← Chapters

ဂုဏ်သိက္ခာအား ကာကွယ်ခြင်း

Vol. 13 Ch. 183

ဂုဏ်သိက္ခာအား ကာကွယ်ခြင်း

Vol. 13 Ch. 183

အန်လင်းအား ယောင်ရှု တွေ့ရှိချိန်တွင် သူ၏ ကျူးကော့လျန်မှာ လုပန် နံပါတ် ၇ ၏ ဒုံးကျည်ကြောင့် ပေါက်ကွဲကာ သေဆုံးသွားလေသည်။ ပြင်းထန်သည့်ပေါက်ကွဲမှုသည် သူ၏ Nexus ကိုပင် ပျက်ဆီးသွားစေသည်။

အန်လင်းရှုံးနိမ့်သွားပြန်သည်။

ခေတ္တအနားယူချိန်တွင် ယောင်ရှုသည် အန်လင်းအား ဗုဒ္ဓလောက၏ ကိုယ်စားလှယ်သုံးဦးနှင့် ပတ်သက်သည်များကို ပြောပြလိုက်သည်။

“ဖွီး.. ကံကောင်းလို့သာပေါ့။ အခုတော့ ဗုဒ္ဓလောကမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိတဲ့ သောက်ကြမ်းကျင့်ကြံသူတွေ မရှိတဲ့အကြောင်း သိလိုက်ရပြီဆိုတော့ နည်းနည်းတော့ စိတ်သက်သာသာ ရသွားပြီ” အန်လင်းသည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ယောင်ရှုအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ “ယောင်ရှုလေး ကောင်းကောင်းလုပ်ခဲ့တယ်”

အန်လင်း၏ ချီးကျူးမှု ခံယူရန်မှာ သူမ၏ဆန္ဒဖြစ်လေသည်။ ယောင်ရှုသည် စိတ်လှုပ်ရှားမှုကြောင့် ချက်ချင်းဆိုသလိုပင် ရှက်သွေးဖြာလာလေသည်။ လွန်စွာစိတ်လှုပ်ရှားနေသည့်အတွက် အသက်ပင်ကောင်းစွာ မရှူနိုင်ချေ။

ဘုရားရေ.. နတ်ဘုရားအန်က ချီးကျူးလိုက်တယ်။ နတ်ဘုရားအန်က ချီးကျူးလိုက်တယ်။

ယောင်ရှုသည် ပျော်ရွှင်မှုဖြင့် ရစ်မူးနေလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် လျှိုချင်ဟွမ်မှာမူ သူမ နှုတ်ခမ်းအား တွန့်ကွေးကာဖြင့် “တစ်ဖက်လူက စိတ်ဝိညာဉ်ပျိုးထောင်ခြင်း အဆင့်ပဲဖြစ်ဖြစ် ဝိညာဉ်ဖွဲ့စည်းခြင်း အဆင့်ပဲဖြစ်ဖြစ် ငါနဲ့အတူ League of Valor ဆော့ရင်တော့ ရှုံးကြမှာပဲ”

အန်လင်းသည် လျှိုချင်ဟွမ်၏ စကားကို ကြားသည့်အခါ မျက်နှာမဲ့သွားလေသည်။

အစ်မရေ.. အစ်မက စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေနေတာပါနော်။ စိတ်ထဲတွင်သာ သက်ပြင်းချလိုက်မိသည်။

သူမသည် အကြိမ်တိုင်းတွင် သူမ၏ ချန်ပီယံအား အနိုင်ရရှိသူအဖြစ် ပြောင်းလဲပစ်သည့် ဟက်ကာတစ်ဦး ဖြစ်လေသည်။ အကယ်၍ သူမသည် အခြားကိုယ်စားလှယ်တစ်ဦးအား သူမနှင့်အတူ ဆော့ကစားရန် ရှာဖွေနိုင်ခဲ့လျင် အန်လင်းသည် တိုက်ရိုက်ထုတ်လွှင့်ကာဖြင့် လုံးတီးကပြပစ်လိုက်မည်။

စိတ်ထဲတွင် ငိုချင်းချပြီးသည့်အခါ အန်လင်းသည် League of Valor ဆက်ဆော့လေသည်။ ယင်းသည် League of Legends နှင့် Arena of Valor ကို ပေါင်းစပ်ထားခြင်း ဖြစ်လေသည်။

အစ်မ လျှို နှင့် မည်သည်ကြောင့် ဆော့ကစားနေရသနည်း။

ယင်းသည် ရှည်လျားလှသည့် အဖြစ်အပျက်ပင်။

အန်လင်းသည် နာကျင်မှု၌ သာယာသောသူတစ်ဦး မဟုတ်ချေ။ ဤဂိမ်းကစားခြင်းသည် အမှန်တကယ်ကိုပင် သူ၏စိတ်အား လေ့ကျင့်ပေးနိုင်ခြင်းကြောင့် ဖြစ်သည်။

သူ၏ပြိုင်ဘက်သည် စတင်ဆော့ကစားသည့်အခါတွင် ရွှေနှင့် အခြားသောအရာများစွာနှင့် စတင်သူဖြစ်လေသည်။ သူ့အနေဖြင့် ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုနိုင်သလို စွမ်းအားများကို အသုံးပြုကာဖြင့် ရလဒ်ကို ပြောင်းယူရန်လည်း မဖြစ်နိုင်ချေ။ ဤသည်မှာ သူ့ထက်ပို စွမ်းအားကြီးသူနှင့် ရင်ဆိုင်ကြုံတွေ့ရလျှင် တုန်လှုပ်မသွားစေရန် သူ၏စိတ်အား လေ့ကျင့်ပြီးသား ဖြစ်လေသည်။

ဂိမ်းဆော့နေစဉ်တွင် သူ၏အသိဉာဏ်နှင့် မြန်ဆန်သည့် လက်ကွက်တို့အား အသုံးပြုရလေသည်။ စဉ်ဆက်မပြတ် ရှုံးနိမ့်ခဲ့သည့် တိုက်ပွဲမှနေ ခွန်အားကြီးမားသည့် ရန်သူအား မည်သို့အနိုင်ယူရမည်ဆိုသည်ကို သူ၏စိတ်တွင် လေ့ကျင့်ပြီးသားဖြစ်လေသည်။

ထိုအဖိုးတန်အတွေ့အကြုံများသည် ဂိမ်းလောကထဲတွင်သာ အသုံးဝင်သည့်မဟုတ်ဘဲ သူ၏စိတ်ဓာတ်ကိုပါ ဖွံ့ဖြိုးသန်မာလာစေသည်။ သူထက် အဆင့်မြင့်သည့် ကျင့်ကြံသူများနှင့် တိုက်ခိုက်မည်ဆိုပါက ယင်းတို့အား အသုံးပြုနိုင်လေသည်။

ထို့အပြင် ဆော့ကစားနေရင်းနှင့်ပင် ကျင့်ကြံနေနိုင်လေသည်။ လွန်စွာအကျိုးရှိလှသည်။

“အား.. နှစ်နာရီ ပြည့်သွားပြန်ပြီ။ ရော့ ဒီမှာနင့်ရဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေ”

အချိန်ကို သတိပြုမိလိုက်သည်ကြောင့် လျှိုချင်ဟွန်သည် သူမ၏ သိုလှောင်လက်စွပ်အတွင်းမှ စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀၀ ထုတ်ယူကာ အန်လင်းအား ပေးလိုက်သည်။

အန်လင်းသည် ထိုစိတ်ဝိညာဉ်ကျောက်တုံးများအား ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ခံယူလိုက်သည်။

စိတ်ဝိညာဉ်ကျောက်တုံးများသည် သူမနှင့် ဆော့ကစားရသည့် အကြောင်းတစ်ရပ် ဖြစ်ပေသည်။ တွဲဖက်ကစားဖော်သည်လည်း သူတို့၏အချိန်နှင့် အားစိုက်ထုတ်မှုအတွက် အခကြေးငွေ လိုအပ်သည် မဟုတ်ပါလား။

စိတ်ဝိညာဉ်ကျောက်တုံးများအား လွန်ကဲစွာ သုံးဖြုန်းမိနေသည်ကို စဉ်းစားမိသဖြင့် တစ်နေ့တွင် စိတ်ဝိညာဉ်ကျောက်တုံးများ ကုန်ဆုံးသွားမည်ဟု တိုင်ကွန်း အန် ခံစားမိသည်။ ထို့ကြောင့် ဝင်ငွေရစေမည့် နည်းလမ်းအချို့ကို ကြိုးစားရှာဖွေခဲ့ခြင်းဖြစ်သည်။

အင်အားကြီး လေးရပ်၏ တာအိုဖလှယ်ခြင်းညီလာခံ ဖွင့်ပွဲအခမ်းအနား စတင်ဖို့ရန် နှစ်ရက်သာ လိုတော့သည်။

ညီလာခံကျင်းပရာတွင် စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်သည် အိမ်ရှင်အဖြစ် ဆောင်ရွက်ရသည့်အတွက် ကျောင်းပိတ်ရန် ကြေညာထားလေသည်။

အန်လင်း၏ ခန့်မှန်းတွက်ချက်မှုအရ လျှိုချင်ဟွမ်နှင့် နှစ်ရက် ဂိမ်းကစားလျှင် စိတ်ဝိညာဉ် ကျောက်တုံး နှစ်သောင်းခန့် ရရှိပေသည်။ သို့သော်လည်း အနားယူချိန် နည်းသွားလိမ့်မည်။

ဂိုဏ်းကြီးများ အတွက်ပင်လျှင် ယင်းမှာ များပြားလှသည့် စိတ်ဝိညာဉ်ကျောက်တုံး အရေအတွက် ဖြစ်ပေသည်။ သို့သော်လည်း လျှိုချင်ဟွမ်သည် တုံ့ဆိုင်းခြင်း မရှိဘဲနှင့် စိတ်ဝိညာဉ်ကျောက်တုံးများအား ပေးလေသည်။

လျှိုချင်ဟွမ်၏ မိသားစုသည် စိတ်ဝိညာဉ်ကျောက်တွင်းကို ပိုင်ဆိုင်သလားဟု သံသယဝင်လာမိသည်။ သို့တည်းမဟုတ်လျှင် သူမအနေဖြင့် ထိုမျှလောက် များပြားသည့် စိတ်ဝိညာဉ်ကျောက်တုံးများအား မည်သည့်နေရာမှ ရမည်နည်း။

အန်လင်းသည် လျှိုချင်ဟွမ်အား ထိုအကြောင်းမေးဖူးသည်။

သို့သော်လည်း ပြတ်ပြတ်သားသား မဖြေခဲ့ပေ။ ထို့အပြင် သူမပြောခဲ့သည်မှာ အကြောင်းတချို့ကြောင့် သူမနှင့် သူမ၏ မျိုးနွယ်စုသည် ကောင်းမွန်သော ဆက်ဆံရေး မရှိကြချေ။ စိတ်ဝိညာဉ်ကျောက်တုံး များစွာရှိနေခြင်းမှအပ သူမသည် စိုးရိမ်ကြောင့်ကြမှုနှင့် အထီးကျန်မှုတို့ ခံစားနေရသည်။ ထို့ကြောင့် အန်လင်းသည် သူမနှင့်အတူ မကြာခဏဆိုသလို အပြင်ထွက်ခြင်း ဂိမ်းကစားခြင်းတို့ ပြုလုပ်ပေးနေရခြင်းပင်။

အန်လင်းသည် သူမ၏ လုပ်ဇာတ်ကို ယုံကြည်မှု မရှိချေ။ သို့သော်လည်း ထုတ်ဖော်ပြောမည် မဟုတ်ပါ။ သူလုပ်ရန် လိုအပ်သည်မှာ သူမ၏ အလှူဒါနအား ငြိမ်းချမ်းစွာ လက်ခံရန်ပင်ဖြစ်သည်။

ဂိမ်းဆော့နေစဉ်တွင် ရုတ်တရက်ဆိုသလို အဝေးမှ ပေါက်ကွဲသံ ကြားလိုက်ရသည်။

“ဟမ်.. တိုက်ခိုက်နေကြတာလား။ ကျောင်းဝင်းထဲမှာ တိုက်ခိုက်ဖို့ ခွင့်မပြုထားဘူးလေ” စူးစမ်းလိုစိတ်ကြောင့် အန်လင်းသည် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် ကောင်းကင်သို့ မြင့်တက်နေသည့် အနက်ရောင် ဓားဆန္ဒများကို တွေ့လိုက်ရသည်။

“အိုက်ယား.. ဘာလို့ အဲဒီအကြောင်းကို စိတ်ဝင်စားနေရတာလဲ။ ရန်ပွဲအသေးစားလေးကို။ ငါတို့ဂိမ်းပဲ ဆက်ဆော့ကြမယ်” လျှိုချင်ဟွမ်၏ မျက်လုံးများ လက်လာသည်။ အန်လင်း အာရုံမစိုက်နိုင်သည်ကို အခွင့်ကောင်းယူကာဖြင့် အန်လင်း၏ ချန်ပီယံကောင်အား သတ်လိုက်ပြန်သည်။

အန်လင်း၏ အကြည့်မှာ တိုက်ပွဲဖြစ်ပွားရာ၌ ရှိနေဆဲပင်။ “အစ်မ လျှိုရေ.. ပျက်ကွက်ရတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ တစ်ဦးဦးက အဲဒီမှာ ရှိနေပုံပဲ”

ထိုသို့ပြောရင်းနှင့် သူ၏ အုတ်ခဲပေါ်သို့ ခုန်တက်ကာ တိုက်ပွဲဖြစ်ပွားရာသို့ ပျံသန်းသွားတော့သည်။

“ဟေ့.. ဟေ့... ငါတို့ရဲ့ဂိမ်းက မပြီးသေးဘူးလေ”

လျှိုချင်ဟွမ်သည် ခြေဆောင့်ကာဖြင့် သူမ၏ ငှက်မွေး ၆ ခု တောင်ဝှေးပေါ်သို့တက်ကာ အန်လင်းနောက်မှ ပျံသန်းလိုက်ပါလာခဲ့သည်။

ဘုန်း

အနက်ရောင် ဓားဆန္ဒ ကျဆင်းလာလေသည်။ သို့သော်လည်း ယင်းသည် ရင်ဘတ်တွင် မီးတောက်များနှင့် ကျောက်ဘီလူးတစ်ကောင်ကြောင့် ပြိုကွဲသွားလေသည်။ ဓားဆန္ဒပြိုကွဲသွားပြီးနောက်တွင် ကျောက်ဘီလူးသည် အနက်ရောင်ဝတ်စုံနှင့် အမျိုးသားအား လက်သီးဖြင့် ထိုးလိုက်သည်ကြောင့် သွေးများစီးကျကာဖြင့် အနောက်သို့ လွှင့်ပျံသွားလေသည်။

“ဟွန့်.. ဒီလိုမျိုး အားနည်းတဲ့ အရည်အချင်းလေးနဲ့ ငါ့ကို ရန်စရဲတယ်ပေါ့။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့် ကျင့်ကြံသူအားလုံးက အဆင့်မမီကြဘူးကွ။ မင်းပြောတဲ့ အန်လင်းဆိုတာကလည်း ထူးပြီး ကွဲပြားမနေဘူး” ကျောက်ဘီလူးသည် မြေပြင်တွင် ပုံလျက်သား လဲကျနေသည့် အမျိုးသားအား အထင်အမြင်သေးစွာဖြင့် ကြည့်လိုက်သည်။

“အစ်ကိုကြီး အဆင်ပြေရဲ့လား” လှပသည့် အမျိုးသမီးလေး တစ်ဦးပြေးလာပြီး အနက်ရောင် ဝတ်စုံနှင့် အမျိုးသားအား ထူမပေးလိုက်သည်။

ထိုလူနှစ်ဦးမှာ ယောင်မင်စီနှင့် ယောင်ရှုဟူသည့် မောင်နှမမှလွဲ အခြားမဟုတ်ပေ။

ယောင်မင်စီသည် ရင်ဘတ်အား ဆုပ်ကိုင်ကာဖြင့် လူသားသဏ္ဌာန် ကျောက်ဘီလူးအား အေးစက်စွာ ကြည့်လိုက်သည်။ “ဟမ့်.. အန်လင်းကလည်း ဘာမှ ကွဲပြားမှာ မဟုတ်ဘူးတဲ့လား။ မင်းလိုကောင်မျိုးကို သူက လက်ချောင်းတစ်ချောင်းတောင် လှုပ်ရှားစရာ မလိုဘဲနဲ့ သတ်ပစ်လိုက်လို့ ရတယ်ကွ”

“ဟွန့် မင်းဘယ်အချိန်ထိ ဆက်ပြီးတော့ ခေါင်းမာနေဦးမလဲ ကြည့်ကြတာပေါ့” ကျောက်ဘီလူးသည် ယောင်မင်စီအား လက်သီးဖြင့် ထိုးလိုက်ပြန်သည်။

ယောင်မင်စီသည် ယောင်ရှုအား ဘေးသို့တွန်းပို့လိုက်သည်။ ကြီးကျယ်များပြားသည့် အော်ရာများနှင့် ရင်ဆိုင်ရာတွင် နောက်သို့ဆုတ်ခြင်း မပြုပေ။ ထို့အစား ဓားကိုမြှောက်ကိုင်ကာဖြင့် ကျောက်ဘီလူးထံ ပြေးဝင်သွားလေသည်။

“အစ်ကိုကြီး” ယောင်ရှု၏မျက်လုံးများ ရဲရဲနီကာဖြင့် အော်ဟစ်လိုက်သည်။

ယောင်မင်စီသည် သူ၏အကန့်အသတ်ကို ရောက်ရှိနေပြီးဖြစ်သည်။ ဤကဲ့သို့ ဆက်လိုက်တိုက်ခိုက်မည်ဆိုလျှင် ပြင်းထန်သည့်ဒဏ်ရာများ ရရှိသွားလိမ့်မည်။

သို့သော်လည်း ယောင်မင်စီသည် ဓားကိုမြှောက်ကိုင်ကာဖြင့် အကြောက်အရွံ့ကင်းစွာ ပြေးဝင်သွားလေသည်။

ကောင်းကင်ဘံပိုင်နက်၏ ကိုယ်စားလှယ်မှာ အန်လင်းဖြစ်သည့်အကြောင်း သိရှိသွားသည့်နောက်တွင် ကျောက်ဘီလူးသည် လူအများရှေ့တွင် လှောင်ပြောင်ရယ်မောခဲ့သည်ကြောင့် ယောင်မင်စီမှာ ဤကဲ့သို့ အစွန်းရောက်ပြုမူမိခြင်း ဖြစ်သည်။

ကြည့်ရှုနေသည့် ကျောင်းသားများသည်လည်း အံတင်းတင်းကြိတ်ကာဖြင့် ကျောက်ဘီလူးအား ဒေါသတကြီး ကြည့်နေကြလေသည်။

သူတို့၏ ကျင့်ကြံခြင်း အခြေခံများသည် ကျောက်ဘီလူးထက် နိမ့်ကျနေခြင်းကြောင့်သာ မဟုတ်ခဲ့လျှင် သူတို့အားလုံးတို့သည် ကျောက်ဘီလူးအား ပြေးကာဖြင့် ရိုက်နှက်ပြီးဖြစ်သည်။

“ရပ်စမ်း”

အုတ်ခဲပေါ်မှ ပျံသန်းလာရင်းနှင့် ထိုမြင်ကွင်းအား မြင်လိုက်ရသည်ကြောင့် အန်လင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ယောင်မင်စီသည် ဆိုးရွားသည့် အခြေအနေတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ဦး ဆက်လက်တိုက်ခိုက်နေဦးမည်ဆိုလျှင် ယောင်မင်စီသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားမည် ဖြစ်သည်။

“ကျယ်စမ်း ကျယ်စမ်း ကျယ်စမ်း”

အုတ်ခဲနက် အရွယ်အစား ကြီးလာပြီးနောက် ထိုက်တောင်၏ အလေးချိန်ဖြင့် ကျောက်ဘီလူးအား ဖိနှိပ်လိုက်လေသည်။

သူ၏အပေါ်သို့ အုတ်ခဲနက် ကျဆင်းလာသည်ကို မြင်လိုက်သည့်အခါ ကျောက်ဘီလူးသည် ချက်ချင်းဆိုသလို လက်သီးနှင့် ထိုးခွင်းလိုက်လေသည်။

ဘုန်း

ပေတစ်ရာပတ်လည်တွင် ကြီးမားသည့် ပေါက်ကွဲမှုများ ဖြစ်ပေါ်လာသည်။ မြေပြင်သည် အဖျက်အဆီးစွမ်းအားကြောင့် အက်ကွဲကာ ချိုင့်များ ဖြစ်ပေါ်လာသည်။

“အား” အုတ်ခဲနက်သည် မူလအတိုင်း ရှိနေဆဲဖြစ်သော်လည်း ကျောက်ဘီလူးသည် နာကျင်မှုကြောင့် အော်ဟစ်လိုက်လေသည်။

လွန်စွာမာကျောသည့် တစ်စုံတစ်ခုနှင့် ပစ်တိုက်မိသည်ကြောင့် သူ၏လက်သီးမှာ အက်ကွဲလာလေသည်။

“စီနီယာ အန်လင်း” ယောင်မင်စီသည် ကောင်းကင်မှ ဆင်းသက်လာသည့် ပုံရိပ်အား ငေးစိုက်ကြည့်လျှက် သူ၏ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်လာလေသည်။

ယောင်ရှုသည်လည်း သူမ၏ အံ့ဩပျော်ရွှင်မှုကြောင့် ပါးစပ်အား လက်ဖြင့်အုပ်လိုက်သည်။

အန်လင်းရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ပတ်ဝန်းကျင်ရှိ ကျောင်းသားများသည်လည်း ဩဘာပေးကြလေသည်။ သူတို့၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေလေသည်။

“ဘာတွေဖြစ်နေတာလဲ ယောင်မင်စီ” အန်လင်းသည် သိလိုသဖြင့် မေးလိုက်သည်။ မောပန်းနွမ်းနယ်နေသည့် အမျိုးသားလေးအား လှည့်ကြည့်လိုက်သည်။

ခိုက်ရန်ဖြစ်ပွားခြင်းသည် ကျောင်းတော်၏ စည်းမျဉ်းများကို ချိုးဖောက်ခြင်းပင်။ ယောင်မင်စီသည် ထိုအချက်အား သတိပြုမိပုံ မရချေ။

အန်လင်း၏ အမေးအား ကြားသည့်အခါတွင် ယောင်မင်စီသည် ကျောက်ဘီလူးအား စူးစူးရဲရဲ ကြည့်လိုက်သည်။ “စီနီယာက ကောင်းကင်ဘုံပိုင်နက်ရဲ့ ကိုယ်စားလှယ်ဆိုတာနဲ့ စိတ်ဝိညာဉ်ပျိုးထောင်ခြင်း ကနဦးအဆင့်ပဲ ရှိနေသေးတာကို အဲဒီကောင် သိသွားတော့ ကောင်းကင်ဘုံပိုင်နက်မှာ ပါရမီရှင်တွေ မရှိတော့လို့ အမှိုက်တွေကို ရွေးလိုက်ရတယ်ဆိုပြီး ပြောတယ်လေ။ သူပြောတာ ကြားတော့ ကျွန်တော်က ဒေါသမထိန်းနိုင်တော့ဘူး။ အဲဒါကြောင့် တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တာ”

အန်လင်းမှာ ရှုံ့မဲ့သွားလေသည်။ နားလည်သွားပြီ ဖြစ်သည်။ ဉာဏ်နည်းလှသည့် စူပါဖန်များနှင့် တိုင်းတပါးမှ လာသူတို့ ထိပ်တိုက်တွေ့ဆုံကြခြင်း ဖြစ်လေသည်။

ဤအခြေအနေသည် သူ့ကြောင့် ဖြစ်ပေါ်လာရခြင်းပင်။ သို့သော်လည်း ဤအနေအထားမှ ထွက်ခွာရန် အတော်လေး ခက်ခဲပေလိမ့်မည်။

ကျောက်ဘီလူးသည် အုတ်ခဲနက်အား သေးသို့ တွန်းဖယ်လိုက်သည်။ အန်လင်းအား ကြည့်ကာဖြင့် သူ၏ တိုက်ပွဲဆန္ဒများ တောက်လောင်လာလေသည်။ “ဪ မင်းက အမှိုက်ကောင် အန်လင်းဆိုတာပေါ့”

အန်လင်း : “…”

ကောင်းပြီလေ။ ရှောင်လွှဲလို့မရတော့ဘူးပေါ့။

အန်လင်းသည် ဤပြဿနာအား သူကိုယ်တိုင်ဖြေရှင်းရန် ဆုံးဖြတ်လိုက်လေသည်။

“ဟက်.. ငါက အန်လင်းလေ။ မင့်အဖေ”

ပြုံးလိုက်သည်။ ထို့နောက်တွင် အန်လင်းသည် သူ၏ မိစ္ဆာရှင်းဓားအား ထုတ်လိုက်လေသည်။

***

All Chapters