ကြယ်ခူး သရဲအို
Vol. 31 Ch. 451
~ဝူကျိနယ်မြေအတွင်းရှိ ကျန်းမိသားစု...
ကျန်းမိသားစု၏ ပင်မခန်းမဆောင်ကြီးအတွင်း၌ အကြီးအကဲများ အားလုံး စုဝေးကာ အရေးကိစ္စများကို ဆွေးနွေးတိုင်ပင်နေကြလေသည်။
ထိုအခိုက်အတန့်တွင်ပင် လူတစ်ယောက်သည် ခန်းမဆောင်အတွင်းသို့ အလျင်အမြန် ပြေးဝင်လာပြီး ရိုသေစွာဖြင့် သတင်းပို့လိုက်၏။
"စံအိမ်သခင်နဲ့ သခင်လေးကို သတင်းပို့ပါတယ်... 'ဆေးဧကရာဇ်' က ကောင်းကင်ဘုံနယ်မြေက အင်အားစုတွေကို ဦးဆောင်ပြီး ထျန်းယွဲ့ဂိုဏ်းကို စစ်ခင်းနေပါပြီ"
"ဆရာ့ဆီမှာ ပြဿနာတစ်ခုခု ရှိနေပြီဆိုတာ ငါသိတယ်..."
သတင်းကို ကြားလိုက်ရသည်နှင့် ကျန်းကျွင့်လန်၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားချေသည်။
"ဟွန်း... ဒီ ထျန်းယွဲ့ဂိုဏ်းက တော်တော် သတ္တိကောင်းနေပါလား"
ကျန်းမိသားစု ခေါင်းဆောင်ကြီး ကျန်းထျန်းစန်းသည်လည်း ဒေါသထွက်သွားပုံ ရလေသည်။
"ထျန်းယွဲ့ဂိုဏ်းက သေလမ်းရှာနေတာပဲ…”
ဟု ဘေးနားမှ အကြီးအကဲ ကျန်းဝူဖုန်းကလည်း ရေခဲတမျှ အေးစက်သော လေသံဖြင့် ရှုံ့ချလာ၏။
"စံအိမ်သခင်... အခြေအနေကတော့ သိပ်မကောင်းလှပါဘူး၊ ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးက ကောင်းကင်ဘုံလူသား သတ္တမအလွှာကို ရောက်နေတော့ ကောင်းကင်ဘုံနယ်မြေက အင်အးကြီး ငါးခုပေါင်းတိုက်တာတောင် သူ့ကို မနိုင်ကြဘူး၊ အချိန်မီ စစ်ကူမသွားရင် ဆေးဧကရာဇ် အန္တရာယ်ရှိနိုင်ပါတယ်..."
သတင်းပို့သူက စိုးရိမ်တကြီး ဆက်လက် ပြောဆိုလိုက်သည်။ ထို့နောက် စကားကို အနည်းငယ် ရပ်တန့်ကာ...
"သခင်လေး... နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်"
"ဘာကိစ္စလဲ..."
"လျိုချင်းယန်က အရင်တုန်းက ဖန်ရှောင်ယွင်ရဲ့ လိုက်လံသတ်ဖြတ်တာကို ခံခဲ့ရလို့ အကြီးအကျယ် ဒဏ်ရာရထားပါတယ်... အခု သူ အတိတ်မေ့နေပြီး ဖန်ရှောင်ယွင်ရဲ့ အသုံးချတာကို ခံနေရပါတယ်..."
"ဘာ... ချင်းယန်က အတိတ်မေ့နေတာလား..."
ထိုစကားကို ကြားလိုက်ရသည့် တစ်ခဏ၌ ကျန်းကျွင့်လန်၏ မျက်နှာထားသည် ကြောက်ခမန်းလိလိ ပြောင်းလဲသွားချေသည်။ ဘေးနားရှိ တုံကျန့်ထျန်းမှာလည်း အံ့အားသင့်သွားပြီး...
"အစ်ကိုလျိုက အတိတ်မေ့နေတာလား..."
"တောက်... ကောင်းလိုက်တဲ့ ဖန်ရှောင်ယွင်... လူယုတ်မာ..."
ကျန်းကျွင့်လန်သည် ဒေါသအိုး ပေါက်ကွဲသွားကာ ခန်းမဆောင်အပြင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားရင်း အမိန့်ပေးလိုက်တော့သည်။
"လူစုလိုက်... ကောင်းကင်ဘုံ နယ်မြေကို အခုချက်ချင်း သွားမယ်.."
"ဆရာ... ကျွန်တော်လည်း လိုက်မယ်..."
တုံကျန့်ထျန်းလည်း အမှီလိုက်ပါသွားလေသည်။ ကျန်းကျွင့်လန်၏ ဒေါသသည် မိုးကောင်းကင်ကိုပင် လောင်ကျွမ်းစေနိုင်လောက်ပေသည်။ ကျန်းမိသားစု၏ အစွမ်းထက် စွမ်းအားရှင် ဒါဇင်ပေါင်းများစွာသည်လည်း သူတို့၏ သခင်လေးနောက်သို့ လိုက်ပါကာ ကောင်းကင်ဘုံနယ်မြေဆီသို့ ဦးတည်သွားကြလေတော့သတည်း။
...
ထျန်းယွဲ့တောင်ထိပ်တွင် ဖြစ်ပျက်နေသော တိုက်ပွဲကား ကြောက်ခမန်းလိလိပင်။
ယီယွင်နှင့် အပေါင်းအပါလေးဦးတို့သည် ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးကို ဝိုင်းဝန်းတိုက်ခိုက်နေကြသော်လည်း အခြေအနေမှာ မကောင်းလှပေ။ စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်မှုကြောင့် လေထုပင် တုန်ခါနေလေ၏။
ယီယွင်တို့သည် သူတို့၏ အစွမ်းရှိသမျှ ထုတ်သုံးကာ ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးကို ထိန်းထားရန် ကြိုးစားသော်လည်း ကြွက်နားရွက်ကို ခရုပတ်ကြိုးတပ်မရ ဆိုသကဲ့သို့ပင် သူတို့၏ အစီအစဉ်များက လွဲချော်နေချေသည်။ ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး၏ တိုက်ကွက်များက ရက်စက်လွန်းလှပြီး ညှာတာမှုဟူ၍ အလျဉ်းမရှိပေ။ သူတို့၏ ခံစစ်စည်းများကို အချိန်တိုအတွင်းမှာပင် ရစရာမရှိအောင် ဖြိုခွင်းပစ်လိုက်လေသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် ယီယွင်နှင့် အခြားသူများမှာ အကြီးအကျယ် ဒဏ်ရာရကုန်ကြတော့သည်။ သူတို့အားလုံး ပေါင်းစည်းပြီး အစွမ်းထက်ဆုံး သိုင်းကွက်များကို ထုတ်သုံးလျှင်တောင်မှ ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး၏ ဆံချည် တစ်ပင်ကိုပင် ထိခိုက်အောင် မလုပ်နိုင်ကြပေ။
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး၏ စွမ်းအားမှာ ထိုမျှလောက်ထိ ကြောက်စရာ ကောင်းနေလေသည်။
နှစ်ဖက် အင်အားစုများ၏ တိုက်ပွဲကြောင့် နေရာတိုင်းတွင် သွေးစက်များဖြင့် ပြည့်နှက်နေပြီး သေဆုံးသူများမှာလည်း တောင်ပုံရာပုံ ရှိနေပြီ ဖြစ်သည်။
ဖန်ရှောင်ယွင်၏ အဖြစ်ကတော့ ပို၍ပင် ဆိုးရွားလှပေသည်။
သူ၏ မူလ စွမ်းအားကို ဆုံးရှုံးလိုက်ရပြီးနောက် ဖုန်းဝူချန်၏ ရှေ့တွင် သူသည် မူကြိုကျောင်းသားလေး တစ်ယောက်လို ဖြစ်နေရှာလေသည်။
ဖုန်းဝူချန်သည် သူ့ကို သနားညှာတာခြင်း မရှိဘဲ ရက်ရက်စက်စက် ရိုက်နှက်နေ၏။ ဖန်ရှောင်ယွင်တစ်ယောက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီ ဖြစ်သည်။ ခြေလက်များ အားလုံး ကျိုးကြေနေပြီး ဒဏ်ရာများက ပြင်းထန်လွန်းလှသော်လည်း ဖုန်းဝူချန်က သူ့ကို သတ်မပစ်ဘဲ ထားထားသည်။ ကြည့်ရသည်မှာ ဖန်ရှောင်ယွင်ကို နှိပ်စက်ပြီးမှ သေစေချင်ပုံ ရလေသည်။
ဖုန်းဝူချန်၏ အစွမ်းက ကြောက်စရာကောင်းလွန်းသဖြင့် ထျန်းယွဲ့ဂိုဏ်းမှ အကြီးအကဲများပင် ဝင်မကူညီရဲကြပေ။ ဂိုဏ်းသားများမှာလည်း မျက်လုံးပြုး မျက်ဆန်ပြုးဖြင့် ကြည့်နေရုံမှတစ်ပါး ဖုန်းဝူချန်ကို တိုက်ခိုက်ရန် သတ္တိမရှိကြချေ။ သူတို့၏ ဂိုဏ်းချုပ်လေး ဖန်ရှောင်ယွင် ရက်ရက်စက်စက် အရိုက်ခံနေရသည်ကို ဘေးကနေ ရပ်ကြည့်နေရုံသာ တတ်နိုင်ကြလေသည်။
ခြေလက်များ အားလုံး ကျိုးပဲ့နေသော ဖန်ရှောင်ယွင်မှာ ကြောက်လန့်တကြား ဖြစ်နေရှာသည်။
"ထျန်းယွဲ့ဂိုဏ်းမှာ လူတွေ ဒီလောက်များတာတောင် ဘယ်သူမှ မင်းကို လာမကယ်ရဲကြဘူး... ဒီလိုမှတော့ မင်း အသက်ရှင်နေရတာ ဘာအဓိပ္ပာယ်ရှိဦးမှာလဲ..."
ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ရင်း ဖန်ရှောင်ယွင်၏ ခြေထောက်တစ်ဖက်ကို ခြေဖဝါးဖြင့် ပြင်းပြင်းထန်ထန် ဖိနင်းလိုက်လေသည်။
"ဂွပ်..."
"အား..."
အရိုးကျိုးသံနှင့်အတူ ဖန်ရှောင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်မှုလှိုင်းလုံးများ ဖြတ်စီးသွားကာ သနားစဖွယ် အော်ဟစ်လိုက်မိသည်။
"ဂိုဏ်းချုပ်လေး..."
ထျန်းယွဲ့ဂိုဏ်းသားများမှာ ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။
"ဖုန်းဝူချန်... ရပ်လိုက်စမ်း..."
ထျန်းယွဲ့ဂိုဏ်းမှ အကြီးအကဲများက ဒေါသတကြီး အော်ဟစ်တားဆီးကြသော်လည်း သူတို့ကိုယ်တိုင်က ဘာမှဝင်မလုပ်နိုင်ကြပေ။ ဖုန်းဝူချန်ကတော့ သူတို့ကို လေထုလိုပင် သဘောထားကာ လုံးဝ လျစ်လျူရှုထားလိုက်သည်။
"မင်း ငါ့ကို သတ်ချင်တုန်းက ဒီလိုနေ့မျိုး ရောက်လာမယ်လို့ တွေးမိခဲ့ရဲ့လား..."
ဖုန်းဝူချန်က မထီမဲ့မြင် ပြုံးလိုက်ရင်း ဖန်ရှောင်ယွင်၏ ခြေထောက်ပေါ်တွင် နင်းထားသော ခြေဖဝါးကို ပို၍ ဖိချလိုက်ပြန်သည်။
"အား..."
ဖန်ရှောင်ယွင်မှာ မည်သို့မျှ ပြန်မလုပ်နိုင်တော့ဘဲ သာမန်လူတစ်ယောက် ခံနိုင်ရည်မရှိသော နာကျင်မှုကို အံကြိတ်ခံစားရင်း အဆက်မပြတ် အော်ဟစ်နေရရှာသည်။
"ဖုန်းဝူချန်... တော်တော့..."
ထိုအချိန်တွင် ဒဏ်ရာ အနည်းငယ် သက်သာလာသော အကြီးအကဲ 'ရန်' က ဖုန်းဝူချန်ကို ဒေါသတကြီး လှမ်းအော်လိုက်လေသည်။ ဖုန်းဝူချန်က အေးစက်သော မျက်လုံးများဖြင့် အကြီးအကဲ ရန် ကို လှမ်းကြည့်လိုက်ပြီး...
"အဘိုးကြီး... မီးအဆိပ်ရဲ့ အရသာ ဘယ်လိုနေလဲ... ခံလို့ကောင်းရဲ့လား... နောက်တစ်ခါ ထပ်စမ်းချင်သေးလား..."
"ဘာ... ငါ့ခန္ဓာကိုယ်ထဲက မီးအဆိပ်က မင်းလက်ချက်လား..."
အကြီးအကဲ ရန် ၏ မျက်နှာကြီးမှာ ချက်ချင်းပင် ဖြူဖျော့သွားချေသည်။ ဖုန်းဝူချန်က သူ့ခန္ဓာကိုယ်ထဲမှ မီးအဆိပ်ကို ထိန်းချုပ်နိုင်လိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထင်မထားခဲ့မိပေ။
"ဘုန်း..."
ဖုန်းဝူချန်၏ လက်ဝါးပေါ်တွင် စိမ်းပြာရောင် မီးတောက်တစ်ခု ရုတ်တရက် ပေါ်လာသည်။ သူက စိတ်အာရုံကို အသုံးပြုလိုက်သည်နှင့် အကြီးအကဲ ရန် ၏ ခန္ဓာကိုယ်ထဲမှ မီးအဆိပ်များက ချက်ချင်းပင် ပြန်လည် နိုးကြားလာတော့သည်။
"မင်း... မင်းက မီးအဆိပ်ကို ထိန်းချုပ်နိုင်တယ်..."
ငြိမ်သက်နေသော မီးအဆိပ်များ ရုတ်တရက် ပြန်လည် ပေါက်ကွဲလာသည်ကို ခံစားလိုက်ရသောအခါ အကြီးအကဲ ရန် မှာ ကြောက်လန့်တကြား ဖြစ်သွားရပြန်သည်။
"အား..."
မီးခိုးမည်းများ လိပ်တက်လာပြီး မီးတောက်များက သူ့ခန္ဓာကိုယ်ကို လောင်ကျွမ်းစေသဖြင့် အကြီးအကဲ ရန် တစ်ယောက် ငရဲကျသကဲ့သို့ နာကျင်စွာ အော်ဟစ်လိုက်ရပြန်လေသည်။
"ဖုန်းဝူချန်... မင်း အသေကောင်းနဲ့ သေရမှာ မဟုတ်ဘူး..."
ဖန်ရှောင်ယွင်က နာကျင်စွာဖြင့် ကျိန်ဆဲလိုက်သည်။
"ဂျွတ်..."
"အူး..."
ဖုန်းဝူချန်က သနားညှာတာမှုကင်းမဲ့စွာဖြင့် နောက်ထပ် ခြေထောက်တစ်ဖက်ကို ထပ်မံ နင်းချေလိုက်ပြန်ရာ ဖန်ရှောင်ယွင်၏ ဝက်အော်သံလို အသံဆိုးကြီး ထွက်ပေါ်လာပြန်လေသည်။
"ကြည့်ရတာ မင်းက အရင်သေမယ့်ပုံပဲနော်။..."
ဖုန်းဝူချန်က ရက်စက်စွာ ပြုံးရင်း ပြောလိုက်သည်။
"ဖုန်း ဝူ ချန်..."
ကောင်းကင်ထက်ဆီမှ ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့သည်။ ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး ဖြစ်ပေသည်။
"သူ့ကို တားထား..."
ယီယွင်က အော်ဟစ်လိုက်သည်။ သူတို့ အကြီးအကျယ် ဒဏ်ရာရထားသော်လည်း အသက်ကို ပဓာနမထားဘဲ ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးကို တားဆီးရန် ပြင်လိုက်ကြသည်။
ဖုန်းဝူချန်သာ တစ်ခုခု ဖြစ်သွားလျှင် သူတို့အားလုံး အသက်ရှင်ရတော့မည် မဟုတ်ပေ။
"ထွက်သွားစမ်း..."
"ဘုန်း... ဘုန်း... ဘုန်း..."
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထုတ်လွှတ်လိုက်ရာ ယီယွင်နှင့် ကျန်သူများမှာ စက္ကူရုပ်လေးများနှယ် လွင့်စင်ထွက်သွားကြရရှာသည်။
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးသည် ဒေါသအိုး ပေါက်ကွဲနေသော မျက်နှာထားဖြင့် အောက်သို့ ထိုးဆင်းလာပြီး ယီယွင်တို့ကို ဂရုမစိုက်ဘဲ ဖုန်းဝူချန်ကို အရင်သတ်ရန် ချိန်ရွယ်လိုက်လေသည်။
"ဆေးဧကရာဇ်... သတိထား..."
ယီယွင်က စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။
အန္တရာယ်ကို အာရုံခံမိလိုက်သော်လည်း ဖုန်းဝူချန်၏ နှုတ်ခမ်းထောင့်များက ကောက်ကျစ်စွာ ကွေးညွတ်သွားသည်။ သူက ဖန်ရှောင်ယွင်၏ ရင်ဘတ်ကို ခြေထောက်ဖြင့် ဖိနင်းထားရင်း ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးကို မထီမဲ့မြင် ကြည့်လိုက်ကာ...
"ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး... ခင်ဗျားသားက အခုဆို မသေကောင်းမပျောက်ကောင်း ဖြစ်နေပြီ၊ ခင်ဗျား သူ့ကို ကယ်ရင်တောင် အလကားပဲ..."
"အဖေ... ဖုန်းဝူချန်ကို သတ်... ဖုန်းဝူချန်ကို သတ်ပေးပါ..."
ဖန်ရှောင်ယွင်က ရူးသွပ်မတတ် အော်ဟစ်နေသည်။
"ငါ့ကို သတ်မလို့လား..."
ဖုန်းဝူချန်က ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ရယ်မောလိုက်ပြီး...
"ခင်ဗျားက ခင်ဗျားသားကို မြန်မြန် သေစေချင်နေတာနဲ့ တူတယ်..."
"သောက်ကလေး..."
ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးမှာ ဒေါသကြောင့် မျက်နှာကြွက်သားများပင် တဆတ်ဆတ် တုန်ခါနေလေသည်။
ထိုအချိန်မှာပင် ရှေးဆန်သော အသံအိုကြီး တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
"ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး... ဖုန်းဝူချန်ကို ကျုပ် သတ်ပေးမယ်၊ အဲ့ဒါဆို ကျုပ်ကတိပေးထားတာ ကျေပွန်ပြီလို့ သတ်မှတ်လိုက်တော့…”
"ကောင်းကင်ဘုံလူသား သတ္တမအလွှာပါလား..."
ဖုန်းဝူချန်၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားချေသည်။ ဝူကျိနယ်မြေထဲတွင် ထျန်းယွဲ့ဂိုဏ်းချုပ်ကြီးနှင့် ရင်ပေါင်တန်းနိုင်သော နောက်ထပ် စွမ်းအားရှင်တစ်ယောက် ရှိနေသေးသည်လော။
"ကြယ်ခူး သရဲအို..."
ယီယွင်နှင့် အခြားသူများမှာလည်း မျက်လုံးပြူးကာ အာမေဋိတ် သံများ ထွက်ပေါ်ကုန်ကြသည်။ ထိုအသံကို ကြားလိုက်သည်နှင့် ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး ခဏမျှ ကြောင်သွားပြီးမှ ချက်ချင်း ပြန်ဖြေလိုက်သည်။
"ကောင်းပြီ..."
"ထျန်းယွဲ့ဂိုဏ်းချုပ်ကြီး... ခင်ဗျားသားရဲ့ အသက်က ကျုပ်လက်ထဲမှာ ရှိသေးတယ်ဆိုတာ မမေ့နဲ့ဦး..."
ဖုန်းဝူချန်၏ မျက်နှာထား မည်းမှောင်သွားသည်။ မှောင်ရိပ်ထဲက လူက ဘယ်သူလဲ ဆိုတာ သူ မသိသော်လည်း ကောင်းကင်ဘုံလူသား သတ္တမအလွှာ အဆင့်ရှိသည့် ကြောက်စရာ လူတစ်ယောက် ဖြစ်နေသည်ကတော့ သေချာနေလေသည်။
"အုန်း..."
ရုတ်တရက် လူရိပ်တစ်ခု ဖုန်းဝူချန်၏ နောက်ကျောဘက်တွင် သရဲတစ္ဆေပမာ ပေါ်လာပြီး ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် လက်ဝါးတစ်ချက် ရိုက်ချလိုက်တော့သည်။
"တောက်... ဒီသောက်အဘိုးကြီး..."
ဖုန်းဝူချန် စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး 'လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း' သိုင်းကွက်ကို သုံးကာ ရှောင်တိမ်းလိုက်ရလေသည်။ ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်က ဖန်ရှောင်ယွင် သေမလား ရှင်မလား ဆိုတာကို ဂရုမစိုက်ဘဲ ဖုန်းဝူချန်ကို အသေကောင် ဖြစ်အောင်သာ တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။
"အို... ဒီအဘိုးကြီးရဲ့ လက်ဝါးကို ရှောင်နိုင်တယ်ပေါ့..."
ကြယ်ခူးသရဲအို ( ဝါ) ကွေ့ယင်မှာ အံ့ဩသွားပုံ ရလေသည်။ ဖုန်းဝူချန် ဒီလို ရှောင်တိမ်းနိုင်လိမ့်မည်ဟု သူ ထင်မထားခဲ့ပုံပင်။
"ခင်ဗျားက ဘယ်သူလဲ..."
ဖုန်းဝူချန်က ရုတ်တရက် ပေါ်လာသော ဝတ်ရုံနက်နှင့် အဘိုးအိုကို စူးစိုက်ကြည့်ရင်း အေးစက်စွာ မေးမြန်းလိုက်လေတော့သတည်း။