ကိုယ်ပိုင်ဂျက်လေယာဉ်
Vol. 9 Ch. 89
ဆရာကြီးဘီလ်၏ နေအိမ်မှာ M မြို့တော်ရှိ "ဂရင်းရို့စ် မာနာ" ဟုခေါ်သော ခြံဝင်းကြီးအတွင်း တည်ရှိပြီး တန်ယန်တို့ တည်းခိုသည့် ဟိုတယ်မှ ကားဖြင့် မိနစ် ၄၀ ခန့် မောင်းနှင်ရသည်။
ဆရာနှင့် တပည့်နှစ်ဦး ရောက်ရှိသွားချိန်တွင် ဆရာကြီးဘီလ်သည် မီးဖိုရှေ့တွင်ထိုင်ကာ မီးလှုံရင်း ကော်ဖီသောက်နေသည်။
“အို... ငါ့သူငယ်ချင်းဟောင်းကြီး၊ နောက်ဆုံးတော့ ရောက်လာပြီပဲ။” ယွီချန်းနျန်ကို မြင်လိုက်ရသဖြင့် ဆရာကြီးဘီလ်မှာ သိသိသာသာ ဝမ်းသာသွားသည်။
“ဟားဟား... မတွေ့ရတာကြာပြီနော် ဘီလ်။ အခုတလော ဘယ်လိုနေသေးလဲ” ယွီချန်းနျန်က ရှေ့သို့တိုးကာ သူ၏ မိတ်ဆွေဟောင်းကြီးကို ဖက်လဲတကင်း နှုတ်ဆက်လိုက်သည်။
“သိပ်မကောင်းဘူးကွာ။ ငါ့ရဲ့ နုံအလှတဲ့ တပည့်တွေက ငါ့ကို စိတ်အနှောင့်အယှက် ပေးဖို့ပဲ သိကြတာ၊ မင်းလည်းသိသားပဲ။” ဘီလ်က ပုခုံးတွန့်ပြရင်း တပည့်များအပေါ် သူ၏ မကျေနပ်ချက်များကို တတွတ်တွတ် ညည်းညူတော့သည်။
“တပည့်တွေအကြောင်း ပြောမယ်ဆိုရင်တော့ ငါ့ရဲ့ တပည့်သစ်လေး တန်ယန်နဲ့ မိတ်ဆက်ပေးရမယ်။ သူမက တကယ့်ကို အံ့အားသင့်စရာကောင်းတဲ့ ကလေးမလေးပဲ။”
ယွီချန်းနျန်က မိတ်ဆက်ပေးလိုက်သောအခါ တန်ယန်က ရှေ့သို့တိုးကာ နှုတ်ဆက်လိုက်သည် - “မင်္ဂလာပါ ဆရာကြီးဘီလ်၊ အခုလို တွေ့ရတာ ဝမ်းသာပါတယ်။ သမီး ဆရာကြီးကို အလွန်လေးစား အားကျရပါတယ်ရှင်။”
“ဘုရားသခင်၊ ဒါက နတ်သမီးလေးလား” တန်ယန်ကို မြင်လိုက်ရသောအခါ ဆရာကြီးဘီလ်မှာ မှင်တက်သွားရသည် - “ယွီ... မင်းရဲ့ တပည့်လေးက ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ နတ်သမီးလေးနဲ့ တူလိုက်တာ”
တန်ယန်သည် သူ၏ မျက်လုံးထဲတွင် မည်မျှ ပြည့်စုံနေကြောင်း သက်သေပြရန်အတွက် ဘီလ်က ထိုစကားကို နှစ်ကြိမ်တိုင်တိုင် အလေးပေး ပြောဆိုခဲ့သည်။
“ဘီလ်... ငါ့တပည့်က ရုပ်ကလေးလှရုံတင် မဟုတ်ဘူးနော်။ သူမက ထူးချွန်လွန်းတဲ့ ပီယာနိုပညာရှင် တစ်ယောက်လည်း ဖြစ်တယ်။”
“တကယ်လား၊ ဒီမိန်းကလေးရဲ့ တီးခတ်မှုကို နားဆင်ခွင့် ရမယ်ဆိုရင် ငါဂုဏ်ယူမိမှာပါ။”
“သမီးကသာ ဂုဏ်ယူရမှာပါရှင်” တန်ယန်က ပြုံးလျက် ပြန်ပြောလိုက်သည်။
ဧည့်ခန်းထဲတွင် ပီယာနိုတစ်လုံးရှိရာ ပိုင်ရှင်ဖြစ်သူက အလွန်ဂရုတစိုက် ထိန်းသိမ်းထားကြောင်း သိသာလှသည်။ ပီယာနိုမှာ အနက်ရောင်ဖြစ်ပြီး ဖုန်တစ်စက်ပင် မရှိအောင် ပြောင်လက်နေသည်။
တန်ယန်သည် သူမ၏ဂါဝန်ကို သပ်ရပ်အောင်ပြင်ကာ ကျော့ရှင်းစွာ ထိုင်လိုက်သည် - “သမီး တီးခတ်တာ သိပ်မကောင်းခဲ့ရင်လည်း ခွင့်လွှတ်ပေးပါနော်။”
“စိတ်မပူပါနဲ့တန်၊ ငါသိပ်ပြီး ညည်းညူဝေဖန်တာမျိုး မလုပ်ပါဘူး” ဘီလ်က ရယ်မောရင်း နောက်ပြောင်သည့် အမူအရာ လုပ်ပြလိုက်သည်။
ထို့နောက် တန်ယန်သည် ဘီလ်၏ အမှတ်အသားဖြစ်သော "ကတိထားရာမြေ" အပုဒ်ကို စတင် တီးခတ်လိုက်သည်။ ထိုအခါ ဘီလ်၏ ပေါ့ပေါ့ပါးပါး အမူအရာမှာ ချက်ချင်းပင် တည်ကြည် လေးနက်မှုသို့ ပြောင်းလဲသွားတော့သည်။
ဤတေးသွားမှာ အတော်အတန် ရှည်လျားသဖြင့် တန်ယန်သည် သူမအကြိုက်ဆုံး အမြင့်ဆုံးအပိုင်းဟု ယူဆသည့် အခန်းကဏ္ဍကိုသာ ရွေးချယ် တီးခတ်ခဲ့သည်။ ဤပုဒ်၏ အမြင့်ဆုံးအပိုင်းနှင့် ပတ်သက်၍ အယူအဆ အမျိုးမျိုးရှိကြပြီး လူအများစုက ပဉ္စမမြောက် အခန်းကဏ္ဍဟု ယုံကြည်ကြသော်လည်း တန်ယန်ကမူ ကိုးခုမြောက် အခန်းကဏ္ဍကို ရွေးချယ်၍ တီးခတ်သွားခဲ့သည်။
တီးခတ်၍ ပြီးဆုံးသွားသောအခါ ဘီလ်သည် အတွေးနက်နေဟန်ဖြင့် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီးနောက် နောက်ဆုံးတွင် မေးမြန်းလိုက်သည် - "မင်းဘာလို့ ဒီအပိုင်းကို တီးခဲ့တာလဲ"
တန်ယန်က ခပ်ဖွဖွလေး ပြုံးလိုက်ပြီး - "ဒါဟာ တစ်ပုဒ်လုံးရဲ့ အမြင့်ဆုံးအပိုင်းလို့ သမီးထင်လို့ပါ။ ဇာတ်လိုက်ရဲ့ ရှုထောင့်ကကြည့်ရင် ဒါဟာ သူ့နှလုံးသားထဲမှာ မရေရာဆုံးနဲ့ အဖိနှိပ်ခံရဆုံး အဆင့်ဖြစ်တယ်။ တေးသွားက ပဉ္စမပိုင်းလောက် စိတ်လှုပ်ရှားစရာ မကောင်းပေမဲ့ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ခရီးစဉ်ရဲ့ ပြောင်းလဲမှုဟာ ဒီတေးပုဒ်က ဖော်ပြချင်တဲ့ အဓိပ္ပာယ် မဟုတ်ဘူးလားဟင်"
ထိုစကားကို ကြားလိုက်ရသောအခါ ဆရာကြီးဘီလ်သည် တန်ယန့်ကို အကြာကြီး စိုက်ကြည့်နေမိသည်။ ထို့နောက် သူက ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီး ယွီချန်းနျန်ကို ပြောလိုက်သည် - "မင်း တကယ့်ကို ကံကောင်းတာပဲ။"
ယွီချန်းနျန်က အားရပါးရ ရယ်မောလိုက်ပြီး - "ဟုတ်တယ်၊ ငါ တကယ့်ကို ကံကောင်းတာ" ဟုဆိုကာ ဆရာကြီးဘီလ်၏ ပုခုံးကိုပုတ်လျက် တောက်လောင်နေသော မီးဖိုရှေ့တွင် ပြန်ထိုင်ရန် ဆွဲခေါ်သွားတော့သည်။
သူမ၏ဆရာက သူငယ်ချင်းဟောင်းနှင့်အတူ အတိတ်က အမှတ်တရကောင်းများကို ပြောဆိုကာ စကားလက်ဆုံ ကျနေစဉ် တန်ယန်ကမူ ဘေးတွင် လိမ္မာပါးနပ်စွာ ထိုင်နေရင်း ကော်ဖီသောက်ကာ အိမ်စေယူလာပေးသော အချိုပွဲများကို မြိန်ရည်ယှက်ရည် စားသုံးနေသည်။
'ပြောရဦးမယ်၊ ဆရာကြီးဘီလ်ရဲ့ အချိုပွဲတွေက တကယ်ကို အရသာရှိတာပဲ၊ အနောက်တိုင်း အချိုပွဲ အစစ်အမှန်ကို စားချင်ရင်တော့ အနောက်နိုင်ငံကိုပဲ လာရမယ်ထင်တယ်'
တန်ယန်က မုန့်များကို တကယ် နှစ်ခြိုက်နေသည်ကို မြင်သောအခါ အိမ်စေက ပါးနပ်စွာဖြင့် မုန့်အသစ်များကို ထပ်မံ ယူဆောင်လာပေးပြီး ပန်းကန်အလွတ်များကို သိမ်းဆည်းသွားသည်။
【အရှင်ကတော့ ဟိုမှာ ပျော်နေတာပဲ၊ ငါကတော့ အိမ်မှာ အရမ်းပျင်းနေပြီ】
ယိတျန်တျန်သည် ဘီချွန်ဖရိစ် ခွေးကလေးအဖြစ် ပြောင်းလဲကာ အပြင်လောကတွင် ကျန်ရစ်ခဲ့သော်လည်း တန်ယန့်စိတ်ထဲမှ တစ်ဆင့် အချိန်မရွေး ဆက်သွယ်နိုင်ဆဲ ဖြစ်သည်။
【ဘာဖြစ်လို့လဲ၊ နင်က ကောင်းကောင်းစား၊ ကောင်းကောင်း နေနေရတာပဲ။ နင့်ကို အလိုလိုက်နေတဲ့ သူတွေလည်း အများကြီးပဲဟာကို၊ အခုထိ မကျေနပ်သေးဘူးလား】
【ကျေနပ်ပါတယ်၊ ဒါပေမဲ့ ဟိုဟိုဒီဒီ ခရီးမထွက်ရတော့ နည်းနည်း ပျင်းစရာကောင်းလို့ပါ။ အရှင်နဲ့အတူ နိုင်ငံခြားကို ခရီးထွက်ရရင် ဘယ်လောက် ကောင်းမလဲ။ ငါက အရှင်နဲ့ မခွဲချင်ဘူးလေ။】
【ဒါပေမဲ့ ခွေးလေးက လေယာဉ်ပေါ် လိုက်စီးလို့ မရဘူးလေ။ နင်က ခရီးဆောင်အိတ်ထဲမှာ အောင်းပြီး လေယာဉ်ပေါ်က အိတ်ထည့်တဲ့ စင်ပေါ်မှာ လိုက်ချင်လို့လား】
【အဲ့ဒါဆိုရင်... ခွေးလေးတွေက ဘယ်တော့မှ လေယာဉ်စီးလို့ မရတော့ဘူးလား၊ ငါက စနစ်မန်နေဂျာ ဘဝတုန်းက ပျံသန်းနိုင်ခဲ့ပေမဲ့ အပြင်လောကမှာတော့ တစ်ခါမှ မပျံသန်းဖူးသေးဘူး။ တကယ်ကို အတွေ့အကြုံ ယူချင်တာပါ】
တန်ယန်သည် သူမ၏ ငွေသုံးရမည့်တာဝန် အောင်မြင်ရန် အဘယ်ကြောင့် ခက်ခဲနေသနည်း ဆိုသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။ အကြောင်းမှာ သူမသည် ငွေကို မည်သို့ အသုံးချရမည်ကို သေချာ မစဉ်းစားခဲ့သောကြောင့် ဖြစ်သည်။ ခွေးကလေးတွေ လေယာဉ်စီးလို့ မရဘူးလို့ ဘယ်သူပြောသလဲ၊ အကယ်၍ သူမ၏ ကိုယ်ပိုင်လေယာဉ်သာ ဖြစ်ခဲ့လျှင်ရော။
ဤသို့ တွေးမိသည်နှင့် တန်ယန် စိတ်လှုပ်ရှားသွားသည်။ ကုဋေ ၅၀၀ (ဘီလီယံ ၅၀) သုံးရမည့် တာဝန်မှာ ချက်ချင်းပင် ပြီးမြောက်နိုင်တော့မည့်အလား။ သူမကိုယ်သူမ အတတ်နိုင်ဆုံး ထိန်းချုပ်ထားသော်လည်း မျက်နှာချင်းဆိုင်ရှိ လူနှစ်ဦး၏ အာရုံစိုက်မှုကို ခံလိုက်ရဆဲပင် ဖြစ်သည်။
“ယွီ... မင်းရဲ့ တပည့်လေးက တော်တော်ပျော်နေပုံပဲ။ ကြည့်ရတာ ငါ့ရဲ့မုန့်တွေကို သူတကယ် ကြိုက်ပုံရတယ်” ဟု ဆရာကြီးဘီလ်က စိတ်ကြည်လင်စွာဖြင့် တန်ယန့်ကို ပြောလိုက်သည် - “တန်... မင်းသာ ဒီမှာနေမယ်ဆိုရင် ဒီလို အရသာရှိတဲ့ မုန့်တွေကို နေ့တိုင်းစားရမှာနော်။ ဘယ်လိုလဲ”
“ဟေ့ လူအိုကြီး၊ မင်းက ငါ့တပည့်ကို ဒီလိုအညံ့စား မုန့်အချို့နဲ့ ဖြားယောင်းပြီး လုယူချင်နေတာလား၊ တို့နိုင်ငံမှာလည်း ဒီလိုပစ္စည်းကောင်းတွေ မရှိလို့လား။ မင်းရဲ့ သကြားတွေ ပုံနေတဲ့ ဒီမုန့်တွေက ဘာများ အဲ့လောက် ထူးခြားနေလို့လဲ” တစ်စုံတစ်ယောက်က သူ၏တပည့်ကို သိမ်းသွင်းရန် ကြိုးစားနေသည်ကို ကြားလိုက်ရသည်နှင့် ယွီချန်းနျန်မှာ ပေါက်ကွဲတော့သည်။ သူသည် "မိတ်ဆွေဟောင်း" ဟု ခေါ်ရာမှ "လူအိုကြီး" ဟုပင် အခေါ်အဝေါ် ပြောင်းလဲသွားသည်။
“အို... ယွီ၊ မင်းကလည်း ဘာဖြစ်လို့ ဒီလောက်တောင် စိတ်ဆိုးနေရတာလဲ။ တန်က အနောက်တိုင်း အချိုပွဲတွေကို တကယ်ကြိုက်ပုံ ရလို့ပါ။ တစ်စုံတစ်ခုကိုကြိုက်လို့ အဲ့ဒီမြို့မှာ အခြေချချင်တာက သဘာဝပဲ မဟုတ်လား”
“ဟူး...မဖြစ်နိုင်တာ၊ အဲ့ဒါကို စိတ်တောင်မကူးနဲ့” အကယ်၍ တန်ယန်သည် မကြာမီ ကျင်းပမည့် ပီယာနိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မရှိပါက ယွီချန်းနျန်သည် သူမကို ချက်ချင်းပင် တရုတ်နိုင်ငံသို့ ပြန်ခေါ်သွားမိ ပေလိမ့်မည်။ တန်ယန့်ကို ဘီလ်ထံ ခေါ်လာပြမိသည်ကို လည်းကောင်း၊ သူမ၏ ထူးကဲသော ပါရမီကို ပြသခွင့် ပေးမိသည်ကို လည်းကောင်း သူအကြီးအကျယ် နောင်တရနေမိသည်။
ကံဆိုးသည်မှာ နောင်တဆိုသည်မှာ အမြဲတမ်း နောက်ကျနေတတ်ခြင်းပင် မဟုတ်ပါလား။ 'ကိုယ့်ပါးကိုယ်ပဲ ပြန်ရိုက်ချင်တော့တယ်'
ဘီလ်၏နေ့လယ်စာ ဖိတ်ကြားမှုကို ငြင်းဆိုပြီးနောက် ယွီချန်းနျန်သည် တန်ယန့်ကို ဒေါသတကြီးဖြင့် ဆွဲခေါ်သွားတော့သည်။
“ယွီက ဘာလို့ ဒီလောက် စိတ်တိုနေရတာလဲ” ဘီလ်က ဝေခွဲမရ ဖြစ်နေသည်။
“သခင်... ဖြစ်နိုင်တာကတော့ သူအမြတ်တနိုးထားတဲ့ အရာတစ်ခုခုက သူ့ဆီကနေ ထွက်ခွာသွားတော့မယ်လို့ သူခံစားနေရလို့ ဖြစ်ပါလိမ့်မယ်” ဟု အိမ်စေကဆိုသည်။
“အေးလေ... အခုတော့ ငါနားလည်သွားပြီ။ ငါ့ဝမ်းကွဲက ငါ့ရဲ့ ချစ်လှစွာသော လီလီကို လုသွားတုန်းကလည်း ငါဒီလိုပဲ ခံစားခဲ့ရတာ။ ဒါပေမဲ့ ဘာဖြစ်လဲ၊ ဒါဟာ ငါ့ရဲ့ အမြင်စူးရှမှုကို သက်သေပြလိုက်တာပဲ။ ကျောက်ခဲ အမှိုက်ပုံထဲကနေ ဒီလိုလျှို့ဝှက်နေတဲ့ စိန်တစ်ပွင့်ကို ငါရှာတွေ့ခဲ့တာလေ။ ငါအဲ့ဒီအတွက် ဂုဏ်ယူတယ်”
အိမ်စေ - “...” (ဆရာကြီးကတော့ တကယ်ကို စိတ်သဘောထား ကြီးလွန်းပါတယ်)
ဟိုတယ်သို့ အပြန်လမ်းတွင် ကားပေါ်၌ ယွီချန်းနျန်မှာ ဒေါသမပြေသေးဘဲ ရှိနေသည်။ တန်ယန်က သူ့ထံ ရေသန့်တစ်ပုလင်း ကမ်းပေးရင်း - "ဆရာ... သမီး YL နိုင်ငံမှာ နေမှာမဟုတ်ပါဘူး။ သမီးရဲ့ မိသားစုက C နိုင်ငံမှာပဲ ရှိတာလေ" ဟု ပြောလိုက်သည်။
ထိုအခါမှ ယွီချန်းနျန် သတိဝင်လာပြီး - "ဟုတ်သားပဲ၊ တန်ယန်က တကယ်တော့ သံယောဇဉ်ကြီးတဲ့ ကလေးတစ်ယောက်ပဲ။ ဒီလောက် မက်လုံးလေး တစ်ခုနဲ့တင် သူမက ဒီမှာ ဘယ်နေပါ့မလဲ။ ငါကသာ အတွေးလွန်ပြီး စိုးရိမ်နေမိတာ" ဟုတွေးကာ စိတ်သက်သာရာ ရသွားတော့သည်။
ဆရာဖြစ်သူ အဆင်ပြေသွားသည်ကို မြင်ရသဖြင့် တန်ယန်လည်း ဆက်ပြီး အာရုံမစိုက်တော့ပေ။ ထိုအချိန်တွင် သူမသည် ကိုယ်ပိုင်ဂျက်လေယာဉ် တစ်စီးကို မည်သည့်နေရာတွင် မှာယူရမည်နည်းဟု စဉ်းစားနေသည်။
သူမသည် လေယာဉ်များ အကြောင်းကို သိပ်မသိလှသဖြင့် ဖုန်းကိုဖွင့်ကာ အွန်လိုင်းတွင် ရှာဖွေကြည့်လိုက်သည်။ သူမသိထားသည်မှာ ကမ္ဘာကျော် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုမှာ YL နိုင်ငံ၏ M မြို့တော်တွင်ပင် တည်ရှိပြီး ၎င်း၏အမည်မှာ AISSO ဖြစ်သည်ဟူသော အချက်ပင် ဖြစ်သည်။
ဟိုတယ်သို့ ပြန်ရောက်သောအခါ ချင်ယွီရုံက နေ့လယ်စာ အဆင်သင့် ပြင်ဆင်ထားပေးပြီး ဖြစ်သည်။ စားသောက်ပြီးနောက် ယွီချန်းနျန်က အိပ်စက်အနားယူရန် အခန်းသို့ ပြန်သွားချိန်တွင် တန်ယန်သည် ပထမထပ် ဧည့်ခန်း၌ ချင်ယွီရုံနှင့်အတူ ကိုယ်ပိုင်ဂျက်လေယာဉ် မှာယူမည့် ကိစ္စကို ဆွေးနွေးတော့သည်။
သူမ၏အလုပ်ရှင်က လေယာဉ်ဝယ်မည်ဟူသော စိတ်ကူးအပေါ် ချင်ယွီရုံမှာ အံ့သြခြင်း လုံးဝမရှိပေ။ အကြောင်းမှာ သူမနှင့် အတူလက်တွဲ လုပ်ကိုင်လာသည်မှာ ကြာပြီဖြစ်သဖြင့် အလုပ်ရှင်၏ ကြွယ်ဝမှုကို သူမ ကောင်းကောင်း သိနေသောကြောင့် ဖြစ်သည်။ သူမတစ်ဦးတည်း စီမံခန့်ခွဲပေးနေရသည့် ဘဏ်စာရင်းများထဲတွင်ပင် ငွေသား ကုဋေ ၅၀၀ (ဘီလီယံ ၅၀) ကျော် ရှိနေသည် မဟုတ်ပါလား။ ဤအချက်ကပင် တန်ယန့်၏ ကိုယ်ပိုင်စာရင်းများထဲ၌ ငွေမည်မျှ ရှိနေမည်နည်း ဆိုသည်ကို သူမ ခန့်မှန်းနိုင်စေသည်။