နွေဦးပွဲတော်မတိုင်မီ ပြင်ဆင်မှုများ
Vol. 8 Ch. 77
"ကျေးဇူးပါ အစ်မရှူးယောင်း၊ ညီမကတော့ ဘယ်လို အရသာမျိုးပဲဖြစ်ဖြစ် အကုန်ကြိုက်ပါတယ်" တန်ယန်က နွားနို့လက်ဖက်ရည် ပူပူလေးကို ကိုင်ပြီး တစ်ငုံသောက်လိုက်သည်။ လက်ဖက်ရနံ့နှင့် နို့ရနံ့တို့ ရောယှက်ကာ လျှာပေါ်တွင် ကျန်ရစ်ခဲ့သည့် ထူးခြားသော အရသာမှာ တကယ်ကို စွဲမက်စရာပင်။ "အရသာရှိလိုက်တာ။"
သူမ ကြိုက်နှစ်သက်သည်ကို မြင်သောအခါ လီရှူးယောင်းက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်သည်။ "အေးအေးချမ်းချမ်း ရာသီဥတုမျိုးမှာ နွားနို့လက်ဖက်ရည် ပူပူလေးက အကောင်းဆုံးပဲလေ"
မကြာခင်မှာပင် ညစာအဆင်သင့် ဖြစ်ပြီဖြစ်၍ အားလုံး ထမင်းစားခန်းသို့ ရွှေ့ကြသည်။ ဒီနေ့ပြင်ဆင်ထားသော ဟင်းလျာများမှာ အလွန်စုံလင်လှပြီး စားဖိုမှူးမှာ သူ၏ လက်စွမ်းများကို အစွမ်းကုန် ထုတ်သုံးထားပုံရသည်။ မိသားစုဝင်အားလုံး ခွက်ချင်းတိုက်ကာ မြိန်ယှက်စွာ စားသောက်ကြသည်။
ညစာစားပြီးနောက် တန်ယွဲဂျားသည် တန်ယန်၏ ကိုယ်ပိုင်ဖန်တီးမှုဖြစ်သော စန္ဒယားသီချင်းကို အားလုံးရှေ့တွင် တီးခတ်ပြသည်။ အားလုံးက စိတ်ဝင်တစား ရှိလှသဖြင့် စန္ဒယားရှိရာနေရာသို့ သွားကြပြီး ဆိုဖာပေါ်တွင်ဖြစ်စေ၊ ကော်ဇောအိအိလေးပေါ်တွင်ဖြစ်စေ ပေါ့ပေါ့ပါးပါးပင် ဝိုင်းဖွဲ့ထိုင်လိုက်ကြသည်။
တန်ယွဲဂျားမှာ အနည်းငယ် ရှက်နေသော်လည်း အစ်မဖြစ်သူ၏ စကားကို ပြန်ကြားယောင်မိသည်။ ဆွေမျိုးသားချင်းတွေ ရှေ့မှာတောင် မတီးရဲရင် ကျောင်းကလူ အများကြီးရှေ့မှာ ဘယ်လိုလုပ် အောင်အောင်မြင်မြင် တီးနိုင်မှာလဲ။
သူမ စန္ဒယားခုံတွင် ထိုင်လိုက်ပြီး စတင်ကာ တီးခတ်တော့သည်။ ရင်းနှီးပြီးသား သံစဉ်များက သူမ၏ စိတ်လှုပ်ရှားမှုများကို ငြိမ်သက်သွားစေသည်။ ဤတေးသွားမှာ စိတ်ကိုကြည်လင်စေပြီး အပန်းပြေစေသည့် အာနိသင်ရှိရာ ညစာစားပြီးချိန်တွင် နားထောင်ရသည်မှာ အိပ်စက်ရန်ပင် ပို၍ လွယ်ကူစေသည်။
သီချင်းဆုံးသွားသောအခါ တန်ယွဲဂျားသည် ပျော်ရွှင်စွာ ထရပ်ပြီး အားလုံးကို ဦးညွှတ် နှုတ်ဆက်လိုက်ရာ အားလုံးကလည်း လှိုက်လှိုက်လှဲလှဲ လက်ခုပ်တီးပေးကြသည်။ မိန်းကလေးငယ်လေး၏ ပါးပြင်လေးများမှာ ပန်းရောင်သန်းနေပြီး အလွန်ပင် ချစ်စရာ ကောင်းလှသည်။
တန်ချင်းရွှဲ့မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသံပင် တုန်ရီနေရှာသည်။ လွန်ခဲ့သော လဝက်ခန့်ကဆိုလျှင် သူမ၏ ဂျားဂျားလေးသည် လှပသော ဝတ်စုံလေးဝတ်ကာ စန္ဒယား တီးနိုင်လိမ့်မည်ဟု အိပ်မက်ပင် မမက်ရဲခဲ့ပေ။
"ဂျားဂျားလေးက တကယ် တီးနိုင်တာပဲ၊ အဒေါ် တကယ် ဂုဏ်ယူတယ်နော်" သူမတို့ မိသားစုထဲမှာ အနုပညာ ပါရမီပါတဲ့သူ ရှိနေတာလား၊ ကလေးမလေးက သင်ယူတာ သိပ်မကြာသေးဘူး၊ ဒီလောက်အထိ တော်နေပြီပဲ။
ထို့နောက်တွင်တော့ လူငယ်များကို လူကြီးများ၏ စကားဝိုင်းထဲသို့ ဆွဲသွင်းသည့် လက်ဖက်ရည်ဝိုင်း အစီအစဉ် ရောက်လာသည်။ ယန်ယီအန်မှာတော့ အခြေအနေ မဟန်လှပေ။ သူ၏ နောက်ဆုံးစာမေးပွဲ အမှတ်စာရင်းမှာ စိတ်တိုင်းကျစရာ မဖြစ်ခဲ့သဖြင့် သူ၏အမေ (အဒေါ်ကျူမန်) က အတော်လေး စိတ်ပျက်နေသောကြောင့် ဖြစ်သည်။
သို့သော် သူကတော့ အကောင်းမြင်တတ်သူဖြစ်ရာ မိခင်ဖြစ်သူက လူပုံအလယ်တွင် အပြစ်တင်နေသည်ကို စိတ်ထဲမထားဘဲ၊ ဒီမှာတင် အမေက ဒေါသဖြေလိုက်ရင် အိမ်ရောက်သည့်အခါ နားပူ သက်သာလိမ့်မည်ဟုသာ မျှော်လင့်နေသည်။ အားလပ်ရက်မှာတောင် အိပ်ရာထဲ ကောင်းကောင်း နှပ်ခွင့်မရတာ ဘာလို့ဒီလောက် ခက်ခဲနေရတာလဲ။
"နောက်တစ်ခါ ထပ်ကြိုးစားပေါ့၊ ကျူမန်... တစ်နှစ်တောင် ကျန်သေးတာပဲ၊ သိပ်ပြီးစိတ်မပူပါနဲ့။ နှစ်သစ်ကူးမှာ အရင် အပန်းဖြေလိုက်ကြဦး၊ နှစ်သစ်ကူးပြီးမှ အားသွန်ခွန်စိုက် ကြိုးစားကြတာပေါ့၊ ဟုတ်တယ်မလား ယီအန်" ဦးလေးဖြစ်သူက ချက်ချင်းပင် ကြားဝင်ကာ စေ့စပ်ပေးလိုက်သည်။ ဒီအရွယ်မှာ သိက္ခာတော့ ဆယ်ပေးရဦးမည် မဟုတ်ပါလား။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ နောက်နှစ်ဝက်မှာ သေချာပေါက် ကြိုးစားပါ့မယ်" ယန်ယီအန်က လိမ္မာသလို ခေါင်းညိတ်ကာ ကတိပေးလိုက်တော့သည်။
"ဟုတ်တာပေါ့၊ တန်ယွီတောင်မှ အရင်က စာသိပ်မကြိုးစားခဲ့ပေမဲ့ အခု အာရုံစိုက်လိုက်တော့ အမှတ်တွေ ချက်ချင်း တက်လာတာပဲ။ ကလေးတွေကို ချီးမွမ်းပေးဖို့လည်း လိုတယ်လေ။" တန်ယန့်ဖခင်က စကားလမ်းကြောင်း လွှဲပေးရင်း ဝင်ပြောလိုက်သည်။ "ဒါနဲ့ ဦးလေးတို့ ဘယ်တော့လောက် ပြောင်းလာကြမလဲ၊ အိမ်ကတော့ အကုန်လုံး အဆင်သင့်ဖြစ်နေပြီ ထင်တာပဲ၊ အတူတူနေရင် ပိုစည်တာပေါ့။"
"တကယ်တော့ နှစ်သစ်ကူးမတိုင်ခင် ပြောင်းဖို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ ပွဲတော်နီးလာတော့ အလုပ်တွေကများ၊ အထုပ်အပိုး ပြင်ဖို့လည်း အချိန်မရတာနဲ့ နှစ်သစ်ကူးပြီးမှပဲ ပြောင်းတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။" အဒေါ် ယန်ရိုရှန်မှာ အခုတလော အထူးပင် ပျော်ရွှင်နေသည်။ ကလေးများက သူမအပေါ် စိတ်ဖွင့်လာကြသည်သာမက သူမ၏ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ကလည်း တိုးတက်နေသောကြောင့် ဖြစ်သည်။ မိသားစုရော အလုပ်ပါ အဆင်ပြေနေသည်မှာ တကယ့်ကို နေလို့ကောင်းလှသည်။
"ကျွန်တော်တို့လည်း အတူတူပါပဲ၊ အခုလောလောဆယ် တကယ် အလုပ်ရှုပ်နေကြတာ။ နှစ်သစ်ကူးပြီးရင်တော့ အေးသွားမှာပါ။" ဟု ဦးလေးဖြစ်သူက တစ်ခုခုကို သတိရသွားဟန်ဖြင့် ဆက်ပြောသည်။ "မကြာသေးခင်က သတိထားမိတာက အွန်လိုင်းကနေ ဈေးဝယ်တာတွေက တော်တော်လေး ခေတ်စားလာတာပဲ၊ ကုမ္ပဏီအတွက် အခွင့်အလမ်းကောင်းတွေ ဖြစ်လာနိုင်တယ်။ ပြီးတော့ မင်းရဲ့ အိမ်ခြံမြေ လုပ်ငန်းကလည်း အခြေအနေ ကောင်းတယ်လို့ကြားတယ်၊ ဘယ်လိုလဲ"
ထို့နောက်တွင်တော့ လူကြီးများသည် အလုပ်အကိုင်နှင့် မိသားစုအရေးများကို အလေးအနက် ဆွေးနွေးကြတော့သည်။
တန်ယန်သည် သူမ၏ အစ်ကို၊ အစ်မ၊ မောင်လေးနှင့် ညီမလေးတို့ကိုခေါ်ပြီး ခြံထဲတွင် မီးရှူးမီးပန်းများ သွားပစ်ကြသည်။ မီးရှူးမီးပန်းများကိုတော့ တန်ချင်းရွှဲ့နှင့် ယန်ရိုးလင်တို့က ဝယ်ပေးထားခြင်း ဖြစ်သည်။
မိန်းကလေးများမှာ မီးရှူးမီးပန်းကြီးများကို ပစ်ရန် အနည်းငယ် တွန့်ဆုတ်နေသဖြင့် မီးညှိရမည့် တာဝန်မှာ ယန်ယီအန်နှင့် တန်ယွီတို့အပေါ် ကျရောက်လာသည်။ ယောင်္ကျားလေးများမှာ သဘာဝအတိုင်းပင် သတ္တိရှိကြပုံရသည်။
သူတို့နှစ်ဦးသည် မီးရှူးမီးပန်းကြီး ခြောက်ခုကို စီတန်းထားပြီး တစ်ခုပြီးတစ်ခု မီးညှိလိုက်ကြသည်။
တောက်ပလှပသော မီးရှူးမီးပန်းများသည် ညကောင်းကင်ယံတွင် ပေါက်ကွဲထွက်သွားပြီး တန်မိသားစု အိမ်တော်ကြီး၏ အထက်ကောင်းကင်ကို လင်းထိန်သွားစေသည်။ လူငယ်တစ်စုမှာ အလွန်ပင် ပျော်ရွှင်နေကြပြီး တန်ယန်ကတော့ မီးရှူးမီးပန်းများကို ကြည့်ရင်း စိတ်ထဲမှ ဆုတောင်းလိုက်မိသည် - "နှစ်တိုင်း ဒီလိုနေ့မျိုးမှာ ပြန်လည်ဆုံဆည်းပါရစေ၊ နှစ်တိုင်းဟာလည်း ဒီနှစ်လိုမျိုး သာယာပါရစေ။"
မနေ့ညက အရှိန်လွန်အောင် ပျော်ခဲ့ကြသဖြင့် နောက်တစ်နေ့တွင် အားလုံး အိပ်ရာထ နောက်ကျကုန်ကြသည်။
တန်ယန့်ဖခင်မှာလည်း ယနေ့မှစ၍ နှစ်ပတ်လည် အားလပ်ရက်ကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ ယနေ့သည် လပြက္ခဒိန်အရ ၂၈ ရက်နေ့ဖြစ်ပြီး နောက်ထပ် နှစ်ရက်ဆိုလျှင် နှစ်သစ်ကူးအကြိုညကို ရောက်တော့မည်။ နှစ်သစ်ကူးပစ္စည်းများ ဝယ်ယူရသည့် ပျော်ရွှင်မှုကို ခံစားနိုင်ရန်အတွက် တန်မိသားစုဝင်များသည် မွန်းလွဲစာ စားပြီးသည်နှင့် S မြို့တော်ရှိ အကြီးဆုံး ကုန်တိုက်ကြီးသို့ ထွက်ခွာလာကြသည်။
လမ်းမများပေါ်တွင် လူများဖြင့် ပြည့်နှက်နေသည်။ တန်ချင်းရွှဲ့သည် လူအုပ်ကြားထဲတွင် တန်ယွဲဂျား လမ်းပျောက်သွားမည် စိုးသဖြင့် လက်ကို မြဲစွာ ဆုပ်ကိုင်ထားသည်။ တန်ယွီကတော့ တန်ယန်နှင့် ဘေးချင်းယှဉ် လမ်းလျှောက်လာသည်။ တန်မိသားစု ဇနီးမောင်နှံမှာမူ ဝယ်သမျှ ပစ္စည်းများထည့်ရန် ဈေးဝယ်လှည်းကိုယ်စီကို တွန်းလာကြသည်။
ကုန်တိုက်ကြီး တစ်ခုလုံးမှာလည်း နှစ်သစ်ကူး အထိမ်းအမှတ် အနီရောင်များဖြင့် ဝေဝေဆာဆာ ပြင်ဆင်ထားပြီး ပွဲတော် အငွေ့အသက်များက နေရာတိုင်းမှာ လွှမ်းမိုးနေသည်။ သူတို့ ပထမဆုံး သစ်သီးတန်းသို့သွားကာ မိမိတို့နှစ်သက်သော အသီးများကို ရွေးချယ်ကြသည်။ ထို့နောက် အအေးနှင့် မုန့်တန်းသို့ ရောက်သောအခါ မုန့်များကိုမြင်ပြီး တန်ယွဲဂျားလေး၏ မျက်လုံးများမှာ ဝင်းပသွားတော့သည်။
တန်ယန်က လက်ကို ဝှေ့ယမ်းပြရင်း "မမ ဝယ်ပေးမယ်၊ ကြိုက်တာသာယူ" ဟု ခပ်မိုက်မိုက် ပြောလိုက်သည်။
"သားအတွက်ရော ပါလား" တန်ယွီက မသေချာသလိုဖြင့် သူ့ကိုယ်သူ ပြန်ညွှန်ပြပြီး မေးလိုက်သည်။
"ပါတာပေါ့၊ အားလုံးအတွက်ပါတယ်"
"ဟေးးးးး" "အစ်မက အကောင်းဆုံးပဲ" တန်ယွီနှင့် တန်ယွဲဂျားတို့သည် ဈေးဝယ်လှည်းထဲသို့ မုန့်များကို အလုအယှက် ထည့်ကြရာ ခဏချင်းမှာပင် လှည်းမှာ ပြည့်လျှံသွားတော့သည်။
ထို့နောက် အိမ်အလှဆင် ပစ္စည်းများ ရောင်းချသည့် အပိုင်းသို့ လျှောက်လာခဲ့ကြရာ ထိုနေရာတွင် နွေဦးပွဲတော် အလှဆင် ပစ္စည်းမျိုးစုံဖြစ်သော အနီရောင် မီးအိမ်များ၊ နှစ်သစ်ကူး စာသားများ၊ ပြတင်းပေါက်ကပ် စက္ကူပန်းများ၊ ရောင်စုံမီးဆိုင်းများအပြင် ပွဲတော်နှင့် လိုက်ဖက်သည့် ပန်းအိုးများနှင့် ပန်းစည်းများဖြင့် ပြည့်နှက်နေသည်။
အမျိုးသမီးများမှာ သဘာဝအတိုင်းပင် ပန်းများကို ချစ်မြတ်နိုးကြပုံရသည်။ တန်ယန်၊ ယန်ရိုးလင် သို့မဟုတ် တန်ချင်းရွှဲ့ဖြစ်စေ သူတို့အားလုံးသည် ဈေးဝယ်လှည်းထဲသို့ ပန်းစည်းပေါင်း များစွာကို ထည့်လိုက်ကြသည်။ သို့သော်လည်း အားမရနိုင်ကြသေးဘဲ နောက်တစ်နေ့တွင် ပို၍လှပသော ပန်းများကို ဝယ်ယူရန် ပန်းနှင့်ငှက်ဈေးသို့ သွားရန်ပင် ဆုံးဖြတ်လိုက်ကြသေးသည်။
နောက်ဆုံးတွင် မိသားစုဝင်များသည် ပစ္စည်းများ ပြည့်နှက်နေသည့် ဈေးဝယ်လှည်း သုံးစီးကိုတွန်းကာ ငွေရှင်းကောင်တာသို့ လာခဲ့ကြသည်။ ရှည်လျားလှသော လူတန်းကြီးကိုကြည့်ပြီး တန်ယန် သက်ပြင်းချလိုက်မိသည်။ လူတိုင်း၏ ဈေးဝယ်လှည်းများမှာ ပြည့်လျှံနေကြသဖြင့် သူတို့အလှည့်ရောက်ရန် အနည်းဆုံး နာရီဝက်ခန့် စောင့်ရဦးမည်မှာ သေချာသည်။
တန်ယန်တို့ မိသားစု၏ နောက်ကလူများမှာ ထိုအခြေအနေကို မြင်သည်နှင့် အခြားငွေရှင်း ကောင်တာများသို့ ချက်ချင်း ပြောင်းသွားကြတော့သည်။ 'တကယ်ပဲလား၊ သူတို့ရှေ့က ကုန်တင်ကားကြီး သုံးစီးစာလောက်ရှိတဲ့ ပစ္စည်းတွေကို ငွေရှင်းဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲ'
ငွေရှင်းပြီးနောက် ဈေးဝယ်လှည်းကို မြေအောက်ကား ပါကင်အထိ တွန်းလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် လှည်းကို အောက်အထိ တွန်းယူခွင့် ရသောကြောင့်သာ တော်တော့သည်။ မဟုတ်လျှင် ဤပစ္စည်းအားလုံးကို အခေါက်ခေါက် အခါခါ သယ်နေရပေလိမ့်မည်။
အိမ်ရောက်သောအခါ တန်ယန်သည် မည်သည့်အရာကိုမျှ မလုပ်ချင်တော့ဘဲ ပစ်ထားလိုက်တော့သည်။ ဘာပဲဖြစ်ဖြစ် အစ်မရုံနှင့် အိမ်တော်ထိန်းကျန်းတို့ ရှိနေသဖြင့် ပစ္စည်းများ သိမ်းဆည်းရန် စိုးရိမ်စရာ မလိုပေ။
နောက်တစ်နေ့တွင် တန်ယန်သည် ပုံမှန်နိုးနေကျ အချိန်မှာပင် နိုးလာခဲ့သည်။ မျက်နှာသစ်၊ မနက်စာ စားပြီးနောက် ခြံထဲတွင် စာအုပ်တစ်အုပ်နှင့်အတူ နေပူစာလှုံရင်း ထိုင်နေလိုက်သည်။ ဆောင်းရာသီ၏ နွေးထွေးသော နေရောင်ခြည်ကို တန်ဖိုးထားသင့်သည် မဟုတ်ပါလား။
ချင်ယွီရုံက စောင်အပါးလေးတစ်ထည် ယူလာပေးပြီး သူမ၏ ခြေထောက်များကို ဖုံးပေးလိုက်သည်။ "ဒီနေ့ လေနည်းနည်းတိုက်တယ်၊ အအေးမိမှာစိုးလို့ စောင်လေးခြုံထားဦးနော်။"
"ကျေးဇူးပါ အစ်မရုံ။"
တန်မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် အိပ်ရာမှ နိုးလာကြပြီး တန်ယန်က ခြံထဲတွင် စာဖတ်နေသည်ကို မြင်သောကြောင့် သူမကို အနှောင့်အယှက် မပေးကြပေ။
တီးတောင်... တီးတောင်... လူခေါ်ဘဲလ်သံ ထွက်ပေါ်လာသည်။
ခဏအကြာတွင် အိမ်တော်ထိန်းကျန်းက တန်ယွဲဂျား၏ အတန်းဖော် ရောက်လာကြောင်း လာရောက် အကြောင်းကြားသည်။ တန်ယန်သည် စာအုပ်ကို ချလိုက်ရာ ချင်ယွီရုံက သူမအနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ "ဟိုတစ်ခါ ကျွန်မတို့ ကူညီခဲ့တဲ့ ကျိုးမျိုးရိုးနဲ့ မိသားစုလေ။"
တန်ယန်က နားလည်သလို ခေါင်းညိတ်ပြလိုက်ရင်း သူတို့ဘာကိစ္စနှင့် ရောက်လာကြတာလဲ ဆိုတာကို တွေးတောနေမိပါသည်။ သူမ ထိုင်ရာမှထပြီး အိမ်ထဲကို ပြန်ဝင်လာတဲ့ အခါမှာတော့ လှေကားပေါ်ကနေ အရမ်းကို စိတ်လှုပ်ရှားပြီး ဆင်းလာသော တန်ယွဲဂျားကို တွေ့လိုက်ရပါသည်။ တန်ယန်ကိုမြင်တာနှင့် သူမက ဝမ်းသာအားရ ပြေးလာတော့တာပါပဲ။
"မမ၊ ညီမလေးရဲ့ အတန်းဖော် ရောက်နေတယ်၊ ကျိုးကျားရှင်းလေ၊ အစ်မ မှတ်မိသေးရဲ့လား"
တန်ယန်က ခေါင်းညိတ်ပြရင်း "မှတ်မိတာပေါ့ ဂျားဂျားရဲ့၊ ဒါဆိုရင် အတန်းဖော်ကို သေသေချာချာ ဧည့်ခံလိုက်ဦးနော်" ဟု ပြောလိုက်ပါသည်။
"ဟုတ်ကဲ့ပါ"
ညီအစ်မနှစ်ယောက် စကားပြောနေတုန်းမှာပဲ အိမ်တော်ထိန်းကျန်းက ဧည့်သည်တွေကို အထဲသို့ ခေါ်ဆောင်လာပါသည်။
သဘောကောင်းမည့် ပုံပေါက်သည့် အမျိုးသားတစ်ဦးက မိန်းကလေးငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ထားရင်း "မင်္ဂလာပါခင်ဗျာ၊ အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါဦး" ဟု နှုတ်ဆက်လိုက်ပါသည်။