အခန်း (၁၅၇၅-၁၅၇၇)
Vol. 81 Ch. 1575-1577
အခန်း (၁၅၇၅) - မထင်မှတ်ဘဲ ကျော်ကြားလာခြင်း
~ချန်းချုံရှန်းသည် ယဲ့ဖန်၏ စနောက်မှုကို သဘောပေါက်သွားပြီး မျက်နှာရဲရဲဖြင့် ကပျာကယာ ပြန်ပြောလိုက်သည်။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ"
"ကျွန်တော် အရမ်း စိတ်လှုပ်ရှားသွားပြီး မစဉ်းစားမိဘဲ ပြောထွက်သွားတာပါ"
"ညီလေးယဲ့ စိတ်မပူပါနဲ့... ကျွန်တော်ကလည်း မင်းလိုပဲ ယောကျာ်းစစ်စစ်ပါ... မိန်းမတွေကိုပဲ ကြိုက်တာပါ"
"စိတ်ချပါ"
ယဲ့ဖန် သက်ပြင်းချလိုက်သည်။
"တော်ပါသေးရဲ့"
"မဟုတ်ရင် နောင်တစ်ချိန် ခင်ဗျားနဲ့ အတူတူ ချွေးထုတ်ခန်း (Sauna) သွားရမှာတောင် ကြောက်နေရဦးမယ်"
ချန်းချုံရှန်း မျက်နှာ တစ်ဖန် ရဲတက်လာပြန်သည်။
ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ချောင်းအသာဟန့်လိုက်ပြီးမှ စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်၏။
"ညီလေးယဲ့... ငါ့လူတွေကို ခေါ်ပြီး ပစ္စည်းတွေ စစ်ဆေးခိုင်းလို့ ရမလား"
"ဆိုသဘီး ရုံးချုပ်က ဒုတိယ ဥက္ကဌက နောက်ထပ် တစ်နာရီလောက်နေရင် ရောက်တော့မယ်"
"ငါတို့ စာရင်းအမြန် ကောက်ထားလိုက်ကြစို့... ဒုတိယ ဥက္ကဌ ရောက်လာရင် စာချုပ်ချုပ်ဖို့ အဆင်သင့် ဖြစ်နေအောင်လို့လေ"
ယဲ့ဖန်က ဒီပစ္စည်းတွေကို ဆိုသဘီး လေလံအိမ် လက်ထဲ အပ်ဖို့ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ လုပ်ငန်းစဉ်များ မြန်မြန်ပြီးလေ ကောင်းလေပင်။
ချက်ချင်းပင် လက်ကာပြလိုက်၏။
"ဘာ ငြင်းစရာ ရှိလို့လဲ"
"အစ်ကိုကြီးချန်း သဘောအတိုင်းသာ စီစဉ်လိုက်ပါ"
"ကျွန်တော် ကျန်းဝူလေးကို လက်ဖက်ရည် ပြင်ခိုင်းလိုက်မယ်"
ပြောရင်းနှင့် ချန်းချုံရှန်း အပြင်ထွက်ပြီး လူခေါ်သည်ကို စောင့်လိုက်သည်။ ပြီးမှ ဖူမာကျန်းဝူကို လက်ဖက်ရည် ပြင်ခိုင်းလိုက်၏။
ဖူမာကျန်းဝူ အချိန်မဆွဲဘဲ ချက်ချင်း စီစဉ်လိုက်သည်။
ချန်းချုံရှန်းလည်း အလုပ်မြန်သည်။
ခဏလေး အပြင်ထွက်သွားပြီးနောက် ခန့်ညားသော လူလတ်ပိုင်း အမျိုးသားများကို ခေါ်ဆောင်ပြီး ဂိုဒေါင်ထဲသို့ ပြန်ဝင်လာခဲ့သည်။
ဂိုဒေါင်ထဲသို့ ရောက်သောအခါ သူတို့အုပ်စုသည် ယဲ့ဖန်ကို နှုတ်ဆက်ပြီးနောက် ရှေးဟောင်းပစ္စည်းများ ထားရှိရာ ဧရိယာသို့ တန်းသွားကြလေ၏။
ဒါတောင်မှ တောင်လိုပုံနေသော ရှေးဟောင်းပစ္စည်းများကို မြင်လိုက်ရသည့်အခါ ချန်းချုံရှန်းနှင့်အတူ ပါလာသော ရှေးဟောင်းပစ္စည်း စစ်ဆေးရေးမှူးများ အသက်ရှူမှား သွားကြသည်ကို ယဲ့ဖန် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသေးသည်။
ယဲ့ဖန် ဂရုမစိုက်တော့။
ဖူမာကျန်းဝူက သူတို့ကို လက်ဖက်ရည် ဧည့်ခံပြီးနောက် ယဲ့ဖန်လည်း ဖုန်းကို ထုတ်ပြီး ကစားနေလိုက်သည်။
ထိုအချိန်တွင် သတင်း အသိပေးချက် (Notification) နှစ်ခု တက်လာ၏။
[နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေပြီး ပြစ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သော ရာဇဝတ်အဖွဲ့အား ကျန်းကောတွင် လမ်းသွားလမ်းလာ တစ်စုက ဖမ်းဆီးလိုက်နိုင်]
[နေမဝင်အင်ပါယာ၏ ထိပ်တန်း ပြိုင်ကားမောင်းသမား ရာဖာ (Rafah) တရုတ်ပြည်သို့ တရားဝင် ခြေချလာပြီ... ပထမဆုံး ခရီးစဉ်မှာ ကျန်းကော ဖြစ်သည်]
ပထမသတင်းကတော့ အခြေအမြစ် ခိုင်လုံမှု မရှိဘဲ ရေးထားခြင်း ဖြစ်သော်လည်း ရှန် ဘုရင် ရတနာသယ်ဆောင်ပြီး ပြန်လာသည့် ညက သူ ကိုင်တွယ်ခဲ့သည့် သူခိုးမိုက် အုပ်စု အကြောင်းမှန်း ယဲ့ဖန် တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။
အင်တာနက် အသုံးပြုသူများ (Netizens) က သတင်းကို မယုံကြဘဲ သတင်းဌာနက ပေါက်ကရတွေ ရေးနေသည်ဟု ဝေဖန်နေကြသည်ကို တွေ့လိုက်ရတော့ ယဲ့ဖန် ရယ်ချင်သွားမိသည်။
ဒုတိယ သတင်းကတော့...
ပုံထဲက ပေါ်ရှေးကားက ယဲ့ဖန်ကို ဆွဲဆောင်သွား၏။
အကြောင်းမူကား ဤပေါ်ရှေးကားက ယနေ့ ဟွမ်ကျေးရွာမှာ သူ တွေ့ခဲ့သော အန်းကျူ ပရင့်စ် မောင်းတဲ့ လီမိတက် အယ်ဒီရှင်း (Limited Edition) ပေါ်ရှေးကားနှင့် တစ်ပုံစံတည်း တူနေလို့ပင်။ ကားနံပါတ်ပြားကအစ အတူတူပင်။
"တိုက်ဆိုင်လိုက်တာကွာ"
"သတင်းထောက်က ပုံကို တစ်နေရာရာကနေ ခိုးပြီး သုံးထားတာများလား"
ဒီပုံကို မြင်မြင်ချင်း ယဲ့ဖန် ပထမဆုံး တွေးမိလိုက်သည်မှာ ဒါပင် ဖြစ်သည်။
သတင်းထဲ ဝင်ဖတ်လိုက်သည့်အခါတွင်လည်း သူ့သံသယက မပြေပျောက်သွား။
သတင်းထဲတွင် မျက်နှာဖုံးပုံအဖြစ် သုံးထားသော အထူးထုတ် ပေါ်ရှေးကားပုံမှလွဲ၍ ကျန်ပုံများမှာ ရာဖာ ဆုရထားသည့် ပုံဟောင်းများသာ ဖြစ်နေသည်။
ပုံစံခွက်ထဲ ထည့်ရေးထားသည့် သတင်းမျိုးပင်။
မီဒီယာအတုတွေ ရေးထားသည့် သတင်းမျိုးနှင့် သိပ်မကွာလှ။
ပုံတွေနဲ့ အကြောင်းအရာတွေက ယုံကြည်ရလောက်သော အနေအထား မရှိပေမဲ့ လုံးဝ မှားနေတယ်လို့လည်း ပြော၍ မရပြန်ပေ။
"တစ်ယောက်ယောက်က အန်းကျူ ပရင့်စ် ရဲ့ ကားကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းတင်လိုက်တာ နေမှာပါ... အဲ့ဒါကို သတင်းထောက်က ခိုးသုံးလိုက်တာ ဖြစ်မယ်"
သတင်းဖတ်ပြီးနောက် ယဲ့ဖန် ကောက်ချက်ချလိုက်သည်။
ထိုအချိန်တွင် ချန်းချုံရှန်း လျှောက်လာ၏။
"ညီလေးယဲ့... ငါ့စစ်ဆေးရေးမှူးတွေက ဂိုဒေါင်ထဲက ပစ္စည်းတစ်သုတ်ကို စစ်ဆေးပြီးသွားပြီ"
"စစ်မှန်မှုက (၁၀၀) ရာခိုင်နှုန်းပဲ"
"ပြီးတော့ တစ်ခုချင်းစီက တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေချည်းပဲ"
"စစ်မှန်မှု အပိုင်းမှာတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ဖုန်းကို သိမ်းလိုက်သည်။
"အဲ့တော့..."
"ငါ့ဖက်ကတော့ ဘာပြဿနာမှ မရှိဘူး... ဆိုသဘီး ရုံးချုပ်က ဒုတိယ ဥက္ကဌ ရောက်လာရင် ရလဒ်ကို တိုက်ရိုက် တင်ပြလိုက်မယ်"
ချန်းချုံရှန်း ပြုံးပျော်ရွှင်စွာ ပြောလိုက်သည်။
"ညီလေးယဲ့... ဒီရှေးဟောင်းပစ္စည်းတွေရဲ့ စာရင်း မင်းဆီမှာ ရှိလား"
"ရှိရင် ဒုတိယ ဥက္ကဌ ရောက်လာတဲ့အခါ စာရင်းနဲ့ တိုက်ပြီး အမြန် စစ်ဆေးလို့ ရတာပေါ့"
"ပြီးရင် စာချုပ်ချုပ်တဲ့ လုပ်ငန်းစဉ်ကို စလိုက်လို့ ရပြီ"
ယဲ့ဖန် ဖူမာကျန်းဝူ ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ကျန်းဝူ... စာရင်းလုပ်တုန်းက မှတ်ထားတဲ့ စာရင်းကို အစ်ကိုကြီးချန်းဆီ ပေးလိုက်ပါဦး"
ဖူမာကျန်းဝူ လှုပ်ရှားလိုက်ချိန်တွင် ယဲ့ဖန် နာရီကို ကြည့်လိုက်သည်။
"ငါတို့ ချိန်းထားတဲ့ အချိန်အရဆိုရင်... ဆိုသဘီး လေလံအိမ်က ဒုတိယ ဥက္ကဌ ရောက်တော့မယ် မဟုတ်လား"
ချန်းချုံရှန်း ခေါင်းညိတ်လိုက်သည်။
"သူ အခုပဲ မက်ဆေ့ ပို့လာတယ်... ရောက်ခါနီးပြီတဲ့"
ထို့နောက် တစ်ခုခုကို သတိရသွားပုံဖြင့် အသံတိုးတိုးဖြင့် သတိပေးလိုက်လေ၏။
"ရုံးချုပ်က လာတဲ့ ဒုတိယ ဥက္ကဌက နည်းနည်း စည်းကမ်းကြီးတယ်ကွ"
"အလုပ်လုပ်ရင် စည်းမျဉ်းစည်းကမ်း လိုက်နာဖို့ အရမ်း အလေးထားတယ်"
"တကယ်လို့ သူက နောက်ထပ် ပစ္စည်းတစ်သုတ် ထပ်စစ်မယ်လို့ ဇွတ်တောင်းဆိုလာရင်... ညီလေးယဲ့ စိတ်မဆိုးပါနဲ့နော်... ငါ ညှိနှိုင်းပေးပါ့မယ်"
ယဲ့ဖန် ခေါင်းညိတ်လိုက်ပြီး ဒုတိယ ဥက္ကဌ အကြောင်း မေးရန် ပြင်လိုက်စဉ် ချန်းချုံရှန်းက ထပ်ဖြည့်စွက် ပြောလိုက်ပြန်သည်။
"ပြီးတော့... ဒီ ဒုတိယ ဥက္ကဌက မိန်းမ ဖြစ်နေလို့လား၊ တခြားအကြောင်းကြောင့်လား မသိဘူး... မျက်နှာထားက အမြဲတမ်း တင်းမာနေတတ်တယ်"
"ဖောက်သည်တွေနဲ့ တွေ့တုန်းကရော... ဆိုသဘီး လေလံအိမ်က CEO နဲ့ တွေ့တုန်းကရော... သူက အမြဲတမ်း အဲ့လိုပဲ"
"ခဏနေကျရင် သူ မျက်နှာထား တင်းမာနေတာ တွေ့ရင် စိတ်ထဲ မထားပါနဲ့နော်"
ယဲ့ဖန် မေးခွန်းကို မျိုချလိုက်ရသည်။
သူ …ချန်းချုံရှန်းကို အကဲခတ် ကြည့်ရှုလိုက်၏။
"ခင်ဗျား ပြောပုံအရဆိုရင်... ခင်ဗျားတို့ ရုံးချုပ်က ဒုတိယ ဥက္ကဌက ဆက်ဆံရ ခက်မယ့်ပုံပဲ"
"ဘယ်သူနဲ့ တွေ့တွေ့ မျက်နှာထား တင်းမာတယ်... ပြီးတော့ စည်းကမ်းကြီးတယ်..."
"ခင်ဗျား ပြောပုံအရဆိုရင်... ဒီထဲက ပစ္စည်းတွေ အကုန်လုံးကို စစ်ဆေးပြီးမှပဲ သူက စာချုပ်ချုပ်ပေးမယ့် ပုံပဲ"
ဒီအကြောင်း ပြောလိုက်တော့ ချန်းချုံရှန်း ယုံကြည်မှု မရှိတော့။
"ဒီတစ်ခါ ဒုတိယ ဥက္ကဌက စစ်ဆေးရေးမှူး (၁၀) ယောက်ကျော် ခေါ်လာတာကွ"
"မပြောတတ်ဘူး... သူ တကယ်ပဲ အကုန်စစ်ဆေးချင်နေတာ ဖြစ်နိုင်တယ်"
"ကြားတာတော့ သူက ဒေါ်လာ ဘီလီယံချီတဲ့ အရောင်းအဝယ်ကြီးတွေ လုပ်တဲ့အခါ... အသေးစိတ် အချက်အလက် အကုန်လုံးကို အတည်ပြုပြီးမှ စာချုပ်ချုပ်လေ့ ရှိတယ်တဲ့"
ယဲ့ဖန် ကြောင်အမ်းသွားသည်။
"ဒါပေမဲ့ ညီလေးယဲ့ စိတ်မပူပါနဲ့"
ယဲ့ဖန် အထင်လွဲသွားမည်ကို စိုးရိမ်သဖြင့် ချန်းချုံရှန်း ကပျာကယာ ထပ်ပြောလိုက်သည်။
"သူက စည်းကမ်းကြီးပေမဲ့ နာမည်ကောင်း ရှိပါတယ်"
"မင်းပစ္စည်းတွေ ပြဿနာမရှိဘူးဆိုတာ သေချာရင်... သူက ချက်ချင်း ဝယ်လေ့ရှိတယ်... ငွေချေတာလည်း အရမ်းမြန်တယ်"
ယဲ့ဖန် ခေါင်းညိတ်ရန် ပြင်လိုက်စဉ် ချန်းချုံရှန်း၏ ဖုန်း တုန်ခါသွားသည်ကို မြင်လိုက်ရသည်။
နံပါတ်ကို ကြည့်လိုက်ပြီးနောက် ချန်းချုံရှန်း ပြောလိုက်လေ၏။
"သူ ရောက်လာပြီ”
အခန်း (၁၅၇၆) - ဒီနိုင်ငံခြားသူလေးက ဆက်ဆံရခက်တယ်လို့ ဘယ်သူက ပြောတာလဲ
~"ညီလေးယဲ့... ခဏလောက် စောင့်ဦးနော်... ငါ အပြင်သွားပြီး ကြိုဆိုလိုက်ဦးမယ်"
ချန်းချုံရှန်း ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
"ခဏနေကျရင် အဲ့ဒီ ဒုတိယ ဥက္ကဌက မင်း စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့ရင်... ငါ ခုနက ပြောခဲ့တာကို မှတ်ထားပါ... သူ့အစား ငါက ကြိုပြီး တောင်းပန်ပါတယ်ကွာ"
"ကျန်တာ အကုန် ငါ့တာဝန်ထား"
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။ သူ ဘာလုပ်ရမလဲဆိုတာ သိပါသည်။
ချန်းချုံရှန်းက စစ်ဆေးရေးမှူး အချို့ကို ခေါ်ဆောင်ပြီး အပြင်ထွက် ကြိုဆိုလိုက်လေ၏။
မကြာမီ ရင်းနှီးပြီးသား ကားအင်ဂျင်သံ တစ်ခု ဂိုဒေါင်ထဲသို့ ဝင်ရောက်လာသည်။
ထို့နောက် ချန်းချုံရှန်းက နိုင်ငံခြားဘာသာစကားဖြင့် ကျွမ်းကျင်စွာ ပြောဆိုနေသံကို ကြားလိုက်ရသည်။
"မင်္ဂလာ ညချမ်းပါ မဒမ်…"
"ကျွန်တော်တို့ရဲ့ စစ်ဆေးရေးမှူးတွေက ဒီမှာရှိတဲ့ ပစ္စည်းတချို့ကို နမူနာယူ စစ်ဆေးပြီးပါပြီ... လက်ရှိ စစ်မှန်မှုက (၁၀၀) ရာခိုင်နှုန်းပါပဲ... ကျွန်တော့် သူငယ်ချင်း ဖုန်းထဲမှာ ပြောခဲ့တဲ့အတိုင်း တစ်သဝေမတိမ်း တူညီပါတယ်"
"မဒမ် အနေနဲ့ တခြား တောင်းဆိုစရာ မရှိတော့ဘူးဆိုရင်... ပစ္စည်းစာရင်းကို ပြန်စစ်ဆေးပြီး စာချုပ်ချုပ်တဲ့ လုပ်ငန်းစဉ်ကို စလိုက်ကြရအောင်"
သို့သော် သူ ရရှိလိုက်သော တုံ့ပြန်မှုမှာ အေးစက်သော အမျိုးသမီး အသံတစ်ခုပင် ဖြစ်သည်။
"(၁၀၀) ရာခိုင်နှုန်း စစ်မှန်တယ် ဟုတ်လား"
"မစ္စတာချန်း... ရှင်တို့ ရှေးဟောင်းပစ္စည်း ဘယ်နှခုလောက် စစ်ဆေးပြီးပြီလဲ... ပြီးတော့ စုစုပေါင်း ရှေးဟောင်းပစ္စည်း ဘယ်လောက်ရှိသလဲ"
ချန်းချုံရှန်း ပြောစရာ စကားမဲ့သွားသည်မှာ ထင်ရှားလှ၏။
"ဥက္ကဌ... ဖောက်သည်က ကျွန်တော်တို့ကို အပ်ထားတဲ့ ရှေးဟောင်းပစ္စည်း စုစုပေါင်း အရေအတွက်က (၅,၀၀၀) ကျော်ပါတယ်"
"ကျွန်တော်တို့ရဲ့ စစ်ဆေးရေးအဖွဲ့က နမူနာယူ စစ်ဆေးရာမှာ စုစုပေါင်း (၅၀) ခုကို ကျပန်း ရွေးချယ်ခဲ့ပါတယ်..."
"လေလံတင်ရောင်းချမယ့် ရတနာတွေက (၅,၀၀၀) ကျော် ရှိတာကို... ရှင်တို့က (၅၀) လောက်ပဲ ကျပန်း ရွေးချယ်ခဲ့တယ် ဟုတ်လား... ဆိုလိုတာက ရှင်တို့ရဲ့ ကျပန်း ရွေးချယ်မှုနှုန်းက (၁) ရာခိုင်နှုန်းတောင် မပြည့်ဘူးပေါ့"
ဒုတိယ ဥက္ကဌ၏ လေသံတွင် မကျေနပ်မှုများ ပါဝင်နေကြောင်း သိသာထင်ရှားလှသည်။
"မစ္စတာချန်း... ဒါက ဆိုသဘီး လေလံအိမ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး"
"ကုမ္ပဏီမှာ ရှင်းလင်းတဲ့ စည်းကမ်းတစ်ခု ရှိတယ်... ဖောက်သည် အပ်နှံတဲ့ ရတနာတွေကို ကုမ္ပဏီရဲ့ စစ်ဆေးရေးအဖွဲ့က (၁၀၀) ရာခိုင်နှုန်း စစ်ဆေးပြီးမှ စာချုပ်ချုပ်ဆို လေလံတင်ခွင့် ရှိတာပါ"
"အဲ..."
ချန်းချုံရှန်း၏ လေသံက အများကြီး ပျော့ပျောင်းသွားသည်။
"တကယ်တော့... ကျွန်တော်က ဥက္ကဌရဲ့ အချိန်ကို တွေးပေးမိလို့ပါ"
"ရှေးဟောင်းပစ္စည်းတွေက (၅,၀၀၀) ကျော်တောင် ရှိတာလေ... စစ်ဆေးရေးမှူး (၅၀) ပါတဲ့ အဖွဲ့နဲ့ စစ်ဆေးရင်တောင် တစ်ခုချင်းစီအတွက် အနည်းဆုံး (၁၀) နာရီလောက် ကြာလိမ့်မယ်... ဥက္ကဌရဲ့ အချိန်တွေက တန်ဖိုးရှိလွန်းပါတယ်... ဒီလိုကိစ္စမျိုးမှာ အချိန်ဖြုန်းလိုက်ရရင် နှမြောစရာကြီးပါ"
"ပြီးတော့ ကျွန်တော် အရင်က ပြောခဲ့သလိုပါပဲ... ဒီတစ်ခါ အပ်နှံတဲ့ ဖောက်သည်ကြီးက ဆိုသဘီးရဲ့ မိတ်ဆွေဟောင်းပါ... သူက ဆိုသဘီး လေလံအိမ်ကို ရတနာတွေ အများကြီး ထောက်ပံ့ပေးဖူးပါတယ်... တစ်ခုချင်းစီကလည်း အစစ်အမှန်တွေချည်းပဲ ဖြစ်ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါ... သူ့ရဲ့ ဂုဏ်သိက္ခာက ယုံကြည်ရပါတယ်... သူ့ရဲ့ ရှေးဟောင်းပစ္စည်းတွေကလည်း အကုန် အရည်အသွေး မြင့်ပါတယ်"
ဒုတိယ ဥက္ကဌ ကြားလိုက်ရသည့်အခါ သူမ၏ လေသံ အနည်းငယ် ပျော့ပျောင်းသွားသော်လည်း အေးစက်နေဆဲပင်။
"ဥက္ကဌချန်း... ရှင့်အတွေးကို ကျွန်မ နားလည်ပါတယ်"
"ရှင်တို့ရဲ့ ခင်မင်မှုနဲ့ အပြန်အလှန် ယုံကြည်မှုကိုလည်း ကျွန်မ လေးစားပါတယ်... အားကျပါတယ်"
"ဒါပေမဲ့ ရှင် နားလည်ပေးစေချင်တာက... ဖောက်သည်က ရှင့်ရဲ့ မိတ်ဆွေပဲ ဖြစ်တာပါ... ကျွန်မ မိတ်ဆွေ မဟုတ်ပါဘူး... ဒါ့အပြင် ဒါက စုစုပေါင်း တန်ဖိုး (၁၀) ဘီလီယံကျော်တဲ့ ပူးပေါင်းဆောင်ရွက်မှုကြီးပါ... တစ်ခုခု မှားယွင်းသွားရင် ကျွန်မ ကိုယ်တိုင် တာဝန်ယူရမှာပါ"
"ကျွန်တော်..."
ချန်းချုံရှန်း ပြောစရာ စကား မရှိတော့။
ဒုတိယ ဥက္ကဌက ပြတ်သားစွာ ဆုံးဖြတ်ချက် ချလိုက်သည်။
"ဒီည ကျွန်မနဲ့အတူ စစ်ဆေးရေးမှူး (၃၀) ကျော် ခေါ်လာခဲ့တယ်"
"ကုမ္ပဏီရဲ့ စည်းမျဉ်းအတိုင်းပါပဲ... ဖောက်သည် အပ်နှံတဲ့ ရှေးဟောင်းပစ္စည်းတွေကို ရှင်ခေါ်လာတဲ့ စစ်ဆေးရေးမှူးတွေနဲ့ ပေါင်းပြီး ဒီနေရာမှာတင် ပြန်လည် စစ်ဆေးခိုင်းလိုက်ပါ"
"ဘာအမှားအယွင်းမှ မရှိဘူးလို့ အတည်ပြုပြီးမှ ကျွန်မတို့ ဒီနေရာမှာပဲ စာချုပ်ချုပ်ကြတာပေါ့"
ပြောရင်းနှင့် သူမ ဂိုဒေါင်ထဲသို့ စတင် ဝင်ရောက်လာလေ၏။
ယဲ့ဖန် ဂိုဒေါင်ထဲတွင် ရှိနေသည်။ သူတို့ ပြောစကားများကို ကြားလိုက်ရသောအခါ ဒုတိယ ဥက္ကဌ၏ အသံက ရင်းနှီးနေသလို ခံစားလိုက်ရသည်။
သူ့စိတ်ထဲတွင် ရေရေရာရာ မဟုတ်သော်လည်း ထင်မြင်ချက်တစ်ခု ရှိနေသည်။ သို့သော် အတည်ပြုရန် မဝံ့မရဲ ဖြစ်နေ၏။
ခြေသံများ နီးကပ်လာသည်ကို ကြားလိုက်ရသောအခါ သူ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ဝင်ပေါက်ဘက်သို့ လှမ်းကြည့်လိုက်သည်။
မထင်မှတ်ဘဲ တံခါးဝမှ ပထမဆုံး ဝင်လာသူမှာ အရပ်ရှည်ရှည်၊ သွယ်လျလှပသော ခန္ဓာကိုယ်ပိုင်ရှင် အမျိုးသမီး တစ်ဦး ဖြစ်နေလေ၏။ သူ ခုနက တွေးနေမိသော သူပင်။
ထိုသူက ယဲ့ဖန်ကို မြင်လိုက်ရသောအခါ သူမလည်း မှင်သက်သွားသည်။
ဂိုဒေါင်ထဲ ဝင်လာပြီး ယဲ့ဖန်ကို ကြည့်လိုက်သောအခါ သူမ ခြေလှမ်းများ တောင့်ခဲ သွားလေ၏။
တစ်ဖက်တွင်မူ သူမနောက်မှ လိုက်လာသော ချန်းချုံရှန်းသည် ကို့ရိုးကားယားနိုင်ပြီး ကူကယ်ရာမဲ့သော မျက်နှာထားဖြင့် ယဲ့ဖန် ဘေးနားသို့ လျှောက်လာသည်။ အသံတိုးတိုးဖြင့် ပြောလိုက်၏။
"တကယ် တောင်းပန်ပါတယ် ညီလေးယဲ့ရာ... ဒီလူက နည်းနည်း ခေါင်းမာတယ်"
"မင်းကို နောက်ထပ် နည်းနည်းလောက် ထပ်စောင့်ခိုင်းရတော့မယ်... ဆိုသဘီးရဲ့ စစ်ဆေးရေးမှူးတွေ ဒီပစ္စည်းတွေကို အကုန် စစ်ဆေးပြီးတဲ့အထိပေါ့..."
ပြောရင်းနှင့် သူ ထပ်မံ တောင်းပန်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင် တံခါးဝမှ ကော်ကေးရှပ် (Caucasian) အလှမယ်လေးက အံ့ဩတကြီး ပြောလိုက်လေ၏။
"ဘုရားရေ"
"မစ္စတာယဲ့... ကျွန်မတို့ ဒီမှာ ထပ်ဆုံရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
"ဥက္ကဌချန်း ပြောတဲ့ မိတ်ဆွေဆိုတာ ရှင်လား... ကျွန်မတို့ ဆိုသဘီး လေလံအိမ်ကို ရှေးဟောင်းပစ္စည်း အများကြီး အပ်နှံချင်နေတဲ့ ဖောက်သည်ကြီး ဆိုတာကလေ"
ချန်းချုံရှန်း တုန်လှုပ်သွားသည်။
ထိုအမျိုးသမီး၏ မျက်နှာပေါ်မှ အံ့ဩဝမ်းသာနေမှုနှင့် ယဲ့ဖန်ကို ကြည့်နေသည့် အကြည့်များကို မြင်လိုက်ရသောအခါ သူ ကြက်သေသေ သွားရရှာသည်။
"မ... မဟုတ်သေးပါဘူး... ငါ မျက်စိမှားနေတာတော့ မဟုတ်ပါဘူးနော်"
"ငါတို့ရဲ့ ဥက္ကဌ အန်းကျူ က သူများတွေအပေါ် ဒီလို မျက်နှာထားမျိုး ပြတတ်တယ်လား"
"ညီ... ညီလေးယဲ့... ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ... မင်း ငါတို့ ဥက္ကဌ အန်းကျူ ကို သိတာလား"
"ပြောရရင်တော့ ဇာတ်လမ်းရှည်တယ်ဗျာ"
ယဲ့ဖန် ပြန်ပြုံးပြလိုက်ပြီး လျင်မြန်စွာ ပြောလိုက်၏။
"ဒါပေမဲ့ သူက ခင်ဗျားတို့ ဆိုသဘီး လေလံအိမ်ရဲ့ ဒုတိယ ဥက္ကဌ ဆိုရင်တော့... ကိစ္စတွေက အများကြီး ပိုလွယ်သွားပြီ"
ပြောရင်းနှင့် ချန်းချုံရှန်း၏ မယုံကြည်နိုင်သော အကြည့်များကို လျစ်လျူရှုကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး အန်းကျူ ပရင့်စ် ဆီသို့ လျှောက်သွားလိုက်သည်။
"ကျွန်တော်လည်း ထင်မထားခဲ့ဘူး"
"ခင်ဗျားက ဆိုသဘီး လေလံအိမ်က လွှတ်လိုက်တဲ့ ဒုတိယ ဥက္ကဌ ဖြစ်နေလိမ့်မယ်လို့"
"တကယ်ကို မယုံနိုင်စရာပဲ"
အန်းကျူ ပရင့်စ်က ယဲ့ဖန်အပေါ် ကောင်းမွန်သော အမြင်ရှိကြောင်း သိသာလှသည်။
ယဲ့ဖန် လာနေသည်ကို မြင်သောအခါ သူမ ရှေ့တိုးလာပြီး သူ့ကို ဖက်လိုက်လေ၏။
"ကျွန်မ သိပ်ပျော်တာပဲ မစ္စတာယဲ့"
"မူလကတော့ နောင်တစ်ချိန် ရှင့်ကို ပြန်တွေ့ဖို့ အရမ်းခက်ခဲလိမ့်မယ်လို့ ထင်ထားတာ"
"အခုတော့ နေ့တစ်ဝက်လောက်ပဲ ကြာသေးတယ်... ပြန်ဆုံရပြီ"
ယဲ့ဖန် သူမ၏ ခန္ဓာကိုယ် နူးညံ့မှုနှင့် ပြည့်ဖြိုး သော ရင်သားများကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
သူမ ကျောကို ဖွဖွလေး ပုတ်ပေးပြီးနောက် အချိန်ကိုက် လွှတ်ပေးလိုက်၏။
"ကျွန်တော်လည်း ခင်ဗျားကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်"
သို့သော် အန်းကျူ ပရင့်စ်က သူ့ကို ဆက်လက် တွယ်ဖက်ထားပြီး စကားများ ဆက်ပြောနေတော့သည်။
"ဒီတစ်ခါ ဖောက်သည်က ရှင် ဆိုရင်တော့... ရှင့်ရဲ့ စရိုက်နဲ့ ဂုဏ်သိက္ခာအရ ဒီရှေးဟောင်းပစ္စည်းတွေမှာ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"
"ကျွန်မ လူတွေကို အခု (၁၀၀) လောက်ပဲ အကြမ်းဖျင်း စစ်ဆေးခိုင်းလိုက်မယ်... ပြီးရင် စာချုပ်ချုပ်ကြတာပေါ့"
"စာချုပ်ချုပ်ပြီးရင်... ရှင် မအားဘူး ဆိုရင်... ခဏနေကျရင် ကျွန်မ ရှင့်ကို သီးသန့် အချိုရည် တိုက်လို့ ရမလား"
"ဝမ်းသာအားရပါပဲဗျာ"
ယဲ့ဖန် အချိန်ကုန်သက်သာသွားသဖြင့် သဘောကျသွားပြီး ချက်ချင်း သဘောတူလိုက်သည်။
"ကျန်းကောရဲ့ ညဘက် လှုပ်ရှားမှုတွေက စည်ကားပါတယ်... ဒီလို လှပတဲ့ညမျိုးမှာ အလှမယ်လေး တစ်ယောက်နဲ့ အတူတူ အပြင်ထွက်ပြီး အချိုရည် သောက်ရမယ်ဆိုရင် အကောင်းဆုံးပေါ့"
"ဒါဆို သဘောတူလိုက်ပြီနော်"
ယဲ့ဖန်၏ အဖြေကို ကြားလိုက်ရသောအခါ အန်းကျူ ပရင့်စ် အတိုင်းအထက်အလွန် ဝမ်းသာသွားသည်။
အရင်ကလို အေးစက်ပြီး မောက်မာသော ပုံစံမျိုး မရှိတော့။
သူမနှင့်အတူ ပါလာသော စစ်ဆေးရေးမှူးများပင် ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ မှင်သက် သွားကြရလေသည်။
အခန်း (၁၅၇၇) - ခင်ဗျားမှာ ဘေးပေါက်အလုပ် ရှိတယ်မလား
~"ဒါ... ဒါ ကျွန်မတို့ သိထားတဲ့ ဥက္ကဌ အန်းကျူ ဟုတ်ရဲ့လား"
"ဘုရားရေ... ကျွန်တော် သူ့နောက်လိုက်နေတာ ကြာလှပြီ... ဒီလောက်ပျော်နေတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
"ဝန်ခံရရင်တော့... ဒီဥက္ကဌ အလှမယ်လေးက ပြုံးပျော်နေတဲ့အချိန်ဆို တကယ်ကို လှလွန်းတယ်ဗျာ"
"သူ့ရဲ့ ဒီလိုအပြုံးမျိုးကို မြင်ခွင့်ရတဲ့ မစ္စတာယဲ့ ကို ရုတ်တရက်ကြီး မနာလို ဖြစ်သွားပြီကွာ"
တိုးတိုးတိတ်တိတ် စကားသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
အန်းကျူ ပရင့်စ် က သူတို့ကို ရှေးဟောင်းပစ္စည်းတွေ စစ်ဆေးခိုင်းပြီး စာချုပ်ပြင်ဆင်ခိုင်းနေတာတောင် သူတို့ပါးစပ်တွေက အငြိမ်မနေနိုင်ကြ။
ချန်းချုံရှန်း ဆိုလျှင် အခုထိ အသိပြန်မဝင်သေး။
အန်းကျူ ပရင့်စ် ကိုယ်တိုင် စာချုပ်ပြင်ဆင်ဖို့ ဦးဆောင်နေသည်ကို မြင်လိုက်ရသည့်အခါ သူ ယဲ့ဖန်ကို အမြန်လှမ်းကြည့်လိုက်မိ၏။
"ညီလေးယဲ့... ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ"
"ဘာလို့ ငါတို့ ဥက္ကဌ အန်းကျူ က..."
ထိုအခါ၊ ယဲ့ဖန် ချန်းချုံရှန်းအား ပြန်ပြုံးပြလိုက်သည်။
"ကျွန်တော်က ပိုချောနေလို့ ဖြစ်မှာပါ"
ချန်းချုံရှန်း မှင်သက်သွားသည်။
သို့သော် ခဏအကြာတွင် သူ ပြန်ပြောလိုက်၏။
"ဒီလိုအချိန်ရောက်နေပြီ... ညီလေးယဲ့ရာ... နောက်မနေပါနဲ့"
"မင်းက တကယ် ချောတာ မှန်ပေမဲ့... တခြား ချောတဲ့သူတွေထက် သာတယ်ဆိုရုံလေးပါ"
"ဒါပေမဲ့ လူတိုင်းသိကြတဲ့အတိုင်းပဲ... ငါတို့ အန်းကျူ ပရင့်စ် က ချောတဲ့လှတဲ့ ယောကျာ်း၊ မိန်းမတွေကို အများကြီး မြင်ဖူးပါတယ်... ဒါပေမဲ့ အရင်တုန်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ခဲ့ဖူးဘူးလေ"
ယဲ့ဖန် လက်မထောင်ပြလိုက်သည်။
"ခင်ဗျား တိုးတက်လာပြီပဲ”
"တစ်ခါတည်းနဲ့ လူအများကြီးကို ချီးကျူးလိုက်တာပဲ"
"တကယ်တော့... ကျွန်တော်က အန်းကျူ ပရင့်စ် ကို အရင်က ကယ်ခဲ့ဖူးလို့ပါ"
"ပြီးတော့ သူအထင်ကြီး လေးစားလောက်တဲ့ ပုံစံမျိုးနဲ့ အန္တရာယ်ကြားကနေ ကယ်ထုတ်ပေးခဲ့တာလေ"
ပြောရင်းနှင့် ဟွမ်ကျေးရွာတွင် ဖြစ်ပျက်ခဲ့သည်များကို အတိုချုံး ပြောပြလိုက်သည်။
ထိုအခါမှ ချန်းချုံရှန်း သဘောပေါက်သွားတော့၏။
"သြော်... ဒါကြောင့်ကိုး"
"ညီလေးယဲ့... မင်း တကယ် ကံကောင်းတာပဲကွ"
"ဒီလို ကောင်းတဲ့အရာမျိုး ဖြစ်လာတာပဲ"
ပြောရင်းနှင့် အလုပ်ရှုပ်နေသော အန်းကျူ ပရင့်စ် ဘက်သို့ ခိုးကြည့်လိုက်သည်။
"မင်း မသိသေးဘူး ထင်တယ်... ငါတို့ ဥက္ကဌ အန်းကျူ ပရင့်စ် ဆိုတာ နေမဝင်အင်ပါယာက အန်းကျူ မိသားစုရဲ့ သမီးလေးကွ"
"အန်းကျူ မိသားစုဆိုတာ နေမဝင်အင်ပါယာ တစ်ခုလုံးမှာ နာမည်ကြီးတယ်"
"သူ့ နောက်ခံက ကြောက်စရာကောင်းတယ်လို့ ပြောလို့ရတယ်"
"သူ အန္တရာယ် ကြုံနေတုန်း မင်းက ကူညီပေးလိုက်တယ်ဆိုတော့... နောက်ဆို မင်း နေမဝင်အင်ပါယာကို သွားရင် ကြိုက်သလို နေလို့ရပြီ"
"ပြီးတော့... ငါ မင်းကို သတင်းတစ်ခု တိတ်တဆိတ် ပြောပြမယ် ညီလေးယဲ့"
"အရင်တုန်းက အန်းကျူ ပရင့်စ် က ယောကျာ်းလေးတွေနဲ့ဆို အမြဲတမ်း အကွာအဝေး တစ်ခုထားပြီး ဆက်ဆံတတ်တယ်... အထူးသဖြင့် ကိုယ်ထိလက်ရောက် ဆက်ဆံတာမျိုး လုံးဝ မရှိဘူးကွ.. ဒါ့အပြင် သူက ငယ်ငယ်ကတည်းက အချစ်ရေး ကင်းရှင်းခဲ့ပြီး မိန်းကလေးတွေနဲ့ပဲ ရင်းရင်းနှီးနှီး နေတတ်တာ... ဒါကြောင့် အပြင်လောကမှာ သူက လိင်တူကြိုက်သူ (lesbian) လား ဘာလား ဆိုပြီး ကောလာဟလတွေတောင် ထွက်နေတာ"
"စောစောက ညီလေးယဲ့ ဖက်ဖို့လုပ်တုန်းက သူမက အလိုက်သင့် ပြန်ဖက်လိုက်တာ... ဒီကိစ္စက တော်တော် ထူးဆန်းတယ်"
ယဲ့ဖန် ကြားလိုက်ရသည့်အခါ အနည်းငယ် အံ့ဩသွားမိသည်။
စောစောက သူ အန်းကျူ ပရင့်စ် ကို ဖက်လိုက်ခြင်းမှာ... နိုင်ငံခြားရုပ်ရှင်တချို့တွင် နိုင်ငံခြားသားများက ရင်းနှီးသူအချင်းချင်း ထိုသို့ နှုတ်ဆက်တတ်ကြသည်ကို မြင်ဖူး၍ လိုက်လုပ်ကြည့်ခြင်းသာ ဖြစ်သည်။
တခြား အဓိပ္ပာယ် မရှိပေ။
"အစ်ကိုကြီးချန်း... ခင်ဗျား နောက်နေတာလား"
ချန်းချုံရှန်း၏ မျက်နှာထားက ထူးဆန်းနေသည်။
"ငါက ဘာလို့ မင်းကို နောက်ရမှာလဲ... မင်းအရည်အချင်းနဲ့ဆို ခဏနေ စုံစမ်းကြည့်လိုက်ရင် သိမှာပါ"
"ဒါ့အပြင် ငါ စောစောက ပြောတာ အခြေအမြစ် မရှိတာ မဟုတ်ဘူး"
"ငါတို့ ဥက္ကဌ အန်းကျူ ပရင့်စ် က တရုတ်ယဉ်ကျေးမှုကို အရူးအမူး ကြိုက်တဲ့သူလေ... အထူးသဖြင့် တရုတ်ကွန်ဖူး၊ တရုတ် လက်ရေးလှ၊ လက်ဖက်ရည်ပွဲတော် နဲ့ တခြား ရိုးရာယဉ်ကျေးမှုတွေကိုပေါ့... ခေတ်စကားနဲ့ ပြောရရင် သူက hardcore fan ပေါ့ကွာ... မင်း သူမကို ကယ်တုန်းက မင်း သုံးလိုက်တဲ့ တရုတ်သိုင်းပညာတွေ၊ ပြီးတော့ ဘရုစ်လီ တို့ ..ယိမန် တို့လို စိတ်ဓာတ်မျိုးတွေနဲ့ ပေါင်းစပ်လိုက်တော့... သူ့ရဲ့ 'တိမ်းညွတ်မှု' နဲ့ ကွက်တိ သွားကျနေတာ ဖြစ်မယ်..."
နောက်ဆုံးထွက်လာတဲ့ စကားလုံးကို ကြားလိုက်ရတော့ ယဲ့ဖန် အလိုအလျောက် နောက်ဆုတ်လိုက်မိသည်။
"အစ်ကိုကြီးချန်း... ခင်ဗျားမှာ ဘေးပေါက်အလုပ် ရှိတယ်မလား"
"အသက်က ဆယ်စုနှစ်ချီနေပြီ... ဒီလိုစကားလုံးမျိုးကိုတောင် သုံးတတ်နေတယ်"
ထိုအခါ၊ ချန်းချုံရှန်း ချောင်းအသာဟန့်လိုက်သည်။
"ဟဲဟဲ... ဝက်သား မစားဖူးပေမဲ့ ဝက်ပြေးတာတော့ မြင်ဖူးပါတယ်ကွာ"
"ထားပါတော့... ဒါက အရေးမကြီးပါဘူး"
"အရေးအကြီးဆုံးက ငါတို့ ဥက္ကဌ အန်းကျူ ပရင့်စ် က မင်းကို တကယ် စိတ်ဝင်စားနေပုံရတယ်... ညီလေးယဲ့... ဒီည မင်းသာ ကြိုးစားလိုက်ရင်... မကြာခင် အဆင်ပြေသွားလောက်တယ်ကွ"
သူ စကားဆုံးသည်နှင့် အန်းကျူ ပရင့်စ် လျှောက်လာသည်ကို ယဲ့ဖန် မြင်လိုက်ရသည်။
ယဲ့ဖန် ချက်ချင်း မျက်ရိပ်ပြလိုက်၏။
ချန်းချုံရှန်းက သတိမထားမိဘဲ အားကျသော လေသံဖြင့် ဆက်ပြောနေလေသည်။
"အဲ့ဒီအချိန်ကျရင်... မင်းက ငွေရော လူရော နှစ်မျိုးလုံး ရတော့မှာ..."
ထိုစဉ်... အနောက်ဘက်ဆီမှ အသံဝဲဝဲဖြင့် တရုတ်စကားသံ တစ်ခု ထွက်ပေါ်လာ၏။
"ငွေရော လူရော ဟုတ်လား... ဘာကို ဆိုလိုတာလဲ"
ချန်းချုံရှန်း ရုတ်တရက် တုန်လှုပ်သွားပြီး ကပျာကယာ ဟန်လုပ်လိုက်သည်။
"ဟဲဟဲ... ဟုတ်ပါတယ်... ဟုတ်ပါတယ်... အားလုံးအတွက် ကောင်းတယ်လို့ ပြောတာပါ"
အန်းကျူ ပရင့်စ် ကြားလိုက်ရသည့်အခါ ရုတ်တရက် သဘောပေါက်သွားသည့်ပုံစံ ဖြစ်သွားသည်။
"သြော်... ဒါကြောင့်ကိုး"
"ဥက္ကဌချန်း ဘာလို့ ဒီလောက် ပျော်နေလဲလို့ စဉ်းစားနေတာ"
"ဒီပူးပေါင်းဆောင်ရွက်မှုက တကယ်ပဲ အားလုံးအတွက် ကောင်းပါတယ်"
ပြောရင်းနှင့် သူမ ယဲ့ဖန်ဘက်သို့ လှည့်ကြည့်လိုက်၏။
"မစ္စတာယဲ့... ကျွန်မလူတွေက ရှေးဟောင်းပစ္စည်း (၁၀၀) ကျော်လောက် စစ်ဆေးပြီးပြီ... ဘာပြဿနာမှ မရှိပါဘူး"
"ဥက္ကဌချန်း ပြောသလိုပဲ... စစ်မှန်မှုက (၁၀၀) ရာခိုင်နှုန်းပါပဲ... ပြီးတော့ အကုန်လုံးက တန်ဖိုးမဖြတ်နိုင်တဲ့ ချင်မင်းဆက် လက်ရာတွေချည်းပဲ"
"ကျွန်မတို့ စာချုပ်ချုပ်တဲ့အဆင့်ကို တရားဝင် စလိုက်လို့ ရပါပြီ"
"ကောင်းပြီလေ"
သူမလူတွေ စာချုပ် ကမ်းပေးလာသည်ကို မြင်သောအခါ ယဲ့ဖန် အကြမ်းဖျင်း ဖတ်ကြည့်လိုက်ပြီး အမှားအယွင်းမရှိကြောင်း သေချာမှ လက်မှတ်ထိုးလိုက်သည်။
လက်မှတ်ထိုးနေရင်း သူ ပေါ့ပေါ့ပါးပါး ချီးကျူးလိုက်၏။
"မင်း တော်တော် တော်တာပဲ"
"အချိန်ခဏလေးအတွင်းမှာ တရုတ်စကားသံတချို့တောင် သင်ထားလိုက်ပြီပဲ"
အန်းကျူ ပရင့်စ် ပြုံးလိုက်သည်။
"တရုတ်စကားပုံဟောင်း တစ်ခုရှိတယ်လေ... 'တစ်ခါသေဖူး ပျဉ်ဖိုးနားလည်' ဆိုတာလေ"
(ဘာသာပြန်သူမှတ်ချက် - အတွေ့အကြုံရပြီးမှ သင်ခန်းစာရခြင်းကို ဆိုလိုသည်)
"ဒီနေ့ မြို့စွန်မှာ ဖြစ်ခဲ့တဲ့ကိစ္စပြီးကတည်းက... တခြားဘာသာစကားတစ်ခု တတ်ထားဖို့ ဘယ်လောက် အရေးကြီးလဲဆိုတာ နားလည်သွားပြီ"
"ဒါကြောင့် ဟိုတယ်ပြန်ရောက်တာနဲ့ တရုတ်စကားတတ်တဲ့ သူငယ်ချင်းကို ရှာပြီး နည်းနည်း သင်ထားလိုက်တာ"
"မဆိုးဘူး"
ယဲ့ဖန် ခေါင်းညိတ်လိုက်သည်။
စာချုပ်လက်မှတ်ထိုးပြီးနောက် ဖူမာကျန်းဝူ လက်ထဲ အပ်လိုက်ပြီး နောက်ခေါင်းစဉ်တစ်ခုသို့ တန်းသွားလိုက်၏။
"ခဏနေကျရင် အချိုရည်သောက်ဖို့ ဘယ်သွားကြမလဲ"
အန်းကျူ ပရင့်စ် လက်မှတ်ကို စစ်ဆေးပြီးနောက် သူမမျက်လုံးထဲတွင် ကောက်ကျစ်သော အရိပ်အယောင်လေး ဖြတ်ပြေးသွားလေသည်။
"ခုနကပဲ သူငယ်ချင်းတစ်ယောက် ဆက်သွယ်လာတယ်"
"ဒီည သူ့ဆီမှာ ပျော်စရာကောင်းတဲ့ ပွဲတစ်ခု ရှိတယ်တဲ့"
"ကျွန်မ ရုတ်တရက် အကြံကောင်းတစ်ခု ရသွားတယ်"
"ဘာအကြံလဲ"
ယဲ့ဖန် မေးလိုက်သည်။
"ကျွန်မ သူငယ်ချင်းဆီ သွားပြီး ပျော်ကြမယ်လေ"
ပြောရင်းနှင့် စစ်ဆေးပြီးသား စာချုပ်ကို သူမ၏ လက်အောက်ငယ်သားထံ ကမ်းပေးလိုက်သည်။
"ပြီးမှ အချိုရည် သောက်ကြတာပေါ့"
"အချိန်ကျရင် ကျွန်မ ပိုပြီး စိတ်လှုပ်ရှားနေမှာ သေချာတယ်"
"ပြီးတော့... ရှင်လို 'မာကျောတဲ့' ယောကျာ်းတစ်ယောက်က ကျွန်မ သူငယ်ချင်းရဲ့ ပွဲကို သေချာပေါက် ကြိုက်မှာပါ”