← Chapters

အခန်း (၁၅၆၉-၁၅၇၁)

Vol. 81 Ch. 1569-1571

အခန်း (၁၅၆၉-၁၅၇၁)

Vol. 81 Ch. 1569-1571

အခန်း (၁၅၆၉) - ဒါက ကိုယ့်ကို ချီးကျူးတာလား

~ယဲ့ဖန်ကတော့ ဟွမ်ကျေးရွာ၏ စည်းကမ်းများကို မသိပေ။

ဒါကြောင့် ဦးလေးတုန် ပြောလိုက်သည့်အခါ သူ ဘာမှ မခံစားရ။

သို့သော် ရွာသားများ ကြားလိုက်ရသည့်အခါ မျက်နှာပျက်ကုန်ကြသည်။

အထူးသဖြင့် မျက်နှာမည်းနှင့်လူ။ သူ့ပုံစံက မိုးကြိုးပစ်ခံလိုက်ရသလို ငူငိုင်နေရှာသည်။

သို့သော် ခဏအကြာတွင် သူသည် ဟွမ်တုန်၏ ခြေရင်းသို့ ဒူးထောက်ချလိုက်တော့သည်။

"ဝုန်း"

"ဦးလေးတုန်... ကျွန်တော် မှားမှန်း သိပါပြီ ဦးလေးတုန်ရယ်"

"ဆွေမျိုးစု စည်းကမ်းနဲ့ အပြစ်မပေးပါနဲ့... ကျွန်တော့်ကို အဲ့ဒီစည်းကမ်းနဲ့ အပြစ်မပေးပါနဲ့"

"ကျွန်တော် တကယ် မှားမှန်း သိပါပြီဗျာ"

ပြောရင်းနှင့် ဟွမ်တုန်က လျှော့ပေးမည့်ပုံ မပေါ်သည်ကို မြင်လိုက်ရသောအခါ ယဲ့ဖန်၏ ခြေရင်းသို့ ပြောင်း၍ ဒူးထောက်လိုက်လေ၏။

"ပညာရှင်ယဲ့... ပညာရှင်ယဲ့"

"ဦးလေးတုန်ကို ကူပြောပေးပါဦးဗျာ"

"ကျွန်တော် တောင်းပန်ပါတယ်... လူကြီးမင်းနဲ့ မိတ်ဆွေကို ဦးချပြီး တောင်းပန်ပါ့မယ်... ဆုံးရှုံးမှုတွေ အားလုံးကိုလည်း လျော်ကြေးပေးပါ့မယ်... ကျွန်တော့်ကို ဟွမ်ကျေးရွာကနေ မောင်းမထုတ်ခိုင်းပါနဲ့လို့ ကူပြောပေးပါဗျာ"

ပြောရင်းနှင့် သူသည် ယဲ့ဖန်နှင့် အန်းကျူ ပရင့်စ် ကို ဦးခိုက်ကန်တော့နေတော့သည်။

သူတစ်ယောက်တည်း မဟုတ်။ သူနှင့်အတူ မိုက်ရူးရဲ ဆန်ခဲ့သော ရွာသားများလည်း ကြောက်လန့်နေကြပုံရသည်။

အားလုံး ဒူးထောက်ချလိုက်ကြ၏။

"ဟုတ်ပါတယ်ဗျာ"

"တောင်းပန်ပါတယ် ပညာရှင်ယဲ့"

"ဦးလေးတုန်ကို ကူပြောပေးကြပါ"

ယဲ့ဖန် နားမလည်။

ဟွမ်တုန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။

"ခင်ဗျားတို့ရဲ့ ဆွေမျိုးစု စည်းကမ်းက အဲ့လောက်တောင် ကြောက်စရာ ကောင်းလို့လား"

ဟွမ်တုန်က အသံတိုးတိုးဖြင့် ရှင်းပြလေသည်။

"ဒါကလည်း ဒေသန္တရ ယဉ်ကျေးမှု တစ်ခုပါပဲ"

"ကျွန်တော်တို့လို နေရာမျိုးမှာ ဆွေမျိုးစု သဘောတရားက အရမ်းပြင်းထန်တယ်... လူတစ်ယောက်က သူ့မျိုးရိုးနာမည် ဖြုတ်သိမ်းခံရပြီး ရွာကနေ မောင်းထုတ်ခံရပြီဆိုရင်... ဟွမ်မိသားစုရဲ့ ဘိုးဘွားပိုင် သင်္ချိုင်းမြေမှာ မြှုပ်နှံခွင့် မရတော့သလို ဟွမ်မိသားစုရဲ့ ဆွေစဉ်မျိုးဆက် စာရင်းမှာလည်း ပါဝင်ခွင့် မရှိတော့ဘူး... ဒါက အမြစ်ဖြတ်ခံရတာနဲ့ အတူတူပဲ... သေသွားရင်တောင် တစ်ကောင်ကြွက် တစ္ဆေ ဖြစ်သွားမှာလေ"

"အခု ညီလေး (၃) တို့ လုပ်ခဲ့တဲ့ ကိစ္စက ဆွေမျိုးစု စည်းကမ်းနဲ့ အရေးယူမယ်ဆိုရင်... သူတို့ကို ဟွမ်ကျေးရွာကနေ မောင်းထုတ်လိုက်ရုံပဲ ရှိတာပါ"

ယဲ့ဖန် ကြားလိုက်ရသည့်အခါမှ သဘောပေါက်သွားတော့သည်။

ညီလေး (၃) တို့ ဒီလောက်ကြောက်နေကြတာ မဆန်းပါချေ။

ဆွေမျိုးစု သဘောတရား နက်ရှိုင်းသော လင်းနန် ဒေသက ချောင်ရှန် နယ်မြေတွေနှင့် မင်နန် ဒေသတချို့မှာ ဒီလို ယုံကြည်မှုနှင့် ယဉ်ကျေးမှု အမွေအနှစ်တွေ ရှိကြတာကိုး။

ပြည်ပရောက် တရုတ်လူမျိုးတချို့ မင်နန်ဒေသကို ပြန်လာသည့်အခါ ဇာတိမြေပြန်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် စားပွဲသောက်ပွဲတွေ ကျင်းပလေ့ ရှိသည်ဟု သူ ကြားဖူးသည်။

ညီလေး (၃) တို့ သူ့ကို သနားစဖွယ် ကြည့်နေကြပြီး ကူပြောပေးဖို့ မျှော်လင့်နေကြသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖန် ခဏတာ သနားသွားမိသည်။

သို့သော် ခဏတာမျှသာ။ သူတို့ လုပ်ခဲ့သည်များကို ပြန်စဉ်းစားလိုက်သည့်အခါ ထိုသနားစိတ် ရုတ်ချည်း ပျောက်ကွယ် သွားတော့သည်။

‘ရန်ကို ကျေးဇူးနဲ့ ဆပ်ရင်... ကျေးဇူးကို ဘာနဲ့ ပြန်ဆပ်မလဲ။

သူတို့ကို ဒီလောက်လွယ်လွယ်နဲ့ လွှတ်ပေးလိုက်ရင်... နစ်နာသူတွေနဲ့ သူ့ကိုယ်သူ မတရားရာ ကျသွားမှာပေါ့။

ဒါကြောင့် သူတို့ကို ခွင့်လွှတ်ပြီး ဘုရားသခင်ဆီ လွှဲပေးလိုက်တာ အကောင်းဆုံးပဲ။ ဘုရားသခင်ဆီ ရောက်အောင် ပို့ပေးရမှာက သူ့တာဝန်လေ။’

စဉ်းစားပြီးနောက် သူ ဘာမှ ဆက်မပြောတော့။ ခေါင်းညိတ်လိုက်ပြီး အန်းကျူ ပရင့်စ် ဘက်သို့ လှည့်ကြည့်လိုက်သည်။

အန်းကျူ ပရင့်စ် လည်း တစ်ခုခုကို သတိထားမိပုံ ရသည်။ ညီလေး (၃) တို့ကို ကြည့်ပြီး မေးလိုက်၏။

"သူတို့ တော်တော် ကြောက်နေကြတဲ့ပုံပဲ"

"ရှင့်ကို အသနားခံနေကြတာလား"

ယဲ့ဖန် ပြန်မဖြေဘဲ ပြုံးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ကိစ္စပြီးသွားပြီ"

"သွားကြစို့"

အန်းကျူ ပရင့်စ် က ညီလေး (၃) တို့ကို ကိုယ်ချင်းစာနေပုံ ရသည်။

"ဒီလူတွေကရော"

"သူတို့က ရှင့်ကို မျှော်လင့်တကြီး ကြည့်နေကြတယ်"

"ကိုယ့်ကို မျှော်လင့်တကြီး ကြည့်နေတဲ့သူတွေက များလွန်းလို့ပါ... သူတို့ (၂) ယောက် (၃) ယောက်လောက် တိုးလာလည်း ကိစ္စမရှိပါဘူး"

ယဲ့ဖန် ပေါ်ရှေးကား ဘေးခုံသို့ လျှောက်သွားရင်း ပြောလိုက်သည်။

"စိတ်မပူပါနဲ့"

"စောစောက ဒီလူတွေက မင်းကို ငွေညှစ်ရုံတင် မကဘူး... မင်းကိုပါ ပစ်မှတ်ထားခဲ့ကြတာလေ"

"ကိုယ်သာ မတော်တဆ ဖြတ်မလာရင်... အခုချိန် မင်း ဘာဖြစ်နေမလဲဆိုတာ မှန်းဆကြည့်လို့ ရပါတယ်"

အန်းကျူ ပရင့်စ် ကြားလိုက်ရသည့်အခါ စောစောက ကြောက်မက်ဖွယ် အခြေအနေကို ပြန်သတိရသွားပုံ ရသည်။

တုန်လှုပ်သွားပြီးနောက် ယဲ့ဖန်နောက်မှ ပေါ်ရှေးကားဆီသို့ အပြေးလိုက်သွားတော့၏။

ထိုအချိန်တွင် ဟွမ်တုန်၏ နောက်မှ ရွာသားတစ်စု ပြေးထွက်လာကြပြီး ညီလေး (၃) တို့အုပ်စုကို ဖမ်းချုပ်လိုက်ကြလေသည်။

ဟွမ်တုန်က ပေါ်ရှေးကားဘေးနားသို့ လျှောက်လာပြီး ယဲ့ဖန်အတွက် တံခါးကို ကိုယ်တိုင် ပိတ်ပေးလိုက်သည်။

"တကယ် တောင်းပန်ပါတယ် ပညာရှင်ယဲ့"

"ကျွန်တော်တို့ နယ်မြေထဲမှာ လူကြီးမင်းနဲ့ မိတ်ဆွေကို ဒုက္ခရောက်စေမိတော့မလို့…"

"စိတ်မပူပါနဲ့... ဒီမကောင်းဆိုးဝါးတွေကို ကျွန်တော် သေချာပေါက် အပြစ်ပေးလိုက်ပါ့မယ်"

ဟွမ်တုန်အနေနှင့် ညီလေး (၃) ကို လွှတ်ပေးမှာ မဟုတ်ဟု ယဲ့ဖန် တွက်ဆလိုက်သည်။

သူ ခေါင်းညိတ်ပြလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ထို့နောက် အန်းကျူ ပရင့်စ် ကို ကားစက်နှိုးရန် အချက်ပြလိုက်၏။

အန်းကျူ ပရင့်စ် ကားမောင်းထွက်လာပြီး ဟွမ်ကျေးရွာ အပြင်ဘက်သို့ ရောက်သောအခါမှ အသိပြန်ဝင်လာပုံ ရသည်။ သူမ ယဲ့ဖန်ကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။

"ရှင် ပြောခဲ့တဲ့ ဇာတ်လမ်းက မမှားဘူးဆိုတာ ကျွန်မ ရုတ်တရက် သဘောပေါက်သွားတယ်"

"ချန်ဘန်တောင်ကုန်း တိုက်ပွဲတုန်းက ကျန်းဖေးက ချောင်ချောင်ကို ဖိအားပေးပြီး စစ်သည်သန်းချီကို ခြိမ်းခြောက်နိုင်ခဲ့တာလေ... ဒီနေ့ ရှင်က ရွာလူကြီးကို ထိန်းချုပ်လိုက်ပြီး ရွာတစ်ရွာလုံးကို ထိန်းချုပ်လိုက်တာနဲ့ တူတူပဲ"

"ရှင်က အံ့ဩစရာ ကောင်းလိုက်တာ"

ယဲ့ဖန် ပြန်ပြုံးပြလိုက်သည်။

"ဒါက ကိုယ့်ကို ချီးကျူးတာလား"

"သေချာပေါက် ချီးကျူးတာပေါ့"

အန်းကျူ ပရင့်စ် ချက်ချင်း ပြန်ဖြေလိုက်သည်။

"ရုပ်ရှင်တွေထဲက ဘရုစ်လီ တို့ ၊ ယိမန် တို့ရဲ့ စိတ်ဓာတ်မျိုး ရှင့်ဆီမှာ မြင်နေရတယ်"

"တကယ်ကို ဆွဲဆောင်မှုရှိပြီး အားကျစရာကောင်းတဲ့ ဖြစ်တည်မှုမျိုးပဲ"

ပြောရင်းနှင့် သူမ စကားသွက်လာပြီး ဘရုစ်လီနှင့် ယိမန်အပေါ် သူမ၏ နားလည်မှုများကို စတင် ပြောပြလေတော့သည်။

ယဲ့ဖန် ဖြတ်မပြောဘဲ တိတ်ဆိတ်စွာ နားထောင်နေလိုက်၏။

ပေါ်ရှေးကား မြို့ထဲသို့ ပြန်ရောက်လာပြီး လမ်းခွဲရမည့်အချိန် ရောက်မှသာ သူ ကားရပ်ခိုင်းလိုက်သည်။

ဒီအချိန်မှာတော့ အန်းကျူ ပရင့်စ် လည်း လမ်းခွဲရတော့မည်ကို သိလိုက်သည်။

ကားရပ်ပြီးနောက် သူမ ယဲ့ဖန်ကို တည်ကြည်လေးနက် စွာ လက်ကမ်းပေးလိုက်၏။

"တွေ့ရတာ ဝမ်းသာပါတယ်"

"ဒီတစ်ခါ ကျန်းကောကို စီးပွားရေးကိစ္စနဲ့ လာတာဆိုတော့ အကြာကြီး မနေဖြစ်ပါဘူး"

"ဒါပေမဲ့ ရှင့်ကို ကျွန်မ အမြဲ သတိရနေမှာပါ... ရှင့်ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး"

ယဲ့ဖန် သူမလက်ကို ဖွဖွလေး ဆွဲနှုတ်ဆက်လိုက်သည်။

"ရှင့်ရဲ့ ဆက်သွယ်ရန် လိပ်စာနဲ့ ဘဏ်ကတ်နံပါတ် ပေးပါဦး"

လက်ဆွဲနှုတ်ဆက်ပြီးနောက် အန်းကျူ ပရင့်စ် ဖုန်းထုတ်ပြီး မှတ်သားလိုက်သည်။

"ခဏနေ ပြန်ရောက်တာနဲ့ ငွေလွှဲဖို့ စီစဉ်ပေးလိုက်ပါ့မယ်"

"ပြီးတော့... နောင်တစ်ချိန် အခွင့်အရေးရရင် ပြန်ဆုံချင်ပါသေးတယ်"

ယဲ့ဖန် ငြင်းမနေတော့။

အဆက်အသွယ် လဲလှယ်လိုက်ပြီး ဘဏ်အကောင့် ပို့ပေးလိုက်သည်။ သူ ပြုံးလိုက်၏။

"ကိုယ်လည်း တွေ့ရတာ ဝမ်းသာပါတယ်"

ထို့နောက် သူ တက္ကစီတစ်စီး ငှားလိုက်ပြီး ဖုန်းရှောက်ခွန်း စီစဉ်ပေးထားသော ဂိုဒေါင်သို့ တန်းသွားလိုက်သည်။

ထိုအချိန်တွင် သူ့ ခေါင်းထဲ၌၊ ရင်းနှီးသော စနစ်၏ အသံ ထွက်ပေါ်လာ၏။

"ဂုဏ်ယူပါတယ် ပိုင်ရှင် .. သင်သည် အခွင့်အလမ်း လမ်းညွှန်မှုကို ပြီးမြောက်အောင်မြင်ပြီး 'စက်ပစ္စည်း ကျွမ်းကျင်မှု' စွမ်းရည်ကို ရရှိပါသည်"

အသိပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နွေးထွေးသော ခံစားမှုတစ်ခု ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားလေသည်။

ရေတွက်၍ မရသော စက်မှုဆိုင်ရာ ဗဟုသုတများနှင့် လှည့်ကွက်များ ယဲ့ဖန်ခေါင်းထဲသို့ စီးဝင်လာတော့သည်။

ယဲ့ဖန် ထိုဆန်းကြယ်သော အခြေအနေမှ ပြန်လည် သတိဝင်လာသောအခါ... သူသည် စက်ပြင်ပညာကို နှစ်ပေါင်းများစွာ လေ့လာလိုက်စားခဲ့သော မက္ကင်းနစ် ဆရာကြီး တစ်ဦးနှင့် မခြားတော့ပေ။

ဒီလို ဆန်းကြယ်သော စွမ်းရည်မျိုး ရတာ ပထမဆုံး အကြိမ် ဖြစ်သဖြင့် ယဲ့ဖန် တော်တော်လေး စိတ်ဝင်စားသွားမိသည်။

စုပ်ယူမှု ပြီးဆုံးသွားသောအခါ ရှေ့မှ တက္ကစီကားကို ချက်ချင်း လှမ်းကြည့်လိုက်လေ၏။

အခန်း (၁၅၇၀) -ဒီကောင်လေးက တကယ်ကို နတ်ဘုရားလိုပါပဲလား

~’ဒါက သာမန် တက္ကစီတစ်စီးပဲ... မော်ဒယ်က စီထရိုအင် စီအိပ်စ် (၂၀) (Citroen CX20)’’

‘ကားအလျားက (၄၆၆၆) မီလီမီတာရှိပြီး အမြင့်က (၁၃၆၀) မီလီမီတာပဲ ရှိတယ်... ၂.၀ လီတာ ဆလင်ဒါလေးလုံးထိုး အင်ဂျင် တပ်ဆင်ထားပြီး အမြင့်ဆုံးစွမ်းအင်က (၇၈) ကီလိုဝပ် ရှိတယ်... (၅) ချက်ထိုး Manual (မန်နူရယ်) ဂီယာနဲ့ တွဲဖက်ထားတယ်’

‘ဟိုက်ဒရောလစ် လစ်ဖ်တင် (Hydraulic Lifting) စနစ် ပါဝင်တယ်... ရပ်နားထားတဲ့အခါ ကားအောက်ပိုင်း (Chassis) က မြေကြီးနဲ့ (၁၀) စင်တီမီတာပဲ ကွာတယ်... အမြန်မောင်းရင် (၁၅) စင်တီမီတာ ကွာပြီး လမ်းမကောင်းရင် (၂၀) စင်တီမီတာအထိ မြှင့်လို့ရတယ်... အမြင့်ဆုံး (၃၀) စင်တီမီတာအထိ မြှင့်နိုင်လို့ လမ်းအမျိုးမျိုးကို ဖြတ်သန်းနိုင်တယ်’

‘ဒါပေမဲ့ ကားထဲက ထိုင်ခုံတွေက တော်တော်လေး ဟောင်းနွမ်းနေပြီ... စတီယာရင်ဘီးမှာလည်း ဂျီးတွေ တက်နေတယ်... ဒီကားက သက်တမ်း (၇) နှစ်ကျော်လောက် ရှိမယ်လို့ ခန့်မှန်းရတယ်... ဂီယာပြောင်းတဲ့အခါ ကားကိုယ်ထည်က သိသိသာသာ တုန်ခါပြီး ထစ်ငေါ့နေတယ်... မောင်းနေတဲ့အချိန်မှာလည်း နည်းနည်းလေး မငြိမ်မသက် ဖြစ်နေပြီး... ကွေ့တဲ့အခါကျရင် ပိုဆိုးတယ်…’

ယဲ့ဖန် ပေါ့ပေါ့ပါးပါး လေ့လာ စူးစမ်းလိုက်သည်နှင့် အရင်က သတိမထားမိခဲ့သော အချက်အလက်များစွာ ခေါင်းထဲသို့ အလိုအလျောက် ဝင်ရောက်လာလေသည်။

စတီယာရင်ဘီး၏ လျော့ရဲနေပုံနှင့် ဟောင်းနွမ်းမှု အစအနများကို ကြည့်ရုံဖြင့်ပင် အချက်အလက်အချို့နှင့် သုံးသပ်ချက်များကို လျင်မြန်စွာ ရရှိနိုင်ခဲ့သည်။

"စတီယာရင်ဘီးနဲ့ ဘရိတ်တွေက ကားမောင်းခန်းထဲက တခြားအသုံးများတဲ့ နေရာတွေထက် ပိုပြီး ဟောင်းနွမ်းနေတယ်... စတီယာရင်ဘီး ပတ်လည်မှာလည်း တိုက်မိခိုက်မိထားတဲ့ အစအနလေးတွေ ရှိနေတယ်... ဒါကို ကြည့်ခြင်းအားဖြင့် ယာဉ်မောင်းက ကြမ်းကြမ်းတမ်းတမ်း မောင်းတတ်တဲ့ အကျင့်ရှိမယ်လို့ ကနဦး သုံးသပ်ရတယ်..."

ယဲ့ဖန် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။

ကားပေါ်ရောက်နေစဉ် ယာဉ်မောင်းကို ခဏလောက် အကဲခတ် ကြည့်ရှုလိုက်၏။

နောက်ဆုံးတွင် သူ့သုံးသပ်ချက်က တကယ် မှန်ကန်နေကြောင်း တွေ့ရှိလိုက်ရသည်။

ကားရှင်းသောလမ်း သို့မဟုတ် စောင့်ကြည့်ကင်မရာ မရှိသော လမ်းရောက်သည်နှင့် ယာဉ်မောင်းက တက္ကစီကို F1 ပြိုင်ကား မောင်းနေသကဲ့သို့ ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်တော့သည်။

ထိုအချိန်တွင် စောစောက သူ ခံစားမိသော ပြဿနာက ပို၍ သိသာလာကြောင်း ယဲ့ဖန် သတိပြုမိလိုက်၏။

ကြမ်းကြမ်းတမ်းတမ်း မောင်းနှင်လိုက်သည့်အခါ ကားက ပို၍ မငြိမ်မသက်ဖြစ်ပြီး တုန်ခါလာလေသည်။

ကားပေါ်မှ ဆင်းပြီး ပိုက်ဆံရှင်းနေစဉ် ယဲ့ဖန်သည် အခွင့်အရေးယူ၍ ကားကို အပြင်ဘက်မှ အကဲခတ် ကြည့်ရှုလိုက်သည်။

နောက်ဆုံးတွင် ပြဿနာတစ်ခုကို ရှာတွေ့သွားတော့သည်။

ယာဉ်မောင်းထံသို့ ကားခလွှဲပေးပြီးနောက် သူ ပေါ့ပေါ့ပါးပါး သတိပေးလိုက်၏။

"ဆရာသမား... ခရီးသည် ဆက်တင်ဖို့ မလောနဲ့ဦး... ပြင်ဆင်ရေး ဝပ်ရှော့ တစ်ခုခုကို အရင်သွားပြလိုက်ပါ"

"ခင်ဗျားကားရဲ့ တာယာတွေနဲ့ အနောက်ဘက် ဆိုင်းထိန်းစနစ် (Suspension) တွေက ပြဿနာတက်တော့မယ်"

ပြောပြီးသည်နှင့် ယဲ့ဖန် လှည့်ထွက်လာခဲ့လိုက်သည်။

ယာဉ်မောင်းကတော့ မကြာသေးမီကမှ ကားကို ပြုပြင်ထိန်းသိမ်းမှု လုပ်ထားသည်ဖြစ်၍ ယဲ့ဖန်စကားကို သိပ်အလေးမထား။ လှောင်ပြောင်သလိုပင် တွေးလိုက်မိသေးသည်။

သို့သော် အချိန်အကြာကြီး စောင့်ပြီး ခရီးသည် မရသဖြင့် မိတ်ဆွေဟောင်း တစ်ယောက်၏ ဝပ်ရှော့သို့ မောင်းသွားလိုက်လေ၏။

ရလဒ်ကတော့ မမျှော်လင့်ထားစရာပင်။

သူ့မိတ်ဆွေက စစ်ဆေးပြီးနောက် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"လျူကြီး.. မင်း တကယ် ကံကောင်းတယ်ကွာ"

"သောက်ကျိုးနည်း... မင်းသာ တာယာပြဿနာကို မပြောပြရင် ငါလည်း မင်းကားရဲ့ ညာဘက် အနောက်တာယာ အတွင်းသားမှာ အဖုလေး ထနေတာကို တွေ့မိမှာ မဟုတ်ဘူး"

"မင်းရဲ့ ကြမ်းကြမ်းတမ်းတမ်း မောင်းတတ်တဲ့ အကျင့်နဲ့သာဆိုရင်... ဒီတာယာ ပေါက်ထွက်ပြီး မင်းသေသွားလောက်ပြီ"

တက္ကစီဆရာ ကြောင်အမ်းသွားသည်။

"တကယ်ကြီးလားကွ"

"ငါ မောင်းတုန်းက ဘာမှ မဖြစ်ပါဘူး"

"ငါက ဝါရင့်ယာဉ်မောင်းပါကွ... (၁၀) နှစ်ကျော်နေပြီ..."

"ဒါကြောင့် မင်း ကံကောင်းတယ်လို့ ငါပြောတာပေါ့"

သူ့မိတ်ဆွေက ဆေးလိပ်ဖွာရင်း ပြောလိုက်သည်။

"ဒီလိုပြဿနာမျိုးက တော်ရုံတန်ရုံ မသိနိုင်ဘူး... တိုက်တိုက်ဆိုင်ဆိုင် မြင်လိုက်တာမျိုး... ဒါမှမဟုတ် ကားစက်ပစ္စည်းတွေအကြောင်း အရမ်းကျွမ်းကျင်တဲ့ ဆရာကြီး တစ်ယောက်ယောက်နဲ့ တွေ့မှပဲ သိနိုင်မှာ"

"ဒါဆို... ငါ ဆရာကြီး တစ်ယောက်ကို တင်ခဲ့မိတာပေါ့"

တက္ကစီဆရာ တုန်လှုပ်သွားသည်။

ယဲ့ဖန်က မျက်နှာစိမ်းတစ်ယောက် ဖြစ်ကြောင်း သူ ကောင်းကောင်း မှတ်မိနေသည်။

ပြီးတော့ ယဲ့ဖန်က သူ့ကားကို တစ်ခေါက်တည်း စီးဖူးရုံဖြင့် ထိုစကားများကို ပြောပြနိုင်ခဲ့သည် မဟုတ်ပါလော။

ဒီကောင်လေးက တကယ်ကို နတ်ဘုရားလိုပါပဲလား။

သူ့စကားတစ်ခွန်းကြောင့် တက္ကစီဆရာ စိတ်လှုပ်ရှားနေသည်ကို ယဲ့ဖန် မသိရှာ။

ဂိုဒေါင်သို့ ပြန်ရောက်သောအခါ ဖူမာကျန်းဝူ နှင့် အတည်ပြုလိုက်သည်။ လင်းချန်ချန် နှင့် ချန်းချုံရှန်းတို့ ညဘက်ရောက်လာမည် ဖြစ်ကြောင်း သိရသဖြင့် ခဏနားရန် ပြင်လိုက်၏။

ဒီနေ့ တစ်နေ့လုံး ကျန်းကော စစ်မျက်နှာပြင်သို့ သွားပြီး ဖုန်းကျန်ယွမ်ကို ကုသပေးခဲ့ရသည့်အပြင်... ရတနာရှာဖွေခြင်း အခွင့်အလမ်းကိုလည်း ပြီးမြောက်ခဲ့ရသည် မဟုတ်ပါလော။ သံမဏိနှင့် လုပ်ထားသည့် လူဖြစ်ပါစေဦး... နည်းနည်းတော့ ပင်ပန်းရသည်ပေါ့။

မထင်မှတ်ဘဲ... ဂိုဒေါင်ထဲမှ ထွက်လာလိုက်သည်နှင့် ဂိတ်ပေါက်ဝတွင် ရပ်ထားသော Buick GL8 MPV ကားတစ်စီးကို တွေ့လိုက်ရလေသည်။

ထို့နောက်... ယူနီဖောင်းနှင့် လက်အိတ်ဖြူ ဝတ်ဆင်ထားသော ယာဉ်မောင်းတစ်ဦးက ကားတံခါးကို ရိုသေစွာ ဖွင့်ပေးလိုက်၏။

ရင်းနှီးသော ပုံရိပ်တစ်ခု ကားပေါ်မှ ဆင်းလာသည်။

ထိုအမျိုးသမီးသည် အသက် (၂၅)၊ (၂၆) ဝန်းကျင်ခန့် ရှိပုံရသည်။ သူမ၏ ရုပ်ရည်မှာ အမှတ် (၉၀) ခန့် ရှိပြီး ခန္ဓာကိုယ်အချိုးအစားမှာမူ (၉၃) မှတ်အထက် ရှိလေသည်။ ရင်သားများမှာ ပြည့်ဖြိုး လှ၏။

သူမသည် ဝတ်စုံပြည့် ဝတ်ဆင်ထားပြီး ဆံပင်ကို အနောက်သို့ စည်းနှောင်ထားသည်။ လမ်းလျှောက်လိုက်တိုင်း တုန်ခါသွားတတ်သော ကိုယ်ခန္ဓာ အစိတ်အပိုင်းများကြောင့် စွမ်းရည်ထက်မြက်သော အမျိုးသမီးတစ်ယောက်အဖြစ် ထင်ရှားနေစေသည်။

ဂန္တဝင် သူဌေးမကြီး စတိုင်လ်ပါပဲ။

လင်းချန်ချန် ပင်ဖြစ်သည်။

ကားပေါ်မှ ဆင်းလာပြီး ယဲ့ဖန်ကို မြင်လိုက်ရသောအခါ သူမ အံ့ဩသွားပြီး ယဲ့ဖန်ဆီသို့ အပြေးကလေး လာလေ၏။

"ယဲ့ဖန်... ကျွန်မ ဒီအချိန်လာမယ်ဆိုတာ ရှင် ဘယ်လိုသိလဲ"

သူမ ပြေးလာသောအခါ ရင်သားများ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်ကို ကြည့်ပြီး ယဲ့ဖန် ခေါင်းမူးသွားမိသည်။

"ရှင် ကျွန်မကို ဒီမှာ စောင့်နေလိမ့်မယ်လို့ မထင်ထားဘူး"

"ကျွန်မ သိပ်ပျော်တာပဲ"

လင်းချန်ချန် တစ်ခုခု အထင်လွဲနေပြီ ဖြစ်သည်။ ပြေးလာပြီးနောက် ယဲ့ဖန်ကို ပျော်ရွှင်သော မျက်လုံးများဖြင့် ကြည့်နေလေ၏။

ယဲ့ဖန် သူမ၏ စိတ်ကူးယဉ် အိပ်မက်လေးကို မဖျက်ဆီးလိုပေ။ ရယ်မောလိုက်ပြီးနောက် ခေါင်းစဉ် လွှဲလိုက်သည်။

"မင်း ဒီညမှ လာမယ်ဆို..."

"ဒီမှာ ရတနာတွေက အများကြီးပဲ... နေ့ခင်းကြောင်တောင်ကြီး သယ်ထုတ်လိုက်ရင် သူများတွေ မက်မောပြီး စွန့်စားလာကြလိမ့်မယ်"

သို့သော် လင်းချန်ချန် က သူ့ကို တိတ်တဆိတ် အကဲခတ်နေဆဲပင်။

"ကျွန်မက ဒီအတိုင်း ဝင်ကြည့်တာပါ"

"ရှင်က ရှေးဟောင်းပစ္စည်းတွေ အများကြီးပါတယ်လို့ ပြောပေမဲ့... အတိအကျ ဘယ်လောက်လဲဆိုတာ ကျွန်မတို့ မသိရသေးဘူးလေ... ဒါကြောင့် မန်နေဂျာ စွန်း က ကျွန်မကို အရင်လာကြည့်ခိုင်းတာပါ"

"သူ့မှာ ဒီဖက်မှာ မိတ်ဆွေတချို့ ရှိတယ်လေ... ပစ္စည်းအရေအတွက် သိရမှ သူက သယ်ယူပို့ဆောင်ရေးကားတွေနဲ့ လုံခြုံရေးအစောင့်အရှောက်တွေကို သူ့မိတ်ဆွေတွေဆီကနေ စီစဉ်ခိုင်းလို့ ရမှာ"

သူမစကားကို ကြားမှ လင်းချန်ချန် ဘာလို့ စောရောက်လာလဲ ဆိုတာကို ယဲ့ဖန် နားလည်သွားတော့သည်။

ခေါင်းကို အနည်းငယ် ခါလိုက်ပြီး သူ ပြောလိုက်၏။

"မန်နေဂျာ စွန်းကို တိုက်ရိုက်သာ ပြောလိုက်ပါ... မိတ်ဆွေတွေ လိုက်ရှာပြီး ဒုက္ခခံမနေပါနဲ့လို့"

"ဒီတစ်ခါ ရှေးဟောင်းပစ္စည်းတွေနဲ့ ရတနာတွေက အရမ်းများပြီး တန်ဖိုးကလည်း အရမ်းကြီးတယ်... သူ့မိတ်ဆွေတွေထဲမှာ ဒီပစ္စည်းတွေရဲ့ လုံခြုံရေးကို အာမခံနိုင်မယ့်သူ မရှိလောက်ပါဘူး"

"ခဏနေကျရင် ကိုယ် ကိုယ်တိုင် ကားစီစဉ်ပေးမယ်... ပြီးတော့ လုံခြုံရေး အဖွဲ့တချို့လည်း ထည့်ပေးလိုက်မယ်"

လင်းချန်ချန် ကြားလိုက်ရသည့်အခါ ပို၍ စိတ်ဝင်စားသွားသည်။

"အဲ့ဒီလောက်တောင် များလို့လား"

"မန်နေဂျာ စွန်း ပြောတာတော့ သူ့မိတ်ဆွေက ကျန်းကောမှာ တော်တော် အရှိန်အဝါ ကြီးတယ်တဲ့"

"တစ်ယောက်ဆိုရင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်တာ... သူ့ပိုင်ဆိုင်မှုက ယွမ် (၁) ဘီလီယံကျော်တယ်... ပြီးတော့ သူက ပရော်ဖက်ရှင်နယ် လုံခြုံရေးအဖွဲ့တွေနဲ့လည်း ရင်းနှီးတယ်တဲ့... အဲ့ဒီအထဲမှာ ဘဏ်ငွေစက္ကူတွေ သယ်ပေးတဲ့ လုံခြုံရေး ကုမ္ပဏီတွေတောင် ပါသေးတယ်..."

စကားပြောနေလို့ မထူးမှန်း ယဲ့ဖန် သိသည်။ သူမပြောတာ နားထောင်ပြီးနောက် ပြုံးလိုက်၏။

"အခု ချက်ချင်း ငြင်းမနေပါနဲ့ဦး... ကိုယ်နဲ့ လိုက်ခဲ့... ပစ္စည်းတွေ ဘယ်လောက်များလဲဆိုတာ ကိုယ်တိုင်သာ ဝင်ကြည့်လိုက်တော့"

ပြောရင်းနှင့် သူ ရှေ့မှ ဦးဆောင်ပြီး ဂိုဒေါင်ထဲသို့ ဝင်သွားလေတော့သည်။

အခန်း (၁၅၇၁) - ဒါက ထူးခြားတဲ့ ရေစက် တစ်ခုပဲ ဖြစ်ရမယ်

~လင်းချန်ချန်သည် သံသယ မျက်နှာထားဖြင့် ယဲ့ဖန်၏ နောက်မှ လိုက်ပါလာခဲ့လေ၏။

သို့သော် ဂိုဒေါင်ထဲသို့ ဝင်လိုက်သည်နှင့် သူမ မှင်သက် သွားရသည်။

ဂိုဒေါင်အဝင်ဝနှင့် မလှမ်းမကမ်းတွင် မြေရုပ် (၁၈) ရုပ်ကို စစ်သည်တော်များ အလား တန်းစီ ချထားသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

မြေရုပ်များက အလွန် သက်ဝင်လှုပ်ရှားနေပြီး လက်ထဲမှ လက်နက်များကလည်း အလွန် အသေးစိတ်ကျလှ၏။

တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် အလွန် အစွမ်းထက်မည့်ပုံ ပေါ်နေလေသည်။

"ဒါက..."

လင်းချန်ချန်သည် မန်နေဂျာ စွန်း (စွန်းရှုယီ) ထံတွင် ပညာသင်ယူလာသည်မှာ ကြာပြီဖြစ်၍ သူမ၏ အခြေခံများ တိုးတက်လာကြောင်း သိသာလှသည်။

အရုပ်တစ်ရုပ် အနားသို့ တိုးသွားပြီး ခေါင်းအစ ခြေအဆုံး သေချာ စစ်ဆေးကြည့်လိုက်၏။ ထို့နောက် အသက်ရှူမှားသွားမိသည်။

"တယ်ရာကော့တာ (Terracotta) စစ်သည်ရုပ်တွေပဲ"

"ပြီးတော့ အရောင်နဲ့ လက်ရာကို ကြည့်ရတာ ချင်မင်းဆက် လက်ရာတွေပဲ"

"ဒီတစ်ရုပ်တည်းတင် အနည်းဆုံး (၅) သန်းလောက် တန်ကြေးရှိတယ်... မဟုတ်လား"

ယဲ့ဖန် ပြန်မဖြေ။ ကျန်ရှိနေသော (၁၇) ရုပ်ကိုပါ သွားရောက် ကြည့်ရှုရန် အပြုံးဖြင့်သာ ညွှန်ပြလိုက်သည်။

ထို့နောက် ဂိုဒေါင်ထဲတွင် ရှိနေသော ဖူမာကျန်းဝူဘက်သို့ လှည့်ကြည့်လိုက်၏။

"ကျန်းဝူ... မစ္စစ်လင်း အတွက် လက်ဖက်ရည် သွားငှဲ့ပေးလိုက်ဦး"

ဖူမာကျန်းဝူက ချက်ချင်း နာခံလိုက်သည်။

ယဲ့ဖန်က အနီးနားရှိ ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်ပြီး လင်းချန်ချန် တစ်ယောက် တယ်ရာကော့တာ ရုပ်များကို စစ်ဆေးနေပုံကို စိတ်ဝင်တစား ကြည့်နေလိုက်၏။

လင်းချန်ချန်ကို အကဲခတ်နေရင်း တစ်ဖက်မှာလည်း ဂိုဒေါင်တစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်သည်။

(၅၀၀၀) စတုရန်းမီတာ ကျယ်ဝန်းသော ဂိုဒေါင်ကြီးကို ဖူမာကျန်းဝူက ဧရိယာအလိုက် စနစ်တကျ ခွဲခြားထားသည်။

ဧရိယာတစ်ခုစီတွင် ရှေးဟောင်းပစ္စည်း အမျိုးအစားအလိုက် မတူညီသော ကာကွယ်မှုများ ပြုလုပ်ထားလေ၏။

ထို့အပြင် ခြွင်းချက်မရှိ အားလုံးကို ဆီစိမ်ပိတ်စများဖြင့် ဖုံးအုပ်ထားသည်။

ဖုန်မှုန့်များနှင့် ပိုးမွှားများရန်မှ ကာကွယ်ရန် ဖြစ်သည်။

အဝင်ဝမှ တယ်ရာကော့တာ (၁၈) ရုပ်မှ လွဲ၍ ကျန်နေရာများတွင် ထူးခြားမှု မရှိသလောက်ပင်။

"တယ်ရာကော့တာ (၁၈) ရုပ်..."

လင်းချန်ချန် သေချာ စစ်ဆေးပြီးနောက် အံ့ဩတကြီး လှမ်းကြည့်လိုက်မိသည်။

"အားလုံးက ချင်မင်းဆက် လက်ရာ စစ်စစ်တွေပဲ"

"ပြီးတော့ ထိန်းသိမ်းထားတာလည်း အရမ်းကောင်းတယ်... ပြီးပြည့်စုံနေတာပဲ"

"ဒီ (၁၈) ရုပ်တည်းတင် အနည်းဆုံး (၉၀) သန်းလောက် တန်ဖိုးရှိနေပြီ"

["တယ်ရာကော့တာ (Terracotta)" ဆိုတာက အီတလီစကားလုံးဖြစ်ပြီး "မီးဖုတ်ထားတဲ့ မြေထည်" လို့ အဓိပ္ပာယ်ရပါတယ်။

ဒါပေမဲ့ ဒီဝတ္ထုထဲမှာ ပြောနေတဲ့ "တယ်ရာကော့တာ စစ်သည်ရုပ်" ဆိုတာကတော့ ကမ္ဘာကျော် "ချင်မင်းဆက် မြေစစ်သည်ရုပ်များ (Terracotta Warriors)" ကို ဆိုလိုတာ ဖြစ်ပါတယ်။ တရုတ်လိုတော့ "ပင်းမာယုံး (兵马俑 - Bīngmǎyǒng)" လို့ ခေါ်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်၊ ပထမဆုံး တရုတ်ဧကရာဇ် ချင်ရှီဟွမ် နတ်ရွာစံတဲ့အခါ သူ့ရဲ့ အုတ်ဂူတော်ကို စောင့်ရှောက်ဖို့အတွက် လူအစစ်အရွယ်အစားအတိုင်း ထုလုပ်ပြီး မြှုပ်နှံထားခဲ့တဲ့ မြေထည် စစ်သည်ရုပ်တွေ ဖြစ်ပါတယ်။

- ဒီအရုပ်တွေက တစ်ရုပ်နဲ့ တစ်ရုပ် မျက်နှာအမူအရာ မတူကြပါဘူး။ အရမ်းရှားပါးပြီး သမိုင်းတန်ဖိုး ကြီးမားလွန်းလို့ ဝတ္ထုထဲမှာ ပြောသလို တစ်ရုပ်ကို သန်းချီတန်တာ မဆန်းပါဘူး နော်။]

ယဲ့ဖန်က စကားအများကြီး မပြော။ သူမကို ပြုံးပြလိုက်သည်။

"ပထမ ကိန်းဂဏန်းကို မှတ်ထားနော်... (၉၀) သန်း"

ထို့နောက် သူမ လျှောက်လာသောအခါ တယ်ရာကော့တာ ရုပ်များနှင့် မလှမ်းမကမ်းရှိ ဧရိယာတစ်ခုကို လက်ညှိုးထိုးပြလိုက်၏။

"အခု... ဒီ ဆီစိမ်ပိတ်စရဲ့ ထောင့်တစ်နေရာကို လှန်ကြည့်လိုက်"

"သတိထားပြီး လှန်နော်... ပြီးတော့ သိပ်ပြီး မရွှေ့နဲ့ဦး"

လင်းချန်ချန် ယဲ့ဖန် လက်ညှိုးထိုးပြရာသို့ လှမ်းကြည့်လိုက်သည်။

"ဘာဖြစ်လို့လဲ... အထဲမှာ ရှေးဟောင်းပစ္စည်းတွေ ရှိနေလို့လား... ကျွန်မက စိတ်မြန်လက်မြန်နဲ့ ဖွင့်လိုက်ရင် ပစ္စည်းတွေ ထိခိုက်သွားမှာ စိုးလို့လား"

ယဲ့ဖန် ခေါင်းခါလိုက်သည်။

"အဲ့လို မဟုတ်ပါဘူး"

"အဓိကက ဒီပစ္စည်းတွေကို လုံအောင် ပိတ်ထားရတာ မလွယ်ဘူးလေ... အရင်တုန်းက ကျန်းဝူလေး ခမျာ အကြာကြီး အချိန်ပေးပြီး ပိတ်ထားရတာ"

"မင်းက နည်းနည်းလေး ပိုရွှေ့လိုက်တာနဲ့... မနည်း ပိတ်ထားရတဲ့ အလွှာကြီးကို ပြန်လုပ်ဖို့ အချိန်ထပ်ပေးနေရမှာစိုးလို့ပါ"

လင်းချန်ချန် ပြောစရာ စကားမဲ့သွားသည်။

ခဏမျှ ကြောင်အမ်းသွားပြီးမှ ဖုံးအုပ်ထားသော ဧရိယာ၏ ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်၏။

ဆီစိမ်ပိတ်စ၏ ထောင့်စွန်းကို မလိုက်ပြီးနောက် ဂရုတစိုက် လှန်လိုက်သည်။

ပထမဆုံး ရှေးဟောင်းပစ္စည်း ပေါ်လာမှသာ ရပ်တန့်လိုက်လေ၏။

အခြားလက်တစ်ဖက်ဖြင့် ထိုပစ္စည်းကို ထုတ်ယူလိုက်ပြီး ပြန်ဖုံးလိုက်သည်။

"ဒါက..."

ပြန်ဖုံးပြီးသည်နှင့် လင်းချန်ချန် ထိုပစ္စည်းကို စတင် စစ်ဆေးလေတော့သည်။

ထူးခြားသော ဒီဇိုင်းနှင့် ကြေးထည်ပစ္စည်း တစ်ခုဖြစ်သည်။

ခဏလောက် စစ်ဆေးကြည့်ပြီးနောက် သူမ မျက်နှာ ရဲတက်လာ၏။

ယဲ့ဖန် ဒါကိုမြင်တော့ မစဘဲ မနေနိုင်တော့။

"မင်းကံက တော်တော်ကောင်းတာပဲ"

"အထဲမှာ ပစ္စည်းတွေ အများကြီး ရှိတာကို... ဒါကိုမှ ပထမဆုံး ရွေးမိတယ်ပေါ့"

လင်းချန်ချန် မျက်နှာ ပိုရဲလာသည်။

"ကျွန်မက အဖုံးတွေ အများကြီး လှန်မိမှာစိုးလို့... ထောင့်နဲ့ အနီးဆုံး တစ်ခုကို ရမ်းနှိုက်လိုက်တာပါ"

"ဆီးအိုး (Chamber Pot) တစ်လုံး ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ"

"ကိုင်ထားရတာ တစ်မျိုးကြီးပဲ... အနံ့တောင် ရသလိုလို"

ပြောရင်းနှင့် သူမ ထိုပစ္စည်းကို နေရာတကျ ပြန်ထည့်ရန် ပြင်လိုက်သည်။

ယဲ့ဖန် လျင်မြန်စွာ တားလိုက်၏။

"နေဦး... ပြန်ထည့်ဖို့ မလောနဲ့ဦး"

"သေချာ အရင်ကြည့်လိုက်ပါဦး... ဒီဆီးအိုးမှာ ဘာထူးခြားတာများ ရှိမလဲလို့"

"ဆီးအိုးမှာ ဘာထူးခြားစရာ ရှိလို့လဲ"

လင်းချန်ချန် အလိုအလျောက် ပြန်ပြောလိုက်မိသည်။

သို့သော် သူမ တကယ်တမ်း သေချာ စစ်ဆေးကြည့်လိုက်သည့်အခါ... မျက်နှာပေါ်မှ ရှက်ရွံ့မှုများ တောင့်ခဲ သွားလေ၏။

အစားထိုး ဝင်ရောက်လာသည်က တုန်လှုပ်အံ့ဩမှုများပင်။

"ချင်မင်းဆက် လက်ရာ နောက်တစ်ခုလား"

"ပြီးတော့ ဒီအပေါ်က အမှတ်အသား... ဒီထူးခြားတဲ့ ဘွဲ့နာမည်..."

"ဒါ... ဒါက အနောက်ချူ မင်းဆက်ရဲ့ တော်ဝင်မိသားစု သုံးခဲ့တဲ့ ဆီးအိုးလား"

ယဲ့ဖန် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

"မဆိုးဘူးပဲ"

"မန်နေဂျာ စွန်းဆီမှာ ပညာသင်လာတာ တကယ် အရာထင်တာပဲ"

"အနောက်ချူ တော်ဝင်မိသားစုရဲ့ အမှတ်အသားကိုတောင် သိနေတယ်ပေါ့"

လင်းချန်ချန် သူ့အစအနောက်ကို ဂရုမစိုက်နိုင်တော့။ ဆီးအိုးကိုသာ အသေအချာ ကြည့်ရှုနေတော့သည်။

"အနောက်ချူ တော်ဝင်မိသားစုရဲ့ ပစ္စည်းတွေက ဈေးကွက်ထဲမှာ ရှားပါးလွန်းတယ်... တစ်ခုချင်းစီက မိုးထိအောင် ဈေးကြီးတယ်ဆိုတာ ချဲ့ကားပြောတာ မဟုတ်ဘူး"

"ဒီပစ္စည်းက ဆီးအိုး ဖြစ်နေပေမဲ့... အနောက်ချူ တော်ဝင်မိသားစု သုံးခဲ့တာဆိုရင်... ဈေးကွက်ထဲ ရောက်သွားရင် အနည်းဆုံး (၁၀) သန်းလောက် တန်ကြေးရှိတယ်"

"သာမန်လူ နားလည်အောင် ပြောရရင်... ဒီဆီးအိုးနဲ့ ဂိုဒေါင်အဝင်ဝက တယ်ရာကော့တာ (၁၈) ရုပ် ပေါင်းလိုက်ရင်တင် သန်း (၁၀၀) ကျော်နေပြီပေါ့"

ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ဘာမှ မပြော။

ထိုအခါ၊ လက်ဖက်ရည်ခွက် ကိုင်လျက် ရပ်နေသော ဖူမာကျန်းဝူက ဝင်ပြောလိုက်၏။

"မစ္စလင်း... ဒါက အစပဲ ရှိပါသေးတယ်"

"အစ်မ ကြည့်နေတဲ့ ဧရိယာတစ်ခုလုံးက သခင် မှာလို့ မေပယ်ရွက်ပြခန်း (Maple Leaf Pavilion) ကနေ ပြန်သယ်လာတဲ့ ပစ္စည်းတွေပါ... စုစုပေါင်း ကြေးထည်ပစ္စည်း (၁၂၈) ခု ရှိပါတယ်"

"အစ်မ လက်ထဲက အနောက်ချူ တော်ဝင်မိသားစုသုံး ဆီးအိုးက... အဲ့ဒီအထဲမှာ တန်ဖိုးအနည်းဆုံး ပစ္စည်းပါပဲ"

လင်းချန်ချန် ကြားလိုက်ရသည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားရှာသည်။

ယဲ့ဖန်နှင့် ဖူမာကျန်းဝူကို လှမ်းကြည့်လိုက်ရုံသာမက သူမအသံကပါ high pitch မြင့်တက်သွားလေ၏။

"ဘာ... ဘာပြောလိုက်တာလဲ"

"ဒီဧရိယာမှာ ကြေးထည်ပစ္စည်း စုစုပေါင်း (၁၂၈) ခု ရှိတယ် ဟုတ်လား"

"ပြီးတော့ တန်ဖိုး (၁၀) သန်းကျော်တဲ့ ဒီဆီးအိုးက... တန်ဖိုးအနည်းဆုံး ဟုတ်လား"

ဖူမာကျန်းဝူက ချစ်စဖွယ် ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်ပါတယ်"

"ဒါပေမဲ့ ကျွန်မ ပြောတာကို ပြန်ရွတ်နေရလောက်အောင် အံ့ဩမနေပါနဲ့ဦး"

"မယုံရင် ဒီဧရိယာက ပိတ်စကို ဖယ်ပြီး ကြည့်လိုက်ပါ... ဘာပဲဖြစ်ဖြစ် ဒီည ပစ္စည်းလာသယ်ကြတော့မှာပဲလေ... စောစောဖွင့်လိုက်လည်း ကိစ္စမရှိပါဘူး"

လင်းချန်ချန် စိတ်ကို ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်သည်။

ထိုဧရိယာကို ခဏလောက် စိုက်ကြည့်ပြီးနောက် သတ္တိမွေးလိုက်ပုံ ရသည်။ ကိုယ်ကို အနည်းငယ် ကိုင်းလိုက်ပြီး ဆီးအိုးကို အောက်ချလိုက်၏။

လက်တစ်ဖက်က ဆီစိမ်ပိတ်စ၏ ထောင့်စွန်းကို ကိုင်လိုက်ပြီး ကျန်လက်တစ်ဖက်က အတွင်းပိုင်းကို ကိုင်ကာ... ဖြည်းညင်းစွာ မတင်လိုက်လေတော့သည်…။

All Chapters