဟု ထင်မထားခဲ့။
ဟွမ်တုန်၏ မေးခွန်းကို ကြားလိုက်ရသည့်အခါ သူ့မျက်လုံးများ ဗလာကျင်းသွားသည်။
နှုတ်ခမ်းများ လှုပ်ရွနေသော်လည်း စကားတစ်ခွန်းမျှ ညှစ်ထုတ်မရတော့။
သို့သော် ဟွမ်တုန်၏ မျက်လုံးများက အေးစက်နေဆဲပင်။
"မင်းက မိုက်မိုက်ကန်းကန်း လုပ်ရုံတင် မကဘူး... အထက်လူကြီးနဲ့ အောက်လက်ငယ်သားတွေကိုပါ လိမ်ညာလှည့်ဖြားရဲတယ်ပေါ့"
"ဟေ့လူတို့... လာကြစမ်း"
"ဒီကောင့်ကို ဖမ်းချုပ်ပြီး ဟွမ်ကျေးရွာ စည်းကမ်းအတိုင်း အပြစ်ပေးလိုက်ကြ”