Q မြို့တော်သို့ ထွက်ခွာခြင်း
Vol. 9 Ch. 82
ညစာစားပြီးနောက် ထိုနေ့ညတွင် တန်ယန်သည် Weibo ပေါ်က အခြေအနေများကို စောင့်ကြည့်ရန်အတွက် အခန်းထဲသို့ စောစော ပြန်လာခဲ့သည်။
【ထန်လုံဖျော်ဖြေရေးက အခုထိ ဘာမှ မတုံ့ပြန်သေးတာ ဘာလို့လဲ】
#ထန်လုံဖျော်ဖြေရေးက အနုပညာရှင်တွေကို အတင်းအကျပ် အိပ်ခိုင်းခြင်း ဆိုသည့် Hashtag က Weibo မှာ ထိပ်ဆုံးရောက်နေတာ တစ်နာရီတောင် ရှိသွားပြီဖြစ်သည်။ သို့သော်လည်း တစ်ဖက်ကတော့ လုံးဝကို ဆိတ်ဆိတ်နေဆဲပင်။
【အရှင်... သူတို့ ထန်လုံရဲ့သူဌေးကို ဆက်သွယ်လို့မရ ဖြစ်နေကြတာလေ၊ ပူအိုက်နေတဲ့ ဒယ်အိုးပေါ်က ပုရွက်ဆိတ်တွေလို တောင်တောင်အီအီ ဖြစ်နေကြတာ တကယ်ရယ်ရတယ်】
【ဟူးးး.... သူတို့သူဌေးက ဘယ်ရောက်နေလို့လဲ】
【နေဦး ကြည့်လိုက်ဦးမယ်... ဝိုး၊ တကယ်ကို တက်ကြွနေတာပဲ၊ သူ ကလပ်တစ်ခုမှာ ဘာတွေလုပ်နေလဲဆိုတာ... တကယ်ကို ရင်ခုန်စရာပဲ၊ အို... ငါတော့ မျက်စိစူးတော့မှာပဲ】
【နင် ဒါတွေကို မြင်ရတာလား၊ ဒါဆိုရင် ဘယ်သူ့မှာမှ ကိုယ်ရေးကိုယ်တာဆိုတာ မရှိတော့ဘူးပေါ့】
【အရှင်... ငါက စနစ်တကျ တည်ဆောက်ထားတဲ့ စနစ်တစ်ခုပါနော်၊ အွန်လိုင်းပေါ်က အရာအားလုံးကို ငါမြင်နိုင်တယ်။ အင်တာနက်နဲ့ စောင့်ကြည့် ကင်မရာတွေသာ မရှိရင်တော့ ငါလည်း ဘာမှလုပ်နိုင်မှာ မဟုတ်ပါဘူး။】
【ဒါနဲ့ အဲ့ဒါ ဘယ်ကလပ်လဲ၊ ပြီးတော့ အခန်းထဲမှာ စောင့်ကြည့်ကင်မရာတွေ တပ်ထားတာလား】
【ဪ... ဒီကလပ်နာမည်က 'ခိုင်တီဆူပရင်း' တဲ့။ အရှင်... နောက်ဆို နင်ဘယ်သွားသွား အရင်ဆုံး စောင့်ကြည့်ကင်မရာ ရှိ၊ မရှိ ငါ့ကို အရင်စစ်ခိုင်းနော်၊ တောက်တောက်တောက်】
【အင်း... အဲ့ဒါလည်း ဟုတ်သားပဲ။ ကိုယ်မသိဘဲ ဓာတ်ပုံရိုက်ခံရတာမျိုးက တကယ်ကို အရှက်ရဖို့ ကောင်းတာပဲ။】
ကြည့်ရတာ သိပ်ပြီး ထူးထူးခြားခြား မရှိတော့တာကြောင့် သူမ ဖုန်းကို အမြဲတမ်း စစ်မနေတော့ပေ။ ယိတျန်တျန်ကိုသာ အွန်လိုင်းအခြေအနေ စောင့်ကြည့်ခိုင်းထားပြီး မီကိုတို့နှင့်ရှိတဲ့ ဂရုချက်ကို ဖွင့်လိုက်သည်။
တန်ယန်: "ရွက်လှေပါတီက နှစ်သစ်ကူး ဒုတိယမြောက်နေ့လား၊ Q မြို့တော်ကို ဘယ်လိုသွားကြမှာလဲ"
ရှုရှင်းယန်: "ငါ့အစ်ကို့ကားနဲ့ပဲ သွားကြမယ်လေ။ နင်ပါ လိုက်ခဲ့မလား"
မီကို: "ငါကတော့ ယန်ယန်နဲ့ပဲ လိုက်မှာ"
ရှုရှင်းယန်: "【ပြုံးနေတဲ့ပုံ】 ငါ မမေးခဲ့သင့်ဘူး။"
တန်ယန်: "ကိုကို... အဝတ်အစားနည်းနည်း ပိုယူခဲ့နော်၊ ရွက်လှေခရီးစဉ်ပြီးရင် ငါတို့နဲ့အတူ လိုက်ခဲ့ရမှာမို့လို့။【ချစ်စရာကောင်းတဲ့ပုံ】"
ရှုရှင်းယန်: "? ? ?"
လောင်ဝေအန်း: "? ? ?"
မီကို: "အိုကေ၊ အိုကေ၊ ငါ့မေမေနဲ့ ဖေဖေကို ပြောလိုက်မယ်၊ သူတို့ သေချာပေါက် ကန့်ကွက်မှာ မဟုတ်ဘူး။【အံ့သြသွားတဲ့ပုံ"
တန်ယန်: "【အိုကေ】"
လောင်ဝေအန်း: "ငါလည်းလိုက်ချင်တယ်..."
ရှုရှင်းယန်: "ငါလည်းတူတူပဲ၊ ဒါပေမဲ့ သွားလို့မရဘူး။ အစ်ကိုနဲ့အတူ ဦးလေးဆီ နှစ်သစ်ကူး နှုတ်ဆက်ဖို့ လိုက်သွားရမှာမို့လို့။"
တန်ယန်: "နောက်တစ်ခါပေါ့။【လူးလိမ့်နေတဲ့ပုံ"
မီကို: "ငါဓာတ်ပုံတွေ အများကြီးရိုက်ပြီး နင်တို့ဆီ ပို့ပေးမယ်လေ။【ချစ်စရာကောင်းတဲ့ပုံ】"
လောင်ဝေအန်း: "【ပြုံးနေတဲ့မျက်နှာ】"
ရှုရှင်းယန်: "နင်တို့ရောက်တဲ့အခါ ငါ့ကို အကြောင်းကြားလိုက်ဦး၊ အဝင်ဝမှာ လာကြိုမယ်။"
တန်ယန်သည် ရှုရှင်းယန်၏ စကားကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။ အကြောင်းမှာ ယိတျန်တျန်က ထန်လုံဖျော်ဖြေရေးဘက်မှ စတင် လှုပ်ရှားနေပြီဟု အကြောင်းကြားလာသောကြောင့် ဖြစ်သည်။ သူမသည် သတင်းများကို အမှီလိုက်ရန် Weibo ကို အမြန်ဖွင့်လိုက်သည်။
ထန်လုံဖျော်ဖြေရေး (v): "ကျွန်ုပ်တို့ ကုမ္ပဏီသည် အနုပညာရှင်များ၏ အလုပ်နှင့် လိုအပ်သော လှုပ်ရှားမှုများကို စီစဉ်ရာတွင် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း စံနှုန်းများကို အမြဲတမ်း တိကျစွာ လိုက်နာ ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း အွန်လိုင်းတွင် ပျံ့နှံ့နေသော မဟုတ်မမှန် သတင်းများသည် ကုမ္ပဏီ၏ ရပိုင်ခွင့်များကို ပြင်းထန်စွာ ထိခိုက်စေပါသည်။ ကျွန်ုပ်တို့ ကုမ္ပဏီနှင့် အနုပညာရှင်များ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်အတွက် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ သတင်းမှား ဖြန့်ဝေသူများကိုလည်း ပြင်းထန်စွာ အပြစ်ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။"
【ဟား၊ တကယ့်ကို တရားမျှတချင်ယောင် ဆောင်နေလိုက်တာ၊ နောက်မှ အမှန်တရားတွေ ပေါ်လာတဲ့အခါ ရှက်မနေနဲ့ဦးနော်】
【အရှင်... 'မျက်နှာပြောင်တဲ့သူက အနိုင်မရနိုင်ဘူး' ဆိုတဲ့ စကားပုံ ရှိတယ်မဟုတ်လား။ သူတို့ကတော့ ရှက်တတ်မှာ မဟုတ်ပါဘူးနော်】
【နင်ပြောတာ တကယ်မှန်တယ်။ အချို့လူတွေက သူတို့အမှားကို ဘယ်တော့မှ ဝန်မခံသလို၊ သူတို့လုပ်ရပ်ကြောင့် သူတစ်ပါး ခံစားရတဲ့ နာကျင်မှုကိုလည်း ပြန်မသုံးသပ်တတ်ကြဘူး။ ဒီလိုလူတွေကို လူလို့တောင် ခေါ်လို့မရဘူး၊ လူ့အမှိုက်တွေပဲ။】
【အရှင်... သူတို့ရဲ့ ပိုပြီးပြင်းထန်တဲ့ အရှုပ်တော်ပုံတွေကို ဘယ်အချိန်မှာ ထပ်ချပေးရမလဲ】
【သူတို့ဘက်ကတောင် ရှေ့ထွက်လာပြီဆိုတော့ အခုပဲ အကုန်လုံးကို တစ်ခါတည်း ဖွင့်ချလိုက်တော့။】 တန်ယန်သည် သူတို့၏ တစ်ချက်ချင်း ရှင်းလင်းချက်များကို စောင့်ဆိုင်းပြီးမှ ပြန်လည် တုံ့ပြန်နေရန် စိတ်မရှည်တော့ပေ၊ အချိန်ကုန်ရုံသာ ရှိမည်ဖြစ်သည်။
ရုတ်တရက် သူမ တစ်ခုခုကို သတိရသွားပြီး ယိတျန်တျန်ကို ဆက်ပြောလိုက်သည်။ "【သူတို့ရဲ့ တရားမဝင် လှုပ်ရှားမှုတွေအကြောင်း အစီရင်ခံစာကို ဒေသခံ ရဲစခန်းရဲ့ အီးမေးလ်ဆီကိုပါ ပို့ထားဖို့ မမေ့နဲ့ဦးနော်။】"
【ဟုတ်ကဲ့ပါ အရှင်။】
တစ်ဖက်တွင်လည်း ကျိစုသည် အခြေအနေများကို စောင့်ကြည့်နေပြီး သူမ လက်စွမ်းပြရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။
ရိရှင်း ဥပဒေ အကျိုးဆောင်လုပ်ငန်း (v): "ကျွန်ုပ်တို့ လုပ်ငန်းသည် ဤဖြစ်ရပ်တွင် နစ်နာခဲ့ရသူများအတွက် အခမဲ့ ဥပဒေအကူအညီများ ပေးအပ်သွားမည် ဖြစ်ပါသည်။ လိုအပ်ပါက ဖုန်းနံပါတ် ၁၃XXXXXXXXX (လိုင်းနံပါတ် အတူတူပင်) သို့ ဆက်သွယ်နိုင်ပါသည်။"
【ရှောင်းရှောင်းတူး】: "လူအာရုံ စိုက်ခံရအောင် အခွင့်ကောင်း ယူနေတာလား"
【တရားမျှတမှု အရှင်သခင်】: "နာမည်ကြီးချင်လို့ လုပ်တာပဲဖြစ်ဖြစ်၊ နစ်နာသူတွေကို တကယ် ကူညီပေးနိုင်မယ် ဆိုရင်တော့ ငါကတော့ နင့်ရဲ့ အမာခံပရိတ်သတ် ဖြစ်ပေးမယ်။"
【ခုန်ခုန်လေး】: "ကျွန်မရဲ့ ဝမ်းကွဲအစ်မက ထန်လုံဖျော်ဖြေရေးရဲ့ သားကောင် ဖြစ်ခဲ့ရတာပါ။ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး သူ့ကို ကူညီပေးကြပါဦး။ ဒီကိစ္စ ဖြစ်ပြီးကတည်းက အစ်မက စိတ်ဓာတ်ကျတဲ့ရောဂါ ခံစားနေရတယ်၊ ပြီးတော့ အဲ့ဒီနှလုံးသား မရှိတဲ့ ကုမ္ပဏီက စာချုပ် ဖောက်ဖျက်ကြေးဆိုပြီး အများကြီးတောင်းပြီး တရားစွဲနေတာ။ ဦးလေးတို့ မိသားစုလည်း အိမ်ရောင်းလိုက်ရပြီ၊ အဒေါ်ကလည်း နေ့တိုင်း ငိုနေရတယ်၊ ဘယ်သူ့ဆီ အကူအညီ တောင်းရမှန်းကို မသိတော့ဘူး။ ထန်လုံက နောက်ခံအင်အား အရမ်းကြီးတော့ ကျွန်မတို့လို သာမန်လူတွေက မယှဉ်နိုင်ဘူးလေ"
【ဂါဂါမယ်လ်】: "ဒီကိစ္စကို သေချာ စောင့်ကြည့်နေပါတယ်။ ဒီအကောင့် ပိုင်ရှင်က ဒုက္ခရောက်နေတဲ့ သူတွေကို တကယ် ကူညီပေးနိုင်ဖို့ မျှော်လင့်ပါတယ်။"
【အနာဂတ်က မျှော်လင့်ချက်ရှိပေမဲ့ ဝေဝါးနေဆဲ】: "ဒါတွေက တကယ်ပဲလား"
...
နောက်တစ်နေ့ မနက်မှာတော့ တန်ယန် Weibo ကို ပြန်ဖွင့်ကြည့်တဲ့အခါ တစ်ညတည်း အတွင်းမှာတင် ထန်လုံဖျော်ဖြေရေးဟာ တစ်နိုင်ငံလုံးရဲ့ ဝိုင်းဝန်း ရှုတ်ချခြင်းကို ခံနေရတာ တွေ့လိုက်ရပါသည်။
ကုမ္ပဏီက အနုပညာရှင်တွေဟာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် သူတို့ကြုံတွေ့ခဲ့ရတဲ့ နှိပ်စက်မှုတွေနဲ့ အတင်းအကျပ် ခိုင်းစေမှုတွေကို ထုတ်ဖော် ပြောဆိုလာကြပါသည်။ ဒါဟာ ပရိသတ်တွေကြားမှာ အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်သွားပြီး အနုပညာရှင် အသီးသီးရဲ့ ပရိတ်သတ်တွေက ထန်လုံကို ဝိုင်းဝန်းဆဲဆို တိုက်ခိုက်ကြပါတော့သည်။ တချို့ဆိုရင် ထန်လုံက အနုပညာရှင်တွေကို ပြည့်တန်ဆာအလုပ် အတင်းခိုင်းနေပါတယ်ဆိုပြီး ရဲစခန်းကိုပါ တိုင်ကြားခဲ့ကြပါသည်။
အနုပညာ လောကထဲက တခြားကုမ္ပဏီတွေလည်း ဒီကိစ္စကို အသေအချာ စောင့်ကြည့်နေကြပါသည်။ တကယ်တော့ ဒီလိုကိစ္စမျိုးတွေက ဖျော်ဖြေရေး လောကမှာ ထမင်းစား ရေသောက်လို ဖြစ်နေတာပါ။ ဒါပေမဲ့ ထန်လုံရဲ့ အခြေအနေက ဒီလောက်အထိ ကြီးကျယ်သွားလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါ။ နောက်ကွယ်ကနေ တစ်ယောက်ယောက်က ကြိုးကိုင်နေတာ မဟုတ်ဘူးဟု ယုံရခက်လှပါသည်။
ရုတ်တရက်ဆိုသလို အနုပညာ ကုမ္ပဏီကြီးတွေက လူတွေဟာ ထိတ်လန့်သွားကြပြီး၊ သူတို့ကုမ္ပဏီတွေပါ နောက်ထပ် 'ထန်လုံ' မဖြစ်လာစေဖို့အတွက် ဝန်ထမ်းတွေကို သတိပေးတာတွေ၊ အရေးပေါ် အစည်းအဝေးတွေ ခေါ်ယူတာတွေနှင့် အလုပ်ရှုပ်သွားကြပါသည်။
ဇူးယုန်းတောင်ကုန်းဗီလာ၊ တန်မိသားစုအိမ်။
"အားလုံး ပစ္စည်းတွေ ထုပ်ပြီးကြပြီလား။ ကိုယ့်အတွက် အဝတ်အစား နှစ်စုံလောက်ပဲ ယူခဲ့ကြနော်၊ တခြား ဘာမှယူလာဖို့ မလိုဘူး၊ သင်္ဘောပေါ်မှာ အကုန်လုံး အဆင်သင့်ရှိတယ်" နှစ်သစ်ကူးအကြို ညစာစားပြီးနောက် မိသားစုအားလုံး ဧည့်ခန်းထဲမှာ ထိုင်ပြီး နှစ်သစ်ကူးပွဲတော် အစီအစဉ်ကို ကြည့်နေကြစဉ် ယန်ရိုးလင်က မနက်ဖြန် Q မြို့တော်ကို သွားကြတော့မှာကို သတိရပြီး ပစ္စည်းတွေ ထုပ်ပိုးဖို့ အားလုံးကို သတိပေးလိုက်ပါသည်။
တန်ယန်က ခေါင်းညိတ်ပြရင်း "အစ်မရုံက အကုန်စီစဉ်ထားပြီးပြီ။ သင်္ဘောပေါ်မှာ လိုအပ်တာ အကုန်ရှိတယ်၊ သမီးတို့မိသားစု တစ်ပတ်စာလောက် သောက်ဖို့စားဖို့ကတော့ အပိုပဲ။ ပြီးတော့ ခရီးစဉ်တစ်လျှောက် မြို့အချို့မှာ တစ်ရက်စီ ခဏရပ်မှာဆိုတော့ ကုန်းပေါ်တက်ပြီး လည်ပတ်ဖို့လည်း အခွင့်အရေးရမှာပါ" ဟု ပြောလိုက်သည်။
"အစ်မရုံရဲ့ အစီအစဉ် ဆိုရင်တော့ တို့တွေ ယုံကြည်စိတ်ချလို့ ရပါတယ်" ဟု တန်ချင်းရွှဲ့က သဘောတူသည်။ အတူတူ အချိန်အတော်ကြာ နေထိုင်လာခဲ့ပြီးနောက် ချင်ယွီရုံသည် အလုပ်ကျွမ်းကျင်ရုံတင် မကဘဲ အဘက်ဘက်က နှံ့စပ်သူဖြစ်ကြောင်း မိသားစုဝင်အားလုံး သိထားကြပြီး ဖြစ်သည်။
"ဟုတ်တယ်၊ ရုံက အမြဲတမ်း အစစအရာရာ သေချာစဉ်းစားပေးတတ်တာ" ယန်ရိုးလင်က ပြုံးလျက် ချင်ယွီရုံကို လှမ်းကြည့်လိုက်သည်။
အဘိုးတန်ကလည်း ခေါင်းညိတ်ထောက်ခံသည်။ သူ့အတွက်တော့ ဇနီးနှင့် သမီးဖြစ်သူတို့ သဘောတူလျှင် အရာအားလုံး အဆင်ပြေသည်ဟု မှတ်ယူထားသည်။
"အစ်မ... သင်္ဘောပေါ်မှာ ဝိုင်ဖိုင်ရောရှိလား" တန်ယွီက စပ်စုသည့် လေသံဖြင့် မေးလာသည်။ ဝိုင်ဖိုင်မရှိလျှင် သူဂိမ်းဆော့၍ မရတော့ပေ။ ပင်လယ်ထွက်ချင်သည့် စိတ်ကတစ်ပိုင်း၊ ဂိမ်းမဆော့ရမှာကို စိုးရိမ်စိတ်ကတစ်ပိုင်း ဖြစ်နေရှာသည်။
"လိုင်းတော့ နည်းနည်းကျနိုင်ပေမဲ့ မရှိလည်း ဘာဖြစ်လဲ" တန်ယန်က သူမ၏မောင်လေး ဘာတွေ စိုးရိမ်နေသည်ကို သိသော်လည်း တမင်သက်သက် စချင်သဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
"အား" တန်ယွီက စိတ်ပျက်သွားဟန်ဖြင့် ခေါင်းကို လက်နှင့်အုပ်လိုက်သည်။
"ဒီကလေးကတော့၊ အပြင်ထွက်လည်ရမှာကို ဘာလို့ ဝိုင်ဖိုင်အကြောင်းပဲ တွေးနေတာလဲ။ ဆောင်းရာသီ ကျောင်းပိတ်ရက် အိမ်စာတွေရော ပြီးပြီလား" စည်းကမ်းကြီးသော မိခင်မှာ ချက်ချင်းပင် ရောက်လာပြီး သူမ၏ အထိရောက်ဆုံး လက်နက်ကို ထုတ်သုံးလိုက်တော့သည်။
တန်ယွီက ချက်ချင်းပင် ခါးကိုဆန့်ကာ မတ်မတ်ထိုင်လိုက်သည်။ ဝိုင်ဖိုင်အကြောင်း နောက်တစ်ခါ ထပ်မပြောတော့ဘူး၊ ဟုတ်ပြီလား။
ဒါကိုမြင်တော့ တန်ယန့်မိခင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ လောလောဆယ်တော့ သူ့ကို လွှတ်ပေးထားလိုက်မည်။ မနက်ဖြန် ခရီးထွက်ရတော့မည်ဖြစ်ရာ သူမ၏ စိတ်အခြေအနေကို အပျက်မခံနိုင်ပေ။ ဒေါသထွက်လျှင် မိန်းကလေးများ အရေးအကြောင်း ပိုပေါ်လွယ်သည်ကို သူမသိထားသည်။ သူမကိုယ်သူမ သေချာဂရုစိုက်ပြီး နုပျိုလှပသည့် မေမေတစ်ဦး ဖြစ်နေရမည် မဟုတ်ပါလား။
S မြို့တော်မှ Q မြို့တော်သို့ ကားမောင်းလျှင် ၃ နာရီခန့် ကြာမြင့်သည်။ ကားဆရာကို ခွင့်ပေးထားသဖြင့် တန်ယန်၏ဖခင်နှင့် ချင်ယွီရုံတို့က တစ်ယောက်တစ်စီးစီ မောင်းနှင်ကြသည်။