နှစ်သက်ရာကို လက်လွတ်မခံပါနဲ့
Vol. 8 Ch. 78
"ကျားရှင်း" တန်ယွဲဂျားက ပျော်ရွှင်စွာ ပြေးသွားပြီး ကျိုးကျားရှင်းကို ဖက်လိုက်သည်။ "နင်ငါ့အိမ်ကို ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ၊ ငါတကယ် ဝမ်းသာတယ်။ မနေ့က ငါ့အစ်မက ငါ့အတွက် အကောင်းဆုံး စားစရာတွေ အများကြီး ဝယ်ပေးထားတယ်။ လာ... ငါနင့်ကို သွားကျွေးမယ်" ဟု ပြောရင်း ကျိုးကျားရှင်းကို သူမ၏ အခန်းရှိရာသို့ ဆွဲခေါ်ရန် ကြိုးစားတော့သည်။
"ယွဲဂျား၊ ခဏနေမှသွားရင် မရဘူးလား" ကျိုးကျားရှင်းက တန်ယွဲဂျား၏ ကျောလေးကိုပုတ်ရင်း တိုးတိုးလေး ပြောလိုက်သည်။
တန်ယွဲဂျားက ခေါင်းလေးစောင်းကာ ဇဝေဇဝါဖြင့် မေးသည် "ဘာလို့လဲ"
"ငါနဲ့အဖေက ဒီနေ့ နင်နဲ့ အစ်မတန်ကို ကျေးဇူးလာတင်တာ။ ငါ့အဖွားက ဝက်အူချောင်းတွေ လုပ်ထားလို့ နင်တို့ မြည်းကြည့်ဖို့ ယူလာပေးတာ။ ငါ့အမေကတော့ အခုထိ ဆေးရုံမှာပဲ ရှိသေးလို့ မလာနိုင်သေးဘူး၊ ဒါပေမဲ့ သူ့ကိုယ်စား နှုတ်ဆက်ပေးဖို့ မှာလိုက်တယ်" ဟု ကျိုးကျားရှင်းက အဖေနှင့်သမီးတို့ ရောက်လာရသည့် အကြောင်းရင်းကို ရှင်းပြသည်။
"ဟုတ်ပါတယ် မစ္စတန်၊ တကယ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ မဟုတ်ရင် ကျားရှင်းအမေက..." ကျိုးကျန့်ကော်သည် ဆေးကုသစရိတ် မတတ်နိုင်သဖြင့် သေလုမျောပါး ဖြစ်ခဲ့ရသော ဇနီးသည်ကို တွေးမိကာ မျက်ရည်ဝဲလာသည်။
ယောက်ျားဆိုတာ အလွယ်တကူ မျက်ရည်မကျတတ်ပေမဲ့ တကယ်ရင်နင့်အောင် ခံစားရသည့် အခါမျိုးမှာတော့ မထိန်းနိုင်တော့ပါဘူးဟု တန်ယန်တွေးမိသည်။ 'သူတို့ ဇနီးမောင်နှံက တကယ့်ကို သံယောဇဉ် ကြီးကြတာပဲ။'
"အားမနာပါနဲ့ရှင့်၊ ဝက်အူချောင်းတွေ အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ကြည့်ရတာ အရသာရှိမယ့်ပုံပဲ၊ ကျားရှင်းနဲ့ဂျားဂျားက သူငယ်ချင်းကောင်းတွေပဲလေ။ ကျားရှင်း အခက်အခဲ ဖြစ်နေတော့ ဂျားဂျားလည်း အရမ်းစိတ်မကောင်း ဖြစ်နေတာ။ ကျွန်မတို့ဘက်က တတ်နိုင်သလောက် ကူညီပေးနိုင်တာကိုပဲ ဝမ်းသာပါတယ်။ လူတိုင်းကတော့ အခက်အခဲနဲ့ ကြုံရတတ်တာပဲလေ။ ဂျားဂျားမှာ ကျားရှင်းလို သူငယ်ချင်းကောင်းတစ်ယောက် ရှိနေတာကိုပဲ ကျွန်မတို့က ဝမ်းသာနေတာပါ"
တန်ယန်က ပြုံးလျက် ပြန်ပြောလိုက်သည်။ တကယ်တော့ သူမက ကျိုးကျားရှင်း မိသားစုကို ကူညီခဲ့သည်မှာ တန်ယွဲကို ပျော်ရွှင်စေချင်၍သာဖြစ်ရာ အထူးတလည် ကျေးဇူးတင်နေရန် မလိုဟု သူမခံစားရသည်။
"ကျားရှင်းက တကယ့်ကို ကံကောင်းတာပဲ၊ ဘာပဲဖြစ်ဖြစ် ကူညီပေးခဲ့တာကို အများကြီး ကျေးဇူးတင်ပါတယ်။ အခုအချိန်မှာ ဒါကိုပြောဖို့ အနည်းငယ် ရှက်စရာ ကောင်းပေမဲ့ ကျွန်တော်ပိုက်ဆံရှာပြီး သေချာပေါက် ပြန်ဆပ်ပါ့မယ်" ဟု ကျိုးကျန့်ကော်က ထပ်မံ ဦးညွှတ်ပြန်သည်။ သူ့အတွက်တော့ တန်မိသားစုသည် သူ၏မိသားစု တစ်ခုလုံးကို ကယ်တင်ပေးခဲ့သည့် ကျေးဇူးရှင်များ ဖြစ်နေပေသည်။
ကျိုးကျန့်ကော်သည် ဆေးရုံတက်နေရသည့် ဇနီးသည်ကို ပြုစုရန် ဆေးရုံသို့ သွားရဦးမည် ဖြစ်သည်။ တန်ယွဲဂျားက ကျိုးကျားရှင်းကို ပြန်မလွှတ်ချင်ဘဲ ဆွဲထားသည်ကို မြင်သောအခါ၊ သမီးဖြစ်သူကို တန်မိသားစုအိမ်တွင် ခေတ္တ နေခဲ့ရန်နှင့် ဆေးရုံအပြန်မှ လာကြိုမည်ဖြစ်ကြောင်း ပြောခဲ့သည်။
တန်ယွဲဂျားမှာ အတိုင်းမသိ ဝမ်းသာသွားပြီး သူမ၏သူငယ်ချင်း အရင်းခေါက်ခေါက်ကို ခေါ်ကာ ကစားခန်းလေးထဲတွင် သွားဆော့ကြတော့သည်။ တန်ယန်ကတော့ ပြုံးလျက် ကြည့်နေပြီး ခြံထဲသို့ နေပူစာလှုံရန် ပြန်မသွားတော့ဘဲ အခန်းထဲသို့သာ တန်းပြန်ဝင်ခဲ့သည်။
မွန်းလွဲပိုင်း ထမင်းစားချိန်တွင် ချင်ယွီရုံသည် ကလေးများ ကြိုက်နှစ်သက်မည့် ဟင်းလျာများကို ပြင်ဆင်ရန် စားဖိုမှူးကို အထူးမှာကြားထားသည်။ ထို့ကြောင့် ယနေ့ ထမင်းစားပွဲပေါ်တွင် နာနတ်သီး ချိုချဉ်ဝက်သား၊ ဖရုံသီး ဟင်းချိုအိအိလေးနှင့် ခရမ်းချဉ်သီးငါးဟင်း စသည့် ကလေးကြိုက် ချိုချဉ်အရသာ ဟင်းလျာများဖြင့် စည်ကားနေသည်။
"ကျားရှင်း၊ ဒီမှာအများကြီးစားနော်" တန်ယွဲဂျားသည် သူမ၏ သူငယ်ချင်းကောင်းကို အလေးပေး ဂရုစိုက်ကာ ဟင်းများကို ခဏခဏ ထည့်ပေးနေတော့သည်။
"တော်ပါပြီ၊ ကျေးဇူးပါပဲ။" ကျိုးကျားရှင်းသည် ရှက်သွေးဖြာလျက် ပြန်ပြောရှာသည်။ ဤအိမ်ကြီးမှာ အလွန် အဆင့်မြင့်လွန်းလှပြီး၊ အရင်က သူမမိဘများ မင်္ဂလာဆောင် တစ်ခုသို့ လိုက်ပို့ခဲ့ဖူးသည့် ဟိုတယ်ထက်ပင် ပို၍ ခမ်းနားနေသည်။
သူမသည် တန်ယွဲဂျားကို အနည်းငယ် အားကျမိသော်လည်း၊ တန်ယွဲဂျား၏ အတိတ်ဘဝမှာ မပြည့်စုံခဲ့သည်ကို သိထားသူဖြစ်ရာ သူမ၏ သူငယ်ချင်းလေးအတွက် အလွန် ဝမ်းသာပေးမိသည်။ ယခုဆိုလျှင် တန်ယွဲဂျားသည် ငတ်ပြတ်နေစရာ သို့မဟုတ် လှပသော ဝတ်စုံလေးများ မဝတ်ရမှာကို စိုးရိမ်နေစရာ မလိုတော့ပေ။
"ကျားရှင်း၊ အများကြီးစားနော်၊ နောက်လည်း ခဏခဏ လာလည်ဦး" မိမိသမီးလေး ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် တန်ချင်းရွှဲ့လည်း စိတ်ချမ်းသာနေရသည်။ သမီးဖြစ်သူမှာ သူငယ်ချင်းကောင်း တစ်ယောက် ရထားခြင်းဖြစ်ရာ မိခင်တစ်ဦး အနေဖြင့် သဘာဝကျစွာပင် ကြည်နူးမိသည်။
ညစာစားပြီးနောက် တန်ယွဲဂျားသည် သူမ၏ ကစားစရာ မျိုးစုံကိုထုတ်၍ ကျိုးကျားရှင်းနှင့် အတူကစားသည်။ ကျိုးကျားရှင်းမှာ တန်ယွဲဂျားပေးသည့် ကစားစရာများကိုသာ ကိုင်တွယ် ကစားတတ်သဖြင့် သူမ၏ ယဉ်ကျေးလိမ္မာမှုကို မြင်တွေ့နိုင်သည်။
ခဏကြာ ဆော့ကစားပြီးနောက် အနည်းငယ် ပျင်းလာပုံရသည်။ တန်ယွဲဂျားသည် တန်ယန်ရှိရာသို့ ပြေးလာပြီး "အစ်မ... အစ်မ ဝယ်ပေးထားတဲ့ ဂါဝန်လေးကို ကျားရှင်းကို ပေးဝတ်လို့ ရမလားဟင်" ဟု မေးလိုက်သည်။
တန်ယန်မှာ တန်ယွဲဂျား ပြောနေသည့် ဂါဝန်မှာ မည်သည့်အထည် ဖြစ်သည်ကို ချက်ချင်း မမှတ်မိသေးပေ။
ဒါကိုမြင်တော့ တန်ယွဲဂျားက သူမ၏ မျက်လုံးဝိုင်းကြီးများကို မှိတ်ပြရင်း သတိပေးလိုက်သည်။ "ဟိုတစ်ခါ တစ်ဆော့မှာ ဝတ်ခဲ့တဲ့ ဂါဝန်လေးလေ။ ညီမလေးက ကျားရှင်းနဲ့အတူ မင်းသမီးလေးတွေ လုပ်ချင်လို့။"
"ဂျားဂျားရဲ့ ပစ္စည်းတွေကို ဘယ်သူ့ကို ပေးမယ်ဆိုတာက ဂျားဂျားရဲ့ အခွင့်အရေးပဲလေ။ အစ်မကို ခွင့်တောင်းနေဖို့ မလိုပါဘူး။"
"ဒါပေမဲ့ မေမေက ပြောတယ်လေ၊ သူများပေးတဲ့ လက်ဆောင်ကို သေသေချာချာ သိမ်းထားရမယ်၊ သူများကို ပြန်မပေးရဘူးတဲ့။"
"မေမေဆိုလိုတာက သူတစ်ပါးရဲ့ စေတနာကို တန်ဖိုးထားဖို့နဲ့ သူတို့ စိတ်မကောင်းဖြစ်အောင် မလုပ်ဖို့ ပြောတာပါ။"
"ဪ... အဲ့ဒီလိုလား။ ဒါဆို မမ... ညီမလေး ကျားရှင်းကို ပေးလို့ရပြီပေါ့နော်"
"အင်းလေ"
"ဟုတ်ကဲ့! ဒါဆို မမစာဖတ်တာကို မနှောင့်ယှက်တော့ဘူးနော်" ဟု ပြောကာ သူမ အမြန် လစ်ထွက်သွားတော့သည်။
ယနေ့ အိမ်တွင် ဧည့်သည်ရှိနေသဖြင့် တန်ယန်သည် သူမ၏ မိခင်တို့နှင့်အတူ ပန်းဈေးသို့ မလိုက်ဖြစ်ခဲ့ပေ။ သူမ၏မိခင်က သူမ၏ အဒေါ်ကိုသာ ခေါ်သွားခဲ့ခြင်း ဖြစ်သည်။ အချိန်ကို ကြည့်ရသည်မှာ သူတို့ အိမ်ပြန်ရောက်ခါနီးပြီ ဖြစ်သည်။
ခဏအကြာတွင် နှစ်ဦးသား အိမ်ထဲသို့ လက်ဗလာဖြင့် ပြန်ဝင်လာကြသည်။ တန်ယန် အနည်းငယ် အံ့သြသွားပြီး "ပန်းတွေ မဝယ်ခဲ့ကြဘူးလား" ဟု မေးလိုက်သည်။
"ဝယ်ခဲ့တာပေါ့" တန်ယန့်မိခင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း ပြန်ဖြေလိုက်သည်။
ဒါဆို ဘယ်မှာလဲ။
"ဪ... ဒီနေ့ ဝယ်တာတွေက တော်တော်များသွားလို့လေ၊ ကားနဲ့က လုံးဝဆံ့မှာ မဟုတ်ဘူး။ ဆိုင်ရှင်က အိမ်အရောက် ပို့ပေးမယ်လို့ ပြောထားတာ၊ အခုလောက်ဆို ရောက်ခါနီးပြီ ထင်တယ်။ အိမ်တော်ထိန်းကျန်း၊ ကူသယ်ပေးမယ့် သူအချို့ ကို ခေါ်ပြီး အကူအညီ ပေးပါဦးနော်"
"ဟုတ်ကဲ့ပါ မမကြီး"
ခဏအကြာမှာတော့ တန်ယန်ဟာ သူမရဲ့မေမေပြောတဲ့ "နည်းနည်းလေး များသွားတယ်" ဆိုတဲ့ အဓိပ္ပာယ်ကို နောက်ဆုံးမှာ နားလည်သွားပါတော့သည်။ ပန်းတွေတင်လာတဲ့ ကုန်တင်ကား တစ်စီးလုံးပါပဲ။ ပန်းဆိုင်က ရှိသမျှ ပစ္စည်းအကုန်လုံးကို သိမ်းကျုံးဝယ်လာကြတာ ဖြစ်ရမယ်။
ဒါပေမဲ့လည်း သူမ (မေမေ) ပျော်နေရင်ပဲ တန်ယန်အတွက် ကျေနပ်စရာပါ။ တကယ်လို့သာ 'ရိတျန်တျန်' က သူမရဲ့မေမေနဲ့ ချိတ်ဆက်ထားတာဆိုရင်၊ အခုလောက်ဆို ငွေသုံးရမယ့် အလုပ်တွေအားလုံး အောင်မြင်ပြီးဆုံး နေလောက်ပြီလို့ တန်ယန် စိတ်ထဲကနေ တကယ်ပဲ ယုံကြည်မိပါသည်။
စနစ် : ... အမှားအယွင်း အနည်းငယ် ရှိသွားပုံရပါတယ် (အင့်)။
မွန်းလွဲပိုင်းမှာတော့ အိမ်ခြံမြေ စီမံခန့်ခွဲရေးရုံးကနေ တန်ယန်အတွက် ပါဆယ်တစ်ခု ရောက်နေကြောင်းနှင့် အိမ်အရောက် ပို့ပေးရမလားဟု ဖုန်းဆက်လာပါသည်။ ချင်ယွီရုံက ကျိစုရဲ့ ကိစ္စတွေနှင့် အလုပ်ရှုပ်နေတာကြောင့် တန်ယန်ကပဲ ပါဆယ်ကို ကိုယ်တိုင်သွားယူဖို့ ဆုံးဖြတ်လိုက်ပါသည်။
စီမံခန့်ခွဲရေးရုံးထဲ ရောက်သွားတာနှင့် မန်နေဂျာက ပြုံးရွှင်စွာ ဆီးကြိုနှုတ်ဆက်ပါသည်။ "မစ္စတန်၊ ညီမလေးရဲ့ ပါဆယ် ဒီမှာပါ"
"ကျေးဇူးတင်ပါတယ်ရှင်" တန်ယန်ကပြုံးပြီး နှုတ်ဆက်ကာ ပါဆယ်ကိုယူပြီး အိမ်အပြန်လမ်းမှာ မီကိုတို့ မိသားစုနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံပါသည်။
"ယန်ယန်၊ ဘယ်ကပြန်လာတာလဲ" မီကိုက ကားပေါ်ကနေ ဝမ်းသာအားရ ခုန်ဆင်းလာပါသည်။
"အဒေါ်ကျောက်၊ ဦးလေးမီ နေကောင်းကြလားဟင်" တန်ယန်ကပြုံးပြီး လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပါသည်။ မီဇနီးမောင်နှံက ပြန်လည် နှုတ်ဆက်ပြီးနောက် မီကို့ကိုထားခဲ့ကာ သူတို့အိမ်သို့ အရင် မောင်းဝင်သွားကြပါသည်။
"ယန်ယန်၊ ငါ့ကိုကြည့်ဦး။ ငါ့ရဲ့ ဖြစ်တည်မှုက မတော်တဆမှု တစ်ခုလို့တောင် ခံစားနေရပြီ၊ ဘယ်လိုမိဘတွေလဲ မသိဘူး၊ ငါ့ကိုပစ်ထားခဲ့ပြီး မောင်းပြေးသွားလိုက်ကြတာ" မီကိုက စိတ်တိုတိုနှင့် ညည်းညူနေတော့သည်။
"သူတို့က နင့်ကို ငါနဲ့အတူ လမ်းလျှောက်စေချင်လို့ ဖြစ်မှာပေါ့"
"ဟီး၊ နင်ပြောတာလည်း ဟုတ်သားပဲ။ ဒါဆိုရင်လည်း လမ်းလျှောက်ကြတာပေါ့" မီကိုက တန်ယန့်လက်ကို သဘာဝကျကျ ချိတ်လိုက်ရင်း "ဒါနဲ့ နင်ကဘာလို့ ပါဆယ်ကို ကိုယ်တိုင် လာယူရတာလဲ စီမံခန့်ခွဲရေးရုံးက အိမ်အရောက် လာမပို့ပေးဘူးလား"
"ငါက တစ်နေ့လုံးထိုင်ပြီး စာဖတ်နေတာဆိုတော့ အညောင်းပြေ လမ်းလျှောက်ချင်လို့ပါ"
"နင်ကတော့ တကယ့်ကို တော်တဲ့ကလေးပဲ" မီကိုက သူမရဲ့အားကျမှုကို လက်မထောင်ပြရင်း ဖော်ပြလိုက်သည်။ "ဒါနဲ့ ဘာတွေဝယ်ထားတာလဲ"
"အရင်တုန်းက တို့တွေဝယ်ခဲ့တဲ့ နာရီနဲ့ တူမယ်ထင်တယ်။" တန်ယန်က သူမအရင်က ဝယ်ထားတဲ့ ဖန်စီဖိနပ်လေးတွေကို ရုတ်တရက် သတိရသွားပြီး မီကို့ကို လျှို့ဝှက်တဲ့ အမူအရာလေးနဲ့ ပြောလိုက်ပါသည်။ "နင့်အတွက် ငါ့မှာ လက်ဆောင်တစ်ခုရှိတယ်၊ ငါ့အိမ်ကို လိုက်ခဲ့ပြီး လာယူမလား"
"ဘာကြီးလဲ" မီကိုက စူးစမ်းသလို မေးပေမဲ့ ချက်ချင်းပဲ ဝမ်းသာအားရနဲ့ ပြန်ပြောပါသည်။ "ငါ့မှာလည်း နင့်အတွက် လက်ဆောင်ရှိတယ်ဟ၊ တို့တွေက စိတ်ချင်းဆက်နေတာလား မသိဘူးနော်။"
"ဒါပေါ့၊ တို့တွေက ဘယ်လိုပတ်သက်မှုမျိုးလဲ၊ မိုးကြိုးပစ်ရင်တောင် ခွဲလို့မရတဲ့ ညီအစ်မ အရင်းတွေလေ"
"ဟီးဟီး၊ နင့်တင်စားချက်ကြီးက ကြောက်စရာကြီး၊ ဒါပေမဲ့ ငါသဘောကျတယ်"
အိမ်ပြန်ရောက်တော့ တန်ယန်က မီကို့ကို အပေါ်ထပ် ခေါ်သွားပါသည်။ အဝတ်လဲခန်းထဲကို ရောက်သွားသောအခါ မီကိုက အံ့သြတကြီးနှင့် ရေရွတ်မိသည်။ - "ယန်ယန်၊ ငါ နင့်အဝတ်လဲခန်းထဲ ရောက်ဖူးတာ ဒါပထမဆုံးအကြိမ် မဟုတ်ပေမဲ့ ဘာလို့အမြဲတမ်း အံ့သြနေရတာလဲ မသိဘူး။ ပြီးတော့ နင့်အဝတ်လဲခန်းက တစ်ခါလာတိုင်း မတူသလိုပဲနော်။"
"ဒီကလေးမလေးကတော့၊ အဲ့ဒါ နင့်စိတ်ထင်တာ မဟုတ်ပါဘူး၊ အစ်မရုံက အမြဲတမ်း ပစ္စည်းတွေ ပြန်စီပေးထားလို့ပါ။ တချို့ပစ္စည်းတွေကိုတော့ နံပါတ် ၁၇ ဗီလာက အဝတ်လဲခန်းထဲ ရွှေ့ထားတယ်၊ အဲ့ဒီကအခန်းက ပိုကျယ်တာကိုး။ နင်ကြိုက်တာ ရှိရင်သာ ယူသွားစမ်းပါ"