← Chapters

မိသားစုအဆင့်အတန်း

Vol. 9 Ch. 87

မိသားစုအဆင့်အတန်း

Vol. 9 Ch. 87

"အမြင်ရှိသားပဲ၊ အိမ်ခြံမြေ လုပ်ငန်းဆိုတာ အကန့်အသတ် မရှိတဲ့ အလားအလာတွေရှိတဲ့ လုပ်ငန်းသစ်ပဲလေ။ နောင်ကျရင် အစ်မယန်ကပဲ ကျွန်တော်တို့ကို စောင့်ရှောက်ပေးပါဦး။ ကျွန်တော်ကတော့ အကုန်သောက်လိုက်ပြီ၊ အစ်မက စိတ်ကြိုက်သောက်နော်" ထိုသို့ပြောပြီးနောက် ချမ်းသာသည့် ဒုတိယမျိုးဆက် သူဌေးသားလေးမှာ ခေါင်းကို အနည်းငယ်မော့ကာ ဖန်ခွက်ထဲမှ ဝိုင်နီများကို တစ်ကျိုက်တည်း မော့ချလိုက်သည်။

"ကဲ... အားလုံးပဲ တစ်ခွက်လောက် သောက်ကြရအောင်၊ မစ္စတန်နှင့် မစ္စမီတို့ကို အခုလိုဆုံရတာ တကယ်ကို ဝမ်းသာပါတယ်။ နောက်တစ်ခေါက် H မြို့တော်ကို လာဖြစ်ရင်လည်း ကျွန်တော့်ကို ဧည့်ခံခွင့် ပေးကြပါဦး၊ ဟားဟား..."

"ခွမ်း၊ ခွမ်း" (ဖန်ခွက်ချင်း တိုက်သံများ)

လူအတော် များများကို လိုင်းမှာ သူငယ်ချင်းအဖြစ် အပ်ပြီးနောက်တွင်တော့ တန်ယန်နှင့် မီကိုတို့သည် ပါတီမှ ထွက်ခွာကာ 'ရှင်းယန်' ရွက်လှေပေါ်သို့ ပြန်လာခဲ့ကြသည်။

ထိုညနေ၌ တန်ယန်သည် ယိတျန်တျန်အတွက် နွားနောက်သား စတိတ်နှင့် အချိုပွဲတို့ကို မှာပေးထားရာ သူမှာ ပါးစပ်တစ်ဝိုက် ဆော့စ်များ ပေပွနေအောင်ပင် မြိန်ရည်ယှက်ရည် စားသောက်နေတော့သည်။ ယိတျန်တျန်အား မေးမြန်းကြည့်ရာတွင် သူမသည် ယခုအခါ သာမန်ခွေး တစ်ကောင်နှင့် ဘာမှ မခြားတော့ကြောင်း သိရသဖြင့် တန်ယန်က သူမကို ရေချိုးခန်းထဲခေါ်ကာ ရေချိုးပေးလိုက်သည်။

တစ်နာရီခန့် အကြာတွင် အမွှေးများ ပြန်လည် ခြောက်သွေ့သွားပြီး ဖြူဖွေးမွှေးပျံ့သွားသော ဘီချွန်ဖရိစ်လေးကို ကြည့်ကာ တန်ယန်မှာ နောက်ဆုံးတွင် ကျေနပ်သွားတော့သည်။

【ယိတျန်တျန်... ငါစိုးရိမ်တာ တစ်ခုရှိတယ်၊ ဒီညလိုမျိုး ငါ့မိသားစုက ဘာလုပ်တာလဲလို့ မေးမယ့်သူတွေ အများကြီး ရှိလာဦးမှာပဲ။ သာမန်လည်းဆန်ပြီး အကျိုးအကြောင်းလည်း ဆီလျော်တဲ့ ဘယ်လိုဆင်ခြေမျိုး ပေးရမလဲ၊ ငါ့မိဘတွေကို ပြောထားတဲ့ ပုံပြင်အတိုင်းပဲ သွားပြောလို့ မရဘူးမလား။ သူတို့သာ သိသွားရင် ငါ့ကို ဓာတ်ခွဲခန်းထဲထည့်ပြီး သုတေသန လုပ်ကြလိမ့်မယ်၊ ပြီးတော့ သြဇာရှိတဲ့ သူတွေက ငါ့နောက်ကြောင်းကို တိုက်ရိုက် စုံစမ်းကြမှာပဲ မဟုတ်လား။ သူတို့သာ ငါ့ကို သံသယဝင်သွားရင်...】

ဤသို့ တွေးမိသည်နှင့် တန်ယန့်လက်မောင်းတွင် ကြက်သီးများပင် ထသွားရသည်။

【အရှင်... သူတို့ နင့်ရဲ့ အချက်အလက်တွေကို ရှာလို့တွေ့မှာ မဟုတ်ပါဘူး။ ငါအရင်က ပြောဖူးတယ် ထင်တာပဲ】

"【တကယ်လား】" တန်ယန်က ဝေခွဲမရစွာ မေးလိုက်သည်။ သူမဘာကြောင့် မမှတ်မိပါလိမ့်။

【အင်း ဟုတ်တယ်၊ စိတ်မပူပါနဲ့ အရှင်။ နိုင်ငံခြားက အမွေအနှစ်တွေ ဆက်ခံရတာလို့ပဲ အကြောင်းပြလိုက်ပါ။ အရှင်လုပ်သမျှ အရာရာက အကျိုးအကြောင်း ဆီလျော်မှု ရှိနေမှာမို့လို့ စိုးရိမ်စရာ မလိုပါဘူး။ သူတို့က အချက်အလက်တွေကို ရှာမတွေ့တဲ့အခါမှာ အရှင့်ကို ပဟေဠိဆန်ပြီး ခန့်မှန်းရခက်တဲ့ သူလို့ပဲ သဘာဝအတိုင်း ထင်သွားကြမှာပါ။ ချမ်းသာတဲ့ သူတွေရဲ့ ထုံးစံအရ အမြတ်ထွက်မယ့်လမ်းကို ရွေးပြီး ဘေးအန္တရာယ်ကို ရှောင်တတ်ကြတာမလို့ အရှင့်ကို လာဖားကြမှာပဲ ရှိပါတယ်၊ ရန်သူအဖြစ် ရွေးချယ်ကြမှာ မဟုတ်ပါဘူး။】

【ဪ... အဲ့ဒီလိုလား။ နိုင်ငံခြားက ပိုင်ဆိုင်မှု အများကြီးကို အမွေဆက်ခံရတယ် ဆိုတာကတော့ တကယ့်ကို အသုံးများပြီး ဆီလျော်တဲ့ အကြောင်းပြချက်ပဲနော်။】

*

နောက်တစ်နေ့တွင် တန်မိသားစုသည် သူတို့၏ ပထမဆုံးသော ရွက်လှေခရီးစဉ်ကို စတင်ခဲ့ကြသည်။

ပထမဆုံး ရောက်ရှိသည့်မြို့မှာ Q မြို့တော်နှင့် အနီးဆုံးဖြစ်သော Y မြို့တော် ဖြစ်သည်။ တန်ယန်နှင့် သူမ၏ အဖွဲ့သည် ရွက်လှေပေါ်မှ ဆင်းကာ Y မြို့တော်တွင် တစ်နေကုန် အချိန်ဖြုန်းခဲ့ကြပြီး နာမည်ကြီး ပင်လယ်ကဏန်း ဟင်းလျာများနှင့် အရည်ရွှမ်းပြီး အပေါ်ယံ ကြွပ်ရွနေသော အသားများ ကဲ့သို့သော ဒေသထွက် အစားအသောက်များကို မြိန်ရည်ယှက်ရည် စားသောက်ခဲ့ကြသည်။

ယိတျန်တျန်မှာမူ တန်ယန့်စိတ်ထဲတွင် မငြိမ်မသက် ဖြစ်နေပြီး အပြင်သို့ ချက်ချင်းထွက်ကာ ထိုစားပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲ ချင်နေတော့သည်။ နောက်ဆုံးတွင်တော့ တန်ယန်က အစားအစာ အချို့ကို ပါဆယ်ထုတ်သွားမည် ဖြစ်ပြီး ညကျမှ အပြင်ထုတ်ကျွေးမည်ဟု ကတိပေးလိုက်မှသာ ၎င်းမှာ ငြိမ်သက်သွားတော့သည်။

ဤနေရာတွင် ကိုယ်ပိုင်ဟင်းလင်းပြင် ရှိခြင်း၏ အားသာချက်မှာ ပေါ်လွင်လာသည်။ တန်ယန်သည် အစားအစာဝယ်တိုင်း လိုအပ်သည်ထက် ပိုဝယ်လေ့ရှိပြီး လူမသိအောင် သူမ၏ ဟင်းလင်းပြင်ထဲသို့ ထည့်သိမ်းထားလိုက်သည်။ အားလုံးက သတိထားမိသည့် အခါတွင်လည်း သူမ အကုန်စားပြီးပြီ ဟုသာ ထင်မှတ်ကြတော့သည်။

ထိုနေ့တွင် တန်ယန်၏ အစားအသောက် စားနိုင်စွမ်းမှာ ပိုမို ကောင်းမွန်လာသည်ဟု တန်မိသားစုက သတိပြုမိကြသော်လည်း အလွန်အကျွံတော့ အာရုံမစိုက်မိကြပေ။ ဤသည်မှာလည်း တန်ယန်က သူမ၏ အစားအသောက်ကို တမင် ထိန်းချုပ်ထားသည့် ရလဒ်ပင် ဖြစ်သည်။

မိသားစုခရီးစဉ် ဖြစ်သော်လည်း တန်ယန့်ဖခင်မှာ ရုတ်တရက် စီးပွားရေး အခွင့်အလမ်း တစ်ခုကို အာရုံခံမိသွားသည်။ သူသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက် တစ်ခုကို တွေ့ရှိထားသော်လည်း ရရှိနိုင်သည့် အမြတ်အစွန်းမှာ မြို့ပြအဆင့်အတန်း စနစ်ကြောင့် ကန့်သတ်ချက်များ ရှိနေသည်ကို သဘောပေါက်လိုက်သည်။ အကယ်၍ သူ ပိုမိုရရှိလိုပါက သူ၏ကုမ္ပဏီကို မြို့ပြဖွံ့ဖြိုး တိုးတက်ရေး မဟာဗျူဟာနှင့် တစ်သားတည်းဖြစ်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။

S မြို့တော်သည် ယခုအခါ တတိယတန်းစား မြို့တစ်မြို့ ဖြစ်သော်လည်း သာလွန်သော ပထဝီဝင် အနေအထား၊ သာယာသော ပတ်ဝန်းကျင်နှင့် ရာသီဥတုတို့ ရှိသည့်အပြင် အားလုံးကို လက်ခံ ကြိုဆိုနိုင်သော မြို့တစ်မြို့လည်း ဖြစ်သည်။

မြို့၏ စီးပွားရေး ပတ်ဝန်းကျင် တိုးတက်လာပြီး အရင်းအမြစ်မျိုးစုံ ပြည့်စုံလာမှသာ အလွှာပေါင်းစုံမှ လူများကို အလုပ်လုပ်ရန် သို့မဟုတ် အခြေချ နေထိုင်ရန် ဆွဲဆောင်နိုင်မည် ဖြစ်ပြီး၊ ထိုအခါမှသာ သူတို့ကုမ္ပဏီများ အနေဖြင့် အမြတ်အစွန်းကို အမြင့်ဆုံး ရရှိနိုင်မည် ဖြစ်သည်။

ယခုအခါ ထိုစိတ်ကူး ရရှိသွားပြီ ဖြစ်သဖြင့် ဒေသန္တရ အစိုးရနှင့် ပူးပေါင်းဆောင်ရွက် ရပေလိမ့်မည်။ မည်သို့ ပူးပေါင်းမည်ကိုမူ အားလုံး ဝိုင်းဝန်းတိုင်ပင်ပြီး အစီအစဉ်တစ်ခု ရေးဆွဲရမည် ဖြစ်သည်။

အဖွဲ့သားများမှာ မြို့အသီးသီးရှိ ထူးခြားသော ဓလေ့ထုံးတမ်းများနှင့် ယဉ်ကျေးမှုများကို ထိတွေ့ ခံစားခဲ့ကြရသဖြင့် ဤနှစ်သစ်ကူးမှာ ထူးခြားပြီး စိတ်ဝင်စားစရာ ကောင်းသော နှစ်တစ်နှစ် ဖြစ်ခဲ့သည်။

သူတို့ ပြန်လည် ရောက်ရှိချိန်တွင်တော့ နှစ်သစ်ကူး၏ ရှစ်ရက်မြောက်နေ့သို့ ရောက်နေပြီ ဖြစ်သည်။ အပြန်ခရီးမှာ အသွားတုန်းကကဲ့သို့ မလွယ်ကူလှဘဲ အားလုံးမှာလည်း ခရီးစဉ်ကို ဆုံးခန်းမတိုင်ချင်ကြသေးပေ။ သို့သော် မည်မျှပင် မခွဲခွာချင်စေကာမူ ပုံမှန်ဘဝသို့ ပြန်လည် ဝင်ရောက်ရမည်ဖြစ်ပြီး နောက်ထပ် ခရီးစဉ်တစ်ခုကိုသာ မျှော်လင့်နေရတော့သည်။

Q မြို့တော် ဆိပ်ကမ်းမှ S မြို့တော်ရှိအိမ်သို့ ပြန်ရောက်သည့်အခါ မြို့ပြ၏ မီးရောင်စုံများမှာ လင်းထိန်နေပြီ ဖြစ်သည်။

မီကိုသည် သူမ၏ ခရီးဆောင်အိတ်ကို ဆွဲကာ အိမ်သို့ တန်းပြန်သွားတော့သည်။ သူမသည် မိဘများနှင့် ဘွားဘွားကို မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် တကယ်ပင် လွမ်းဆွတ်နေမိသည်။

တန်ယန်သည်လည်း အားလုံးကို နှုတ်ဆက်ပြီးနောက် သူမ၏ တိုက်ခန်းလေးသို့ ပြန်လာခဲ့တော့သည်။

【အရှင်... ငါ ဘယ်တော့မှ စနစ်ဟင်းလင်းပြင်ထဲ ပြန်ဝင်စရာ မလိုဘဲ လူကြားထဲမှာ ပုံမှန်အတိုင်း နေခွင့်ရမှာလဲ】

ယိတျန်တျန်၏ အသံမှာ အတော်လေး ဝမ်းနည်းအားငယ်နေပုံ ရသည်။ သူမတွင် ကိုယ်ခန္ဓာ ရှိနေပြီဖြစ်ရာ ဤကဲ့သို့ အေးစက် ခြောက်သွေ့သော ကမ္ဘာထဲ၌ ဘာကြောင့် ဆက်နေနေရ ဦးမည်နည်း။

【ဒီနေ့တော့ အရမ်းနောက်ကျသွားပြီ၊ မနက်ဖြန်ကျမှ လုပ်ကြတာပေါ့။ မနက်စောစော ငါ အပြေးထွက်တဲ့အခါ နင့်ကိုတစ်ခါတည်း ခေါ်လာခဲ့မယ်။】

【ကောင်းပြီ၊ ကျေးဇူးတင်ပါတယ် အရှင်၊ အရှင်က အကောင်းဆုံးပဲ】

နောက်တစ်နေ့ နံနက်တွင် တန်ယန်သည် အားကစားဝတ်စုံလဲကာ မနက်ခင်း အပြေးလေ့ကျင့်ခန်း ထွက်ခဲ့သည်။ တစ်နာရီခန့် အကြာတွင် သူမသည် ဆီးနှင်းကဲ့သို့ ဖြူဖွေးနေသော ဘီချွန်ဖရိစ် ခွေးကလေးကို ချီလျက် ပြန်လာခဲ့သည်။

ခြံထဲတွင် အကြောဆန့် လေ့ကျင့်ခန်း လုပ်နေသော တန်ယန့်မိခင်မှာ တန်ယန်က တစ်ကောင်ကောင် ချီလာသည်ကို မြင်တော့ - "ယန်ယန်... ဒါလေးက ဘယ်ကရလာတာလဲ" ဟု မေးလိုက်သည်။

တန်ယန့်မိခင် အနားသို့ တိုးကြည့်လိုက်သောအခါ စပ်စုလိုစိတ် အပြည့်နှင့် ဝိုင်းစက်စိုစွတ်သော မျက်ဝန်းကြီးများဖြင့် စိုက်ကြည့်နေသည့် ချစ်စရာကောင်းသော ဘီချွန်ဖရိစ်လေးကို တွေ့လိုက်ရသည်။

"အရမ်းချစ်ဖို့ကောင်းတာပဲ၊ အမေ့ကို ပေးချီပါအုံး။"

တန်ယန်က ယိတျန်တျန်ကို ကမ်းပေးလိုက်သည်။ သူမ၏မိခင်က ယိတျန်တျန်ကို ကလေးငယ် တစ်ဦးကဲ့သို့ ပွေ့ချီထားသည်ကို ကြည့်ပြီး တန်ယန် မရယ်ဘဲ မနေနိုင်တော့ပေ။

"မေမေ... သမီး အပြေးထွက်ရင်းနဲ့ ဒီခွေးလေးက သမီးနောက်ကို တကောက်ကောက် လိုက်လာတာ။ ပျောက်လာတာလား၊ အစွန့်ပစ် ခံရတာလားတော့ မသိဘူး။ ကြည့်ရတာ ခွေးလည်ပတ်လည်း မပါဘူး၊ ကြိုးလည်းမပါဘူး။ ပတ်ဝန်းကျင်မှာလည်း ပိုင်ရှင်လိုက်ရှာနေတဲ့သူ မတွေ့တာနဲ့ အိမ်ပဲ ခေါ်လာလိုက်ရတာ။"

တန်ယန်သည် ယိတျန်တျန်အား တရားဝင် အိမ်ထဲသွင်းနိုင်ရန် ကြိုတင် ပြင်ဆင်ထားသော ဆင်ခြေကို ရွတ်ပြလိုက်သည်။

"အလိုလေး၊ ဒီလောက် ချစ်စရာကောင်းတဲ့ ခွေးလေးကို ဘယ်သူက စွန့်ပစ်ရတာလဲ၊ တစ်ခုခုများ နေမကောင်း ဖြစ်နေလို့လား မသိဘူး။ ဆရာဝန်ဆီ ခေါ်သွားပြီး စစ်ဆေးကြည့်ရအောင်၊ တကယ်လို့ ဖျားနေရင်လည်း စောစောစီးစီး ကုရတာပေါ့။" တန်ယန့်မိခင်က ပြောပြောဆိုဆိုနှင့် ယိတျန်တျန်ကို ချီကာ အိမ်ထဲ ဝင်သွားတော့သည်။ သူမသည် အဝတ်အစားလဲပြီး ခွေးကလေးကို ဆရာဝန်ဆီပြရန် ပြင်ဆင်တော့သည်။

နာရီဝက်ခန့် အကြာတွင် တန်ယန်သည် သူမ၏ မိခင်နှင့်အတူ ယိတျန်တျန်ကို တိရစ္ဆာန် ဆေးကုခန်းသို့ ခေါ်လာခဲ့သည်။ စစ်ဆေးမှု ရလဒ်မှာတော့ ခွေးကလေးသည် အလွန်ကျန်းမာ သန်စွမ်းပြီး ဘာရောဂါမှ မရှိကြောင်း ထွက်လာသည်။

တန်ယန့်မိခင်မှာ ယိတျန်တျန်ကို ချီထားရင်း "ရတနာလေး" ဟုပင် တဖွဖွ ခေါ်နေတော့သည်။ တိရစ္ဆာန် ဆရာဝန်၏ အကြံပြုချက်အရ သူမသည် ခွေးအစာ၊ အသားဘူးများ၊ မုန့်များ၊ အဝတ်အစားများ၊ ကစားစရာများနှင့် ခွေးအိပ်ရာ အစရှိသည့် ခွေးသုံးပစ္စည်း အစုံအလင်ကို ဝယ်ယူခဲ့သည်။

တန်ယန်လည်း သူမ၏မိခင်ကို မတားနိုင်တော့သဖြင့် စိတ်ကြိုက်သာ လွှတ်ထားလိုက်ရသည်။ အိမ်ပြန်ရောက်မှ ယိတျန်တျန်သည် ခွေးအစာနှင့် ခွေးအသားဘူးများကို လုံးဝစားမည် မဟုတ်ကြောင်း သူမ၏မိခင် သိသွားပေလိမ့်မည်။

အိမ်ပြန်ရောက်သောအခါ တန်ယန့်မိခင်သည် ပထမဆုံးအနေဖြင့် ယိတျန်တျန် နေထိုင်ရန် နေရာကို အရင်ဆုံး စီစဉ်ပေးလိုက်သည်။ သူ၏နေရာမှာ ပထမထပ်ရှိ ဧည့်ခန်းလေး၏ ကြမ်းပြင်မှ မျက်နှာကြက်အထိ မှန်ပြတင်းပေါက်ကြီးရှေ့တွင် ဖြစ်သည်။ အကြောင်းမှာ ထိုနေရာသည် ခွေးကလေး နေပူစာလှုံရန် အကောင်းဆုံးနေရာ ဖြစ်သောကြောင့်ပင်။

ထိုအခါ တန်ယန်က "နွေရာသီကျရင် ဘယ်လိုလုပ်မလဲ" ဟု မိခင်ဖြစ်သူကို မေးလိုက်သည်။

တန်ယန့်မိခင်က သူမကို လူအတစ်ယောက်လို ကြည့်လိုက်ပြီး "ခွေးက အသလားအေ၊ သူပူလာရင် ပိုအေးတဲ့ နေရာကို သူ့ဘာသာ သွားရှာမှာပေါ့"

တန်ယန်မှာတော့ တကယ့်ကို... သူမမိခင်သည် သူမအပေါ် တစ်ခါမှ ဤကဲ့သို့ မဆက်ဆံခဲ့ဖူးပေ။ ဤသို့သော ဆက်ဆံရေးမျိုးမှာ တန်ယွီ (သူမမောင်လေး) သာ ခံရစမြဲဖြစ်သည်။ အခုတော့ ခွေးတစ်ကောင်ကြောင့် သူမ၏ မိသားစုအတွင်း အဆင့်အတန်းမှာ နိမ့်ကျသွားရပြီ ဆိုသည်ကို ယုံနိုင်စရာပင် မရှိတော့ပါ။

All Chapters