← Chapters

မီကို၏မကျေနပ်ချက်

Vol. 8 Ch. 79

မီကို၏မကျေနပ်ချက်

Vol. 8 Ch. 79

"ငါ့ဘာသာငါ အမျိုးသမီးဇာတ်ဆောင် ဝတ္ထုတစ်ပုဒ်လောက် ရေးရမလားလို့၊ နာမည်ကိုတောင် ပေးထားပြီးပြီ 'သူဌေးမလေး သူငယ်ချင်းရဲ့ ပြုစုစောင့်ရှောက်မှု အောက်မှာ ငါ့ဘဝက အေးဆေးပါပဲ' ဆိုပြီးတော့လေ၊ ဘယ်လိုလဲ" မီကိုက အတည်ပေါက်နှင့် နောက်ပြောင်နေတော့သည်။ "ပြီးရင် Weibo မှာလည်း hashtag တစ်ခုလောက် တင်လိုက်မယ် #သူဌေးမလေး သူငယ်ချင်းရှိရတာ ဘယ်လိုလဲ ဆိုပြီးတော့လေ။ ပြီးရင် ငါ့ကို သူဌေးမလေးက ထောက်ပံ့ပေးထားတဲ့ သက်သေတွေကို တင်လိုက်မယ်ဆိုရင် ငါချက်ချင်း နာမည်ကြီးသွားမှာ သေချာတယ်"

တန်ယန်က မျက်လုံးလေး လန်ပြလိုက်ပြီး "အနာဂတ်ရဲ့ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဆုရှင်လေးရေ... သိပ်ပြီးတော့ စိတ်ကူးမယဉ်ဖို့ ငါအကြံပေးပါရစေ"

"ဒီလို သူငယ်ချင်းမျိုး ရှိတာကို ဘယ်သူက မကြွားချင်ဘဲ နေမှာလဲ၊ ငါတော့ ဂရုမစိုက်ဘူး" မီကိုက သူမရဲ့ဖုန်းကိုထုတ်ပြီး သူဌေးမလေးရဲ့ အဝတ်လဲခန်း ထောင့်တစ်နေရာကို ဓာတ်ပုံရိုက်ကာ သူမရဲ့ Weibo အကောင့်ထဲကို ဝင်လိုက်သည်။

မီကို: သူဌေးမလေး သူငယ်ချင်းရဲ့ ပြုစုစောင့်ရှောက်မှု အောက်မှာ ငါဘယ်လောက်တောင် ပျော်နေရသလဲဆိုတာ။【ဂုဏ်ယူနေတဲ့ပုံ】【ပုံ*၁】

မီကိုရဲ့ Weibo မှာ ဖော်လိုဝါ အများကြီး မရှိတာကြောင့် သူမဘာသာ ပျော်ရုံသက်သက် တင်လိုက်တာပါ။ တန်ယန်လည်း သူမရဲ့ အကောင့်ထဲဝင်ပြီး မီကိုရဲ့ပို့စ်ကို လိုက်ခ်ပေးကာ "ညီအစ်မကောင်းတွေဆိုတာ ပျော်ရွှင်မှုကို မျှဝေကြရတာပေါ့။【ဖက်ထားတဲ့ပုံ】" ဟု ပြန်လည် ရေးသားလိုက်ပါသည်။

"ယန်ယန်... ဟီးဟီး၊ နင်ငါ့ပို့စ်ကို လိုက်ခ်ပေးပြီး မှတ်ချက်တောင် လာရေးပေးတယ်၊ ချစ်လိုက်တာ။ အခုလောလောဆယ် ငါ့မှာ ဖော်လိုဝါ မရှိသေးပေမဲ့ နောင်ကျရင် ငါ့ Weibo မှာ ဖော်လိုဝါတွေ အများကြီး ရှိလာမှာပါ၊ ငါ့ရဲ့ ဆယ်လ်ဖီပုံတစ်ပုံ တင်လိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း မှတ်ချက်တွေ သောင်းနဲ့ချီ တက်လာစေရမယ်" မီကိုက ခါးလေးထောက်၊ မေးလေးမော့ပြီး စိတ်ကူးထဲမှာ ကြိုတင် ဂုဏ်ယူနေသည်။

"ဟုတ်ပါပြီရှင်၊ နင်သေချာပေါက် လုပ်နိုင်မှာပါ။ တို့ရဲ့ မစ္စကိုကိုက ငါ့ကိုပါ တစ်ပါတည်း ဆွဲတင်ပေးဖို့ မျှော်လင့်ရတော့မှာပဲ" တန်ယန်က အတည်ပေါက်နှင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒါပေါ့" မီကိုက လက်သီးလေး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး "ဟီးဟီး၊ ကဲ... အခုတော့ နင့်အဝတ်လဲခန်းကို အရင်ဆုံး ဓားပြတိုက်ခွင့်ပြုဦး"

"ကြိုက်တာယူပါ၊ ငါ့မှာလည်း ဒီလောက်အများကြီး မလိုပါဘူး။ နင့်ဘာသာနင် ရွေးလိုက်တာကမှ အစ်မရုံအတွက် ပြန်သိမ်းရ သက်သာမှာ"

မီကိုက ဓားပြတိုက်မယ်ဟု နောက်ပြောင် ပြောဆိုပေမဲ့ တကယ်တမ်းကျတော့ တန်ယန် သိပ်မဝတ်ဖြစ်တဲ့ ပုံစံလေးတွေကိုပဲ အနည်းငယ် ရွေးချယ်သွားပါသည်။ ပြောရရင်တော့ သူမက တန်ယန့်ရဲ့စတိုင်ကို အရမ်းနားလည်တာပါ။ တန်ယန်က ရိုးရှင်းပြီး ဒီဇိုင်းအနည်းငယ် ပါတာကိုပဲ ပိုနှစ်သက်တာလေ။

ဒါပေမဲ့ သူတို့ နှစ်ယောက်လုံးက ကျောင်းသူတွေ ဖြစ်တာကြောင့် နေ့စဉ်ဝတ်တဲ့ အဝတ်အစားတွေက သိပ်ပြီး တောက်ပြောင်နေလို့ မဖြစ်ပါဘူး။ တန်ယန်ရဲ့ ဗီရိုထဲက အဝတ်အစား ၈၀ ရာခိုင်နှုန်းလောက်က တစ်ခါမှ မဝတ်ရသေးခင်မှာတင် ရာသီကုန်သွားတာကတော့ တကယ်ကို နှမြောစရာပါပဲ။

အဝတ်အစားတွေ ရွေးပြီးတဲ့နောက် မီကိုက မှန်ရှေ့မှာ စမ်းဝတ်ကြည့်နေတုန်း သူမရဲ့ဖုန်းက အဆက်မပြတ် တုန်ခါလာပါသည်။ သူမ ဇဝေဇဝါ ဖြစ်သွားပုံရသည်၊ ဒါတွေက Weibo အသိပေးစာတွေ မဟုတ်ပါလား။

သူမ ဖုန်းကိုထုတ်ပြီး Weibo ထဲကို ပြန်ဝင်ကြည့်တဲ့ အခါမှာတော့ ဖုန်းက မိနစ်အနည်းငယ်လောက် လိုင်းကျနေပြီးမှ ပွင့်လာပါသည်။ သူမ အခုလေးတင် တင်လိုက်သည့်ပို့စ်မှာ ပြန်တင်သူနှင့် မှတ်ချက်ပေါင်း တစ်သိန်းကျော်နေပြီး၊ သီးသန့်စာတိုတွေကလည်း ၉၉ ခုကျော်အထိ တက်နေပါတော့သည်။

မီကိုသည် ပထမဆုံးအနေဖြင့် သီးသန့်စာတို အသိပေးချက်များကို ပိတ်လိုက်ရသည်။ အကြောင်းမှာ သူမစာစစ်နေသည့် စက္ကန့်ပိုင်း အတွင်းမှာပင် မက်ဆေ့အသစ်များစွာ ထပ်မံ ဝင်ရောက်လာပြီး ဖုန်းမှာ ဟန်းတော့မည့် အခြေအနေ ဖြစ်နေသောကြောင့် ဖြစ်သည်။

မက်ဆေ့အချို့ကို ထပ်မံဖတ်ကြည့်ပြီး နောက်တွင်မှ သူမဘာကြောင့် ရုတ်တရက် နာမည်ကြီးသွားရသလဲ ဆိုသည်ကို နားလည်သွားတော့သည်။ တန်ယန်က သူမ၏ပို့စ်ကို လိုက်ခ်ပေးပြီး မှတ်ချက်ရေးခဲ့ပြီး နောက်တွင် သူတို့နှစ်ဦးလုံးနှင့် သိကျွမ်းသူဖြစ်သော ယွမ်ရှီးကလည်း လာရောက် လိုက်ခ်ပေးကာ ဝေမျှခဲ့ခြင်း ဖြစ်သည်။ ထိုအခါမှ ယွမ်ရှီး၏ ပရိသတ်များက သူမ၏ အကောင့်ကို လိုက်ရှာပြီး ရောက်လာကြခြင်း ဖြစ်သည်။

မီကိုယခင်က တင်ခဲ့ဖူးသည့် ဆယ်လ်ဖီပုံများကို ပြန်ကြည့်မှသာ သူမသည် ယွမ်ရှီး၏ သီချင်းဗီဒီယိုထဲတွင် အမျိုးသမီး ဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးကြောင်း လူသိသွားကြခြင်း ဖြစ်သည်။ ယခင်က ထိုအချက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။

ယွမ်ရှီး၏ ပရိသတ်များထဲတွင် သူမတို့၏ အိုင်ဒေါက ဆန့်ကျင်ဘက်လိင်ကို အထူးတလည် ဆက်ဆံသည်ကို မကြည့်ရက်သည့် အမျိုးသမီး ပရိသတ်များစွာ ရှိနေသည်။ ကောလာဟလများမှ တစ်ဆင့် ယွမ်ရှီးနှင့်နီးစပ်ရန် ကြိုးစားသူတိုင်းကို ထိုပရိသတ်များက ဘဝကိုပင် နောင်တ ရသွားစေလောက်အောင် ဝိုင်းဝန်းဆဲဆို တိုက်ခိုက်လေ့ ရှိကြသည်။ သို့သော်လည်း အချို့မှာ စွန့်စားပြီး ကြိုးစားနေကြဆဲပင်။

ယခုတစ်ကြိမ်လည်း ထူးမခြားနားပေ။ မီကို့၏ မှတ်ချက်များထဲတွင် ရန်လိုသော စကားလုံးများဖြင့် ပြည့်နှက်နေပြီး အချို့မှာ သူမကို ရိုင်းရိုင်းစိုင်းစိုင်းပင် ဆဲဆိုနေကြသည်။

မီကို့၏ မျက်ဝန်းများမှာ နီမြန်းလာသည်။ သူမ တစ်ခါမှ ဤကဲ့သို့ အဖြစ်မျိုးနှင့် မကြုံဖူးပေ။ မခံမရပ်နိုင်အောင် ဖြစ်ရသလို ဒေါသလည်း ထွက်မိသည်။

"ဘာဖြစ်လို့လဲ" တန်ယန်သည် ဖန်စီဖိနပ်လေးများ ထည့်ထားသည့် သေတ္တာကို ရှာတွေ့ပြီး လှည့်ကြည့်လိုက်ရာ မီကို့၏ မျက်နှာအမူအရာ မကောင်းသည်ကို သတိထားမိသဖြင့် အမြန်ပြေးလာကာ မေးလိုက်သည်။

"ဝါးးးး..." ကိုယ်နှင့်ရင်းနှီးသူများ အနားတွင် ရှိနေသည့်အခါ ခံစားချက်ကို ထိန်းချုပ်ရန် ပို၍ ခက်ခဲတတ်သည်။ ယခုလည်း မီကိုမှာ တန်ယန့်ကိုဖက်ကာ မျက်ရည်များ တပြိုင်းပြိုင်းကျလျက် ငိုချလိုက်တော့သည်။ "ယန်ယန်... သူတို့ပြောတာတွေက တကယ်ကို ရိုင်းလွန်းတယ်၊ ဝါးးး... ငါ ဘာအမှားမှ မလုပ်ခဲ့ပါဘူး။"

တန်ယန်က ဖုန်းကို ယူကြည့်လိုက်ရာ ရင်ထဲတွင် တင်းကျပ်သွားရသည်။ သူမကိုယ်တိုင် အဆဲခံရစဉ်ကပင် ဤမျှ ဒေါသမထွက်ခဲ့ဖူးပေ။ ပထမဆုံး မက်ဆေ့အချို့မှာ ပုံမှန်ဖြစ်သော်လည်း ယွမ်ရှီး၏ ပရိသတ်များ အလုံးအရင်းနှင့် ရောက်လာချိန်တွင် လေသံများက ပြောင်းလဲသွားခဲ့သည်။

မှတ်ချက်များ

【ယာယာ, ချမ်းသာချင်တဲ့ အိပ်မက်လေး】: "ပိုင်ရှင်လေးရေ... တကယ့်ကို ကံကောင်းတာပဲ၊ ငါလည်း အဲ့ဒီလို သူဌေးမလေး သူငယ်ချင်းမျိုး လိုချင်လိုက်တာ။【အားကျလို့ ငိုနေတဲ့ပုံ】"

【အမ်မလီလှလှလေး】: "တိုက်တိုက်ဆိုင်ဆိုင် ဒီပို့စ်ကို မြင်လိုက်တာ။ ပိုင်ရှင်လေးက နာမည်ကြီးချင်လို့ စိတ်ကူးယဉ်နေတာလား"

【ဇာတ်လမ်းကြိုက်သူ】: "ဒီမိန်းကလေးရဲ့ ဆယ်လ်ဖီက ကြည့်ရတာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ။"

【ယွမ်ရှီးရဲ့ တစ်ဦးတည်းသောဇနီး】: "အို... ဒါယွမ်ရှီးရဲ့ သီချင်းဗီဒီယိုထဲက မိန်းကလေး မဟုတ်လား၊ အခုတော့ သူဌေးမလေး သူငယ်ချင်း ရှိတယ်ဆိုပြီး ကြွားနေတာလား။ နာမည်ကြီးချင်လို့ ဒီလိုနည်းလမ်းတွေ သုံးနေတာ တကယ် ရွံစရာကောင်းတယ်"

【အမှန်တရားကို ချစ်မြတ်နိုးသူ】: "ယွမ်ရှီးနဲ့ နီးစပ်ဖို့အတွက် ဒါက တမင်စီစဉ်ထားတဲ့ လှည့်ကွက်တစ်ခုပဲ ဖြစ်မှာပါ။ ဒီလိုလူစားမျိုးတွေကို သတိထားရမယ်"

【ယွမ်ရှီးရဲ့ ခြေချင်းဝတ်လေး】: "အမလေး၊ ဒီမိန်းကလေးက ယွမ်ရှီးရဲ့ အယ်လ်ဘမ်သစ် 'သူ' ထဲက မင်းသမီး မဟုတ်လား"

【ယွမ်ရှီးရဲ့ ခြေထောက်ကိုဖက်ပြီး အချော့ခံချင်သူ】: "ဟေ့လူတို့... ပြီးခဲ့တဲ့ တစ်ခေါက်က ယွမ်ရှီးရဲ့ နာမည်ကိုအသုံးချပြီး နာမည်ကြီးဖို့ ကြိုးစားတဲ့သူတွေ ဘယ်လိုဖြစ်သွားလဲ သိတယ်မလား။ အခုဆို အစအနတောင် မရှိတော့ဘူး။【ပြုံးနေတဲ့မျက်နှာပုံ】"

【ယွမ်ရှီးက ငါ့လင်】: "ဒီရုပ်ဆိုးမက ဘယ်ကထွက်လာတာလဲ၊ ငါ့ယောက်ျားနဲ့ ဝေးဝေးမှာနေစမ်း။

【အော့အန်နေတဲ့ပုံ】 x ၃"

【ယွမ်ရှီးရဲ့ ပထမဆုံးအချစ်က ငါပဲ】: "ဒီဟန်ဆောင်ကောင်းတဲ့ မိန်ကလေးက ချမ်းသာကြောင်း ကြွားနေတာလား။ နာမည်ကြီးချင်ဇောနဲ့ အွန်လိုင်းပေါ်က ပုံတစ်ပုံကိုယူပြီး လူကြားထဲ တိုးနေတာနေမှာပါ။ နာမည်ကြီးဖို့ဆို ဘာမဆိုလုပ်မယ့် မိန်းမယုတ်ပဲ။【ရွံစရာကောင်းလိုက်တာ】"

【အမည်မသိ အသုံးပြုသူ】: "လစ်လိုက်တော့၊ နင့်လို ချမ်းသာကြောင်း ကြွားနေတဲ့သူတွေကို မြင်ရတာ တကယ် စိတ်ပျက်ဖို့ကောင်းတယ်။ အဲ့ဒီပိုက်ဆံတွေရှိရင် တောင်ပေါ်ဒေသက ဆင်းရဲတဲ့ ကလေးတွေ ကျောင်းတက်နိုင်အောင် သွားလှူပါလား၊ Weibo ပေါ်မှာ ဘာတွေ လာဟန်ဆောင်နေတာလဲ"

..........

တန်ယန်က မီကို့ရဲ့ကျောလေးကို အသာအယာ ပုတ်ပေးရင်း ချော့မော့လိုက်သည်။ "စိတ်မဆိုးနဲ့တော့နော်၊ စိတ်မဆိုးနဲ့တော့... ဒီလို ကီးဘုတ်တိုက်ပွဲ ဝင်နေတဲ့သူတွေနဲ့ စကားအခြေအတင် မပြောပါနဲ့။ သူတို့ကြောင့် ဒေါသထွက်ပြီး ကိုယ့်ကျန်းမာရေး ထိခိုက်ရတာ မတန်ပါဘူး"

အဲ့ဒီအချိန်မှာပဲ တန်ယန့်ဖုန်း မြည်လာသည်။ ဆက်သွယ်လာသူက ယွမ်ရှီးပါ။

တန်ယန် ဖုန်းကိုကိုင်လိုက်ပေမဲ့ အသံကတော့ အေးစက်နေပါသည်။ "ဘာကိစ္စလဲ" တကယ်တော့ ယွမ်ရှီးဘက်ကကြည့်ရင် အပြစ်မရှိဘဲ ခံလိုက်ရတာ မှန်ပေမဲ့၊ ဘာအကြောင်းပြချက်မှ မရှိဘဲ လာပြီး လိုက်ခ်နှင့် ရှယ်ယ် လုပ်သွားရုံတင်မကဘဲ သူ့ပရိသတ်တွေကိုတောင် မထိန်းနိုင်တဲ့သူကို တန်ယန်က အလိုမကျ ဖြစ်နေတာပါ။

"ဟို... တန်ယန်၊ ငါတကယ် တောင်းပန်ပါတယ်၊ နင့်သူငယ်ချင်း အဆင်ပြေရဲ့လား" ယွမ်ရှီးက အားနာသံအပြည့်နှင့် သတိထားပြီး မေးလာသည်။ သူလည်း မီကို့ကို ဒီလောက်အထိ ဒုက္ခရောက်သွားစေလိမ့်မည်ဟု တကယ် မထင်ထားခဲ့ဘူးလေ။

"ကိုကိုရဲ့ Weibo မှာ နင် လိုက်ခ်ပေးပြီး ရှဲထားတဲ့ ပို့စ်တွေကို အကုန်ဖျက်လိုက်ပါ။ နင့်ပရိသတ်တွေလာပြီး ပြဿနာ မရှာနိုင်အောင်လို့။ သူတို့တွေ ဆက်ပြီး သောင်းကျန်းနေဦးမယ် ဆိုရင်တော့ ငါ ရှေ့နေကနေတစ်ဆင့် အကြောင်းကြားစာ ပို့လိုက်တော့မယ်။ အဲ့ဒီအချိန်ကျရင်တော့ နင့်မျက်နှာကို မထောက်ထားဘူးဆိုပြီး ငါ့ကို အပြစ်မတင်နဲ့တော့။"

တန်ယန်ရဲ့ဒေါသကို ခံစားမိလိုက်တဲ့ ယွမ်ရှီးဟာ စကားပင် ဆွံ့အသွားရပြီး မီကိုမှာ ဒီလိုသူငယ်ချင်းကောင်း ရှိတာကို စိတ်ထဲကနေ အားကျမိသွားပါသည်။ "ငါ Weibo မှာ ရှင်းလင်းချက် တင်ထားပြီးပါပြီ။ ပရိသတ် အများစုကတော့ အကျိုးအကြောင်း နားလည်ကြပါတယ်၊ အနည်းစုကပဲ နည်းနည်း ရန်လိုနေကြတာပါ။ ငါတကယ် တောင်းပန်ပါတယ်၊ ငါ့ရဲ့ ရည်ရွယ်ချက်က မီကို့ကို ကူညီချင်ရုံတင်ပါ၊ ဒါပေမဲ့ ဒီလို ဖြစ်လာလိမ့်မယ်လို့..."

ဒေါသတွေ ထွက်ပြီးသွားတဲ့ နောက်မှာတော့ တန်ယန်ဟာ စိတ်ကို ပြန်ထိန်းလိုက်နိုင်ပါသည်။ ယွမ်ရှီးမှာရော အပြစ်ရှိလို့လား၊ တကယ်တော့ မရှိပါဘူး။ သူက တန်ယန်က မီကို့ကို လိုက်ခ်ပေးထားတာကိုပဲ ထပ်ပြီး လိုက်ခ်ပေးခဲ့တာပါ။ ဒါပေမဲ့ ပရိသတ်တွေက တန်ယန့်ဆီမှာလာပြီး ပြဿနာမရှာရဲဘဲ မီကို့ဆီသွားပြီး ဝိုင်းအော်နေကြတာကတော့ ပျော့တဲ့သူကိုရွေးပြီး နှိပ်စက်တဲ့ သဘောပါပဲ။

မီကို အခုကြုံနေရတဲ့ အခြေအနေဟာ တန်ယန် အွန်လိုင်းမှာ တိုက်ခိုက်ခံခဲ့ရတုန်းကနှင့် ဆင်တူနေပါသည်။ ဒီလို ကီးဘုတ်တိုက်ပွဲ ဝင်တဲ့သူတွေကို တစ်ခါတည်းနှင့် လန့်သွားအောင် လုပ်ထားမှသာ နောက်နောင် သူမတို့ အကောင့်တွေအောက်မှာ လာပြီး ရမ်းကားရဲမှာ မဟုတ်တော့ဘူးလေ။

ဒါကိုတွေးမိပြီး တန်ယန်ဟာ ချင်ယွီရုံဆီ ဖုန်းဆက်လိုက်သည်။ - "အစ်မရုံ၊ ကိုကိုရဲ့ Weibo မှတ်ချက်တွေထဲမှာ အရမ်းကို ရိုင်းရိုင်းစိုင်းစိုင်း ရေးနေကြတာတွေ ရှိတယ်။ ကျိစုကို အဲ့ဒါတွေ ကိုင်တွယ်ခိုင်းလိုက်ပါ။"

ချင်ယွီရုံနှင့် စကားပြောပြီးသွားတော့ တန်ယန်က မီကို့ဘက်လှည့်ပြီး ဆက်ချော့ပါသည်။ - "ကဲ... ကြည့်စမ်း၊ နင့်ကို စော်ကားပြောဆိုတဲ့ သူတွေကို အရေးယူဖို့ လူလွှတ်ထားပြီးပြီ။ သူတို့တွေ သေချာပေါက် ပြစ်ဒဏ်ခံရမှာပါ။ မငိုနဲ့တော့နော်၊ လာ... နင့်အတွက် ငါဝယ်ထားတဲ့ လက်ဆောင်လေး ကြည့်ရအောင်"

မီကိုက နှာလေးတရှုံ့ရှုံ့နှင့် - "ငါက ခဏလေး စိတ်မထိန်းနိုင် ဖြစ်သွားလို့ပါ၊ အင့်... ငါက အဲ့လောက်ထိ စိတ်နုတဲ့သူ မဟုတ်ပါဘူး၊ အင့်"

"အေးပါ... တို့ရဲ့ကိုကိုက တကယ့်ကို သန်မာတဲ့ မိန်းကလေးပဲ၊ အဲ့ဒါကြောင့် ငါ့ရှေ့မှာတော့ ဟန်ဆောင်နေစရာ မလိုပါဘူး၊ ငါလည်း နင့်ကို မရယ်ပါဘူး"

တန်ယန်က ကလေးတစ်ယောက်ကို ချော့နေသည့် လေသံမျိုးနှင့် ပြောနေတာကို မြင်တော့ မီကိုက ရယ်မောလိုက်မိပါသည်။ "ဒါနဲ့ ငါ့အတွက် ဘာကောင်းတာလေး ဝယ်ထားလို့လဲ၊ ဘာလို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ၊ ကြည့်ပါရစေဦး" သူမက လက်ဆောင်သေတ္တာကို ဖွင့်ဖို့ စိတ်အားထက်သန်နေသည့် ပုံစံမျိုးနှင့် ပြောလိုက်ပါသည်။

All Chapters