သူမက ညီအစ်မယန် ဖြစ်လာတာလား…
Vol. 9 Ch. 86
ကြည်ညိုမှုရမှတ် ၂,၅၂၀,၀၀၀ (နှစ်သန်းငါးသိန်းနှစ်သောင်း) ပိုင်ဆိုင်ထားသည့် တန်ယန်အတွက်တော့ ရမှတ် ၁၀,၀၀၀ တန် ပစ္စည်းများမှာ ဘာမှမဟုတ်သလိုပင်။ သို့သော် စနစ်ထဲမှ ပစ္စည်းမှန်သမျှမှာ အရည်အသွေး မြင့်မားလှသဖြင့် သူမအတော်လေး ကျေနပ်မိသည်။
တန်ယန်သည် "ဘယ်လောက်စားစား ဝမလာစေသော ဆေးရည်" လေးဘူးကို လဲလှယ်လိုက်သည်။ ထိုဆေးရည်များမှာ ပန်းရောင်ဖျော့ဖျော့ရှိပြီး အရည်အသွေးမြင့် ဖန်သားပုလင်းငယ်လေး များထဲတွင် ထည့်ထားသည်။ တံဆိပ်ကပ်မထားသော်လည်း ကြည့်ရသည်မှာ အလွန်ပင် ဇိမ်ကျလှသည်။
မီကို့မျက်စိရှေ့တွင် ဝေဝါးသွားပြီးနောက် တန်ယန့်လက်ထဲတွင် ရေမွှေးပုလင်းနှင့် တူသော ပုလင်းငယ်နှစ်လုံး ရောက်ရှိနေကာ တစ်လုံးကို သူမထံ ကမ်းပေးလိုက်သည်။ မီကိုသည်လည်း တန်ယန် ဘယ်တုန်းက ပုလင်းကို နှိုက်လိုက်သည်ကို သတိမထားမိဘဲ သာမန်အတိုင်းပင် ထင်မှတ်ကာ ယူလိုက်တော့သည်။
"ဒါကဘာလဲ" မီကိုက သူမလက်ထဲက ပုလင်းလေးကို လက်နှစ်ချောင်းဖြင့်ကိုင်ကာ လှုပ်ခါကြည့်ရင်း မေးလိုက်သည်။
"ဒါက ပစ္စည်းကောင်းလေ။ ငါဘယ်လောက်စားစား ဝမလာတာ ဒီအားဖြည့်ဆေးကြောင့်ပဲ" တန်ယန်က ပုလင်းကိုဖွင့်ကာ တစ်ကျိုက်တည်း မော့ချလိုက်ပြီး နှုတ်ခမ်းပေါ်တွင် ကျန်နေသည့် ချိုမြိန်မြိန် အရသာလေးကို လျှာဖြင့် သိမ်းလိုက်သည်။
မီကိုကလည်း သူမလုပ်သလိုပင် လိုက်လုပ်ကာ တစ်ကျိုက်တည်း သောက်ချလိုက်သည် - "ချိုလိုက်တာ၊ မွှေးလည်းမွှေးတယ်။ နင်သာမပြောရင် ဒါကို ရေမွှေးလို့ပဲ ထင်မိမှာ။" သူမက နှုတ်ခမ်းကိုသပ်ရင်း - "ပြောရဦးမယ်၊ တကယ်ပဲ အရသာရှိတယ်နော်၊ နောက်ထပ် ရှိသေးလား"
"တစ်ပုလင်းဆိုရင်ပဲ နင့်ကို နဂိုကတည်းက ပိန်တဲ့သူ တစ်ယောက်လို ဖြစ်သွားစေဖို့ လုံလောက်ပါပြီ" ဘယ်လောက်စားစား ဝမလာခြင်းကို မည်သို့ရှင်းပြရမှန်း မသိသဖြင့် တန်ယန်က 'နဂိုပိန်သော ခန္ဓာကိုယ်' ဟူသော အယူအဆဖြင့် လွှဲပြောင်း ရှင်းပြလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် ဤသို့ ဇွတ်ရှင်းပြခြင်းမှာလည်း မမှားလှပေ။
အကြောင်းမှာ ဘယ်လောက်စားစား ဝမလာခြင်းသည် ကယ်လိုရီ လောင်ကျွမ်းမှု မြန်ဆန်ခြင်းကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် နဂိုကတည်းက ပိန်သော ခန္ဓာကိုယ် အမျိုးအစားဟု ပြောလျှင်လည်း မှန်ကန်နေသည် မဟုတ်ပါလား။
"တကယ်ပဲ အဲ့လောက် အစွမ်းထက်တာလား" မီကိုက သံသယဖြင့် မေးသည်။
"ဒါပေါ့၊ ငါနင့်ကို ဘယ်တုန်းက ညာဖူးလို့လဲ"
"အဲ့ဒါလည်း ဟုတ်သားပဲ၊ ဟီးဟီး ယန်ယန်... နင်က ငါ့အပေါ်မှာ အကောင်းဆုံးပဲ။ အခုတော့ ငါစိတ်ကြိုက် စားနိုင်သောက်နိုင်ပြီ၊ တစ်နပ်စားပြီးတိုင်း ဝိတ်တက်မှာကို မကြောက်ရတော့ဘူး"
တန်ယန်က အပြစ်ကင်းစင်သော မီကို့ကိုကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ၎င်းမှာ သူမအပေါ် ယုံကြည်မှုရှိခြင်း၏ လက္ခဏာ ဖြစ်သော်လည်း မီကိုသည် ဤပစ္စည်းများက ဘယ်ကလာသလဲ၊ ဘေးကင်းရဲ့လား ဆိုသည်ကို တစ်ခွန်းမှပင် မမေးမြန်းပေ။ နောင်တစ်ချိန်တွင် မသမာသူများ၏ လှည့်ဖျားခြင်း ခံရမည်ကို တန်ယန် စိုးရိမ်မိသည်။
အကယ်၍ မီကိုသာ တန်ယန့်အတွေးကို သိပါက သူမ အလွန်အမင်း တွေးပူနေသည်ဟု ပြောပေလိမ့်မည်။ သူမသည် မအပါ၊ တန်ယန့်အပေါ်ထားသော သူမ၏ ယုံကြည်မှုမှာ အရင်းနှီးဆုံး မိသားစုဝင်များကဲ့သို့ ယုံကြည်ခြင်းမျိုး ဖြစ်သည်။ တခြားမည်သူ့ကိုမှ ဤကဲ့သို့ ဆက်ဆံမည် မဟုတ်ပေ။
နေ့လယ်စာ စားပြီးနောက် ရှုရှင်းယန်သည် Q မြို့တော်သို့ ရောက်ရှိလာသည်။ တန်ယန်သည် 'ရှင်းယန်' ရွက်လှေကြီး၏ ပိုင်ရှင်ဖြစ်ကြောင်း သိလိုက်ရသောအခါ သူသည် ဝမ်းကွဲအစ်ကို ဖြစ်သူကို ဆွဲခေါ်ကာ ဆိပ်ကမ်းသို့ အပြေးအလွှား ရောက်လာခဲ့သည်။ ထိုသူဌေးမလေးကို အမြန်ဆုံး ဂါရဝပြုရန် သူအလွန် စိတ်အားထက်သန် နေတော့သည်။
'ရှင်းယန်' ရွက်လှေကြီးရှေ့တွင် ရပ်နေသော ရှုရှင်းယန်၏ ပါးစပ်မှာ ကြက်ဥတစ်လုံး ငုံထားနိုင်လောက်အောင်ပင် အံ့သြတကြီး ဟစိစိ ဖြစ်နေရသည်။
"ဒါမျိုး ဖြစ်လာလိမ့်မယ်လို့ ငါလုံးဝ မထင်ထားခဲ့ဘူး... တကယ် မထင်ထားခဲ့ဘူး။ တန်ယန်... နင်က တကယ့်ကို ဒီလိုလူမျိုးပါလား" သူသည် ခေါင်းကို အရင်ခါယမ်းလိုက်၊ နောက်မှ ပြန်ငြိမ့်လိုက်ဖြင့် တတွတ်တွတ် ရေရွတ်နေမိသည်။
"ရှောင်ရှင်းကျီ... အဲ့ဒီလိုလူမျိုးက မင်းရဲ့အတန်းဖော် ဖြစ်နေလိမ့်မယ်လို့ ငါလည်း မထင်ထားဘူးကွာ၊ တကယ့်ကို လူငယ်တွေ ကြားထဲက သူရဲကောင်း ထွက်ပေါ်လာတာပဲ" ရှုရှင်းယန်၏ ဝမ်းကွဲအစ်ကို လျန်ရှန့်ရွှီကလည်း အတော်လေး အားကျနေသော လေသံဖြင့်ဆိုသည်။
"ကျောက်ကပ် အားနည်းတဲ့ အစ်ကို... ကျွန်တော့်ကို ရှုရှင်းယန်၊ ရှင်းယန် ဒါမှမဟုတ် အာယန်လို့ပဲ ခေါ်ပါ။ 'ရှောင်ရှင်းကျီ' လို့ ခေါ်တာကိုတော့ မေ့လိုက်ပါတော့ ကျေးဇူးပြုပြီး" လာစမ်းပါ... အပြန်အလှန် နှိပ်စက်ကြတာပေါ့၊ မင်းကငါ့ကို 'ရှောင်ရှင်းကျီ' လို့ခေါ်ရင် ငါကလည်း မင်းရဲ့ အရှက်ရစရာ နာမည်ပြောင် 'ကျောက်ကပ် အားနည်းသူ' လို့ ခေါ်မှာပဲ၊ ဘယ်သူ့ကို ကြောက်ရမှာလဲ။
လျန်ရှန့်ရွှီ၏မျက်နှာ ပျက်သွားသည်။ သူအကြီးအကျယ် အရှက်ရသွားရပြီ ဖြစ်သည်။ လှပသော မိန်းကလေး နှစ်ဦးရှေ့တွင် ဤကဲ့သို့ အရှက်ရဖွယ် နာမည်ပြောင်ဖြင့် ခေါ်ဝေါ်ခံရခြင်းမှာ တကယ့်ကို သည်းခံနိုင်စရာ မရှိပေ။ သူသည် ရှုရှင်းယန်၏ ပုခုံးကိုဆွဲကာ ဘေးသို့ခေါ်သွားပြီး တန်ယန်နှင့် ကျန်တစ်ဦးအား ခဏလောက် ခွင့်ပြုပါဦးဟူသော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ယန်ယန်... ရှုရှင်းယန်တော့ သွားပြီ။ ကြည့်စမ်း... သူက ပိန်ပိန်ပါးပါးလေး၊ သူ့ရဲ့ ထွားကြိုင်းတဲ့ အစ်ကိုကြီးကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ တောက်တောက်တောက်" မီကိုက တန်ယန်၏ နားနားကပ်ကာ သူမ၏ ထင်မြင်ချက်ကို တိုးတိုးလေး ပြောလိုက်သည်။
တန်ယန်ကလည်း ထိုအချက်ကို အပြည့်အဝ သဘောတူသည့် အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ငါးမိနစ်ခန့် အကြာတွင် ထိုနှစ်ဦး ပြန်ရောက်လာသည်။ ရှုရှင်းယန်မှာတော့ ရှုံးနိမ့်သွားသော တိုက်ကြက် တစ်ကောင်လို ခေါင်းငိုက်စိုက် ကျနေပြီး မျက်နှာပေါ်တွင်လည်း စိတ်ပျက် အားငယ်မှုများ အထင်းသား ပေါ်လွင်နေသည်။
"အထဲဝင်ပြီး လှည့်ပတ် ကြည့်ချင်သေးလား" သူတို့က အတန်းဖော်တွေ ဖြစ်သလို အဆင်လည်း ပြေကြသည်၊ သူငယ်ချင်းတွေလို့တောင် ဆိုနိုင်သည်။ သူတို့ မျက်နှာရစေရန် တစ်ခုခု လုပ်ပေးသင့်သည်ဟု တန်ယန်က တွေးကာ ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။
"ကြည့်မှာပေါ့" ရှုရှင်းယန်က တန်ယန်ပေးလိုက်သည့် လမ်းစအတိုင်း ချက်ချင်း လက်ခံလိုက်သည်။ သူ၏ စိတ်ထဲတွင်တော့ ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေသည်။ သူ၏ နတ်ဘုရားမလေးမှာ လှပပြီး စိတ်ကောင်းရှိရုံတင် မကဘဲ အရေးကြီးဆုံးမှာ အလွန်အမင်း ကြွယ်ဝချမ်းသာနေခြင်းပင် ဖြစ်သည်။ သူမသည် တကယ့်ကို အပြစ်ဆိုဖွယ် မရှိသော အိပ်မက်ထဲက မိန်းကလေးပင်။ ကံဆိုးသည်မှာ သူသည် သူမနှင့် မထိုက်တန်ခြင်းပင် ဖြစ်သည်။
ထားလိုက်ပါတော့... သူဌေးမလေးရဲ့ ဇိမ်ခံဘဝကို အရင်သွားကြည့်ရအောင်။ အနည်းဆုံးတော့ ဒီကိစ္စမှာ ငါက လောင်ဝေအန်းထက် အသာရနေတာပဲ၊ ဟီးဟီး၊ နောက်မှ ဗီဒီယိုရိုက်ပြီး သူ့ကို သွားကလိဦးမယ်။
"ဒါဆိုရင်တော့ အနှောင့်အယှက် ပေးရဦးမှာပဲ" ဟု လျန်ရှန့်ရွှီက အခုတင် အရှက်ခွဲခံထားရသူ မဟုတ်သည့်အလား တည်တည်ငြိမ်ငြိမ်ပင် ပြန်လည် ဖြေကြားလိုက်သည်။
သူသည် စိတ်ဓာတ်ကြံ့ခိုင်မှု အလွန်ကောင်းပြီး ကြီးမြတ်သော အမှုကိစ္စများကို လုပ်ဆောင်နိုင်သူ ဖြစ်သည်ဟု တန်ယန်က စိတ်ထဲမှ မှတ်ချက်ပြုလိုက်သည်။
တန်ယန်နှင့် မီကိုတို့က သူတို့နှစ်ဦးအား ရုပ်သံခန်းမသို့ လိုက်လံ ပြသပေးပြီးရုံရှိသေး ချင်ယွီရုံ ရောက်ရှိလာသည်။
"ယန်ယန်... အလှပြင်အဖွဲ့ ရောက်နေပြီ။"
"ဟုတ်ကဲ့၊ ဒါဆို မီကိုနဲ့ငါကတော့ ညနေပိုင်း ပါတီအတွက် အရင်သွားပြီး ဆံပင်နဲ့မိတ်ကပ် ပြင်ထားလိုက်တော့မယ်။ ဦးထျန်း (အိမ်စေ) ကို လွှတ်ပြီး နင်တို့ကို ကျန်တဲ့နေရာတွေ လိုက်ပြပေးဖို့ ပြောထားလိုက်မယ်နော်။"
"တို့ဘာသာ အေးအေးဆေးဆေးပဲ လိုက်ကြည့်လိုက်ပါ့မယ်။ နင်တို့အလုပ် ရှိတာသာ အရင်သွားလုပ်ကြပါ။ ဆံပင်နဲ့မိတ်ကပ် ပြင်ပြီးမှ အတူတူ သွားကြတာပေါ့" ရှုရှင်းယန်က လက်ယမ်းပြရင်း လျန်ရှန့်ရွှီကို အနီးနားရှိ ဂိမ်းစက်ခန်းဘက်သို့ ဆွဲခေါ်သွားတော့သည်။
ထို့နောက် တန်ယန်သည် မီကိုနှင့် ချင်ယွီရုံတို့ကို ခေါ်ကာ အခန်းသို့ ပြန်လာခဲ့သည်။
၎င်းမှာ ရင်းနှီးသည့် မိတ်ဆုံပွဲလေးမျှသာ ဖြစ်သောကြောင့် အလွန်အမင်း တရားဝင်ဆန်သည့် ဝတ်စုံမျိုး ဝတ်ရန်မလိုပေ။ တန်ယန်သည် ရင်စေ့လက်ရှည် ကတ္တီပါဂါဝန် အနက်ရောင်ကို ရွေးချယ်လိုက်ပြီး အပေါ်မှ နို့နှစ်ရောင် သားမွေးအင်္ကျီကို ထပ်ဝတ်လိုက်ရာ နွေးထွေးမှု ရှိသလို စတိုင်လည်း ကျလှသည်။ သူမသည် နီလာကျောက် လက်ဝတ်ရတနာများကို ဆင်မြန်းလိုက်သည်။
မီကိုကတော့ အဖြူရောင် မင်းသမီးဟန် ဒူးဖုံးဂါဝန်လေးကို ရွေးချယ်ထားရာ အေးစိမ့်စိမ့် ဖြစ်နေသည်ကလွဲလျှင် အလွန်လှပနေသည်။ သူမသည် ပန်းရောင်စိန် လက်ဝတ်ရတနာများကို ရွေးချယ် ဆင်မြန်းထားရာ သူမ၏ဝတ်စုံနှင့် အလွန်ပင် လိုက်ဖက်လှသည်။
"သွားကြစို့။" အချိန်နီးကပ်လာပြီ ဖြစ်သဖြင့် တန်ယန်သည် ထကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
ရှုရှင်းယန်နှင့် သူ၏အဖော်မှာလည်း အဝတ်အစားလဲပြီး အပြင်၌ စောင့်နေကြပြီ ဖြစ်သည်။ ရွက်လှေမှ ပါတီကျင်းပမည့် ခန်းမဆောင်သို့ သိပ်မဝေးလှဘဲ ကားဖြင့် ငါးမိနစ်ခန့်သာ မောင်းရသည်။
သူတို့လေးဦး ပါတီခန်းမ အဝင်ဝသို့ ရောက်ရှိလာချိန်တွင် အလင်းတန်း တစ်ခုမှာ သူတို့အပေါ်သို့ ကျရောက်လာရာ ပွဲ၏ အဓိက ဇာတ်ဆောင်များကို ကြိုဆိုနေသည့်အလား ထင်မှတ်ရသည်။
စီးပွားရေး လုပ်ငန်းရှင်ကြီး အချို့နှင့် စကားပြောနေသော ထျန်းဟယ်သည် တန်ယန်ရောက်လာသည်ကို ပထမဆုံး သတိပြုမိသူဖြစ်ပြီး ချက်ချင်းပင် ထရပ်ကာ ကြိုဆိုနှုတ်ဆက်သည်။ သူ၏နောက်ကွယ်မှ စီးပွားရေး ခေါင်းဆောင်ကြီးများမှာမူ တစ်ဦးကိုတစ်ဦး ကြောင်အမ်းအမ်းဖြင့် ကြည့်နေကြတော့သည်။
"မစ္စတန်ကို အခုလို မြင်တွေ့ရတာ ဂုဏ်ယူမိပါတယ်ခင်ဗျာ၊ ဒီဘက်ကိုကြွပါဦး။" ထျန်းဟယ်က တန်ယန်နှင့် သူမ၏အဖွဲ့ကို လုပ်ငန်းရှင်ကြီးများ ရှိရာသို့ ဦးဆောင်ခေါ်သွားသည်။
"ဟေ့ လူကြီးမင်းထျန်း... ဒါကဘယ်သူလဲ" ဟု အသက် ၅၀ နီးပါးခန့်ရှိပြီး ကိုယ်လုံးကိုယ်ထည် အနည်းငယ် ထွားကြိုင်းသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက မေးလိုက်သည်။
"မစ္စတာဝမ်... ဒါကတော့ 'ရှင်းယန်' ရွက်လှေရဲ့ပိုင်ရှင် မစ္စတန်ယန်ပါ" ထျန်းဟယ်က တန်ယန့်ကို ပြုံးရွှင်စွာ မိတ်ဆက်ပေးပြီးနောက် ထိုနေရာတွင် ရှိနေသူများကိုလည်း တန်ယန်အား တစ်ဦးချင်းစီ မိတ်ဆက်ပေးသည်။
"မစ္စတန်... ဒါကတော့ ဒယ်ရွန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရဲ့ပိုင်ရှင် မစ္စတာကျန်းချန်ပါ။ မစ္စတာကျန်းရဲ့ ဘေးမှာ ရှိနေတာကတော့ Qi အုပ်စုရဲ့ အကြီးအကဲ မစ္စတာချီရှုကွမ်းပါ..."
အားလုံးနှင့် မိတ်ဆက်ပြီး နောက်တွင်တော့ တန်ယန်သည် ယဉ်ကျေးစွာဖြင့် ထိုနေရာမှ ထွက်ခွာခဲ့သည်။ သူမသည် ဤကဲ့သို့သော အခမ်းအနားမျိုးကို သိပ်မနှစ်သက်လှပေ။ အထူးသဖြင့် ထိုသြဇာအာဏာ ရှိသူများက သူမအား စိတ်ဝင်တစား စိုက်ကြည့်နေသည့် အကြည့်များကို သူမ မနှစ်မြို့လှပေ။
ဟိုဘက်ခြမ်းမှာတော့ မီကိုဟာ ရှုရှင်းယန်နှင့်အတူ ချမ်းသာတဲ့လူငယ် အတော်များများနဲ့ မိတ်ဖွဲ့ခွင့် ရနေပါသည်။ သူတို့အားလုံးဟာ လျန်ရှန့်ရွှီရဲ့ သူငယ်ချင်းတွေ ဖြစ်ကြပြီး၊ အဲ့ဒီအခါမှပဲ လျန်ရှန့်ရွှီဟာ H မြို့တော်ရဲ့ သြဇာကြီးမားတဲ့ လျန်မိသားစုက သားဖြစ်နေမှန်း သူမ သိလိုက်ရတော့သည်။
'ရှုရှင်းယန်မှာ ဒီလိုမျိုး ဖုံးကွယ်ထားတဲ့ အသိုင်းအဝိုင်း နောက်ခံရှိနေမယ်လို့ ဘယ်သူက သိမှာလဲ။ တောက်၊ တကယ်ကို ကြည့်ရုံနဲ့ မသိနိုင်ဘူးပဲ။ ကြည့်ရတာ လောင်ဝေအန်းလည်း သာမန်လူတော့ မဟုတ်လောက်ဘူး။ ဒီည ပြန်ရောက်ရင်တော့ တန်ယန်နဲ့ အကျအန စကားပြောကြည့်ဦးမှပဲ'
တန်ယန်ဟာ ခန်းမဆောင်ထဲမှာ မီကို့ကို အတော်ကြာ လိုက်ရှာနေခဲ့ပြီး နောက်ဆုံးမှပဲ ဒီထောင့်စွန်းလေးမှာ သူမကို တွေ့ပါတော့သည်။ ရှုရှင်းယန်က မီကို့ကို ကောင်းကောင်း ဂရုစိုက်ပေးနေတာ တွေ့ရတော့မှပဲ သူမ စိတ်အေးသွားရသည်။
"အစ်မယန်... ရောက်လာပြီလား" ရှုရှင်းယန်ရဲ့ အသံက ဘေးနားက လူတွေရဲ့ စကားသံတွေကို အကုန် တိတ်သွားစေပါသည်။
'လေထုထဲမှာ ရုတ်တရက် တိတ်ဆိတ်သွားတာက အကြောက်ရဆုံးပဲ' (မေဒေး ရဲ့ "ရုတ်တရက် မင်းကို လွမ်းဆွတ်ခြင်း" သီချင်းစာသား အတိုင်းပါပဲ) ဆိုသည့် စကားစုဟာ တန်ယန်ရဲ့ အခုလက်ရှိ အခြေအနေကို ဖော်ပြဖို့ အကောင်းဆုံး ဖြစ်နေပါသည်။
"ငါက ဘယ်တုန်းက နင့်ရဲ့အစ်မ ဖြစ်သွားတာလဲ၊ ငါ့မှတ်ဉာဏ်သာ မမှားဘူးဆိုရင် နင်က ငါ့ထက် နှစ်ဝက်လောက်တောင် ပိုကြီးတယ် မဟုတ်ဘူးလား" တန်ယန်က မျက်မှောင်လေး အနည်းငယ်ကြုတ်ရင်း ဝေခွဲမရသည့် မျက်ဝန်းတွေနှင့် မေးလိုက်ပါသည်။