← Chapters

လှည့်စားထားသည့် စနစ်

Vol. 8 Ch. 80

လှည့်စားထားသည့် စနစ်

Vol. 8 Ch. 80

အပြင်ဘက်က ထုပ်ပိုးထားသည့် သေတ္တာကို ဖွင့်လိုက်သောအခါ အတွင်းထဲမှာ ဖန်သား သေတ္တာလေးတစ်ခု ထပ်ပါနေတာကို တွေ့ရပါသည်။ အနေအထားအရ ဆိုရင်တော့ ဖိနပ်တစ်စုံမှန်း သိသာလှပြီး မီကို့ရဲ့ မျက်ဝန်းတွေကတော့ အံ့သြမှုတွေနှင့် ပြည့်နှက်နေပါတော့သည်။ နောက်ဆုံးမှာတော့ သူမဟာ ဖန်သားသေတ္တာလေးကို ဖွင့်လိုက်သည့်အခါ... အလင်းရောင်အောက်မှာ တလက်လက် တောက်ပနေပြီး အပြစ်အနာအဆာ ကင်းစင်သော ဖန်စီဖိနပ်တစ်စုံဟာ ရှေ့မှောက်မှာ ပေါ်လာပါတော့သည်။

မီကိုဟာ အော်မိမှာစိုးသောကြောင့် သူမ၏လက်နှစ်ဖက်နှင့် ပါးစပ်ကို အုပ်ထားလိုက်မိပါသည်။ စိတ်လှုပ်ရှားမှုကို အတော်လေး ထိန်းလိုက်ပြီးမှ တန်ယန့်ကို မျက်လုံးလေးတွေ ဝင်းပလျက် ကြည့်ပြီး ပြောလိုက်သည်။ - "နင်... နင် တကယ်ပဲ ငါ့ကို ဖန်စီဖိနပ်တစ်စုံ လက်ဆောင်ပေးတာလား"

တန်ယန်က ခပ်ပြုံးပြုံးလေးနှင့် "နင်ကြိုက်မှာကို ငါသိသားပဲ၊ ငါ နှစ်စုံဝယ်ထားတာလေ၊ တို့တွေ တစ်ယောက်တစ်စုံစီပေါ့။ နင်လက်ထပ်တဲ့ နေ့ကျရင် ဒါလေးကို သေချာပေါက် ဝတ်ရမယ်နော်"

"အင်း၊ ဒါပေမဲ့ ယန်ယန်... ငါလက်ထပ်ဖို့ဆိုတာ အနည်းဆုံး ခုနစ်နှစ်လောက် လိုသေးတာလေ။ အဲ့ဒီအချိန်ကျရင် ငါ့ခြေထောက်နဲ့ မတော်တော့ရင် ဘယ်လိုလုပ်မလဲ" မီကိုက ဇဝေဇဝါနဲ့ မေးလာပါသည်။ ဒီဖန်စီဖိနပ်လေးက ဆိုဒ် ၃၆ လေ။ တကယ်လို့ ခြေထောက်က ၃၇ ဖြစ်သွားရင်တောင် အနိုင်နိုင် စွပ်ဝတ်လို့ ရဦးမယ်၊ ဒါပေမဲ့ ၃၈ သာ ဖြစ်သွားရင်တော့...

"မပူပါနဲ့၊ ငါ့အထင်တော့ နင့်ဆိုဒ်က ၃၆ ပဲ ဖြစ်နေမှာပါ။ တကယ်လို့ မတော်တော့ဘူး ဆိုရင်လည်း နောက်တစ်စုံ ငါထပ်ဝယ်ပေးမှာပေါ့" တန်ယန်ကတော့ သေချာပေါက် ပြောနိုင်ပါသည်။ သူမရဲ့ အရင်ဘဝတုန်းကလည်း မီကိုရဲ့ဖိနပ်ဆိုဒ်က ၃၆ ပဲလေ၊ တိုက်ဆိုင်မှုတွေ ရှိခဲ့ရင်တောင် ၃၇ ထက်တော့ မပိုနိုင်ပါဘူး။ သူမဆီမှာ ဆိုဒ် ၃၇ တစ်စုံလည်း ရှိသေးတာပဲလေ။

"တကယ်ကို လှလွန်းတယ်၊ ပုံပြင်ထဲက ဖန်စီဖိနပ်လေးတွေက တကယ်ရှိတာပဲနော် ယန်ယန်... နင်ကတော့ ငါ့အတွက် နတ်သမီးလေးပဲ"

"စိတ်ကူးထဲမှာတော့ လက်ခံပေးလိုက်မယ်လေ" မီကိုပျော်နေရင်ပဲ တန်ယန် ကျေနပ်ပါသည်။

မီကိုဟာ ဖန်စီဖိနပ် သေတ္တာလေးကို ပိုက်ပြီး အိမ်ကို ပျော်ပျော်ပါးပါး ပြန်လာခဲ့ပါသည်။ လမ်းတစ်လျှောက်လုံးမှာလည်း တစ်ခုခုဖြစ်မှာစိုးလို့ အသေအချာကို ကာကွယ်လာတာပါ။ သမီးဖြစ်သူက သေတ္တာကို တုန်တုန်ယင်ယင်နှင့် စောင့်ရှောက်လာတာကို မြင်တော့ မီကိုရဲ့အမေက စပ်စုချင်စိတ် ပေါ်လာပါသည်။

"ကိုကို... ဒီတစ်ခါ ယန်ယန့်ဆီက ဘာတွေ ယူလာပြန်တာလဲ၊ အားမနာတတ်လိုက်တာ"

မီကိုက လက်ဆောင်ကို ရင်ဘတ်မှာ ပိုမြဲအောင် ဖက်ထားရင်း - "ဒါက ယန်ယန်ပေးတဲ့ လက်ဆောင်ပါ"

"ဒီကလေးကတော့ ညည်းဘာတွေ ဒီလောက်တောင် ကာကွယ်နေလဲဆိုတာ အမေ့ကို ပြစမ်းပါဦး" မီကို့အမေက သေတ္တာထဲမှာ ဘာရှိလဲဆိုတာ သိချင်လို့ အနားကို တိုးလာပါသည်။

"အို... မေမေကလည်း၊ ဖယ်ပါဦး။ အရင်ဆုံး စားပွဲပေါ် တင်ပါရစေဦး ပြီးမှ ကြည့်လို့ရမှာ" မီကို့အမေ ဖယ်ပေးလိုက်တော့မှ မီကိုက လက်ထဲက သေတ္တာလေးကို စားပွဲပေါ် အသာအယာတင်ပြီး ဂရုတစိုက် ဖွင့်လိုက်ပါသည်။

မီကို့အမေရဲ့ မျက်လုံးတွေ ပြူးသွားပါတော့သည်။ ။ ဒါက... တကယ်ကို ခမ်းနားလွန်းတယ်။

"ဒါ... ဖန်စီဖိနပ်လား" မီကို့အမေက မယုံနိုင်သလို မေးလိုက်ပါသည်။

"ဟုတ်တယ်လေ" မီကိုက ခေါင်းလေးမော့ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။

"ဒါတကယ် ဈေးကြီးမှာပဲနော်" မီကို့အမေက ရှေ့က ဖန်စီဖိနပ်လေးကို မမှိတ်မသုန် စိုက်ကြည့်နေပါသည်။ ဘယ်လို မိန်းကလေးမျိုးပဲဖြစ်ဖြစ်၊ အသက်အရွယ်မရွေး ဒီလို တလက်လက် တောက်နေတာမျိုးကို မကြိုက်တဲ့သူ မရှိပါ။

"အာ... မေးဖို့မေ့သွားတယ်" မီကိုက သူမရဲ့ ခေါင်းကိုကုပ်ရင်း ပြောလိုက်ပါသည်။ ပျော်လွန်းနေတာနဲ့ ဈေးနှုန်းအကြောင်း မေးဖို့ကို လုံးဝ သတိမရတော့တာပါ။

မီကိုရဲ့အမေကတော့ ခေါင်းကိုသာ ရမ်းလိုက်ပါတော့သည်။ ဒီကလေးမလေးကတော့ တကယ့်ကို အူကြောင်ကြောင် နိုင်လွန်းပါတယ်။ အကယ်၍သာ ကိုယ်မွေးထားတဲ့ သမီးအရင်း မဟုတ်ရင်တော့ အဝေးကြီးကိုသာ ကန်ထုတ်လိုက်ချင် ပါတော့သည်။

မီကိုပြန်သွားပြီးတဲ့နောက် တန်ယန်ဟာ မီကိုပေးခဲ့တဲ့ လက်ဆောင်ကို ဖွင့်ကြည့်လိုက်ပါသည်။ အဲ့ဒါကတော့ လေးရွက်ပါ ကလိုဗာအရွက်ပုံစံ စိန်စီထားတဲ့ ပလက်တီနမ် လက်ကောက်လေး တစ်ကွင်းပါ။ ငွေရောင်လက်ကောက် ကြိုးလေးမှာ စိန်မှုန်လေးတွေက နဂါးငွေ့တန်းကနေ ကြွေကျလာတဲ့ ကြယ်ပွင့်လေးတွေအလား တလက်လက်နှင့် တွဲလောင်းလေးတွေ ကျနေပါသည်။

တန်ယန်က အဲ့ဒီလက်ကောက်လေးကို သဘောကျလွန်းလို့ သူမရဲ့ လက်ကောက်ဝတ်မှာ ချက်ချင်းပဲ ဝတ်ဆင်လိုက်ပါသည်။ ဖုန်းကင်မရာကိုဖွင့်၊ ဓာတ်ပုံရိုက်ပြီး သူမရဲ့ Weibo မှာ တင်လိုက်ပါသည်။

တန်ယန်: ငါ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလေးဆီက နှစ်သစ်ကူးလက်ဆောင် ရလိုက်ပြီ။ အရမ်းချစ်ဖို့ ကောင်းလွန်းလို့ သဘောကျနေရတယ် @မီကို 【အသည်းပုံ】

ငါ့သူငယ်ချင်းရဲ့ မှတ်ချက်တွေမှာ သွားပြီး သူမကို ချီးကျူးပေးကြပါဦး။ အဲ့ဒီထဲက လူ ၁၀၀ ကို ရွေးပြီး တစ်ယောက်ကို ယွမ် ၁၀၀၀ တန် (၁၀၀၀ RMB) အောင်ပွဲ စာအိတ်နီလက်ဆောင် ပေးသွားပါမယ်။ ကံထူးရှင်တွေကို နောက် ၁ နာရီမှာ ကြေညာပေးမှာပါနော်။ 【ပုံ*၁】

တန်ယန်ရဲ့ Weibo မှာ ဖော်လိုဝါ သုံးသန်းနီးပါး ရှိနေတာဖြစ်ပြီး အားလုံးက တကယ့်အစစ်အမှန်တွေပါ။ ပို့စ်တစ်ခု တင်လိုက်တာနှင့် လိုက်ခ်သောင်းချီပြီး မှတ်ချက်ထောင်ချီ ချက်ချင်း တက်လာပါသည်။ ၁၀ မိနစ်အတွင်းမှာပဲ မှတ်ချက်ပေါင်း တစ်သောင်းကျော်သွားပြီး လိုက်ခ်အရေအတွက်ကတော့ နှစ်သိန်းနီးပါး ရှိသွားပါပြီ။

မီကိုရဲ့ပို့စ်အောက်မှာ ချီးကျူးစကားတွေနှင့် ပြည့်နှက်သွားတာကို မြင်တော့မှ တန်ယန်က ကျေနပ်စွာနဲ့ လိုက်ပြီး လိုက်ခ်ပေးနေတော့သည်။

အဲ့ဒီအချိန်မှာ ချင်ယွီရုံ လမ်းလျှောက်ဝင်လာပြီး ဆိုဖာပေါ်မှာ ကွေးကွေးလေးထိုင်ကာ ဖုန်းကြည့်နေတဲ့ တန်ယန့်ကိုမြင်တော့ အနားကိုလာပြောပါသည်။ - "ကျိစုက အွန်လိုင်းမှာ ဆဲဆိုနေတဲ့ သူတွေကို စာရင်းလိုက်ကောက်ရင်းနဲ့ ဒီကိစ္စမှာ ထူးဆန်းတာတစ်ခု သတိထားမိတယ်"

တန်ယန်က ဖုန်းကြည့်တာကို ရပ်လိုက်ပြီး - "ဘာဖြစ်လို့လဲ အစ်မရုံ"

"အဲ့ဒီထဲက တချို့သူတွေက ပိုက်ဆံယူပြီး သူတစ်ပါးကို နာမည်ဖျက်ပေးရတဲ့ အခကြေးငွေယူ အွန်လိုင်းလူမိုက်တွေ ဖြစ်နေတယ်။ မီကိုက အနုပညာ လောကထဲက မဟုတ်တော့ ကျိစုက နောက်ထပ် ထပ်စုံစမ်းကြည့်တဲ့ အခါမှာ... သူတို့က 'ချန်ယွဲ့' ဆိုတဲ့ တတိယတန်းစား မင်းသမီးတစ်ယောက်ရဲ့ လက်ထောက်တွေ ဖြစ်နေတယ်"

ဒါကြောင့် သူတို့ နောက်ထပ် အသေအချာ ထပ်စုံစမ်း ကြည့်လိုက်ကြပါသည်။ အဲ့ဒီမင်းသမီးငယ်လေးဟာ ယွမ်ရှီးရဲ့ သီချင်းဗီဒီယိုမှာ မင်းသမီး လုပ်ချင်ခဲ့တာပါ။ သူမက ကုမ္ပဏီရဲ့ အဆက်အသွယ်တွေကိုသုံးပြီး အားလုံးနီးပါး အတည်ပြုခါနီးမှ... ရုတ်တရက် တခြားတစ်ယောက်က ပေါ်လာပြီး သူမရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်လိုက်သလို ဖြစ်သွားတာပါ။

သူမဟာ ယွမ်ရှီးကိုတော့ ပြန်ပြီး မတုံ့ပြန်ရဲတာကြောင့် မီကိုကိုပဲ ပြဿနာရှာဖို့ လုပ်ခဲ့တာ ဖြစ်ပါသည်။

"ချန်ယွဲ့…ဘယ်ကုမ္ပဏီကလဲ"

"ထန်လုံ ဖျော်ဖြေရေးပါ၊ ဒီကုမ္ပဏီက နာမည်ကောင်း ရှိတာမဟုတ်ဘူး" ချင်ယွီရုံက ဆက်ပြောပြသည်။ "အရင်ကလည်း သူတို့ဆီက အမျိုးသမီး အနုပညာရှင်တစ်ယောက် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တဲ့ကိစ္စ ပေါက်ကြားခဲ့ဖူးတယ်။ အဲ့ဒီတုန်းက တော်တော်လေး ဟိုးလေးတကျော် ဖြစ်သွားပေမဲ့ နောက်ပိုင်းမှာတော့ သတင်းကို ဖုံးဖိလိုက်ကြတယ်လေ။"

"သူတို့နောက်မှာ အင်အားကြီးတဲ့ အဆက်အသွယ်တွေ ရှိလို့လား"

"ရှန်းမိသားစုရဲ့ ဆွေမျိုးတော်စပ်တဲ့ တစ်ခုက ပိုင်တာပါ။"

"ရှန်းမိသားစု နောက်တစ်ခါ ထပ်ပါလာပြန်ပြီလား" တန်ယန် စဉ်းစားခန်း ဝင်သွားသည်။ ရှန်းမိသားစုရဲ့ အကြီးအကဲက သူ့လက်အောက်ကလူတွေ လုပ်နေတာကို သိလျက်နဲ့ လွှတ်ထားတာလား၊ ဒါမှမဟုတ် ဘာမှမသိဘဲ အမှောင်ချခံ ထားရတာလား။ ဒါပေမဲ့ ဒါတွေက သူမနဲ့ ဘာဆိုင်လို့လဲ။ အခုလောလောဆယ် သူမလိုချင်တာက သူတို့ကို ပြဿနာ ပြန်ရှာဖို့ပဲ။ အပေးအယူဆိုတာ မျှတရမယ် မဟုတ်ပါလား။

ထန်လုံဖျော်ဖြေရေးကနေပဲ စလိုက်ကြတာပေါ့၊ ဒါမှ မီကိုလည်း ဒေါသပြေသွားမှာ။

【ရိတျန်တျန်... ထန်လုံဖျော်ဖြေရေးရဲ့ အပုပ်နံ့ထွက်နေတဲ့ သတင်းဆိုးတွေကို ရှာပြီး အွန်လိုင်းပေါ် တင်ပေးလို့ရမလား၊ ချစ်တယ်နော်】

【အရှင်.... အရှင်ကတော့ တကယ်ကို ရိုင်းလွန်းနေပြီနော်】 စနစ်က ဒေါသထွက်သွားသည်။ စနစ်က အလကား အလုပ်မလုပ်ပေးချင်ဘူးလေ။

'တို့တွေကြားမှာ အားနာနေဖို့ လိုလို့လား'

【ဒါပေမဲ့ ဒီခေါင်းဆောင်ကြီးက အနှိပ်စက်မခံချင်ဘူး】

【ဒါပေမဲ့ ငါသာ ဒေါသမဖြေလိုက်ရရင် စိတ်အခြေအနေ မကောင်းဖြစ်နေမှာ။ စိတ်မကြည်ရင် ပိုက်ဆံ မသုံးချင်တော့ဘူး။ ပိုက်ဆံမသုံးရင် အလုပ်တွေ မပြီးမြောက်တော့ဘူး၊ အဲ့ဒီအခါ အဆင့်မတက်တော့ဘဲ စကြဝဠာမှာ အသာလွန်ဆုံး၊ အတော်ဆုံး၊ အပြည့်စုံဆုံး စနစ်ကြီး ဖြစ်လာဖို့က ဝေးသွားလိမ့်မယ်။】

【အဲ့ဒီလိုလား】

【ဒါ့အပြင် နင်က အဆင့်မြင့် ယဉ်ကျေးမှုကလာတဲ့ စနစ်တစ်ခုပဲလေ။ ဘယ်သူမှ မရိပ်မိအောင်၊ ဘယ်သူမှ ငါ့ဆီ ခြေရာခံ မလိုက်နိုင်အောင် ဒါမျိုးကို နင်ပဲလုပ်နိုင်တာ】

'သက်ပြင်းချလိုက်ပြီး... ငါသာ ကိုယ်တိုင်လုပ်ရင် တစ်ယောက်ယောက်က သိသွားပြီး ငါ့ကို လာကလဲ့စားချေရင် ငါ့အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တော့ဘူး။'

'သူတို့ ငါ့ကိုဖမ်းပြီး ပိတ်လှောင်ထားရင် ထားမှာ။ တကယ်လို့ သူတို့က ရက်စက်တယ်ဆိုရင် ငါ့ကို ကြိုးတုပ်ပြီး ငါးစာကျွေးဖို့ ပင်လယ်ထဲ ပစ်ချလိုက်မှာ၊ အဲ့ဒီအခါကျရင် နင်က စနစ်ရှင်အသစ် ထပ်ရှာရတော့မှာလေ။'

【ဝါးးးး... အရှင်၊ နင်လုံးဝ ထိခိုက်ဒဏ်ရာ ရလို့မဖြစ်ဘူးနော်၊ တကယ်လို့ နင့်ကို တစ်ခုခု ဖြစ်သွားရင် ငါက မူလဖန်တီးရှင်ဆီ ပြန်သွားပြီး ဖောမတ်အလုပ်ခံရမှာ။】

အို... ဒီလိုအပိုင်းလည်း ရှိသေးတာလား။ ဒါဆို သူမနဲ့ပဲ တစ်သက်လုံး တွဲနေရမှာပေါ့၊ အရင်က စနစ်ပြောခဲ့တဲ့ အရှင်ကို ချိတ်ဆက်မှုဖြုတ်ပြီး အသစ်ထပ်ရှာလို့ ရတယ်ဆိုတာကရော ဘာလဲ။

【ရိတျန်တျန်... ငါလည်းနင့်ကို အဆုံးရှုံးမခံနိုင်ဘူး၊ ဒါကြောင့် ငါပြောသလိုလုပ်ပြီး ထန်လုံဖျော်ဖြေရေးရဲ့ ပြဿနာတွေကို ဖြေရှင်းပေးပါနော်။ ငါနင့်ကို ယုံကြည်တယ်။ တို့နှစ်ယောက်ရဲ့ ကံကြမ္မာက နင့်လက်ထဲမှာပဲ၊ ကြိုးစားပါဦး】

【ကောင်းပြီ အရှင်၊ ငါအခုချက်ချင်း သွားလုပ်လိုက်မယ်၊ စောင့်နေနော်】

ရိတျန်တျန်ကို အလုပ်တွေ မှာကြားပြီးတဲ့ နောက်မှာတော့ တန်ယန်ဟာ စိတ်ဓာတ်တွေ ပြန်တက်ကြွလာပြီး မီကိုရဲ့ မှတ်ချက်ထဲကို ပြန်ဝင်ကာ အွန်လိုင်း အသုံးပြုသူတွေရဲ့ ချီးကျူးစကားတွေကို လိုက်ဖတ်နေတော့သည်။

သူမကို ဆဲဆိုထားသည့် မှတ်ချက်တွေ တစ်ခုပြီးတစ်ခု အောက်ရောက်သွားပြီး ချီးကျူးစကားတွေ အပေါ်ရောက်လာတာကို ကြည့်ရင်း တန်ယန်မှာ အောင်မြင်မှုရသလို ခံစားနေရပါသည်။ နှစ်သစ်ကူးကာလမှာ စိတ်ချမ်းသာဖို့ဆိုတာ ကောင်းတဲ့စကားတွေပဲ ကြားရမှာ မဟုတ်ပါလား။

သူမသဘောကျတဲ့ ချီးကျူးစကားတွေကိုလည်း နောင်တစ်ချိန်မှာ သူများကိုပြန်ပြီး ချီးကျူးတတ်အောင် မှတ်စုစာအုပ်ထဲမှာ မှတ်ထားလိုက်ပါသေးသည်။

မကြာခင်မှာပဲ တစ်နာရီ ပြည့်သွားခဲ့ပါပြီ။ တန်ယန်ဟာ ချင်ယွီရုံကို ကံထူးရှင်စာရင်း ပြုစုခိုင်းပြီး သူမရဲ့ Weibo မှာ တင်လိုက်ပါသည်။ ပြီးနောက် ဂရုချက်တစ်ခု တည်ဆောက်ပြီး အောင်ပွဲအဖြစ် စာအိတ်နီငွေတွေကို စတင် ပေးပို့လိုက်ပါသည်။

ဆုငွေတွေ လက်ခံရရှိပြီးတဲ့ နောက်မှာတော့ ကံထူးရှင်တွေဟာ ဝမ်းသာအားရနှင့် ဓာတ်ပုံရိုက်ပြီး @တန်ယန်ကို ကျေးဇူးတင်ကြောင်း Weibo ပေါ်မှာ ပြန်တင်ကြပြန်ပါသည်။ ဒါဟာ နွေဦးပွဲတော် မတိုင်ခင်မှာပဲ Weibo ရဲ့ ခေတ်စားနေသော အကြောင်းအရာများ ဇယားကို ထပ်မံ စိုးမိုးသွားပြန်ပါတော့သည်။ ပိုက်ဆံအကုန်ခံပြီး နာမည်ကြီးအောင် ဝယ်ထားတဲ့ အနုပညာရှင်တွေခမျာ တန်ယန့်ကြောင့် ဇယားအောက်ကို ရောက်သွားရသည့်အတွက် အတော်လေးကို ဒေါသထွက်နေကြပါတော့သည်။

All Chapters