ထန်လုံဖျော်ဖြေရေး၏ အကြပ်အတည်း
Vol. 9 Ch. 81
【အရှင်... ငါပြန်လာပြီ၊ ထန်လုံဖျော်ဖြေရေးက တကယ်ကို အပုပ်နံ့ နံနေတာပဲ။ ကိုယ့်ရုပ်ရည်ကို အသုံးချပြီး အောင်မြင်မှု လှေကားထစ်ကို တက်ချင်တဲ့ သူတွေက တစ်ပိုင်းပေါ့၊ ဒါပေမဲ့ မလုပ်ချင်တဲ့ သူတွေကိုကျတော့ ဗီဒီယိုတွေနဲ့ ခြိမ်းခြောက်ပြီး အတင်းအကျပ် ပြည့်တန်ဆာအလုပ် ခိုင်းစေနေတာ... ဝတ္ထုထဲက လူမိုက်ဂိုဏ်းတွေ အတိုင်းပဲ။ ဝတ္ထုတွေဆိုတာ တကယ့်ဘဝကို အခြေခံထားတာ အမှန်ပဲနော်】
တန်ယန် မျက်မှောင်ကြုတ်လိုက်မိသည်။ သူမသည် ဤကဲ့သို့ အတင်းအကျပ် ခိုင်းစေသည့် ကိစ္စများကို အမုန်းဆုံးပင်။ ဤမကောင်းမှုများကို ကျောထောက်နောက်ခံ ပေးနေသည့် ရှန်းမိသားစုသည်လည်း လူကောင်းများ မဖြစ်နိုင်သည်မှာ သေချာသည်။
【ရိတျန်တျန်... အကုန်လုံးကို တစ်ခါတည်း မတင်လိုက်နဲ့ဦး။ နည်းနည်းချင်းစီပဲ ခွဲတင်ပေးပါ။ ပထမဆုံး 'ချန်ယွဲ့' ရဲ့ အပုပ်သတင်းတွေကို အရင်တင်၊ ပြီးတော့ ဒီည လူကြည့်အများဆုံး အချိန်ရောက်မှ ထန်လုံတစ်ခုလုံးရဲ့ အရှုပ်တော်ပုံတွေကို အကုန်ဖွင့်ချလိုက်တော့။】
တစ်ဖက်တွင်လည်း ကျိစုအနေဖြင့် သူမ၏ နာမည်ဂုဏ်သတင်းကို မြှင့်တင်ရန် လိုအပ်နေသည်။ ထန်လုံဖျော်ဖြေရေးတွင် နှိပ်စက်ခံနေရသည့် အနုပညာရှင်များစွာ ရှိနေသည်မှာ ကျိစုအတွက်တော့ အခွင့်ကောင်း တစ်ခုပင် မဟုတ်ပါလား။ ဤအချက်ကို စဉ်းစားမိပြီး တန်ယန်က ချင်ယွီရုံကို ကျိစုထံ ဖုန်းဆက်ခိုင်းကာ ဤကိစ္စကို အစီအစဉ်တကျ ကိုင်တွယ်ရန် ညွှန်ကြားလိုက်သည်။
ချင်ယွီရုံ၏ဖုန်းကို လက်ခံရရှိပြီးနောက် ကျိစုသည် သူမ၏ အရေးမကြီးသော အလုပ်များကို ဘေးဖယ်ထားကာ ဤစိန်ခေါ်မှုကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။ ဤအခွင့်အရေးမှာ ရှားပါးပြီး တန်ဖိုးရှိလှသည်။ အောင်မြင်ခဲ့လျှင် သူမအတွက် နာမည်ရောဂုဏ်ပါ ရရှိမည်ဖြစ်ပြီး၊ ကျရှုံးခဲ့လျှင်... မဟုတ်သေးပါ၊ သူမ လုံးဝ ကျရှုံး၍မဖြစ်ပေ။
Weibo ပေါ်တွင်တော့ #ချန်ယွဲ့၏ အမျိုးသမီးပုံရိပ် ပျက်ပြားခြင်း၊ #ချန်ယွဲ့နှင့် ရှူးဂါးဒယ်ဒီ #ချန်ယွဲ့၏ကာမရာဂနှင့် #ချန်ယွဲ့က နာမည်ကြီးဒါရိုက်တာ၏ မိသားစုကို ဖြိုခွဲခြင်း စသည့် hashtag များသည် ဇယား၏ ထိပ်ဆုံးသို့ အရှိန်အဟုန်ဖြင့် တက်လာနေသည်။
ဘန်း... နောက်ထပ် ဖုန်းတစ်လုံးမှာ ကြမ်းပြင်ပေါ်၌ အပိုင်းပိုင်း အစစ ဖြစ်သွားပြန်သည်။ ချန်ယွဲ့သည် သူမ၏ လက်ထောက်ကို ဒေါသတကြီး စိုက်ကြည့်နေတော့သည်။
"နင်တို့အားလုံး အသုံးမကျဘူး၊ တစ်နာရီတောင် ရှိသွားပြီ၊ ဒီဟာကို အောက်ရောက်အောင် မလုပ်နိုင်ကြသေးဘူးလား။ နင်တို့က ဘာအတွက် အသုံးကျလို့လဲ"
မန်နေဂျာဖြစ်သူ 'အစ်ကိုချောင်း' သည် ဖုန်းပြောပြီး ဝင်လာစဉ် ဤရုပ်ဆိုးလှသော အမူအရာနှင့် တိုးတော့သည်။ သူသည် စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။ ချန်ယွဲ့မှာ မကြာသေးခင်ကမှ ထန်လုံ၏ အဆင့်မြင့် အရာရှိတစ်ဦးနှင့် အဆက်အသွယ် ရထားပြီး အသုံးတည့်နေသေး၍သာ၊ မဟုတ်လျှင်တော့ ဤပြဿနာအိုးကို သူ စွန့်ပစ်လိုက်သည်မှာ ကြာလှပြီ ဖြစ်သည်။ ဘယ်အချိန်မှာ ဘယ်သူ့ကို သွားထိမိလို့ အခုလို ကလဲ့စား ချေခံနေရမှန်းလည်း မသိပေ။
"တော်စမ်းပါ၊ သူ့ကို ဒေါသထွက်နေလို့ ဘာထူးမှာလဲ၊ နင်က လက်ထောက်ကို ရိုက်နှက်ဆဲဆိုတဲ့ မင်းသမီးဆိုပြီး နာမည် ထပ်ပျက်ချင်လို့လား"
"အစ်ကိုချောင်း... အခုဘယ်လိုလဲ၊ Weibo က လူကြိုက်များနေတဲ့ဟာကို ဖျက်ပေးလို့ မရဘူးလား" ချန်ယွဲ့သည် လက်ထောက်ကို ဂရုမစိုက်တော့ဘဲ မန်နေဂျာ၏လက်ကို အားကိုးတကြီး ဆွဲလိုက်သည်။ ရေနစ်သူက မြက်ပင်ကို ဆွဲမိသကဲ့သို့ပင်။
မန်နေဂျာက သူ၏လက်ကို အတင်း ဆုပ်ကိုင်ထားသည်ကို ရွံရှာစွာကြည့်ရင်း အသာအယာ ပြန်ရုန်းလိုက်သည်။
"စိတ်မပူပါနဲ့၊ Weibo ဘက်ကတော့ ဖျက်ဖို့ငြင်းနေတုန်းပဲ။ လူကြည့်များလွန်းလို့ ဖျက်ပေးလို့ မရဘူးတဲ့။ ငါ့အမြင်တော့ ပေးတဲ့ဈေး မတည့်လို့နေမှာပါ။ နင်အခုချက်ချင်း သမ္မတ 'ဝမ်' ဆီ ဖုန်းဆက်ပြီး အကူအညီ တောင်းလိုက်တာ အကောင်းဆုံးပဲ။ အခုထိတော့ နောက်မကျသေးဘူး ထင်တာပဲ။"
သူမအနေနဲ့ နောင်မှာတော့ အငြင်းပွားစရာတွေ ဖန်တီးပြီး နာမည်ကြီးအောင် လုပ်လို့ရနိုင်သေးပေမဲ့၊ အခုကိစ္စကြောင့်သာ အနုပညာ လောကကနေ ဖယ်ထုတ်ခံလိုက်ရရင်တော့... မန်နေဂျာဖြစ်သူဟာ ဒီစကားတွေကို အခုချိန်မှာ ထုတ်မပြောရဲသေးပါဘူး။
"ဟုတ်သားပဲ၊ ငါ သမ္မတဝမ်ဆီမှာ အကူအညီတောင်းလို့ ရတာပဲ။ အခုချက်ချင်း သူ့ကိုသွားရှာရမယ်" ချန်ယွဲ့က ဟိုဟိုဒီဒီ လျှောက်ကြည့်ရင်း သူမရဲ့ဖုန်းကို လိုက်ရှာတော့တယ် "ငါ့ဖုန်း ဘယ်မှာလဲ"
လက်ထောက်ဖြစ်သူက တုန်တုန်ရင်ရင်နှင့် ကြမ်းပြင်ပေါ်မှာ အစိပ်စိပ်အမွှာမွှာ ဖြစ်နေသည့်ဖုန်းကို ညွှန်ပြလိုက်သည်။ "မမချန်... ဖုန်းက... ဟိုမှာလေ။"
ချန်ယွဲ့က လှည့်ကြည့်လိုက်မှပဲ သူမဒေါသထွက်ပြီး ဖုန်းနှစ်လုံးလုံးကို ရိုက်ခွဲပစ်လိုက်တာကို သတိရသွားပါသည်။ သူမမှာ တတိယမြောက် အပိုဖုန်းလည်း မရှိတော့ပါဘူး။
သူမက လက်ထောက်ဘက်လှည့်ပြီး အမိန့်ပေးလိုက်သည်။ "နင့်ဖုန်းပေးစမ်း၊ ပြီးရင် ငါ့အတွက် ဖုန်းအသစ်တစ်လုံး အခုချက်ချင်း သွားဝယ်ချည်"
လက်ထောက်မလေးက ဝမ်းနည်းပက်လက် မျက်နှာလေးနဲ့ သူမဖုန်းကို ကမ်းပေးလိုက်သည်။ "ကျွန်မ... ကျွန်မမှာ ပိုက်ဆံမရှိတော့ဘူး။" ချန်ယွဲ့ ထပ်ပြီး ဒေါသပေါက်ကွဲတော့မည့်ပုံ မြင်တာနှင့် သူမက အမြန်ရှင်းပြလိုက်ရသည်။ "ဟို... အရင်က အွန်လိုင်းလူမိုက်တွေကို ပေးလိုက်ရလို့ပါ။"
"နင်ကတော့ တကယ်ကို အသုံးမကျတာပဲ" ချန်ယွဲ့က ယွမ် ၅၀,၀၀၀ ပါတဲ့ ဘဏ်ကတ်တစ်ခုကို ပစ်ပေးလိုက်သည်။ "ဖုန်းသွားဝယ်လိုက်။ ကျန်တဲ့ပိုက်ဆံကတော့ နင်စိုက်ထားတဲ့ စရိတ်တွေအတွက် လောက်မှာပါ။"
"ဟုတ်ကဲ့၊ အခုပဲ သွားလိုက်ပါ့မယ်။" လက်ထောက်မလေးက ဘဏ်ကတ်ကိုယူပြီး အမြန် ထွက်သွားပါတော့သည်။ ခဏနေ ချန်ယွဲ့တစ်ယောက် ထပ်ရူးလာရင် သူမပဲ အဆဲခံရဦးမှာလေ။
အနုပညာရှင် တစ်ယောက်ရဲ့ လက်ထောက်ဖြစ်ရတာ တကယ်မလွယ်ပါဘူး။ လစာက သာမန်ဝန်ထမ်းထက် နည်းနည်းလေးပဲ ပိုတာဖြစ်ပေမဲ့ တစ်နှစ်ပတ်လုံး အားလပ်ရက် မရှိဘဲ ၂၄ နာရီ အသင့်ရှိနေရတာပါ။ ချန်ယွဲ့ရဲ့ နေ့စဉ်ဆဲဆို နှိမ်ချတာတွေကို သည်းခံနေရပေမဲ့ အသားနာအောင် အလုပ်မခံရတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ။ သူမ သက်ပြင်းချလိုက်မိသည်။ ဒီတစ်ခါ တိုက်ခိုက်ခံရတဲ့ အပုပ်နံ့တွေက အရမ်းပြင်းထန်လွန်းလို့ ချန်ယွဲ့တစ်ယောက် လွတ်မြောက်နိုင်ဖို့ မလွယ်တော့ပါဘူး။ သူမလည်း ကိုယ့်အတွက်ကိုယ် လမ်းစရှာထားဖို့ လိုနေပြီဖြစ်သည်။
လက်ထောက်ထွက်သွားပြီး နောက်မှာတော့ မန်နေဂျာ အစ်ကိုချောင်းဆီ ဖုန်းတစ်လုံး ဝင်လာပြီး သူလည်း အလျင်အမြန်ပဲ ထွက်သွားပါတော့သည်။
ချန်ယွဲ့ကတော့ သူမကို ဒီလိုအခြေအနေမှာ တစ်ယောက်တည်း ပစ်ထားခဲ့တဲ့အတွက် ဒေါသတွေ ထွက်နေပေမဲ့ ဘာတတ်နိုင်မှာလဲ။ ဒီအခက်အခဲကနေ လွတ်မြောက်သွားတာနဲ့ ဒီလို မျက်နှာလိုမျက်နှာရ လုပ်တဲ့သူကို ချက်ချင်း ဖြုတ်ပစ်မယ်ဟု စိတ်ထဲက ကြုံးဝါးနေမိပါသည်။
*
ပျက်စီးတော့မည့် ချန်ယွဲ့တို့ မိသားစုနှင့်မတူဘဲ တန်ယန်တို့ မိသားစုကတော့ ပျော်ရွှင်စွာနှင့် နွေဦးပွဲတော် စာသားတွေကပ်လိုက်၊ မုန့်ထုပ်လေးတွေ လုပ်လိုက်နှင့် အလုပ်ရှုပ်နေကြပါသည်။
"ညာဘက်ကို နည်းနည်းလေးတိုး၊ နည်းနည်းလေး ထပ်မြှင့်လိုက်ဦး၊ ဟုတ်ပြီ၊ အဲ့ဒီနေရာပဲ။ ကပ်လိုက်တော့" တန်ယန်နှင့် တန်ယွဲဂျားတို့က တန်ယွီကို ခြံရှေ့တံခါးမှာ စာသားတွေကပ်ဖို့ ညွှန်ကြားနေကြတာပါ။ ဒါတွေ ကပ်ပြီးရင်တော့ သူတို့က အဲ့ဒီစာသားတွေနဲ့အတူ ဓာတ်ပုံရိုက်ပြီး WeChat Moments မှာ တင်ကြဦးမှာလေ။
"အိုကေ၊ ကပ်လို့ပြီးပြီ၊ အိမ်ထဲပြန်ဝင်ကြစို့" တန်ယန်က တန်ယွဲဂျားရဲ့ လက်ကိုဆွဲပြီး အိမ်ထဲကို ခေါ်သွားပါတော့သည်။
မီးဖိုချောင်ထဲတွင် တန်ချင်းရွှဲ့၊ ချင်ယွီရုံနှင့် အိမ်အကူများ စုပေါင်းကာ မုန့်ထုပ်များ ထုပ်နေကြသည်။ ထမင်းစားခန်းထဲသို့ပင် မရောက်သေးမီ တရုတ်နံနံပင်၏ ထူးခြားသော မွှေးရနံ့ကို တန်ယန် စတင်ရရှိနေပြီ ဖြစ်သည်။
"တရုတ်နံနံနဲ့ အမဲသားလား" တန်ယန်က ဘာတွေလဲဆိုတာ သိချင်သဖြင့် ငုံ့ကြည့်လိုက်သည်။ "ဒါ ကျွန်မအကြိုက်ဆုံး အစာသွတ်ပဲ"
"အမျိုးအစားတွေ အများကြီး လုပ်ထားတယ်လေ။ ဂေါ်ဖီထုတ်နဲ့ ဝက်သား၊ ကြက်သွန်မြိတ်နဲ့ ကြက်ဥ၊ ပင်လယ်စာ သုံးမျိုးစပ်၊ ပြီးတော့ ပြောင်းဖူးနဲ့ပုဇွန် ဆိုပြီးတော့လေ" ယန်ရိုးလင်၏ လက်များက မနားတမ်း လှုပ်ရှားနေပြီး ခဏချင်းမှာပင် ဖြူဖြူဖွေးဖွေး မုန့်ထုပ်လေးတစ်ထုပ် ထွက်ပေါ်လာသည်။
"ညီမလေးကတော့ ပြောင်းဖူးနဲ့ပုဇွန်ကို အကြိုက်ဆုံးပဲ" တန်ယွဲဂျားက ကြားထဲသို့ တိုးဝင်လာပြီး ဖောင်းဖောင်းအိအိ မုန့်ထုပ်လေး၏ဗိုက်ကို လက်ချောင်းလေးဖြင့် အသာအယာ တို့ကြည့်ကာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။ "အရမ်းအိတာပဲ"
"ကျွန်မလည်း စမ်းကြည့်ဦးမယ်" တန်ယန်က စိတ်လှုပ်ရှားစွာဖြင့် မုန့်သားပြားလေး တစ်ခုကို ယူလိုက်ပြီး မိခင်ဖြစ်သူ သင်ပေးသည့်အတိုင်း အစာကို အလယ်တွင်ထည့်ကာ ထိပ်နှစ်ဖက်ကို စုပြီး ပိတ်လိုက်သည်။
သီအိုရီအရ သိထားတာနှင့် လက်တွေ့ လုပ်တာကတော့ တကယ်ကို ကွာခြားလှသည်။ သူမ လုပ်ပုံလုပ်နည်းက မှန်ကန်သော်လည်း ထွက်လာသည့် မုန့်ထုပ်လေးမှာ ရုပ်ဆိုးရုံတင် မကဘဲ ပြေကျလွယ်နေသည်။ အိုးထဲတောင် မထည့်ရသေးခင်မှာပင် ဤသို့ဖြစ်နေပါက ပြုတ်လိုက်လျှင်တော့ အကုန်လုံး ပွင့်ထွက်သွားပေလိမ့်မည်။
တန်ယန်က အရှုံးမပေးဘဲ နောက်ထပ် မုန့်သားတစ်ခုကိုယူကာ အစကနေ ပြန်ကြိုးစားကြည့်သည်။ သို့သော်လည်း လူတိုင်းမှာ မုန့်ထုပ်ထုပ်နိုင်သည့် ပါရမီ မပါလာကြောင်း သက်သေပြလိုက်သလို ဖြစ်သွားသည်။ အနည်းဆုံးတော့ သူမမှာ ထိုပါရမီမရှိပါ။
"ဟားဟား... အစ်မရဲ့ မုန့်ထုပ်ကြီးက ရုပ်ဆိုးလိုက်တာ" တန်ယွဲဂျားက သူမကိုယ်တိုင် ထုပ်ထားသည့် ကြည့်ပျော်ရှုပျော်ရှိသော မုန့်ထုပ်လေးကိုကိုင်ကာ ကြွားလိုက်သည်။ "ကြည့်ဦး... ညီမလေးဟာက ပိုလှတယ်"
ဘေးနားမှ တန်ယွီကလည်း ခေါင်းတခါခါဖြင့် "အစ်မ မတော်တဲ့အရာ တစ်ခုတော့ ရှိသေးတာပဲ။ ဒါပေမဲ့ ဒါက ပိုကောင်းပါတယ်၊ အနည်းဆုံးတော့ အစ်မက သာမန်လူ တစ်ယောက်နဲ့ တူသွားတာပေါ့"
"တန်ယွီ.... နင် 'သာမန်လူနဲ့တူတယ်' ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘယ်လိုစကား ပြောလိုက်တာလဲ" တန်ယန်က ဒေါသထွက်သွားပြီး သူ့ကိုထိုးရန် ရှေ့သို့တိုးသွားသည်။
တန်ယွီက ခေါင်းကို လက်နဲ့အုပ်ကာ ထွက်ပြေးရင်း အော်ပြောတော့သည် "မရိုက်နဲ့ဦး၊ အဲ့ဒီလိုဆိုလိုတာ မဟုတ်ပါဘူး"
"ဒါဆို ဘာကိုဆိုလိုတာလဲ"
"ငါဆိုလိုတာက... အစ်မက အမြဲတမ်း အရမ်းကို ပြည့်စုံလွန်းနေတော့ အခုလိုမျိုး နည်းနည်းလေး အူကြောင်ကြောင် ဖြစ်နေတာက ပိုပြီး သဘာဝကျတယ်လို့ ပြောတာပါ"
"ဟွန့်၊ ငါ မသင်ယူနိုင်ဘူးဆိုတာ မယုံဘူး" တန်ယန်က အတည်ပေါက် ကြိုးစားတော့မည်ဆိုလျှင် ဘယ်သူမှ တားမရပေ။ နှမြောစရာ ကောင်းလောက်အောင် ပျက်စီးသွားသည့် မုန့်ဂျုံသားတွေကို ကြည့်ပြီး တန်ယန့်မိခင်က သူမကို မီးဖိုချောင်ထဲမှ နှင်ထုတ်လိုက်ပါတော့သည်။
တန်ယန်က သူမ၏နှာခေါင်းကို အသာပွတ်ရင်း အနည်းငယ် ရှက်သွားမိသည်။ ထားလိုက်ပါတော့လေ... ဘာလို့ ကိုယ်တိုင်လုပ်နေမှာလဲ။ တခြားသူ လုပ်ပေးထားတဲ့ အဆင်သင့် အဆိမ့်လေးကို စားရတာကမှ ပိုပြီး အရသာရှိဦးမှာပဲ မဟုတ်လား။
*
နေ့လည်ခင်း တစ်ခုတည်းမှာပဲ ချန်ယွဲ့တစ်ယောက် သူမဘဝမှာ ကြုံတွေ့ရသမျှ အခက်အခဲ အားလုံးကို တစ်ပြိုင်နက်တည်း ကြုံလိုက်ရသလို ခံစားနေရသည်။ ကံကောင်းထောက်မစွာဖြင့် အခြေအနေများက နောက်ဆုံးတွင်တော့ အကောင်းဘက်သို့ ဦးတည်လာခဲ့သည်။
သို့သော်လည်း သူမ ပြန်လည် ပေးဆပ်ရမည့် တန်ဖိုးကို တွေးမိသည့် အခါမှာတော့ တစ်ကိုယ်လုံး စိမ့်တက်သွားရသည်။ ယခုလက်ရှိ သူမရောက်ရှိနေသည့် အခြေအနေအရ သူမအတွက် တခြားရွေးချယ်စရာလမ်းစ မရှိတော့ပေ။
သူမသည် သွားကို တင်းတင်းကြိတ်ကာ ဆွဲဆောင်မှုရှိသော အဝတ်အစား တစ်စုံသို့ လဲလှယ်လိုက်ပြီး၊ အပြစ်ဆိုဖွယ် မရှိအောင် ပြင်ဆင်ခြယ်သကာ ရေမွှေးများကို ဆွတ်ဖြန်းလိုက်သည်။ အိမ်ကနေ မထွက်ခွာမီ သူမ အနည်းငယ် တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင်တော့ ဆေးဘူးလေးကို သူမ၏ လက်ကိုင်အိတ်ငယ်လေးထဲသို့ ထည့်လိုက်ပါတော့သည်။
တကယ်လို့သာ ဒီညမှာ သူမ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရခဲ့မယ်ဆိုရင် အရေးပေါ်ပြုစုကုသမှု ပေးနိုင်ဖို့အတွက် ဖြစ်သည်။