ပြည်ပသို့သွားရောက်ခြင်း
Vol. 9 Ch. 88
ယိတျန်တျန်၏ ရောက်ရှိလာမှုက တန်မိသားစု တစ်ခုလုံးကို ထိုချစ်စရာကောင်းပြီး ထက်မြက်လွန်းသည့် အကောင်ပေါက်လေးအပေါ် အသည်းယားပြီး အလွန်အမင်း ချစ်ခင်စွဲလန်း သွားစေပါသည်။
ယိတျန်တျန်သည် ခွေးအစာနှင့် ခွေးအသားဘူးများကို မကြိုက်ဘဲ လူသားတို့၏ အစားအသောက် များကိုသာ နှစ်သက်နေသည်ကို သိရှိပြီးနောက် တန်ယန့်မိခင်မှာ ထိုအကျင့်ဆိုးကို ပြင်ဆင်ပေးရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပါသေးသည်။ သို့သော် မအောင်မြင်ခဲ့ပေ။ တန်ယန်သာမက တန်ယွဲဂျားနှင့် တန်ယွီတို့ပါ ယိတျန်တျန်အတွက် မုန့်များကို တိတ်တဆိတ် ဝှက်ကျွေးတတ်ကြသောကြောင့် ဖြစ်သည်။
ယိတျန်တျန်မှာ လူစားသမျှ လိုက်စားသော်လည်း နေထိုင်မကောင်းဖြစ်သည့် လက္ခဏာ လုံးဝမပြခြင်းနှင့် တိရစ္ဆာန် ဆရာဝန်၏ စစ်ဆေးချက်များအရ အလွန် ကျန်းမာနေကြောင်း အတည်ပြုပြီး နောက်တွင်တော့ တန်ယန့်မိခင်မှာ အစားအသောက် ကန့်သတ်ခြင်းကို လျှော့ချလိုက်ပါသည်။ ခန္ဓာကိုယ် ကျန်းမာရေး အမြဲကောင်းမွန်စေရန် ခြောက်လတစ်ကြိမ် ပုံမှန်စစ်ဆေးမှု ပြုလုပ်ပေးရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ဆောင်းရာသီ ကျောင်းပိတ်ရက် မကုန်ဆုံးမီ တစ်ရက်အလိုတွင် လောင်ဝေအန်းသည် S မြို့တော်သို့ နောက်ဆုံးတွင် ပြန်လည် ရောက်ရှိလာခဲ့သည်။ သူပြန်ရောက်ရောက်ချင်း ပထမဆုံး လုပ်သည့်အရာမှာ ရှုရှင်းယန်ကို အတင်းဆွဲခေါ်ပြီး တန်ယန်နှင့် မီကိုတို့ဆီ သွားရောက် တွေ့ဆုံခြင်းပင် ဖြစ်သည်။
ကံမကောင်းသည်မှာ မီကိုသည် ပြန်ရောက်ကတည်းက နေ့တိုင်း သင်တန်းများ တက်နေရခြင်း ဖြစ်သည်။ ကိုယ်ဟန်အမူအရာ သင်ကြားပေးသည့် ဆရာမ၏ တင်းကြပ်သော စောင့်ကြည့်မှုအောက်တွင် ကျောင်းပိတ်ရက်အပြီး ပထမဆုံးအကြိမ် ကိုယ်အလေးချိန် ချိန်ရာတွင် သူမ အောင်မြင်ခဲ့ပါသည်။
ထို 'မိစ္ဆာဆရာမကြီး' ကပင် မီကို့ကို ပထမဆုံးအကြိမ် ချီးကျူးစကား ဆိုခဲ့ပါသေးသည်။ အားလပ်ရက်အတွင်း အစားအသောက်ကို စည်းကမ်းရှိရှိ ထိန်းချုပ်နိုင်သည်မှာ အလွန်ကောင်းကြောင်းနှင့် ဆက်လက် ထိန်းသိမ်းသွားရန် ပြောကြားခဲ့သည်။
မီကိုသည် စိတ်လှုပ်ရှားစွာဖြင့်ပင် ပင်ပန်းခက်ခဲလှသော လေ့ကျင့်မှုများကို စတင်ခဲ့သည်။ လေ့ကျင့်ခန်း အရှိန်အဟုန်မှာ အဆမတန် မြင့်တက်လာသော်လည်း သူမသည် တစ်ခါမျှ ငြီးငြူခြင်း သို့မဟုတ် ပင်ပန်းသည်ဟု မပြောခဲ့ပေ။ ဤအချက်ကပင် ဆရာမဖြစ်သူအား မီကို့အပေါ် အမြင်သစ်ဖြင့် လေးစားသွားစေပါသည်။
တန်ယန့်အိမ်တွင် နေ့လယ်စာ အတူစားပြီးနောက် လောင်ဝေအန်းနှင့် ရှုရှင်းယန်တို့မှာ တန်ယန့်၏ ပီယာနို လေ့ကျင့်မှုကို အနှောင့်အယှက် မပေးတော့ဘဲ သူတို့ဘာသာ အပြင်ထွက်ကာ ပျော်ပါးရန် ထွက်ခွာခဲ့ကြသည်။
လောင်ဝေအန်း၏ အဆိုအရ သူသည် နှစ်သစ်ကူး ကာလတွင် အလွန် စိတ်ပျက်စရာ ကောင်းသော ကိစ္စများနှင့် ကြုံခဲ့ရသဖြင့် ဒေါသဖြေဖျောက်ရန် တစ်ခုခု အပြင်းအထန် လိုအပ်နေသည်ဟု ဆိုသည်။ တန်ယန့်၏ ဘီချွန်ဖရိစ်လေးကို မြင်ပြီးနောက် သူသည် ထူးကဲသော စိတ်ကူးတစ်ခု ရသွားခဲ့သည် -ထိုအရာမှာ ခွေးတစ်ကောင် မွေးရန်ပင် ဖြစ်သည်။
ထို့ကြောင့် တန်ယန့်အိမ်မှ ထွက်လာပြီးနောက် သူသည် ရှုရှင်းယန်ကိုခေါ်ကာ အိမ်မွေးတိရစ္ဆာန်ဆိုင်သို့ သွားပြီး ခန့်ညားထည်ဝါသော ပုံစံရှိသည့် ဆိုက်ဘေးရီးယန်း ဟတ်စကီး တစ်ကောင်ကို ရွေးချယ်လိုက်သည်။ သူက ထိုခွေးကို 'ဂျင်နရယ်' (ဗိုလ်ချုပ်) ဟု အမည်ပေးလိုက်သည်။
လောင်ဝေအန်းက ဂျင်နရယ်ကိုကြည့်ကာ ကျေနပ်အားရစွာ ပြောလိုက်သည် - "ဂျင်နရယ်... ဂျင်နရယ်... မင်းက လိမ္မာရမယ်နော်။ မင်းကြီးလာရင် ငါမင်းကို အမလေးတွေနဲ့ မိတ်ဆက်ပေးမယ်၊ ချောမောတဲ့ ဇနီးသည်တစ်ကောင် ရှာပေးပြီး ဗိုလ်ချုပ်လေးတွေ တစ်အုပ်ကြီး မွေးခိုင်းမယ်"
သို့သော် သူသည် ကတိဖျက်ရမည့် ကိန်းဆိုက်နေပြီ ဖြစ်သည်။ အကြောင်းမှာ အနာဂတ်တွင် ထိုဂျင်နရယ်က သူ့အိမ် တစ်အိမ်လုံးကို ဖျက်ဆီးပစ်မည့်အခါ သူမည်မျှအထိ စိတ်ပျက် အားငယ်ရမည်ကို အခုချိန်တွင် သူမသိသေးသောကြောင့် ဖြစ်သည်။
ကျောင်းဖွင့်သည့် ပထမဆုံးနေ့တွင် တစ်လခန့် တိတ်ဆိတ်နေသော ကျောင်းဝင်းကြီးမှာ ပြန်လည်သက်ဝင် လှုပ်ရှားလာပါတော့သည်။
ကျောင်းသို့ ရောက်ရောက်ချင်းမှာပင် တန်ယန်သည် ခွင့်တိုင်စာကို ကိုင်ဆောင်ကာ အတန်းပိုင် ဆရာမထံသို့ သွားရောက်ခဲ့သည်။
"ကျောင်းဖွင့်တာနဲ့ တစ်လတိတိ ခွင့်ယူမယ် ဟုတ်လား" အိုချန်သည် သူမရှေ့ရှိ ခွင့်တိုင်စာကို ကြည့်ရင်း အံ့အားသင့်စွာ မေးလိုက်သည်။
"ဟုတ်ကဲ့ပါဆရာမ... အားနာပေမဲ့ သမီး YL နိုင်ငံမှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ ရှိုပင် ပီယာနိုပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ လိုအပ်လို့ပါ။ ခရီးသွားလာချိန်၊ ပြိုင်ပွဲ လုပ်ထုံးလုပ်နည်းတွေအပြင် သမီးရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စအချို့ကိုပါ ဖြေရှင်းဖို့အတွက် တစ်လခန့် အချိန်ယူရမှာမလို့ပါ" ဟု တန်ယန်က သူမ၏ အခြေအနေကို အတန်းပိုင် ဆရာမအား တည်ငြိမ်သော လေသံဖြင့် ရှင်းပြလိုက်သည်။
"အင်း... တန်ယန်၊ ဆရာမက မင်းကို မယုံကြည်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းရဲ့ ဘေးကင်း လုံခြုံမှုအတွက် မင်းရဲ့မိဘတွေနဲ့ အရင်ဆုံး ဆက်သွယ်စကားပြောဖို့ လိုအပ်တယ်။ ဒါကိုတော့ နားလည် ပေးနိုင်တယ်မလား"
တန်ယန်က ခေါင်းညိတ်ပြလိုက်သည် - "ဟုတ်ကဲ့ပါ ဆရာမ။"
အိုချန်သည် တန်ယန့်ဖခင်၏ ဖုန်းနံပါတ်ကို ခေါ်ဆိုခဲ့သော်လည်း အကြာကြီး စောင့်သည့်တိုင် မည်သူမျှ မထူးခဲ့ပေ။ ထို့ကြောင့် သူမသည် တန်ယန့်မိခင်၏ ဖုန်းနံပါတ်ကို ပြောင်းလဲခေါ်ဆိုခဲ့ရာ ဆယ်စက္ကန့်ခန့် အကြာတွင် ဖုန်းကိုင်လိုက်သဖြင့် သူမ သက်ပြင်းအသာ ချနိုင်တော့သည်။
"ဟယ်လို... တန်ယန်ရဲ့ မိခင်လားရှင့်၊ ကျွန်မက သူ့ရဲ့ အတန်းပိုင် ဆရာမပါ..."
ဆယ်မိနစ်ခန့် အကြာတွင် အိုချန်သည် ဖုန်းချလိုက်ပြီး တန်ယန့်ကို နူးညံ့စွာ ပြုံးပြလိုက်သည် - "တန်ယန်... ဆရာမ သမီးရဲ့အမေနဲ့ စကားပြောပြီးပါပြီ။ ခွင့်ကိုလည်း အတည်ပြုပေးလိုက်ပြီနော်။ အောင်ပွဲနဲ့အတူ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
"ကျေးဇူးတင်ပါတယ် ဆရာမ။ သမီး အကောင်းဆုံး ကြိုးစားခဲ့ပါ့မယ်။"
*
ဖေဖော်ဝါရီလ အစောပိုင်းတွင် တန်ယန်သည် YL နိုင်ငံသို့ ပျံသန်းမည့် လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့သည်။ သူမ၏နောက်တွင် ချင်ယွီရုံ ထိုင်နေပြီး လမ်းတစ်ဖက် တစ်ချက်ရှိ ခုံတွင်တော့ ယွီချန်းနျန် ရှိနေသည်။
ဤခရီးစဉ်အတွက် သူတို့သည် ပထမတန်းစား ခုံများကို ရွေးချယ်ခဲ့ကြသည်။ H မြို့တော်မှ YL နိုင်ငံ၊ M မြို့တော်သို့ ပျံသန်းချိန်မှာ ရှစ်နာရီကြာမြင့်မည် ဖြစ်သောကြောင့် တန်ယန်အနေဖြင့် တတ်နိုင်သမျှ သက်သောင့်သက်သာရှိရန် လိုအပ်သောကြောင့် ဖြစ်သည်။
ယွီချန်းနျန်သည် မူလက စီးပွားရေးတန်းစားခုံကိုသာ ဘိုကင်တင်ထားခြင်း ဖြစ်သည်။ ဤခရီးစဉ်မှာ အလုပ်ကိစ္စ ဖြစ်သဖြင့် ကုန်ကျစရိတ် ပြန်ထုတ်၍ ရသောကြောင့် ဖြစ်သည်။ သို့သော် တန်ယန်က သူ့ကိုပါ ပထမတန်းစားသို့ အဆင့်မြှင့်တင် ပေးခဲ့သည်။ ၎င်းမှာ သူ၏ ပထမဆုံးသော ပထမတန်းစား စီးရသည့် အတွေ့အကြုံလည်း ဖြစ်သည်၊ အကြောင်းမှာ လူကြီးပိုင်းများမှာ ဤကဲ့သို့သော ဇိမ်ခံပစ္စည်းများအတွက် ငွေအမြောက်အမြား သုံးစွဲရန် ဝန်လေးတတ်ကြသောကြောင့်ပင် ဖြစ်သည်။
"ဆရာ... အားနာမနေပါနဲ့။ သမီးမှာ ငွေမရှားပါဘူး။ ဒါက သမီးရဲ့ ပထမဆုံးသော နိုင်ငံတကာ ပြိုင်ပွဲဖြစ်လို့ အမှတ်တရ ကောင်းတွေပဲ ကျန်ရစ်စေချင်တာပါ" တန်ယန်သည် ယွီချန်းနျန် အနည်းငယ် စိတ်လှုပ်ရှားနေသည်ကို မြင်သောကြောင့် စိတ်ပြေလျော့သွားအောင် ကူညီပေးလိုက်သည်။
"ငါက ကျေးဇူးမသိတဲ့လူ မဟုတ်ပါဘူး။ ငါ့တပည့်လေးနဲ့အတူ အခုလို ပထမတန်းစားမှာ အတူစီးခွင့် ရတာနဲ့တင် ငါ့ဘဝမှာ ကျေနပ်ပါပြီ" ယွီချန်းနျန်က ပြုံးလျက် ပြောလိုက်ပြီး တန်ယန့်ကို ကြည့်နေသော သူ၏ မျက်ဝန်းများမှာလည်း ကြင်နာမှုများဖြင့် ပြည့်နှက်နေသည်။
"ဆရာကလည်း ဘာတွေပြောနေတာလဲ၊ ဒါက ဘာမှမဟုတ်သေးပါဘူး၊ နောက်ဆို သမီး ကိုယ်ပိုင်ဂျက်လေယာဉ် ဝယ်ပြီးရင် ဆရာ့ကို နေရာအနှံ့ လိုက်ပို့ပေးဦးမှာ"
"ကောင်းပါပြီ... ဆရာကတော့ မင်းနဲ့အတူ နေရာအနှံ့ ပျံသန်းရမယ့်ရက်ကို မျှော်လင့်နေပါ့မယ်။"
သူတို့သည် မွန်းလွဲပိုင်းတွင် ထွက်ခွာခဲ့ကြပြီး ဒေသစံတော်ချိန် နောက်တစ်နေ့ နံနက်တွင် YL နိုင်ငံ၊ M မြို့တော်သို့ ရောက်ရှိခဲ့သည်။ ကံကောင်းသည်မှာ ချင်ယွီရုံက ဟိုတယ်၏ လေဆိပ်ကြိုဆိုရေး ဝန်ဆောင်မှုကို ကြိုတင်မှာယူ ထားခဲ့သဖြင့် ခရီးဆောင်အိတ်များ သိမ်းဆည်းပြီးနောက် အီတန်ရွိုင်ရယ်ဟိုတယ်သို့ တိုက်ရိုက် သွားရောက်ခဲ့ကြသည်။
အီတန်ရွိုင်ရယ် ဟိုတယ်သည် YL နိုင်ငံ၏ တော်ဝင်မိသားစုက ဦးစီး ဖွင့်လှစ်ထားသည့် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ဖြစ်ပြီး YL နိုင်ငံ၏ အကောင်းဆုံးနှင့် အခမ်းနားဆုံး ဟိုတယ်များထဲမှ တစ်ခုဖြစ်သည်။
သူတို့ ဘိုကင်တင်တာ နောက်ကျသွားသဖြင့် ရေကူးကန်ပါသည့် ကိုယ်ပိုင်ဗီလာများမှာ အားလုံးပြည့်နေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် မြို့ပြပုံစံ အိမ်တန်းရှည်ကိုသာ ရွေးချယ်လိုက်ရသည်။ ကံကောင်းသည်မှာ ထိုအိမ်တန်းရှည်တွင် နှစ်ထပ်ရှိပြီး အထပ်တိုင်း၌ အခန်းနှစ်ခန်းစီ ပါဝင်သောကြောင့် သူတို့သုံးဦးအတွက် လုံလောက်မှု ရှိလှသည်။
ရောက်ရှိကြောင်း စာရင်းသွင်းပြီးနောက် သူတို့သုံးဦးသည် ဟိုတယ်၏ ကြိုပို့ယာဉ်ငယ်ဖြင့် နံပါတ် ၂၁ ဝန်းထဲသို့ သွားရောက်ခဲ့ကြသည်။
ဟိုတယ်တစ်ခုလုံးသည် ပန်းခြံကြီး တစ်ခုကဲ့သို့ပင်။ ဗီလာတစ်ခုချင်းစီကို ၂ မီတာမြင့်သော အပင်တန်းများဖြင့် ပိုင်းခြားထားသဖြင့် လှပရုံတင် မကဘဲ ဧည့်သည်များ၏ လွတ်လပ်ခွင့်နှင့် လုံခြုံမှုကိုလည်း ထိရောက်စွာ ကာကွယ်ပေးထားသည်။
ဟိုတယ်တွင် ၂၄ နာရီ ကင်းလှည့်အဖွဲ့ ရှိသဖြင့် အလွန်ဘေးကင်းသည်။
ဗီလာ သို့မဟုတ် အိမ်တိုင်းတွင် ကိုယ်ပိုင်တည်းခို နေထိုင်ရေး မန်နေဂျာ တစ်ဦးစီ ရှိကြပြီး၊ ဒေသန္တရ ဥပဒေများကို မချိုးဖောက်သရွေ့ ဧည့်သည်များ၏ လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးနိုင်ကြသည်။
တန်ယန်နှင့် သူမ၏အဖွဲ့ အခြေချ နေထိုင်ပြီးနောက် ယွီချန်းနျန်သည် သူ၏ မိတ်ဆွေဟောင်း တစ်ဦးထံ သွားရောက်လည်ပတ်ရန် စီစဉ်ခဲ့သည်။
“ဆရာ... ဆရာပြောတဲ့ ဆရာကြီးအကြောင်း သမီးသိပါတယ်။ သူ့ရဲ့ ဖျော်ဖြေပွဲ ဗီဒီယိုတွေကိုလည်း အရင်က ကြည့်ဖူးတယ်။ သူအခု YL နိုင်ငံမှာ ရှိနေမယ်လို့ မထင်ထားဘူး။ အရင်က သူ့ရဲ့ အင်တာဗျူး တစ်ခုမှာ ဖတ်ဖူးတာတော့ သူက အချိန်အများစုကို YD နိုင်ငံက L မြို့တော်မှာပဲ ကုန်ဆုံးလေ့ ရှိတယ်ဆိုတာပဲ။”
ဘီလ်ဟု အမည်ရသော ဤပီယာနိုဆရာကြီး အကြောင်းကို တန်ယန် ကြားဖူးနားဝ ရှိပါသည်။ သူသည် ပြီးခဲ့သည့် ရာစုနှစ်အတွင်း အထူးချွန်ဆုံးသော ပီယာနို ပညာရှင်များထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ သူမ၏ဆရာ ယွီချန်းနျန်နှင့် နှိုင်းယှဉ်လျှင် ဆရာကြီးဘီလ်က ပိုမိုကျော်ကြားသူ ဖြစ်ပေသည်။
အထက်တန်းစား ပီယာနို ပညာရှင်ကြီး တစ်ဦးနှင့် အနီးကပ် တွေ့ဆုံခွင့်ရမည် ဖြစ်သဖြင့် တန်ယန် အလွန် စိတ်လှုပ်ရှားနေမိသည်။ ထို့ကြောင့်ပင် ယနေ့သွားရောက်မည့် ခရီးစဉ်ကို သူမ အလွန် မျှော်လင့်နေတော့သည်။
"ဟုတ်တယ်၊ သူက ဒီတစ်ခေါက် ပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ဖို့ ဖိတ်ကြားခံထားရတာ။"
"ဟင်၊ ဒါဆို သမီးတို့ အခုသွားတွေ့ရင် တစ်ခုခု မသင်္ကာစရာ ရှိတယ်လို့ လူတွေက ပြောကြမှာ မဟုတ်ဘူးလား"
"စိတ်မပူပါနဲ့၊ ငါ့သူငယ်ချင်းက အမြဲတမ်း ဘက်မလိုက်တတ်တဲ့သူပါ။ သူက သူ့သားအရင်းကိုတောင် မျက်နှာသာ မပေးတဲ့သူ၊ သူ့သူငယ်ချင်းရဲ့ တပည့်ကိုဆို ပိုတောင် ဝေးသေးတာပေါ့။"
တစ်ခါက သူငယ်ချင်း တစ်ဦးသည် သူ၏ သမီးဖြစ်သူကို ဆရာကြီးဘီလ်ထံ ခေါ်လာပြီး တပည့်အဖြစ် လက်ခံပေးရန် တောင်းဆိုခဲ့ဖူးသည်။ ဘီလ်က ထိုမိန်းကလေးအား စမ်းသပ်မှုအဖြစ် ပီယာနိုတစ်ပုဒ် တီးခိုင်းခဲ့သည်။ မိန်းကလေးမှာ အနည်းငယ် စိတ်လှုပ်ရှားနေသဖြင့် ကောင်းကောင်း မတီးနိုင်ဘဲ နောက်ထပ် အခွင့်အရေး တစ်ခုပေးရန် ဘီလ်အား တောင်းပန်ခဲ့သော်လည်း ဘီလ်က ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
သူက “စင်မြင့်ထက်က ဖျော်ဖြေမှုတိုင်းမှာ အခွင့်အရေး တစ်ကြိမ်ပဲရှိတယ်။ အမှားတွေကို ပြင်ဆင်ပြီး အသစ်က ပြန်စဖို့ အခွင့်အရေးဆိုတာ မရှိဘူး။ ပြီးတော့ မင်းဟာ ငါ့မျက်လုံးထဲမှာတော့ အရည်အချင်း လုံးဝ မပြည့်မီသေးဘူး” ဟု ပြောခဲ့သည်။
ထိုမိန်းကလေးမှာ အကြီးအကျယ် စိတ်ထိခိုက်သွားပြီး နောက်နောင် ပီယာနိုကို လုံးဝ မထိတော့ပေ။ ထိုကိစ္စကြောင့်ပင် ဘီလ်သည် သူ၏ သူငယ်ချင်းကောင်း တစ်ဦးကို ဆုံးရှုံးခဲ့ရသည်။
ဘီလ်မှားသလား၊ သူက စည်းကမ်းကြီးလွန်းခြင်းသာ ဖြစ်သည်။ သူ၏ နှလုံးသားထဲတွင် ပီယာနိုသည် အမြင့်မြတ်ဆုံး နေရာတွင် ရှိနေသည်ဟုဆိုလျှင် မှန်ပေလိမ့်မည်။ ၎င်းက တန်ယန့်ကို သိုင်းဝတ္ထုများထဲမှ 'ဓားရူး' များကို သတိရစေသည်။ ဆရာကြီးဘီလ်သည်လည်း 'ပီယာနိုရူး' တစ်ဦး ဖြစ်ပေလိမ့်မည်။