ရန်ဘက်ကို ဘယ်လိုဒေါသထွက်စေမလဲ
Vol. 13 Ch. 185
ကျောင်းထိန်းသိမ်းရေးခန်းအတွင်း၌။
အန်လင်းသည် လွန်စွာစိတ်ဓာတ်ကျဖွယ် သတင်းတစ်ခုအား ရရှိခဲ့သည်။ သူနှင့် ဟုန်သိုတို့သည် သက်ဆိုင်ရာ အင်အားစုအသီးသီး၏ ကိုယ်စားလှယ်များ ဖြစ်ကြသည့်အတွက် ထိန်းသိမ်းခံရမည့်ရက်ကို နှစ်ရက်သို့ လျှော့ချလိုက်သည့်အကြောင်းပင် ဖြစ်သည်။ နှစ်ရက်ကုန်လွန်သွားသည်နှင့် သူသည် တာအိုဖလှယ်ခြင်းညီလာခံတွင် ပါဝင်ရမည် ဖြစ်သည်။
အန်လင်းသည် ထိုသတင်းအား ကြားလိုက်ပြီးနောက်တွင် စိတ်ပျက်လက်ပျက်နှင့် မြေပြင်ပေါ်တွင် ထိုင်နေလေသည်။ သူ၏ စွမ်းအင်များကိုပင် မစုဆောင်းနိုင်တော့ပါ။
အန်လင်း၏မျက်နှာချင်းဆိုင်အခန်းတွင် ဟုန်သိုသည် ယင်း၏ ကျောက်သားနှုတ်ခမ်းအား ဖွင့်ချည် ပိတ်ချည်ဖြင့် အသံမျိုးစုံ ပြုလုပ်နေလေသည်။ "ကု ကု ကု ကု .. ဒီကနေထွက်တာနဲ့ တာအိုဖလှယ်ခြင်းညီလာခံမှာ မင်းကို သေချာပေါက် အမှုန့်ချေပစ်မယ်။"
သူတို့နှစ်ဦးစလုံးသည် အလွန်သန်မာအားကောင်းသည့်သူများ ဖြစ်ကြသည့်အတွက် အခန်းခွဲကာ ထိန်းသိမ်းထားရသည်။ သို့တည်းမဟုတ်လျှင် နောက်ထပ်တစ်ဖန် ကြီးမားသည့် တိုက်ပွဲတစ်ခု ဖြစ်လာမည်မှာ ရှောင်လွှဲမရသည့်အရာပင် ဖြစ်လိမ့်မည်။
အန်လင်းသည် ဟုန်သို၏ ရန်စကားများကို လုံးဝလျစ်လျူရှုထားသည်။ ထိုစကားများသည် အဓိပ္ပာယ်လည်းမရှိချေ။
အချိန်အနည်းငယ် ကြာပြီးသည့်နောက်တွင် အန်လင်း၏ ပရိသတ်များသည် အရသာရှိသည် စားသောက်ဖွယ်ရာမျိုးစုံ ယူဆောင်ကာ လာရောက်ကြလေသည်။
ဟုန်သို၏ရှေ့တွင် အစားအသောက်များ စားသောက်ပြခြင်းသည် ရန်စနည်းတစ်မျိုးပင် ဖြစ်သည်။ ဟုန်သိုမှု မနာလိုမှုဖြင့်သာ ကြည့်နေရလေသည်။
ထိန်းသိမ်းခံရသည့် နှစ်ရက်အတွင်း မည်သည့်အစားအသောက်မျှ ကျွေးခြင်းမပြုပေ။ သို့သော်လည်း ကျင့်ကြံသူများ ဖြစ်သည့်အတွက် ဆာလောင်မွတ်သိပ်မှုဖြင့် သေဆုံးသွားမည် မဟုတ်ပေ။
"အင်း.. ဒီကြက်တောင်ပံကင်လေးက အရမ်းအရသာရှိပါလား။ မွှေးပျံ့ပြီး ကြွပ်ရွနေတာပဲ။ အသားလေးကလည်း နူးအိနေတာ။"
"ကျီစိမ်းတောင်တန်းဒေသက အမဲသားကလည်း မဆိုးဘူးပဲ။ အတော်လေး ဝါးလို့ကောင်းတယ်။ မကျတ်တကျတ်လေး။"
အန်လင်းသည် သူစားသောက်နေသမျှကို ရေရွတ်လျက်ရှိပြီး အစားအသောက်များမှ ထွက်ပေါ်လာသော သင်းပျံ့သည့်ရနံ့များမှာ အခန်းများအတွင်း လွင့်ပျံနေလေသည်။
ဟန်သို၏မျက်လုံးများသည် မနာလိုမှဖြင့် တောက်လောင်နေပြီး အစားအသောက်များ ဝန်းရံထားသည့် အန်လင်းအား စိုက်ကြည့်လိုက်သည်။ ထို့နောက်တွင် အသံဩဩလေးလေးကြီးဖြင့် ပြောလာသည်။ "ဟွန့် မင်းက အဲဒီဟာလောက်နဲ့ ငါ့ကို ရန်စလို့ရမယ်လို့ ထင်နေတာလား။ ငါ့နှလုံးသားက ကျောက်လိုပဲ မာကျောနေပြီ။"
အန်လင်းသည် ဟုန်သိုအား မျက်လုံးထောင့်မှတဆင့် ကြည့်လိုက်ပြီးနောက် အော်ဟစ်လိုက်သည်။ " ကျောက်သားလို့ မာကျောနေတယ်ပေါ့။ မင်းရဲ့ဒေါသကလည်း မင်းရဲ့ မှတ်ဉာဏ်လိုပဲ တိုလွန်းတယ်။ မင်းကိုယ်မင်း ကျောက်သားလို မာကျောတဲ့ နှလုံးသားရှိတယ်လို့ ပြောတာ မရှက်ဘူးလား။"
အန်လင်းပြောသည်ကို ကြားလိုက်သည့်အခါ ဟုန်သို၏ဒေါသများ ပေါက်ကွဲတော့သည်။ "မင်းဘယ်သူ့ကို ဒေါသထွက်လွယ်တယ်လို့ ပြောလိုက်တာလဲ။"
အန်လင်း၏နှုတ်ခမ်းများ အနည်းငယ်တွန့်သွားသည်။ "ငိုး... မင့်ကြည့်ရတာ ပူးပေါင်းလိုစိတ် မရှိဘူးပဲ။ မင်းက ဝက်လား။ မင်းလို့အရူးကြောင့် ထိန်းသိမ်းခံရတာ ငါ့အနေနဲ့ ယုံတောင် မယုံနိုင်ဘူး။"
အန်လင်းသည် ခေါင်းယမ်းကာဖြင့် သက်ပြင်းချလိုက်သည်။ သူ့မျက်နှာတွင် နောင်တရနေသည့် အမူအရာဖြင့်ပင်။
"မင်း ငါ့ကို လှောင်ရဲတယ်ပေါ့။ အခုပဲ မင်းကိုရိုက်မယ်။"
ဟုန်သို၏မျက်လုံးများမှာ ဒေါသကြောင့် ပြူးကျယ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ မီးကျောက်များသည်လည်း ဒေါသကြောင့် ဆူပွက်လာလေသည်။
"လာလေ။ ငါ့ကို မတိုက်ရင် မင်းက ငါ့သားပဲ။ အဲ တိုက်ခိုက်ရင်တော့ ငါ့မြေးလေး ဖြစ်သွားပြီ။" အန်လင်းသည် သန်းဝေလိုက်ပြီးနောက် ဟုန်သိုအား အထင်သေးစွာဖြင့် ကြည့်လိုက်သည်။
ရုတ်တရက်ဆိုသလို အတွေးတစ်ခုပေါ်လာလေသည်။ ထိန်းသိမ်းခံရစဉ်တွင် ထပ်မံရန်ဖြစ်ပွားပါလျှင် သူတို့အား ထိန်းသိမ်းထားမည့်ရက် တိုးလာနိုင်မည်လား။
"ဘယ်လိုတောင် ရဲတင်းနေတာလဲ။" အန်လင်း၏ သရော်စကားကြောင့် ဟုန်သို၏ဒေါသမှာ မြင့်တက်လာလေသည်။
သူ၏ခန္ဓာကိုယ်မှ မီးလျှံများ ပေါက်ကွဲထွက်လာပြီး ချက်ချင်းဆိုသလိုပင် သူ၏အရှေ့ရှိ သံတိုင်များ အရည်ပျော်ကျသွားသည်။ ထို့နောက်တွင် ရှေးဟောင်းနတ်မိစ္ဆာအသွင်ဖြင့် အန်လင်းထံ လျှောက်လှမ်းလာလေသည်။
"ဟဟ.. မင်းက ငါ့ရဲ့မြေးလေး ဖြစ်ချင်ပုံပဲ။" အန်လင်းသည် ရယ်မောကာဖြင့် လှောင်ပြောင်နေလေသည်။
ဟုန်သိုသည် ပို၍ပင်ဒေါသထွက်လာလေသည်။ သူ၏ရင်ဘတ်မှ ချော်ရည်များသည် ပိုမိုပြင်းထန်သည့် အပူချိန်ဖြင့် ပေါက်ကွဲလာလေသည်။ မိုးခြိမ်းသံတမျှ ကျယ်လောင်သည့် အသံဖြင့် "မီးလျှံကြာ ပေါက်ကွဲခြင်း"
အန်လင်းသည် သူ၏တိုက်ခိုက်မှုကြောင့် နောက်ဆုတ်ခြင်းမပြုပေ။ လက်ဝဲဘက်တွင် လျှပ််စီးများ စုဆုံကာ လက်ယာဘက်တွင် ရွှေလက်သီးက တောက်ပနေသည်။ "တောင်ခွင်းလျှပ်စီးလက်သီး"
ယင်းသည် နျူလျှပ်လက်သီး၏ ရိုးရှင်းသည့်အသွင်ဖြစ်သည်။ မူလအမှောင်ထု၏ စွမ်းအားမပါဝင်သော အင်မော်တယ်မန္တန်ဖြစ်သည်။ သို့သော်လည်း ကြောက်မက်ဖွယ်ရာ အဖျက်အဆီးစွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။
ထိုအချိန်တွင် ထိန်းသိမ်းရေးအဆောင်နှင့် မဝေးသည့်နေရာတွင် ကျောင်းအုပ်ချုပ်ရေးဌာန တည်ရှိလေသည်။
ခန္ဓာကိုယ်တောင့်တင်းသည့် လူကြီးတစ်ဦးသည် အားပေးနှစ်သိမ့်သည့် အနေဖြင့် ယန်ရှင်၏ပခုံးအား ပုတ်လိုက်သည်။ "ကျောင်းသားယန်ရှင်း.. ကျောင်းစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီအခြေအနေကို မင်းဖြေရှင်းသွားတာ အရမ်းကောင်းတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကျောင်းဝန်းအတွင်းမှာ ရှိနေသမျှ စည်းကမ်းလိုက်နာရမယ်။ ကျောင်းသူ ချင်ဝမ်ကလည်း မင်းကို နားလည်ပေးမယ်လို့ ငါယုံပါတယ်။ စိုးရိမ်မနေပါနဲ့။"
"ဟုတ်ကဲ့ပါ ဌာနမှုး လိယုန်" ယန်ရှင်းသည် သူ၏စကားများကို ခေါင်းညိတ်ရုံသာလျှင် တတ်နိုင်သည်။ သို့သော်လည်း စိုးရိမ်မိနေဆဲပင်ဖြစ်သည်။
ချင်ဝမ်သာ နားလည်ပေးမည်ဆိုလျှင် လပြည့်ညအားကြည့်ရန် ခရီးထွက်မည့် အစီအစဉ်အား ပြောင်းလဲလိုက်ပြီး အန်လင်းအား ညလယ်စာအဖြစ် ကြက်တောင်ပံ ပို့ခိုင်းမည် မဟုတ်ပေ။
"သွားကြစို့။ အန်လင်းနဲ့ ဟုန်သိုဆီကို သွားကြည့်ကြတာပေါ့။"
"သူတို့ရဲ့အမှားတွေကို နားလည်သဘောပေါက်နေလောက်ပြီလို့ မျှော်လင့်ပါတယ်။" လိယုန်သည် ယန်ရှင်းနှင့်အတူ ရယ်မောလိုက်သည်။
ယန်ရှင်းသည်လည်း ခေါင်းညိတ်လိုက်ပြီးနောက် "သူတို့နှစ်ဦးစလုံးက အင်အားကြီး လေးရပ်ရဲ့ ကိုယ်စားလှယ်တွေလေ။ ဘာကိုလုပ်သင့်တယ် ဘာကိုမလုပ်သင့်ဘူးဆိုတာ သေချာသိကြမှာပါ။ သူတို့ရဲ့ အခုရန်ပွဲကနေ သူငယ်ချင်းတွေတောင် ဖြစ်လာနိုင်တယ်။"
သူတို့နှစ်ဦးသည် ပြုံးလိုက်ကြပြီးနောက် ပခုံးချင်းဖက်ကာဖြင့် အဖြူရောင်အဆောက်အဦထံ လျှောက်လမ်းလာကြသည်။
ယင်းမှာ ထိန်းသိမ်းရေးအခန်းများ တည်ရှိရာဖြစ်သည်။
ဘုန်း
ကောင်းကင်သို့ အနီရောင်မီးတောက်များ မြင့်တက်လာပြီး အဖြူရောင် အဆောက်အဦ၏ အမိုး ပွင့်ထွက်သွားလေသည်။
ရွှေရောင်လျှပ်စီးကြောင်းများသည် ဓားများသဖွယ် စီးဆင်းလာပြီး မြေပြင်အား တုန်လှုပ်နေစေသည်။
လိယုန်တို့နှစ်ဦးသားသည် ထိုမြင်ကွင်းအား အဝေးမှ မြင်လိုက်ရသည်ကြောင့် ထိတ်လန့်ကာ ပါးစပ်အဟောင်းသားဖြင့် ရှိနေကြလေသည်။
"ဌာနမှုးရေ ကျွန်တော်တော့ ပေါက်ကွဲမှုဗဟိုက စွမ်းအင်ကို အရမ်းရင်းနှီးနေတယ်လို့ ခံစားနေရတယ်။" ယန်ရှင်းသည် တုံ့ဆိုင်းစွာဖြင့် ပြောလေသည်။
"တစ်ခုတည်းမဟုတ်ဘူးကွ။ အရမ်းကို ရင်းနှီးနေတဲ့ စွမ်းအင်ရင်းမြစ်နှစ်ခု။"
ယန်ရှင်းသည် နှဖူးမှ ချွေးများကို သုတ်လိုက်ပြီး "သူတို့က ထိန်းသိမ်းရေးအဆောင်ကို ဖျက်ဆီးဖို့ ကြိုးစားနေကြတာများလား။"
ဝုန်း
နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ တုန်လှုပ်လာပြီးနောက် အဆောက်အဦသည် အက်ကွဲလာလေသည်။
"ဟမ်... ဟုတ်တယ်။ သူတို့က ဒီနေရာကို ဖျက်ဆီးနေကြတာ။" လိယုန်သည် လေးနက်သည့် အသွင်ဖြင့် ခေါင်းညိတ်လိုက်သည်။
…
…
အန်လင်းသည် ဖုန်လူးနေသည့် မျက်နှာဖြင့် ခုံတွင်ထိုင်နေလေသည်။ သူ၏ဆံပင်များမှာလည်း ရှုပ်ပွကာ မီးလောင်ထားပုံပင်ရသည်။
မည်သို့ပြုလုပ်ရမည်ကို မသိသဖြင့် သူ၏အရှေ့တွင်ရှိနေသော သက်လတ်ပိုင်းအရွယ် လူကြီးအား စိုးရိမ်စွာဖြင့် ကြည့်နေမိသည်။
အန်လင်း၏ဘေးတွင် ထိုင်နေသည်မှာ ကျောက်ဘီလူးဖြစ်လေသည်။ ယင်း၏ခန္ဓာကိုယ်မှ အနီရောင်ချော်ရည်များကို သုတ်လိုက်ပြီးနောက် ရှက်ရွံ့စွာဖြင့် အခန်းတွင်း လှည့်ပတ်ကြည့်နေလေသည်။
သူတို့အရှေ့တွင် ရှိနေသူမှာ ဒု-ကျောင်းအုပ် ယူဟွာ ဖြစ်လေသည်။
သူ၏အမူအရာမှာ ဒေါသထွက်နေပုံ မရသော်လည်း မမြင်နိုင်သည့် ဖိအားတစ်ရပ်သည် အန်လင်းနှင့် ဟုန်သိုတို့အား ဖိနှိပ်ထားပုံရသည်။
"ကောင်းပြီ။ ဘယ်သူအရင်စပြောမလဲ။" ဒု-ကျောင်းအုပ် ယူဟွာသည် အေးစက်စက်လေသံဖြင့် မေးလိုက်သည်။
"ဟုန်သိုက ကျွန်တော့်ကို အရင်တိုက်ခိုက်တာ။" အန်လင်းချက်ချင်း တုံ့ပြန်ပြောဆိုလိုက်သည်။
ဟုန်သိုမှာ ဒေါသကြောင့် ရင်ဘတ်ထဲ တင်းကျပ်လာလေသည်။ "မင်းအရင် လာစတာကွ။"
"လူကြီးလူကောင်းဆိုတာ စကားလုံးနဲ့ပဲ တိုက်ခိုက်တယ်။ လက်သီးနဲ့မဟုတ်ဘူး။ မင်းမကြားဖူးဘူးလား။" အန်လင်းသည် ဂုဏ်သရေရှိစွာဖြင့် တုံ့ပြန်လိုက်သည်။
"မင်း" ဟုန်သို၏ရင်ဘတ်မှာ ပေါက်ကွဲလုနီးနီးပင် ဖြစ်လာသည်။ အန်လင်းလိုမျိုး ကျက်သရေယုတ်လှသည့်အကောင်ကို ရိုက်နှက်သည်ထက် ပိုကောင်းသည့်အရာ မရှိချေ။
ဟုန်သိုသည် စကားပြောကောင်းသူ မဟုတ်သဖြင့် အန်လင်းနှင့် စကားစစ်ထိုးသည့်အခါ အမြဲတမ်း ရှုံးနိမ့်ရသည်။ တိုက်ခိုက်ခွင့်မရသဖြင့် ဟုန်သိုမှာ အတော်လေး စိတ်ဒုက္ခရောက်နေလေသည်။
ဒု-ကျောင်းအုပ် ယူဟွာသည် စိတ်ပင်ပန်းစွာဖြင့် မျက်ခုံးများအား ဖိနှိပ်နေမိသည်။ သူတို့အား အဆောင်တစ်ခုတည်းတွင် ထိန်းသိမ်းထားမည်ဆိုလျှင် သေချာပေါက် တိုက်ခိုက်ကြဦးမည် ဖြစ်သည်။ ထို့ကြောင့် ခွဲထားရန် စဉ်းစားလိုက်သည်။
"ဟုန်သို.. မင်းတို့နေရာကို အရင်ပြန်လိုက်။ လျှော်ကြေးအတွက်ကတော့ ခြင်္သေ့မင်းနဲ့ ငါ့ဘာသာပဲ ပြောလိုက်မယ်။"
"ကောင်းပါပြီ။" ဟုန်သိုသည် သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"အန်လင်း မင်းလည်းပြန်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ချည်"
အန်လင်းသည် မယုံကြည်နိုင်မှုကြောင့် မျက်လုံးများ ပြူးကျယ်လာသည်။ "ဒီလိုနဲ့ပဲ လွှတ်ပေးလိုက်တော့မှာလားဗျ။ ကျွန်တော်တို့ကို ရက်တိုးပြီး မဖမ်းတော့ဘူးလား။"
ယူဟွာသည် ဒေါသတကြီးဖြစ်လာပြီးနောက် "မင်းရဲ့အကြံတွေကို ငါမသိဘူးလို့ ထင်မနေနဲ့။ ထပ်ပြီး ပြဿနာရှာရင် မင်းအတွက် ရက်စက်တဲ့အပြစ်ဒဏ်က စောင့်ကြိုနေပြီသာ မှတ်လိုက်တော့။"
ရုတ်တရက်ဆိုသလို လွှမ်းမိုးလာသည့် စွမ်းအားများကြောင့် အန်လင်းမွန်းကျပ်လာသည်။
ချက်ချင်းဆိုသလိုပင် ကြက်ပေါက်ကလေး အစာကောက်သလို နာခံစွာ ခေါင်းညိတ်လိုက်သည်။
"မှတ်ထား။ မင်းတို့နှစ်ကောင် ထပ်ပြီးရန်ဖြစ်တာနဲ့ တာအိုဖလှယ်ခြင်းညီလာခံကို ပါဝင်ခွင့် မရတော့ဘူးလို့သာ မှတ်လိုက်တော့။" ယူဟွာသည် သူတို့နှစ်ဦးအား တည်ကြည်စွာဖြင့် ပြောလေသည်။
ဟုန်သိုသည် လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
သို့သော်လည်း အန်လင်း၏မျက်လုံးများ အရောင်လက်လာပြီးနောင် ဟုန်သိုအား အဓိပ္ပါယ်ရှိရှိ စိုက်ကြည့်လိုက်သည်။
"ပြီးတော့ မင်း.. ထပ်ပြီးတော့ သူနဲ့ရန်ဖြစ်ရင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း ဒဏ်ရိုက်မယ်။"
အန်လင်းမျက်လုံးထဲရှိ အလင်းရောင်လေးမှာ ချက်ချင်းပင် မှေးမှိန်သွားလေတော့သည်။
***