အခန်း (၁၅၇၂-၁၅၇၄)
Vol. 81 Ch. 1572-1574
အခန်း (၁၅၇၂) - ရှင်က ချင်စီဟွမ် ဧကရာဇ်ရဲ့ အသိုက်ကို သွားနှိုက်ထားတာလား
~လင်းချန်ချန် တစ်ယောက်တည်း အလုပ်များနေသည်ကို မကြည့်ရက်တော့သဖြင့် ဖူမာကျန်းဝူက လက်ဖက်ရည်ခွက်ကို ချကာ သူမကို ကူညီရန် လျှောက်သွားလိုက်၏။
နှစ်ယောက်သား ဆီစိမ်ပိတ်စကို ဖယ်ရှားလိုက်သည်နှင့် နှစ်ပေါင်းများစွာ စုစည်းနေသော ကြေးညှော်နံ့သင်းသင်းလေးက ချက်ချင်းပင် ပျံ့လွင့်လာသည်။
တပြိုင်နက်တည်းမှာပင်... များပြားလှသော ကြေးထည်ပစ္စည်း အုပ်စုကြီးသည် ပြတိုက်တစ်ခုတွင် ပြသထားသကဲ့သို့ အစီအရီ ပေါ်ထွက်လာလေ၏။
လင်းချန်ချန် တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
စောစောက ယဲ့ဖန်က (၁၂၈) ခု ရှိသည်ဟု ပြောတုန်းက သူမ ယုံကြည်ခဲ့ပါသည်။
သို့သော်၊ တကယ်တမ်း ဆီစိမ်ပိတ်စကို ဖယ်လိုက်ပြီး ကြေးထည်ပစ္စည်း (၁၂၈) ခုကို မျက်စိရှေ့မှာ တွေ့လိုက်ရတဲ့အခါကျမှ... သူမ လျှော့တွက်မိခဲ့မှန်း သဘောပေါက်လိုက်ရသည်။
စုစုပေါင်း ကြေးထည်ပစ္စည်း (၁၂၈) ခု။ ပထမဆုံး ထုတ်ကြည့်ခဲ့သော ဆီးအိုးက လွဲလျှင် ကျန်တာတွေအကုန်လုံးက ဓားတွေ၊ ဖိုကြီးတွေ၊ ရုပ်တုတွေနှင့် လေးထောင့် ပန်းကန်ပြားတွေ စသဖြင့် အဖိုးတန် ကြေးထည်ပစ္စည်းတွေချည်း ဖြစ်နေသည်။
"ရှင်... ဒါတွေအားလုံးက ချင်မင်းဆက် လက်ရာတွေလို့တော့ မပြောနဲ့နော်"
လင်းချန်ချန် တံတွေးမမြိုဘဲ မနေနိုင်တော့။
ယဲ့ဖန် လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး ပြုံးလိုက်သည်။
"ဂုဏ်ယူပါတယ်... မင်း အဖြေမှန် ရွေးချယ်နိုင်ခဲ့ပါပြီ"
"ဒါပေမဲ့ ကံဆိုးတာက ဆုမဲ မပါတာပါပဲ"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
လင်းချန်ချန် မယုံနိုင် ဖြစ်နေရှာသည်။ ခဏမျှ တုန်လှုပ်သွားပြီးနောက် လျင်မြန်စွာ ထိုင်ချလိုက်ပြီး ထိုဧရိယာရှိ ကြေးထည်ပစ္စည်းများကို စတင် စစ်ဆေးလေတော့သည်။
ယဲ့ဖန် သူမကို ဂရုမစိုက်တော့။ ဖူမာကျန်းဝူ ဘက်သို့ လှည့်ကြည့်လိုက်၏။
"ဖူမာ မျိုးနွယ်စုက ဂိုဒေါင်ကို တိတ်တဆိတ် စောင့်ကြပ်နေတုန်းပဲ မလား"
"ဟုတ်ကဲ့ သခင်"
ဖူမာကျန်းဝူ ကပျာကယာ ခေါင်းညိတ်ပြလိုက်သည်။
"ဖူမာ မျိုးနွယ်စုရော... မိုးကောင်းကင် ဝံပုလွေအဖွဲ့ရော ဂိုဒေါင်ကို တိတ်တဆိတ် ကာကွယ်ပေးနေပါတယ်"
"သခင်... အစီအစဉ်သစ်များ ရှိလို့လား"
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
"ဒီည လင်းချန်ချန်တို့က ဒီရှေးဟောင်းပစ္စည်း အသုတ်လိုက်ကြီးကို လင်းနန် ကို ပြန်သယ်ကြလိမ့်မယ်"
"လုံခြုံရေး အစောင့်အရှောက် တာဝန်ကို တခြားလူလက်ထဲ အပ်လိုက်ရင် ငါ စိတ်မချဘူး"
"အချိန်ကျရင် မိုးကောင်းကင် ဝံပုလွေအဖွဲ့နဲ့ ဖူမာ မျိုးနွယ်စုက နင်ဂျာတချို့ကို လွှတ်ပြီး သူတို့ကို တိတ်တဆိတ် ကာကွယ်ပေးလိုက်ပါ"
ဖူမာကျန်းဝူ ချက်ချင်း သဘောတူလိုက်သည်။
ယဲ့ဖန် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဖုန်းကို ထုတ်ကာ ဖုန်းရှောက်ခွန်းကို ခေါ်လိုက်၏။
ဖုန်းဝင်သွားသည်နှင့် တပြိုင်နက် တစ်ဖက်မှ ချက်ချင်း ကိုင်လိုက်သည်။
"ဆရာ... ဘာများ ခိုင်းစရာ ရှိလို့လဲခင်ဗျ"
ယဲ့ဖန် လိုရင်းကို ချက်ချင်း မပြောသေး။ ဂရုစိုက်သည့် လေသံဖြင့် မေးလိုက်သည်။
"ဦးလေးဖုန်း အခြေအနေ ဘယ်လိုလဲ"
"အရင်ကထက်တောင် ပိုကောင်းနေပါပြီ"
ဒီအကြောင်း ပြောလိုက်တော့ ဖုန်းရှောက်ခွန်း၏ လေသံက အလွန် စိတ်လှုပ်ရှားနေပုံ ရသည်။
"ဆရာ ကုပေးပြီးကတည်းက အဖေ့မျက်နှာပေါ်က အပြုံးတွေ ပျောက်ကို မသွားတော့ဘူး"
"တစ်နှစ်ပတ်လုံး သူ့နားမှာ နေနေတဲ့ အရာရှိတွေက ပြောကြတယ်... အဖေ့ဆီမှာ အလုပ်လုပ်လာတာ (၁၀) နှစ်ကျော်ပြီ... ဒီနေ့တစ်ရက်တည်း ပြုံးတဲ့အကြိမ်ရေက လွန်ခဲ့တဲ့ (၁၀) နှစ်လုံး ပေါင်းတာထက်တောင် ပိုများနေသေးတယ်တဲ့"
"နောက်ပိုင်းကျရင် ပိုကောင်းလာမှာပါ"
ယဲ့ဖန် ပြန်ပြုံးပြလိုက်သည်။ ဖုန်းရှောက်ခွန်းနှင့် စကားစမြည် ခဏပြောပြီးနောက် လိုရင်းကို ဆက်ပြောလိုက်၏။
"ဒီလိုကွ..."
"ငါ့လက်အောက်က လူနှစ်ယောက် ဒီနေ့ ကျန်းကောကနေ လင်းနန်ကို တန်ဖိုးကြီး ရှေးဟောင်းပစ္စည်းတွေ သယ်သွားစရာ ရှိတယ်"
"ကျန်းကော စစ်မျက်နှာပြင်ကနေ ဒီည လင်းနန်ဖက်ကို သွားမယ့် သယ်ယူပို့ဆောင်ရေး ယာဉ်တန်းများ ရှိလား"
"ရှိတယ်ဆိုရင် ငါ့လူတွေကို မင်းတို့ ကျန်းကော စစ်မျက်နှာပြင် ယာဉ်တန်းနဲ့ ပူးပေါင်းပြီး လိုက်ပါခွင့် ပြုပေးပါလား"
ဖုန်းရှောက်ခွန်း ယဲ့ဖန် ဆိုလိုချင်တာကို ကောင်းကောင်း သဘောပေါက်သည်။ တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်၏။
"ဒါက ကိစ္စသေးလေးပါ ဆရာ"
"ကျွန်တော် မေးကြည့်ပေးပါမယ်"
"မိနစ်ပိုင်းလောက်နေရင် အကြောင်းပြန်ပေးပါ့မယ်"
ယဲ့ဖန် အချိန်ဖြုန်းမနေတော့။ ပြန်ဖြေပြီးနောက် ဖုန်းချလိုက်ပြီး လက်ဖက်ရည် ဆက်သောက်နေလိုက်သည်။
ထိုအချိန်တွင် လင်းချန်ချန်သည် ကြေးထည်ပစ္စည်း အနည်းငယ်ကို စစ်ဆေးပြီးသွားပြီ ဖြစ်သည်။ သူမ၏ မျက်လုံးများ ရုတ်တရက် မှေးမှိန်သွား၏။
ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲ သွားရှာသည်။
သူမ၏ တုံ့ပြန်မှုက ရယ်စရာကောင်းသည်ဟု ယဲ့ဖန် ခံစားလိုက်ရသဖြင့် ချက်ချင်း စနောက်လိုက်လေသည်။
"ဘယ်လိုလဲ... စစ်ဆေးရေးမှူးကြီး လင်း"
"ဘာအဖြေထွက်လဲ"
ထိုအခါမှ လင်းချန်ချန် အသိပြန်ဝင်လာသည်။ သူမ ရုတ်ချည်း လှည့်ကြည့်လိုက်၏။
"အစစ်တွေပဲ"
"ကျွန်မ ကြေးထည်ပစ္စည်း (၅) ခု စစ်ဆေးပြီးပြီ... အကုန်လုံး အစစ်တွေချည်းပဲ"
"ပြီးတော့ အားလုံးက ချင်မင်းဆက် ယဉ်ကျေးမှု အမွေအနှစ်တွေချည်းပဲ"
"တစ်ခုချင်းစီက တကယ်ပဲ (၁၀) သန်းမက တန်ကြေးရှိတယ်"
ပြောရင်းနှင့် သူမ ယဲ့ဖန်ကို တုန်လှုပ်ချောက်ခြားစွာ ကြည့်လိုက်မိသည်။
"ရှင်... ချင်စီဟွမ် ဧကရာဇ်ရဲ့ အသိုက်ကို သွားနှိုက်ထားတာလား"
"ချင်မင်းဆက် ကြေးထည်ပစ္စည်းတွေ အများကြီးကို ဘယ်ကနေ ရလာတာလဲ"
"စုစုပေါင်း ကြေးထည်ပစ္စည်း (၁၂၈) ခု... ပြီးတော့ တစ်ခုထက် တစ်ခု ပိုတန်ဖိုးကြီးနေတယ်... ဒီပစ္စည်းတွေရဲ့ စုစုပေါင်း တန်ဖိုးတင် (၁.၅) ဘီလီယံ ကျော်လောက် ရှိမယ်"
ယဲ့ဖန် သူမ၏ နောက်ဆုံးစကားများကို ဂရုမစိုက်။ ရယ်မောလိုက်သည်။
"ချင်စီဟွမ် အသိုက်ကို နှိုက်တယ် ဆိုတာလောက်ထိတော့ မဟုတ်ပါဘူး"
"ဒါပေမဲ့... သိပ်တော့ မကွာပါဘူး"
ပြောရင်းနှင့် ဆီစိမ်ပိတ်စများ ဖုံးအုပ်ထားသော ကျန်ဧရိယာများကို ဆက်လက် ကြည့်ရှုရန် လက်ဟန်ပြလိုက်သည်။
"စောစောက မင်းမြင်လိုက်တာက ကြေးထည်ပစ္စည်းတွေပဲ ရှိသေးတယ်"
"ပန်းချီကား ဧရိယာ၊ ကျောက်စိမ်း ဧရိယာ၊ ကြွေထည် ဧရိယာ၊ ရွှေငွေရတနာ ဧရိယာ စသဖြင့် ရှိသေးတယ်"
"မလောပါနဲ့... တစ်ခုချင်းစီ သေချာကြည့်ပြီးမှ မှတ်ချက်ပေးပါ"
လင်းချန်ချန် ထုံကျဉ်သွားရတော့၏။
ယဲ့ဖန်၏ မိတ်ဆက်စကားကို ကြားပြီးနောက် ဂိုဒေါင်တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည့်အခါ သူမ၏ ခန္ဓာကိုယ် သိမ့်သိမ့်တုန် သွားမိသည်။
"ဒီ... ဒီ ပိတ်စတွေ အကုန်လုံးအောက်မှာ ရှေးဟောင်းပစ္စည်းတွေနဲ့ ရတနာတွေ ရှိနေတယ်လို့တော့ မပြောနဲ့နော်"
ယဲ့ဖန် ပြုံးနေဆဲပင်။
သူ ဘာမှမပြောသော်လည်း သူ့မျက်နှာထားက အရာအားလုံးကို ရှင်းပြနေလေသည်။
ဒါကို မြင်တော့ လင်းချန်ချန် ပြောစရာ စကားမဲ့သွား၏။
ခဏလောက် တိတ်ဆိတ်သွားပြီးမှ နောက်ဆုံးတွင် မေးလိုက်လေသည်။
"ဒီပစ္စည်းတွေ ဘယ်လောက်တန်လဲဆိုတာ တိုက်ရိုက်သာ ပြောလိုက်ပါတော့... ကျွန်မ လက်လျှော့လိုက်ပါပြီ"
ယဲ့ဖန် ဂိုဒေါင် တစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်သည်။
"အသေးစိတ်တော့ ကိုယ်လည်း တစ်ခုချင်းစီ တွက်မထားဘူး"
"ရှေးဟောင်းပစ္စည်းတွေ ခွဲထုတ်တုန်းက အကြမ်းဖျင်း တွက်ကြည့်တာတော့... မေပယ်ရွက်ပြခန်း အတွက် ချန်ထားတဲ့ ကြေးထည်ပစ္စည်းတွေက (၂) ဘီလီယံလောက် တန်မယ်... ကျောက်စိမ်းတွေက (၃.၆) ဘီလီယံ၊ လက်ရေးမူနဲ့ ပန်းချီကားတွေက (၄.၅) ဘီလီယံ၊ ကြွေထည်တွေက (၂.၈) ဘီလီယံ၊ ပြီးတော့ တခြား ရောရာပစ္စည်းတွေက (၁.၂) ဘီလီယံလောက် ရှိမယ်... အားလုံးပေါင်းလိုက်ရင် စုစုပေါင်း တန်ဖိုးက (၁၄) ဘီလီယံကျော်တယ်"
"ဘယ်... ဘယ်လောက်"
လင်းချန်ချန် သူမ ကြားလိုက်ရသည့် ကိန်းဂဏန်းကို မယုံနိုင်။
ယဲ့ဖန် ပြန်ပြောလိုက်သည်။
"(၁၄) ဘီလီယံ"
"ဒါတောင် မေပယ်ရွက်ပြခန်းအတွက် ချန်ထားတဲ့ အပိုင်းပဲ ရှိသေးတယ်"
"မေပယ်ရွက်ပြခန်းအတွက် အပိုင်းအပြင်... ဆိုသဘီး လေလံပွဲ (Sotheby’s Auction House) မှာ တင်ရောင်းဖို့ ပိုသင့်တော်မယ့် ပစ္စည်းတချို့လည်း သပ်သပ် ဖယ်ထားသေးတယ်... အဲ့ဒီပစ္စည်းတွေရဲ့ စုစုပေါင်း တန်ဖိုးက (၁၃) ဘီလီယံကျော်တယ်"
"(၁၄) ဘီလီယံ နဲ့ (၁၃) ဘီလီယံ ပေါင်းရင်... (၂၇) ဘီလီယံ ဟုတ်လား"
လင်းချန်ချန်၏ ပါးစပ်က ကြက်ဥတစ်လုံး ဝင်ဆံ့လောက်အောင် ဟသွားသည်။
"ရှင်... ချင်စီဟွမ် အသိုက်ကို မနှိုက်ထားဘူးဆိုတာ သေချာလို့လား"
ယဲ့ဖန် သူမ၏ နောက်ဆုံးစကားကို လျစ်လျူရှုလိုက်သည်။ သူမကို လက်ဖက်ရည်တစ်ခွက် ကမ်းပေးလိုက်ပြီး လည်ချောင်းရှင်းအောင် သောက်ဖို့ လက်ဟန်ပြလိုက်၏။ ထို့နောက် ပြုံးလိုက်သည်။
"အခုဆိုရင် မန်နေဂျာ စွန်းရဲ့ မိတ်ဆွေတွေက ဒီရှေးဟောင်းပစ္စည်းတွေရဲ့ လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးဆိုတာ မင်း ယုံပြီလား”
အခန်း (၁၅၇၃) - ရှင်က ဒါကို မျှော်လင့်ထားတာလား
~လင်းချန်ချန် တုန်လှုပ်စွာဖြင့် ခေါင်းညိတ်လိုက်မိသည်။
‘(၁၄) ဘီလီယံတန်ဖိုးရှိတဲ့ ပစ္စည်းတွေအတွက် မန်နေဂျာ စွန်းရဲ့ မိတ်ဆွေတွေ မပြောနဲ့၊ နိုင်ငံအတွင်းမှာ နာမည်ကြီးတဲ့ လုံခြုံရေး ကုမ္ပဏီကြီးတွေတောင် တာဝန်ယူရဲမှာ မဟုတ်ဘူး။
ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးမယ့်သူ နိုင်ငံတစ်ဝန်းလုံးမှာ ရှားတယ်ဆိုတာ ချဲ့ကားပြောတာ မဟုတ်ဘူးလေ။’
ယဲ့ဖန်က လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး သူမခွက်နှင့် ဖွဖွလေး တိုက်လိုက်သည်။
"အဲ့လို မလုပ်ပါနဲ့"
"တခြားဘက်ကနေ တွေးကြည့်လေ... ဒီညပြီးသွားရင် ဒီရှေးဟောင်းပစ္စည်းတွေ အကုန်လုံးက မေပယ်ရွက်ပြခန်း ပေါ် ရောက်သွားတော့မှာ"
"မကြာခင်မှာ မေပယ်ရွက်ပြခန်းရဲ့ ဂုဏ်သတင်းကလည်း မြင့်တက်လာလိမ့်မယ်"
"ဈေးကွက်တန်ဖိုးလည်း အဆပေါင်းများစွာ တက်လာနိုင်တယ်လေ"
ယဲ့ဖန် ပြောလိုက်သည့်အခါမှ သူမ သတိပြန်ဝင်လာပုံ ရသည်။ အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ မျက်ဝန်းများ တောက်ပလာလေ၏။
"ဒါတွေက ချင်မင်းဆက် ရတနာတွေလေ"
"အများစုက ဒီနေ့ခေတ် ဈေးကွက်ထဲမှာ မြင်ရခဲတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေပဲ"
"ဒါတွေသာ မေပယ်ရွက်ပြခန်းမှာ ရောက်သွားရင်... ရှေးဟောင်းပစ္စည်း လောကမှာ တုန်လှုပ်ချောက်ခြားသွားစေလိမ့်မယ်... မေပယ်ရွက်ပြခန်းရဲ့ ဂုဏ်သတင်းအတွက် အရမ်း အကျိုးရှိမှာပဲ"
ယဲ့ဖန် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။
လင်းချန်ချန်က ကုမ္ပဏီကြီးက လာသူပီသသည်။ သဘောပေါက်သွားသည်နှင့် သူမ၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်တော့သည်။
"ရှေးဟောင်းပစ္စည်း လောကမှာ ဂုဏ်သတင်းဆိုတာ ဖောက်သည်တွေ ဝင်ရောက်မှုနဲ့ တိုက်ရိုက် အချိုးကျတယ်"
"အဲ့ဒီအချိန်ကျရင် လူတွေ ပိုလာလေ... မေပယ်ရွက်ပြခန်းရဲ့ အမြတ်ငွေနဲ့ ဈေးကွက်တန်ဖိုးက ဒုံးပျံစီးသလို တက်သွားလေ ဖြစ်မှာပဲ..."
ပြောရင်းနှင့် သူမ ခေါင်းစဉ် ပြောင်းလိုက်သည်။
"ဒါ... ဒါက ရှင့်မျှော်လင့်ချက်ထဲမှာ ပါပြီးသားလား"
ယဲ့ဖန် သူမ ဘာဆိုလိုချင်မှန်း နားမလည်။
လင်းချန်ချန် တံတွေးမြိုချလိုက်သည်။
"ကျွန်မ သိချင်တာက... ဒီရှေးဟောင်းပစ္စည်းတွေကို မေပယ်ရွက်ပြခန်းမှာ ရောင်းလိုက်ရင် အမြတ်ငွေရမယ့်အပြင် အမှတ်တံဆိပ် (Brand) တန်ဖိုးပါ တက်လာမယ်ဆိုတာကို ရှင် ကြိုသိနေတာမလား"
"တကယ်လို့ ရှင်သာ ဒါကို ကြိုသိနေတယ်ဆိုရင်... ရှင့်ရဲ့ အမြော်အမြင်က တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်"
"ကျောက်ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲ"
"အရင်းအနှီး တူတူပဲကို အမြတ်ပိုထွက်အောင် ဖန်တီးလိုက်တာပဲ"
လင်းချန်ချန် ပို၍ စိတ်လှုပ်ရှားလာသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖန်လည်း သဘောပေါက်သွားသည်။
ဟုတ်သလိုလိုတော့ ရှိသား။
အရင်တုန်းက သူက ကြက်ဥတွေကို ခြင်းတစ်လုံးထဲ ထည့်မသယ်ချင်၍ ချန်းချုံရှန်း ကို ရှန် ဘုရင် ၏ ရတနာတစ်ဝက် ပေးလိုက်ပြီး ကျန်တစ်ဝက်ကို သူ့ဆိုင်မှာ ရောင်းဖို့ စီစဉ်ခဲ့သည်။ ဒါက မထင်မှတ်ဘဲ ပါးနပ်သည့် လုပ်ရပ်တစ်ခု ဖြစ်သွားသည်ကိုး။
လင်းချန်ချန်၏ မျက်လုံးများထဲတွင် လေးစား အားကျမှုများ ပြည့်နှက်နေသည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖန် သူမ၏ စိတ်ကူးယဉ် အိပ်မက်ကို မဖျက်ဆီးလိုတော့။
"မဆိုးဘူး... မင်း ကိုယ့်အကွက်ကို မြင်သားပဲ"
"ရိုးရိုးသားသား ပြောရရင်... မင်းနဲ့ ဆိုသဘီး (Sotheby's) က လူတွေကို မခေါ်ခင်မှာ ကိုယ် သေချာ ရွေးထုတ်ထားပြီးသားပါ"
"အချိန်ကျရင် မင်းတို့ဆိုင်မှာ ရောင်းဖို့သင့်တော်တဲ့ အရည်အသွေးမြင့် ပစ္စည်းတွေကိုပဲ ခွဲပေးလိုက်မှာပါ"
ထိုအခါ၊ လင်းချန်ချန်က "ငါ ထင်သားပဲ" ဟူသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
ဂိုဒေါင်ကို ဝေ့ဝဲကြည့်ပြီးနောက် သူမ ဖုန်းကို လျင်မြန်စွာ ထုတ်လိုက်၏။
"မန်နေဂျာ စွန်းကို အခုပဲ အခြေအနေ လှမ်းပြောလိုက်မယ်"
"သူ့ကို အချိန်မဖြုန်းနဲ့တော့လို့ ပြောလိုက်မယ် နော်"
"ပြီးတော့ သူ့ကို အမြန်ဆုံး လာခိုင်းလိုက်မယ်... ဒါမှ ဒီပစ္စည်းတွေ မေပယ်ရွက်ပြခန်း ရောက်ရင် ဘယ်လို စီမံခန့်ခွဲမလဲဆိုတာ တိုင်ပင်လို့ ရမှာလေနော်"
ယဲ့ဖန် ဘာမှမပြော။
သူမ ဖုန်းဆက်နေစဉ် သူက လက်ဖက်ရည်ကိုသာ အေးဆေးစွာ ဆက်သောက်နေလိုက်သည်။
လက်ဖက်ရည်သောက်ပြီး မကြာမီ ဖုန်းရှောက်ခွန်း ဆီမှ ဖုန်းပြန်ဝင်လာ၏။
"ဆရာ... ကျွန်တော် မေးပေးပြီးပြီ"
"ဒီနေ့ ကျန်းကော စစ်မျက်နှာပြင်ကနေ လင်းနန်ကို တိုက်ရိုက်သွားမယ့် ယာဉ်တန်းတော့ မရှိဘူး... ဒါပေမဲ့ ချုံတောင်ဖက်ကို စစ်ရေးလေ့ကျင့်ဖို့ သွားမယ့် တပ်ဖွဲ့ကြီးတစ်ခု ရှိတယ်... သူတို့ လမ်းကြောင်းက လင်းနန်ကို ဖြတ်သွားမှာတဲ့ဗျ"
"အဖွဲ့ခေါင်းဆောင်က ကျွန်တော့်ရဲ့ ညီအစ်ကိုရင်းလို လူပါ... ဆရာ လိုအပ်ရင် ကျွန်တော် လှမ်းပြောပေးထားမယ်... ခဏနေကျရင် ဆရာ့လူတွေက သူနဲ့ အချိန်မီ သွားတွေ့လိုက်ရုံပဲနော်"
"ဒါဆို အဆင်ပြေတာပေါ့"
ယဲ့ဖန် ပြုံးလိုက်သည်။
စစ်ဆင်ရေး ယာဉ်တန်းများနှင့် အတူလိုက်ပါချင်ရခြင်း အကြောင်းအရင်းမှာ လမ်းတွင် လူဆိုးလူမိုက်များ စွန့်စားတိုက်ခိုက်လာပါက စစ်တပ်၏ ကာကွယ်ရေး အင်အားနှင့် ဟန့်တားနိုင်စွမ်းကို အသုံးပြုချင်၍ ဖြစ်သည်။
အတိုင်းအတာတစ်ခုအထိ ပြောရလျှင် စစ်ရေးလေ့ကျင့်ဖို့ သွားသော တပ်ဖွဲ့များ၏ အင်အားနှင့် ဟန့်တားနိုင်စွမ်းသည် သာမန် သယ်ယူပို့ဆောင်ရေး ယာဉ်တန်းများထက် ပို၍ မြင့်မားလေသည်။
သူတို့နှင့်သာ အတူလိုက်ပါသွားနိုင်လျှင် သာမန် ယာဉ်တန်းများနှင့် သွားခြင်းထက် သေချာပေါက် ပိုစိတ်ချရပေမည်။
"ငါ့လက်အောက်ငယ်သားရဲ့ ဆက်သွယ်ရန် လိပ်စာ ပို့ပေးလိုက်မယ်"
"အသေးစိတ်ကို မင်းပဲ ကူညီ ညှိနှိုင်းပေးလိုက်တော့"
ယဲ့ဖန် ပြောပြီးသည်နှင့် မန်နေဂျာ စွန်း ၏ ဖုန်းနံပါတ်ကို ပို့ပေးလိုက်သည်။
ဖုန်းရှောက်ခွန်းလည်း အလုပ်မြန်သည်။ ဖုန်းနံပါတ် ရသည်နှင့် ချက်ချင်း ပြန်ပြောလိုက်၏။
"စိတ်မပူပါနဲ့ ဆရာ"
"ကျွန်တော် အခုပဲ ညှိနှိုင်းပေးလိုက်ပါ့မယ်"
"ကျွန်တော့်သူငယ်ချင်းကို ဆရာ့လူဆီ ဖုန်းဆက်ပြီး အသေးစိတ် ပြောပြခိုင်းလိုက်မယ်"
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ ဖုန်းချပြီးနောက် လင်းချန်ချန်၏ ပခုံးကို ပုတ်ကာ သတိပေးလိုက်၏။
"မန်နေဂျာ စွန်းကို ပြောလိုက်ပါ"
"ကျန်းကော စစ်မျက်နှာပြင်နဲ့ ချိတ်ဆက်ပြီးပြီလို့"
"ဒီနေ့ ကျန်းကော စစ်မျက်နှာပြင်ကနေ ချုံတောင် ဖက်ကို သွားမယ့် တပ်ဖွဲ့တစ်ခု ရှိတယ်... သူတို့ လင်းနန်ကို ဖြတ်သွားလိမ့်မယ်... အဲ့ဒီကျရင် မင်းနဲ့ ငါတို့ ယာဉ်တန်းက သူတို့နဲ့ ပူးပေါင်းပြီး လိုက်သွားရမယ်"
"ကျန်းကောက အဖွဲ့ခေါင်းဆောင်က မန်နေဂျာ စွန်းကို ဆက်သွယ်လာလိမ့်မယ်"
လင်းချန်ချန် ကြားလိုက်ရသည့်အခါ ပါးစပ်အဟောင်းသား ဖြစ်သွားရှာသည်။
သို့သော် ခဏမျှ ကြောင်အမ်းသွားပြီးမှ မန်နေဂျာ စွန်းထံ သတင်းလှမ်းပို့လိုက်လေ၏။
သူတို့ ညှိနှိုင်းပြီးနောက် မန်နေဂျာ စွန်း ရောက်လာသည်။ လင်းချန်ချန်၊ ယဲ့ဖန်တို့နှင့်အတူ မေပယ်ရွက်ပြခန်းသို့ ပို့ဆောင်ရမည့် ရှေးဟောင်းပစ္စည်းများကို ရွေးချယ်လိုက်ကြသည်။ ပြီးနောက် ယဲ့ဖန်က လင်းချန်ချန်နှင့် မန်နေဂျာ စွန်းကို ကျန်းကော ဒေသအစားအစာများဖြင့် ဧည့်ခံလိုက်လေ၏။
ညစာစားပြီးနောက် သယ်ယူပို့ဆောင်ရေး ကားကြီး ရောက်လာပြီး လမ်းခွဲရမည့်အချိန် ရောက်လာသည်။
ထိုအချိန်တွင် ညအမှောင်ထုက စတင် ကြီးစိုးလာပြီ ဖြစ်သည်။
လင်းချန်ချန်က သူ့ကို ခွဲခွာရမှာ ဝန်လေးနေပုံ ရသည်။
အခွင့်အရေးယူပြီး ယဲ့ဖန်ကို သူမ သူ့ကို အကြာကြီး စိုက်ကြည့်နေပြီးနောက် လူလစ်သည့်အချိန်တွင် သူမက ဖက်လိုက်လေသည်။
"ရှင်လည်း ဂရုစိုက်နော်"
"ရှင် မြင့်မြင့်ပျံနိုင်လား မပျံနိုင်ဘူးလား ဆိုတာကို လူအများကြီးက စိတ်ဝင်စားကြပေမဲ့... ရှင် ပျံသန်းရတာ ပင်ပန်းနေလား ဆိုတာကို ဂရုစိုက်မယ့်သူတွေလည်း ရှိတယ်ဆိုတာ အမြဲ သတိရပါ"
သူမ ဘာဆိုလိုချင်မှန်း ယဲ့ဖန် နားလည်ပါသည်။
သူမ ကျောလေးကို ဖွဖွလေး ပုတ်ပေးလိုက်၏။
"မင်းလည်း ဂရုစိုက်ပါ"
"မတွေ့တာ ကြာလို့လား မသိဘူး... မင်း ပိန်သွားသလိုပဲ"
လင်းချန်ချန် တစ်ခုခု အထင်လွဲသွားပုံ ရသည်။ ယဲ့ဖန် ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်၏။
"ကျွန်မ ပိန်သွားလို့လား... မဟုတ်ပါဘူး"
"အရင်ကလည်း F Cup (အက်ဖ် ကပ်) ပါ... အခုလည်း F Cup ပါပဲ"
"လောလောဆယ် ယောဂ (Yoga) ကစားနေလို့ အတွင်းခံတောင် နည်းနည်း ကျပ်နေသလို ခံစားရတယ်"
ယဲ့ဖန် ပြောစရာ စကားမဲ့သွားသည်။
‘သူ ပိန်သည်ဟု ပြောတာက လင်းချန်ချန် မျက်နှာလေး သွယ်သွားတာကို ပြောတာလေ။
ဘာလို့ သူမရဲ့ ပထမဆုံး တုံ့ပြန်မှုက ရင်ဘတ်ကို ငုံ့ကြည့်တာ ဖြစ်နေရတာလဲ။’
သူ ချောင်းအသာဟန့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။
"ဘာပဲဖြစ်ဖြစ်... ကိုယ် ဆိုလိုတာက မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါလို့ ပြောတာပါ"
ထိုအခါမှ လင်းချန်ချန် အကြည့်ပြန်ရုတ်လိုက်ပြီး သူ့မျက်နှာကို ခဏလောက် စိုက်ကြည့်နေကာ "အင်း" ဟု တိုးတိုးလေး ပြန်ဖြေလိုက်လေ၏။
မကြာမီ ဖူမာကျန်းဝူ၊ မိုးကောင်းကင် ဝံပုလွေအဖွဲ့နှင့် အခြားသူများ၏ အကူအညီဖြင့် မေပယ်ရွက်ပြခန်းအတွက် ခွဲဝေထားသော ရှေးဟောင်းပစ္စည်းများ အားလုံး ကားပေါ်သို့ ရောက်ရှိသွားကြသည်။
လင်းချန်ချန်လည်း မတတ်သာဘဲ ကားပေါ်သို့ ပြန်တက်ကာ မန်နေဂျာ စွန်း တို့နှင့်အတူ ထွက်ခွာရန် ပြင်ဆင်လိုက်ရတော့သည်။
ယဲ့ဖန် လိုက်မပို့တော့။
သူတို့ ယာဉ်တန်း ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ဂိုဒေါင်ထဲသို့ ပြန်ဝင်ကာ ခဏလောက် အနားယူလိုက်လေ၏။
တစ်ရေးတစ်မော အိပ်ပြီးနောက်... မထင်မှတ်ဘဲ ချန်းချုံရှန်းနှင့် သူ့လူများနှင့်အတူ ရောက်ရှိလာလေတော့သည်။
အခန်း (၁၅၇၄) - ဒါက ခင်ဗျား ကြွားဖို့အတွက် လုံလောက်ပြီလား
~ယဲ့ဖန် နားမလည်။
သို့သော် ဖူမာကျန်းဝူနှင့်အတူ ဂိုဒေါင်ထဲမှ ထွက်လာသည့်အခါ ချန်းချုံရှန်း၏ မျက်လုံးထဲတွင် ဖုံးကွယ်မထားနိုင်သော စိတ်လှုပ်ရှားမှုများကို မြင်လိုက်ရသည်။
သည
ချန်းချုံရှန််းသည် ဂိုဒေါင်ထဲသို့ မကြာခဏ လှမ်းမျှော်ကြည့်နေပြီး သူ့နောက်တွင်လည်း ခန့်ညားသော အရှိန်အဝါရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသားအချို့ ပါလာသည်ကို ယဲ့ဖနါ တွေ့လိုက်ရသောအခါ အခြေအနေကို အများကြီး နားလည်လိုက်လေ၏။
ချန်းချုံရှန်းက ယဲ့ဖန် သူတို့ကို အပ်မည့် ရှေးဟောင်းပစ္စည်းတွေကို မြင်ချင်လွန်း၍ မစောင့်နိုင်တော့တာ ဖြစ်ပုံ ရသည်။
ချန်းချုံရှန်း နောက်က လူတွေကလည်း ပညာတတ် အငွေ့အသက်တွေ ရှိပြီး မျက်လုံးများက တောက်ပနေကြသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် သူတို့က ရှေးဟောင်းပစ္စည်း လောကမှာ ကျင်လည်နေသော ဝါရင့် ပညာရှင်တွေမှန်း သိသာလှပေသည်။
"ညီလေးယဲ့... ငါ တစ်နာရီလောက် စောရောက်လာတယ်ကွ... မင်းအတွက် အဆင်မပြေ ဖြစ်သွားသေးလား"
ယဲ့ဖန် ထွက်လာသည်ကို မြင်သောအခါ ချန်းချုံရှန်း အမြန် လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။
သူ့နောက်မှ လူလတ်ပိုင်း အမျိုးသားများကလည်း အလျင်အမြန် နှုတ်ဆက်ကြ၏။
"မင်္ဂလာပါ ပညာရှင်ယဲ့"
"တွေ့ရတာ ဝမ်းသာပါတယ် ခင်ဗျာ"
"ပညာရှင်ယဲ့ရဲ့ ဂုဏ်သတင်းကို ကြားနေရတာ ကြာပါပြီ"
ယဲ့ဖန် သူတို့ကို ပြုံးပြလိုက်ပြီး ချန်းချုံရှန်း ဘက်သို့ လှည့်လိုက်သည်။
"ခင်ဗျားနဲ့ ကျွန်တော်ကြားမှာ ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူးဗျာ"
"ဒဲ့သာ ပြောပါ... ဒီလောက် စောစောစီးစီး ရောက်လာတာ ဘာအကြံအစည် ရှိလို့လဲ"
ချန်းချုံရှန်း ယဲ့ဖန် ဘေးနားသို့ ကပ်လာပြီး အသံတိုးတိုးဖြင့် ပြောလိုက်လေ၏။
"တကယ်တော့... တခြား ရည်ရွယ်ချက် မရှိပါဘူးကွာ"
"အခြေအနေလေး လာကြည့်ရင်း မင်းကို လာနှုတ်ဆက်တာပါ"
"မင်းဆီက ဖုန်းရပြီးတာနဲ့... ငါ ဆိုသဘီး ရုံးချုပ်ကို အကြောင်းကြားလိုက်တယ်လေ... အဲ့ဒါ ရုံးချုပ်က အမှုဆောင် အရာရှိ တစ်ယောက်ကို အထူးတလည် လွှတ်လိုက်လို့ပါ"
ယဲ့ဖန် မအံ့ဩပါ။ ဒါပေမဲ့ ချက်ချင်း ပြန်မပြောဘဲ သူ့ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။
"အဟမ်း..."
ချန်းချုံရှန်း ချောင်းအသာဟန့်လိုက်သည်။
"ညီလေးယဲ့... မင်း နားလည်ပေးပါကွာ..."
"ငါက မင်းစကားကို နားထောင်ပြီး... ကြိုတင် ကြွားလုံးထုတ်ထားမိလို့ပါ"
"ဆိုသဘီး ရုံးချုပ်က ဒါကို ဒေါ်လာ ဘီလီယံချီတဲ့ အရောင်းအဝယ်ကြီးလို့ ထင်နေကြတာ... ဒါကြောင့် သူတို့ ဒီလောက် အလေးထားနေကြတာလေ"
သူ ဘာဆိုလိုချင်မှန်း ယဲ့ဖန် နားလည်ပါသည်။ သူ ဘာကို စိုးရိမ်နေလဲ ဆိုတာလည်း သိပါသည်။
ဒါပေမဲ့ ယဲ့ဖန်က မသိချင်ယောင်ဆောင်ပြီး လှောင်ပြောင်သလို မေးလိုက်၏။
"မသိပါဘူးဗျာ... ကျွန်တော် နားမလည်ဘူး"
"အစ်ကိုကြီးချန်း... ရှင်းရှင်းသာ ပြောပါ"
ချန်းချုံရှန်း ချောင်းထပ်ဟန့်လိုက်ပြန်သည်။
သူ့နောက်မှ ပါလာသော စစ်ဆေးရေးမှူးများကို လှည့်ကြည့်လိုက်ပြီးနောက် ယဲ့ဖန်ကို ဂိုဒေါင်ထဲသို့ ဆွဲခေါ်သွားလေ၏။
"ဒီတစ်ခါ လာတဲ့လူက ဆိုသဘီး လေလံအိမ်ရဲ့ ဒုတိယ ဥက္ကဌကွ... ဆိုသဘီး တစ်ခုလုံးမှာ သူ့အဆင့်အတန်းက အရမ်းမြင့်တယ်"
"ပြီးတော့ အရေးကြီးဆုံးက... ဒုတိယ ဥက္ကဌ ဆိုတဲ့ ရာထူးအပြင် သူ့နောက်ခံကလည်း အရမ်းတောင့်တင်းတယ်"
"ဒုတိယ ဥက္ကဌ ပြောပုံအရဆိုရင်... မင်းဆီက ရှေးဟောင်းပစ္စည်းတွေရဲ့ တန်ဖိုးက တကယ်ပဲ ဘီလီယံ (၁၀) ကျော်တယ်ဆိုရင်... ဒီပူးပေါင်းဆောင်ရွက်မှုက ငါ့အတွက် ကြီးမားတဲ့ အောင်မြင်မှု ဖြစ်လာလိမ့်မယ်တဲ့... သူပြန်ရောက်ရင် ရုံးချုပ်မှာ ငါ့အတွက် ကောင်းပြောပေးမယ်တဲ့... အဲ့ဒါဆိုရင် ငါက ဆိုသဘီး တရုတ်ပြည် ရုံးခွဲရဲ့ CEO (အမှုဆောင် အရာရှိချုပ်) ဖြစ်လာဖို့ အခွင့်အလမ်း များသွားပြီ... ဒါပေမဲ့ ငါသာ သူ့ကို လိမ်ခဲ့မယ်ဆိုရင်... သူက ဒီကိစ္စအတွက် အရေးကြီးတဲ့ ခရီးစဉ်တစ်ခုကို ဖျက်ပြီး နေမဝင်အင်ပါယာကနေ တရုတ်ပြည်ကို လေယာဉ်နဲ့ တကူးတက လာခဲ့ရတာလေ... အဲ့ဒါဆိုရင် ငါ သေပြီပဲ"
ယဲ့ဖန် ပြုံးလိုက်သည်။
"ဒါဆို အစ်ကိုကြီးချန်းက ဒီကိုလာတာ စိတ်အေးရအောင် လာကြည့်တာပေါ့"
ချန်းချုံရှန်း ယဲ့ဖန်ရှေ့မှာ ဟန်ဆောင်မနေတော့။
"ရိုးရိုးသားသား ပြောရရင် ညီလေးယဲ့ရာ... မင်းဆီက ဖုန်းရတုန်းက ငါ ပျော်လွန်းလို့... ဆိုသဘီးအတွက် ဒီလောက်ကြီးမားတဲ့ အရောင်းအဝယ်ကြီးကို ရအောင် ယူပေးနိုင်ရင် ငါ့အတွက် အောင်မြင်မှုကြီး ဖြစ်လာမှာပဲဆိုပြီး တွေးမိတာ... ချက်ချင်း ရုံးချုပ်ကို တင်ပြလိုက်တော့... ရုံးချုပ်က ဒီလောက် အာဏာရှိတဲ့ ဒုတိယ ဥက္ကဌကို လွှတ်လိုက်မယ်ဆိုတော့ ငါ အရမ်း စိတ်လှုပ်ရှားသွားတာပေါ့"
"ဒါပေမဲ့ ဒီနေ့ ကျန်းကောကို ရောက်ပြီး စိတ်ငြိမ်သွားမှ ပြန်စဉ်းစားမိတာ... ဒါက ဓားသွားနှစ်ဖက် ထက်နေတဲ့ ဓားပဲလို့"
"တကယ်လို့ မင်းဆီက ပစ္စည်းတွေက ဘီလီယံ (၁၀) မကျော်ရင်... ဒီဓားက ငါ့ကို ပြန်သတ်လိမ့်မယ်"
"ဒုတိယ ဥက္ကဌ ပြောတာတွေနဲ့ ပေါင်းလိုက်တော့..."
"ဒါကြောင့် မင်းဆီ ရောက်ခါနီး တစ်စက္ကန့်အလိုထိ ငါ့ရင်ထဲမှာ ဗြောင်းဆန်နေတာ..."
"ဒီတစ်ခါ ငါ့အသက်က မင်းလက်ထဲမှာ ရှိနေတယ်လို့ ပြောလို့ရတယ်ကွာ"
ချန်းချုံရှန်း ဒီလောက် စိတ်လှုပ်ရှားနေတာကို ပထမဆုံးအကြိမ် မြင်ဖူးသဖြင့် ယဲ့ဖန် တမင် သက်သက် စလိုက်လေ၏။
"ဒါဆိုရင်တော့ ခင်ဗျား ပြဿနာတက်ပြီ"
"မူလကတော့ ဒီဂိုဒေါင်ထဲမှာ ရှေးဟောင်းပစ္စည်းတွေ အများကြီး ရှိခဲ့ပါတယ်... ဈေးကွက်ထဲမှာ ရှားပါးတဲ့ ချင်မင်းဆက် ရတနာတွေလည်း အများကြီး ပါတယ်"
"ဒါပေမဲ့ ကံဆိုးတာက... အဲ့ဒီပစ္စည်းတွေကို လွန်ခဲ့တဲ့ နာရီဝက်လောက်ကပဲ မေပယ်ရွက်ပြခန်းက သယ်သွားကြပြီ"
"အခု ဒီမှာ ကျန်ခဲ့တာက တန်ဖိုးမရှိတဲ့ အစုတ်ပလွတ်တွေပဲ ရှိတော့တယ်"
"ဘာ"
ချန်းချုံရှန်း ကြားလိုက်ရသည့်အခါ လန့်ဖျတ်သွားရသည်။
မူလက ဂရုတစိုက် ထိန်းသိမ်းထားသဖြင့် ကြည်လင်နေသော သူ့မျက်နှာသည် သွေးဆုတ်ဖြူဖျော့ သွားပြီး အသံများပင် တုန်တုန်ရီရီ ဖြစ်လာတော့သည်။
"ညီ... ညီလေးယဲ့"
"မ... မနောက်ပါနဲ့ကွာ"
"ဆိုသဘီး ဒုတိယ ဥက္ကဌက တကယ် အာဏာကြီးတာ... ငါ သူ့ကို ကပျက်ကချော်လြပ်တယ်လို့ ထင်သွားရင် ငါ တကယ် ဒုက္ခရောက်မှာဟ"
"ကျွန်တော်က ဘာလို့ ခင်ဗျားကို ကစားရမှာလဲ"
ယဲ့ဖန် ပြုံးလိုက်ပြီး သူ့အနီးဆုံးရှိ ဆီစိမ်ပိတ်စ တစ်ခုကို ဆွဲဖယ်လိုက်သည်။
"ဒီမှာ တကယ်ပဲ တန်ဖိုးမရှိတဲ့ ပစ္စည်းတွေပဲ ကျန်တော့တာလေဗျာ"
"ရွှေတုံး (၁၀,၀၀၀) ကျော်... ငွေတုံး (၁၀၀,၀၀၀) ကျော်... ကျောက်စိမ်းထည်တချို့နဲ့... သိပ်နာမည်မကြီးတဲ့ ရှေးဟောင်းပစ္စည်း တိုလီမိုလီတွေပဲ ရှိတော့တာ"
"ဟေ"
ချန်းချုံရှန်း ကြားလိုက်ရသည့်အခါ ကြောင်အမ်း သွားရရှာသည်။
ယဲ့ဖန် ဆက်ရှင်းမပြတော့။
ဂိုဒေါင်ထဲ လျှောက်သွားပြီး ကျန်ရှိနေသေးသော ဆီစိမ်ပိတ်စများကို လျင်မြန်စွာ ဖယ်ရှားလိုက်လေ၏။
"အကုန် ဒီမှာပဲ"
"ကြည့်လိုက်ပါဦး... ခင်ဗျား မိုးထိအောင် ကြွားဖို့အတွက် ဒါတွေက လုံလောက်ရဲ့လားလို့"
ချန်းချုံရှန်း မှင်သက်သွားသည်။
ဂိုဒေါင်၏ သုံးပုံတစ်ပုံခန့် ပြည့်နေသော ရွှေတုံးများ၊ ငွေတုံးများ၊ ကျောက်စိမ်းများနှင့် ရှေးဟောင်းပစ္စည်းများကို ကြည့်ပြီး သူ တောင့်ခဲ နေမိသည်။
အချိန်အတော်ကြာမှ ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်၏။
"ဒါ... ဒါတွေကို မင်းက တန်ဖိုးမရှိတဲ့ အစုတ်ပလွတ်တွေလို့ ခေါ်တာလား"
"ဒါဆို ဘာလို့ ခေါ်ရမှာလဲ"
ယဲ့ဖန် သူ့ကို ပြန်မေးလိုက်သည်။
ချန်းချုံရှန်း ချက်ချင်း ပြန်မဖြေ။ ထိုအစား ကိုယ်ကိုကိုင်းလိုက်ပြီး ရှေးဟောင်းပစ္စည်း အချို့နှင့် ရွှေတုံးများကို ကောက်ယူကာ စစ်ဆေးကြည့်လိုက်သည်။
စစ်ဆေးပြီးနောက် ယဲ့ဖန်ကို ပြန်ကြည့်လိုက်၏။
"ဒါတွေအကုန်လုံးက ချင်မင်းဆက် ပစ္စည်းတွေပဲ"
"ဒီပစ္စည်းတွေသာ တန်ဖိုးမရှိဘူးဆိုရင်... ဒီနေ့ခေတ် ရှေးဟောင်းပစ္စည်းလောကမှာ တန်ဖိုးရှိတဲ့ ပစ္စည်းဆိုတာ သိပ်ရှိတော့မှာ မဟုတ်ဘူး"
မေပယ်ရွက်ပြခန်း သယ်သွားသော ပစ္စည်းများနှင့် ယှဉ်လျှင်၊ အထူးသဖြင့် ယန်ကျိုးဖို နှင့် ယှဉ်လျှင် ဒါတွေက ပြောပလောက်သည့် အရာတွေ မဟုတ်ကြောင်း ယဲ့ဖန် ရှင်းမပြတော့ပေ။
သူ့လက်များ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖန် ပြုံးလိုက်လေသည်။
"ကဲ... အခုဆိုရင် ခင်ဗျားရဲ့ နှလုံးသားကို ရင်ဘတ်ထဲ ပြန်ထည့်လို့ ရပြီမလား"
ချန်းချုံရှန်း အလွန် စိတ်လှုပ်ရှားသွားပုံရပြီး ယဲ့ဖန်ကို ပြေးဖက်ရန် ပြင်လိုက်သည်။
"နှလုံးသားကို ရင်ဘတ်ထဲ ပြန်ထည့်ရုံတင် မကဘူး... ငါ မင်းကို သေလောက်အောင် ချစ်သွားပြီ ညီလေးယဲ့ရာ"
ယဲ့ဖန် လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။
"အစ်ကိုကြီးချန်း... ပေါက်ကရတွေ လာမပြောနဲ့"
"ခင်ဗျား စွမ်းဆောင်ရည် တက်လာအောင် ကျွန်တော်က စေတနာနဲ့ ကူညီပေးတာ... ခင်ဗျားက ကျေးဇူးရှင်ကို ပြန်ကိုက်လို့ မရဘူးလေ”